← Chapters

လေ့ချန်ရဲ့ရွေးချယ်မှု

Vol. 8 Ch. 99

လေ့ချန်ရဲ့ရွေးချယ်မှု

Vol. 8 Ch. 99

နှစ်ဦးကြား ဆက်သွယ်ထားတဲ့ သွေးမျှင်တန်း ပြတ်ထွက်သွားချိန်မှာ လေ့ချန် သွေးတစ်ပွက် အန်လို့ တုန်ယင်သွားတယ်။

နန့်စုန့်ရဲ့ ရိုက်ချက်ကြောင့် ရှန့်ဟန်ဟာ ဖြူရော်တဲ့ မျက်နှာနဲ့ ပေပေါင်း ရာ​ကျော်လောက် နောက်ကို ယိမ်းယိုင်သွားတယ်။ နှုတ်ခမ်းထောင့်စွန်းက သွေးစီးကျလာတယ်။ သူ့မျက်နှာမှာ ဝေခွဲမရ ဖြစ်နေမှုနဲ့အတူ နာကျင်စရာ နောင်တတွေ ရှိနေတယ်။ နန့်စုန့်ကို မျက်နှာချင်းဆိုင် မကြည့်ရဲသလို ခေါင်းငုံ့လို့ ထားတယ်။

အဖြစ်အပျက်ဟာ သိပ်ကို မြန်ဆန်လွန်းတယ်။ မျက်စိတစ်မှိတ် အတွင်းမှာ ကစားကွက် ပြောင်းသွားတယ်။ စုမင်ဟာ ရှန့်ဟန်ကို စိုက်ကြည့်လို့ နာနာကျည်းကျည်း ပြုံးပြလိုက်တယ်။

ရှန့်ဟန်ပါးစပ်က သွေးတွေ ဆက်တိုက်ထွက်လာပြီးတော့ မျက်နှာဟာ သွေးဆုတ် ဖြူရော်နေတယ်။ ရုတ်တရက် ခေါင်းမော့လို့ ကောင်းကင်ယံထက်ကို အော်ဟစ်လိုက်တယ်။ သူ့ ဟစ်ကြွေးသံဟာ စိတ်ပျက် ဝမ်းနည်းဖွယ်အတိ ဖြစ်တယ်။ စုမင်နဲ့ နန့်စုန့်ကို မကြည့်တော့ဘဲ တောထဲကို တစ်ဟုန်ထိုး ပြေးသွားတယ်။ နှလုံးခုန်သံ တစ်ချက်အတွင်းမှာ သစ်တောအုပ်ဆီ သူရောက်သွားတယ်။ မချိမဆန့် အော်ငိုသံနဲ့အတူ ရှန့်ဟန်ဟာ သစ်ပင်ချုံနွယ်တွေ ကြားမှာ ကွယ်ပျောက်သွားတယ်။

အရင်ကတည်းက ဒီလိုတွေ ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ဆီမှာ ရက်စက်တဲ့အပြုံး ထွက်ပေါ်လာတယ်။

နန့်စု့န်ကို ဦးတည် တိုက်ခိုက်နေတဲ့ ဝတ်ရုံနက်ဟာ ကိုယ်ပေါ်မှာ ဒဏ်ရာတွေ ရနေပေမဲ့လို့ အဆက်မပြတ် တိုက်ခိုက်နေဆဲ။

နန့်စုန့်ရဲ့ သွေးရောင်ကင်းမဲ့နေတဲ့ မျက်နှာမှာ ပူဆွေးသောကတွေ ရှိနေတယ်။ ပိန်ခြောက်ကပ်နေတဲ့ သူ့ကိုယ်ခန္ဓာဟာ အရိုးစု တစ်ခုလိုပဲ။ လခြမ်းသဏ္ဌာန် ဓားဟာ သူ့နောက်ကျော ထဲမှာ ခပ်နက်နက် စိုက်ဝင်နေပြီး အဲဒီ ဒဏ်ရာကနေ သွေးမတိတ်နိုင်ဘဲ အဆက်မပြတ် သွေးထွက် နေတယ်။

မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်နဲ့ အနက်ဝတ်လူဟာ နန့်စုန့် အနားကို နီးကပ်လာချိန်မှာ သူ့ဆီက လှောင်ရယ်သံ ထွက်ပေါ်လာတယ်။ ပူဆွေးသောကတွေ ရောစွက်နေတဲ့ ရယ်သံနဲ့အတူ သူ့ကိုယ် တစ်ခုလုံးဟာ ရှေ့ကို ယိမ်းထိုးသွားတယ်။ ချက်ချင်းဆိုသလို ရှည်လျားတဲ့ အက်ကွဲကြောင်း တစ်ခုဟာ သူ့မျက်ခုံးအလယ်မှာ ဖြစ်ပေါ်လာတယ်။ လူပုံသဏ္ဌာန် မှုန်ပျပျ အစိမ်းရောင် ရှိတဲ့အရာဟာ ခွဲကြောင်းထဲက ထွက်လာပြီး ရန်သူတွေ ရှိရာကို ရောက်သွားတယ်။

အဲဒီ ပုံရိပ်စိမ်းဟာ အနက်ဝတ်လူနဲ့ မျိုးနွယ်စု ခေါင်းဆောင် အနီးရောက်လာချိန်မှာ ပေါက်ကွဲသွားပြီး အနားမှာ ရှိသမျှကို မွှေနှောက် နိုင်သွားစေတဲ့ ထိတ်လန့်ဖွယ် အားတစ်ခု ဖန်တီး ပေးလိုက်တယ်။ အရင်ကတည်းက ဒဏ်ရာရထားတဲ့ ဝတ်ရုံနက်ဟာ ဒီအကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုကို ခံနိုင်ရည် မရှိတော့ဘဲ ချက်ချင်း မျက်လုံးမှိတ်လို့ အော်ဟစ်ပြီး နောက်ကို ဆုတ်လိုက်ရတယ်။

ဒဏ်ရာ အပြင်းအထန် ရထားတဲ့ နန့်စုန့်တစ်ယောက် ဒီလို လုပ်နိုင်မယ်လို့ မျိုးနွယ်စု ခေါင်းဆောင်ဟာ မျှော်လင့်မထားဘူး။ သူ့ကိုယ်မှာ နက်နက် စိုက်ဝင်နေတဲ့ ဓားကောက်မှာ သွေးခဲစေနိုင်တဲ့ အဆိပ်တစ်မျိုး ပါတယ်လို့ သူသိထားတယ်။ ဒီအဆိပ်ဟာ တန်ခိုးကြီးတဲ့ မာန်စွမ်းအားရှင်တွေကို သွေးကြောတွေ ပေါက်ကွဲပွင့်ထွက် မလာဖို့ တားဆီး ပေးနိုင်တာကြောင့် နန့်စုန့်ကို အခုလိုအနီးကပ် တိုက်ခိုက်ရဲတာ ဖြစ်တယ်။

ဒီဓားနဲ့ နက်မှောင်တောင် အကြီးအကဲကို သတ်ဖို့ မဟူရာတောင် အဖွဲ့သားတွေက ပြင်ဆင် ထားခဲ့ပေမဲ့ မျှော်လင့် မထားခဲ့တဲ့ အခြေအနေတွေကြောင့် နန့်စုန့်အတွက် ဖြစ်သွားခဲ့တယ်။

မျိုးနွယ်စု ခေါင်းဆောင်ဟာ သွေးတစ်ပွက် အန်သွားတယ်။ သူတို့နောက်ကို တစ်ချိန်လုံး လိုက်နေ ခဲ့ရတာကြောင့် ကိုယ်ပေါ်က ဒဏ်ရာတွေကို ခံနိုင်စွမ်း မရှိ​တော့ဘူး။ သူ သွေးအန်ပြီးတာနဲ့ အသက်ရှူနှုန်း တဖြည်းဖြည်း နှေးသွားတယ်။ မြေပြင်ပေါ်ကို ခြေချမိချိန်မှာ မျက်နှာပေါ်က အံ့အားသင့်နေတဲ့ အကြည့်နဲ့အတူ ရာချီတဲ့ ပေပေါင်းများစွာ အနောက်ကို လဲကျသွားတယ်။

