← Chapters

အခြားသူတွေနဲ့မတူတဲ့သူ

Vol. 32 Ch. 451

အခြားသူတွေနဲ့မတူတဲ့သူ

Vol. 32 Ch. 451

အခန်း (၄၅၁) အခြားသူတွေနဲ့မတူတဲ့သူ

ရန်ကျောက်ကဲ ဟယ်ယင်ကိုကြည့်ရင်း အတွေးများလွင့်ပါးသွားသည်ပင်။ ထိုခဏတွင် သူ့အတွေးများ ဘယ်ဆီလွင့်မျောသွားကြောင်း မည်သူသိပါမည်လဲ။

သူ့စိတ်အာရုံတွင် ပုံရိပ်များ တစ်ခုပြီးတစ်ခု ထင်ဟပ်လာပြီး ထိုပုံရိပ်များက မဝေးတော့သည့်အနာဂတ်ကို ကိုယ်စားပြုနေသည့်အလား ထင်မှတ်ရသည်။

ထိုအတွေးပုံရိပ်များမှာ...

မျောလွင့်ဝိညာဉ်ကမ္ဘာကို ယာယီအုပ်စိုးနေသည့် မိစ္ဆာဘုရင်ကြီး’ရန်ကျောက်ကဲ’ က အမြင့်ဆုံးအာဏာဖြင့်မိုးမြေတစ်ခွင် မောက်မာစွာ လွှမ်းမိုးချုပ်ကိုင်လျှက် မကောင်းမှုမျိုးစုံကိုလည်း သူ့စိတ်တိုင်းကျ လုပ်ဆောင်လျှက်ရှိသည်။

သူက သွေးနီတိမ်တိုက်ဂိုဏ်းမှ အလွန်တရာ ချောမောလှပသော တပည့်မလေး “ဟယ်ယင်” ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဟယ်ယင်နှင့် မေတ္တာမျှနေသော လူငယ်လေးသည် မိစ္ဆာကြီး’ရန်ကျောက်ကဲ’ ကို အနိုင်ယူပြီး ချစ်ရသူကိုကယ်တင်ရန် ကတိသစ္စာပြုခဲ့သည်။

ထိုလူငယ်လေးက အရင်က လုံးဝ အသုံးမကျသူတစ်ယောက် ဖြစ်သည်။ သို့သော် ယခု ကံကြမ္မာအနိမ့်အမြင့်များနှင့် ရင်ဆိုင်ကြုံတွေ့ရပြီး ညတွင်းချင်းပင် ကောင်းကင်ဘုံမှကံကြမ္မာဖြင့် နဂါးတစ်ကောင်အလား ထက်မြက်လာခဲ့သည်။

လောလောဆယ် သူက အရမ်းအားနည်းသေးသော်လည်း သူ၏ကျင့်ကြံခြင်းက လျှင်မြန်စွာမြင့်တက်လျှက်ရှိ၏။ သူ့ဘယ်ဘက်လက်တွင် လျှို့ဝှက်ကျမ်းစာတစ်အုပ်ရှိနေပြီး ညာဘက်လက်တွင် မှော်ဝင်လက်နက်များကို ကိုင်ဆောင်ထားသည်။ သူ့ခါးတွင် နတ်ဘုရားဆေးလုံးများချိတ်ဆွဲထားပြီး သူ့ရင်ဘတ်ထက်တွင်တော့ ဆရာသခင်တစ်ယောက်၏တန်ခိုးစွမ်းအားများ ပုန်းခိုလျှက်ရှိ၏။

လူငယ်လေးစွမ်းအားမြင့်မားလာသည့်တစ်နေ့တွင် မိစ္ဆာကြီး’ရန်’ ကို အနိုင်ယူပြီး ဖမ်းဆီးခံရသော အလှလေးကို ကယ်တင်ခဲ့သည်။

ထိုအတွေးများက ရန်ကျောက်ကဲခေါင်းထဲ ဖျတ်ခနဲ လှုပ်ရှားသွားသည့် ကြုံရာကျပမ်းအတွေးများသာဖြစ်သည်။ ခဏအကြာတွင် ရန်ကျောက်ကဲ သတိပြန်ဝင်လာပြီး ဟယ်ယင်ကို အကဲခတ်ရင်း အနည်းငယ်ထူးဆန်းစွာ ငေးကြည့်နေမိသည်။

