အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁) မိုးကြိုးနှင့် ထိတွေ့ခြင်း
“သခင်မလေး... ဟိုမှာ ကြည့်ပါဦး။ ဟိုကောင်လေးက လီမုရဲ့ ဆိုင်က မဟုတ်လား၊ ကျွန်တော်တို့ကို ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားတွေ ရောင်းခဲ့တဲ့ ကောင်လေးလေ”
တံတားထိပ်တွင် ချင်လဲ့နှင့် ဖုန်းခိုင်တို့ တိုက်ခိုက်နေကြသည်ကို မြင်သောအခါ တံတား၏ အခြားတစ်ဖက်တွင် ရပ်နေသော အစေခံအိုကြီးသည် ကိုယ်အား အနည်းငယ် ကိုင်းညွတ်လိုက်ပြီး ဖြူလွသောအဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသမီးအား အလျင်အမြန် အကြောင်းကြားလိုက်၏။
ထိုအမျိုးသမီး၏ မျက်လုံးများမှာ ကြည်လင်သော သလင်းကျောက်များကဲ့သို့ပင် အညစ်အကြေး တစ်စုံတစ်ရာ ကင်းစင်နေပြီး အေးစက်ကာ မြင့်မြတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
သူမသည် ထိုနေရာတွင် တည်ငြိမ်စွာ ရပ်နေရုံမျှဖြင့် လှပသော မြင်ကွင်းတစ်ခုကို ဖန်တီးနေပြီး ထိုအလှတရားမှာ ညနေခင်း နေဝင်ဆည်းဆာ၏ အလှကိုပင် လွှမ်းမိုးသွားလေသည်။ သူမ၏ ရုပ်ရည်နှင့် အရှိန်အဝါကြောင့် ဘေးပတ်ဝန်းကျင်မှ လူများမှာ မိမိကိုယ်ကိုယ် နိမ့်ကျသည်ဟု ခံစားရပြီး သူမကို တည့်တည့်ပင် မကြည့်ရဲကြချေ။
“အရင် စောင့်ကြည့်ရအောင်” သူမက တည်ငြိမ်စွာ ပြောလိုက်၏။
အစေခံအိုကြီးသည် ခေါင်းညိတ်လိုက်သည်။ တံတားအဆုံးတွင် ရပ်တန့်လိုက်ပြီး ချင်လဲ့နှင့် ဖုန်းခိုင်တို့၏ တိုက်ပွဲကိုသာ ကြည့်နေကာ ယန်ချင်းဆုန်းကိုမူ တစ်ချက်မျှပင် လှည့်မကြည့်ချေ။
“တကယ့်ကို လှပတဲ့ မိန်းကလေးပဲ”
ယန်ချင်းဆုန်းသည် လှည့်ကြည့်လိုက်ရာ တစ်ချက်မျှ မြင်လိုက်ရုံနှင့် သူ၏ စိတ်မှာ တုန်လှုပ်သွားရ၏။ သူ၏ အမြင်အာရုံမှာ ထိုနေရာ၌ပင် ရပ်တန့်သွားသကဲ့သို့ ရှိနေပြီး အမျိုးသမီး၏ ခန္ဓာကိုယ်ထက်သို့ အာရုံများ ရောက်ရှိသွားကာ ငေးမောနေမိလေတော့သည်။
ရေခဲပြင်နန်းတော်အတွင်း၌ ယန်ချင်းဆုန်း၏ အဆင့်အတန်းမှာ သာမန်မဟုတ်ချေ။ သူသည် ယန်ကျိချန်း၏ ဝမ်းကွဲညီအစ်ကို ဖြစ်သဖြင့် လှပသော အမျိုးသမီးများစွာကို မြင်ဖူးခဲ့သော်လည်း ဤအမျိုးသမီးကဲ့သို့ မျက်စိပသာဒဖြစ်စေသူမျိုးအား မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ သူသည် စိတ်မထိန်းနိုင်ဘဲ ဝိညာဉ်လွင့်သွားသကဲ့သို့ ဖြစ်နေတော့သည်။
သူသည် အမျိုးသမီးကိုသာ စိုက်ကြည့်နေမိပြီး ချင်လဲ့နှင့် ဖုန်းခိုင်တို့၏ တိုက်ပွဲအပါအဝင် ကျန်ရှိသောအရာအားလုံးကို ခေတ္တမျှ မေ့လျော့နေခဲ့၏။
“ဖျစ်... ဖျစ်... ဖျစ်...”
ဖုန်းခိုင်၏ လက်ထဲရှိ ငွေရောင်သံလျက်မှ ထက်မြက်လှသော သံလျက်အလင်းတန်းများမှာ အဆက်မပြတ် ထွက်ပေါ်နေ၏။ ထိုအလင်းတန်းများမှာ အေးစက်စက် လျှပ်စစ်စီးကြောင်းများကဲ့သို့ ကျောက်တံတားပေါ်သို့ ကျရောက်ကာ ကျောက်သားများကို အက်ကွဲစေပြီး လွှင့်စင်သွားစေသည်။
ချင်လဲ့မှာမူ သစ်သားရုပ်ထုကို ကိုင်လျက် ငွေရောင်သံလျက်အလင်းတန်းများကြောင့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာအသေးစားလေးများ တစ်ချက်ပြီးတစ်ချက် ပေါ်ထွက်လာနေချေပြီ။
သစ်သားရုပ်ထုမှ ထွက်ပေါ်လာသော လျှပ်စစ်စွမ်းအားမှာ သူ၏ အရေးကြီးသော အစိတ်အပိုင်းများကိုသာ ကာကွယ်ပေးနိုင်၏။ သို့သော် ဖုန်းခိုင်၏ သံလျက်အလင်းတန်းများမှာမူ ငွေရောင်ချည်မျှင်များကဲ့သို့ နေရာအနှံ့ ပျံ့နှံ့နေသည်။ ၎င်းတို့သည် အရပ်မျက်နှာအနှံ့၊ ထောင့်ပေါင်းစုံမှ တိုက်ခိုက်နေသဖြင့် ချင်လဲ့အနေဖြင့် အားလုံးကို မကာကွယ်နိုင်ချေ။
ထက်မြက်လှသော ငွေရောင်အလင်းတန်းများ သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးစိုက်လိုက်တိုင်း သွေးထွက်သံယို ဒဏ်ရာသစ်တစ်ချက် ချက်ချင်း ပေါ်လာမြဲ ဖြစ်၏။
ဖုန်းခိုင်မှာ ဝိညာဉ်ပေါက်ဖွားခြင်း အစောပိုင်းအဆင့်တွင် ရှိနေပြီး ချင်လဲ့မှာမူ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ သို့ ရောက်ရှိကာစသာ ရှိသေးသည်။ သူတို့နှစ်ဦးကြားတွင် ကြီးမားသော အဆင့်ကွာဟချက် တစ်ဆင့် ရှိနေ၏။ ဝိညာဉ်စွမ်းအား၏ သိပ်သည်းမှုဖြစ်စေ၊ တိုက်ပွဲအတွေ့အကြုံဖြစ်စေ ချင်လဲ့သည် အားနည်းချက် ရှိနေသည်။
ထို့ပြင် ဖုန်းခိုင်၏ ဝိညာဉ်ပညာမှာ ပို၍ သန့်စင်ပါးနပ်၏။ သူ၏ ခြေလှမ်းများမှာ လေကဲ့သို့ လျင်မြန်ပြီး သံလျက်ကို ကိုင်တွယ်ပုံမှာလည်း ကောက်ကျစ်ကာ ရက်စက်လှသည်။ သူသည် ချင်လဲ့၏ အလစ်အငိုက်နေရာများမှနေ၍ အရေးကြီးသော အစိတ်အပိုင်းများကိုသာ အမြဲတမ်း ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်၏။
အကယ်၍ သစ်သားရုပ်ထုမှ ထွက်ပေါ်လာသော လျှပ်စစ်စွမ်းအားသာ ခိုင်မာသော ကာကွယ်မှု မပေးနိုင်ခဲ့လျှင် သို့မဟုတ် ချင်လဲ့၏ ခန္ဓာကိုယ်သာ အံ့မခန်း ကြံ့ခိုင်မနေခဲ့လျှင် သူသည် ဖုန်းခိုင်၏ လက်ထဲတွင် အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်သွားသည်မှာ ကြာလှပြီ ဖြစ်သည်။
“တောက်... တောက်...”
