← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 7 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 7 Ch. 103-104

အခန်း(၁၀၃)

နင်းကျော့၏ အိပ်ခန်း။

ကျင့်ကြံခြင်းအခန်းငယ်ကို တည်ဆောက်ပြီးစီးသွားပြီ ဖြစ်သည်။ အတိုင်းအတာအားဖြင့် သေးငယ်ပြီး အတွင်းခန်းမှာလည်း ကျယ်ဝန်းလှသည်မဟုတ်သော်လည်း နင်းကျော့အသုံးပြုရန်အတွက်မူ လုံလောက်ပေသည်။

သူသည် ပျံလွှားတိမ်တိုက် လက်ကိုင်ပုဝါအတွင်းသို့ ဝိညာဉ်စွမ်းအားများ ပို့လွှတ်လိုက်ရာ တိမ်တိုက်များ ထွက်ပေါ်လာချေသည်။ များပြားလှသော ပျံလွှားတိမ်တိုက်တို့သည် ကျင့်ကြံခြင်းအခန်းငယ်တစ်ခုလုံးကို ပြည့်နှက်သွားစေရာ နင်းကျော့အနေဖြင့် မိမိလက်ဖဝါးကိုပင် မမြင်ရတော့ပေ။

ထိုကဲ့သို့ နှစ်ထပ်ကွမ်းကာကွယ်ထားမှုကို မြင်လျှင် နင်းမျိုးနွယ်စုမှ အစောင့်လေးဦးမှာ သက်ပြင်းသာ ချနိုင်ကြတော့သည်။ သူတို့က အခြေအနေကို အစီရင်ခံကြရာ မျိုးနွယ်စုဆက်ခံသူ နင်းရှောင်ရန်က ပြဿနာမရှိကြောင်း ဆိုလာ၏။

"နင်းကျော့လေးမှာ ဘာလျှို့ဝှက်ချက်ရှိမှာလဲ၊ အရင်က စုံစမ်းစစ်ဆေးမှုတွေအရ သူ့အကြောင်းကို အကုန်သိထားပြီးသားပဲဟာ။"

"ဒီလူငယ်ကတော့ သူမှာ လျှို့ဝှက်ချက်လေးတွေရှိတယ်လို့ ထင်နေတုန်းပဲ၊ ဟဲဟဲ။"

"သူ့ဘာသာသူ ကျေနပ်နေပါစေ၊ အဲဒါက ပိုတောင်ကောင်းသေးတယ်။"

ထိုသို့တွေးတောကာ နင်းရှောင်ရန်သည် ဆက်လက်စုံစမ်းရန် အမိန့်မပေးတော့ပေ။

အကယ်၍ နင်းကျော့သာ သိသွားပါက ခက်ခက်ခဲခဲ တည်ဆောက်ထားရသည့် ရင်းနှီးသော ဆက်ဆံရေးကို ထိခိုက်သွားနိုင်ပေရာ နင်းရှောင်ရန်အနေဖြင့် ထိုသို့သော စွန့်စားမှုကို မလုပ်လိုခြင်းပင် ဖြစ်သည်။

ဤတုံ့ပြန်မှုမျိုးသည်လည်း နင်းကျော့ ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်၏။

နင်းကျော့၏ အောက်ပိုင်းတန်တျန်အတွင်း၌ သွေးစွမ်းအားတို့သည် မြစ်နီကြီးများသဖွယ် စီးဆင်းလှည့်လည်နေပြီး ဗဟိုချက်သို့ စုဆုံလာကြသည်။ အောက်ပိုင်းတန်တျန်၏ ဗဟိုတွင် အနှစ်သာရသွေးတို့သည် ရေကန်ငယ်တစ်ခုသဖွယ် စုဖွဲ့နေပြီးဖြစ်သည်။

သွေးစွမ်းအားတို့ ဆက်လက်စီးဝင်လာသည်နှင့် ထိုရေကန်သည် ရုတ်ချည်းတုန်ခါသွားပြီး ယခင်ထက် သုံးဆမျှ ကျယ်ပြန့်သွားတော့သည်။

သူသည် အဆင့်တက်သွားပြီ ဖြစ်သည်။

ယခုအချိန်တွင် နင်းကျော့သည် အနှစ်သာရသန့်စင်ခြင်း စတုတ္ထအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်ပေသည်။

"အနှစ်သာရသွေးတွေက ဆက်တိုက်စုစည်းလာပြီး အကန့်အသတ်ကို ရောက်တဲ့အခါ အရင်ကထက် လေးဆလောက် များလာတာပဲ၊ တကယ့်ကို ကြီးမားတဲ့ ပြောင်းလဲမှုပဲ။"

"အင်း... အနှစ်သာရသွေးတွေရဲ့ အရည်အသွေးကလည်း နည်းနည်းပြောင်းသွားပြီ၊ သွေးစွမ်းအားအလွှာအဖြစ် ပိုမြန်မြန် ဖွဲ့စည်းနိုင်တော့မယ်၊ အချိန်ကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းလောက် သက်သာစေမှာပဲ။"

"အစွမ်းကုန် လည်ပတ်နိုင်စွမ်းကလည်း ဆေးစွမ်းအား စုပ်ယူမှုကို နှစ်ဆထက်မက မြန်ဆန်စေတယ်"

နင်းကျော့သည် တိုးတက်လာသည့် အခြေအနေများကို အလျင်အမြန် စစ်ဆေးကြည့်လိုက်သည်။

သူ့ကို အကျေနပ်ဆုံးဖြစ်စေသည်မှာ ဆေးစွမ်းအားစုပ်ယူမှု မြန်ဆန်လာခြင်းပင် ဖြစ်၏။

အခြေခံအားဖြင့် ကျင့်စဉ်အားလုံးသည် အဆင့်မြင့်လာသည်နှင့်အမျှ တိုးတက်မှုနှုန်း နှေးကွေးသွားတတ်စမြဲ ဖြစ်သည်။

မိစ္ဆာသွေးကြောကျင့်စဉ်သည်လည်း ထိုနည်းအတိုင်းပင်။

သို့သော် ဆေးစွမ်းအားစုပ်ယူမှုနှုန်း နှစ်ဆထက်မက မြန်ဆန်လာခြင်းကြောင့် အရင်းအမြစ်သာ လုံလောက်ပါက ယခင်တိုးတက်မှုအရှိန်ကို ဆက်လက်ထိန်းထားနိုင်မည်ဟု အဓိပ္ပာယ်ရပေသည်။

ဤသည်မှာ တော်ရုံနှင့်မရနိုင်သော အခွင့်အရေးပင်။

"ဘိုးဘေးသုံးဦးရဲ့ အယူအဆက အဆင့်သုံးဆင့်ကျော်တိုင်း အရာအားလုံး ပြောင်းလဲသွားစေတာပဲ။"

"ချော်ရည်နန်းတော်ထဲက စက်မှုပညာရပ်တွေပဲဖြစ်ဖြစ်၊ ကျင့်စဉ်သုံးခုပဲဖြစ်ဖြစ် ဒီလိုပုံစံမျိုးတွေချည်းပဲ၊ တတိယအဆင့်ကို ကျော်သွားတာနဲ့ အရည်အသွေးက သိသိသာသာ ခုန်တက်သွားတော့တာပဲ။"

နင်းကျော့သည် ကျင့်စဉ်သုံးခုစလုံးတွင် အဆင့်တက်ပြီးနောက် ဤသဘောတရားကို သတိပြုမိသွားခြင်း ဖြစ်သည်။

ယခင်က သူ၏ကျင့်စဉ်သုံးခုစလုံးသည် တတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး စတုတ္ထအဆင့်သို့ ရောက်ရန် အနည်းငယ်သာ လိုတော့ခြင်းဖြစ်သည်။

နောက်ဆက်တွဲကျင့်စဉ်များကို ရရှိပြီးနောက် နင်းကျော့သည် အချိန်အနည်းငယ်မျှ ကျင့်ကြံရုံဖြင့် ယခင်အကန့်အသတ်ကို ကျော်ဖြတ်နိုင်ခဲ့သည်။

ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ် စတုတ္ထအဆင့်သို့ ရောက်ရှိသွားသောအခါ ဓာတ်ငါးပါး ဝိညာဉ်စွမ်းအားကို ပိုမိုသိုလှောင်နိုင်ရုံသာမက စိတ်ကြိုက်ခွဲထုတ်ခြင်းနှင့် ပေါင်းစပ်ခြင်းကိုလည်း ပြုလုပ်နိုင်လာသည်။

ယခင်က နင်းကျော့အနေဖြင့် အအေးဓာတ်ပွေ့ပိုက်ခြင်းပညာရပ် သို့မဟုတ် မီးတောက်ဖမ်းယူခြင်း ပညာရပ်တို့ကို အသုံးပြုရန်အတွက် သတ်မှတ်ထားသော ဝိညာဉ်စွမ်းအား အမျိုးအစားကို ရရှိရန် အာရုံစိုက်ခဲ့ရသည်။

ယခုမူ စိတ်ကူးလိုက်ရုံဖြင့် ရောနှောနေသော ဓာတ်ငါးပါး ချီစွမ်းအားကို တစ်ခဏအတွင်း အလွယ်တကူ ခွဲထုတ်နိုင်ပြီ ဖြစ်သည်။

အကြိမ်ကြိမ် လေ့ကျင့်မှုထက် အခြေခံ ခိုင်မာမှုရှိရန်က ပို၍ အရေးကြီးလှပေသည်။

ကျင့်စဉ်သုံးခုအနက် မှန်ဝိညာဉ်ကျမ်းစာသည် တိုးတက်မှုအရှိဆုံး ဖြစ်သည်။ လက်ရှိတွင် ၎င်းမှာ ပဉ္စမအဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်၏။

အဘယ်ကြောင့် ဤသို့ဖြစ်ရသည်ကို နင်းကျော့ ကိုယ်တိုင်လည်း သေချာမသိပေ။

မှန်ဝိညာဉ်ကျမ်းစာ၏ နောက်ဆက်တွဲအပိုင်းများကို ကျင့်ကြံရာတွင် အရှိန်အဟုန်မှာ အလွန်ပင်မြန်ဆန်လှပြီး အရာအားလုံးသည် အလိုအလျောက် ဖြစ်တည်လာသကဲ့သို့ ရှိသည်။ ဗုဒ္ဓဘာသာကျမ်းစာတွင် ယခုကဲ့သို့ လျင်မြန်စွာ တိုးတက်ရခြင်းမှာ အသက်မျှင် နတ်ဘုရားစွမ်းအား အလောင်းအလျာကို ရရှိခဲ့ခြင်းနှင့် ဆက်စပ်နိုင်သည်ဟု နင်းကျော့ ခံစားမိနေသည်။

"ဗုဒ္ဓဘာသာကျင့်စဉ်တွေမှာ ထူးခြားချက်တစ်ခုရှိတယ်၊ အဲဒါက ရုတ်တရက် အသိဉာဏ်ပွင့်သွားဖို့ကို အလေးပေးတာပဲ၊ တစ်ခါတလေမှာ အသိပွင့်သွားတဲ့ တစ်ခဏလေးက နှစ်ပေါင်းရာချီ ကြိုးစားအားထုတ်မှုနဲ့ ညီမျှတတ်တယ်လေ။"

"ငါနားလည်လိုက်တဲ့ အသက်မျှင် နတ်ဘုရားစွမ်းအားက မှန်ဝိညာဉ်ကျမ်းစာနဲ့ အနီးကပ် ဆက်နွှယ်နေတာပဲ။"

"မှန်ဝိညာဉ်ကျမ်းစာက ဝိညာဉ်သဘာဝရှိတဲ့ အရာအားလုံးနဲ့ ဆက်သွယ်နိုင်တယ်၊ အသက်မျှင်ကြိုးကတော့ ပစ်မှတ်ရဲ့ လှုပ်ရှားမှုတိုင်းကို အတင်းအကျပ် ထိန်းချုပ်နိုင်တယ်၊ ပြီးတော့ ဗုဒ္ဓနှလုံးသား မိစ္ဆာတံဆိပ်တော်နဲ့ ပေါင်းစပ်လိုက်ရင် အသိဉာဏ်ကို လွှမ်းမိုးပြီး အတွေးအခေါ်တွေကို လမ်းညွှန်နိုင်မှာ..."

နင်းကျော့သည် ဘိုးဘေးသုံးဦး၏ စက်မှုပညာထိန်းချုပ်ခြင်း နည်းလမ်းများကို စတင်၍ ထိုးထွင်းသိမြင်လာခဲ့သည်။

မှန်ဝိညာဉ်ကျမ်းစာ စတုတ္ထအဆင့်သို့ တက်လှမ်းချိန်တွင်လည်း အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်ခဲ့သည်။

တတိယအဆင့်၌ ဖွဲ့စည်းခဲ့သော စိတ်ဝိညာဉ်အာရုံမှန်ချပ်များကို ပေါင်းစပ်၍ ပိုမိုကြီးမားသော စိတ်ဝိညာဉ်အာရုံမှန်ချပ်ကြီးအဖြစ် ပြောင်းလဲနိုင်ကြောင်း နင်းကျော့ သိလိုက်ရသည်။ ၎င်းမှန်ချပ်တွင် မှန်တင်ခုံပါ ပါရှိလာသေးသည်။

နင်းကျော့အနေဖြင့် လက်တွေ့အသုံးမပြုကြည့်ရသေးသော်လည်း ဤမှန်ချပ်ကြီး၏ ဝိညာဉ်ဆက်သွယ်မှု စွမ်းပကားသည် ယခင်မှန်ချပ်အသေးလေးများထက် များစွာသာလွန်ကြောင်း အလိုအလျောက် သိရှိနေသည်။

"အနည်းဆုံး သုံးဆလောက် ပိုအားကောင်းလာတာပဲ!"

ယခုအခါ နင်းကျော့၏ မှန်ဝိညာဉ်ကျမ်းစာသည် ပဉ္စမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ စတုတ္ထအဆင့်နှင့် နှိုင်းယှဉ်ပါက အရည်အသွေးပိုင်း ပြောင်းလဲမှုမဟုတ်ဘဲ အရေအတွက်ပိုင်းဆိုင်ရာ တိုးတက်မှုသာဖြစ်ရာ နောက်ထပ် စိတ်ဝိညာဉ်အာရုံမှန်ချပ်ကြီး တစ်ချပ်ကို ပေါင်းစပ်ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

"ဟင်?"

နင်းကျော့၏ စိတ်သည် အနည်းငယ် လှုပ်ခတ်သွားသည်။

ရွှေသွေးတိုက်ပွဲဝင်မျောက် - ယွမ်တာရှန့်ဘက်တွင် လှုပ်ရှားမှုတစ်ခု ရှိနေသည်။

"ဒါကတော့..." နင်းကျော့သည် မိစ္ဆာသွေးကြောကျင့်စဉ်ကို အလျင်အမြန်ရပ်တန့်ကာ မှန်ဝိညာဉ်ကျမ်းစာကို အသုံးပြုလိုက်ပြီး စိတ်ဝိညာဉ်အာရုံမှန်ချပ်ကြီးမှတစ်ဆင့် ယွမ်တာရှန့်၏ အခြေအနေကို စောင့်ကြည့်လိုက်သည်။

နင်းကျော့ ခန့်မှန်းထားသည့်အတိုင်းပင်—မုန့်ချုံ ဖြစ်နေသည်။

"လာစမ်း၊ လာစမ်း၊ လာစမ်းဟေ့" မုန့်ချုံက ဆက်တိုက်အော်ဟစ်နေသည်။

သူသည် ပြင်းထန်ပြီး မရပ်တန့်နိုင်သော အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး သူ၏ရုပ်သေးခန္ဓာကိုယ်ကို လျှပ်စီးအရိပ်များက ရစ်ပတ်ထားကာ တဖြဖြဖြနှင့် အသံများထွက်ပေါ်နေပြီး ယွမ်တာရှန့်ကို အနီးကပ်တိုက်ခိုက်ကာ နောက်ဆုတ်သွားအောင် ဖိအားပေးနေချေသည်။