ထိုအကြည့်များတွင် ရမ္မကဆန်ညစ်ညမ်းခြင်းများမပါဝင်သော်လည်း ဟယ်ယင်ကတော့ စိတ်မသက်မသာ ခံစားရဆဲပင်။

ဒါကိုမြင်တော့ လော့ကျင်းဟောင်နှင့် အခြားသူများ၏ မျက်နှာအမူအရာများ ထူးဆန်းသွားသည်။

မိန်းကလေးတစ်ယောက်ကို ဤသို့နှယ်ငေးစိုက်ကြည့်နေခြင်းက ထိုမိန်းကလေးနှင့်ပတ်သက်ပြီး ထူးခြားသောခံစားချက်မရှိဘူးဟု မည်သူက ထင်မှတ်ပါမည်နည်း။

ရန်ကျောက်ကဲကတော့ ဟယ်ယင်ကို ကြည့်နေရင်း...

“မိန်းကလေး... မင်းမှာ အရင်ကအသုံးမကျဘဲ အခုမှ စွမ်းအားတွေမြင့်မားလာတဲ့ ငယ်ရည်းစားများရှိသလား”

ဟု မေးမိလုနီးပါး ဖြစ်သွားသည်။

သို့သော် သူက ခေါင်းကိုအလျှင်အမြန်ခါယမ်းရင်း ရယ်မောလိုက်သည်။

လူအချို့နှင့်ကိစ္စရပ်အချို့ကို ပြန်စဉ်းစားမိပြီး သူတို့က အရေးပါသူများမဟုတ်တော့သဖြင့် စိတ်ပူပန်စရာမလိုကြောင်း နားလည်လိုက်သည်။ သူ့စိတ်ကူးထဲမှအတိုင်း ဖြစ်လာခဲ့လျှင်ပင် တည်ငြိမ်စွာဖြင့် သူလုပ်သင့်လုပ်ထိုက်သည်ကို ပြုလုပ်ရမည်သာပင်။

ပြီးတော့ စောစောက အတွေးပုံရိပ်များက သူ့ဦးနှောက်လှုပ်ရှားပြီး ရုတ်တရက်တုန်ခါသွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။

သူက ပြုံးကာ လက်ဝှေ့ယမ်းရင်း...

“မင်းအခု အနားယူလို့ရပါပြီ ၊ ‌လောလောဆယ် မင်းအတွက် ဘာမှလုပ်စရာမရှိပါဘူး”

ဟယ်ယင် အံ့အားသင့်သွားသော်လည်း ရန်ကျောက်ကဲပြောသည့်အတိုင်းလုပ်ရန်မှလွဲပြီး ရွေးချယ်စရာမရှိသဖြင့် ထွက်ခွာသွားလေသည်။

မိန်းကလေးထွက်ခွာသွားတော့မှ ရန်ကျောက်ကဲက လော့ကျင်းဟောင်နှင့် မိုးကြိုးဂိုဏ်းချုပ်ကိုကြည့်ရင်း...

“မင်းတို့တွေ အလုပ်လုပ်တာ တော်တယ်”

နှစ်ယောက်လုံးက သူ့ကို ဦးညွှတ်ရင်း...

“သခင်လေးက ယဉ်ကျေးနေပြန်ပါပြီ”

ထိုခဏတွင် သူတို့စိတ်ထဲ ရန်ကျောက်ကဲအပေါ် နားမလည်နိုင်ခြင်းများ ပိုမိုများပြားလာသည်။ နှစ်ယောက်သား စကားမပြောရဲကြသော်လည်း အတွင်းစိတ်ထဲမှာတော့ ပူပန်လှုပ်ရှားလျှက်ရှိ၏။

