အခန်း (၁၀၆၉-၁၀၇၀)
Vol. 90 Ch. 1069-1070
အခန်း ၁၀၆၉ –
ကျင့်ကြံမှုဖျက်ဆီးခြင်း ... ။
အခန်းထဲတွင် စုရီတစ်ယောက်က ခြေချင်းချိတ်ထိုင်ကာ ဆဋ္ဌမမြောက်ဘဝဝမ်ယဲ့ ပေးအပ်ခဲ့သော နယ်ပယ်ဖြတ်ကျော်ခြင်း လျှို့ဝှက်ချက်ကို အသုံးပြုနေ၏။
“ ခရစ် ... ။ ”
များမကြာခင် သူ့ခန္ဓာကိုယ်အတွင်း ကျင့်ကြံမှုအားလုံး ပြိုကွဲသွားပြီး ရှုပ်ထွေးကာ မငြိမ်မသက်ဖြစ်လာခဲ့သည်။ ဒါန်တမ်တစ်ခုလုံး ပေါက်ကွဲနေသည့်အလား ဖရိုဖရဲပေပင်။
ရောင်ဝါများ ကျဆင်းလျက် ကျင့်ကြံမှု အုတ်မြစ်ပျောက်ဆုံးသွား၏။ အပြင်လူများ၏ အမြင်အတွက် ဤအခြေအနေသည် သာမန် လူသားတစ်ယောက်ပေပင်။ ကျင့်ကြံမှုရောင်ဝါ လုံးဝကင်းမဲ့သွားခြင်းဖြစ်၏။
ဤနည်းလမ်းသည် ကျင့်ကြံမှုအားလုံးကို လျှို့ဝှက်နည်းစနစ်တစ်ခုသုံးပြီး ဖျက်စီးလျက် ပိတ်ဆို့လိုက်ခြင်းပေပင်။
ဖျက်ဆီးခြင်းမရှိသော် တည်ဆောက်၍ မရနိုင်ချေ။ ဖျက်ဆီးခြင်းမှာ တည်ဆောက်ခြင်း မတိုင်ခင် မလွှဲမသေပြုလုပ်ရ၏။
အတိတ်ကို ဖြိုခွင်းခြင်းအားဖြင့်သာ အရှုပ်အထွေးများကြား အသစ်သစ်ကိုပြန်လည် ပုံဖော်နိုင်မည်။ ဤသည်မှာ ဆဋ္ဌမဘဝ၏ အထွတ်အထိပ်နားလည်မှုဟု ခေါ်နိုင်၏။
ရလာဒ်သည် ထူးခြားပြီး တားမြစ်ဆန်သော ရောင်ဝါများ ဒါန်တမ်အတွင်း၌ ပြည့်နှက်လာစေ တော့သည်။
အချို့သောပါရမီရှင်များသည် ဤနည်းလမ်းကို သိရှိကြကာ ကြိုးစားခဲ့ဖူး၏။ သို့သော် သူတို့အားလုံးသည် ပေါက်ကွဲပျက်စီး သွားခဲ့ရသည်။
အဘယ့်ကြောင့်ဆိုသော် နတ်ဘုရားပဋိညာဉ် စွမ်းအားသည် မည်သူ့ကိုမျှ ဤလမ်းကြောင်းသို့ တက်ရောက်လာမည်ကို မလိုလားချေ။
စုရီသည်လည်း ချွင်းချက်မရှိချေ။ ရုတ်တရက် ဒါန်တမ်အတွင်း ဖရိုဖရဲစွမ်းအင်နှင့် အုတ်မြစ်တစ်ခု တည်ဆောက်ပေးနေချိန်တွင် ကြောက်စရာကောင်းသော အငွေ့အသက်အချို့ တိတ်တဆိတ်တိုးဝင်လာ၏။
“ ဒါက ... ။ ”
ဤသည်မှာ နတ်ဘုရား ပဋိညာဉ် စွမ်းအားပေပင်။ ဝင်စားခြင်းနှင့် အရာခပ်သိမ်း ဖျက်သိမ်းခြင်းဥပဒေများ နားလည်ထားသော စုရီအတွက်ပင် အနည်းငယ်လေးနက်လာရ၏။
‘နတ်ဘုရားပဋိညာဉ်’ စွမ်းအားသည် ပုံသဏ္ဌာန်မရှိဘဲ ဖျက်ဆီးခြင်း အငွေ့အသက် များသာ ဖြစ်လေသည်။
“ ဘရူး ... ။ ”
၎င်းတို့သည် သူ့ခန္ဓာကိုယ်ထဲ တိုးဝင်လာသည့်ထိုခဏတွင် အသိစိတ်ပင်လယ် အတွင်းရှိ ‘ငရဲဘုံကိုးပါးဓား’မှာ ချက်ချင်း နိုးကြားလာတော့၏။
“ ဝူး ... ။ ”
ယင်းကြောင့် ငရဲဘုံကိုးပါးဓားရောင်ဝါ ထုတ်လွှတ်ကာ နတ်ဘုရားပဋိညာဉ် စွမ်းအားကို ပိုက်ကွန်ဖြင့် ဖမ်းဆီးသကဲ့သို့ ဖမ်းယူကာ ချက်ချင်းချေမှုန်းပေးလေသည်။
ဤနည်းဖြင့် စုရီတစ်ယောက် ပြန်လည် ငြိမ်သက်သွားတော့၏။ ဒါန်တမ်အတွင်း ဖရိုဖရဲ ဖြစ်စဉ်မှာ ဆက်လက်ဖြစ်ပွားလာသည်။
စုရီက ထိုဖြစ်စဉ်ကို အေးစက်စွာ စောင့်ကြည့်နေ၏။ အချိန်များတရွေ့ရွေ့ ကုန်လွန်လာနေသည်။
