← Chapters

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း (၆၅-၆၆)

Vol. 7 Ch. 65-66

အခန်း(65)

ဆောင်းပါးအလွတ်ရွတ်ဆိုသည့် ပြိုင်ပွဲမှာပင် သူနှင့်ယှဉ်ပြိုင်ရန် သတ္တိမရှိခဲ့သော ယောင်ပင်းက ဗိုလ်လုပွဲကို လာပြိုင်ဝံ့သည်တဲ့လား။

ပို၍ပ ထူးဆန်းသည်မှာ ယောင်ပင်းတွင် လျှောက်လွှာမရှိသဖြင့် ပြိုင်ပွဲဝင်ရန် အရည်အချင်းပင် ရှိမနေသင့်ပါချေ။ သို့သော် သူ အဘယ်ကြောင့် ဗိုလ်လုပွဲစင်မြင့်ပေါ်သို့ ရောက်ရှိနေရသနည်း။

တုမင်ယွမ်မှာ လုံးဝကို ဝေခွဲမရ ဖြစ်သွားတော့သည်။

သို့သော် သူတစ်ခုတော့ သေချာပေါက် သိလိုက်ရသည်။

မနေ့က ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းမှာ အလဲလဲအပြိုပြို ရှုံးနိမ့်ခဲ့သဖြင့် ယနေ့တွင် ယောင်ပင်းဖြင့် လူစားထိုးလိုက်ခြင်း ဖြစ်ပေသည်။

ယောင်ပင်း၏ အရေးပါမှုမှာ ထင်ရှားလာခဲ့ချေပြီ။

သို့သော် ဤမျှအရေးကြီးလှသော ဗိုလ်လုပွဲတွင် ယောင်ပင်းကို လူစားထိုးလိုက်ခြင်းမှာ အမှန်တကယ် စိတ်ချရပါမည်လား။

ယောင်ပင်း စင်ပေါ်သို့ လှမ်းတက်လာသည်ကို မြင်လိုက်ရသည့် ခဏတွင် တုမင်ယွမ်မှာ ပထမတော့ အံ့အားသင့်သွားပြီးနောက် အလွန်ပင် စိတ်ပျက်သွားရတော့သည်။

ယောင်ပင်းကဲ့သို့ အသုံးမကျသော ပြိုင်ပွဲဝင်တစ်ဦး စင်ပေါ်ရောက်လာခြင်းမှာ ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းအတွက် ရှုံးနိမ့်ခြင်း နိမိတ်ပင် ဖြစ်ပေလိမ့်မည်။

ပြိုင်ပွဲမစမီ ပြိုင်ပွဲဝင်များက သူကိုယ်ကိုယ် မိတ်ဆက်ကြပေသည်။

နှစ်ရက်တာ ပြိုင်ပွဲပြီးနောက်တွင် ကျောင်းနှစ်ကျောင်းလုံးမှ ကျောင်းသားများသည် ထိပ်တန်း ငါးဦးစီကို အကြမ်းဖျင်း သိရှိနေကြပြီ ဖြစ်၏။

အထူးသဖြင့် ပင်းဟိုင်မှ တုမင်ယွမ်နှင့် ယွမ်ယန်မှ အမြွှာညီအစ်ကိုတို့မှာ အနုပညာကြယ်ပွင့်များကဲ့သို့ ကျော်ကြားနေကြပြီ ဖြစ်၏။

ထို့ကြောင့် သူတို့ မိတ်ဆက်သည့်အချိန်တွင် ခန်းမဆောင်ကြီးတစ်ခုလုံးမှာ ချက်ချင်းပင် ဆူညံသွားတော့သည် ။

“တုမင်ယွမ်! တုမင်ယွမ်!”

“မင်းသားလေး! မင်းသားလေး!”

ခန်းမထဲရှိ ကျောင်းသားများသည် သူတို့၏အမည်များကို ရူးမတတ် အော်ဟစ်နေကြပြီး အမိုးပင် ပွင့်ထွက်သွားတော့မတတ် ရှိနေခဲ့သည်။

အထူးသဖြင့် မိန်းကလေးများပင် ဖြစ်၏။

တုမင်ယွမ်နှင့် အမြွှာညီအစ်ကိုတို့ မိတ်ဆက်သည့်အလှည့်တွင် မိန်းကလေးများမှာ မျက်နှာများ နီမြန်းလျက် အဆုတ်ကွဲမတတ် အော်ဟစ်နေကြပြီး မျက်လုံးများမှာလည်း စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေကာ အသံများပင် တိမ်ဝင်ကုန်ကြတော့သည်။

နောက်ပိုင်းတွင် မတော်တဆမှုများ မဖြစ်စေရန် ကျောင်းဘက်မှ လုံခြုံရေးဝန်ထမ်းများကို စေလွှတ်၍ စိတ်လှုပ်ရှားမှု လွန်ကဲနေသော မိန်းကလေးအုပ်စုကို ထိန်းသိမ်းခဲ့ရပေသည်။

တခြားပြိုင်ပွဲဝင်များမှာ ဤသုံးဦးလောက် မကျော်ကြားသော်လည်း သူတို့ မိတ်ဆက်ချိန်တွင်လည်း ပရိသတ်၏ အားပေးသံများကို ရရှိခဲ့ကြသည်။

ယောင်ပင်းမှလွဲ၍။

ယောင်ပင်း မိတ်ဆက်ရန် ထရပ်လိုက်သည့်အချိန်တွင်တော့ ပရိသတ်ထံမှ မည်သည့် တုံ့ပြန်မှုမျှ ရှိမလာခဲ့ချေ။

