← Chapters

ပျောက်ဆုံးနေသည့်မှန်တစ်ခြမ်းတည်ရှိရာနေရာ

Vol. 32 Ch. 452

ပျောက်ဆုံးနေသည့်မှန်တစ်ခြမ်းတည်ရှိရာနေရာ

Vol. 32 Ch. 452

အခန်း (၄၅၂) ပျောက်ဆုံးနေသည့်မှန်တစ်ခြမ်းတည်ရှိရာနေရာ

ဖန်းယွင်ရှန်းကိုကြည့်ရင်း ရန်ကျောက်ကဲ အနည်းငယ်ထိတ်လန့်သွားသည်။

သူ့ကိုယ်သူ တည်ငြိမ်အောင်ကြိုးစားလျှက် ပြုံးလိုက်ရင်း...

“မင်း ဘာလို့ ဒီလိုတွေးရတာလဲ ၊ လူတိုင်း ပခုံးနှစ်ဖက်ကြားခေါင်းပေါက်ကြတဲ့သူတွေချည်းပဲလေ ၊ တခြားသူတွေနဲ့မတူဘူးဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဖန်းယွင်ရှန်း ခေါင်းခါယမ်းလိုက်သည်။  ဖွင့်ပြောပြီဆိုမှတော့ ဘာကိုမှ ထိန်းချုပ်ထားရန် မရည်ရွယ်တော့ပေ။

“ဒါက ကျွန်မရဲ့ ခံစားချက်သက်သက်ပါ ၊ သေချာတယ်လို့တော့ မဆိုနိုင်ပါဘူး ၊ ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က တခြားသူတွေနဲ့မတူဘူးဆိုတာက တခြားသူတွေ နားမလည်နိုင်တဲ့အရာတစ်ခုခုကို အမြဲတမ်းစဉ်းစားနေတယ်လို့ ခံစားရတာကိုပြောတာပါ”

သူမက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...

“တစ်ခါတစ်လေ... လူတွေအများကြီးကြားထဲမှာ ရှိနေတာတောင် ဂိုဏ်းတူအစ်ကိုကြီး’ရန်’ က ဒီလောကနဲ့ ကင်းကွာနေသလိုပဲ ၊ ရှင့်ကိုကြည့်ရတာ အရမ်းအထီးကျန်ဆန်သလို ခံစားရတယ်”

ရန်ကျောက်ကဲက ပြုံးနေရင်း...

“ခံစားရရုံပဲလား...”

ဖန်းယွင်ရှန်းက...

“တကယ်တော့ ဒီနှစ်ပိုင်းမှာ အဲဒီလိုမခံစားရတာ ကြာပါပြီ ၊ စောစောက သွေးနီတိမ်တိုက်ဂိုဏ်းက ‘ဟယ်ယွင်’ မိန်းကလေးကို ကြည့်နေတုန်းက အဲဒီခံစားချက်မျိုး ခံစားရတယ် ၊ အရင်တုန်းက တိမ်လွှာတောင်မှာ ဘီလူးဝိညာဉ်သံလိုက်သတ္တုသွေးကြောကိစ္စ ဖြေရှင်းနေတုန်းကလည်း အဲဒီလို ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးတယ်”

ဖန်းယွင်ရှန်းက ခေါင်းကိုအနည်းငယ်မော့ကာ ရန်ကျောက်ကဲကို သေသေချာချာ ကြည့်လိုက်သည်။

“ဘယ်လိုပြောရမလဲ ၊ ရှင့်မှာ အရမ်းကောင်းမွန်တဲ့အချိန်နဲ့ ပျော်ရွှင်မှုတွေရှိနေရင်တောင်မှ ရှင်တစ်ယောက်တည်းပဲ နားလည်နေသလိုမျိုးလေ ၊ အဲဒီပျော်ရွှင်မှုထဲမှာကို အထီးကျန်ခြင်းတွေနဲ့ အခြားသူတွေနဲ့မတူညီတာတွေ တွေ့မြင်နေရတယ် ၊ ရှင့်စိတ်ထဲ ဘာတွေတွေးနေသလဲဆိုတာ ဘယ်သူမှ နားမလည်နိုင်ဘူးလေ”

ရန်ကျောက်ကဲက ပြုံးနေဆဲဖြစ်သည့်တိုင် ချက်ချင်းစကားပြန်မပြောပေ။

သူက ခဏမျှစဉ်းစားနေပြီးမှ...

