မျက်စိရှေ့တည့်တည့် ခေါင်းဖြတ်သတ်
Vol. 8 Ch. 101
အနီရောင်အလင်းဟာ သူတို့ဘေးက ဖြတ်ပြေးလို့ ပျောက်ကွယ်သွားတယ်။
မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ဟာ တုန်ယင်နေခဲ့တယ်။ သူ့ဘေးနားမှာ ကျန်တဲ့ တစ်ယောက်တည်းသော နောက်လိုက်မျိုးနွယ်ဝင်လည်း တုန်ယင်ချောက်ခြား နေတယ်။ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိကြချိန်မှာ အကြောက် တရားတွေကို မြင်တွေ့ လိုက်ကြတယ်။ အခုထိ သူတို့ရန်သူက လူလား သားရဲလားတောင် မသိသေးပေမဲ့ အနီရောင် အလင်းအနောက်မှာ ဝဲဖြာ ကျဆင်းလျက်ရှိတဲ့ ငွေဖြူရောင် အမျှင်တန်းတွေဟာ သားမွေးနဲ့ တူတယ်လို့တော့ ထင်နေကြတယ်။
"ဘယ်သူလဲ ... မင်းဘယ်သူလဲ။ ထွက်လာခဲ့စမ်း”
ကျန်ရှိနေသေးတဲ့ တစ်ဦးတည်းသော မာန်စွမ်းအားရှင်က ရုတ်တရက် ဟစ်အော်လိုက်တယ်။
သူ့ရဲဘော် အော်ဟစ်နေချိန်မှာ မျိုးနွယ်စုခေါင်းဆောင် မျက်နှာကတော့ ဖြူဆုတ်နေပါပြီ။ ညာဘက်လက်ကို မြှောက်လို့ သူ့ရဲ့ ရင်ဘတ်ကို ရိုက်ချလိုက်တယ်။ သူ့ကိုယ်ခန္ဓာကနေ အနီရောင် အလင်း ရုတ်တရက် ထွက်ပေါ်လာတယ်။
အတွင်းဒဏ်ရာတွေကို လျစ်လျူရှုပြီး ချီစွမ်းအားကို ယာယီ မြှင့်တင်ခြင်းက သူလုပ်ချင်တဲ့ ကိစ္စမျိုး မဟုတ်ပေမဲ့ ဒီတစ်ကြိမ်က မလုပ်လို့ မဖြစ်တော့ဘူး။ အရှိန်နှုန်း အပြည့်နဲ့ သစ်တောထဲကို တိုးဝင်သွားပြီး သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေတာကြောင့် အရိပ်ကျနေတဲ့ အမှောင်ထုထဲ ပျောက်ကွယ်သွားတယ်။
ကျန်ရှိနေသေးတဲ့ မဟူရာတောင် မျိုးနွယ်ဝင်က အော်ဟစ်ရင်း ပြေးလွှားလုဆဲဆဲ အခိုက်အတန့်မှာ သူ့တစ်ကိုယ်လုံး တွန့်လိမ်သွားတယ်။ ရုတ်တရက် ပေါ်ထွက်လာတဲ့ အနီရောင် အလင်းဟာ ၎င်းရဲ့ ကိုယ်ခန္ဓာ တစ်ပတ် လှည့်လည်သွားပြီး ၎င်းပုဂ္ဂိုလ်ရဲ့ အနောက်မှာ ရပ်လျက်ရှိနေတဲ့ စုမင်အဖြစ် ပြောင်းလဲသွားတယ်။
၎င်းပုဂ္ဂိုလ်ရဲ့ နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။ သူ့ကိုယ်ခန္ဓာထဲ ထိုးဖောက် ဝင်ရောက်လာပြီး အရိုးနဲ့အသား အစိတ်စိတ် အမြွှာမြွှာ ကွဲထွက် သွားစေလောက်တဲ့ လရောင်ခြည် မျှင်တန်းတွေကြောင့် ကြီးစွာသော နာကျင်မှု ဝေဒနာကို ခံစားလိုက်ရတယ်။ ကျပ်တည်းသထက် ကျပ်လာတဲ့ လရောင်ခြည် မျှင်တန်းတွေကြောင့် သေခြင်းတရားနဲ့ နီးကပ်လာခြင်းကို သူ ပိုခံစားနေမိပြီ။ အနောက်ကနေ အသက်ရှူသံ ကြားလိုက်ရတဲ့အတွက် ဒီလောက် ကြောက်မက်ဖွယ်ရာကို ယူဆောင် လာနိုင်သူဟာ ဘယ်သူလဲဆိုတာ သိလိုတဲ့အတွက် ခေါင်းကို မရမက လှည့်ကြည့်တယ်။
သို့ပေမဲ့ သူ မလှည့်လိုက်နိုင်ပါဘူး။ တုန်ယင်နေရင်း တစ်စစီ ပေါက်ကွဲထွက်သွား ပါတော့တယ်။
စုမင် အမောတကော အသက်ရှူရှိုက်တယ်။ မျိုးနွယ်စု ရွှေ့ပြောင်းခါစ ကတည်းက စုမင် အဆက်မပြတ် တိုက်ခိုက်ခဲ့ရတယ်။ အကြီးအကဲရဲ့ ချိပ်စည်းကို မရအရ ချိုးဖောက် ထွက်လာတုန်းက ရရှိခဲ့တဲ့ အတွင်းဒဏ်ရာ တွေကိုလည်း ဖိနှိပ်ထားခဲ့တယ်။ သူ့ကို တဖြည်းဖြည်း သက်သာကောင်းမွန် လာစေခဲ့တဲ့ လရောင်ကြောင့်သာ မဟုတ်လျှင် အခု သူလဲကျ နေလောက်ပြီ။
