အခန်း (၆၀၁-၆၀၃)
Vol. 41 Ch. 601-603
Thawda:
အပိုင်း ၆၀၁ - ဒီဗိုင်းအသွင်အဆင့်၏ ကျင့်စဉ်ကို နားလည်သဘောပေါက်ခြင်း၊ လက်ဝါးစောင်းတစ်ချက်ဖြင့် အကြီးအကဲကိုသတ်ဖြတ်ခြင်း(၃)
"သေလိုက်တော့..."
အကြီးအကဲက ဆေဘာကို လက်ထဲတွင် ကိုင်စွဲရင်းက အရှိန်အဝါတို့ မြင့်တက်လာခဲ့၏။
သူ၏ ခန္ဓာကိုယ်သည် နက်ရှိုင်းသည့် စွမ်းအင်တို့ဖြင့် လွှမ်းခြုံနေပြီး ကောင်းကင်နှင့်ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်သွားပုံ ပေါ်သည်။
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သည့် စွမ်းအားက စုစည်းလာပြီး အကြွင်းမဲ့ ရေခဲဆေဘာဓား အတွင်းသို့ ဝင်ရောက်သွား၏။
ဒီအချိန်၌ သူသည် လင်းနယ်မြေ၏ စစ်မှန်သော အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ယောက်၏ ခွန်အားကို ပြသလာခဲ့သည်။
"ဘုန်း.."
တိုက်ပွဲကပြင်းထန်ကာ တောင်များသည် တစ်ခုပြီးတစ်ခု ပြိုလဲကုန်၏။ ဖုန်မှုန့်များအဖြစ်ပင် ပြောင်းလဲကာ ပျောက်ကွယ်သွားရသည်။
ရွှီယန်မှာတော့ ဓားချက် တစ်ချက်ပြီးတစ်ချက်ကို ထုတ်ဖော်နေပြီး လှိုင်းများ၏အလယ်ရှိ လှေငယ်တစ်ခုနှယ် အချိန်မရွေး ဝါးမျိုခြင်းခံသွားရနိုင်ခြေ ရှိသည်။
အကြီးအကဲ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူသည် တိတ်တဆိတ် အံ့ဩနေ၏။ ကြည့်ရသည်မှာ ရွှီယန်သည် အရေးနိမ့်နေပုံ ပေါ်၏။ တစ်ဖက်သတ် အနိုင်ယူခြင်း ခံရတော့မည့် လက္ခဏာတို့ပင် ပြသနေသည်။
သို့ပေမယ့် တကယ့်တကယ်တွင် တစ်ဖက်လူသည် ဘယ်တုန်းကမှ အန္တရာယ်အတွင်းသို့ မကျရောက်ခဲ့ပါ။
ဆိုလိုသည်မှာ တိုက်ပွဲတစ်ခုလုံးသည် ရွှီယန်၏ ထိန်းချုပ်မှုအောက်၌ ရောက်ရှိနေ၏။
ထိုကဲ့သို့တွေးမိပြီးနောက် အကြီးအကဲ၏မျက်နှာက ပိုမိုကာပင် အေးစက်လာခဲ့သည်။ သူသယ်ဆောင်လာခဲ့သည့် နောက်ထပ် ဒီဗိုင်းကိရိယာကိုလည်း ထုတ်ကာ လက်ထဲတွင် ကိုင်စွဲလိုက်၏။ ဆေဘာဓားနှစ်ချောင်းကို လွှဲရမ်းလိုက်ပြီးနောက် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ကြီးမြတ်သည့်စွမ်းအားက ဆေဘာအလင်းအဖြစ် ပြောင်းလဲသွားပြီး တိုက်ပွဲပြင်ကို ဖြတ်သန်းသည်။ ရွှီယန်ကို အတွင်းထဲတွင် လွှမ်းခြုံသွား၏။
"ရွှီယန်... မင်းကတကယ်ပဲ စွမ်းအားကြီးမားတယ်... ဒါပေမယ့် အရမ်းလည်း မောက်မာလွန်းတယ်... ငါ့လိုသိုင်းတစ်ထောင်ခန်းမရဲ့ အကြီးအကဲတစ်ယောက် ဖြစ်လာနိုင်တဲ့လူက အခြားလူတွေနဲ့ တူညီနေမယ်လို့ မင်းတကယ်ထင်နေတာလား.."
အကြီးအကဲက နှာခေါင်းရှုံ့၏။ သူ၏ ခန္ဓာကိုယ်အတွင်းတွင် အလင်းရောင်တစ်ခု စီးဆင်းလာပြီး ဒီဗိုင်းကိရိယာများအတွင်းသို့ ပေါင်းစပ်သွား၏။
နက်နဲသော စွမ်းအားသုံးခုတို့သည် ဒီအချိန်၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီးနှင့်အတူ လုံးဝပေါင်းစည်းသွားသည့်ပုံ ပေါ်၏။
ဒီဗိုင်းကိရိယာနှစ်ခု အတွင်းသို့ ပိုမိုကာပင် များပြားသည့် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ စွမ်းအားတို့ ဆက်တိုက်စီးဝင်လာခဲ့သည်။ ဤသည်က ဒီဗိုင်းကိရိယာ၏ စွမ်းအားကို လျှပ်တပြက်အတွင်း ကြီးစွာမြင့်တက်လာစေ၏။
'ဒါဆို ဒါကကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမစွမ်းအားပေါ့... ဒါပေမယ့် နည်းနည်းလေးပဲ စုစည်းနိုင်တယ်... ပြီးတော့ အကြမ်းထည်လည်း နိုင်တယ်။ နောက်ထပ်တစ်ဆင့်ကို အဆင့်ချိုးဖျက်နိုင်ရင်တောင် ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို ခန္ဓာကိုယ်ထဲမှာ သန့်စင်ထားတာပဲ ရှိမှာ..'
'အဲ့ဒါကြောင့်မလို့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမစွမ်းအားကို အသုံးပြုနိုင်ပေမယ့် နိယာမရဲ့ အောက်မှာပဲ ရှိနေသေးတယ်။ နိယာမကို ကိုယ်ကိုယ်တိုင်အတွက် အသုံးမချနိုင်သေးဘူး..'
'ဒီဗိုင်းအသွင်အဆင့်ကတော့ သိုင်းပညာဒီဗိုင်းအသွင်နဲ့ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို ထိန်းချုပ်တယ်။ အဲ့ဒါက ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမအထက်မှာရှိတယ်။ ကြီးစိုးစွာ ထိန်းချုပ်တယ်... ငါ နားလည်မှုအချို့ ရလာပြီ..'
ရွှီယန်သည် အကြီးအကဲ၏ ရူးသွပ်နေသည့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရသော်လည်း ပြာယာခတ်သွားခြင်း မရှိပါ။ တောင်နှင့်မြစ်တို့၏ ပုံရိပ်များက ထွက်ပေါ်လာ၏။ တိုက်ခိုက်မှုအားလုံးတို့ကို ဝါးမြိုကာ စိတ်ဝိဉာဉ်နယ်မြေ၏ သိုင်းကျင့်စဉ်တို့ကို နားလည်ကာ လားရာကို တွေ့မြင်လာခဲ့သည်။
သူသည် အကြီးအကဲ၏ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမအား မည်ကဲ့သို့ စုစည်းသည်ကိုလည်း နားလည်လာခဲ့၏။ တိုက်ပွဲမှာ ပိုမိုပိုမိုကာ ပြင်းထန်လာပြီး ရွှီယန်သည် အချိန်မရွေး မြုပ်ကွယ်သွားနိုင်သည့် လှေငယ်တစ်ခုနှယ် ရှိနေဆဲဖြစ်သည်။
တောင်နှင့်မြစ်တို့၏ ပုံရိပ်များမှာလည်း အကြိမ်ကြိမ်ပျက်စီးသွားရ၏။ သို့ပေမယ့် သူသည် အနည်းငယ်မျှ ဂရုစိုက်ခြင်း မရှိပေ။
"ဘုန်း.."