“အဲဒီတုန်းက ဟိုကောင်ကျောက်ဟိုအကြောင်း ထူးထူးဆန်းဆန်းစကားတွေ ပြောမိလို့ မင်း ဒီလိုခံစားရတာ ဖြစ်လိမ့်မယ် ၊ စိတ်ထဲသိပ်မထားပါနဲ့ကွာ ၊ လူတိုင်းမှာ ဒီလိုပဲ ကြုံရာကျပမ်းလျှောက်တွေးတဲ့ အခိုက်အတန့်တွေ ရှိတတ်ကြတာပဲ ၊ ငါလည်း တစ်ခါတလေတော့ လွတ်သွားတာ ရှိတာပေါ့”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကိုကြည့်ကာ ပြုံးလိုက်ရင်း...

“အင်း... ဟုတ်ပါတယ်လေ ၊ ကျွန်မ အတွေးလွန်နေတာ ဖြစ်မှာပါ”

ရန်ကျောက်ကဲကပြုံးလိုက်ပြီး ဖန်းယွင်ရှန်းထံမှ သူ့အကြည့်များကို ရုတ်သိမ်းလိုက်သည်။

ပြီးတော့ စားပွဲကို လက်ဖြင့်ခပ်သာသာပုတ်နေရင်း အဝေးဆီသို့ ငေးကြည့်နေပြန်သည်။ သူ့မျက်ဝန်းများက ဆုံချက်မဲ့လျှက် အတွေးလွန်နေဟန်ပင်။

ယခု ရန်ကျောက်ကဲကိုကြည့်ရသည်မှာ လောကကြီးနှင့်ပို၍ကင်းကွာပြီး အထီးကျန်ဆန်မှုက ပိုမိုပြင်းထန်လာသည်ဟု ဖန်းယွင်ရှန်း ခံစားရသည်။

ဘာကြောင့်မှန်းမသိ သူ့ကိုကြည့်ရင်း သူမရင်ထဲ ရုတ်တရက် နာကျင်ဝမ်းနည်းသွားသယောင်ပင်။

ထိုစိတ်ခံစားချက်ကြောင့် ဖန်းယွင်ရှန်းကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။

ဖန်းယွင်ရှန်းထံမှ ခံစားချက်အပြောင်းအလဲများကို အာရုံခံမိသည့်အခါ ရန်ကျောက်ကဲက သူမကို လှည့်ကြည့်လာပြန်သည်။

ရန်ကျောက်ကဲ၏ ရေကဲ့သို့တည်ငြိမ်သောမျက်ဝန်းများကို ရင်ဆိုင်လိုက်ရသည့်အခါ ဖန်းယွင်ရှန်းရင်ထဲမှ ခံစားချက်များ ရုတ်တရက်ငြိမ်သက်သွားသော်လည်း သူမနှလုံးသားထဲတွင် ခံစားချက်တစ်စုံတစ်ရာက ထင်ကျန်ရစ်ခဲ့သည်။

သူ့ရှေ့မှလူငယ်က ပျော့ညံ့အားနည်းသူတစ်ယောက်မဟုတ်သလို ကြေကွဲဝမ်းနည်းနေသူတစ်ယောက်လည်းမဟုတ်လေရာ သူ့ကို သနားနေစရာ အကြောင်းမရှိပေ။

တစ်ခါတစ်ရံ ကြုံရာကျပမ်းအတွေးများက သူ့ပတ်တန်းကျင်မှလူများကို အံ့အားသင့်သွားစေသည့်တိုင် စိတ်အခြေအနေကို ပြန်လည်ညှိနှိုင်းပြီး အေးဆေးစွာနေတတ်သူပင်။

သူမတွေးနေစဉ် ရန်ကျောက်ကဲက အကဲခတ်ဟန်ဖြင့် လှည့်ကြည့်လာတော့ ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း...

“ဘာလို့ကြည့်နေတာလဲ ၊ ကျွန်မမျက်နှာမှာတစ်ခုခုပေနေလို့လား”

သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက်အတန်ကြာစိုက်ကြည့်ရင်း ပြုံးလိုက်ကြသည်။ ပြီးမှ ရန်‌ကျောက်ကဲက ခေါင်းခါယမ်းရင်း သူ့အကြည့်များကို ပြန်လည်ရုတ်သိမ်းလိုက်သည်။

ယခုတစ်ကြိမ်တော့ ရန်ကျောက်ကဲအကြည့်များက လွင့်မျောမသွားတော့ဘဲ သူက မတ်တတ်ထရပ်လိုက်၏။

“ကဲ... ဒီ မျောလွင့်ဝိညာဉ်ကမ္ဘာကို ငါတို့ရောက်နေတာလည်း ကြာခဲ့ပြီ ၊ ကံကောင်းတာက ကြေးမုံမှန်တစ်ခြမ်းရဲ့ တည်နေရာကို ငါ သိရပြီ”

ဖန်းယွင်ရှန်းက...

