ကောင်းကင်ယံနဲ့အနီးဆုံးနေရာ
Vol. 8 Ch. 104
စုမင်ရဲ့ရှေ့မှာ ရှန့်ဟန် လဲကျနေတယ်။ စုမင်အနေနဲ့ ဟောဒီ နက်မှောင်တောင် သစ္စာဖောက်နဲ့ ပတ်သက်လို့ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ရောပြွမ်းနေတယ်။ သူ့ကို သတ်ပစ်လိုက်ခြင်းကြောင့် ဘာမှ ကျေနပ်မှု မရလိုက်တဲ့အပြင် ဝန်ထုပ်ဝန်ပိုးတစ်ခု ထမ်းပိုးလိုက်ရ သလိုတောင် ခံစားနေခဲ့ရတယ်။
ဟောဒီပုဂ္ဂိုလ်သာ သေခြင်းတရားနဲ့ ပေးဆပ်မှ အပြစ်ကျေနိုင်မယ့် ပြစ်မှုကြီး မကျူးလွန်ခဲ့လျှင် ဘယ်သူက ကိုယ့်ရဲ့ တစ်မျိုးနွယ်တည်း သားချင်းကို သတ်လိုပါ့မလဲ။ ဟောဒီ ပုဂ္ဂိုလ်သာ သူ့အမှားကြောင့် အသက်တွေ အများကြီးကို မဆုံးရှုံးစေခဲ့လျှင် ငယ်စဉ်ကလေး ဘဝကတည်းက လေးစားလာခဲ့ရတဲ့ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်ကို ဘယ်သူက သတ်ချင်ပါ့မလဲလေ။
စုမင်ဟာ ပွင့်လျက်ရှိနေတဲ့ ရှန့်ဟန် မျက်လုံးတွေကို ကြည့်မိတယ်။ သူ့ရဲ့ အရောင်ကင်းမဲ့နေတဲ့ မျက်လုံးတွေဟာ စုမင် မမြင်နိုင်တဲ့ တစ်နေရာဆီ ကြည့်ရှုနေသယောင်။ သူမသေခင် ဘာတွေများ တွေးသွားခဲ့သလဲလို့ စုမင် သိချင်လိုက်တာ။
ကလေးခြေထောက် အရိုးသေးသေးလေးက ရှန့်ဟန်ရဲ့ သွေးတွေနဲ့ စွန်းပေနေတယ်။ သူ့ရဲ့ လက်ထဲမှာ ဆုပ်ကိုင် ထားလိုက်တာများ သူမသေခင် အချိန်လေးအတွင်း တစ်ခုတည်းသော တွယ်တာစရာလေး ဖြစ်ခဲ့သလိုပင်။
ရှန့်ဟန် ဘာကြောင့် သစ္စာဖောက်ရ သလဲဆိုတာ စုမင် မသိလိုက်ရဘူး။ အဲဒီမေးခွန်းအတွက် အဖြေရှိ မသွားဘူး။ စုမင် အနောက်ကို ခြေလှမ်း အနည်းငယ်မျှ ဆုတ်လို့ ဒူးတုပ်ထိုင်ချတယ်။ ရှန့်ဟန်ကို ကြည့်ရင်း အမဲလိုက် ထွက်ရာက ပြန်သယ်လာတတ်တဲ့ သွားစွယ်တွေကြောင့် လာစုလေးတွေ ပျော်ရွှင်သွားချိန် သူ့မျက်လုံးထဲမှာ ရှိနေတဲ့ ကြင်နာမှုနဲ့ ရယ်မောသံတွေကို စုမင် ပြန်မြင်ယောင် လာတယ်။
စုမင်ဟာ ညာဘက်လက်ကို မြှောက်လို့ ရှန့်ဟန်ရဲ့ မျက်လုံးကို စေ့ပိတ်ပေးလိုက်တယ်။ သူ့ရဲ့ လှုပ်ရှားမှုက ညင်သာလွန်းလိုက်တာ၊ သေလွန်သွားပြီဖြစ်တဲ့ မုဆိုးခေါင်းဆောင်ရဲ့ ဝိညာဉ်ကို နှောင့်အယှက် ပေးမိမလိုဖြစ်မှာ စိုးထိတ်နေသလို။
