သတ်စမ်း
Vol. 8 Ch. 100
ဆယ်ကျော်သက်အရွယ် မဆင်မခြင် လုပ်တတ်တဲ့ အကျင့်ဟာ စုမင်ထံက ပျောက်ကွယ်ခဲ့ပါပြီ။ အကြီးအကဲကို သွေးလွှမ်းလ မီးလျှံမာန် အတတ်ပညာနဲ့ ကူညီခြင်းအပြင် မဟူရာတောင် မျိုးနွယ်စု လူတွေနောက်ကို လိုက်လံသတ်ဖြတ်လို့ ဖြစ်လာမယ့် အကျိုးဆက်ကိုလည်း အန္တရာယ် ချိန်ဆနေမိတယ်။
မျိုးနွယ်စု ခေါင်းဆောင်ဟာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားလို့ မတိုက်ခိုက် နိုင်တော့ဘူးလို့ သူကောက်ချက် ချလိုက်တယ်။ သူ့နောက်လိုက် သုံးယောက်လည်း အတူတူပဲ ဖြစ်တယ်။ ဒါပေမဲ့လို့ မျိုးနွယ်စု ခေါင်းဆောင်ဟာ သာမန် မာန်စွမ်းအားရှင် တစ်ယောက် မဟုတ်ဘူး။ ပိထုရဲ့ လူယုံတော် တစ်ယောက် ဖြစ်တဲ့အပြင် အံ့မခန်း စွမ်းအားကြီးတယ်။ မျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်တဲ့ ထက်မြက်တဲ့ ဉာဏ်ပညာကိုလည်း ပိုင်ဆိုင်လို့ ထားတယ်။
နန့်စုန့်ဟာ သူတို့ ကြောက်လန့်သွားအောင် ခဏတာလေးတော့ လုပ်ဆောင်နိုင်ပေမဲ့ အချိန်မရွေး ပြန်ရောက်လာနိုင်တယ်။ အဲဒီအချိန် ရောက်လာတဲ့အခါ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်အနေနဲ့ ရွေးချယ်စရာ နှစ်ခုရှိတယ်။ ပထမက တပ်ကူအဖွဲ့ကို စောင့်ပြီး နောက်ထပ်တစ်ခါ ထပ်လိုက်လို့ရတယ်။ ဒါမှမဟုတ် ဒုတိယအနေနဲ့ တပ်ကူအဖွဲ့ကို မစောင့်ဘဲ နက်မှောင်တောင် မျိုးနွယ်စုနောက် ထပ်မလိုက်ခင် သူ့ကိုယ်တွင်းက ချီဓာတ်ကို ပြန်ကောင်းအောင်လုပ်ဖို့ ရွေးချယ်နိုင်တယ်။
'ပိစုသေသွားတဲ့နောက် သူ့ရဲ့ အမူအရာတွေကို ကြည့်ရင် ဒုတိယအချက်ကို သူရွေးချယ် လိမ့်မယ်’
တောက်ပတဲ့ အလင်းတန်းဟာ သူ့မျက်ဝန်းမှာ လင်းလက်သွားတယ်။ သူရှေ့ကို ဆက်သွားရင်းနဲ့ သူ့ဘေး ပတ်ဝန်းကျင်ကို သတိထားတယ်။ ရှုပ်ယှက်ခတ်လို့နေတဲ့ ခြေရာတွေနဲ့ ကျိုးကျေနေတဲ့ သစ်ကိုင်းတွေဟာ တခြားလူတွေကို လမ်းကြောင်း လွဲသွားစေနိုင်ပေမဲ့ ငယ်ငယ်ကတည်းက ဒီလို ခြေရာတွေကို တောထဲမှာ လုပ်နေကျဖြစ်တဲ့ စုမင်အတွက်တော့ မဟူရာတောင် မျိုးနွယ်စုက လူလေးယောက် ဘယ်သွားလဲ ဆိုတာကို ဒီခြေရာတွေက လမ်းပြလို့ နေတယ်။
