ဘာကြောင့်လဲ
Vol. 8 Ch. 102
မဟူရာတောင် အင်အားဖြည့် တပ်ကူကို ခြေရာခံနိုင်ဖို့ သူတို့ မျိုးနွယ်စု ခေါင်းဆောင်ကို လမ်းပြအနေနဲ့ အသုံးချပြီး သူတို့ရဲ့ မျက်စိရှေ့ တည့်တည့်မှာပဲ ရက်ရက်စက်စက်သတ်လို့ ခေါင်းဖြတ်ခဲ့တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေကို ပုံကြီးချဲ့ခဲ့ပြီး လပြည့်ညအောက်က ထူးဆန်းတဲ့ သွင်ပြင်ကြောင့် မဟူရာတောင် မျိုးနွယ်ဝင်တွေကို လက်ဦးမှု ရယူခဲ့တာက ချက်ချင်းဆိုသလို အထွတ်အထိပ်ထိ အောင်မြင်သွားခဲ့တယ်။
စုမင် ဒီလိုလုပ်မှ ဖြစ်မယ်။ သူလည်း အလွန်အမင်း ပင်ပန်းလှပါပြီ။ လရောင်က အားဖြည့် ပေးလျှင်တောင် ရှန့်ဟန်ကို သတ်ဖို့ အားအင် ချန်ထားရဦးမှာ ဖြစ်တယ်။ ဒဏ်ရာရပြီး တောထဲဝင်ပြေး သွားတဲ့ အဲဒီ သစ္စာဖောက်ကောင်ကို စုမင် မုန်းတီးလှတယ်။
ဒါကြောင့်မို့ သူ့ရဲ့ ကျန်ရှိတဲ့ ခွန်အားလေးကို ချွေတာပြီး သူ့ရဲ့ တာဝန်ကို ပြီးမြောက်အောင် ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ အထူးစဉ်းစားပြီး စိတ်ဓာတ်ရေးရာ ပိုင်းနဲ့ပါ တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်။
မျိုးနွယ်စု ခေါင်းဆောင်နဲ့ ဆင်တူတဲ့ လူကြီးကို သတ်ဖြတ်ချိန်မှာ လုပ်ဆောင်ခဲ့သမျှက သူ့ရဲ့ လျှို့ဝှက် ထူးဆန်းမှုကို ပိုလို့ တိုးမြှင့်စေခဲ့တယ်။ မိုးကျရွှေကိုယ် မာန်စွမ်းအားရှင် ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုကြောင့် ဖြစ်ပေါ်စေခဲ့တဲ့ အကြောက်တရားကြောင့် စုမင် ချီတက်ပြေးဝင် သွားချိန်မှာ တပ်ကူအဖြစ် ရှိနေတဲ့ မဟူရာတောင် မာန်စွမ်းအားရှင်တွေကို တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားစေ ပြီးပြီ။ အားလုံးက နောက်ဆုတ် ထွက်ပြေးဖို့ပဲ ရွေးချယ် သွားကြတော့တယ်။
အမှန်အတိုင်း ပြောရလျှင်တော့ ခေါင်းဆောင်နဲ့ ဆင်တူတဲ့လူကြီး မရှိလျှင်သော်မျှ စုမင်က ကြောက်လန့် ချောက်ချားသွားအောင် လုပ်ပြီး စိတ်ဓာတ်ရေးရာကို အဓိက တိုက်ခိုက်မယ့် နည်းစနစ်ကိုပဲ အသုံးပြုဦးမှာပါ။
