အခန်း (၁၀၇၅-၁၀၇၆)
Vol. 90 Ch. 1075-1076
အခန်း ၁၀၇၅ –
သစ္စာဖောက် ... ။
တိုက်ပွဲမှာ ချက်ချင်း ဝရုန်းသုန်းကား ဖြစ်ပျက်သွားချေပြီ။ တစ်ဖက်တွင် ဟုန်ယွင်က ပြိုင်ဘက် (၁၃)ယောက်ကြား ခုခံနေရ၏။
ဘုန်းကြီးကျဲ့ယီနှင့် ယွီနင်မှာမူ ယွင်ဟွာချင်းကိုသတ်ရန် ကြိုးစားနေကြပြီး အဆုံးတွင်ပေါင်ဝမ်သည် စုရီနှင့်အတူ ရန်သူ့ လက်မှ ထွက်ပြေးနေရတော့သည်။
တိုက်ပွဲနှင့် ဝေးကွာသောအရပ်သို့ ရောက်ရှိသောအခါ၌ နောက်မှလိုက်လာသည့် ရှောင်ချန်နင်က ဆက်မလိုက်တော့ဘဲ၊
“ အဘိုးကြီးပေါင် ... ဒီကောင်လေးကို အခုဖမ်းလိုက်တော့။ ”
-ဟု ပြောကြားလာချေသည်။
“ ဟီးဟီး တောင်းပန်ပါတယ်။ ”
ထိုစကားကိုကြားချိန်၌ ပေါင်ဝမ်သည် ချက်ချင်းပြုံးရယ်လာပြီး စုရီ၏ကျင့်ကြံမှုအပေါ် ပိတ်ချပစ်လိုက်တော့၏။ စုရီမှ ထိုလုပ်ရပ်ကို တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့်၊
“ တကယ်ပဲ ... သစ္စာဖောက်က မင်းဖြစ်နေတာကိုး။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။
“ ဟားဟာဟား ... မင်း ကြိုသိနေတာလား။ ”
စုရီ အမူအရာကြောင့် ပေါင်ဝမ်မှ ရယ်မောလိုက်သည်။ ရှောင်ချန်နင်သည်လည်း လေထုအလယ်ရပ်တန့်လျက် လက်ပိုက်ကာ ထိုမြင်ကွင်းထံ ကြည့်နေတော့၏။
“ မှန်တယ် ... ကြယ်မုန်တိုင်း တားမြစ်နယ်မြေအပြင်ဘက်မှာ မင်းနဲ့တွေ့ဆုံ ကတည်းက မင်းမှာ မကောင်းတဲ့အကြံအစည် ရှိနေမှန်းငါသိခဲ့တယ် ...
... ဒါပေမယ့် ယွင်ဟွာချင်းပါ ... မင်းနဲ့ တစ်ဖွဲ့တည်းသားတည်းလားဆိုတာ မသေချာ သေးတာမို့ ငါစောင့်ကြည့်နေတာ။ ”
“ ဟားဟားဟား ... မင်းအမြင်စူးရှသားပဲ ဒါပေမယ့် နောက်ကျသွားပါပြီ ... ကုယွမ်ချွဲက ဟုန်ယွမ်ကိုထိန်းထားပေးတာမို့ မင်းအတွက် အကူအညီကို မျှော်လင့်မနေနဲ့တော့ ...
... အဘိုးကြီးပေါင်၊ ဒီကောင်လေးကို ခေါ်သွားပါ မသေစေနဲ့ သူ့ရဲ့ဝင်စားခြင်းဥပဒေ စွမ်းအားကို ငါတို့လိုအပ်တယ်။ ”
အဝေးမှ ရှောင်ချန်နင်က အမိန့်ပေးလာသည်။ အဖိုးကြီးပေါင်ဝမ်ခမျာ ခေါင်းညိတ်လိုက်ပြီး စုရီထံ လက်လှမ်း၏။
“ ဝှစ် ... ။ ”
သို့သော် စုရီမှခေါင်းရမ်းလျက် လျင်မြန်သောအဟုန်ဖြင့် သူ့လည်ပင်းထံသို့ ဖျပ်ခနဲဖမ်းဆုပ်လိုက်တော့သည်။
“ မင်း ... ။ ”
ပေါင်ဝမ်တစ်ယောက် ထိတ်လန့်စွာ ချက်ချင်းဆုတ်ခွာလိုက်၏။ သူသည်တစ်ဖက်လူ ကျင့်ကြံမှုကို ပိတ်ဆို့ထားပြီး မဟုတ်လော။
“ ဒါ ... ။ ”
အဘယ့်ကြောင့် လှုပ်ရှားနိုင်သနည်း။ ထိုအတွေးများမဆုံးခင် စုရီ၏လက်ချောင်းများမှ ဝင်စားခြင်းဥပဒေ စက်ဝန်း ထွက်ပေါ်လာပြီး သူ့ကိုဆွဲငင်ချုပ်နှောင်သွားချေပြီ။
စုရီက ပေါင်ဝမ်၏လည်ပင်းကို ဆုပ်ကိုင်လျက်ဖြင့် ဆံပင်ကြားမှအနက်ရောင် သစ်သားဆံထိုးကို ဆွဲထုတ်လိုက်၏။
“ မင်းရဲ့ သစ္စာဖောက်မှုကို ဒီဆံထိုးက ဖော်ပြနေတာပဲ ဒါက အင်မော်တယ်နယ်မြေမှာ ဆိုရင်တောင် ရှားပါးတဲ့ သဏ္ဍာန်မဲ့ မိခင်နဲ့ကလေးအပ်ငယ်ပဲ ...