နင်းကျော့သည် အံ့အားသင့်သွားပြီး မှန်ဝိညာဉ်ကျမ်းစာကို အမြန်အသုံးပြုကာ ယွမ်တာရှန့်၏ ဝိညာဉ်စွမ်းအားအတွင်းရှိ ဝိညာဉ်သဘာဝနှင့် ဆက်သွယ်ကာ အအေးဓာတ်ပွေ့ပိုက်ခြင်းပညာရပ်ကို ထုတ်ဖော်လိုက်သည်။

လွန်ခဲ့သော တစ်ခဏက ရဲရဲဝံ့ဝံ့ တိုက်ခိုက်နေသော မုန့်ချုံသည် နောက်တစ်ခဏတွင် ရေခဲအအေးဓာတ်များ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။ သူ၏ အဆစ်အမျက်များ အေးခဲသွားပြီး အရှိန်မှာလည်း သိသိသာသာ လျော့ကျသွားတော့သည်။

ယွမ်တာရှန့်သည် ထိုအခွင့်အရေးကို အသုံးချကာ တန်ပြန်တိုက်ခိုက်လိုက်ရာ သူ၏ရှည်လျားသော လက်သီးချက်သည် မုန့်ချုံ၏ ရင်ဘတ်ဆီသို့ လှံတစ်စင်းကဲ့သို့ တိုးဝင်သွားသည်။

အန္တရာယ်ရှိနေပြီ။

မုန့်ချုံသည် သူ၏ ခုခံနိုင်စွမ်းမှာ အလွန်အားနည်းကြောင်း သိထားသည်။

အကယ်၍ ထိမှန်သွားပါက ရှုံးနိမ့်မည်မှာ သေချာသလောက်ပင်။

"လျှပ်စီးအဟုန်" သူသည် စိတ်ထဲမှ ကြွေးကြော်လိုက်သည်။

လျှပ်စီးအရိပ်များ တိုးပွားလာပြီး ပြင်းထန်သော လျှပ်စီးနွယ်များအဖြစ် ပြောင်းလဲကာ သူ၏တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

နောက်တစ်ခဏတွင် သူသည် လျှပ်စီးကဲ့သို့ပင် အမြန်နှုန်းဖြင့် လွတ်မြောက်သွားတော့သည်။

ယွမ်တာရှန့်၏ လက်သီးချက်သည် လေကိုသာ ထိမှန်သွားပြီး ဟင်းလင်းပြင်တွင် ရပ်တန့်နေကာ မုန့်ချုံနှင့် မျက်နှာချင်းဆိုင်အနေအထား၌ လက်သီးထိုးသည့်ဟန်အတိုင်း ရှိနေပေသည်။

မုန့်ချုံသည် ထောင့်တစ်နေရာတွင် ကပ်နေပြီး ထိတ်လန့်နေဆဲပင်။

သူ၏ရှေ့မှ ရုပ်သေးမျောက်သည် ပညာရပ်များကို အသုံးပြုနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ဤသည်မှာ အန္တရာယ်ကို နှစ်ဆတိုးသွားစေသည်။

"တစ်ချက်တည်းနဲ့ ငါ့ကို မဖြုတ်နိုင်ဘူးလား၊ မင်းရဲ့ နောက်ဆုံးဖဲချပ်ကို ထုတ်သုံးလိုက်ပြီပေါ့၊ မျောက်ကြီး၊ ဒီနေ့တော့ မင်း ပြေးစရာလမ်းမရှိတော့ဘူး" မုန့်ချုံသည် စိတ်ကို ပြန်လည်စုစည်းလိုက်ရာ ခဏအတွင်းမှာပင် သူ၏ထိတ်လန့်မှုများ ပျောက်ကွယ်သွားပြီး တိုက်ခိုက်လိုစိတ်များ ပြန်လည်ဝင်ရောက်လာသည်။

ရုပ်သေးမုန့်ချုံသည် ထပ်မံတိုးဝင်လာပြန်သည်။

ဂျိ၊ ဂျိ၊ ဂျိ...

လျှပ်စီးအရိပ်များက သူ၏တစ်ကိုယ်လုံးကို ဝန်းရံထားပြီး လှုပ်ရှားမှုတိုင်းကို အရှိန်အဟုန် မြှင့်တင်ပေးနေသည်။

ယွမ်တာရှန့်သည်လည်း ထပ်မံရင်ဆိုင်လိုက်ပြန်သည်။

ယွမ်တာရှန့်၏ အရှိန်မှာ မုန့်ချုံကို မမီနိုင်ပေ။ အပြန်အလှန် တိုက်ခိုက်မှုအချို့အပြီးတွင် သူသည် ထပ်မံ၍ အားနည်းချက်ရှိသော အနေအထားသို့ ရောက်သွားပြန်သည်။

ယခုအကြိမ်တွင် စောင့်ကြည့်နေသော နင်းကျော့က အခြေအနေကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။ "မုန့်ချုံက နောက်တစ်ဆင့် တိုးတက်လာပြန်ပြီပဲ။"

"သူပြန်လာပြီးတဲ့နောက်မှာ လျှပ်စီးအဟုန် ပညာရပ်ကို ပိုပြီးကျွမ်းကျင်လာတာပဲ။"

"သူ့ရဲ့ အရှိန်က အရင်က အကန့်အသတ်ထက် ပိုမကျော်သွားပေမဲ့ ပညာရပ်ကို အသုံးချတဲ့နေရာမှာတော့ သိသိသာသာကို တိုးတက်လာတာ။"

စစ်မှန်သော တိုက်ခိုက်ရေးပညာရပ်တွင်မူ ယွမ်တာရှန့်က မုန့်ချုံထက် တစ်ပန်းသာနေဆဲ ဖြစ်သည်။ သို့သော် မုန့်ချုံ၏ လှုပ်ရှားမှုတိုင်းက ယွမ်တာရှန့်ထက် ပို၍မြန်ဆန်လှသည်။

'တိုက်ခိုက်ရေးလောကတွင် အရှိန်သည်သာ အောင်မြင်ခြင်း၏ သော့ချက်' ဟု ဆိုစမြဲပင်။ အသက်လုတိုက်ပွဲတစ်ခုတွင် အရှိန်အနည်းငယ် သာလွန်ခြင်းကပင် အကန့်အသတ်မရှိသော အခွင့်အရေးကို ရရှိစေနိုင်သည်။

ထို့ပြင် မုန့်ချုံ၏ အရှိန်သာလွန်မှုက အလွန်ကြီးမားလှသည်။

ယွမ်တာရှန့်အနေဖြင့် ယခုအထိ ကြံ့ကြံ့ခံနိုင်ရခြင်းမှာ သူ၏အမွေဆက်ခံထားသော တိုက်ခိုက်ရေးစွမ်းရည်များကြောင့် ဖြစ်ပြီး အခြေအနေကို ဂရုတစိုက် လေ့လာသုံးသပ်ကာ အရှိန်ကို တုံ့ပြန်နိုင်ခြင်းကြောင့်ပင်။

"ဒါပေမဲ့ မုန့်ချုံ၊ မင်းမှာ ဒီလောက်ပဲရှိတာဆိုရင်တော့ မလုံလောက်သေးဘူး။" နင်းကျော့၏ မျက်လုံးများထဲတွင် ပြင်းထန်သော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသည်။

နောက်တစ်ခဏတွင်... မီးတောက်ဖမ်းယူခြင်း ပညာရပ်။

ရုတ်တရက် ရွှေသွေးတိုက်ပွဲဝင်မျောက် - ယွမ်တာရှန့်၏ လက်ဖဝါးများပေါ်တွင် မီးတောက်များ တောက်လောင်လာပြီး မီးလုံးများအဖြစ် ပုံဖော်လိုက်သည်။

ယွမ်တာရှန့်သည် ထိုမီးလုံးများကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားရာ လုံးဝန်းသော အရာနှစ်ခုကို ကိုင်ထားသကဲ့သို့ ရှိနေသည်။

ထို့နောက် နင်းကျော့သည် စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုလိုက်သည်။

