← Chapters

အခန်း (၁၀၇၉-၁၀၈၀)

Vol. 90 Ch. 1079-1080

အခန်း (၁၀၇၉-၁၀၈၀)

Vol. 90 Ch. 1079-1080

အခန်း ၁၀၇၉ –

လှေကားထစ်များပေါ်သို့ တက်လှမ်းခြင်း။

“ တာအိုမိတ်ဆွေ ရှောင်ပြေးနေရုံနဲ့တော့ ပြဿနာက ပြေလည်သွားမှာ မဟုတ်ဘူး။ ”

နတ်တမန်အဘိုးအို၏ အသံသည် လေထုအလယ် လှောင်ပြောင်သရော်မှုများဖြင့် ထွက်ပေါ်လာသည်။

“ ဝှစ် ... ။ ”

စုရီက ပြန်လည်တုံ့ပြန်ရန်ပင် စိတ်မဝင်စားတော့ဘဲ မြေပြင်ပေါ်ဆင်းကာ ကျောက်လှေကားထစ်ဆီသို့ ဦးတည် သွားလိုက်တော့သည်။

လှေကားထစ်တိုင်းသည် မှင်ကဲ့သို့ နက်မှောင်နေပြီး ဆန်းကြယ်လှသော တာအို အမိန့်များဖြင့် ဖုံးလွှမ်းထား၏။

၎င်းအမိန့်များသည် ပြင်ပရှိ ပေတစ်ရာမြင့်သော ကျောက်တိုင်ကြီးပေါ်ရှိ အမိန့်များနှင့် တစ်ပုံစံတည်းပေပင်။ စုရီမှ တုန့်ဆိုင်းမနေတော့ဘဲ လှေကားပေါ် လှမ်းတက်လိုက်၏။

“ ဝမ် ... ။ ”

ရုတ်တရက် တာအိုတေးသံများ ဟိန်းထွက်လာတော့သည်။ တခဏအတွင်း၌ပင် မြင်ကွင်းများပြောင်းသွားပြီး သွေးလွှမ်းသော ကမ္ဘာကြီးတစ်ခု ဖြစ်ပေါ်လာ၏။

ဤသည်မှာ လှေကားတစ်ထစ်တွင် ကမ္ဘာတစ်ခုဖန်တီးပေးထားသော ပုံရိပ်ယောင် ဝင်္ကပါအစီရင်တစ်ခုဖြစ်နေချေပြီ။

“ ဂျိန်း ... ။ ”

ရုတ်တရက် ကောင်းကင်ပြိုကျလာပြီး သွေးရောင်ကပ်ဘေး မိုးကြိုးများ သည်းထန်စွာ ရွာသွန်းလာခဲ့သည်။ ထိုမိုးကြိုးများအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါများဖြင့် နတ်ဆိုးများပေါ်လာ၏။

“ သတ် ... ။ ”

ထိုနတ်ဆိုးများသည် စုရီကို မြင်သည်နှင့် ရူးသွပ်ကုန်တော့သည်။ သူတို့တစ်ဦးချင်းစီသည် ဗလာနယ်ပယ်အင်မော်တယ် သေလွန်ဝိညာဉ် နီးပါး သန်မာကြ၏။

သို့သော် ကွာခြားချက်မှာ ထိုသူတို့၏ ခန္ဓာကိုယ်တွင် သွေးရောင်ကပ်ဘေးလျှပ်စီးများ ရစ်ပတ်ပြီး အဖျက်စွမ်းအားပြင်းထန်ခြင်းပေပင်။

“ သတ် ... ။ ”

ကောင်းကင် တုန်ခါသွားစေသော အော်ဟစ်ကြုံးဝါးသံများ ထွက်ပေါ်လာခဲ့ပြီး မြင်ကွင်းတစ်ခုလုံး ပြိုကျနေသည်။

နတ်မိစ္ဆာဒီရေအလား ပုံရိပ်များသည် ကောင်းကင်ကြီးအပြည့် တိုးဝှေ့လာကြတော့၏။ အဝေးမှကြည့်ရုံမျှဖြင့် မည်သူမဆို စိတ်ဓာတ်ကျ ပြိုလဲသွားစေနိုင်ပေမည်။

စုရီတစ်ယောက် မျက်ဝန်းများ လေးနက်လာပြီး လက်ချောင်းများကြားတွင် ဝင်စားခြင်းဥပဒေများ ယှက်သိုင်းလာ၏။

ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ကောင်းလှသော သတ်ဖြတ်ခြင်းရောင်ဝါလည်း ထွက်ပေါ်လာသည်။

တစ်ဆက်တည်းမှာပင် ဝင်စားခြင်း ဥပဒေသည်လည်း သူ့နောက်ကျော၌ သံသရာ အလင်းစက်ဝန်းတစ်ခုလို လှည့်လည်လာ၏။