ဒိုင်လူကြီးများရှိရာ စင်မြင့်ထက်မှ ပညာရှင်များနှင့် ဆရာများထံမှသာ ဟိုတစ်ချက် သည်တစ်ချက် လက်ခုပ်သံများကို ကြားရပေသည်။

အကယ်၍သာ အခြားသူဆိုလျှင် မြေပြင်ရှိ အက်ကွဲကြောင်းထဲသို့ပင် ဝင်ပုန်းချင်လောက်အောင် အရှက်ရနေမည်မှာ သေချာသည်။

ယောင်ပင်းကတော့ အလွန်ပင် တည်ငြိမ်အေးဆေးနေဆဲပင်။ မိတ်ဆက်ပြီးနောက် သူ၏ အဖွဲ့လိုက် ထိုင်ခုံတွင် တိတ်ဆိတ်စွာ ပြန်ထိုင်လိုက်ပြီး မည်သည့် အရှက်ရသည့် အရိပ်အယောင်ကိုမျှ ပြသခြင်း မရှိခဲ့ချေ။

တုမင်ယွမ် နှာခေါင်းရှုံ့လိုက်သည်။

ယောင်ပင်းက သူထင်ထားတာထက် ပိုပြီး တည်ငြိမ်နေတာလား။

ကံမကောင်းစွာဖြင့် စစ်မှန်သည့် အရည်အချင်းမရှိလျှင် မည်မျှ တည်ငြိမ်ပါစေ အလဟဿသာဖြစ်ပေလိမ့်မည်။

ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းမှ အမြွှာညီအစ်ကိုမှာ အလွန်ပင် အစွမ်းထက်လွန်းသည်။ တစ်ဦးချင်းပြိုင်လျှင် သူ အနိုင်ရနိုင်ခြေ ရှိသော်လည်း၊ အဖွဲ့လိုက် ပြိုင်ပွဲမှာတော့ သူတို့ ရှုံးနိမ့်ရန် သေချာနေသည် မဟုတ်ပါလား။

ယခု ယောင်ပင်းကိုပါ ထည့်လိုက်ခြင်းမှာ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုသာ ဖြစ်စေမည်ပင်။

ထိုသူသည်က လုံးဝကို အသုံးမကျသူသာ ဖြစ်လေ၏။

ပထမအဆင့် ပြိုင်ပွဲ စတင်လေပြီ။

စည်းကမ်းမှာ - ဒိုင်လူကြီးက ပရိသတ်ထဲမှ ကျောင်းသား နှစ်ဆယ်ကို ကျပန်းရွေးချယ်ပြီး သူတို့၏ အမည်၊ မွေးနေ့၊ ထူးခြားသော အရည်အချင်း၊ ဝါသနာ၊ ကျောင်းနှင့် အတန်း အစရှိသည်တို့ကို မိတ်ဆက်ခိုင်းမည် ဖြစ်ပေသည်။

ထို့နောက် ကျောင်းတစ်ကျောင်းစီမှ ထိပ်တန်း ငါးဦးသည်က ထိုအချက်အလက်များကို အလွတ်မှတ်သားရလိမ့်မည်။

နောက်ဆုံးတွင် အဖြေမှန်သည့် ကျောင်းသားဦးရေ စုစုပေါင်းကို ပေါင်းစပ်ပြီး၊ အချက်အလက် အများဆုံး မှတ်မိသော အဖွဲ့က အနိုင်ရရှိမည် ဖြစ်ပေသည်။

ပထမအဆင့်မှာ ရိုးရှင်းလွန်းပုံ ရသည်။

သို့သော် ကျောင်းသားများကို ကျပန်းရွေးချယ်ခြင်း ဖြစ်သဖြင့် ကျောင်းသား နှစ်ဆယ်၏ အခြေခံ အချက်အလက်များကို အချိန်တိုအတွင်း မှတ်သားရခြင်းမှာ အလွန်ပင် ခက်ခဲလေ၏။

ပြိုင်ပွဲဝင် အားလုံး စည်းကမ်းကို နားလည်ကြောင်း အတည်ပြုပြီးနောက် အစီအစဉ်တင်ဆက်သူက ပြိုင်ပွဲစတင်ကြောင်း ကြေညာလိုက်သည်။

တုမင်ယွမ်က ပထမဦးဆုံး စိန်ခေါ်မှုကို စတင်လိုက်သည်။

ပရိသတ်ထဲမှ ပထမဆုံး ကျောင်းသားက ထရပ်လိုက်လေသည်။

“ကျွန်မ နာမည်က လီရှောင်ယန် ပါ၊ မွေးနေ့က ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်၊ ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်း အတန်း(6)က ကျောင်းသားတစ်ယောက် ဖြစ်ပါတယ်..”

ထို့နောက် ဒုတိယတစ်ဦး။

တတိယတစ်ဦး။

ကျောင်းသား နှစ်ဆယ်လုံး မိတ်ဆက်ပြီးချိန်တွင် မိနစ်နှစ်ဆယ်ခန့် အချိန်ယူခဲ့ရပေသည်။

နောက်တစ်ဆင့်မှာ မှတ်ဉာဏ် စစ်ဆေးခြင်း စတင်လေပြီ။

တုမင်ယွမ် ထရပ်လိုက်ပြီး ယုံကြည်ချက်အပြည့်ဖြင့် ရွက်ဆိုလိုက်သည်။

“လီရှောင်ယန်၊ မွေးနေ့ အောက်တိုဘာလ ၁၈ ရက် ၂၀၁၂ ခုနှစ်၊ ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်း အတန်း(8) ကျောင်းသား..”