တစ်လအတွင်း စုရီသည် ဤကဲ့သို့သော ဖြစ်စဉ်မျိုး အကြိမ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရပြီး ငရဲဘုံကိုးပါးဓားရောင်ဝါမှ ကူညီပေးနေ၏။
ငရဲဘုံကိုးပါးဓားသည်သာ မရှိသော် ထိုနတ်ဘုရားပဋိညာဉ် စွမ်းအားများသည် သူ့ကို ပြာအဖြစ်ပြောင်းလဲသွားခဲ့မည်မှာ ကြာပြီဖြစ်သည်။
“ ဝမ်ယဲ့က ဒီလမ်းစဉ်ကို ကမ္ဘာဦးကတည်းက မရှိဖူးသေးတဲ့ လမ်းစဉ်လို့ ခေါ်တာ မဆန်းတော့ပါဘူး တခြားကျင့်ကြံသူ အတွက်ဆိုရင် ဒါဟာသေလမ်းပဲ။ ”
စုရီက မှတ်ချက်ပေးလိုက်သည်။ အသိစိတ်ပင်လယ်အတွင်း ငရဲဘုံကိုးပါးဓားမှာ ပြင်းစွာတုန်ခါလျက် လက်ကျန်ဖြစ်သော နတ်ဘုရားပဋိညာဉ် စွမ်းအားများကို ဖျက်ဆီးပစ်လိုက်သည်။
ထို့ကြောင့် သူ့ခန္ဓာကိုယ်သည် ပြင်းထန်လွန်းသောဆာလောင်မှုကို ခံစားလာရ သဖြင့် ဆေးလုံးများသောက်သုံးလိုက်ရ၏။
ဒါန်တမ်အတွင်း၌ ကျင့်ကြံခြင်း စွမ်းအားများမှာ ကမ္ဘာဦးအစဖရိုဖရဲစွမ်းအင် ကဲ့သို့ ပြောင်းလဲနေပြီး အစိုင်အခဲအသွင် ကူးပြောင်းလာနေသည်။
ထို့ကြောင့် အစားအစာ မလုံလောက်သူတစ်ယောက်ကဲ့သို့ စွမ်းအင် ဆာလောင်မှု ဖြစ်ပေါ်လာ၏။
အဆုံးတွင် ကိုးပါးဝိညာဉ် အင်မော်တယ် ဆေးလုံးကို ထုတ်ယူ၍ ချက်ချင်း မျိုချခဲ့သည်။ ဤသည်မှာ ဟုန်ယွင်ပေးသည့် ကိုးပါးဝိညာဉ် ဂျင်ဆင်းကို ဆေးဘက်ဝင်အပင်တစ်ရာကျော် ပေါင်းစပ်ထားခြင်းဖြစ်၏။
များပြားလှသော ဆေးအာနိသင်များသည် တောင်ပြိုသကဲ့သို့ ချက်ချင်းပင် စီးဆင်းလာပြီး အသွင်ပြောင်းခြင်းဖြစ်စဉ်ကို အထွတ်အထိပ်ဆီ ပို့ဆောင်ပေးလေသည်။
ဤသည်မှာ ကမ္ဘာဦးအစက ကောင်းကင်နှင့်မြေကြီးကို ဖန်တီးပိုင်းခြားလိုက် သကဲ့သို့ အံ့ဩဖွယ်ကောင်းလှချေ၏။
တစ်ချိန်တည်းမှာပင် အပြင်ဘက်၌ ကောင်းကင်ထက်၌ ထူးဆန်းသော ‘ကပ်ဘေး တိမ်တိုက်’များ ဖြစ်ပေါ်လာခဲ့သည်။
ထိုတိမ်တိုက်များသည် မှင်ရောင်ကဲ့သို့ မည်းမှောင်နေပြီး အတွင်း၌ နတ်ဘုရားပဋိညာဉ် စည်းမျဉ်းများ လျှပ်စီးအလား ယှက်နွယ်နေ၏။
ပင်လယ်လေးပါးမျှော်စင်သို့ ဟုန်ယွင်၏အမိန့်ကြောင့် စုရီကိုကာကွယ်ရန် ရောက်ရှိနေခဲ့သော ခွေးဝါကြီးမှာမော့ကြည့်ပြီး မျက်လုံးပြူးသွားတော့သည်။
“ ဒါ ... ဒါက ဘယ်လို ဘေးဒုက္ခမျိုးလဲ ငါအင်မော်တယ် ဖြစ်တုန်းကတောင် ဒီလောက် ကြောက်စရာ မကောင်းခဲ့ပါဘူး။ ”
ခွေးဝါကြီးက ထိုစွမ်းအားကို အာရုံခံရန် ကြိုးစားသော်လည်း ချက်ချင်းပင် တစ်ကိုယ်လုံး တုန်ခါသွားကာ အမွှေးများ ထောင်ထသွားခဲ့၏။
“ သေစမ်း ... ဒါအရမ်းပြင်းတယ်။ ”
ထို့ကြောင့် ခွေးဝါကြီးသည် ဆက်၍ စူးစမ်းရန်မဝံ့တော့ဘဲ ရပ်တန့်လိုက်ရ၏။ ဘေးရှိ ဝေရှန်းမှ စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်နေသည်။
“ စီနီယာ ဒါက ... ။ ”
