ရှန့်ဟန်
Vol. 8 Ch. 103
ပျက်သုဉ်း ခဲ့လေပြီးတဲ့ မျိုးနွယ်စု အလယ်မှာ ရပ်လျက် ငိုကြွေးနေတဲ့ လူကို စုမင် ကြည့်နေတယ်။ သူ့မေးခွန်းအတွက် အဖြေမရ ခဲ့ပါဘူး။
အဲဒီလူကတော့ ရှန့်ဟန်ပါ။ သူက မျိုးနွယ်စုရဲ့ အလယ်ဗဟို တည့်တည့်မှာ ဒူးထောက်ရင်း ငိုကြွေး နေခဲ့တယ်။ သူ့မျက်နှာက နာကျင်မှုနဲ့ ပြည့်လျှမ်းနေတယ်။ အဲဒီအပြင် ဆုံးဖြတ်ချက် မပြတ်သားမှု၊ နောင်တတွေနဲ့ ဝမ်းနည်းမှုတွေ ရောပြွမ်းလျက်။
စုမင် တိတ်ဆိတ်နေခဲ့တယ်။ ရှန့်ဟန်ထံက အဖြေကို စောင့်နေခဲ့ သလိုမျိုး သူ တစ်ချက်ကလေး မျှတောင် မလှုပ်ရှားခဲ့။
အချိန်တွေကုန်လွန် ပြီးသွားနောက် မြေပြင်ပေါ်ကို ဖြတ်သန်းတိုက်ခတ် သွားတဲ့ လေပြည်တို့က မြေပြင်ပေါ်က ကျောက်စရစ်တွေကို စက်ဝန်းသဏ္ဌာန် ပြောင်းလဲသွားစေ ပြီးနောက်တော့ ရှန့်ဟန်ဟာ အငိုရပ်လို့ ခပ်ဖြည်းဖြည်း ထရပ်ကာ စုမင်ကို လှည့်ကြည့်လာခဲ့တယ်။
အဲဒီ မျက်လုံးတွေက နီရဲလျက် ပင်ပန်းနွမ်းနယ် နေကြပေါ့။
ရင်းနှီး ကျွမ်းဝင်ခဲ့တဲ့ မျက်လုံးများဟာ အခုတော့ သူစိမ်းပြင်ပြင်။ ဒီလူ စုမင် သိကျွမ်းခဲ့တဲ့ ဒီလူဟာ အခုတော့ နက်မှောင်တောင် မျိုးနွယ်စုရဲ့ သစ္စာဖောက်တဲ့။ သူ့ကြောင့်သာ မဟုတ်လျှင် မျိုးနွယ်စုဟာ ဒီလောက်ထိ သေကြေပျက်စီး အကျအဆုံးများမှာ မဟုတ်ဘူး။
"ကျုပ်တို့ ရွှေ့ပြောင်းတဲ့ လမ်းကြောင်းကို ခင်ဗျားက မဟူရာတောင် မျိုးနွယ်စုကို ပြောပြခဲ့တယ်”
ဝမ်းနည်းတဲ့ မျက်နှာထားနဲ့ ရှန့်ဟန်ကို ကြည့်လို့ စုမင် ရှေ့တိုးတယ်။
"ကျုပ်ပြန်လာချိန်မှာ ခင်ဗျားက နက်မှောင်တောင်ရဲ့ ရှေ့ပြေးတွေ အားလုံးကို ရှင်းပစ်နှင့်ပြီးပြီ။ အဲဒီအချိန်မှာ ခင်ဗျားတို့အားလုံး လူခွဲတာဝန် ထမ်းဆောင်နေတဲ့ အတွက် ခင်ဗျား ဘယ်သွားလဲဆိုတာ ဘယ်သူမှ မသိလိုက်ကြဘူး။ ခင်ဗျားနယ်မြေ ဘက်ခြမ်းမှာ မဟူရာတောင်က လူတစ်ယောက်ကိုမှ ခင်ဗျား မသတ်ခဲ့ဘူး။ အဲဒီအစား ကျုပ်တို့ ဘယ်သွားလဲဆိုတာပဲ ခင်ဗျား ပြောပြခဲ့တယ်”
စုမင် ရှေ့ဆက်လျှောက်လာတယ်။
ရှန့်ဟန်ရဲ့ မျက်နှာက ဖြူဖျော့နေတယ်။ မချိတချိပြုံးလို့ စုမင်ရဲ့ စွပ်စွဲမှုတွေကို မခံရပ် နိုင်သယောင် အနောက်ကို ဆုတ်သွားတယ်။
"ကျုပ်တို့ မျိုးနွယ်ဝင်တွေ အများကြီး အဲဒီထောင်ချောက်မှာ အသက်ပေးလိုက် ရတယ်”
"အဲဒီနောက် ခင်ဗျားက အရေးကြီးဆုံး အချိန်ရောက်တဲ့အထိ စိတ်ရှည်လက်ရှည် စောင့်တယ်။ လေ့ချန်၊ အဘိုးနန့်စုန့်၊ ခင်ဗျားနဲ့ ကျုပ်ပဲ နေခဲ့တဲ့ အချိန်မှာ အဘိုးနန့်စုန့်ကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင်လုပ်ပြီး တိုက်ပွဲ အနေအထားကို ပြောင်းပြန် လှန်လိုက်တယ် ..."
