အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း ၁၁၁ ကင်းလှည့်နဂါး၊ အကန့်အသတ်ကျော်လွန် မုဒ်၊ ကင်းလှည့် အဆုံးစွန်ထိပ်ဖူး
ကောင်းကင်ယံကြီး ပြိုကျလာလေ၏။
တကယ့်ကို ပြိုကျလာခြင်းပင် ဖြစ်ပေသည်။
ဘူတာပြင်ပရှိ ဆော်လမွန် မြို့တော် အထက်တွင် အစကတည်းက အတုအယောင်ဖြစ်နေခဲ့သော ကောင်းကင်ယံကန့်လန့်ကာကြီးမှာ ဆုတ်ဖြဲခံလိုက်ရလေပြီ။
ထိုဆုတ်ဖြဲခံရသော အက်ကွဲကြောင်းကြီးထဲမှ အဆောက်အအုံ အပျက်အစီး အမြောက်အမြား ပြုတ်ကျလာလေတော့သည်။
"မင်း ရူးနေတာလား"
ရင်းနှီးနေသယောင်ရှိသော အသံတစ်သံက လေထုထဲတွင် ဒေါသတကြီး ပဲ့တင်ထပ်သွား၏။
လျှပ်စီးသံချပ်ကာကို ဆင်မြန်းထားသော ကျောက်ရှီးက ရွှေရောင်လင်းလက်နေသည့် အမျိုးသားတစ်ဦးနှင့် လေထဲတွင် မျက်နှာချင်းဆိုင် ရပ်တန့်နေပေသည်။
ထိုအမျိုးသားက အောက်ဘက်ရှိ အရာအားလုံးကို အေးစက်စွာ အကဲခတ်နေကာ သူ၏ကျောဘက်မှ ထွက်ပေါ်နေသော ရွှေရောင်လက်တံခြောက်ခုက ကျောက်ရှီးထံသို့ တိုက်ရိုက်ချိန်ရွယ်ထားလေ၏။
"ငါ့ကို တားချင်တာလား၊ ဒါဆိုရင်တော့ သေလိုက်တော့"
"အရူးကောင်၊ ပျက်စီးနေတဲ့ အမိန့် ကတ်ပြားလေးတစ်ခုအတွက်နဲ့ ဒီမြို့တစ်မြို့လုံးကို ဖျက်ဆီးပစ်တော့မလို့လား၊ ဒါက ငါ့နယ်မြေပဲ ထွက်သွားစမ်း"
ကျောက်ရှီး၏ ဆံပင်အရောင်မှာ အနက်ရောင်မှသည် ငွေဖြူရောင်သို့ ပြောင်းလဲသွားကာ ပြုတ်ကျနေသော နေရာလွတ်အတွင်း လျှပ်စီးနှင့် ရွှေရောင်အလင်းတို့ ရိုက်ခတ်သွားပြီး သူတို့တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှုများကြောင့် ဆော်လမွန် မြို့တော်တစ်ခုလုံး တုန်ခါသွားလေတော့သည်။
"ထိပ်တန်းအဆင့် ရထားမောင်းနှင်သူတွေက ဒီလောက်တောင် စွမ်းကြတာလား"
လေထဲရှိ အရာအားလုံးကို စောင့်ကြည့်ရင်း ရဲချီယန်၏ ရင်ထဲတွင် ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာလေ၏။
"တကယ့်ကို မိုက်တာပဲ"
သို့သော်လည်း သူတို့နှစ်ဦး၏ တိုက်ပွဲမှာ ပိုမိုပြင်းထန်လာပြီး ဆော်လမွန် မြို့တော်မှာ တောင့်ခံနိုင်စွမ်း မရှိတော့သည့်ပုံပေါ်ပေသည်။
ရဲချီယန်က အကြည့်ကို ရုပ်သိမ်းလိုက်ကာ ဘူတာငယ်လေးဆီသို့ လျှောက်သွားလိုက်သည်။
