အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း (၇၃) စုဆောင်းခြင်း
မြူတိမ်ဆောင်၏ ကျယ်ပြောလှသော အထူးပြုတိုက်ခိုက်ရေးခန်းမအတွင်း၌ တောင်ကုန်းအတုများ၊ သစ်တောများ၊ မြို့ပြလမ်းမများနှင့် မြစ်ချောင်းဧရိယာများအဖြစ် ပုံတူဖန်တီးထားရှိ၏။ ဤသည်မှာ ကျင့်ကြံသူများအနေဖြင့် ပတ်ဝန်းကျင်အမျိုးမျိုးတွင် တိုက်ခိုက်တတ်စေရန်နှင့် တိုက်ပွဲအတွေ့အကြုံများကို တိုက်ရိုက်တိုးတက်စေရန် အထောက်အကူပြုစေရန် ဖြစ်သည်။
“ဝူး... ဝူး... ဝူး...”
တောင်ကုန်းအတုဧရိယာရှိ ကျောက်ဆောင်များကြားတွင် လူရိပ်နှစ်ခုမှာ ဟိုဟိုသည်သည် လွင့်ပျံနေကြ၏။ အဖြူရောင်အလင်းတန်းနှစ်တန်းမှာ တစ်ခါတစ်ရံ တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့ကြပြီး၊ တစ်ခါတစ်ရံတွင်မူ ကျောက်တုံးကြီးများပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်ကာ ကျောက်သားများကို အပိုင်းပိုင်းကွဲအက်သွားစေသည်။
ရုတ်တရက် အဖြူရောင်အလင်းလုံးတစ်လုံးမှာ ကျောက်တုံးကြီးတစ်တုံးကို ထိမှန်ပြီး ရပ်တန့်သွားရာ ကောင်းယွီ ဖြစ်လာလေသည်။
“ကောင်းယွီ... မင်းနဲ့ငါနဲ့ ငါတို့ကျင့်ထားတဲ့ ပညာတွေကို မသုံးဘူးဆိုရင်တောင် မင်း ငါ့ကို အနိုင်ယူဖို့ ခက်လိမ့်မယ်” အခြားအဖြူရောင်အလင်းလုံးမှာလည်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ချွေးများရွှဲနေသော ချင်လဲ့ ဖြစ်လာလေသည်။
ယခုဆိုလျှင် သူသည် အနည်းငယ် အရပ်ရှည်လာပြီး ခန္ဓာကိုယ်မှာ အမြဲတမ်း ပိန်ပိန်ပါးပါးရှိနေသော်လည်း ယခင်ကဲ့သို့ သေးငယ်သည်ဟု မထင်ရတော့ချေ။
“မင်းကတော့ တကယ့် ထူးဆန်းတဲ့ကောင်ပဲ။ မင်းရဲ့ခန္ဓာကိုယ်က ဝိညာဉ်ပေါက်ဖွားခြင်း ရောက်နေတဲ့သူတွေထက်တောင် ပိုပြီး အားကောင်းနေသေးတယ်။ မင်းကို အနိုင်ယူဖို့က တကယ်ကို မလွယ်ဘူး” ကောင်းယွီက နှာခေါင်းရှုံ့လျက် ပြောလိုက်၏။ သူကိုယ်တိုင်လည်း ချွေးများ ရွှဲရွှဲစိုနေချေပြီ။
တိုက်ခိုက်ပြီးနောက် သူ၏မျက်နှာမှာ ပို၍ပင် ဖြူဖျော့နေပြီး ခုတင်ပေါ်မှ ထလာခါစ လူနာတစ်ဦးကဲ့သို့ ဖြစ်နေသဖြင့် မည်သည့် အချိန်တွင် လဲကျသွားမည်နည်းဟု လူများကို စိုးရိမ်စေ၏။
သို့သော် ချင်လဲ့မှာမူ ကောင်းယွီသည် မည်မျှ ကြောက်စရာကောင်းကြောင်းနှင့် ထိုဖြူဖျော့ဖျော့ ရုပ်ရည်အောက်တွင် မည်မျှ ကောက်ကျစ်ရက်စက်သော သတ်ဖြတ်ကွက်များ ရှိနေသည်ကို ကောင်းကောင်း သိထားသည်။
ဤကာလအတွင်း သူသည် နေ့ဘက်တွင် ယောင်ထိုက်ထံမှ ပန်းပဲပညာကို သင်ယူပြီး၊ တိုက်ခိုက်ရေးခန်းမတွင် ကောင်းယွီနှင့် မကြာခဏ လေ့ကျင့်တိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့်အကြိမ်က ဖုန်းခိုင်နှင့် တိုက်ပွဲဖြစ်ပြီးနောက် သူသည် တိုက်ပွဲအတွေ့အကြုံ လိုအပ်နေသည်ကို သတိပြုမိသဖြင့် ကျမ်းစာမျှော်စင်မှ စာအုပ်များ ငှားယူဖတ်ရှုခဲ့သည်။ သူ လေ့လာနေစဉ်မှာပင် ကောင်းယွီက သူ့ကို အနိုင်ယူလိုသဖြင့် တိုက်ခိုက်ရန် ဦးဆောင်ဖိတ်ခေါ်ခဲ့သည်။ သူကလည်း လိုလိုလားလား သဘောတူခဲ့ပြီး သူတို့နှစ်ဦး တိုက်ခိုက်ရေးခန်းမတွင် စတင်လေ့ကျင့်ခဲ့ကြခြင်း ဖြစ်သည်။
အစပိုင်းတွင် ကောင်းယွီသည် ငရဲကိုးထပ် လေလွင့်ဝိညာဉ်မှတ်တမ်းမှ အတတ်ပညာများကို သုံး၍ တိုက်ခိုက်ခဲ့သည်။ သို့သော် ချင်လဲ့၏ ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်းနှင့် တွေ့သည့်အခါတိုင်း အမြဲတမ်း ရှုံးနိမ့်ခဲ့ရ၏။
ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်းမှာ အမှောင် ဝိညာဉ်များ သို့မဟုတ် မကျေမချမ်း ဝိညာဉ်များကို အသုံးပြုသည့် ကျင့်စဉ်အားလုံးအတွက် အဆိပ်ပင် ဖြစ်သည်။ ကောင်းယွီအနေဖြင့် ထိုကျင့်စဉ်ကို သုံး၍ ချင်လဲ့အား တိုက်ခိုက်ခြင်းမှာ မိမိကိုယ်ကိုယ် အရှက်ခွဲရန် တောင်းဆိုနေသကဲ့သို့ပင် ဖြစ်နေ၏။
မကောင်းဆိုးဝါးများ သို့မဟုတ် အမှောင် ဝိညာဉ်များ ပေါ်လာတိုင်း ကောင်းကင်မိုးကြိုးနှင့် ထိတွေ့ပြီး ချက်ချင်း ပြာအဖြစ် ပြောင်းလဲသွားကြရသည်။
အကြိမ်ကြိမ် ရှုံးနိမ့်ပြီးနောက် ကောင်းယွီကိုယ်တိုင်ပင် ချင်လဲ့သည် သူ၏ အန္တရာယ်အရှိဆုံးလူ ဖြစ်သည်ကို ဝန်ခံခဲ့ရသည်။ သူသည် အရှုံးမပေးလိုသဖြင့် နောက်ထပ် နည်းလမ်းတစ်မျိုးနှင့် တိုက်ခိုက်ရန် အဆိုပြုခဲ့သည်။ သူသည် ငရဲကိုးထပ် လေလွင့်ဝိညာဉ်မှတ်တမ်းအား မသုံးတော့ဘဲ ချင်လဲ့ကလည်း ကောင်းကင်မိုးကြိုးနှိမ်နင်းခြင်းကို မသုံးရဟု သတ်မှတ်လိုက်ခြင်း ဖြစ်၏။
၎င်းမှာ ဝိညာဉ်စွမ်းအားနှင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုသက်သက်ကိုသာ အခြေခံသည့် တိုက်ပွဲ ဖြစ်သည်။
ကောင်းယွီတွင် တိုက်ပွဲအတွေ့အကြုံများစွာ ရှိသဖြင့် ဒုတိယအကြိမ် တိုက်ပွဲတွင် သူက အသာစီးရခဲ့ပြီး ချင်လဲ့ကို အကျပ်ရိုက်စေခဲ့သည်။
သို့သော် ချင်လဲ့၏ ခန္ဓာကိုယ်မှာ အလွန်တောင့်တင်းသဖြင့် သူသည် အမြဲတမ်း အရေးနိမ့်နေသော်လည်း လုံးဝ ရှုံးမသွားခဲ့ချေ။ ကောင်းယွီ၏ အဆက်မပြတ် တိုက်ခိုက်မှုများကို ခံယူပြီးနောက်တွင်လည်း သူ၏ခန္ဓာကိုယ်မှာ အပေါ်ယံ ဒဏ်ရာအချို့သာ ရရှိလေ့ရှိပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းကို ကြီးကြီးမားမား မထိခိုက်စေခဲ့ပေ။
