← Chapters

မိုးကျရွှေကိုယ် မာန်စွမ်းအားရှင် ကြွချီလာခြင်း

Vol. 8 Ch. 106

မိုးကျရွှေကိုယ် မာန်စွမ်းအားရှင် ကြွချီလာခြင်း

Vol. 8 Ch. 106

စိမ်းလန်းမြူမှုန် ကြိုးမျှင်တွေဟာ ပိထူရဲ့ ကိုယ်ခန္ဓာကို အလွှာအထပ်ထပ် ဝန်းရံ လိုက်ကြတယ်။ ဒီရေလှိုင်းတွေလို ပုံစံနဲ့ ဘေးဘက် အရပ်မျက်နှာ အထိ ပျံ့နှံ့သွားရာက အံ့မခန်း ပြင်းထန် အားကောင်းတဲ့ အင်အားတစ်ရပ် ပေါ်ထွက်လာတယ်။

"စိမ်းလန်းကြိုးမျှင် မာန်ပညာရပ်က မဟူရာတောင် မျိုးနွယ်စုက မာန်စွမ်းအားရှင် တစ်ယောက်ရဲ့ အစွမ်းအထက်ဆုံး မာန်ပညာရပ် ဖြစ်တယ်။ နက်မှောင်တောင် မျိုးနွယ်စု ပညာရပ် 'နတ်ဆိုးသုံးဖော် ကွပ်မျက်’ လိုမျိုး တူညီတဲ့ ဖျက်ဆီးနိုင်စွမ်းအား ရှိပြီး ဒီပညာရပ်ရဲ့ အစွမ်းက ပိုတည်ငြိမ်တယ်။ ဒီပညာရပ်ကို သုံးတဲ့သူ ရုပ်နယ်လွန်အဆင့်ရှိ မာန်စွမ်းအားရှင် ဖြစ်နေရင်တော့ ထွက်ပေါ်လာတဲ့ အင်အားက အရမ်း ပြင်းထန်လိမ့်မယ်”

မော့စန်း အကြီးအကဲက သွေးဆုတ်နေတဲ့ မျက်နှာနဲ့ အလျင်အမြန် သတိပေးတယ်။

ဒီပညာရပ်ကို အသုံးပြုခြင်းဟာ အသုံးပြုသူရဲ့ ဘဝသက်တမ်း အချို့ကို စတေးဖို့ လိုအပ်တာကိုတော့ မော့စန်း အကြီးအကဲဟာ ထင်ထင်ရှားရှား သိထားတယ်။ သူနဲ့ တိုက်ခိုက်တုန်းကတောင် ပိထူကို ဒီပညာရပ် ထုတ်သုံးရတဲ့အထိ တွန်းအား မဖြစ်စေခဲ့ဘူး။ ဒါက ပိထူရဲ့ စရိုက်နဲ့ သက်ဆိုင်တာကိုလည်း သိထားတယ်။ ပိထူက တစ်ကိုယ်ကောင်းဆန်တယ်။ သူ့မျိုးနွယ်ဝင် တွေရဲ့ အသက်ကို အလေးမထားဘူး။ အားလုံး သေကုန်လျှင်တောင် သူ ရှိနေသေးလျှင် မဟူရာတောင် မျိုးနွယ်စု အနေနဲ့ အချိန်တိုအတွင်း ပြန်လည် စည်ပင်ဝပြော လာမယ်လို့ ယုံကြည်ထားသူ။

မော့စန်း စကားဆိုလိုက်ချိန်မှာ စိမ်းလန်းကြိုးမျှင်တို့နဲ့ ဝန်းရံထားသူ ပိထူဟာ ကြမ်းတမ်း ခက်ထန်တဲ့ မျက်နှာထားနဲ့ မျက်နှာကို မဲ့ရှုံ့လို့ ကျယ်လောင်တဲ့ ကြုံးဝါးသံ ပြုတယ်။ လက်တွေကို အောက်ချ လွှဲယမ်းလို့ စုမင်ပါရှိနေတဲ့ ဧရာမ လရဲ့အတောင်ပံ အစုအဝေးကြီးရဲ့ ထိပ်ပိုင်းကို လက်ညှိုး ညွှန်လိုက်တယ်။