... ငါထင်မမှားရင် ရှောင်ချန်နင်မှာ နော်ကတစ်ချောင်းရှိနေရမယ် ဒါကြောင့်လည်း ငါတို့နေရာကို သူတို့က အလွယ်တကူ ရှာတွေ့ခဲ့တာမဟုတ်လား။ ”
ဤတစ်ကြိမ်တွင် ရှောင်ချန်နင်နှင့် ပေါင်ဝမ်တို့နှစ်ဦးစလုံးသည် မျက်နှာပျက်ယွင်း သွားပြီးနောက် ပြောစရာစကားလုံးများ ကင်းမဲ့သွားတော့၏။
သေမျိုးကမ္ဘာမှ တစ်စုံတစ်ဦးသည် ဤမျှရှားပါးသော သဏ္ဍာန်မဲ့ မိခင်နှင့်ကလေး အပ်ငယ်ကို သိမြင်နေနိုင်ခြင်းသည်လော။
အထူးသဖြင့် ထိုသို့သိမြင်ရုံနှင့် နောက်ကွယ်မှ သူတို့၏အစီစဉ်များအားလုံးကို တွက်ဆနိုင်သည်မှာ မယုံနိုင်စရာပေပင်။
“ ဘုန်း ... ။ ”
စုရီတစ်ယောက် ပေါင်ဝမ်၏ခန္ဓာကိုယ်ကို စုတ်ဖြဲလျက် ဝိညာဉ်ပေါ်အလင်းစက်များသဖွယ် လွင့်စင်သွားစေတော့သည်။
ထို့နောက် စုရီမှ အဝေးရှိရှောင်ချန်နင်ကို လှမ်းကြည့်လိုက်လေသည်။ သူ့မျက်ဝန်းများမှာ အေးစက်နေပြီး မည်သည့် ခံစားချက်မျှ မရှိချေ။
မြက်ပင်တစ်ပင်၊ ကျောက်ခဲတစ်လုံး၊ ပုရွက်ဆိတ်တစ်ကောင်ကို ကြည့်နေသကဲ့သို့ ပေပင်။
ထိုအကြည့်ကြောင့် ရှောင်ချန်နင်ကဲ့သို့ ဗလာနယ်ပယ် အင်မော်တယ် တစ်ပါးသည်ပင် အလွန်နေရခက်သွားရသည်။ သူက မျက်မှောင်ကျုံ့လျက်၊
“ ငါ တကယ် နားမလည်ဘူး၊ မင်းက ... ။ ”
-ဟု စကားပြောရန် ပြင်လိုက်၏။ သို့သော်စုရီသည် သူ့ကို ခွင့်မပြုချေ။ သူ့ပုံရိပ်မှာ မူလနေရာမှ ချက်ချင်းပျောက်ကွယ်သွား၏။
“ ရွှပ် ... ။ ”
ချက်ချင်းဆိုသလိုပင် အချိန်နှင့် အာကာသကို ဖောက်ထွက်နိုင်တော့မည့်အလား ဓားရောင်ဝါပေါ်ထွက်လာပြီး ရှောင်ချန်နင်ထံသို့ ပိုင်းဖြတ်လေသည်။ ရှောင်ချန်နင်က လှံကို အသုံးပြု၍ ချက်ချင်းခုခံလိုက်ရ၏။
“ ကလန် ... ။ ”
ဓားရောင်ဝါအတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းလှသည့် ဝင်စားခြင်း စွမ်းအားသည် သူ့လှံကိုတုန်ခါစေလျက် နောက်သို့ လွင့်ထွက်သွားစေသည်။
“ ဒါက တကယ်ပဲ နတ်ဝိညာဉ်အဆင့် တစ်စုံတစ်ယောက်ရဲ့ စွမ်းအားလား။ ”
ထိုရလာဒ်သည် ရှောင်ချန်နင်ကို မယုံကြည်ကြည်နိုင်လောက်အောင် ထိတ်လန့် သွားစေတော့၏။
သူသည် သေလွန်ဝိညာဉ်အိုကြီး ဖြစ်နေသော်လည်း ခွန်အားအရာတွင် ကနဦး ဗလာနယ်ပယ်တွင် ရှိ၏။
သို့သော် ယခုမူ လူငယ်တစ်ဦး၏ ဓားတစ်ချက်အောက်၌ နောက်ဆုတ်ပေးလိုက် ရသည်မှာ မယုံနိုင်စရာပေပင်။
“ ဟမ့် ... ။ ”
