← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း။ ၄၇

နောက်တစ်နေ့ နံနက်စောစော၊ ကျောက်စိမ်းအိုးမျှော်စင်။

ကျောက်စိမ်းအိုးမျှော်စင်၏ အလုပ်သမားတစ်ဦးဖြစ်သော ကျန်းဆန်းသည် ဧည့်သည်များကို ကြိုဆိုရန် အဝင်ဝတွင် တာဝန်ကျနေသည်။

သူ့အနားတွင် အခြားအလုပ်သမား နှစ်ဦးလည်း ရှိနေပြီး တစ်စုံတစ်ခုကို တိုးတိုးတိုးတိုးဖြင့် အတင်းအဖျင်း ပြောနေကြ၏။

ယခုမှာ ဆောင်းအလယ်ဖြစ်ရာ နေမင်းမှာ ထွက်ပြူစပင် ရှိသေးသော်လည်း လေထုထဲတွင်မူ အအေးဓာတ်က စိမ့်ဝင်နေဆဲပင်။

ကျန်းဆန်းသည် သူ၏လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ကာ ခြေထောက်ကို ခပ်ပြင်းပြင်း ဆောင့်လိုက်မိသည်။ အခြားသူနှစ်ဦးနှင့် စကားပြောရန် စိတ်မပါဘဲ လကုန်လျှင် ရမည့်လစာဖြင့် အဝါရောင်အင်္ကျီတစ်ထည် ဝယ်ရန်သာ စဉ်းစားနေမိတော့သည်။

ကျောက်စိမ်းအိုးမျှော်စင်သည် စည်းကမ်းကြီးပြီး အလုပ်ချိန် ရှည်လျားသော်လည်း လစာမှာမူ အခြားစားသောက်ဆိုင်နှင့် တည်းခိုခန်းများထက် ၂၀ ရာခိုင်နှုန်းခန့် ပိုမိုများပြားသည်။

၎င်းမှာ သူ အမြဲတမ်း ဂုဏ်ယူနေရသည့် အချက်လည်း ဖြစ်သည်။

လယ်သမားတစ်ဦး၏ သားဖြစ်သော်လည်း ခရိုင်အတွင်း၌ ဤကဲ့သို့ အလုပ်အကိုင် ရရှိထားခြင်းမှာ သူ့အား ကျေးရွာအတွင်း၌ ခေါင်းမော့ရင်ကော့၍ နေနိုင်စေခဲ့သည်။

ထိုစဉ် ရုပ်ရည်ချောမောသော လူငယ်တစ်ဦး ချဉ်းကပ်လာခဲ့သည်။

ဆောင်းရာသီ ဖြစ်သော်လည်း ထိုလူငယ်မှာ ပါးလျသော အဝတ်အစားကိုသာ ဝတ်ဆင်ထားပြီး ခါးတွင် ဓားရှည်တစ်လက် ချိတ်ဆွဲထားကာ သွယ်လျသော်လည်း သန်စွမ်းသော အသွင်အပြင် ရှိသည်။

သူ၏ ရုပ်ရည်မှာ ဆွဲဆောင်မှုရှိပြီး အသားအရေမှာ ဖြူစင်ဝင်းပနေကာ အထူးသဖြင့် တောက်ပ၍ ထက်မြက်သော သူ၏ မျက်ဝန်းများမှာ လူတစ်ဖက်သားအပေါ် စွဲထင်ကျန်ရစ်စေသည်။

ကျန်းဆန်း၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး နွေးထွေးစွာ နှုတ်ဆက်လိုက်၏။

"အစ်ကိုကု... ဒီနေ့ အစောကြီး ရောက်လာပါလား။ ဝိညာဉ်ဆေးမြစ်များ ရှာတွေ့ခဲ့လို့လားဗျ"

ရောက်ရှိလာသူမှာ ကုယွမ်ဖြစ်ပြီး သူက ထိုစကားကြောင့် အသာအယာ ရယ်မောလိုက်ကာ "ဝိညာဉ်ဆေးမြစ်ဆိုတာ ပေါင်းပင်မှ မဟုတ်တာ အဲဒီလောက် ရှာရမလွယ်ပါဘူး။ ဒါပေမဲ့ ငါ တကယ်ရှာတွေ့ခဲ့ရင်တော့ မင်းကို သေချာပေါက် အရက်တိုက်ပါ့မယ်" ဟု ပြောလိုက်သည်။

"ဪ... ကျွန်တော့်လို လူငယ်လေးကို အစ်ကိုက တိုက်စရာ မလိုပါဘူး"

ကျန်းဆန်းက လက်ကို အကြိမ်ကြိမ် ယမ်းကာ ငြင်းဆိုလိုက်ပြီး "ဒါပေမဲ့ ကျွန်တော့်အဖေ သိမ်းထားတဲ့ အရက်ကောင်း တစ်အိုးတော့ ရှိတယ်။ အစ်ကိုသာ လာခဲ့မယ်ဆိုရင် ကျွန်တော်ကပဲ ပြန်ပြီး ဧည့်ခံပါရစေ"

"ကောင်းသားပဲ... ငါ ဝမ်းမြောက်ဝမ်းသာနဲ့ လာခဲ့မှာပေါ့..."