နောက်ထပ် လှုပ်ရှားမှုအချို့ အပြီးမှာတော့ တောအုပ်ရဲ့ နေရာလွတ် ခပ်သေးသေးလေးမှာ လေတိုးသံများနဲ့တကွ မျှော်လင့်ချက် ဆိတ်သုဉ်းတဲ့ အသံများဟာ သေခြင်းတရားရဲ့ နှုတ်ပိတ်မှုနဲ့ ရင်မဆိုင်ရခင်အထိ ပျံ့လွင့်နေခဲ့လေရဲ့။ အချိန်တချို့ ကုန်လွန်သွားပြီးတဲ့နောက် တိတ်ဆိတ်ငြိမ်သက် လာခဲ့ပြီး စုမင်ဟာ သူ့ခန္ဓာကိုယ်ကို လေးလေးပင်ပင် သယ်မလို့ တောထဲက ထွက်လာခဲ့လေတယ်။
ဒဏ်ရာအမျိုးမျိုး ရောနှောနေတယ်။ ဓားဒဏ်ရာ တစ်ချက်က နက်လွန်းလို့ အရိုးထိတော့ မယောင်။ အဲဒီဒဏ်ရာ အပါအဝင် အားလုံးဟာ လရောင်အောက်မှာ တဖြည်းဖြည်း သွေးတိတ် သွားခဲ့ပေမဲ့ စုမင်ရဲ့ မျက်နှာကတော့ မြေပြင်ပေါ်က နှင်းစက်တွေလို ဖြူဖွေးနေတယ်။
သူ့ရဲ့ နောက်မှာ အလောင်းတွေ လဲလျောင်းလျက် ရှိတယ်။ သူတို့ သွေးစက်တွေက ရဲရဲတောက်နေတယ်။ သူတို့က မဟူရာတောင် မျိုးနွယ်စုရဲ့ ကျူးကျော်မှုအတွက် တန်ကြေး ပေးဆပ်လိုက်ရတာပါ။
အမှန်စင်စစ်တော့ မဟူရာတောင် အနေနဲ့ နက်မှောင်တောင် မျိုးနွယ်စုရဲ့ ခံစစ်အားကို အထင်သေး မိခြင်းနဲ့ သူတို့ အကြီးအကဲရဲ့ စွမ်းအားကို အထင် ကြီးမိခဲ့ခြင်းတွေ အပေါ် နောင်တရလျက် ရှိပါပြီ။
အဲဒီ နောင်တက တောထဲမှာ ထောင်ချောက်ဆင်ချိန်က စခဲ့တာပါ။ တကယ်တော့ သူတို့ အရမ်း လွန်သွားခဲ့ပြီး ဒီအခြေအနေထိ ဖိအားပေး တိုက်ခိုက်ခဲ့ကြပြီး အကြီးအကဲရဲ့ အမိန့် မရှိဘဲ နောက်မဆုတ် ရဲကြတာ။ အမှားတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ကျူးလွန် ခဲ့မိကြတယ်။
အဲဒါတောင်မှပဲ မဟူရာတောင်ဘက်က ဒဏ်ရာ ရရုံရပြီး မသေတဲ့ စစ်သည်တော်တွေ ရှိသေးတယ်။ သူတို့က ရွှေ့ပြောင်းနေတဲ့ မျိုးနွယ်စုကို ဆက်မလိုက်တော့သလို မဟူရာတောင် မျိုးနွယ်စုထံလည်း ပြန်မလာကြဘူး။ အဲဒီအစား တောထဲကို ဝင်ရောက်သွားကြပြီး တောနက် တစ်နေရာမှာ ပုန်းကွယ်နေထိုင်လို့ သူတို့ရရှိထားတဲ့ ဒဏ်ရာတွေကို အကြောင်းပြပြီး တိုက်ပွဲထဲက ရှောင်ထွက်ကြတယ်။
နက်မှောင်တောင် မျိုးနွယ်စုရဲ့ မိုက်ရူးရဲဆန်မှုကတော့ အားလုံးရဲ့ အရိုးထဲထိ ထွင်းထိုးစွဲထင် ရစ်ခဲ့ပါပြီ။
စုမင်ဟာ တောထဲမှာ မောကြီးပမ်းကြီး ပြေးလွှားရင်း မြေပြင်ပေါ်က ခြေရာတွေကို ရှာဖွေတယ်။ အရင်ကတည်းက တောနဲ့ ပတ်သက်ပြီး လမ်းကြောင်းကောက် ခြေရာခံတဲ့ ပညာရပ်တွေကို အခုတော့ ရှန့်ဟန်ကို ရှာတဲ့နေရာမှာ အသုံးချနေပြီ။