သူ၏ ရင်ဘတ်၊ ကျောပြင်နှင့် လက်မောင်းတို့မှ ပူနွေးသော သွေးစက်များမှာ တံတားပေါ်သို့ တစ်စက်ချင်း ကျနေ၏။ ၎င်းမှာ ကျောက်တံတားပေါ်တွင် သွေးပန်းပွင့်လေးများ ပွင့်လန်းနေသကဲ့သို့ပင်။
“ငါ့ရဲ့ နှင်းခဲသီချင်းသံလျက်က ထွက်တဲ့ အလင်းတန်းတွေအောက်မှာ မင်းရဲ့ ခန္ဓာကိုယ်က အပိုင်းပိုင်း မပြတ်သွားတာကို မြင်ရတာ တကယ်ကို အံ့သြဖို့ကောင်းတယ်” ဖုန်းခိုင်က ရယ်မောလျက် လှောင်ပြောင်လိုက်သည်။ “မင်းရဲ့ အရိုးတွေတောင် မကျိုးသေးဘူးပဲ။ မင်းရဲ့ ကြွက်သားတွေနဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ထားတဲ့ အဆင့်က ငါထင်ထားတာထက် ပိုမြင့်နေပုံရတယ်။ ဒါပေမဲ့လည်း မင်း သေရမှာကတော့ လွှတ်မှာမဟုတ်ဘူး”
ချင်လဲ့မှာမူ စကားတစ်လုံးမျှ ပြန်မပြောနိုင်ဘဲ တိတ်ဆိတ်နေ၏။ သူသည် သူ၏ အတွင်းရှိ ဝိညာဉ်စွမ်းအားကို မိုးကြိုးနှင့် လျှပ်စစ်စွမ်းအားတို့နှင့် ပေါင်းစပ်ကာ အပြင်းအထန် လည်ပတ်နေစေရန်သာ အစွမ်းကုန် အာရုံစိုက်ထားရသည်။
“ဝုန်း...”
ချင်လဲ့၏ ရင်ဘတ်အတွင်းမှ မိုးကြိုးသံများ ရုတ်တရက် ဟိန်းထွက်လာပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပ်စိုက်မှတ်များမှ ပေါက်ကွဲထွက်လာသော မိုးကြိုးစွမ်းအားများမှာ မြစ်ရေလျှံတက်လာသကဲ့သို့ တစ်ဟုန်ထိုး စီးဆင်းလာလေသည်။
“ဝုန်း... ဝုန်း... ဂျိန်း...”
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်စိုက်မှတ်အားလုံးမှ မိုးကြိုးသံများ ပြိုင်တူ ထွက်ပေါ်လာ၏။ ကြည်လင်တောက်ပနေသော ကောင်းကင်ကြီးအောက်တွင် မိုးကြိုးပစ်သံတစ်သံကို ကြားလိုက်ရလေသည်။
“ဂျိန်း...”
နေဝင်ဆည်းဆာ အလင်းရောင်အောက်တွင် ကောင်းကင်ဘုံ ကိုးထပ်၏ အနက်ရှိုင်းဆုံးနေရာမှ ပေါက်ကွဲထွက်လာသော မိုးကြိုးသံကြီးတစ်သံ ဟိန်းထွက်လာတော့သည်။
“ဂျိန်း... ဒလိန်း... ဖြန်း...”
တောက်ပနေသော ကောင်းကင်ယံမှ နဂါးတစ်ကောင်ကဲ့သို့သော လျှပ်စီးကြောင်းကြီးတစ်စင်း ချက်ချင်း ပေါ်ထွက်လာပြီး ကျောက်တံတားဆီသို့ အရှိန်အဟုန်ဖြင့် ထိုးစိုက်ကျလာလေသည်။
“ဒုန်း...”
ကုန်သွယ်ရေးလမ်းမနှင့် တောင်ဘက်မြို့ကို ဆက်သွယ်ထားသော ကျောက်တံတားမှာ ချက်ချင်းပင် ပေါက်ကွဲသွားပြီး မာကျောလှသော ကျောက်သားများမှာ ရာနှင့်ချီသော အပိုင်းအစများအဖြစ် လွင့်စင်သွားတော့သည်။
တံတားပေါ်တွင် ရှိနေသော ချင်လဲ့၊ ဖုန်းခိုင်နှင့် ယန်ချင်းဆုန်းတို့ သုံးယောက်လုံးမှာ ထိုနဂါးအသွင် လျှပ်စီးကြောင်းကြီး၏ ရိုက်ခတ်မှုကို တစ်ပြိုင်နက်တည်း ခံလိုက်ရပြီး ဖုန်မှုန့်များနှင့် ကျောက်စိုင်များကြားတွင် လွင့်စင်သွားကြ၏။ သုံးယောက်လုံးမှာ နာကျင်စွာ အော်ဟစ်လိုက်ကြပြီး အောက်ဘက်ရှိ ကျယ်ပြောသော မြစ်အတွင်းသို့ ပြိုင်တူ ကျသွားကြလေတော့သည်။
“ဟင်...”
ဖြူလွသောအဝတ်အစားနှင့် အမျိုးသမီး၏ မျက်လုံးများထဲတွင် အလွန်အမင်း အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာ၏။ သူမသည် ခေါင်းကို မော့ကြည့်ကာ ကောင်းကင်ယံသို့ ကြည့်လိုက်ပြီးနောက် ပျက်စီးသွားသော ကျောက်တံတားနှင့် အောက်ဘက်တွင် စီးဆင်းနေသော မြစ်ရေအား တစ်လှည့်စီ ကြည့်နေမိသည်။
မြစ်ရေစီးကြောင်းအတွင်း၌ ချင်လဲ့၊ ဖုန်းခိုင်နှင့် ယန်ချင်းဆုန်းတို့ကို မတွေ့ရတော့ချေ။ သူတို့သည် မြစ်အောက်ခြေသို့ နစ်မြုပ်သွားသည် သို့မဟုတ် ရေစီးကြောင်းနှင့်အတူ မျောပါသွားပုံရသည်။
“အခုလို ကောင်းကင်ကြီး ကြည်လင်နေတာကို ဘယ်လိုဖြစ်ပြီး မိုးကြိုးနဲ့ လျှပ်စစ်တွေ ရှိနိုင်ရတာလဲ” အစေခံအိုကြီးက အံ့သြတကြီး မေးလိုက်၏။ “တကယ့်ကို ထူးဆန်းတာပဲ။ ပြီးတော့ အဲဒီ လျှပ်စီးက ငါတို့ရှေ့က ကျောက်တံတားကို ကွက်တိပစ်အောင် ဘယ်လိုများ တိကျနေရတာလဲ”
“ကောင်းကင်ဘုံ ကိုးထပ်က မိုးကြိုးနဲ့ လျှပ်စစ်ဆိုတာ သဘာဝအလျောက် ဖြစ်ပေါ်လာတာ မဟုတ်ဘူး၊ တစ်စုံတစ်ယောက်က ဖန်တီးလိုက်တာပဲ” အမျိုးသမီးက အတန်ကြာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
“ဗျာ... တစ်စုံတစ်ယောက်က ဖန်တီးတာ ဟုတ်လား။ သခင်မလေး ဆိုလိုတာက...” အစေခံအိုကြီးမှာ ထိတ်လန့်သွားရသည်။
“လီမုဆိုင်က အလုပ်သင်လေးပဲ” အမျိုးသမီးက သေချာပေါက် ခေါင်းညိတ်ပြလိုက်၏။ “ကောင်းကင်ဘုံ ကိုးထပ်က လျှပ်စီးကြောင်းကြီး ကောင်းကင်ကနေ မကျလာခင်မှာပဲ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းကနေ မိုးကြိုးသံတွေ ဟိန်းထွက်လာတာ။ သူ ဘယ်လို ဆန်းကြယ်တဲ့ ပညာကို ကျင့်ကြံထားလဲဆိုတာ ငါ မသိပေမယ့်... သူ့ခန္ဓာကိုယ်ထဲက အပြောင်းအလဲကနေပဲ ဒီမိုးကြိုးနဲ့ လျှပ်စစ်တွေကို ဆင့်ခေါ်လိုက်တာဆိုတာ ငါ အတည်ပြုနိုင်တယ်”
အစေခံအိုကြီးမှာ အံ့သြတုန်လှုပ်လျက် ဆို၏။ “သခင်မလေးက တကယ်ကို ဗဟုသုတ ကြွယ်ဝတာပဲ။ ကျွန်တော်တို့ သွေးနီလှိုင်းတိုက်ကြီးပေါ်မှာ ဒီလောက်အထိ ကြမ်းတမ်းတဲ့ မိုးကြိုးဝိညာဉ်ပညာမျိုး ရှိလို့လား”
အမျိုးသမီးသည် မျက်ခုံးကို တွန့်ကာ အတန်ကြာ စဉ်းစားပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်း ခါပြလိုက်၏။ “သူက ဝိညာဉ်ပေါက်ဖွားခြင်းကိုတောင် မရောက်သေးဘူး၊ ဒါပေမဲ့ ကောင်းကင်ဘုံ ကိုးထပ်ရဲ့ မြင့်မြတ်တဲ့ မိုးကြိုးတွေကို လှုံ့ဆော်နိုင်နေပြီ။ ဒီလောက်အထိ အစွမ်းထက်ပြီး ကြမ်းတမ်းတဲ့ ကျင့်စဉ်မျိုးကို ငါ တစ်ခါမှ မကြားဖူးဘူး”
သူမ၏ စကားကြောင့် အစေခံအိုကြီးမှာ ပို၍ အံ့သြသွားရသည်။ ခဏအကြာတွင် သူက ဆို၏။ “ကောင်းကင်က မိုးကြိုးက ကျောက်တံတားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တာဆိုတော့... အဲဒီ သုံးယောက်က ဘယ်လိုဖြစ်သွားကြမလဲမသိဘူး...”