“ ဝှစ် ... ။ ”

ထို့နောက် ရှေ့သို့လှမ်းတက်လိုက်၏။ ဤအခိုက်တွင် မည်သည့်အရာကိုမဆို ချိုးဖြတ် ဖောက်ထွက်နိုင်သော ဓားတစ်လက်အလား နတ်မိစ္ဆာများအလယ်သို့ လွင့်မျောသွားသည်။

“ ဘန်း ... ဘန်း ... ဘန်း ... ။ ”

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ နတ်မိစ္ဆာများကဲ့သို့ ကြီးစိုး လွန်းနေသောပုံရိပ်များသည် စက္ကူများအလား အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားကြ၏။

များပြားကြီးမားလှသော နတ်မိစ္ဆာစစ်တပ်ကြီးသည် ဓားထက်ထက်ဖြင့် ပိုင်းဖြတ်ခံရသောပိတ်ထည်ကဲ့သို့ လမ်းကြောင်း တစ်ခု ပွင့်ထွက်သွားလေသည်။

အာဏာစက်ပြင်းထန်လှသော ဝင်စားခြင်းစွမ်းအားသည် လေပြင်းမုန်တိုင်းပမာ ကောင်းကင်ရှိ ကပ်ဘေးအငွေ့အသက်များကို တိုက်စားချေဖျက်ပေးနေ၏။

တစ်ဖက်တွင် နတ်မိစ္ဆာများသည် သက်ရှိများမဟုတ်သောကြောင့် သေခြင်းတရား အပေါ် မကြောက်ရွံ့ကြဘဲ ဆက်လက် တိုးဝင် လာနေဆဲပေပင်။

“ ဘန်း ... ဘန်း ... ။ ”

သို့သော် စုရီပုံရိပ်ဖြတ်သန်းသွားသော နေရာတိုင်းတွင် လမ်းကြောင်းတစ်ခုပွင့်နေကာ ကြွေလွင့်ပျက်စီးကုန်တော့၏။

ခဏချင်းအတွင်းမှာပင် များပြားလှသော နတ်မိစ္ဆာစစ်တပ်ကြီးပြိုကွဲသွားပြီး အဆုံးတွင် လုံးဝပျောက်ကွယ်သွား၏။

“ ဟမ့် ... ။ ”

ထိုစဉ် စုရီသည် ကောင်းကင်ပေါ် ပျံတက်ကာ ရုတ်ချည်းလက်သီးဖြင့် အားကုန် ထိုးနှက်လိုက်တော့သည်။

“ ဘောင်း ... ။ ”

ကောင်းကင်တစ်ခုလုံး ပေါက်ကွဲလျက် ပုံရိပ်ယောင်ဝင်္ကပါအစီအရင်မှာ ပြိုလဲပျက်စီး သွားတော့သည်။ အဝေးရှိ မိုးတိမ်များအတွင်းမှ နတ်တမန်အဖိုးအိုသည် ဤမြင်ကွင်းကြောင့် အသက်ရှူမှားသွားချေပြီ။

“ ဒီလောက်တောင် သန်မာလား။ ”

သို့သော် ထိတ်လန့်ခြင်း မရှိသေးချေ။ ဤလှေကားထစ်ပေါ်ရှိ တာအိုအမိန့်များသည် အင်မော်တယ်များ ဖန်တီးထားသော တာအို စည်းမျဉ်းများမှ ဆင်းသက်လာခြင်းဖြစ်၏။

အမြင့်သို့ တက်လှမ်းလာသည်နှင့်အမျှ သတ်ဖြတ်လိုခြင်း ရည်ရွယ်ချက်များမှာ ပိုမို သိပ်သည်းလာပေမည်။

တစ်ဖက်လူသည် ယခုမှ ပထမလှေကားထစ်လေးကို တက်လှမ်းခြင်း မျှသာဖြစ်၏။

“ ဒီလှေကားကို တက်လိုက်တာနဲ့ တပြိုင်နက်တည်း မင်းမှာ ဒီနေ့သေဖို့အတွက် ကံပါလာပြီးသားပါ။ ”

နတ်တမန်အဘိုးအိုက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ကပ်ဘေးလှေကားထစ်မှာ စုစုပေါင်း (၉၉)ထစ်ရှိပြီး ဝင်စားခြင်းဥပဒေကို ဖျက်ဆီးရန် သီးသန့် ပြင်ဆင်ထားခြင်းဖြစ်၏။

ဒုတိယ လှေကားထစ်၊ တတိယ လှေကားထစ်။ စုရီတစ်ယောက် ပထမလှေကား ကဲ့သို့သို့ ကမ္ဘာကြီးတစ်ခုစီကို ဖြတ်ကျော် နေရလေသည်။