“ကော်ချင်း၊ မွေးနေ့ စက်တင်ဘာလ ၂၀ ရက် ၂၀၁သုံး ခုနှစ်..”

“..”

တုမင်ယွမ်က ကျောင်းသား ၁၆ ဦး၏ အခြေခံ အချက်အလက်များကို မှတ်မိခဲ့ပေသည်။

နောက်တစ်လှည့်မှာတော့ ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းမှ အမြွှာညီအစ်ကိုများ ဖြစ်ကြပေသည်။

သူတို့၏ ရမှတ်များမှာ ပို၍ပင် အံ့အားသင့်စရာ ကောင်းသည်။

ကျင်းဟိုင် ၁၆ ဦး၊ ကျင်းယန် ၁၈ ဦး!

ညီအစ်ကိုနှစ်ဦး၏ ရမှတ်ကို ကြေညာလိုက်ချိန်တွင် ခန်းမဆောင်ကြီး တစ်ခုလုံး အံ့သြတကြီး ဖြစ်သွားကြတော့သည်။

တုမင်ယွမ်က ကျောင်းသား ၁၆ ဦး၏ အချက်အလက်ကို မှတ်မိခြင်းမှာပင် မှတ်ဉာဏ်၏ အကန့်အသတ်ဟု သူတို့ ထင်မှတ်ထားခဲ့ကြသည် မဟုတ်ပါလား။

မမျှော်လင့်ဘဲ အမြွှာညီအစ်ကိုမှာ ပိာ၍ပင် ထူးချွန်နေကြချေပြီ။

တုမင်ယွမ်၏ မျက်နှာမှာ တင်းမာသွားတော့သည်။

သူက ၁၆ ဦး ဆိုလျှင် ပထမရရန် သေချာသည်ဟု ထင်မှတ်ထားသော်လည်း၊ အမြွှာညီအစ်ကိုထဲမှ တစ်ဦးက သူ့ထက် သာနေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

သူသည်က ကျန်ရှိသော ပြိုင်ပွဲဝင်များ၏ အဖြေကို စိတ်ရှည်စွာ စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့သည်။

သူတို့အဖွဲ့၏ စုစုပေါင်းမှတ်မိမှု ပိုများနေသရွေ့ သူတို့ ပထမအဆင့်မှာ အနိုင်ရရှိဦးမည်ပင်။

သို့သော် ရှေ့သို့ ဆက်သွားလေလေ တုမင်ယွမ် ပို၍ စိတ်ပျက်လာလေလေ ဖြစ်ပေသည်။

ယမန်နေ့က ဖြစ်ရပ်များကြောင့်ဟု ထင်ရပေသည်။

ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းမှ ကျန်ပြိုင်ပွဲဝင် သုံးဦးမှာ ပို၍၍ပင် ညံ့ဖျင်းလာကြတော့သည်။

ယောင်ပင်း တစ်ဦးတည်းသာ ကျန်ရှိတော့ချိန်တွင် ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းမှာ ပင်းဟိုင်ထက် ကျောင်းသား (၁၈)ဦးစာ အမှတ် သာနေခဲ့ပြီ ဖြစ်ပေသည်။

ယောင်ပင်းအနေဖြင့် ကျောင်းသား ၁၈ ဦး၏ အခြေခံ အချက်အလက်များကို အချိန်တိုအတွင်း မှတ်မိနိုင်မှသာ ယွမ်ယန်နှင့် သရေကျနိုင်လိမ််မည်။

မဟုတ်လျှင်တော့ သူတို့ ရှုံးနိမ့်ရန် သေချာနေချေပြီ။

ကျပန်းရွေးချယ်ထားသော ကျောင်းသား ၁၈ ဦး၏ အချက်အလက်များကို အချိန်တိုအတွင်း မှတ်သားရခြင်းမှာ မှတ်ဉာဏ်၏ အမြင့်ဆုံး အကန့်အသတ်ဖြစ်ကြောင်း တုမင်ယွမ် သိရှိထားပေသည်။

သူကိုယ်တိုင်ပင် မလုပ်နိုင်သည်ကို ယောင်ပင်းက မည်သို့ လုပ်နိုင်ပါမည်နည်း။

သူတို့ ပထမအဆင့်မှာ ရှုံးနိမ့်ဖို့ရန် သေချာနေချေပြီ။

တုမင်ယွမ်တင် မဟုတ်ပါချေ။ ရောက်ရှိနေသူ အားလုံးက ထိုကဲ့သို့ပင် ထင်မြင်နေကြပေသည်။

ထို့ကြောင့် ယောင်ပင်း မေးခွန်းဖြေရန် ထရပ်လိုက်သည့် အချိန်တွင် ခန်းမဆောင်ကြီး တစ်ခုလုံး ဆူညံသွားတော့သည်။ အချို့က အော်ဟစ် စကားပြောနေကြပြီး၊ အချို့ကတော့ ဤအခွင့်အရေးကို သုံးကာ အိမ်သာကို သွားကြတော့သည်။

ခန်းမတစ်ခုလုံးမှာ ပရမ်းပတာ ဖြစ်နေလေ၏။

ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းမှ ဆရာများပင်လျှင် စိတ်ပျက်နေကြပြီး ပထမအဆင့်ကို ရှုံးနိမ့်ရန် ပြင်ဆင်ထားကြပြီ ဖြစ်ပေသည်။

ယောင်ပင်း တစ်ဦးတည်းသာလျှင် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ တည်ငြိမ်စွာ ရပ်နေခဲ့သည်။

ကျပန်းရွေးချယ်ခံရသော ပထမဆုံး ကျောင်းသားက ထရပ်လိုက်သည်။

“ကျွန်တော့် နာမည်က လျို့လျို့ ပါ၊ အသက် ၁၇ နှစ်၊ မွေးနေ့က ၂၀၁၁ ခုနှစ် မတ်လ ၆ ရက်၊ သွေးအမျိုးအစား A..”