အနောက်ဘက်သို့ရောက်ရှိလာသော အပြာရောင်ငှက်သည်လည်း နှင်းကျောက်စိမ်းတောင်တန်းမှ မပြန်တော့ဘဲ ထိုနေရာတွင်သာ အခြေချနေထိုင်လေသည်။ သွေးနီတိမ်တိုက်ဂိုဏ်းမှလူများ မျှော်လင့်ချက်ကုန်ဆုံးသွားသော်လည်း အပြာရောင်ငှက် ဤနေရာတွင်နေထိုင်သည်ကိုကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲက မိစ္ဆာသားရဲများ၏သွေးကို အမှန်တကယ်သန့်စင်ပေးနိုင်ကြောင်း ဂိုဏ်းချုပ်နှစ်ယောက်လုံး နားလည်ခဲ့ရသည်။

မဟုတ်ပါက အပြာရောင်ငှက်အနေဖြင့် ရန်ကျောက်ကဲကို အနိုင်မယူဝံ့လျှင်တောင်မှ ဤနေရာတွင် အေးအေးဆေးဆေး ဆက်လက်နေထိုင်စရာ အကြောင်းမရှိပေ။

နဂါးစိမ်းတောင်မှ အစိမ်းရောင်အကြေးခွံနဂါး၏ သွေးစွမ်းအားက နဂါးအစစ်အမှန်၏ သန့်စင်သောသွေးမဟုတ်သလို မိုးကြိုးဂိုဏ်းမှ သွေးနှောမီးခြူးသည်လည် သွေးသန့်စင်သည် မိစ္ဆာသားရဲမဟုတ်ပေ။

အကယ်၍ သူတို့ဂိုဏ်းများတွင် ပိုင်ဆိုင်ထား‌သော မိစ္ဆာသားရဲသွေးများကို သန့်စင်ပေးနိုင်ပါက အလွန်တရာ အကျိုးကျေးဇူးများမည် ဖြစ်၏။ လက်ရှိဂိုဏ်းတွင်းအင်အားတိုးတက်လာရုံသာမက နောင်လာနောက်သား သားစဉ်မြေးဆက်တစ်ခုလုံး ထိရောက်စွာ အကျိုးခံစားရမည်ပင်။

အထူးသဖြင့် လော့ကျင်းဟောင်က ပို၍ စိတ်ထက်သန်လျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ရန်ကျောက်ကဲသည် အစိမ်းရောင်အကြေးခွံနဂါး၏ သွေးစွမ်းအားကို သန့်စင်မပေးနိုင်လျှင်တောင်မှ သူက နဂါးအစစ်၏ သွေးစွမ်းအားအနှစ်သာရကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား။

ရန်‌ကျောက်ကဲက ထိုနှစ်ယောက်၏အတွေးများကို ရှင်းရှင်းလင်းလင်းသိသော်လည်း စိတ်မဝင်စားပေ။

သူ့အနေဖြင့် မျောလွင့်ဝိညာဉ်ကမ္ဘာမှ မိစ္ဆာသွေးကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအကြောင်းကို အတော်လေး နားလည်သဘောပေါက်နေပြီ ဖြစ်သည်။

“မိစ္ဆာသားရဲတွေရဲ့သွေးကို သန့်စင်ပေးတယ်ဆိုတာ... အခုမှပေါ်လာတဲ့ ကျင့်စဉ်တစ်ခု မဟုတ်ပါဘူး”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးလေသံဖြင့် ဆိုသည်။

“မဟာကပ်ဘေးမတိုင်ခင်ကတည်းက အဲဒီကျင့်စဉ်က ရှိနေပြီးသားပါ ၊ ဒါပေမဲ့ သွေးသန့်စင်တဲ့သားရဲတွေကတော့ ကျင့်ကြံဖို့ မဖြစ်နိုင်ဘူးလေ”

ရန်ကျောက်ကဲ၏အသံက ခပ်တိုးတိုးဖြစ်သော်လည်း လော့ကျင်းဟောင်နှင့် အခြားသူများ ကြားရစေရန် လုံလောက်အောင် ကျယ်လေသည်။

ထိုစကားကိုကြားတော့ သူတို့နှစ်ယောက် ရန်ကျောက်ကဲကို ထိတ်လန့်တကြား မျှော်လင့်တကြီးဖြင့် လှမ်းကြည့်လိုက်ကြရင်း အသက်ပင်မရှုဝံ့အောင် ဖြစ်သွားရသည်။

ရန်ကျောက်ကဲက...