မြူမှုန်ကြိုးမျှင် အများအပြားဟာ တော်လဲသံကြီးနဲ့ ဧရာမ လရဲ့အတောင်ပံကြီးထံ တစ်ဟုန်ထိုး ပြေးထွက်သွားတယ်။ ရှေ့ဆက်သွားနေရင်း မျဉ်းဖြောင့် တစ်ကြောင်းအသွင် ဖြစ်တဲ့အထိ မြူမှုန် ကြိုးမျှင်တို့ အရွယ်အစားလည်း ပိုလို့ ကြီးမားလာကာ ၎င်းအနားကို ချဉ်းကပ်လာနေတဲ့ လရဲ့အတောင်ပံ တွေထံ အလျင်အမြန် ချီတက်သွားတယ်။

ကောင်းကင်၊ မြေပြင်တို့နဲ့ တစ်သားတည်း ဖြစ်သွားသလို လှုပ်ရှားမှုနှုန်းက မြန်ဆန်လှတယ်။ မျက်စိတဖျတ် အတွင်းမှာ စိမ်းလန်းကြိုးမျှင်က လရဲ့အတောင်ပံတို့ ပတ်လည်မှာ ဝန်းရံသွားပြီး ရစ်ပတ် ဖွဲ့နှောင်လိုက်တယ်။

"သေစမ်း”

ပိထူဟာ ရက်စက်ကြမ်းကြုတ်စွာ စူးစူးဝါးဝါး အော်ဟစ်လိုက်တယ်။ စိမ်းလန်းကြိုးမျှင်ကို ထိန်းချုပ်ထားတဲ့ ပုံဟန်နဲ့ လက်တွေကို မြှောက်လိုက်တယ်။ ညင်သာတဲ့ လှုပ်ရှားမှုနဲ့ လက်ဝါးနှစ်ဖက်ကို ထိကပ်လိုက်တယ်။

ရစ်ပတ် ချည်နှောင်ထားတဲ့ စိမ်းလန်းကြိုးမျှင်တို့ တင်းကျပ် သွားတာကြောင့် လရဲ့အတောင်ပံတို့ အော်မြည်လိုက်ကြတယ်။ စုမင်ရဲ့ အစွမ်းက မလုံလောက်သလို ရုပ်နယ်လွန် အဆင့်ရှိတဲ့ မာန်စွမ်းအားရှင်တို့ကို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ မာန်သွေးကြောမျှင်လည်း မရှိတော့ဘူး။ လရဲ့အတောင်ပံတွေ ဝန်းရံထားတဲ့ လက်မလျှော့တတ်တဲ့ ခန္ဓာကိုယ် တစ်ခုသာ ရှိတယ်။ စိမ်းလန်းကြိုးမျှင်က တင်းကျပ်လိုက်တဲ့ အခါ လရဲ့အတောင်ပံတို့ဟာ စုမင်ရဲ့ ထိန်းချုပ်မှုကို နာခံနေရင်းက ဒေါသတကြီး ရုန်းကြွလာကြတယ်။

နှစ်ဦးနှစ်ဖက် ထိခတ်မိကြချိန်မှာ စိမ်းလန်းကြိုးမျှင်ရဲ့ အပိုင်းတချို့ ပြတ်တောက်သလို လရဲ့အတောင်ပံတွေလည်း တုန်ယင် သွားကြရပြီး ကောင်းကင်ယံထက် အနီရောင် မြူငွေ့တချို့ မြင့်တက်လာတယ်။ ထင်ရှားနေတာက နှစ်ဘက် ရင်ဆိုင်တွေ့ချိန်မှာ လရဲ့အတောင်ပံတွေ ဘက်ကို သေခြင်းတရား ရောက်ရှိလာပြီ။

လရဲ့အတောင်ပံတို့ ဆက်လက် ရုန်းကန်လေ စိမ်းလန်းကြိုးမျှင်တို့က ပိုလို့ တင်းတင်းကျပ်ကျပ် ချည်နှောင်လေ။ အော်မြည်သံတွေ ထွက်ပေါ်လာတိုင်း စိမ်းလန်းကြိုးမျှင်တွေ ပဲ့ကျသလို လရဲ့အတောင်ပံတွေ ဘက်ကလည်း အနီရောင်အငွေ့ အများအပြား ထွက်ပေါ်လာတယ်၊ တန်ကြေး ကြီးကြီးမားမား ပေးဆပ်ရတာပါပဲ။