သူ ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်ချေ။ ကျောက်လင်၏ ကံဆိုးမှုများအရ သူသာ ဆက်နေပါက တိုက်ပွဲ၏ဂယက်များက မကြာမီ သူတို့ဆီသို့ ရိုက်ခတ်လာနိုင်ချေရှိလေ၏။
ဒင် ဒင်
စနစ်၏ သတိပေးသံက သူ၏နားထဲတွင် ထွက်ပေါ်လာသောကြောင့် လှမ်းကြည့်လိုက်သည်။
တစ်စုံတစ်ယောက်က အင်ပါယာအမိန့်တော် အဖွဲ့အစည်း၏ ချက်ဘောက်စ်ထဲတွင် ထူးထူးခြားခြား စာတိုတစ်စောင် ပို့ထားပေသည်။
ကျူရှင်းထူ - 【"ဟေး ဟေး ဟေး၊ နင်တို့နှစ်ယောက် လုံးလုံးသေမသွားကြသေးဘူးမလား၊ အသက်ရှင်သေးရင် ပြန်စာပို့ကြ ဖန်ဟော့၊ လင်းယို့၊ မသေသေးရင် စာပြန်ကြပါဦး"】
ဖန်ဟော့ - 【"မသေသေးဘူး၊ သေလုမျောပါးပဲ။ အဲ့ကောင်က တကယ့်အရူးပဲ။ အမိန့် ကတ်ပြားတစ်ခုအတွက်နဲ့ ဒီမြို့ကို ဖျက်ဆီးပစ်ဖို့တောင် ဝန်မလေးဘူး"】
လင်းယို့ - 【"လူလိမ်မ အစ်မကြီး၊ ကျွန်တော် ဒီတစ်ခါတော့ တော်တော်လေး နစ်နာသွားပြီ။ နဂါးကတ်ပြား နှစ်ကတ် ထပ်လျော်ဖို့တော့ မှတ်ထားဦး။ ကျွန်တော့်မိန်းမသာ ဝင်မကာကွယ်ပေးရင် တစ်နေရာရာမှာ သေနေလောက်ပြီ။ အဲ့ဒီလူက ဘာကောင်ကြီးလဲ"】
သူက ကျူရှင်းထူနှင့် ဖန်ဟော့တို့ကို သိထားသည်။ လင်းယို့ဆိုတာကတော့ နဂါးကတ်ပြားများကို လိုချင်နေသူဖြစ်၍ နဂါးရူးသွပ်သူဟု ခေါ်သည့်တစ်ယောက် ဖြစ်ရပေမည်။
ကျူရှင်းထူ - 【"အမိန့် ကတ်ပြားရဲ့ အမိန့်သခင်လေ။ သူက အမိန့် ကတ်ပြား အစုံကို စုဆောင်းထားလိမ့်မယ်လို့ ငါ တကယ်ကို မထင်ထားခဲ့မိဘူး"】
လင်းယို့ - 【"ဟင်၊ အမိန့် ကတ်ပြား အစုံလိုက် စုဆောင်းထားတာက အဲ့ဒီလောက်တောင် စွမ်းတာလား။ နေပါဦး လူလိမ်မ အစ်မကြီး၊ ခင်ဗျားလည်း စုဆောင်းထားတာ မဟုတ်ဘူးလား၊ ဘာလို့ အဲ့လောက်တောင် အားနည်းနေရတာလဲ"】
ကျူရှင်းထူ - 【"ငါအားနည်းနေတဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်"】
ဒင် ဒင်
ချက်ဘောက်စ်ဘေးတွင် သီးသန့်စကားပြောရန် ဖိတ်ခေါ်ချက်တစ်ခု ပေါ်လာလေ၏။
"ကျူရှင်းထူလား"
【"လူသစ်၊ မင်း ဆော်လမွန် မြို့တော်ထဲမှာ ရှိနေတုန်းပဲလား"】
【"ကျွန်တော် ထွက်သွားတော့မလို့"】