"ဖြူစင်တဲ့ စိတ်နှလုံးနဲ့ မီးလုံးကို ကိုင်စွဲ၊ စိတ်အာရုံနဲ့ လှုပ်ရှားစေလို့ စွမ်းအားတွေ မြင့်တက်စေ။"

"တောက်လောင်နေတဲ့ သံချပ်ကာကို ဝတ်ဆင်၊ တစ်ကိုယ်လုံးကို ကာကွယ်ဖို့ ဟင်္သာပြဒါးရောင် အလင်းတွေ စီးဆင်းစေ။"

သူသည် မီးတောက်ဖမ်းယူခြင်း ပညာရပ်ကို အခြေခံ၍ နောက်ထပ်ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်ပြန်သည်။

မီးတောက်ဖမ်းယူခြင်း ပညာရပ်—မီးလျှံနှစ်ခြင်း ပညာရပ်။

နောက်တစ်ခဏတွင် ယွမ်တာရှန့်သည် မီးလုံးများကို ညင်သာစွာ ဆုပ်နယ်လိုက်ရာ ၎င်းတို့သည် မရေမတွက်နိုင်သော မီးတောက်များအဖြစ် ကွဲကြေသွားသည်။

မီးတောက်များ ပွင့်ထွက်လာပြီး စမ်းချောင်းလေးများသဖွယ် ယွမ်တာရှန့်၏ တစ်ကိုယ်လုံးသို့ အလျင်အမြန် စီးဆင်းသွားချေသည်။

ယွမ်တာရှန့်သည် မီးလျှံများအကြားတွင် ရပ်နေပြီး သံချပ်ကာတစ်ခု ဝတ်ဆင်ထားသကဲ့သို့ပင် ဖြစ်နေတော့သည်။

ထိုမီးလျှံများမှာ ပြင်းထန်စွာ တောက်လောင်နေပြီး အလွန်ပူပြင်းသော အပူရှိန်ကို ထုတ်လွှတ်နေသည်။

မုန့်ချုံမှာ အံ့အားသင့်ကာ မှင်သက်သွားတော့သည်။

သူသည် ပေတစ်ဆယ်ကျော် မြင့်သော မီးလျှံများကို ကြည့်ကာ မိမိ၏ သစ်သားရုပ်သေးခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်သည်။

ထို့နောက် ရွှေသွေးတိုက်ပွဲဝင်မျောက် - ယွမ်တာရှန့်၏ ရွှေရောင်အရိုးများနှင့် ကျောက်နီကြွက်သားများကို စိုက်ကြည့်နေမိသည်။

အားကျစရာပင်။

ယွမ်တာရှန့်သည် မီးလောင်ကျွမ်းခြင်းကို မကြောက်သော်လည်း မုန့်ချုံကမူ ကြောက်ရပေသည်။

ယွမ်တာရှန့်သည် မလှုပ်မယှက် ရပ်နေပြီး မုန့်ချုံအား လက်ညှိုးဖြင့် ထိုးကာ 'လာစမ်း၊ ဆက်ပြီး တိုက်ခိုက်ဦးလေ' ဟု ပြောနေသကဲ့သို့ လက်ဟန်ပြလိုက်သည်။

"တောက်" မုန့်ချုံသည် မဆဲဘဲ မနေနိုင်တော့ပေ။

သူသည် ဒေါသကို မျိုသိပ်ကာ စိတ်ကို တင်းထားပြီး ထပ်မံ၍ တိုက်ခိုက်လိုက်ပြန်သည်။

ခဏအကြာတွင် မုန့်ချုံသည် မီးများလောင်ကျွမ်းကာ မီးသွေးတုံးကြီးများသဖွယ် ဖြစ်သွားပြီး မြေပြင်ပေါ်တွင် ပြန့်ကျဲသွားတော့ပေသတည်း။

အခန်း (၁၀၄) - ချီကံကြမ္မာ ကုန်ခမ်းခြင်း

သေးငယ်သော ကျင့်ကြံခြင်းအခန်းငယ်အတွင်း တိမ်တိုက်များမှာ တစ်လွှာပြီးတစ်လွှာ ထပ်နေချေသည်။

“မုန့်ချုံ၊ မုန့်ချုံ ... တကယ့်ကို ကြောက်စရာကောင်းတဲ့သူပဲ” နင်းကျော့၏ မျက်နှာထက်တွင် လေးနက်သော အရိပ်အယောင်များ ယှက်သန်းနေ၏။

“မသေမျိုးပါရမီထူး ရှိတဲ့သူဆိုတာ တကယ့်ကို မျှော်လင့်ထားတဲ့အတိုင်းပါပဲ”

ယခုတစ်ကြိမ် ရင်ဆိုင်မှုတွင် မုန့်ချုံမှာ ထပ်မံရှုံးနိမ့်သွားခဲ့သော်လည်း နင်းကျော့အနေဖြင့် မုန့်ချုံထံမှ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရပြီဖြစ်သည်။

“ငါ သူ့ကို တွန်းလှန်လိုက်တိုင်း သူက ပိုမြန်တဲ့အရှိန်နဲ့ ပြန်လာစမြဲပဲ၊ သူ့ရဲ့ ခွန်အားတွေကလည်း တစ်ဟုန်ထိုး တိုးတက်လာတယ်”

“ငါက သူ့ကို အမြဲတမ်း သွေးပေးနေတဲ့ သွေးကျောက်လို ဖြစ်နေပြီး သူ့ကို ပိုပြီး ကြောက်စရာကောင်းလာအောင် လုပ်ပေးနေသလိုပဲ”

“ဒီအတိုင်းသာ ဆက်သွားရင် တစ်နေ့မှာ သူဟာ ငါချထားတဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး ဘယ်သူမှ တားလို့မရတဲ့ အဆင့်ထိ ရောက်သွားနိုင်တယ်”

ပထမအကြိမ်တွင် ရွှေသွေးတိုက်ပွဲဝင်မျောက် - ယွမ်တာရှန့်သည် မုန့်ချုံကို အနိုင်ရခဲ့သည်မှာ မုန့်ချုံက သူ၏ မသေမျိုးပါရမီထူးကို လွဲမှားစွာ အသုံးပြုမိပြီး ခွန်အားကုန်ခမ်းသွားသောကြောင့်ဖြစ်သည်။

သို့သော် ဒုတိယအကြိမ်တွင်မူ မုန့်ချုံသည် မသေမျိုးပါရမီထူးကို ပိုမိုနက်ရှိုင်းစွာ အသုံးချတတ်လာပြီး အလေအလွင့်ကို သိသိသာသာ လျှော့ချနိုင်ခဲ့သည်။ သူ၏ ခန္ဓာကိုယ်အစိတ်အပိုင်းအချို့ကို အရှိန်မြှင့်တင်နိုင်ခဲ့သဖြင့် ယွမ်တာရှန့်နှင့် တန်းတူရင်ဆိုင်နိုင်ရုံသာမက တဖြည်းဖြည်းပင် အသာစီးရလာခဲ့သည်။

“ဒီတစ်ခေါက် အနိုင်ရတာက ပညာရပ်တွေကို အသုံးချနိုင်ခဲ့လို့ပဲ”

“အခုတော့ ဒီဝှက်ဖဲက ပေါ်သွားပြီဆိုတော့ မုန့်ချုံက ဒါကို တုံ့ပြန်ဖို့ နည်းလမ်းရှာမှာ အသေအချာပဲ။ ဒါပေမဲ့ ဒီတစ်ခါရော သူ ဘယ်လောက်ကြာကြာ အချိန်ယူမလဲ”

နင်းကျော့အနေဖြင့် ထိုအခြေအနေကို ကြိုတင်ခန့်မှန်းမိပြီးသား ဖြစ်သည်။

အမှန်စင်စစ် ယင်းကို တုံ့ပြန်ရန်မှာ မခက်ခဲပေ။

မုန့်ချုံအနေဖြင့် ပညာရပ်အချို့ကို သင်ယူပြီး ပညာရပ်ကို ပညာရပ်ဖြင့် ပြန်လည် တုံ့ပြန်ရုံသာ ဖြစ်သည်။

