← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း(63)

ကျုံးလဲ့တောင်ခြေတွင် ယောင်ပင်းက တက္ကစီ ငှားရန် စောင့်နေချိန်မှာပင် Porsche 918 ကားတစ်စီး သူ၏ရှေ့၌ ဘရိတ်အုပ်၍ ရပ်တန့်သွားတော့သည်။

ယွီချီကျားက ကားမှန်ကိုချ၍ ယောင်ပင်းအား မေးလိုက်သည်။

“ဘယ်သွားမလို့လဲ၊ ငါ လိုက်ပို့ပေးရမလား”

သူက လိုက်ပို့ပေးမည်ဟု ပြောသော်လည်း သူ၏ လေသံနှင့် အမူအရာမှာ အေးစက်ပြီး မောက်မာနေကာ အထက်စီးဆန်နေပေသည်။

“မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်”

ယောင်ပင်းက ပြုံး၍ ယဉ်ကျေးစွာ ငြင်းဆိုလိုက်သည်။

“မင်း နာမည်က ယောင်ပင်းလား”

“ဟုတ်တယ်”

“မင်း ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းမှာ တက်တာလား”

“ဟုတ်တယ်”

“ကောင်းပြီလေ”

ယွီချီကျားက အေးစက်စွာ ပြုံးလိုက်ပြီး ဂက်စ်ကို နင်းကာ ထွက်ခွာသွားတော့သည်။

အတန်ကြာသော် ယောင်ပင်းနှင့် ဝေးသွားသည့်အချိန်တွင် ယွီချီကျားသည် ဖုန်းတစ်ချက် ဆက်လိုက်ပေသည်။

“မင်ယွမ်လား၊ ငါ မင်းကို ပြောစရာ ရှိတယ်”

ရက်အနည်းငယ် ကြာပြီးနောက်။

ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်း။ အတန်း (6)။

မကြာသေးမီက အတန်း6 တွင် ထူးခြားသော ဖြစ်ရပ်ကြီး နှစ်ခု ဖြစ်ပွားခဲ့ပေသည်။

ပထမတစ်ခုမှာ လုကျစ်အန်းသည်က ကျန်းမာရေး အခြေအနေကြောင့် ကျောင်းမှ ထွက်သွားပြီး အခြားကျောင်းသို့ ပြောင်းသွားခြင်း ဖြစ်ကာ၊ ဒုတိယတစ်ခုမှာ လုကျစ်အန်းထက်ပင် ထူးချွန်သော ကျောင်းသားသစ်တစ်ဦး သူတို့အတန်းသို့ ပြောင်းလာခြင်းပင် ဖြစ်ပေသည်။

ကျောင်းသားသစ်၏ အမည်မှာ တုမင်ယွမ် ဖြစ်ပြီး သူသည်က ပါရမီရှင်တစ်ဦး ဖြစ်ပေသည်။ ကျောင်းမပြောင်းမီက ပင်းဟိုင် နိုင်ငံခြားဘာသာစကားကျောင်းတွင် ထိပ်တန်းကျောင်းသားတစ်ဦး ဖြစ်ခဲ့ပြီး၊ ဘာသာစကား လေးမျိုး တတ်ကျွမ်းသည့်အပြင် ဂီတ၊ စစ်တုရင်၊ လက်ရေးပညာ၊ ပန်းချီနှင့် ကဗျာတို့တွင်လည်း ကျွမ်းကျင်သူ ဖြစ်ပေသည်။

ထို့အပြင် တိုက်ကွန်ဒိုတွင်လည်း အနက်ရောင်ခါးပတ် (7)ဆင့် ရရှိထားသူ ဖြစ်ပြီး၊ မှတ်ဉာဏ်ပိုင်းတွင်လည်း အထူးပင်ထူးချွန်သူ ဖြစ်သည်။

သူ အတန်းထဲသို့ ရောက်ရှိလာသည်နှင့် ဆရာကျိုးဟိုင်ပေါ်က သူ့ကို အတန်းခေါင်းဆောင်သစ်အဖြစ် ခန့်အပ်လိုက်သည်။ ရက်အနည်းငယ်အတွင်းမှာပင် တုမင်ယွမ်သည်က ကျောင်း၏ အထင်ရှားဆုံးနှင့် အကျော်ကြားဆုံး ပုဂ္ဂိုလ် ဖြစ်လာတော့သည်။

ယောက်ျားလေးများက သူ့ကို စံပြအဖြစ် သတ်မှတ်ကြပြီး မိန်းကလေးများကလည်း သူ့ကို အလွန်ပင် နှစ်သက်ကြပေသည်။

ထူးဆန်းသည်မှာ တုမင်ယွမ်သည်က ယောင်ပင်းကိုသာ သဘောမကျဖြစ်နေပြီး၊ ယောင်ပင်း လုပ်သမျှကို အပြစ်လိုက်ရှာနေခြင်းပင် ဖြစ်ပေသည်။

သူသည် ယောင်ပင်းကို တမင်တကာ အခက်တွေ့အောင်လည်း အကြိမ်ကြိမ် လုပ်ဆောင်ခဲ့သေးသည်။ သို့သော် ယောင်ပင်းကတော့ သူ မည်မျှပင် ရန်စစေကာမူ တုံ့ပြန်မှု မလုပ်ခဲ့ပါချေ။

မကြာမီ ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းနှင့် ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းတို့ ပူးပေါင်း၍ “အစွမ်းထက်ဆုံး အထက်တန်းကျောင်းသား” ပြိုင်ပွဲကို ကျင်းပရန်စတင်လာခဲ့သည်။