ထို့ကြောင့် အစပိုင်းတွင် ချင်လဲ့သည် ကောင်းယွီ၏ ရိုက်နှက်မှုကို အမြဲခံရသော်လည်း ရှုံးနိမ့်ခြင်း မရှိခဲ့ချေ။
အကြိမ်ကြိမ် လေ့ကျင့်ပြီးနောက် ချင်လဲ့သည် လှည့်ကွက်များကို တဖြည်းဖြည်း တွေ့ရှိလာခဲ့ပြီး တစ်ဖက်သတ် အခြေအနေမှာ တဖြည်းဖြည်း ပြောင်းလဲလာခဲ့သည်။
သူ၏ တိုက်ပွဲအတွေ့အကြုံ တိုးတက်လာသည်နှင့်အမျှ သူ၏ တောင့်တင်းသော ခန္ဓာကိုယ်၏ အားသာချက်ကို အပြည့်အဝ အသုံးချနိုင်ခဲ့သည်။ သူသည် ခံစစ်မှ တိုက်စစ်သို့ ပြောင်းလဲလာပြီး သူ၏ တိုက်ခိုက်ပုံမှာ စနစ်ကျလာခဲ့ကာ ကောင်းယွီမှာမူ တဖြည်းဖြည်း ပင်ပန်းနွမ်းနယ်လာသည်ကို ပြသလာခဲ့သည်။
လတ်တလော လေ့ကျင့်ခန်းအချို့တွင်မူ ကောင်းယွီမှာ ချင်လဲ့၏ အနီးကပ် ပြင်းထန်သော တိုက်စစ်များကို မခံနိုင်တော့ဘဲ ပထမဆုံး ရှုံးနိမ့်သွားသူ ဖြစ်လာခဲ့ချေပြီ။
ကောင်းယွီတွင် မြူတိမ်ဆောင်၌ သူငယ်ချင်းမရှိချေ။ သူ၏ စရိုက်မှာ ဆန်းကြယ်ပြီး မှောင်မိုက်ကာ ဆက်ဆံရခက်သည်ဟု လူများကို ခံစားရစေသဖြင့် အခြားသူများနှင့် စကားပြောခဲလှသည်။
ချင်လဲ့နှင့် မကြာခဏ တိုက်ခိုက်လေ့ကျင့်ရာမှသာ သူတို့နှစ်ဦးမှာ တဖြည်းဖြည်း ရင်းနှီးလာကြခြင်း ဖြစ်သည်။ ချင်လဲ့မှာလည်း ကောင်းယွီအတွက် မြူတိမ်ဆောင်ရှိ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်လာခဲ့၏။
“မြူတိမ်ဆောင်ထဲမှာ ငါတို့အဆင့်တူ ကျင့်ကြံသူတွေထဲက ငါတို့ကို အနိုင်ယူနိုင်တဲ့သူ မရှိသလောက်ပဲ” ကောင်းယွီသည် ကျောက်တောင်ဘေးတွင် ရပ်ကာ သူ၏ တည်ကြည်သော မျက်နှာဖြင့် ဆိုသည်။ “ဒါပေမဲ့ ဒါက သေချာတာတော့ မဟုတ်ဘူး။ တိုက်ပွဲမှာ ပြောင်းလဲနိုင်တဲ့ အရာတွေ အများကြီးရှိတယ်။ ဝိညာဉ်လက်နက်တွေဆိုတာ တကယ့်ကို ကြီးမားတဲ့ အပြောင်းအလဲတစ်ခုပဲ။ တကယ်လို့ ပြိုင်ဘက်မှာ အဆင့်မြင့်တဲ့ ဝိညာဉ်လက်နက် အစွမ်းထက်တာတွေ ရှိနေမယ်ဆိုရင် အဲဒီအားသာချက်ကို သုံးပြီး ငါတို့နှစ်ယောက်လုံးကို အနိုင်ယူသွားနိုင်တယ်”
“မင်းရဲ့ ဝိညာဉ်လက်နက်ကလည်း သာမန်မှ မဟုတ်တာ။ မင်း အဲဒါကို သုံးပြီး ဝိညာဉ်ပေါက်ဖွားခြင်း အစောပိုင်းအဆင့်က လူတွေကိုတောင် အကျပ်ရိုက်စေနိုင်တာပဲ။ ငါ့ရဲ့ ပညာက မင်းအတွက် အဆိပ်ဖြစ်နေလို့သာပေါ့။ တကယ်လို့ မင်းသာ ငါ့ထက် နယ်ပယ်နည်းနည်းမြင့်တဲ့ တခြားဘယ်သူ့ကိုမဆို ရင်ဆိုင်ရရင် မင်း သူတို့ကို အလွယ်တကူ နှိမ်နင်းနိုင်မှာပဲ” ချင်လဲ့က ပြောလိုက်၏။
“အင်း... မင်းပြောသလိုပဲ” ကောင်းယွီက ခေါင်းညိတ်လိုက်သည်။ “ငါ့မှာ ဒီလို ဝိညာဉ်လက်နက် ရှိနိုင်သလို တခြားသူတွေမှာလည်း ရှိနိုင်တာပဲ၊ ဒါကြောင့် ငါတို့နှစ်ယောက်လုံး သတိထားရမယ်”
“ဘာလို့ ဒီလိုပြောရတာလဲ” ချင်လဲ့က မေးလိုက်၏။
“လတ်တလော အပြင်လောကက သိပ်မငြိမ်မသက် ဖြစ်နေတယ်။ အာတိတ်တောင်တန်းထဲက ဝိညာဉ်သားရဲတွေ ထွက်လာပြီး နယ်စပ်နားက ရွာငယ်လေးတွေနဲ့ မြို့တွေကို တိုက်ခိုက်နေတယ်လို့ ကြားရတယ်။ ငါတို့ ကောင်းမိသားစုဝင် အချို့လည်း ဝိညာဉ်သားရဲကိုက်လို့ သေကုန်ကြပြီ။ အဖေ ပြောတာတော့ ဝိညာဉ်သားရဲတွေရဲ့ လှုပ်ရှားမှုက အခုတလော ပုံမှန်မဟုတ်ဘူးတဲ့။ သူတို့ ကျက်စားတဲ့ ဧရိယာကလည်း အရမ်းကျယ်ပြန့်နေတယ်၊ တစ်ခုခုတော့ ထူးခြားတာ လုပ်ကြလိမ့်မယ်”
ကောင်းယွီက ဆက်လက်ရှင်းပြသည်။ “တကယ်လို့ ဘာမှ မထူးခြားဘူးဆိုရင် မြူတိမ်ဆောင်ကနေ ဝိညာဉ်သားရဲတွေကို နှိမ်နင်းဖို့ ကျင့်ကြံသူတွေကို စေလွှတ်လိမ့်မယ်။ ငါ့မှာ ရှိတဲ့ အမှတ်တွေလည်း အကုန်နီးပါး သုံးပြီးပြီဆိုတော့ တာဝန်တစ်ခုခု ယူဖို့ ပြင်နေတာ”
အမှတ် အကြောင်းကို ကြားလိုက်ရသောအခါ ချင်လဲ့၏ မျက်နှာမှာ ညှိုးငယ်သွားရ၏။ “ငါ့မှာ ရှိတဲ့ အမှတ်တွေလည်း ကုန်သလောက် ဖြစ်နေပြီ”
ကျမ်းစာဆောင်မှ စာအုပ်ငှားရန် အမှတ်များ လိုအပ်သလို ဆွဲအားအခန်း၊ တရားထိုင်ဆောင်နှင့် တိုက်ခိုက်ရေးခန်းမတို့ကို အသုံးပြုရန်အတွက်လည်း အမှတ်များ အသုံးပြုရသည်။
လတ်တလောတွင် သူသည် ထိုနေရာများသို့ မကြာခဏ သွားရောက်ခဲ့သဖြင့် အမှတ်အားလုံးနီးပါး ကုန်ဆုံးသွားခဲ့ချေပြီ။ ယနေ့ တိုက်ခိုက်ရေးခန်းမသို့ လာသည့်အခါ မှတ်ပုံတင်သည့်လူက သူ၏ အမှတ်မှာ ၉၃ မှတ်သာ ကျန်တော့ကြောင်း ပြောခဲ့၏။
မြူတိမ်ဆောင်မှ အမှတ်များ ရရှိရန်အတွက် ဝိညာဉ်သားရဲများ အမဲလိုက်ခြင်း၊ ဝိညာဉ်သတ္တုတွင်းများနှင့် ကုန်ကြမ်းများ ရှာဖွေခြင်း၊ ရန်သူ့ကျင့်ကြံသူများကို သတ်ဖြတ်ခြင်း စသည့် တာဝန်များအား ဆောင်ရွက်ရလေသည်။
မြူတိမ်ဆောင်၏ ကျင့်ကြံရေး အရင်းအမြစ်များကို အသုံးပြုလိုပါက အမှတ်များ ရှိရမည် ဖြစ်၏။ မဟုတ်ပါက ကျမ်းစာဆောင်၊ လက်နက်ဆောင်နှင့် အခြားသော ကျင့်ကြံရေးနယ်မြေများသို့ ဝင်ခွင့်မရှိချေ။
“မင်းက ယောင်ထိုက်နဲ့ အတူရှိနေတာဆိုတော့ အမှတ်တွေ ရဖို့ လမ်းစမရှိတာ သေချာတယ်။ မင်း လတ်တလောမှာလည်း ကျင့်ကြံတာ အရမ်းကြိုးစားနေတော့ မင်းရဲ့ အမှတ်တွေ ကုန်နေပြီဆိုတာ ငါ ခန့်မှန်းမိပါတယ်” ကောင်းယွီက စဉ်းစားပြီးနောက် ပြောလိုက်၏။ “ငါ အခြေအနေကို သွားမေးကြည့်ဦးမယ်၊ တာဝန်တွေ ရှိလားလို့။ တကယ်လို့ မင်းမှာ မကြာခင် ဘာမှ လုပ်စရာ မရှိဘူးဆိုရင် ငါနဲ့အတူ လိုက်ခဲ့လို့ ရတာပေါ့”