ညကလည်း လပြည့်ည ဖြစ်နေလို့သာ။ လျှို့ဝှက်ဆန်းကြယ်တဲ့ လရောင်စွမ်းအားတွေက အထွတ်အထိတ် ရောက်ရှိကာ စုမင်ကို သွေးလောင်ကျွမ်းသလို ဖြစ်စေတယ်။ အဲဒီ အခြင်းအရာကပဲ အတွင်းဒဏ်ရာ တွေကို ဖိနှိပ်နိုင်ပြီး သူ့ရဲ့ ပစ်မှတ်တွေ အားလုံးကို မျိုးဖြုတ်ပစ်နိုင်အောင် ဆက်လက် တိုက်ခိုက်နိုင်စွမ်း ပြည့်ဝနေစေတာ ဖြစ်တယ်။
စုမင်ရဲ့ လက်ဝယ်မှာ ဦးခေါင်းပြတ်သုံးလုံး ကိုင်ဆွဲလို့ သူ့ရှေ့က သစ်တောကို ကြည့်ပြီး တည်ငြိမ်စွာ လျှောက်လှမ်း ဝင်ရောက်လာခဲ့တယ်။
"ခင်ဗျားတစ်ယောက်တည်း ကျန်ပါတော့တယ်၊ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ရေ။ ခင်ဗျားရဲ့ အဆင့်အတန်း ဒီလောက်မြင့်မှတော့ ကျုပ်က ခင်ဗျားကို ဂုဏ်သရေ မြင့်မြင့်မားမားနဲ့ သေစေရမှာပေါ့။ ခင်ဗျားရဲ့ တပ်ကူနဲ့တွေ့ဖို့ အချိန်လေးကို စောင့်ပေးလိုက်ပါဦးမယ်”
စုမင်ဟာ နှုတ်ခမ်းသပ်လို့ အနီရောင် လျှပ်စီးကြောင်းအဖြစ် အသွင်ပြောင်းလဲ လိုက်တယ်။ သူပြေးသွားချိန်မှာ လရောင်ခြည် မျှင်တန်းတွေဟာ ကျောထက်က ခြုံလွှာ တစ်ထည်လို လွှားခနဲ ဝဲဖြာလိုက်ပါ သွားတယ်။
မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ဟာ အသက် ၄၀ ကျော် အရွယ်ရှိတဲ့ အမျိုးသား တစ်ယောက် ဖြစ်တယ်။ မဟူရာတောင်မှာ ပိထူ အကြီးအကဲနဲ့ ပိစုက လွဲလျှင် သူက ရာထူး အမြင့်ဆုံးသူ ဖြစ်တယ်။ နက်မှောင်တောင် မျိုးနွယ်စုကို သုတ်သင်ရှင်းလင်းဖို့ သူတို့ မျိုးနွယ်ဝင်တွေ တအုပ်တမကို သူပဲ ခေါင်းဆောင်ခဲ့တာ ဖြစ်တယ်။ ယောက်ျားတွေကို ဖမ်းမယ်။ မိန်းမတွေနဲ့ အပျော်ရှာမယ်။ သူတို့ ငိုကြွေးရုန်းကန် ကြတဲ့အခါ ဝိုင်မူးယစ်စွာနဲ့ တဟီးဟီးတဟားဟား ရယ်မောအော်ဟစ်လို့ မတော်မတရား ပြုကျင့်မယ်။
အဲဒီနောက် ဒေါသပြင်းထန်နေတဲ့ နက်မှောင်တောင် မျိုးနွယ်ဝင် ယောက်ျားသားတွေကို ခေါင်းဖြတ်သတ်လို့ သူတို့ရဲ့ အဆုံးမရှိနိုင်တဲ့ စိတ်ချမ်းသာမှုကို ခံစားမယ်။
အဲဒါက သူ့ရဲ့ စိတ်ဆန္ဒပဲ။ အကြီးအကဲရဲ့ အမိန့်ရပြီးနောက်မှာ နက်မှောင်တောင်ကို စီးနင်းဝင်ရောက် ကြမယ်ဟေ့လို့ ကြွေးကြော်အပြီးမှာ အဲဒီစိတ်ဆန္ဒဟာ ထကြွလာတယ်။ သူ ထွက်မလာခင်လေးတင် အကြီးအကဲကို သူ့ရဲ့ ဆန္ဒအကြောင်း ပြောပြနေခဲ့သေးတယ်။ သူတို့ရဲ့ မာန်စွမ်းအားရှင်တွေ စိတ်လှုပ်ရှားမှု အပြည့်နဲ့ မာန်သွင်းကြွေးကြော် အပြီးမှာတော့ ဒီတိုက်ပွဲက စတင်ခဲ့လေတယ်။
အခုတော့ သူ့ရဲ့ အခြေအနေက သနားဖွယ်အတိ။ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရပြီး တစ်ကိုယ်လုံးက သွေးရွှဲရွှဲနစ်လို့ တိုက်ခိုက်လိုစိတ်လည်း ကင်းမဲ့လျက် ရှိပြီ။ ကနဦးမှာ နက်မှောင်တောင် မျိုးနွယ်စုရဲ့ ခံစစ်အားကြောင့် ထိတ်လန့် ခဲ့ရပြီးတဲ့နောက် နန့်စုန့်နဲ့ တိုက်ခိုက်ရာမှာ ဒဏ်ရာ ရရှိခဲ့တယ်။ လှည့်စား ခံခဲ့ရတာကို သိပြီး နက်မှောင်တောင် မျိုးနွယ်စု နောက်ထပ်မလိုက်ခင် ဒဏ်ရာလေး ပျောက်ကင်းအောင် ကုမယ်မကြံသေး၊ ထူးဆန်းလျှို့ဝှက်တဲ့ မနှစ်မြို့ဖွယ်ရာ အင်အားရပ် တစ်မျိုးက ပေါ်ထွက်လာပြန်ပြီ။
