အခန်း (၁၀၇၁-၁၀၇၂)
Vol. 90 Ch. 1071-1072
အခန်း ၁၀၇၁ -
ငါ့အမိန့်ကို နာခံရမယ် ... ။
“ ဟားဟားဟား ... ။ ”
မိမိကိုယ်ကို ယွင်ဟွာချင်းဟုခေါ်သော စာပေသမားအမျိုးသားက ရယ်မောလိုက်ကာ၊
“ တာအိုစု ... မင်းကဘာလို့ ကျဲ့ယီဘုန်းကြီးတစ်ပါးတည်းကိုပဲ ကာကွယ် ပေးချင်ရတာလဲ ဒါက တစ်ဖက်စောင်းနင်း ဆက်ဆံရာ မကျဘူးလား။ ”
-ဟု လှောင်ပြောင်လိုက်သည်။ စုရီမှ တုန့်ပြန်ခြင်းမပြုချေ။ ဘုန်းကြီးအိုကြီးကျဲ့ယီက ပြုံးလျက်၊
“ ဒါဆိုရင်တော့ ဒီသနားစရာကောင်းတဲ့ ဘုန်းကြီးက တာအိုစုကို ကြိုတင်ပြီးကျေးဇူးတင် ရတော့မှာပဲ။ ”
-ဟု တုန့်ပြန်လိုက်သည်။
စုရီက ဟုန်ယွင်ထံ လှည့်ကြည့်ကာ၊
“ အချိန်က တန်ဖိုးရှိတယ် လူစုံပြီဆိုရင် သွားကြရအောင်။ ”
-ဟု ပြောကြားလိုက်သည်။
သူသည် အစမှအဆုံးတိုင် ယွင်ဟွာချင်းအပေါ် လုံးဝအရေးမလုပ်ခဲ့ချေ။ ဤသို့ လျစ်လျူရှုခံလိုက်ရသဖြင့် ယွင်ဟွာချင်း တစ်ယောက် မကျေမနပ်ဖြစ်သွား၏။ သို့သော် အဆုံးတွင်မူ စကားမဆိုတော့ချေ။
“ သွားရအောင် ... ။ ”
မိန်းကလေးဟုန်ယွင်က ပို၍ပင် ပြတ်သားသည်။ သူမသည် ပန်းခြင်းတောင်းကို ထုတ်ယူကာ နီရဲသောနတ်အလင်းတန်းများဖြင့် စုရီနှင့်အတူ လွှမ်းခြုံစေလိုက်၏။
ပြီးနောက် ဖရိုဖရဲဖြစ်နေသော ကြယ်မုန်တိုင်းတားမြစ်နယ်မြေ အတွင်းထံသို့ ပျံသန်းဝင်ရောက်လိုက်တော့သည်။ ကျန်သူများ သည်လည်း သူမနောက်ပါးမှ ထပ်ကြပ်မကွာ လိုက်ပါလာကြ၏။
“ တာအိုယွင် ... အဲ့ဒီစုရီက မင်းကို သိပ်ပြီးအမြင်ကြည့်ပုံမရဘူး။ ”
လမ်းခရီးတွင် ဓားလွယ်ထားသော သားရေဝတ်စုံနှင့် အဘိုးအိုက ပြုံးရယ်လျက် ပြောကြားလာသည်။ သူ့အမည်မှာ ပေါင်ဝမ်ဖြစ်၏။ သူ့စကားကို ယွင်ဟွာချင်းက နှာခေါင်းရှုံ့လျက် အမူအရာကင်းမဲ့စွာဖြင့်၊
“ ဟမ့် ... ငါ့တစ်ယောက်တည်းကိုမှ မဟုတ်ပါဘူး ... မင်းနဲ့ယွီနင်ကိုရော အဲဒီလူက အရေးလုပ်လို့လား။ ”
- ဟု တုန့်ပြန်လိုက်သည်။
ယွီနင်ဟူသည် အနက်ရောင်ဝတ်စုံဖြင့် အမျိုးသမီးဖြစ်သည်။ ပေါင်ဝမ်မှ သဘောကျစွာ ရယ်မောလိုက်ပြီး၊
“ ဟားဟားဟား ... ဒီလူငယ်က ဝင်စားခြင်းဥပဒေကို ဆုပ်ကိုင်ထားနိုင်တယ် အသက်ငယ်ငယ်နဲ့ သေလွန်ဝိညာဉ်တွေကို သတ်နိုင်တယ် ...