အနိုင်ရသူမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဂုဏ်ထူးမှတ် (၁၀)မှတ် အပိုရရှိမည်ဟူ၏။ ဤသည်မှာ မည်သည့် ကျောင်းသားအတွက်မဆို ရွှေရောင် အခွင့်အလမ်းပင်မဟုတ်ပါလား။

တုမင်ယွမ်က လျှောက်လွှာများကို လိုက်လံ ဝေငှနေခဲ့သည်။ အတန်းထဲရှိ လူတိုင်းက လျှောက်လွှာ တစ်စောင်စီ ရရှိကြသော်လည်း ယောင်ပင်း တစ်ဦးတည်းသာ မရရှိခဲ့ချေ။

ဤသည်က သိသာလွန်းသော ရန်စမှုပင် ဖြစ်လေ၏။

ယောင်ပင်းသည် တုမင်ယွမ်ထံသို့ သွားမေးလိုက်သည်။

“အတန်းခေါင်းဆောင်၊ အတန်းထဲက လူတိုင်း လျှောက်လွှာ ရကြတယ်၊ ငါ ဘာလို့ မရတာလဲ”

တုမင်ယွမ်၏ အခြားသော ရန်စမှုများကို သူ လျစ်လျူရှုနိုင်သော်လည်း ဤကိစ္စမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် သက်ဆိုင်နေသဖြင့် သူ လျစ်လျူမရှုနိုင်ပါချေ။

ယောင်ပင်း စကားပြောလိုက်သည်နှင့် အတန်းထဲရှိ အကြည့်အားလုံးမှာ သူတို့နှစ်ဦးထံသို့ ရောက်ရှိသွားတော့သည်။

“ယောင်ပင်း ဘာဖြစ်နေတာလဲ၊ အတန်းခေါင်းဆောင်သစ်ကို သွားပြီး ရင်ဆိုင်တော့မလို့လား”

“မဖြစ်နိုင်တာ၊ ဒီအတန်းခေါင်းဆောင်သစ်က အရမ်း အစွမ်းထက်တာနော်၊ စာလည်း တော်တယ်၊ ချမ်းသာလည်း ချမ်းသာတယ်၊ တိုက်ကွန်ဒို အနက်ရောင်ခါးပတ်လည်း ရှိတယ်၊ ယောင်ပင်းက သူ့ကို သွားစိန်ခေါ်ရဲတယ်ပေါ့”

“အတန်းခေါင်းဆောင်သစ်က အရင် လုကျစ်အန်းထက်တောင် အများကြီး ပိုပြီး အရှိန်အဝါရှိတာလေ၊ ယောင်ပင်းကတော့ ကျောက်ခဲကို ကြက်ဥနဲ့ ပေါက်သလို ဖြစ်နေမှာပဲ..”

ယောင်ပင်းလည်း ကျောင်းသားများ၏ ဝေဖန်သံများကို ကြားနေရပေသည်။ တုမင်ယွမ်ကတော့ အေးစက်စွာ ပြုံးလိုက်လေ၏။

“ဒီလျှောက်လွှာက ဗိုလ်လုပွဲအဆင့် တက်ရောက်နိုင်မယ့်သူတွေအတွက်ပဲ. မင်းရဲ့ အမှတ်တွေနဲ့ဆိုရင်တော့ ဒီလျှောက်လွှာကို ယူထားဖို့ လုံးဝ မလိုအပ်ဘူး”

တုမင်ယွမ်သည်က သူ၏ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်သည်ဟူသော ပုံစံဖြင့် ပြောဆိုလိုက်ခြင်းပင်။

“ငါ ပါဝင်ခွင့် ရှိမရှိဆိုတာ မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး၊ ကျောင်းက ဆုံးဖြတ်ရမှာ”

ယောင်ပင်းက အေးစက်စွာ ပြောလိုက်သည်။

“မင်းရဲ့ တာဝန်က လျှောက်လွှာ ဝေဖို့ပဲ၊ ဗိုလ်လုပွဲ တက်နိုင်မတက်နိုင်ဆိုတာကတော့ ငါ့ရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်တယ်”

“မင်း ဆိုလိုတာက မင်းက ဗိုလ်လုပွဲ တက်နိုင်ဦးမယ်ပေါ့ ဟုတ်လား”

တုမင်ယွမ်က ယောင်ပင်း၏ စကားကို တမင်တကာ လှောင်ပြောင်လိုက်သည်။

“ဘာလို့ မတက်နိုင်ရမှာလဲ”

ယောင်ပင်းက ပြန်ပြောလိုက်လေ၏။

“ကောင်းပြီလေ၊ ဒါဆို ငါ မင်းကို အခွင့်အရေး ပေးမယ်၊ မင်း တကယ် အရည်အချင်း ရှိတယ်ဆိုတာကို သက်သေပြနိုင်ရင် ငါ မင်းကို လျှောက်လွှာတစ်စောင် ပေးမယ်၊ ဘယ်လိုလဲ”

“ဘယ်လို သက်သေပြရမှာလဲ”

တုမင်ယွမ်သည် သူ၏ ဘေးရှိ တရုတ်စာအုပ်ကို ညွှန်ပြလိုက်သည်။

ကျောင်းသားတစ်ဦးက ထိုစာအုပ်ကို ယူ၍ သူ့ထံ မျက်နှာချိုသွေးစွာ ပေးလိုက်ပေသည်။ တုမင်ယွမ်က စာမျက်နှာများကို လှန်ကြည့်လိုက်ပြီး ဆောင်းပါးတစ်ခုကို လက်ညှိုးထိုးပြလာသည်။

“တကယ်လို့ မင်းသာ ဒီဆောင်းပါးကို ငါးမိနစ်အတွင်း အလွတ်ရအောင် ကျက်နိုင်ရင် ငါ မင်းကို လျှောက်လွှာ ပေးမယ်!”

