← Chapters

လပေါ်က တိုက်ပွဲ

Vol. 8 Ch. 105

လပေါ်က တိုက်ပွဲ

Vol. 8 Ch. 105

ပိထူ မျက်လုံးထဲ အံ့မခန်း သတ်ဖြတ်လိုစိတ်တို့ ပြည့်နှက်သွားတယ်။ တစ်ချက်ကြည့်ရုံနဲ့ သူ့ရင်ထဲက အကြောက်တရား ဇာစ်မြစ်ဟာ နက်မှောင်တောင်စဉ်တန်းထက် ထိုင်နေသူထံမှာ မြစ်ဖျားခံတယ်လို့ သူအတပ်သိလိုက်တယ်။

ပိထူ အနားတိုးကပ် သွားစဉ်မှာ မော့စန်း အကြီးအကဲက သူ့ရဲ့ ထူးဆန်းတဲ့ အပြုအမူကို သတိပြုမိသွားပြီး နဂါးနက် တောင်ထွတ်မှာ ထိုင်နေတဲ့ စုမင်ကို မြင်သွားတယ်။ မျက်လုံးတွေကို ကျဉ်းမြောင်းလို့ အသာအယာ ရှေ့တစ်လှမ်းတိုးကာ ပိထူကို လမ်းပိတ်လိုက်တယ်။

နောက်ထပ်တစ်ဖန် မော့စန်း အကြီးအကဲဟာ နွမ်းနယ်နေတဲ့ ကိုယ်ခန္ဓာနဲ့ပဲ ပိထူနဲ့ တိုက်ခိုက်ရပြန်တယ်။

ပိထူ ဒေါသတကြီး အော်ဟစ်လိုက်ချိန်မှာ သူ့ အနောက်ဘက်က ထူထပ် သိပ်သည်းလှတဲ့ မြူမှုန်တွေဟာ မြန်ဆန်စွာ စုဖွဲ့မိကြပြီး အတောင်ပံတွေသာ ဖြန့်လိုက်လျှင် ကောင်းကင် တစ်ခွင်လုံးကို ပိတ်ကာ သွားစေလောက်အောင် ကြီးမားတဲ့ ဧရာမ လရဲ့အတောင်ပံကြီး တစ်ကောင်အဖြစ် ပြောင်းလဲ သွားတော့တယ်။

လရဲ့အတောင်ပံဟာ စုမင်ရှိနေတဲ့ နေရာကို ကြည့်လိုက်ချိန်မှာ အပြင်းအထန် ရုန်းကန် အားတင်းနေရတဲ့ မျက်နှာထားမျိုး ဖြစ်ပေါ်လာတယ်။ ၎င်းရဲ့ စိတ်နှလုံးမှာ ဆန္ဒနှစ်ခု လွန်ဆွဲနေသလိုပဲ။ တစ်ခုက ပိထူရဲ့ လိုအင်ဆန္ဒဖြစ်ပြီး နောက်တစ်ခုကတော့ 'တောင်ထွတ်ပေါ်မှာ သွေးလောင်ကျွမ်းမှု ပြုလုပ်နေတဲ့ ပုဂ္ဂိုလ်ထံသွားပြီး ဦးခိုက်လိုက်စမ်းပါ’ လို့ သေလွန်ခဲ့ကြပြီးသော မီးလျှံမာန် မျိုးနွယ်စုတွေရဲ့ ဝိညာဉ်တို့ ပြောကြားနေတဲ့ လိုအင်ဆန္ဒ ဖြစ်ပါတယ်။

စုမင်ဟာ ကောင်းကင်ပေါ်က လမင်းကို ကြည့်တယ်။ သူ့မျက်လုံးထဲမှာ လဟာ ချင်းချင်း နီနေတယ်။ သူ တဆတ်ဆတ် တုန်ယင်လာတယ်။ ညာဘက် လက်ညှိုးကို သုံးလို့ သွေးလောင်ကျွမ်းမှုကို အားစိုက် လုပ်ဆောင်နေရတာဟာ ခါတိုင်းလိုပဲ ခက်ခဲလှတယ်။

"ရှေးဟောင်း မီးလျှံမာန် မျိုးနွယ်ဝင်အပေါင်းတို့ ... ကျုပ်စုမင်ဟာ မီးလျှံမာန် ပညာရပ်ကို သင်ယူလို့ နက်မှောင် တောင်စဉ်တန်း ပေါ်မှာ မီးလျှံမာန် အတတ်ပညာရပ်ကို ပြန်လည် အသက်သွင်းလို့ သွေးလောင်ကျွမ်းခြင်း လုပ်ဆောင်နေတယ် ... မင်းတို့ရဲ့ ဝိညာဉ်တွေ ဒီမှာ ရှိသေးလျှင် ကျုပ်ကို ကူညီပါ”

သူ့မျက်လုံးများဟာ ခိုင်မာတည်ကြည်တယ်။ သူရေရွတ်လိုက်ရင်း မျက်လုံးတွေပေါ် ညာဘက် လက်ညှိုးနဲ့ ကြက်ခြေခတ်သဏ္ဌာန် ပွတ်သပ်လိုက်တယ်။ ဘယ်ဘက်မျက်လုံး စူးစူးရှရှ နာကျင်သွားချိန်မှာ ကောင်းကင်ကိုတောင် ပြာကျသွားစေလောက်တဲ့ မီးလျှံအင်အားတို့ ဟုန်းခနဲ ပေါ်ထွက်လာတယ်။

ဘယ်ဘက်မျက်လုံး တစ်ဖက်မှာတော့ ခက်ခက်ခဲခဲနဲ့ အောင်မြင်စွာ သွေးလောင်ကျွမ်း လိုက်နိုင်ခဲ့ပြီး ဘယ်ဘက်မျက်လုံးရဲ့ သွေးလောင်ကျွမ်းမှု ပြီးဆုံးသွားချိန်မှာ နက်မှောင် တောင်စဉ်တန်းတို့ဟာ တစ်ဖန် ပြန်လှုပ်ခတ်သွားတယ်။ ဒီတစ်ကြိမ် လှုပ်ခတ် တုန်ယင်မှုက အရင်အခေါက် တွေကထက် ပြင်းထန်တယ်။ တောင်ပေါ်က ကျောက်စကျောက်န အမြောက်အမြား ပဲ့ကြွေလို့ မြေပြင်ပေါ် ကျဆင်းလာကြတယ်။ ထရပ်ချင်‌နေတဲ့ တောင်အောက်က ဧရာမ သတ္တဝါကြီး တစ်ကောင်ကို မနိုင်မနင်း ဖိနှိပ်ထားရသလို နက်မှောင်တောင်ဟာ အတော်ကလေး ရုန်းကန် နေရသလိုပဲ။

မော့စန်း အကြီးအကဲနဲ့ တိုက်ခိုက်နေဆဲ ပိထူဟာ နာကျင်စူးရှတဲ့ အော်သံကို ပြုတယ်။ သူ့ရဲ့ မျက်လုံးတွေ၊ နားရွက်တွေ၊ နှာခေါင်းတွေနဲ့ ပါးစပ်တွေထဲကနေ သွေးတွေ ယိုစီးလာကြပြီး သူလည်း အနောက်ကို ဒယီးဒယိုင် ခြေလှမ်းဆုတ်သွားတယ်။ မျက်လုံးတွေ ရဲရဲတောက်လို့ ... သူ့ရဲ့ မျက်စိ သူငယ်အိမ်တွေ ထဲမှာလည်း လရဲ့ အရိပ်အယောင်‌ ခပ်ဖျော့ဖျော့ ရှိနေသလိုပင်။

သူ့ကြည့်ရတာ စိတ်မချမ်းသာဖွယ်ရာ။ ဆံပင်တွေက ရှုပ်ပွနေပြီး တစ်ကိုယ်လုံးအနှံ့ သွေးတွေ ယိုစီးလျက်ရှိတယ်။ မော့စန်းရဲ့ မျက်လုံးတွေထဲ အလင်းတစ်စ ဖြတ်ပြေးသွားတယ်။ လုံးဝ လွှတ်ပေးဖို့ ဆန္ဒမရှိဘဲ ပိထူနောက်ကို တစ်ဟုန်ထိုး လိုက်ပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ဧရာမ လရဲ့အတောင်ပံလည်း တစစီ တသိမ့်သိမ့် တုန်ခါလို့ သူ့ကိုယ်တွင်းက ဆန္ဒတစ်စုံရဲ့ ‌‌ဒေါသတကြီး တိုက်ခတ်ပွဲကြောင့် ဝေဒနာ ခံစားနေရသံ စူးစူးရှရှကို အော်မြည်နေတယ်။