မုန့်ချုံသည် အတားအဆီးများကို ကျော်ဖြတ်ရန်သာ အာရုံစိုက်နေပြီး သူ၏ မသေမျိုးပါရမီထူးကိုသာ အားကိုးနေခဲ့သည်။ အတားအဆီးများ ကျော်ဖြတ်ပြီးနောက် ရရှိလာသည့် ပညာရပ်ဆုလာဘ်များကိုမူ လေ့ကျင့်ကျွမ်းကျင်အောင် မလုပ်ဆောင်ခဲ့ပေ။

နင်းကျော့သည် သူ၏ တိုက်ပွဲရလဒ်များကို ပြန်လည်စစ်ဆေးကြည့်သည်။

ယွမ်တာရှန့်တွင် ဒဏ်ရာများစွာ ရရှိထားပြီး ပထမတစ်ကြိမ် တိုက်ပွဲထက် ပိုမိုပြင်းထန်လှသည်။

ယခုအချိန်တွင် နင်းကျော့အနေဖြင့် ယွမ်တာရှန့်ကို ပြန်လည်သယ်ဆောင်ရန် မလွယ်ကူသဖြင့် တံခါးကိုတွန်းဖွင့်ကာ ပြင်ဆင်ဆောင်သို့ သွားရန်သာ စီစဉ်လိုက်ရသည်။

ပြင်ဆင်ဆောင်သို့ ရောက်သောအခါ နင်းကျော့သည် ဝိညာဉ်ကျောက်တုံးများကို ပေးချေပြီး မိမိကိုယ်ကိုယ် ပြန်လည်ပြုပြင်ရန် စက်မှုပညာရပ်ဆိုင်ရာ ကိရိယာမျိုးစုံကို ရွေးချယ်လိုက်သည်။

ယွမ်တာရှန့်သည် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ လက်တစ်ဖက်တွင် မီးဓာတ်သစ်သားကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် အစားထိုးဆက်သွယ်ခြင်း ပညာရပ်ကို အသုံးပြုနေသည်။

သစ်သားသည် ရေကဲ့သို့ စီးဆင်းသွားပြီး ဒဏ်ရာများအတွင်းသို့ တိုးဝင်ကာ အပြည့်အဝ ဖုံးအုပ်သွားလေသည်။

ထို့နောက် နင်းကျော့သည် ယွမ်တာရှန့်ကို အသုံးပြုကာ မီးလျှံနှစ်ခြင်းပညာရပ်ကို ထုတ်ဖော်လိုက်ပြီး သစ်သားများကို ပြာဖြစ်အောင် လောင်ကျွမ်းစေကာ ဒဏ်ရာအက်ကြောင်းများကို ပိတ်ဆို့ပြုပြင်လိုက်သည်။

ဤပြုပြင်နည်းမှာ ပြီးပြည့်စုံမှုနှင့် အလှမ်းဝေးလှသည်။

ယခင်က နင်းကျော့အသုံးပြုခဲ့သည့် ပြုပြင်နည်းမှာ တကယ်တမ်းတွင် ပို၍ကောင်းမွန်ခဲ့သည်။

ယခုအခါ ယွမ်တာရှန့်သည် ဒဏ်ရာများကို ကုသနိုင်ခဲ့သော်လည်း ခန္ဓာကိုယ်တစ်ခုလုံးတွင် မည်းနက်သော ပြာရာများ ထင်ကျန်နေခဲ့သည်။ ဤကာဗွန်ကဲ့သို့ မည်းနက်သော အမာရွတ်များသည် သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားပြီး ပိုမိုကြမ်းတမ်းခက်ထန်သော အသွင်အပြင်ကို ဖြစ်ပေါ်စေသည်။

အခြားနည်းလမ်းမရှိပေ။ နင်းကျော့အနေဖြင့် နင်းမျိုးနွယ်စု အစောင့်လေးယောက်၏ စောင့်ကြည့်မှုအောက်တွင် ကိရိယာမျိုးစုံနှင့် ချော်ရည်ခဲများကို အသုံးပြုကာ အစားထိုးပစ္စည်းများ ပြုလုပ်ရန် မဖြစ်နိုင်သောကြောင့်ပင်။

“ဟင် ... သူ့ရဲ့ ဝိညာဉ်အနှစ်သာရက လျော့နည်းသွားသလိုပဲ ...”

ပြုပြင်နေစဉ်အတွင်း နင်းကျော့မှာ စိတ်မသက်သာစရာ အခြေအနေတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။

ယွမ်တာရှန့်၏ ဝိညာဉ်အနှစ်သာရမှာ လျော့ကျသွားခြင်းဖြစ်သည်။ ယခင်က ရှစ်ဆယ်ရာခိုင်နှုန်း အပြည့်ရှိခဲ့သော်လည်း ယခုအခါ ခုနစ်ဆယ်ကိုးရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။

နင်းကျော့၏ စိတ်ထဲတွင် လေးလံသွားရ၏။ “ငါ မုန့်ချုံကို တားဆီးဖို့ ယွမ်တာရှန့်ကို အားကိုးရမှာ၊ ဒါကြောင့် သူ့ရဲ့ ဝိညာဉ်အနှစ်သာရကို ပြန်ဖြည့်တင်းဖို့ နည်းလမ်းရှာရမယ်”

“ဝိညာဉ်အနှစ်သာရ ဆိုတာက ...”

နင်းကျော့အနေဖြင့် ဤအကြောင်းအရာနှင့် ပတ်သက်၍ အနည်းငယ်သာ သိရှိထားသည်။

သူသည် နင်းမျိုးနွယ်စု၏ စာကြည့်တိုက်ရှိ အသိပညာအားလုံးကို အလွတ်ကျက်မှတ် ကျွမ်းကျင်ထားသော်လည်း ယင်းတို့မှာ လူအများဖတ်ရှုနိုင်သော အခြေခံစာအုပ်များသာဖြစ်ပြီး အဆင့်မြင့်စာအုပ်များ မဟုတ်ကြပေ။

ဝိညာဉ်အနှစ်သာရသည် ကျင့်ကြံခြင်းလောကရှိ အဆင့်မြင့်စွမ်းအားများဖြစ်သော ဝိညာဉ်ရတနာများနှင့် ဆက်စပ်နေပြီး လျှို့ဝှက်ကျမ်းစာများတွင်သာ မှတ်တမ်းတင်ထားလေ့ရှိသည်။

နင်းကျော့၏ စိတ်ထဲတွင် ဖိအားများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးထွားလာနေသည်။

ဆယ့်လေးနှစ်တိုင်တိုင် စီစဉ်ခဲ့သော်လည်း ချော်ရည်နန်းတော်ကို အမှန်တကယ် ယှဉ်ပြိုင်လုယူရသည့်အခါတွင် မမျှော်လင့်ထားသော ဖြစ်ရပ်များ အကြိမ်ကြိမ် ပေါ်ပေါက်လာခဲ့သည်။ ယွမ်တာရှန့်ဖြစ်စေ၊ ကျူးရွှမ်းကျိဖြစ်စေ နှစ်ယောက်စလုံးမှာ နင်းကျော့ကို သူ၏ အစီအစဉ်များ ပြောင်းလဲရန် ဖိအားပေးခဲ့ကြပြီး လက်ရှိအခြေအနေသို့ တစ်ဆင့်ချင်း ရောက်ရှိလာစေခဲ့သည်။

“မုန့်ချုံက မုန့်ခွေရဲ့ တိုက်ရိုက်မြေးပဲ၊ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က ပေးထားတဲ့ အသက်ကယ်ပစ္စည်းတွေ သေချာပေါက် ပါမှာပဲ”

“ယွမ်တာရှန့်ကို ထောင်ချောက်ဆင်ခဲ့သလိုမျိုး မုန့်ချုံကို လုပ်ဖို့ ငါ အစီအစဉ်ဆွဲလို့ မရဘူး”