ပတ်ဝန်းကျင်ရှိ ကျောင်းသားများမှာ ထိုဆောင်းပါးကို ကြည့်လိုက်ကြပြီး အံ့သြသွားကြတော့သည်။ တုမင်ယွမ် ရွေးချယ်လိုက်သည်မှာ ဝမ်ပေါ်၏ “ထန်မင်းသား၏ ပွဲကြည့်စဥ်နိဒါန်း” ဟူသော ဆောင်းပါး ဖြစ်ပေသည်။

၎င်းမှာ ခက်ခဲနက်နဲသော စကားလုံးများစွာ ပါဝင်သည့် ရှေးဟောင်းဆောင်းပါးတစ်ပုဒ်ပင်။

တစ်ခေါက် ဖတ်ရန်အတွက်ပင် မိနစ်အနည်းငယ် ကြာနိုင်သည့်အတွက် ၅ မိနစ်အတွင်း အလွတ်ကျက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။

ယောင်ပင်းသည် ထိုဆောင်းပါးကို တစ်ချက် ကြည့်လိုက်ပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။

“ကောင်းပြီလေ၊ ငါ မင်းနဲ့ လောင်းကြေးထပ်မယ်”

တုမင်ယွမ်၏ မျက်လုံးများထဲတွင် လှောင်ပြောင်လိုသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ယောင်ပင်းက ပြုံးလျက် ဆက်ပြောလာသည်။

“ဒါပေမဲ့ ငါ တစ်ယောက်တည်း လုပ်နေရတာကတော့ မတရားဘူးပေါ့. အတန်းခေါင်းဆောင်လည်း ငါနဲ့အတူ ပြိုင်ရဲလား၊ တကယ်လို့ ငါ အနိုင်ရရင် အတန်းခေါင်းဆောင်က ငါ့ရဲ့ တောင်းဆိုချက် တစ်ခုကို ဖြည့်ဆည်းပေးရမယ်၊ အတန်းခေါင်းဆောင်ရော လုပ်ရဲရဲ့လား”

ယောင်ပင်း၏ စကားကြောင့် အတန်းထဲရှိ ကျောင်းသားများမှာ စိတ်လှုပ်ရှားစွာ ဆူညံသွားကြတော့သည်။

တုမင်ယွမ်၏ မျက်နှာမှာတော့ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

တုမင်ယွမ်က နှာခေါင်းရှုံ့လိုက်ပေသည်။

သူ့ရဲ့မှတ်ဉာဏ်ကို စိန်ခေါ်ရဲ့သူ ရှိနေသေးတာလား။ နောက်ပြီး တောင်းဆိုချက်တွေပါ လုပ်ရဲသေးတယ်ပေါ့။

ဒါာ ပထမဆုံးအကြိမ်ပဲ။

“ကောင်းပြီလေ၊ ငါ သဘောတူတယ်”

တုမင်ယွမ်က ယောင်ပင်းကို စောင်းကြည့်ကာ မောက်မာစွာ ပြောလိုက်၏။

“ပြောစမ်းပါဦး၊ မင်းရဲ့ စည်းကမ်းချက်တွေက ဘာလဲ”

အကယ်၍ မှတ်ဉာဏ်ပြိုင်ပွဲသာဆိုလျှင် ယောင်ပင်းကို အပြတ်အသတ် ချေမှုန်းနိုင်မည်ဟု သူ ယုံကြည်ချက်အပြည့် ရှိနေပေသည်။

ယောင်ပင်းက သူ့ကို မှတ်ဉာဏ်ချင်း ယှဉ်ပြိုင်ချင်နေခြင်းမှာ သူကိုယ်ကိုယ် အရှက်ခွဲနေခြင်းသာ ဖြစ်ပေလိမ့်မည်။

အတန်းထဲရှိ ကျောင်းသားအားလုံးမှာ ယောင်ပင်းက တုမင်ယွမ်ကို မည်သို့သော စည်းကမ်းချက်မျိုး ပြောလာမည်နည်းဆိုသည်ကို သိချင်စိတ်ဖြင့် ကြည့်နေကြလေ၏။

သူတို့က တုမင်ယွမ်၏ ထူးခြားလှသော မှတ်ဉာဏ်အကြောင်းကို ကြားဖူးထားလေ၏။ ထို့အတွက် ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့လိုနေကြခြင်း ဖြစ်ပေသည်။

အထူးသဖြင့် အတန်းထဲမှ မိန်းကလေးများပင်။

ထို့ကြောင့် သူတို့အားလုံးက ယောင်ပင်းအား စည်းကမ်းချက်များကို အမြန်ပြောရန် တိုက်တွန်းနေကြတော့သည်။

ခေတ္တမျှ တိုက်တွန်းခံရပြီးနောက် ယောင်ပင်းက ဖြည်းညှင်းစွာ ပြောလိုက်ပေသည်။

“ငါ့ရဲ့ စည်းကမ်းချက်ကတော့.. တကယ်လို့ အတန်းခေါင်းဆောင် ရှုံးသွားရင် ငါ့အိမ်မှာ တစ်ရက် လာနေပေးရမယ်”