“အင်း... ဘာတာဝန်တွေ ရှိမလဲ အရင်ကြည့်ကြတာပေါ့” ချင်လဲ့က ခေါင်းညိတ်လိုက်၏။
ရုတ်တရက် ဘေးရှိ လမ်းမဧရိယာဘက်မှ ကျောက်တုံးတစ်တုံး လွင့်လာ၏။ ထိုကျောက်တုံးမှာ ကောင်းယွီ၏ ခြေသလုံးကို ထိမှန်သွားရာ ကောင်းယွီ၏ မျက်နှာမှာ အေးစက်သွားပြီး ခပ်ထိုးထိုး ဆိုသည်။ “ဘယ်က ခွေးမသားက ကျောက်ခဲနဲ့ လျှောက်ပေါက်နေတာလဲ”
“ဟေ့ကောင်... မင်း ဘာပြောလိုက်တာလဲ” လမ်းမဧရိယာဘက်မှ ကျင့်ကြံသူ လူငယ်အချို့ ခေါင်းပြူထွက်လာပြီး အရပ်ရှည်ရှည် လူတစ်ယောက်က အော်ဟစ်လိုက်၏။
“ဝေလီ... အဲဒီ ရူးနေတဲ့ ခွေးကို ဂရုမစိုက်ပါနဲ့၊ ငါတို့ သင်တန်းပဲ ဆက်လုပ်ရအောင်။” လျိုတင်းသည် နှင်းဆီနီရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး လမ်းထောင့်တွင် ရဲရဲဝံ့ဝံ့ ရပ်ကာ နှာခေါင်းကို ရှုံ့လျက် ပြောလိုက်၏။
ချင်လဲ့ လှည့်ကြည့်လိုက်ရာ ထိုအဖွဲ့မှာ လျိုတင်းနှင့် ဝေလီတို့ ဖြစ်နေသည်။ လျိုတင်းမှာ ဒုတိယခန်းမသခင် လျိုယန်ထောင်၏ သမီးဖြစ်ပြီး၊ ဝေလီမှာမူ အကြီးအကဲ ဝေရှင်း၏ သားဖြစ်၏။
ဝေရှင်းမှာ လျိုယန်တောင်၏ ဘက်တော်သားဖြစ်ပြီး လျိုယန်တောင်ကို မြူတိမ်ဆောင် အရှင်သခင်အဖြစ် ဆက်ခံရန် ထောက်ခံသူများထဲမှ တစ်ဦးလည်း ဖြစ်သည်။
ကောင်းယွီ၏ အမူအရာမှာ အေးစက်နေပြီး သူသည် လက်သီးဆုပ်ခန့်ရှိသော ကျောက်တုံးတစ်တုံးကို ရှာကာ ကောက်ယူလိုက်၏။ ထို့နောက် ဝေလီ၏ ရင်ဘတ်ကို ပစ်မှတ်ထားကာ ရုတ်တရက် ပစ်ပေါက်လိုက်လေသည်။
ထိုကျောက်တုံးမှာ လေဟုန်ကို ခွဲကာ ပြင်းထန်သော အရှိန်ဖြင့် လွင့်သွား၏။ အကယ်၍ ဝေလီသာ အထိမှန်ခံရလျှင် ရက်အနည်းငယ်ကြာ ခုတင်ပေါ်တွင် လှဲနေရမည်မှာ သေချာလှသည်။
ဝေလီ၏ ပါရမီမှာ သာမန်သာ ဖြစ်ပြီး ဝိညာဉ်သန့်စင်ခြင်း အဆင့် ၈ တွင်သာ ရှိသေးသဖြင့် ချင်လဲ့နှင့် ကောင်းယွီတို့ထက် အနည်းငယ် နိမ့်ကျ၏။ ကျောက်တုံးကြီး အရှိန်ဖြင့် လာနေသည်ကို မြင်သောအခါ သူ၏ မျက်နှာမှာ ပျက်သွားရလေသည်။
လျိုတင်းက အော်ဟစ်လိုက်ပြီး သူမ၏ ဘယ်ဘက်လက်ကို လျှပ်စီးကဲ့သို့ ဆန့်ထုတ်ကာ ထိုကျောက်တုံးအား မြဲမြံစွာ ဖမ်းယူလိုက်၏။ သူမ၏ ခန္ဓာကိုယ်မှာ အနည်းငယ်မျှသာ တုန်ခါသွားသည်။
သူမက နှာခေါင်းရှုံ့လိုက်ပြီး အေးစက်သော မျက်နှာဖြင့် ပြောလိုက်သည်။ “မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူက မြင်တဲ့လူတိုင်းကို လိုက်ကိုက်နေတဲ့ ရူးနေတဲ့ ခွေးတစ်ကောင်ပဲ။ ဝေလီ... သူတို့ကို လွှတ်ထားလိုက်စမ်းပါ။ သူတို့ နှစ်ယောက်လုံးက ဆင်းရဲသားတွေ၊ အမှတ်တွေလည်း အကုန် သုံးပစ်လိုက်ပြီ။ နောက်ရက်နည်းနည်းကြာရင် သူတို့ကို ကျင့်ကြံရေးနယ်မြေတွေမှာ မြင်ရတော့မှာ မဟုတ်ဘူး။ အခုတလော အပြင်မှာလည်း မငြိမ်မသက် ဖြစ်နေတော့ လူအများကြီးကို တာဝန်တွေ ပို့လိမ့်မယ်။ ဒီနှစ်ယောက်က အပြင်ထွက်သွားပြီး ပြန်မလာတော့တာမျိုးလည်း ဖြစ်နိုင်တာပဲ၊ အဲဒါကို ဘာလို့ ဂရုစိုက်နေမှာလဲ”
“သခင်မလေးတင်း ပြောတာ မှန်တယ်ဗျ” ဝေလီက သက်ပြင်းချရင်း အလျင်အမြန် ထောက်ခံလိုက်၏။
“နောက်တစ်ခါ မင်းတို့ရဲ့ ကျောက်ခဲတွေ လမ်းလွဲပြီး ငါ့ဆီ ရောက်လာဦးမယ်ဆိုရင်၊ ငါ ပြန်ပေးမှာက ကျောက်ခဲ မဟုတ်တော့ဘူး။ အဲဒီအစား ငါ့ရဲ့ မကျေမချမ်းဝိညာဉ်တွေရဲ့ အရသာကို ငါ ပေးမြည်းလိုက်မယ်” ကောင်းယွီက အေးစက်စွာ ပြန်ပြောလိုက်ပြီး ချင်လဲ့နှင့်အတူ ပခုံးချင်းယှဉ်ကာ ထွက်ခွာသွားတော့သည်။
နောက်ရက်များတွင် ချင်လဲ့သည် ယောင်ထိုက်ထံမှ ပန်းပဲပညာ သင်ယူနေစဉ် ကျင့်ကြံသူများသည် သူတို့၏ ဝိညာဉ်လက်နက်များကို ပြုပြင်ပေးရန် ယောင်ထိုက်ထံသို့ အဆက်မပြတ် လာရောက် တောင်းဆိုကြလေသည်။
“တာဝန် သွားရမယ့်လူတွေ အများကြီး ရှိပုံရတယ်ပဲ။ ဒီလောက် လူအများကြီးရဲ့ ဝိညာဉ်လက်နက်တွေ ပျက်စီးနေတာ တကယ်ကို စိတ်ရှုပ်ဖို့ကောင်းတယ်။ သူတို့က ငါ့ရဲ့ လက်နက်ဖန်တီးတဲ့ အချိန်တွေကို လာဖြုန်းနေကြတာပဲ” ယောင်ထိုက်က နေ့တိုင်း ညည်းညူနေ၏။ “တကယ်လို့ လက်နက်ရဲ့ ကုန်ကြမ်းက သိပ်ပြီး မပျက်စီးသေးရင် သုံးလို့ ရသေးတယ်၊ ဒါပေမဲ့ ဝိညာဉ်အစီရင် ပျက်စီးသွားပြီဆိုရင်တော့ အဲဒါကို ပြန်ပြင်ရမယ်။ ဝိညာဉ်အစီရင်ကို ပြုပြင်ရတာက သိပ်မလွယ်ဘူး၊ မင်းအတွက်တော့ အများကြီး နက်နဲလွန်းသေးတယ်။ နောက်ရက်နည်းနည်းလောက်တော့ မင်း လာစရာ မလိုတော့ဘူး”
ထို့ကြောင့် ချင်လဲ့မှာ နေ့ဘက်တွင် ခေတ္တမျှ လုပ်စရာ မရှိဖြစ်သွားရသည်။
“ချင်လဲ့... ဒီကို လာပြီး ငါနဲ့ စကားလာပြောဦး” ယနေ့တွင် ချင်လဲ့ မိမိ၏ အခန်းငယ်လေးသို့ ပြန်လာစဉ် ကျောက်ချန်း၏ အော်သံကို ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်ရာ ကျောက်ချန်းသည် သူမ၏ သုံးထပ်ဆောင်ငယ်လေး၏ ပြတင်းပေါက်တွင် မှီရပ်နေပြီး သူ့ကို လာရန် လက်ဟန်ပြနေသည်အား တွေ့လိုက်ရ၏။
“လာပြီ” ချင်လဲ့က ပြုံးလျက် ကျောက်ချန်း၏ အဆောင်ငယ်လေးဆီသို့ သဘာဝကျကျ လျှောက်သွားလိုက်သည်။
ဤကာလအတွင်း သူသည် ကျောက်ချန်းထံသို့ မကြာခဏ သွားရောက်ကာ စကားပြောလေ့ရှိသည်။ တစ်ခါတစ်ရံ ကျင့်ကြံခြင်းအကြောင်း၊ တစ်ခါတစ်ရံ အမှောင်အသူရာခန်းမ၏ အခြေအနေနှင့် တစ်ခါတစ်ရံ သုသာန်ခုနစ်ပါးတောင်ကြား၏ ထူးခြားသော ဂုဏ်သတ္တိများအကြောင်း စသည်ဖြင့်ပင်။