“မိုးကြိုးနဲ့ လျှပ်စစ်ကို ဆင့်ခေါ်လိုက်တဲ့ အလုပ်သင်လေးကတော့ အဆင်ပြေမှာပါ၊ ဒါပေမဲ့ ကျန်တဲ့ နှစ်ယောက်ကတော့... ပြောဖို့ ခက်တယ်။ မသေဘူးဆိုရင်တောင် အတော်လေးတော့ ခံစားသွားရလိမ့်မယ်” အမျိုးသမီးက ခပ်တိုးတိုး ပြန်ဖြေလိုက်၏။
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ပေါက်ကွဲသံကြောင့် ထိုဝေးလံသော နေရာဆီသို့ ကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
လူများ ရောက်လာပြီး တံတား ပျက်စီးသွားသည်ကို တွေ့သောအခါ အားလုံး အလွန်အမင်း အံ့သြသွားကြ၏။ သူတို့သည် မည်သည်များ ဖြစ်သည်ကို သိနိုင်ရန် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မေးမြန်းနေကြတော့သည်။
ထိုအချိန်တွင် အမျိုးသမီးနှင့် အစေခံအိုကြီးမှာ လမ်းကြောင်းပြောင်းလိုက်ပြီး အခြားတံတားတစ်စင်းမှတစ်ဆင့် ကုန်သွယ်ရေးလမ်းမဆီသို့ ဖြတ်ကျော်သွားကြလေသည်။
သူတို့နှစ်ဦးသည် လီမု၏ ဆိုင်ဆီသို့ တန်းတန်းမတ်မတ် လာခဲ့ကြ၏။
ဆိုင်အတွင်း၌ လီမုသည် မှီထိုင်ကုလားထိုင်ပေါ်တွင် ထိုင်လျက် ရှေ့နောက် လှုပ်ခါရင်း အပြင်ဘက်ကို မျက်လုံးမှေးကာ ကြည့်နေလေသည်။
အမျိုးသမီးနှင့် အစေခံအိုကြီး ဝင်လာသည်ကို မြင်သောအခါ လီမု၏ အမူအရာမှာ ပုံမှန်အတိုင်းပင် ရှိနေပြီး ပြုံးလျက် ဆိုသည်။ “မင်းတို့ နှစ်ယောက် ငါ့ရဲ့ ဆိုင်သေးသေးလေးကို ရောက်လာတာ ဒါ ဒုတိယအကြိမ်ပဲ။ ဒီတစ်ခါရော ဘာများ ကြည့်ချင်လို့လဲ”
“ကျွန်တော်တို့ အရင်တစ်ခါ ဝယ်သွားတဲ့ ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားမျိုးကိုပဲ ထပ်လိုချင်လို့ပါ။ ဒီတစ်ခါတော့ တစ်ပြားကို အခြေခံအဆင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးပေးပြီး ဝယ်ပါ့မယ်။ အချိန်အတော်ကြာသွားပြီဆိုတော့ လက်ကျန်ရှိသေးလား သိချင်ပါတယ်” အစေခံအိုကြီးက မေးလိုက်၏။
“ဈေးက နှစ်ဆ ဖြစ်သွားတာပဲ။ အင်း... မင်းတို့နှစ်ယောက် ဝိညာဉ်စုဆောင်းခြင်း တံဆိပ်ပြားရဲ့ စစ်မှန်တဲ့ တန်ဖိုးကို သိသွားပုံရတယ်” လီမုက ခပ်ဖွဖွ ပြုံးလိုက်ပြီး ဆိုသည်။ “လောလောဆယ်တော့ လက်ကျန် မရှိသေးဘူး။ ခဏကြာရင်တော့ ပစ္စည်းအသစ် ရောက်လာလိမ့်မယ်၊ နောက်မှ ပြန်လာခဲ့ပါဦး”
“ဒီနားက တောင်ဘက်မြို့ကို ဆက်ထားတဲ့ တံတားက အခုလေးတင် ကောင်းကင်မိုးကြိုးကြောင့် ပျက်စီးသွားတယ်။ ရှင်လည်း ကြားမှာပေါ့” အမျိုးသမီးက ရုတ်တရက် ပြောလိုက်၏။
“ကြားပါတယ်” လီမုက ခေါင်းညိတ်ပြကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ဒါပေမဲ့ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ”
“ခင်ဗျားဆိုင်က အလုပ်သင်လေး အဲဒီတံတားပေါ်မှာ ရှိနေခဲ့တာလေ။ ကျွန်တော်တို့ ခုနက လာနေတုန်းက သူ့ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတယ်” အစေခံအိုကြီးက ရှင်းပြလိုက်၏။
လီမု၏ မျက်ဝန်းများမှာ ကျုံ့သွားပြီး သူ၏ အမူအရာမှာလည်း ချက်ချင်းပင် တည်ကြည်သွားကာ ကုလားထိုင် လှုပ်ရှားနေခြင်းကို ရပ်တန့်လိုက်လေသည်။
အမျိုးသမီးနှင့် အစေခံအိုကြီးမှာ လီမုကို စူးစိုက်ကြည့်နေကြ၏။ သူတို့သည် လီမုထံမှ တစ်စုံတစ်ခုကို သိလိုနေခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ ကိုးထပ်၏ မိုးကြိုးနှင့် လျှပ်စစ်ကို ဆင့်ခေါ်နိုင်သော ချင်လဲ့မှာ သူတို့၏ စိတ်ဝင်စားမှုကို အကြီးအကျယ် ရရှိထားချေပြီ။ လီမု တစ်ခုခု သိနိုင်လိမ့်မည်ဟု ထင်မှတ်ကာ သူတို့သည် တိတ်ဆိတ်စွာ စောင့်ကြည့်နေကြခြင်း ဖြစ်၏။
လီမုသည် ရုတ်တရက် မျက်လုံးများကို မှိတ်လိုက်၏။
အမျိုးသမီးနှင့် အစေခံအိုကြီးတို့မှာ သူ့ကို စူးစိုက်ကြည့်နေကြသော်လည်း လီမု မျက်လုံးမှိတ်ထားသည့်အချိန်တွင် သူ၏ ခန္ဓာကိုယ်ထက်၌ ထူးခြားသော လက္ခဏာ တစ်စုံတစ်ရာကိုမျှ မတွေ့ရချေ။
“နောက်မှ ပြန်လာခဲ့ကြပါဦး၊ သွားကြပါတော့” လီမုက မျက်လုံးမှိတ်ထားဆဲမှာပင် ယဉ်ကျေးစွာဖြင့် ဧည့်သည်များကို ပြန်ခိုင်းလိုက်လေသည်။
အမျိုးသမီးနှင့် အစေခံအိုကြီး၏ မျက်လုံးများတွင် အံ့သြမှုများနှင့် ဇဝေဇဝါ ဖြစ်နေမှုများ ပေါ်ထွက်လာ၏။ သူတို့သည် ခေါင်းညိတ်ပြကာ မျက်မှောင်ကြုတ်လျက် လီမု၏ ဆိုင်အတွင်းမှ ထွက်သွားကြတော့သည်။
သူတို့ ထွက်သွားပြီး မကြာမီမှာပင် နောက်ဖေးဘက်မှ နှင်းဖြူရောင် ဝံပုလွေခွေးကြီးသည် တိတ်ဆိတ်စွာ လျှောက်လာလေသည်။