... အထူးသဖြင့် မိန်းကလေး ဟုန်ယွင်ရဲ့ ကျောထောက်နောက်ခံရှိနေတာက မာနကြီးဖို့ လုံလောက်နေပါပြီ သူ ဘယ်လောက်ပဲ ပလွှား နေပါစေ နားလည်ပေးနိုင်တယ်။ ”
-ဟု တုန့်ပြန်၏။ ဤစကားကို ယွင်ဟွာချင်းက မျက်မှောင်ကြုံ့လျက်၊
“ အဘိုးကြီးပေါင် ... မင်း ငါ့ကို ဘာလို့ဒီစကားတွေ လာပြောနေတာလဲ။ ”
-ဟု မေးမြန်းလေသည်။ အဘိုးအိုက ခေါင်းခါလျက်၊
“ ဘာရယ်မဟုတ်ပါဘူး ... ဒီခရီးမှာ မိန်းကလေးဟုန်ယွင်ရဲ့ဦးဆောင်မှုကို လိုသလို တာအိုစုရဲ့ အကူအညီလည်း လိုအပ်တယ် မင်းအနေနဲ့ သူ့အပေါ် အမြင်မစောင်းဖို့ သတိပေးတာပါ။ ”
“ ဟမ့် ... မင်းက ငါ့ကို ဒီလိုလူငယ် တစ်ယောက်လိုနှိမ့်ချပြီးတော့ နှိုင်းယှဉ်နေမယ် ထင်နေတာလား။ ”
“ ဟားဟားဟား မဖြစ်ပါစေနဲ့လို့ မျှော်လင့်ပါတယ်။ ”
သူတို့နှစ်ယောက် နတ်အာရုံဖြင့် အပြန်အလှန် ဆက်သွယ်ပြောဆိုခဲ့ကြပြီးနောက် ဟုန်ယွင်နှင့် စုရီနောက်သို့ အရှိန်အဟုန်မြှင်ကာ လိုက်ပါသွားတော့သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ဖရိုဖရဲစွမ်းအင်များလူးလိမ့်နေပြီး လျှပ်စီးများမှာ လင်းလက်နေခဲ့၏။
များမကြာခင် လူတိုင်း၏ရှေ့မှောက်၌ ခြောက်သွေ့နေသော ကမ္ဘာပျက်ကြီးအလား အပျက်အစီးမြေပြင်ကို မြင်လာရသည်။
တောင်တန်းများပြိုကျနေပြီး အဆောက်အဦးဟောင်းများ ပျက်စီးနေခဲ့ကာ သက်ရှိဟူ၍ လုံးဝမရှိတော့ချေ။
“ ဂျိမ်း ... ။ ”
ရုတ်တရက် သွေးရောင်လျှပ်စီးတစ်စင်း မီးခိုးရောင် တိမ်တိုက်များကိုဖြတ်ကျော်ကာ စုရီတို့ထံသို့ ကျဆင်းလာခဲ့သည်။
“ ဘန်း ... ။ ”
ရှေ့ဆုံးမှပျံသန်းနေသော မိန်းကလေးဟုန်ယွင်သည် ပန်းခြင်းတောင်း အသုံးပြု၍ခုခံလိုက်ရာ ပြင်းထန်သော ပေါက်ကွဲသံကြီးဖြစ်ပေါ်လာသည်။
လျှပ်စီးများ ပျက်ပြယ်သွားပြီး ဟုန်ယွင်တစ်ယောက် အနည်းငယ် ယိမ်းယိုင် တုန်ခါသွားတော့၏။
“ ဒါ ဓမ္မအဆုံးခေတ်က ကပ်ဘေးပဲ။ ”
ယွင်ဟွာချင်းက ထိတ်လန့်တကြား ရေရွတ်လိုက်သည်။ လူတိုင်းရှုပ်ထွေးကုန်၏။
“ ဒီလိုနေရာမျိုးမှာ ... ဘာလို့ အဲ့ဒီလိုကပ်ဘေးစွမ်းအားတွေက ကျန်ရှိ နေရတာလဲ။ ”
“ ဒီတိုက်ခိုက်မှုက ပြင်းထန်ပေမဲ့ အရင်ကပ်ဘေးကြီးလောက်တော့ မဟုတ်သေး ပါဘူး ဒါပေမယ့် တိမ်ပေါ်ပျံသန်းခြင်းအဆင့် သေလွန်ဝိညာဉ်တွေကိုတော့ အန္တရာယ် ပေးနိုင်တယ်။ ”
အဘိုးအိုပေါင်ဝမ်မှ ဆိုသည်။ ဘုန်းကြီးကျဲ့ယီမှလည်း ခေါင်းညိတ်လျက်၊
“ အားလုံး သတိထားကြပါ ရှေးခေတ်ကာလတုန်းက ငါတို့လိုအဘိုးကြီးတွေ အများကြီး ဒီနေရာမှာ အသက်ပျောက်ခဲ့တာ။ ”
-ဟု သတိပေးသည်။ ထိုစဉ် စုရီက ဟုန်ယွင်ထံလှည့်ကြည့်ကာ၊
“ နောက်တစ်ခါ ဒီလို ကပ်ဘေးစွမ်းအားတွေ ကြုံလာရင် ငါနဲ့ထားလိုက်ပါ။ ”