“အစ်မကျောက် အခုတလော ဘာတွေ အလုပ်များနေလဲ” ချင်လဲ့က ရောက်ရောက်ချင်း မေးလိုက်၏။
“ဝိညာဉ်ကုန်ကြမ်းတွေ စုဆောင်းနေတာ။ ငါနဲ့ သင့်တော်မယ့် ဝိညာဉ်လက်နက်တစ်လက်ကို ဖန်တီးပေးဖို့ တစ်ယောက်ယောက်ကို အကူအညီတောင်းမလို့၊ ဒါကြောင့် ဒီရက်ပိုင်းမှ မြူတိမ်ဆောင်ကို ပြန်ရောက်တာ” ကျောက်ချန်းသည် ညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ပျင်းရိသော အမူအရာဖြင့် ရှိနေ၏။ သူမက နဖူးပေါ်မှ ဆံပင်စများကို သပ်တင်ရင်း စိုးရိမ်တကြီးဖြင့် ဆိုသည်။ “ဟူး... ကုန်ကြမ်းတွေ အားလုံး စုပြီး ပို့လိုက်ပြီ။ ဒါပေမဲ့ အောင်မြင်မလားတော့ မသိဘူး။ တကယ်လို့ မအောင်မြင်ရင်တော့ ငါ သွားပြီပဲ”
မြူတိမ်ဆောင်မှ ကျင့်ကြံသူများအတွက် ဝိညာဉ်လက်နက်များ ရရှိရန်မှာ မခက်ခဲလှချေ။ လက်နက်ဆောင်တွင် အမှတ်များ အသုံးပြုကာ ရှာဖွေလဲလှယ်နိုင်၏။ သို့သော် လက်နက်ဆောင်ရှိ ဝိညာဉ်လက်နက် အများစုမှာ အဆင့်မမြင့်လှဘဲ ယောင်ထိုက် ဖန်တီးထားသော လက်နက်များသာ ဖြစ်သည်။
အကယ်၍ ဝိညာဉ်တံဆိပ်ပြား အလုံအလောက်ရှိလျှင် ကုန်သွယ်ရေးလမ်းမပေါ်ရှိ လက်နက်ဆောင်များတွင် အဆင့်မြင့်သော ဝိညာဉ်လက်နက်များကို ရွေးချယ်နိုင်လေသည်။
ထိုနေရာမှ ဝိညာဉ်လက်နက်များမှာ ယောင်ထိုက် ဖန်တီးထားသည်ထက် အရည်အသွေး ပိုကောင်းပြီး ပို၍လည်း အစွမ်းထက်၏။
သို့သော် ပို၍ စေ့စပ်သေချာပြီး ကိုယ်ပိုင်လမ်းစရှိသူများမှာမူ သူတို့ဘာသာ ဝိညာဉ်ကုန်ကြမ်းများ ရှာဖွေကာ ပန်းပဲပညာရှင်တစ်ဦးကို သီးသန့် မှာယူလေ့ရှိကြသည်။ သူတို့သည် မိမိတို့၏ ကျင့်ကြံခြင်းနှင့် ပညာရပ်အပေါ် မူတည်ပြီး မိမိနှင့် အသင့်တော်ဆုံးဖြစ်မည့် ထူးခြားသော ဝိညာဉ်လက်နက်တစ်လက်ကို ဖန်တီးခိုင်းကြခြင်း ဖြစ်၏။
အသုံးပြုသူ၏ ဂုဏ်သတ္တိများအပေါ် အခြေခံ၍ ဖန်တီးထားသော ဤဝိညာဉ်လက်နက်များမှာ ကျင့်ကြံသူများ စိတ်ကူးယဉ် အလိုချင်ဆုံး အရာများ ဖြစ်သလို သူတို့အတွက် အတန်ဖိုးရှိဆုံးနှင့် အသင့်တော်ဆုံးလည်း ဖြစ်သည်။
ကျောက်ချန်းနှင့် တုကျဲတို့နှစ်ဦးလုံး၏ ဖခင်များမှာ အမှောင်အသူရာခန်းမ၏ တပ်မှူးများ ဖြစ်ကြသဖြင့် သူတို့တွင် ထိုကဲ့သို့သော လမ်းစများ ရှိကြ၏။ သူတို့သည် အဆင့်မြင့် ပန်းပဲပညာရှင်များကို မိမိတို့အတွက် သီးသန့်လက်နက်များ ဖန်တီးခိုင်းနိုင်ကြသည်။
“တုကျဲက သူ့ရဲ့ ဝိညာဉ်ကုန်ကြမ်းတွေနဲ့ ငါ စုထားတဲ့ ကုန်ကြမ်းတွေကို ယူပြီး အမှောင်အသူရာခန်းမကို သွားပြီ။ သူက ငါ့ရဲ့ အခြေအနေကို ကောင်းကောင်းသိတော့ အဲဒီက ပန်းပဲပညာရှင်ကို အားလုံး ပြောပြလိမ့်မယ်။ ငါနဲ့ သင့်တော်မယ့် လက်နက်တစ်လက် ဖြစ်လာမလားဆိုတာကတော့... ဘယ်သူမှ အသေအချာ မပြောနိုင်ဘူး”
ကျောက်ချန်း၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေ၏။ “ဒါနဲ့ဆိုရင် သုံးကြိမ်ရှိပြီ။ တကယ်လို့ ဒီတစ်ခါပါ ထပ်ပြီး မအောင်မြင်ရင်တော့ ငါ ခံနိုင်ရည် ရှိပါဦးမလား မသိတော့ဘူး”
“နှစ်ကြိမ်တောင် မအောင်မြင်ခဲ့တာလား” ချင်လဲ့မှာ အံ့သြသွားရသည်။
“နင်က ဘယ်လိုထင်လို့လဲ”
ကျော့ရှန်းက မျက်နှာရှုံ့လျက် ဆိုသည်။ “လက်နက်ဖန်တီးရာမှာ ကျရှုံးနှုန်းက အောင်မြင်နှုန်းထက် အများကြီး ပိုများတယ်။ ဝိညာဉ်လက်နက်ရဲ့ အဆင့် မြင့်လေလေ ကျရှုံးနိုင်ခြေ ပိုများလေလေပဲ။ ဒါပေမဲ့ ထူးခြားမှုရှိဖို့နဲ့ ကိုယ့်ရဲ့ ပညာနဲ့ လုံးဝ လိုက်ဖက်ညီဖို့အတွက်ဆိုရင် တစ်ခါတစ်ရံမှာ ကျရှုံးမှုဆိုတဲ့ ခါးသီးတဲ့ ဆေးလုံးကို မျိုချရမှာပဲ”
သူမသည် ချင်လဲ့ကို ကြည့်ကာ အတင်းပြုံးလိုက်ပြီး ဆိုသည်။ “တကယ်တော့ ဒါက မဆိုးသေးပါဘူး။ တကယ်လို့ တုကျဲသာ ဒီတစ်ခါ မအောင်မြင်ရင် ဒါ သူ လေးကြိမ်မြောက် ကျရှုံးတာပဲ၊ သူက ငါ့ထက်တောင် ပိုပြီး အခြေအနေ ဆိုးသေးတယ်”
“ဟို... ကျရှုံးသွားရင် ပန်းပဲပညာရှင်က တာဝန်ယူရလား” ချင်လဲ့သည် စိတ်ထဲမှ အံ့အားသင့်သွားရသည်။
“ပန်းပဲပညာရှင်က ဘာတာဝန်ယူရမှာလဲ” ကျောက်ချန်းက ဇဝေဇဝါဖြင့် ဆိုသည်။ “ထိပ်တန်း ပန်းပဲပညာရှင်တွေတောင် ရာနှုန်းပြည့် အောင်မြင်မယ်လို့ အာမမခံရဲကြဘူး။ ကျရှုံးတာက ပုံမှန်ကိစ္စပဲ၊ အံ့သြစရာ မရှိပါဘူး။ လက်နက်ဖန်တီးတာ ကျရှုံးခဲ့ရင်တောင် ငါတို့က အခကြေးငွေ အချို့ကို ပေးရသေးတယ်။ ပန်းပဲပညာရှင်တွေက အလကား လုပ်ပေးတယ်လို့ နင် ထင်နေတာလား”
“ကျရှုံးရင်တောင် ပိုက်ဆံပေးရတာလား” ချင်လဲ့၏ မျက်ခုံးများ မြင့်တက်သွားရ၏။
“ဒါပေါ့။ အောင်မြင်တဲ့အခါ ပေးရတဲ့ နှုန်းထက် နည်းနည်း နည်းကောင်းနည်းနိုင်ပေမယ့် အခကြေးငွေကတော့ သေချာပေါက် ပေးရမှာပဲ” ကျောက်ချန်းက ခေါင်းညိတ်ပြကာ သဘာဝကျကျပင် ဆိုသည်၊ “အလကား လက်နက်ဖန်တီးပေးတဲ့ သူ မရှိဘူး။ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူတို့က အခကြေးငွေ ယူမှာပဲ။ ဒါဟာ ပန်းပဲပညာရှင်တွေရဲ့ လောကမှာ အခြေခံ စည်းမျဉ်းတစ်ခုပဲ”
အခန်း (၇၄) လက်နက်ဖန်တီးခြင်း၏ စွန့်စားရမှုများ