ထိုစဉ် စုရီသည် သေမျိုးနယ်ပယ်ဓားကို ထုတ်ယူလျက် ထပ်မံတိုက်ခိုက်၏။ ရောင်ဝါမှာ နတ်ဘုရားတစ်ပါးကဲ့သို့ ခန့်ညားထည်ဝါပြီး တည်ငြိမ်လွန်းလှချေပြီ။
ဝင်စားခြင်းဥပဒေ စည်းမျဉ်းသည် ဓားအလင်းနှင့်အတူ နက်နဲဆန်းကြယ်လှသော မြင်ကွင်းများဖြင့် ပေါ်ထွက်လာသည်။
“ ကလန် ... ကလန် ... ။ ”
ရှောင်ချန်နင်သည် အစွမ်းကုန် ခုခံသော်လည်း ခဏချင်းမှာပင် အရေးနိမ့်သွား ပြန်၏။ ပြင်းထန်သော ဓားအရှိန်အဝါကြောင့် ဒဏ်ရာအချို့ပင် ရရှိသွားတော့သည်။
“ သေစမ်း ... ။ ”
စုရီက ရှေ့သို့ဆက်၍တိုးဝင်ကာ ဓားကိုဝေ့ယမ်းလိုက်လျက် ပေပေါင်း(၃၀၀၀)ခန့် ရှည်လျားသော ဓားအလင်းကို ထုတ်လွှတ်လိုက် ပြန်၏။
“ မကောင်းတော့ဘူး။ ”
ရှောင်ချန်နင် တစ်ယောက် ချက်ချင်း ဆုတ်ခွာရန်ပြင်လိုက်သည်။ သို့သော် နောက်ကျ သွားခဲ့၏။ ဓားအလင်းသည် သူ့ခန္ဓာကိုယ်ကို ခါးလယ်မှ ပိုင်းဖြတ်သွားတော့သည်။
“ မင်း ... မင်းက နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူမဟုတ်ဘူး။ ”
ရှောင်ချန်နင်ဝိညာဉ်က မကျေမနပ်ဖြင့် အော်ဟစ်လိုက်ပြီးနောက် ပြာအဖြစ်သို့ လွင့်စင် သွားရတော့သည်။ စုရီမှ ဓားပြန်သိမ်းလိုက်ပြီး ချက်ချင်းထွက်ခွာလာခဲ့၏။
ဤဗုံမဟုတ် ပတ်မဟုတ် သေလွန်ဝိညာဉ်အိုကြီး တစ်ယောက်သည် သူ့ အတွက် စာမဖွဲ့ချေ။
ထိုအချိန်တွင် မိန်းကလေးဟုန်ယွင်သည် ကုယွမ်ချွဲနှင့် ဗလာနယ်ပယ်အင်မော်တယ် (၁၂) ပါး၏ ဝိုင်းရံတိုက်ခိုက်မှုကို အံ့အားသင့်ဖွယ် တောင့်ခံထားနိုင်လေသည်။
သို့သော် ယွီနင်၏ အခြေအနေမှာမူ အလွန်ပင် စိုးရိမ်ရနေပြီ ဖြစ်သည်။ ကျိုးကျဲ့နှင့် ရွှယ်ချောင်ကျီး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာများစွာရရှိနေသည်။ ယင်းသည် သူမကို အလွန်ပင် ဒေါသထွက်စရာဖြစ်စေ၏။
“ စုရီဆိုတဲ့ လူယုတ်မာ ... ။ ”
တစ်ဖက်လူသည် တစ်ချိန်လုံး ကြွားလုံးထုတ်နေသည့် လူတစ်ယောက်မျှသာ ဖြစ်သည်။ တိုက်ပွဲများစတင်သည်နှင့် ချက်ချင်း ထွက်ပြေးသွားတော့၏။
“ ကျဲ့ယီ ... မင်း ရူးနေတာလား။ ”
ယွင်ဟွာချင်းက ဒေါသတကြီး အော်လိုက်သည်။ ဤဘုန်းကြီးကျဲ့ယီသည် ရက်စက်သော လှုပ်ရှားမှုများဖြင့် သူ့ကို သတ်ရန်ကြိုးစားနေတော့၏။
“ သစ္စာဖောက်ကောင် မင်းပါးစပ်ကို ပိတ်ထားစမ်း။ ”
ဘုန်းကြီးကျဲ့ယီက တည်ငြိမ်စွာဖြင့် အော်ဟစ်လိုက်သည်။ ဤဟွင်ဟွာချင်းသည် အသက်ပြင်းချေ၏။ ပြင်းထန်သော ဒဏ်ရာများ ရရှိနေသော်လည်း ခုခံနိုင်နေသေးသည်။