ကျောင်းသားအားလုံး ကြောင်အမ်းသွားကြတော့သည်။

ဒါက ဘယ်လို စည်းကမ်းချက်မျိုးလဲ။

ရှုံးတဲ့သူက ဘာလို့ ယောင်ပင်းအိမ်မှာ တစ်ရက် သွားနေရမှာလဲ။

တုမင်ယွမ်၏ မျက်နှာမှာ ချက်ချင်းပင် ပျက်ယွင်းသွားပြီး ဇဝေဇဝါဖြင့် မေးလိုက်၏။

“ယောင်ပင်း၊ မင်း ဘာကို ဆိုလိုတာလဲ”

“အတန်းခေါင်းဆောင်၊ ပြိုင်ရဲလား”

“ဘာလို့ မပြိုင်ရဲရမှာလဲ”

“ဒါဆို စမယ်”

တုမင်ယွမ်သည်က သံသယများ ပြည့်နှက်နေသော်လည်း ယုံကြည်မှုကတော့ အပြည့်ရှိနေပေသည်။

မှတ်ဉာဏ်ပိုင်းမှာတော့ တုမင်ယွမ် တစ်ခါမှ မရှုံးဖူးခဲ့ချေ။

ထို့ကြောင့် ယောင်ပင်း၏ စည်းကမ်းချက်မှာ မည်မျှပင် ထူးဆန်းနေပါစေ၊ တကယ်တမ်းတွင် ယောင်ပင်း မည်သည့်အရာကိမှ မတောင်းဆိုလိုက်နိုင်သကဲ့သို့ပင် ဖြစ်ရလိမ့်မည် ။

အဘယ်ကြောင့်ဆိုသော် သူသည်က ယောင်ပင်းကို လုံးဝ ရှုံးလိမ့်မည်မဟုတ်သောကြောင့် ဖြစ်ပေသည်။

ပြိုင်ပွဲ စတင်လေပြီ!

အတန်းဖော်တစ်ဦးက အချိန်မှတ်ပေးပြီး ယောင်ပင်းနှင့် တုမင်ယွမ်တို့ာ ဆောင်းပါးကို အလွတ်ကျက်ကြတော့သည်။

ငါးမိနစ်ဆိုသည်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့လေ၏။

တုမင်ယွမ်က ယုံကြည်ချက်အပြည့်ဖြင့် သူ၏စာအုပ်ကို ပိတ်လိုက်ပြီး ယောင်ပင်းအား မေးလိုက်သည်။

“ဘယ်သူ အရင်ဆိုမလဲ”

ယောင်ပင်းက စိတ်ပျက်လက်ပျက်ပုံစံဖြင့် လက်ကာပြကာ ပြောလိုက်၏။

“အတန်းခေါင်းဆောင်ပဲ အရင်ဆိုပါ..”

ယောင်ပင်း၏ စိတ်ပျက်နေသော အမူအရာကို မြင်လိုက်ရချိန်တွင် တုမင်ယွမ်က ချက်ချင်းပင် နားလည်သွားဟန်ဖြင့် အေးစက်စွာ ရယ်မောလိုက်ပြီး “ထန်မင်းသား၏ ပွဲကြည့်စဥ်နိဒါန်း” ကို စတင်ရွတ်ဆိုတော့သည်။

“ယွီကျန်း၊ ဟုန်တူး ခရိုင်ဟောင်း ၊ မြို့တော်သစ်..”

သူသည် စကားလုံးများကို ရှင်းလင်းစွာ အသံထွက်ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သောနှုန်းဖြင့် ရွတ်ဆိုပြခဲ့ပေသည်။

ဆောင်းပါး မှန်မမှန် စစ်ဆေးနေသော ကျောင်းသား စာအုပ်လှန်သည့်နှုန်းထက်ပင် ပို၍ မြန်နေသေး၏။

နှစ်မိနစ်အကြာတွင် တုမင်ယွမ်သည်က ဆောင်းပါးတစ်ခုလုံးကို ရွတ်ဆိုပြီးသွားလေပြီ။

တိတ်ဆိတ်ခြင်းက စိုးမိုးသွားခဲ့သည်။

လုံးဝကို ငြိမ်သက်သွားခြင်းပင်ဖြစ်လေ၏။

အတန်းထဲရှိ ကျောင်းသားများ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သည့် အမူအရာများ ရှိနေခဲ့ကြသည်။

အလွတ်ကျက်ခြင်းမှသည် အဆုံးအထိ ရွတ်ဆိုပြခြင်းအထိ တုမင်ယွမ်သည်က ခုနစ်မိနစ်သာ အချိန်ယူခဲ့ရသည် မဟုတ်ပါလား။

ထို့အပြင် သူ၏အသံထွက်နှုန်းမှာလည်း အံ့သြစရာ ကောင်းလှပေသည်။

ပို၍ ထူးခြားသည်မှာ စကားလုံးတစ်လုံးမျှပင် မှားယွင်းခြင်း မရှိခဲ့ချေ။

လုံးဝကို တိကျမှန်ကန်လွန်းပေသည်။

အတန်ကြာပြီးနောက် စာသင်ခန်းအတွင်း လက်ခုပ်သံများ ဆူညံသွားတော့သည်။

ကျောင်းသားများက တုမင်ယွမ်ကို အားကျသည့် မျက်လုံးများဖြင့် ကြည့်လာခဲ့ကြလေ၏။

*

အခန်း(64)

“မင်းအလှည့်ပဲ!”