၎င်းသည် မျက်လုံးမှိတ်ထားသော လီမုကို ထူးဆန်းစွာ ကြည့်နေ၏။ လီမု၏ ခန္ဓာကိုယ်အတွင်းမှ တစ်စုံတစ်ရာသော လှုပ်ရှားမှုကို ခံစားမိ၍ လာရောက် စစ်ဆေးခြင်း ဖြစ်ပုံရသည်။
ခဏအကြာတွင် လီမုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး သူ၏ ပုံမှန် ပေါ့ပေါ့ပါးပါး အမူအရာသို့ ပြန်ရောက်သွား၏။ သူသည် ဝံပုလွေခွေးကြီးကို ကြည့်ကာ ခပ်တိုးတိုး ရယ်မောလိုက်ပြီး ဆိုသည်။ “ငါ တစ်ယောက်ယောက်ကို ရှာနေတာပါ။ မင်းကိုပါ နှောင့်ယှက်မိလိမ့်မယ်လို့ မထင်ထားဘူး။ အင်း... ဘာမှ မဖြစ်ပါဘူး၊ အဲဒီကောင်လေး အဆင်ပြေပါတယ်။ သူက အပေါ်ယံ ဒဏ်ရာ နည်းနည်းပဲ ရတာပါ၊ ဟားဟား”
ဝံပုလွေခွေးကြီးသည် အမြီးကို ခါပြလိုက်ပြီး ပျင်းရိဟန်ဖြင့် နောက်ဖေးဘက်သို့ ပြန်သွားကာ သစ်ပင်အောက်တွင် ဝပ်လျက် မျက်လုံးများကို ပြန်မှိတ်လိုက်လေတော့သည်။
......
မြူတိမ်ဆောင်သို့ ဦးတည်သွားသော လမ်းကြားတစ်ခုအတွင်း၌...
ချင်လဲ့သည် ရုတ်တရက် ပေါ်ထွက်လာ၏။ သူ၏ တစ်ကိုယ်လုံးမှာ ရေများ စိုရွှဲနေပြီး ကျောပြင်၊ ရင်ဘတ်နှင့် လက်မောင်းတို့တွင် သွေးထွက်သံယို ဒဏ်ရာများကို တွေ့ရ၏။ သူ၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပြီး လူအများ၏ အာရုံစိုက်မှုကို မခံရစေရန် လူသူကင်းမဲ့သော လမ်းကြားတစ်ခုတွင် ရပ်ကာ ပြင်းထန်သည့် နာကျင်မှုကို အံကြိတ် ခံစားနေရသည်။
“ယန်ချင်းဆုန်း၊ ဖုန်းခိုင်... မင်းတို့နှစ်ယောက် ဒီတစ်ခါ အသက်မသေဘူးဆိုရင်... နောက်တစ်ခါကျရင် ဒီထက် ပိုပြီး ပြင်းထန်တဲ့ အရသာကို ငါ ပေးလိုက်မယ်” ချင်လဲ့က အံကို ကြိတ်လျက် ရေရွတ်လိုက်၏။
ကောင်းကင်ယံမှ ကျဆင်းလာသော မိုးကြိုးနှင့် လျှပ်စစ်များသည် ကျောက်တံတားကို ချက်ချင်း ဖျက်ဆီးပစ်လိုက်ပြီး သူ့အပါအဝင် ယန်ချင်းဆုန်းနှင့် ဖုန်းခိုင်တို့အား မြစ်အတွင်းသို့ လွင့်စင်သွားစေခဲ့သည်။
ယန်ချင်းဆုန်းနှင့် ဖုန်းခိုင်တို့ မည်သို့ ဖြစ်သွားသည်ကို သူ မသိသော်လည်း သူ ရေထဲကျသွားသောအခါ ရေငုပ်ကာ အဝေးသို့ ကူးသွားခဲ့ခြင်း ဖြစ်သည်။ လူအားလုံး၏ အာရုံမှာ ပေါက်ကွဲမှုဆီသို့ ရောက်နေစဉ်မှာပင် သူသည် တိတ်တဆိတ် ကမ်းပေါ်သို့ တက်လာခဲ့ပြီး မြူတိမ်ဆောင်ဆီသို့ လျှောက်လာခဲ့ခြင်း ဖြစ်၏။
“ဒီတစ်ခါတော့ ငါ တကယ်ပဲ ကံကောင်းသွားတယ်။ ကောင်းကင်ဘုံ ကိုးထပ်ရဲ့ လျှပ်စီးတွေကို မမျှော်လင့်ဘဲ ဆင့်ခေါ်နိုင်ခဲ့လို့သာပေါ့။ မဟုတ်ရင်တော့ ဖုန်းခိုင်နဲ့ ယန်ချင်းဆုန်းတို့ရဲ့ လက်ထဲမှာ ငါ သေသွားနိုင်တယ်။ ငါ ကောင်းကင်မိုးကြိုး နှိမ်နှင်းခြင်းခန္ဓာကို မကျင့်ကြံရသေးဘဲနဲ့ ဘယ်လိုဖြစ်ပြီး ကောင်းကင်ဘုံ ကိုးထပ်က မိုးကြိုးတွေကို ဆင့်ခေါ်နိုင်တာလဲ။ ငါ့ခန္ဓာကိုယ်ရဲ့ လက်ရှိအခြေအနေအရ အဲဒီအဆင့်ကို မရောက်သေးဘူးလေ၊ ဘာလို့ ဒီလို ဖြစ်သွားရတာလဲ”
လမ်းကြားအတွင်း၌ ချင်လဲ့သည် မျက်မှောင်ကြုတ်လျက် တိတ်ဆိတ်စွာ တွေးနေမိပြီး သူ၏ အမူအရာမှာ ပို၍ ဇဝေဇဝါ ဖြစ်လာလေသည်။
“ဟင်... ငါ့ဆီမှာ ဘာလို့ ဒီလောက်ပြင်းတဲ့ သေရည်နံ့တွေ ထွက်နေရတာလဲ။ ငါ သေရည် မသောက်ထားပါဘူး၊ ဒီအနံ့က ဘယ်ကနေ ထွက်လာတာလဲ” ချင်လဲ့သည် ရုတ်တရက် သေရည်နံ့ကို ရလိုက်သဖြင့် သူ၏ အမူအရာမှာ ထူးဆန်းသွားပြီး သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်၏။ “ငါ့ရဲ့ ဒဏ်ရာတွေ၊ ဒီသေရည်နံ့က ငါ့ရဲ့ ဒဏ်ရာတွေကနေ ထွက်လာတာပဲ။ ဘာတွေ ဖြစ်နေတာလဲ။ ဒီသေရည်နံ့က ဦးလေးလီရဲ့ အလွန်ပြင်းတဲ့ သေရည်နံ့နဲ့ အတူတူပဲ”
ချင်လဲ့၏ မျက်နှာတွင် အလွန်အမင်း အံ့သြသွားသည့် အရိပ်အယောင်များ ပေါ်ထွက်လာလေတော့သည်။
အခန်း (၇၂) ရှေ့ဆက်ရမည့် အကြောင်းပြချက်
ချင်လဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ ပွင့်ဟနေသော ဒဏ်ရာများမှ ပြင်းရှလှသော သေရည်နံ့များ ထွက်ပေါ်လာပြီး လူသူကင်းမဲ့သော လမ်းကြားတစ်ခုလုံး ပျံ့နှံ့သွားရာ ချင်လဲ့မှာ ထိုရနံ့ကြောင့် အံ့အားသင့်လျက် မှင်သက်နေမိလေသည်။
သူ၏ လက်မောင်း၊ ရင်ဘတ်၊ ဝမ်းဗိုက်နှင့် ကျောပြင်တို့ရှိ ဒဏ်ရာအသေးစားလေးများမှာ တစ်မျိုးကြီး ယားကျိကျိ ခံစားနေရ၏။
သူသည် စိတ်ကိုစုစည်းကာ မိမိကိုယ်ကိုယ် အသေအချာ စစ်ဆေးကြည့်လိုက်သောအခါ မူလက သွေးထွက်နေသော ဒဏ်ရာများမှာ သွေးတိတ်သွားရုံသာမက အနာဖေးများပင် တက်နေပြီဖြစ်ကြောင်း အံ့သြတကြီး တွေ့ရှိလိုက်ရသည်။
အနည်းငယ်မျှသာ နက်ရှိုင်းသော ဒဏ်ရာအချို့မှာမူ အနာဖေးတက်ပြီးနောက် လျင်မြန်စွာပင် ပြန်လည်ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။
“ဒါက...”