နှင်းတောပေါ်က ခြေရာတွေဟာ ရှုပ်ယှက်ခတ်လို့ နေပေမဲ့ ခြေလှမ်း အများစုက စုမင် ဦးတည်ရာကို ညွှန်ပြပေးနေတယ်။ သူ့အရှေ့မှာ လူအချို့ကပဲ သစ်တောအုပ်ဆီကို ဝင်ရောက်သွားတယ်။ ခြေရာအနက် အတိုင်းအဆကလည်း သူ့ကို သဲလွန်စတွေ အများကြီး ပေးနေတယ်။
'ရှန့်ဟန်က ငါတို့ ဦးတည်ရာအရပ် အကြောင်းတွေ ဖွင့်ချလိုက်တဲ့အတွက် မဟူရာတောင် မျိုးနွယ်စုက ထောင်ချောက်ဆင်ခွင့် ရသွားတယ်။ ဒါပေမဲ့ တိုက်ပွဲတုန်းကလည်း မဟူရာတောင် မျိုးနွယ်စုကို ဆန့်ကျင် တိုက်ခိုက်ခဲ့တယ်။ သူ့ကိုယ်ပေါ်က ဒဏ်ရာဒဏ်ချက်တွေဟာ ဟန်ဆောင် ထားတာမျိုး မဟုတ်ဘူး … အမှန်တော့ သစ္စာဖောက်လို့ အထင်မခံရအောင် မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်နဲ့ တိုက်ခိုက်တုန်းကရတဲ့ ဒဏ်ရာတွေဟာ တကယ့် အစစ်အမှန်ပဲ။
'ဒီနည်းလမ်းနဲ့ပဲ အဘိုးနန့်စုန့်ကို လှည့်စားလို့ ရနိုင်မယ်။ ဒါပေမဲ့ သူလည်း အဘိုးနန့်စုန့်ရဲ့ ရိုက်ချက်ကြောင့် တော်တော်လေး အထိနာသွားမယ်ဆိုတာ သေချာတယ်'
‘ဒါပေမဲ့ ရှန့်ဟန် ခင်ဗျားဘာလို့ ကျုပ်တို့ နက်မှောင်မျိုးနွယ်စု အပေါ်မှာ သစ္စာဖောက်ခဲ့တာလဲ …'
အမုန်းတရားနဲ့ နာကျင်မှုတွေဟာ စုမင် မျက်လုံးထဲမှာ ပေါ်လာတယ်။ ရှန့်ဟန်ဟာ ဘာကြောင့် ဖောက်ပြန် သွားတာလဲဆိုတာကို သူနားမလည်နိုင်ဘူး။
ရှန့်ဟန်ဟာ မျိုးနွယ်စုထဲက အဘိုးအဘွား အိုတွေကို သူ့ဝေစု ပေးခဲ့တာတွေ၊ လာစုငယ်လေးရဲ့ စကားတစ်ခွန်းကြောင့် တိရစ္ဆာန် အစွယ်တွေကို အမဲလိုက်ခဲ့တာတွေ၊ မျိုးနွယ်စုအတွက် လုပ်ပေးခဲ့တာတွေ အားလုံးကို စုမင် မှတ်မိနေမိတယ်။ ကလေးတွေ အားလုံး ဝမ်းမြောက်ပျော်ရွှင် နေတဲ့အခါ အေးစက်မာကြောတဲ့ သူ့မျက်ဝန်းထဲက အကြင်နာ ချစ်ခြင်းတရား တွေကို ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရဘူး။
ဒီလိုလူမျိုး တစ်ယောက်ဟာ ဘယ်လို အကြောင်းတရားတွေနဲ့ ဘာအတွက်ကြောင့်များ သူ့မျိုးနွယ်စုနဲ့ မျိုးနွယ်စုဝင်တွေကို သစ္စာဖောက် သွားရတာလဲ ဆိုတာကို စုမင် နားမလည်နိုင်ဘူး။