“မဟူရာတောင် မျိုးနွယ်စုက ကျုပ်တို့ မျိုးနွယ်ဝင်တွေကို လိုက်ဖမ်းပြီး မျိုးတုံးသတ်ဖြတ် သုတ်သင်တာကို တကယ်ပဲ မြင်ချင်ခဲ့တာလား ...”
စုမင်ဟာ အက်ကွဲရှတတဲ့ အသံနဲ့ မေးမြန်းရင်း အနားတိုးသွားတယ်။
ရှန့်ဟန် မျက်နှာပေါ်က နာကျင်မှုက ပိုလို့ ကြီးမားလာပြီး နောက်ထပ် ခြေလှမ်းတွေ ဆုတ်လိုက်တယ်။
"ကျုပ်နားမလည်တာ နှစ်ခုရှိတယ်။ ပထမတစ်ခု ... ခင်ဗျား ဘာကြောင့် မျိုးနွယ်စုကို သစ္စာဖောက် ခဲ့တာလဲ။ ဒုတိယ ဘာကြောင့် ပေလင်းနဲ့ သူ့အဖေကို ကျန်မနေ ခဲ့စေတာလဲ။ ခင်ဗျားအနေနဲ့ အဘိုးနန့်စုန့်ကို ဒဏ်ရာ ရစေပြီးနောက်မှာ မဟူရာတောင်က လူတွေ ဒီလူနှစ်ယောက်ကို အနိုင်တိုက်နိုင် မတိုက်နိုင် မသေချာလို့လား။ ဒါမှမဟုတ် ရုတ်တရက် အပြစ်ရှိတယ်လို့ အသိတရား ရသွားတာလား”
ညင်သာတဲ့ လှုပ်ရှားမှု တစ်ချက်နဲ့ စုမင်ဟာ ရှန့်ဟန်နဲ့ ပေ ၂၀၀ မျှသော အနီးထိ တိုးလာခဲ့တယ်။
"ဘာကြောင့်လဲ ပြောစမ်းပါ”
"ထပ်မပြောနဲ့တော့"
ရှန့်ဟန်ရဲ့ မျက်နှာဟာ ဖြူဖျော့နေခဲ့တယ်။ အထီးတည်း အဖော်မဲ့စွာ ကျယ်ကျယ်လောင်လောင် အော်ဟစ်လိုက်တယ်။ သူ့ရဲ့ နာကျင်မှုတွေနဲ့ ဝမ်းနည်းမှုတွေလည်း အဲဒီအခိုက်မှာ ပေါ်ထွက်လာခဲ့တယ်။ နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရင်း စုမင်ကို ကြည့်တယ်။
"ထပ်မပြောနဲ့တော့။ အကြောင်းပြချက် ဆိုတာ မရှိဘူး။ လုံးဝမရှိဘူး”
ရှန့်ဟန်ရဲ့ မျက်လုံးထဲက မျက်ရည်တွေ စီးကျလာတယ်။ ညာဘက်လက်ကို မြှောက်လိုက်ချိန်မှာ သူ့လက်ထဲမှာ အနီရောင် အလင်းတစ်စ ပေါ်ထွက်လာတယ်။ အနီရောင် အလင်းက သူ့ကိုယ်ခန္ဓာကို ရစ်သိုင်းသွားပြီးနောက် စုမင်ကို လက်ညှိုးထိုးတယ်။
"မင်းဘာသာမင်း စုမင်ဖြစ်ဖြစ် မော့စုဖြစ်ဖြစ် ငါဂရုမစိုက်ဘူး။ ဒီကထွက်သွား။ ငါသေလို့ မရသေးဘူး။ ငါ့ကို အချိန် ၁၀ နှစ်ပဲပေး။ ၁၀ နှစ် ကုန်လွန်သွားတာနဲ့ ငါဒီနေရာလာပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်”
"မင်း ငါ့ကို ဆက်နှောင့်ယှက် နေမယ်ဆိုရင် တစ်မျိုးနွယ်တည်းသားချင်း ညှာတာမှု ကင်းမဲ့တယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့”