လမ်းကြားအတွင်း၌ ချင်လဲ့သည် မိမိ၏ ဒဏ်ရာများကို ဇဝေဇဝါဖြင့် ကြည့်နေမိပြီး သူ၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။
“ဦးလေးလီရဲ့... ဦးလေးလီရဲ့ အလွန်ပြင်းတဲ့ သေရည်မှာ ဒီလို ထူးဆန်းတဲ့ အာနိသင်မျိုး ရှိနေတာလား”
အတန်ကြာမှ သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ရင်သွားပြီး လီမု၏ ဆိုင်ရှိရာဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။ သူ၏ မျက်လုံးများမှာ တောက်ပနေတော့သည်။
သူသည် မြူတိမ်ဆောင်သို့ အလောတကြီး မပြန်သေးဘဲ အနီးအနားရှိ ဆိတ်ငြိမ်သော နေရာတစ်ခုကို ရှာကာ တိတ်ဆိတ်စွာ ခေတ္တ ထိုင်စောင့်နေလိုက်၏။
ကောင်းကင်ကြီး မမှောင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံးမှာ သွေးတိတ်သွားခဲ့ချေပြီ။ တစ်ကိုယ်လုံး၌ ခံစားနေရသော ယားကျိကျိ ခံစားချက်နှင့် သေရည်နံ့များမှာလည်း အနာဖေးတက်လာသည်နှင့်အမျှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးစွန်းမှုများကို ဖယ်ရှားပြီးနောက် လရောင်အောက်တွင် မြူတိမ်ဆောင်သို့ ပြန်လာခဲ့၏။
ထိုညတွင် သူသည် သူ၏ အခန်းငယ်လေးအတွင်း၌ ဝိညာဉ်စွမ်းအားကို တိတ်တဆိတ် စုစည်းကာ ဒဏ်ရာများကို ကုသခဲ့သည်။ ဖုန်းခိုင် တိုက်ခိုက်ခဲ့သော ဒဏ်ရာအားလုံးမှာ အလွန်လျင်မြန်စွာ ပျောက်ကင်းသွားပြီး သူ့ကို ရက်ရှည်လများ ဒုက္ခမပေးနိုင်သည်ကို သူ တွေ့ရှိခဲ့ရ၏။
“ဦးလေးလီ... ဦးလေးက တကယ်ကို ထူးဆန်းတဲ့လူပဲ”
နောက်တစ်နေ့ နံနက်တွင် သူသည် ယောင်ထိုက်၏ ပန်းပဲဆောင်သို့ ပုံမှန်အတိုင်း သွားရောက်ကာ ယောင်ထိုက်၏ ဘေးတွင်နေ၍ ဝိညာဉ်ကုန်ကြမ်း အမျိုးမျိုး၏ ထူးခြားသော ဂုဏ်သတ္တိများကို လေ့လာသင်ယူနေခဲ့သည်။ ထို့ပြင် ယောင်ထိုက် ဝိညာဉ်လက်နက်များ ဖန်တီးရာတွင် ကူညီပေးရင်း လက်နက်တစ်လက်အား အရည်ကျိုပုံဖော်သည့် အဆင့်များကိုပါ နားလည်အောင် ကြိုးစားနေခဲ့၏။
မြူတိမ်ဆောင်အတွင်း၌ သတင်းများ ပျံ့နှံ့နေသဖြင့် ဖုန်းခိုင်နှင့် ယန်ချင်းဆုန်းတို့မှာ မိုးကြိုးပစ်ခံရပြီးနောက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သူ သိရှိရသည်။ ယနေ့တွင်မူ သူတို့နှစ်ဦးလုံးမှာ ယန်တယ်ဝူနှင့်အတူ ရေခဲပြင်နန်းတော်၏ ကုသရေးဂေဟာတွင် ဆေးကုသမှု ခံယူနေကြရဆဲ ဖြစ်၏။
“မိုးကြိုးပစ်တာတောင် မင်းတို့နှစ်ယောက် မသေဘူးဆိုတော့... မင်းတို့ရဲ့ အသက်က တကယ်ကို ပြင်းလှပါလား”
သူနှင့် ဖုန်းခိုင်၊ ယန်ချင်းဆုန်းတို့အကြားတွင် မည်သည့်အခါမျှ ပြန်လည်သင့်မြတ်နိုင်မည်မဟုတ်ကြောင်း ချင်လဲ့ သိထားသည်။ ထိုနှစ်ယောက် ဒဏ်ရာသက်သာလာသည်နှင့် သူ့ကို လက်စားချေရန် အခွင့်အရေး ထပ်မံရှာဖွေကြဦးမည်မှာ သေချာလှ၏။ “နောက်တစ်ခါကျရင်တော့ မင်းတို့ ဒီလောက် ကံကောင်းမှာ မဟုတ်တော့ဘူး”
......