ဒုတိယ တစ်ဦး : “ဝူချင်း၊ အသက် ၁၆ နှစ်..”

တတိယ တစ်ဦး: “..”

မိနစ်နှစ်ဆယ်အတွင်းမှာပင် လူ နှစ်ဆယ်လုံး သူတို့၏ အချက်အလက်များကို ပြောပြပြီးသွားလေပြီ။

ထို့နောက် ယောင်ပင်းက စတင် ရွတ်ဆိုလာတော့သည်။

“လျို့လျို့၊ အသက် ၁၇ နှစ်၊ မွေးနေ့ ၂၀၁၁ ခုနှစ် မတ်လ ၆ ရက်၊ သွေးအမျိုးအစား A..”

“ဝူချင်း၊ အသက် ၁၆ နှစ်..”

ယောင်ပင်းမှာ အလွန်ပင် တည်ငြိမ်အေးဆေးနေပြီး၊ စကားလုံးများကို ရှင်းလင်းပြတ်သားစွာဖြင့် ပုံမှန်နှုန်းအတိုင်း ပြောနေခဲ့သည်။ သူ၏ အသံမှာ ခန်းမထဲရှိ လူတိုင်း ကြားနိုင်လောက်အောင် ကျယ်လောင်နေခဲ့သည်။

ပထမတော့ ခန်းမထဲတွင် ဆူညံနေခဲ့လေ၏။

သို့သော် ယောင်ပင်း မေးခွန်းများကို ဆက်တိုက် ဖြေကြားလာနိုင်သည့်အချိန်တွင်တော့ ခန်းမတစ်ခုလုံးမှာ တဖြည်းဖြည်း တိတ်ဆိတ်သွားတော့သည်။

တစ်စုံတစ်ဦးက စတင်ရေတွက်လိုက်သည်။

“ဆယ့်ငါး..”

“ဆယ့်ခြောက်!”

“ဆယ့်ကိုး!”

“နှစ်ဆယ်!”

ပထမတော့ လူအနည်းငယ်ကသာ ရေတွက်နေခဲ့ကြခြင်း ဖြစ်ပေသည်။

ထို့နောက်တွင်တော့ အုပ်စုလိုက် ရေတွက်လာကြတော့သည်။

နောက်ဆုံးတွင် ခန်းမထဲရှိ ဆရာ၊ ကျောင်းသား အားလုံး တညီတညွတ်တည်း လိုက်လံ ရေတွက်ကြတော့၏။

သူတို့၏ အသံများမှာ ပို၍ ကျယ်လောင်လာပြီး စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့လေသည်။

“ဘုရားရေ၊ သူ အားလုံးကို မှတ်မိနေတာပဲ!”

“မဖြစ်နိုင်တာ၊ သူက ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းက အမြွှာညီအစ်ကိုတွေထက်တောင် ပိုတော်နေတာလား၊ သူက အယောက် နှစ်ဆယ်လုံးကို မှတ်မိသွားတာလား.. နှစ်ဆယ်တဲ့နော်!”

“ဒါနဲ့ သူ့နာမည်က ဘယ်သူလဲ၊ ငါတို့ ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းက ပြိုင်ပွဲဝင်ပဲ၊ ဘာလို့ ငါ သူ့ကို တစ်ခါမှ မတွေ့ဖူးတာလဲ..”

ကျပန်းရွေးချယ်ထားသော ကျောင်းသား နှစ်ဆယ်လုံး..

ယောင်ပင်းက ထိုကျောင်းသား နှစ်ဆယ်လုံး၏ အခြေခံ အချက်အလက်များဖြစ်သော : အမည်၊ မွေးနေ့ ကျောင်းနှင့် အတန်း အစရှိသည်တို့ကို တစ်လုံးမျှပင် မမှားယွင်းစေဘဲ ဖြေကြားသွားခဲ့သည်။

ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းသည်က ပထမအဆင့်တွင် နှစ်မှတ်အသာဖြင့် အနိုင်ရရှိသွားခဲ့ပြီ ဖြစ်ပေသည်။

ခန်းမဆောင်ကြီး တစ်ခုလုံး အောင်ပွဲခံသံများဖြင့် ဆူညံသွားတော့သည်။

ပြိုင်ပွဲဝင် တစ်ဦးက ဤမျှ တိုတောင်းသော အချိန်အတွင်း ကျောင်းသား နှစ်ဆယ်၏ အချက်အလက်ကို မှတ်မိနိုင်သည်တဲ့လား။

လုံးဝကို မယုံကြည်နိုင်စရာပဲ။

အထူးသဖြင့် ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းမှ ဆရာ၊ ကျောင်းသား အားလုံးအတွက်ပင် ဖြစ်ပေသည်။

ယောင်ပင်း ပေါ်လာသည်နှင့် အခြေအနေမှာ ချက်ချင်း ပြောင်းလဲသွားပြီး ရှုံးနိမ့်နေမှုကို အောင်ပွဲအဖြစ် ပြောင်းလဲပေးနိုင်ခဲ့သည်။