ဒုတိယလှေကားထစ်တွင် အနက်ရောင် သမုဒ္ဒရာကြီးထဲမှနဂါးများ၊ ရွှေတောင်ပဲမိုးကြိုး အတောင်ပံငှက်ဆိုးများနှင့် ကြီးမားသော လိပ်နတ်ဆိုးများကို ရင်ဆိုင်ခဲ့ရ၏။

ထိုသတ္တဝါများ၌ ကပ်ဘေးများဖြင့် လွှမ်းခြုံထားပြီး အလွန်အစွမ်းထက်သော်လည်း စုရီရှေ့၌ပင် သာမန်သားရဲများလိုပေပင်။

အကြောင်းမှာ ဝင်စားခြင်း ဥပဒေသည် သူတို့ပိုင်ဆိုင်ထားသော ထိုကပ်ဘေးစွမ်းအားကို နှိမ်နင်းနိုင်နေသောကြောင့် ဖြစ်သည်။

အချိန်အနည်းငယ်အတွင်းမှာပင် စုရီတစ်ယောက် ပုံရိပ်ယောင်အစီအရင်များကို တစ်ခုပြီးတစ်ခုရိုက်ချိုးကာ ရှေ့သို့လှမ်းတက် လာခဲ့သည်။

နာရီဝက်အတွင်း (၃၆)ထစ်မြောက် လှေကားပေါ်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ထိုအမြန်နှုန်းသည် နတ်တမန်အဖိုးကြီးကို အနည်းငယ် တည်ငြိမ်မှု ယို့ယွင်းလာစေ၏။

ဤလူငယ်၏ ကျင့်ကြံမှုသည် ကနဦးနတ်ဝိညာဉ် အဆင့်တွင်သာရှိသေးသည်။ သို့သော် တိုက်ပွဲဝင်စွမ်းအားမှာ ပေါင်းစည်းခြင်း အဆင့်နှင့် တိမ်ပေါ်ပျံသန်းခြင်းအဆင့်ကို ကျော်လွန်ကာ အင်မော်တယ်များအပေါ် ရင်ဆိုင်နိုင်နေ၏။

“ အံ့သြစရာ မရှိတော့ပါဘူး ... နတ်ဘုရားတွေအားလုံးက ဝင်စားခြင်းဥပဒေကို ဝိုင်းပြီး တားမြစ်ခဲ့ကြတာ တကယ်ပဲ မယုံနိုင်စရာပါပဲ ... ။ ”

တစ်ဖက်လူး ပြသနေသော ဝင်စားခြင်းဥပဒေသည် အမှန်ပင်ကြောက်စရာ ကောင်းလွန်းချေ၏။ ထိုစွမ်းအားဖြင့် ဖမ်းမိသည့် မည်သူမဆို ဝင်စားခြင်းသံသရာစက်ဝန်းအတွင်း အရာခပ်သိမ်း ပျက်ပြယ်သွားချေမည်။

“ နှမြောစရာပဲ ... ဒီဒေသကြီးဟာ သေမျိုးကမ္ဘာကြီးဖြစ်နေတယ် တကယ်လို့သာ အင်မော်တယ်နယ်မြေမှာသာဆိုရင် ဒီကလေး သုံးထစ်ထက် ပိုမတက်နိုင်ပါဘူး။ ”

လှေကားထစ်များပေါ်ရှိ နတ်မိစ္ဆာပုံရိပ်ယောင်များသည် ဤကမ္ဘာကြီး၌ ကန့်သတ်ခံထားရချေ၏။ အင်မော်တယ်တစ်ပါး ကဲ့သို့ အစွမ်းကုန်ထုတ်ပြနိုင်ခြင်းမရှိချေ။

“ ၅၀ ... ၅၁ ... ၅၂ ... ၅၃ ... ။ ”

ရုတ်တရက် စုရီမှ ခြေလှမ်းများကို ရပ်လိုက်ကာ ဆေးတစ်လုံးထုတ်သောက်လျက် တရားထိုင်တော့သည်။

လမ်းတလျှောက် သူ့ခွန်အားများကို များစွာသုံးဆွဲခဲ့ရချေပြီ။ သို့သော် ဤမတိုင်မီ အင်မော်တယ် သေလွန်ဝိညာဉ်များထံမှ အရင်းအမြစ်များ ရရှိထားသဖြင့် ခွန်အားကို ပြန်လည်ရယူရန် ခက်ခဲခြင်းမရှိချေ။

“ ဟမ့် ... မင်းကို ခွင့်ပြုမယ်ထင်လား။”