ပိထူ မျက်နှာပေါ်မှာ သွေးကြောတွေ ထောင်ထနေတယ်။ လက်ဝါးနှစ်ဖက် တွေ့ဆုံဖို့ ကြားမှာ သုံးလက်မလောက် ခြားသေးပြီး အဲဒီ သုံးလက်မကို စေ့ပိတ်ဖြစ်ဖို့လည်း သူ့အတွက် အရမ်း ခက်ခဲနေတယ်။ သူ့ရဲ့လက်တွေ တုန်ယင်နေရင်း လျှာကိုကိုက်လို့ သွေးအန်ထုတ်တယ်။ သွေးစက်တွေဟာ အနီရောင် လက်မောင်းနှစ်ဖက်အဖြစ် ပြောင်းသွားပြီး အကွာအဝေးကို စေ့ပိတ်ဖို့ လိုနေတဲ့ ခွန်အားအဖြစ် ဖြည့်တင်းပေးရမှာ သုံးလက်မက တစ်လက်မလောက်ပဲ ခြားတော့တယ်။

တစ်ချိန်တည်းမှာပဲ စိမ်းလန်းကြိုးမျှင် ပေါ်မှာလည်း သွေးကြောတွေ ပေါ်ပေါက် လာစေတယ်။ ၎င်းရဲ့ တင်းကျပ်တဲ့ ဆုပ်ကိုင်မှုက ချက်ချင်း အင်အား ထပ်ကောင်းလာတယ်။ ပေါက်ကွဲမှုနဲ့အတူ ကြိုးမျှင်ဟာ လရဲ့ အတောင်ပံတို့ ကိုယ်ခန္ဓာထဲ စိမ့်ဝင်သွားပြီး ၎င်းတို့ ကိုယ်ခန္ဓာက ထွက်ပေါ်တဲ့ အနီရောင် အခိုးအငွေ့ တွေကိုလည်း အဆတိုးပွား သွားစေတယ်။

လရဲ့အတောင်ပံတို့ အလယ်ဗဟိုမှာ ရှိနေတဲ့ စုမင်လည်း မျက်လုံး၊ နား၊ နှာခေါင်းနဲ့ ပါးစပ်ထဲကနေ သွေးတွေ ယိုစီးကျလာပြီး ရင်ဘတ်ထဲမှာ စူးရှတဲ့ နာကျင်မှုတစ်ခု ဝေ့ဝဲလည်ပတ် နေတာကို ခံစားနေရတယ်။ အဲဒါဟာ အော်မြည်လိုက်တဲ့ လရဲ့အတောင်ပံတို့ ခံစားနေရတဲ့ နာကျင်မှုပဲ ဖြစ်ပါတယ်။

"သေမှာသာ သေစမ်းပါတော့ကွာ”

အကျိုးဆက်တွေ မစဉ်းစားဘဲနဲ့ ဒေါသတကြီး ခွန်အား တိုးမြှင့်နေတဲ့ ပိထူရဲ့ ဆံပင်တွေဟာ ရှုပ်ပွနေတယ်။ အဝေးမှာ ရပ်နေတဲ့ ပိထူဟာ မတွေဝေဘဲနဲ့ သူ့ရဲ့ ပင်ပန်းနေတဲ့ ကိုယ်ခန္ဓာနဲ့ ပိထူထံ ပျံသန်းသွားတယ်။ သူ့ရဲ့ လက်နှစ်ဘက်ကို ဝှေ့ယမ်းလိုက်ချိန် သူ့နောက်မှာ ဒဏ်ရာ ပြည့်နှက်နေတဲ့ စပါးအုံးနက်ကြီး ပေါ်လာတယ်။ ၎င်းဟာ ပါးစပ်ကျယ်ကြီး ဖွင့်ဟလို့ ကျယ်လောင်တဲ့ ကြုံးဝါးသံပြုကာ အကြီးအကဲနဲ့အတူ ပိထူထံ တစ်ဟုန်ထိုး ပြေးဝင်သွားတော့တယ်။

အကြီးအကဲဟာ ဒဏ်ရာ ပြင်းထန်နှင့်ပါပြီ။ သူ့ဘဝ သက်တမ်းတချို့ စတေးထားရတဲ့ အပ် ၇ ချောင်းလည်း သူ့ကိုယ်ထဲမှာ ရှိနေသေးတယ်။ ဆက်ပြီး တိုက်ခိုက်နိုင်ဖို့တောင် သူ့အတွက် ခက်ခဲလှပြီ။ စုမင်သာ မရောက်လာခဲ့လျှင် မဟူရာတောင် အကြီးအကဲကို အကြီးအကျယ် ဒဏ်ရာရစေဖို့ သွေးဖောက်ခွဲမှု ပြုလုပ်ဖို့ ရွေးချယ် ပြီးသွားလောက်ပြီ။