လီပေ့ရှန်းက ခွေးဝါကြီးအတွက် အရက်ငှဲ့ပေးနေရာမှ ထိတ်လန့်သွားလေသည်။ သူ့ဘဝတလျှောက် ဤမျှပြင်းထန်သော ကပ်ဘေးမျိုး မမြင်ဖူးချေ။
ဤဒုက္ခထဲတွင် ‘နတ်ဘုရားများ’၏ ပုံရိပ်ယောင်များပင် ပေါ်ထွက်နေသည်ကို မြင်နေရချေ၏။ ခွေးဝါကြီးက အထင်သေးသော အမူအရာများ ပြောက်ကွယ်သွားကာ လေးနက်ပြီး တိတ်ဆိတ်သွားလေသည်။
“ ချွင် ... ။ ”
ထိုစဉ် ရုတ်တရက် ဓားသံတစ်ချက် ထွက်ပေါ်လာပြီး ဝိုးတဝါးဓားပုံရိပ်ယောင်တစ်ခု ကောင်းကင်ပေါ် ပျံတက်သွားကာ ထိုဘေးဒုက္ခ တိမ်တိုက်များကို ခုတ်ပိုင်းပစ်လိုက်တော့၏။
“ ဝုန်း ... ။ ”
ခဏအကြာတွင် မည်းညို့နေသော တိမ်တိုက်များအားလုံး မဖွဲ့စည်းနိုင်မီအချိန်၌ပင် ဖျက်ဆီးခြင်းခံလိုက်ရကာ အရာအားလုံး ပျောက်ကွယ်သွားတော့၏။ ကောင်းကင်မှာ ချက်ချင်း ကြည်လင်သွားချေပြီ။
“ ဒီကောင် ... ။ ”
ထိုမြင်ကွင်းကြောင့် ခွေးဝါကြီးမှ အံ့အားသင့်ကာ စုရီအခန်းသို့ပြန်ကြည့်လျက်၊
“ မင်းမှာ တကယ့်ကို ကြီးမားတဲ့ လျှို့ဝှက်ချက်တွေ ရှိနေတာပဲ။ ”
-ဟု ရေရွတ်လိုက်တော့သည်။
“ ပြိုကွဲသွားပြီလား ... ။ ”
“ ဓားတစ်ချက်တည်းနဲ့ ကောင်းကင်ကပ်ဘေးကို ဖြိုခွင်းလိုက်တာလား ဘယ်လိုတောင် ပြင်းထန်လိုက်လဲ။ ”
တစ်ဖက်တွင် အခြားသောလူများမှာ ချက်ချင်း ပျောက်ကွယ်သွားသော ကပ်ဘေးထံ မော့ကြည့်လျက် အံ့အားသင့်ကုန်၏။
အခန်းထဲ၌မူ စုရီသည် တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်သည်။ သူ့ခန္ဓာကိုယ်ပြင်ပတွင် မည်သည့်ရောင်ဝါမျှ မရှိတော့ဘဲ သာမန်လူ တစ်ယောက်နှင့် လုံးဝတူသွားတော့သည်။
ဒါန်တမ်တွင်လည်း ကျင့်ကြံမှုသည် ဓားတစ်လက်အသွင် စတင်ပေါ်ထွက်လာခဲ့၏။ ထိုဓားသည် ငရဲဘုံကိုးပါးဓားနှင့်ဆင်တူနေပြီး ကျင့်ကြံမှုအားလုံး စုစည်းထားတော့သည်။
ထို့ကြောင့် သူ့ကျင့်ကြံမှုကို စစ်ဆေးကြည့်၍မရတော့ဘဲ သေမျိုးအဆင့်သို့ လျော့ကျသွားကြောင်းသာ ထင်မှားစေမည်။
စင်စစ်သော်ကား သူ့ကျင့်ကြံမှုသည် ကမ္ဘာဦးအစစွမ်းအားများဖြင့် ပြည့်နှက်နေခဲ့ပြီး ယခင်ထက် အဆပေါင်းများစွာသန်မာနေပြီ ဖြစ်လေသည်။
“ နောက်ဆုံးတော့ ... ငါ နယ်ပယ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ ... ။ ”
စုရီက ကျေနပ်အားရစွာဖြင့် သက်ပြင်းတစ်ချက်ကို ချလိုက်တော့သည်။ အသိစိတ်ပင်လယ်အတွင်း၌ ဆဋ္ဌမမြောက် ဘဝသည် တိတ်ဆိတ်စွာဖြင့် ဤအသွင် ပြောင်းမှုကို စောင့်ကြည့်နေသည်။
တစ်ဖက်လူသည် အောင်မြင်သွား၏။ ဒါန်တမ်အတွင်း ငရဲဘုံကိုးပါးဓားသန္ဓေသားကို ဖွဲ့စည်းနိုင်ချေပြီ။ ယင်းကို အောင်မြင်ရန် အဓိကသော့ချက်မှာ ဝင်စားခြင်းဥပဒေဖြစ်၏။
ထို့ကြောင့် ယနေ့မှစပြီး ဤလူသည် သမိုင်းတလျှောက် အစွမ်းအထက်ဆုံးသော အင်မော်တယ်တစ်ပါး ဖြစ်လာပေမည်။