အကြီးအကဲ၏ တိုက်ခိုက်မှုတို့မှာလည်း ပိုမိုပိုမိုကာ သန်မာလာခဲ့၏။ ကြည့်ရသည်မှာ တိုက်ပွဲသာ ဆက်လက်ဖြစ်ပွားနေပါက ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားတို့ ဆက်လက်စုစည်းကာ ဆက်လက်ဝင်ရောက်လာနေပြီး ဒီဗိုင်းကိရိယာတို့ကို ဆက်လက် စွမ်းအားမြင့်မားလာစေမည့်ပုံ ရသည်။ အထွတ်အထိပ်အခြေအနေသို့ ရောက်ရှိပြီးပါက စစ်မှန်စွာ ပေါက်ကွဲထွက်လာမှာ ဖြစ်၏။
"ရွှီယန်... သေလိုက်တော့.."
အခိုက်အတန့်တစ်ခုတွင် အကြီးအကဲ၏ မျက်လုံးများက ဆေဘာဓားများသဖွယ် စူးရှသွားပြီး ဆေဘာနှစ်ချောင်းကို တစ်ချောင်းတည်းအဖြစ် ပေါင်းစည်းကာ ရုတ်တရက် ခုတ်ပိုင်းချလိုက်သည်။
လေထဲတွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ နိယာမစွမ်းအားသည် အကန့်အသတ်အထိ စုစည်းလာပြီး ဆေဘာနှစ်ချောင်း၏ ခုတ်ပိုင်းမှုနှင့်အတူ ကြောက်စရာကောင်းသည့် ဆေဘာအလင်းက မိုးပေါ်မှ ကျဆင်းလာခဲ့သည်။ ၎င်းသည် လျှပ်တပြက်အတွင်း မိုးကြိုးပစ်သကဲ့သို့ ရောက်ရှိကာ ရွှီယန်ကို လုံးဝ သုတ်သင်သွားလို၏။
"အဆုံးသတ်ဖို့ အချိန်ကျပြီ.."
ရွှီယန်က အသက်ကိုရှူသွင်းကာ သိုင်းပညာဒီဗိုင်းအသွင်၏ နိယာမကို ပြီးပြည့်စုံစွာ နားလည်သဘောပေါက်လုနီးပါး ရှိနေပါသည်။
သူသည် ဓားကို ခုတ်ပိုင်းချလိုက်၏။ ဓားဆန္ဒမှာ အသွင်သဏ္ဍာန်မဲ့ပေမယ့် ကြောက်စရာကောင်းသည့် အဖျက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ တောင်နှင့်မြစ်တို့သည် သေခြင်းဓားအဖြစ် ပြောင်းလဲသွားပြီး ဓားချက်က တိတ်ဆိတ်စွာ သက်ဆင်းလာ၏။
အကြီးအကဲမှာ မယုံကြည်နိုင်လောက်အောင် အံ့သြသွားခဲ့သည်။ သူသည် သန်မာသည့် သေခြင်းရှင်ခြင်းအန္တရာယ်အငွေ့အသက်ကို ခံစားလိုက်ရ၏။ ထိုဓားချက်အောက်တွင် ဆေဘာအလင်းသည် ပြိုလဲပြီး သူသည် တုံ့ပြန်နိုင်ခြင်း မရှိခင်၌ လေညှင်းတစ်ခု၏ ဖြတ်သန်းသွားမှုကို ရုတ်တရက် ခံစားလိုက်ရ၏။
လျှပ်တပြက်ဆန်လှသည့် လေညှင်းနှင့်အတူ ရုတ်တရက် ကြောက်စရာကောင်းသည့် သတ်ဖြတ်ခြင်း ဆန္ဒတစ်ခုကိုလည်း ခံစားလိုက်ရသည်။
သူ၏ ဒီဗိုင်းဝိဉာဉ်မှာ ပျက်စီးသွားပြီး ခန္ဓာကိုယ်က အပိုင်းပိုင်း ဖြစ်သွားခဲ့၏။ အသိစိတ်မှာ ပျောက်ကွယ်သွားသည်။ သိုင်းတစ်ထောင်ခန်းမ၏ အကြီးအကဲသည် သေဆုံးခဲ့လေသည်။
အပိုင်း ၆၀၂ - ကြောင်နီ၏ နတ်ဆိုးမျိုးနွယ်စုအား တည်ဆောက်မှု
ရွှီယန်က လက်ကိုဝှေ့ရမ်းလိုက်ပြီးနောက် အကြွင်းမဲ့ရေခဲဆေဘာဓားနှင့် အခြားဆေဘာတို့သည် သူ၏ လက်အတွင်းသို့ ရောက်ရှိလာခဲ့၏။ ၎င်းတို့ကို လျှင်မြန်စွာ သိမ်းဆည်းလိုက်သည်။
"အလုပ်ပြီးပြီ.."
ဒီတိုက်ပွဲတွင် သူသည် ဒီဗိုင်းအသွင်အဆင့် ကျင့်စဉ်နှင့်ပတ်သက်ပြီး သုံးသပ်မှုတို့ပြုလုပ်ကာ နားလည်မှုတို့ ရလာခဲ့၏။
ယခုအချိန်၌ လိုအပ်နေသည်မှာ ထိုဉာဏ်အလင်းများကို ပေါင်းစပ်စီရီပြီး အောင်မြင်သည့် လမ်းကြောင်းတစ်ခုကို ပြည့်စုံစွာ ဖောက်လုပ်ရန် ဖြစ်၏။
'သချွမ်ရဲ့ ဒီခရီးစဉ်က အဆုံးသတ်ခဲ့ပြီ... ဒီအချိန်က ထွက်ခွာရမယ့်အချိန်ပဲ..'
ခေါင်းငုံ့ကြည့်လိုက်ပြီးနောက် ရွှီယန်သည် ပြင်းထန်သော တိုက်ပွဲအပြီးတွင် ကြီးမားသည့် တောင်ကြီးသည် ၉၀%လောက် ပြိုလဲပြီးဖြစ်ကြောင်းကို တွေ့လိုက်ရ၏။
ရှေးဟောင်းသင်္ချိုင်းတစ်ခု ပေါ်လာခဲ့လေသည်။ သို့ပေမယ့် ခေါင်းကိုသာ ရမ်းမိ၏။ အစပိုင်းတွင် သူသည် ရှေးဟောင်းသင်္ချိုင်းအား ရှာတွေ့ရန် တော်တော်လေးစိတ်ဝင်စားခဲ့သည်။
သို့ပေမယ့် ယခုအချိန်၌ ၎င်းကို စူးစမ်းရှာဖွေရန် စိတ်မဝင်စားတော့ပေ။ သူ၏ခန္ဓာကိုယ်က လျှင်မြန်စွာ ရွေ့လျားသွားပြီး နေရာမှပျောက်ကွယ်ကာ ထိုနေ့တွင် သချွမ်မှ ထွက်ခွာခဲ့လေသည်။
'အခုငါအခြားဒေသတွေကို သွားပြီးတော့ လေ့လာကြည့်ရှု့သင့်တယ်... မူလဒီဗိုင်းအဆင့် ပြီးပြည့်စုံခြင်းကို ရောက်ပြီးရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ချိုးဖျက်ဖို့ပြင်ဆင်ရမယ်..'
ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်သို့ မချိုးဖျက်ခင်တွင် လုံလောက်သည့်အခြေခံကို စုစည်းရန်မှာ အချိန်အချို့ယူရမည်ဖြစ်၏။
'ပါရမီရှင်တွေအကြား ယှဥ်ပြိုင်ပွဲရဲ့ နောက်ဆုံးတိုက်ပွဲကိုရောက်ရင် ငါ ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်ကို မရောက်နိုင်တာ ဖြစ်လိမ့်မယ်။ ဒါပေမယ့် မူလဒီဗိုင်းအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ရောက်ဖို့ကတော့ ပြဿနာလုံးဝမရှိဘူး..'