"သူ့ကိုသတ် ငါ့ရဲ့ မာန်သွေးတွေကနေ ဖြစ်ပေါ်လာခဲ့တဲ့ လရဲ့အတောင်ပံ ... သူ့ကိုသတ်”

ပိထူက စူးစူးဝါးဝါး အော်သစ်တယ်။

ပိထူက ညာလက်ကိုမြှောက်လို့ ရင်ဘတ်မှာ ဖိကပ်ထားလိုက်တယ်။ သူ့မျက်ခုံးများကြားက လရဲ့အတောင်ပံ ပုံရိပ်ဟာ စူးရှတောက်ပတဲ့ အလင်းရောင် တစ်ချက်ကို ချက်ချင်း ထုတ်လွှတ်လိုက်ရာ ၎င်း လရဲ့အတောင်ပံဟာ ကျယ်ကျယ်လောင်လောင် ဆက်လက် အော်မြည်ရင်းနဲ့ စိတ် မပြတ်သားမှုတွေ တဖြည်းဖြည်း ပျောက်ဆုံး သွားပါတော့တယ်။ ပိထူရဲ့ မျက်လုံးထဲမှာ ရှိနေတဲ့ တူညီတဲ့ သတ်ဖြတ်လိုစိတ် ခပ်ပြင်းပြင်းက အစားထိုး‌ နေရာယူသွားတယ်။ တောင်ပံတွေကို တဖျတ်ဖျတ်ခတ်လို့ နက်မှောင် တောင်စဉ်ပေါ်မှာ ထိုင်လျက် ရှိနေတဲ့ စုမင်ထံ တစ်ဟုန်ထိုး ချီတက်လာခဲ့လေတယ်။

ပိထူဟာ နောက်ဆုတ်ရင်းနဲ့ သူ့လက်မောင်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကားထားရာက ရုတ်တရက် မြေပြင်ပေါ်က ထွက်ပေါ်လာတဲ့ လေပြည်မျှင်တန်း ဖြူဖြူတစ်မှုတ်ဟာ သူ့ထံ အမြန်‌ ပြေးဝင်လာပြီး သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကို မြန်မြန်ဆန်ဆန် ပျောက်ကင်းသွားစေတယ်။ ရှေ့ကို ခြေလှမ်းကျဲကြီး တစ်လှမ်းတိုးလို့ မော့စန်းနဲ့ ရင်ဆိုင် တိုက်ခိုက်ပြန်ရာ လေထုထဲကို ကျယ်လောင်တဲ့ ထစ်ခြုန်းသံကြီး ပဲ့တင်ထပ် ပျံ့နှံ့သွား ပြန်ပြီးလျှင် ဖြူဖျော့နေတဲ့ မျက်နှာနဲ့ မော့စန်းဟာ အံကို တင်းတင်းကြိတ်လို့ ဆက်လက် တိုက်ခိုက်ရပြန်တယ်။

ဧရာမ လရဲ့အတောင်ပံ သတ္တဝါကြီးဟာ အဆုံးမရှိတဲ့ တိမ်တိုက်တွေလို နဂါးနက်တောင်ထွတ် အနား ရောက်ရှိလာခဲ့တယ်။ ၎င်းဟာ နဂါးနက်တောင်ကို အမြစ်က မြေလှန်ပစ်မယ့် လေထုစိုင်ကြီး တစ်ခုအနေနဲ့‌ တော်လဲသံကြီး ပြုတယ်။ သို့ပေမဲ့ အနားနီးကပ် လာခိုက်မှာ ထိုင်လျက်ရှိနေခဲ့တဲ့ စုမင်ဟာ အသာအယာ ထရပ်လိုက်တယ်။ မျက်လုံးထဲက သွေးလွှမ်းလရဲ့ အရိပ်နဲ့ အနားကပ်လာတဲ့ လရဲ့အတောင်ပံကြီးကို ကြည့်လိုက်တယ်။

"ထွက်သွား”

စုမင်ရဲ့ အသံဟာ တည်ငြိမ်လှတယ်။ ဘယ်မျက်လုံးပေါ်က ညာလက်ညှိုးကို ဖယ်လျက် ညာမျက်လုံးထက် ပြောင်းတင်ကာ တောင်ထွတ်တစ်ခုလောက် အရွယ်အစား ကြီးမားလှတဲ့ လရဲ့အတောင်ပံ သတ္တဝါကို အေးစက်စက် အကြည့်တစ်ချက်နဲ့ ကြည့်နေပေးလိုက်တယ်။

စုမင်ရဲ့ အသွင်သဏ္ဌာန်က ခပ်ယိုင်ယိုင်နဲ့ သေးသေးကွေးကွေး။ ဧရာမ လရဲ့အတောင်ပံ ကောင်နဲ့ ယှဉ်ကြည့်လျှင် စုမင်က ဘာမှမဟုတ်ဘူး။ သို့ပေမဲ့ စုမင်ရဲ့ စကားသံ အေးစက်စက်ကို ကြားရ ပြီးနောက်မှာ လရဲ့အတောင်ပံ ခန္ဓာကိုယ်ဟာ တုန်ခါသွားတယ်။ ပေတစ်ရာ အကွာမှာ ရပ်လိုက်တယ်။ သူ့မျက်လုံး တွေထဲက သတ်ချင်ဖြတ်ချင်နေတဲ့ အကြည့်ကနေ ဝေခွဲမရမှုနဲ့ နာကျင်မှုအဖြစ် ပြောင်းလဲသွားတယ်။

အဲဒီမြင်ကွင်းက မော့စန်းကိုတောင် မယုံကြည်နိုင် ဖြစ်စေတယ်။ ပိထူကိုလည်း ဒေါသတကြီး တုန်ယင်သွားအောင် လုပ်နိုင်ခဲ့တယ်။ ပိထူကိုယ်တိုင်က လရဲ့အတောင်ပံ ဖြစ်သွားသလို နဂါးနက် တောင်ထွတ်ပေါ်မှာ ရပ်လျက်ရှိတဲ့ ချည့်နဲ့နဲ့ ပုဂ္ဂိုလ်ထံက ထွက်ပေါ်လာတဲ့၊ ကောင်းကင်ကြီးတောင် တုန်လှုပ်စေတဲ့ အမည်မသိ အင်အားတစ်မျိုး ဒဏ်ကို မတွန်းလှန်နိုင် ဖြစ်နေရတယ်။

ပိထူ တုန်ယင်နေရင်း မော့စန်းထံ လက်သီးတစ်ချက် ပစ်သွင်းလို့ အဝေးကို လွင့်စဉ်သွားစေရင်း သူ့လျှာကို ကိုက်လိုက်တယ်။ သွေးအန် ထုတ်လိုက်တဲ့ အခိုက်မှာ ကျယ်လောင်တဲ့ ကြုံးဝါးသံ ပြုရင်း ညာဘက်လက်နဲ့ မျက်ခုံးနှစ်ခုကြား အလယ်ဗဟိုကို ဖိချလိုက်ကာ မျက်ခုံးကြားက လရဲ့အတောင်ပံ အမှတ်အသားကို ဖျက်ဆီးပစ်ဖို့ လုပ်ဆောင်ခဲ့တယ်။ ပျက်စီးသွားတဲ့ အသားစဟာ ပိထူ အန်ထုတ်လိုက်တဲ့ သွေးစတွေရဲ့ လွှမ်းခြုံခြင်း ခံလိုက်ရပြီး မြောက်မြားလှစွာတဲ့ အနီရောင် မြူမှုန်တွေ ဖြစ်ပေါ်လာတယ်။