တုမင်ယွမ်က အံ့သြနေကြသော အတန်းဖော်များကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး ယောင်ပင်းအား အောင်နိုင်သူတစ်ဦးကဲ့သို့ ပြောလိုက်သည်။

“အနည်းဆုံးတော့ မင်းက ငါ့ထက်စာရင် အလွတ်ကျက်ဖို့ အချိန် နှစ်မိနစ်တောင် ပိုရလိုက်တာပဲလေ”

တုမင်ယွမ်သည် ယောင်ပင်းကို တမင်တကာ အခက်တွေ့အောင် လုပ်နေခြင်း ဖြစ်ပေသည်။

တကယ်တမ်းတွင် သူ ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းသို့ ပြောင်းလာခဲ့ခြင်းမှာ သူ၏ သူငယ်ချင်းကောင်း ယွီချီကျား၏ တောင်းဆိုမှုကြောင့် ဖြစ်ပေသည်

သူ၏ ရည်ရွယ်ချက်မှာ ယောင်ပင်း၏ နောက်ခံကို စုံစမ်းရန်ပင် ဖြစ်ပေသည်။

ဤကျောင်းသို့ ရောက်လာပြီးနောက် အရာအားလုံးမှာ သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပျက်ခဲ့ပေသည်။

သူသည်က အရေးပေးခြင်း ခံရပြီး အရေးကြီးသော တာဝန်များကိုလည်း ပေးအပ်ခြင်း ခံခဲ့ရပေသည်။

သူ့အတွက် စိတ်ပျက်စရာ တစ်ခုတည်းမှာ ယောင်ပင်း၏ အရှိန်အဝါမှာ အလွန်ပင် အားနည်းနေခြင်း ဖြစ်ပေသည်။ ယွီချီကျား ပြောပြထားသကဲ့သို့ အထင်ကြီးစရာ ကောင်းပြီး တည်ငြိမ်လှပသည့် အရှိန်အဝါမျိုး လုံးဝ မရှိခဲ့ချေ။

တိတ်ဆိတ်ပြီး တစ်ယောက်တည်း နေတတ်ခြင်းမှာ ကျောင်းတွင် ယောင်ပင်း ပြသလေ့ရှိသည့် အခြေခံ အမူအရာပင် ဖြစ်ပေသည်။

ဒီလိုမျိုး ကောင်လေးက တကယ်ပဲ ယွီချီကျား၏ အာရုံစိုက်မှုကို ခံရဖို့ ထိုက်တန်လို့လား။

ယနေ့သည်က သူတို့၏ ပထမဆုံး အမှန်တကယ် ရင်ဆိုင်ရမှု ဖြစ်ပေသည်။

သူကတော့ သူ၏ အစွမ်းကို ပြသလိုက်ပြီဖြစ်ရာ ယောင်ပင်း၏ တုံ့ပြန်မှုကိုသာ စောင့်ဆိုင်းနေခဲ့သည်။

မမျှော်လင့်ဘဲ တုမင်ယွမ် ရွတ်ဆိုပြီးသွားသောအခါ ယောင်ပင်းက သူ၏စာအုပ်ကို ဘေးသို့ ပစ်ချလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါ ရှုံးပြီ”

သူက တစ်လုံးမျှပင် ရွတ်မပြရသေးဘဲ အရှုံးပေးလိုက်သည်။

အရှုံးပေးပြီးနောက် ယောင်ပင်းက လှည့်ထွက်ကာ စာသင်ခန်းတံခါးဆီသို့ လျှောက်သွားတော့သည်။

“ယောင်ပင်း၊ မင်း ဘာကို ဆိုလိုတာလဲ”

တုမင်ယွမ်က ယောင်ပင်းအား လှမ်းခေါ်လိုက်သည်။

“ဘာမှ မဟုတ်ပါဘူး”

ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီး ဆက်ပြောလာသရ်။

“ရှုံးတာကတော့ ရှုံးတာပဲလေ လောင်းကြေးက လောင်းကြေးပဲ၊ ငါ အဲဒီလျှောက်လွှာကို မလိုချင်တော့ဘူး”

ထိုသို့ပြောပြီးနောက် ယောင်ပင်း စာသင်ခန်းထဲမှ ထွက်သွားခဲ့လေ၏။ ကျောင်းသားများမှာ သူ၏ နောက်ကျောပြင်ကိုသာ ကြည့်၍ကျန်ခဲ့တော့သည်။

ပထမတော့ ယောင်ပင်းသည်က တုမင်ယွမ်၏ ရည်ရွယ်ချက်ကို သေသေချာချာ မသိခဲ့ချေ။

သို့သော် တုမင်ယွမ်က အလွတ်ရွတ်ပြိုင်ပွဲကို သဘောတူလိုက်သည့် အချိန်တွင်တော့ သူ သေချာပေါက် သိရှိသွားခဲ့ပြီပင်။

တုမင်ယွမ်သည်က သူ့ကို တမင်တကာ ဆန့်ကျင်နေခြင်း ဖြစ်ပေသည်။

သို့မဟုတ်လျှင် လျှောက်လွှာတစ်စောင်အတွက် အဘယ်ကြောင့် ဤမျှအထိ ဆူညံအောင် လုပ်နေပါမည်နည်း။

ထိုအကြောင်းကို အတည်ပြုနိုင်ခဲ့ပြီဖြစ်၍ ယောင်ပင်းသည် အလွယ်တကူပင် လက်လျှော့လိုက်ပေသည်။

ဤကိစ္စအတွက် တုမင်ယွမ်နှင့် ပြိုင်ဆိုင်နေရခြင်းမှာ အဓိပ္ပာယ် မရှိပါချေ။

ထွက်ခွာသွားသော ယောင်ပင်း၏ ကျောပြင်ကိုကြည့်ရင်း တုမင်ယွမ်၏ ဂုဏ်ယူဝင့်ကြွားမှုက ပို၍ပင် ကြီးထွားလာတော့သည်။