ရှန့်ဟန် မျက်နှာပေါ်က အေးစက်စက် အရိပ်ဟာ ကွယ်ပျောက် သွားခဲ့ပါပြီ။ အဲဒီအခိုက်မှာ သူဟာ မာန်ဖီနေတဲ့ သားရိုင်း တစ်ကောင်လို။ အနောက်ကို တစ်လှမ်း ဆုတ်လိုက်ပြီး မျိုးနွယ်စုမြေကနေ ထွက်သွားဖို့ ဟန်ပြင်နေတယ်။
"မျိုးနွယ်စုကို သစ္စာဖောက်ရဲသေးရင် ... တစ်မျိုးနွယ်တည်း သားချင်းမို့ ညှာတာပေးမဲ့ အကြောင်းတွေ ဘာတွေ လာပြော မနေစမ်းနဲ့။ နန့်စုန့်အဘိုးကို အနာတရ ဖြစ်စေတုန်းက ကျုပ်တို့ သေရင် ... လိုက်ရှာသူတွေ ကျုပ်တို့ မျိုးနွယ်စုကို ဖမ်းမိသွားရင် ဘာဖြစ်မလဲ ဆိုတာကို တွေးကြည့် ခဲ့သေးလား။ သူတို့ ခေါင်းပေါ်ကို ပြုတ်ကျလာမဲ့ ကံကြမ္မာအကြောင်း ယောင်လို့တောင် တွေးမိခဲ့ရဲ့လာ”
စုမင် အံတင်းတင်း ကြိတ်ထားပြီး ညာလက်မှာ မာန်စွမ်းအားရှင် သွေးကြောမျှင် လှံတံရှည်ကို မြဲမြဲဆုပ်လို့ ရှန့်ဟန်ထံ တစ်ဟုန်ထိုး ပြေးဝင်သွားတယ်။
စုမင်ဟာ သွေးနီရောင် လျှပ်စီးကြောင်းအဖြစ် အသွင်ပြောင်းလိုက်ချိန်မှာ မရေမတွက် နိုင်အောင် များပြားလှတဲ့ လရောင်မျှင်တန်းတွေဟာ အနောက်ဘက်မှာ လွင့်ဝဲနေတယ်။ မျက်စိတစ်မှိတ် အတွင်းမှာ ရှန့်ဟန်အနား ရောက်သွားတယ်။ ထိပ်တိုက်တွေ့ကြတဲ့ အသံဗလံတွေဟာ တစ်ခါက လှပခဲ့ဖူးတဲ့ မျိုးနွယ်စု အလယ်မှာ ပေါ်ထွက်လာခဲ့တယ်။
သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ကြတာနဲ့ ရှန့်ဟန်က ကြုံးဝါးလိုက်ပြီး ညာဘက်လက်ထဲမှာ သွေးနီရောင် တောက်နေတဲ့ ဓားသွားကို ပေါ်ပေါက် လာစေပြီးလျှင် လှံတံရှည်နဲ့ ထိခတ်မိကြပြီး သူတို့ ဘေးနားက လေထုကို ဒီရေလှိုင်းတွေလို တုန်ခါသွားစေတယ်။
"မှောင်မိုက်သွေးမှုန်”
ရှန့်ဟန် ခြေလှမ်းအနည်းငယ် ဆုတ်သွားတယ်။ သွေးအန် ထုတ်လိုက်ပြီးနောက် မျက်နှာက ဖြူဖျော့သွားတယ်။ သွေးတွေဟာ သွေးနီရောင် မြူခိုးတွေအဖြစ် ပြောင်းလဲသွားပြီး စုမင်ထံ ပြေးထွက်သွားတယ်။
ရှန့်ဟန်က စွမ်းအားကြီးမား လှတာမို့ သူ့ရဲ့ မှောင်မိုက်သွေးမှုန် ပညာရပ်က စုမင် ခြေရာသွားတိုင်းလို့ ရနိုင်တာမျိုး မဟုတ်ဘူး။ ပညာရပ် ထုတ်သုံးလိုက်တာနဲ့ မြူမှုန်တွေက သူတို့ ဘေးပတ်လည် ပေပေါင်း ရာချီအထိ ပျံ့နှံ့သွားတယ်။ အဲဒီ မြူမှုန်တွေသာ စုမင်ကို ထိမှန်ခဲ့လျှင် မြောက်မြားလှစွာသော ချွန်ထက်တဲ့ မြားချက်လို သူ့ရဲ့ ကိုယ်ခန္ဓာကို ထိုးဖောက်ဝင်ရောက် သွားမှာပဲ။