တစ်ချိန်တည်းမှာပဲ စုမင်နဲ့ ပေ ၁၀၀ အကွာက လရဲ့အတောင်ပံ သတ္တဝါဟာလည်း အလျင်အမြန် မီးထတောက်လို့ မီးပင်လယ်ကြီး တစ်ခုအသွင် ပြောင်းလဲသွားတယ်။ ၎င်းရဲ့ မျက်လုံးတွေထဲ အားတင်း ရုန်းကန်နေရတဲ့ အရိပ်အယောင်မျိုးလည်း မရှိတော့ဘဲ မီးတောက်တွေထဲသာ နစ်မြုပ်သွားပြီး စုမင်ထံ တစ်ဟုန်ထိုး ပြေးဝင်လာ‌တော့တယ်။ နှစ်ဦးကြားမှာ ၁၀၀ ခန့်သာ ကွာဝေးတာမို့ ချက်ချင်း ဆိုသလို နီးကပ်လာနေတယ်။ တစ်ချက်ကြည့်ရုံနဲ့တင် စုမင်ကို အရှင်လတ်လတ် ဝါးမျိုလိုတယ်ဆိုတာ သိသာတယ်။

စုမင် တည်ငြိမ်နေဆဲ။ လရဲ့အတောင်ပံ သတ္တဝါက သူ့ကို ထိမိတော့မယ့် အချိန်လောက်မှာ ညာလက်ညှိုးနဲ့ ညာမျက်လုံးကို ပွတ်သပ်လိုက်တယ်။ ကောင်းကင်တစ်ခွင် ပြောင်းလဲလို့ တိမ်တောင်နဲ့ လေပြည်တို့ နောက်ပြန် ရွှေ့လျားကာ နဂါးနက်တောင်ထဲက မိုးခြိမ်းသံလို ကျယ်လောင်တဲ့ ကြုံးဝါးသံတွေ ထွက်ပေါ်လာတော့တယ်

ဒါက စတုတ္ထမြောက် သွေးလောင်ကျွမ်းခြင်း ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ စုမင်ရဲ့ ကိုယ်ခန္ဓာထဲမှာ သွေးကြောတွေ တိုးမလာဘူ။ အဲဒီအစား သူ့ခြေဖဝါးအောက်က နဂါးနက်တောင်ဟာ ပြင်းပြင်းထန်ထန် တုန်ခါလို့ ကောင်းကင်ပေါ်က လမင်းဟာလည်း စုမင် မျက်လုံးထဲမှာတင် သွေးလွှမ်း သကဲ့သို့ ရဲရဲတောက် မနေတော့ပါ။ အားလုံးရဲ့ မျက်လုံးထဲမှာ စတင်လို့ ရဲရဲ နီနေလေပြီ။

သွေး‌ရောင်လွှမ်းတဲ့ လရဲ့ည …

သွေးလွှမ်းလ ပေါ်ပေါက်လာချိန်မှာ နက်မှောင်တောင်စဉ် အတွင်းမှ အဆုံးမရှိ ကြီးမားတဲ့ အင်အားတစ်ရပ် ဝေ့လည်စုဖွဲ့လာရာ စစ်ပွဲရှောင်ဖို့ တောအုပ်တွေထဲမှာ ပုန်းအောင်းနေတဲ့ မဟူရာတောင် မျိုးနွယ်ဝင်တွေဟာ သွေးလွှမ်းလကို မြင်လိုက်ရတဲ့အတွက် ကြောက်လန့်စွာ အော်ဟစ်လို့ သက်ပြင်းရှိုက်ကြလေတယ်။

"သွေးလွှမ်းလ။ ဘာလို့ သွေးလွှမ်းလ ပေါ်ပေါက်လာတာလဲ”

"သွေးလွှမ်းလ ပေါ်ထားတာ မကြာသေးဘူး မဟုတ်လား။ ဘာကြောင့် ဒီမှာ ထပ်ပေါ် လာခဲ့တာလဲ”

တောအုပ်ထဲမှာ ပုန်းအောင်းနေသူတွေပဲ ဒီလို တုံ့ပြန်တာ မဟုတ်ဘူး။ သူတို့ မျိုးနွယ်စု အတွင်းမှာလည်း ကြောက်လန့်တကြားနဲ့ ခိုကိုးရာမဲ့ အော်သံတွေ ပေါ်ထွက်လာခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ မျိုးနွယ်ဝင် အားလုံး တုန်ရီ ချောက်ချားစွာနဲ့ အလျင်အမြန် ပုန်းအောင်း‌ကြလေတယ်။

နက်မှောင်တောင် မျိုးနွယ်စုဟာ လေပြေစီးကြောင်း မျိုးနွယ်စု နယ်‌မြေသို့ ရွှေ့ပြောင်း နေဆဲကာလ ဖြစ်တယ်။ သူတို့ဘေးနားမှာ မာန်စွမ်းအားရှင် အများအပြား ရှိနေပြီး ရဲဝမ်တို့ ချန်ချွန်းတို့က အားလုံးကို ဦးဆောင်လှုပ်ရှား နေကြတယ်။ နက်မှောင်တောင် မျိုးနွယ်စုကို ကူညီဖို့ သူတို့ အကြီးအကဲထံက အမိန့်လက်ခံ ရရှိထားတယ်။ လမ်းမှာ တွေ့တဲ့အခါ နက်မှောင်တောင် မျိုးနွယ်စုအတွက် အစောင့်အကြပ်နဲ့ စောင့်ရှောက် ခေါ်ဆောင်ခဲ့တယ်။ သွေးလွှမ်းလကို သူတို့လည်း မြင်လိုက်ရတဲ့ အခိုက်မှာ မျက်နှာပျက်သွားကြတယ်။

နဂါးနက်တောင် မျိုးနွယ်စုလည်း သွေးလွှမ်းလကို မြင်သွားတယ်။

ကြောက်လန့်တကြား အော်သံငိုယိုသံတွေ ပဲ့တင်ထပ်သွားတယ်။

နက်မှောင်တောင်စဉ်တန်း အထက် ကောင်းကင်ယံမှာ သွေးလွှမ်း မြင်ကွင်းကြောင့် ပိထူလည်း ထိတ်လန့်မိသွားပေမဲ့ သူ့မျက်လုံးတွေထဲ ဝမ်းသာပျော်ရွှင်မှုတွေ ပြည့်လျှမ်းလာတယ်။ သူက သွေးလွှမ်းလကို မကြောက်ဘူးလေ။ မော့စန်းထံ ပြေးဝင်သွားကာ နောက်ဆုတ်ရအောင် လုပ်လိုက်တယ်။ ပိထူ ပါးစပ်က စီးကျလာတဲ့ သွေးတွေဟာ သွေးစက်မှုန်တွေအဖြစ် လေထုထဲမှာ ပြန့်ကြဲသွားတယ်။

အမည်မသိ မာန်ပညာရပ် တစ်မျိုးနဲ့ မော့စန်း ခန္ဓာ‌ကိုယ်ပေါ် ကျရောက်စေလိုက်တဲ့အတွက် မော့စန်းဟာ အနောက်ဘက်ကို ပြင်းပြင်းထန်ထန် လဲကျသွားတယ်။ ပိထူဟာ မော့စန်းအနားသို့ တိုးကပ်သွားလုဆဲဆဲ မိုးထစ်ခြုန်းသံလို ကျယ်လောင်လှတဲ့ ဒေါသတကြီး အသံဟာ နဂါးနက် တောင်ထွတ်ပေါ်က ထွက်ပေါ်လာတယ်။

"ပိထူ”

နဂါးနက်တောင်ဟာ ကြမ်းကြမ်းတမ်းတမ်း လှုပ်ခတ်သွားတယ်။ ကျယ်လောင်တဲ့ မိုးကြိုး ပစ်သံနဲ့အတူ ကျောက်တုံးတွေ ပြိုကျလာခဲ့တယ်။ တောင်ခြေက သစ်တောထဲမှာ ဖုန်မှုန့်တွေ ‌လွင်ပျံသွားခဲ့ပြီး နက်မှောင်တောင်ကို ဗဟိုပြုလို့ ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ အင်အားတစ်ရပ်ဟာ မြေပြင်ပေါ်က နှင်းတွေကို ကြွတက်လာစေတယ်။