ရွှီယန်သည် သချွမ်၏ မြင့်မားလှသည့် တောင်များအကြား၌ လျှောက်လှမ်းရင်းနှင့် ဒီဗိုင်းအသွင်အဆင့်၏ ဉာဏ်အလင်းများကို စီရီကာ သချွမ်မှထွက်ခွာခဲ့သည်။
'ဒုတိယညီရော သချွမ်မှာပဲလား မသိဘူး..'
အရင်က မုန့်ချုံလည်းပဲ သချွမ်သို့ ရောက်ခဲ့၏။ သူတို့သည် တစ်ကြိမ် တွေ့ဆုံခဲ့ဖူးသည်။
'ဒါနဲ့... အကိုရှဲ့ရော ဘယ်ကိုသွားတာပါလိမ့်..'
ရွှီယန်သည် ရှဲ့လင်ဖုန်းကို တွေးမိလိုက်သည်။ လင်းနယ်မြေသို့ ဝင်ပြီးကတည်းက တစ်ဖက်လူ၏ သတင်းအစအနကို ကြားရခြင်းမရှိပေ။
'ဒီလောက် နှစ်တွေအများကြီး ကြာပြီးနေပြီ.. အကိုရှဲ့လည်း ဒီဗိုင်းဆန္ဒအဆင့်ကို ချိုးဖျက်ပြီးလောက်ရောပေါ့... ဒီဗိုင်းဆန္ဒအဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်နေပြီးလောက်ပြီ..'
ရွှီယန်က ရေရွတ်သည်။ ရှဲ့လင်ဖုန်းသည် ဒီဗိုင်းဆန္ဒအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးပါက ဆက်လက်ကျင့်ကြံရန် ကျင့်စဉ်မရှိတော့ပေ။
'ငါအခု လင်းနယ်မြေကို ခရီးလှည့်လည်မယ်ဆိုကတည်းက အကိုရှဲ့ရဲ့ နေရာကိုလည်း တစ်ခါတည်းရှာကြည့်တာပေါ့... ငါလည်းသူ့ကို မူလဒီဗိုင်းအဆင့်ရဲ့ကျင့်စဉ်ကို လက်ဆင့်ကမ်းပေးသင့်ပြီ... ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ပါ တစ်ခါတည်း ရှင်းပြရမယ်..'
ရွှီယန်သည် ခဏတာစဉ်းစားပြီးနောက် သူ၏လားရာကို သတ်မှတ်၏။ ဤသည်မှာ ယွင်ရှန်း ဖြစ်သည်။
ကောင်းကင်ဗိမ္မာန်ဒေသသည် စိတ်ဝိဉာဉ်သားရဲများ၏ ဒေသအဖြစ် လူသိများ၏။ သချွမ်နှင့်နှိုင်းယှဉ်ပါက ကောင်းကင်ဗိမ္မာန်ဒေသရှိ တောင်များသည် ပိုမိုကာမြင့်မားပြီး တောများက ပိုမိုထူထဲသည်။
တောတောင်များအတွင်းတွင် မရေမတွက်နိုင်သည့် ဂူများ မြေအောက်မြစ်များ ရှိ၏။ ထိုထူးကဲလှသည့် မြေမျက်နှာသွင်ပြင် အနေအထားကြောင့် ကောင်းကင်ဗိမ္မာန်ဒေသသည် စိတ်ဝိဉာဉ်သားရဲများ၏ ဒေသ ဖြစ်လာခဲ့သည်။
လင်းနယ်မြေရှိ စိတ်ဝိဉာဉ်သားရဲ ၈၀%သည် ဒီနေရာတွင်စုစည်းနေကြ၏။ ကောင်းကင်ဗိမ္မာန်ဒေသ၏ အလယ်ပိုင်း တောင်များတလျှောက်တွင် မြင့်မားသည့်ရှေးဟောင်းသစ်ပင်များနှင့် တောင်များ၏ အလယ်၌ စိတ်ဝိဉာဉ်သားရဲများ၏ အဓိကပိုင်နက်တို့ ရှိ၏။
ထိုဒေသကို အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများက ပိုင်စိုးထားသည်။ လူသားများဆိုပါက ယွီလင့်စံအိမ်ရှိ အသန်မာဆုံးပုဂ္ဂိုလ်များပင်လျှင် ဒီနေရာသို့ အလွယ်တကူ ခြေချရဲခြင်း မရှိပေ။
တောင်များ၏အကြား၌ ဘယ်အချိန်တုန်းကလည်း မသိပေ.. အမြင့်ဆုံးသော တောင်ထွတ်ပေါ်တွင် ထည်ဝါသည့် နန်းတော်တစ်ခုအား ဆောက်လုပ်ထား၏။
နေ၏ အလင်းရောင်အောက်တွင် ရွှေရောင်အမိုးက တောက်ပစွာ လင်းလက်နေပါသည်။ အနီးကပ်ကြည့်ရှု့ပါက ထိုနန်းတော်ကြီးသည် ကြီးမားသည့် ကျောက်တုံးကြီးမှ ထွင်းထားခြင်းဖြစ်ပြီး ရှားပါးသည့် ရွှေရောင်သတ္တုများဖြင့် မွမ်းမံထားခြင်းဖြစ်ကြောင်းကို တွေ့မြင်နိုင်ပါသည်။
နန်းတော်ကို အမျိုးစုံလင်လှသည့် ကျောက်သလင်းများက ဝန်းရံနေပြီး ချမ်းသာကြွယ်ဝသည့် အငွေ့အသက်ကို ပေးစွမ်းနေ၏။
နန်းတော်ကြီး၏ ဘယ်နှင့်ညာဘက်တို့တွင် သေးငယ်သည့် နန်းတော်နှစ်ခုတို့ ရှိသည်။ ကြည့်ရသည်မှာ အလယ်ရှိ နန်းတော်ကြီးအား စောင့်ကြပ်နေဟန် တူ၏။
"ဝူ့စ်.."