အချိန်များ ကုန်ဆုံးသွားခဲ့ရာ လဝက်ခန့် ကြာမြင့်ခဲ့ချေပြီ။
ဤလဝက်အတွင်း ချင်လဲ့သည် နေ့ဘက်တွင် ယောင်ထိုက်နှင့်အတူ ပန်းပဲပညာကို သင်ယူပြီး၊ ညဘက်တွင်မူ သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို လေ့ကျင့်ပေးခြင်း သို့မဟုတ် ဝိညာဉ်တံဆိပ်ပြားများပေါ်တွင် ဝိညာဉ်အစီရင်များ ရေးဆွဲလေ့ကျင့်ခြင်းတို့ဖြင့် အပြင်းအထန် ကျင့်ကြံနေခဲ့သည်။
ယောင်ထိုက်၏ အနီးကပ် လမ်းညွှန်မှုကြောင့် သူသည် ဝိညာဉ်လက်နက် တစ်လက်ကို ဖန်တီးသည့် အဆင့်ဆင့်အား တဖြည်းဖြည်း ကျွမ်းကျင်လာခဲ့၏။ ဝိညာဉ်ကုန်ကြမ်း အမျိုးမျိုး၏ ဂုဏ်သတ္တိအားလုံးကိုလည်း အလွတ်ရအောင် မှတ်သားထားနိုင်ခဲ့သည်။ ဝိညာဉ်လက်နက်တစ်လက်ကို ကိုယ်တိုင် အရည်ကျိုဖော်စပ်ခြင်းမှလွဲ၍ ကျန်ရှိသော အဆင့်အားလုံးကို သူ တတ်မြောက်ခဲ့ချေပြီ။
သူ၏ ဝိညာဉ်ပင်လယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများကို သန့်စင်ပေးရင်း ဝိညာဉ်ပေါက်ဖွားခြင်းသို့ တက်လှမ်းရန် ပြင်ဆင်နေခဲ့သည်။
အခြေခံ ဝိညာဉ်အစီရင် လေးမျိုးဖြစ်သော စွမ်းအားမြှင့်တင်ခြင်း၊ ဝိညာဉ်စုဆောင်းခြင်း၊ ဝိညာဉ်သိုလှောင်ခြင်းနှင့် ကြံ့ခိုင်ခြင်းတို့အနက် သူသည် နောက်ထပ်တစ်ခုဖြစ်သော ဝိညာဉ်သိုလှောင်ခြင်းကို ထပ်မံ တတ်မြောက်သွားခဲ့၏။
သူ ရေးဆွဲသော ဝိညာဉ်သိုလှောင်ခြင်း အစီရင်မှာ ဝိညာဉ်တံဆိပ်ပြား၏ အလယ်ဗဟို၌ သူ၏ ဝိညာဉ်ပင်လယ်ကဲ့သို့သော ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးပေးနိုင်ပြီး လောကကြီးအတွင်းရှိ ဝိညာဉ်စွမ်းအားများကို စုပ်ယူသိုလှောင်ထားကာ နောက်ပိုင်းတွင် ပြန်လည် အသုံးပြုနိုင်စေခြင်း ဖြစ်၏။
သူသည် သူ၏ ဝိညာဉ်စွမ်းအားအားလုံးကို ဝိညာဉ်သိုလှောင်ခြင်း အစီရင်အတွင်းသို့ ထည့်သွင်းရန် ကြိုးစားခဲ့ရာ ၎င်းက အားလုံးကို စုပ်ယူနိုင်သည်အား တွေ့ရှိခဲ့ရသည်။
ဤတွေ့ရှိချက်က သူ့ကို အလွန်ပင် စိတ်လှုပ်ရှားသွားစေခဲ့၏။
အကယ်၍ ဝိညာဉ်စွမ်းအား အစိတ်အပိုင်းအချို့ကို ဝိညာဉ်သိုလှောင်ခြင်း တံဆိပ်ပြားအတွင်း၌ သိုလှောင်ထားနိုင်မည်ဆိုလျှင် တိုက်ပွဲအလယ်တွင် ဝိညာဉ်စွမ်းအား ကုန်ခန်းသွားသည့်အခါ ထိုတံဆိပ်ပြားမှတစ်ဆင့် ချက်ချင်း ပြန်လည်ဖြည့်တင်းပြီး တိုက်ခိုက်နိုင်မည် မဟုတ်လော။
ဤအတွေး ပေါ်လာသည်နှင့် သူသည် စိတ်အားတက်ကြွစွာဖြင့် စမ်းသပ်ရန် ပြင်ဆင်တော့သည်။
သူသည် ဝိညာဉ်သိုလှောင်ခြင်း တံဆိပ်ပြား သုံးပြားကို ဖန်တီးကာ တစ်ပြားစီတွင် သူ၏ ဝိညာဉ်စွမ်းအား အချို့ကို သိုလှောင်ထားလိုက်၏။ ထို့နောက် တစ်ပြားချင်းစီကို ပြန်လည် စမ်းသပ်ကြည့်ရာ တံဆိပ်ပြားအတွင်း သိုလှောင်ထားသော ဝိညာဉ်စွမ်းအားများကို တကယ်ပင် ပြန်လည် ထုတ်ယူနိုင်သည်အား တွေ့ရှိလိုက်ရသည်။
ဆိုလိုသည်မှာ သူ၏ အတွေးမှာ လက်တွေ့တွင် ဖြစ်နိုင်ချေ ရှိနေခြင်းပင်။
“ငါသာ ဒီလို ဝိညာဉ်သိုလှောင်ခြင်း တံဆိပ်ပြားတွေကို ဒါဇင်နဲ့ချီပြီး ဖန်တီးထားမယ်ဆိုရင်၊ တစ်ယောက်ယောက်နဲ့ တိုက်တဲ့အခါ ငါ့မှာ ကုန်ဆုံးမသွားတဲ့ ဝိညာဉ်စွမ်းအား အရင်းအမြစ်တစ်ခု ရှိနေသလို ဖြစ်မှာပဲ။ ဒါဟာ ဝိညာဉ်အားဖြည့်ဆေးတွေ သုံးတာထက်တောင် ပိုပြီး အစွမ်းထက်နေဦးမှာ”
သို့သော် သုံးရက်အကြာတွင် ချင်လဲ့သည် ကြီးမားသော ပြဿနာတစ်ခုကို သတိပြုမိလိုက်သည်။ ဝိညာဉ်သိုလှောင်ခြင်း တံဆိပ်ပြားအတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လျော့နည်းသွားခြင်းပင်။
ဝိညာဉ်စွမ်းအားကို ထာဝရ သိုလှောင်ထားရန်မှာ မဖြစ်နိုင်ချေ။
ဝိညာဉ်သိုလှောင်ခြင်း တံဆိပ်ပြား သုံးပြားတွင် ဝိညာဉ်စွမ်းအား ဖြည့်သွင်းရန်အတွက် သူ၏ ကျင့်ကြံမှုကို ရပ်နားကာ ကိုးရက်တိုင်တိုင် အချိန်ပေးခဲ့ရသည်။
သို့သော် နောက်ထပ် သုံးရက်အကြာတွင် တံဆိပ်ပြားအတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ တစ်ဝက်ကျော်ခန့် လွင့်စင်ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။
ဝိညာဉ်သိုလှောင်ခြင်း တံဆိပ်ပြားများသည် ဝိညာဉ်စွမ်းအားကို သိုလှောင်နိုင်သော်လည်း လုံလုံခြုံခြုံ ပိတ်လှောင်ထားနိုင်ခြင်း မရှိချေ။ သိုလှောင်ထားသော ဝိညာဉ်စွမ်းအားများသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လွင့်စင်သွားပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်၏။
အကယ်၍ သူသည် ထိုတံဆိပ်ပြားများတွင် ဝိညာဉ်စွမ်းအား ဖြည့်သွင်းရန် အချိန်နှင့် ခွန်အားများစွာ အကုန်ခံနေမည်ဆိုလျှင် သူ၏ ကျင့်ကြံမှုနှုန်းကို ထိခိုက်စေလိမ့်မည်။ ထို့ပြင် အပင်ပန်းခံ သိုလှောင်ထားသော ဝိညာဉ်စွမ်းအားများမှာလည်း တဖြည်းဖြည်း လွင့်စင်သွားမည် ဖြစ်သည်။
၎င်းမှာ တကယ်တမ်းတွင် တွက်ခြေမကိုက်လှချေ။
“အဘိုး ဖန်တီးခဲ့တဲ့ သစ်သားရုပ်ထုမှာလည်း ဝိညာဉ်သိုလှောင်ခြင်း အစီရင် ပါတာပဲ၊ အဲဒီထဲမှာလည်း သန့်စင်တဲ့ ဝိညာဉ်စွမ်းအား အလုံးအရင်း ပါခဲ့တယ်။ အဲဒီ စွမ်းအားတွေကရော အခုလိုမျိုး လွင့်စင်သွားမှာလားမသိဘူး”
ဤအတွေးနှင့်အတူ သူသည် ချင်ရှန်း ချန်ထားခဲ့သော သစ်သားရုပ်ထုကို ထုတ်ယူကာ အသိစိတ်ဖြင့် စစ်ဆေးကြည့်လိုက်၏။ ရှုပ်ထွေးလှသော ဝိညာဉ်အစီရင်အတွင်းရှိ တောက်ပသော ဝိညာဉ်စွမ်းအားလုံးကလေးကို ခံစားမိကာ ၎င်းအား အသေအချာ နားလည်အောင် ကြိုးစားကြည့်နေမိသည်။
အလွန်သေးငယ်လှသော ဝိညာဉ်စွမ်းအား အစိတ်အပိုင်းကလေးများမှာ ထိုတောက်ပသောအလင်းလုံးမှ လွင့်ထွက်လာပြီး သစ်သားရုပ်ထု၏ ပြင်ပသို့ ထွက်ကာ လောကကြီး၏ ဝိညာဉ်စွမ်းအားများအဖြစ်သို့ ပြောင်းလဲသွားသည်ကို သူ ခံစားလိုက်ရသည်...