ကုယွမ်သည် ကျန်းဆန်းနှင့် ခဏမျှ စကားပြောနေစဉ် ကျန်ရှိသော အလုပ်သမား နှစ်ဦးမှာမူ မည်သည့်စကားမျှ မဆိုဘဲ အေးစက်စွာ စောင့်ကြည့်နေကြသည်။

ကုယွမ် အထဲသို့ ဝင်သွားပြီးမှသာ တစ်ဦးက လှောင်ပြောင်သည့်လေသံဖြင့်

"ကျန်းဆန်း... မင်းက ကုယွမ်အပေါ်မှာ ဒီလောက်အထိ ယဉ်ကျေးပျူငှာလိမ့်မယ်လို့ ငါ မထင်ထားဘူး"

"ဒါပေါ့"

ကျန်းဆန်းက ဂုဏ်ယူဝင့်ကြွားသော မျက်နှာထားဖြင့် "ငါ ကြွားပြောတာ မဟုတ်ဘူး။ အစ်ကိုကုဆိုတာ သာမန်လူ မဟုတ်ဘူး။ သူ အရင်က ဆေးမြစ်ရှာဖွေသူ ဘယ်လိုလုပ်ရမလဲဆိုတာ ငါ့ကို လာမေးခဲ့တာ။ တစ်လတောင် မပြည့်ခင်မှာပဲ ဝိညာဉ်ဆေးမြစ် ရှာတွေ့ပြီး ကျောက်စိမ်းအိုးမျှော်စင်ရဲ့ ဆေးမြစ်ရှာဖွေသူ ဖြစ်လာခဲ့တာလေ..."

"တော်စမ်းပါ"

ကျန်းဆန်း စကားမဆုံးခင်မှာပင် အလုပ်သမားတစ်ဦးက နှာခေါင်းရှုံ့လိုက်ကာ "သူက ဘယ်လောက်ပဲ ထူးခြားနေပါစေဦး။ ဒီကို ရောက်တာ တစ်လပဲ ရှိသေးတဲ့ လူသစ်ပဲ မဟုတ်

လား။ ငါ့အမြင်ကို ပြောရရင် ကုယွမ်ကို ဖားနေမယ့်အစား ငါတို့ စီမံခန့်ခွဲသူကို မျက်နှာချိုသွေးတာကမှ ပိုပြီး အကျိုးရှိဦးမယ်"

"လူသစ်ဖြစ်တော့ ဘာဖြစ်လဲ"

ကုယွမ်ကို မကောင်းပြောသည်ကို ကြားလိုက်ရသဖြင့် ကျန်းဆန်းမှာ စိတ်မသက်မသာ ဖြစ်သွားပြီး ပြန်လည် တုံ့ပြန်လိုက်၏။

"အစ်ကိုကုက ဒီကိုရောက်တာ မကြာသေးဘူး ဆိုပေမဲ့ ငါ့အပေါ်မှာ အမြဲတမ်း ယဉ်ကျေးတယ်။ ငါ့ကိုလည်း ဘယ်တော့မှ အထင်မသေးဘူး။ ကျန်တဲ့လူတွေထဲမှာကော ဘယ်သူက ငါ့ကို အရေးတယူ ဆက်ဆံဖူးလို့လဲ။ ဥပမာပြောရရင် မင်းရဲ့ ငယ်သူငယ်ချင်းဆိုရင် မင်းတို့က ညီအစ်ကိုတွေလို ခင်ကြတာလို့ ပြောခဲ့တယ် မဟုတ်လား။ ဒါပေမဲ့ သူ သိုင်းဆရာဆီမှာ တပည့်ခံပြီးကတည်းက မင်းတို့ကို အလေးအနက် ထားဖူးလို့လား"

"အဲဒါကတော့..."

ထိုအလုပ်သမား နှစ်ဦးမှာ ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားကြတော့သည်။

လူတို့သည် အောင်မြင်မှု ရရှိလာသည့်အခါ ဘဝင်မြင့်လာတတ်ကြပြီး ဘေးပတ်ဝန်းကျင်ရှိ လူများကို အထင်အမြင်သေးတတ်ကြသည်မှာ သဘာဝပင်။ ကျန်းဆန်း၏ စကားကြောင့် ထိုနှစ်ဦးမှာ စကားမဆက်နိုင်တော့ချေ။

သူတို့ သုံးဦး စကားပြောနေစဉ်မှာပင် ပိုးထည်အင်္ကျီကို ဝတ်ဆင်ကာ ခါးတွင် ဓားရှည်ချိတ်ဆွဲထားသော ယန်ကျန်းဖေး အဝေးမှ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

သို့သော် ပုံမှန်အားဖြင့် အမြဲတမ်း ပေါ့ပါးလန်းဆန်းနေတတ်သော ယန်ကျန်းဖေး၏ မျက်နှာမှာ ယခုမူ မှောင်မှောင်မှိုင်မှိုင်နှင့် စိတ်အနှောင့်အယှက် ဖြစ်နေပုံရ၏။

သူ၏ လက်မောင်းတစ်ဖက်ကို အဖြူရောင် ပတ်တီးများဖြင့် စည်းနှောင်ထားပြီး သွေးစွန်းရာ အနည်းငယ်နှင့်အတူ ပြင်းထန်လှသော ဆေးနံ့များ ထွက်ပေါ်နေသည်။

ထိုအလုပ်သမား သုံးဦးမှာ လူကဲခတ် ကျွမ်းကျင်သူများ ဖြစ်ကြသဖြင့် ချက်ချင်းပင် စကားစဖြတ်ကာ ရိုသေစွာ နှုတ်ဆက်လိုက်ကြတော့သည်။

"သခင်လေးယန်... နှုတ်ဆက်ပါတယ်ခင်ဗျာ"