ထိုမြင်ကွင်းကြောင့် နတ်တမန်အဖိုးအိုက မိုးတိမ်အတွင်းမှနေပြီး လက်ဖဝါးကြီးတစ်ဖက် ဖိချလာခဲ့သည်။ သို့သော် စုရီသည် မျက်ဝန်းများ ချက်ချင်း ပြန်ဖွင့်လာကာ ကောင်းကင်ပေါ် ပျံတက်လာတော့၏။

“ ချွင် ... ။ ”

ကြည်လင်သော ဓားမြည်သံနှင့်အတူ ငရဲဘုံကိုပါးဓားရောင် အနည်းငယ်မျှပါဝင်သော ဓားအလင်းဖြင့် ခုတ်ပိုင်းချလိုက်သည်။

“ ဟမ့် ... ။ ”

ထိုဓားရှိ ဖျက်ဆီးခြင်းစွမ်းအားကြောင့် နတ်တမန်အဘိုးအိုခမျာ ထိတ်လန့်တကြားဖြင့် ဆုတ်ခွာထွက်ပြေးတော့၏။

“ ဘန်း ... ။ ”

သို့တိုင်ဓားအလင်းသည် သူ့ကို အနည်းငယ်ထိမှန်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပဲ့ကြွေပျောက်ကွယ်သွားစေ၏။

များမကြာခင် နတ်တမန်အဖိုးအိုသည် အဝေးတနေရာတွင် ပြန်ပေါ်လာပြီး မျက်နှာမှာ ဖြူလျော့တုန်ယင်နေခဲ့သည်။

သူသည် ကပ်ဘေးစွမ်းအားမှ ဖြစ်ပေါ်လာသော ဝိညာဉ်တစ်ကောင်ပေပင်။ ဝင်စားခြင်းဥပဒေသည် သူ့ကိုအနည်းငယ်မျှသာ ထိမှန်ခဲ့သည်မှာ ကံကောင်းချေ၏။

မဟုတ်သော် သူ၏ ဝိညာဉ်ခန္ဓာကို အမှန်တကယ်ပင် ဝင်စားခြင်းသံသရာအတွင်း ပျက်ပြယ်သွားစေနိုင်မည်။ ကြောက်မက်ဖွယ် ကောင်းချေ၏။

အခန်း ၁၀၈၀ -

နတ်ဘုရား ဆင်းသက်လာခြင်း ... ။

“ ဟမ့် ... ဒီစွမ်းအားလောက်နဲ့ ... မင်းကိုယ်မင်း နတ်ဘုရားတမန်တော်လို့ ခေါ်ဝံ့တာလား။ ”

စုရီမျက်ဝန်းများတွင် မထီမဲ့မြင်ပြုခြင်း အပြည့်ရှိနေ၏။ ထို့နောက် (၅၃)ထစ်မြောက် လှေကားသို့ ပြန်လည်ဆင်းသက်လိုက်သည်။

အဝေးတစ်နေရာ နတ်တမန်အဖိုးအိုမှာ မျက်နှာပျက်ယွင်းသွားကာ၊

“ အခု မင်းအတွက် (၁၀)နာရီတောင် မကျန်တော့ဘူး မကြာခင်အဲဒီမိန်းကသေတာကို မင်းကိုယ်တိုင်မြင်ရတဲ့အခါ ဒီလိုလှောင်ပြောင် နိုင်ဦးမလား ငါကြည့်မယ်။ ”

-ဟု တုန့်ပြန်လိုက်သည်။

စုရီမှ သူ့ကို လျစ်လျူရှုလျက် လှေကားထစ်ပေါ် ပြန်ထိုင်ချကာ တရားထိုင် တော့၏။

နတ်တမန်အဘိုးအိုသည်လည်း ဝင်စားခြင်းဥပဒေကို ကြောက်ရွံ့သဖြင့် ထပ်မံ၍ မနှောင့်ယှက်ရဲတော့ဘဲ ထိုမြင်ကွင်းထံ ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ချေ။

နာရီဝက်ခန့် ကြာပြီးနောက် စုရီ မျက်လုံးများဖြည်းညှင်းစွာ ပြန်ပွင့်လာသည်။ တစ်ဆက်တည်းမှာပင် ကျေနပ်သော အသွင်ဖြင့်၊

“ မဆိုးဘူး ... ဒီလမ်းတစ်လျှောက် တိုက်ပွဲတွေက ငါ့အတွက် အထောက်အကူ ပြုတယ်။ ”

-ဟု ရေရွတ်လိုက်၏။

လှေကားထစ် (၅၀)မျှ ဖြတ်ကျော် လာပြီးနောက် သူ့ကျင့်ကြံမှုသည် နတ်ဝိညာဉ် အလယ်အလတ်အဆင့်သို့ တစ်ဟုန်ထိုး ရောက်ရှိသွားချေပြီ။