ပြိုင်ဘက်ကင်း အင်မော်တယ်ဖြစ်၏။ ထိုညမှာပင် နတ်ဆိုးပင်လယ်၏ နက်ရှိုင်းသော နေရာ၌ ဟုန်ယွင်သည် ခွေးဝါကြီးထံမှ သတင်းစကားကို လက်ခံရရှိလိုက်သည်။
“ သေမျိုးခန္ဓာနဲ့ ကျင့်ကြံမှု မရှိတော့ဘူးလား။ ”
ဟုန်ယွင်တစ်ယောက် မျိုးနွယ်စု၏ အမြင့်ဆုံးလျှို့ဝှက်ချက်ဖြစ်သည့် ဝင်စားခြင်း ဥပဒေနှင့်ပတ်သက်သည့် ဘိုးဘေးအစဉ်အဆက် မှာကြားချက်များကို သတိရသွား၏။
ယခင်က မယုံကြည်ခဲ့သော်လည်း စုရီနှင့်တွေ့ဆုံပြီးနောက် ဝင်စားခြင်းဥပဒေသည် မည်မျှထူးခြားကြောင်း လက်ခံလိုက်ရချေပြီ။
တစ်ချိန်တည်းမှာပင် စုရီသည် ဝမ်ယဲ့ဘဝဖြင့်ပေါင်းစည်းပစ်ရန် ဆက်လက် ကြိုးစားနေခဲ့၏။
“ ဘရူး ... ။ ”
အခန်းအတွင်း၌ ကောင်းကင်ဆန္ဒ ဆေးမီးဖိုသည် တဆက်ဆက်တုန်ခါနေပြီး ခရမ်းရောင်အလင်းများ တောက်ပလာသည်။
ဤတစ်ကြိမ် သူ သန့်စင်နေသော ပစ္စည်းများမှာ အရေအတွက်အားဖြင့် မများလှ သော်လည်း အားလုံးသည် အင်မော်တယ်အဆင့် ဆေးဘက်ဝင်အပင်များသာဖြစ်သည်။
ထို့ကြောင့် ရွှင်မြူးပျော်ရွှင်မှုနှင့်အတူ လေထုအလယ် လန်းဆန်းတက်ကြွစေသော ဆေးရနံ့များဖြင့် ထုံမွှန်းနေစေ၏။
တစ်ဖက်တွင် စုရီသည် ငြိမ်သက်စွာ စောင့်ဆိုင်းလျက် အသိစိတ်ပင်လယ်အတွင်း၌ ဝမ်ယဲ့နှင့် စကားပြောနေခဲ့သည်။
“ မင်းမှာ မပြီးဆုံးသေးတဲ့ ဆန္ဒတွေ ရှိသေးလဲလား ပြောထားခဲ့ပါ နောင်ကျရင် ငါ မင်းကိုယ်စား အဆုံးသတ်ပေးမယ်။ ”
ဝမ်ယဲ့က အေးစက်စွာဖြင့် ပြောကြားလာသည်။ စုရီမှ သဘောကျသွားပြီး၊
“ ဟားဟားဟား ... ဒီစကား ငါပြောရမှာ မဟုတ်ဘူးလား ငါကဘဝတိုင်းကို လက်ရှိဘဝနဲ့ ပေါင်းစည်းနိုင်တယ် ဒါပေမဲ့ဘဝတိုင်းကတော့ ငါ့ကိုအစားထိုးတာ မအောင်မြင်ပါဘူး။ ”
-ဟုဆိုကာ ဆဋ္ဌမနတ်သံကြိုးကို လှမ်းခေါ်လိုက်တော့၏။
“ ဘရူး ... ။ ”
ငရဲဘုံကိုးပါးဓားခမျာ ချက်ချင်း တုန်ခါသွားပြီးနောက် ဆဋ္ဌမနတ်သံကြိုးသည် အလင်းမှုန်များအဖြစ် ပြောင်းလဲ စီးဝင်လာလေသည်။
ယင်းကြောင့် စုရီတစ်ယောက် ရှည်လျားလှသော အိပ်မက်ကြီးတစ်ခုအတွင်းသို့ ကျဆင်းသွားလေသည်။ ထိုအိပ်မက်ထဲ သူသည် ဝမ်ယဲ့အမည်ရှိ ကလေးတစ်ယောက်ဖြစ်၏။
အသက်(၇)နှစ်အရွယ်ဖြင့် သံလှောင်အိမ်ကြီးအတွင်း၌ ပိတ်လှောင်ခံထားရ လေသည်။ ယင်းကို သူ့မိခင်၏အစ်ကိုမှ ပြုလုပ်ထားခြင်းဖြစ်၏။
သူ့ဖခင်မှာ ကမ္ဘာဦးနတ်ဆိုးမျိုးနွယ် ဖြစ်သဖြင့် လူအများမှ မိစ္ဆာအဖြစ်ယူဆကာ သတ်ပစ်ရန် အော်ဟစ်ဆောင်းဆိုနေသည်။ သူ့ဦးလေးခမျာ အံ့ကြိတ်လျက် ငြင်းဆန်ရန် ခွန်အားမရှိတော့ချေ။
“ ရပ်စမ်း ... ။ ”
ထိုစဉ် အရိုးပေါ်အရေတင် အသွင်ဖြင့် အဖိုးအိုတစ်ဦးရောက်ရှိလာပြီး တားဆီးခဲ့သည်။ ဤသည်မှာ တပ်မှူးလီနန်တု ဖြစ်ချေ၏။
“ သူ့အမေ ဝမ်ရွှမ်စုက ငါတို့နဲ့အတူ ဒီဆဋ္ဌမမြောက်ကောင်းကင်တံခါးကို နှစ်ပေါင်း (၃၉၀၀)ကြာအောင် ကာကွယ်ပေးခဲ့ဖူးတယ် ...