သို့ပေမဲ့ ထိုးဖောက် ဝင်ရောက်နိုင်စွမ်းရှိတဲ့ မြူမှုန်တွေ စုမင်ထံ ပြေးဝင်လာခိုက်မှာပဲ စုမင်ရဲ့ မျက်လုံးတွေမှာ လရောင်ခြည် ပြည့်လျှမ်းလို့ တောက်တောက်ပပ လက်ဖြာသွားတယ်။ ဒီညက လပြည့်ညလေ။
သူ့နောက်ကျောထက်မှာ ဝဲကျနေတဲ့ လရောင်ခြည် မျှင်တန်းတွေဟာ ရုတ်တရက် အရှေ့ဘက်ကို ရောက်ရှိ ထိုးထွက်သွားတယ်။ သွေးမှုန်တို့ အနားရောက်လာတယ် ဆိုလျှင်ပဲ လရောင်ခြည် မျှင်တန်းတို့က စုမင်ရဲ့ ရှေ့မှာ ညင်ညင်သာသာ စုဖွဲ့သွားပြီး အလင်းမှန်သားပြင် တစ်ခုအဖြစ် အသွင်ပြောင်းလို့ သွေးမှုန်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်လေတယ်။
ကျယ်လောင်တဲ့ ထိခတ်သံ အဆုံးမှာ စုမင် တုန်ယင်သွားတယ်။ အလင်းမှန်သားပြင်ဟာ တစ်လက်မချင်းစီ အက်ကွဲ နေခဲ့သလို သွေးမှုန်တွေဟာလည်း လေပြင်းတစ်ချက်ရဲ့ တိုက်ခတ်မှု ခံရသလို အဝေးကို လွင့်ပါပျက်ပြယ် သွားပါတော့တယ်။
တစ်ချိန်တည်းမှာပဲ ရှန့်ဟန်ရဲ့ နှုတ်ခမ်းထောင့်က သွေးစက်တွေ ကျဆင်းလာပြီး ခြေလှမ်းဒါဇင်နဲ့ ချီပြီး နောက်ဆုတ်သွားရတယ်။ အဲဒီနောက် သူလှည့်ပြေးတယ်။ သူ ဆက်မတိုက်ခိုက်လိုဘဲ ဒီက ဝေးနိုင်သမျှ အဝေးကိုသာ ပြေးလိုတော့တယ်။
စုမင်အနေနဲ့ သူ့ကို လွှတ်ပေးလိုက်စရာ အကြောင်း မရှိဘူး။ ၎င်းနောက်ကို တစ်ဟုန်ထိုး ပြေးလိုက်ရင်း ... စုမင် အနားရောက်သွား ခိုက်မှာပဲ ရှန့်ဟန်က ရုတ်တရက် လှည့်လာခဲ့တယ်။ သူ့မျက်လုံးတွေထဲ နာကျင်မှုတွေ ပြည့်လျှမ်းနေပြီး သတ်ဖြတ်လိုမှုတွေလည်း အထင်အရှား ရှိနေတယ်။
"စုမင် ... ငါဒီလို မလုပ်လုပ်အောင် မင်းဖိအား ပေးတာပဲ”
ရှန့်ဟန်က ကျယ်လောင်စွာ ကြုံးဝါးလို့ လက်ထဲက အနီရောင် ဓားသွားကို မြှောက်လိုက်တယ်။ မျက်စိတဖျတ်အတွင်း သူ့မျက်နှာပေါ်မှာ ဓားသွားပုံရိပ် ပေါ်ပေါက်လာခဲ့တယ်။ အဲဒါက သူ့ရဲ့ မာန်စွမ်းအားရှင် အမှတ်အသားပဲ။
အမှတ်အသား ပေါ်ပေါက်လာတယ် ဆိုလျှင်ပဲ ရှန့်ဟန်ရဲ့ နောက်ဘက်က ဟင်းလင်းပြင်က တွန့်ရှုံ့စ ပြုလာတယ်။ ဧရာမ ဓားသွားကြီးဟာ အကောင်အထည်ပေါ် ထင်ရှားလာခဲ့ပြီးနောက် ဘယ်ညာ လွှဲယမ်းသွားတယ်။ ၎င်းက ရှန့်ဟန်ရဲ့ ကိုယ်ခန္ဓာကနေ ဖြတ်ထွက်လာပြီး ကြောက်ခမန်းလိလိ သတ်ဖြတ်လိုမှုတွေနဲ့ စုမင်ရဲ့ ဦးခေါင်းနား ဝဲလာတယ်။
