အခန်း (၆၁၀-၆၁၂)
Vol. 41 Ch. 610-612
အပိုင်း ၆၁၀ - မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံခြင်း၊ ကျိုးနိုင်ငံ၏ ချင်ဘုရင်စံအိမ်
ထောင်နှင့်ချီသည့် ဓားမုန်တိုင်းက ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသေးချိန်တွင် ပွင့်ချက်များသည် တောင်ထိပ်ဆီမှ သက်ဆင်းလာခြင်းတို့ ရပ်တန့်သွား၏။ ရှင်းမုန့်ရုံ၏ အသံက ပေါ်လာခဲ့သည်။
"လုံလောက်ပြီ... ထိုက်မြှောင်ဂိုဏ်းရဲ့ ဒီကပန်းပင်တွေက နင်ဒီလို ဖျက်ဆီးပစ်ဖို့ မဟုတ်ဘူး.."
သူမတို့သာ ဆက်လက်တိုက်ခိုက်နေပါက ရလဒ်မှာ မည်သို့ပင် ဆိုစေကာမူ တောင်ထိပ်ပေါ်ရှိ ကျောက်ဆောင်များနှင့် အပင်များကို ပျောက်ကွယ်သွားစေကာ ကျတ်တီးမြေတစ်ခုသဖွယ် ကျန်ရစ်စေမှာဖြစ်သည်။
အရာအားလုံးကို ဓားအဖြစ်ပြောင်းလဲတော့မည့် ရွှီယန်လည်း ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရ၏။ တောင်ထိပ်မှ တင့်တယ်သည့် ပုံရိပ်နှစ်ခုတို့ သက်ဆင်းလာခဲ့သည်။
"သခင်လေးရွှီ.."
"သခင်လေးရွှီ.."
ရွှီယန်က ခေါင်းငြိမ့်သည်။ ဤသည်မှာ စစ်မှန်သည့် မိန်းကလေးသုနှင့် မိန်းကလေးယွင်တို့ ဖြစ်၏။
"ခဏလောက်စောင့်ဦး... ကျွန်တော် အပေါ်ကို သွားဦးမလို့.."
ရွှီယန်သည် တောင်ထိပ်ပေါ်သို့ တက်လှမ်းမည့် သူ၏ ရည်ရွယ်ချက်ကို ရပ်တန့်လိုက်ခြင်း မရှိပါ။
"သခင်လေးရွှီ... မသွားတာ ကောင်းလိမ့်မယ်ထင်တယ်... ဘိုးဘေးအဘွားက အပြင်လူတွေကို မတွေ့ဘူး.."
ဤသည်က ဘိုးဘေးအဘွားအား ဒေါသဖြစ်စေမည်ကို စိုးရိမ်သဖြင့် သုယွီယင်းက ညင်သာစွာဖြင့် ပြောသည်။
"ဟုတ်ပါတယ် သခင်လေးရွှီ... ဘိုးဘေးဆရာမကို မနှောင့်ယှက်တာ အကောင်းဆုံးပဲ.."
ယွင်မြှောင်မြှောင်ကလည်း ဝိုင်းဝန်းပြောကြား၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားပြီး ရှင်းမုန့်ရုံနှင့် ဒီမိန်းကလေးနှစ်ဦးအကြား ဆက်ဆံရေးမှာ ပုံမှန်မဆန်စွာ နီးကပ်နေပုံကို နားလည်လိုက်သည်။
တစ်ယောက်က သူမကို ဘိုးဘေးအဘွားဟုခေါ်ပြီး နောက်တစ်ယောက်က ဘိုးဘေးဆရာမဟု ခေါ်၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သုယွီယင်းမှာ ရှင်းမုန့်ရုံ၏ မျိုးဆက်တစ်ယောက် ဖြစ်ကြောင်းကို သိမြင်နိုင်သည်။
ယွင်မြှောင်မြှောင်မှာတော့ ရှင်းမုန့်ရုံ၏ အမွေအနှစ်ကို ဆက်ခံခဲ့သူ ဖြစ်၏။
"ကျွန်တော်က ဒီတိုင်းသွားပြီးတော့ လည်ပတ်မလို့ပါပဲ... ကိစ္စကြီး မဟုတ်ပါဘူး... နင်တို့တွေ စိုးရိမ်စရာမလိုဘူး။ သူမက စိတ်ဝိဉာဉ်နယ်မြေမှာ ငါကြုံတွေ့ခဲ့တဲ့ အသန်မာဆုံး လူနှစ်ယောက်ထဲက တစ်ယောက်ပဲ။ ဒါ့ကြောင့်မလို့ သွားတွေ့ချင်တာ.."
ရွှီယန်က ထိုစကားကိုပြောပြီးနောက် တောင်ထိပ်ပေါ်သို့ ဆက်လက်တက်ရောက်သွားသည်။
"ရွှတ်.."
လှပသည့် ပုံရိပ်တစ်ခုပေါ်လာပြီး ရွှီယန်၏ ရှေ့သို့ရောက်ရှိလာ၏။
သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့က အံ့သြသွားပြီး အလျှင်အမြန် အရိုအသေပေးသည်။
"ဘိုးဘေး..."
ရှင်းမုန့်ရုံကိုကြည့်ကာ ရွှီယန်သည် အနည်းငယ်အံ့သြသွား၏။ သူမသည် အိမ်မက်တစ်ခုအတွင်းတွင် မြုပ်ကွယ်နေပုံပေါ်ပြီး အစစ်အမှန်မရှိသည့် ခံစားချက်ကို ပေးစွမ်းနေ၏။
သူမ၏မျက်နှာက ဝေဝါးကာ ရှင်းလင်းခြင်း မရှိပေ။ သို့ရာတွင် ဤသည်မှာ သံသယဝင်စရာမကောင်းလောက်အောင် အနှိုင်းမဲ့သည့် မိန်းမလှတစ်ဦး ဖြစ်ရပေမည်။
သူ၏အကြည့်က စူးစိုက်သွား၏။ ဒီအချိန်၌ သူသည် များပြားလှစွာသော ပုံရိပ်ယောင်အလွှာများကို ကြိုးစားဖြတ်ကျော်ပြီး သူမ၏ အစစ်အမှန်မျက်နှာအား မြင်နိုင်လာခဲ့သည်။
တစ်ချက်ကြည့်သည်နှင့် ရွှီယန်သည် အလွန်အံ့သြသွား၏။ ပြီးနောက် သုယွီယင်းကို ခေါင်းလှည့်ကြည့်သည်။
သုယွီယင်း၏ မျက်နှာသည် ရှင်းမုန့်ရုံ၏ မျက်နှာနှင့် အလွန်ဆင်တူ၏။ သွေးမျိုးဆက်သည် အလွန်သန်မာပြီး ဘိုးဘေးဆီသို့ပင် ရောက်ရှိနိုင်လေသည်။ သုယွီယင်းတွင် ယခုမျှ ကောင်းမွန်သည့် ပါရမီရှိတာ အံ့သြစရာ မရှိပေ။
"ခင်ဗျားရဲ့သိုင်းပညာက တကယ့်ကို နက်ရှိုင်းတယ်... စိတ်ဝိဉာဉ်နယ်မြေက ကျွန်တော်တွေ့ဖူးသမျှ တွေထဲမှာ အထူးခြားဆုံးနဲ့ လျှို့ဝှက်ဆန်းကြယ်မှု အရှိဆုံး သိုင်းပညာပဲ.."
ရွှီယန်က ခဏတာ ရပ်တန့်နေပြီးနောက် ပြော၏။ ရှင်းမုန့်ရုံကျင့်ကြံသည့် ကျင့်စဉ်မှာ အလွန်ဆန်းကြယ်ပါသည်။ လင်းနယ်မြေ၌ သူတွေ့ဖူးသမျှထဲတွင် အဆင့်အမြင့်ဆုံးဟု ဆိုနိုင်၏။
"နင်လည်း တကယ့်ကို ထူးကဲတယ်... ငါ့ရဲ့ အစစ်အမှန် မျက်နှာကိုတောင် တွေ့မြင်နိုင်တယ်.."