“ မင်းကို ငါသစ္စာဖောက် မဟုတ်ဘူးလို့ ဘယ်နှစ်ခါ ပြောရမလဲ မိန်းကလေးယွီနင်ကို မင်း ... ကူညီသင့်တယ်။ ”
ယွင်ဟွာချင်း ရင်ကွဲမတတ်ဖြစ်လာသည်။ သို့သော် ဘုန်းကြီးကျဲ့ယီမှ သူ့စကားများအပေါ် လျစ်လျူရှုလျက် ရက်စက်သောတိုက်ခိုက်မှုဖြင့် ဆက်လက်ချုပ်နှောင်ထားချေ၏။
“ ဝှစ် ... ။ ”
“ ကလန် ... ကလန် ... ။ ”
“ ဝုန်း ... ။ ”
ထိုစဉ် စုရီသည် လေဟာနယ်အတွင်း ပြန်ပေါ်လာကာ လက်ဓားဖြင့် ဘုန်းကြီးကျဲ့ယီ တောင်ဝှေးထံ ခုတ်ချလိုက်သည်။
“ တာအိုစု ... ငါသစ္စာဖောက်မဟုတ်ဘူး။ ”
ထိုအပြုအမူကြောင့် ယွင်ဟွာချင်းက အံ့သြဝမ်းသာ သွားတော့၏။ ဘုန်းကြီးကျဲ့ယီမှ မျက်မှောင်ကျုံ့လျက်၊
“ တာအိုစု ... မင်း ဘာမှမဖြစ်တာ ဝမ်းသာပါတယ် ဒါနဲ့အဘိုးအိုပေါင်ဝမ်ရော။ ”
-ဟု ပြန်လည်မေးမြန်းလာသည်။ စုရီက ဘုန်းကြီးကျဲ့ယီကို အေးစက်စွာ စိုက်ကြည့်ကာ၊
“ ဗုဒ္ဓကျောင်းတိုက်ရဲ့ ကာကွယ်သူ တစ်ယောက်ဖြစ်ပြီး မင်းရဲ့ လုပ်ရပ်တွေက ငါ့ကို အတော်လေး စိတ်ပျက်စေတယ်။ ”
-ဟု တုန့်ပြန်လိုက်၏။
“ တာအိုစု ... ။ ”
ဘုန်းကြီးကျဲ့ယီခမျာ မျက်နှာ ပျက်ယွင်းသွားတော့သည်။ သို့တိုင် ဆက်၍ ဟန်ဆောင်ရန် ကြိုးစားသော်လည်း စုရီမှ စကားမပြောတော့ချေ။
“ ရွှပ် ... ။ ”
“ ဝုန်း ... ။ ”
ချက်ချင်း တိုက်ရိုက်တိုက်ခိုက်လာ၏။ ကောင်းကင်နှင့် မြေကြီးတုန်ခါလျက် ထူးခြားပြီး ဆန်းကျယ်သော ဓားအလင်းတစ်လက် ပျံသန်းကာ ဘုန်းကြီးကျဲ့ယီကို ထိမှန် လွင့်ထွက်သွားစေတော့သည်။
“ အဟွတ် အဟွတ် ... ။ ”
ဘုန်းကြီးကျဲ့ယီခမျာ သွေးချောင်းဆိုးပြီး ထိန်လန့်သွားကာ လှည့်ပြေးရန်ပြင်လိုက်သည်။ ထိုစဉ်စုရီသည် ကောင်းကင်ဆန္ဒဆေးမီးဖိုကို ထုတ်ယူကာ ဖိနှိပ်စေတော့၏။
“ မလုပ်နဲ့ ... ။ ”
ဘုန်းကြီးကျဲ့ယီတစ်ယောက် ထိတ်လန့်သွားသည်။ ဆေးမီးဖိုမှထူးဆန်းသော အရမ်းရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး သူ့ကို ချက်ချင်း ဆွဲသွင်းသွားတော့၏။
“ တာအိုစု ငါ့ကို ချမ်းသာပေးပါ ... ငါအသက်ကို ဝယ်ယူနိုင်ပါတယ်။ ”
ဘုန်းကြီးကျဲ့ယီမှ အော်ဟစ်လာသည်။ သို့သော် စုရီမှ လျစ်လျူရှုထား၏။ မီးဖိုအတွင်းရှိ စုဆောင်းထားသော သွေးလျှပ်စီးများစွာသည် ဘုန်းကြီးကျဲ့ယီကို ခဏချင်းမှာပင် ပြာအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
***
အခန်း ၁၀၇၆ –
အာကာပြင်ကို ပိတ်လှောင်၍ သတ်ဖြတ်ခြင်း။