ဓားသွားဟာ အံ့ဩမှင်တက် လောက်စရာ။ အဲဒါက နက်မှောင်တောင် မျိုးနွယ်စုရဲ့ အမဲလိုက် အဖွဲ့ခေါင်းဆောင် ရှန့်ဟန်ရဲ့ အင်အားအပြင်းဆုံး တိုက်ကွက်ပဲ အဲဒီဓားသွား အောက်မှာ အသက် ပေးခဲ့ရတဲ့ လူတွေ၊ သားရဲ တိရစ္ဆာန်ပေါင်း မနည်းခဲ့ဘူး။
လရောင်ဟာ မြောက်မြားလှစွာသော ချည်မျှင်တန်းတွေအဖြစ် ပြောင်းလဲလို့ စုမင်ကို ခုတ်ပိုင်းနေတဲ့ ဓားသွား ပတ်လည်ကို ရစ်သိုင်းဖွဲ့နှောင် လိုက်တယ်။ သို့ပေမဲ့ ဓားသွားနဲ့ ထိလိုက်မိချင်းမှာ ပြတ်ထွက်ကုန်ကြတယ်။
ဓားသွားဟာ စုမင်ကို ထိလုထိခင်။
စုမင်ရဲ့ မျက်လုံးတွေ မီးဝင်းဝင်း တောက်လာခဲ့ပုံက သူ့ရဲ့ မျက်စိသူငယ်အိမ်တို့ မီးဟုန်းဟုန်းတောက် လောင်မြိုက် နေခဲ့သယောင်။ မီးလျှံများ ပေါ်ပေါက်လာခိုက်မှာ ကောင်းကင်နဲ့ မြေပြင်ကို မီးလောင်တိုက် သွင်းနိုင်တဲ့ မီးလျှံစွယ်တို့ သူ့ကိုယ်တွင်း လောင်မြိုက်နေသလို သူ့ရဲ့ ချီစွမ်းအင်တို့ပါ ပွက်ပွက်ဆူလာသလို စုမင် ခံစားလိုက်ရတယ်။
လပြည့်ညအောက်က မီးတောက်မီးလျံတို့ဟာ အခြားဘယ်နေ့ မဆိုထက် အင်အားပြင်းထန် နေခဲ့တယ်။ စုမင် မကြုံးဝါး မဟစ်အော်ဘူး။ အဲဒီအစား မျက်လုံးတွေထဲ မီးတောက်တို့ အရှိန်တငြီးငြီး လောင်မြိုက်နေရင်း ညာဘက်လက်ကို မြှောက်လို့ မိမိထံ ဦးတည်လာနေတဲ့ ဓားသွားကို လက်ဝါးနဲ့ တားလိုက်လေတယ်။
စုမင်ရဲ့ကိုယ်က မီးလျှံတွေ ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလိုပဲ တစ်ကိုယ်လုံးကို ဝန်းရံလိုက်ကာ ဧရာမမီးတောက် လူသားအဖြစ် ပြောင်းလဲသွားတယ်။ ဧရာမမီးတောက် လူသားဟာ လပြည့်ညရဲ့ လရောင်အောက်မှာ အသက်ရှူရှိုက် နေသလို ပုံဟန်နဲ့။ အဲဒီအခိုက်မှာ တစ်လောကလုံးမှာ ရှိသမျှ လရောင်တွေကို ၎င်းက ဆုပ်ယူသွားခဲ့သလို နယ်မြေတစ်ခုလုံးကို မှောင်မိုက်သွားစေတယ်။
"မီးလျှံ”
စုမင် ခပ်တိုးတိုး ရေရွတ်လိုက်တယ်။