ပုံရိပ်စိမ်း ပေါက်ကွဲချိန်မှာ နန့်စုန့်ရဲ့ မျက်လုံးတွေဟာ စူးရှလင်းလက်နေပြီး သူ့ဒဏ်ရာတွေ ပျောက်သွားသလို မတ်တတ် ရပ်ကြည့်နေတယ်။ ရှေ့တစ်လှမ်းတိုးလို့ ဒဏ်ရာရနေတဲ့ အနက်ဝတ်လူ ရှေ့မှာ ရပ်ပြီး တစ်ဖက်လူ ဘာမှ မတွေးနိုင်ခင်မှာ ရင်ဘက်ကို လက်သီးတစ်ချက် ပစ်ကျွေးလိုက်တယ်။

ပေါက်ကွဲသံနဲ့အတူ ဝတ်ရုံနက်ဟာ တုန်ခါလို့ သူ့ရင်ဘက်ဟာ စုတ်ပြဲသွားတယ်။ မျက်လုံးတွေ မှိန်ဖျော့လာပြီးနောက် ခဏအကြာမှာ သေဆုံးသွားတော့တယ်။

နန့်စုန့် ရှေ့ဆက်တိုးတယ်။ မလှမ်းမကမ်းက မဟူရာ​တောင် မျိုးနွယ်စု ခေါင်းဆောင်ဆီ အကြည့် ရောက်သွားတယ်။ သူ့အကြည့်တွေဟာ တည်ငြိမ်အေးစက်လို့ နေတယ်။ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ မျက်နှာမှာ ကြောက်ရွံ့ထိတ်လန့်နေတဲ့ အကြည့်တွေ ရှိနေပြီး စူးစူးဝါးဝါး အော်ဟစ်လို့ မြန်မြန်ဆန်ဆန် နောက်ပြန် ဆုတ်လိုက်တယ်။

သူ့ဘေးနားက လူတစ်ယောက်ကို ဆွဲယူလို့ ထူးဆန်းတဲ့ စွမ်းအားတချို့ ထည့်သွင်းပြီး နောက်မှာတော့ အနားကို ကပ်လာတဲ့ နန့်စုန့်ဆီကို ပစ်ပေါက်လိုက်တယ်။

မဟူရာတောင် အဖွဲ့သားဆီက ကြောက်မက်ဖွယ်ရာ အော်သံ ထွက်လာပေမဲ့ သူ့ကိုယ်ခန္ဓာဟာ ရုတ်တရက် ပေါက်ကွဲသွားတာကြောင့် သွေးစက်တွေဟာ ပတ်ပတ်လည်ကို လွင့်စဉ်သွားတယ်။

အသွေးအသားထဲထိ ကြောက်လန့်တုန်လှုပ်နေတဲ့ မျိုးနွယ်စု ခေါင်းဆောင်ဟာ အော်ဟစ်လိုက်တယ်။

"နောက်ပြန်ဆုတ်ကြ”

မဟူရာတောင် မျိုးနွယ်စုအဖွဲ့သား လေးယောက်ရဲ့ ကာကွယ်မှု အောက်မှာ မျိုးနွယ်စု ခေါင်းဆောင်နဲ့ အခြားလူ လေးယောက်ဟာ ဘာကိုမှ ဂရုစိုက် မနေတော့ဘဲ တောထဲကို သွေးရူးသွေးတန်း ထွက်ပြေး သွားကြတယ်။ သူတို့ တကယ့်ကို ထိတ်လန့် တုန်လှုပ်နေတယ်။ နန့်စုန့်ရဲ့ အင်အားက သူတို့ကို မယုံကြည်နိုင် ဖြစ်သွားစေတယ်။

မျိုးနွယ်စု ခေါင်းဆောင်ဟာ သေရမှာကို ကြောက်နေမိတယ်။ ဒီနေရာမှာ သူ ဆက်မနေရဲဘူး။ မဟူရာတောင်က စစ်ကူတပ်တွေ လမ်းမှာလာနေတာ သူသိတယ်။ ဒီလူအုပ်နဲ့ တွေ့တာနဲ့ သူတို့ ဘေးကင်းသွားမှာ ဖြစ်တယ်။