ဦးခေါင်းဖြတ်ခံရလို့ ခေါင်းနဲ့ကိုယ် အိုးစားကွဲသွားတဲ့ သူ့ရဲ့ မျိုးနွယ်ဝင်တွေကြောင့် မယုံနိုင်လောက်အောင် ကြောက်ရွံ့ နေခဲ့ပါပြီ။ တစ်ဘက်လူကိုလည်း အနီရောင် လျှပ်စီးလက်လက် အဖြစ်ကနေ လွဲလို့ အကောင်အထည် မမြင်ရ။
သူ ပင်ပန်းလှပြီ။ ပြန်တိုက်ခိုက် လိုစိတ်လည်း မရှိတော့ပါ။ ဒါထက်ပိုပြီး သူက သာမန် မျိုးနွယ်စု ဝင်လေး တစ်ယောက်လည်း မဟုတ်တဲ့အတွက် သူ့ရဲ့ သွေးကြောတွေကို စိတ်လိုလက်ရ သွေးဖောက်ခွဲမှု ပြုလုပ်ရဲတဲ့ သတ္တိမျိုးလည်း မရှိဘူး။ တပ်ကူတွေ လာနေပြီ ဆိုတာလည်း သိထားတယ်။ ဖြစ်နိုင်တာက သူနဲ့တောင် အတော်ကလေး နီးနေလောက်ပြီ။ သူသာ မြန်မြန်ပြေးလျှင် တပ်ကူတွေနဲ့ တွေ့ရတော့မှာပါ။
နှုတ်ခမ်းထောင့်ကနေ တသွင်သွင် စီးကျနေတဲ့ သွေးတွေနဲ့အတူ သူ့ကိုယ်ခန္ဓာထဲမှာ ခြေကုန်လက်ပမ်း ကျမှုက အဆတိုးမြှင့် နေရာယူထားတယ်။ ရုတ်ချည်း တိုးတက်လာတဲ့ စွမ်းအားဟာလည်း သူ့ရဲ့ အတိုင်းအတာ သတ်မှတ်ချက်ကုန်လို့ သူ့ကိုယ်ခန္ဓာကနေ ထွက်ပေါ်နေတဲ့ အနီရောင် အလင်းလည်း မှိန်ဖျော့သွားခဲ့ပြီ။ ဆက်ပြေးလွှားနေရင်း ခြေလှမ်းတွေလည်း ဒယီးဒယိုင် ဖြစ်နေပေမဲ့ ရပ်မပစ်ရဲ။ သို့ပေမဲ့ အရှိန် လျော့မကျ သွားအောင်တော့ ထိန်းသိမ်းထားနိုင်ဆဲပါ။
အဲဒီ အခိုက်အတန့်မှာ ကြားလိုက်ရတဲ့ ထူးဆန်းတဲ့ အော်မြည်သံကြောင့် သူ့ရဲ့ ကြောက်စိတ်တွေ အားလုံးကို ပြန်လည် ပေါ်ပေါက်လာတယ်။ အဲဒီ ထူးထူးဆန်းဆန်း အော်မြည်သံဟာ သူတို့တွေ နက်မှောင်တောင် မျိုးနွယ်စုနောက်ကို တစ်ဟုန်ထိုး လိုက်လံဖမ်းဆီးတုန်းက မြည်တမ်းကြတဲ့ ကြွေးကြော်သံနဲ့ တူပေမဲ့ ဒီအသံက ပိုစူးရှတယ်။
အဲဒီအသံကို ကြားလိုက်တဲ့ အခိုက်မှာ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ ကိုယ်စိတ်နှလုံးဟာ ထောင်းထောင်းကြေလု။ သူ့နောက်ကျောဘက်က လေတိုးသံကိုပါ တစ်ဆက်တည်း ကြားလိုက်တယ်။ အံတင်းတင်းကြိတ်လို့ နောက်လှည့်ကာ ကျယ်လောင်စွာ မာန်သွင်း ဟစ်အော်ရင်း လက်သီးတစ်ချက် ပစ်သွင်းလိုက်တယ်။ သို့ပေမဲ့ သူ အဲဒီလို လုပ်လိုက်တဲ့ အခိုက်မှာ သူ့ဆီကို အရှိန်ပြင်းပြင်းနဲ့ ပစ်ဝင်လာတဲ့ ဦးခေါင်းပြတ် တစ်လုံးကို မြင်လိုက်ရတယ်။
သူ့ရဲ့ လက်သီးက ဦးခေါင်းပေါ် ကျရောက်သွားစဉ်မှာ မျိုးနွယ်စုခေါင်းဆောင် မြင်လိုက်ရတာက အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားတဲ့ အသားစတွေသာမက အနီရောင် အလင်းတစ်ချက် ဖြစ်တယ်။ အဲဒီရှည်လျားတဲ့ အနီရောင် လျှပ်စီးကြောင်းနောက်မှာ မရေမတွက်နိုင်အောင် များပြားတဲ့ လရောင်မျှင်တန်းတွေ ဝဲဖြာနေပုံက ထူးဆန်း နက်နဲမှုကို ပိုလို့ အားဖြည့် အရောင်တောက်ပ လာစေတယ်။
၎င်းဟာ နာကျင်စွာ အော်ဟစ်လိုက်တယ်။ သွေးတွေ ဖြန်းခနဲ လွင့်စဉ်လာပြီး မျိုးနွယ်စု ခေါင်းဆောင်ရဲ့ လက်မောင်းဟာ သူ့ ခန္ဓာကိုယ်ကနေ စုတ်ပြတ်ပြုတ် ထွက်သွားတယ်။ တဖြည်းဖြည်း နီးကပ်လာတဲ့ အနီရောင် အလင်းနဲ့အတူ သူ့ရဲ့ ညာလက်မောင်း အစိတ်စိတ် အမြွှာမြွှာ ကြေမွသွားတာကို သူ့မျက်စိ ရှေ့တည့်တည့်မှာပဲ မြင်တွေ့လိုက်ရတယ်။