အရာအားလုံးမှာ စီစဉ်ထားသည့်အတိုင်း ဖြစ်ပျက်နေခဲ့သည်။

ယောင်ပင်းာ သူ ထင်ထားသည်ထက်ပင် သတ္တိနည်းနေသေးသည်။ သူနှင့် ပြိုင်ဆိုင်ရန်ပင် မဝံ့ရဲခဲ့ပါချေ။

အသုံးမကျတဲ့ကောင်။

တုမင်ယွမ် စိတ်ထဲမှ ဆဲရေးလိုက်မိသည်။ ယောင်ပင်း၏ နောက်ခံကို စုံစမ်းခိုင်းသည့် ယွီချီကျား၏ လုပ်ရပ်က လူမှားနေပြီ မဟုတ်ပါလား။

ဤယောင်ပင်းမှာ အမှိုက်တစ်စသာ ဖြစ်ပြီး သူနှင့် ပြိုင်ဆိုင်ရန် သတ္တိပင် မရှိချေ။ သူ့အတွက် အချိန်ဖြုန်းရကျိုးပင် မနပ်ပါချေ။

သူ ဖုန်းကို ထုတ်ယူကာ ယွီချီကျား၏ နံပါတ်ကို နှိပ်လိုက်လေသည်။

“အစွမ်းထက်ဆုံး အထက်တန်းကျောင်းသား” ပြိုင်ပွဲကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပခဲ့ပေသည်။

ပထမဦးစွာ အကြိုပြိုင်ပွဲများ၊ ထို့နောက် အတန်းလိုက် ပြိုင်ပွဲများ၊ ထို့နောက်တွင် တစ်ဦးချင်း ပြိုင်ပွဲများ ပါဝင်သည်။

တုမင်ယွမ်သည်က အခက်အခဲအားလုံးကို ကျော်ဖြတ်ကာ ပင်းဟိုင် အမှတ်(၁) အထက်တန်းကျောင်း၏ အစွမ်းထက်ဆုံး ချန်ပီယံ ဖြစ်လာခဲ့သည်။

သူ မည်သည့်နေရာသို့သွားသည်ဖြစ်စေ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံရပြီး၊ ကျောင်း၏ ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့၏။

ထို့အပြင် တုမင်ယွမ်မှာ ထင်ရှားသော မိသားစုမှ လာသူဖြစ်ပြီး ရုပ်လည်းချောမောသဖြင့် ကျောင်းရှိ မိန်းကလေးများ၏ ကြိုက်နှစ်သက်မှုကို ရရှိခဲ့ပေသည်။ သူက နေ့စဉ်နှင့်အမျှ များပြားလွန်းသော အချစ်စာလွှာများကို ရရှိခဲ့ပြီး သူ၏ စားပွဲအံဆွဲထဲတွင် ပုံနေတော့သည်။

ခဏအတွင်း တုမင်ယွမ်သည် ကျောင်း၏ အကျော်ကြားဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့ပေသည်။

ယောင်ပင်းမှာတော့ ထိုပြိုင်ပွဲအတွက် အရည်အချင်းပင် မပြည့်မီခဲ့ချေ။

တစ်ပတ်အကြာတွင် ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်း၏ ထိပ်တန်း ငါးဦးကို ရွေးချယ်ခဲ့သည်။

တုမင်ယွမ်ပ ထိုငါးဦးအဖွဲ့၏ ငြင်းပယ်စရာမရှိသော ခေါင်းဆောင် ဖြစ်လာခဲ့၏။

နောက်တစ်ဆင့်မှာတော့ ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းနှင့် ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းတို့အကြား ဗိုလ်လုပွဲပင် ဖြစ်ပေသည်။

ထိုပွဲမှာ သုံးရက်ကြာမြင့်မည် ဖြစ်ပေသည်။

ပထမနေ့တွင် ကျောင်းနှစ်ကျောင်းက အမှတ် တူနေခဲ့ကြသည်။

ဒုတိယနေ့တွင်တော့ ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းက ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းကို အပြတ်အသတ် အနိုင်ယူသွားခဲ့ပေသည်။

ပင်းဟိုင်ဘက်တွင် တုမင်ယွမ်ရှိသော်လည်း ကျန်အဖွဲ့ဝင် လေးဦးမှာတော့ အရည်အချင်းချင်း မတူညီကြချေ။

တစ်ဖက်အဖွဲ့က နည်းဗျူဟာကို ကောင်းမွန်စွာ အသုံးပြုကာ ပင်းဟိုင်ကို တိုက်ရိုက်ပင် အနိုင်ယူခဲ့ခြင်း ဖြစ်ပေသည်။

ပို၍ ဆိုးသည်မှာ ယွမ်ယန်ဘက်တွင် “မှတ်ဉာဏ်မင်းသားလေးများ” ဟု လူသိများသော အမြွှာညီအစ်ကိုနှစ်ယောက် ပါဝင်နေခြင်း ဖြစ်ပေသည်။

ထိုညီအစ်ကို နှစ်ဦးမှာ ထူးခြားသော မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားကြရုံမျှမက၊ သူတို့ကြားတွင် ရှိနေသော စိတ်ချင်းဆက်နွှယ်မှုကြောင့် သူတို့၏အဖွဲ့လိုက် လုပ်ဆောင်မှုမှာ တုမင်ယွမ်တစ်ဦးတည်းသာ ထင်ရှားနေသော ပင်းဟိုင်အဖွဲ့ကို လျင်မြန်စွာ အနိုင်ရရှိသွားခဲ့ခြင်း ဖြစ်ပေသည်။

ဒုတိယနေ့တွင် ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းမှာ အလဲလဲအပြိုပြို ရှုံးနိမ့်ခဲ့ရပေသည်။