... ဒီလိုသူရဲကောင်း တစ်ယောက်ရဲ့ ကလေးကိုသတ်ရအောင် မင်းတို့အရည်အချင်း ပြည့်မီတယ်များ တကယ်ထင်နေတာလား လူမိုက်တွေ ... အခုချက်ချင်း နောက်ဆုတ်။ ”
ထို့နောက် လူတိုင်းသည် မကျေနပ်ကြသော်လည်း လီနန်တုကြောင့် ဆုတ်ခွာကုန်ကြ၏။
လီနန်တုက လှောင်အိမ်ထဲမှ ဝမ်ယဲ့ကို အခြေအနေနှစ်ရပ် ရွေးချယ်စေ၏။ ပထမဆုံး အခြေအနေမှာ ကျင့်ကြံမှုသင်ယူပြီး သူ့မိခင် အတွက် ကလဲ့စားချေရန်ပေပင်။
အခြားအခြေအနေမှာ ကျင့်ကြံမှုကို ဖျက်ဆီးကာ သာမန်လူသားတစ်ဦးအဖြစ်ဖြင့် အေးဆေးစွာနေထိုင်ရန်ဖြစ်၏။ ဝမ်ယဲ့က မဆိုင်းမတွပင်၊
“ အမေအတွက် ကလဲ့စားချေချင်တယ်။ ”
- ဟု ရွေးချယ်ခဲ့သည်။
ထိုနေ့မှစ၍ ဝမ်ယဲ့သည် ဆဋ္ဌမမြောက် ကောင်းကင်တံခါးတွင် ရှင်သန်ခွင့်ရကာ ပါရမီ အထူးချွန်ဆုံး ဓားသမားဖြစ်လာခဲ့သည်။
အသက်(၁၇)နှစ်တွင် ထိုကောင်းကင် တံခါးခံတပ်ရှိ လူငယ်မျိုးဆက်သစ်များကြား၌ အစွမ်းထက်ဆုံးသူဖြစ်လာ၏။
အသက်(၂၃)နှစ်တွင် နာမည်ကျော် စစ်သူကြီးတစ်ဦးဖြစ်လာပြီး နတ်မိစ္ဆာများစွာကို ချေမှုန်းပေးနိုင်ခဲ့သည်။
သို့သော် အသက်(၂၇)နှစ်အရွယ်တွင် သူ့ဘဝအတွက် ကြောက်မက်ဖွယ်ကောင်းသော ကံကြမ္မာဆိုးကြီးတစ်ခု ကျရောက်လာ၏။
သူသည် ရန်သူ့စခန်းတစ်ခုသို့ တစ်ကိုယ်တော် ဝင်ရောက် ဖျက်ဆီးတိုက်ခိုက် ပြန်လာချိန်၌ ဆဋ္ဌမကောင်းကင်တံခါးတစ်ခုလုံး ပျက်စီးနေသည်ကို မြင်တွေ့လိုက်ရသည်။
တပ်မှူးလီနန်တု၏ ဦးခေါင်းကို မြို့တံတိုင်းပေါ်တွင် ချိတ်ဆွဲထားပြီး၊ သူ့ဦးလေး ဖြစ်သူသည်လည်း ရက်စက်စွာ အသတ်ခံထားရ၏။
ထိုလုပ်ရပ်ကို လုပ်ဆောင်ခဲ့သူမှာ သူ့ဖခင်နတ်မိစ္ဆာဖြစ်သည်။ သူ့ဖခင်က သူ့ကို မြင်ချိန်တွင်၊
“ မင်းကာကွယ်နေတဲ့ ဒီလောကကြီးက မင်းအပေါ် ဘယ်လို ဆက်ဆံမလဲဆိုတာ ငါတို့ ကြည့်ရအောင် မင်းသည်းမခံနိုင်တော့တဲ့ တစ်နေ့ ငါ့ဆီလာဒူးထောက်ပါ မင်းအတွက် နေရာတစ်ခုပေးမယ်။ ”
-ဟု လှောင်ပြောင်ကာ ထွက်ခွာသွား၏။
ထိုနေ့မှစ၍ ဝမ်ယဲ့သည် သူ့ဖခင် နတ်မိစ္ဆာနှင့်ပူးပေါင်းကာ ကောင်းကင်တံခါးကို ဖျက်ဆီးခဲ့သည့် သစ္စာဖောက်တစ်ယောက် အဖြစ် စွပ်စွဲခံခဲ့ရတော့သည်။
ဤဒဏ်ရာသည် ဝမ်ယဲ့ကို (၁၀)နှစ်ကြာအောင်လှိုက်စားကာ လမ်းဘေး၌ ခွေးများနှင့် အစာလုစားရသည်အထိ ကျဆင်း သွားစေခဲ့၏။
သို့သော် တစ်ရက်တွင် သူ့ကို အနိုင်ကျင့်သူများမှ သတ်ဖြတ်ခါနီးအချိန်တွင် အသိစိတ်များ ပြန်လည်နိုးကြားလာခဲ့ပြီး တိုက်ခိုက်ထွက်ပြေးသွားတော့သည်။
နောက်ထပ် (၉)နှစ်အကြာတွင် လူတစ်ယောက်က ဓားတစ်လက်ဖြင့် နတ်မိစ္ဆာ နယ်မြေ(၁၃)ခုလုံးကို ဖျက်ဆီးမြေလှန်ခဲ့ကာ အတုမဲ့အုပ်စိုးရှင်အဖြစ် ထွက်ပေါ်လာ၏။
ဤသည်မှာ ဝမ်ယဲ့ဖြစ်ပြီး အဆုံးဤ နတ်မိစ္ဆာဘုရင်ဖြစ်သော ဖခင်ကိုပင် သူ့ဓားနှင့် ကိုယ်တိုင်သတ်ပစ်ခဲ့သည်။ သည့်နောက်တွင် ဖခင်ကိုသတ်သူအဖြစ် ကံကြွေးခံယူကာ အတုမဲ့အုပ်စိုးရှင်တစ်ပါးဖြစ်လာ၏။
ထိုအချိန်မှစ၍ အင်မော်တယ်မြေ၌ ဝမ်ယဲ့ဟူသောအမည်မှာ ပျောက်ကွယ်သွားပြီး အတုမဲ့အုပ်စိုးရှင်ဟူသော ဘွဲ့အမည်သည်သာ ဟိုးလေးတကျော် ဖြစ်လာခဲ့တော့သည်။
***
အခန်း ၁၀၇၀ –
ကြယ်မုန်တိုင်းတားမြစ်မြေသို့ ... ။
သုံးရက်ကြာပြီးနောက် နံနက်ခင်းတွင် မှောင်မည်းနေသော အခန်းတစ်ခုအတွင်း၌ တရားထိုင်နေသည့် စုရီသည် မျက်လုံးများ ဖွင့်လာတော့၏။
သူ့မျက်စိ သူငယ်အိမ်အတွင်း၌ နက်မှောင်အေးစက်သော အလင်းတန်းတစ်ခု ဖျတ်ခနဲဝင်းလက်သွားသည်။
“ ဝှစ် ... ။ ”
ထို့နောက် မတ်တပ်ထရပ်လိုက်ကာ လက်ချောင်းဖြင့် လေထုအလယ်သို့တစ်ချက် ရေးဆွဲပစ်လိုက်သည်။
“ ဝမ် ... ။ ”
ချက်ချင်း အလင်းမျက်နှာပြင်တစ်ခု ပေါ်လာပြီး သူ့ကိုယ်သူ ထင်ဟပ်ပြလာတော့၏။ ဤသည်မှာ မှန်တစ်ချပ်ကဲ့သို့ မျက်နှာပြင်ပေါ်၌ အသေးစိတ်တူညီနေ၏။
စုရီက အချိန်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ထိုအလင်းမျက်နှာပြင်ကို ရိုက်ခွဲပစ်လိုက်သည်။ အလင်းမှုန်များအဖြစ်သို့ လွင့်စင်သွားကာ သူ့မျက်နှာသည်လည်း အလင်းနှင့်အမှောင် ရောယှက်လာ၏။
“ မင်းရဲ့ အမှတ်တရတွေ ... အတွေ့အကြုံတွေ၊ ခံစားချက်တွေနဲ့ တစ်ဘဝစာ ကျင့်ကြံမှုတွေဟာ ငါ့ရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်သွားပြီး ...