သို့ပေမဲ့ မဟူရာတောင် အကြီးအကဲအနေနဲ့ အဲဒါကို သတိထားမယ် ဆိုတာလည်း သေချာတယ်။ ဒါကြောင့်မို့ မော့စန်းကို အဆုံးစွန်ထိ ဖိအားမပေးဘဲ အနည်းငယ် သတိထား ထိန်းသိမ်းလို့ နောက်ဆုံးမှ အားပြတ်သေအောင် လုပ်ဖို့ ရွေးချယ်ခဲ့တယ်။

အခုတော့ ... အဲဒီလိုအချိန် ရောက်လာခဲ့ပြီ။ ပိထူကို ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေသလို စုမင်ကိုလည်း အခွင့်အရေး ရသွားစေမယ့် အကောင်းဆုံး အချိန်တစ်ခု။ တန်ရာတန်ကြေးကတော့ သူ့ရဲ့အသက် ဆိုပေမဲ့ မော့စန်း အကြီးအကဲမှာ နောင်တရစရာ မရှိဘူး။

မော့စန်းအကြီးအကဲ ထွက်သွားတဲ့နောက် စုမင်ဟာ အကြီးအကဲထဲက ဝမ်းနည်းမှု အရိပ်အငွေ့ တချို့ကို ခံစားမိလိုက်တယ်။ မျက်လုံးတွေ နီရဲလာခဲ့ လေတယ်။ မညည်းမညူ ကြံ့ကြံ့ ခံနိုင်‌အောင် သင်ယူ တတ်‌မြောက်ခဲ့သည်ဆိုဦးတော့ ... စိုးရိမ်စိတ် အနည်းငယ်တော့ ဝင်လာမိတယ်။

စုမင်ရဲ့ လိုအင်နဲ့ လရဲ့အတောင်ပံတို့ စိတ်ဆန္ဒတို့ ပေါင်းစည်းထားတာကြောင့် စုမင်ရဲ့ စိုးရိမ် ပူပန်မှုတွေက ၎င်းတို့ကိုလည်း ဒေါသတကြီး နိုးကြားလာစေတယ်။ ပိထူထံ မော့စန်း အကြီးအကဲ ပြေးဝင်သွားချိန်မှာ စိမ်းလန်းကြိုးမျှင်ရဲ့ တင်းကျပ်စွာ ချည်နှောင် ခံနေရတဲ့ လရဲ့အတောင်ပံတို့ အ‌ငွေ့ ပျံသွားတဲ့အတွက် အလယ်ဗဟိုမှာ ရပ်နေတဲ့ စုမင် ပေါ်ထွက်လာတော့တယ်။ ၎င်းတို့ အငွေ့ပျံသွားချိန် စိမ်းလန်းကြိုးမျှင်က စုမင်ထံ တိုးဝင်လာခဲ့လေပြီ။

ပျံ့နှံ့တည်ရှိနေတဲ့ လရဲ့အတောင်ပံ အချို့လည်း သွေးအနည်းငယ် အန်ကြ တချို့လည်း ပေါက်ကွဲသွားကြနဲ့ သွေးတွေ အများကြီး ဖြစ်ပေါ်နေတော့တယ်။ စုမင်အနား စိမ်းလန်းကြိုးမျှင် နီးကပ် လာခိုက်မှာ လရဲ့အတောင်ပံတွေဟာ သူ့ကို အလယ်ဗဟိုမှာ ထားလို့ ဝန်းရံလိုက်ကြ ပြန်တယ်။

သို့ပေမဲ့ ဒီတစ်ခေါက် ပြန်လည် စုဖွဲ့မိချိန်မှာတော့ သူတို့က လရဲ့အတောင်ပံ အသွင်သဏ္ဌာန် မဟုတ်ကြတော့ဘဲ ပေ ၁၀၀ ကျော်အမြင့်ရှိတဲ့ ဧရာမ လူသားအသွင် ပြောင်းလဲလိုက်ကြတာ ဖြစ်တယ်။ ဧရာမလူသားရဲ့ မျက်နှာဟာ မထင်ရှားဘဲ အသေးစိတ် အချက်တွေကို မမြင်ရဘူး။ ဒါပေမဲ့ သူ့ရဲ့ မျက်ခုံးကြားမှာတော့ မီးတောက်မီးလျှံ အမှတ်အသား ရှိနေတယ်။