-ဟု ပြောကြားလိုက်၏။ ထိုစဉ်မှာပင် ကောင်းကင်မှ သွေးရောင်လျှပ်စီးနောက်တစ်ခု ကျဆင်းလာပြန်တော့သည်။
“ ဂျိန်း ... ။ ”
စုရီက ကြိုတင်သိရှိနေသည့်အလား ကောင်းကင်ဆန္ဒဆေးမီးဖိုကို ထုတ်ဖော်လိုက် တော့၏။
“ ဖျစ်ဖျစ် ... ။ ”
ဆေးမီးဖိုအဝမှ ခရမ်းရောင် အခိုးအငွေ့များထွက်ပေါ်လာပြီး ထိုလျှပ်စီးကို ဖမ်းယူသိမ်းဆည်းသွားလေသည်။
စုရီက ငရဲဘုံကိုးပါးဓားရောင်ဝါကို အသုံးပြု၍ ဆေးမီးဖိုအတွင်းရှိ လျှပ်စီးအပေါ် ချက်ချင်းပင် နှိမ်နင်းလိုက်တော့၏။ လျှပ်စီးမှာ ချက်ချင်း ပိတ်လှောင်ခံလိုက်ရသည်။
ဤမြင်ကွင်းကြောင့် လူတိုင်းသည် အံ့သြမှင်သက်သွားသည်။ အဘိုးအိုပေါင်ဝမ်မှာမူ အနေရခက်စွာ ပါးစပ်ပိတ်သွားရတော့၏။ ယွင်ဟွာချင်းက စုရီထံပြန်ကြည့်ကာ၊
“ ထူးဆန်းတဲ့ အင်မော်တယ်လက်နက်ပဲ မင်းက ဒီလိုကပ်ဘေးစွမ်းအားတွေကို သိမ်းပြီး ဘာလုပ်မလို့လဲ။ ”
-ဟု မေးမြန်းတော့သည်။
“ ဒီစွမ်းအားထဲမှာ ဘာတွေဘာလဲ ရှာဖွေကြည့်မလို့။ ”
စုရီမှ ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။ လူတိုင်းဆွံ့အသွားသည်။ သူတို့သည် သေလွန် ဝိညာဉ်များဖြစ်ကြသော်လည်း မည်သူမျှ ဤသို့ ဖမ်းယူသိမ်းဆည်းရန် မဝံ့ကြချေ။
လမ်းတလျှောက် သွေးလျှပ်စီးများ ကျလာချိန်တိုင်း စုရီမှသိမ်းဆည်းနိုင်ရန်အတွက် ကြိုးစားခဲ့သည်။ လူတိုင်းသည် အံ့သြခြင်း မရှိတော့ဘဲ ကျင့်သားရသွားကြ၏။
“ မိန်းကလေးဟုန်ယွင် ... ငါသတင်းကြားတာတော့ ဒီတားမြစ်နယ်မြေကို လာတာ ငါတို့အဖွဲ့တင်မဟုတ်ဘူး ... ရတနာ မြေပြင်မှာ သူတို့နဲ့ဆုံနိုင်တယ်။”
ယွင်ဟွာချင်းက ပျင်းရိလာပြီး စကားဆိုလာသည်။ သူတို့သည် ဤနေရာသို့ လာရောက်ရခြင်းသည် အရင်းအမြစ်များကို ရှာဖွေရန် ဖြစ်၏။
အထူးသဖြင့် ရှေးခေတ်ကာလက အင်မော်တယ်များအတွက် ‘အသက်ရှင်လမ်း’ဟု ခေါ်ဆိုသည့် လျှို့ဝှက်ဒေသတစ်ခုထံ ဦးတည် နေခဲ့ခြင်းဖြစ်သည်။
ထိုရတနာမြေပြင်၌ အင်မော်တယ်များ အတွက် ကျင့်ကြံမှုယုတ်လျော့ခြင်းမှ တားဆီး ပေးသည်ဟု ဆိုထားကြသည်။ ဓမ္မအဆုံးခေတ်၌ အင်မော်တယ်များစွာသည် ထိုဒေသကြီးကို ရှာဖွေခဲ့သော်လည်း လူတိုင်းသေဆုံးရ၏။
ယနေ့တွင်မူ လောကစည်းမျဉ်းများသည် ယုတ်လျော့လာပြီဖြစ်သဖြင့် ထိုဒေသသို့ရှာဖွေ တွေ့ရှိနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် ဝင်ရောက် လာကြခြင်းဖြစ်သည်။
“ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ဂရုစိုက်နေဖို့ မလိုဘူး။ ”
ဟုန်ယွင်က ပေါ့ပေါ့ပါးပါးဖြေသည်။ ယွင်ဟွာချင်းမှ ဆက်၍၊
“ ငါ စိုးရိမ်တာက သူတို့တွေ အားလုံးက တာအိုစုရဲ့ ဝင်စားခြင်းဥပဒေစည်းမျဉ်းစွမ်းအား အပေါ် မျက်စိကျလာမှာကိုပဲ ...