သက်ပြင်းဖျော့ဖျော့ ချလိုက်ပြီး ပြန်ထရပ်လုဆဲဆဲမှာ ... စုမင်ရဲ့ အကြည့်တွေက ရှန့်ဟန် လက်ထဲက ကလေးခြေထောက် အရိုးလေးအပေါ် ကျရောက်သွားတယ်။
"ဒီဟာကြောင့်များလား”
စုမင် တိတ်တဆိတ် ကောက်ယူလိုက်ပေမဲ့ တစ်ခုခု ဖြစ်နေမလားဆိုတဲ့ ပုံစံနဲ့ စစ်ဆေးခြင်း မရှိဘဲ ရင်ဘတ်ထဲမှာ ထည့်သိမ်းလိုက်တယ်။
စုမင် ခပ်မတ်မတ် ထရပ်လိုက်ပြီး ရင်းနှီးခဲ့တဲ့ မျိုးနွယ်စု နယ်မြေကို ဝေ့ဝဲ ကြည့်ရှုလိုက်တယ်။ အချိန်က သန်းခေါင်ယံ ကျော်လွန်သွားခဲ့ပေမဲ့ လပြည့်ညဖြစ်တဲ့ အားလျော်စွာ လရောင်က ရွှန်းရွှန်းစို တောက်ပလျက် ရှိဆဲ။ ငွေမှင်ရောင်အလင်းဟာ ကမ္ဘာမြေပေါ် ဟိုတစ်စ ဒီတစ်စ ကျရောက်လို့ မြေပြင်ပေါ်က နှင်းစက်တွေကို မှန်သားတစ်ချပ်လို အလင်းပြန်လို့ မိုးကောင်းကင်နဲ့ လောကကို သိပ်မမှောင်တော့စေဘဲ အတိုင်းအတာ တစ်ခုအထိ ဟိုမှသည်သို့ မြင်နိုင်စေတယ်။
စုမင် ထွက်သွားတော့မယ့် အချိန်မှာပဲ သူ့ရင်ဘတ်ပိုင်း တစ်နေရာက နွေးထွေးမှုလေးတစ်ခု ထွက်ပေါ်လာတယ်။ ခေါင်းငုံ့လို့ ရင်ဘတ်ထဲက ပစ္စည်းလေးကို ထုတ်ယူတယ်။ အဲဒီအရာက အရိုးလေး တစ်ချောင်း သူတို့ လမ်းခွဲထွက်လာတုန်းက မျိုးနွယ်စုခေါင်းဆောင် ပေးခဲ့တဲ့ တိရစ္ဆာန် အရိုးလေး တစ်ချောင်း ဖြစ်တယ်။
"ဒီဟာလေး အနီရောင် ပြောင်းတာက ငါတို့ လေပြေစီးကြောင်းကို ဘေးကင်းကင်းနဲ့ ရောက်ပြီဆိုတဲ့ အဓိပ္ပာယ်ပဲ”
အချိန် အကြာကြီးနေမှ ပထမဆုံး အကြိမ်အဖြစ် စုမင် ပြုံးမိတယ်။ သူ့လက်ထဲက အရိုးလေးဟာ အနီရောင်စစ အလင်းထုတ်လွှတ်လို့ ခပ်နွေးနွေးကလေး ဖြစ်နေတယ်။
"မျိုးနွယ်စု လုံခြုံသွားပြီ"
စုမင် အသက်ဝဝ ရှူရှိုက်တယ်။ အဲဒီ အခိုက်အတန့်မှာ နက်မှောင်တောင် မျိုးနွယ်စုနဲ့အဝေး မဟူရာတောင်မှာ တည်ရှိတဲ့ မဟူရာမီးတောင် ထက်ကနေ ကျယ်လောင်တဲ့ မိုးထစ်ခြုန်းသံကြီး ထွက်ပေါ်လာတယ်။
စုမင် ရုတ်တရက် ခေါင်းမော့ ကြည့်လိုက်ချိန်မှာ ထစ်ခြုန်းသံ ထွက်ပေါ်လာတဲ့ မဟူရာမီးတောင် ထိပ်ကို ချက်ချင်း မြင်တွေ့လိုက်ရတယ်။ တောင်ထိပ်က ကျောက်တုံးတွေ တစစီ ကွဲကြေလို့ အသံဟာ နယ်မြေ တစ်ခုလုံးဆီ ပဲ့တင်ထပ် ပျံ့နှံ့သွားတယ်။ တောင်ထိပ်က အက်ကွဲကြောင်းကြောင့် စုမင် လက်ရှိ ရပ်နေတဲ့ နေရာကကြည့်လျှင် ပြိုကျသွားတဲ့ တောင်ထိပ်ထက်မှာ ပိထူကို ယှဉ်ပြိုင် တိုက်ခိုက်နေတဲ့ အကြီးအကဲကို စုမင် မြင်တွေ့လိုက်ရတယ်။