သုံး မှတ်၊ နှစ်မှတ် ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။

တတိယနေ့သည်က အလွန်ပင် အရေးကြီးလွန်းပေသည်။

ကျောင်းအုပ်ကြီး၏ ရုံးခန်းအတွင်း။

ယောင်ပင်းက ဆိုဖာပေါ်တွင် မတ်မတ်ထိုင်နေပြီး၊ ကျောင်းအုပ်ကြီးက‌တော့ ပြုံးရွှင်လျက် လက်ဖက်ရည်နှင့် ရေများကို ကိုယ်တိုင် ပြင်ဆင်ပေးနေခဲ့သည်။

“ယောင်ပင်း၊ မနက်ဖြန်က အရေးကြီးဆုံးနေ့ပဲ၊ တကယ်လို့ ငါတို့သာ ထပ်ရှုံးမယ်ဆိုရင်၊ ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းက ဂုဏ်ထူးမှတ်တွေကို အပိုင်ယူသွားမှာတင် မကဘူး၊ လာမယ့် ပြည်နယ်အဆင့် ပြိုင်ပွဲမှာလည်း ငါတို့ သူတို့ကို ရှုံးနိမ့်သွားရလိမ့်မယ်”

“ဒါကြောင့် မနက်ဖြန်က ငါတို့အတွက် အရမ်းအရေးကြီးပါတယ်၊ မင်းအနေနဲ့ ငါတို့ကျောင်းသား တစ်ယောက်ရဲ့ နေရာမှာ ဝင်ပြိုင်ပေးလို့ ရမလား”

ကျောင်းအုပ်ကြီးအနေဖြင့် ယောင်ပင်းက အံ့ဖွယ်တစ်ခု ဖန်တီးနိုင်မည်ဟု ယုံကြည်နေ၍ မဟုတ်ဘဲ၊ သူ့တွင် တခြား ရွေးချယ်စရာ မရှိတော့၍သာ ဖြစ်ပေသည်။

သူ ရွေးချယ်နိုင်သမျှ ထိပ်တန်းကျောင်းသား အားလုံးကို ရွေးချယ်ပြီးသွားပြီ မဟုတ်ပါလား။

သို့သော်လည်း ပင်းဟိုင်၏ ထိပ်တန်း ငါးဦးမှာ ယွမ်ယန်၏ ထိပ်တန်း ငါးဦးကို မယှဉ်နိုင်ခဲ့ချေ။

သူအနေဖြင့် လောင်းကြေးထပ်ရုံသာ ရှိတော့သည်။ ယောင်ပင်းက သူ့အတွက် အံ့ဖွယ်တစ်ခု ပေးနိုင်လိမ့်မည်ဟုသာ မျှော်လင့်ရတော့မည်။

ကျောင်းအုပ်ကြီးက ယောင်ပင်း သဘောတူမည်ကို မျှော်လင့်တကြီး ကြည့်နေခဲ့သည်။

ယောင်ပင်းက ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလာသည်။

“ကျောင်းအုပ်ကြီး၊ ကျွန်တော့်ဆီမှာ လျှောက်လွှာလည်း မရှိဘူး၊ ပါဝင်ခွင့် အရည်အချင်းလည်း မရှိဘဲနဲ့ ဘယ်လိုလုပ် ပြိုင်ပွဲဝင်နိုင်မှာလဲ”

“လျှောက်လွှာ မလိုပါဘူး၊ မနက်ဖြန် ဗိုလ်လုပွဲကို တန်းပြိုင်လိုက်ရုံပါပဲ”

“ဒါက သင့်တော်ပါ့မလား”

“သင့်တော်ပါတယ်၊ သင့်တော်ပါတယ်၊ ဘာမှ မဖြစ်ပါဘူး”

ပင်းဟိုင်၏ အဖွဲ့ဝင် ငါးဦးထဲမှ အားအနည်းဆုံး တစ်ဦးက နေမကောင်းဖြစ်၍ မပြိုင်နိုင်တော့ကြောင်း ပြောလိုက်နိုင်ပေသည်။ ထို့ကြောင့် ယောင်ပင်းက ယာယီဝင်ပြိုင်ခြင်းဖြစ်ကြောင်း ပြောလိုက်လျှင် ယွမ်ယန်ဘက်ကလည်း ကန့်ကွက်မည် မဟုတ်ပါချေ။

ကျန်သည့် ဆရာများနှင့်ကျောင်းသားများအတွက်ကတော့..

သူက ကျောင်းအုပ်ကြီးပဲလေ။ သူ ဆုံးဖြတ်တာက အတည်ပဲဖြစ်မှာပေါ့။

ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီး ပြောလာသည်။

“ကောင်းပြီလေ၊ ကျွန်တော် ဝင်ပြိုင်ပါ့မယ်!”