"ဖြစ်နိုင်တာက သူကိုယ်တိုင်လည်း ဝေခွဲမရ ဖြစ်နေတယ်။ ဒီနေရာထိ လာတဲ့လမ်းခရီးမှာ ရန်သူပေါင်း များစွာကို သူသတ်ခဲ့တယ်။ အခုနလေးတင် ပေလင်းနဲ့ အစောင့်ခေါင်းဆောင်ကိုတောင် မျိုးနွယ်စုနဲ့အတူ လိုက်သွားစေခဲ့တယ်။ ဒါပေမဲ့ သူဘာတွေ စဉ်းစားနေတာလဲ …'
စုမင် လက်သီးကျစ်ကျစ် ဆုပ်ထားမိတယ်။
'ဒါပေမဲ့လည်း အဲဒီအရာတွေက ငါတို့အပေါ်မှာ သစ္စာဖောက်ခဲ့ တာတွေနဲ့ ပြန်ချေဖျက်လို့ မရဘူး။ သူ … သစ္စာဖောက် တစ်ယောက်ရဲ့ အဖိုးအခကို သူပြန်ပေးဆပ်ရမယ်'
သူ့မျက်လုံးတွေဟာ အေးစက် ခက်ထန်နေတယ်။ မဟူရာတောင် မျိုးနွယ်စုကို သူမုန်းတယ်။ အခုတော့ သစ္စာဖောက် ရှန့်ဟန်ကို ဒီထက်ပို မုန်းတယ်။
စုမင်ဟာ တစ္ဆေတစ်ကောင်လို လှုပ်ရှားပြီး မြေပြင်ပေါ်က လမ်းကြောင်းအတိုင်း သူ့ရန်သူ နောက်ကို ဆက်လိုက်တယ်။ အသက်ရှူလိုက် တိုင်းမှာ သူပိုပို မြန်လာတယ်။ မြေပြင်ပေါ်က ခြေရာတွေနဲ့ သူ့ဘေး ပတ်လည်က အမှတ်အသားတွေကြောင့် မဟူရာတောင် မျိုးနွယ်စုက လူလေးယောက်ဟာ အနီးအနားမှာ ရှိနေတယ်ဆိုတာ စုမင်သေချာတယ်။
ဒီလူလေးယောက် ရထားတဲ့ ဒဏ်ရာတွေ ပိုဆိုးလာတာကို နက်ဝင်လာတဲ့ သူတို့ ခြေရာတွေက သက်သေပြနေတယ်။
'သူတို့ အနားယူ အားဖြည့်ဖို့ ဘေးကင်းလုံခြုံတဲ့ နေရာတစ်ခု ရှာကြလိမ့်မယ် …'
စုမင် ရပ်တန့်လို့ ခေါင်းငုံ့လိုက်တယ်။ နှင်းတောထဲက ခြေရာအလယ်မှာ ရှိနေတဲ့ သွေးကွက်ကြောင့် အရည်ပျော်နေတဲ့ နှင်းကို ကြည့်လို့ နင်းချလိုက်တယ်။ အေးစက်တဲ့ ဟန်ဆောင် အပြုံးဟာ သူ့နှုတ်ခမ်းမှာ ပေါ်လာတယ်။
'ဒီသွေးတွေဟာ လတ်လတ်ဆတ်ဆတ်ပဲ ရှိနေသေးတယ် … သူတို့ ရှေ့နားမှာ ရှိနေမှာပဲ'
စုမင် ဒယိမ်းဒယိုင်နဲ့ မတ်တတ် ထရပ်လို့ သူတို့နောက်ကို လိုက်ဖို့ ပြင်လိုက်တယ်။ ဝမ်းနည်း ကြေကွဲမှုဟာ သူ့ရဲ့ မထီတရီ မျက်နှာမှာ ပေါ်လာတယ်။
မကြာမီမှာပဲ မျိုးနွယ်စုတွေ အဆင်ပြေပြေနဲ့ ရှေ့ဆက် သွားနိုင်အောင် နေရစ်ခဲ့ဖို့ ရွေးချယ်ခဲ့တဲ့ စုမင်တို့ မျိုးနွယ်စုဝင် တစ်ယောက်ကို တွေ့လိုက်တယ်။ သူကတော့ သေဆုံးနေခဲ့ပြီ။ သူ့ကိုယ်ဟာ တွန့်လိမ်လို့ မာတောင့်နေတယ်။