နန့်စုန့်အဘိုး နက်မှောင်တောင် မျိုးနွယ်စုဝင်တွေ အားလုံးနဲ့ သူသိသမျှ ထောင်ချောက်ထဲမှာ သေကြေ ပျက်စီးခဲ့သူတွေ အားလုံးအတွက် ဘာကြောင့် သစ္စာဖောက်ရတယ် ဆိုတဲ့ အကြောင်းအရင်းကို မေးဖို့ ရှန့်ဟန်ကို ရှာဖို့လိုတယ်။
ကောင်းကင်ယံထက်မှာ ကြုံးဝါးသံတွေ ကြောက်ခမန်းလိလိ ပျံ့လွင့်နေဆဲ။ မော့စန်း အကြီးအကဲ အနေနဲ့ ဘဝရဲ့ သက်တမ်းတချို့ကို စတေးပြီး ပိထူကို ဟန့်တားထားတဲ့ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေဆဲပါ။
မျိုးနွယ်စုရဲ့ လုံခြုံမှုကို အာမခံချက် ပေးနိုင်မဲ့ အရာအားလုံးကို အကြီးအကဲ လုပ်ဆောင် နေခဲ့တယ်။
စုမင် အသံတစ်ချက် ကလေးတောင် မထွက်သေးပေမဲ့ သူ့မျက်လုံးထဲက စိတ်ပိုင်းဖြတ်မှုနဲ့ တည်ကြည် ခိုင်မြဲမှုတော့ တစိုးတစိမျှတောင် မလျော့ကျ သွားဘူး။
ရှန့်ဟန် ကျန်ရစ်ခဲ့တဲ့ ခြေရာလက်ရာတွေကို အသုံးပြုရင်း ရှန့်ဟန်နောက် လိုက်နေတုန်းမှာ စုမင်ဟာ အေးခဲနေတဲ့ ကိုယ်ခန္ဓာ အများအပြားကို လမ်းတစ်လျှောက်မှာ မြင်တွေ့ခဲ့ရတယ်။ အဲဒီ အလောင်းတွေ အားလုံးမှာ နေရစ်ခဲ့ဖို့ ရွေးချယ်ခဲ့တဲ့ စုမင်တို့ မျိုးနွယ်ဝင်တွေပါ။
အဲဒီလူတွေကို ကြည့်ရှုရင်းနဲ့ သူ့နှလုံးသားထဲမှာ ဝမ်းနည်းမှုတွေ ပျို့တက်လာရင်း အားလုံးကိုလည်း လေးစားမိတယ်။
သေဆုံးသွားခဲ့တဲ့ သူတွေ အားလုံးဘေးက ဖြတ်ကျော်လျှောက်လှမ်း လာခဲ့ရင်း နောက်ဆုံးမှာတော့ သစ်တောရဲ့ နက်ရှိုင်းတဲ့အပိုင်းကို ရောက်ရှိချိန်မှာ စုမင် ခြေလှမ်းတွေ ရပ်တန့်လိုက်တယ်။
သူ့ရှေ့မှာ ဧရာမ သစ်ပင်ကြီးတစ်ခု။ အဲဒီသစ်ပင် အောက်မှာတော့ လူတစ်ယောက် ရှိနေတယ်။ လက်တွေကို ဘေးနှစ်ဘက်မှာ ချထားတယ်။ သူ့ရဲ့ ညာဘက်လက်မှာတော့ အရိုးနဲ့ ပြုလုပ်ထားတဲ့ ရွှင်းတူရိယာ ရှိတယ်။ အဲဒီမှာ ပေနေတဲ့ သွေးတွေတောင် အညိုရောင် ပြောင်းနေခဲ့ပြီ။ တချို့ အပေါက်တွေကိုတောင် ပိတ်နေစေပြီ။