“ ဘုန်းကြီးချန်မုရဲ့ မျက်နှာကို ထောက်ထားပြီး ငါမင်းကို ကာကွယ်ပေးမယ်လို့ ကတိပေးခဲ့တာ ဒါပေမဲ့ မင်းက သစ္စာဖောက် ဖြစ်နေလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ”
ဝမ်ယဲ့ဘဝတွင် သူသည် ထိုဘုန်းကြီးအိုကြီးနှင့်အတူ တိုက်ပေါင်းများစွာ ဖြတ်သန်းခဲ့ဖူး၏။
ထိုသံယောဇဉ်ကြောင့် ကျဲ့ယီကို ကာကွယ်ပေးရန် ကတိပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် တစ်ဖက်လူသည် ပေါင်ဝမ်တို့နှင့် ပူးပေါင်းကာ သစ္စာဖောက်ခဲ့၏။
ထိုမြင်ကွင်းထံ ယွင်ဟွာချင်းမှာ ငေးကြည့်လျက်အံ့သြလွန်းသဖြင့် ပါးစပ်ပင် မပိတ်နိုင်ခဲ့ချေ။
ဤစုရီသည် သူမှန်းဆထားသည်ထက် သာလွန်သောခွန်အားများရှိချေပြီ။ မယုံနိုင်စရာ ပေပင်။ ယွီနင်ကိုတိုက်ခိုက်နေသည့် ကျိုးကျဲ့နှင့် ရွှယ်ချောင်ကျီးတို့သည်လည်း အခြေအနေ မကောင်းတော့ကြောင်း သိရှိကုန်ပြီး ထွက်ပြေးရန် ပြင်လိုက်ကြသည်။
“ မြန်မြန် ... ။ ”
သို့သော် စုရီသည် ဓားကိုဆွဲထုတ်ကာ တစ်ချက်တည်း ခုတ်ပိုင်းချလိုက်၏။ ဓားအလင်း တစ်လက်ပြေးထွက်သွားသည်။
“ ရွှပ် ... ။ ”
၎င်းဖြတ်သန်းသွားရာ လမ်းတလျှောက် လေဟာနယ်တစ်ခုလုံး တုန်ခါသွားပြီး ကျင့်ရွှမ် ဥပဒေ၏ ပိတ်လှောင်ခြင်းစွမ်းအားများ လိုက်ပါသွားတော့၏။
“ မကောင်းတော့ဘူး။ ”
ပေတစ်ထောင်အကွာသို့ ထွက်ပြေးရောက်ရှိနေပြီဖြစ်သော ကျိုးကျဲ့နှင့် ရွှယ်ချောင်ကျီးတို့မှာ ပင့်ကူအိမ်တွင်ငြိတွယ် သွားသည့် ပိုးကောင်လေးများကဲ့သို့ လှုပ်ရှား၍ မရတော့ဘဲ လေထုအလယ် အေးခဲကုန်သည်။
“ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ”
ထိုမြင်ကွင်းထံ ငေးကြည့်နေသော ယွီနင်တစ်ယောက် မျက်လုံးများ ပြူးကျယ်သွား တော့သည်။
ဓားတစ်ချက်သည် ကောင်းကင်နှင့် မြေကြီးကို နှိမ်နင်းကာ အာကသကို ပိတ်လှောင် နိုင်ချေ၏။ ဓားတစ်ချက်သည်ပင် ဗလာနယ်ပယ် အင်မော်တယ်များကို ချုပ်နှောင်ကာ ကူကယ်ရာမဲ့စေနိုင်နေသည်။
ဓားတစ်ချက်တည်းဖြင့် ဗလာနယ်ပယ် အင်မော်တယ်အဆင့်ရှိ ဝိညာဉ်အိုကြီးနှစ်ဦးကို ပိတ်လှောင်လိုက်နိုင်သည်။
ထိုမှင်သက်ဖွယ် မြင်ကွင်းကြောင့် ယွီနင်သည်ပင် တစ်ကိုယ်လုံး တောင့်တင်းကာ ကြောင်ငေးကြည့်နေမိတော့၏။ ယွင်ဟွာချင်း အတွက်မူ အံ့သြလွန်း၍ အသက်ရှူပင် ရပ်သွားလေသည်။
အဝေးတစ်နေရာတွင် မိန်းကလေး ဟုန်ယွင်ကို ဝိုင်းတိုက်နေသောကုယွမ်ချွဲနှင့် အပေါင်းအပါများသည်ပင် မျက်လုံးပြူး သွားကုန်တော့၏။