ပန်းပဲပညာရှင်များသည် မည်သည့်စွန့်စားမှုကိုမျှ တာဝန်ယူရန် မလိုပေ။ အောင်မြင်သည်ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ ပန်းပဲပညာရှင်မှာ အခကြေးငွေ ရရှိမြဲဖြစ်၏။ သူတို့သည် လက်နက်များကို အခမဲ့ ဖန်တီးပေးမည် မဟုတ်ချေ။
၎င်းမှာ ပန်းပဲပညာရှင်များ လောက၏ အခြေခံစည်းမျဉ်း ဖြစ်သည်။
“ကျွန်တော် ဆရာကြီးယောင်နောက် လိုက်လာတာ အတော်ကြာပါပြီ။ သူ့ရဲ့ အောင်မြင်နှုန်းက အရမ်းမြင့်တယ်၊ သူ ကျရှုံးတာမျိုး သိပ်မရှိဘူး” ချင်လဲ့က ဆိုလိုက်၏။
“ဆရာကြီးယောင် ဟုတ်လား” ကျောက်ချန်း၏ အမူအရာမှာ ထူးဆန်းသွား၏။ “အဲဒါကို မေ့ထားလိုက်စမ်းပါ။ တကယ့် ပန်းပဲပညာရှင်တွေရဲ့ မျက်လုံးထဲမှာတော့ သူက လက်ခံနိုင်စရာ မရှိပါဘူး”
“ဘယ်လိုဖြစ်လို့လဲ”
“သူ့ရဲ့ အောင်မြင်နှုန်း မြင့်နေရတဲ့ အကြောင်းရင်းက သူက ကျင့်ကြံသူတစ်ယောက်ရဲ့ လိုအပ်ချက်၊ အဆင့်နဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ၊ နောက်ပြီး သူတို့ကျင့်တဲ့ ပညာတွေကို ထည့်မတွက်ဘဲ သူလုပ်ချင်သလိုပဲ အမြဲလုပ်လို့ပဲ။ ဥပမာပြောရရင် အပ်ချုပ်ဆရာတစ်ယောက်က အဝတ်အစားတစ်ထည် ချုပ်တဲ့အခါ ကိုယ်တိုင်းမယူဘဲ သူ့စိတ်ကြိုက်ပဲ ချုပ်လိုက်မယ်ဆိုရင် အဲဒီအဝတ်က ချုပ်ရတာ အရမ်းလွယ်မှာပေါ့၊ ဟုတ်တယ်မလား”
“ဟုတ်ပါတယ်”
“ချုပ်ထားတဲ့ အဝတ်က အဝတ်ပါပဲ၊ ဒါပေမဲ့ ဝတ်မယ့်သူက ဝတ်ရတာ အဆင်မပြေဘူးဆိုရင် သူ အဲဒါကို ဝတ်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား”
“အင်း”
“တကယ့် ပန်းပဲပညာရှင်က သူလုပ်ချင်သလို မလုပ်ဘူး။ ကျင့်ကြံသူရဲ့ အရာအားလုံးကို ထည့်စဉ်းစားတယ်။ သူတို့ရဲ့ အဆင့်၊ ကျင့်တဲ့ ပညာ၊ ခန္ဓာကိုယ် သန်မာမှု၊ အရပ်အမောင်း၊ လက်အရွယ်အစား၊ လက်ချောင်းတွေရဲ့ အထူအပါးအထိ စဉ်းစားရတာ” ကျောက်ချန်း၏ အမူအရာမှာ တည်ကြည်သွား၏။ “ဒါမှသာ ထွက်လာတဲ့ လက်နက်က ကျင့်ကြံသူရဲ့ လက်နဲ့ ထိတွေ့တဲ့အခါ သက်သောင့်သက်သာ ရှိမှာဖြစ်သလို အသုံးပြုတဲ့အခါမှာလည်း အဲဒီလက်နက်က အသုံးပြုသူရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုလို ဖြစ်နေပြီး ကျင့်ကြံသူရဲ့ စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်ပေးနိုင်မှာ”
ကျောက်ချန်းက ခပ်ပါးပါး ပြုံးလိုက်ရင်း ဆိုသည်။ “ဒါဟာ တကယ့် လက်နက်ဖန်တီးခြင်းပဲ၊ အဆင့်မြင့် ပန်းပဲပညာရှင်တစ်ယောက် ဖြတ်သန်းရမယ့် အဆင့်တွေပေါ့။ ဒါကြောင့်လည်း ကျရှုံးနိုင်ခြေက ပိုများတာ။ ဒါပေမဲ့ ဒီလိုနည်းနဲ့ ထွက်လာတဲ့ ဝိညာဉ်လက်နက်က တစ်မူထူးခြားပြီး အသုံးပြုမယ့်သူနဲ့ အသင့်တော်ဆုံး ဖြစ်နေလိမ့်မယ်။ ကျင့်ကြံသူတစ်ယောက်ရဲ့ တကယ့် စွမ်းအားအစစ်အမှန်ကိုလည်း ဖော်ထုတ်ပေးနိုင်လိမ့်မယ်”
“အစ်မ ပြောပြမှပဲ ကျွန်တော် ကောင်းကောင်း နားလည်သွားတော့တယ်” ချင်လဲ့က ခေါင်းညိတ်ရင်း လေးလေးနက်နက် စဉ်းစားနေသည့် အမူအရာ ပြလိုက်၏။
“တုကျဲနဲ့ ငါက ဆရာကြီးယောင်ဆီ မသွားရတဲ့ အကြောင်းရင်းက ပထမကတော့ သူ့ရဲ့ ပန်းပဲပညာ အဆင့်က မမြင့်တာကြောင့်ရယ်၊ နောက်တစ်ခုက သူက ငါတို့နဲ့ သီးသန့် လိုက်ဖက်မယ့် လက်နက်မျိုးကို မဖန်တီးပေးနိုင်တာကြောင့်ပဲ” ကျောက်ချန်းက မျက်မှောင်ကလေး အနည်းငယ်ကြုတ်ကာ စိတ်ရင်းဖြင့် ဆိုသည်။ “ချင်လဲ့... နင် ပန်းပဲပညာကို အရမ်း စိတ်ဝင်စားတယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ အဲဒီ ဆရာကြီးယောင်ဆိုတာက တကယ့် နာမည်ကြီး ဆရာတစ်ယောက် မဟုတ်ဘူး။ သူက ဝိညာဉ်အစီရင်တွေကိုလည်း အရမ်း လျှို့ဝှက်ထားတာဆိုတော့ နင် ဘာမှ သင်ယူနိုင်မှာ မဟုတ်ဘူး”
“ရပါတယ်၊ ကျွန်တော် သူ့ဆီက ဝိညာဉ်အစီရင်တွေကို ခိုးယူဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ ဟားဟား” ချင်လဲ့က ရယ်မောလိုက်၏။
“အင်း... အခုတလော အပြင်မှာ မငြိမ်မသက် ဖြစ်နေတယ်။ သတိထားပြီး မြို့ထဲကနေ အပြင်မထွက်ဖို့ ကြိုးစားပါ” ကျောင်ချန်းက စဉ်းစားပြီးနောက် ထပ်ပြောသည်။ “လောလောဆယ် ဘာတာဝန်မှ မယူပါနဲ့ဦး၊ အရမ်း အန္တရာယ်များတယ်။ မကြာသေးခင်က လူအတော်များများ သေကုန်ကြပြီ။ မြူတိမ်ဆောင်နဲ့ ရေခဲပြင်နန်းတော်က လူတွေတင် မဟုတ်ဘူး၊ ကြက်သွေးရောင်မီးလျှံအသင်းနဲ့ ရေလဂိုဏ်းက လူတွေတောင် ဝိညာဉ်သားရဲတွေရဲ့ အဆက်မပြတ် တိုက်ခိုက်တာကို ခံနေရတယ်။ အဲဒီက ကျင့်ကြံသူ အတော်များများလည်း သေကုန်ကြပြီ”
ချင်လဲ့၏ မျက်နှာ အမူအရာ ပြောင်းလဲသွား၏။ ကြက်သွေးရောင်မီးလျှံအသင်းနှင့် ရေလဂိုဏ်းတို့မှာလည်း ထုံးကျောက်အဆင့် အဖွဲ့အစည်းများ ဖြစ်ကြ၏။ သူတို့သည် ရေခဲကျောက်မြို့တော်နှင့် မဝေးလှသလို အာတိတ်တောင်တန်းနှင့်လည်း နီးကပ်သည်။ သူတို့ပါ ဝိညာဉ်သားရဲများ၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။
“ဘာတွေ ဖြစ်နေတာလဲ” သူက ဇဝေဇဝါဖြင့် မေးလိုက်၏။
“အမှောင်အသူရာခန်းမက ပြောတာတော့ အာတိတ်တောင်တန်းက သားရဲဘုရင် ပြောင်းလဲသွားပြီတဲ့။ အရင်တုန်းကတော့ အာတိတ်တောင်တန်းရဲ့ ဝိညာဉ်သားရဲဘုရင်က ရေခဲကျောက်နှင်းဝံပုလွေဘုရင်ပေါ့”