သူတို့ အဘယ်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။

ပညာရှင် ဒိုင်လူကြီးအချို့သည်လည်း ယောင်ပင်းကို စိတ်ဝင်တစားဖြင့် တစ်ဦးကိုတစ်ဦး တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြလေ၏။

သူသည်က ကျပန်းရွေးချယ်ထားသော ကျောင်းသားအားလုံး၏ အချက်အလက်ကို ဤမျှ တိုတောင်းသော အချိန်အတွင်း မှတ်မိနိုင်ခဲ့သည့် ပထမဆုံးသော ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

သူက သေချာပေါက် ပါရမီရှင်တစ်ဦးပင် ဖြစ်ပေလိမ့်မည်။

*

အခန်း(66)

ယောင်ပင်း၏အနိုင်ပိုင်းမှုကြောင့် တုမင်ယွမ် တစ်ဦးတည်းသာလျှင် မျက်နှာပျက်နေခဲ့သည်။ မည်သည့် ပျော်ရွှင်စိတ်လှုပ်ရှားမှုမျှလည်း မရှိခဲ့ချေ။

သူ့အနေဖြင့် ယောင်ပင်းကို ယာယီ လူစားထိုး ဝင်လာသည့်အရှုံးသမားတစ်ဦးဟုသာ ထင်မှတ်ထားခဲ့သည် မဟုတ်ပါလား။

မမျှော်လင့်ဘဲ ယောင်ပင်း ပေါ်လာသည်နှင့် အနိုင်ရသွားခဲ့သည် ။

ပို၍ ထူးခြားသည်မှာ သူ၏ အောင်နိုင်မှုမှာ သန့်ရှင်းပြတ်သားပြီး မည်သည့် အငြင်းပွားဖွယ်ရာမျှ မရှိခြင်းပင် ဖြစ်ပေသည်။

ယခုအခါ ခန်းမဆောင်ကြီး တစ်ခုလုံးမှာ ယောင်ပင်းကြောင့် စိတ်ဓာတ်များ တက်ကြွနေကြချေပြီ။

ဤသည်က တုမင်ယွမ်ကို အလွန်ပင် နေရခက်စေပေသည်။

သူ စိတ်ထဲမှ ဆုံးဖြတ်လိုက်သည် ။

နောက်တစ်ဆင့်ကိုရောက်ရင် သူ ယောင်ပင်းကို မျက်စိတစ်မှိတ်အတွင်း အပြတ်အသတ် အနိုင်ယူပြမယ်။

ဒုတိယအဆင့် ပြိုင်ပွဲ စတင်လေပြီ။

စည်းကမ်းမှာ အလွန်ပင် ရိုးရှင်းသည် - ကိန်းဂဏန်းများကို အလွတ်မှတ်သားရခြင်းပင်။

အမြန်ဆုံး အချိန်အတွင်း ကိန်းဂဏန်း အများဆုံး မှတ်မိသော အဖွဲ့က အနိုင်ရရှိမည် ဖြစ်ပေသည်။

ဤအဆင့်၏ စည်းကမ်းမှာ ရိုးရှင်းသော်လည်း၊ ၎င်းတို့မှာ ကိန်းဂဏန်း သက်သက်သာ ဖြစ်သည့်အပြင် တစ်ခုနှင့်တစ်ခု ဆက်စပ်မှု မရှိသဖြင့် မှတ်သားရသည်က ပို၍ ခက်ခဲပေသည်။

ထို့ကြောင့် အစီအစဉ် တင်ဆက်သူက ဒုတိယအဆင့် စည်းကမ်းကို ကြေညာလိုက်သည့်အခါတွင် ခန်းမဆောင်ကြီး တစ်ခုလုံး ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

တီ..

အစီအစဉ် တင်ဆက်သူက ဒုတိယအဆင့် စတင်တော့မည်ဟု ကြေညာလိုက်စဉ်မှာပင် ယောင်ပင်း၏ ဖုန်း က ထမြည်လာတော့သည်။

ဖုန်းခေါ်ဆိုသူ၏ အမည်ကို မြင်လိုက်ရသောအခါ ယောင်ပင်းက အခြားပြိုင်ပွဲဝင်များ၏ မကျေနပ်သော အကြည့်များကို လျစ်လျူရှုကာ ဖုန်းကို တိတ်ဆိတ်စွာ ဖြေကြားလိုက်လေသည်။

ဖုန်းဖြေပြီးနောက်တွင် ယောင်ပင်း၏ မျက်နှာထားမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့သည်။

ထို့နောက် သူ ဖုန်းချလိုက်ပြီး လက်ထောင်လိုက်၏။

“ပြိုင်ပွဲဝင်၊ ဘာဖြစ်လို့လဲ”

“ဆရာ၊ ပြိုင်ပွဲ စည်းကမ်းကို နည်းနည်းလောက် ပြောင်းပေးလို့ ရမလား၊ ကျွန်တော် အရေးကြီးကိစ္စ ရှိနေလို့ပါ..”