ရွှီယန်၏ တည်ငြိမ်မှုနှင့် နှိုင်းယှဉ်ပါက ရှင်းမုန့်ရုံမှာ ပိုမိုကာပင် အံ့ဩနေမိသည်။ ဒီလူငယ်သည် ပုံရိပ်ယောင်များကို ဖြတ်ကျော်ကာ သူမ၏ အစစ်အမှန်မျက်နှာကို မြင်တွေ့နိုင်ခဲ့၏။
သိထားရမည်မှာ သူမကိုယ်တိုင် အစစ်အမှန်မျက်နှာကို ဖော်ပြလိုခြင်း မရှိပါက ဝူထန်းနန်ပင် တွေ့မြင်နိုင်ခြင်း မရှိပေ။
"အဲ့ဒါက မခက်ခဲပါဘူး.."
ရွှီယန်က အသာပြောသည်။
ခဏတာ စဉ်းစားပြီးနောက် ရှင်းမုန့်ရုံက မေး၏။
"...နင်ပြောတဲ့ နောက်ထပ် အသန်မာဆုံးပုဂ္ဂိုလ်ဆိုတဲ့လူက ဘယ်သူလဲ... နင့်ရဲ့ဆရာလား.."
"ခင်ဗျားက ဘယ်လိုလုပ်ပြီး ကျွန်တော်ရဲ့ဆရာနဲ့ နှိုင်းယှဉ်နိုင်မှာလဲ... သူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပုရွဲဆိတ်တစ်ကောင်လို သေးသိမ်နေမှာ။ စကားထဲထည့်ပြောဖို့တောင် မထိုက်တန်ဘူး.."
"ကျွန်တော်ပြောတဲ့ အခြားတစ်ယောက်ဆိုတာ ဝူရှင်းသိုင်းပညာအကယ်ဒမီရဲ့ ကျောင်းအုပ် ဝူထန်းနန်ကိုပြောတာ.."
ရွှီယန်က မထီမဲ့မြင်ဖြင့် ဖြေကြား၏။
ဒီရှင်းမုန့်ရုံသည် အနည်းငယ် မောက်မာလှပါသည်။ သူမကိုယ်သူမ သူ၏ဆရာဖြစ်သူနှင့်ပင် နှိုင်းယှဉ်လို၏။
ဒီအချိန်၌ ရှင်းမုန့်ရုံသည် မည်သည်ကို ပြောရမည်မသိဖြစ်နေ၏။ ဒီရွှီယန်သည် ထင်ထားသည်ထက်ပင် အလွန်မောက်မာလှသည်။ သူမသည် သူ၏ဆရာနှင့် နှိုင်းယှဉ်ပါက ပုရွဲဆိတ်တစ်ကောင်သဖွယ် သေးသိမ်သွားသည်လား။
"နင့်ရဲ့ နည်းပါးတဲ့ အတွေ့အကြုံနဲ့... နင့်ရဲ့ဆရာကို အသန်မာဆုံးလူတစ်ယောက်လို့ ထင်နေတာလည်း ပုံမှန်ပါပဲ.."
ရှင်းမုန့်ရုံက ခေါင်းကိုရမ်းသည်။ ထိုကိစ္စအား ဆက်လက်ပြောကြားမှုမပြုရန် ဆုံးဖြတ်လိုက်၏။
"ဝူထန်းနန်ရဲ့ ခွန်အားကိုရော.. ငါနဲ့နှိုင်းယှဉ်ရင် ဘယ်လိုနေမယ်လို့ ထင်လဲ.."
ခဏတာစဉ်းစားပြီးနောက် ရွှီယန်က ပြောသည်။
"ခင်ဗျားက သူ့ရဲ့ပြိုင်ဖက်မဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်တယ်... ကျောင်းအုပ်ဝူက ကျွန်တော့်ဆရာနဲ့တွေ့ပြီးပြီ။ အဲ့ဒါကြောင့်မလို့ ဆရာဆီကနေ ညွှန်ကြားချက်အချို့ရပြီး သူ့ရဲ့ခွန်အားတွေ မြင့်တက်လာမှာ သံသယဝင်စရာ မရှိဘူး.."
ရှင်းမုန့်ရုံက ထူးဆန်းစွာ ပြုံးသည်။ နောက်ဆုံးတွင် တစ်ဖက်လူသည် ဆရာဖြစ်သူကိုသာ ချီးကျူးနေဆဲရှိ၏။
"တကယ်လို့ ရေစက်သာရှိရင်... နင့်ရဲ့ဆရာဆီကို ငါလည်းသွားရောက်လည်ပတ်ပါဦးမယ်.."
ထိုစကားကိုပြောပြီးနောက် ရှင်းမုန့်ရုံသည် လေထဲသို့မြင့်တက်သွားပြီး တောင်ထိပ်ဆီသို့ ပြန်သွား၏။
ယခုအချိန်၌ သူမကို တွေ့မြင်ပြီးဖြစ်ရာ ရွှီယန်သည် တောင်ထိပ်ပေါ်သို့ သွားရောက်ရန် အတင်းလုပ်မနေတော့ပါ။ ရှင်းမုန့်ရုံက သူ့ကို လာရောက်တွေ့ဆုံခဲ့ခြင်းမှာ တောင်ထိပ်ပေါ်တွင် လျှို့ဝှက်ချက်အချို့ရှိနေပြီး အပြင်လူများ မသိသင့်ဟု ဆိုလိုခြင်းဖြစ်၏။
သုယွီယင်း၏ ခြံဝန်းအတွင်းတွင် မိတ်ဆွေဟောင်းများသည် ပြန်လည်ဆုံတွေ့ခဲ့ကြ၏။ ထို့ကြောင့် ပြီးခဲ့တုန်းက နှစ်များအတွင်းရှိ အတွေ့အကြုံများကို ပြန်ပြောင်းပြောပြကြသည်။
ချွေအာမှာ အလွန် စိတ်လှုပ်ရှားနေ၏။ သူမ၏မျက်နှာမှာ နီရဲနေပြီး ကိုယ်တိုင်ပြုလုပ်ထားသည့် လက်ဖက်ရည်နှင့် ကိတ်မုန့်တို့ကို ချကျွေးသည်။
ဝူရွှမ်းမှာ တပည့်မဖြစ်သူ၏ ဘေးတွင်ထိုင်ကာ အကူညီမဲ့စွာ ရှိနေ၏။ ယခုအချိန်၌ ဒီနေရာသို့ ရွှီယန်ရောက်လာရာ သူမတပည့်၏ နှလုံးသားသည် လုံးဝ တစ်ဖက်လူဆီ၌သာ ရှိနေပါသည်။
အတိတ်အကြောင်းများကို ပြန်ပြောင်းပြောဆိုမှု အပြီးတွင် ရွှီယန်က ရှဲ့လင်ဖုန်း၏ တည်နေရာကို မေး၏။
"ဦးလေးရှဲ့နဲ့ သခင်လေးရှဲ့တို့ရဲ့ ကျောက်စိမ်းတံဆိပ်ပြားက ဘယ်စိတ်ဝိဉာဉ်ဂိုဏ်းကလည်း ဆိုတာကို ကျွန်မလည်း မသိဘူး... အဲ့ဒီ့အချိန်တုန်းက မေးဖို့လည်း မကောင်းဘူးထင်လို့ မမေးခဲ့တာ။ ဒါပေမယ့် ကျိုးနိုင်ငံရဲ့ ဘုရင်ကတော့ သူတို့သားအဖနှစ်ယောက်ကို လိုက်ပို့ပေးမယ်လို့ ပြောခဲ့တာကြားတယ်..."
သုယွီယင်းက အားနာစွာ ပြောသည်။
"အဲ့လိုလား.."
ရွှီယန်က မျက်မှောင်ကျုံ့သွားသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သူသည် ကျိုးနိုင်ငံသို့သွားရောက်ပြီး ဘုရင် သို့မဟုတ် ကျစ်ယွင်တို့ဆီမှ ရှဲ့လင်ဖုန်း၏ အကြောင်းကို မေးမြန်းရန်လိုအပ်ပါသည်။
"စီနီယာအစ်မ ယရုံတော့ တစ်ခုခုသိလိမ့်မယ်... ကျွန်မစီနီယာအစ်မဆီမှာ မေးပေးမယ်လေ.."