ယန်ကျန်းဖေးသည် သူတို့ကို တစ်ချက်ကလေးပင် လှည့်မကြည့်ဘဲ ခပ်တည်တည်မျက်နှာထားဖြင့် အဆောက်အအုံအတွင်းသို့ တန်းတန်းမတ်မတ် ဝင်သွားတော့သည်။

အလုပ်သမားအနည်းငယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တိတ်တဆိတ် ခေါင်းခါယမ်းမိကြ၏။ သူတို့မှာ ကျောက်စိမ်းအိုးမျှော်စင်၏ အလုပ်သမားလေးများသာ ဖြစ်သော်လည်း တစ်ဦးချင်းစီမှာ သတင်းအချက်အလက် အလွန်စုံလင်သူများ ဖြစ်ကြသည်။

သခင်လေးယန်သည် တတိယသခင်မလေးကို ပိုးပန်းနေသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် သူတို့ရှေ့တွင် ပုံမှန်အားဖြင့် ဖော်ရွေပျူငှာသည့်ဟန် ဖမ်းလေ့ရှိကြောင်း ပြောစမှတ်ရှိကြသည်။ သို့သော် ယန်ကျန်းဖေး၏ ရိုးတွင်းခြင်ဆီအထိ စိမ့်ဝင်နေသော မောက်မာမှုမှာမူ လူတိုင်းအတွက် ထင်ရှားလှသည်။ ယနေ့တွင်မူ သူသည် ထိုဟန်ဆောင်မှုမျိုးကိုပင် လုပ်ချင်စိတ် မရှိတော့ပုံပင်။

ဒီလိုလူမျိုးကများ တတိယသခင်မလေးကို ပိုးပန်းဖို့ အိမ်မက်မက်နေတယ်။ တကယ့်ကို စိတ်ကူးယဉ်ဆန်လွန်းတာပဲ

သူတို့အုပ်စုမှာ စိတ်ထဲမှပင် ကဲ့ရဲ့ရှုံ့ချနေကြတော့သည်။ ထိုစဉ် အဆောက်အအုံအတွင်းသို့ ဝင်သွားသော ယန်ကျန်းဖေးမှာ ရုတ်တရက် အပြင်သို့ ပြန်ထွက်လာပြီး အေးစက်စွာ မေးလိုက်သည်။

"ခုနက ကုယွမ် ဒီကို လာသွားသေးလား"

"ဗျာ..."

အုပ်စုမှာ အတင်းအဖျင်းပြောလက်စ အတွေးများဖြင့် နစ်မွန်းနေသဖြင့် ကာယကံရှင် ပြန်ထွက်လာသည်ကို မြင်သောအခါ အနည်းငယ် အနေရခက်သွားကြသည်။ သို့သော် ကျန်းဆန်းက အလျင်အမြန်ပင် တုံ့ပြန်လိုက်ကာ "ဟုတ်ကဲ့ လာသွားပါတယ်။ အစ်ကိုကု အထဲကို ဝင်သွားပါပြီ" ဟု ပြုံးလျက် ဖြေကြားလိုက်၏။

"ဟွန်း"

ဤစကားကို ကြားလိုက်ရသောအခါ ယန်ကျန်းဖေး၏ မျက်နှာမှာ ပိုမိုဆိုးဝါးသွားပုံရပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်ကာ အထဲသို့ ပြန်ဝင်သွားတော့သည်။

ဒီငနဲ ဆေးမှားသောက်လာတာလား မသိဘူး...

လူအနည်းငယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လျက် ဇဝေဇဝါ ဖြစ်နေကြသည်။

ဒါပေမဲ့ သူက ကုယွမ်အကြောင်းကို ဘာလို့ လာမေးတာလဲ။ သူ့မျက်နှာကြည့်ရတာ မိန်းမအိမ်ပေါ်က ဆင်းသွားသလိုပဲ။ ကုယွမ်က သူ့ကို တစ်ခုခု ပြစ်မှားထားလို့လား။

သူတို့မှာ အမျိုးမျိုး ခန့်မှန်းနေစဉ်မှာပင် မျက်ခုံးတန်းတန်း၊ နှုတ်ခမ်းနီနီနှင့် အသားဖြူစင်သော မိန်းကလေးတစ်ဦး ချဉ်းကပ်လာခဲ့သည်။ ချက်ချင်းပင် ၎င်းတို့၏ အတင်းအဖျင်းအတွေးများကို သိမ်းဆည်းလိုက်ပြီး ရိုသေစွာဖြင့်

"တတိယသခင်မလေးကို နှုတ်ဆက်ပါတယ်ခင်ဗျာ"

"အင်း..."

ရှရှုရွှယ်မှာ အနည်းငယ် မျက်နှာဖြူဖျော့နေသော်လည်း စိတ်အားတက်ကြွနေပုံရပြီး အဆောက်အအုံအတွင်းသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။ ခြေတစ်လှမ်း အဝင်မှာပင် သူမသည် ရုတ်တရက် ရပ်တန့်လိုက်ကာ လှည့်မေးလိုက်၏။

"ဒါနဲ့... မင်းတို့ အစောကြီး ရောက်နေတာဆိုတော့ ခုနက ကုယွမ်ကို တွေ့လိုက်မိလား"

"ဗျာ... အစ်ကို... ကုယွမ်လား"

သူတို့မှာ နေရာတွင်ပင် ဆွံ့အသွားကြပြီး တစ်ဦးကိုတစ်ဦး စိုက်ကြည့်မိကြတော့သည်။ စိတ်ကူးများမှာလည်း အဝေးသို့ လွင့်ပျံကုန်၏။