“မြို့စားမင်းဂေဟာနဲ့ နှိုင်းယှဉ်ရင် နင်းမျိုးနွယ်စုတစ်ခုလုံးကတောင် ဘာမှမဟုတ်ဘူး။ ငါကလည်း နင်းမျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲတစ်ခုက လူတစ်ယောက်ပဲ။ ငါသာ မြို့စားမင်းဂေဟာနဲ့ ထိပ်တိုက်တွေ့ရင် နင်းမျိုးနွယ်စုက ငါ့ဘက်က ဘယ်လိုလုပ် ရပ်တည်ပေးမှာလဲ”

ရလဒ်မှာ မုန့်ချုံသည် ဘယ်နှစ်ကြိမ်ပင် ရှုံးနိမ့်ပါစေ အမြဲတမ်း ပြန်လာနိုင်နေခြင်းပင်။

နင်းကျော့၏ ခွန်အား၊ တိုက်ခိုက်နိုင်စွမ်းနှင့် အချိန်တို့မှာလည်း မုန့်ချုံကြောင့် အကြီးအကျယ် အဟန့်အတား ဖြစ်နေရသဖြင့် မသေမျိုးနန်းတော်ကို ရှာဖွေစူးစမ်းရန် အပြည့်အဝ အာရုံမစိုက်နိုင်တော့ပေ။

“ဒီတိုက်ပွဲကိုပဲ ကြည့်ဦး၊ ငါ ဘာစစ်သုံ့ပန်းမှ မရတဲ့အပြင် ယွမ်တာရှန့်ကို ပြုပြင်ဖို့ အရင်းအမြစ်မျိုးစုံကိုတောင် သုံးလိုက်ရသေးတယ်။”

“တစ်ခုတည်းသော ရရှိလိုက်တာကတော့ တစ်သားတည်းကျတဲ့ အခြေအနေမှာ ယွမ်တာရှန့်ရဲ့ တိုက်ခိုက်ရေး အနေအထားကို အပြည့်အဝ ခံစားလိုက်ရတာပဲ။ ဒါက ငါ့ရဲ့ ကိုယ်ခံပညာအတွက် အများကြီး စိတ်ကူးဉာဏ် ရစေတယ်”

“ဒါပေမဲ့ ဒီအတိုင်းသာ ဆက်သွားရင်တော့ မဖြစ်ဘူး”

“ငါက တဖြည်းဖြည်းနဲ့ ပိုပိုပြီး အားနည်းလာလိမ့်မယ် ...”

နင်းကျော့သည် အရာရာကို အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်တတ်သူဖြစ်ရာ လက်ရှိအောင်မြင်မှုအပေါ်တွင် စိတ်မသာယာဖြစ်မနေပေ။ သူ ပိုမိုနက်နက်ရှိုင်းရှိုင်း စဉ်းစားလေလေ၊ စိုးရိမ်ပူပန်မှုများက ပို၍ ကြီးထွားလာလေလေ ဖြစ်တော့သည်။

မြို့စားမင်းဂေဟာ။

မုန့်ချုံသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူ၏ မျက်နှာကြွက်သားများမှာ တဆတ်ဆတ် တုန်ရင်နေ၏။

ဒဏ်ရာဟောင်းက ပြန်လည်နာကျင်လာခြင်း ဖြစ်သည်။

ချော်ရည်နန်းတော်အတွင်း၌ သူသည် အရှင်လတ်လတ် မီးလောင်ကျွမ်းခံခဲ့ရပြီး ထိုအတွေ့အကြုံမှာ သူ၏ မှတ်ဉာဏ်တွင် ဖျောက်ဖျက်၍မရအောင် စွဲထင်နေခဲ့သည်။

မုန့်ချုံသည် ချက်ချင်း ထမရပ်ဘဲ သူ၏ အကြည့်များမှာ တစ်စုံတစ်ခုကို ငေးမောနေသကဲ့သို့ ဗလာဖြစ်နေသည်။

အရိပ်လျှပ်စီး ပညာရပ်ကို ကျွမ်းကျင်ပြီးနောက် သူ၏ အနှစ်သာရ၊ ခွန်အားနှင့် စိတ်ဝိညာဉ် ကုန်ခမ်းမှုမှာ အလွန်အမင်း လျော့နည်းသွားခဲ့သည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင်မူ သူသည် အိပ်ရာမှ ထထိုင်နိုင်ရုံသာမက လွတ်လပ်စွာ လှုပ်ရှားနိုင်သော်လည်း သူ ထိုသို့ မလုပ်ဆောင်ခဲ့ပေ။

သူ၏ စိတ်ထဲတွင် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေသည်။

ငယ်စဉ်ကတည်းက မသေမျိုးပါရမီထူး ရှိသည်ဟု စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မုန့်ချုံသည် အမြဲတမ်းပင် လမ်းကြောင်းဖြောင့်ဖြောင့်ဖြင့် လျှောက်လှမ်းခဲ့ရသူဖြစ်ရာ ယခုကဲ့သို့ ကြီးမားသော အတားအဆီးမျိုး တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးပေ။

ကြီးမားသော အတားအဆီး ဖြစ်ရုံသာမကဘဲ ယင်းက ထပ်ခါတလဲလဲလည်း ဖြစ်ပေါ်နေခဲ့သည်။

မုန့်ချုံသည် မွေးရာပါ ရဲရင့်ပြတ်သားပြီး စိတ်ဓာတ်တက်ကြွသူ ဖြစ်သော်လည်း ဤအချိန်တွင်မူ သူ စိတ်ဓာတ်ကျနေမိသည်။

“ဒီချော်ရည်နန်းတော်ကို စူးစမ်းရတဲ့ အခက်အခဲက တကယ့်ကို မြင့်လွန်းလှတယ်”

မုန့်ချုံသည် မီးလျှံဓာတ်များ ဖုံးလွှမ်းနေသည့် စက်မှုမျောက်ကို ပြန်လည်စဉ်းစားမိပြီး ဘာဆက်လုပ်ရမည်ကို မသိဘဲ ဖြစ်နေတော့သည်။

သူ့မှာ အကြံအဖန် ကုန်နေချေပြီ။

သူ လုပ်ဆောင်သမျှ အရာအားလုံးကို အစေခံများနှင့် နောက်လိုက်များက စောင့်ကြည့်နေကြသည်။

သခင်လေး မုန့်ချုံသည် ယခုတစ်ကြိမ်တွင် ယခင်နှင့်မတူဘဲ ထူးခြားသော အခြေအနေဖြင့် ပြန်လာသည်ကို မြင်သောအခါ အစေခံများက အခြေအနေကို အပြေးအလွှား သွားရောက်သတင်းပို့ကြတော့သည်။

မုန့်ချုံ၏ အခြေအနေမှာ ဦးစားပေးအဆင့် အမြင့်ဆုံး ဖြစ်နေသည်။

မကြာမီမှာပင် မုန့်ခွေမှာ ထိုအကြောင်းကို သိရှိသွားလေသည်။

“ဟင် ...” တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ချက်ချင်း အာရုံရလိုက်သည်။

မုန့်ခွေ အစစ်အမှန်မှာ မီးလျှံတောင်တန်း၏ ထိပ်တွင် ရှိနေခြင်းဖြစ်ပြီး သူ၏ မျက်လုံးများမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာကာ ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။ ထိုအလင်းတန်းသည် အတားအဆီးအားလုံးကို ဖောက်ထွင်းကာ အခန်းထဲတွင် အကြည့်များ ဗလာဖြင့် ငြိမ်သက်စွာ လဲလျောင်းနေသော သူ၏ ချစ်လှစွာသော မြေးဖြစ်သူကို မြင်တွေ့လိုက်ရသည်။

“ဒါ မဟုတ်သေးဘူး။ ငါ တွက်ချက်ကြည့်ရမယ်”

မုန့်ခွေသည် တွက်ချက်မှုအချို့ လုပ်ဆောင်ကြည့်သော်လည်း ဘာမှ ရှာမတွေ့ခဲ့ပေ။

ချက်ချင်းပင် သူသည် ပုတီးစိပ်သော ကိရိယာရတနာတစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ လက်ချောင်းများဖြင့် လျင်မြန်စွာ တွက်ချက်လိုက်သည်။ ပုတီးစိပ်နေစဉ်အတွင်း ဝိညာဉ်စွမ်းအားနှင့် စိတ်ဝိညာဉ်အာရုံများမှာလည်း စဉ်ဆက်မပြတ် ကုန်ခမ်းနေခဲ့သည်။