အကြီးအကဲက နောက်ဆုတ်လိုဟန်ပေါ်ပြီး ဒဏ်ရာ ပြင်းပြင်းထန်ထန်လည်း ရထားပုံပဲ။ ဒီတိုက်ပွဲ ဖြစ်ပေါ်နေခဲ့တာ ကြာနေခဲ့ပြီ။ မဟူရာတောင် အကြီးအကဲဟာ ကနဦးကတော့ သူ့ရဲ့ ရုပ်နယ်လွန်အဆင့် စွမ်းအားတွေနဲ့ မျိုးတုံးသုတ်သင်မှုကို မြန်မြန်ဆန်ဆန် အပြီးသတ်နိုင် လိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ မော့စန်းအနေနဲ့ အခုလောက်ထိ သူ့ကို ခုခံနိုင်လိမ့်မယ်လို့ လုံးဝ မမျှော်လင့်ထားဘူး။
အဲဒါထက် အရေးကြီးတာကတော့ သူသိလောက် ပြောရလျှင် မော့စန်းဟာ ရုပ်နယ်လွန် အဆင့်သာ မရောက်သေးတာ၊ တတ်မြောက်ထားတဲ့ ပညာရပ်တွေ များပြားလွန်းပြီး တချို့ဆို သူ မမြင်ဖူးတာတွေတောင် ပါတယ်။ အဲဒီ ပညာရပ်တွေရဲ့ ခွန်အားကလည်း ရုပ်နယ်လွန်အဆင့် စွမ်းအားတွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတာပဲ
အကယ်၍ ပိထူသာ မိုးကျရွှေကိုယ် မာန်ပညာရပ်ကို မလေ့ကျင့်ထားဘဲ တိုက်ခိုက် နေတုန်းမှာလည်း ကမ္ဘာမြေရဲ့ အသက်သွေးကြောကို စုပ်ယူမှု မပြုဘူးဆိုလျှင် ဒီတိုက်ပွဲက သူ့အတွက် အလွန်ခက်ခဲမှာ ဖြစ်တယ်။
အနီရောင် မြူမှုန်တွေကြားက မော့စန်း ထွက်လာချိန် ... ပိထူလည်း လရဲ့ အတောင်ပံထဲက ထွက်လို့ သူ့ထံကို တစ်ဟုန်ထိုး တိုးဝင်သွားတယ်။ ပိထူအနေနဲ့ သူ့ရဲ့ မာန်စွမ်းအားရှင် အမှတ်အသားက ဖြစ်ပေါ်လာတဲ့ လရဲ့ အတောင်ပံကို အသုံး မပြုရဲတော့ဘူး။ တစ်ခါ မထိန်းသိမ်းနိုင် ဖြစ်သွားဖူးတော့ အဲဒီ အဖြစ်အပျက်က သူ့အာရုံထဲ မှတ်မှတ်ထင်ထင် စွဲကျန် ခဲ့ရုံမျှမက သူ့နှလုံးသားထဲလည်း ကြောက်စိတ်တွေ ဖြစ်ပေါ်စေခဲ့တယ်။
ဘာကြောင့်လဲမသိ သူ့ကိုယ်ထဲက မာန်သွေးတွေက မရပ်မနား လှုပ်ရှားနေခဲ့တာက သူလုံးဝ ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားတော့မတတ် ဖြစ်သွားတယ်။ ဒါပေမဲ့ အဓိက အချက်က ဒါမဟုတ် သေးဘူး။
ပိထူကို အကြောက်လန့် စေဆုံးကတော့ သူ့ရင်ထဲမှာ စုဖွဲ့ ဖြစ်တည်လာတဲ့ လိုဆန္ဒတွေပဲ ဖြစ်တယ်။ အဲဒီ စိတ်ဆန္ဒက သူ့ရဲ့ လိုအင်ကြောင့် ဖြစ်ပေါ်လာတာ မဟုတ်ဘဲ သွေးကြောထဲမှာ စီးဆင်းနေတဲ့ သွေးတွေက ဖြစ်တည်လာခဲ့တာ။ အဲဒီအရာက တစ်စုံတစ်ရာကို ဦးခိုက်ကိုးကွယ်ဖို့ သူ့ကို တစ်နေရာအရောက် ခေါ်သွားတော့မလိုပဲ။