စုမင် အနားတိုးကပ်လို့ သေလွန်ပြီး ဖြစ်တဲ့ လျိုတိကို ကြည့်လိုက်တယ်။ သူ့အလောင်းက တောင့်တင်းပြီး အရောင်မဲ့နေတဲ့ မျက်လုံးတွေက ကောင်းကင်ကို မော့ကြည့်နေတယ်။ မသေခင်က သူ ဘယ်တွေကို ကြည့်နေခဲ့သလဲတော့ သိနိုင်စရာအကြောင်း မရှိတော့ပါဘူး။ ဖြစ်နိုင်တာက အသုဘ သီချင်းထဲမှာ သီကုံးထားသလို လုပ်နေခဲ့တာများ ဖြစ်မလား။ ကောင်းကင်ထက်က အပြာရောင်ဖန့်ဖန့် တိမ်စိုင်ကွက်ကလေး ကနေ သူ့ကို ကြည့်နေတဲ့ မျက်လုံးအစုံရဲ့ ပိုင်ရှင်က ဘယ်သူပါလဲ ... ညဘက်မှာ တဖျတ်ဖျတ် လက်နေတဲ့ ကြယ်ကလေးတွေရဲ့ ပိုင်ရှင်က ဘယ်သူ ဖြစ်မလဲဆိုပြီး မေးခွန်းထုတ် နေခဲ့လေမလား။
လျိုတိကိုကြည့်ပြီး စုမင် ဒူးတုပ်ထိုင်လိုက်တယ်။ အရိုး ရွှင်းကို ကောက်ယူလို့ ရင်ဘတ်ထဲ ထည့်သိမ်းလိုက်တယ်။
တိတ်ဆိတ်တဲ့ ညဉ့်ယံအလယ်မှာ ရွှင်းတီးမှုတ်သံ ခပ်ညံညံကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့ရတဲ့ ညပေါင်းမနည်းကို စုမင် မမေ့နိုင် သေးပါဘူး။ အဲဒီလူကို သွားရှာပြီး အော်ဟစ်ဆူပူချင်တဲ့ အခေါက်ပေါင်း မနည်းခဲ့ပေမဲ့ တကယ်လုပ်ဖို့ အရေးကနေတော့ ကိုယ့်ကိုယ်ကိုယ် တားဆီးနိုင်ခဲ့ ပါတယ်။
အခု ... စုမင် မျက်လုံးတွေကို မှိတ်လိုက်တယ်။ ရွှင်းသံနဲ့ တီးမှုတ်တဲ့ သီချင်းကို အရမ်း နားထောင်ချင် နေပေမဲ့ ရွှင်းပိုင်ရှင်က သေလွန်ခဲ့ပြီလေ။
စုမင် ... ထွက်ခွာသွားတယ်။
စုမင် ထွက်ခွာလာခဲ့တယ်။ သူ့ရဲ့ လျင်မြန်လှတဲ့ အရှိန်နှုန်းနဲ့ အတူ နောက်ကျောဘက်မှာ ဝေ့ဝဲ ဖြန့်ကျနေတဲ့ လရောင်ခြည် မျှင်တန်းတွေနဲ့အတူ တောထဲကို တစ်ဟုန်ထိုး ဝင်ရောက်လာခဲ့တယ်။ ရှန့်ဟန် ထားရစ်ခဲ့တဲ့ ခြေရာတွေကို ကြည့်လို့ ရှန့်ဟန် အနောက်ကို လိုက်လာခဲ့တယ်။
ရှန့်ဟန်ရဲ့ ခြေရာတွေက တည်တည်ငြိမ်ငြိမ် မရှိဘဲ ရှုပ်ထွေးနေတယ်။ ထင်ရှားနေတာက ဒီလူက ပြင်းပြင်းထန်ထန် ဒဏ်ရာ ရနေရုံသာမက သူ့နှလုံးသား ကလည်း ကစဉ့်ကလျား ဖြစ်နေတယ်။ ဒါ့ကြောင့် သူထွက်ပြေး လာတုန်းမှာ ခြေရာတွေကို ဖျက်ဖို့ မေ့လျော့ခဲ့တယ်။
ဖြစ်နိုင်တာက သူ့နောက်ကို လိုက်လာသူ ရှိမယ်လို့ မထင်ထားတာ ဖြစ်နိုင်တယ်။ ဒါကြောင့်သာ မဟုတ်လျှင် အမဲလိုက် အဖွဲ့ခေါင်းဆောင် မုဆိုးတစ်ယောက် အနေနဲ့ ရှန့်ဟန်ဟာ သူ့ရဲ့ လမ်းကြောင်းကို ဖျက်ပစ်ခဲ့မှာပဲ။ ဘာလို့လဲဆိုတော့ တောနဲ့ ရင်းနှီးကျွမ်းဝင်မှုမှာ စုမင်နဲ့ သူက တန်းတူလောက် ဖြစ်နေလို့ပဲ။
အချိန်တွေ ကုန်လွန်လာတာနဲ့ အမျှ လိုက်ရှာခြင်းကလည်း မရပ်တန့်ပါ။