... ဒါကြောင့် အခွင့်အရေးရှိတုန်း တာအိုစုအနေနဲ့ ငါတို့ကိုယ်ပေါ်က ကျိန်စာကို အရင်ဖယ်ရှားပေးစေချင်တယ် ... ဒါမှ ရန်သူနဲ့ ရင်ဆိုင်ရချိန်မှာ ငါတို့က အစွမ်းကုန်တိုက်ခိုက် နိုင်တော့မှာ မဟုတ်လား။ ”
-ဟု အကြံပြု၏။
ယုန်ယွင်က စကားမဆိုဘဲ ကျန်သူများထံဝေ့ကြည့်လိုက်သည်။ လူတိုင်း မျှော်လင့်ချက်အရိပ်အယောင်များဖြင့် ပြန်ကြည့် နေသည်ကို တွေ့လိုက်ရသဖြင့် သူမက စုရီထံ လှည့်ကြည့်လိုက်၏။ သို့သော် သူမစကား မပြောခင်မှာပင် စုရီက၊
“ ဒီကိစ္စအတွက် စိတ်မပူပါနဲ့ ... အသေးအဖွဲလေးပါ မင်းတို့ကိုကူညီပေးဖို့ ငါ လိုလိုလားလား ဆန္ဒရှိပါတယ်။ ”
-ဟု ဆိုလိုက်သည်။
လူတိုင်း ဝမ်းသာသွားကြသည်။ သို့သော်စုရီ၏ နောက်ဆက်တွဲစကားကြောင့် ထိုဝမ်းသာမှုမှာ ချက်ချင်းရပ်တန့်သွား၏။
“ ဒါပေမဲ့ ငါ့မှာ ကန့်သတ်ချက် တစ်ခုရှိတယ်။ ”
သူတို့အားလုံးသည် အဖွဲ့တစ်ခုတည်း ဖြစ်လေရာ အချင်းချင်းအပြန်အလှန် ကူညီသင့် ချေသည်။ ယခုမူ ဤစုရီသည် အပေးအယူ လုပ်နေပေ၏။
“ ဘာကန့်သတ်ချက်လဲ တာအိုစု ... ပွင့်ပွင့်လင်းလင်း ပြောပါ။ ”
အဘိုးအိုပေါင်ဝမ်က ပြုံးလျက် မေးသည်။
“ လမ်းမှာ ... ဖြေရှင်းလို့မရတဲ့ အခက်အခဲကြုံလာရင် ငါ့ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါ။ ”
“ ဒါက ... ။ ”
လူတိုင်း ဆွံ့အသွားသည်။ သူတို့ ထင်ထားသည်မှာ ရတနာသို့မဟုတ်အခြားသော အကျိုးအမြတ်တစ်ခုခု တောင်းခံလိမ့်မည်ဟု ဖြစ်လေသည်။ သို့သော် စုရီ၏ တောင်းဆိုမှုမှာ သူတို့သိက္ခာကို စော်ကားရာကျနေ၏။
“ ငါတို့က မင်းအမိန့်ကို နာခံရမယ်လို့ ပြောနေတာလား။ ”
တစ်ချိန်လုံး တိတ်ဆိတ်နေသော အနက်ရောင်ဝတ်အမျိုးသမီး ယွီနင်ပင်လျှင် မကျေမနပ် ဖြစ်သွားတော့သည်။
လူငယ်တစ်ယောက်မှ သူတို့ကို ညွှန်ကြားချင်နေ၏။ မည်မျှရဲဝံ့လိုက်သနည်း။ ယွင်ဟွာချင်းက သက်ပြင်းချကာ၊
“ တာအိုစု ... မင်းရဲ့ ဒီအခြေအနေက ငါတို့ကိုအခက်တွေ့စေတယ် ဒီကတိကငါတို့ရဲ့ အသက်တွေနဲ့ဆိုင်နေတာမို့ သဘောတူဖို့ဆိုတာ တကယ်ကို ခက်ခဲလွန်းပါတယ်။ ”
-ဟု တုန့်ပြန်လိုက်သည်။
သူတို့အားလုံးသည် ‘စစ်မှန်သော အင်မော်တယ်များ ဖြစ်ကြသည်။ အကယ်၍သာ အန္တရာယ်များကြုံလာချိန်တွင် တစ်ဖက်လူ၏ အမိန့်ကိုနာခံရမည်ဆိုခြင်းမှာ အသက်ကို ကစားစရာ လုပ်နေသကဲ့သို့ ဖြစ်နေတော့၏။
***
အခန်း ၁၀၇၂ -
ဒီရတနာမှာ ပိုင်ရှင်ရှိတယ် ... ။
စုရီတစ်ယောက် ထိုအင်မော်တယ် ဝိညာဉ်အိုကြီးများ၏ မကျေမနပ်ဖြစ်မှုအပေါ် သတိပြုမိသော်လည်း တည်ငြိမ်စွာပင် စောင့်ဆိုင်းနေလိုက်သည်။
ဘုန်းကြီးကျဲ့ယီက ခေတ္တမျှ စဉ်းစားပြီးနောက်၊
“ ဒီခရီးစဉ်မှာ ငါတို့အားလုံး မိန်းကလေးဟုန်ယွင်ရဲ့ဦးဆောင်မှုကို လက်ခံ ထားကြတာပဲ ... သူမလို ပုဂ္ဂိုလ်မျိုးရှိနေရင် အရာရာ အဆင်ပြေမှာပါ ...