ဒါက ဘယ်လိုအခြေအနေကြီးလဲ။

ယန်ကျန်းဖေးက ကုယွမ်အကြောင်း မေးတာကတော့ ကုယွမ်က သူ့ကို ရန်စထားလို့ပဲဖြစ်ဖြစ် တစ်စုံတစ်ရာကြောင့် ဖြစ်နိုင်သေးသော်လည်း တတိယသခင်မလေးကပါ ဘာလို့ လာမေးရတာလဲ။

အကျိုးအကြောင်းအရဆိုလျှင် ကုယွမ်မှာ ဆေးမြစ်ရှာဖွေသူတစ်ဦး ဖြစ်သော်လည်း အခြေခံအားဖြင့် ကျေးတောသားတစ်ဦးသာ ဖြစ်သည်။

အဆင့်အတန်းအရဆိုလျှင် တတိယသခင်မလေးရှနှင့် အလှမ်းဝေးလွန်းလှပြီး ပုံမှန်အားဖြင့် မည်သည့်ဆက်ဆံရေးမျှ မရှိသင့်ချေ။

သူမက ဘာလို့ ကုယွမ်အကြောင်းကို အခုမှ လာမေးနေရတာလဲ။

နေပါဦး... ခုနက ယန်ကျန်းဖေးရဲ့ မျက်နှာက မိန်းမအခိုးခံလိုက်ရတဲ့အတိုင်း ပျက်ယွင်းနေတာရယ်၊ အခု တတိယသခင်မလေးကပါ ကုယွမ်ကို စိတ်ဝင်တစား မေးနေတာရယ်ကို ကြည့်ရင်...

ဒါဟာ...

ဟင်း...

လူအနည်းငယ်မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဖြစ်နိုင်ခြေတစ်ခုကို ချက်ချင်း တွေးမိသွားကာ အံ့အားသင့်သွားကြတော့သည်။ အသက်ကို ပြင်းပြင်းရှူလိုက်မိသဖြင့် ပတ်ဝန်းကျင် အပူချိန်ပင် အနည်းငယ် လျော့ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။

ကုယွမ်သည် ကျောက်စိမ်းအိုးမျှော်စင်အတွင်းသို့ ဝင်ရောက်ကာ အရောင်းကောင်တာတစ်ခုသို့ သွား၍ သူ၏ငွေများဖြင့် ဆေးလုံးအချို့ကို ဝယ်ယူလိုက်သည်။ ၎င်းတို့အနက် အများစုမှာ မူလအသက်စွမ်းအားကို မြှင့်တင်ပေးသော အကြောနှင့် အရိုးများကို သန်မာစေသော အာဟာရဖြည့်စွက်ဆေးများ ဖြစ်ကြပြီး သူ၏ နေ့စဉ်ကျင့်ကြံမှုအတွက် လုံလောက်ရုံမျှသာ ဖြစ်သည်။

မြွေရစ်ပတ်ခြင်းပါရမီ၏ မြှင့်တင်ပေးမှုကြောင့် သူ၏ ကျင့်စဉ်မှာ အကြောသန့်စင်ခြင်း အဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီဖြစ်သည်။ ယခုအချိန်တွင် သံပူခိုက် ရိုက်ရမည့်အချိန်ဖြစ်ရာ အကြောသန့်စင်ခြင်းအဆင့်ကို အမြန်ဆုံး အဆုံးသတ်ပြီး အရိုးသန့်စင်ခြင်းအဆင့်သို့ စောစီးစွာ ဝင်ရောက်နိုင်ရန် သူ ရည်မှန်းထားသည်။

ဤခရီးစဉ်တွင် ကုယွမ်သည် များစွာကို မြင်တွေ့ခဲ့ရသည်။ အဆင့်မြင့်သိုင်းပညာရှင်များ၏ စစ်မှန်သောချီစွမ်းအင် ထိပ်တိုက်တွေ့မှုများ၊ ကာကွယ်ရန် ခက်ခဲလှသော အဆိပ်ပိုးမွှားများနှင့် မှော်လက်နက်များမှာ အလွန်ပင် လျှို့ဝှက်နက်နဲလှသည်။

ယန်ဟန်နှင့် သံမဏိကျားတို့ကဲ့သို့သော အရိုးသန့်စင်ခြင်း အထွတ်အထိပ်သို့ ရောက်နေသည့် သိုင်းဆရာကြီးနှစ်ဦး၏ တိုက်ပွဲကပင် ကုယွမ်အား သတိပေးချက်တစ်ခု ဖြစ်စေခဲ့သည်။ ထိုနှစ်ဦးအနက် မည်သူမဆို ကုယွမ်နှင့် ထိပ်တိုက်တိုက်ခိုက်လျှင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်စွမ်း ရှိကြရာ အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးနှင့်ဆိုလျှင် ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။

အခန်း။ ၄၈

ဝေချွမ်းသာ လော့ရှန့်ရဲ့ ခြုံခိုတိုက်ခိုက်မှုကို မခံရဘူးဆိုရင် လော့ရှန့်နဲ့ အဘိုးမို နှစ်ယောက်လုံးကို တစ်ယောက်တည်းနဲ့တောင် ဖိနှိပ်ထားနိုင်လောက်တဲ့ အစွမ်းမျိုး ရှိတာ။

ပြီးတော့ အဲဒီလို ခန့်မှန်းရခက်ပြီး ထူးဆန်းတဲ့ အဆိပ်အတတ်တွေနဲ့ဆိုရင် သူက တကယ့်ကို ကြောက်စရာကောင်းတဲ့သူပဲ။ ဒီလူတွေနဲ့ နှိုင်းယှဉ်ရင် ငါ့ရဲ့အင်အားက အများကြီး လိုအပ်နေသေးတယ်။

"ဒီလိုနဲ့ပဲ ငွေတုံးအနည်းငယ်တော့ ကုန်သွားပြန်ပြီ..."