ဧရာမလူသားကြီး ဖြစ်ပေါ်လာချိန်မှာ စိမ်းလန်းကြိုးမျှင်ရဲ့ အစိတ်အပိုင်း တချို့တောင် ၎င်းရဲ့ ကိုယ်ခန္ဓာထဲ စိမ့်ဝင်လို့ ၎င်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်သွားသလိုပဲ။

၎င်းရဲ့ ပေါ်ထွက်လာမှုကြောင့် ကောင်းကင်နဲ့ မြေပြင်တို့မှာလည်း တော်လဲသံကြီးတွေ‌ ထွက်ပေါ်လာတယ်။ နက်မှောင် တောင်စဉ်တန်းရဲ့ တောင်ထွတ် ငါးသွယ်တို့လည်း လှုပ်ခတ်သွားတယ်။ တောအုပ်ထဲက ခြောက်သွေ့ သစ်ပင်တစ်ပင်ထက်မှာ အနီရောင် သားမွေးတို့နဲ့ မျောက်‌ကလေး တစ်ကောင် ရှိတယ်။ သစ်ကိုင်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရင်း စိုးရိမ်မှုနဲ့ အကြောက်တရားတို့ သူ့မျက်နှာလေး ထက်မှာ ပြည့်လျှမ်းနေပေမဲ့ သူ့ဘယ်မှလည်း မသွားရဲပါ။

ဧရာမလူသန်ကြီး ပေါ်ထွက်လာချိန်မှာ လရောင်လည်း ပိုလို့ တောက်ပလာတယ်။ လရောင်နီနီ ပက်ဖြန်းမှုကြောင့် ကမ္ဘာမြေကြီးတောင် အနီရောင် ပြောင်းနေခဲ့တယ်။

ပိုလို့တောက်ပလာတဲ့ အလင်းရောင်တွေ ဧရာမလူသားအပေါ် စုစည်းကျရောက် လာခဲ့ပြီး ပေါက်ကွဲမှု အဟုန်ပြင်းပြင်းနဲ့ အတူ ငွေမှင်ရောင် မီးလျှံပင်လယ်ကြီး တစ်ခုအသွင် ပြောင်းလဲ သွားတယ်။ နေရာအနှံ့ ပျံ့နှံ့သွားပြီးနောက် ဧရာမလူသားရဲ့ နောက်ဘက်မှာ ဧရာမကြီးမားတဲ့ မီးလျှံသားရဲ တစ်ကောင် တည်ရှိနေသလိုပင်။

ဧရာမလူသားဟာ ဖြည်းညင်းစွာ မျက်စိဖွင့်လာတယ်။ ၎င်းရဲ့ မျက်လုံးထဲမှာ‌ သွေးလွှမ်းလရဲ့ အရိပ်‌ထင်ဟပ် နေတယ်။ ၎င်းဟာ ပိထူထံ ရွှေ့လျားသွားတယ်၊ ခြေလှမ်းတွေက ကြီးမားလှတဲ့အတွက် အကြီးအကဲ မရောက်ခင် ပိထူထံ အလျင် ရောက်လာခဲ့တယ်။ အဲဒီနောက် လက်သီးနဲ့ ထိုးလိုက်တယ်။ ငွေမှင်ရောင် မီးပင်လယ်ကြီးဟာ နောက်က လိုက်ပါလာပြီး ပိထူထံ ထိုးဆင်းသွားတယ်။

ပိထူက နောက်ဆုတ်မသွားဘူး။ အဲဒီအစား ကြမ်းတမ်းတဲ့ မျက်နှာထားနဲ့ ကြုံးဝါးလိုက်တယ်။

"စိမ်းလန်းကြိုးမျှင် ပေါက်ကွဲ”

အဲဒီစကားလုံးတွေ ‌ရေရွတ်လိုက်တဲ့ ခဏမှာ စုမင်ပါရှိတဲ့ ဧရာမ လူသန်ကြီးက တသိမ့်သိမ့် တုန်ယင်သွားတယ်။ ၎င်းရဲ့ ကိုယ်ခန္ဓာထဲက ပေါက်ကွဲသံတွေ ထွက်လာတယ်။ အဲဒါက ၎င်းရဲ့ ခန္ဓာကိုယ်ထဲမှာ နစ်ဝင်နေတဲ့ စိမ်းလန်းကြိုးမျှင်ထံက လာတဲ့အသံပါ။ ၎င်းပေါက်ကွဲသွားပြီး ... စိမ်းလန်းမြူမှုန်တွေ အဖြစ် ပြောင်းလဲသွားကာ နောက်ထပ်တစ်ဖန် ကြိုးမျှင်တွေအဖြစ် ပြောင်းလဲသွားပြန်ပြီး ဧရာမလူသားကို ချည်နှောင်လိုက်တယ်။