ကြုံးဝါးသံတို့ ကောင်းကင်ယံအထိ ပျံ့လွင့်သွားချိန်မှာ တောင်ထွတ်တွေမှာ အက်ကွဲကြောင်းတွေ ပေါ်ထွက် လာခဲ့တယ်။ တအီအီ အော်ညည်းသံ၊ အတောင်ပံ ခတ်သံတို့နဲ့အတူ အစုံပေါ် အစုံ ဆင့်ထားတဲ့ မျက်လုံးနီနီတွေ ထွက်ပေါ်လာတယ်။ အက်ကွဲကြောင်းများကနေ လရဲ့အတောင်ပံတို့ ထွက်လာ ခဲ့ကြလေပြီ။ သူတို့မျက်လုံးတွေက နီရဲနေကြပြီး၊ ထွက်ပေါ်လာခိုက်မှာပဲ အဆုံးမရှိ များပြားလှတဲ့ သူတို့ကိုယ်ခန္ဓာတွေနဲ့ ကောင်းကင်ယံနဲ့ ကမ္ဘာမြေကို မမြင်ရလောက်အောင် ဖုံးလွှမ်း သွားကြတော့တယ်။

ချက်ချင်းဆိုသလို မဟူရာမီးတောင်နဲ့ အခြားသော တောင်ထွတ်တွေလည်း တုန်ခါစပြုကာ တော်လဲသံကြီး များနဲ့အတူ လရဲ့အတောင်ပံများဟာ ၎င်းတို့ကို ချုပ်နှောင်ထားတဲ့ အနီရောင်စည်းကို ကျော်လွန်လို့ မုန်တိုင်းတစ်ခုလို ထွက်ရှိ လာကြတော့တယ်။

အဲဒီမြင်ကွင်းဟာ ကမ္ဘာပျက် နေသလိုပါပဲ။ နှစ်အနည်းငယ်ကြာမှ တစ်ခါပေါ်တတ်တဲ့ လရဲ့အတောင်ပံ တွေဟာ ထပ်မံပေါ်ထွက် လာခဲ့ပြန်ပြီလေ။

ကောင်းကင်တစ်ခွင်လုံး လရဲ့အတောင်ပံတွေနဲ့ ပြည့်နှက်နေတယ်။ အရေအတွက်က ထောင်ပေါင်း သိန်းသောင်းချီတယ်။ ၎င်းတို့ဟာ စုမင်ကို ဝန်းရံလို့ အားလုံးရဲ့ မြင်ကွင်းထဲက ပျောက်သွားစေပြီး သူတို့ရဲ့‌ အော်သံတွေဟာ ကောင်းကင်နဲ့ မြေပြင်ကို တုန်ခါသွားစေတယ်

၎င်းတို့ရဲ့ မျက်လုံးတွေဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်လျှမ်းနေတယ်။ စုမင်ကို ဝန်းရံလို့ အပြီးမှာ သူတို့ရဲ့ အော်သံတွေက စုမင်ကို ဝိုင်းဝန်းဦးခိုက် ကိုးကွယ်သံတွေအဖြစ် ပြောင်းလဲသွားတယ်။ စုမင်ဟာ သူ့တို့ရဲ့ ဘုရင်တစ်ပါးလိုမျိုး။

ပိထူ တုန်ယင်သွားတယ်။ ခေါင်းမော့လိုက်ချိန် အဲဒီမြင်ကွင်းကို မြင်လိုက်ရချိန်မှာ သူ့ဘဝ တစ်သက်မှာ တစ်ခါမှာမဖြစ်ပေါ်ဖူးတဲ့ ထိတ်လန့်မှုတွေ အပြည့်နဲ့ မျက်နှာထားကို ပြောင်းလဲသွားတယ်။ ကောင်းကင်နဲ့ မြေပြင်တစ်ခွင် အုံ့ဆိုင်း ဖုံးလွှမ်းထားတဲ့ မြောက်မြားလှစွာတဲ့ လရဲ့အတောင်ပံတွေကို ကြည့်လို့ အသက်ရှူဖို့တောင် မေ့လျော့နေတယ်။ သူ့ခေါင်းထဲကို မိုးကြိုး ပစ်ချလိုက်သလို သူ့ကို လုံးဝ အသိလွတ် သွားစေသလိုမျိုး။

စုမင်ရဲ့ ကိုယ်တွင်းက စွမ်းအားကြီးမားတဲ့ မီးလျှံမာန် ပညာရပ်ကို ခံစားမိတယ်။ ဒါဟာ သူ အပြင်ဘက် အကူအညီနဲ့ လက်ခံရရှိခဲ့တဲ့ ပညာရပ်နဲ့ လုံးဝကွဲပြားတဲ့ အစစ်မှန်ဆုံး မီးလျှံ မာန်ပညာရပ် ဖြစ်တယ်။

"ဒါ ... ဒါက ...”

စကားတစ်ခွန်း ဆုံးအောင်တောင် မပြောနိုင်တော့ဘဲ တံတွေး မျိုချမိတယ်။ သူ့မျက်လုံးထဲက လမင်းရဲ့ ခပ်ဖျော့ဖျော့ အရိပ်နဲ့ယှဉ်လျှင် စုမင်ရဲ့ လမင်းဟာ သိပ်ကို ထင်ရှားတောက်ပ လွန်းလှတယ်။

စုမင်ရဲ့အနား တိုးကပ်လာနေတဲ့ လရဲ့အတောင်ပံ မျက်လုံးထဲက သတ်ဖြတ်လိုမှုဟာ လုံးဝ ပျောက်ကွယ်သွားပြီး တက်ကြွစိတ်လှုပ်ရှား မှုတွေက အစားထိုး နေရာယူသွားတယ်။ ၎င်းဟာ စုမင် ခြေဖဝါးအောက်က နဂါးနက် တောင်ထွတ်ကိုပါ ဝန်းရံလို့ လှည့်ပတ် ပျံသန်းနေသေးတယ်။

စုမင်ရဲ့ မျက်လုံးထဲ တစ်စုံတစ်ရာသော အရိပ်အယောင် ဖြတ်ပြေးသွားတယ်။ သူ့မျက်နှာပေါ်မှာ အံ့ဩမှု တစိုးတစိမျှ မရှိဘူး။ စိတ်လှုပ်ရှားနေတဲ့ အော်သံတွေသာ သူ့နားတစ်ခုလုံး ပြည့်နေတယ်။ ပျံသန်းနေတဲ့ လရဲ့အတောင်ပံတွေက လွဲလို့ သူဘာမှ မမြင်ရတော့ဘူး။ သူ့လက် မြှောက်လိုက်ချိန်မှာ ဒူးထောက်တဲ့ ပုံဟန်နဲ့ လက်ပေါ်လာနားတဲ့ လရဲ့အတောင်ပံ တစ်ကောင်တောင် ရှိတယ်။ ၎င်းရဲ့ မျက်လုံးထဲက တက်ကြွမှုဟာ နေ့အလင်းရောင် ကဲ့သို့ ထင်ရှားကြည်လင် လှတယ်။

အဲဒီအခိုက်မှာ လရဲ့ အတောင်ပံတွေကို ထိန်းချုပ်နိုင်ပြီး သူ့အတွက် တိုက်ခိုက်ပေးဖို့ စေခိုင်းလို့ ရတယ်ဆိုတဲ့ ထူးဆန်းတဲ့ ခံစားချက်မျိုး စုမင် ခံစားလိုက်ရတယ်

၎င်းတို့ထံက ထွက်ပေါ်နေတဲ့ စိတ်လှုပ်ရှားမှု တွေကို ခံစားလို့ရတယ်။ သူတို့ လိုချင်မက်မော နေတဲ့ ဂုဏ်ကျက်သရေနဲ့ တက်ကြွ လှုပ်ရှားမှုတွေကို ခံစားလို့ ရနေတယ်။

စုမင်က လက်သီးဆုပ်လို့ ရှေ့တစ်လှမ်းတိုးတယ်။ ချက်ချင်းဆိုသလို လရဲ့အတောင်ပံ တို့က သူ့ကို လမ်းဖွင့်ပေးလိုက်ကြပြီး နဂါးနက်တောင်ထွတ် ကမ်းပါးကို ရောက်ရှိစေတယ်။ စုမင် မရပ်ဘဲနဲ့ လေထဲကို တစ်လှမ်း ထပ်လှမ်းတယ်။

ခြေချလိုက်ချိန်မှာ စုမင် ပြုတ်မကျသွားဘူး။ လရဲ့အတောင်ပံတို့က သူ့အောက် ခိုဝင်ကာ နင်းလျှောက်ခွင့် ပြုကြတယ်။ စုမင်ရဲ့ ခန္ဓာကိုယ်ကို ထောက်ခံပေးထားပြီး လေထဲမှာ လမ်းလျှောက်နိုင်အောင် ကူညီကြတယ်။