အဲဒီ စိတ်လိုက်မာန်ပါ ဖြစ်ရပ်ကို ရုပ်နယ်လွန်အဆင့် ရောက်ရှိနိုင်ခြင်းကြောင့် ရရှိလာတဲ့ စွမ်းအင်တွေနဲ့သာ မချေဖျက် လိုက်နိုင်လျှင် ဒီတိုက်ပွဲက ဒီလောက်ထိ ကြာရှည်နိုင်မယ် မထင်ဘူး။
စုမင် မျိုးနွယ်စု နယ်မြေမှာ မတ်တတ် ရပ်နေတယ်။ ကောင်းကင်ပေါ်မှာ ဖြစ်ပျက်နေသမျှကို မြင်လိုက်တာနဲ့ စကားတစ်ခွန်းမျှ မဆိုဘဲ နက်မှောင်တောင်ပေါ် အလျင်အမြန် တက်ရောက် လာခဲ့တယ်။
စုမင် မပျံသန်း နိုင်သေးတာမို့ ကောင်းကင်တိုက်ပွဲမှာ ပါဝင်နိုင်ခြင်း မရှိပေမဲ့ နက်မှောင် တောင်ပေါ် တက်လို့ တောင်ထိပ်မှာ ရပ်နိုင်စွမ်းတော့ ရှိပါတယ်။ အဲဒီတောင်ထွတ်က ကောင်းကင်ယံနဲ့ အနီးဆုံး နေရာပဲ။
အဲဒီကို ရောက်မှသာ အကြီးအကဲကို ကူညီပေးနိုင်မှာ ဖြစ်တယ်။
စုမင် ထိပ်ဆုံးရောက်အောင် ဆက်တက်ရင်း သူ့မျက်လုံးတွေထဲ ထူးဆန်းတဲ့ အလင်းတစ်စ ဖြတ်ပြေးသွားတယ်။
"မျိုးနွယ်စုက လုံခြုံသွားပြီ။ သူများအတွက် စိုးရိမ်နေစရာ မလိုတော့ဘူး။ ငါ့ရဲ့ ခွန်အားလောက်နဲ့ အကြီးအကဲ နှစ်ယောက်ကြားက ကောင်းကင်တိုက်ပွဲကို မဆင်နွှဲ နိုင်သေးဘူး။ ငါရောက်သွား လျှင်လည်း တမင်သက်သက် အကြီးအကဲကို စိတ်ပူသွားစေမိပြီး အနှောင့်အယှက် ပေးသလို ဖြစ်လိမ့်မယ်”
စုမင်ရဲ့ အမူအရာဟာ တည်ငြိမ်တယ်။ အရင်ကလို အပြောပဲရှိတဲ့ မဆင်မခြင် လုပ်တတ်တဲ့ ကောင်ငယ်လေးတစ်ယောက် မဟုတ်တော့ဘူး။ သူစိတ်ပူ နေမိပေမဲ့လို့ အခြေအနေကိုတော့ တည်တည်ငြိမ်ငြိမ် အကဲဖြတ်နိုင် နေပြီ။
"လရဲ့ အတောင်ပံကို ငါထိန်းချုပ် လိုက်နိုင်တဲ့ အဖြစ်အပျက်သာ မပေါ်ပေါက်ခဲ့ရင် ငါ သွားဖြစ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ... ငါ တကယ်ပဲ အကြီးအကဲကို ကူညီနိုင်လောက်မယ် ထင်တယ်”
စုမင်ဟာ အနီရောင် လျှပ်စီးကြောင်းအသွင်နဲ့ နောက်ကျောထက်မှာ လရောင်ခြည် ဝတ်ရုံလွှာကို တစ်ပါတည်း သယ်ဆောင်လို့ တောအုပ်ထဲကို တိုးဝင်သွားတယ်။
"ကောင်းကင်နဲ့ အနီးဆုံးနေရာ ... လမင်းနဲ့ အနီးဆုံးနေရာကို ငါသွားပြီး သွေးလောင်ကျွမ်းခြင်း လုပ်ဆောင်မယ်”