မိန်းကလေးဟုန်ယွင်သာလျှင် တည်ငြိမ်နေဆဲဖြစ်ချေ၏။ အတိတ်ဘဝဝမ်ယဲ့၏ အမှတ်တရများ နိုးထနေသည့် စုရီအပေါ် ကျင့်ကြံမှုဖြင့် တိုင်းတာ၍ မရနိုင်ချေ။
ကောင်းကင်အောက်တွင် စုရီသည် အေးစက်စွာဖြင့် အာကာပြင်ကို ပိတ်လှောင် ပစ်လိုက်ကာ ဓားအလင်းများဖြင့် ထပ်မံ ပစ်ခတ်လိုက်တော့၏။
“ ကလန် ... ။”
ဓားရည်ရွယ်ချက်သည် လှိုင်းတံပိုးကဲ့သို့ ပြန့်ကားလာသည်။ ဝင်စားခြင်း ဥပဒေသည် ထိုပိတ်လှောင်ထားရသော နယ်မြေအတွင်း ချက်ချင်း ပြည့်လျှံသွားတော့၏။
“ ဘန်း ... ဘန်း ... ။ ”
ထိုရေလှိုင်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အရာခပ်သိမ်း ပျက်ပြယ်ကုန်ပြီး အဆုံး၌ ကျိုးကျဲ့နှင့် ရွှယ်ချောင်ကျီးတို့သည်ပင် ချွင်းချက်မရှိခဲ့ချေ။
ခန္ဓာကိုယ်များမှာ ရေပူဖောင်းများကဲ့သို့ အစိတ်စိတ်အမြွှာမြွှာကွဲကြေကာ အလင်းမှုန် အဖြစ် ပျောက်ကွယ်သွားကြလေသည်။
ဖြစ်စဉ်သည် အသက်တရှိုက်စာမျှသာ ကြာချေပြီ။ ထို့ကြောင့် နှစ်ဦးသား သူတို့၏ သေဆုံးမှုအပေါ် မယုံကြည်နိုင်မှုများဖြင့် ပျောက်ကွယ်သွားကြ၏။
သူတို့ကဲ့သို့ အင်မော်တယ်များသည် သေမျိုးကမ္ဘာမှ နတ်ဝိညာဉ်အဆင့် လူငယ်၏ လက်တွင် သေဆုံးရလိမ့်မည်ဟု အိမ်မက်ပင် မမက်ဖူးကြချေ။
စုရီက အချိန်မဆွဲတော့ဘဲ သေမျိုးနယ်ပယ်ဓားကိုသိမ်းလျက် လေဟုန်စီး၍ ထွက်ခွာလာခဲ့သည်။ သူ့ခြေလှမ်းများ၌ လွှမ်းမိုး ကြီးစိုးလိုသောရောင်ဝါများ ထွက်ပေါ်နေ၏။
ယွီနင်တစ်ယောက် ငေးမောသွားသည်။ သူမစိတ်ထဲတွင် တုန်လှုပ်မှု၊ ဇဝေဇဝါဖြစ်မှုများ နှင့်အတူ မဖုံးကွယ်နိုင်သော အရှက်တရားများ ရောယှက်နေခဲ့၏။
တစ်ဖက်လူသည် ကြွားလုံးထုတ်နေခြင်း မဟုတ်ဘဲ အစစ်အမှန် စွမ်းအားကို ပိုင်ဆိုင်ထား ချေ၏။ သူမသည် သူမကိုယ်သူမ အထင်ကြီး လွန်းခဲ့ခြင်းပေပင်။ ရှက်လွန်း၍ မြေကြီးထဲ တိုးဝင်ချင်စိတ် ပေါက်နေ၏။
“ ဝုန်း ... ။ ”
အဝေးတွင် တိုက်ပွဲကြီးမှာ အလွန် ပြင်းထန်နေပြီး ဟင်းလင်းပြင်အနှံ့ ကြေမွှ ပျက်စီးနေတော့သည်။
ရုတ်တရက် စုရီရောက်ရှိလာသောအခါ ဗလာနယ်ပယ် အင်မော်တယ် (၁၂)ပါးတို့သည် သတိကြီးစွာထားလာကြ၏။
“ အဲ့ဒီကောင်လေးကို နှိမ်နင်းပါ။ ”
ကုယွမ်ချွဲက စုရီထံ လှည့်ကြည့်ပြီး အမိန့်ပေးလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ သည်လည်း ဓားသဏ္ဍာန်တံဆိပ်ပြားတစ်ခုကို ထုတ်ဖော်ကာ ချိုးဖျက်ပစ်လိုက်၏။
“ ခရစ် ... ။ ”