စိမ်းလန်းကြိုးမျှင်တို့ ပေါက်ကွဲသွားတဲ့ အခိုက်မှာ ဧရာမ လူသားကြီးက တုန်ခါသွားတယ်။ အနီရောင် အခိုးအငွေ့ အများအပြား လေထဲကို ပျံ့နှံ့သွားပြီး ၎င်းရဲ့ ကိုယ်ခန္ဓာဟာ အလျင်အမြန် ကျုံ့သွားတယ်။ သို့ပေမဲ့ ၎င်းရဲ့ လက်သီးချက်ကတော့ ရှေ့ကို ဆက်သွားတယ်။ ဧရာမလူသားရဲ့ မယိုင်နဲ့တဲ့ အကြည့်နက်နက် အောက်မှာ ... သူ့ရဲ့ ဒဏ်ရာကိုတောင် ဂရုမစိုက်ဘဲ တွေဝေခြင်း ကင်းစွာနဲ့ လက်သီးချက် ပစ်သွင်းလိုက်ခြင်း ဖြစ်တယ်။

ပိထူမျက်နှာ ပျက်ပြီး နောက်ကို အလျင်အမြန် ဆုတ်လိုက်တယ်။ လက်နှစ်ဘက်ကို အရှေ့ထုတ်လို့ အမည်မသိ မာန်ပညာရပ်အချို့ ထုတ်သုံးလိုက်တယ်။ မျက်စိတစ်မှိတ်အတွင်း သူ့ရဲ့ လက်နှစ်ဘက်ဟာ သွေးရည် ခန်းခြောက်သွားပြီး သစ်ခြောက်တွေ အဖြစ်နဲ့ သူ့ကို ကာရံပေးတဲ့ ဒိုင်းအသွင် ပြောင်းလဲသွားတယ်။

ကျယ်လောင်တဲ့ ထိခတ်မိသံဟာ လေထုထဲ ပျံ့နှံ့သွားတယ်။ ဧရာမလူသားဟာ ပိထူရဲ့ သစ်သား ဒိုင်းကာကို လက်သီးနဲ့ ထိုးလိုက်တယ်။ အသံကျယ်ကြီး ထွက်ပေါ်လာခဲ့ချိန် ပိထူရဲ့ ကိုယ်ခန္ဓာဟာ ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားပြီး သွေးတွေ အန်ထွက်လာတယ်။ သူ့လက်နှစ်ဘက်ဟာ ချက်ချင်း ပေါက်ကွဲသွားပြီး အသွေးအသားအဖြစ် နေရာအနှံ့ လွင့်စဉ်ပြန့်ကျဲသွားကာ သူလည်း နောက်ပြန် လဲကျသွားတယ်။

ဧရာမလူသားရဲ့ မျက်လုံးထဲ အလင်းတစ်စ ဖြတ်ပြေးသွားတယ်။ စိမ်းလန်းကြိုးမျှင် ပေါက်ကွဲ သွားတုန်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေကြောင့် သူ့အတွက်လည်း ရှေ့ဆက်တိုးဖို့ ခက်ခဲနေဟန်ပါပဲ။ ဒါပေမဲ့ ဘာတွေပဲ ဖြစ်နေဖြစ်နေ သူရှေ့ဆက် လှမ်းခဲ့တယ်။

၎င်း ပြေးလိုက်တော့မယ့် အချိန်မှာ လွင့်စဉ်သွားတဲ့ ပိထူဟာ စူးစူးဝါးဝါး ဟစ်အော်လိုက်တယ်။ သူ့ရဲ့ နား၊ နှာခေါင်း၊ ပါးစပ်တို့က သွေးယိုစီးကျ လာတယ်။