ပုတီးစေ့များ ငြိမ်သက်သွားသောအခါ မုန့်ခွေသည် မုန့်ချုံ၏ ကံကြမ္မာကို တွက်ချက်မိသွားသည်။

“ဘယ်လိုဖြစ်လို့ ဒီလောက်တောင် နိမ့်ကျနေရတာလဲ” ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ကျင့်ကြံသူကြီးမှာ အံ့အားသင့်သွားရသည်။

သူ၏ အယူအဆအရ မသေမျိုးပါရမီထူးရှိသော မုန့်ချုံသည် သဘာဝအတိုင်းပင် အလွန်အားကောင်းသော ကံကြမ္မာရှိရမည်ဖြစ်ရာ ယခုကဲ့သို့ နိမ့်ကျနေသည့် အခြေအနေမျိုးမှာ အလွန်ရှားပါးလှသည်။

မုန့်မျိုးနွယ်စု၏ ဘိုးဘေးများနှင့်မတူဘဲ မုန့်ခွေ၏ ပါရမီမှာ အဆင့်မြင့်လှပြီး ‘တောင်မြင့်မှ အဝေးကြည့်ခြင်း’ ဟု အမည်ရသည်။

ဤပါရမီကြောင့် သူသည် တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့စွာ ရပ်တည်နိုင်ပြီး သူ မလှုပ်မယှက် ရှိနေသရွေ့ သူ၏ မျိုးနွယ်စု၏ ကံကြမ္မာကို တည်ငြိမ်စေသည့် အကျိုးသက်ရောက်မှု ရှိစေကာ ပတ်ဝန်းကျင်တစ်ခုလုံးကို အပေါ်စီးမှ မြင်တွေ့နိုင်သည်။

ထို့ကြောင့် သူ့ကို “တောင်ထိပ်မှ ဝန်ကြီးချုပ်” ဟု အမည်ပြောင် ပေးထားကြသည်။ ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်ရသည့်အခါတွင် သူသည် အမြဲတမ်း တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက်ဘဲ အခြေအနေကို စောင့်ကြည့်အကဲခတ်ကာ ရန်သူကို စတင်တိုက်ခိုက်လာအောင် ဆွဲဆောင်လေ့ရှိသည်။

သူ၏ ကံကြမ္မာမှာ ပင်ကိုယ်ကတည်းက တည်ငြိမ်ပြီး လှုပ်ခတ်ရန် ခက်ခဲလှသဖြင့် ရန်သူများထက်စာလျှင် ကံကြမ္မာဆိုးကျရောက်မှုကို ပိုမိုလျှော့ချပေးနိုင်သည်။

ယင်းကြောင့် ရန်သူများမှာ အောင်မြင်မှုမရဘဲ အချိန်ကြာမြင့်စွာ တိုက်ခိုက်နေရသဖြင့် အားနည်းချက်များ ပေါ်ပေါက်လာတတ်သည်။

မုန့်ခွေသည် ထိုအားနည်းချက်များ လုံလောက်စွာ စုပုံလာသည်အထိ မလှုပ်မယှက် စောင့်ဆိုင်းနေပြီးမှ အင်အားအပြည့်ဖြင့် တစ်ချက်တည်း တိုက်ခိုက်ကာ ရန်သူကို သတ်ဖြတ်ပြီး အောင်ပွဲခံလေ့ရှိသည်။

သူသည် ဟောကိန်းထုတ်ခြင်း ပညာရပ်ကိုလည်း ကျွမ်းကျင်ထားသေးသည်။

ယင်းမှာ အလွန်ရှားပါးလှသော အတတ်ပညာ ဖြစ်သည်။

ကျင့်ကြံခြင်းလောကတွင် ဟောကိန်းထုတ်ခြင်း ပညာရပ်ကို ကျွမ်းကျင်ရန်အတွက် အလွန်ရှားပါးသော ဝိညာဉ်အမြစ် သို့မဟုတ် ပါရမီများ ရှိရန် လိုအပ်သည်။

‘တောင်မြင့်မှ အဝေးကြည့်ခြင်း’ မှာ ထိုကဲ့သို့သော ပါရမီမျိုးဖြစ်ပြီး အနာဂတ် ဖြစ်ရပ်အချို့ကို အတိုင်းအတာတစ်ခုအထိ ကြိုတင်မြင်တွေ့နိုင်စွမ်း ရှိစေသည်။

မုန့်ချုံ၏ အခြေအနေကို ကြည့်ပြီး မုန့်ခွေသည် ပရမ်းပတာ ဖြစ်နေသော ခေတ်ကာလနှင့် သူရဲကောင်းများအကြား ယှဉ်ပြိုင်မှုများကို ပြန်လည်စဉ်းစားမိသည်။

များသောအားဖြင့် အစောပိုင်းတွင် အထင်ပေါ်ဆုံးဖြစ်နေသည့် နဂါးသည် အစစ်အမှန် ဘုရင် မဟုတ်တတ်ပေ။ အစောပိုင်းနှင့် အလယ်အလတ်အဆင့် တိုက်ပွဲများတွင် ထိုနဂါးမှာ တိုက်ခိုက်မှုများစွာကို ခံယူရသဖြင့် သူတို့၏ ကံကြမ္မာများမှာ ပြင်းထန်စွာ ကုန်ခမ်းသွားတတ်သည်။

ထိုအချိန်တွင်မှ ဘုရင်ဖြစ်မည့် ကံကြမ္မာမျိုးစေ့သည် အခွင့်အရေးကို အရယူကာ ကြီးထွားလာပြီး နောက်ဆုံးတွင် ကြီးမားသော အရှိန်အဟုန်ကို ရယူကာ စနစ်တကျ အုပ်ချုပ်ပြီး ကျင့်ကြံခြင်း နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။

“ကျူးရွှမ်းကျိ ပြောတာအရဆိုရင်တော့ ချော်ရည်နန်းတော် ပေါ်ထွက်လာမယ့် အချိန်က မရောက်သေးဘူး ...”

“ဒါကြောင့် ငါတို့က အတင်းအဓမ္မ သိမ်းပိုက်ဖို့ ကြိုးစားနေတာက အဲဒီရဲ့ ကံကြမ္မာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတာပဲ”

“မုန့်ချုံက တိုးတက်မှုနှုန်းမှာ ရှေ့ရောက်နေတော့ သူ့ရဲ့ ချီကံကြမ္မာက အလွန်အမင်း ကုန်ခမ်းသွားရတာပေါ့”

“ငါတို့သာ ချော်ရည်နန်းတော်ထဲက ကံကြမ္မာတည်ငြိမ်စေတဲ့ ရတနာ ဒါမှမဟုတ် ကံကြမ္မာရတနာတစ်ခုခုကို ရနိုင်မယ်ဆိုရင်တော့ ဒီကံကြမ္မာ ပဋိပက္ခကို အများကြီး လျှော့ချနိုင်မှာပဲ”

ဤသို့ စဉ်းစားပြီးနောက် မုန့်ခွေသည် အဝေးမှနေ၍ သူ၏ အသံကို ပို့လွှတ်လိုက်ပြီး ပုတီးစိပ်သော ကိရိယာရတနာကို အသုံးပြုကာ မုန့်ချုံ၏ ကံကြမ္မာကို ယာယီ မြှင့်တင်ပေးလိုက်သည်။

“မိုက်မဲတဲ့ကလေး၊ မင်း အခုထိ သတိမဝင်သေးဘူးလား”

“ဟာ၊ အဖိုး” မုန့်ချုံ၏ စိတ်မှာ တုန်လှုပ်သွားပြီး သူ၏ ကံကြမ္မာမှာ ပုံမှန်အတိုင်း ပြန်ဖြစ်လာကာ စိတ်ကြည်လင်သွားလေသည်။

သူ၏ မျက်လုံးများမှာ တစ်စုံတစ်ခုကို သိရှိသွားသကဲ့သို့ တောက်ပလာ၏။ “သိပြီ”