ရွှေရောင်အလင်းတန်းများ သူ့ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားပြီး ရောင်ဝါမှာ နတ်ဘုရားတစ်ပါး ဝင်ရောက်လာသကဲ့သို့ တစ်ဟုန်ထိုး မြင့်တက်လာသည်။
ဤသည်မှာ သူတော်စင် အင်မော်တယ်တစ်ပါး၏ တိုက်ပွဲဝင်ဆန္ဒများ ကိန်းအောင်းနေသော ‘သူတော်စင်ဝိညာဉ် အမိန့်’ ဖြစ်၏။
မိန်းကလေးဟုန်ယွင်နတ်က မျက်မှောင်ကြုတ်လိုက်သည်။ ကုယွမ်ချွဲကဲ့သို့ ဗလာနယ်ပယ် အင်မော်တယ်တစ်ဦးတွင် ဤမျှ မြင့်မားသော လျှို့ဝှက်ရတနာတစ်ပါး ရှိနေလိမ့် မည်ဟု သူမ မထင်ထားချေ။
“ ဟမ့် ... ။ ”
ထို့ကြောင့် မဆိုင်းမတွဘဲ မဟာနိဗ္ဗာန် ဆေဘာဓားရည်ရွယ်ချက်ကို အသက်သွင်းကာ တုံ့ပြန်လိုက်တော့သည်။
“ ဝုန်း ... ။ ”
ထိုအချိန်တွင် အင်မော်တယ် (၁၂)ပါးသည် စုရီထံဝိုင်းလိုက်ပြီဖြစ်၏။ စုရီမှ စကားမဆိုခဲ့ဘဲ ကောင်းကင်ဆန္ဒမီးဖိုအတွင်းရှိ အင်မော်တယ် ကပ်ဘေး စွမ်းအားများကို အကုန်အစင် သွန်ချပစ်လိုက်သည်။
“ ဂျိန်း ... ။ ”
သွေးရောင် လျှပ်စီးပင်လယ်ကြီး ကောင်းကင်မှ ပြိုကျလာသကဲ့သို့ လေထု အလယ် ပြည့်နှက်သွား၏။
“ မကောင်းတော့ဘူး။ ”
“ ဒါ ကပ်ဘေးစွမ်းအင်တွေပဲ။ ”
“ လူယုတ်မာ ... ။ ”
“ မြန်မြန် ... ။ ”
အင်မော်တယ် (၁၂)ပါးခမျာ ထိတ်လန့်တကြားအော်ဟစ်လျက် ချက်ချင်း ဆုတ်ခွာကုန်၏။
သို့သော်လည်း မကြာမီမှာပင် ထိုသွေးရောင်လျှပ်စီးပင်လယ်ကြား တစ်ဦးပြီး တစ်ဦး ပြာအဖြစ် ပြောင်းလဲသွားတော့သည်။
စုရီက ထိုနေရာတွင် ငြိမ်သက်စွာ ရပ်လျက်ဖြင့် ကပ်ဘေးပင်လယ်အတွင်းရှိ ရန်သူများ ပျက်စီးသွားကုန်သည်ကို အေးစက်စွာ စောင့်ကြည့်နေခဲ့၏။
အဝေးတွင် ကျန်ရှိခဲ့သော ယွင်ဟွာချင်းနှင့်ယွီနင်မှာ တုန်လှုပ်သွားသည်။ စုရီတစ်ယောက် လမ်းတလျှောက် ကပ်ဘေး စွမ်းအားများကို သိမ်းဆည်းနေခဲ့ရသည့်အပေါ် ယခုမှသာ နားလည်သွားတော့၏။
“ မင်း ... လူယုတ်မာကောင် ... ။ ”
ကုယွမ်ချွဲတစ်ယောက် အလွန်ဒေါသ ထွက်သွားသည်။ တစ်ဖက်လူမှာ ယုတ်မာလွန်း ချေ၏။ သူတို့ကဲ့သို့ သေလွန်ဝိညာဉ်များအတွက် ဝင်စားခြင်းဥပဒေပင် ရင်ဆိုင်ရခက်ခဲသည်။
ယခုမူ အင်မော်တယ် ကပ်ဘေး စွမ်းအားများကိုစုစည်းကာ သွန်ချနေချေ၏။ မည်မျှ ကောက်ကျစ်လွန်းသနည်း။
တစ်ဖက်တွင် ထိုသို့သော အခွင့်အရေးကို အသုံးချ၍ မိန်းကလေးဟုန်ယွင်မှ ဆေဘာဖြင့် ခုတ်ပိုင်းပစ်လိုက်သည်။
“ ဝုန်း ... ။ ”
“ အဟွတ် အဟွတ် ... ဝေါ့။ ”