အနီရောင်အလင်းဟာ မယုံနိုင်စရာ အရှိန်နှုန်းနဲ့ တောအုပ်ကို ဖြတ်ပြေးသွားတယ်။
အတွေးလေး တစ်ချက်ပဲ ဖြစ်သွားတာတော့ မဟုတ်ဘူး။ ပိထူ ဖန်တီးထားတဲ့ အနီရောင် မြူမှုန်တွေနဲ့ ပြုလုပ်ထားတဲ့ လရဲ့အတောင်ပံကို မြင်လိုက်ရချိန်မှာ သူ့စိတ်ထဲ အကြံအစည်တစ်ခု စဉ်းစားပြီးပြီ။ တကယ်တော့ ပိထူရဲ့ မျက်ခုံး နှစ်ဖက်ကြားက လရဲ့ အတောင်ပံအရိပ်ကို မြင်လိုက် ကတည်းက ဘာလုပ်သင့်တယ် ဆိုတာကို အရိပ်အမြွက်မျှ တွေးတောမိပြီးသား ဆိုလည်း ဟုတ်တယ်။
လရဲ့ အတောင်ပံတွေကို စိတ်နဲ့ ထိန်းချုပ်နိုင်သွားတဲ့ ဟိုတစ်ခေါက် အဖြစ်အပျက် အပြီးမှာ အကြံအစည်က အရိပ်အမြွက်မျှသာ မဟုတ်တော့ဘဲ တိကျတဲ့ စီမံကိန်းတစ်ခု ဖြစ်လာခဲ့ပြီ။
"နက်မှောင်တောင်ထွတ် ငါးခုမှာ လရဲ့အတောင်ပံတွေ အများကြီး ရှိတယ်။ အရင်တစ်ခေါက် ဒီမှာ သွေးလောင်ကျွမ်းခြင်း ပြုလုပ်တုန်းက လရဲ့ အတောင်ပံတွေ သက်ဝင်လှုပ်ရှား ကုန်ကြတာကို ခံစားမိတယ်။ ငါခန့်မှန်းတာသာ မှန်ခဲ့ရင် ... လပြည့်ည ... နက်မှောင်တောင်ထိပ်မှာ ငါ သွေးလောင်ကျွမ်းခြင်း ပြုလုပ်နိုင်ခဲ့လျှင် အဲဒီကောင်တွေ ပိုတက်ကြွလာပြီး မီးလျှံမာန် ပညာရပ်ကို ကျင့်ကြံနေတဲ့ ပိထူအပေါ်လည်း အကျိုးသက်ရောက်မှု ရှိမယ်ထင်တယ်”
စိတ်ဒဏ်ရာ ရလောက်စရာ မျိုးနွယ်စု နေ့ရက်တွေကို တွေကြုံခံစား မိရအပြီးမှာ စုမင်က မဆင်မခြင် မပြုလုပ်ဖို့နဲ့ တည်ငြိမ်အောင်၊ ပိုပြီး တိတ်တဆိတ် လုပ်ဆောင်တတ်အောင် သင်ယူပြီး ဖြစ်တယ်။
မဟူရာတောင်ကို သွားမယ့်အစား နဂါးနက်တောင်သို့ ရှေးရှူးသွားရောက် နေခဲ့တယ်။ လျှပ်စီးကြာင်းရဲ့ အနီရောင် လမ်းကြောင်းဟာ တောအုပ်ထဲမှာ ထင်ရှားရှည်လျားစွာ ကျန်နေရစ်ခဲ့တယ်။ အဝေးက ကြည့်လျှင် ဘယ်လောက် ဖျက်ဆီးဖျက်ဆီး မပြတ်တောက်မယ့် ဖဲကြိုးနီ တစ်စနဲ့ တူတယ်။
အချိန်တွေ ကုန်လွန်သွားတယ်။
မကြာခင် အနီရောင်လျှပ်ကြောင်း တောအုပ်ကို ဖြတ်သန်းပြီးနောက်မှာ စုမင်ဟာ ရင်းနှီးနေတဲ့ လမ်းပေါ် ခရီးနှင်လို့ တောင်စဉ်ငါးသွယ်တန်းက တစ်ခုဖြစ်တဲ့ နဂါးနက် တောင်ထိပ်ကို ချဉ်းကပ် လာနေတယ်။