ယောင်ပင်း စကားပြောလိုက်သည်နှင့် ခန်းမဆောင်ကြီး တစ်ခုလုံး တစ်ဖန် ဆူညံသွားပြန်သည်။ ဤယောင်ပင်းသည် အတော်လေးကို မောက်မာလွန်းပေသည်။

သို့သော်လည်း ဒိုင်လူကြီးကတော့ စိတ်ဝင်တစား ရှိနေပြီး မိုက်ကရိုဖုန်းကို ကိုင်ကာ ယောင်ပင်းအား မေးလိုက်သည်။

“ယောင်ပင်း၊ မင်းက ဒုတိယအဆင့် စည်းကမ်းကို ဘယ်လိုမျိုး ပြောင်းလဲချင်တာလဲ”

ဒိုင်လူကြီးက ထိုစကားများကို ပြောလိုက်သည့် ခဏမှာပင် ခန်းမဆောင်ကြီးတစ်ခုလုံး တစ်ဖန် ပြန်လည် ဆူညံသွားတော့သည်။

ရောက်ရှိနေကြသော ဆရာ၊ ကျောင်းသား အားလုံးမှာ သူတို့ နားကြားမှားသည်လားဆိုပြီး ကြောင်အမ်းကုန်ကြရသည်။

ဒိုင်လူကြီးသည်က ဒေါသထွက်ခြင်း မရှိသည့်အပြင်၊ ယောင်ပင်းအား စည်းကမ်းကို မည်သို့ ပြောင်းလဲလိုသနည်းဟုပင် မေးမြန်းနေသည် မဟုတ်ပါလား။

မည်သည့် ပြိုင်ပွဲမျိုးတွင်မဆို ပြိုင်ပွဲဝင်တစ်ဦးက စည်းကမ်းကို ကိုယ်တိုင် ပြောင်းလဲချင်သည်ဟု ပြောလာခြင်းမျိုးကို မည်သူကမှ သဘောမကျပါချေ။

သို့သော်လည်း ထိုဒိုင်လူကြီးမှာ နိုင်ငံအတွင်း အရှိန်အဝါအကြီးဆုံး ပညာရှင်တစ်ဦး ဖြစ်နေသဖြင့် ခန်းမထဲတွင် ဆူညံနေကြသော်လည်း မည်သူမျှ ပွင့်ပွင့်လင်းလင်း ကန့်ကွက်ခြင်း မပြုဝံ့ကြချေ။

ယောင်ပင်း ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကျွန်တော် တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ပြိုင်ပါ့မယ်၊ ကျန်တဲ့ ပြိုင်ပွဲဝင်တွေရဲ့ စည်းကမ်းကိုတော့ ကျွန်တော် မနှောင့်ယှက်ပါဘူး”

ဒိုင်လူကြီးက ထပ်မံ မေးမြန်းလိုက်သည်။

“မင်းက ဘယ်သူတွေနဲ့ ပြိုင်ချင်တာလဲ”

ယောင်ပင်းက တစ်ဖက်မှ အမြွှာညီအစ်ကိုကို တစ်ချက်ကြည့်လိုက်သည်။

“ကျွန်တော် ကျင်းဟိုင် နဲ့ ကျင်းယန် တို့ ညီအစ်ကိုနှစ်ယောက်လုံးနဲ့ ပြိုင်ပါ့မယ်”

ခန်းမဆောင်ကြီးအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

ယောင်ပင်းက တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ပြိုင်မယ် ဟုတ်လား။

ဒါ့အပြင် ပြိုင်ပွဲရဲ့ အစွမ်းထက်ဆုံး ချန်ပီယံတွေနဲ့ ပြိုင်မယ်လို့ပြောနေတာလား။

ဒါက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲတာလား။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် သတ်သေတာလား။

နှစ်ရက်တာ ပြိုင်ပွဲပြီးနောက်တွင် ကျင်းညီအစ်ကိုများ ဖြစ်ကြသည့် ကျင်းယန်နှင့် ကျင်းဟိုင် တို့မှာ ပင်းဟိုင် အမှတ်(၁) အလယ်တန်းကျောင်းနှင့် ယွမ်ယန် အမှတ်(၁) အလယ်တန်းကျောင်းတို့တွင် လက်ရှိ အစွမ်းထက်ဆုံး အင်အားစုဖြစ်ကြောင်း လူတိုင်း သိထားကြသည်လေ။

သူတို့၏ မှတ်ဉာဏ်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

သူတို့ထဲမှ တစ်ဦးတည်းနှင့်ပင် အခြားပြိုင်ပွဲဝင်များကို ထိတ်လန့်စေရန် လုံလောက်သည်။

တုမင်ယွမ်လည်း အပါအဝင်ပင်။

ယခုတွင်တော့ ယောင်ပင်းက တစ်ယောက်တည်းနှင့် ထိုနှစ်ယောက်လုံးကို ပြိုင်မည်ဟုပြောလာသည်။

ဒါက ဘာကို ဆိုလိုတာလဲ။

“ယောင်ပင်း၊ မင်း တကယ်ပဲ တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ပြိုင်မှာလား”

ဒိုင်လူကြီး၏ မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေပြီး အသံမှာလည်း အနည်းငယ် တုန်ရီနေခဲ့သည်။

“အဲဒါကလည်း ကျင်းယန်နဲ့ ကျင်းဟိုင်တို့ကိုလား”

သူသည်က ဤသက်မွေးဝမ်းကျောင်း လုပ်ငန်းတွင် ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ကျောင်းသားပေါင်းများစွာ ပါရမီရှင်ပေါင်းများစွာကို မြင်ဖူးခဲ့သူ ဖြစ်ပေသည်။

သို့သော်လည်း သူ့ကို အစိတ်လှုပ်ရှားစေဆုံး အရာမှာ ပါရမီရှင်ချင်း၊ ဆရာကြီးချင်း ထိပ်တိုက်ရင်ဆိုင်မှုပင် ဖြစ်ပေသည် ။