နောက်တစ်နေ့။

ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်း၏ ခန်းမဆောင်ကြီးအတွင်း။

ပြိုင်ပွဲစင်မြင့်ကို အလယ်ဗဟိုတွင် ပြင်ဆင်ထားပြီး၊ ပတ်ဝန်းကျင်တွင် ထိုင်ခုံများ အဆင့်ဆင့် တည်ရှိနေပေသည်။

ရှေ့ဆုံးတန်းတွင် ပညာရှင်ဒိုင်လူကြီးများ၊ နောက်တစ်တန်းတွင် ကျောင်းနှစ်ကျောင်းမှ ဆရာများ၊ သူတို့၏နောက်တွင်တော့ ကျောင်းနှစ်ကျောင်းလုံးမှ ကျောင်းသားများ ရှိနေကြပေသည်။

လူပင်လယ်ကြီးသဖွယ်ဖြစ်နေခဲ့ကာ အလွန်ပင် စည်ကားနေခဲ့သည်။

ကျောင်းသား အားလုံးမှာ စိတ်အားထက်သန်နေကြပြီး အလွန်ပင် စိတ်လှုပ်ရှားနေကြလေ၏။

နောက်ဆုံးတွင်တော့ ဤသည်မှာ ဉာဏ်ရည်နှင့် မှတ်ဉာဏ်ချင်း ယှဉ်ပြိုင်ရုံမျှမက၊ ကျောင်းနှစ်ကျောင်း၏ ဂုဏ်သိက္ခာနှင့် ဂုဏ်ဒြပ်တို့ပါ သက်ဆိုင်နေသည် မဟုတ်ပါလား။

လူတိုင်းက သူတို့ကျောင်းကို အနိုင်ရစေချင်ကြသည်ပင်။

သို့သော်လည်း ယမန်နေ့က ပြိုင်ပွဲကြောင့် ပင်းဟိုင် ကျောင်းသားများမှာ စိတ်ဓာတ် အနည်းငယ် ကျဆင်းနေကြပြီး၊ ယွမ်ယန် ကျောင်းသားများက‌တော့ ဧည့်သည်များဖြစ်သော်လည်း အလွန်ပင် စိတ်တက်ကြွနေကြလေ၏။ သူတို့က သူတို့၏ ဆောင်ပုဒ်များကို အဆက်မပြတ် အော်ဟစ်ရင်း ဧည့်သည်က အိမ်ရှင်ကို လွှမ်းမိုးထားသည့် အမူအရာမျိုး ပြသနေကြတော့သည်။

ပြိုင်ပွဲ စတင်လေပြီ။

နှစ်ဖက်လုံးမှ ထိပ်တန်း ငါးဦးစီ စင်မြင့်ပေါ်သို့ တက်လာကြသည်။

ထို့နောက် အစီအစဉ် တင်ဆက်သူက အခြေအနေကို ရှင်းပြလေသည်။

“ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းက ယွမ်ရှောင်တုန်းက ကျန်းမာရေးကြောင့် နှုတ်ထွက်သွားတဲ့အတွက် သူ့နေရာမှာ ပင်းဟိုင်က တခြားကျောင်းသားတစ်ယောက် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်၊ အားလုံးပဲ သူ့ကို ကြိုဆိုပေးကြပါဦး!”

လက်ခုပ်သံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

ယွမ်ယန် ကျောင်းသားများမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။

ယခင်က ရွေးချယ်ထားသော ငါးဦးမှာ အစွမ်းထက်ဆုံး ငါးဦးဖြစ်ကြောင်း လူတိုင်း သိထားကြသည်ပင်။

နောက်ဆုံးမိနစ်ကျမှ ရှာတွေ့လာသော လူစားထိုး ကျောင်းသားတစ်ဦးက ထိုထိပ်တန်း ငါးဦးကို မည်သို့ ယှဉ်နိုင်ပါမည်နည်း။

ဤတစ်ကြိမ်တွင် ယွမ်ယန်က သေချာပေါက် အနိုင်ရတော့မည်ပင်။

ပင်းဟိုင် ကျောင်းသားများလည်း ဤသည်ကို နားလည်ထားကြပေသည်။

ထို့ကြောင့် အစီအစဉ် တင်ဆက်သူ၏ ရှင်းပြချက်အပြီးတွင် ပင်းဟိုင် ကျောင်းသားများကြားမှ ညည်းတွားသံများ ထွက်ပေါ်လာတော့သည်။

ထို့နောက် လူတိုင်းက လည်ပင်းရှည်အောင် ဆန့်ငံ့၍ ကြည့်နေကြလေ၏။

ဤယာယီလူစားထိုး ဝင်ရောက်လာမည့် ကျောင်းသားမှာ မည်သူဖြစ်မည်နည်းဆိုသည်ကို လူတိုင်း သိချင်နေကြသည်။

လူအုပ်ကြီး၏ လက်ခုပ်သံများကြားမှပင် သာမန်အရပ်အမောင်းရှိပြီး ရုပ်ရည်ချောမောသော ကောင်လေးတစ်ဦး စင်မြင့်ပေါ်သို့ ဖြည်းဖြည်းချင်း လှမ်းဝင်လာခဲ့ပေသည်။

ပင်းဟိုင် ကျောင်းသားများမှာ တစ်ဦးကိုတစ်ဦး ဝေခွဲမရစွာ ကြည့်လိုက်ကြလေ၏။

သူတို့သည်က ဤလူစားထိုး ပြိုင်ပွဲဝင်ကို မသိကြချေ။

စင်မြင့်ပေါ်ရှိ တုမင်ယွမ် တစ်ဦးတည်းသာလျှင် ထိုကောင်လေးကို မြင်လိုက်ရချိန်တွင် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး လွှတ်ခနဲ ပြောလိုက်မိတော့သည်။

“မင်း၊ မင်းလား”

လူစားထိုးပြိုင်ပွဲဝင်အဖြစ် စင်ပေါ်တက်လာသူကို မြင်လိုက်ရသောအခါ တုမင်ယွမ်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး ပါးစပ်မှာလည်း ကြက်ဥတစ်လုံး ငုံထားနိုင်လောက်အောင် အဟောင်းသား ဖြစ်သွားရပေသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူစားထိုးပြိုင်ပွဲဝင်မှာ အခြားသူမဟုတ်ဘဲ ယောင်ပင်း ဖြစ်နေသောကြောင့်ပင်။

*

All Chapters