“အဲဒါဘယ်မှာလဲဆိုတာ ရှင်သိပြီလား”

ရန်ကျောက်ကဲက...

“အင်း... သိပြီ”

စောစောက သူတို့နှစ်ယောက်က အသံပို့လွှတ်စနစ်ဖြင့်စကားပြောနေကြသဖြင့် သူတို့ပြောနေကြသည်များကို ရွှီဖေး ၊ အားဟူ ၊ ယင်လုန်ထူနှင့် စူးယွင်တို့က သိရှိကြခြင်း မရှိပေ။

သို့သော် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းအကြားလေထုသည် အနည်းငယ်သိမ်မွေ့သွားသည်ဟု လူတိုင်း အနည်းနှင့်အများ ခံစားကြရသည်။

သူတို့အနည်းငယ် သိချင်စိတ်ဖြစ်မိကြသော်လည်း ရန်ကျောက်ကဲ၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက် မရှိခဲ့ကြပေ။

***

ထို့နောက် ရန်ကျောက်ကဲက စူးယွင်နှင့်အတူ နှင်းကြိုးကြာဂိုဏ်း ဘိုးဘေးခန်းမအတွင်းမှ သီးခြားနယ်မြေထဲသို့ ဝင်ရောက်သွားသည်။

“ဒေါ်လေး’ယွင်’ ... ဒီနေရာက ဘယ်နေရာမှာရှိသလဲဆိုတာ သိနိုင်မလား”

သီးခြားနယ်မြေအတွင်းရှိ ကျောက်ဆောင်ထဲတွင် ကြေးမုံမှန်တစ်ချပ် ရှိနေလေသည်။

အရင်က ကျောက်ဆောင်ထဲတွင် ရှိနေသည့် မှန်တစ်ခြမ်းကို ကြေးမုံမှန်တစ်ခြမ်းဖြစ်သည်ဟု ရန်ကျောက်ကဲ ထင်ခဲ့မိသည်။ သို့သော် သေသေချာချာ စစ်ဆေးကြည့်သောအခါ ထိုအရာက ကြေးမုံမှန်တစ်ခြမ်းမဟုတ်ဘဲ ပုံရိပ်ယောင်ဖန်သားပြင်တစ်ခုသာဖြစ်သည်။

ထိုဖန်သားပြင်က ရန်ကျောက်ကဲ တောအုပ်ထဲမှယူလာသည့် ကြေးမုံမှန်တစ်ခြမ်းနှင့်ချိတ်ဆက်သွားပြီး ရေသားပမာ မျက်နှာပြင်တစ်ခုပေါ်လာသည်။ ထိုမျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာသော မှုံဝါးသည့်မြင်ကွင်းများသည် ယခုတော့ ကြည်လင်နေပြီဖြစ်လေသည်။

ကြေးမုံမှန်ထဲတွင် စိမ်းလန်းသောတောင်တန်း ၊ ကြည်လင်သောရေများစီးဆင်းနေသည့် ရေတံခွန်တစ်ခု မြင်ကွင်းကိုတွေ့မြင်ရပြီး အတော်လေး လှပသည့် မြင်ကွင်းပါပေ။

တကယ့်ကြေးမုံမှန်တစ်ခြမ်းက ထိုနေရာတွင် ရှိနေမည် ဖြစ်လေ၏။

စူးယွင်က တစ်ချက်ကြည့်ရုံဖြင့် ထိုနေရာကို သိရှိသွားသည်။

“အဲဒီနေရာက အရှေ့ဘက် ဟော်ချင်းတောင်တန်းနဲ့ ပေလုတောင်ထွတ် ဆက်စပ်နေတဲ့နေရာ ယောင်းချန်တောင် ၊ ရေတံခွန်ဒေသပါ”

ရန်ကျောက်ကဲက ‌ခေါင်းညိတ်ရင်း...

“ဒါဖြင့် ကျွန်တော် ယောင်းချန်တောင်ကို ခရီးထွက်မယ်”

စူးယွင်က သက်ပြင်းချရင်း...

“သခင်လေး... မျောလွင့်ဝိညာဉ်ကမ္ဘာက ပြန်တော့မလို့လား”

ရန်ကျောက်ကဲက...