အကြောက်တရားက ခေါင်းဆောင်ရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံရစ်သိုင်း မိလေပြီ။ လျှာကို တစ်ချက်ကိုက်ဖြတ်လို့ သွေးတစ်ငုံ အန်ထုတ်လိုက်တယ်။ သွေးလွှမ်းဝက်ဝံရဲ့ မပီဝိုးတဝါး အရိပ်က သူ့နောက်ကျောဘက်မှာ ပေါ်ထွက်လာတယ်။ ၎င်းဝက်ဝံကြီးက မျိုးနွယ်စု ခေါင်းဆောင်ကို ချီမလို့ တောအုပ်ရဲ့ နက်ရှိုင်းတဲ့ အပိုင်းထိ ရောက်အောင် ပစ်လွှတ်လိုက်တယ်။ အဲဒီအရှိန်ကို စီးနင်းလို့ မျိုးနွယ်စု ခေါင်းဆောင်က ထွက်ပြေးသွားခဲ့တယ်။
မျိုးနွယ်စု ခေါင်းဆောင်ကို ပစ်ပေးပြီးတာနဲ့ လရောင်ခြည် တန်းတွေဟာ သွေးလွှမ်း ဝက်ဝံကြီးကို ဝန်းရံလိုက်တယ်။ အလွှာအထပ်ထပ် ရစ်ပတ်သိုင်းဖွဲ့ ပြီးမှာတော့ သွေးလွှမ်း ဝက်ဝံကြီးက တစ်စစီ ကြွေပဲ့သွားကာ ကမ္ဘာမြေပေါ်က ထာဝရ ပျောက်ကွယ်သွားပါတော့တယ်။
စုမင်ကိုယ်ရောင် ပေါ်လာတယ်။ သူ့မျက်နှာက ဖြူဆုတ်လို့ သူ့မျက်လုံးတွေက တည်တည်ငြိမ်ငြိမ်။ သို့ပေမဲ့ နှုတ်ခမ်းပေါ်မှာတော့ ရက်စက်တဲ့ အပြုံးဟာ ယီးလေးခိုလျက်။
"အချိန်ကျပြီ”
စုမင် အသက်ဝဝ ရှူရှိုက်တယ်။ လရောင်ဟာ သူ့ရဲ့ ပွင့်ဟနေတဲ့ ဒဏ်ရာတွေထဲက တစ်ဆင့် သူ့ကိုယ်ခန္ဓာထဲ စီးဆင်း ဝင်ရောက်သွားပြီး အားဖြည့်ပေးလေတော့ သူလုပ်ချင်သမျှ အရာအားလုံးကို လုပ်ဆောင်နိုင်ဖို့ ခွန်အားတွေ ရရှိပိုင်ဆိုင် လာတာပေါ့။
မဟူရာတောင် မျိုးနွယ်စုခေါင်းဆောင် ဝင်ရောက် ထွက်ပြေးသွားတဲ့ အဝေးတစ်နေရာက ဦးတည်ချက် အရပ်မျက်နှာကို ကြည့်လို့ စုမင် တစ်ဟုန်ထိုး ပြေးလိုက်သွားရင်း လိုက်လံ ဖမ်းဆီးမှုကို ပြန်လည်စတင်လိုက်တယ်။
စုမင်ရဲ့ အရှိန်နှုန်းက မျိုးနွယ်စု ခေါင်းဆောင်ကိုသာ လွန်ပေမဲ့ စုမင်က အလျင်လို မနေပါ။ သူ့မျက်လုံးတွေထဲကို ထူးဆန်းတဲ့ အလင်းတစ်စ ဖြတ်ပြေးသွားတယ်။ မျိုးနွယ်စုပေါ်မှာ ဝဲနေတဲ့ အန္တရာယ်ဟာ အခုထိ အပြည့်အဝ မပျောက်ကွယ် သွားသေးဘူးဆိုတာ သူသိတယ်။ မျိုးနွယ်စု ခေါင်းဆောင်ရဲ့ လုပ်ရပ်တွေကို ကြည့်လျှင် သူတို့မှာ တပ်ကူ ရှိသေးတယ်လို့ ကောက်ချက် ချနိုင်တယ်။
ဒါကြောင့်မို့ပဲ မျိုးနွယ်စု ခေါင်းဆောင်ကို သတ်ဖို့ အလျင်လို မနေခဲ့တာပေါ့။ အဲဒီအစား ခပ်နီးနီးက လိုက်လာခဲ့တယ်။ အချိန်တစ်ခုလောက် အကြာကြီး အတူနေထိုင် လာခဲ့တဲ့ တစ်မျိုးနွယ်တည်းသားချင်း မာန်မျိုးနွယ်ဝင်တွေက သွေးကြောတွေကတစ်ဆင့် တစ်ယောက်နဲ့ တစ်ယောက်အတူ ဆက်သွယ်နိုင်ကြတယ်။ အဲဒီ ဆက်သွယ်မှုကြောင့်ပဲ တစ်ယောက်နဲ့ တစ်ယောက် မြွေမြွေချင်း ခြေမြင်နိုင်ကြတာ ဖြစ်တယ်။
စုမင်လည်း အဲဒီအရာကို သိထားတယ်။ ဒါကြောင့်မို့ မဟူရာတောင် တပ်ကူတွေက ဘယ်မှာလဲ ဆိုတာတော့ စုမင် မသိပေမဲ့ မျိူးနွယ်စု အကြီးအကဲကတော့ သေချာပေါက် သိလိမ့်မယ်။
သူသာ မျိုးနွယ်စုခေါင်းဆောင်နဲ့ လိုက်သွားလျှင် တပ်ကူတွေကိုလည်း ရှာတွေ့ပြီး အားလုံးကို တစ်ပြိုင်တည်း ရှင်းပစ်လိုက်လို့ ရတယ်။ ဒီလိုမှသာ စုမင်တို့ နက်မှောင်တောင် မျိုးနွယ်စုက ကျန်ရှိနေတဲ့ ရွှေ့ပြောင်းခရီးကို အန္တရာယ်ကင်းကင်း ဆက်သွားနိုင်မှာ ဖြစ်တယ်။ အကယ်၍ မျိုးနွယ်စု ခေါင်းဆောင်ကိုသာ သူတို့ တပ်ကူတွေရှေ့မှာ သတ်လိုက်နိုင်လျှင် သူတို့ရဲ့ စိတ်ဓာတ်ရေးရာကို အထိနာစေမှာ ဖြစ်သလို ခြေကုန်လက်ပမ်း ကျနေတဲ့ အခြေအနေနဲ့ သူတို့တတွေကို မျိုးဖြုတ်သုတ်သင် ရာမှာလည်း စုမင်အတွက် ပိုလွယ်ကူသွားမှာ ဖြစ်တယ်။