... ဒီနေ့ကစပြီး နှလုံးသားစမ်းသပ်မှုစပြီ တခြားလူတွေရဲ့ မျက်စိထဲမှာတော့ မင်းက မင်း မဟုတ်တော့သလို ငါကလည်း ...
... ငါ မဟုတ်တော့ဘူး ... ဒါပေမဲ့ အနာဂါတ်မှာ ငါက မင်းဖြစ်နိုင်သလို၊ မင်းလည်း ငါဖြစ်နေနိုင်မယ်။ ”
“ ဘရူး ... ။ ”
ဤစကားများသည် ဝမ်ယဲ့ကို ပြောခြင်းပေပင်။ အခန်းထဲရှိ ကောင်းကင်ဆန္ဒ ဆေးမီးဖိုက တစ်စုံတစ်ရာကိုအာရုံခံစားမိသွား သကဲ့သို့ တုန်ခါသွားလေသည်။
စုရီက လှည့်ကြည့်ပြီး ဆေးမီးဖိုကို ဖမ်းယူလိုက်၏။ ဆေးမီးဖိုအတွင်းအင်မော်တယ် ဆေးလုံးများ ပြည့်နှက်နေသည်။
“ မင်းလည်း အဲ့ဒီတုန်းက အင်မော်တယ်ကပ်ဘေးကနေ သေမျိုးလောက ရောက်အောင် ထွက်ပြေးလာနိုင်ခဲ့တာပဲ ... ။”
“ ဘရူး ... ။ ”
ဆေးမီးဖိုခမျာ ပို၍ပြင်းထန်စွာ တုန်ခါလာသည်။ စုရီမှ ပြုံးလိုက်ပြီး၊
“ စိတ်ချပါ ... ငါ့ကို ဘယ်သူမှ အစားမထိုးနိုင်သေးပါဘူး ... အတိတ်ဘဝက အမှတ်တရအချို့ ပြန်နိုးထလာတာပါ။ ”
သို့မှသာ ဆေးမီးဖိုသည် တဖြည်းဖြည်း ငြိမ်သက်သွားတော့သည်။ ဆေးလုံးတစ်လုံးကို ယူစားကြည့်လိုက်ရာ ပူနွေးပြင်းထန်သော အာနိသင်ကို ရရှိလိုက်၏။
များမကြာခင် ခန္ဓာကိုယ်အတွင်းရှိ အင်မော်တယ်ဓားသန္ဓေသားထံ များပြားသည့် စွမ်းအင်များပေါင်းစပ်သွားသည်။
ကျေနပ်သွားသဖြင့် ပြုံးလိုက်သော်လည်း ရုတ်တရက် မျက်မှောင်ကြုံ့ကာ ညည်းတွားလာ ပြန်သည်။
“ ဒါဆို ဘယ်သူက ဘယ်သူ့နေရာကို အစားထိုးမလဲဆိုတာ ငါတို့ကြည့်ကြရအောင်။ ”
ဤတစ်ကြိမ်တွင် စုရီမျက်ဝန်းများမှာ ပြင်းထန်စွာရုန်းကန်နေခဲ့ရပြီးနောက် အဆုံး၌ ပြန်လည်ကြည်လင်သွားတော့၏။
“ ဆရာ ... တစ်ခုခု အဆင်မပြေတာ ရှိနေလား။ ”
အခန်းအတွင်းမှ လှမ်းထွက်လာသော စုရီပုံရိပ်ထံမော့ကြည့်ကာ ခြံဝင်းထဲရှိချင်းတျန်မှ စိုးရိမ်တကြီး မေးလိုက်သည်။
သူမနှင့်အတူ ဝေရှန်း၊ အဖိုးကြီးဝေ၊ လီပေ့ရှန်း၊ခွေးဝါကြီးနှင့် စာရင်းကိုင်တို့သည် ဝိုင်းဖွဲ့စားသောက်နေကြ၏။
စုရီက ချက်ချင်း ပြန်မဖြေဘဲ သူမတို့အနား လျှောက်လှမ်းသွားကာ ကြိမ်ကုလားထုတ်ယူပြီး ပျင်းရိစွာလဲလျောင်းလိုက်၏။
“ မင်းဘာလို့ မေးတာလဲ ... ။ ”
စုရီမှ ချင်းတျန်ကို မေးမြန်းလိုက်သည်။ ချင်းတျန်က ဝိုင်တစ်ခွက် လောင်းငှဲ့ပေးလျက်၊
“ ဟုတ်ကဲ့ ... လွန်ခဲ့တဲ့ ရက်ပိုင်းကစပြီး ဆရာ့ရဲ့စိတ်အခြေအနေက မငြိမ်မသက်ဖြစ်နေ သလိုပါပဲ ပြီးတော့ ဆရာ့ကိုကြည့်ရတာ သူစိမ်းတစ်ယောက်လိုပဲ။ ”
-ဟု ပြန်ဖြေ၏။ ဘေးမှ ဝေရှန်းကလည်း၊
“ ဟုတ်တယ် ... ငါလည်း အဲ့ဒီလို ခံစားနေရတယ် သခင်လေး။”
-ဟု ထောက်ခံသည်။ စုရီမှ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊
“ ကျင့်ကြံမှုမြင့်မားလာရင် နှလုံးသားခံစားချက်လည်း ပြောင်းလဲသွားတယ် ဒါသဘာဝပါပဲ။ ”
-ဟု တည်ငြိမ်စွာ ရှင်းပြလိုက်၏။
ဆဌမဘဝ၏ အတွေ့အကြုံများကို ဆက်ခံလိုက်ရသဖြင့် သူ့အမြင်နှင့် သိမြင်မှုမှာ ဤကမ္ဘာကြီးကို ကျော်လွန်နေချေပြီ။