တစ်ဆက်တည်းမှာပင် တိုက်ပွဲဝင် စွမ်းအားသည်လည်း လိုက်ပါမြင့်တက်လာ၏။ ထို့ကြောင့် ချက်ချင်းထရပ်ပြီး (၅၄)ထစ်မြောက် လှေကားသို့ လှမ်းတက်လိုက်သည်။

ဤအဆင့်မှစ၍ သူရင်ဆိုင်ရသော ရန်သူများသည် အလွန်အစွမ်းထက်လာခဲ့သည်။ သို့သော် သူ့ကိုတားဆီးရန် မလုံလောက်သေးဘဲ အနည်းငယ်မျှ ဟန့်တားနိုင်ရုံသာရှိ၏။

ဆန့်ကျင်ဘက်သားဖြင့် သူသည် ဝင်စသားခြင်းဥပဒေအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ ပိုမိုမြင့်မားလာသည်။

ထို့ပြင် ဆဋ္ဌမမြောက်ဘဝ ဝမ်ယဲ့၏ အတွေ့အကြုံများသည်လည်း သူ့တိုက်ပွဲဝင် စွမ်းအားဖြင့် လုံးဝပေါင်းစပ်လာခဲ့သည်။

ယခင်က ဗလာနယ်ပယ် အင်မော်တယ်တစ်ပါးကို သတ်ရန် ငရဲဘုံကိုးပါး ဓားအပေါ် အားကိုးခဲ့ရ၏။

ယခုမူ ဝင်စားခြင်းဥပဒေသီးသန့်ဖြင့် ချေမှုန်းနိုင်ပြီဖြစ်သည်။ နောက်ထပ် နှစ်နာရီခန့် ကုန်လွန်သွား၏။

စုရီတစ်ယောက် (၆၉)ထစ်မြောက် လှေကားထစ်ထံပါးသို့ ဆိုက်ရောက်ရှိလာသည်။ လမ်းတစ်လျှောက် ရန်သူများမှာပိုသန်မာလာပြီး သူ့ကို ဖိအားများပေးနိုင်ခဲ့၏။

ဤနေရာသို့ ရောက်ရန်ပင် အင်မော်တယ်ဆေးလုံးများ စားသုံးခဲ့ရကာ မကြာမကြာ အနားယူခဲ့ရ၏။

အင်အားပြည့်ဝမှသာ ရှေ့သို့ ဆက်တက်လမ်းဝံ့ချေပြီ။ ထို့ကြောင့် အရှိန်မှာ နှေးကွေးသွားပြီး လှေကားထစ်(၈၀)မြောက်သို့ ရောက်ရှိသောအခါ နောက်ထပ် သုံးနာရီ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။

သည့်ပြင် ခန္ဓာကိုယ်၌လည်း ဒဏ်ရာအချို့ရရှိထားချေပြီ။ ထိုဒဏ်ရာများမှာ မပြင်းထန်သော်လည်း နတ်တမန်အဘိုးအိုကိုမူ ရွှင်မြူးစေသည်။

“ ဟားဟားဟား ... ကောင်လေး ... မင်းအတွက်အချိန်က (၄)နာရီတောင်မကျန်ဘူး ဒါပေမယ့် မင်းရှေ့မှာ လှေကားထစ် (၁၉)ထစ် ကျန်နေသေးတယ် ...

... မကြာခင်မှာ အဲဒီမိန်းမကို ... ကောင်းကင်က မင်းရှေ့မှာတင် သတ်ပစ် တော့မယ် ဟားဟားဟား။ ”

စုရီမှ လျစ်လျူရှုလျက် ကပ်ဘေး လှေကားထစ်၏ အဆုံးတွင် ကောင်းကင်သည် ပင့်ကူအိမ်ကဲ့သို့ အက်ကြောင်းများပေါ်နေ သည်ကို သူ သတိပြုမိလိုက်၏။

နီမှောင်သော ကပ်ဘေးမိုးတိမ်များမှာ နတ်ဆိုးသားရဲပါးစပ်အလား ဝဲကယက်အဖြစ် လှည့်လည်နေပြီး အချိန်မရွေး ပြိုကျတော့မည် အနေအထား ဖြစ်လာသည်။

ထိုကပ်ဘေးသည်သာ ပြိုကျသော် ကြေးနီကျောက်တိုင်တွင် ချည်နှောင်ထားသော ဟုန်ယွင်သည်သာ ပထမဆုံးအမှုန့် ဖြစ်သွားပေလိမ့်မည်။

သို့တိုင် စုရီသည် အလျင်မလိုခဲ့ဘဲ တရားထိုင်ကာ ဒဏ်ရာများကို ကုသနေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် ထရပ်ကာ ရှေ့သို့ ဆက်တက်လာ၏။