"ဒီလိုလုပ်ဖို့ စဉ်းတောင် မစဉ်းမစားနဲ့”

နန်ဆုန်ဟာ သွေးကြော ဖောက်ခွဲဖို့နေတဲ့ မဟူရာတောင် အဖွဲ့သားကို တစ်ချက်ကလေးတောင် အလွတ် မပေးဘူး။ ညာလက်ကို ဝှေ့ယမ်းလိုက်တာနဲ့ ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သွေးမှုန် သွေးစက်တွေဟာ ပျံ့နှံ့သွားတယ်။ မြေပြင်ပေါ်မှာ ခြေချမိတာနဲ့ လက်နှစ်ဖက် စလုံးသုံးပြီး မြေကြီးပေါ်ကို ရိုက်ချလိုက်တယ်။

လူငါးယောက် ရပ်နေတဲ့ အောက်က မြေပြင်ဟာ ချက်ချင်း လှုပ်ခါလာတယ်။ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ကို ချုပ်ကိုင်ဖို့ ကြီးမားတဲ့ ရွှံ့နွံ လက်တစ်ဖက်ဟာ မြေကြီးထဲက ထွက်လာတယ်။ မျိုးနွယ်စု ခေါင်းဆောင်ဟာ အသေအလဲ ထိတ်လန့်သွားပြီးတော့ သူသေမှာကို ရှောင်ရှားဖို့ အနီးက သူ့ရဲ့ နောက်လိုက်တစ်ယောက်ကို တွန်းထုတ်လိုက်တယ်။ ပြီးတော့ နောက်ပြန် မလှည့်တော့ဘဲ တောထဲကို အပြေး ထွက်သွားတယ်။

"မဟူရာတောင် မျိုးနွယ်စုကို ဂုဏ်ကျက်သရေ ညှိုးနွမ်းစေတဲ့ မာန် လူဖျင်းလူညံ့တွေ အားလုံး ထွက်သွားကြစမ်း"

နန့်စုန့်က သူတို့နောက်ကို လိုက်မသွားဘဲ အဲဒီနေရာမှာ မတ်တတ်ရပ်လို့ တောထဲကို ဗဟိုပြုလို့ လှမ်းအော်လိုက်တယ်။

ဒါတွေ အားလုံးဟာ ဝင်သက်အနည်းငယ် အတွင်းမှာ ဖြစ်ပျက်သွားခဲ့တယ်။ စုမင်ဟာ နန့်စုန့် ရပ်နေတဲ့ အနားကို အလျင်အမြန် ပြေးသွားခဲ့တယ်၊ မဟူရာတောင်က လူတွေ ထွက်ပြေးသွားချိန်မှာ နန့်စုန့်အရှိန် နှေးသွားပြီး တစ်ကိုယ်လုံး အားနည်းယိုင်နဲ့သွားတယ်။

“ငါတို့မျိုးနွယ်စု အန္တရာယ် ကင်းမှာပါ … မဟူရာ နက်မှောင်တောင်က တပ်ကူတွေဟာ အခု ရောက်လာနိုင်မှာ မဟုတ်ဘူး။ သူတို့ရဲ့ မာန်စွမ်းအားရှင် တော်တော်များများဟာ သေဆုံးခဲ့တာကြောင့် နောက်ပြန်ဆုတ်ဖို့ တပ်ခေါက်ဖို့ စတွေးနေလောက်ပြီ”

နန်ဆုန်ဟာ အဲဒီနေရာမှာ ဆက်ရပ်နေတယ်။ မျက်ခုံး အလယ်ဗဟိုက ကွဲကြောင်းဟာ မှိန်ပျပျ အလင်းရောင်ကို ထုတ်လွှတ်ပေးနေတယ်။

“မင်းရဲ့ အကြီးအကဲကို ပေးထားတဲ့ကတိ ငါဖြည့်ဆည်း ပေးပြီး​ပြီ … ငါ့အသက်ကို ကယ်ခဲ့တဲ့ အတွက်လည်း အကြွေးဆပ်ပြီးပြီ …"