“ဒါဆို သစ်သားရုပ်ထုထဲက ဝိညာဉ်သိုလှောင်ခြင်း အစီရင်ကလည်း အတူတူပဲပေါ့။ လွင့်စင်ပျောက်ကွယ်သွားတာကို မတားဆီးနိုင်ဘဲ အချိန်ကြာလာတာနဲ့အမျှ ဝိညာဉ်စွမ်းအားတွေ ဆုံးရှုံးနေမှာပဲ” ချင်လဲ့က ရုတ်တရက် ရေရွတ်လိုက်၏။ “ဒါဟာ သဘာဝရဲ့ နိယာမတစ်ခု ဖြစ်ပုံရတယ်၊ ပြောင်းလဲလို့ မရတဲ့ စည်းမျဉ်းတစ်ခုပေါ့။ သစ်သားရုပ်ထုထဲက ဝိညာဉ်စွမ်းအားတွေ အခုထိ လုံးဝ မကုန်သေးတာက အကြောင်းရင်း တစ်ခုပဲ ရှိနိုင်တယ်။ အဲဒီ ဝိညာဉ်စွမ်းအားက တကယ်ကို သန့်စင်ပြီး သိပ်သည်းလွန်းလို့ပဲ။ အစကတည်းက စပြီး အဆက်မပြတ် လျော့နည်းနေပေမယ့် အခုထိတော့ လုံးဝ ပျောက်ကွယ်မသွားသေးတာပဲ”
သူသည် မေးစေ့ကို ပွတ်သပ်ရင်း ခေတ္တ စဉ်းစားပြီးနောက် နောက်ထပ် အတွေးတစ်ခု ရလာသည်။ “ဒါပေမဲ့ ဒါဟာ အသုံးမဝင်တာတော့ မဟုတ်ဘူး။ တကယ်လို့ တစ်ယောက်ယောက်က တိုက်ပွဲတစ်ပွဲ ဆင်နွှဲရတော့မယ် ဆိုတာ သိရင်၊ ဒါမှမဟုတ် အန္တရာယ်ရှိလာနိုင်တဲ့ အချိန်ကို ကြိုသိနေရင် ဝိညာဉ်တံဆိပ်ပြား အချို့ကို ကြိုပြီး အားဖြည့်ထားလို့ ရတာပဲ။ ဝိညာဉ်စွမ်းအားတွေ လုံးဝ မလွင့်စင်ခင်မှာ အသုံးပြုလိုက်မယ်ဆိုရင် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်သေးတာပဲ”
......
“ဦးလေးဟန်... လင်မိသားစုဆီက သတင်းတစ်ခုခုများ ရသေးလား” ချင်လဲ့သည် ယနေ့တွင်လည်း ဟန်ချင်းယွီထံသို့ သွားရောက်ကာ ပုံမှန်အတိုင်း မေးမြန်းလိုက်၏။
လဝက်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်ရာ ယခုအခါ သူသည် အသက် ၁၇ နှစ် ပြည့်ခဲ့ချေပြီ။
သူ၏ အဘိုးဖြစ်သူ ချန်ထားခဲ့သော စာအရ ချင်လဲ့ အသက် ၁၇ နှစ် မပြည့်ခင်တွင် သူ့ကို လာရှာရန် လင်မြို့တော်သို့ ပြန်လာလိမ့်မည် ဖြစ်၏။ လင်မိသားစုဝင်များက သူ မြူတိမ်ဆောင်မှာ ရှိနေသည်ကို သိကြသဖြင့် အဘိုးပြန်လာသည့် သတင်းရသည်နှင့် သူ့ထံသို့ စာပို့ကာ အကြောင်းကြားကြမည်မှာ သေချာလှ၏။
ဟန်ချင်းယွီမှာ စာများအားလုံးကို စုဆောင်းကာ စီစဉ်ပေးရသော တာဝန်ခံ ဖြစ်၏။ အကယ်၍ လင်မိသားစုက စာပို့လိုက်လျှင် သူ့ထံသို့ ဦးစွာ ရောက်လာမည် ဖြစ်သည်။
“မရသေးဘူးကွ” ဟန်ချင်းရွေ့က ခေါင်းခါလျက် ဆိုသည်။ “ချင်လဲ့... ဒီလထဲမှာတင် မင်း ငါ့ဆီ လာမေးတာ ငါးကြိမ် ရှိပြီ။ တကယ်တော့ မင်း ဒီအထိ လာနေစရာ မလိုပါဘူး။ မင်းအဘိုးနဲ့ ပတ်သက်တဲ့ သတင်းတစ်ခုခု ရတာနဲ့ ငါ ကိုယ်တိုင် မင်းဆီ လာပြီး ပြောပြမှာပါ။ ဒီကိစ္စအတွက် အရမ်း စိုးရိမ်မနေပါနဲ့၊ ဒီကိုလည်း ခဏခဏ ပြေးမလာနဲ့ဦး”
“အခုထိ သတင်းမရသေးဘူးလား...”
သူသည် ဟန်ချင်းယွီ၏ ကျန်ရှိသော စကားများကိုပင် နားမထောင်တော့ဘဲ စိတ်ပျက်စွာဖြင့် ခေါင်းငိုက်စိုက်ကျသွား၏။ သူက တိတ်ဆိတ်စွာ တွေးနေမိသည်။ “ငါ အသက် ၁၇ နှစ်တောင် ပြည့်နေပြီ၊ ဒါပေမဲ့ အဘိုးက အခုထိ ပြန်မလာသေးဘူး။ အခြေအနေအရ ကြည့်ရင်တော့ တစ်ခုခု ဖြစ်နေပြီထင်တယ်။ အဘိုးက ပြောခဲ့ဖူးတယ်... ငါ အသက် ၁၇ နှစ် ပြည့်တဲ့အထိ သူ ပြန်မလာခဲ့ရင် သူ့အတွက် စိတ်မပူဖို့နဲ့ သူ့ကို လိုက်ရှာဖို့ မကြိုးစားဖို့။ ငါ့ကို ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်စေချင်ပြီး၊ အဆင့်တစ်ခုကို ရောက်လို့ ဝိညာဉ်နှိမ်နှင်းခြင်း ပုတီးစေ့ထဲက တံဆိပ်ကို ဖြည်နိုင်တဲ့အခါမှ ငါ့ရဲ့ မှတ်ဉာဏ်တွေ ပြန်ရပြီး ဘာဖြစ်ခဲ့တယ်ဆိုတာကို သိရလိမ့်မယ်တဲ့”
“ချင်လဲ့၊ ချင်လဲ့” ဟန်ချင်းယွီက ခပ်တိုးတိုး ခေါ်လိုက်၏။
“ဗျာ” ချင်လဲ့က စိတ်ပျက်အားငယ်နေသော အမူအရာဖြင့် မော့ကြည့်လိုက်၏။ “ဦးလေးဟန်... ဘာဖြစ်လို့လဲ”
“မင်းအဘိုးနဲ့ ပတ်သက်တဲ့ သတင်း မရသေးပေမယ့်၊ အမှောင်အသူရာ ခန်းမဆီကနေ မင်းအတွက် စာတစ်စောင် ရောက်နေတယ်။ ကြည့်လိုက်ဦး” ဟန်ချင်းယွီက ဝါဖျော့ဖျော့ စာအိတ်တစ်ခုကို ကမ်းပေးလိုက်ပြီး အံ့သြသလို မျက်လုံးများဖြင့် ဆိုသည်။ “မင်းက အမှောင်အသူရာ ခန်းမမှာတောင် သိတဲ့လူ ရှိလိမ့်မယ်လို့ ငါ မထင်ထားဘူးကွာ၊ ဟုတ်လား”
“မရှိပါဘူး” ချင်လဲ့လည်း ဇဝေဇဝါ ဖြစ်သွားရ၏။ စာအိတ်ကို ဖွင့်ကာ မျက်မှောင်ကြုတ်လျက် အတန်ကြာ ဖတ်ကြည့်ပြီးနောက်မှ သူ အမှန်တရားကို နားလည်သွားခဲ့သည်။