အမွှေးတိုင် နှစ်တိုင်ထွန်းစာ အချိန်ကြာပြီးနောက် မျိုးနွယ်စု ခေါင်းဆောင်ဟာ သွေးရူးသွေးတန်းနဲ့ ဆက်လက် ပြေးလွှားနေဆဲပါ။ ညာဘက်လက် တစ်ခုလုံး ဆုံးရှုံးထားရပေမဲ့ သူ အဲဒါကို ဂရုမစိုက်နိုင် အားသေးပါ။ သူ မသေလိုသေးပါ။ သွေးကြောတွေက တစ်ဆင့် သူခံစား သိရှိမိတာက တပ်ကူနဲ့သူက အရမ်းနီးကပ် လာနေပြီ။ သူ့ရှေ့ ခပ်နီးနီး ရောက်နေလောက်ပြီ။
သူ့မျိုးနွယ်ဝင်တွေ ထံက ပေါ်ထွက်နေတဲ့ ခွန်အားရှိန်ဝါကို ခံစားကြည့်လို့ ရနေတယ်။ အသက်ရှင်လိုတဲ့ စိတ်ဆန္ဒက သူ့မျက်လုံးတွေထဲမှာ ပိုလို့ ထင်ရှားလာတယ်။ သူရှင်သန် နေထိုင်လာတဲ့ ၄၀ နှစ်မျှသော အချိန်အတွင်းမှာ သူ့အနေနဲ့ ဒီလောက်ထိ သနားစရာ ကောင်းလောက်အောင် မနုံနဲ့ဘူးသလို ဒီလောက်လည်း တစ်ခါမှ မကြောက်ရွံ့ဖူးဘူး။ ပြောရရင် နန့်စုန့်နဲ့ တိုက်ခိုက်နေတုန်းက ထက်တောင် ပိုလို့ ကြောက်ရွံ့နေခဲ့တယ်။
အကြောင်းရင်းကတော့ နန့်စုန့်ကို မြင်ရပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ သတ်ဖြတ်သူကိုတော့ ဘယ်သူဘယ်ဝါမှန်း မသိရတာကြောင့်ပါ။ သူမြင်နိုင်တာဆိုလို့ သွေးနီရောင် အလင်းတန်းနဲ့ သတ်ဖြတ်သူရဲ့ မြန်ဆန်လှတဲ့ အရှိန်နှုန်းနောက်မှာ ကျန်ရစ်ခဲ့တဲ့ လရောင်ချည်မျှင် တန်းတွေပါပဲ ။
အဲဒီ အခိုက်အတန့်မှာ သူ့နောက်ကျော ထွက်ပေါ်လာတဲ့ အော်သံက သူ့ကို ကြေကွဲသွားစေ ပြန်ပြီ။ အဲဒီအသံ ပေါ်ထွက်လာတိုင်း အသုဘ ခေါင်းလောင်းသံလိုပဲ မျိုးနွယ်စု ခေါင်းဆောင်အတွက် သည်းမခံနိုင်တဲ့ နာကျင်မှုနဲ့ အကြောက်တရားကို ယူဆောင်လာတယ်။
တကယ်တော့ အဲဒီအသံကို ကြားလိုက်လျှင် ကြားလိုက်ချင်းမှာပဲ မျိုးနွယ်စုခေါင်းဆောင် သွေးအန်နေပြီ။ ဒဏ်ရာတွေနဲ့ ခြေကုန်လက်ပမ်းကျမှုကို သူဆက်ပြီး ထိန်းထားနိုင်ဟန် မရှိတော့ သယောင် ခံစားမိလာတယ်။ မြားထိမှန်ထားတဲ့ ငှက်ကလေး တစ်ကောင်လို။ လေးမြားသံ ကြားတာနဲ့ ကြောက်လွန်းလို့ မြေပေါ်ပြုတ်ကျ သလိုပေါ့။
"ဘယ်သူလဲ။ တကယ်ပဲ ဘယ်သူများလဲ”
မျိုးနွယ်စုခေါင်းဆောင်က ကျယ်လောင်စွာ ဟစ်အော်တယ်။ အကြောက်တရား ရင်းမြစ်ကို ထပ်မံ မြင်တွေ့ပြီး နောက်မှာ သူ့မျက်နှာ ဖြူရော်နေခဲ့ လေပြီ။ ငွေဖြူရောင် ချည်မျှင်တန်းတွေ ဝဲဖြာကျနေတဲ့ အနီရောင် လျှပ်စီးတစ်ချက် သူ့ကိုယ်ခန္ဓာကို ရစ်သိုင်းမိသွားတယ် ဆိုလျှင်ပဲ ဘယ်လက်မောင်းလည်း ပြုတ်ထွက်သွားကာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲ သွားပါတော့တယ်။
နာကျင်တဲ့ အော်မြည်သံပြုရင်း မျိုးနွယ်စု ခေါင်းဆောင်ဟာ မျှော်လင့်ချက် ပျက်သုဉ်းသွားတယ်။ ဒါပေမဲ့ ဒီလို မျှော်လင့်ချက်တွေ ရိုက်ချိုးခံရသလို အခြေအနေမှာတောင် ထူးဆန်းတဲ့ အော်မြည်သံကို ထပ်မံကြားချိန်မှာ အသက်ရှင်လိုတဲ့ စိတ်ဆန္ဒက တစ်ဖန်ပြန်ပေါ်ပေါက် လာတယ်။ ဒီတစ်ခါတော့ အော်သံက သူ့ကို ကြောက်ရွံ့မှု မဖြစ်ပေါ် စေတော့ပါ။ အဲဒီအစား စိတ်ဓာတ်တက်ကြွ သွားစေတယ်။