ဤနေရာမှစ၍ လှေကားထစ် တစ်ထစ်တက်လိုက်တိုင်းတွင် သူ့ခန္ဓာကိုယ်၌ ဒဏ်ရာများ ပိုမိုပြင်းထန်လာခဲ့သည်။

ရန်သူများမှာ အလွန်ဆန်းကြယ်ကာ ဝင်စားခြင်းစွမ်းအားဖြင့် နှိမ်နင်းလိုက်သည့်တိုင် တုန့်ပြန်တိုက်ခိုက်နိုင်စွမ်း ရှိလာတော့၏။

နောက်ထပ် နှစ်နာရီမျှကုန်လွန်ပြီးနောက် (၉၁)ထစ်မြောက်သို့ ရောက်ရှိလာခဲ့သည်။ သူ၏ ခန္ဓာကိုယ်၌ဒဏ်ရာများသည်လည်း ပြည့်နှက်ပြီး ဝတ်ရုံမှာ သွေးချင်းချင်းနီနေ၏။

“ နှမြောစရာပဲ ... မင်းမှာ အခွင့်အရေး မရှိတော့ဘူး ဟားဟားဟား ... ။ ”

အဘိုးအိုက အဝေးမှနေ၍ ရယ်မောလိုက်သည်။ အချိန်အားဖြင့် တစ်နာရီ ခွဲခန့်သာ ကျန်ရှိတော့ပြီး လှေကားထစ်မှာ (၈)ထစ် ကျန်ရှိနေသေး၏။

အရေးအကြီးဆုံးမှာ ထိုစုရီသည် ဒဏ်ရာ ပြင်းထန်နေပြီဖြစ်သည်။ ဤအခြေအနေတွင် လမ်းအဆုံးထိရောက်ရန် မဖြစ်နိုင်တော့ချေ။

“ အခုချိန်မှာ ... မင်းလက်လျှော့ရင် အရင်လုပ်ခဲ့သမျှ အချည်းနှီးဖြစ်ပြီး အဲ့ဒီမိန်းမ သေလိမ့်မယ် ...

... မင်း လက်မလျှော့ရင်လည်း မင်းပါ သေရလိမ့်မယ် ... ရှေ့တိုးမရ .. နောက်ဆုတ်မရ ဖြစ်နေရတာဟာ လူ့လောကမှာ အကြီးမားဆုံး နှိပ်စက်ခြင်းပဲ မဟုတ်လား ... ဟမ့် ... မင်း။ ”

နတ်တမန်အဖိုးအိုတစ်ယောက် စကားမဆုံးခင်မှာပင် အပြုံးများ ခဲသွားသည်။ ဒဏ်ရာပြင်းထန်နေသော စုရီ၏ခန္ဓာကိုယ်မှ အတိုင်းအဆမဲ့သော ရောင်ဝါများ ရုတ်ချည်း ပွင့်ထွက်လာတော့၏။

ယင်းသည် ဆောင်းကုန်၍ နွေရောက်ချိန် သစ်ပင်အိုကြီးများ ပြန်၍စိမ်းလန်းလာသကဲ့သို့ ပေပင်။ မျက်စိတစ်မှိတ်အတွင်း ဒဏ်ရာများမှာ လုံးဝ ပျောက်ကွယ်သွားပြီး ယခင်ထက်များစွာ ပိုမိုအားကောင်းလာသည်။

“ အဆင့်ချိုးဖြတ်ပြန်ပြီလား ... ။ ”

နတ်တမန်အဘိုးအိုခမျာ မျက်လုံးအပြူးသားဖြင့် မှင်တက်သွားတော့၏။ တစ်ဖက်လူသည် အဆင့်သေးနှစ်ဆင့်ကို မျက်စိ ရှေ့၌ပင် တက်လှမ်းသွားချေပြီ။

တစ်ဖက်တွင် စုရီသည် ကောင်းကင်ပေါ် မော့ကြည့်ကာ၊

“ တကယ်ပဲ အချိန်က သိပ်မကျန်တော့ဘူး။”

-ဟု ညည်းတွားလိုက်၏။

လေဟာနယ်သည် ဖိအားကြောင့် လုံးဝကွဲအက်နေခဲ့ပြီး အချိန်နှင့်အာကာပြင် မုန်တိုင်းများ ထွက်ပေါ်လာနေသည်။

“ မေ့လိုက်ပါ ... လူကယ်ဖို့က ပိုအရေးကြီးတယ်။ ”

အဆုံးတွင် စုရီသည် ဤရှားပါးသော အခွင့်အရေးကိုလက်လွှတ်ကာ အမြန်ဆုံး တက်လှမ်းသွားရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူ့ခန္ဓာကိုယ်အတွင်းမှ ထူးခြားထက်ရှသော ဓားရောင်ဝါကြီးတစ်ခု ချက်ချင်းလင်းလက်လာတော့၏။