မကြာခင်မှာပဲ ဧရာမလူသားကြီးရဲ့ ကိုယ်ကို ကြိုးမျှင်အဖြစ် ချည်နှောင်ထားတဲ့ ပမာဏ များပြားလှတဲ့ အစိမ်းရောင် မြူမှုန် အခိုးအငွေ့များဟာ ချုပ်နှောင်မှုကို လက်လျှော့လိုက်ကြတယ်။ စုမင်ထက် မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ပိထူထံ ပြေးလွှားသွားကြတယ်။ အစိမ်းရောင် မြူမှုန် အခိုးအငွေ့များဟာ ပိထူရဲ့ ကိုယ်ခန္ဓာထဲကို ဝင်ရောက်သွားကြပြီး စုမင်နဲ့ အကြီးအကဲတို့ ရှေ့မှာတင် ထိတ်လန့်စရာ ကောင်းလောက်တဲ့ အဟုန်နဲ့ ဒဏ်ရာတွေ ပြန်သက်သာလာတယ်။

တစ်ခဏအတွင်း သူ့ရဲ့ လက်မောင်းတွေ ပြန်ထွက်လာပြီး သူ့မျက်နှာကလည်း ကျန်းမာတဲ့ အခြေအနေနဲ့ သွေးရောင် ပြန်လွှမ်းလာလိုက်တာ ချက်ချင်းပဲ သူ့ရဲ့ အစွမ်းထက်ဆုံး အခြေအနေကို ပြန်ရောက်လာတယ်။

"စိမ်းလန်းကြိုးမျှင် မာန်ပညာရပ်ကို အသုံးပြုခြင်းက ကိုယ့်ရဲ့ ဘဝသက်တမ်း တချို့ကို စတေးတာနဲ့ အတူတူပဲ။ သူက သူ့ဒဏ်ရာတွေ ကုဖို့ ဘဝရဲ့ သက်တမ်းတချို့ကို သုံးခဲ့တယ်။ ဒါပေမဲ့ တစ်ခေါက်ပဲ သုံးလို့ရတာပါ။ ဒ့ါအပြင် အချိန်တစ်ခုအထိ စိမ်းလန်းကြိုးမျှင် မာန်ပညာရပ်ကို ထပ်အသုံးပြုလို့ ရဦးမှာ မဟုတ်ဘူး”

အကြီးအကဲက မျက်မှောင်ကုတ်ရင်း ချက်ချင်း ပြောပြတယ်။

အကြီးအကဲ စကားပြောနေတဲ့ အခိုက်မှာပဲ ပိထူရဲ့ မျက်လုံးတွေ လင်းလက်သွားတယ်။ သူ့မျက်နှာက ကျန်းမာတဲ့ အခြေအနေ ပြန်ဖြစ်လာပေမဲ့ သူ့မျက်လုံးတွေက မှုန်ရီနေတုန်းပါ။ သူ့ရဲ့ ဒေါသကလည်း အထွတ်အထိပ်ကို ရောက်နေပြီ။

သူက ရုပ်နယ်လွန် အဆင့်ရှိတဲ့ မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်ပေမဲ့ ဒဏ်ရာကုဖို့ ဘဝသက်တမ်းတချို့ စတေးလိုက်ရတယ်။ သူ့အတွက် ဒါမျိုးက လက်မခံနိုင်စရာပဲ။

သူက မော့စန်းကိုတောင် မကြည့်တော့ဘဲ စုမင်ပါရှိနေတဲ့ ဧရာမ လူသားကြီးကို စိမ်းစိမ်းကြီး စိုက်ကြည့်နေတော့တယ်။

"ငါ့ကို ဒီအခြေအနေထိ မတွန်းပို့ဘဲ နောင်တကင်းကင်းနဲ့ သေလို့ရတယ်။ ဒါပေမဲ့ တိုက်ပွဲက ပြီးဆုံးသွားပြီ။ မင်းရော မင်းရဲ့ အကြီးအကဲပါ ဒီနေ့ ဒီနေရာမှာ သေကိုစေရမယ်”

"မော့စန်း ... မင်းကို ငါတိုက်ခိုက်တုန်းက ငါ့ရဲ့ မိုးကျရွှေကိုယ် ပညာရပ် တစ်စိတ်တစ်ပိုင်းကိုပဲ သုံးခဲ့တယ်။ အခု ရုပ်နယ်လွန်အဆင့် အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက်ရဲ့ မိုးကျရွှေကိုယ် မာန်ပညာရပ်ကို မင်းကို မျက်မြင်ကြုံတွေ့ ရစေမယ်”