အချိန်က ညဉ့်သန်းခေါင်ယံ။ ကောင်းကင်ထက်မှာ လမင်းက ချိတ်ဆွဲလျက် ရှိတယ်။ လရောင်က ရွှန်းရွှန်းစို တောက်ပနေပြီး အနီးအနားက ကြယ်ရောင်တွေကိုပါ မှိန်ဖျော့ သွားစေတဲ့အထိ။ ထူထပ်တဲ့ မြူမှုန်တွေက လရောင်ကို မကွယ်ပျောက် သွားစေဘူးလို့ သေချာလောက်တဲ့ အချိန်မှာတော့ စုမင်ဟာ မဟူရာတောင်ဘက်က လိုက်ဖမ်းသူတွေကို ဟန့်တားဖို့ အကြီးအကဲ ပြုလုပ်ခဲ့တဲ့ အက်ကွဲကြောင်း နေရာကို ရောက်လာခဲ့တယ်။ အလင်းမှန်သားပြင်ဟာ ပြိုကွဲနေပြီးသား ဖြစ်ပြီး ပျောက်ကွယ် သွားတာလည်း ကြာမြင့်ခဲ့ပြီ။
စုမင်ဟာ ဒီနေရာမှာ ဝူလကို တွေ့သွားတယ်။ သူမက ဒီနေရာလေးမှာ တိတ်တဆိတ်လေး လဲလျောင်းလို့ သူမ မျက်နှာလေးက ပြုံးစစနဲ့။
သူ မရှိတဲ့ နေရာလေးကို ခပ်ဖွဖွ ခြေလှမ်းတို့နဲ့ သွားရောက်ခဲ့ပြီး သူမကို ကြည့်လိုက်တယ်။ သူမရဲ့ ဖြုဖျော့ဖျော့၊ ရှုပ်ပွပွ မျက်နှာလေးကို ကြည့်လို့ သူမ မသေခင်က နောက်ဆုံးစကားကို ကြားယောင်လာသလိုပဲ။
"နင်က မော့စုလား ...”
စုမင်ဟာ ထရပ်လို့ ထွက်ခွာ မသွားခင်အထိ သူမလေးရဲ့ အလောင်းဘေးမှာ အကြာကြီး ရပ်နေခဲ့ပါတယ်။
စုမင် ဆက်လျှောက်လာခဲ့ရင်း ပိစုကို သတ်ခဲ့တဲ့ နေရာကို ရောက်လာတယ်။ ပိစုရဲ့ အလောင်းကတော့ ဒီနေရာမှာ မရှိတော့ပြီ။ သူ့အလောင်းကို တစ်ယောက်ယောက် သယ်ဆောင်သွားပြီ။
နေရာအနှံ့ကို ဖြတ်သန်းပြေးလွှား လာရင်းနဲ့ သူ့မျက်လုံးထဲ ဝင်ရောက်လာခဲ့တဲ့ မြင်ကွင်း အစုံစုံဟာ မျိုးနွယ်စု နှစ်ခုကြားက တိုက်ပွဲဘယ်လောက်တောင် ပြင်းထန်ခဲ့သလဲ ဆိုတာကို ပြန်လည်သတိရ သွားစေတယ်။ မှတ်ဉာဏ်များဟာ သူ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ထင်ကျန်ရစ် နေခဲ့ပြီ။
အဲဒီနောက် သူ့ရဲ့ ကိုယ်ခန္ဓာ တသိမ့်သိမ့် တုန်ခါသွားတဲ့ နေရာကို ရောက်လာခဲ့တယ်။
ဒီနေရာက တောရဲ့ တစ်စိတ်တစ်ပိုင်း နေရာပါပဲ။ အရှေ့မှာ ပြတ်ထွက်နေတဲ့ ခြေလက်တွေနဲ့ အသား အပိုင်းအစတွေ မြေပေါ်မှာ လဲလျောင်းနေကြတယ်။ ဖွေးဖွေးလှုပ်နေတဲ့ ဆံချည်မျှင်ဖြူတွေက သက်ကြီး ရွယ်အိုတွေကို သတိရစေတယ်။