“မဟာကပ်ဘေးကြီးမတိုင်ခင်က ရှေးဟောင်းပညာရပ်တွေထဲမှာ ‘ဝိညာဉ်သန့်စင်အားဖြည့်နည်းလမ်း’ ဆိုတဲ့ မိစ္ဆာသားရဲတွေရဲ့သွေးစွမ်းအားကို သန့်စင်ပေးနိုင်တဲ့ နည်းလမ်းတစ်ခု ရှိတယ်”

ပြောရင်း သူက လော့ကျင်းဟောင်နှင့် မိုးကြိုးဂိုဏ်းချုပ်ကို တစ်ချက်အကဲခတ်လိုက်သည်။

“ငါက အဲဒီပညာကို အမှတ်မထင် ရရှိခဲ့တယ်”

လော့ကျင်းဟောင်နှင့် မိုးကြိုးဂိုဏ်းချုပ်တို့ တစ်ပြိုင်နက်တည်းအသက်ရှူရပ်သွားကြသည်။

‘ဝိညာဉ်သန့်စင်အားဖြည့်နည်းလမ်း’ ဆိုသောစကားလုံးကိုကြားသည်နှင့် သူတို့ သဘောပေါက်ပြီးသား ဖြစ်သည်။

မဟာကပ်ဘေးကြီး ပြီးဆုံးသည့်နောက် မျောလွင့်ဝိညာဉ်ကမ္ဘာမှ မိစ္ဆာသွေးကျင့်ကြံသူများသည် ကျင့်စဉ်လမ်းရှေ့ဆက်နိုင်ရန် အတော်လေး ရုန်းကန်ခဲ့ကြရသည်။ မဟာကပ်ဘေးမတိုင်ခင်က အကြွင်းအကျန်ပညာရပ်အနည်းငယ်ထဲမှ မိစ္ဆာသွေးကျင့်ကြံသူများအတွက် အသုံးဝင်မည့်အရာများကို စူးစမ်းရှာဖွေခဲ့ကြရသည်။

ထိုအကြွင်းအကျန်များထဲတွင် ‘ဝိညာဉ်သန့်စင်အားဖြည့်နည်းလမ်း’ ဆိုသောကျင့်စဉ်သည် နာမည်ကြားရုံမျှဖြင့် မိစ္ဆာသွေးကျင့်ကြံသူများ၏ စိတ်အာရုံကို စွဲဆောင်နိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် မဟာကပ်ဘေးမတိုင်မီမှ အကြွင်းအကျန်များသည် မိစ္ဆာသွေးကျင့်ကြံသူများအပေါ် သိသိသာသာ အကျိုးသက်ရောက်မှု ရှိသောကြောင့်ပင်။

သို့ပေသိ စိတ်မကောင်းစရာမှာ ‘ဝိညာဉ်သန့်စင်အားဖြည့်နည်းလမ်း’ သည် နာမည်သာသိခွင့်ရပြီး ပညာရပ်ကတော့ ဒဏ္ဍာရီထဲတွင် ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် မျောလွင့်ဝိညာဉ်ကမ္ဘာမှ ကျင့်ကြံသူများ စိတ်မကောင်းရုံမှလွဲပြီး ဘာမှမတတ်နိုင်ကြပေ။

‘ဝိညာဉ်သန့်စင်အားဖြည့်နည်းလမ်း’ ကို ကျင့်ကြံပါက အောင်မြင်မှုရရှိမည်ဟု အပြည့်အဝ အာမမခံနိုင်သော်ငြား တိကျသည့်အခြေအနေတစ်ခုအပေါ်မူတည်ပြီး ကြိုးစားကြည့်ရန် လိုအပ်သည်။

ထို့ကြောင့် လော့ကျင်းဟောင်တို့နှစ်ယောက်မှာ ထိုအကြောင်းကိုကြားသည်နှင့် သရေတမြားမြားဖြစ်နေတော့သည်။

ရန်ကျောက်ကဲက...