နန်ဆုန်ဟာ စုမင်ကို ကြည့်လို့ မျက်နှာပေါ်မှာ အပြုံးတစ်ချက် ပေါ်လာတယ်။

“အဘိုး နန့်စုန့် …”

စုမင် တိုးတိုးပြောတယ်။

“ငါ့ကို ရှန့်ဟန် မတိုက်ခိုက်ခဲ့ရင်တောင် ငါကြာကြာ နေရတော့မှာ မဟုတ်ဘူး။ မင်းတို့ ဒဏ်ရာတွေကို ဆေးကုဖို့ ငါ စိမ်းလန်းကြိုးမျှင် ပညာရပ်သုံးပြီး လေ့ချန်ဆီက ယူထားတဲ့ အသက်ကို ငါမသေခင် ပြန်ပေးချင်ပေမဲ့ အခု ငါလုပ်ပေးလို့ မရတော့ဘူး။'

နန်ဆုန်ဟာ သက်ပြင်းချလို့ ကောင်းကင်ကို ခေါင်းမော့ကြည့်တယ်။ အဝေးက ကောင်းကင်ဟာ အနီရောင် မြူခိုးတွေနဲ့ ဖုံးကာထားခံရပြီးတော့ မိုးကြိုး ထစ်ချုန်းသံတွေဟာ အထဲက ထွက်လာတယ်။ မော့စန်းဟာ အံကြိတ် တိုက်ခိုက်​ပြီး တင်းခံထားတယ်ဆိုတာ သူသိတယ်။

“ရှန့်ဟန်ကို တွေ့ခဲ့ရင် … ဘာကြောင့်လဲလို့ ငါ့အတွက် သူ့ကို မေးပေးပါ”

နန့်စုန့်ဟာ လက်နောက်ပစ်လို့ မျက်လုံး မှိတ်ထားလိုက်တယ်။ သူ့ကိုယ်ဟာ အမြစ်တွယ်ထား ခံနေရသလို မလှုပ်မယှက် ရပ်နေတယ်။ သူ့အရှေ့မှာ တောနက်​ကြီး ရှိနေတယ်။ အနောက်မှာတော့ မဟူရာတောင်က အဖွဲ့သားတွ ထွက်ပြေးတုန်းက ချန်ရစ်ခဲ့တဲ့ ခြေရာတွေ ရှိနေတယ်။

လရောင်ခြည် မျှင်တန်းတွေနဲ့ တောက်ပနေတဲ့ သူ့ရဲ့ အရိပ်ဟာ ရှည်းလျားလို့ နေတယ် … စုမင်ရင်ထဲမှာ ဝမ်းနည်းပူဆွေးမှု လှိုင်းလုံးတွေ ရိုက်ခတ်နေတယ်။ အသက်မဲ့နေပြီ ဖြစ်တဲ့ နန့်စုန့်ကို ကြည့်နေမိတယ်။ သူ့ ကိုယ်ခန္ဓာကို မထိမိစေဘဲ အနောက်နည်းနည်း ဆုတ်လို့ မြေပြင်ပေါ်မှာ သုံးကြိမ် ဒူးထောက် ကန်တော့တယ်။

"စုမင် …”

လေ့ချန်ဟာ အားတင်းပြီး စုမင် နံဘေးသွားလို့ ဒူးထောက်လိုက်တယ်။ သူ့မျက်နှာမှာလည်း ဝမ်းနည်း ကြေကွဲမှုတွေ ရှိနေတယ်။

လူငယ်လေးဟာ ဆယ်ကျော်သက် တစ်ယောက်နဲ့ မတူတော့ဘဲ အသက်လေးဆယ်အရွယ် လူကြီးတစ်ယောက်နဲ့ တူတယ်။

ခဏအကြာမှာ သူတို့ကို နူးညံတဲ့ လေပြည်လေညင်း တိုက်ခတ်လို့ မြေပြင်ပေါ်က နှင်းမှုန် နှင်းစက်တွေကို ရှင်းလင်းလိုက်တဲ့အပြင် သေသွားပြီးတာတောင် အိပ်ပျော်နေသယောင် ဖြစ်နေတဲ့ နန့်စုန့်ရဲ့ ဆံပင်တွေကို သပ်လို့ စုမင်နဲ့ လေ့ချန်ရင်ကိုပါ လှုပ်ခတ်သွားစေတယ်။