“ အဲဒါ ဘာလဲ။ ”

နတ်တမန်အဖိုးအိုမှာ မျက်ခုံးပင့် လိုက်လေသည်။ ထိုစဉ် သာမန်လှေကားထစ်ကို တက်လှမ်းနေသကဲ့သို့ စုရီတစ်ယောက် လျှောက်လှမ်းလာတော့၏။

ဤတစ်ကြိမ်တွင် မည်သည့် ဖိအားမျှ မခံစားရသကဲ့သို့ အရှိန်မှာ အဆပေါင်းများစွာ မြန်ဆန်လေသည်။ တစ်မိနစ်မပြည့်မီမှာပင် လှေကားတစ်ထစ်ကို ဖြတ်ကျော်နိုင်နေပြီ ဖြစ်သည်။

“ ဒါ ... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ... နောက်ဆုံး(၉)ထစ်မှာရှိနေတာ အပြင်းထန်ဆုံး အင်မော်တယ်ပုံရိပ်ယောင်တွေ မဟုတ်လား။ ”

နတ်တမန်အဖိုးကြီးခမျာ အသက်မရှူဝံ့တော့ချေ။ နာရီဝက်ခန့် ကြာလွန် ပြီးနောက် စုရီသည် (၉၉)ထစ်မြောက် လှေကားထံ ခြေချသွားပြီဖြစ်၏။

ထိုနေရာရှိ စင်္ကြံထက်တွင် ရှေးဟောင်းယဇ်ပလ္လင်တစ်လုံးနှင့် ဟုန်ယွင်ကို ချည်နှောင်ထားသော ကြေးနီတိုင်ကြီးရှိသည်။

စုရီ ရောက်ရှိလာသောအခါ ဟုန်ယွင်သည် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လာသည်။ ဖြူလျော့အားနည်းနေသော သူ့မျက်နှာပေါ်တွင် ရှက်ရွံ့ခြင်း အရိပ်အယောင်များ ပေါ်လာပြီး၊

“ ဒီတစ်ခါတော့ ... တာအိုစုကို ဒုက္ခပေးမိပြီ။”

-ဟု တိုးတိုးလေး ညည်းတွားလာ၏။

သူမ၏ခန္ဓာကိုယ်ပေါ်ရှိ ဆန်းကြယ်သော ကပ်ဘေးသံကြိုးများနှင့် မိုးကြိုးလျှပ်စီးများ၏ ရိုက်ခတ်ထားမှုကြောင့် သနားစဖွယ်ပေပင်။

ယခင်ကတည်ငြိမ်ကာ မည်သူမျှ မယှဉ်နိုင်သောအစွမ်းသတ္တိမျိုး ရှိခဲ့သော်လည်း ယခုမူ အကျဉ်းသားတစ်ဦး ဖြစ်နေချေ၏။

“ ဒီနေ့သတ်ကွင်းဟာ အဲဒီနတ်ဘုရားဆိုသူက ငါ့ကိုရည်ရွယ်ထားတာ ငါ့ကြောင့် မင်း ကြားညှပ်သွားတာ တောင်းပန် ရမယ်ဆိုရင် ငါကသာ တောင်းပန်ရမှာပါ။ ”

စုရီက နူးညံ့စွာ ပြောကြားလိုက်သည်။ ထို့နောက် ရှေ့သို့တက်လှမ်းကာ ခန္ဓာကိုယ်ရှိ မီးခိုးရောင်သံကြိုးများကို ချေမှုန်းပစ်၏။

“ ဝူး ... ။ ”

သို့သော် ထိုအချိန်မှာပင် ထူးဆန်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။ ဘေးရှိ ရှေးဟောင်းယဇ်ပလ္လင်ကြီးသည် ရုတ်တရက် မြည်ဟည်းလျက် ကပ်ဘေးအလင်းများ ကောင်းကင်ပေါ် ပစ်လွှတ်လိုက်၏။

“ ဘန်း ... ။ ”

ကောင်းကင်ထက်၌ လှည့်ပတ်နေသော တိမ်ထုကြီးသည် ထိုအလင်းတန်းကြောင့် လုံးဝ ပွင့်ထွက်သွားကာ အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာတော့သည်။

ထူထပ်လှသော ကပ်ဘေး တိမ်တိုက်များသည်လည်း ထိုအပေါက်ကြီးထဲသို့ လှိုဏ်ခေါင်းတစ်ခုပမာ တိုးဝင်ချိတ်ဆက် သွားတော့၏။