ဒီနေရာက ထောင်ချောက် နေရာကနေ ထွက်ခွာလာခဲ့ကြချိန် မျိုးနွယ်စု အတွင်းက သက်ကြီးရွယ်အိုတို့ နေရစ်ခဲ့ကြတဲ့ နေရာ ဖြစ်တယ်။ အဲဒီ သက်ကြီးရွယ်အိုတွေ အားလုံး သေဆုံး ကုန်ကြပြီ။ အထီးကျန်နေတဲ့ လေညင်းလေးဟာ မြေပြင်ပေါ်ကို လျှပ်တိုက်သွားရာ မြေပြင်ပေါ်မှာ ရှိနေတဲ့ နှင်းစက်တွေနဲ့ ဆံပင်ဖြူတွေကို အထက်ကို လွင့်မြောက်စေလို့ အဝေးကို လွင့်ပါ သွားစေတယ်။
ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးနိုင်တဲ့ နည်းလမ်းကို အကြီးအကဲထံ သူတို့ မေးခဲ့ကြတယ်။ သူတို့ရဲ့ ကျန်ရှိနေတဲ့ အချိန်ပိုင်းလေးမှာ သူတို့ရဲ့ အတိတ်အကြောင်းတွေကို ပြောဖြစ်ခဲ့ကြပြီး မဟူရာတောင် မျိုးနွယ်စုက လူတွေ ရောက်ရှိလာချိန်မှာတော့ အကြောက်အလန့်ကင်းစွာ ရယ်မောလို့ ကျယ်လောင်တဲ့ အသံတွေအဖြစ် ပြောင်းလဲလိုက်ကြတယ်။
စုမင်ဟာ သူ့ရှေ့က သွေးအိုင်ကိုကြည့်လို့ ဦးညွှတ်လိုက်တယ်။ ဟောဒီ သက်ကြီးရွယ်အို တွေဟာလည်း တိုက်ပွဲမှာ သေလွန်ခဲ့တဲ့ မာန်စွမ်းအားရှင်တို့နဲ့ အတူ လေးစားမှု ခံရသင့်တယ်။
စုမင် ခြေထောက်တွေကို မရွှေ့လို့ နှင်းစက်လွင်ပြင်ကျယ်ကို ဖြတ်သန်း လျှောက်လာခဲ့တယ်။
လမ်းတစ်လျှောက်မှာ အစောင့်အရှောက်ခေါင်းဆောင် ပိုင်ဆိုင်တဲ့ မြားတံ ၅ ချောင်းကို တွေ့ရှိခဲ့တယ်။ အားလုံးကို မြားကျည်တောက်ထဲ စုထည့်လို့ ရှန့်ဟန့်ကို ဆက်လိုက်တယ်။ အကျအဆုံး အများဆုံးဖြစ်ခဲ့တဲ့ တိုက်ပွဲနေရာ၊ မျိုးနွယ်စုနှစ်ခု ကြားက အပြင်းထန်ဆုံး ဖြစ်ခဲ့တဲ့ နေရာကို ရောက်လာတယ်။ ဒီနေရာက မဟူရာတောင် မျိုးနွယ်စုတွေ ထောင်ချောက် ဆင်ထားခဲ့တဲ့ နေရာပေါ့။
အဲဒါတွေကို မြင်လိုက်ချိန်မှာ ရှန့်ဟန်ကို သတ်ပစ်လိုတဲ့ စုမင်ရဲ့ စိတ်ဆန္ဒက ပိုလို့ကြီးထွား လာတယ်။
မြေပြင်ပေါ်မှာ အလောင်းတွေ များပြားလွန်းလှတယ်။ အထူးသဖြင့် စုမင်ရဲ့ ရှေ့တည့်တည့် မှာပေါ့။ အရင်က မျိုးနွယ်စုအပေါ် အကျိုးပြုခဲ့တာ မရှိခဲ့လို့ ပြန်လည်ပေးဆပ်ခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ လူငယ်လေးတွေရဲ့ အလောင်းတွေ အများကြီးက စုမင်ရဲ့ ရှေ့တည့်တည့်မှာပေါ့။ နောက်ဆံတင်းမှု မရှိဘဲ ပြေးထွက် သွားခဲ့ကြတာကို မြင်ယောင်လာရင်း ဖြစ်ပျက်သမျှ အရာအားလုံးကို တစ်ကျော့ပြန် မြင်နေရသလိုဖြစ်ပြီး စုမင်ရဲ့ နှလုံးသားဟာ ဖျစ်ညှစ်ခံရသလို နာကျင်လာခဲ့တယ်။