“အခု မျိုးနွယ်စု အန္တရာယ် ကင်းလောက်ပြီ … လေ့ချန် ပြန်ကြစို့”

စုမင်ဟာ တိတ်တဆိတ် မတ်တတ် ရပ်လိုက်တယ်။ အရှေ့က တောနက်ကြီးကို ကြည့်နေတဲ့ သူ့မျက်ဝန်းတွေဟာ အေးစက်မာကြောနေတယ်။

လေ့ချန်ဟာ မြင်နိုင်စွမ်း မရှိတော့တဲ့ သူ့ ညာမျက်လုံးကို ကိုင်လိုက်တယ်။ သူခေါင်းမခါခင် အတွေးကမ္ဘာထဲမှာ ခဏလောက် မျောနေမိတယ်။

“ငါ ပြန်မလိုက်တော့ဘူး။

“ငါ ခွန်အားကြီး သန်မာလာဖို့အတွက် နည်းလမ်းရှာမယ် … ငါခွန်အားပြည့် စွမ်းအားရှိမှ သူများ အနိုင်ကျင့်တာ မခံရမှာ။ ငါ့အိမ်နဲ့ ငါ့မျိုးနွယ်စု ဝင်တွေကို ကာကွယ် စောင့်ရှောက်နိုင်မယ်။

"ဒီတောင်အကျော်က မြေပြန့်ဒေသရဲ့ အခြားတစ်ဖက်မှာ နောက်ထပ် မျိုးနွယ်စု တစ်ခုရှိတယ်လို့ ငါကြားဖူးတယ်။ အဲဒီ မျိုးနွယ်စုဟာ တော်တော်ဝေးတဲ့ နေရာမှာ ရှိပေမဲ့ လေပြေစီးကြောင်း အဖွဲ့ထက် ပိုအင်အား ကောင်းတယ် … ငါအဲဒီကို ရောက်အောင် သွားပြီးတော့ ဘယ်လို အဖိုးခမျိုးပဲ ပေးရပါစေ ငါ အင်အား တန်ခိုးကြီးထွား လာစေရမယ်

“မိုးကျရွှေကိုယ် မာန်စွမ်းအားရှင် တစ်ယောက် ဖြစ်ရမယ်ဆိုရင်တောင် ငါလုပ်မယ်”

လေ့ချန်ရဲ့ မျက်နှာမှာ ဆုံးဖြတ်ချက် ချပြီးကြောင်း ထက်ရှားတယ်။ ရူးသွပ်မှုတွေ ရှိပေမဲ့ မျက်လုံးတွေရဲ့ နေရာနက်နက်မှာ ဖုံးကွယ်လို့ ထားတယ်။ သူ့မျက်နှာပေါ်မှာ မပေါ်လွင်စေဘူး။

“စုမင် မင်းက ငါနဲ့မတူဘူး။ လေပြေစီးကြောင်းကို ရောက်တာနဲ့ တိုးတက်ဖို့ အခွင့်အရေးတွေ အများကြီး ရှိလာလိမ့်မယ်။ ဒါပေမဲ့ ငါတို့က ညီအစ်ကိုတွေပါ … ထာဝရ ညီအစ်ကိုတွေ ဖြစ်ကြမယ် … ငါ့ကို စောင့်နေပါ။ ငါ အင်အားတန်ခိုး ကြီးထွားလာတဲ့ မာန်စွမ်းအားရှင် ဖြစ်တာနဲ့ ငါပြန်လာခဲ့မယ်”