... ဒါပေမယ့် တာအိုစုက ဘာလို့ ဒီလိုအမိန့်နာခံရမယ်ဆိုတဲ့ အခြေအနေမျိုးကို တောင်းဆိုနေရတာလဲဆိုတာ ဒီသနားစရာ ဘုန်းကြီး နားမလည်နိုင်လို့ရှင်းပြပါဦး။ ”
-ဟု နွေးထွေးစွာ မေးလာသည်။ စုရီက တည်ငြိမ်စွာပင် ‘မင်းတို့အားလုံးအသက်ရှင်နိုင်ဖို့ အတွက်ပဲ’-ဟု ပြန်ဖြေလိုက်၏။
လူတိုင်းတိတ်ဆိတ်သွားသည်။ ကျဲ့ယီပင်လျှင် ဆွံ့အသွားကာ မိန်းကလေး ဟုန်ယွင်ထံ လှမ်းကြည့်လိုက်တော့၏။ ကျန်ရှိသူများ၏ အကြည့်များသည်လည်း သူမထံသို့ ရောက်ရှိသွားကြသည်။
“ ငါ သဘောတူတယ်။ ”
မိန်းကလေးဟုန်ယွင်က မဆိုင်းမတွ သဘောတူလေသည်။ ထိုအခါမှ လူတိုင်းသည် မျက်လုံးပြူးကုန်တော့၏။ ယွင်ဟွာချင်းခမျာ မျက်မှောင်ကြုတ်လျက်၊
“ မိန်းကလေးဟုန်ယွင် ... ဒါက ကစားစရာ မဟုတ်ဘူးနော် မင်း ... ။ ”
-ဟု ကန့်ကွက်ရန်ပြင်စဉ်နေမှာပင် အဘိုးအိုပေါင်ဝမ်က ရယ်မောလျက်၊
“ ငါလည်း သဘောတူတယ်။ ”
-ဟု ဆိုလာတော့၏။ ထို့နောက် ဘုန်းကြီးကျဲ့ယီသည်လည်း ချက်ချင်း ပြုံးကာ၊
“ ငါ့ကိုလည်း ရေတွက်ပါ။”
-ဟု ချက်ချင်းထောက်ခံလာသည်။
အနက်ရောင်ဝတ်စုံနှင့် အမျိုးသမီးမှာမူ ခေတ္တမျှတိတ်ဆိတ်နေပြီးနောက်၊ မိန်းကလေး ဟုန်ယွင်ထံ လှည့်ကြည့်ကာ၊
“ မိန်ကလေးဟုန်ယွင်ရဲ့ ဆုံးဖြတ်ချက်ကို ငါလက်ခံပါတယ်။ ”
-ဟု ဆိုလိုက်တော့သည်။ သူမသည် စုရီကိုတစ်ချက်မျှသာကြည့်ပြီး အရာအားလုံးကို မိန်းကလေးဟုန်ယွင်အပေါ် ယုံကြည်မှု ထားလိုက်ပုံပေပင်။
“ မင်းတို့ ဘယ်လိုဖြစ်ပြီး ... ။ ”
ထိုမြင်ကွင်းကြောင့် ယွင်ဟွာချင်းခမျာ အတော်လေး ဆွံ့အသွားသည်။ ဤသည်မှာ အမှန်ပင် ရူးသွပ်လွန်းချေပြီ။
“ အားလုံး သဘောတူပြီဆိုတော့ ငါကြိုပြောထားမယ် နောင်မှာခက်ခဲတဲ့ကိစ္စတွေ ကြုံလာလို့ ငါ့အမိန့်ကိုမနာခံဘဲ အစီအစဉ်ကနေ ဖောက်ထွက်ခဲ့ရင် ...