ထိုကဲ့သို့ပြောပြီးနောက် ယွင်မြှောင်မြှောင်က အလျှင်အမြန်မတ်တပ်ရပ်သည်။
"သခင်လေးရွှီ... ခဏလောက်စောင့်ပါ... ကျွန်မ ပြန်လာခဲ့မယ်.."
"ကျေးဇူးတင်ပါတယ် မိန်းကလေးယွင်.."
ရွှီယန်က ကျေးဇူးတင်၏။
"ပြဿနာမရှိပါဘူး သခင်လေးရွှီ... အရမ်းကြီး အားနာမနေပါနဲ့.."
ယွင်မြှောင်မြှောင်သည် အလျှင်အမြန် ထွက်ခွာသွား၏။
"မိန်းကလေးသုရဲ့ ခွန်အားတိုးတက်မှုက တကယ့်ကို မြန်တာပဲ။ ပါရမီရှင်တွေအကြား တိုက်ပွဲမှာ ယှဉ်ပြိုင်မှာလား.."
ရွှီယန်က အပြုံးတစ်ခုဖြင့် မေး၏။
သုယွီယင်းသည် အံ့ဩစရာကောင်းလောက်အောင် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်နေပြီးဖြစ်၏။
သူမ၏ခွန်အားသည် ဝူရွှမ်းထက်ပင် ကျော်လွန်နေပါသည်။
ယွင်မြှောင်မြှောင်မှာလည်း အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ဖြစ်၏။ ထိုကဲ့သို့သော ခွန်အားအဆင့်သည် အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းအတွင်းတွင်ပင် ထိပ်တန်းပါရမီရှင်ဟု ယူဆနိုင်၏။
"ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲမှာ သခင်လေးရွှီက တကယ့်ကို အနှိုင်းမဲ့ဆုံးပဲ... ယွီယင်းကတော့ နည်းနည်းလောက်စိတ်ဝင်စားရုံပါ.."
သုယွီယင်းက ညင်သာသည့်အပြုံးဖြင့် ဖြေကြား၏။
အပိုင်း ၆၁၁ - မိတ်ဆွေဟောင်းများနှင့် တွေ့ဆုံခြင်း၊ ကျိုးနိုင်ငံ၏ ချင်ဘုရင်စံအိမ်(၂)
"မိန်းကလေးသု... တကယ်တော့ ခင်ဗျားရဲ့စွမ်းအားက လင်းနယ်မြေရဲ့ ပါရမီရှင်တွေအကြားမှာ အမှန်တကယ် ထိပ်တန်းကျပါတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့.."
ရွှီယန်က ဒန်ဆေးပုလင်း အနည်းငယ်ကို ထုတ်ကာ ပေးသည်။ ၎င်းတို့သည် ဒီဗိုင်းဝိဉာဉ်အား ကျင့်ကြံမှုအပေါ် ကြီးစွာ အထောက်အကူပြု၏။
ထိုအချိန်၌ ယွင်မြှောင်မြှောင်က ယရုံနှင့်အတူ ပြန်လည်ရောက်ရှိလာခဲ့သည်။
"နင်က တကယ်ပဲ အတွင်းဘက်နယ်မြေကလား.."
ယရုံက ရွှီယန်ကို မယုံကြည်နိုင်စွာ ကြည့်သည်။
ယွင်မြှောင်မြှောင်က သူမကို ရှဲ့လင်ဖုန်း၏ ယွီလင်တံဆိပ်ပြားအကြောင်း လာရောက်မေးမြန်းသည်နှင့် ရွှီယန်ကို တွေးမိလိုက်၏။ ထို့ကြောင့် အတူတူ လိုက်လာရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"အဲ့ဒါက ပြဿနာတစ်ခုခု ရှိလို့လား.."
ရွှီယန်က ထူးမခြားနားစွာ မေး၏။
ယရုံက ခဏတာတိတ်ဆိတ်နေပြီးနောက် သက်ပြင်းချသည်။
"အတွင်းဘက်နယ်မြေက နင့်လိုမျိုး မကောင်းဆိုးဝါးတစ်ကောင်ကို တကယ်ပဲ ထုတ်လုပ်ခဲ့တယ်.."
ယွင်မြှောင်မြှောင်၏ မျက်နှာက တောင်းပန်သည့်အသွင် ဖြစ်သွား၏။ သူမသည် ယရုံတစ်ယောက် ရွှီယန်မှာ အတွင်းဘက်နယ်မြေမှ လာခြင်းဖြစ်သည်ကို ခန့်မှန်းနိုင်မည်ဟု ထင်မထားခဲ့ပေ။
ရွှီယန်က စိတ်ထဲမထားပါ။ သူ၏ အတွင်းဘက်နယ်မြေမှ လာသည်ဟူသည့် အကြောင်းသည် အချိန်ကြာလာသည်နှင့်အမျှ ပေါက်ကြားလာမှာ ဖြစ်၏။
ထို့အပြင် လင်းယွီဂိတ်တံခါးကို ဆရာဖြစ်သူက ချိတ်ပိတ်ထားပြီး ဖြစ်ရာ မည်သူမှ ဝင်ရောက်နိုင်မည် မဟုတ်တော့ပေ။ အတွင်းဘက်နယ်မြေ၏ ပျက်စီးမှုအတွက် စိုးရိမ်စရာ မလိုပါ။
"ရှဲ့မိသားစုရဲ့ သားအဖကိုင်ဆောင်ထားတဲ့ ယွီလင်တံဆိပ်ပြားက ယွင်ထန်းရဲ့ယွီလင်ပဲ... အဲ့ဒါက ယွင်ထန်းရဲ့ မိုးပြာရောင်ပင်လယ်မြို့ကလာတာ.."
ယရုံသည် ရွှီယန်၏ အတွင်းဘက်နယ်မြေမှ ဖြစ်သည့်အကြောင်းအား ဆက်လက်မေးခွန်းများ ထုတ်မနေတော့ပါ။
"ယွင်ထန်းရဲ့ မိုးပြာရောင်ပင်လယ်မြို့.."
ရွှီယန်က အံ့ဩသွားသည်။ မိုးပြာရောင်ပင်လယ်မြို့သည် အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများထဲမှ တစ်ခုဖြစ်ပြီး သိုင်းတစ်ထောင်ခန်းမ၊ လိင်ယွင်တောင်စံအိမ်နှင့် ယွီလင့်စံအိမ်တို့နှင့် ခြားနား၏။
၎င်းသည် လင်းနယ်မြေ၏ ဒေသ၁၈ခုတို့တွင် မရှိဘဲ မိုးပြာရောင်ပင်လယ်၌ တည်ရှိသည်။ မိုးပြာရောင်ပင်လယ်ရှိ အကြီးဆုံးကျွန်းပေါ်တွင် တည်ထားသည့် ပင်လယ်၏ နံပါတ်တစ်မြို့တော်တစ်ခု ဖြစ်၏။ အဆုံးမသတ်နိုင်သော ကျွန်းများကို အုပ်စိုးသည်။
ပြောရလျှင် ပင်လယ်စိတ်ဝိဉာဉ်မျိုးနွယ်မှာလည်း မိုးပြာရောင်ပင်လယ်မြို့၏ အုပ်စိုးမှုအောက်တွင်ရှိပြီး ၎င်းသည် ပင်လယ်ရပ်ခြားဒေသ၏ မြင့်မြတ်နယ်မြေအဖြစ် သတ်မှတ်ခြင်း ခံရသည်။
"ဟုတ်တယ်... နင်သူတို့ကို ရှာချင်တယ်ဆိုရင် ယွင်ထန်းရဲ့ မိုးပြာရောင်ပင်လယ်မြို့ကို သွားမှရလိမ့်မယ်.."