ရှန့်ဟန် အနောက်ကို လိုက်လာရင်း သူ့တစ်ကိုယ်လုံးမှာ မီးတောက်မီးလျှံတို့နဲ့ ပြည့်လျှမ်း လာခဲ့တာကို စုမင်ခံစား သိရှိမိပြီး ဖြစ်တယ်။ သူ့ရဲ့ အတွေးလေး တစ်ခုပဲ လိုအပ်နေတော့ သယောင်၊ သူ့ရဲ့ ကိုယ်ခန္ဓာကနေ မီးတောက်မီးလျှံတို့ ဝုန်းခနဲ ထွက်ပေါ်လာခဲ့တယ်။
စုမက်က ညာဘက် လက်ဖဝါးကို ရှေ့ထုတ်လိုက်တယ် ဆိုလျှင်ပဲ ဧရာမမီးတောက် လူသားဟာ ဓားသွားကို ခေါင်းနဲ့ ဝင်တိုးလိုက်တယ်။ ဓားသွားဆီ တစ်ဟုန်ထိုး ပြေးဝင်သွားခိုက်မှာတော့ ၎င်းသာ မီးလူသားနဲ့ မတူတော့ဘဲ မီးပင်လယ်ကြီး အသွင်ပြောင်းကာ ဓားသွားကို လောင်ကျွမ်းသွားစေ တော့တယ်။
ကျယ်လောင်တဲ့ အသံဗလံများဟာ မိုးကောင်းကင်နဲ့ ကမ္ဘာလောက တစ်ခွင်သို့ တစ်မုဟုတ်ချင်း ပျံ့နှံ့သွားတယ်။ ရှန့်ဟန်ရဲ့ မျက်နှာမှာ မယုံကြည်မှုတွေ ပေါ်ပေါက်လာပြီး သွေးပွက်ပွက် အန်ထွက်လေတယ်။ သူ့ဒဏ်ရာတွေက ပြင်းထန်လှပြီမို့ ဒီတိုက်ခိုက်မှုကို တောင့်မခံ နိုင်တော့ပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ် တုန်ယင်လို့ နောက်ဆုတ်သွားတာနဲ့ အမျှ လေထဲမှာ သွေးအန်သွားတယ်။ ဒယီးဒယိုင်နဲ့ ဟန်ချက် ထိန်းညှိပြီး နောက်ဆုတ် ပြေးပြန်တယ်။
စုမင် နှုတ်ခမ်းထောင့်ကလည်း သွေးတွေ ကျဆင်းလာတယ်။ သွေးတွေက အောက်ဘက် နှင်းလွှာပြင်ပေါ် ကျရောက်သွားပြီး နှင်းတွေဟာ မီးတိုက်ခံရသလို ပျော်ကျသွားတယ်။ ထွက်ပြေးတော့မယ့် ရှန့်ဟန်ကို မြင်လိုက်ချိန်မှာ စုမင် ခြေလှမ်းကျဲကြီးတစ်လှမ်း လှမ်းလို့ လှံတံရှည်ကို ပစ်လွှတ်လိုက်တယ်။
လေတိုးသံက လေထုထဲကို ပျံ့နှံ့သွားတယ်။ လှံတံရှည်ဟာ သွေးနီရောင် သိမ်းငှက်ကြီးအဖြစ် အသွင်ပြောင်းလို့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားနေတဲ့ ရှန့်ဟန်ရှေ့မှာ ရပ်နားလိုက်တယ်။ ရှန့်ဟန်ကို နောက်တွန့် သွားစေတဲ့ နှင်းလွှာနံရံကြီး ဖြစ်ပေါ်လာစေတယ်။
တစ်ချိန်တည်းမှာပဲ စုမင်ဟာ မြေပြင်ကို ခြေနဲ့ပြင်းပြင်း တစ်ချက်ဖိနင်း ချလိုက်ရင်း မျိုးနွယ်ဝင်တို့ ရွှေ့ပြောင်းကြစဉ်က နှင်းလွှာထဲမှာ ကျန်ရစ်ခဲ့တဲ့ ဓားတစ်ချောင်းကို ဆွဲယူလိုက်တယ်။ လက်ထဲမှာ မြဲမြဲဆုပ်ထားပြီး မျက်စိတဖျတ်အတွင်း ရှန့်ဟန်အနား တိုးကပ်သွားကာ ဓားနဲ့ထိုးချ လိုက်တော့တယ်။
"ငါသေလို့ မဖြစ်ဘူး”