... ငါလုံးဝခွင့်လွှတ်မှာ မဟုတ်ဘူး ... မိန်းကလေးဟုန်ယွင် သွေးလျှပ်စီးဘုံကျောင်းကို အရင်သွားရအောင်။ ”
စုရီက ယွင်ဟွာချင်းထံမှ အဖြေကို စောင့်မနေတော့ဘဲ ပြတ်သားစွာ အမိန့်ပေး ပြောကြားလိုက်တော့၏။
ယင်းကြောင့် လူတိုင်း မျက်မှောင်ကြုတ် သွားသော်လည်းစကားမဆိုကြချေ။ မိန်းကလေး ဟုန်ယွင်သာလျှင်၊
“ ဒါက ဖြစ်သင့်ပါတယ်။ ”
-ဟု ထောက်ခံလိုက်တော့၏။
ထို့နောက် စုရီသည် သူတို့အားလုံး၏ ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာများကို တစ်ဦးချင်းစီ ဖယ်ရှားပေးလိုက်သည်။ ထိုအခါမှသာ လူတိုင်း စိတ်ထဲတွင် ကျေနပ်မှုရရှိသွားကြ၏။
ဤကျိန်စာသည် သူတို့ခန္ဓာကိုယ်အတွင်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေခဲ့ခြင်းပေပင်။ စုရီအတွက်မူ လက်တစ်ချက်ဝှေ့ရမ်းရုံဖြင့် ဖယ်ရှားပေးပြီးဖြစ်၏။
ထိုကြောင့် ဝင်စားခြင်းဥပဒေသည် နတ်ဘုရားပဋိညာဉ်ဖြင့် တားမြစ်ခံထားရခြင်း ဖြစ်ချေသည်။ မည်သို့ပင်ဆိုစေကာမူ လူတိုင်း ဘဝသစ်တစ်ခုကို ရရှိလိုက်သကဲ့သို့ပေပင်။
ကျန်လမ်းခရီးကို မိန်းကလေးဟုန်ယွင်မှ ဦးဆောင်နေခဲ့သော်ငြားလည်း ခေါင်းဆောင်မှာ ပြောင်းလဲသွားပြီဖြစ်၏။
ဟုန်ယွင်၏ ထက်မြက်သော နတ်အာရုံနှင့် ဗဟုသုတများကြောင့် တားမြစ်နယ်မြေအတွင်း အန္တရာယ်မျိုးစုံ ဘေးကင်းစွာ ကျော်ဖြတ်လာနိုင် ခဲ့ကြသည်။
လမ်းခရီးတလျှောက် စုရီသည် ကပ်ဘေးစွမ်းအားများကို ကောင်းကင်ဆန္ဒ ဆေးမီးဖိုအတွင်း ပို၍ဖမ်းယူလာနိုင်ခဲ့၏။
ဤအခြေအနေတွင် လူတိုင်းသည် မကျေမနပ်ဖြစ်နေကြသော်လည်း ဟုန်ယွင်မှာမူ စုရီအပေါ် ကျေကျေနပ်နပ် နာခံနေသည်မှာ သူတို့အတွက် မယုံနိုင်ဖွယ်ဖြစ်နေသည်။
တစ်ချိန်တည်းမှာပင် စုရီသည်လည်း သူ့ကိုယ်သူ ပြန်လည်ဆန်းစစ်နေမိသည်။ သူ၏ ဆဌမမြောက်ဘဝဝမ်ယဲ့သည် လက်ရှိအချိန်၌ သူ့ကိုလွှမ်းမိုးနေချေပြီ။
ဝမ်ယဲ့အကျင့်စရိုက်သည် စစ်မြေပြင်၌ ညီအစ်ကိုရဲဘော်များအတွက် သူ့အသက်ပေးပြီး ကာကွယ်တတ်သူဖြစ်၏။
ထို့ကြောင့်ပင် အစောပိုင်း၌ လူတိုင်းကို သူ့အမိန့်နာခံစေကာ အသက်ရှင်သန်နိုင်စေရန် ကတိပေးခဲ့ခြင်းဖြစ်သည်။
ဤသည်မှာ လေးစားစရာကောင်းသည့် နှလုံးသားမျိုးဖြစ်သော်လည်း သူ့နေရာကို ထိုသို့ အစားထိုးရန် ကြိုးစားနေခြင်းသည်သာဆိုသော် နှမျောစရာကောင်းပေမည်။ နာရီဝက်ခန့် ကြာပြီးနောက်၊
“ တာအိုစု ... ဟိုရှေ့မှာ မင်းရှာနေတဲ့ သွေးလျှပ်စီးဘုံကျောင်းပဲ။ ”
-ဟု အသိပေးလာ၏။
နက်မှောင်သော မြူခိုးများကြားတွင် ထူးခြားသောပုံစံဖြင့် ရှေးခေတ်အဆောက်အဦး တစ်ခုကို မြင်လိုက်ရသည်။ ဤသည်မှာ သွေးလျှပ်စီးဘုံကျောင်းဖြစ်၏။