တစ်ညတည်းနှင့် သေမျိုးလောကမှ အင်မော်တယ်လောကသို့ ရောက်သွားသည့် အလား ခံစားရ၏။
“ ဟမ့် ... ကျင့်ကြံမှုမြင့်မားလာတာက နှလုံးသားခံစားချက်ကို ပြောင်းလဲလာစေတယ် ဆိုတာ အပိုစကားတွေပါ ... မင်းရဲ့ကျင့်ကြံမှုမှာ တစ်ခုခုမှားယွင်းနေပြီ။ ”
ခွေးဝါကြီးက နှာခေါင်းရှုံ့ကာ ပြောကြားလာ၏။ စုရီမှ ပြုံးပြလျက်၊
“ မင်း ... နားမလည်ပါဘူး။ ”
-ဟု တုန့်ပြန်သည်။
“ ဟမ့် .... ငါ နားမလည်ဘူး ဟုတ်လား။ ”
ခွေးဝါကြီးက တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း ပြုံးနေသော စုရီမျက်ဝန်း အကြည့်နှင့် ဆုံလိုက်ရသည့်အခါတွင် ရုတ်တရက် ရင်တုန်သွားရ၏။
သူ့ခန္ဓာကိုယ်အတွင်းရှိ လျှို့ဝှက်ချက်အားလုံးတစ်ဖက်လူမှ သိမြင်သွား သကဲ့သို့ ခံစားလိုက်ရလေသည်။
( ဒီကောင် တစ်ခုခု ပြောင်းလဲသွားတာ သေချာတယ်။ )
ထို့ကြောင့် အတွေးများဖြင့် ချက်ချင်း ပါးစပ်ပိတ်သွား၏။ စုရီက ချင်းတျန်ကိုပြန်လှည့် ကြည့်ကာ၊
“ ဘယ်လိုပဲ ပြောင်းလဲပါစေ၊ ငါက မင်းရဲ့ဆရာပဲ ... နောင်မှာလည်း မင်းရဲ့ဆရာပဲ ဒါက ဘယ်တော့မှ မပြောင်းလဲဘူး။ ”
-ဟု နွေးထွေးစွာ ပြောကြားလိုက်သည်။
ထိုနေ့မှာပင် ခွေးဝါကြီး၏ သတင်းပေးပို့မှုကြောင့် မိန်းကလေးဟုန်ယွင်က မုချန်ယွမ်နှင့် ငရဲဘုရင်တို့ကို ခေါ်ဆောင်ကာ ရောက်ရှိလာခဲ့သည်။
ဝေရှန်းသည် သူ့သမီးငရဲဘုရင်နှင့် ပြန်လည်ဆုံတွေ့ရသဖြင့် အလွန်ဝမ်းမြောက် နေ၏။ မုချန်ယွမ်သည်လည်း စုရီထံ လေးနက်စွာ ဦးညွှတ်နှုတ်ဆက်သည်။
ယခုအချိန်၌ သူ့ကျင့်ကြံမှုသည် တုံ့ယွီအထွတ်အထိပ်သို့ ရောက်လာပြီဖြစ်သည်။ မိန်းကလေးဟုန်ယွင်အနားတွင် ကျင့်ကြံခွင့် ရခြင်းသည် များစွာအကျိုးရှိခဲ့၏။
“ သခင်မ ... ဒီစုရီက သူ့ရဲ့အတိတ်ဘဝ အမှတ်တရတွေ နိုးထလာပြီလို့ ထင်ပါတယ် သူက အင်မော်တယ်ဗဟိုရုံးတော်ရဲ့ ဓားရူးအဖြစ် ပြောင်းလဲသွားပြီထင်တယ်။ ”
ခွေးဝါကြီးက ဟုန်ယွင်ထံ လျှို့ဝှက်စွာ ပြောကြားလိုက်သည်။ ဟုန်ယွင်မှ အသာအယာ ခေါင်းညိတ်ရုံပြပြီး စကားမဆိုခဲ့ချေ။
တစ်ဖက်တွင် စုရီသည် ဤမိန်းကလေး ဟုန်ယွင်၏မူလကို မြင်နိုင်ပြီဖြစ်၏။ ဟုန်ယွင်မှ ပြုံးလျက်၊
“ တာအိုစု ... ငါနဲ့အတူ ကြယ်မုန်တိုင်း လျှို့ဝှက်နယ်မြေကိုလိုက်ဖို့ မင်းမှာ အဆင်သင့် ဖြစ်ပြီလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ အခုပဲ ထွက်သွားလို့ရပြီ။ ”
စုရီက ကြိမ်ကုလားထိုင်မှ ထရပ်လိုက်တော့သည်။ ထိုနေ့မှာပင် စုရီနှင့် ဟုန်ယွင်တို့သည် ကြယ်မုန်တိုင်းတားမြစ်မြေသို့ ထွက်ခွာခဲ့ကြ၏။
နှစ်ရက်ကုန်လွန်ပြီးနောက် ကျယ်ပြောလှသော ကြယ်မုန်တိုင်းတားမြစ်မြေ အတွင်း ပုံရိပ်အချို့ထွက်ပေါ်လာသည်။
ဤသည်မှာ အရှေ့ဘက် ကြယ်လွင်ပြင်ဒေသကြီးရှိ တားမြစ်နယ်မြေ (၇)ပါးအနက် ပထမအဆင့် တားမြစ်မြေပေပင်။ ထိုနေရာ၏ အနက်ရှိုင်းဆုံးနေရာ၌ လျှပ်စီးများ လက်နေပြီး ပြင်းထန်သော ပေါက်ကွဲသံများ ကြားနေရ၏။