တောင်များအကြားမှ စိတ်ဝိဉာဉ်သားရဲတစ်ကောင် ပျံသန်းလာပြီး နန်းတော်ကြီး၏ရှေ့တွင် သက်ဆင်းသည်။
၎င်း၏ ကြီးမားလှသည့် ခန္ဓာကိုယ်ကြီးသည် အစက ပေပေါင်းများစွာ မြင့်မား၏။ သို့ပေမယ့် နန်းတော်အတွင်းသို့ ဝင်ရောက်တော့မည့် အချိန်၌ သုံးပေလောက်အထိ ကျုံ့ဝင်သွားသည်။
ဤသည်မှာ အဆင့်ခြောက်အထက်ပိုင်းရှိ သားရဲတစ်ကောင်ဖြစ်ပြီး ၎င်း၏ခွန်အားသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ထားသည့် သိုင်းသမားတစ်ယောက်နှင့် နှိုင်းယှဉ်နိုင်ပါသည်။
ကျန်ရှိသည့် အချိန်များတွင် အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများ ဒေသအသီးသီးမှ ရောက်ရှိလာကြ၏။
သားရဲ တစ်ကောင်ချင်းစီတိုင်းသည် နန်းတော်အတွင်းသို့ မဝင်ရောက်ခင်တွင် ခန္ဓာကိုယ်ကို အရွယ်အစား ကျုံ့လိုက်ကြသည်။
ဒီနေ့တွင် ကောင်းကင်ဗိမ္မာန်ဒေသ တစ်ခုလုံး၏ အဆင့်ခြောက်အထက်ပိုင်းရှိ ကြီးစိုးသည့် စိတ်ဝိဉာဉ်သားရဲအားလုံးတို့ စုစည်းကာ ဒီနန်းတော်အတွင်းသို့ ဝင်ရောက်ခဲ့ကြ၏။
ထိုသားရဲများသည် နန်းတော်အတွင်းသို့ ရောက်ရှိပြီးနောက် ခွန်အားအတိုင်း အသီးသီး နေရာယူကြသည်။ အချို့က ထိုင်ကာ အချို့က လဲလျောင်းနေ၏။ သို့ပေမယ့် ညီညာစွာ ရှိနေပါသည်။
သူတို့၏ ဦးခေါင်းများသည် ခန်းမကြီး၏ အထက်ပိုင်းဆီသို့ ကြည့်ရှု့နေကြ၏။ ခန်းမ၏ အထက်တွင် ကြီးမားသည့် ပုလ္လင်တစ်ခုနှင့် သေးငယ်သည့် ပုလ္လင်နှစ်ခုတို့ ရှိနေ၏။ အလယ်ရှိ ကြီးမားသည့်ပုလ္လင်သည် ရွှေရောင်အလင်းဖြင့် လွှမ်းခြုံနေပြီး ၎င်း၏အပေါ်၌ လည်ပင်းတွင် ရွှေကြိုးကြီးကို ဝတ်ဆင်ထားသည့် ထည်ဝါလှသည့် ကျားတစ်ကောင် ထိုင်နေ၏။
ကျား၏ခန္ဓာကိုယ်က ကြီးမားလှကာ ၎င်းသည် ခါးဆန့်စွာ ထိုင်နေပြီး ပုလ္လင်၏ လက်တန်းနှစ်ခုပေါ်၌ လက်သည်းများကို တင်ထား၏။
မြင့်မားသည့်နေရာမှ အောက်ရှိ စိတ်ဝိဉာဉ်သားရဲ အတန်းကို ခေါင်းငုံ့ကြည့်သည်။ ကျားကြီးထိုင်နေသည့် ပုလ္လင်၏ ဘယ်ဘက်ဘေးတွင် နဂါးဖြူတစ်ကောင် ထိုင်နေ၏။ သူသည် ခေါင်းကို အနည်းငယ်မော့ကာ အောက်ရှိ သားရဲများကို ကြည့်ရှု့နေ၏။
ညာဘက်တွင်တော့ ဖားတစ်ကောင်ရှိနေပြီး ၎င်း၏ခန္ဓာကိုယ်မှာ ကျားကြီးထက် သေးငယ်သည်။
သို့ပေမယ့် တောင်ငယ်တစ်ခုနှယ် ရှိနေသေး၏။
အလယ်ရှိ ကျားကြီးမှာတော့ ကြောင်နီဖြစ်လေသည်။ သူ၏ ဘယ်ညာနှစ်ဖက်တွင် ယွီရှောင်လုံနှင့် ဟကလေးတို့ ထိုင်နေခြင်း ဖြစ်သည်။
သူတို့သည် ကောင်းကင်ဗိမ္မာန်ဒေသသို့ ရောက်ရှိပြီးကတည်းက စာတတ်ပေတတ် ကြောင်တစ်ကောင်ဖြစ်သည့် ကြောင်နီ၏ ဦးဆောင်မှုဖြင့် စိတ်ဝိဉာဉ်သားရဲတိုင်းနှင့် သင့်တင့်လျောက်ပတ်စွာ နေထိုင်နိုင်ခဲ့ကြသည်။
အားနည်းနေစဉ်တွင် စွမ်းအားကြီးပုဂ္ဂိုလ်များနှင့် ဆက်ဆံရေးတည်ဆောက်ကာ အနာဂတ်အတွက် အခြေခံကို တည်ဆောက်သင့်ပေသည်။
နောက်ပိုင်းတွင် ခွန်အားတို့ ကြီးမားလာခဲ့ပြီး ယခုအချိန်၌ ကြောင်နီသည် ကောင်းကင်ဗိမ္မာန်ဒေသရှိ စိတ်ဝိဉာဉ်သားရဲများ၏ဘုရင် ဖြစ်လာခဲ့သည်။
သူ၏ခွန်အားသည် အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲ အားလုံးတို့ကို ခြိမ်းခြောက်နိုင်စွမ်း ရှိ၏။ ပိုင်နက်အသီးသီး၏ အုပ်စိုးသူများဖြစ်ကြသည့် ရှိနေကြသည့် စိတ်ဝိဉာဉ်သားရဲ အားလုံးတို့သည် သူ၏ အနိုင်ယူခြင်းကို ခံခဲ့ရပြီး အညံ့ခံခဲ့ကြ၏။
ယွီရှောင်လုံသည် မဟာနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံပြီးနောက် သွေးမျိုးဆက် အတားအဆီးတို့ကို ချိုးဖျက်ခဲ့ပြီးဖြစ်သည်။ သူသည် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပြီး ယခုအချိန်၌ အဆင့်ခြောက်အထက်ပိုင်းရှိ မည်သည့်သားရဲထက်မှ အားနည်းခြင်း မရှိတော့ပေ။
ဟကလေးမှာ တောင်များကိုမြိုသည့် ဖားတစ်ကောင်ဖြစ်ပြီး လင်းနယ်မြေ၏ သမိုင်းတစ်လျှောက်၌ စွမ်းအားအကြီးဆုံး ဖားတစ်ကောင် ဖြစ်လာခဲ့၏။ သူ၏ ခွန်အားသည်လည်း အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများနှင့် နှိုင်းယှဉ်နိုင်ပါသည်။
ဝါးမြိုနိုင်သည့် စွမ်းရည်နှင့် ဝမ်းဗိုက်အတွင်းရှိ ကြီးမားသည့် လေဟာနယ်စွမ်းအားတို့နှင့် သူသည် အဆင့်တူညီသည့် သားရဲများစွာတို့ကို အနိုင်ယူခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်ဗိမ္မာန်ဒေသ၌ ခိုင်မာစွာ ခြေကုပ်ရယူခဲ့၏။
ကြောင်နီမှာ မဟာနတ်ဆိုးဘုရင်ဖြစ်ပြီး ယွီရှောင်လုံမှာ ဒုတိယနတ်ဆိုးဘုရင် ဖြစ်သည်။ ဟကလေးမှာ တတိယနတ်ဆိုးဘုရင် ဖြစ်၏။
"ဒီနေ့မှာ ဘုရင်ကြီး ကျွန်တော်တို့ကို ဘာလို့ဆင့်ခေါ်လိုက်တာလဲ မသိဘူး... ဘာအမိန့်များ ညွှန်ကြားပေးမလို့ပါလဲ.."
အောက်ရှိ အထွတ်အထိပ် စိတ်ဝိဉာဉ်သားရဲများထဲမှ တစ်ကောင်က မေး၏။
"ဒီနေ့မှာ မင်းတို့အားလုံးကို ဆင့်ခေါ်လိုက်ရတဲ့ အကြောင်းကတော့ အရေးကြီးတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ဖို့ပဲ။ အဲ့ဒါက ငါတို့ စိတ်ဝိဉာဉ်သားရဲမျိုးနွယ်ရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတယ်။ ပြီးတော့ စိတ်ဝိဉာဉ်သားရဲ မျိုးနွယ်ရဲ့ မြင့်တက်မှုနဲ့လည်း သက်ဆိုင်နေတယ်.."