ဤသည်မှာ တစ်စုံတစ်ဦးသည် သူတို့ထံသို့ဆင်းသက်ရန် အာကာသဆုံမှတ်ကို လမ်းပြပေးနေသကဲ့သို့ပေပင်။ စုရီတစ်ယောက် မျက်ဝန်းများ မှေးစင်းလျက် ဟုန်ယွင်ကို ချက်ချင်းပွေ့ချီချကာ၊

“ မင်း အရင်ဆုံး ပုန်းနေလိုက်ဦး။ ”

- ဟု ဆိုလျက် ကြေးနီဘုံကျောင်းအတွင်း ထည့်သွင်းလိုက်ရသည်။

တစ်ဖက်တွင် သူ လုပ်ဆောင်ပြီးသည်နှင့် ရှေးဟောင်းယဇ်ပလ္လင်သည် ကြောက်မက်ဖွယ် အလင်းများထုတ်လွှတ်လျက် လေဟာနယ်ကို လွှမ်းခြုံပစ်တော့၏။

“ ဟမ့် ... ။ ”

စုရီတစ်ယောက် ရုတ်ချည်း မီးခိုးရောင် လှောင်အိမ်ကြီးထဲ ပိတ်မိသွား၏။ သူ့အတွက် ရှောင်တိမ်းခြင်း၊ ခုခံခြင်း စသည့် တစ်စုံတစ်ရာ ပြုလုပ်ရန်ပင် အချိန်မရလိုက်တော့ချေ။

“ ဟားဟားဟား ... ။ ”

ထိုမြင်ကွင်းကြောင့် နတ်တမန်အဘိုးအိုမှ သူ့အနားသို့ပျံသန်းလာပြီး အားရပါးရ ရယ်မော လာခဲ့သည်။

“ ငါ မင်းကိုပြောတယ် မဟုတ်လား ... မင်းဒီလမ်းကို တက်လိုက်တည်းက မင်း သေဖို့ ကံပါလာပြီးသားပဲလို့ ... တကယ့် ကပ်ဘေးက လှေကားပေါ်မှာ မဟုတ်ဘူး အဆုံးမှာပဲ ...

... ဒါပေမယ့် မင်း ဂုဏ်ယူနိုင်ပါတယ် သမိုင်းတလျှောက် အသက်ရှင်လျက် ဒီလှေကား အဆုံးထိဘယ်သူမှ မတက်နိုင်ဘူး၊ အတိတ်ရော အခုအချိန်မှာပါ ... မင်း ပထမဆုံးပဲ။ ”

ထိုနောက် နတ်တမန်အဖိုးအိုက ကောင်းကင်ပေါ် မော့ကြည့်လျက်၊

“ နှမြောစရာပဲ ... ဝင်စားခြင်းဥပဒေကို နတ်ဘုရားတွေက ခွင့်မပြုဘူး ဒီနေ့တော့ မင်းနဲ့ အဲဒီဝင်စားခြင်းဥပဒေဟာ အဆုံးသတ် ရတော့မယ်။ ”

-ဟု မှတ်ချက်ပေး၏။

တစ်ဖက်တွင် စုရီသည် တုန်လှုပ်ခြင်း အလျင်းမရှိခဲ့ဘဲ မီးခိုးရောင်ကပ်ဘေးလှောင်အိမ် အတွင်းမှနေပြီး၊

“ ဒီလောက်လေးနဲ့ ငါ့ကို ပိတ်လှောင်ထားနိုင်မယ် မင်းတကယ် ထင်နေတာလား။ ”

-ဟု တုန့်ပြန်မေးမြန်းလိုက်သည်။

“ ဘာတွေ အလျင်လိုနေတာလဲ ... ဝင်စားခြင်းဥပဒေသကို ဖျက်ဆီးနိုင်ဖို့ဆိုတာ နတ်ဘုရားတစ်ပါးကသာ စွမ်းဆောင် နိုင်ပါတယ်။ ”

နတ်တမန်အဘိုးအိုက စိုးရိမ်ခြင်းမရှိဘဲ ပြုံးလျက် ကောင်းကင်ပေါ် မော့ကြည့်ပြီးနောက် တုန့်ပြန်လာခဲ့၏။

ထိုအပြုအမူကြောင့် စုရီသည်လည်း မျက်မှောင်ကြုတ်သွားကာ အဖိုးအိုနည်းတူပင် ကောင်းကင်ပေါ် မော့ကြည့်လိုက်လေသည်။

ကောင်းကင်ရှိ ဆန်းကြယ်သော လှိုဏ်ခေါင်းအတွင်းမှ လေးလံပြင်းထန်လှသည့် ရောင်ဝါတစ်ခု တဖြည်းဖြည်း နီးကပ်လာနေ သည်ကို မြင်လိုက်ရတော့၏။

“ ဒါနတ်ဘုရားတစ်ပါးလား ... ။ ”

***

All Chapters