ယရုံက ခေါင်းငြိမ့်သည်။ သူမ၏ စကားဆုံးပြီးနောက် ဆက်လက်နေမနေတော့ဘဲ တောင်ထိပ်ပေါ်ရှိ ဆရာမဖြစ်သူကို သွားရောက်တွေ့ဆုံသည်။
ရွှီယန်လည်း ရှဲ့လင်ဖုန်းသည် ယွင်ထန်း၏ မိုးပြာရောင်ပင်လယ်မြို့သို့ သွားရောက်ခြင်းဖြစ်ကြောင်း နားလည်ပြီးနောက် နောက်ထပ်ခရီးစဉ်အား မိုးပြာရောင်ပင်လယ်သို့ သွားရောက်ရန် ဆုံးဖြတ်လိုက်သည်။
'ပြောကြတာ ပင်လယ်ထဲမှာ ဒီဗိုင်းပစ္စည်းတွေ ရှိတယ်တဲ့။ အဲ့ဒါက ငါ့အတွက် အခြေခံစုဆောင်းဖို့ အရင်းအမြစ်တွေကိုရှာဖွေဖို့ အခွင့်အရေးကောင်းပဲ။ ပြီးရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်ကို ချိုးဖျက်ရမယ်..'
"ဒီဒန်ဆေးလုံးတွေကို... မိန်းကလေးနှစ်ယောက်ကို ကျွန်တော်ပေးလိုက်မယ်.."
ရွှီယန်က ဒန်ဆေးလုံးများကို ခွဲကာ သူမတို့နှစ်ယောက်အား ပေးသည်။
"ကျေးဇူးတင်ပါတယ် သခင်လေး.."
သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့ နှစ်ယောက်လုံးမှာ ဝမ်းသာသွားကြသည်။
"ကျွန်မရော သခင်လေးရွှီ.."
ချွေအာက မျက်တောင်ခတ်ကာ မေး၏။
"ရော့... ဒါကနင့်အတွက်.."
ရွှီယန်သည် သူမကို ဒန်ဆေးလုံးတစ်ပုလင်းအား ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး.."
ချွေအာမှာ အလွန် ဝမ်းသာသွား၏။
"နင်တို့တွေ ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို သန့်စင်တော့မှာလား.."
ရွှီယန်က ခဏတာစဉ်းစားပြီးနောက် မေး၏။
"ဟုတ်တယ်.."
သုယွီယင်းက ခေါင်းငြိမ့်သည်။ ညင်သာစွာ သက်ပြင်းချ၏။
"ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို သန့်စင်ရတာ တော်တော်လေး ခက်ခဲတယ်... ပါရမီရှင်တွေအကြား ယှဉ်ပြိုင်ပွဲရဲ့ နောက်ဆုံးတိုက်ပွဲကို မရောက်ခင်မှာ ပြီးမြှောက်နိုင်ဖို့ မျှော်လင့်တယ်.."
"ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီက နေရာတိုင်းမှာရှိပြီး အာရုံခံလို့ရပေမယ့် ဒီဗိုင်းဝိဉာဉ်ထဲကို သန့်စင်ထည့်ဖို့က ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပဲ.."
ယွင်မြှောင်မြှောင်ကလည်း သက်ပြင်းချသည်။
"တကယ်တော့... ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ လင်းကျီကို သန့်စင်ဖို့က အဲ့လောက် မခက်ခဲပါဘူး.."
ရွှီယန်က ခဏတာစဉ်းစားပြီးနောက် ပြော၏။
"အဲ့ဒီ့ကိစ္စကို ဆရာ အခြားလူတွေကို တစ်ကြိမ် ညွှန်ကြားခဲ့ဖူးတယ်... တကယ်လို့ မိန်းကလေးနှစ်ယောက် စိတ်မရှိဘူးဆိုရင် ကျွန်တော်အဲ့ဒီ့နည်းလမ်းကို မျှဝေပေးလို့ရတယ်.."
ရွှီယန်၏ စကားကိုကြားရပြီးနောက် သုယွီယင်းနှင့် ယွင်မြှောင်မြှောင်တို့ နှစ်ယောက်လုံးမှာ ဝမ်းသာသွားကြသည်။ အလျှင်အမြန် ခေါင်းငြိမ့်ကြ၏။
"ဆရာကြီးရဲ့နည်းလမ်းက သေချာပေါက် ထူးကဲနေမှာတော့ ကျွန်မတို့ယုံကြည်တယ်... တကယ်လို့ သခင်လေးက ညွှန်ကြားပေးမယ်ဆိုရင် တကယ့်ကို ကျေးဇူးတင်မိမှာပါ.."
မိန်းကလေးနှစ်ယောက်လုံးသည် ရွှီယန်ကျင့်ကြံသည့် သိုင်းပညာမှာ လင်းနယ်မြေနှင့် ခြားနားကြောင်းကိုသိရှိ၏။
ရွှီယန်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအား သန့်စင်ရန် လုံးဝ လိုအပ်ခြင်းမရှိပေ။ ထို့ကြောင့် ထိုနည်းလမ်းကို ဆရာကြီးက အခြားလူများကို ညွှန်ကြားပြသပေးချိန်၌ ဖန်တီးခဲ့တာ ဖြစ်ပေလိမ့်မည်။ ထိုဆရာကြီး၏ ခွန်အားအဆင့်သည် အမှန်တကယ်ကို စိတ်ကူးကြည့်၍ပင် မရပေ။
ရွှီယန်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအား သန့်စင်ခြင်းနည်းလမ်းကို မိန်းကလေးနှစ်ယောက်အား သင်ကြားပေး၏။ ပြီးနောက် ချန်ချင်းစံအိမ်နှင့် မျိုးဆက်ဆုံမဟာမိတ်အဖွဲ့တို့နှင့် ပတ်သက်သည့် အရေးကိစ္စများနှင့် အတိတ်က အကြောင်းအရာများကို ရှည်ကြာစွာ စကားပြောခဲ့ကြသည်။
ထို့နောက် ရွှီယန်သည် နှုတ်ဆက်ကာ ထွက်ခွာခဲ့၏။ မိန်းကလေးနှစ်ယောက်တို့သည် သူ၏ ထွက်ခွာသွားမှုကိုကြည့်ကာ စိတ်မပါစွာဖြင့် နှုတ်ဆက်စကားပြောရသည်။
သူမတို့သည် ပါရမီရှင်များ၏ ယှဉ်ပြိုင်ပွဲနောက်ဆုံးတိုက်ပွဲသို့ မရောက်မချင်း ထပ်မံတွေ့ဆုံကြမည် မဟုတ်ပေ။
ရွှီယန်သည် တောင်အောက်သို့ ဆင်းလာခဲ့၏။ ဒီခရီးစဉ်သည် အလွန်အကျိုးရှိကာ ရှဲ့လင်ဖုန်း၏ တည်နေရာကိုလည်း သိရှိခဲ့လေသည်။
'ယွင်ထန်းရဲ့ မိုးပြာရောင်မြို့ကို မသွားခင်မှာ ချန်ချင်းစံအိမ်ကို အရင်ပြန်ရမယ်..'
ရွှီယန်က စိတ်ထဲတွင် စဉ်းစားသည်။
"နင့်ရဲ့ဆရာ ဘယ်မှာလဲ.."
ပုံရိပ်တစ်ခု ရုတ်တရက်ပေါ်လာ၏။ ဤသည်မှာ ရှင်းမုန့်ရုံဖြစ်သည်။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။
"ကျွန်တော့်ဆရာက ချန်ချင်းစံအိမ်မှာ... သူ့ကို တွေ့ချင်တယ်ဆိုရင် သွားပြီးတော့ ခွင့်တောင်းကြည့်လို့ရတယ်။ ဒါပေမယ့် ဆရာက ခင်ဗျားကို တွေ့မှာလား မတွေ့ဘူးလား ဆိုတာတော့ အာမမခံနိုင်ဘူး.."
ရှင်းမုန့်ရုံက မည်သည်ကိုမှ မပြောပါ။ သူမ၏ ပုံရိပ်သည် ရွေ့လျားသွားပြီး နေရာမှ ပျောက်ကွယ်သွား၏။
ကျိုးနိုင်ငံ၏မြို့တော်ရှိ ချင်ဘုရင်စံအိမ်တွင်...