ပိထူဟာ စုမင်နဲ့ ပတ်သက်ပြီး စိုးရိမ်စိတ် ရှိတယ်။ ဒါပေမဲ့ ဘာမှမဟုတ်သလို ဟန်ဆောင်နေတာ ဖြစ်ပြီး မိုးကျရွှေကိုယ် မာန်ပညာရပ်ကိုလည်း မသုံးချင်ဘူး။ ကိုယ့်ကိုယ်နှိုက်ကိုလည်း အကြီးအကျယ် ဒဏ်ရာ ရစေမယ့်အပြင် လုံးဝ ဒဏ်ရာကင်း အားပြည့်တဲ့ အချိန်မှာပဲ ဒီပညာရပ်ကို သုံးလို့ရတာ ဖြစ်တယ်။ ဒဏ်ရာ ရနေတဲ့အချိန် သုံးလိုက်လျှင် ဖြစ်လာတဲ့ အကျိုးဆက်တွေကို သူခံနိုင်ရည် ရှိမှာ မဟုတ်ဘူး။

ပိထူတစ်ယောက် သူ့ရဲ့ လက်မောင်းတွေကို ဖွင့်ကာ မြောက်အရပ်ကို မျက်နှာမူလို့ လေထဲမှာပဲ ဒူးထောက် ထိုင်ချလိုက်ချိန်မှာ ဧရာမ လူသားဟာ ခြေထောက်ကို မြှောက်လို့ သူ့အနားကို တိုးကပ်လာနေပြီ။ ကောင်းကင်ကို မျက်နှာမူလို့ ကြုံးဝါးလိုက်ချိန် ပိထူမျက်နှာပေါ်မှာ စိတ်လှုပ်ရှား တက်ကြွတဲ့ အရိပ်အယောင်တွေ ပြည့်နေတယ်။

"ကောင်းကင်နဲ့ မြေမဟီတွင် တည်ရှိနေသော ‌မိုးကျရွှေကိုယ် မာန်စွမ်းအားရှင် ... အသင့်ရဲ့ ကတိကို တည်စေဖို့ ‌လောကထံ ကြွရောက်လာခဲ့ ပေးပါ”

အဲဒီစကားလုံးတွေ အော်‌ဟစ်လိုက်တဲ့ အချိန်တွေမှာ ကောင်းကင်ထက်က သွေးလွှမ်းလရဲ့ အရောင် မှိန်ဖျော့သွားတယ်။ ကောင်းကင်ပေါ်က ကြယ်တွေလည်း မှောင်မိုက် ကုန်ကြပြီ။ မိုးကောင်းကင် တစ်ခွင်နဲ့ ကမ္ဘာမြေမှာ ရှိသမျှသော စွမ်းအားတွေ အားလုံး တစ်စတစ်စ ပေါင်းစည်းလာကြ လေပြီ။

အရာအားလုံး တိတ်ဆိတ်သွားခဲ့ပေမဲ့ စုမင်ရဲ့ နှလုံးသားကတော့ ကဆုန်ပေါက် ခုန်လှုပ်နေလေရဲ့။ အဲဒီ ခွန်အားတို့ စုဖွဲ့လာချိန်မှာ စုမင်ရဲ့ ကိုယ်ခန္ဓာလည်း တောင့်မတ်သွားပုံ ပေါ်တယ်။

မော့စန်း မျက်နှာဟာ သွေးဆုတ်ဖြူရော် သွားတယ်။ စုဖွဲ့လာတဲ့ အင်အားရပ်က တစ်ပါတည်း သယ်ဆောင်လာတဲ့ ဖိအားကို မခံမရပ် နိုင်တာမို့ သူ့နှုတ်ခမ်းထောင့်က သွေးတွေ စီးကျလာတယ်။

"ငါအိပ်နေတာကို နှောင့်ယှက်တာ ဘယ်သူလဲ”

"ငါ့ရဲ့ မာန်စွမ်းအားရှင် ဝိညာဉ်ကို ဆင့်ခေါ်တာ ဘယ်သူလဲ“

အသံဟာ စုမင်ကို ဖြတ်သန်းလို့ ပဲ့တင်ထပ် ပျံ့နှံ့လာပြီး ... အကြီးအကဲရဲ့ စိတ်နှလုံး အတွင်းအထိ မြည်ဟည်းသွားတယ်။ အဲဒီအသံဟာ အိုမင်းတယ်၊ သုန်မှုန်လျက်ရှိပြီး ကြားရသူတိုင်းကို ကြောက်ရွံ့ ထိတ်လန့်စေနိုင်စွမ်း ရှိတယ်။

***

All Chapters