ကျောက်ချန်း၏ အမူအရာမှာ တည်ကြည်လေးနက်နေ၏။ “သူ ထွက်ခွာသွားပြီးနောက် အာတိတ်တောင်တန်းက ဝိညာဉ်သားရဲတွေအကြား သွေးချောင်းစီး တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ခရမ်းရောင်မျက်လုံး မီးလျှံခြင်္သေ့မင်းက သားရဲဘုရင် ဖြစ်လာတယ်။ အဲဒီ ရက်စက်ကြမ်းကြုတ်တဲ့ ဝိညာဉ်သားရဲက ရာထူးရပြီးတာနဲ့ ရေခဲကျောက်နှင်းဝံပုလွေဘုရင် အရင်က အနီးအနားက ကျင့်ကြံသူတွေနဲ့ လုပ်ထားတဲ့ သဘောတူညီချက်ကို ချက်ချင်း ဖျက်ဆီးပစ်လိုက်တယ်။ အာတိတ်တောင်တန်းထဲမှာ နေထိုင်တဲ့ ဝိညာဉ်သားရဲ အမြောက်အမြားက တောင်ပေါ်က ဆင်းလာပြီး အနီးအနားက အဆင့်နိမ့် အဖွဲ့အစည်းတွေကို တိုက်ခိုက်နေကြတာပဲ”
“ဒီပဋိပက္ခက လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ဘူး။ အဲဒီခရမ်းရောင်မျက်လုံး မီးလျှံခြင်္သေ့မင်းက အနီးအနားက ကျင့်ကြံသူ အဖွဲ့အစည်းတွေကို သူ့ဆီမှာ သဘောတူညီချက်အသစ် လုပ်လာအောင် သူ့ရဲ့ စွမ်းအားကို ပြသနေတာ။ အမှောင်အသူရာခန်းမနဲ့ သုသာန်ခုနစ်ပါး တောင်ကြားက အဆင့်မြင့် ကျင့်ကြံသူတွေကို စေလွှတ်ထားတယ်လို့ ကြားတယ်။ သူတို့က မကြာခင် အာတိတ်တောင်တန်းကို သွားပြီး ဝိညာဉ်သားရဲတွေကို သတ်လိမ့်မယ်။ သူတို့က တိုက်ပွဲမှာ အသာစီးရအောင် လုပ်ပြီး အဲဒီခရမ်းရောင်မျက်လုံး မီးလျှံခြင်္သေ့မင်းကို ဖိအားပေးရလိမ့်မယ်၊ ဒါမှ သဘောတူညီချက်အသစ် လုပ်တဲ့အခါ ဦးဆောင်နိုင်မှာ”
“ဒါကြောင့် မကြာခင်မှာ အခြေအနေတွေက မငြိမ်မသက် ဖြစ်နေဦးမှာပဲ၊ လူအတော်များများလည်း သေကြလိမ့်ဦးမယ်။ ဝိညာဉ်သားရဲတွေက ပိုပြီးတော့တောင် ဥပဒေမဲ့ လုပ်လာကြလိမ့်မယ်။ သဘောတူညီချက်အသစ် မလုပ်မချင်း နှစ်ဖက်တိုက်ပွဲက ဆက်ရှိနေဦးမှာပဲ။ တောင်တန်းတဝိုက်မှာ ရှိတဲ့ ရေခဲပြင်နန်းတော်၊ မြူတိမ်ဆောင်၊ ကြက်သွေးရောင်မီးလျှံအသင်း၊ ရေလဂိုဏ်းနဲ့ တခြား ထုံးကျောက်အဆင့် အဖွဲ့အစည်းတွေအားလုံး ဒီပဋိပက္ခထဲမှာ ပါဝင်လာရလိမ့်မယ်။ သူတို့ကို သံနက်အဆင့် အဖွဲ့တွေဖြစ်တဲ့ အမှောင်အသူရာခန်းမနဲ့ သုသာန်ခုနစ်ပါးတောင်ကြားတို့က ဦးဆောင်ပြီး ဝိညာဉ်သားရဲတွေကို အကြီးအကျယ် တိုက်ခိုက်ကြလိမ့်မယ်”
ကျောက်ချန်းက အခြေအနေအရပ်ရပ်ကို အသေးစိတ် ရှင်းပြပေးခဲ့ပြီး မလိုအပ်ဘဲ တာဝန်များ မယူရန် ချင်လဲ့ကို သတိပေးခဲ့၏။
ချင်လဲ့က ၎င်းကို သတိထား မှတ်သားထားလိုက်သည်။
နှစ်ပတ်ခန့် ကြာပြီးနောက် ဝိညာဉ်သားရဲများနှင့် ကျင့်ကြံသူများအကြား ပဋိပက္ခမှာ လျော့ကျမသွားဘဲ ပို၍ပင် ပြင်းထန်လာခဲ့၏။ တိုက်ပွဲအခြေအနေမှာ တဖြည်းဖြည်း အရှိန်မြင့်လာလေသည်။
မြူတိမ်ဆောင် တစ်ခုတည်းမှပင် လူပေါင်း ဒါဇင်ချီ၍ သေဆုံးခဲ့ပြီး ဒဏ်ရာရသူများမှာ ထိုထက်မက များပြားလှသည်။ ချင်လဲ့သည် ယောင်ထိုက်၏ နေရာသို့ သွားသည့်အခါတိုင်း ယောင်ထိုက်မှာ ဝိညာဉ်လက်နက်များကို အလျင်အမြန် ပြုပြင်နေရသည်အား အမြဲတွေ့ရ၏။ ယောင်ထိုက်မှာ အသစ်ဖန်တီးရန် အချိန်မရှိတော့ချေ။
အကြီးအကဲ သုံးဦးဖြစ်သော တုဟိုင်ထျန်း၊ ဝေရှင်းနှင့် ချူယန်တို့မှာလည်း သူတို့၏ လက်အောက်ငယ်သားများနှင့်အတူ ရေခဲကျောက်မြို့တော် အနီးတဝိုက်တွင် ပေါ်လာသော ဝိညာဉ်သားရဲများကို အမြဲတစေ နှိမ်နင်းနေကြရသည်။ သူတို့သည် ရံဖန်ရံခါမှသာ မြူတိမ်ဆောင်သို့ ပြန်လာပြီး အစားအစာနှင့် ဝိညာဉ်ကျောက်တုံးများ ဖြည့်တင်းကြ၏။ လူတိုင်း၏ မျက်နှာမှာ ညှိုးငယ်နေပြီး ဒဏ်ရာများကိုလည်း မြင်တွေ့နိုင်သည်။ အချို့သောသူများမှာ ပြန်မလာနိုင်တော့ချေ။
ပုံမှန်အားဖြင့် စည်းကမ်းထိန်းသိမ်းရေးဆောင်ကိုသာ တာဝန်ယူရသော ရဲ့ရန်ချူးပင်လျှင် ဖိအားများကြောင့် ပါဝင်လာရပြီး အနီးနားရှိ ဝိညာဉ်သားရဲများကို ရှင်းလင်းသည့်အလုပ်ကို စတင်လုပ်ဆောင်နေခဲ့ပြီ ဖြစ်သည်။
မြူတိမ်ဆောင်၏ လက်အောက်ခံ အဖွဲ့အစည်းများဖြစ်သော လင်မိသားစု၊ တုမိသားစုနှင့် ကောင်းမိသားစုတို့မှာ ဝိညာဉ်သားရဲများ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ရေခဲကျောက်မြို့တော်အတွင်းသို့ ခေတ္တ ပြောင်းရွှေ့လာခဲ့ကြရသည်။
မြူတိမ်ဆောင်၏ ကျင့်ကြံရေးနယ်မြေများဖြစ်သော တိုက်ခိုက်ရေးခန်းမနှင့် ဆွဲအားအခန်းတို့မှာ ရုတ်တရက် လူများဖြင့် ပြည့်နှက်သွား၏။ ကျင့်ကြံသူတိုင်းမှာ ကျင့်ကြံခြင်းကိုသာ အာရုံစိုက်နေကြတော့သည်။
အဘယ်ကြောင့်ဆိုသော် ဖိအားများ တိုးလာသည်နှင့်အမျှ အဆောင်မှ တာဝန်များစွာ စီစဉ်ပေးလာသောကြောင့် ဖြစ်၏။ မြူတိမ်ဆောင်မှ မည်သည့် ကျင့်ကြံသူကိုမဆို တာဝန်တစ်ခုခု ဆောင်ရွက်ရန် ခေါ်ယူနိုင်ချေ ရှိနေသည်။
အကယ်၍ သူတို့ အပြင်ထွက်ရမည်ဆိုပါက အသက်အန္တရာယ် ရှိနိုင်သဖြင့် အဆောင်အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ အထူးပင် ကြိုးစားလာကြခြင်း ဖြစ်သည်။
“မနေ့က အမှောင်အသူရာခန်းမက တပ်မှူးတစ်ယောက် အာတိတ်တောင်တန်းမှာ တိုက်ရင်း သေသွားတယ်တဲ့။ အဲဒီတပ်မှူးက ဝိညာဉ်ထင်ရှားခြင်း အလယ်အဆင့်မှာ ရှိတာတောင် အဆင့် ၃ ရှိတဲ့ သံမဏိတောင်ပံ ရွှေချိုဖွတ်ရဲ့ ဝါးမြိုတာကို ခံလိုက်ရတယ်တဲ့။ တကယ်ကို ကြောက်စရာကောင်းလိုက်တာ။ ဝိညာဉ်ထင်ရှားခြင်း အလယ်အဆင့်က အစွမ်းထက်တဲ့ ကျင့်ကြံသူတစ်ယောက်တောင် ဝိညာဉ်သားရဲရဲ့ အရှင်လတ်လတ် စားတာခံရတယ်ဆိုတာ တွေးကြည့်ရင်တောင် ကြောက်စရာကြီးပဲ”