သို့သော် မိန်းကလေးဟုန်ယွင်မှ မျက်ခုံးပင့်လိုက်ပြီး၊
“ တစ်ယောက်ယောက် ငါတို့အရင်ရောက်နေပုံပဲ။ ”
- ဟု သတိပေးလာသည်။
“ ဟိတ် ... ။ ”
“ ကလန် ကလန် ... ။ ”
“ ဝုန်း ... ။ ”
သူမ စကားမဆုံးခင်မှာပင် ဘုံကျောင်းအတွင်းမှ တိုက်ခိုက်သံများနှင့်အတူ အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ဘုံကျောင်းကြီး ပြိုကျပျက်စီးသွားတော့၏။
ထို့နောက် လူသုံးယောက်သည် ဘုံကျောင်းအပျက်အစီးအတွင်းမှ ပြေးထွက်လာ ကြသည်။ အဖွဲ့ခေါင်းဆောင်မှာ သပ်ရပ်သော ဝတ်ရုံဖြင့် အမျိုးသားတစ်ဦးဖြစ်ပြီး သူ့လက်ထဲတွင် ကြေးနီဘုံကျောင်းတစ်ခု ကိုင်ထား၏။ သူက ဝမ်းမြောက်ဝမ်းသာဖြင့်၊
“ ဟားဟားဟား ... ကြိုးစားရကျိုး တကယ်နပ်တာပဲ ဒီရတနာက သူတော်စင် အင်မော်တယ်အဆင့် ရတနာဖြစ်ရမယ်။ ”
-ဟု အော်ဟစ် ကြွေးကြော်လေသည်။
သို့သော် ထိုသူသည် စုရီတို့အဖွဲ့မှ တိတ်ဆိတ်စွာရပ်ကြည့်နေသည်ကို မြင်သော အခါတွင် အပြုံးများ ပျောက်ကွယ်သွားပြီး သတိကြီးစွာ ပြန်ကြည့်လိုက်၏။
သူ့အမည်သည် ရှောင်ချန်နင်ဖြစ်ပြီး သူ့ဘေးမှနှစ်ဦးမှာ ကျိုးကျဲ့နှင့် ရွှယ်ချောင်ကျီး ဖြစ်သည်။ သုံးဦးစလုံး အင်မ်ောတယ် အဆင့် ဝိညာဉ်အိုကြီးပေပင်။
စုရီအကြည့်က ရှောင်ချန်နင် လက်ထဲရှိ ကြေးနီဘုံကျောင်းထံကြည့်နေခဲ့၏။ ဤသည်မှာ အပ်ချုပ်သမားပြောကြားသည့် ရှေးဟောင်း ပစ္စည်းရောင်းဝယ်သူ ဝင်ပြေးသွားသည် ဟူသော ဘုံကျောင်းဖြစ်နိုင်မည်။
တစ်ဖက်တွင် ရှောင်ချန်နင်သည် မိန်းကလေးဟုန်ယွင်ကို မှတ်မိသွားကာ၊
“ မိန်းကလေးဟုန်ယွင်ပါလား ... စိတ်မကောင်းစရာပါပဲ မင်းတို့တွေခြေတစ်လှမ်း နောက်ကျသွားပြီ ... ဒီနေရာရဲ့ကံကြမ္မာတွေကို ငါတို့ရယူလိုက်ပြီ။ ”
-ဟု လှောင်ပြောင်လိုက်သည်။
“ ဒီရတနာမှာ ပိုင်ရှင်ရှိပြီးသားပါ ... အဲ့ဒီပိုင်ရှင်က ငါ့သူငယ်ချင်းပဲ ... မင်းတို့ထားပြီး ထွက်သွားသင့်တယ်။ ”
“ ဟားဟားဟား ... ။ ”
စုရီက ရုတ်တရက် ဝင်ပြောလိုက်သည်။ ထို့ကြောင့် ရှောင်ချန်နင်တို့သုံးဦးခမျာ မျက်ခုံး ပင့်လျက် မယုံကြည်နိုင်ဟန် ရယ်မော ကုန်တော့၏။
“ မင်းက ဝင်စားခြင်းစွမ်းအားကို ပိုင်ဆိုင်ထားတဲ့ စုရီထင်တယ် ဟားဟားဟား ... ဒီရတနာကို မင်းလိုချင်ရင် ဒီထက်ကောင်းတဲ့ အကြောင်းပြချက်လေး ပေးပါလား။ ”
ရှောင်ချန်နင်မှ လှောင်ပြောင်လိုက်၏။ ထို့နောက်၊
“ ဒီရတနာက ပိုင်ရှင်ရှိတယ်ဆိုရင် အဲဒီပိုင်ရှင်က ဘယ်မှာလဲ။ ”
- ဟု အေးစက်စွာ မေးမြန်းသည်။
“ ငါ ထင်တာမမှားရင် ... သူ ဒီဘုံကျောင်းထဲမှာ ပုန်းနေတယ်။ ”
“ ဟမ့် ... ဟာသပဲ၊ ငါဘုံကျောင်းကို စစ်ဆေးပြီးပြီ အထဲမှာ ဘာအငွေ့အသက်မှ မရှိဘူး။ ”