ချင်ဘုရင်မျိုးဆက်သည် ကျိုးနိုင်ငံ တော်ဝင်မိသားစု၏ မျိုးဆက်ကိုးခုထဲမှ တစ်ခုဖြစ်၏။ အလွန်ဆုတ်ယုတ်နေပြီး ဖြစ်သည်။
သို့ရာတွင် လက်ရှိမျိုးဆက်၏ ချင်ဘုရင်သည် ကောင်းမွန်သည့် ပါရမီကို ပိုင်ဆိုင်ထားပြီး အခြားလူများထက် ဉာဏ်ပညာမြင့်မား၏။ ဤသည်က ချင်ဘုရင်စံအိမ်၏ မျိုးဆက်ကို ပြန်လည်ထွန်းကားလာစေမည့် လက္ခဏာရပ်တို့ ပြသနေသည်။
ရှန်းချင်သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ဒီဗိုင်းဝိဉာဉ်အတွင်းသို့ စုစည်းပြီးဖြစ်၏။ လင်းကျီသုံးမျှင်တို့ကိုပင် သန့်စင်ပြီးဖြစ်ကာ သူသည် ကျိုးဒေသ၏ အသန်မာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။
စွမ်းအားအကြီးဆုံး မဟုတ်ပေမယ့် ချင်ဘုရင်စံအိမ်၏ ဆက်တိုက်ချဲ့ထွင်မှုအတွက် ထောက်ပံ့ပေးနိုင်ဆဲ ရှိ၏။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းတွင် ချင်ဘုရင် ရှန်းချင်သည် အပြင်ဘက်မှ မိန်းကလေးငယ်တစ်ယောက်ကို ပြန်ခေါ်လာခဲ့ပြီး မွေးစားသမီးအဖြစ် မွေးစားခဲ့၏။
သူမကို မင်းသမီးကျစ်ယွင်ဟူ၍ ခေါ်ဆိုသည်။
ပြောကြသည်မှာ မင်းသမီးကျစ်ယွင်သည် လင်းယွီဂိတ်တံခါးအား ဖွင့်လှစ်ချိန်၌ ရောက်ရှိလာခဲ့ပြီး ပြီးခဲ့တုန်းက ချင်ဘုရင် ချန်ရစ်ထားခဲ့သည့် ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ဆောင်ထားသည်ဟု ဆို၏။
ပါရမီထူးချွန်ပေမယ့် နိမ့်ကျသည့် အတွင်းဘက်နယ်မြေမှ လာခြင်းဖြစ်ရာ မကြာခဏ အထင်သေးစွာ ရှု့မြင်ခြင်းကို ခံရသည်။
သို့ရာတွင် မင်းသမီးကျစ်ယွင်သည် စိတ်ဓာတ်ကြံ့ခိုင်ကာ ယခုအချိန်၌ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်နေပြီးဖြစ်၏။
သူမ၏ ခွန်အားသည်လည်း အဆင့်တူများအတွင်းတွင် ထိပ်တန်း၌ ရှိသည်။
ရှန်းချင်တွင် သားတစ်ယောက်သာရှိ၏။ ပြောကြသည်မှာ သူ့ကို ယွင်ထန်း၏ မိုးပြာရောင်ပင်လယ်မြို့သို့ပို့လွှတ်ပြီး အပြင်းအထန် ကျင့်ကြံခိုင်းထား၏။
ထို့ကြောင့် ချင်ဘုရင်စံအိမ်၏ လူငယ်မျိုးဆက်သည် ကျစ်ယွင်အပေါ်၌သာ လုံးဝ မှီခိုနေရသည်။ ဘုရင်ရှန်းချင်၏ မွေးစားသမီးဖြစ်ရာ ချင်ဘုရင်စံအိမ်ရှိ မည်သူမှသူမကို မလေးမစားပြုရဲခြင်း မရှိပေ။ သို့ပေမယ့် အခြားကျိုးတော်ဝင်မိသားစု၏ မျိုးဆက်ရှစ်ခုကတော့ သူမကို အထင်သေးလေ့ ရှိသည်။
ကျစ်ယွင်သည် တော်ဝင်မိသားစု၏ မျိုးဆက်များအကြားသို့ ဝင်ဆံ့နိုင်ခြင်းမရှိဘဲ ဖြစ်နေ၏။ ကျိုးနိုင်ငံ အမတ်အချို့၏ မျိုးဆက်များပင်လျှင် အပြင်ပန်းတွင်သူမကို လေးစားမှုပြပေမယ့် အနောက်ဘက်၌ အထင်သေးစွာ ပြောဆိုလေ့ရှိ၏။
ကျစ်ယွင် ထိုကိစ္စကို စိတ်ထဲမထားပါ။ သူမသည် ခွန်အားကို မြှင့်တင်ရန်သာ အာရုံစိုက်နေ၏။
"အဖေ.."
ကျစ်ယွင်သည် ရှန်းချင်၏ စာကြည့်ခန်းအတွင်းသို့ လျှောက်ဝင်သွား၏။
"ကျစ်ယွင်... နင့်ကို တစ်ယောက်ယောက် အနိုင်ကျင့်လိုက်ပြန်ပြီလား.."
ရှန်းချင်၏ မျက်ခုံးများက မျက်မှောင်ကျုံ့သွားသည်။ သူသည် အခြား တော်ဝင်မျိုးဆက်ရှစ်ခုနှင့် ပဋိပက္ခများစွာတို့ ဖြစ်ပွားခဲ့၏။
ဘာပဲဖြစ်ဖြစ် ကျစ်ယွင်မှာ သူ၏ မွေးစားသမီးဖြစ်သည်။ ကျစ်ယွင်ကို ဖယ်ကြဉ်ထားခြင်းက ချင်ဘုရင်မျိုးဆက်ကို ဖယ်ကြဉ်ခြင်းနှင့် တူညီ၏။
သို့ပေမယ့် သူသည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို စုစည်းပြီးလျှင်တောင် ခွန်အားမှာ အခြားတော်ဝင်မိသားစုရှစ်ခုတို့၏ အသန်မာဆုံး ပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိပေ။ ဤသည်က ခိုင်မာစွာ ရပ်တည်ပေးရန် ခက်ခဲနေ၏။
"မဟုတ်ပါဘူး... သူတို့တွေကို သမီး လုံးဝဂရုမစိုက်ဘူး.."
ကျစ်ယွင်က သူမ၏ အင်္ကျီထောင့်စွန်းများကို ဆုပ်ကာ ပြောသည်။
"ချန်ချင်းစံအိမ် ကျိုးနိုင်ငံကိုလာတယ်တဲ့... ပြောကြတာက မကြာခင်မှာ မြို့တော်ကို ရောက်လိမ့်မယ်။ သမီး အဲ့ဒီ့ကိုသွားပြီး ကျင့်ကြံမှုအတွက် ဒန်ဆေးလုံးအချို့ကို ဝယ်ယူချင်တယ်.."
ချန်ချင်းစံအိမ်ရှိ ဒန်ဆေးလုံးများသည် လင်းနယ်မြေတလျှောက် နာမည်ကျော်ကြား၏။ သို့ပေမယ့် အလွန်စျေးကြီးသည်။
ငွေကြေးတို့ ရှိလျှင်တောင် ဝယ်ယူနိုင်မည်ဟု အာမခံနိုင်ခြင်းမရှိပေ။ အရာအားလုံးသည် စံအိမ်သခင်၏ စိတ်အခြေအနေအပေါ်၌ မူတည်နေ၏။
"ဪ.. အဲ့လိုဆိုရင် အိမ်တော်ထိန်း အချုံကို ခေါ်သွားလိုက်လေ.."
ရှန်းချင်က ခေါင်းငြိမ့်ကာ သဘောတူ၏။
ကျစ်ယွင်သည် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ဖြစ်ပြီး အထွတ်အထိပ်သို့ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုအပ်ပါတော့သည်။ ဒန်ဆေးလုံးများ၏ အကူအညီသာ ရှိပါက အချိန်တိုအတွင်းတွင် အဆင့်ချိုးဖျက်နိုင်လောက်၏။
"ချန်ချင်းစံအိမ်က ဒန်ဆေးလုံးတွေကို ဝယ်ယူဖို့ခက်ခဲတယ်... ဒီခရီးစဉ်မှာ နင်ဝယ်လို့မရတာလည်း ဖြစ်နိုင်တယ်.."
ရှန်းချင်က ခဏတာစဉ်းစားပြီးနောက် ပြော၏။
"စိတ်မပူပါနဲ့အဖေ... ဝယ်နိုင်ဖို့အတွက် သမီးသေချာပါတယ်.."