ရှန့်ဟန်ရဲ့ ခြေရာတွေ နောက်ကို စုမင် ဆက်လိုက်လာခဲ့တယ်။ ဒီခြေရာတွေ အားလုံးက တစ်ဆင့် ရှန့်ဟန် ထွက်ပြေးရင်း မြင်ခဲ့တာတွေ အားလုံးကို စုမင်လည်း မြင်နေခဲ့တယ်။ တကယ်တော့ ဒီနေရာမှာ အကြာကြီး ရပ်နေခဲ့တဲ့အတွက် သူ့ခြေရာတွေက နှင်းလွှာပြင်ထဲ ခပ်နက်နက် နစ်ဝင်နေခဲ့တယ်။
"ရှန့်ဟန် ... အဲဒီကို သွားတာများ ဖြစ်မလား”
စုမင် ရေရွတ်မိတယ်။
စုမင် မျက်နှာပေါ်မှာ ဝေခွဲမရတဲ့ မျက်နှာထား ရှိနေတယ်။ စုမင် ငယ်စဉ်ကတည်းက ရှန့်ဟန်က မျိုးနွယ်စုရဲ့ အမဲလိုက် အဖွဲ့ခေါင်းဆောင် တစ်ယောက်ဖြစ်တယ်။ သူက ... တကယ်တော့ ... အစောင့်အရှောက် ခေါင်းဆောင်လိုပဲ လာစုတွေအားလုံး လေးစားကြတဲ့ အစွမ်းထက် စစ်သည်တော်တွေ ဖြစ်ကြတယ်။
ဒီလူနှစ်ယောက်က ကွဲပြားတဲ့စရိုက် ရှိကြတဲ့အတွက် လာစုလေးတွေကတော့ အစောင့်အရှောက် ခေါင်းဆောင်ကို ပိုသဘောကျ ကြတယ်။ ရှန့်ဟန်ကို ကြောက်ကြပေမဲ့ ရှန့်ဟန်ရဲ့ အေးတိအေးစက် သီးသန့်နေတတ်ပုံက သူတို့အတွက် မားမားမတ်မတ် ကာကွယ်ခံနေရ တယ်လို့ ခံစားကြရတယ်။
ဖြစ်နိုင်တာက အဲဒီလို အေးစက်စက်နဲ့ သီးသန့်ဆန်ဆန် မနေတတ်လို့ မရတာမျိုးပေါ့။ အမဲလိုက် အဖွဲ့ရဲ့ ခေါင်းဆောင်မုဆိုး တစ်ယောက်အနေနဲ့ နက်မှောင်တောင် မျိုးနွယ်စုအတွက် လုံလောက်တဲ့ ရိက္ခာတွေ ဖြည့်တင်း ပေးနိုင်ဖို့အတွက် သူ့ရဲ့အချိန် အများစုကို သားရိုင်း တိရစ္ဆာန်တွေကို အမဲလိုက်ရင်း မျိုးနွယ်စု အပြင်ဘက်မှာပဲ ကုန်လွန်ခဲ့ရ တာကိုး။
ရှန့်ဟန်ရဲ့ လက်မှာ စွန်းပေနေတဲ့ သွေးတွေ သိပ်ကို များခဲ့ပြီ။ သူပြုံးတော့ ပြုံးနိုင်သေးပါရဲ့။ ဒါပေမဲ့ အဲဒီအပြုံးတွေက အမှောင်ထုထဲက ထောင့်တစ်နေရာမှာ ပုန်းကွယ်လို့ 'မျိုးနွယ်ဝင်တွေ အားလုံး အစာရေစာ လုံလောက်ပြီး ဆာလောင်ခြင်းကြောင့် သေဆုံးသူ မရှိလို့ ကျယ်ကျယ်လောင်လောင် အော်ဟစ်ပျော်ရွှင် နေကြတာ' ကို ကြည့်ရင်းနဲ့မှ သူ့မျက်နှာပေါ်မှာ ပေါ်ပေါက် လာတတ်တယ်။
မျိုးနွယ်စုထဲက လူအတော် များများကတော့ သူ့အပြုံးတွေကို မမြင်ဖူးကြဘူး။
ဒီလိုလူမျိုးက ဘာကြောင့် မျိုးနွယ်စုကို သစ္စာဖောက်ရသလဲ။
ထောင်ချောက်ဘေးကနေ အသံတစ်ချက် မထွက်ဘဲ စုမင် လျှောက်လှမ်း လာခဲ့တယ်။ မြေပြင်ပေါ်မှာ ကျန်ရစ်နေခဲ့တဲ့ ခြေရာတွေကို ဆက်မကြည့်တော့ပါဘူး။ ရှန့်ဟန် ဘယ်မှာရှိနေမလဲ ဆိုတာ စုမင် ခန့်မှန်းမိပြီးပြီ။