ဒီတောင်ပေါ် ဘယ်နှကြိမ်လောက် တက်ဖူးလဲဆိုတာ မမှတ်မိတော့ဘူး။ ဒီနေရာရဲ့ ချောင်ကြို ချောင်ကြားမကျန် အရာအားလုံးနဲ့ ရင်းနှီးမှု ရှိတယ်လို့ ပြောလို့ရတယ်။ နီးကပ် လာတာနဲ့အမျှ အနီရောင် လျှပ်ကြောင်းလည်း လေထဲမှာ ခုန်ပျံကျော်လွှားလုပ်ကာ ရပ်တန့်မှု မရှိဘဲ ကျားကုပ်ကျားခဲ တောင်တက်လို့ ဝင်သက်အနည်းငယ် အတွင်း တောင်ထိပ်ကို တက်လှမ်းသွားလေတယ်။
တောင်ရဲ့ နောက်ကျောဘက်ကနေ အရှိန်ပြည့် ပြေးလွှားနေပေမဲ့ ကောင်းကင်ပေါ်မှာ တိုက်ခိုက် နေကြဆဲဖြစ်တဲ့ မော့စန်းနဲ့ ပိထူတို့ဟာ နက်မှောင်တောင်ပေါ်က သူ့ရဲ့ လှုပ်ရှားမှုတွေကို သတိမပြုမိ ကြဘူး။ သိပ်ဝေးဝာာလည်း မဟုတ်ဘဲ သတိမပြုမိ ကြပါဘူး။
အဲဒီအပြင် သူတို့ရဲ့ အာရုံအနည်းငယ် မျှကိုတောင် အခြား တစ်နေရာထံ လွှဲပြောင်းလို့ မရတဲ့ အခြေအနေကို ရောက်ရှိနေကြတာ ဖြစ်တယ်။ ဘာအကြောင်းကြောင့်မှန်း မသိဘဲ ပိထူစိတ်ထဲမှာ စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုက မြင့်တက်လာတယ်။ သူ့ခန္ဓာကိုယ်ထဲက သွေးကြောတွေ ဆူပွက်လာသလိုမျိုး မာန်စွမ်းအားရှင် သွေးတွေက ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် လည်ပတ်လာတယ်။ ကြောက်လန့် တကြားနဲ့ အဲဒီခံစားချက်ကို ချေဖျက်ဖို့ စွမ်းအား အနည်းငယ် အသုံးပြုလိုက်တယ်။ သူ့ မျက်နှာထားဟာ တုန်လှုပ် ချောက်ချားတဲ့အသွင် ဖြစ်နေတယ်။
‘ဘာတွေ ဖြစ်နေတာလဲ’
သူ့ခမျာ ထိတ်လန့်သွားပေမဲ့ ကြာကြာတွေးတောနေဖို့ အချိန် မရှိရှာ။ မော့စန်းက အဲဒီ အခွင့်အရေးကို အသုံးချလို့ ပိထူအနား ပြန်လည်ကပ်သွားကာ နှစ်ယောက်သား အနီးကပ်တိုက်ပွဲ ဆင်နွှဲကြပြန် လေတယ်။
မော့စန်းက မယုံနိုင်လောက်အောင် ခြေကုန်လက်ပမ်း ကျနေခဲ့ပေမဲ့ သူထွက်ခွာ လိုလျှင်တောင် မရတဲ့ အခြေအနေအထိ တိုက်ခိုက်မိပြီးသား ဖြစ်နေတယ်။ ကျင်းနန်ကလည်း အခုထိ ရောက်မလာ သေးတဲ့အတွက် သူ့ရင်ထဲမှာ စိုးရိမ်တာရော၊ အန္တရာယ် ခံစားချက်တွေပါ မြင့်တက်လာတယ်။
အဲဒီအခိုက်မှာ စုမင်ဟာ နက်မှောင်တောင် ထိပ်ဖျားကို အမြန်ဆုံးနည်းနဲ့ ရောက်ရှိနေခဲ့ပြီ။ အက်ကြောင်းများကို ဖြတ်သန်းသွားချိန်မှာ ဟိုးအောက်ဘက် အစွန်းအဖျားနေရာက လရဲ့ အတောင်ပံတွေကို ခံစားမိတယ်။
"ငါ့ရဲ့ ခန့်မှန်းချက်က မှန်နေတာပဲ ...”