“ငါ နည်းလမ်းတစ်ခု စဉ်းစားမိပြီ”

“ပြိုင်ဘက်က ပညာရပ်တွေကို သုံးတယ်ဆိုရင် ငါလည်း သုံးလို့ရတာပဲ”

“အတားအဆီးဆုလာဘ်တွေထဲမှာ အအေးဓာတ်ပွေ့ပိုက်ခြင်းပညာရပ် ရှိတယ်၊ အဲဒီပညာရပ်ကို ကျွမ်းကျင်အောင် ငါ အထူးလေ့ကျင့်လို့ ရတယ်။ အဲဒါဆိုရင် အဲဒီမျောက်ရဲ့ မီးတောက်တွေကို ငါ ပြန်မတိုက်နိုင်တော့ဘူးလား”

“ဟားဟားဟား”

မုန့်ချုံသည် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ချက်ချင်းပင် ထရပ်ကာ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။

သူသည် အားပါသော ခြေလှမ်းများဖြင့် လျှောက်လှမ်းကာ တံခါးကို တွန်းဖွင့်လိုက်၏။ “တစ်ယောက်ယောက် လာခဲ့ဦး၊ ငါ့ကို စားစရာတွေ ယူလာပေးကြ”

“ငါ အများကြီး စားမယ်၊ စားမယ်၊ စားမယ်”

“စားပြီးရင် ငါ အပြင်းအထန် လေ့ကျင့်မယ်၊ လေ့ကျင့်မယ်၊ လေ့ကျင့်မယ်”

အစေခံများမှာ ထိုအခြေအနေကို မြင်သောအခါ သက်ပြင်းချကာ စိတ်အေးသွားကြတော့သည်။

ဒါဟာ သူတို့ သိကျွမ်းတဲ့ မုန့်ချုံ အစစ်အမှန်ပါပဲ။

မုန့်ခွေသည် အဝေးမှနေ၍ ထိုမြင်ကွင်းကို ကြည့်ကာ ခေါင်းကို အနည်းငယ် ငြိမ့်လိုက်သည်။

ထို့နောက် သူသည် ကျိုးမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စုနှင့် နင်းမျိုးနွယ်စုတို့၏ နယ်မြေများဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အကြည့်များမှာ မှောင်မှောင်မှိုင်းမှိုင်း ဖြစ်သွားလေသည်။

“မုန့်ချုံနဲ့ ချော်ရည်နန်းတော်ရဲ့ ကံကြမ္မာတွေက ထိပ်တိုက်တွေ့ပြီး ယှဉ်ပြိုင်နေကြတာ၊ အင်အားကြီးနှစ်ခု အချင်းချင်း တိုက်ခိုက်နေသလိုပဲ”

“ဒီမျိုးနွယ်စု သုံးခုရဲ့ မဟာမိတ်ကတော့ ကံကြမ္မာတွေ ပေါင်းစပ်ထားတဲ့အတွက် ရှုပ်ထွေးနေပေမဲ့ သူတို့အတွက်တော့ အကျိုးအမြတ်ရဖို့ ပိုလွယ်ကူနေတယ်”

“သူတို့ကို နှိမ်နင်းထားဖို့ လိုအပ်တယ်”

ကျိုးမျိုးနွယ်စု

နင်းကျော့သည် ရတနာကျမ်းစာဆောင်အတွင်းသို့ ဦးဆောင်ခေါ်ယူခြင်း ခံရသည်။

“ဒါက ‘ဝိညာဉ်အနှစ်သာရအကြောင်း’ ကျမ်းစာပဲ၊ မိတ်ဆွေ နင်းကျော့ ဒီမှာပဲ ဖတ်ရှုနိုင်ပါတယ်” ကျိုးမျိုးနွယ်စု ကျင့်ကြံသူတစ်ယောက်က သတိပေးလိုက်သည်။

နင်းကျော့သည် ခေါင်းငြိမ့်ပြပြီး ကျောက်စိမ်းပြားကို လှမ်းယူလိုက်သည်။

စစ်ဆေးကြည့်ပြီးနောက် သူသည် ထိုကျောက်စိမ်းပြားကို သူ၏ နဖူးတွင် ကပ်လိုက်သည်။

သူ၏ စိတ်ဝိညာဉ်အာရုံကို ထည့်သွင်းကာ ကျောက်စိမ်းပြားအတွင်းရှိ အကြောင်းအရာများကို စတင်ဖတ်ရှုလေတော့သည်။

‘ဝိညာဉ်အနှစ်သာရအကြောင်း’ မှာ ကျင့်ကြံခြင်း နည်းစနစ် သို့မဟုတ် လျှို့ဝှက်ပညာရပ်တစ်ခု မဟုတ်ဘဲ ဝိညာဉ်အနှစ်သာရနှင့် ပတ်သက်သည့် အသိပညာ ဗဟုသုတများကို စုစည်းထားခြင်းသာ ဖြစ်သည်။

ဖတ်ရှုပြီးနောက် နင်းကျော့၏ မျက်လုံးများမှာ အချိန်အတော်ကြာအောင် တောက်ပနေခဲ့သည်။

သူ၏ အမြင်များမှာ ပိုမိုကျယ်ပြန့်လာပြီး အကြီးအကျယ် ပြောင်းလဲတိုးတက်သွားကာ အကျိုးကျေးဇူးများစွာ ရရှိခဲ့လေသည်!

“ဪ ... ဝိညာဉ်အနှစ်သာရမှာ ဒီလောက်တောင် ကွဲပြားခြားနားမှုတွေ ရှိနေတာကိုး”

‘ဝိညာဉ်အနှစ်သာရအကြောင်း’ ကျမ်းစာအရ ဝိညာဉ်အနှစ်သာရကို အဆင့်ငါးဆင့် ခွဲခြားထားသည်။

အနိမ့်ဆုံးအဆင့်မှာ ‘ဝိညာဉ်မဲ့ခြင်း’ ဖြစ်သည်။

ထို့နောက်တွင် ‘ဝိညာဉ်သေ’ အဆင့် ရှိသည်။

နောက်တစ်ဆင့်မှာ ‘ဝိညာဉ်ရှင်’ ဖြစ်သည်။

ယင်းထက် တစ်ဆင့်မြင့်သည်မှာ ‘ဉာဏ်ဝိညာဉ်’ ဖြစ်သည်။

အမြင့်ဆုံးအဆင့်မှာမူ ‘နတ်ဘုရားဝိညာဉ်’ ဖြစ်သည်။

“ခေါင်းမာပြီး ဝိညာဉ်မဲ့သည်” ဆိုသော စကားမှာ ဝိညာဉ်အနှစ်သာရ လုံးဝ ကင်းမဲ့နေသည့် ‘ဝိညာဉ်မဲ့ခြင်း’ အဆင့်ကို ရည်ညွှန်းခြင်း ဖြစ်သည်။

‘ဝိညာဉ်သေ’ အဆင့်ကိုမူ ဝိညာဉ်ကျက်သရေ၊ ဝိညာဉ်အင်းကွက်၊ ဝိညာဉ်အမြစ်၊ ဝိညာဉ်အရိပ်နှင့် ဝိညာဉ်ပုံရိပ်ဟူ၍ ထပ်မံခွဲခြားထားသည်။

‘ဝိညာဉ်ရှင်’ အဆင့်ကို အနိမ့်မှ အမြင့်သို့ ဝိညာဉ်ကြယ်၊ ဝိညာဉ်လှုပ်ရှားမှု၊ ဝိညာဉ်ကြီးထွားမှု၊ ဝိညာဉ်ရွေ့လျားမှုနှင့် ဝိညာဉ်အာရုံခံစားမှုဟူ၍ ခွဲခြားထားပြန်သည်။

ထိုကျမ်းစာအရ ယွမ်တာရှန့်၏ ဝိညာဉ်အနှစ်သာရမှာ ‘ဝိညာဉ်ရှင်’ အဆင့်အတွင်းရှိ ‘ဝိညာဉ်ကြီးထွားမှု’ အဆင့်တွင် ရှိနေခြင်းဖြစ်ချေသည်။

All Chapters