စုမင် ရှေ့ကိုလှမ်းလို့ သူ့ရှေ့က ရင်းနှီးနေတဲ့ မျက်နှာကို ကြည့်လိုက်တယ်။ သူ့မျိုးနွယ်စုဝင်ဟာ အဆုံးထိတောင် မျက်လုံး မပိတ်နိုင်ရှာဘဲ ဖွင့်လျက်ရှိနေတယ်။ တကယ်လို့ သူသေသွားတုန်းက သူ့ ကိုယ်ခန္ဓာသာ မလဲကျခဲ့ဘူးဆိုရင် သူ့မျိုးနွယ်စုသားတွေ အားလုံး လေပြေစီးကြောင်းကို ချောချောမောမောနဲ့ ရောက်နိုင်အောင် ကာကွယ် စောင့်ရှောက်ပေးဖို့ နတ်ဘုရားတွေကို ဆုတောင်းရင်း သူ့မျိုးနွယ်စုဝင်တွေ ထွက်ခွာရာဘက်ကို ကြည့်နေတာကို မြင်ရမှာ ဖြစ်တယ်။
ဒီလူဟာ စုမင် သစ်တောအုပ်ထဲကို ဝင်ရောက်လာပြီး နောက်မှာ ပထမဆုံး တွေ့ရတဲ့ သေဆုံးပြီးသား မျိုးနွယ်စု၀င်ဖြစ်တယ်။ ဒီလူရဲ့ အရှေ့မှာ တခြားသူတွေ ရှိနေဦးမယ်ဆိုတာ သူသိတယ်။ သူတို့ နေရာပြောင်းရွေ့ခြင်း ခရီးစဉ် လမ်းကြောင်းတစ်လျှောက်မှာ မျိုးနွယ်စုဝင်တွေ အများအပြားဟာ ကျန်ရစ်ခဲ့ဖို့ ရွေးချယ်ခဲ့ကြတယ်။ သူတို့ဒဏ်ရာ အတွက်ကြောင့် မျိုးနွယ်စုရဲ့ ခရီးစဉ်ကို မနှောင့်နှေး စေချင်ဘူး။
“မျိုးနွယ်စုဟာ ဘေးအန္တရာယ်ကင်း လုံခြုံမှာပါ …”
စုမင် တိုးတိုးရေရွတ်မိတယ်။ အဲဒီ မျိုးနွယ်စုဝင်ရဲ့ မျက်လုံးတွေကို ညာလက်နဲ့ အသာအယာ ဖုံးပေးလိုက်တယ်။ သူ့မျက်နှာပေါ်က ပူဆွေးသောကနဲ့ ဝမ်းနည်းကြေကွဲမှု တွေကိုလည်း မျိုသိပ်ပြီးသား ဖြစ်သွားတယ်။ လူသတ်ချင်စိတ် ပြင်းပြမှုနဲ့အတူ မတ်တတ်ရပ်လို့ ရှေ့ကို တစ်ဟုန်ထိုး ပြေးသွားတယ်။
စုမင်ဟာ မျက်လုံးနဲ့ မြင်နိုင်ဖို့ ခက်ခဲတဲ့ အရှိန်နှုန်းနဲ့ ရွေ့လျားနေတယ်။ ကြည့်နေသူတိုင်းဟာ မျဉ်းကွေးသဏ္ဌာန် ရွေ့လျားနေတဲ့ သွေးနီရောင် လျှပ်စီးကြောင်း တလက်လက်ကိုသာ မြင်ရမှာ ဖြစ်တယ်။
သွေးနီရောင် လျှပ်စီးကြောင်းဟာ စုမင် မျက်ဝန်းထဲက သွေးလွှမ်းလရဲ့ အလင်းရောင်ကနေ လာတယ်။ အဲဒီအရာဟာ မိုးကောင်းကင်ပေါ်က လပြည့်ဝန်းရဲ့ ရောင်ပြန်ဟပ်မှုကြောင့် ဖြစ်ပေါ်လာတယ်။ သူရှေ့ဆက် သွားတာနဲ့ လရောင်ခြည် မျှင်တန်းတွေဟာ ကောင်းကင်က ဖြာကျလာပြီး သူ့ကို ပတ်ရစ်လို့ လရောင်ခြည် စက်ဝန်းအဖြစ် ပြောင်းလဲသွားတယ်။ သူပြေးနေစဉ်မှာ လရောင်ခြည်နဲ့ ပြုလုပ်ထားတဲ့ ချည်မျှင်တန်းတွေ အမျှင်တန်း ကျန်ရစ်ခဲ့သလို။