စုမင် မရပ်တန့် လိုက်ဘူး။ ခေါင်းမော့လိုက်တယ်။ သူ့မျက်လုံးထဲမှာ တည်ကြည်တဲ့ ခေါင်းမာမှုတွေ ရှိနေကြတယ်။ အကြီးအကဲကို ကူညီပြီး အဲဒီ အရေးမပါတဲ့ ပိထူကို အကြီးအကဲနဲ့အတူ တိုက်ခိုက်လိုတယ်။

စုမင်ဟာ ပိထူကို အလွန်တရာ မုန်းတီးလှတယ်။ ဒီလူကြောင့်သာ စစ်ပွဲ ဖြစ်ပွားခဲ့တာ။ ဒီလူကြောင့်သာ စုမင်ရဲ့ မျိုးနွယ်စုဟာ ကြေကွဲဝမ်းနည်းစွာ အိမ်ကို စွန့်ခွာလို့ သူတို့ ခေါင်းပေါ်မှာ ဝဲနေတဲ့ သေခြင်းတရားကို အသက် သေတဲ့အထိ မရပ်မနား တိုက်ခိုက်ခဲ့ကြရတာ။ ဒါက ပိထူရဲ့ အမှားတွေပဲ။

အဲဒီအမုန်းနဲ့ ပြတ်သား မှုတွေနဲ့အတူ စုမင်ဟာ နောက်ကျောမှာ ဝဲဖြာကျနေတဲ့ လရောင်ခြည် မျှင်တန်းတွေနဲ့အတူ လျှပ်စီးကြောင်း အသွင်နဲ့ လေထဲက ပိထူထံ ပြေးဝင်သွားခဲ့ပးတယ်။

ဘယ်လို ပျံသန်းရမယ်ဆိုတာ စုမင် မသိသေးပါဘူး။ ဒါပေမဲ့ ခြေလှမ်းတစ်လှမ်း လှမ်းတိုင်း သူ့ခြေဖဝါးအောက်မှာ လရဲ့အတောင်ပံ တစ်ကောင်ပေါ်လာပြီး သူ အရှိန်ပြည့် ခရီးသွားနိုင်အောင် တိတိကျကျ လမ်းဖော်ပေးတယ်။

စုမင်ဘေးနား ပတ်လည်မှာတော့ ကနဦးက ပိထူနဲ့သာ သက်ဆိုင်ပြီး သူ့ဘေးနားမှာ ရှိနေကျဖြစ်တဲ့ ကောင်းကင်နဲ့ မြေပြင်တစ်ခွင် ပြည့်နှက်နေတဲ့ လရဲ့အတောင်ပံ တွေဟာ ဝန်းရံနေရာ ယူထားတယ်။

အဝေးကနေ ကြည့်မယ်ဆိုလျှင် တစ်စုံတစ်ဦးဟာ စုတ်တံကိုယူလို့ ကောင်းကင်ထက်မှာ မျဉ်းတစ်ကြောင်း ရေးဆွဲလိုက်သလားလို့ ထင်မြင် မိသွားလိမ့်မယ်။ လရဲ့အတောင်ပံတွေ ဖန်တီး ပေးထားတဲ့ မျဉ်းကြောင်းလိုင်းကို နင်းဖြတ်လို့ စုမင်ဟာ လေထဲမှာ ခရီးသွားနေတယ်။ အဲဒီမြင်ကွင်းကို မြင်ရသူတိုင်း အံ့ဩ မယုံကြည်မှုတွေ ဖြစ်ပေါ်လို့ မှင်တက်နေကြတယ်။

ကောင်းကင်ပေါ်က လရဲ့ အတောင်ပံတွေကို ရေတွက်လို့တောင် မနိုင်ပါဘူး။ ၎င်းတို့ဟာ စုမင်ရဲ့ ဦးဆောင်မှုနဲ့ ကောင်းကင်ယံထက်မှာ မြားတစ်စင်းလို တိကျတဲ့ မျဉ်းတစ်ကြောင်း ဖြစ်ပေါ်နေစေတယ်။

စုမင် မျက်လုံးထဲက သတ်ဖြတ်လိုစိတ်ဟာ ကြီးမားလှတယ်။ ပိထူ မျှော်လင့်ထားတာ ထက်ကို သူ့ရဲ့ အရှိန်နှုန်းက မြန်ဆန်နေခဲ့ပြီး မော့စန်း အကြီးအကဲနဲ့ တန်းတူလောက် ဖြစ်နေခဲ့တယ်။ နောက်ပြန် လဲကျတော့လုလု အကြီးအကဲထံကို လရဲ့အတောင်ပံတွေနဲ့ အတူ ရောက်ရှိလာပြီး အကြီးအကဲ လဲကျမသွားအောင် ကူညီလိုက်နိုင်တယ်။ ခြေကုန်လက်ပမ်း ကျနေတဲ့ အကြီးအကဲရှေ့မှာ တည်ကြည် ပြတ်သားမှုတွေနဲ့ မားမားမတ်မတ် ရပ်တည်လိုက်တယ်။

အကြီးအကဲအနေနဲ့ စုမင် ဘာကြောင့် လရဲ့အတောင်ပံတွေ ပေါ်ထွက်မှုကို ထိန်းချုပ်နိုင်တယ်၊ ၎င်းတို့တွေ သူ့ကို ဘာကြောင့် ဦးခိုက်ကြတယ် ဆိုတာမျိုးတွေ မသိပေမဲ့ စုမင်ကို မြင်လိုက်ချိန်မှာ သူ့နှုတ်ခမ်းထက် အပြုံးပန်းလေး ပွင့်လန်းလာတယ်။ သူ ခြေကုန်လက်ပမ်း ကျနေနိုင်တယ်၊ သူ့ဘဝ သက်တမ်းတချို့ စတေးခဲ့ပြီး ‌နှုတ်ခမ်းက သွေးတွေ စီးကျနေရပေမဲ့ အကြီးအကဲဟာ ပျော်နေဆဲပါ။ စုမင်ဟာ အရွယ်ရောက်ခဲ့ပြီလေ။

အခု သူ့ကို စုမင် ကူညီနိုင်နေပြီ။ သူ့ရှေ့မှာ ရပ်တည်နေတဲ့ ချည့်နဲ့ သေးကွေးတဲ့ ကိုယ်ခန္ဓာလေးက တောင်တစ်လုံးလိုပဲ။

'ပိထူ’

သူ့ရဲ့ စွမ်းအားက ပိထူကို အနိုင်ရလောက်အောင် မလုံလောက်ဘူးဆိုတာ စုမင် သိပါတယ်။ ဒါပေမဲ့ သူက မရေမတွက်နိုင်အောင် များပြားတဲ့ လရဲ့အတောင်ပံတွေကို အသုံးပြုမှာ ဖြစ်တယ်။ သူအလိုရှိတဲ့ အတိုင်း သူ့ကိုယ်စား တိုက်ခိုက်‌ခိုင်းမှာ ဖြစ်တယ်

သူ့ခေါင်းထဲမှာ တစ်စတစ်စ ထင်ရှားလာတဲ့ အတွေးတစ်ခု ရှိတယ်။

ပိထူရဲ့ နာမည်ကို အော်ဟစ်ပြီးခိုက်မှာ အကြီးအကဲကို ကာကွယ်ဖို့ ရှေ့ထွက်ရပ်နေတဲ့ စုမင်ဟာ သူ့ရဲ့ ညာဘက်လက်မှာ မာန်စွမ်းအားရှင် သွေးကြောမျှင်ကို ကိုင်ဆွဲထားတယ်။ သူ့ကိုယ်တွင်းက ၂၄၃ ခုသော သွေးကြောများဟာ တစ်ခုတည်းအဖြစ် စုဖွဲ့လို့ ပိထူထံ လှံတံရှည်ကို စွမ်းအားအပြည့်နဲ့ ပစ်လွှတ် လိုက်တော့တယ်။

စုမင်ရဲ့ ချီစွမ်းအင်တွေ ပေါင်းစပ်ပါဝင်နေတဲ့ လှံတံရှည်ဟာ မိုးကြိုးတစ်စင်းလို အသွင်နဲ့ ကောင်းကင်ယံကို ဖြတ်သန်းလို့ လေထုကို ထိုးခွင်းသွားပြီး ပိထူထံ ပြေးဝင်သွားတယ်။