အပိုင်း ၆၀၃ - ကြောင်နီ၏ နတ်ဆိုးမျိုးနွယ်စုအား တည်ဆောက်မှု(၂)
ကြောင်နီ၏ နတ်ဆိုးအသိက မြင့်တက်လာပြီး ထည်ဝါသည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ နတ်ဆိုးဘုရင်တစ်ပါး၏ ကြီးမြတ်မှုကို ပြီးပြည်စုံစွာ ပြသထား၏။
စိတ်ဝိဉာဉ်သားရဲများသည် သူ၏စကားကို ကြားရပြီးနောက် ချက်ချင်းပင် တက်ကြွလှုပ်ရှားလာပြီး ခေါင်းထောင်လာကြ၏။ သူတို့၏ဘုရင်သည် မည်သည်ကို အမိန့်ပေးလိုသည်အား ခန့်မှန်းမရနိုင်ဘဲ ရှိနေကြသည်။
ကြောင်နီ၏ မျက်လုံးများက တောက်ပစွာ လင်းလက်နေပြီး သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာ၏။ ဤသည်က ထည်ဝါလှသည့် အသွင်အပြင်ကို ပိုမိုကာပင် တိုးမြင့်လာစေသည်။
ခန်းမတစ်ခုလုံးတွင် မဟာနတ်ဆိုးဘုရင် တစ်ပါး၏ အရောင်အဝါတို့ လှိုင်းထနေ၏။
စိတ်ဝိဉာဉ်သားရဲများ၏ နှလုံးသားထဲ၌ ကြီးမားသည့် ဖိအားကို ခံစားလိုက်ရပြီး စိတ်အာရုံထဲတွင် လေးစားသည့် စိတ်ဆန္ဒတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဆိုလိုသည်မှာ ဘုရင်ကြီး၏ ခွန်အားသည် ထပ်မံ မြင့်တက်လာခဲ့ပြီဖြစ်၏။
"ဒီနေ့ကစပြီး စိတ်ဝိဉာဉ်သားရဲမျိုးနွယ် ဆိုတာကို ဖျက်သိမ်းမယ်... ဒီဘုရင်က နတ်ဆိုးမျိုးနွယ် ဆိုပြီးတော့ တည်ထောင်မယ်... ငါတို့က နတ်ဆိုးမျိုးနွယ်ပဲ။ သားရဲတွေ မဟုတ်ဘူး။ ဒီနေ့ကစတင်ပြီး ကောင်းကင်ဗိမ္မာန်ဒေသက နတ်ဆိုးမျိုးနွယ်ရဲ့ ပိုင်နက်ပဲ။ ငါက မဟာနတ်ဆိုးဘုရင်ပဲ.."
ထည်ဝါလှသည့် ကြောင်နီ၏အသံက ခန်းမတစ်လျှောက် ပြန့်နှံ့သွားသည်။
"နတ်ဆိုးမျိုးနွယ်လား..."
စိတ်ဝိဉာဉ်သားရဲ အားလုံးတို့မှာ မှင်သက်သွားကြသည်။ စိတ်ဝိဉာဉ်သားရဲတစ်ကောင်က ပြော၏။
"ဘုရင်ကြီး... ကျွန်တော်တို့က စိတ်ဝိဉာဉ်သားရဲတွေပါ... ဘယ်လိုလုပ်ပြီးတော့ ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေကို မေ့ပျောက်ပစ်လို့ ရမှာလဲ။ ဒါက လက်ခံလို့ မရပါဘူး.."
"ဘုန်း.."
ကြောင်နီက သူ၏ မျက်လုံးများဖြင့် စူးရဲစွာကြည့်လိုက်သည်။ နတ်ဆိုး၏ အရှိန်အဝါက ကြီးမားစွာ ပြိုကျလာ၏။
ယွီရှောင်လုံက သူ၏အမြှီးကို လွှဲရမ်းကာ ထိုစိတ်ဝိဉာဉ်သားရဲကို လျှပ်တပြက်အတွင်း လွင့်ပျံသွားစေသည်။
"ဘယ်လောက်ရဲတင်းလိုက်လဲ... ဘုရင်ကြီးက မင်းကိုပြောခွင့်ပေးလို့လား.."
ယွီရှောင်လုံက ခက်ထန်သည့်အသံဖြင့် ဟိန်းဟောက်စွာပြောသည်။ သူတို့တွင် ယခုအချိန်၌ ပြီးပြည့်စုံသည့် အလုပ်လုပ်ကိုင်ပုံ ဆက်သွယ်မှုတစ်ခု ရှိနေပြီးဖြစ်၏။
ဤသည်မှာ သားရဲတစ်ကောင်က စတင်မေးခွန်းထုတ်သည်နှင့် ချက်ချင်း ရိုက်နှက်ပစ်လိုက်ဖို့ ဖြစ်သည်။
ကြောင်နီက အောက်ရှိ စိတ်ဝိဉာဉ်သားရဲများကို ခေါင်းငုံ့ကြည့်ကာ အေးစက်စွာပြော၏။
"ဘိုးဘေးတွေကို မေ့လျော့တယ်... မင်းတို့တွေက မင်းတို့ရဲ့ သွေးမျိုးဆက်ထဲမှာပဲ ပိတ်မိနေချင်လို့လား။ ဆက်ပြီးတော့ မတိုးတက်ချင်ကြဘူးလား။ မင်းတို့ရဲ့ ဘိုးဘေးတွေကို ဘယ်တော့မှ မဖြတ်ကျော်ချင်ကြတော့ဘူးလား.."
"အဲ့ဒီ့အပြင်... မင်းတို့ရဲ့ ဘိုးဘေးတွေကလည်း သားရဲတွေသက်သက်ပဲ မဟုတ်ဘူးလား.."
"စိတ်ဝိဉာဉ်သားရဲဆိုတာ သားရဲတစ်ကောင်သက်သက်ပဲ။ မင်းတို့က ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင် လုပ်ချင်တာလား.."
"မဟာနတ်ဆိုးဘုရင်တစ်ယောက် အနေနဲ့ ငါမဟာနတ်ဆိုးမျိုးနွယ်ကို တည်ထောင်ပြီး မင်းတို့ကို မဟာနတ်ဆိုးလမ်းစဉ်ကို သင်ကြားပေးမယ်... သွေးမျိုးဆက်ရဲ့ တားဆီးမှုတွေကို ချိုးဖျက်နိုင်စေမယ်... ငါတို့ နတ်ဆိုးမျိုးတွေရဲ့ လမ်းစဉ်ကိုဖောက်လုပ်မယ်.."
ကြောင်နီက ကုလားထိုင်ပေါ်မှထကာ အားမာန်အပြည့်ဖြင့် ရပ်သည်။
သူထလိုက်သည်နှင့် ယွီရှောင်လုံကလည်း အမြှီးကို မြေပြင်နှင့်ထောက်ကာ မြင့်မားစွာရပ်နေ၏။ ကြောင်နီနှင့် ဦးခေါင်းတစ်လုံးအကွာသာ နှိပ့်ထားသည်။ ဟကလေးမှာလည်း မြေပြင်ပေါ်၌ ရပ်၏။ ဘုရင်ကြီးက မတ်တပ်ရပ်ရာ သူတို့အနေနှင့် ဆက်လက်ထိုင်နေလို့ မဖြစ်တော့ပေ။
ကြောင်နီက သူ၏လက်သည်းကို မြှောက်လိုက်ပြီးနောက် ပြင်းထန်လှသည့် လေနှင့်မိုးကြိုးတို့က ကျားလက်သည်းများအကြားတွင် လှိုင်းထန်လာ၏။ ကြီးမားလှသည့် လေနှင့်မီးတောက်စွမ်းအားကို ပြသနေသည်။
ဤသည်မှာ ကြောင်နီကျင့်ကြံထားသည့် မဟာနတ်ဆိုးအတတ်များထဲမှ တစ်ခုဖြစ်၏။ အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများကို ဖိနှိပ့်ရာတွင် အသုံးပြုလေ့ရှိသည့် မဟာနတ်ဆိုးအတတ်လည်း ဖြစ်သည်။
၎င်းကို ကြောင်နီသည် သူ၏ သွေးကြောမှတ်များအတွင်းတွင် အခင်းအကျင်းကို ဆက်တိုက်ထွင်းထုရင်းဖြင့် တဖြည်းဖြည်း ကျင့်ကြံထားခြင်း ဖြစ်၏။
"မင်းတို့တွေ တွေ့ကြလား... ဒါက ငါ့ရဲ့ ဖီးနစ်မီးတောက်နတ်ဆိုးအတတ်ပဲ။ ဒါရဲ့စွမ်းအားကို မင်းတို့လည်း မြင်ကြပါတယ်... ဒါက ငါ့ရဲ့ မဟာနတ်ဆိုးအတတ်တွေထဲက တစ်ခုပဲ.."