ကုယွမ်သည် ငွေပေးချေပြီးနောက် ရရှိလာသော ဆေးပုလင်းအချို့ကို သူ၏ဝတ်ရုံအတွင်း၌ သိမ်းဆည်းလိုက်သည်။ သိုင်းဆရာတစ်ဦးအနေဖြင့် သိုင်းပညာလေ့ကျင့်ရာတွင် အသုံးစရိတ် အလွန်များပြားလှပြီး အထူးသဖြင့် အဆင့်တစ်ခုမှ တစ်ခုသို့ တက်လှမ်းရန် ကြိုးစားချိန်တွင် ပို၍ပင် ကုန်ကျစရိတ်များလှသည်။

ယခုဝယ်ယူလိုက်သော ဆေးပုလင်းအနည်းငယ်မှာ အလွန်ဆုံးရှိလှမှ ဆယ်ရက်မှ ဆယ့်ငါးရက်ခန့်သာ အသုံးခံပေလိမ့်မည်။ သံမဏိကျားထံမှ ရရှိခဲ့သော အပိုငွေတုံး ငါးရာသာ မရှိခဲ့လျှင် ကုယွမ်၏ စုဆောင်းငွေမှာ ဤကုန်ကျစရိတ်များကို ကာမိရန်ပင် မလွယ်ကူဘဲ နေ့စဉ်ကျင့်ကြံမှုအတွက်ပင် အခက်တွေ့နိုင်သည်။

"ဒီသာမန်ဆေးတွေရဲ့ အာနိသင်ကတော့ ပုံမှန်ပါပဲ။ ဒီဆေးလုံးတွေကိုပဲ အားကိုးပြီး ရိုးတွင်းခြင်ဆီသန့်စင်ခြင်းအဆင့်မှာ အောင်မြင်မှုရဖို့ဆိုရင် အနည်းဆုံး သုံးလကနေ ငါးလလောက် ကြာလိမ့်မယ်။ ငါသာ ကျားသစ်သန္ဓေ ရိုးတွင်းခြင်ဆီသန့်စင်ဆေးလုံးကို ရနိုင်မယ်ဆိုရင်တော့ သိပ်ကောင်းမှာပဲ"

ကုယွမ် သက်ပြင်းချလိုက်မိသည်။ သူသည် အကြောသန့်စင်ခြင်းအဆင့်အတွက် အထူးထုတ်လုပ်ထားသော ဤဝိညာဉ်ဆေးလုံးကို မျက်စိကျနေခဲ့သည်မှာ ကြာပြီဖြစ်သည်။ အကယ်၍ ထိုဆေးလုံးကို ရရှိခဲ့ပါက သူသည် ရိုးတွင်းခြင်ဆီသန့်စင်ခြင်းအဆင့်တွင် တိုက်ရိုက်ပင် အောင်မြင်မှု ရရှိသွားနိုင်သည်။

ကံမကောင်းစွာဖြင့် ထိုကဲ့သို့သော ဝိညာဉ်ဆေးလုံးတစ်လုံးမှာ ငွေတုံး ငါးရာ့ငါးဆယ်အပြင် အမှုထမ်းမှတ်နှစ်ရာပင် ပေးရသေးသည်။ ၎င်းမှာ အတွင်းလူများအတွက် သတ်မှတ်ထားသော ဈေးနှုန်းသာ ဖြစ်၏။ ပြင်ပလူများ ဝယ်ယူလိုပါက ဈေးဆစ်ရန်ပင် အခွင့်အရေးမရှိဘဲ ငွေတုံးတစ်ထောင် တိတိပေးရမည် ဖြစ်သည်။

ကုယွမ်အနေဖြင့် ထိုမျှအထိ မတတ်နိုင်သေးချေ။ ငွေကြေးအရဆိုလျှင် သူ၏စုဆောင်းငွေအားလုံးကို စုစည်းလိုက်ပါက မနည်းခြစ်ကုတ်၍ ရနိုင်သော်လည်း အမှုထမ်းမှတ်ပိုင်းတွင်မူ အလွန်ပင် လိုအပ်နေသေးသည်။

ယွင်မုန့်တောင်တန်း၏ အစွန်အဖျားတွင် တွေ့ရှိရသော အဝါရောင်နွယ်ပင်ဆေးမြစ်အချို့မှာမူ ယင်ဓာတ်နှင့် ယန်ဓာတ်ကို အားဖြည့်ပေးသော အာနိသင်ရှိပြီး များသောအားဖြင့် ဝိညာဉ်ဆေးလုံးအချို့အတွက် အရန်ပစ္စည်းများအဖြစ်သာ အသုံးပြုကြသည်။ ၎င်းတို့သည် အကြော သို့မဟုတ် အရိုးသန့်စင်ခြင်းအတွက်ဆိုလျှင် အာနိသင်မှာ သာမန်မျှသာဖြစ်သဖြင့် တိုက်ရိုက်စားသုံးပါက အနည်းငယ် နှမြောစရာ ကောင်းလှသည်။

နှမြောစရာ ကောင်းသည်ဆိုသော်လည်း ကုယွမ်မှာမူ ထိုအရာများကို သူ့ဘာသာသူ အသုံးပြုရန်သာ စီစဉ်ထားသည်။ ဖုန်တက်ခံထားမည့်အစား အိုးထဲရောက်သွားခြင်းကမှ ပို၍ အကျိုးရှိဦးမည်ပင်။