ကျစ်ယွင်က ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။ သူမသည် ချန်ချင်းစံအိမ်သို့ သွားရောက်ရန် မစောင့်နိုင်တော့ပေ။
"အဲ့ဒီ့မှာ မုန့်ချုံရော ရှိလားမသိဘူး... သူ့ကို မတွေ့တာ အချိန်တော်တော်ကြာပြီ။ အရမ်းလွမ်းတာပဲ... မုန့်ချုံက အကောင်းဆုံးပဲ.."
"မုန့်ချုံသာရှိရင်... ဒီခွေးကောင်တွေကို သေအောင်ရိုက်နှက်ပေးမှာ.."
ကျစ်ယွင်က ဒေါသတကြီး စဉ်းစားသည်။
"ဒါက ဒီဗိုင်းအဆင့် စိတ်ဝိဉာဉ်ဆေးပင်အချို့ပဲ... ဒန်ဆေးလုံးတွေနဲ့ လဲလှယ်ရာမှာ အသုံးပြုလို့ရတယ်.."
ရှန်းချင်သည် ကျစ်ယွင်၏ ယုံကြည်ချက်အတွက် စိတ်ထဲထားမနေပါ။ သူမကို သိုလှောင်အိတ်တစ်ခုအားပေး၏။
"ကျေးဇူးတင်ပါတယ် အဖေ.."
ကျစ်ယွင်က သိုလှောင်အိတ်ကိုယူကာ အလျှင်အမြန်ထွက်ခွာသွားသည်။ သူမသည် အိမ်တော်ထိန်းအချုံကို ခေါ်ဆောင်ပြီး နှစ်ယောက်သား ကျိုးနိုင်ငံ၏မြို့တော်မှ ထွက်ခွာ၏။ ချန်ချင်းစံအိမ်၏ တည်နေရာသို့ ဦးတည်သွားသည်။
ကျိုးနိုင်ငံ၏ မြို့တော်ရှိ သက်ဆိုင်ရာ တော်ဝင်စံအိမ်တစ်ခု အတွင်းတွင်...
"မင်းသား... ချင်ဘုရင်စံအိမ်က အဲ့ဒီ့ကောင်မလေး မြို့တော်ကနေ ထွက်သွားပါတယ်.."
"အိုး... သူမ မြို့တော်ကနေ ထွက်သွားတာလား။ ကောင်းတယ်... ဟိုလူတွေကို လှုပ်ရှားခိုင်းလိုက်။ ချင်ဘုရင်က ကိုယ့်ကိုယ်ကိုယ် နိမ့်ကျအောင်လုပ်နေတာ။ ငါတို့ကျိုးတော်ဝင်မိသားစုက သူ့ကြောင့် ညစ်စွန်းသွားလို့မရဘူး.."
"နိမ့်ကျတဲ့ဒေသက မိန်းကလေးတစ်ယောက်က ကျိုးနိုင်ငံရဲ့ မင်းသမီးတစ်ယောက်ဖြစ်ဖို့ မထိုက်တန်ဘူး.."
"ချင်ဘုရင် သိသွားရင်ရော..."
"သေသေချာချာ ရှင်းလင်းလိုက်ပေါ့... အခုအချိန်မှာ လင်းယွီက မတည်ငြိမ်ဘူး... မျိုးဆက်စုံမဟာမိအဖွဲ့က စိတ်ဝိဉာဉ်ဂိုဏ်းတွေရဲ့ အုပ်စိုးမှုကို ဖျက်စီးလိုတယ်။ သူတို့တွေက အရမ်းရဲတင်းလွန်းတယ်။ အဲ့ဒါကြောင့်မို့လို့ မင်းသမီးကျစ်ယွင်ကို လုပ်ကြံသတ်ဖြတ်တာကလည်း အံ့သြစရာ မရှိပါဘူး..",
"နားလည်ပါပြီ... ဒါပေမယ့် ကျွန်တော်တို့ လှုပ်ရှားမှုပြုမယ်ဆိုရင် ချင်ဘုရင်စံအိမ်ရဲ့ အိမ်တော်ထိန်းအချုံနဲ့... ကျွန်တော်တို့တွေ..."
"လုပ်ကြံသတ်ဖြတ်တဲ့လူက ငါတို့ ကျိုးတော်ဝင်မိသားစုက ဖြစ်တယ်လို့သာ ပေါ်မသွားဘူးဆိုရင် အဆင်ပြေတယ်... ဖြစ်နိုင်ရင် သူမကိုသတ်ပြီးရင် ဘာသဲလွန်စမှ မကျန်ရစ်စေနဲ့.."
"ဟုတ်ကဲ့ပါ.. ကျွန်တော်နားလည်ပါပြီ.."
"ချန်ချင်းစံအိမ်ကို သွားပြီးတော့ ဒန်ဆေးနတ်သမီးဆီကို သွားရောက် လည်ပတ်ဖို့လည်းပြင်လိုက်.."
"ဟုတ်ကဲ့ပါ မင်းသား.."
ချန်ချင်းစံအိမ်၏ ကျိုးနိုင်ငံသို့ ရောက်ရှိလာတော့မည့် သတင်းသည် ဒေသတစ်ခုလုံးသို့ ပျံ့နှံ့ပြီးဖြစ်၏။
စွမ်းအားကြီးပုဂ္ဂိုလ် များစွာတို့သည်.. အထူးသဖြင့် ဒဏ်ရာဟောင်းများ ရရှိထားသူများသည် ချန်ချင်းစံအိမ်သို့ သွားရောက်ရန် ပြင်ဆင်နေကြသည်။
ကျိုးတော်ဝင် မိသားစုမှလည်း များပြားလှသည့် လူများ ချန်ချင်းစံအိမ်သို့ သွားရောက်ရန် ပြင်ဆင်နေ၏။
ကျိုးနိုင်ငံမြို့တော်၏ မိုင်ပေါင်းထောင်ချီကျော်တွင် ကြံ့ခိုင်ထွားကြိုင်းသည့် လူတစ်ယောက်သည် လျှင်မြန်စွာရွေ့လျားနေပြီး သူ၏ မုတ်ဆိတ်များက နေရောင်အောက်တွင် တောက်ပသည့် အလင်းရောင်ကို ရောင်ပြန်နေသည်။
"ဒီကျိုးနိုင်ငံက တကယ့်ကို စည်ကားတာပဲ... အဲ့ဒီ့ကောင်မလေး ကျစ်ယွင်ရော ဘာတွေလုပ်နေလဲ မသိဘူး.."
မုန့်ချုံက သူ၏ မုတ်ဆိတ်မွှေးများကို သပ်ရင်းက ကိုယ့်ကိုယ်ကိုယ်ရေရွတ်သည်။
Thawda:
အပိုင်း ၆၁၂ - မုန့်ချုံ၏ လှုပ်ရှားမှု၊ ထန်းကျင်းယန်၏ အကြံအစည်
သရွှမ်မှ ထွက်ခွာပြီးနောက် မုန့်ချုံသည် လင်းနယ်မြေတလျှောက် လှည့်လည်ရင်း ရှန့်ကျိုး၏ ကျိုးနိုင်ငံသို့ ရောက်ရှိလာခဲ့၏။
သူသည် အတွင်းဘက်နယ်မြေမှ မိတ်ဆွေဟောင်းတစ်ဦးဖြစ်သည့် ကျစ်ယွင်ကို တွေးမိလိုက်ပြီး သူမဆီသို့ သွားရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်သည်။
'သူမက ယွီလင်တံဆိပ်ပြားနဲ့ ဝင်ရောက်ခဲ့တာ ဖြစ်ပေမယ့် ကျိုးနိုင်ငံရဲ့ တော်ဝင်မိသားစုက စိတ်ဝိဉာဉ်ဂိုဏ်းတွေလိုပဲ မောက်မောက်မာမာ ဆက်ဆံမှာများလား.."