“ မှန်တယ် ... အထဲမှာ ပိုင်ရှင်ရှိနေတယ်ဆိုရင် မင်းဘာလို့ သူ့ကို ငါတို့မြင်အောင် ခေါ်မထုတ်ရတာလဲ။ ”
ရှောင်ချန်နင်နှင့် အဖွဲ့သားများက လှောင်ပြုံးဖြင့်ပြောကြားလာ၏။ စုရီက ခေါင်းညိတ်လိုက်ကာ၊
“ ကောင်းပြီ ... ကုန်သည်အဘိုးကြီး ... မင်းအသက်ရှိသေးရင် ... အသံပြုပါ မဟုတ်ရင် ငါမျက်နှာလွှဲလိုက်တော့မယ်။ ”
-ဟု လှမ်းပြောလေသည်။
စုရီစကားအဆုံးတွင် ရှောင်ချန်နင် လက်ထဲရှိကြေးနီဘုံကျောင်းအတွင်းမှ လူတိုင်း အံ့အားသင့်သွားရစေလောက်သည့် အသံတစ်သံ အမှန်ပင် ထွက်ပေါ်လာတော့သည်။
“ ငါရှိတယ်။ ”
ယင်းသည် ဝါကျတိုလေးဖြစ်သော်လည်း ထိုအသံထဲတွင် ဝမ်းမြောက်မှု၊ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှုများ ရောယှက်နေသည်။
ဤမီးခိုးရောင် ကမ္ဘာပျက်ကြီးအတွင်း ထိုအသံသည် ထူးခြားစွာ ကျယ်လောင်နေခဲ့ပြီး နားထဲတွင် ပဲ့တင်ထပ်သွားသည်။
ရှောင်ချန်နင်၊ ကျိုးကျဲ့နှင့် ရွှယ်ချောင်ကျီးတို့၏ မျက်နှာပေါ်ရှိအပြုံးများမှာ ချက်ချင်းအေးခဲပြီး ပျက်ယွင်းသွားတော့၏။
မိန်းကလေးဟုန်ယွင်၊ ယွင်ဟွာချင်းနှင့် အခြားသူများမှာမူ အံ့အားသင့်သွားလေသည်။ ထိုကြေးနီဘုံကျောင်းအတွင်း အမှန်တကယ်ပင် လူရှိနေချေပြီ။
ယင်းသည် ဤဘုံကျောင်းတွင် ပိုင်ရှင်ရှိနေကြောင်းထင်ရှားပြီး စုရီတစ်ယောက် လိမ်ညာလုယူရန် အကြောင်းပြချက်ပေးခြင်း မဟုတ်ကြောင်း သက်သေပြနေ၏။
စုရီမှ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။ ကြေးနီဘုံကျောင်းသည် အတိတ်ကာလ၌ ရှေးဟောင်းပစ္စည်းရောင်းဝယ် သူတစ်ယောက် အပျက်အစီးနယ်မြေတစ်ခုထံမှ ရရှိခဲ့သည့် ရတနာဖြစ်လေသည်။
အပြင်ပန်းကြည့်လျှင် အမှိုက်တစ်စနှင့် တူသော်လည်း အထဲတွင် လျှို့ဝှက်ချက်အချို့ ကိန်းအောင်းနေသည်။
အပ်ချုပ်သမား လက်ပါးစေများ လိုက်လံသတ်ဖြတ်ခြင်းခံရစဉ် ဤဘုံကျောင်းကို အသုံးပြု၍ အသက်ဆက်နိုင်ခဲ့ခြင်းဖြစ်၏။
“ မင်းတို့ ... ရတနာကိုထားခဲ့ပြီး ထွက်သွားရင် ... အသက်ရှင်ခွင့် ငါပေးမယ်။ ”
မိန်းကလေး ဟုန်ယွင်မှလည်း ရှေ့သို့လှမ်းတက်ကာ မဆိုင်းမတွဘဲ စကားဆို လိုက်တော့သည်။
သူမ၏ ကြည်လင်သော မျက်ဝန်းများက ရှောင်ချန်နင်တို့သုံးဦးထံ စူးစိုက်ကြည့်လိုက်၏။ အဘိုးအိုပေါင်ဝမ်၊ ယွင်ဟွာချင်းနှင့်အဖွဲ့မှလည်း ရှေ့သို့ တိုးလာခဲ့ကြသည်။ လေထုမှာ ချက်ချင်း တင်းမာသွားတော့၏။
“ မဖြစ်နိုင်ဘူး ... ဒီရတနာက ဒီမှာရှိနေခဲ့တာပဲ ... ငါတို့တွေ့တာဆိုတော့ ငါတို့အပိုင်ပါ။ ”
ကျိုးကျဲ့မှ အေးစက်စွာဆိုသည်။ မိန်းကလေးဟုန်ယွင်က စကားမဆိုတော့ဘဲ အနက်ရောင်ဓားတစ်လက်ကို ဓားဆွဲထုတ်ပြီး လှမ်းတက်ကာ ခုတ်ပိုင်းချလိုက်တော့၏။
***
***