ရှန့်ဟန်မျက်နှာက ခက်ထန်လှတယ်။ စုမင် ဓားထိုး သွင်းလိုက်စဉ်မှာ သူ့ရဲ့ ညာဘက် လက်ချောင်းတွေပေါ်မှာ မှိန်မှိန်ဖျော့ဖျော့ အနီရောင်အလင်း ပေါ်ပေါက်လာပြီး အနီရောင် ဓားတစ်လက်အဖြစ် ပြောင်းလဲသွားတယ်။
နှစ်ယောက်သားက တစ်ပြိုင်နက်တည်း လိုလိုမှာ တစ်ယောက်ကိုတစ်ယောက် ဓားနဲ့ ထိုးသွင်း လိုက်ကြတယ်။
"ဆယ်နှစ်ပဲ အချိန်ပေးပါ ဆယ်နှစ်ထဲပါ”
ရှန့်ဟန် ကြုံးဝါးလိုက်ရင်း မောပမ်းတကြီး အသက်ရှူရှိုက်တယ်။ သူ့တစ်ကိုယ်လုံး နာကျင်နေတယ်။
“ခင်ဗျားက ကျုပ်ငယ်ငယ် ကတည်းက ကျုပ်လေးစားခဲ့ရတဲ့ လူကြီး တစ်ယောက်ပါ။ ခင်ဗျား ထမ်းထားရတဲ့ တာဝန်တွေ လေးလံကြီးမားလွန်းလို့ လူတွေနဲ့ ခပ်ဝေးဝေး နေခဲ့တာကို ကျုပ်သိပါတယ်။ ခင်ဗျားက မျိုးနွယ်စုကို ကာကွယ်ဖို့လိုတယ်။ မျိုးနွယ်စုအနေနဲ့ အစောင့်အရှောက် ခေါင်းဆောင်လို သဘောကောင်း ဖော်ရွေမှု လိုအပ်သလို အေးတိအေးစက်နဲ့ တစ်ကိုယ်တည်း သီးသန့် နေတတ်သူလည်း လိုတယ်။ ဒါကြောင့်မို့ ခင်ဗျားက အေးတိအေးစက်နေဖို့ ရွေးချယ်ခဲ့တယ်။ အတိတ်မှာ မျိုးနွယ်စုကို ကာကွယ် ပေးခဲ့တာတွေအတွက် ကျေးဇူးတင်လို့ ခင်ဗျားရဲ့ ဓားချက်တစ်ချက်ကို ကျုပ်ခံယူမယ်”
"ဒါပေမဲ့ ကျုပ် ခင်ဗျားကို သေချာပေါက် ခွင့်မလွှတ်နိုင်ဘူး။ ခင်ဗျားရဲ့ သစ္စာဖောက်မှုကြောင့် သေဆုံးခဲ့ရ သူတွေကလည်း ခင်ဗျားကို ခွင့်လွှတ်မှာ မဟုတ်ဘူး”
စုမင်ရဲ့ နှုတ်ခမ်းထောင့်က သွေးတွေ ယိုစီးကျလာတယ်။ ရှန့်ဟန်နဲ့ ကိုယ်ခန္ဓာချင်း ထိကပ်လို့ ကျောက်တုံးဓားကို ဆွဲထုတ်လိုက်ပြီး နောက်တစ်ချက် ထပ်ထိုးတယ်။
"ဒီတစ်ချက်က သေဆုံးသွားခဲ့တဲ့ သက်ကြီးရွယ်အိုတွေ အားလုံးဆီက”
"ဒီတစ်ချက်က မျိုးနွယ်စု ခေါင်းဆောင်အတွက် အသက်ပေးခဲ့ကြတဲ့ ဆန်ကုန်မြေလေး မဟုတ်တဲ့ လူငယ်လေးတွေဆီက“
ရှန့်ဟန်ရဲ့ နားအနားကပ်လို့ တီးတိုးရေရွတ်ရင်း နောက်တစ်ချက် ထပ်ထိုးတယ်။
"ဒီတစ်ချက်က ဝူလဆီက”
"ဒီတစ်ချက်က လျိုတိဆီက”
ရှန့်ဟန်ကို တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ဓားနဲ့ ထိုးနေရင်း စုမင်ရဲ့ မျက်လုံးထဲက မျက်ရည်တသွင်သွင် စီးကျလို့ ဝမ်းနည်းကြေကွဲ နေခဲ့တယ်။ ဓားချက် တစ်ချက်ချင်းမှာ ရှန့်ဟန်ဟာ တုန်ယင်သွားခဲ့ပြီး စုမင်ကို ရင်ဆိုင်နေခဲ့တယ်။ သူ့ပါးစပ်ထဲက သွေးတွေ စီးကျနေခဲ့တယ်။ သူလည်းပဲ ဝမ်းပန်းတနည်း ငိုကြွေးနေခဲ့တယ်။