မုန့်ချုံက ကိုယ့်ကိုယ်ကိုယ် ရေရွတ်သည်။ ဘာပဲဖြစ်ဖြစ် သူနှင့်ကျစ်ယွင်တို့တွင် နက်ရှိုင်းသည့် ရင်းနှီးမှုရှိ၏။ သူမသာ ဒီနေရာတွင်နေရန် အဆင်မပြေပါက ချန်ချင်းစံအိမ်သို့ ခေါ်သွားလို့ရပါသည်။
တဖက်လူသည် ဂျူနီယာညီမနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိ၏။ ချန်ချင်းစံအိမ်၌ ဝိုင်းဝန်းကူညီပေးခြင်းမှာ ကျိုးတော်ဝင်မိသားစု၏ အထင်သေးခြင်းကို ဆက်တိုက်ခံနေရသည်ထက် ပိုမိုကောင်းမွန်၏။
ထိုအတွေးများနှင့်အတူ မုန့်ချုံသည် သူ၏ အမြန်နှုန်းကို မြှင့်တင်လိုက်သည်။ သို့ရာတွင် ကျိုးနိုင်ငံ၏ တော်ဝင်မြို့ဆီသို့ လေထဲမှ ပျံသန်းသွားခြင်းမပြုပါ။ အဲ့ဒီ့အစား ခြေလှမ်းကျယ်ကြီးများဖြင့် ဆက်လက်လျှောက်လှမ်း၏။
"ဘုန်း.."
ရုတ်တရက် သူ၏ဘယ်ဘက် မလှမ်းမကမ်းမှ သိုင်းသမားများအကြား ပြင်းထန်သည့် တိုက်ပွဲတစ်ခု ပေါ်ပေါက်လာခဲ့သည်။
တိုက်ပွဲတွင် ပါဝင်သည့်လူများသည် သက်ဆိုင်ရာခွန်အားအဆင့်တစ်ခုရှိပြီး အားလှိုင်းတို့သည် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို သန့်စင်ထားသည့် ခွန်အားအဆင့်နှင့် ညီမျှပါသည်။
"ရဲတင်းလိုက်တဲ့ကောင်... မင်းတို့က ဘယ်သူတွေလဲ.."
ဒေါသတကြီးအော်သံတစ်ခု ပျံ့လွင့်လာခဲ့သည်။ ပြီးနောက် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီအား သန့်စင်ထားသည့် သိုင်းသမားတစ်ယောက်၏ ခွန်အားလည်း ပေါက်ကွဲထွက်လာခဲ့၏။
တိုက်ပွဲမှာ ချက်ချင်းပင် အရှိန်အဟုန် မြင့်တက်သွားပြီး တိုက်ခိုက်လာသူများထံမှ နောက်ထပ် စွမ်းအားများ ပေါက်ကွဲထွက်လာခဲ့သည်။
'ဟန်... ဒါက အသေခံသိုင်းသမားတွေလား..'
မုန့်ချုံမှာ အံ့သြသွားသည်။ ထိုသိုင်းသမားများ၏ အရှိန်အဝါတို့တွင် သေခြင်းအငွေ့အသတ်တို့ ပေါင်းစပ်နေပြီး သိုင်းတစ်ထောင်ခန်းမှာရှိ လူအိုကြီးများနှင့် တူညီနေပါသည်။
'စိတ်ဝင်စားစရာပဲ... သူတို့က အဲ့ဒီ့ လင်းကျီစုစည်းထားတဲ့ သိုင်းသမားကို သတ်ဖို့ကြိုးစားနေတာလား..'
မုန့်ချုံက ခေါင်းကိုရမ်းသည်။ သူသည် ထိုပဋိပက္ခနှင့်ပတ်သက်ပြီး စိတ်ဝင်စားခြင်း မရှိပါ။ လင်းနယ်မြေတွင် ထိုကဲ့သို့သော လုပ်ကြံသတ်ဖြတ်မှုနှင့် လက်စားချေခြင်းမျိုးများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အကြိမ်ကြိမ် ကြုံတွေ့ဖူးပြီး ဖြစ်၏။ သို့ရာတွင် ယခုမျှ စွမ်းအားကြီးမားသည့် လုပ်ကြံသတ်ဖြတ်မှုကိုတော့ အရင်က မတွေ့ဖူးခဲ့ပေ။
'မကောင်းတော့ဘူး..'
ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ လင်းကျီကို ကျင့်ကြံထားသည့် သိုင်းသမားသည် ညှို့မှိုင်းစွာရှိနေပြီး သူ၏အရှိန်အဝါကို အထွတ်အထိပ်အထိ ထုတ်ဖော်လိုက်သည်။
"မင်းသမီးကျစ်ယွင်... ပြေး.."
ရုတ်တရက် ပြင်းထန်သည့် တိုက်ခိုက်မှုကို ထုတ်ဖော်ကာ သူသည် ရန်သူများ၏ ဝန်းရံမှုကို ချိုးဖျက်ပြီး လူတစ်ယောက်ကို သတ်ဖြတ်ခြင်း စက်ဝန်းအတွင်းမှ တွန်းထုတ်လိုက်သည်။ ထို့နောက် အားကုန်တိုက်ခိုက်ကာ ထိုလူအတွက် လွတ်မြောက်နိုင်ရန် အချိန်ယူပေး၏။
"အိမ်တော်ထိန်းအချုံ.."
အော်သံတစ်ခု ပျံ့လွှင့်လာခဲ့သည်။ ပြီးနောက် ခရမ်းရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် ပုံရိပ်တစ်ခု လျှင်မြန်သော အမြန်နှုန်းဖြင့် ထွက်ပြေးခဲ့၏။
"နင်ထွက်ပြေးလို့ မလွတ်နိုင်ဘူး... ငါတို့ မျိုးဆက်စုံမဟာမိတ်အဖွဲ့က လူတစ်ယောက်ကို သတ်ချင်ပြီဆိုရင် ဘယ်တော့မှ အလွတ်မခံဘူး.."
အေးစက်သောအသံတစ်ခု ထွက်ပေါ်လာပြီး အဘိုးအို၏ ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။ ခရမ်းရောင်ပုံရိပ်၏ လမ်းကြောင်းကို တားဆီးလိုက်၏။
"နင်..."
ကျစ်ယွင်၏ မျက်နှာက ဖြူရော်သွားသည်။ သူမသည် ချန်ချင်းစံအိမ်သို့ လမ်းကြောင်းပေါ်တွင် လုပ်ကြံသတ်ဖြတ်ခြင်း ခံရမည်ဟု ဘယ်တုန်းကမှ ထင်မထားခဲ့ပေ။
ရန်သူများသည် သူမကိုသတ်ဖြတ်ရန် အချိန်အချို့ကြာအောင် ပြင်ဆင်ထားပြီး ဖြစ်ပုံပေါ်၏။ အိမ်တော်ထိန်းအချုံကဲ့သို့ စွမ်းအားကြီးမားသည့် လူတစ်ယောက်ပင်လျှင် ရင်ဆိုင်နိုင်ခြင်း မရှိပေ။
သူမအနေနှင့် တားဆီးလာသူကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိကြောင်း သိလျှင်တောင် ကျစ်ယွင်သည် အရှုံးမပေးလိုပေ။
သေသည်အထိ တိုက်ခိုက်ရန် ပြင်ဆင်နေချိန်၌ ရုတ်တရက် ကြီးမားသည့် လက်သီးတစ်လုံး အောက်မှမြင့်တက်လာခဲ့၏။
"ဘယ်သူလဲ.."
ကျစ်ယွင်၏လမ်းကြောင်းကို ပိတ်ဆို့ထားသည့် အဘိုးအို၏မျက်နှာက ကြီးစွာပြောင်းလဲသွားသည်။ သူ၏ အရှိန်အဝါက ထွက်ပေါ်လာပြီး ရှောင်လိုက်တော့မှာ ဖြစ်၏။
သို့ရာတွင် ထိုလက်သီးချက်သည် အလွန်မြန်ဆန်ပြီး အလွန်စွမ်းအားကြီးမားလှ၏။ သူ့ကို ရှောင်တိမ်းရန် သို့မဟုတ် တန်ပြန်တိုက်ခိုက်ရန် မည်သည့်လမ်းကြောင်းမှ မရှိအောင် ဖြစ်စေသည်။
"ဘုန်း.."
သူသည် ချက်ချင်းပင် ပေါက်ကွဲထွက်သွားပြီး ပြာများအဖြစ် ပြောင်းလဲသွား၏။
ကျစ်ယွင်မှာ အံ့သြသွားသည်။ ယခုမျှ ကြမ်းတမ်းလှသည့် လက်သီးချက်သည် သူမအား တစ်ယောက်ယောက်ကို သတိရမိစေ၏။
"မုန့်ချုံ.."
ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် လက်သီးလာသည့် လားရာကိုကြည့်ကာ သူမ၏မျက်နှာက မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နက်သွားသည်။
ကတုံးပြောင်နှင့် ကြံ့ခိုင်သည့် ခန္ဓာကိုယ်ရှိသည့် အသွင်အပြင်သည် သံသယဝင်စရာ မကောင်းလောက်အောင် မုန့်ချုံ၏ လက္ခဏာရပ်တို့ ဖြစ်၏။
မုန့်ချုံသည် အစက ဝင်ပါလိုခြင်း မရှိပေ။ သို့ပေမယ့် ကျစ်ယွင်၏ အမည်ကို ကြားရပြီးနောက် နှလုံးသားထဲ၌ ရုတ်တရက် စိတ်လှုပ်ရှားသွား၏။ ဘယ်လိုလုပ်ပြီး ယခုမျှ တိုက်ဆိုင်ရသနည်းဟု တွေးမိသည်။
ကြည့်လိုက်ပြီးနောက် အမှန်တကယ်ကို ကျစ်ယွင်မှာ လိုက်လံသတ်ဖြတ်ခြင်း ခံနေရကြောင်းကို တွေ့လိုက်ရသည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့တက်ကာ ထိုအဘိုးကြီးကို တစ်ခါတည်း သတ်ဖြတ်ခဲ့၏။
ထို့အပြင် ထိုအဘိုးကြီးသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့ကို ချောက်ချရန်လည်း လုပ်နေလေသည်။ သူသည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ အဖွဲ့သားတစ်ယောက် မဟုတ်ပေမယ့် ဂျူနီယာညီဖြစ်သူ ဖန်းဟောင်သည် မျိုးဆက်စုံမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်ငယ်ဖြစ်ပြီး အနာဂတ်မဟာမိတ်ခေါင်းဆောင် ဖြစ်သည်။ သူသည် မျိုးဆက်စုံ မဟာမိတ်အဖွဲ့နှင့် နက်ရှိုင်းသည့် ဆက်သွယ်မှုတစ်ခု ရှိနေ၏။
ကျစ်ယွင်မှာ စိတ်လှုပ်ရှား ပျော်ရွှင်နေ၏။ အလျှင်အမြန် အပြေးသွားကာ မုန့်ချုံ၏ လက်များအတွင်းသို့ ပြေးဝင်ဖက်သည်။
"ဟူး... မုန့်ချုံ... တကယ့်ကိုနင်ပဲ... ငါနင့်ကိုဘယ်တော့မှ မတွေ့နိုင်ဘူးလို့ ထင်သွားတာ.."
မုန့်ချုံမှာ အကူအညီမဲ့နေ၏။ သူမသည် ဘယ်လိုလုပ်ပြီး ထပ်မံ လာရောက်ဖက်တွယ်နေပြန်ပြီလဲ။
"မုန့်ချုံ... မြန်မြန်လေးလုပ်... အိမ်တော်ထိန်းအချုံကို ကယ်ပေးဦး.."
ကျစ်ယွင်က ခေါင်းကိုမော့ကာ လျှင်မြန်စွာပြောသည်။
"ကောင်းပြီ.."
မုန့်ချုံသည် လေထဲသို့ မြောက်တတ်သွားပြီး မျက်စိတစ်မှိတ်အတွင်းတွင် တိုက်ပွဲပြင်ဆီသို့ ရောက်ရှိသွား၏။ ဒီအချိန်၌ အိမ်တော်ထိန်းအချုံမှာ ဒဏ်ရာများနှင့် ဖုံးလွှမ်းနေပြီး လဲပြိုလုမတတ် ဖြစ်နေပါပြီ။
"ဘုန်း.."
မုန့်ချုံက လက်သီးတစ်လုံးကို ထုတ်ဖော်ကာ လေနှင့်မိုးကြိုးတို့အား ပေါ်လာစေ၏။ ထိုလက်သီးကြီး၏ စွမ်းအားက တိုက်ခိုက်လာသူအားလုံးတို့ကို ချက်ချင်းပင် သုတ်သင်သွားသည်။
အိမ်တော်ထိန်းအချုံမှာ မှင်သက်သွား၏။ ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ကျစ်ယွင်၏ ကြံ့ခိုင်ထွားကြိုင်းသည့် လူတစ်ယောက်၏ အပေါ်၌ ဖက်တွယ်နေကြောင်းကို အံ့သြစွာတွေ့လိုက်ရသည်။
"မင်းသမီးကျစ်ယွင်.."
"ကျွန်မအဆင်ပြေတယ်.."
ကျစ်ယွင်မှာ စိတ်သက်သာရာ ရသွား၏။ သို့ပေမယ့် အိမ်တော်ထိန်းအချုံ၏ ပြင်းထန်လှသည့် ဒဏ်ရာများကိုတွေ့ရပြီးနောက် အချိန်မှီသာ ကုသခြင်းမရှိပါက အခြေခံအား ထိခိုက်သွားမည်ကို နားလည်လိုက်သည်။
"မုန့်ချုံ... နင့်မှာဒဏ်ရာကုသတဲ့ ဆေးလုံးတွေပါလား.."
ကျစ်ယွင်က မေးသည်။
"ဒီမှာယူလိုက်.."
မုန့်ချုံက သူမကို ဒန်ဆေးလုံးတစ်ပုလင်းအားပေးကာ အကူအညီမဲ့စွာ ပြောသည်။
"နင်နည်းနည်းလောက် ခွာပေးလို့ရမလား.."
ကျစ်ယွင်က ပျော်ရွှင်စွာဖြင့် မုန့်ချုံဆီမှဆင်းကာ အချုံအား ဒန်ဆေးလုံးတစ်လုံးကို ပေးသည်။
"အိမ်တော်ထိန်းအချုံ... ရှင့်ရဲ့ဒဏ်ရာတွေကို မြန်မြန်လေး ကုသလိုက်.."
"ဒါကဘာလဲ.."
အိမ်တော်ထိန်းအချုံမှာ မှင်သက်သွားသည်။ သို့ပေမယ့် သူ၏ဒဏ်ရာများကို ကြည့်ကာ မုန့်ချုံပေးသည့် ဆေးလုံးကို အလျှင်အမြန် သောက်လိုက်၏။
"မင်းသမီးကျစ်ယွင်... သူကဘယ်သူလဲ.."
"မိတ်ဆွေဟောင်း တစ်ယောက်ပါ.."
ကျစ်ယွင်၏မျက်နှာက ရှက်ရွံ့စွာဖြင့် နီမြန်းလာ၏။ ပြီးနောက် ပြောသည်။
"အိမ်တော်ထိန်းအချုံ... ရှင်တော်ဝင်မြို့တော်ကို ပြန်သင့်တယ်... ဒီကိစ္စကို အဖေ့ကိုအကြောင်းကြားပြီး ချန်ချင်းစံအိမ်ကိုလည်း သူနဲ့သွားပြီလို့ ပြောလိုက်... ဘာပြဿနာမှ ထပ်ရှိမှာ မဟုတ်တော့ဘူး.."
အိမ်တော်ထိန်းအချုံက တုန့်ဆိုင်းသွားသည်။ သို့ပေမယ့် ကျစ်ယွင်က သူ့ကိုအမြန်ပြော၏။
"မြန်မြန်လေးပြန်တော့... သူက ရှင့်ထက် အများကြီး စွမ်းအားကြီးတယ်.."
"ကောင်းပါပြီ... ကျေးဇူးပြုပြီး ဂရုစိုက်ပါမင်းသမီး.."
အချုံသည် ဆက်လက်ငြင်းဆန်မနေတော့ပါ။
အိမ်တော်ထိန်းအချုံ ထွက်ခွာသွားသည်နှင့် မည်သည့်အပြင်လူမှ မရှိတော့ရာ ကျစ်ယွင်က စိတ်လှုပ်ရှားစွာဖြင့် မုန့်ချုံကို ခုန်ဖက်သည်။
"မုန့်ချုံ... နင်ငါ့ကိုလာရှာတာလား.."