အချိန်တွေ ကုန်လွန်လာပြီးနောက် အမွှေးတိုင် ထက်ဝက်စာ လောင်ကျွမ်းပြီးချိန် ၂ မိနစ်ခွဲ လောက်မှာ စုမင်နဲ့ ပေတစ်ထောင် အကွာက သစ်ကိုင်းခြောက်တွေပေါ်မှာ တင်ပျဉ်ခွေ ထိုင်နေတဲ့ မဟူရာတောင် မျိုးနွယ်စုခေါင်းဆောင်ကို တွေ့လိုက်တယ်။ သူ့နောက်လိုက် သုံးယောက်ဟာ သူ့ကို ဝန်းရံထားပြီးတော့ မျက်လုံးမှိတ်လို့ မြန်မြန် အားပြန်ပြည့် လာနိုင်အောင် အာရုံစိုက်ထား ကြတယ်။
မျိုးနွယ်စု ခေါင်းဆောင် စိတ်အပြောင်းအလဲ ဖြစ်သွားချိန်မှာ သူတို့ကို ရပ်နားလိုက်ဖို့ ပြောခဲ့တာကြောင့် နားနေခဲ့ကြတာ ဖြစ်တယ်။ လေပြေစီးကြောင်း မျိုးနွယ်စု ရှိရာကို လှမ်းကြည့်လို့ စိတ်ဆိုးဒေါသ ထွက်နေတယ်။
နန်ဆုန်ဟာ နေမကောင်းဖြစ်နေတဲ့ လူတစ်ယောက် အံ့ချီးဖွယ်ရာ ဖြစ်ရပ်နဲ့ ကြုံဆုံရသလို ရုတ်တရက် ကျန်းမာလာသလိုမျိုး ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်တာကို သူအခုမှ သဘော ပေါက်သွားတယ်။ အမှန်တကယ်တော့ သူတို့ အချိန်နည်းနည်းလောက် တောင့်ခံထားပြီး အခုလို ထွက်မပြေး လာခဲ့ဘူးဆိုရင် အခြေအနေက ပြောင်းပြန် ဖြစ်သွားပြီးတော့ နက်မှောင်တောင် မျိုးနွယ်စုကို ဖျက်ဆီးနိုင်မှာ ဖြစ်တယ်။
သူ ဒေါသထွက်တယ်။ သူရဲဘောကြောင်မိတဲ့ ကိုယ့်ကိုယ်ကိုလည်း မုန်းမိတယ်။ ဒါပေမဲ့လည်း သူက သတိကောင်းသေးတယ်။ ဒါတွေ အားလုံးကို သူနားလည် သွားပေမဲ့ သူ့ဒဏ်ရာတွေကို ကုသဖို့ ထိုင်ချလိုက်တယ်။ သူခန့်မှန်းထားတဲ့ အတိုင်းဆိုရင် နက်မှောင်တောင် မျိုးနွယ်စု အနေနဲ့ အမြန်ဆုံး အရှိန်နဲ့ သွားတယ်ဆိုရင်တောင်မှ မနက်ဖြန် မနက်မှပဲ လေပြေစီးကြောင်းကို ရောက်နိုင်လိမ့်မယ်။ တကယ်လို့ သူတို့လေးယောက်သာ အစွမ်းအစတွေ အကုန်ထုတ်သုံးပြီး လိုက်ရှာမယ်ဆိုရင် နှစ်နာရီ အတွင်းမှာ သူတို့ကို မီသွားမှာ ဖြစ်တယ်။
သူတို့လေးယောက်စလုံး ဘာဘေးဒုက္ခမှ မကြုံနိုင်ဘူးဆိုတာ သူသေချာတယ်။ သူ့အတွေ့အကြုံ အရ သားကောင်တွေဟာ သူတို့ အသက်လွတ်အောင် ဘယ်လိုပြေးရမလဲ ဆိုတာကိုပဲ သိကြတယ်။
နက်မှောင်တောင် မျိုးနွယ်စု အဖွဲ့ထဲက ဘယ်သူကမှ သူတို့နောက်ကို လိုက်လာမှာ မဟုတ်ဘူးလို့ သူထင်တယ်။ နက်မှောင်တောင် မျိုးနွယ်စု အဖွဲ့သားတွေ အားလုံးဟာ အခုချိန်မှာ နယ်မြေပြောင်းရွေ့ တာကိုပဲ အာရုံစိုက် နေကြမယ်။