အဲဒါက မဟူရာတောင် မျိုးနွယ်စုရဲ့ ကြွေးကြော်သံပါ။
ကျယ်လောင်တဲ့ ဟစ်ကြွေးသံပြုလို့ စိတ်ဝိညာဉ် အတွင်းသား ခပ်နက်နက်ထဲက ဆင့်ခေါ်ထားတဲ့ နောက်ဆုံးလက်ကျန် အင်အားလေးကို သုံးလို့ သူ အသံကြားရတဲ့ မျိုးနွယ်ဝင်တွေ ရှိရာထံ သွေးရူးသွေးတန်း ပြေးထွက်သွားခဲ့တယ်။ သူ့ရဲ့ ဆင်ခြင်တုံတရားလည်း ပျောက်ကွယ်လို့ သူသိတော့တဲ့ တစ်ခုတည်းသော အတွေးက သူ့မျိုးနွယ်စုနဲ့ ပြန်ပေါင်းဆုံစည်းဖို့။
မကြာခင်မှာ နှင်းလွှာထုနဲ့ သစ်ကိုင်းခြောက်တွေ ပြည့်နေတဲ့ နယ်စပ်မျဉ်း နေရာလွတ်မှာ တောထဲက ထွက်လာတဲ့ မာန်မျိုးနွယ်ဝင် ၅ ယောက်ကို မြင်တွေ့ရတယ်။ အဲဒီ ၅ ယောက်လုံးက သူနဲ့ အံ့မခန်း ရင်းနှီးမှု ရှိကြသူတွေချည်း ဖြစ်တယ်။
သူ့ရဲ့ မျိုးနွယ်ဝင်တွေကို မြင်ရချိန်မှာ မဟူရာတောင် တပ်ကူအဖွဲ့လည်း သူတို့ရဲ့ မျိုးနွယ်စု ခေါင်းဆောင်၊ အမြဲတမ်း မျိုးနွယ်စုရဲ့ ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ အမျိုးသားကို မြင်တွေ့လိုက်ကြရတယ်။
အခုတော့ဖြင့် သူတို့ခေါင်းဆောင်က သူတို့ တစ်ခါမျှ မကြုံဖူးခဲ့တဲ့ သနားဖွယ်ရာအတိ အခြေအနေမှာ။ သူ့မျက်လုံးထဲက အကြောက်တရားတွေ၊ မျက်နှာပေါ်က သွေးတွေ၊ လက်နှစ်ဖက်လုံး ဆုံးရှုံးထားတဲ့ ခန္ဓာကိုယ်ကြီးတို့က သူတို့ရဲ့ မျက်နှာ အမူအရာကို ပြောင်းလဲပစ်လိုက်နိုင်တယ်။ မျက်နှာပေါ်မှာ အလိုအလျောက် ပေါ်ထွက်လာတဲ့ အကြောက်တရားတွေကို ကြည့်ရတာ သူတို့အနေနဲ့ စွမ်းအားတော်ကြီးတဲ့ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင်ရတော့မှာကို သိလိုက်သလိုပါပဲ။ နက်မှောင်တောင် မျိုးနွယ်စုကို လိုက်လံဖမ်းဆီးဖို့ ထွက်ခွာသွားကြတဲ့ မာန်စွမ်းအားရှင်တွေ အများကြီးမှာ မျိုးနွယ်စု ခေါင်းဆောင် တစ်ယောက်သာ အသက်ရှင် ကျန်ရစ်သူဆိုတဲ့ ဖြစ်ရပ်ကို မယုံနိုင်ကြပါ။ အံ့မခန်း ထိတ်လန့် ချောက်ချားဖွယ်ရာ ရန်သူတစ်ယောက်နဲ့ ရင်ဆိုင် တွေ့ခဲ့ရသလို ခေါင်းဆောင်ရဲ့ မျက်နှာပေါ်က အကြောက်တရားက အလုံးစုံ ဖော်ပြနေတယ်။
"ငါ့ကိုကယ်ပါ”
ခေါင်းဆောင်ဟာ သူ့ရဲ့ မျိုးနွယ်ဝင်တွေကို မြင်လိုက်တယ် ဆိုလျှင်ပဲ ခြေကုန်လက်မှိုင်ချ နေရာက အလွန်အမင်း ပျော်ရွှင်ဝမ်းသာစိတ် ပေါ်ပေါက်လာခဲ့တယ်။ မျိုးနွယ်ဝင်တွေ သူ့အနား ရောက်လာလုဆဲဆဲ၊ အနီရောင် လျှပ်စီးကြောင်းဟာ မျိုးနွယ်စုခေါင်းဆောင် အနောက်ဘက်မှာ ပေါ်ပေါက် လာခဲ့တယ်။ မျက်စိတဖျတ်အတွင်း ခေါင်းဆောင်ထံ တိုးဝင်နီးကပ် လာခဲ့ပြီးနောက် ကူညီဖို့ ပြေးလာနေသူတွေ ရှေ့မှာပဲ မျိုးနွယ်စုခေါင်းဆောင်ရဲ့ ကိုယ်ခန္ဓာကို ရစ်သိုင်းသွားလေရာ နာကျင်စွာ အော်ဟစ်မြည်တမ်း လိုက်လေတယ်။