လေ့ချန်ဟာ မျက်လုံးမှိတ်လို့ နှုတ်က တတွတ်တွတ် ရေရွတ်နေတယ်။

သူဟာ အရှေ့ကို တိုးလာပြီး စုမင်ကို ပွေ့ဖက် နှုတ်ဆက်လိုက်တယ်။ စကားတစ်ခွန်းမှ မပြောကြဘဲ ပွေ့ဖက်လိုက်ကြတယ်။ ခဏအကြာမှာ လေ့ချန်ဟာ ကျယ်ကျယ်လောင်လောင် ရယ်မောလို့ လှည့်ထွက်သွားပြီး အသက်ကြီးရင့်နေတဲ့ သူ့နောက်ကျောကို မြင်ရစေလို့ အဲဒီနောက်မှာတော့ သူရည်ရွယ် ဆုံးဖြတ်ထားတဲ့ နေရာကို ထွက်ခွာသွားတော့တယ်။ သူလျှောက် သွားလိုက်တာ စုမင်ရဲ့ မြင်ကွင်းကနေ ပျောက်သွားတဲ့ အထိပါပဲ။

စုမင် လေ့ချန်ကို ကြည်နေမိတယ်။ သူ့ကို တားရမယ့်အစား လွှတ်ပေးလိုက်ဖို့ ရွေးချယ် လိုက်တယ်။ သူ့သူငယ်ချင်းကို နောက်ထပ် ပြန်တွေ့ရမလား ဆိုတာ မသိဘူး။ သူ့ရဲ့ အနာဂတ်ဟာ မရေရာ မသေချာ ဖြစ်လို့နေတယ်။

ခဏအကြာမှာ သူ့ခေါင်းခါလို့ သူ့ မသေချာမှုတွေဟာ လရောင်အောက်မှာ အေးစိမ့်မှုနဲ့အတူ အစားထိုး ဝင်ရောက်လာတယ်။ အမှောင်ထု ဖုံးလွှမ်းနေတဲ့ သစ်တောအုပ်ကို စုမင်လှမ်းကြည့်လို့ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်တယ်။

'အခု မင်းတို့နောက်ကို လိုက်ရမယ့် ငါ့လှည့်ပဲ'

'ရှန့်ဟန် မင်းရောပဲ …'

စုမင် ခေါင်းလှည့်လို့ လေပြေစီးကြောင်း နယ်မြေကို လှမ်းကြည့်တယ်။ အဝေး တစ်နေရာမှာ သူ့ မျိုးနွယ်စုဝင်တွေက ခရီးနှင်နေတယ်။ ပိုင်လင်းလည်း လေပြေစီးကြောင်းမှာ ရှိနိုင်ချေ ရှိတယ်။

ပေးခဲ့တဲ့ကတိ …

စုမင် မျက်လုံးတွေကို ခါးခါးသီးသီး မှိတ်လိုက်တယ်။ နောက်ထပ် ပြန်ဖွင့်လိုက်ချိန်မှာ ကြောက်မက်ဖွယ်ရာ တည်ငြိမ်မှုက မျက်လုံးထဲမှာ ရှိနေတယ်။ သူ့ရှေ့ကို ခုန်လိုက်ချိန်မှာ လရောင်က သူ့ကို သိုင်းခြုံလိုက်တယ်။ လပြည့်ဝန်းရဲ့ အောက်မှာ စုမင်ဟာ သေမင်းတမန် လိုပါပဲ။ သစ်တောအုပ်ကို မျက်နှာမူလို့ ရှာပုံတော် စတင်ပါတော့တယ်။

သူ့မျိုးနွယ်စုသားတွေ နောက်ကို ဘယ်သူမှ လိုက်မလာဘူးဆိုရင် သူတို့တွေ လေ​ပြေစီးကြောင်း မြို့တော်ကို ဘေးအန္တရာယ် ကင်းကင်းနဲ့ ရောက်သွားမယ်ဆိုတာ စုမင် အသေအချာ သိတယ်။ ပြီးတော့ သူ့မျိုးနွယ်ဝင်တွေရဲ့ နယ်မြေပြောင်းရွှေ့ခြင်း ခရီးစဉ်အတွက် သူဘာမှ လုပ်ပေးစရာ မလိုတော့ဘူး ဆိုတာလည်း သိတယ်။