ရဲချီယန်က ရထားပေါ်သို့ တက်လိုက်ကာ ဘူတာထဲမှ ချက်ချင်းထွက်သွားရန် ကျောက်လင်ထံသို့ လက်ပြလိုက်လေ၏။
【"ကောင်းတာပေါ့၊ ဒီမှာ မနေနဲ့တော့။ ဆော်လမွန် မြို့တော်က အခုအချိန်မှာ တော်တော်လေး အန္တရာယ်များနေပြီ။ အပေါ်က တရားသူကြီးချုပ်လေးကသာ သူ့ကို ဆွဲမထားရင် ဒီမြို့တစ်မြို့လုံး အဲ့ဒီလူရဲ့ ဖျက်ဆီးတာကို ခံလိုက်ရလောက်ပြီ"】
【"အဲ့ဒီလူက ဘယ်သူလဲ"】
【"အဘိုးကြီးတစ်ယောက်လေ၊ တော်တော်လေးကို ရှေးကျတဲ့ အသုတ်က ရထားမောင်းနှင်သူ တစ်ယောက် ဖြစ်ပုံရတယ်။ မွန်ရိုးဂျီနာက ငါတို့ရဲ့ အစီအစဉ်အကြောင်း မင်းကို ပြောပြပြီးလောက်ပြီထင်တယ်။ ငါတို့ အဲ့ဒီ အမိန့် ကတ်ပြား ကို ရပြီးပြီးချင်း ထွက်သွားတော့မယ့်အချိန်မှာပဲ သူက ပေါ်လာတာ။ ကောင်းကင်ယံက အပေါက်ကြီးကို မင်း မြင်လိုက်လား"】
【"မြင်လိုက်တယ်"】
【"အဲ့ဒါက ငါ့ကို လိုက်လံသတ်ဖြတ်တဲ့အချိန် သူသုံးခဲ့တဲ့ တိုက်ခိုက်မှုပဲ။ အဲ့ဒီကောင်က ဒီမြို့ထဲက လူတွေကို နည်းနည်းလေးတောင် ဂရုမစိုက်ဘူး၊ တကယ့်ကို သွေးအေးလွန်းတယ်။ ကဲပါ စကားပြောတာ ဒီလောက်ပဲ၊ မြန်မြန် ဘူတာထဲကနေ ထွက်သွားတော့။ ဒီနေရာက မလုံခြုံတော့ဘူး။ နောက်မှ မင်းကို ငါ ငွေချေလိုက်မယ်"】
ဘူတာထဲမှ ထွက်ခွာရမည်မှာ သေချာပေါက်ပင်။
စကားပြောသည့် မျက်နှာပြင်ကို ပိတ်လိုက်ပြီး ရဲချီယန်က ထွက်ခွာမည့် ရွေးချယ်စရာကို နှိပ်တော့မည့်ဆဲဆဲတွင် သီးသန့်စကားပြော မျက်နှာပြင်က ထပ်မံပေါ်လာကာ သူ၏အမြင်အာရုံကို ဖုံးကွယ်သွားလေ၏။
"ဘယ်သူများလဲ"
တုန်ခါမှုများက ပိုမိုပြင်းထန်လာချေပြီ။
ရဲချီယန်က စာများကို မဖတ်မီ ဘူတာထဲမှ အရင်ထွက်သွားချင်သော်လည်း စာဝင်သည့် အသံများက ဆက်တိုက်ထွက်ပေါ်လာကာ မျက်နှာပြင်ကို ဖွင့်ကြည့်ရန် တိုက်တွန်းနေသကဲ့သို့ ရှိပေသည်။
စာကို မြင်လိုက်ရသည့် အခိုက်အတန့်၌ သူ၏ မျက်လုံးအိမ်များမှာ အနည်းငယ် ကျဉ်းမြောင်းသွားလေတော့သည်။
ကျောက်ရှီး - 【အကန့်အသတ်ကျော်လွန် မုဒ်ကို ဖွင့်လိုက်၊ ကောင်းကင်ပေါ်က ကောင်ကို ပစ်ချလိုက်စမ်း။ တစ်ချက်တည်းဆိုရင် လုံလောက်ပြီ။ ပိုက်ဆံတွေလည်း လွှဲပေးလိုက်ပြီ】