"မင်းတို့တွေက သွေးမျိုးဆက်ရဲ့ ကန့်သတ်မှုတွေကို ခံထားရတယ်။ ဒါပေမယ့် ငါ့မှာ အဲ့လိုမျိုးတွေမရှိဘူး။ လူသားသိုင်းသမားတွေလိုပဲ ဆက်လက်ကျင့်ကြံပြီး ဆက်လက်သန်မာနိုင်တယ်.."
"မင်းတို့တွေ ဒီသွေးမျိုးဆက်ရဲ့ ပိတ်လှောင်မှုအောက်မှာပဲ ထာဝရ ပိတ်မိနေချင်တာလား။ ဘိုးဘေးတွေကို မကျော်ဖြတ်တော့ဘူးလား... ထာဝရသားရဲတွေပဲ ဖြစ်ချင်ကြတာလား.."
စိတ်ဝိဉာဉ်သားရဲများသည် နှလုံးသားထဲ၌ လှုပ်ရှားသွားကြ၏။ သူတို့အတွက် သွေးမျိုးဆက်၏ အတားအဆီးကို ချိုးဖျက်ရန်မှာ ဘဝတစ်သက်တာ ရှာဖွေနေသည့် မျှော်လင့်ချက် ဖြစ်သည်။
ဘိုးဘေးကိုမမေ့သည် ဟူသည်မှာ သူတို့၏ ဘိုးဘေးများမှာ စွမ်းအားကြီးမားပြီး သူတို့၏ သွေးစက်များမှာတော့ အချိန်ကြာလာသည်နှင့်အမျှ ပါးလျှလာခြင်းကြောင့်ဖြစ်၏။
ထို့ကြောင့် သားရဲအားလုံးတို့သည် သူတို့၏ သွေးမျိုးဆက်များကို တတ်နိုင်သမျှ ပိုမိုသန့်စင်အောင် လုပ်ဆောင်ပြီး ဘိုးဘေး၏ခွန်အားနှင့် နီးကပ်လိုကြသည်။
ယခုအချိန်တွင်တော့ သွေးမျိုးဆက်၏ အကန့်အသတ်ကို ချိုးဖျက်ရန် အခွင့်အရေး ရောက်ရှိလာရာ သူတို့၏ ဘိုးဘေးတို့ကို လိုက်မှီနိုင်ရုံမက ကျော်ဖြတ်ရန်ပင် ဖြစ်လာနိုင်ခဲ့၏။ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားဘဲ နေမည်လဲ။
ယွီရှောင်လုံကလည်း ထိုအချိန်၌ ပြောသည်။
"ငါက ကျောက်သလင်းမြွေ တစ်ကောင်ပဲ... ငါ့ရဲ့ သွေးမျိုးဆက် အကန့်အသတ်ကို မင်းတို့အားလုံးလည်း သိပါတယ်... ဒါပေမယ့် အခုငါ့ကို ကြည့်လိုက်ဦး။ ငါ့မှာဘယ်လိုခွန်အားမျိုး ပိုင်ဆိုင်ထားလဲ.."
စိတ်ဝိဉာဉ်သားရဲများ၏ မျက်လုံးများက လင်းလက်သွားသည်။ ကျောက်သလင်းမြွေသည် နဂါး၏ သွေးမျိုးဆက်အား ပိုင်ဆိုင်ထားပေမယ့် မြွေနဂါးတစ်ကောင်၏ သွေးအဆီအနှစ်ကို ဝါးမြိုရခြင်း မရှိပါက ပြောင်းလဲရန် မဖြစ်နိုင်လုနီးပါး ရှိနေပါသည်။
ယွီရှောင်လုံ၏ ခွန်အားမှာတော့ အလွန်သန်မာလှ၏။ သူသည် မဟာနတ်ဆိုးအတတ်များကိုလည်း တတ်မြောက်ထားသည်။ သူ၏ခွန်အားသည် သွေးမျိုးဆက်ဆီမှလာကြောင်း မဟုတ်သည်မှာ သိတာလွန်းလှသည်။ ဤသည်မှာ မဟာနတ်ဆိုးအတတ် ကျင့်စဉ်မှ လာခဲ့ခြင်းသာ ဖြစ်၏။
ကြောင်နီက လက်သည်းကိုမြှောက်ကာ ဘေးရှိ ဟကလေးဦးခေါင်းကို ပုတ်ကာပြော၏။
"မင်းတို့ကြည့်လိုက်ကြ... မင်းတို့ရဲ့ တတိယမြောက်ဘုရင်က တောင်မြိုဖားတစ်ကောင်ပဲ... အခုဆိုရင် သူ သူ့ရဲ့ဘိုးဘေးတွေကို အများကြီး ကျော်လွန်ပြီးနေပြီ.."
စိတ်ဝိဉာဉ်သားရဲများမှာ ပိုမိုကာပင် စိတ်ဝင်စားသွားကြသည်။ တောင်မြိုဖားသည် အဆင့်နိမ့် သားရဲတစ်ကောင်ဖြစ်ပြီး စိတ်ဝိဉာဉ်ဂိုဏ်းများက သိုလှောင်အိတ်အဖြစ် မကြာခဏ ပြုလုပ်ခြင်းကို ခံရ၏။
သို့ပေမယ့် တတိယဘုရင်ဖြစ်သည့် တောင်မြိုဖားတွင် မယုံကြည်နိုင်စရာကောင်းလှသည့် ခွန်အားတို့ကို ပိုင်ဆိုင်ထားသည်။
"ကျွန်တော်တို့ရဲ့ဘုရင်ကြီးက ဉာဏ်ပညာကြီးမြတ်ပြီး ထည်ဝါလှတယ်... ကျွန်တော်တို့ကို လောကကြီးမှာ မြင့်တက်နိုင်အောင် စွမ်းဆောင်နိုင်လိမ့်မယ်... ကျွန်တော်ကျိန်ဆိုတယ်.. ဒီနေ့ကစတင်ပြီး ကျွန်တော်တို့ နတ်ဆိုးမျိုးနွယ်အတွက် အသက်ကိုပေးပြီး တိုက်ပွဲဝင်ပါမယ်။ ဘုရင်ကြီးနောက်ကို လိုက်ပါမယ်.."
အမွှေးဖြူသည့် ဝံပုလွေတစ်ကောင်က စိတ်ဝိဉာဉ်သားရဲများအကြားမှ ခုန်ထွက်ကာ ဒူးနှစ်ဖက်ကိုထောက်ပြီး ကျယ်လောင်စွာ ပြောသည်။
"ကောင်းတယ်ကောင်းတယ်... ဒီနေ့ကစတင်ပြီး မင်းကမဟာနတ်ဆိုးမျိုးနွယ်ရဲ့ အကြီးအကဲခေါင်းဆောင်ပဲ.."
ကြောင်နီက သဘောတူစွာ ခေါင်းငြိမ့်သည်။ ဝံပုလွေဖြူသည် အလွန် စွမ်းအားကြီးမား၏။ အဆင့်ခြောက်အထက်ပိုင်း စိတ်ဝိဉာဉ်သားရဲများ အကြားတွင် ထိပ်တန်းသုံးကောင်၌ ပါဝင်ပါသည်။
ထို့အပြင် ဉာဏ်လည်း အလွန်များ၏။ အခြေအနေတိုင်းကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်သည့် ဉာဏ်စွမ်းတို့ ရှိသည်။
အရင်တုန်းကလည်း ကြောင်နီက တိုက်ခိုက်မှု ပြုပြီးသည်နှင့် ချက်ချင်း အညံ့ခံခဲ့၏။ ဤသည်မှာ အဆင့်ခြောက်အထက်ပိုင်းရှိ စိတ်ဝိဉာဉ်သားရဲများ အကြားတွင် ရိုက်နှက်ခြင်း မခံရသည့် တစ်ဦးတည်းသောအကောင်ဖြစ်သည်။
"အခုလို ချီးမြှင့်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်အရှင်.."