“သုသာန်ခုနစ်ပါးတောင်ကြားက ချူရွှီတုန်းဆိုတဲ့ ဝိညာဉ်ထင်ရှားခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကရော၊ သူက အဆင့် ၃ ရှိတဲ့ မျက်လုံးပြာ ဖားပြုတ် နှစ်ကောင်ကို သတ်လိုက်တယ် မဟုတ်လား”
“အဲဒီ ချူရွှီတုန်းကတော့ တကယ့်ကို ချမ်းသာသွားတာပဲ။ မျက်လုံးပြာ ဖားပြုတ်ရဲ့ မျက်လုံးတွေက မြို့တစ်မြို့စာ တန်ဖိုးရှိပြီး အဆင့်မြင့် ဝိညာဉ်လက်နက်တွေ ဖန်တီးဖို့အတွက် ရတနာတွေပဲတဲ့။ သူတို့ရဲ့ သွားတွေနဲ့ အရေပြားကလည်း အရမ်းကောင်းတာ၊ အဲဒီလူကတော့ ဒီတစ်ခါ တကယ်ကို အမြတ်ကြီးစားရတာပဲ၊ ကံကောင်းလိုက်တာ”
“အသက်ရှင်ပြီး အဆင့်မြင့် ဝိညာဉ်သားရဲတွေကို သတ်နိုင်မှသာ အမြတ်အစွန်းကြီးကြီး ရမှာပါ။ တကယ်လို့ အမှောင်အသူရာခန်းမက လူလိုမျိုး သံမဏိတောင်ပံ ရွှေချိုဖွတ်ရဲ့ အရှင်လတ်လတ် စားတာခံရမယ်ဆိုရင်တော့ သေတာထက်တောင် ဆိုးသေးတယ်”
“အင်းလေ။ ဟူး... အင်အားကလည်း မလုံလောက်တော့ဘူးဆိုတော့ ငါတို့ကိုလည်း တာဝန်လွှတ်တော့မှာ သေချာတယ်။”
“ငါတော့ နည်းနည်း ကြောက်နေပြီ”
တိုက်ခိုက်ရေးခန်းမ၏ လမ်းမဧရိယာဘက်တွင် ကျင့်ကြံသူတစ်စု ရပ်တန့်ကာ လက်ရှိအခြေအနေကို စိုးရိမ်တကြီး ဆွေးနွေးနေကြ၏။
၎င်းမှာ ဝေလီနှင့် လျိုတင်းတို့ အဖွဲ့ပင် ဖြစ်သည်။
ဝေလီနှင့် လျိုတင်းတို့မှာ မြူတိမ်ဆောင်တွင် ရာထူးနှင့် အဆင့်အတန်း ရှိသူများဖြစ်သဖြင့် ပုံမှန်အခြေအနေတွင် တာဝန်သွားစရာ မလိုချေ။ သို့သော် အင်အား တကယ်မလုံလောက်ပါက သူတို့လည်း မလွတ်နိုင်ဘဲ တာဝန်များ ဆောင်ရွက်ရန် အတင်းအကျပ် ခိုင်းစေခံရမည် ဖြစ်သည်။
လတ်တလောတွင် ရေခဲကျောက်မြို့တော်သို့ ရောက်ရှိလာသော သတင်းမျိုးစုံကြောင့် သွေးမြေမကျဖူးသေးသော လူငယ်မျိုးဆက်များမှာ ထိတ်လန့်စိုးရိမ်နေကြပြီး အဆောင်မှ စေလွှတ်ခြင်း ခံရမည်ကို ကြောက်ရွံ့နေကြလေသည်။
“ချင်လဲ့... အကြီးအကဲရဲ့ဆီမှာ လူအင်အား မလုံလောက်တော့လို့ ငါလည်း နောက်ရက်ပိုင်းအတွင်း ထွက်သွားရတော့မယ်” ကျောက်ဆောင်သစ်တောထဲတွင် ကောင်းယွီ၏ အမူအရာမှာ မှောင်မိုက်ပြီး အေးစက်နေ၏။ “အပြင်မှာ အခြေအနေက အရမ်းရှုပ်ထွေးနေပေမယ့် ဝိညာဉ်သားရဲတွေကို အမဲလိုက်ပြီး အမှတ်တွေ စုရတာကတော့ တကယ်ကို တွက်ခြေကိုက်တယ်။ ငါ့မှာလည်း အမှတ်တွေ မလောက်တော့ဘူး၊ နောက်ပြီး ငါ့ရဲ့ ကျင့်ကြံခြင်းကလည်း အတားအဆီးတစ်ခုမှာ ရောက်နေတော့ အပြင်ထွက်ပြီး နည်းနည်း လှုပ်ရှားကြည့်မလို့”
ကောင်းယွီတွင် မြူတိမ်ဆောင်၌ အစ်မနှစ်ယောက် ရှိ၏။ အကြီးဆုံးအစ်မမှာ အကြီးအကဲ ချူးယန်၏ လက်အောက်ရှိ ခန်းမသခင်တစ်ဦးနှင့် အိမ်ထောင်ကျခဲ့သည်။ ကံမကောင်းစွာဖြင့် ထိုခန်းမသခင်မှာ တာဝန်တစ်ခုတွင် တိုက်ရင်း သေဆုံးသွားခဲ့သဖြင့် သူ၏အစ်မမှာ မုဆိုးမ ဖြစ်သွားခဲ့ရ၏။
ဒုတိယအစ်မမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမတွင် ရှိပြီး သူမသည် ရဲ့ရန်ချူးနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည်ဟု ဆိုကြသည်။ ရဲ့ရန်ချူးမှာ... ကောင်းယွီ၏ ဒုတိယယောက်ဖ ဖြစ်လာနိုင်ချေ ရှိနေ၏။
ထို့ကြောင့်လည်း လျိုရန်သည် ယခင်က နတ်ဆိုးဝံပုလွေတောင်တွင် ကောင်းယွီနှင့် နီးနီးကပ်ကပ် နေခဲ့ခြင်း ဖြစ်သည်။
ကောင်းယွီမှာ ပုံမှန်ထက်စောပြီး မြူတိမ်ဆောင်သို့ ဝင်ခွင့်ရခဲ့သည့် အကြောင်းရင်းတစ်ခုမှာ ကောင်းမိသားစုသည် နတ်ဆိုးဝံပုလွေတောင်တွင် အကျအဆုံးများခဲ့ခြင်းကြောင့် ဖြစ်၏။ အခြားအကြောင်းရင်းတစ်ခုမှာ သူ၏ အစ်မနှစ်ဦးလုံးမှာ မြူတိမ်ဆောင်တွင် ကိုယ်ပိုင် အဆက်အသွယ်များ ရှိနေခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် ကောင်းယွီ မြူတိမ်ဆောင်သို့ ရောက်လာပြီးနောက် အခြားသူများက သူသည် သူ၏ အစ်မနှစ်ယောက်ကြောင့်သာ ဝင်ခွင့်ရခြင်းဖြစ်သည်ဟု ကွယ်ရာတွင် အတင်းပြောလေ့ရှိကြသည်။
ချင်လဲ့သည် ဆရာကြီးယောင်၏ ဘေးတွင် နေရန် ရွေးချယ်ခဲ့သော်လည်း ကောင်းယွီကမူ စည်းကမ်းထိန်းသိမ်းရေးခန်းမကို ရွေးချယ်ခဲ့သည်။ သူ၏ ရာထူးမှာ စည်းကမ်းထိန်းသိမ်းရေးခန်းမတွင် ဖြစ်ပြီး ရဲ့ရန်ချူး၏ အလေးထားခြင်းကို ခံရသူလည်း ဖြစ်၏။
သို့သော် ယခုအခါ ရဲ့ရန်ချူးပင်လျှင် ဝိညာဉ်သားရဲများကို အမဲလိုက်ရန် အပြင်ထွက်ရတော့မည် ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးခန်းမ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကောင်းယွီတွင်လည်း အမှတ်များ လိုအပ်နေပြီး သူကိုယ်တိုင်လည်း တိုက်ခိုက်ရသည်ကို ဝါသနာပါသဖြင့် အဆောင်ထဲတွင်သာ နေနေရန် အကြောင်းမရှိချေ။
“သတိထားဦး” ချင်လဲ့က ဆိုလိုက်၏။
“စိတ်မပူပါနဲ့၊ ငါ ပြန်လာရင် အမှတ်တွေ အများကြီး ရလာလိမ့်မယ်။ အဲဒီကျရင် ငါ့ရဲ့ အမှတ်တွေကို သုံးပြီး တိုက်ခိုက်ရေးခန်းမမှာ နေလို့ရတာပေါ့။ အခုတလော... မင်းရဲ့ အမှတ်တွေကိုပဲ ငါတို့ သုံးနေခဲ့တာဆိုတော့” ကောင်းယွီက မျက်မှောင်ကြုတ်လျက် ပြောလိုက်၏။
“ဟားဟား... ငါ့မှာ အမှတ် ၁၀ မှတ်ပဲ ကျန်တော့တယ်၊ အကုန် သုံးပြီးသလောက် ဖြစ်နေပြီ” ချင်လဲ့က မတတ်သာသလို ပြောလိုက်၏။
“အင်း... ငါ ပြန်လာတာကို စောင့်နေပါ။ အဲဒီကျရင် အမှတ်တွေက လိုတာထက်တောင် ပိုနေဦးမှာပါ။” ကောင်းယွီက ယုံကြည်မှုရှိရှိ ပြောလိုက်၏။
......