မျိုးနွယ်စု ခေါင်းဆောင်ဟာ ခါးလယ်ကနေ ခုတ်ပိုင်း ခံလိုက်ရတယ်။ သူပြေးနေတဲ့ အချိန်မို့ သွေးတွေက နေရာအနှံ့ လွင့်စဉ်ပြန့်ကြဲသွားတယ်။ သူ လဲကျသွားတယ်၊ ခြေထောက်တွေကတော့ ဆန့်ငင်ဆန့်ငင် ပြေးလွှားနေဆဲ။ သူ့မျက်လုံးတွေထဲမှာ ပျော်ရွှင်မှု၊ မျှော်လင့်ချက် ဆိတ်သုဉ်းမှုနဲ့ တကွ သေခြင်းတရားတို့ ရောပြွမ်းနေတယ်။ အဲဒီ ခံစားချက်အားလုံး ပေါင်းစည်းသွားကြတဲ့ မြင်ကွင်းဟာ ကြည့်မိသူတိုင်းကို ကြောက်စိတ်ကြောင့် အေးခဲသွားစေတယ်။
မဟူရာတောင် မျိုးနွယ်စု အင်အားဖြည့် တပ်ကူတွေအားလုံး ထိတ်လန့်ကုန်ကြတယ်။ အံ့အားသင့် ကြောက်ရွံ့မှုနဲ့အတူ မျက်နှာတွေ ဖြူရော်ကုန်ကြတယ်။ သူတို့ရဲ့ မျိုးနွယ်စု ခေါင်းဆောင်က သူတို့မျက်စိ ရှေ့တည့်တည့်မှာတင် သေဆုံး သွားခဲ့ရသတဲ့။ ဒါဟာ သူတို့ဘဝ တစ်သက်တာလုံးမှာ မကြုံဖူးတဲ့အရာ ဖြစ်တယ်။ စိုးရွံ့ ကြောက်လန့်မှုတွေ တစ်ကိုယ်လုံးမှာ နေရာယူလာရင်း နှလုံးသားတွေ တုန်ယင်ကုန်ကြတယ်။
သူတို့ရဲ့ မျိုးနွယ်ခေါင်းဆောင်ကို သတ်ဖြတ်လိုက်တဲ့ အနီရောင် လျှပ်စီးကြောင်းဟာ ချည့်နဲ့နဲ့ လူငယ်လေး တစ်ယောက်အဖြစ် အသွင်ပြောင်းလဲ သွားတာကို မြင်တွေ့ လိုက်ကြရတယ်။ သူ့ရဲ့ နောက်ကျောမှာ ကြီးမားတဲ့ လေးတစ်လက်ကို သိုင်းလွယ်လျှက်၊ သူ့လက်ထဲမှာ လှံတံရှည်တစ်လက် ကိုင်ဆောင်ထားတယ်။ လရောင်ခြည်မျှင်တန်း များဟာ သူ့နောက်ကျောထက်မှာ ဝတ်ရုံခြုံလွှာ တစ်ခုလို ဝေ့ဝဲ ဖြာကျလျက် ... ပေပေါင်းရာချီ အဝေးထိ ဖြန့်ကျလျက် ရှိတယ်။
သူ့ရဲ့ ခွန်အားရှိန်ဝါဟာ ထိတ်လန့်ဖွယ်ရာအတိ။
ဒါက ဆယ်ကျော်သက်သာသာ လူငယ်လေးတစ်ယောက်၊ ဒါမှမဟုတ် ဆယ်ကျော်သက်လို့ ထင်ရတဲ့ လူပုဂ္ဂိုလ်တစ်ယောက်။ သူ့မျက်နှာပေါ်က တည်ကြည်တဲ့ အမူအရာ၊ ချည့်နဲ့သေးကွေးတဲ့ ကိုယ်ခန္ဓာနဲ့အတူ သူ့မျက်လုံးတွေထဲက တိတ်ဆိတ် ငြိမ်သက်ခြင်း အရိပ်အငွေ့တွေကတော့ ဒီကမ္ဘာပေါ်က ရှိရှိသမျှသော သက်ရှိတွေ အားလုံးကို အရှင်လတ်လတ် ဝါးမျိုလိုသယောင်။ ခေါင်းဆောင် သေဆုံးရခြင်းကို ကိုယ်တွေ့ကြုံရတဲ့ မဟူရာတောင် မျိုးနွယ်ဝင်တွေ အားလုံးဟာ ကြောက်ရွံ့ တုန်လှုပ်မှုတွေနဲ့ ထိပ်တိုက်ရင်ဆိုင် ရတော့တယ်။
မျိုးနွယ်စု ခေါင်းဆောင်တောင် သူ့လက်ထဲမှာ သေရတယ်။ အခုလက်ရှိ နေရာမှာ ရှိနေတဲ့ မဟူရာတောင် မျိုးနွယ်ဝင်တွေ အားလုံးရဲ့ရင်ဟာ ကြောက်ရွံ့မှုနဲ့ ထိတ်လန့်မှုတွေ ပြည့်နှက်သွားတယ်။
သူတို့ရဲ့ ကြောက်လန့်တကြား အကြည့်တွေကနေ တစ်ဆင့် ပေပေါင်းရာချီ အကွာက မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သက်မဲ့ ခန္ဓာဘေးမှာ ရပ်နေတဲ့၊ သူတို့ကို တစ်ချက်လေးတောင် ငဲ့မကြည့်သေးတဲ့ လူငယ်ကို မြင်တွေ့နေကြရတယ်။ သူတို့ကို ကြည့်မယ့်အစား လူငယ်ဟာ ခေါင်းဆောင်ရဲ့ ဦးခေါင်းကို သားရဲတိရစ္ဆာန်လေး တစ်ကောင်ရဲ့ ခေါင်းကိုဖြတ်သလို ခုတ်ပိုင်းပစ်လိုက်တယ်။ ဦးခေါင်းကို ကောက်ကိုင်ပြီး မဝေးလှတဲ့ နေရာမှာ ရပ်နေတဲ့လူ ငါးယောက်ကို တစ်ချက် လှမ်းကြည့်လိုက်ပါ တော့တယ်။
လူငယ်ရဲ့ မျက်လုံးထဲမှာ သွေးလွှမ်းလရဲ့ အရိပ်တည်ရှိနေတယ်။ အဲဒါဟာ လှပပေမဲ့ တိတ်ဆိတ်ခြင်းနဲ့တကွ လူတွေကို တုန်ယင်ချောက်ချားစေတဲ့ ကြောက်စရာ သွင်ပြင်လည်း ဖြစ်တယ်။ မဟူရာတောင် မျိုးနွယ်ဝင်တွေကို ကြည့်လိုက်တဲ့ အခိုက်မှာပဲ မာန်စွမ်းအားရှင် အားလုံးဟာ အလိုလို ခြေလှမ်းတွေ ဆုတ်မိကြတယ်။ သူတို့ရဲ့ စိတ်နှလုံးတွေထဲ အသံစုံ မြည်တမ်းနေတယ်။ အဲဒီ အကြည့်ဟာ သူတို့ရဲ့ အကြောက်တရားကို ပိုလို့ သန်မာကြီးထွား လာစေတယ်။