တစ်ချိန်တည်းမှာပဲ စုမင်ဟာ သူ့ရဲ့ ဆန္ဒတွေကို လရဲ့အတောင်ပံ တွေထံ မြုပ်နှံလိုက်ပြီး သူ့ဘေးနားမှာ ရှိနေသမျှ အားလုံးကို ညာသံပေးအော်မြည်လို့ လိုက်ပါ သွားစေလိုက်တယ်။ ကောင်းကင်နဲ့ မြေပြင်အပြည့် လရဲ့အတောင်ပံတို့ ထွက်ခွာသွားချိန်မှာ စုတ်တံနဲ့ ပုံတူရေးဆွဲရ ခက်ခဲလှမယ့် ပန်းချီကားတစ်ချပ်ကို ဖြစ်ပေါ်လာစေတယ်။

အဲဒီ ပန်းချီကားထဲမှာ လှံတံရှည် နောက်က လရဲ့အတောင်ပံတွေ လိုက်ပါသွားတယ်။ ကနဦးက ပိထူ ပိုင်ဆိုင်တဲ့ ဧရာမ လရဲ့အတောင်ပံတောင် ညာသံပေးပြီး အမြန်လိုက်ပါသွားတယ်။

လရဲ့အတောင်ပံ တို့ဟာ မြားတစ်စင်းသာ ဖြစ်လျှင် လှံတံရှည်ဟာ ထိပ်ဖျားချွန် အသွင်နဲ့ ပိထူထံ စက္ကန့်မခြား ပြေးဝင်သွားပုံက ပိထူကို လုံးဝချေမှုန်း ဖျက်ဆီးချင်တဲ့အသွင်။

ပိထူဟာ သူ့ရဲ့ ရုပ်နယ်လွန်အဆင့် စွမ်းအားတွေကို လရဲ့အတောင်ပံတွေ ထံက ရရှိခဲ့ပြီး အခု လရဲ့ အတောင်ပံတွေကပဲ အဲဒီအစွမ်းတွေကို ပြန်ယူဆောင် သွားတော့မယ်။ ဒါဟာ သူ ရှောင်လွှဲလို့ မရနိုင်တဲ့ သူ့ရဲ့ ကံကြမ္မာပဲ ထင်ပါတယ်။

ပိထူမျက်နှာဟာ သွေးဆုတ်သွားတယ်။ အမြန် အရှုံးပေးလို့ အခြားသော လရဲ့အတောင်ပံတွေလို စုမင်ကို ဦးခိုက်လိုတဲ့ ဆန္ဒက ပိုလို့ ကြီးမားလာတယ်။ သူ့ရဲ့ ညာလက်ကို နာကျင်ခံရခက်စွာ မြှောက်လို့ လက်ညိုးနဲ့ ရင်ဘတ်ကို ဖိချလိုက်တယ်။ အနက်ရောင် လေမှုတ်တစ်ခု ထွက်ပေါ်လာပြီးလျှင် သူ့ကိုယ်ခန္ဓာတစ်ဝိုက် ဝန်းရံစေလိုက်တော့ စိတ်ဆန္ဒက အနည်းငယ်မျှ လျော့ပါးသွားတယ်။

သို့ပေမဲ့ တန်ရာတန်ကြေးကိုတော့ ပြန်ပေးဆပ်ရတာပဲ။ ခြေလှမ်းတွေ နောက်ဆုတ်သွားရရင်း သူ့မျက်နှာက ပိုလို့ ဖြူဖျော့လာတယ်။ သူ့မျက်လုံးတွေထဲမှာ ဒေါသတွေ အပြည့်။ ကောင်းကင်အပြည့် ဖြစ်နေတဲ့ မြောက်မြားလှစွာသော လရဲ့အတောင်ပံတွေနဲ့ လှံတံရှည်ကို မျက်နှာချင်းဆိုင်ရင်း ကောင်းကင်ကို မျက်နှာမူလို့ အော်ဟစ်လိုက်တယ်။

သူအော်ဟစ် လိုက်ချိန်မှာ သူ့ပါးစပ်ထဲကနေ အနက်ရောင် အလင်းစတစ်ခု ထွက်ပေါ်လာကာ သူ့ရှေ့က လူငယ်လေး အရွယ်လောက်ရှိတဲ့ ဒယ်အိုးတစ်လုံးအဖြစ် အသွင်ပြောင်းသွားတယ်။

အဲဒီ ဒယ်အိုးပေါ်မှာ နှိပ်စက် ခံနေရတဲ့ မျက်နှာ အမူအရာ ပုံစံတွေ အများကြီး ထိုးထွင်းထားတယ်။ တချို့က နာနာကျင်ကျင် အော်မြည်နေပြီး၊ တချို့က မြင်ရုံနဲ့ ကြောက်လန့်ဖွယ်ရာ၊ တချို့က ငိုနေပြီး တချို့က အသံမဲ့ ကြုံးဝါးနေကြတယ်။ ဒယ်အိုး တစ်ခုလုံးထံက အေးစက် တင်းမာလို့ ကြောက်မက်ဖွယ် ရှိန်ဝါအားအင်‌ကို ထုတ်လွှတ်နေတယ်။ ၎င်းပေါ်ပေါက် လာချိန်မှာ ပတ်ဝန်းကျင် ဒေသတစ်ခုလုံး ရပ်တန့် သွားကြသလိုပဲ။

"ဒယ်အိုးကို သတိထား။ သူ အဲဒါကို တစ်ခါသုံးပြီးပြီ။ အပ် ၇ ချောင်းနဲ့ ငါ့ရဲ့ သက်တမ်းကိုသာ မစတေးခဲ့ရင် ဒါကို မတိုက်ခိုက် နိုင်လောက်ဘူး။ ဒါပေမဲ့ ပိထူက ဒီပစ္စည်းရဲ့ စွမ်းအား အပြည့်အဝကို သုံးနိုင်ပုံ မပေါ်ဘူး။ သုံးပြီးရင်လည်း ချက်ချင်း အားနည်းသွားတယ်”

အကြီးအကဲက ရှင်းပြရင်း သူ့မျက်နှာ အမူအရာ ပြောင်းလဲသွားတယ်။

"အားလုံး သေကြကွာ”

ပိထူမျက်နှာဟာ ခက်ထန် ကြမ်းကြုတ်လှတယ်။ သူအန်ထုတ်လိုက်တဲ့ သွေးတွေက ဒယ်အိုးပေါ် ကျသွားပြီး ချက်ချင်းပျံ့နှံ့သွားကာ ချောက်ချားဖွယ် အလင်းရောင်ဖျဖျ ထုတ်လွှတ်လိုက်တယ်။ ဒယ်အိုးပေါ်က နာကျင်နေတဲ့ မျက်နှာတွေဟာ ပိထူရဲ့ အသွေးအသားတွေနဲ့ ဘဝသက်တမ်းတွေကို စုပ်ယူ နေကြသလို။

တစ်ခဏအတွင်း ဒယ်အိုးဟာ ပေ ၁၀၀ လောက် အမြင့်အထိ ကြီးမားလာပြီး အသက်ကြီးပြီး အတွေ့အကြုံ များမြောင်တဲ့ စွမ်းအားတွေ ပိုလို့ သန်မာအားကောင်း လာတယ်။ ချောက်ချားဖွယ် အလင်းရောင် တောက်ပချိန်မှာ အိုးပေါ်က မျက်နှာတွေက အသက်ဝင်လို့ ဒယ်အိုးထက်ကနေ အပြင် ထွက်လာကြတယ်။

အဲဒီမျက်နှာတွေ ထွက်လာကြချိန်မှာ နာကျင်စွာ ကြေကွဲစွာ အော်ဟစ်သံတွေလည်း ကောင်းကင်တစ်ခွင် ပျံ့နှံ့သွားတယ်။ တစ်ချိန်တည်းမှာပဲ စုမင်ရဲ့ လှံတံရှည်နဲ့ လရဲ့အတောင်ပံ တွေဟာလည်း လေကို ထိုးခွင်းလို့ နီးကပ်သွားနေပြီ။

နှစ်ဘက်က မြောက်မြားလှတဲ့ အရေအတွက်များဟာ တိမ်မည်းညို ထူထပ်ထပ် နှစ်စိုင်လို ထိပ်တိုက် တွေ့ဆုံကြပြီး အားပြင်းလှတဲ့ တုန်ခါမှုနဲ့ အသံကျယ်ကြီးကို ဖြစ်ပေါ်စေတယ်။