၎င်းအပြင် အားဝူ (ကြွက်)၊ အားဟွမ် (ကင်းခြေများ) နှင့် ပါးစပ်ကြီး(မြွေ) တို့မှာလည်း ကြီးထွားမှုအဆင့်တွင် ရှိနေကြသဖြင့် ၎င်းတို့သာ ဝိညာဉ်ဆေးမြစ်အချို့ကို စားသုံးနိုင်ပါက ကြီးထွားမှုနှုန်းမှာ သိသိသာသာ မြန်ဆန်လာမည်မှာ အသေအချာပင်။

၎င်းတို့ အရွယ်ရောက်လာပြီး တာအိုအနှစ်သာရမှတ်များ လုံလောက်စွာ စုဆောင်းမိသွားပါက ဤအဖော်ငယ် သုံးကောင်လုံးမှာ ဆင့်ကဲပြောင်းလဲနိုင်မည် ဖြစ်သလို ၎င်းတို့၏ ပါရမီစွမ်းအားများမှာလည်း ကုယွမ်ထံသို့ ပြန်လည်စီးဝင်လာမည် ဖြစ်သည်။ ယခုအခါ ကုယွမ်သည် ဝိညာဉ်အိမ်မွေးတိရစ္ဆာန်များ၏ ပါရမီကောင်းချီးပေးမှုကြောင့် ရရှိလာသော အကျိုးကျေးဇူးများကို ကောင်းစွာ နားလည်နေပြီဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် သူ၏ အဖော်ငယ် သုံးကောင်ဆီမှ ကောင်းချီးပေးမှုသာ မရှိခဲ့ပါက ယနေ့ကဲ့သို့ အောင်မြင်မှုမျိုး သူရရှိမည် မဟုတ်ချေ။ ထို့ကြောင့် ဤဝိညာဉ်အိမ်မွေးတိရစ္ဆာန်များ၏ ပါရမီကောင်းချီးပေးမှုသည်သာ သူ၏ကျင့်ကြံမှုအတွက် အခြေခံအုတ်မြစ်ပင်။

ကုယွမ်သည် သူ၏အမှုထမ်းဆုလာဘ်ကို တောင်းခံရန် လော့ရှန့် သို့မဟုတ် ယန်ဟန်တို့အနက် မည်သူ့ထံသို့ သွားရမည်ကို စဉ်းစားနေစဉ်မှာပင် နောက်ကျောဘက်မှ ခြေသံအချို့ ထွက်ပေါ်လာသည်။

သူ လှည့်ကြည့်လိုက်သောအခါ ယန်ကျန်းဖေးနှင့် ရှရှုရွှယ်တို့ မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။ ယန်ကျန်းဖေးမှာမူ မျက်နှာပျက်ယွင်းနေပြီး ဘာမှမပြောဘဲ ကုယွမ်ကို အေးစက်စွာသာ စိုက်ကြည့်နေသည်။ သူ့ပုံစံမှာ ကုယွမ်အပေါ် အတော်ပင် ရန်လိုနေပုံရ၏။

ကုယွမ်မှာမူ သူ့ကို ဂရုမစိုက်နိုင်အားချေ။

"တတိယသခင်မလေးကို နှုတ်ဆက်ပါတယ်"

ရှရှုရွှယ်ကိုမူ ကုယွမ်က ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။ ရှရှုရွှယ်က ခေါင်းညိတ်ပြပြီး

"ငါ့အဖေက မင်းကို တွေ့ချင်နေတယ်။ ငါနဲ့အတူ လိုက်ခဲ့ပါ"

"ကောင်းပါပြီ"

ကုယွမ်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် ခေါင်းညိတ်ကာ သူမနောက်သို့ လိုက်ပါသွားတော့သည်။ ဤတာဝန်တွင် သူ၏ ထူးချွန်သော စွမ်းဆောင်ရည်နှင့် ရှရှုရွှယ်၏ အသက်ကို ကယ်တင်ခဲ့မှုတို့ကြောင့် ဤသို့ ခေါ်ယူခြင်းဖြစ်မည်ကို သူ ကောင်းစွာ နားလည်ထားသည်။

ထို့ကြောင့် စိတ်ခံစားချက်အရဖြစ်စေ၊ ကျိုးကြောင်းဆင်ခြင်မှုအရဖြစ်စေ ရှမင်ယန်အနေဖြင့် သူ့ကို တွေ့ဆုံရန် လိုအပ်သည်။

သို့သော် ကုယွမ်ကိုယ်တိုင်လည်း အမြဲတမ်း လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသော ဤခန်းမခေါင်းဆောင်ကို အတော်ပင် စူးစမ်းလိုစိတ် ဖြစ်နေမိသည်။ ရှမင်ယန်သည် ပိုင်လျန်ခရိုင် ကျောက်စိမ်းအိုးမျှော်စင်၏ အကြီးအကဲဖြစ်ရုံမျှမက အဆင့်မြင့်သိုင်းပညာရှင်တစ်ဦးလည်း ဖြစ်ရာ သာမန်လူများ၏ အမြင်တွင်မူ အလွန်မြင့်မားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