“ချင်လဲ့၊ ဒီကိုလာဦး၊ အစ်ကိုနဲ့ အတူတူ သောက်ရအောင်”
ကျင့်ကြံရေးနယ်မြေမှ အခန်းငယ်လေးသို့ ပြန်လာစဉ် အခန်းထဲမဝင်ခင်မှာပင် ကျောက်ချန်း၏ အဆောင်ငယ်လေးဆီမှ တုကျဲ၏ အော်ဟစ်သံကို ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်ရာ ကျောက်ချန်း၏ အဆောင်ငယ်လေးမှာ မီးရောင်များ လင်းထိန်နေသည်ကို တွေ့ရ၏။ ဟန်ဖုန်း၊ ချူဖုန်း၊ ခမ်းကျိနှင့် ကျောက်ချန်းတို့အားလုံး ရှိနေကြပြီး သောက်စားနေကြလေသည်။
“လာပြီ” ချင်လဲ့က ပြုံးလိုက်၏။ သူသည် မိမိ၏ အခန်းထဲသို့ မဝင်တော့ဘဲ ကျောက်ချန်း၏ အဆောင်ငယ်လေးဆီသို့ လှည့်ကာ လျှောက်သွားလိုက်သည်။
အတွင်းသို့ ဝင်လိုက်သောအခါ တုကျဲနှင့် ကျောက်ချန်းတို့၏ မျက်လုံးများမှာ နီရဲနေပြီး သူတို့၏ စိတ်အခြေအနေမှာ ထူးဆန်းနေသည်ကို တွေ့လိုက်ရ၏။ သူတို့နှစ်ဦးမှာ သူတို့၏ စိုးရိမ်ပူပန်မှုများကို မေ့ပျောက်ရန် ကြိုးစားနေသည့်အလား အပြင်းအထန် သောက်နေကြသည်။
ထမင်းစားပွဲဘေးရှိ သီးခြားစားပွဲတစ်ခုံပေါ်တွင် ဓားရှည်တစ်လက်နှင့် လှပသော နဂါးရိုးနှင်တံ တစ်ချောင်း ရှိနေ၏။
ဤလက်နက်နှစ်လက်မှာ ကျောက်ချန်းနှင့် တုကျဲတို့ ယခင်က သုံးခဲ့သော လက်နက်များနှင့် အလွန်ဆင်တူသော်လည်း ပို၍ လက်ရာမြောက်ပြီး ပို၍ လှပနေသည်မှာ သိသာလှ၏။ သို့သော်... ဝိညာဉ်စွမ်းအား လှုပ်ခတ်မှုများ မရှိသဖြင့် ၎င်းတို့မှာ ဝိညာဉ်လက်နက်များ မဟုတ်ကြပုံရချေ။
“အားလုံး ရှုံးသွားပြီ၊ ငါ့အတွက် သုံးကြိမ်မြောက်၊ တုကျဲအတွက်တော့ လေးကြိမ်မြောက်ပေါ့” ကျောက်ချန်း၏ လှပသော မျက်နှာမှာ အားကိုးရာမဲ့မှုနှင့် စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေ၏။ “လက်နက်ဖန်တီးဖို့ ဝိညာဉ်ကုန်ကြမ်းတွေ စုရတာ ငါတို့ အပင်ပန်းခံခဲ့ရတာ။ အဲဒီ ဝိညာဉ်လက်နက်တွေက အနည်းဆုံး အခြေခံအဆင့် ၇ ဝိညာဉ်တံဆိပ်ပြား တစ်ထောင်လောက် တန်ဖိုးရှိတာ။ အခုတော့ တစ်ခါတည်းနဲ့ အမှိုက် ဖြစ်သွားပြီလို့ ငါ မထင်ထားခဲ့ဘူး”
“ဒီလို နာကျင်စရာကောင်းတဲ့ အကြောင်းတွေကို မပြောပါနဲ့တော့ကွာ။ သောက်စမ်း... သောက်စမ်း။” တုကျဲက နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်၏။
“ငါ ဘယ်လိုလုပ် ဂရုမစိုက်ဘဲ နေနိုင်မှာလဲ” ကျောက်ချန်းက သက်ပြင်းချလိုက်၏။ “အခြေခံအဆင့် ၇ ဝိညာဉ်တံဆိပ်ပြား တစ်ထောင်ကျော်ဆိုတာ နင်နဲ့ ငါ့အတွက်တောင် အတော်များတဲ့ ပမာဏပဲ။ နောက်ပြီး ငါတို့ရဲ့ ကုန်ကြမ်း အတော်များများကလည်း ငါတို့ အဖေတွေရဲ့ အကူအညီနဲ့ စုထားရတာ။ အခုတော့ အားလုံး ပျက်စီးသွားပြီ။ နောက်တစ်ခါ ဒါတွေအားလုံး ပြန်ရဖို့ ဘယ်တော့မှ ဖြစ်ဦးမလဲ မသိတော့ဘူး”
“ငါတို့ ကြိုပြီး ပြင်ဆင်ထားသားပဲ မဟုတ်လား” တုကျဲက အတင်းပြုံးလိုက်၏။ “လက်နက်ဖန်တီးတာက ပထမအကြိမ်မှာ ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ။ အချို့လူတွေဆိုရင် ပန်းပဲပညာရှင်ကို ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် ခိုင်းရတာတောင် တစ်ခါမှ မအောင်မြင်တာမျိုး ရှိတာပဲ။ ကိုယ့်လက်နဲ့ အသင့်တော်ဆုံး၊ ကိုယ်နဲ့ အလိုက်ဖက်ဆုံးနဲ့ တစ်မူထူးခြားတဲ့ ဝိညာဉ်လက်နက်တစ်လက် ရဖို့အတွက်ဆိုရင် ရှုံးနိမ့်မှုဆိုတဲ့ ခါးသီးတဲ့ ဆေးလုံးကို မြည်းစမ်းကြည့်တတ်အောင် သင်ယူရမှာပဲ”
“သုံးကြိမ်ဆက်တိုက် ရှုံးနိမ့်မှုကို မြည်းစမ်းရတာကတော့ ငါ... တကယ်ကို မခံစားနိုင်တော့ဘူး။” ကျောက်ချန်း၏ မျက်နှာမှာ စိတ်ပျက်အားငယ်မှုများနှင့်အတူ ခါးသီးနေပုံရ၏။
တုကျဲက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး ခေါင်းငိုက်စိုက်ကျသွား၏။ သူက တိတ်ဆိတ်နေပြီး မည်သို့ ပြောရမှန်း မသိဖြစ်နေသည်။ သူကိုယ်တိုင်လည်း ကြီးမားသော ထိုးနှက်ချက်တစ်ခု ခံလိုက်ရပုံရပြီး အပြင်ပန်းတွင် မြင်ရသလို စိတ်အေးလက်အေး ရှိမနေသည်မှာ သေချာလှ၏။
ချင်လဲ့သည် ထမင်းစားပွဲဆီသို့ မသွားဘဲ ခေတ္တ တုံ့ဆိုင်းနေပြီးနောက် လက်နက်နှစ်လက် တင်ထားသော စားပွဲဝိုင်းဆီသို့ လျှောက်သွားလိုက်၏။ သူသည် ထိုဓားရှည်ကို ကောက်ယူလိုက်ပြီး သူ၏ အသိစိတ်ဖြင့် ခံစားကြည့်လိုက်လေသည်။
ရုတ်တရက် သူ၏ မျက်နှာပေါ်တွင် အလွန်ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့သည်။