သူတို့လေးယောက်ဟာ အမွှေးတိုင် တစ်ဝက်စာ လောက်ကျွမ်းပြီးတဲ့ အချိန်ခန့် အနားယူနေချိန်မှာ လေပြင်း တိုက်ခတ်လာပြီး မြေပြင်ပေါ်က နှင်းတွေဟာ လေနဲ့အတူ သူတို့အပေါ် ကျလာတယ်။ တစ်ချိန်ထဲမှာ သူတို့နဲ့ သိပ်မဝေးတဲ့ သစ်တောအုပ်ဆီက ထွက်ပေါ်လာတဲ့ အနီရောင် အလင်းတန်းဟာ မယုံနိုင်စရာ ကောင်းလောက်တဲ့ အရှိန်နဲ့ သူတို့အနားကို ရောက်လို့လာတယ်။ သူတို့မှာ ခုခံ ကာကွယ်ဖို့တောင် အချိန်မရလိုက်ဘူး။ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်တစ်ယောက်ပဲ အန္တရာယ် အငွေ့အသက်ကို ခံစားမိချိန်မှာ အချိန်မီ မျက်လုံး ဖွင့်နိုင်လိုက်တယ်။
အနီရောင် အလင်းတန်းကို သူခဏလောက် မြင်လိုက်ရတယ်။ ကျယ်လောက်တဲ့ အော်ဟစ်သံကို ကြားရချိန်မှာ ခြေချိတ် ထိုင်နေဆဲဖြစ်တဲ့ သူ့နံဘေးက လူဟာ ခေါင်းမရှိတော့တာကို တွေ့လိုက်ရတယ်။ သွေးတွေဟာ စမ်းချောင်းတစ်စင်းလိုမျိုး ကောင်းကင်ထက်ကို ပန်းထွက်နေတယ်။
မျိုးနွယ်စု ခေါင်းဆောင်ဟာ ထိတ်လန့်တဲ့ ခံစားချက်နဲ့အတူ ခေါင်းမွေးထောင်လာ စေလောက်အောင် ပြင်းထန်တဲ့ ခွန်အားတစ်မျိုးပဲ။ သူ့အမူရာ ပြောင်းလဲသွားပြီး မတ်တတ်ရပ်လို့ ထိတ်လန့်မှုနဲ့ မယုံကြည်နိုင်မှုတွေဟာ သူ့မျက်လုံးတွေမှာ လုံးဝထင်ရှားနေတယ်။ ကျန်တဲ့ လူနှစ်ယောက်လည်း မြန်မြန်ဆန်ဆန် မတ်တတ်ရပ်လို့ ဘေးပတ်ဝန်းကျင်ကို အလန့်တကြား ကြည့်မိတယ်။
"ဘယ်သူလဲ"
"ဘယ်သူလဲ။ ငါမင်းကို မြင်ပြီးသွားပြီ။ ထွက်လာခဲ့စမ်း"
လူနှစ်ယောက်ဟာ တုန်တုန်ယင်ယင်နဲ့ ကြောက်လန့်တကြား အော်ဟစ်နေတယ်။ အဖြစ်အပျက် တွေဟာ မြန်ဆန်လွန်းတယ်။ သူတို့မျက်လုံး ဖွင့်ဖို့တောင် အချိန်မရလိုက်ဘဲ စူးစူးဝါးဝါး အော်ဟစ်သံကို ကြားလိုက်ရတယ်။ သူတို့မျက်လုံး ဖွင့်လိုက်တာနဲ့ သွေးတွေဖွာခနဲ လွင့်စဉ်လာတဲ့ သူတို့မျိုးနွယ်ဝင်ရဲ့ ခေါင်းပြတ်ကို မြင်လိုက်ရတယ်။
ဖော်ပြလို့မရတဲ့ ကြောက်ရွံ့မှုဟာ ဒီရေလှိုင်းတစ်ခုလို သူတို့ဆီ ရိုက်ခတ်လာတယ်။ ဒီထိတ်လန့်မှုဟာ သူတို့ ရဲဘော်ရဲဘက် သေဆုံးသွားတာကြောင့် ဖြစ်သလို မသိတဲ့ အရာတစ်ခုကို ကြောက်ရွံ့ နေရတာကြောင့်လည်း ဖြစ်တယ်။