ဤစာမှာ လင်ယွီရှီးထံမှ ဖြစ်ပြီး သူမက အမှောင်အသူရာခန်းမမှ သူငယ်ချင်းတစ်ဦးကို အကူအညီတောင်းကာ ပို့လိုက်ခြင်း ဖြစ်၏။ သုသာန်ခုနစ်ပါးတောင်ကြားသည် အမှောင်အသူရာခန်းမနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိကြ၏။ ထို့ကြောင့် သူတို့၏ မျိုးဆက်သစ်လူငယ်များမှာ မကြာခဏ အတူတူ အလုပ်လုပ်ကြပြီး ရင်းနှီးမှု ရရှိတတ်ကြသည်။
မြူတိမ်ဆောင်မှာ အမှောင်အသူရာခန်းမ၏ လက်အောက်ခံ အဖွဲ့အစည်းတစ်ခု ဖြစ်သဖြင့် အမှောင်အသူရာ ခန်းမမှတစ်ဆင့် သတင်းစကား ပါးလိုက်ခြင်းမှာ အလွန်ပင် လွယ်ကူလှပေသည်။
လင်ယွီရှီး၏ စာမှာ အလွန်ရှည်လျားပြီး အကြောင်းအရာများစွာ ပါဝင်လေသည်။ သုသာန်ခုနစ်ပါးတောင်ကြားတွင် သူမ၏ ကျင့်ကြံခြင်း တိုးတက်လာပုံများနှင့်၊ သူမနှင့် ညီမဖြစ်သူတို့အပေါ် အဖွားကျိုက မည်မျှ အလေးထားသည်ကို ရေးသားထား၏။ သူတို့သည် တန်ဖိုးရှိသော ဝိညာဉ်ဆေးလုံးများကို သုံးနိုင်ရုံသာမက ရှားပါးလှသော ဆေးဖက်ဝင် အရည်များဖြင့်လည်း ခန္ဓာကိုယ်အား လေ့ကျင့်နိုင်သဖြင့် ကျင့်ကြံမှုနှုန်းမှာ အလွန်ပင် မြန်ဆန်လှပေသည်။
ယခုအခါ သူမသည် ဝိညာဉ်ပေါက်ဖွားခြင်းသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ညီမဖြစ်သူ လင်ရွှမ်းရွှမ်းမှာမူ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၉ သို့ ရောက်ရှိနေကာ မကြာခင် နယ်ပယ်ကျော်ဖြတ်နိုင်တော့မည် ဖြစ်၏။
လင်ယွီရှီးက သူမ၏ လွမ်းဆွတ်မှုကိုလည်း အရိပ်အမြွက် ရေးသားထားပြီး အချိန်အတန်ကြာလျှင် အဖွားကျိုအား လင်မြို့တော်သို့ ခဏပြန်ခွင့်ပြုရန် ယဉ်ကျေးစွာ တောင်းဆိုကြည့်မည်ဖြစ်ကြောင်း ပြောထား၏။
ထို့ပြင် သူမသည် ခန္ဓာကိုယ်လေ့ကျင့်ရေး အခန်းများမှ တိတ်တဆိတ် ရရှိထားသော ဆေးလုံးအချို့ကိုလည်း သိမ်းဆည်းထားပြီး သူမ ပြန်လာသည့်အခါ သူ့ကို ပေးမည်ဖြစ်ကြောင်းလည်း ပါရှိလေသည်။
“ဒါက အမှောင်အသူရာခန်းမက မဟုတ်ပါဘူး၊ သုသာန်ခုနစ်ပါးတောင်ကြားကပါ...” ချင်လဲ့က စာကို သိမ်းဆည်းလိုက်ရာ သူ၏ ရင်ထဲ၌ နွေးထွေးသွားရ၏။
လင်ယွီရှီး၏ စာထဲမှ နွေးထွေးလှသော စကားလုံးများက အဘိုးဖြစ်သူ ပြန်အလာကို စောင့်စားနေရသည့် သူ၏ နာကျင်မှုများအား သက်သာစေခဲ့သည်။
တစ်စုံတစ်ယောက်က သူ့ကို အမြဲတမ်း လွမ်းဆွတ်နေသည်၊ သူ့အကြောင်းကို အမြဲ တွေးတောနေသည်ဟူသော ခံစားချက်က သူ့အား ပျော်ရွှင်စေပြီး စိတ်သက်သာရာ ရစေခဲ့သည်။
“ဟားဟား... ဒါ လင်မိသားစုက သခင်မလေးဆီက ဖြစ်မယ်ထင်တယ်” ဟန်ချင်းယွီက ရယ်မောလျက် ချင်လဲ့၏ ပခုံးကို ပုတ်ကာ ပြောသည်။ “သုသာန်ခုနစ်ပါးတောင်ကြားဟာ အမှောင်အသူရာ ခန်းမနဲ့ အဆင့်တူပြီး မြူတိမ်ဆောင်ထက်တော့ ပိုပြီး အစွမ်းထက်တယ်။ ဒါပေမဲ့ မင်းအတွက် အဲဒီကို ရောက်ဖို့ အခွင့်အရေး မရှိဘူးလို့တော့ မဟုတ်ပါဘူး။ မင်းက ငယ်သေးတယ်၊ ငယ်ရွယ်ခြင်းဆိုတာ မင်းရဲ့ အလားအလာပဲ။ ဦးလေးဟန် ယုံကြည်တာကတော့ မင်း လင်မိသားစုက သခင်မလေးနဲ့ မုချ ပြန်တွေ့ရမှာပါ”
“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဦးလေးဟန်” ချင်လဲ့က ခေါင်းညိတ်လိုက်၏။ “တကယ်လို့ ကျွန်တော့်အဘိုးဆီက သတင်းရရင် ကျွန်တော့်ကို အသိပေးဖို့ မမေ့ပါနဲ့ဦး” သူသည် လှည့်ထွက်လာခဲ့၏။
ပျောက်ဆုံးနေသော ချင်ရှန်းနှင့် သူ့အပေါ် လွမ်းဆွတ်နေသော လင်ယွီရှီးတို့သည် သူ၏ ကြိုးစားမှုအတွက် တွန်းအားများ ဖြစ်လာခဲ့ချေပြီ။
နောက်ပိုင်းအချိန်များတွင် သူသည် ဝိညာဉ်အစီရင်များ ရေးဆွဲခြင်း၊ ဝိညာဉ်ပညာများ လေ့ကျင့်ခြင်း သို့မဟုတ် တိုက်ခိုက်ခြင်း စွမ်းရည်များကို ခွဲခြမ်းစိတ်ဖြာခြင်းတို့၌ စိတ်နှစ်ကာ ကြိုးစားနေတော့သည်။
သူ့ကို ကျမ်းစာမျှော်စင်၊ ကျင့်ကြံရေးကွင်းပြင်၊ တရားထိုင်ဆောင်နှင့် တိုက်ခိုက်ရေးခန်းမတို့တွင် မကြာခဏ တွေ့နိုင်လေသည်။
သူ စုဆောင်းထားသော မြူတိမ်ဆောင်၏ အမှတ်များမှာ လျင်မြန်စွာ လျော့နည်းသွားသော်လည်း ကျင့်ကြံခြင်းလမ်းစဉ်၏ ကဏ္ဍအသီးသီးအပေါ် သူ၏ ဗဟုသုတမှာမူ ပို၍ နက်နဲလာခဲ့၏။ သူ၏ တိုက်ပွဲအတွေ့အကြုံများမှာလည်း လျင်မြန်စွာပင် တိုးတက်လာခဲ့ချေပြီ။