စုမင်ရဲ့ မျက်လုံးထဲ အလင်းတစ်စ ဖြတ်ပြေးသွားတယ်။
သူဆက်တက် လာလိုက်တာ မကြာခင်မှာပဲ နဂါးနက်တောင်ရဲ့ ထိပ်ဖျားပိုင်းကို ရောက်ရှိလာတယ်။ လေပြည်တွေက သူ့ရဲ့ဆံပင်တွေနဲ့ စုတ်ပြဲနေတဲ့ တိရစ္ဆာန်အရေနဲ့ လုပ်ထားတဲ့ အင်္ကျီကို တလှပ်လှပ် လွင့်နေစေတယ်။ စုမင်ဟာ ကျောကို မတ်ထားရင်း မဟူရာမီးတောင်က ထုတ်လွှတ်ခဲ့တဲ့ အနီရောင် မြူမှုန်တွေရှိရာ ကောင်းကင်ကို ကြည့်တယ်။ အနက်ရောင် စပါးအုံးကြီးရဲ့ မိုးခြိမ်းသံကဲ့သို့ ကြွေးကြော်သံနဲ့အတူ မြူခိုးတွေထဲက အလင်းစလို လူနှစ်ယောက်ဟာ မြူခိုးတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် ထိပ်တိုက်ရင်ဆိုင် ထိခတ်မိပြီးတာနဲ့ အလျင်အမြန် နောက်ဆုတ် လိုက်ကြတယ်။
ပတ်ဝန်းကျင် အခြေအနေ အရပ်ရပ်ကို ပြောင်းလဲ သွားစေတဲ့ မာန်ပညာရပ်တွေကို ပိထူနဲ့ အကြီးအကဲတို့ အသီးသီး ထုတ်သုံးလိုက်ချိန်မှာ ဖိအား ထွက်ပေါ်လာတယ်။
စုမင် အသက်ဝဝရှူလို့ တင်ပျဉ်ခွေ ထိုင်ချလိုက်တယ်။ ခေါင်းကို အသာအယာမော့လို့ တောက်ပစွာ သာနေတဲ့ လမင်းကို ကြည့်တယ်။ လမင်းက လုံးဝန်းနေပြီး အလင်းရောင်က တောက်ပတယ်။ အလင်းရောင်က စုမင်ရဲ့ မျက်လုံးထဲ တိုက်ရိုက် ရောက်လာပြီးလျှင် သူ့သွေးတွေဟာ အချိန်မရွေး ဆူပွက်လို့ သွေးလောင်ကျွမ်းခြင်း ဖြစ်ပေါ်တော့မယ်လို့ ခံစားလာရတယ်။
"အကြီးအကဲကို စုမင်က အဖော်ပြုပေး မှာပါ“
စုမင် မျက်လုံးထဲက သွေးလွှမ်းလရဲ့ အရိပ်က ပိုလို့ ထင်ရှားလာတယ်။ သူ့ခန္ဓာကိုယ်တွင်းက သွေးတွေ စတင်ဆူပွက် လာချိန်မှာ လောင်ကျွမ်းနေတဲ့ ခံစားချက်က တစ်ကိုယ်လုံးဆီ ပျံ့နှံ့သွားတယ်။ စုမင် ညာဘက်လက်ကိုမြှောက်လို့ လက်ညိုးထိပ်ကို ကိုက်ဖောက်လို့ ဘယ်ဘက် မျက်လုံးပေါ် ဖိကပ်လိုက်တယ်။
စတုတ္ထမြောက် သွေးလောင်ကျွမ်းခြင်း