"ဒီတစ်ချက်က အဘိုးနန့်စုန့်ဆီက “
စုမင်ဟာ ပျက်သုဉ်း ခဲ့လေပြီးတဲ့ မျိုးနွယ်စုကို ကြည့်တယ်။ ရှန့်ဟန် လဲကျ မသွားရလေအောင် ထိန်းပေးထားရင်း ညာဘက်လက်က ဓားနဲ့ ထပ်ထိုးလိုက်ပြန်တယ်။
ရှန့်ဟန်ကို နောက်ဘက်ထိ တွန်းသွားရင်း နှင်းစက်တွေပေါ်မှာ ကြောက်မက်ဖွယ် သွေးစီးကြောင်းကြီး ဖြစ်ပေါ်လာစေလိုက်တာ ... မုဆိုးရဲ့ ကျောပြင်ဟာ မျိုးနွယ်စုထဲက သိပ်မပျက်စီး သေးတဲ့ ခြံစည်းရိုး တစ်ခုမှာ ကပ်မိတဲ့ အထိတိုင်အောင်ပါပင်။
စည်းရိုးနဲ့ကျောပြင် ထိကပ်မိတဲ့ ကျယ်လောင်တဲ့ အသံနဲ့အတူ စုမင်တစ်ချက် ထပ်ထိုး ပြန်တယ်။
"ဒါက အကြီးအကဲဆီက”
"ဒါက ကျုပ်ဆီက”
ခပ်နိမ့်နိမ့် အသံနဲ့ ပြောလိုက်ရင်း ရှန့်ဟန်ရဲ့ နှလုံးတည့်တည့်ကို ဓားသွား မြှုပ်နေအောင် ထိုးစိုက် ချလိုက်တယ်။
အမဲလိုက်အဖွဲ့ ခေါင်းဆောင်ဟာ စုမင်အပေါ်ကို လဲကျလာပြီး သူ့ကိုယ်ခန္ဓာက အကြောဆွဲ နေရင်း သူ့မျက်လုံးထဲက အလင်းရောင်ဟာ မှိန်ဖျော့ကျလာတယ်။
သူတို့အနား တစ်ဝိုက်မှာ ဆိတ်ငြိမ်လှတယ် ...
မျိုးနွယ်စု အလယ်မှာ လူနှစ်ယောက် ရှိနေခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် ပွေ့ဖက်ထားပုံဟန် ရှိနေခဲ့တယ်။
စုမင် မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ အချိန်တချို့ ကုန်လွန်သွားပြီး နောက်မှာ အနောက်ကို အသာအယာ ဆုတ်လိုက်တယ်။ ရှန့်ဟန် ကိုယ်ခန္ဓာက ဘေးဘက်ကို ပုံရက်သား လဲကျသွားတယ်။ သူ့မျက်လုံးထဲမှာ အလင်းရောင် မမြင်ရတော့ပါဘူး။ စုမင်ကိုလည်း မြင်တော့ဟန် မပေါ်ဘဲ သူ့ရဲ့ တုန်ယင်နေတဲ့ ညာလက်ကို မရအရမြှောက်လို့ သူ့ရင်ဘတ်ထဲက အရိုးအပိုင်းအစ သေးသေးလေးကို ထုတ်ယူတယ်။
အဲဒါက အရမ်းသေးမွားတဲ့ ကျောက်တုံးလေးတစ်တုံး ဖြစ်ပြီး မွေးခါစ ကလေးခြေထောက် အရိုးနဲ့တူတယ်။ အဲဒီအရိုး သေးသေးလေးကို ဆုပ်ကိုင်ရင်း ရှန့်ဟန်ရဲ့ ဗလာမျက်လုံးထဲက မျက်ရည်တစ်စက် လွင့်ကျလာတယ်။
ငိုကြွေးရင်းနဲ့ ... သူ့အသက်ရှူသံ မှိန်ဖျော့လို့ ... သူ့ရဲ့ အသက်ဝိညာဉ်လည်း ကြွေလင့် ခဲ့လေပြီ။
***