ဒီလူက မျိုးနွယ်စု ခေါင်းဆောင်တောင် ကြောက်ရွံ့ရသူ၊ သူတို့ မျက်စိရှေ့မှာ ခေါင်းဆောင်ကို သတ်ဖြတ်ခဲ့သူ။ သူတို့ရော ဘယ်မှာလာပြီး မကြောက်ဘဲ နေနိုင်ပါ့မလဲ။ အထူးသဖြင့် စုမင်ရဲ့ ကျောထက်ကနေ အနောက်ဘက် ပေပေါင်းရာချီအထိ ဝဲဖြာကျနေတဲ့ လရောင်ခြည်တန်းတွေ ရှိနေပြီး ထွင်းဖောက်မတတ် စူးရှတဲ့ အကြည့်နက်နက်တွေနဲ့ အကြည့်ခံရ ချိန်မှာပေါ့။
သို့ပေမဲ့ အဲဒီ ၅ ယောက်ထဲမှာ မျက်လုံးတွေ နီရဲလာတဲ့အထိ တဆတ်ဆတ် တုန်ယင်နေတဲ့ အသက် ၄၀ အရွယ် လူကြီးတစ်ယောက် ရှိနေတယ်။ သူက မျိုးနွယ်စု ခေါင်းဆောင်နဲ့ ရုပ်ရည် ခပ်ဆင်ဆင်ရှိတယ်။
"အစ်ကိုကြီး”
လူကြီးက အော်ဟစ်ပြီး စုမင်ထံ တစ်ဟုန်ထိုး ချီတက်ပြေးဝင် လာတယ်။ သူ့အနောက်မှာတော့ ကြောက်စိတ်ကို ဖိနှိပ် ချိုးနှိမ်ထားတဲ့ မျိုးနွယ်ဝင်တွေလည်း ပြေးလွှား လိုက်ပါလာကြတယ်။
စုမင်ဟာ ခေါင်းဆောင်ရဲ့ အလောင်းဘေးမှာ ရပ်လျက်ရှိတယ်။ သူ့မျက်လုံးတွေဟာ အေးခဲမတတ် အေးစက် တည်ငြိမ်လှတယ်။ လူကြီး သူ့ထံ ပြေးလွှားလာတဲ့ အခိုက်မှာပဲ သူ့ရဲ့ ဘယ်လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ သူ့ရဲ့ ချီစွမ်းအားတွေ ပါဝင်နေတဲ့ အနီရောင် အမှုန့်တွေဟာ အရှေ့ကို လွင့်စဉ်ထွက်လာတယ်။
ဦးဆောင် ချီတက်လာတဲ့ လူကြီးရဲ့ ကိုယ်ခန္ဓာ တစ်ချက် တုန်ယင်သွားတယ်။ မမြင်ရတဲ့ လရောင်ခြည် တန်းတွေက ဖြစ်ပေါ်စေတဲ့ ဒဏ်ရာဟာ သူ့မျက်နှာမှာ ပေါ်ပေါက်လာတယ်။ အဲဒီဒဏ်ရာက ထွက်ပေါ်လာတဲ့ သွေးတွေဟာ ပွက်ပွက်ဆူလောင် ကျွမ်းနေသကဲ့သို့ ပူပြင်းလောင်မြိုက် နေခဲ့တယ်။ ထိုလူကြီး အသံတစ်ချက် မပြုနိုင်ခင်မှာ သူ့ရဲ့ ကိုယ်ခန္ဓာဟာ အနီရောင်မြူခိုး မြူငွေ့တွေအဖြစ် ပြောင်းလဲသွားပြီး လေထုထဲကို ရုတ်တရက် ပျံ့နှံ့သွားတော့တယ်။
"မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်"
"သူက မိုးကျရွှေကိုယ် မာန်စွမ်းအားရှင်ပဲ"
အံ့အားတကြီး ရေရွတ်လိုက်သံတွေ ပျံ့နှံ့သွားတယ်။ ပြေးလိုက်လာတဲ့ မဟူရာတောင် မျိုးနွယ်ဝင် ၄ ယောက်ရဲ့ မျက်နှာတွေ တစ်ဖန်ပြောင်းလဲ သွားပြန်တယ်။ တုန်လှုပ်ချောက်ချား မှုတွေနဲ့ အတူ သူတို့ ချက်ချင်းရပ်တန့် လိုက်ကြတယ်။ ခေါင်းဆောင် သေဆုံးသွားတဲ့ မြင်ကွင်းနဲ့ မသေခင် ဖြစ်ပေါ်နေခဲ့တဲ့ အကြောက်တရားတွေနဲ့ ရုပ်လွှာကို သူတို့စိတ်ထဲမှာ ပြန်မြင်ယောင် လာကြတယ်။ အဲဒီ အခြင်းအရာက သူတို့ရဲ့ အကြောက်တရားကိုပါ အထွတ်အထိပ်ထိ မြင့်တက်သွားအောင် စေစွမ်း လိုက်နိုင်တယ်။
အဲဒီလူ ၄ ယောက် တပ်ဆုပ်ပြေးတော့မယ့် အချိန်မှာတော့ စုမင် လှုပ်ရှားလာခဲ့ပါပြီ။
လပြည့်ည အချိန်အခါမှာ ... နောက်ကျောထက်မှာ ဝဲဖြာကျနေတဲ့ လရောင်ခြည်တန်းတွေနဲ့ အတူ ကြောက်ရွံ့ ထိတ်လန့်နေတဲ့ လူ ၄ ယောက်ထံ တစ်ဟုန်ထိုး ပြေးလွှား သွားလေတော့တယ်။
***