ယောင်ပင်းက ခိုင်မာသော လေသံဖြင့်ပြောကာ ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပါတယ၊ ကျွန်တော် အရေးကြီးကိစ္စ ရှိနေလို့ပါ၊ မြန်မြန်ပြီးလေ ပိုကောင်းလေပါပဲ၊ ဆရာ နားလည်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”

အရေးကြီးကိစ္စ ရှိလို့ ဟုတ်လား။

အဲဒါကြောင့် တစ်ယောက်တည်းနဲ့ နှစ်ယောက်ကို ပြိုင်မယ်ပေါ့။

ဤစကားမှာ ရောက်ရှိနေသူ အားလုံး၏ ကြားဖူးသမျှထဲတွင် အမောက်မာဆုံး အကြောင်းပြချက် ဖြစ်ပေလိမ့်မည်။

“ကောင်းပြီလေ၊ မင်းရဲ့ တောင်းဆိုချက်ကို ငါ သဘောတူတယ်၊ မင်း သူတို့နှစ်ယောက်လုံးကို တစ်ယောက်တည်း ပြိုင်ရမယ်”

ဒိုင်လူကြီးသည် ယောင်ပင်းကို ခေတ္တမျှ သေချာ စိုက်ကြည့်ပြီးနောက် သဘောတူလိုက်လေသည်။

ဤသည်မှာ သူ အနှစ်သက်ဆုံး အထွတ်အထိပ် ပြိုင်ပွဲမျိုးပင် မဟုတ်ပါလား။

ထို့ကြောင့် သူက ယောင်ပင်းအား အခွင့်အရေးတစ်ခု ပေးလိုက်ခြင်း ဖြစ်ပေသည်။

ခန်းမဆောင်ကြီး တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွားတော့သည်။

လူတိုင်းနီးပါးမှာ ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်လိုက်ကြပြီး စင်ပေါ်ရှိ ယောင်ပင်းနှင့် အမြွှာညီအစ်ကိုတို့ဆီသို့ အကြည့်များ စုပြုံရောက်ရှိသွားကြတော့သည်။

တုမင်ယွမ် လည်း အပါအဝင်ပင်။

တုမင်ယွမ်မှာ ယောင်ပင်း၏ တောင်းဆိုချက်ကြောင့် ပထမတော့ အံ့သြသွားသော်လည်း၊ နောက်ပိုင်းတွင်တော့ သံသယနှင့် မျှော်လင့်ချက်များ ပြည့်နှက်လာတော့သည်။

ယောင်ပင်းသည်က ပထမအဆင့်တွင် အမှတ်ပြည့်ရခဲ့သဖြင့် အထင်ကြီးစရာ ကောင်းနိုင်သော်လည်း၊ ကျင်းညီအစ်ကိုများ ဖြစ်ကြသည့် ကျင်းယန်နှင့် ကျင်းဟိုင်တို့ကလည်း ထူးချွန်ကြသူများ ဖြစ်ပေသည်။

အထူးသဖြင့် ကျင်းယန် ဆိုလျှင် ယောင်ပင်းထက် နှစ်မှတ်သာ လျော့နည်းခဲ့သည် မဟုတ်ပါလား။

ယောင်ပင်းက တကယ်ကြီး သူတို့နှစ်ယောက်လုံးကို တစ်ယောက်တည်းနှင့် အနိုင်ယူချင်နေတာလား။

သူက အိပာမက်မက်နေတာပဲ!

ယောင်ပင်း ထိုအမြွှာနှစ်ယောက်၏ လက်ချက်ဖြင့် မည်သို့အရှုံးကြီး ရှုံးသွားမည်ကို ကြည့်ရှုရန် သူစောင့်မျှော်နေလိုက်မည်။

အမြွှာညီအစ်ကိုမှာလည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြလေ၏။

ဤအရူးကောင်က သူကိုယ်သူ အရှက်လာခွဲနေသည်ဖြစ်၍ သူကလည်း ဝမ်းမြောက်ဝမ်းသာနှင့်ပင် ဆန္ဒဖြည့်ဆည်းပေးလိုက်မည်။

ပြိုင်ပွဲ စတင်လေပြီ။

ယောင်ပင်း၏ တောင်းဆိုချက်အရ ကျင်းညီအစ်ကိုများက ကိန်းဂဏန်းများကို အရင်မှတ်သားကြရသည်။

“ယောင်ပင်း၊ မင်းက ဘာလို့ သူတို့ကို အရင်စခိုင်းတာလဲ”

ဒိုင်လူကြီးက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

“အကြောင်းရင်း တစ်ခုခု ရှိလို့လား”

ဒိုင်လူကြီး၏ စိတ်ဝင်စားမှု အားလုံးမှာ ယောင်ပင်းထံသို့သာ ရောက်ရှိနေတော့သည်။

“သူတို့ အရင်စမှ..”

ယောင်ပင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။

“သူတို့ကို အနိုင်ယူဖို့အတွက် ကျွန်တော် ကိန်းဂဏန်း ဘယ်လောက် မှတ်သားဖို့လိုမလဲဆိုတာကို ကျွန်တော် ဆုံးဖြတ်လို့ ရမှာလေ”

ဒိုင်လူကြီး ကြောင်အမ်းသွားတော့သည်။

ခန်းမထဲရှိ ဆရာ၊ ကျောင်းသား အားလုံးလည်း ကြောင်အမ်းသွားကြရပေသည်။

ယောင်ပင်း၏စကားအရ ထိုညီအစ်ကို နှစ်ဦးပေါင်း မှတ်သားနိုင်သည့် ကိန်းဂဏန်းပမာဏထက် သူက သေချာပေါက် ပို၍ မှတ်သားနိုင်သည်ဟု ဆိုလိုခြင်းပင်။

မောက်မာလိုက်တာ!