ကောင်းကင်တစ်ခွင် အသံကျယ်ကြီး ပျံ့လွင့်သွားချိန် မျက်နှာတွေဟာ ပူစီဖောင်းတွေလို ပါးစပ် ဟလိုက်ကြပြီး ပြေးဝင်လာတဲ့ လရဲ့အတောင်ပံတွေကို ပါးစပ်နဲ့ ကိုက်ဖြတ်ကြတယ်။ ဒါတောင်မှ လရဲ့အတောင်ပံ တွေဟာ အားမနည်း သွားကြဘူး။ မျက်နှာ တစ်ခုကို သူတို့ ဖျက်ဆီးလိုက်နိုင် ချိန်မှာလည်း အနီရောင် အငွေ့တွေအဖြစ် ပြောင်းလဲသွားပြီး မိုးပေါ် တက်သွားကြတယ်။

ဖျက်ဆီး ခံလိုက်ရတဲ့ မျက်နှာတွေကတော့ နာကျင်မှုတွေနဲ့ ပြည့်မနေတော့ဘဲ တစ်စုံတစ်ရာက လွတ်မြောက်သွားတဲ့ ပုံစံတွေနဲ့။ သူတို့ပုံစံတွေက ဆက်လက် တိုက်ခိုက်ဖို့ထက် နာကျင်မှုတွေ ဆက်မခံစားရ တော့အောင် သူတို့ကို အဆုံးသတ် ပေးလိုက်နိုင်တဲ့ သေခြင်းတရားကို ရှာဖွေနေကြတာနဲ့ တူတယ်။

အဲဒီ လူတွေဟာ တစ်ချိန်က မဟူရာတောင် မျိုးနွယ်ဝင်တွေ ဖြစ်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်များစွာက သေဆုံးခဲ့ကြတဲ့ နဂါးနက်တောင် မျိုးနွယ်နဲ့ နက်မှောင်တောင် မျိုးနွယ်တို့က လူတွေလည်း ပါတယ်။ မိုးကျရွှေကိုယ် မာန်သွေးကြောမျှင် ပြုလုပ်ဖို့အတွက် ပိထူ ဘယ်က ခေါ်ဆောင်‌ပေါင်းစပ် လာခဲ့မှန်း မသိတဲ့ လူတွေတောင် ပါနေသေးတယ်။ ဒါဟာ မတရား ခံခဲ့တဲ့လူတွေ အားလုံးရဲ့ ဝိညာဉ်ကို ပူဇော် ပသထားတဲ့ ပစ္စည်းတစ်ခုပဲ ဖြစ်တယ်။

ကြုံးဝါးသံများဟာ ကောင်းကင်ယံထက် ပျံ့လွင့်ဆဲ၊ မသေမချင်း ဆက်လက် ပျံ့နှံ့နေဦးမယ့်ပုံ ဟန်ပါပဲ။ စုမင်ရဲ့ စွမ်းအားတွေအားလုံး ပါဝင်တဲ့ လှံတံရှည်ဟာ လရဲ့အတောင်ပံတို့ အကူအညီနဲ့ နာကျင်နေတဲ့ မျက်နှာတွေကို ထိလိုက်မိစေရင်း ဖြတ်သန်းလာရာ ခုခံမှု မယ်မယ်ရရနဲ့ မကြုံရဘဲ ဧရာမ ဒယ်အိုးကြီးကို ထိုးစိုက်ဝင်သွားတယ်။

ဒယ်အိုးကို လှံတံရှည် ထွင်းဖောက်ဝင်သွားခိုက်မှာ လှံတံရှည်ဟာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး လှံတံရဲ့ ထိပ်ဖျားကတစ်ဆင့် လှံတံရှည် တစ်ခုလုံးအထိ အက်ကွဲကြောင်းတွေ ပျံ့နှံ့လာခဲ့တယ်။ လှံတံရှည်ဟာ မြောက်မြားလှစွာသော အမှုန်အစတွေအဖြစ် ပြိုကွဲလို့ ဒယ်အိုးပေါ် ကျသွားတယ်။

ဒယ်အိုးကြီး လှုပ်ခါသွားတယ်။

စုမင်ရဲ့ တိုက်ခိုက်မှုက ၎င်းကို ဘာအန္တရာယ်မှ မဖြစ်ပေါ်စေပေမဲ့ မာန်သွေးကြောမျှင် လက်နက်ဟာ အပြင်းထန်ဆုံး အင်အားတစ်ရပ်နဲ့ ပေါက်ကွဲပျက်စီး သွားတာဖြစ်တယ်။ အဲဒီ အခြင်းအရာက ဒယ်အိုးကြီးကို လှုပ်ခါလို့ အက်ကြောင်းတစ်ခု ပေါ်ပေါက် လာစေပါတော့တယ်။

တစ်ချိန်တည်းမှာပဲ မြောက်မြားလှစွာသော လရဲ့အတောင်ပံတွေ ဟာလည်း ညာသံပေးလို့ ဒယ်အိုးကြီးကို ဝင်တိုက်ကြတယ်။ ၎င်းတို့ရဲ့ ရူးမိုက်တဲ့‌ ပြေးဝင်တိုက်မှုတွေကြောင့် ဒယ်အိုးပေါ်က အက်ကွဲကြောင်းက ပိုလို့ ကြီးမားလာတယ်။

ဒါတွေအားလုံး ဖြစ်ပျက်နေခဲ့တာ အရမ်းကြာနေပြီ ထင်ရပေမဲ့ တကယ်မှာ အားလုံးက ဝင်သက် အနည်းငယ် အတွင်းမှာ ဖြစ်သွားခဲ့တာပါ။ ကောင်းကင်ဘုံ ဂိတ်တံခါး ပွင့်သွားသလိုမျိုး တော်လဲသံကြီးနဲ့ ဒယ်အိုးဟာ နှစ်ခြမ်းကွဲဖို့ မြေပြင်ပေါ် ကျသွားပါတော့တယ်။

ဒယ်အိုးကြီး ကွဲသွားတဲ့ အခိုက်မှာ ပိထူဟာ သွေးပွက်ပွက်အန်လို့ အနောက်ကို ခြေလှမ်း ဆုတ်သွားရတယ်။ ဒါတောင် သူ့မျက်နှာပေါ်မှာ ကြမ်းကြုတ်တဲ့မဲ့ပြုံး ပေါ်ပေါက်လာခဲ့တယ်။

"ဒယ်အိုးကြီးရဲ့ သတ်ဖြတ်မှု”

လှံတံရှည် ပျက်စီးသွားခိုက်မှာ စုမင် ပါးစပ်ထဲက သွေးတွေ အများကြီး စီးကျလာတယ်။ ဒီ လှံတံရှည်ဟာ သူ့ဘဝရဲ့ ပထမဆုံး မာန်စွမ်းအားရှင် သွေးကြောမျှင် ဖြစ်ပြီး ဝူစန်းကို ဒါနဲ့ပဲ တိုက်ခိုက်ခဲ့သလို မျိုးနွယ်စု ရွှေ့ပြောင်း ခရီးမှာလည်း ဒါနဲ့ ရန်သူတွေကို သတ်ဖြတ်ခဲ့တယ်။ အခု ပျက်စီး သွားချိန်မှာတော့ စုမင်ရဲ့ ကိုယ်ခန္ဓာ တစ်ခုတည်းက ဒဏ်ရာ ရရှိသွားတာ မဟုတ်ဘဲ စုမင် စိတ်ထဲမှာလည်း ထာဝရ ခွဲခွာလိုက်ဖို့ တွန့်ဆုတ်မိဆဲ။

သို့ပေမဲ့ စုမင်က ဒီတွန့်ဆုတ်မှုကို ကြိတ်မှိတ်ဖြေဖျောက် လိုက်တယ်။ ထက်ခြမ်း ကွဲသွားတဲ့ ဒယ်အိုးနှစ်ခြမ်းထံက ထွက်ပေါ်လာတဲ့ များပြားလှတဲ့ အနက်ရောင် အခိုးအငွေ့ တွေကနေ ဧရာမ လူမျက်နှာကြီး ဖြစ်ပေါ်လာရာက ကြီးမားတဲ့ အန္တာရာယ် ခံစားချက် ထွက်ပေါ်လာပါတယ်။ ဒယ်အိုးခြမ်း အောက်ပြုတ်ကျနေစဉ် ၎င်း လူမျက်နှာကြီးဟာတော့ အော်ဟစ်အသံပေးလို့ ကောင်းကင်ယံထက် ပြန်တက် လာခဲ့တယ်။