“မိစ္ဆာသွေးကျင့်ကြံသူတွေက သူတို့ခန္ဓာကိုယ်ထဲကမိစ္ဆာသွေးကို သန့်စင်ချင်တယ်ဆိုရင် မူလသွေးစွမ်းအား အလုံအလောက်ရှိရမယ် ၊ ပြီးရင် လျှို့ဝှက်နည်းလမ်းရဲ့ လမ်းညွှန်ချက်အတိုင်း သွေးအသစ်ကို ပြောင်းလဲရမယ် ၊ သွေးအသစ်နဲ့သွေးအဟောင်းက နောက်ပိုင်းမှာ ပေါင်းစည်းသွားလိမ့်မယ် ၊ ဒါပေမဲ့ မိစ္ဆာသားရဲတွေဆိုရင်တော့ အဲဒီကျင့်စဉ်ကို တန်းပြီး ကျင့်ကြံလို့ရတယ်”

ထိုစကားပြောပြီးသည်နှင့် ရန်ကျောက်ကဲက မည်သည့်စကားမှ ထပ်မပြောတော့ပေ။

အတန်ကြာမှ...

“သွေးဟောင်းနဲ့သွေးသစ်ပေါင်းစည်းပြီးရင် မင်းတို့တွေအနေနဲ့ ဖြစ်စဉ်ကို ကိုယ့်ဟာကိုယ် ခွဲခြမ်းစိတ်ဖြာကြည့်နိုင်တယ်”

လော့ကျင်းဟောင်နှင့် မိုးကြိုးဂိုဏ်းချုပ်မှာ ထိုကျင့်စဉ်အကြောင်း သိချင်လှသဖြင့် စိတ်ထဲယားကျိကျိဖြစ်နေကြေသော်လည်း ရန်ကျောက်ကဲက ဘာမှဆက်မပြောတော့သဖြင့် ဒီအတိုင်းသာ ပြန်သွားကြရသည်။

သူတို့နှစ်ယောက်ထွက်သွားတော့မှ ရွှီဖေးက...

“ငါတို့က အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်ကြရမှာမဟုတ်လား... ကျောက်ကဲ ၊ မင်းမှာ နှင်းကြိုးကြာဂိုဏ်းကို အားကောင်းလာအောင် မြှင့်တင်ပေးချင်တဲ့ဆန္ဒရှိတယ်ဆိုတာ ငါသိတယ် ၊ ဒါပေမဲ့ ဒီကမ္ဘာက မိစ္ဆာသွေးကျင့်ကြံသူတွေကို ‘ဝိညာဉ်သန့်စင်အားဖြည့်နည်းလမ်း’ ပေးလိုက်မယ်ဆိုရင် နှင်းကြိုးကြာဂိုဏ်းအတွက် ဘယ်လိုလုပ် အကျိုးရှိတော့မှာလဲ ၊ ပြီးတော့ သူတို့လက်ထဲ နဂါးအရိုးဆက်ရှိနေတာနဲ့တင် အန္တရယ်အတော်လေးများနေပါပြီ ၊ ပြောရရင် နဂါးစိမ်းတောင်ကတောင် သူတို့ကို အန္တရယ်ပေးချင်စိတ် ရှိနေနိုင်တယ်”

ရွှီဖေးက မျက်မှောင်အနည်းငယ်ကြုတ်ရင်း...

“ဒါမှမဟုတ်... ဒီ ‘ဝိညာဉ်သန့်စင်အားဖြည့်နည်းလမ်း’ ကို ‘စူး’ဂိုဏ်းချုပ်ကို ပေးခဲ့ဖို့ မင်း စဉ်းစားနေတာလား ၊ အဲဒါဆိုရင်လည်း မိစ္ဆာသွေးကျင့်ကြံသူတွေ နှင်းကြိုးကြာဂိုဏ်းကို ဝိုင်းဝန်းတိုက်ခိုက်ပြီး ကမ္ဘာ့ရန်သူဖြစ်လာနိုင်ခြေရှိတာကို မင်း သတိပြုသင့်တယ်”

“‘ဝိညာဉ်သန့်စင်အားဖြည့်နည်းလမ်း’ က အရမ်းအကျိုးအမြတ်ကြီးတဲ့အတွက် သူတို့က နှင်းကြိုးကြာဂိုဏ်းကို အန္တရယ်ပြုကြမှာပဲ ၊ အရင်က ရန်သူတွေဆိုရင်တောင်မှ ရန်ငြိုးတွေခဏဘေးဖယ်ထားပြီး ပူးပေါင်းတိုက်ခိုက်တာမျိုးတွေ လုပ်လာနိုင်တယ်”

ရွှီဖေး အတော်လေး စိုးရိမ်ပူပန်နေမိသည်။

“နောက် (၁၀)နှစ်နေရင် ငါတို့ကမ္ဘာနှစ်ခုကို ချိတ်ဆက်ထားတဲ့ ကောင်းကင်သက်တံ့နှစ်လွှာလည်း ပွင့်လာဖို့က မသေချာဘူး”

ရန်ကျောက်ကဲကပြုံးရင်း...