ကုယွမ်ချွဲခမျာ လှံရှည်ဖြင့် တုန့်ပြန် ခုခံလိုက်သော်လည်း နောက်သို့လွင့်စင်ထွက်ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတော့၏။
“ မင်း ... ။ ”
မျက်နှာနီရဲလျက် ဟန်ချက်ကို ထိန်းညှိလိုက်စဉ် ဟုန်ယွင်မှ ထပ်မံတိုက်ခိုက် လာပြီဖြစ်သည်။ သူမက အသက်ရှူရန် အခွင့်အရေးမပေးခဲ့ချေ။
ဤမိန်းမသည် နူးညံ့သော အသွင်မျိုးရှိသော်လည်း အမှန်ပင်ရက်စက်ပြီး ပြတ်သားချေပြီ။ ဒုက္ခပေးနိုင်လွန်း၏။
“ ချွင် ချွင် ... ။ ”
သို့သော် ထိုအချိန်တွင် မည်သူမျှ မမျှော်လင့်ထားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့သည်။
ဤသည်မှာ ရတနာတစ်သောင်းနယ်မြေ အတွင်းပိုင်း မြူခိုးများကြားမှ မီးခိုးရောင်သံကြိုး သုံးချောင်း ရုတ်ချည်း ထွက်ပေါ်လာခြင်းဖြစ်၏။
“ ဝှီး ... ။ ”
ထိုသံကြိုးသုံးချောင်းသည် စုရီ၊ ကုယွမ်ချွဲနှင့်ဟုန်ယွင်ကို ရစ်ပတ်ချုပ်နှောင်လာ တော့သည်။
မြန်ဆန်လွန်းလှသဖြင့် မည်သူမျှ ရှောင်တိမ်းနိုင်ခြင်းမရှိဘဲ ကျင့်ကြံမှုအပေါ် ပိတ်လှောင်ခြင်း ခံလိုက်ရ၏။
“ မင်း ... သေချင်နေတာပဲ။ ”
စုရီက တုန်လှုပ်ခြင်းမရှိ ငရဲဘုံကိုးပါး ဓားရောင်ဝါထုတ်ဖော်ကာ ချည်နှောင်နေသော သံကြိုးကို ဖြတ်တောက်ပစ်လိုက်သည်။
“ ထောင်း ... ထောင်း ... ။ ”
ဤသည်မှာ ရွှမ်ဟွမ်ကြယ်စုကို ဒုက္ခပေးခဲ့သော အမှောင်တားမြစ်စွမ်းအားကဲ့သို့ ကပ်ဘေးစွမ်းအားများပေပင်။ ငရဲဘုံကိုးပါးဓား ရောင်ဝါအောက်တွင် မီးခိုးရောင်သံကြိုးသည် တထောင်းထောင်းပြတ်ထွက်သွား၏။
သည့်နောက် စုရီက ဟုန်ယွင်ကို ကယ်တင်ရန်လှမ်းကြည့်လိုက်ရာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ချေပြီ။
“ ချွင် ... ချွင် ... ။ ”
ကုယွမ်ချွဲနှင့် ဟုန်ယွင်တို့သည် သံကြိုးများ၏ဆွဲခေါ်ခြင်းခံရပြီး မြူခိုးများကြား ပျောက်ကွယ်သွားကြတော့၏။
“ မင်း သူ့ကို ပြန်လိုချင်ရင် ... လွတ်မြောက်ခြင်းဒေသကိုလိုက်လာပါ မင်းရဲ့ သူငယ်ချင်းကို ပြန်ခေါ်သွားနိုင်ရုံတင်မကဘဲ ငါပေးတဲ့ ကံကောင်းမှုကိုလည်းရနိုင်မယ်။ ”
မြူခိုးများကြားမှ အဘိုးအိုတစ်ဦး၏ အက်ရှရှအသံ ပြန့်လွင့်ထွက်ပေါ်လာလေသည်။ စုရီက ခဏမျှရပ်တန့်လျက် ဆက်လိုက်မသွား သေးဘဲ ထိတ်လန့်နေသော ယွင်ဟွာချင်းနှင့် ယွီနင်တို့ထံ လှည့်ကြည့်ကာ၊
“ မင်းတို့ နှစ်ယောက် တိုက်ပွဲမြေပြင်ကို ရှင်းလင်းရေးလုပ်ပါ။ ”
-ဟု အမိန့်ပေးလိုက်တော့၏။
***