အဲဒီမျက်နှာကြီးက ပေပေါင်းရာချီ ရှည်လျားတယ်။ ပါးစပ်ကြီးကို အကျယ်ကြီး ဖွင့်ဟလို့ စုမင်ကို ဝါးမျိုဖို့ ရွေ့လျားလာတယ်။

စုမင်အနောက်မှာ ရပ်နေတဲ့ အကြီးအကဲ မျက်နှာပျက်သွားတယ်။ ချဉ်းကပ်လာတဲ့ မျက်နှာကြီးကို တားဆီးဖို့ သူ ရှေ့တိုးလာပြီး စုမင်ကို ဘေးတွန်းပို့ဖို့ လုပ်မလို့ပေမဲ့ စုမင်က ရှေ့တစ်လှမ်းတိုးကာ အကြီးအကဲရှေ့မှာ မားမားမတ်မတ် ရပ်ပြီးပြီ။

လက်တွေကို ကျယ်ပြန့်စွာ ဖွင့်လှစ်လိုက်ချိန်မှာ နီနီရဲရဲ မျက်လုံးတွေနဲ့ လရဲ့အတောင်ပံ တွေဟာ စုမင်ထံ အလျင်အမြန် ပြေးလာကြတယ်။ ချက်ချင်း အနားရောက်လာပြီး စုမင်အပေါ် ခြေချကာ စုမင်ကို အလွှာအထပ်ထပ်နဲ့ ဝန်းရံကာကွယ် ပေးထားကြတယ်။ ကနဦးက ပိထူ ပိုင်ဆိုင်တဲ့ ဧရာမ လရဲ့အတောင်ပံကြီးက အစ အဲဒီလိုပဲ ပြုမူတယ်။

မျက်စိတဖျတ် အတွင်းမှာ အောက်ကနေ တက်လာနေတဲ့ မျက်နှာကြီး စုမင်ကို ဝါးမျိုလု ဆဲဆဲမှာ စုမင်ကတော့ လရဲ့အတောင်ပံတွေရဲ့ အထပ်ထပ် ကာရံမှုနဲ့ ကောင်းကင်ယံထက်မှာ ဧရာမ လရဲ့အတောင်ပံ သတ္တဝါ တစ်ကောင်အသွင်သို့ ပြောင်းလဲသွားခဲ့တယ်။

လရဲ့အတောင်ပံ တစ်ကောင်တည်းလို့ ထင်မြင်ရပေမဲ့ စိတ်ကူးနဲ့ မှန်းဆဖို့တောင် ခက်ခဲ့တဲ့ မြောက်မြားလှစွာသော လရဲ့အတောင်ပံ အမြောက်အမြား ပေါင်းစပ်စုဖွဲ့ နေခြင်းပဲ ဖြစ်ပါတယ်။

"မီးလျှံ”

ကြီးမားလှတဲ့ လရဲ့အတောင်ပံတို့ အထက် ကောင်းကင်ယံကို လှုပ်ခတ် သွားစေတဲ့အသံ။ အဲဒီအသံက စုမင်ရဲ့ အသံဖြစ်ပေမဲ့ လရဲ့အတောင်ပံတွေရဲ့ အသံဆိုလည်း မမှား။ အဲဒီအသံကြောင့် ဧရာမ လရဲ့အတောင်ပံကြီး ထံက ပြင်းထန်လှတဲ့ ခွန်အားတွေ ထွက်ပေါ်လာတယ်။ အဲဒီ ခွန်အားကတော့ စုမင်နဲ့ မသက်ဆိုင်ဘဲ လရဲ့အတောင်ပံတွေနဲ့သာ သက်ဆိုင်ပါတယ်

စုမင်ရဲ့ ကိုယ်ခန္ဓာဟာ လရဲ့အတောင်ပံတို့ရဲ့ နှလုံးသား နေရာမှာ ရှိနေပြီး သူ့ရဲ့ စိတ်ဆန္ဒဟာ ၎င်းတို့ရဲ့ လိုအင်ပါပဲ။ စုမင်နှုတ်က မီးလျှံအမိန့် မြွက်ကြား လိုက်ချိန်မှာ ကြီးမားလှတဲ့ လမင်း အလင်းရောင်ဟာ လရဲ့အတောင်ပံတွေ အပေါ် ကျရောက်လာခဲ့ပြီး ၎င်းတို့ကို အလယ်ဗဟို ထားလို့ ငွေမှင်ရောင် မီးပင်လယ်ကြီး တစ်ခုအဖြစ် အသွင်ပြောင်းကာ ကောင်းကင်ယံ တစ်ဝိုက်ကို ဆက်လက် ပျံ့နှံ့ နေတော့တယ်။

ငွေမှင်ရောင် မီးလျှံပင်လယ်ကြီး ပေါ်ပေါက်လို့ ပျံ့နှံ့လာတဲ့ အချိန်မှာ စုမင်ကို ဝါးမျိုဖို့ လာနေတဲ့ မျက်နှာကြီးဟာ ချက်ချင်း နာကျင်သွားပုံ ပေါ်တယ်။ စုမင်ကို ဝန်းရံထားတဲ့ လရဲ့အတောင်ပံတွေနဲ့ အဝေး ပေ ၁၀၀ လောက်အကွာက မီးတောက်တွေကြားမှာ အမှုန့်ဖြစ်တဲ့အထိ လောင်ကျွမ်း ခံလိုက်ရ တော့တယ်။

မျက်နှာကြီး လောင်ကျွမ်းသွားခိုက်မှာ မီးပင်လယ်ကြီး ဝန်းရံထားတဲ့ စုမင်ပါရှိတဲ့ လရဲ့အတောင်ပံ အစုအဝေးကြီးဟာ အဝေးမှာ ရပ်နေတဲ့ ပိထူထံ ရွှေ့လျားသွားတယ်။

ပိထူဟာ မျက်နှာ‌ ဖြူဖျော့ဖျော့နဲ့ မျက်လုံး အပြူးသား။ အခု မြင်နေရတာတွေကို သူမယုံနိုင် ဖြစ်နေတယ်။ ဒါပေမဲ့ နောက်ဆုံးတော့လည်း သူက ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင် တစ်ယောက်ပဲ။ တိုက်ပွဲ အတွေ့အကြုံ ပြည့်ဝသူလည်း ဖြစ်တယ်။ ‌အလျင်အမြန် နောက်ဆုတ်လို့ မော့စန်းထက် စုမင်ကို ပိုလို့ အန္တရာယ်ကြီးမားတဲ့ ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး ဖြစ်တယ်။

"စိမ်းလန်းကြိုးမျှင် မာန်ပညာရပ်”

ပိထူဟာ သူ့ရဲ့ ညာလက်ကို ပင့်မြှောက်လို့ ကောင်းကင်ကို လက်ညှိုး ညွှန်လိုက်တယ်။ သွေးချင်းချင်းရဲလို့ စုတ်ပြတ်နေတဲ့ သူ့ရဲ့ မျက်ခုံးကြားနေရာက အက်ကွဲကြောင်း ပေါ်လာတယ်။ ဒီပညာရပ်ကို နန့်စုန့် အသုံးပြုတုန်းက ပုံနဲ့ တစ်ပုံစံတည်း ... နဖူးထက်က အက်ကွဲကြောင်းဟာ ဝမ်းဗိုက်အထိ ပျံ့နှံ့လာလိုက်တာ တစ်ယောက်ယောက်က သူ့ကို နှစ်ခြမ်း ပိုင်းချလိုက်သလိုပဲ။

အဲဒီ ခန္ဓာကိုယ် အက်ကွဲကြောင်းထဲက သိပ်သည်း ထူထပ်တဲ့ အစိမ်းရောင် အလင်းတန်း အင်အားတစ်ရပ် ထွက်ပေါ်လာပြီး ပိထူကို လွှမ်းခြုံရစ်သိုင်းလို့ စိမ်းလန်းတဲ့ မြူမှုန်ကြိုးမျှင် အဖြစ် ပြောင်းလဲ သွားစေပါတော့တယ်။

***

All Chapters