သူတို့ဘေး ပတ်လည်မှာ လူရိပ်လူယောင်တောင် မတွေ့ရဘူး။ လှုပ်ရှားသံ တစ်ခုတစ်လေတောင် မကြားရဘဲ တိတ်ဆိတ် ခြောက်ကပ်လို့ နေတယ်။
မျိုးနွယ်စု ခေါင်းဆောင်ရဲ့ မျက်နှာဟာ သွေးဆုတ် ဖြူရော်နေတယ်။ မည်းမှောင်နေတဲ့ သစ်တောအုပ်ကို လှမ်းကြည့်မိချိန်မှာ ကြောက်စိတ်တွေ တိုးဝင်လို့သာ လာတယ်။ ကြောက်စရာ ကောင်းတဲ့ သားရဲတိရစ္ဆာန် တစ်ကောင်ဟာ သစ်တောထဲမှာ ပုန်းနေပြီး သူတို့ကို စောင့်ကြည့်နေသလို ခံစားရတယ်။
"ဆုတ်ခွာကြ"
မျိုးနွယ်စု ခေါင်းဆောင် အံကြိတ်လိုက်တယ်။ သူမသိတဲ့ အရာတစ်ခုကို ရင်ဆိုင်ဖို့ သတ္တိမရှိဘူး။ ပြီးတော့ အခုန သူမြင်လိုက်ရတဲ့ မီးဝင်းဝင်းတောက် အကြည့်ကြောင့် သူတို့ ရင်ဆိုင်နေရတာဟာ လူသား မဟုတ်ဘဲ မြွေနီတစ်မျိုးလည်း ဖြစ်နိုင်တယ်။
အမိန့်ပေးလိုက်တာနဲ့ သူ့လူ နှစ်ယောက်ဟာ အနားကို အလျင်အမြန် ရောက်လာတယ်။ သူတို့ သုံးယောက်ဟာ နောက်ကို ခြေလှမ်း နည်းနည်းစီ ဆုတ်လို့ ချက်ချင်း လှည့်ပြေးသွားကြတယ်။
စုမင် ချုံပုတ်ထဲမှာ ဝပ်နေတာ သူတို့ သတိမထားမိဘူး။ သွေးလွှမ်း လအရိပ်ဟာ စုမင် မျက်ဝန်းထဲမှာ လှုပ်ရှားသွားတယ်။ သူ့လက်ထဲမှာတော့ မျက်လုံးမှိတ်လို့ထားတဲ့ သွေးသံရဲရဲနဲ့ ခေါင်းပြတ်တစ်ခုကို ကိုင်လို့ထားတယ်။
"သေဆုံးခြင်းက ကြောက်စရာ မကောင်းဘူး။ ကြောက်စရာ အကောင်းဆုံးက မသေခင် အချိန်လေး ဖြစ်တယ်။ ငါ့မျိုးနွယ်စုတွေဟာ လေပြေစီးကြောင်းကို သွားတဲ့ လမ်းတစ်လျှောက်မှာ ဒီထိတ်လန့်မှုမျိုးနဲ့ ခရီးဆက်ခဲ့ရတယ်။ ဒီအကြောက်တရားနဲ့ ခြောက်လှန့်ခံခဲ့ရတယ် … အခု ငါ မင်းတို့ကို အဲဒီအရာမျိုး ခံစားစေရမယ်”
စုမင်ရဲ့ အမူအရာဟာ တည်ငြိမ်နေတယ်။ သူရည်ရွယ် ထားတာတွေအပြင် သူ့မျိုးနွယ်စု ဝင်တွေကိုလည်း အပြည့်အဝ လုံခြုံဘေးကင်း စေချင်တယ်။ သူတို့သုံးယောက် ထွက်ပြေးသွားတာနဲ့ သူလည်း မြန်မြန်ဆန်ဆန် လှုပ်ရှားပြီး ပျောက်ကွယ်သွားတော့တယ်။
မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ရင်အစုံဟာ ပြင်းပြင်းထန်ထန် ခုန်လှုပ်နေတယ်။ သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတယ်။ သွေးကြောကျောက်သား ကျင့်စဉ်ရဲ့ အဆင့်ရှစ် နေရာကို သူရောက် နေပေမဲ့ အခု အခြေအနေအရ သူ့စွမ်းအား အကုန်လုံးကို ထုတ်သုံးလို့ မရဘဲ အစွမ်းတစ်ဝက်ပဲ အသုံးပြု နိုင်မယ်။ သူ့နောက်လိုက် နှစ်ယောက်ကလည်း သွေးကြောကျောက်သား ကျင့်စဉ်ရဲ့ အဆင့်ခြောက် နေရာမှာပဲ ရှိနေသေးတယ်။ သူတို့နှစ်ယောက်ဟာ သူ့ကို ကာကွယ်နိုင်ဖို့ လုံးဝ အထောက်အပံ့ မဖြစ်နိုင်ဘူး။
အနီရောင် အလင်းတန်း ဖြတ်သန်းသွားတာကို သူမြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ဒီခံစားချက်ဟာ ပြင်းထန်လာတယ်။ ရင်ဆိုင်နေရတဲ့ အန္တရာယ်ကြောင့် သူ့ရင်ခုန်သံ မြန်ဆန်လာတယ်။ နက်မှောင်တောင် မျိုးနွယ်စုနောက်ကို လိုက်ဖို့ လုံးဝ မစဉ်းစား နိုင်တော့ဘူး။ ဒီနေရာကနေ ထွက်ပြေးပြီး မဟူရာတောင် မျိုးနွယ်စုရဲ့ တပ်ကူနဲ့ ဆုံမှဖြစ်မယ်။
သူတို့ ပြေးတာနဲ့ ဘေးနားက သူ့လူ နှစ်ယောက်ဟာ သတိအပြည့်နဲ့ ရှိနေတယ်။ သူတို့မသိတဲ့ အရာတစ်ခုကို ကြောက်လန့် နေရတာကြောင့် တိုက်ခိုက်ချင်တဲ့ စိတ်ဆန္ဒတွေကို ပျောက်ဆုံး သွားစေတယ်။ သူတို့ တွေးနေတာ တစ်ခုပဲ ရှိတယ်။
ထွက်ပြေးဖို့။
အဲဒီအချိန်လေးမှာ ထူးဆန်း စူးရှတဲ့ အော်သံဟာ သူတို့နောက်က ရုတ်တရက် ထွက်ပေါ်လာတယ်။ အဲဒီအသံဟာ ဝမ်းနည်းဖွယ်ရာ ကောင်းပြီး ကျယ်လောင်လွန်းတယ်။ စိုးရိမ် ထိတ်လန့်ပြီး ကြောက်ရွံ့နေပြီဖြစ်တဲ့ သူတို့ နှလုံးသားတွေကို လှုပ်ခတ်သွားစေတယ်။
ခြောက်ခြားဖွယ်ရာကောင်းတဲ့ အော်သံဟာ သူတို့နောက်မှာ ပဲ့တင် ထပ်လာချိန်မှာ သွေးရောင် လျှပ်စီးကြောင်းဟာ သူတို့အနား မြန်မြန်ဆန်ဆန် ရောက်လာတယ်။ လျှပ်တစ်ပြက် အတွင်းမှာ အနီရောင် အလင်းတန်းနဲ့ နောက်ကွယ်က များပြားလှတဲ့ လရောင်ခြည် မျှင်တန်းကိုသာ မြင်လိုက်ရတယ်။ ခဏအကြာမှာ မဟူရာတောင် မျိုးနွယ်စုထဲက အဖွဲ့သား တစ်ယောက်ဟာ ကျယ်လောင်စွာ အော်ဟစ်လို့ အသက်နဲ့ကိုယ် အိုးစားကွဲသွားကာ သွေးဒလဟော ကျဆင်းပြီး မြေပြင်ပေါ်ကို ပုံရက်သား လဲကျသွားတယ်။
***