ဝံပုလွေဖြူက စိတ်လှုပ်ရှားစွာဖြင့် ဦးခေါင်းနှင့် မြေပြင်ကိုတိုက်ကာ ကျယ်လောင်စွာပြောသည်။
"ဒီနေ့ကစတင်ပြီး... စိတ်ဝိဉာဉ်သားရဲမျိုးနွယ်ဆိုတာ မရှိတော့ဘူး။ နတ်ဆိုးမျိုးနွယ်ပဲ ရှိလိမ့်မယ်... ဘယ်သူတွေထောက်ခံကြလဲ။ ဘယ်သူတွေ ဆန့်ကျင်ကြလဲ.."
ကြောင်နီက ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ပြီးနောက် အောက်ရှိစိတ်ဝိဉာဉ်သားရဲများကို ခေါင်းငုံ့ကြည့်ကာမေးသည်။
"ကျွန်တော်တို့ရဲ့ဘုရင်ကြီးက ဉာဏ်ပညာကြီးမားလှတဲ့... ဒီနေ့ကစပြီး ကျွန်တော်တို့က နတ်ဆိုးတွေပဲ။ စိတ်ဝိဉာဉ်သားရဲ မဟုတ်တော့ဘူး.."
စိတ်ဝိဉာဉ်သားရဲများက တစ်ယောက်နှင့်တစ်ယောက် ကြည့်ကြသည်။ ယခုအချိန်၌ သူတို့၏ စွမ်းအားအကန့်အသတ်သည် ပြောင်းလဲနိုင်ခြင်း မရှိဘဲ သွေးမျိုးဆက်၏ ကန့်သတ်မှုတို့ကို အလွန် ချိုးဖျက်ချင်နေကြ၏။ ထို့ကြောင့် အားလုံးသည် ဦးညွှတ်ကာ ကျယ်လောင်စွာ ပြောလိုက်ကြသည်။
"ကောင်းတယ်... အရမ်းကောင်းတယ်... ငါမဟာနတ်ဆိုးဘုရင်ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်... ကောင်းကင်ဗိမ္မာန်ဒေသက ငါတို့နတ်ဆိုးမျိုးနွယ်တွေရဲ့ ပိုင်နက်ပဲ။ ပြီးရင် နတ်ဆိုးမျိုးနွယ် အကြီးအကဲခန်းမ၊ စောင့်ရှောက်သူခန်းမနဲ့ နတ်ဆိုးမျိုးနွယ် အစောင့်စစ်တပ်တို့ကို တည်ဆောက်မယ်..."
"လူတိုင်းပဲ... ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ် ပါရမီရှင်တစ်စုကိုရွေးချယ်ပြီး မြင့်မြတ်တောင်ဆီကို လာခဲ့ကြ။ ငါသူတို့ကို ကိုယ်တိုင် သင်ကြားပေးမယ်။ ငါတို့တွေ ပါရမီရှင်တွေကို ပျိုးထောင်ရမယ်.."
ကြောင်နီက စိတ်လှုပ်ရှားစွာဖြင့် အမိန့်ကို ထုတ်ပြန်သည်။
"ဟုတ်ကဲ့ပါ ဘုရင်ကြီး.."
စိတ်ဝိဉာဉ်သားရဲအားလုံးတို့က အသံတူညီစွာဖြင့် ဦးညွှတ်ကြ၏။
ကြောင်နီက လက်သည်းကို မြှောက်လိုက်ပြီးနောက် ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ ထိုပုံရိပ်၏ မျက်နှာသည် ရှင်းလင်းခြင်းမရှိပေမယ့် အလွန်နက်ရှိုင်းသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။
"ဒါက ငါတို့နတ်ဆိုးမျိုးနွယ်ရဲ့ ဘိုးဘေးပဲ... ကောင်းကင်အောက်က မဟာနတ်ဆိုးအားလုံး မဟာနတ်ဆိုးဘိုးဘေးကို အရိုအသေပေးရမယ်။ ဘိုးဘေးရဲ့ ကျေးဇူးတရားကို မှတ်မိရမယ်။ ငါတို့ မဟာနတ်ဆိုးမျိုးနွယ်အတွက် အခြေခံကို တည်ဆောက်ရမယ်..."
ကြောင်နီက လေးစားမှုအပြည့်ဖြင့် လေးနက်စွာပြော၏။ စိတ်ဝိဉာဉ်သားရဲများ အားလုံးမှာ မှင်သက်သွားကြသည်။ သူတို့၏ ဘိုးဘေးဖြစ်သူမှာ လူသားတစ်ယောက်လေလားဟု တွေးမိကြ၏။
သူတို့ဟာ သံသယဝင်မိပေမယ့် မေးခွန်းထုတ်ရဲခြင်း မရှိကြပေ။ ဘုရင်ကြီးကို ဒေါသထွက်စေပြီး ရိုက်နှက်ခံရမည်ကို စိုးရိမ်ကြ၏။
"မင်းတို့တွေ ဘာရပ်လုပ်နေကြသေးတာလဲ... ဒူးထောက်ပြီးတော့ ဘိုးဘေးကို ကန်တော့ကြလေ.."
ယွီရှောင်လုံက သတိပေးသည်။
စိတ်ဝိဉာဉ်သားရဲအားလုံးတို့သည် ပြိုင်တူ ဒူးထောက်လိုက်ကြ၏။
"ဘိုးဘေးကို တွေ့ဆုံပါတယ်.."
ကြောင်နီက ကျေနပ်စွာ ခေါင်းငြိမ့်သည်။ ကြောင်တစ်ကောင်သည် ဘယ်တော့မှ သူတို့၏သခင်ကို မမေ့သင့်ပေ။ အမြဲတမ်း သခင်ကို ကျေနပ်အောင် စွမ်းဆောင်ပြီးနေမှသာလျှင် မှန်ကန်သည့်လမ်းစဉ် ဖြစ်၏။
နောက်ထပ်တစ်ဖန် လက်ကိုဝှေ့ရမ်းလိုက်ပြီးနောက် နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ဤသည်မှာ လှပသည့် ပုံရိပ်တစ်ခုဖြစ်၏။
သူမ၏ မျက်နှာကို မြင်တွေ့နိုင်ခြင်းမရှိပေမယ့် အနှိုင်းမဲ့သည့် တင့်တယ်မှုတို့ကို ပိုင်ဆိုင်ထားသည်။ လူကို တွေ့ရသည်နှင့် တစ်ခါတည်း မှတ်မိနိုင်၏။
"ဒါက မဟာနတ်ဆိုးမျိုးနွယ်ရဲ့ မြင့်မြတ်တဲ့မိခင်ပဲ.."
စိတ်ဝိဉာဉ်သားရဲများမှာ နောက်ထပ်တစ်ကြိမ် မှင်သက်သွားကြပြန်၏။ မြင့်မြတ်သောမိခင်သည် ဘယ်လိုလုပ်ပြီး လူသားတစ်ယောက် ဖြစ်နေရသေးသနည်း။
"မြင့်မြတ်သောမိခင်ကို အရိုအသေပေးပါတယ်.."
သို့ပေမယ့် မည်သို့ပင်ဆိုစေကာမူ ဦးချလိုက်ရုံသာ ရှိသည်။
"ငါ့ရဲ့ခွန်အား ဒီလောက်လျှင်လျှင်မြန်မြန် မြင့်တက်လာနိုင်တဲ့ အကြောင်းအရင်းက စုလင်းရှုံက သန့်စင်ထားတဲ့ ဒန်ဆေးလုံးတွေကြောင့်ပဲ။ ဒါ့ကြောင့်မလို့ သခင်ကြီးအပြင် သူမကိုလည်း ကျေနပ်အောင်လုပ်ပေးဖို့ လိုအပ်တယ်.."