ထောင်ချောက်နေရာကို ဖြတ်ကျော်လာပြီးတာနဲ့ လရောင်အောက်မှာ စုမင်ဟာ အနီရောင် လျှပ်စီးအဖြစ် အသွင်ပြောင်းလဲလို့ အရှေ့ကို ပြေးလွှားသွားတယ်။ အချိန်တွေ ကုန်လွန်ခဲ့ပြီ။ ညဉ့်ယံအလယ် ... သူ့ရှေ့ အဝေးတစ်နေရာမှာ မထင်မရှား ပုံရိပ်ကောက်ကြောင်း တစ်ခုဟာ တဖြည်းဖြည်းနဲ့ ပေါ်ပေါက်လာခဲ့တယ်။
အဲဒီနေရာဟာ တစ်ခါက ရယ်မောသံတွေ၊ ဝမ်းမြောက်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်လျှမ်း နေခဲ့ဖူးပါရဲ့။ ညတိုင်းညတိုင်း တစ်နေရာလုံးကို အလင်းပေးတဲ့ မီးပုံကြီးလည်း ရှိခဲ့တယ်။ ဘေးပတ်လည်မှာ ကခုန်နေကြတဲ့ မျိုးနွယ်ဝင်တွေနဲ့ အတူ ညဘက်မှာ ဆော့ကစားကြတဲ့ လာစု ငယ်လေးများလည်း ရှိခဲ့တယ်။
ဒီနေရာဟာ စုမင်ရဲ့ ၁၆ နှစ်မျှသော အမှတ်တရတွေ အားလုံး စုစည်းတည်ရှိရာ အခုတော့ လူသူ ကင်းမဲ့လျက် ပျက်စီးခဲ့လေပြီ။
ဒါက အားလုံးရဲ့ မျိုးနွယ်စု ... နက်မှောင်တောင် မျိုးနွယ်စုပါ။
လရောင်အောက်မှာ စုမင် တဖြည်းဖြည်း နီးကပ်လာတာနဲ့ အမျှ အပြိုပြို အပျက်ပျက် ဖြစ်နေတဲ့ မြေပြင်ပေါ်မှာ ... နှင်းတွေကြားမှာ ... ဧရာမ ဂိတ်တံခါးဝရှိရာ မျိုးနွယ်စုရဲ့ အလယ်ဗဟို တည့်တည့်မှာ လူတစ်ယောက်ဟာ ဒူးထောက်လျက် ငိုကြွေးလျက် ရှိတယ်။
သူ့ရဲ့ ငိုရှိုက်သံဟာ တိတ်ဆိတ်တဲ့ ညဉ့်ယံလယ်မှာ ကျယ်လောင်စွာနဲ့ ပြတ်သားစွာ ပျံ့နှံ့ထွက်ပေါ် နေခဲ့တယ်။ ဝမ်းနည်း ကြေကွဲမှုတွေနဲ့ ... နောင်တတရားတွေနဲ့ ပြည့်လျှမ်း နေခဲ့ပြီး ဟင်းလင်းပြင် ပတ်ဝန်းကျင်မှာ ပဲ့တင်ထပ် ပျံ့နှံ့လို့ စုမင်ရဲ့ ခြေလှမ်းတွေကို ရပ်တန့်သွားစေတယ်။
"ဒီဝမ်းနည်းမှုက စစ်မှန်ရဲ့လား”
စုမင် လက်သီးကို ကျစ်နေအောင်ဆုပ်လို့ အဲဒီလူထံ လျှောက်သွားခဲ့တယ်။ ကျိုးပျက်နေတဲ့ ဂိတ်တံခါးကို ကျော်ဖြတ်ပြီးတာနဲ့ ငိုနေသူရဲ့ ပေပေါင်း ထောင်ချီအကွာမှာ စုမင် ရပ်လိုက်ပါတယ်။
လူရဲ့ နောက်ကျောကို ကြည့်လို့ ၎င်းရဲ့ နာကျင်မှုတွေ ပြည့်နေတဲ့ ငိုသံကို နားထောင်ရင်း ... သူ့ရဲ့ အိမ်ဟောင်းကို ဝေ့ဝဲ ကြည့်မိပါရဲ့။ စုမင်ရဲ့ နှလုံးသားဟာ ဓားထက်ထက်နဲ့ ထိုးစိုက်ခံရသလို နာကျင်နေခဲ့ ရပါတယ်။
"ဘာကြောင့်လဲ”
***