လွန်ခဲ့သော နှစ်ပေါင်း (၂၀)ကျော်က ဤနေရာတွင် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပွားလာခဲ့ပြီး အထဲသို့ ဝင်ရောင်သွားသူတိုင်း ပြန်မလာနိုင်တော့ချေ။
သို့သော် အပ်ချုပ်သမား၏ ပြောကြားချက်အရ စုရီမိတ်တွေတစ်ယောက် ဖြစ်သော ရှေးဟောင်းပစ္စည်းရောင်းဝယ်သူသည် ဤနေရာရှိ ဘုံကျောင်းတစ်ခုအတွင်းသို့ ဝင်ရောက်သွားခဲ့၏။
“ ဝူး ... ။ ”
ရုတ်ချည်း အလင်းတန်းများပေါ်လာပြီး ရယ်မောနှုတ်ဆက်သံ ထွက်ပေါ်လာလေသည်။
“ မိန်းကလေးဟုန်ယွင် ... နောက်ဆုံးတော့ မင်းရောက်လာပြီ။ ”
ဤသည်မှာ စာပေသမားအမျိုးသား၊ ဓားသမားအဘိုးအို၊ ရွှေရောင်မျက်ဝန်းပိုင်ရှင် အမျိုးသမီးနှင့် ဘုန်းကြီးတစ်ပါးတို့ဖြစ်သည်။
သူတို့ လေးဦးစလုံး၏ အရှိန်အဝါမှာ မှန်းဆ၍မရဘဲ လောကကြီးကိုငုံ့ကြည့်နိုင်သည့် အစွမ်းမျိုးရှိနေသည်။ ဟုန်ယွင်က စုရီကို မိတ်ဆက်ပေးသည်။
“ သူတို့ လေးယောက်လုံးဟာ အရင်ဘဝတုန်းက စစ်မှန်တဲ့အင်မော်တယ်တွေ ဖြစ်ခဲ့ကြပေမဲ့ အခုချိန်မှာတော့ ကျင့်ကြံမှု ယုတ်လျော့နေတဲ့ သေလွန်ဝိညာဉ်တွေပါပဲ။ ”
“ မင်္ဂလာပါတာအိုမိတ်ဆွေ ... မင်းက ဝင်စားခြင်းဥပဒေကို နားလည်ထားတဲ့ အဲဒီလူ ဖြစ်ရမယ်။ ”
စာပေသမားအမျိုးသား စုရီကို ပြုံးလျက်နှုတ်ဆက်လာတော့၏။ သူ့အမည်မှာ ယွင်ဟွာချင်းဖြစ်သည်။ စုရီမှ ခေါင်းညိတ်ပြပြီး လုံးဝ လျစ်လျူရှုထား၏။
ဤကဲ့သို့ အေးစက်ပြီး မာနကြီးသော အပြုအမူကြောင့် လူတိုင်းအံ့အားသင့်ကုန်၏။ ဓားသမားအဘိုးအိုက လှောင်ပြုံးပြုံးလိုက်ပြီး၊
“ ဟား ဟား ဟား ... တာအိုစုက သာမန်လူမဟုတ်တော့ သာမန်ဆက်ဆံရေးက အသုံးမဝင်တာ သဘာဝပါပဲ ... ။ ”
-ဟု စကားဆိုလိုက်သည်။ စုရီမှ သူ့ကို လျစ်လျုရှုကာ ဘုန်းကြီးထံ လှည့်ကြည့်၏။
“ မင်းက ဖန့်ယွင်ကျောင်းတိုက်ရဲ့ ကာကွယ်သူလား။ ”
ထိုမေးခွန်းကြောင့် လူတိုင်း အံ့သြသွားကြသည်။ မိန်းကလေးဟုန်ယွင် ပင်လျှင် မျက်ခုံးပင့်သွား၏။
အကြောင်းမှာ သူမသည် စုရီကို ဤလူများ၏နောက်ခံအကြောင်း လုံးဝမပြောရ သေးချေ။ ဘုန်းကြီးက ပြုံးလျက် ခေါင်းညိတ်ပြသည်။
“ ဟုတ်ပါတယ် ... ငါ့နာမည် ကျဲ့ယီပါ။ ”
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဝမ်ယဲ့တစ်ယောက် ဆဌမမြောက်ကောင်းကင် တံခါးကို စောင့်ကြပ်နေစဉ်က သူနှင့်အတူ သေဖော်သေဖက် တိုက်ပွဲဝင်ခဲ့သည့် ညီအစ်ကိုတစ်ဦးရှိခဲ့၏။
ထိုသူသည် ဘုန်းကြီးတစ်ပါးပေပင်။ ကျဲ့ယီကိုမြင်လိုက်ရသောအခါ စိတ်ထဲတွင် အဆိုပါဘုန်းကြီးကို ပြန်သတိလာစေ၏။ စုရီက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တည်ငြိမ်မှုကို ပြန်ယူကာ၊
“ အခုသွားမယ့်ခရီးမှာ အန္တရာယ်နဲ့ ကြုံလာခဲ့ရင် ... ငါမင်းကိုဘေးကင်းအောင် ကာကွယ်ပေးမယ်။ ”
-ဟု ပြောကြားလိုက်၏။
လူတိုင်း မျက်ခုံးပင့်သွားကုန်သည်။ လူငယ်တစ်ဦးသည် သူတို့ကဲ့သို့စစ်မှန်သော အင်မော်တယ်အဆင့် သေလွန်ဝိညာဉ်များကို ကာကွယ်ပေးမည်လော။ အဓိပ္ပါယ်မရှိချေ။
***