ကြောင်နီသည် စိတ်ဝိဉာဉ်သားရဲများ၏ အပြုအမူနှင့်ပတ်သက်ပြီး အလွန်ကျေနပ်သွားသည်။ ခဏတာစဉ်းစားပြီးနောက် ရွှီယန်၏ ကြမ်းတမ်းသည့် ပုံရိပ်က ပေါ်လာခဲ့၏။
တစ်ဖက်လူသည် အလွန်ကြမ်းတမ်းလှပါသည်။ ယခုအချိန်၌ သူသည် မဟာနတ်ဆိုးဘုရင်တစ်ကောင် ဖြစ်နေပြီဖြစ်ပေမယ့် ထိပါးလို့ မရသေးပေ။ ထို့ကြောင့် လက်တစ်ဝှေ့နှင့်အတူ နောက်ထပ်ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။
"ဒါက မဟာနတ်ဆိုးမျိုးနွယ်ရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်ပဲ.."
"အထွတ်အထိပ်ပုဂ္ဂိုလ်ကိုညအရိုအသေပေးပါတယ်.."
"ဒါကမဟာနတ်ဆိုးမျိုးနွယ်ရဲ့ ဒုတိယမြောက် အထွတ်အထိပ်ပုဂ္ဂိုလ်ပဲ.."
"ဒုတိယမြောက် အထွတ်အထိပ်ပုဂ္ဂိုလ်ကို အရိုသေပေးပါတယ်.."
"ဒါက မဟာနတ်ဆိုးမျိုးနွယ်ရဲ့ တတိယမြောက် အထွတ်အထိပ်ပုဂ္ဂိုလ်ပဲ.."
"တတိယမြောက် အထွတ်အထိပ်ပုဂ္ဂိုလ်ကို အရိုသေပေးပါတယ်.."
စိတ်ဝိဉာဉ်သားရဲအားလုံးတို့သည် ထုံထိုင်းနေကြပြီဖြစ်၏။ သူတို့ မဟာနတ်ဆိုးမျိုးနွယ်၏ ပုဂ္ဂိုလ်ကြီးများသည် ဘယ်လိုလုပ်ပြီး လူသားများ ဖြစ်နေကြသနည်းဟု ကြောင်တောင်နေကြသည်။
ကြောင်နီက ခဏတာစဉ်းစား၏။ ယခုအချိန်၌ ရွှီယန်မှာ မဟာနတ်ဆိုးမျိုးနွယ်၏ အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာရာ မုန့်ချုံနှင့်ဖန်းဟောင်တို့သာ သူတို့အတွက် နေရာမရှိကြောင်းကို သိရှိပါက ဒေါသမထွက်သွားနိုင်ပေဘူးလား။
ဖန်းဟောင်၏ ဒီဗိုင်းကိရိယာ ပြုလုပ်ခြင်းနှင့် အခင်းအကျင့်ပညာတို့သည် အလွန် အရေးပါ အရာရောက်၏။ ထို့ကြောင့် ထိပါးလို့မရပေ။ ဖြစ်နိုင်သည်မှာ သူ့ကိုလည်း နည်းနည်းလောက် ကျေနပ်အောင်လုပ်ပြရပေမည်။
မုန့်ချုံမှာတော့ သူ၏ခန္ဓာကိုယ် ကြံ့ခိုင်မှုခွန်အားသည် အလွန် ကြောက်ဖို့ကောင်းလှ၏။ ရွှီယန်နောက်သာ လိုက်သည်။ သူ့ကိုလည်း ထိပါးလို့မရပေ။
ထို့ကြောင့် အားလုံးတို့ကို မဟာနတ်ဆိုးမျိုးနွယ်၏ အထွတ်အထိပ်ပုဂ္ဂိုလ်များအဖြစ် အဘယ်ကြောင့် မထည့်သွင်းလိုက်မည်နည်း။
ရှီအာတို့အုပ်စုမှာတော့ မဟာနတ်ဆိုးဘုရင်ဖြစ်သည့် သူ့ကို အနိုင်ယူနိုင်ခြင်း မရှိပေ။
"ဒီနေ့မှာ... မဟာနတ်ဆိုးမျိုးနွယ်ကို တည်ထောင်မှုနဲ့အတူ စည်းမျဉ်းတွေကိုလည်း ချမှတ်ကမယ်။ အကြီးအကဲခန်းမကို နှင်းဝံပုလွေက အကြီးအကဲခေါင်းဆောင်အဖြစ် ဦးဆောင်လိမ့်မယ်... စောင့်ရှောက်သူခန်းမရဲ့ စောင့်ရှောက်သူတွေကို ငါကိုယ်တိုင် ရွေးချယ်ပြီးတော့ သင်ကြားပေးမယ်..."
ကြောင်နီသည် မဟာနတ်ဆိုးမျိုးနွယ်၏ စည်းမျဉ်းများကို စတင်ထုတ်ပြန်ပြီး နတ်ဆိုးအစောင့်စစ်တပ်၊ နတ်ဆိုးမျိုးနွယ် ကျောင်းတော်တို့ကို တည်ထောင်သည်။
နတ်ဆိုးမျိုးနွယ် ပါရမီရှင် အားလုံးတို့သည် စာပေသင်ကြားခြင်းကို သေချာပေါက် သင်ယူလေ့လာရမည်ဖြစ်၏။ ထိုအခါမှသာ မဟာနတ်ဆိုးဘုရင်ဖြစ်သည့် သူကဲ့သို့ စာတတ်ပေတတ် နတ်ဆိုးများ ဖြစ်လာပေလိမ့်မည်။
"နတ်ဆိုးမျိုးနွယ်ဆိုတာ... သားရဲသက်သက်ပဲ မဟုတ်ဘူး။ အဲ့ဒါကြောင့်မို့လို့ ဘယ်လိုလုပ်ပြီးတော့ ပညာမဲ့လို့ ရမှာလဲ။ ရှိနေကြတဲ့လူတိုင်းပဲ.. မင်းတို့ဆီမှာ စာပေယဉ်ကျေးမှုပညာတွေ လစ်ဟင်းနေတယ်။ ငါ့ဆီမှာ စာအုပ်တစ်အုပ် ရှိတယ်။ အဲ့ဒီ့ထဲမှာ ငါ့ရဲ့ဉာဏ်ပညာတွေအားလုံးကို ပေါင်းထည့်ထားတယ်.."
"ဒီနေ့မှာ အဲ့ဒါကိုမင်းတို့တွေအတွက် ခွဲဝေပေးမယ်။ ပြန်သွားပြီးရင် ဂရုတစိုက်နဲ့ သေသေချာချာလေ့လာကြ။ ငါမင်းတို့ကို စာမေးပွဲစစ်မယ်.."
"ထူးချွန်စွာ စွမ်းဆောင်နိုင်တဲ့လူတွေ ငါ့ရဲ့မဟာနတ်ဆိုးအတတ်ကို သူများထက် ပိုစောပြီး ရကြလိမ့်မယ်.."
လက်တစ်ဝှေ့နှင့်အတူ ကြောင်နီသည် ပြင်ဆင်ထားသည့် စာအုပ်များကို စိတ်ဝိဉာဉ်သားရဲများဆီသို့ ပစ်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ ဘုရင်ကြီး.."
စိတ်ဝိဉာဉ်သားရဲအားလုံးတို့သည် စာအုပ်ကို လက်ခံရရှိပြီးနောက် လေးနက်စွာဖြင့် သိမ်းဆည်းလိုက်ကြသည်။
ကြောင်နီက တာဝန်များကို ဆက်လက်ခွဲဝေပေးတော့မည့်အချိန်၌ စိတ်ဝိဉာဉ်သားရဲတစ်ကောင်သည် ရုတ်တရက် အပြေးဝင်ရောက်လာကာ ဒူးတစ်ဖက်ထောက်ကာ ပြော၏။
"ဘုရင်ကြီး... ကျွန်တော်တို့ စိတ်ဝိဉာဉ်သားရဲတွေကို လိမ်ညာလေ့ရှိတဲ့လူ ထပ်လာပြန်ပါပြီ.."