တကယ်ကို မောက်မာလွန်းတာပဲ။

အမြွှာညီအစ်ကို၏ မျက်လုံးများထဲတွင်တော့ အေးစက်မှုများသာပြည့်နှက်နေတော့သည် ။

သူတို့ကို ဒီလိုမျိုး လာပြီးစိန်ခေါ်ရဲတယ်ဆိုမှတော့ အဲဒီယောင်ပင်းကို အရှက်တကွဲနှင့် သေချင်စော်နံသွားအောင် သူတို့ လုပ်ပေးရတော့မှာပေါ့။

ခန်းမထဲရှိ လူတိုင်းကလည်း ဤပြိုင်ပွဲကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။

နောက်ဆုံးတွင် အချိန်မှတ်စက် စတင်လည်ပတ်လေပြီ။

နှစ်မိနစ်အတွင်း ကိန်းဂဏန်းများကို တတ်နိုင်သမျှ အများဆုံး မှတ်သားရမည် ဖြစ်ပေသည်။

ကျင်းဟိုင်က ဂဏန်းသုံးလုံးတွဲ ကိန်းဂဏန်းများကို မှတ်သားခဲ့ပြီး နှစ်မိနစ်အတွင်း ၉၀၀ ကို မှတ်မိခဲ့ပေသည်။

ကျင်းယန်က‌တော့ ခက်ခဲမှုကို တိုးမြှင့်ကာ ဂဏန်းလေးလုံးတွဲ ကိန်းဂဏန်းများကို မှတ်သားခဲ့၏။

နှစ်မိနစ်အတွင်းမှာပင် ကျင်းယန်က ၁၁၀၀ ကို မှတ်မိခဲ့ပေသည်။

ညီအစ်ကို နှစ်ဦးပေါင်းလျှင် စုစုပေါင်း ကိန်းဂဏန်း ၂၀၀၀ ကို မှတ်သားနိုင်ခဲ့ကြသည်။

နှစ်မိနစ်တည်းနှင့် ညီအစ်ကို နှစ်ဦးမှာ ကိန်းဂဏန်း ၂၀၀၀ ကို မှတ်မိခဲ့ခြင်းမှာ လူသားတို့၏ မှတ်ဉာဏ် အကန့်အသတ်သို့ ရောက်ရှိနေချေပြီ။

ယောင်ပင်းက သူတို့ကို ဘယ်လို အနိုင်ယူမှာလဲ။

နောက်တစ်လှည့်မှာတော့ ယောင်ပင်း၏ အလှည့် ဖြစ်ပေသည်။

သူ့ကိုတော့ ဂဏန်းငါးလုံးတွဲ ကိန်းဂဏန်းများကို မှတ်သားရန် သတ်မှတ်လိုက်သည်။

တစ်မိနစ် ကြာပြီးနောက်။

ယောင်ပင်းက အစီအစဉ် တင်ဆက်သူဘက်သို့ လှည့်ပြောလာသည်။

“ဆရာ၊ ကျွန်တော် ပြီးပါပြီ”

“ယောင်ပင်း၊ မင်းမှာ တစ်မိနစ် ကျန်သေးတယ်လေ..”

အစီအစဉ် တင်ဆက်သူက အံ့သြသွားပြီး အချိန်ကျန်သေးကြောင်း ယောင်ပင်းအား စေတနာနှင့် သတိပေးလိုက်ပေသည်။

ဥာဏ်ကြီးရှင်များ ယှဉ်ပြိုင်ရာတွင် တစ်စက္ကန့်ချင်းစီက အလွန် အရေးကြီးလှသည် မဟုတ်ပါလား။

တစ်မိနစ်ဆိုသည်မှာ ပို၍ပင် အရေးကြီးပေသည်။

ယောင်ပင်းက ခေါင်းခါလိုက်သည်။

“မလိုတော့ပါဘူး၊ ဒါဆိုရင် လုံလောက်ပါပြီ!”

အစီအစဉ် တင်ဆက်သူ ဆွံ့အသွားတော့သည်။

ခန်းမထဲရှိ ဆရာ၊ ကျောင်းသား အားလုံးမှာလည်း ပါးစပ်အဟောင်းသား ဖြစ်သွားကြရလေသည်။

ဒိုင်လူကြီး တစ်ဦးတည်းသာလျှင် စိတ်လှုပ်ရှားနေသော မျက်နှာထား ရှိနေခဲ့သည်။

“ယောင်ပင်း၊ တစ်မိနစ်တည်းနဲ့ တကယ်ပဲ လုံလောက်ရဲ့လား”

အစီအစဉ် တင်ဆက်သူာ သတိပြန်ဝင်လာပြီး သူ နားကြားမှားသည်လားဆိုပြီး ထပ်မံ အတည်ပြုလိုက်ရပေသည်။

“ဆရာ၊ စလိုက်ရအောင်”

ယောင်ပင်းက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

အစီအစဉ် တင်ဆက်သူမှာလည်း ပြိုင်ပွဲစတင်ရန်အတွက် ကြေညာလိုက်ရုံသာတတ်နိုင်လေတော့သည်။

*

All Chapters