သူ၏ ရန်ဘက်ဖြစ်နိုင်ချေရှိသော ချန်အိမ်တော်ပင်လျှင် သူ့ကို အနည်းငယ်မျှပင် ရန်မစရဲကြချေ။ ကုယွမ်ကဲ့သို့ ကျောက်စိမ်းအိုးမျှော်စင်အတွင်းမှ ဆေးမြစ်ရှာဖွေသူတစ်ဦးအဖို့ သူ့ကို တွေ့ဆုံခွင့်ရရန်မှာ မလွယ်ကူလှပေ။ သို့သော် ကုယွမ်သည် အမှန်တရားကိုလည်း ကောင်းစွာနားလည်ထားသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဆေးမြစ်ရှာဖွေသူဟူသည် တစ်စုံတစ်ဦး၏ လက်အောက်ခံ အလုပ်သမားမျှသာဖြစ်ပြီး အသုံးချခံ ကိရိယာတစ်ခုသာ ဖြစ်သည်။

ယန်ကျန်းဖေးမှာမူ သူတို့နောက်သို့ မသိမသာ လိုက်ပါရန် ကြိုးစားနေခဲ့သည်။ ၎င်းကို မြင်သောအခါ ရှရှုရွှယ်က မျက်မှောင်ကြုတ်လိုက်ပြီး ဤလူမှာ အခြေအနေကို နားမလည်ဟု တွေးတောကာ ချက်ချင်းပင် "အစ်ကိုရန်... ရှင့်ရဲ့ ဒဏ်ရာတွေက မသက်သာသေးဘူးလေ။ ပြန်ပြီး အနားယူတာက ပိုကောင်းပါလိမ့်မယ်" ဟု ပြောလိုက်သည်။

၎င်းမှာ ခန်းမခေါင်းဆောင်က ကုယွမ်တစ်ယောက်တည်းကိုသာ တွေ့လိုခြင်းဖြစ်ပြီး ယန်ကျန်းဖေးကို မဆိုလိုကြောင်း သွယ်ဝိုက်၍ ပြောလိုက်ခြင်းပင်။ ယန်ကျန်းဖေး၏ မျက်နှာမှာ ပြာနှမ်းသွားပြီးနောက် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ ခြေလှမ်းများကို ချက်ချင်း ရပ်တန့်လိုက်ရတော့သည်။

ကုယွမ်နှင့် ရှရှုရွှယ်တို့သည် တတိယထပ်သို့ တက်လှမ်းလာခဲ့ကြသည်။ အခန်းတစ်ခု၏ ရှေ့တွင် ရှရှုရွှယ်က တံခါးကို အသာအယာ ခေါက်လိုက်၏။ မကြာမီမှာပင် အခန်းအတွင်းမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဝင်ခဲ့ပါ"

နှစ်ဦးသား တံခါးကို တွန်းဖွင့်ကာ ဝင်ရောက်သွားကြသည်။ အခန်းအတွင်း၌ လူသုံးဦး ရှိနေ၏။ တစ်ဦးမှာ အထွေထွေမန်နေဂျာ လော့ရှန့်ဖြစ်ပြီး နောက်တစ်ဦးမှာ ဝတ်ရုံဖြူဝတ်ထားသော အဘိုးမို ဖြစ်သည်။

နောက်ဆုံးတစ်ဦးမှာမူ အရပ်အမောင်း မြင့်မားကာ အချိုးအစားကျနပြီး ခန့်ညားထည်ဝါသော ရုပ်ရည်ရှိသည့် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ အသားအရေမှာ ဖြူစင်နုနယ်ကာ မျက်ဝန်းထောင့်များတွင် အရေးအကြောင်း အနည်းငယ် ရှိနေခြင်းက လူလတ်ပိုင်း အမျိုးသားတစ်ဦး၏ ဆွဲဆောင်မှုအပြည့် ရှိနေစေသည်။

သူသည် ငြိမ်သက်စွာ မတ်တတ်ရပ်နေသော်လည်း လွှမ်းမိုးချုပ်ကိုင်ထားနိုင်သော အရှိန်အဝါတစ်ခု ရှိနေသည်။ လော့ရှန့်နှင့် အဘိုးမိုကဲ့သို့သော အဆင့်မြင့်သိုင်းပညာရှင်များပင်လျှင် သူ၏ အရှိန်အဝါအောက်တွင် မှေးမှိန်နေရပြီး အခန်းအတွင်းသို့ ဝင်လာသူတိုင်းမှာ သူ့ကိုသာ အလိုအလျောက် အရင်ဆုံး အာရုံရောက်သွားကြရသည်။

ကုယွမ်၏ ပထမဆုံးအတွေးမှာ ပါးစပ်ကြီးသို့မဟုတ် အားဝူတို့ကို ယူမလာခဲ့မိခြင်းမှာ ကံကောင်းသည်ဟူ၍ ဖြစ်သည်။ သို့မဟုတ်ပါက ဤအဆင့်မြင့်သိုင်းပညာရှင်ကြီးများ၏ ရှေ့တွင် ဖုံးကွယ်ထားသမျှ ပေါ်သွားနိုင်သည်။ ကုယွမ်က ထိုလူလတ်ပိုင်းအမျိုးသားကို ကြည့်လိုက်သည့်အခါ အမျိုးသားကလည်း ၎င်းကို အာရုံခံမိပုံရပြီး သူ၏ မျက်ဝန်းများကို အသာအယာ ရွှေ့ကာ လှမ်းကြည့်လိုက်သည်။

ဝုန်း….

ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်ရှိ အရာအားလုံး ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကုယွမ်သည် နီမြန်းသော အလင်းတန်းများ ဖြာထွက်နေသည့် မျက်ဝန်းတစ်စုံကိုသာ မြင်တွေ့နေရတော့သည်။ ၎င်းမှာ သွေးစွန်းနေခြင်းမျိုး မဟုတ်ဘဲ တောက်လောင်နေသော မီးခဲများကဲ့သို့ ပြင်းထန်သော အနီရောင်မျိုး ဖြစ်သည်။

သူ၏ အကြည့်အောက်တွင် ကုယွမ်သည် သူ၏ ပတ်ဝန်းကျင်၌ ပြင်းထန်သော အပူရှိန်များ ပေါက်ကွဲထွက်လာသကဲ့သို့ ခံစားလိုက်ရသည်။ လေထုမှာ လောင်မြိုက်နေသဖြင့် ပုံပျက်ယွင်းနေပြီး သူ့အား မီးဖိုကြီးတစ်ခုကဲ့သို့ ဝန်းရံထားကာ လည်ချောင်းများ ခြောက်ကပ်ပြီး တစ်ကိုယ်လုံး အရည်ကြည်ဖုများ ထွက်လာသကဲ့သို့ ပူလောင်လှသည်။

"မင်းက ကုယွမ်လား"

ထိုလူလတ်ပိုင်းအမျိုးသားက စကားပြောလိုက်သည်။ သူ၏ အသံထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကုယွမ် ခံစားနေရသော အပူရှိန်အားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ ဤအချက်ကပင် ဤလူ၏ ထူးကဲလှသော ကျင့်စဉ်အဆင့်ကို သက်သေပြနေခြင်းပင်။ မျက်လုံးအကြည့်မျှဖြင့် အာရုံချောက်ခြားမှုကို ဖန်တီးနိုင်စွမ်း ရှိသည်။

ဒါဟာ အင်အားပြပြီး ခြောက်လှန့်လိုက်တာပဲ။ နောက်ထပ် ဘာလာမလဲ။ ဆုပေးတာနဲ့ စည်းကမ်းထုတ်တာတွေ ဆက်လာမှာပေါ့...

ကုယွမ်သည် စိတ်ထဲမှ တွေးတောနေမိသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်သော မျက်နှာထားဖြင့် ရိုသေစွာ အလေးပြုလိုက်ကာ "လက်အောက်ခံ ကုယွမ် ခန်းမခေါင်းဆောင်ကို ဂါရဝပြုပါတယ်" ဟု ပြောလိုက်သည်။ ထို့နောက် လော့ရှန့်နှင့် အဘိုးမိုတို့ကိုလည်း အစဉ်လိုက် နှုတ်ဆက်လိုက်၏။

"ရပါပြီ"

ရှမင်ယန်က အသာအယာ ခေါင်းညိတ်ပြသည်။ သူ၏ လေသံမှာ အေးစက်စက်ရှိနေသော်လည်း "ငါ မင်းကို ဘာကြောင့် ဒီကို ခေါ်လိုက်သလဲဆိုတာ သိလား" ဟု မေးလိုက်သည်။

ကုယွမ်က မျက်တောင်ခတ်လိုက်ပြီး တည်ကြည်စွာဖြင့် "ကျွန်တော် ဒီတာဝန်မှာ အမှုထမ်းကောင်းခဲ့လို့ ခန်းမခေါင်းဆောင်က ဆုလာဘ်ပေးဖို့ အထူးတလည် ခေါ်ယူလိုက်တာ ဖြစ်ရပါမယ်" ဟု ပြန်ဖြေလိုက်သည်။

သူ၏ ပွင့်လင်းလွန်းလှသော စကားကြောင့် လူတိုင်းမှာ အံ့အားသင့်သွားကြသည်။ ကုယွမ်က ဤမျှအထိ ရိုးသားစွာ ပြောဆိုလိမ့်မည်ဟု မည်သူမျှ မထင်ထားကြချေ။ ရှရှုရွှယ်မှာမူ မျက်နှာကို လက်နှင့်ပင် အုပ်လိုက်ချင်စိတ် ပေါက်သွားတော့သည်။

ဒီလူငယ်လေးက တကယ်ပဲ အမြင်စူးရှတာလား ဒါမှမဟုတ် ဘာမှမသိတာလား။ ဆုလာဘ်ကို လိုချင်ရင်တောင် ဒီလောက်ကြီးတော့ တည့်တည့်မပြောသင့်ဘူး မဟုတ်လား

"ဒီကောင်လေးကတော့ တကယ့်ကို စိတ်ဝင်စားဖို့ ကောင်းတာပဲ..."

အဘိုးမိုက သူ၏ မုတ်ဆိတ်ကို သပ်ကာ ရယ်မောလိုက်သည်။

ရှမင်ယန်မှာ ခဏမျှ ဆွံ့အသွားပြီးနောက် ပြုံးလျက် ခေါင်းခါလိုက်ကာ "တကယ့်ကို ပွင့်လင်းတဲ့ လူငယ်လေးပဲ" ဟု ပြောလိုက်သည်။

ထို့နောက် "ဒါပေမဲ့ မင်းပြောတာလည်း မမှားပါဘူး။ မင်းက ဒီကိုရောက်တာ တစ်လပဲ ရှိသေးပေမဲ့ ငါတို့ ကျောက်စိမ်းအိုးမျှော်စင်အတွက် အတော်လေးကောင်းခဲ့တယ်။ ဒါကြောင့် မင်းအတွက် ဆုလာဘ်တွေ ပေးဖို့ကတော့ သေချာပါတယ်။ ခဏနေရင် ရှုရွှယ်က မင်းကို ဆုလာဘ်တွေ သွားထုတ်ဖို့ ခေါ်သွားပေးလိမ့်မယ်" ဟု ပြောလိုက်သည်။

All Chapters