“ကျွန်တော်အရင်က အကြံပေးခဲ့တာကို ဒေါ်လေး’ယွင်’ ပြန်စဉ်းစားပါဦး ၊ ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက တည်ငြိမ်တယ်လို့ မဆိုသာပေမယ့် နှင်းကြိုးကြာဂိုဏ်းအနေနဲ့ အဲဒီကို ရွှေ့ပြောင်းမယ်ဆိုရင် ပြဿနာမရှိနိုင်ပါဘူး ၊ မျောလွင့်ဝိညာဉ်ကမ္ဘာရဲ့ မြေပြင်အနေအထားနဲ့ ဝိညာဉ်စွမ်းအားလည်ပတ်မှုက ချီစွမ်းအားကျင့်ကြံသူတွေအတွက် အဆင်မပြေနိုင်ဘူးလေ”

သူက ဆက်ပြောသည်။

“ဒေါ်လေး’ယွင်’ နဲ့ ရုန်အာအတွက်က ထိခိုက်မှာမဟုတ်ပေမယ့် တခြားတပည့်တွေကျတော့ ချီစွမ်းအားကျင့်ကြံခြင်းကို ဆက်လုပ်ချင်တယ်ဆိုရင် မျောလွင့်ဝိညာဉ်ကမ္ဘာက မသင့်တော်ဘူး မဟုတ်လား”

စူးယွင်က ပြုံးရင်း...

“ကျွန်မ နှင်းကြိုးကြာဂိုဏ်းကိုတည်ထောင်ရတဲ့ ရည်ရွယ်ချက်က သခင်မလေးချန်ထားခဲ့တဲ့ အမွေအနှစ်သိုင်းပညာကို ဖြန့်ဝေပေးဖို့ပါ ၊ ကျွန်မရဲ့တပည့်တွေ သိုင်းတာအိုလမ်းကြောင်းအတိုင်း မှန်မှန်ကန်ကန် တိုးတက်နေတာကိုကြည့်ရင်း ဝမ်းသာမိပါတယ် ၊ သူတို့အားလုံးက သိုင်းတာအိုအပေါ် ခိုင်မြဲတဲ့သစ္စာတရားနဲ့ ဇွဲရှိရှိ ရပ်တည်ခဲ့ကြတယ်”

သူမက ဆက်ပြောသည်။

“တကယ်လို့ သူတို့တွေထဲမှာ သခင်လေး မျက်စိကျတဲ့သူရှိရင် ခေါ်သွားနိုင်ပါတယ် ၊ သူတို့ သခင်လေးရဲ့ ဂိုဏ်းထဲကို ဝင်ကြမယ်ဆိုရင်လည်း ကျွန်မက တားမြစ်မှာ မဟုတ်ပါဘူး”

“ဒါပေမဲ့ ကျွန်မကတော့ ဒီကနေ ဘယ်နေရာကိုမှ သွားမှာမဟုတ်ဘူး ၊ ကျွန်မရဲ့ ခင်ပွန်းက မိစ္ဆာသွေးကျင့်ကြံသူတစ်ယောက်ဖြစ်လို့ မျောလွင့်ဝိညာဉ်ကမ္ဘာက သူ့အတွက်သင့်တော်တဲ့နေရာပါ ၊ ပြီးတော့ ရုန်အာရဲ့ခင်ပွန်းလည်း အတူတူပဲလေ ၊ ကျွန်မ သမီးကိုလည်း မေးကြည့်ပြီးပြီ ၊ သမီးကလည်း မသွားချင်ဘူး ဒီနေရာမှာပဲ နေချင်တယ်တဲ့ ၊ ကျွန်မတို့သားအမိက သက်ရှိရင်းမြစ်ရုပ်ခန္ဓာပိုင်ဆိုင်ကြတဲ့အတွက် ကျင့်ကြံခြင်းအဆင့်တက်တာ ဆုတ်ယုတ်သွားမှာမဟုတ်ပါဘူး”

စူးယွင်က သက်ပြင်းချရင်း...

“ဒါပေမဲ့ ချန်အန်းနဲ့ တခြားအရည်အချင်းရှိတဲ့တပည့်တွေအတွက်တော့ နှမျောစရာပဲပေါ့”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နဲ့ သိုင်းပညာရှင်အဆင့်တွေမှာ... အထူးသဖြင့် ရှန်ထျန်းအဆင့်မရောက်သေးတဲ့ သိုင်းပညာရှင်တွေအနေနဲ့ ချီစွမ်းအားနဲ့ သွေးစွမ်းအားကျင့်ကြံတာကို အလေးပေးရမယ် ၊ သူတို့အတွက် အဲဒီအဆင့်မှာ အရမ်းကြာနေတာတို့ နောက်ကျသွားတာတို့ ဖြစ်နေမယ်ဆိုရင် ဘယ်လောက်အရည်အချင်းရှိရှိ အလကားဖြစ်သွားလိမ့်မယ် ၊ သာမန်လူတွေလို အသက်ကြီးလာတာနဲ့အမျှ သူတို့ရဲ့ ချီစွမ်းအားနဲ့ သွေးစွမ်းအားတွေက အဆက်မပြတ် ယိုယွင်းလာမှာပဲ မဟုတ်လား”