လက်ညိုးထိပ်က သွေးတို့နဲ့ ဘယ်မျက်လုံးတို့ ထိမိကြခိုက်မှာ စုမင်ရပ်နေတဲ့ ဖဝါးအောက်က နဂါးနက်တောင်ကြီးက အကြမ်းပတမ်း လွန့်လူးလှုပ်ရှား သွားတယ်။ နဂါးနက်တောင်ကြီး တုန်ခါသွားခြင်းနဲ့အတူ နက်မှောင်တောင်စဉ် ငါးသွယ်တန်းလုံးရဲ့ တောင်ထိပ်ဖျားတွေ စတင်တုန်ခါ လာကြတယ်။
တစ်ချိန်တည်းမှာပဲ တောင်စဉ်ငါးသွယ်တန်း အတွင်းက လရဲ့ အတောင်ပံတို့ဟာ စိတ်လှုပ်ရှားစွာနဲ့ စူးစူးဝါးဝါး အော်မြည်နေကြတယ်။ သူတို့ကို ဆွဲထားတဲ့ သွေးနီရောင် အပင်ကြီးဆီ အလျင်အမြန် ထွက်ခွာလာလို ကြပါပြီ။ မယုံနိုင်လောက်တဲ့ စိတ်လှုပ်ရှားမှု အပေါင်းနဲ့ အော်ဟစ်ရင်း သူတို့ဟာ အပင်ကြီးကို ဒေါသတကြီး ကုတ်ခြစ်နေကြတယ်။
အပြင်ကို ပြေးထွက်လို့ သူတို့ရဲ့ ဘုရင်ကို ဦးခိုက်လိုကြတယ်။
အဲဒီ အခိုက်အတန့်မှာ ပိထူဟာ မြူမှုန်တွေ ကြားထဲမှာ မော့စန်းနဲ့ တိုက်ခိုက်နေရင်းက ရုတ်တရက် တုန်ယင်သွားတယ်။ အနောက်ကို အလျင်အမြန် ဆုတ်လို့ သူ့မျက်နှာပေါ်မှာ တုန်လှုပ် ချောက်ချားမှုတို့ ပေါ်ပေါက်လာခဲ့တယ်။ သူ့ခန္ဓာကိုယ်ထဲက မာန်သွေးတွေကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ သွေးတွေက ခန္ဓာကိုယ်အနှံ့ အရှိန်ပြင်းပြင်းနဲ့ လှည့်ပတ်နေတယ်။ သူ့ကိုယ်ထဲမှာ ကြီးထွားလာနေတဲ့ စိတ်ဆန္ဒဟာ ခုခံနိုင်စွမ်း ကင်းမဲ့စေလို့ နဂါးနက်တောင် ရှိရာအရပ်ကို ဒူးတုပ် ဦးခိုက်လိုစိတ်တွေ ဖြစ်ပေါ်စေတယ်။
‘မဖြစ်နိုင်တာ’
ပိထူကို ကြည့်ရတာ သနားစရာ။ ကြောက်မက်ဖွယ် ဆန္ဒကို အင်အားသုံး ချိုးနှိမ်လိုက်ချိန်မှာ နှုတ်ခမ်းထောင့်က သွေးတို့ စီးကျလာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ နဂါးနက်တောင် ထိပ်ပေါ်မှာ ထိုင်နေတဲ့ ချည့်နဲ့သေးကွေးတဲ့ ပုဂ္ဂိုလ်လေး တစ်ယောက်ကို မြင်တွေ့ လိုက်ရပါတော့တယ်။
***