သူ တတ်နိုင်သမျှအားလုံး လုပ်ခဲ့ပြီးပြီ။ ပြီးတော့လည်း ဒီထက် အရေးကြီးတဲ့အရာ သူ့မှာ လုပ်ဖို့ရှိနေတယ်။ မဟူရာတောင် မျိုးနွယ်စု အကြီးအကဲ သူတို့ရှေ့မှာ ပေါ်လာတုန်းက သူ့ခေါင်းထဲမှာ ရင်းနှီးနေတဲ့ မှုန်ဝါးဝါး အတွေးကို စုမင် ရှင်းရှင်းလင်းလင်း သတိရမိတယ်။

အကြီးအကဲဟာ ဧရာမလရဲ့ အတောင်ပံတွေရဲ့ တိုက်ခိုက် ခံရတာကို မြင်ရချိန်မှာ အဲဒီ အတွေးဟာ ထင်ရှားလာတယ်။ လရဲ့ အတောင်ပံတွေ ရှိရာကို ပျံသန်းသွားပြီး သူတို့တွေကို မဟူရာတောင် အကြီးအကဲဆီကို လမ်းကြောင်းပြောင်းပေးဖို့ စုမင် ခံစားမိချိန်မှာ မှုန်ဝါးဝါး အတွေးဟာ သူ့ခေါင်းထဲမှာ ပိုထင်ရှား ပြတ်သားလို့ လာတယ်။

'မီးလျှံ မာန်အတတ်ပညာ … ငါက မီးလျှံမာန်အတတ် ပညာကို လေ့ကျင့်နေတယ်။ လရဲ့ အတောင်ပံတွေဟာ မီးလျှံ မာန်မျိုးနွယ်စုသားတွေ ဆီက လာတာဆိုရင် သူတို့ရဲ့ စွမ်းအားတွေကို ငါထိန်းချုပ် နိုင်တာဘဲ။ အခု တတိယအကြိမ်မြောက် သွေးလောင်ကျွမ်းခြင်းကို ငါပြီးမြောက်သွား​ပြီ။ ငါ့ သွေးသားထဲမှာလည်း မီးတောက်တွေ စီးဆင်းနေသလို ဖြစ်နေတယ်။ ဒါကြောင့် … အကြီးအကဲကို ငါကူညီ ပေးနိုင်မယ်'

သွေးရောင်လွှမ်းနေတဲ့ လမင်းရဲ့ အရိပ်ဟာ စုမင်ရဲ့ တည်ငြိမ်လေးနက်နေတဲ့ မျက်ဝန်းမှာ ထင်ရှား တောက်ပလာတယ်။ အမှောင်ရိပ် စိုးမိုးနေတဲ့ ညမှာ ၎င်းဟာ သိပ်ကိုလှပတယ်။

သစ်တောအုပ်ကို ဖြတ်ပြေးလာတဲ့ စုမင်ကိုယ်ဟာ မီးခိုးငွေ့လေး လိုပါပဲ။

'ဒါမတိုင်ခင်တော့ မဟူရာတောင် မျိုးနွယ်စုကို ငါပြန် ကလဲ့စားချေမယ်။ သူတို့ မျိုးနွယ်စုဝင်တွေ ဆုံးရှုံးရတဲ့ နာကျင်မှုကို ခံစားစေရမယ် … မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ဟာ အခု ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတဲ့အပြင် သူ့နောက်လိုက် သုံးယောက်ကလည်း ငါ့ကို အန္တရာယ် မပေးနိုင်ဘူး … ပြီးတာ့ ရှန့်ဟန်လည်း အဲဒီမှာ ရှိနေတယ်'

စုမင် လက်သီးဆုပ်လို့ ခေါင်းငုံလိုက်ပြီး သစ်တောအုပ်လေး ထဲကို ဝင်ရောက်ပျောက်ကွယ် သွားတော့တယ်။

အလိုက်ခံရသူ အဖြစ်ကနေ လိုက်သူအဖြစ်ကို ပြောင်းလဲသွားပြီ။ သားကောင်ကနေ အမဲလိုက်မုဆိုး ဖြစ်လာတယ်။ သူ့ကိုယ်သူ သတိမထား မိလိုက်ခင်မှာ စုမင် ပြောင်းလဲသွားခဲ့ပါပြီ။

***

All Chapters