သိုင်းပညာကို အသက်ငယ်စဉ် စတင်သင်ယူနိုင်ခြင်းမရှိပါက လူတစ်ယောက်၏ အခြေခံအုတ်မြစ်ထိခိုက်သွားမည် ဖြစ်သည်။ ထို့ပြင် အသက်ကြီးသွားလျှင်လည်း သိုင်းပညာစတင်လေ့ကျင့်ရန် အဆင်မပြေပေ။

အသက်ကြီးမှ သိုင်းပညာသင်ယူပြီး အောင်မြင်သွားသူများ ရှိကြသော်လည်း တကယ်တမ်းတွက်ကြည့်လျှင် သူတို့စတင်ခဲ့သည့်အချိန်က ထင်သလောက် နောက်ကျခဲ့ခြင်း မရှိပေ။

မဟာကပ်ဘေးမတိုင်မီကပင် အသက် (၃၀) ဝန်းကျင်တွင် သိုင်းပညာရှင်အဆင့် မတက်ရောက်နိုင်ပါက သူတို့ဘဝတွင် သိုင်းဆရာသခင်ဖြစ်လာရန် မျှော်လင့်ချက်ကင်းမဲ့ပြီ ဖြစ်၏။

သိုင်းပညာထွန်းကားသောခေတ်ကာလကပင် ထိုသို့ဖြစ်သည်ဆိုလျှင် ယခုခေတ်တွင် ပြောနေစရာ မလိုတော့ပေ။

ရန်ကျောက်ကဲနှင့် သူ၏ဂိုဏ်းတူမောင်နှမများကတော့ ထိုကိစ္စအတွက် စိတ်ပူပန်စရာမလိုပေ။ ဝါဒတောင်သို့ ဝင်ရောက်နိုင်သည်ဆိုကတည်းက ပြင်ပလောကမှလူအများထက် ထူးချွန်သူများဖြစ်ကြပေသည်။ ထို့ပြင် ဝါဒတောင်မှ ကြီးမြတ်သောသိုင်းအမွေအနှစ်များနှင့် ကြွယ်ဝသောရင်းမြစ်ပစ္စည်းများအသုံးပြုကျင့်ကြံရမည်ဖြစ်ရာ အောင်မြင်မှုရရှိရန် ခက်ခဲမည် မဟုတ်ပေ။

သို့ပေသိ ဝါဒတောင်အပြင်ဘက်တွင်ရှိသော ပထမအဆင့် ၊ ဒုတိယအဆင့် စွမ်းအားစုများနှင့် ထို့ထက် အင်အားနည်းပါးသော စွမ်းအားစုများသာမက ကမ္ဘာတစ်ဝှမ်းများပြားလှစွာသော အိမ်တော်များ ၊ သိုင်းဂိုဏ်းငယ်များနှင့် သိုင်းသင်တန်းကျောင်းများမှလူများကတော့ အသက် (၃၀)တွင် သိုင်းပညာရှင်အဆင့်ရောက်ရှိရန်မှာ အလွန်မြင့်မားသော ပန်းတိုင်တစ်ခု ဖြစ်သည်သာ။

သက်ရှိရင်းမြစ်ရုပ်ခန္ဓာပိုင်ဆိုင်ထားသော စူးယွင်တို့သားအမိမှလွဲပြီး မျောလွင့်ဝိညာဉ်ကမ္ဘာမှ ချီစွမ်းအားကျင့်ကြံသူများသည်လည်း ဤသို့သောပြဿနာကို သေချာပေါက် ရင်ဆိုင်ကြရမည် ဖြစ်သည်။

ရန်ကျောက်ကဲက...

“ဒေါ်လေး’ယွင်’ စိတ်အေးအေးထားပါ ၊ ကျွန်တော် သူတို့အတွက် သင့်တော်တဲ့အစီအစဉ်တွေ လုပ်ပေးပါ့မယ်”

သူက ဆက်ပြောသည်။

“အခုတော့ ယောင်းချန်တောင်ကို ခရီးဆက်လိုက်ဦးမယ်ဗျာ”

All Chapters