“မင်း စဉ်းစားတာ အဓိပ္ပါယ်ရှိပါတယ် ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ ဒါပေမဲ့ ဒေါ်လေး’ယွင်’ ကို လျှော့မတွက်သင့်ဘူး ၊ သူက မိစ္ဆာသွေးကျင့်ကြံသူတွေနဲ့ ကောင်းမွန်တည်ငြိမ်တဲ့ဆက်ဆံရေးကို ထိန်းထားနိုင်မှာပဲ ၊ ပြီးတော့ ငါတို့ ပြန်သွားတဲ့အချိန်မှာ ဒေါ်လေးယွင်ကို ပုပ်ပွနေတဲ့ အမှိုက်ပုံကြီးထဲမှာ ချန်ထားခဲ့မှာ မဟုတ်ပါဘူး”

ရွှီဖေးက ခေါင်းညိတ်ရင်း...

“မင်း ဒါတွေကို ထည့်စဉ်းစားထားတယ်ဆိုရင်တော့ ကောင်းပါတယ်”

ရုတ်တရက် တစ်စုံတစ်ယောက်ကြည့်နေသည်ဟု ခံစားရသဖြင့် လှည့်ကြည့်လိုက်တော့ သူ့ကိုငေးစိုက်ကြည့်နေသည့် ဖန်းယွင်ရှန်းကို တွေ့ရသည်။

ကြည့်နေသည်ကိုလူမိသွားသဖြင့် ဖန်းယွင်ရှန်းက ရှက်ကိုးရှက်ကန်းဖြင့် အကြည့်ကိုပြန်ရုတ်သိမ်းလိုက်၏။

ရန်ကျောက်ကဲက ပြုံးရင်း...

“ဘာလဲ... ငါ့မျက်နှာမှာ ပန်းတွေပွင့်နေလို့လား”

ဖန်းယွင်ရှန်းက ခေါင်းခါယမ်းလိုက်သည်။

သူမက စကားပြောချင်ဟန်ရှိသော်လည်း ခဏမျှ တုံ့ဆိုင်းနေလေသည်။ အတန်ကြာမှ သူမက ကြယ်တရာချီစွမ်းအားကို အသုံးပြုကာ အသံပို့လွှတ်စနစ်ဖြင့် စကားဆိုလိုက်သည်။

သူမအသံက ရန်ကျောက်ကဲနားထဲသို့ ဝင်ရောက်လာလေသည်။

“ဂိုဏ်းတူအစ်ကိုကြီး’ရန်’ ၊ ပြောရတာ နည်းနည်းတော့ရိုင်းသလိုရှိပေမယ့်... ရှင့်ကိုကြည့်ရတာ တစ်ခါတစ်လေ အရမ်းထူးခြားတယ်လို့ ခံစားရတယ်”

သူမက ဆက်ပြောသည်။

“ဘယ်လိုခံစားချက်မျိုးလဲဆိုတော့... ရှင်က ပတ်ဝန်းကျင်နဲ့ မကိုက်ညီသလို ခံစားရတယ် ၊ ပတ်ဝန်းကျင်မှာ အသံဗလံတွေ ဆူညံနေရင်တောင် ရှင်က တခြားသူတွေနဲ့ အေးအေးဆေးဆေး စကားပြောနေနိုင်တယ် ၊ ရှင့်ကိုကြည့်ရတာ မတူညီတဲ့ ကမ္ဘာနှစ်ခုမှာ တစ်ပြိုင်တည်းတည်ရှိနေသလိုပဲ ၊ တခြားသူတွေနဲ့မတူဘဲ ဒီကမ္ဘာနဲ့ကင်းကွာနေတယ်လို့ အမြဲခံစားရတယ်”

All Chapters