သီးသန့်စာတိုနှင့်အတူ သူ၏ ဝင်စာပုံးထဲသို့ ရထားဒင်္ဂါး တစ်ရာ့ငါးဆယ်ပါဝင်သော လက်ဆောင်ထုတ်ကြီးတစ်ခု ရောက်ရှိလာလေ၏။
တစ်ရာ့ငါးဆယ်တောင်လား၊ ရဲချီယန်က ဤမျှများပြားသော ရထားဒင်္ဂါးများကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။
တုန်ခါမှုများက ပိုမိုအားပြင်းလာပြီး ဤဘူတာရုံ ပလက်ဖောင်းငယ်လေးမှာ ပြိုကျမည့် လက္ခဏာများ ပြသနေပြီဖြစ်သော်လည်း ငွေရှာလိုသော ရဲချီယန်၏ ဆုံးဖြတ်ချက်ကိုမူ မတားဆီးနိုင်ခဲ့ပေ။
သူက ငွေကိုယူပြီး ထွက်သွားလိုက်ရုံဖြင့် ကျောက်ရှီး၏ စာကို လျစ်လျူရှုကာ ကောင်းကင်ပေါ်မှ ရွှေရောင်ဆံပင်နှင့် အမျိုးသားကို ရန်စစရာမလိုဘဲ နေနိုင်သော်ငြားလည်း...
သို့သော် သူက သူမ၏ ငွေများကို ယူထားပြီးဖြစ်လေသည်။
သူက ပလက်ဖောင်းအပြင်ဘက်သို့ တစ်ဖန် ပြေးထွက်သွားကာ မြေပြင်ပေါ်ရှိ အက်ကွဲကြောင်းများကို ဖြတ်ကျော်ပြီး တဖြည်းဖြည်း ပျက်စီးယိုယွင်းလာသော ဤရွာလေး၏ အမြင့်ဆုံးနေရာသို့ ရောက်ရှိသွားကာ ကောင်းကင်ယံရှိ ပုံရိပ်နှစ်ခုကို မော့ကြည့်လိုက်လေ၏။
သူက လက်ကို မြှောက်လိုက်ရာ စက်ယန္တရားများ၏ သာယာနာပျော်ဖွယ် လည်ပတ်သံများက သူ၏ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။
ရထားဒင်္ဂါး အပြည့်အဝ ရှစ်ဆယ်မှာ သူ၏လက်ထဲတွင် မှောင်မိုက်သော ရွှေရောင် အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားကာ သူ၏ လက်နက်တပ်ဆင်မှု နေရာလွတ်ထဲမှ ပျံသန်းထွက်ပေါ်လာသော အမဲလိုက် စက်ယန္တရားနဂါးနှင့် ပေါင်းစပ်သွားလေတော့သည်။
မူလက အနီနှင့် အဖြူရောင်ရှိသော စက်ယန္တရားနဂါးမှာ မှောင်မိုက်သော ရွှေရောင်အဖြစ် ပြောင်းလဲသွားချေပြီ။
၎င်း၏ ပုံပန်းသဏ္ဌာန်မှာလည်း အခြေခံအကျဆုံး အသွင်အပြင်မှသည် သိသိသာသာ ပြောင်းလဲသွားလေ၏။
မူလက သုံးမီတာကျော်သာရှိသော ခန္ဓာကိုယ်မှာ ဆယ်ဆကျော်အထိ ကြီးထွားလာကာ မှောင်မိုက်သော ရွှေရောင်အကြေးခွံများအောက်တွင် ထူးကဲသော အလင်းတန်းများက စွမ်းအင်များကို အဆက်မပြတ် စုစည်းနေပေသည်။
"အမဲလိုက် စက်ယန္တရားနဂါး၊ အကန့်အသတ်ကျော်လွန် မုဒ်"
အလင်းမျက်နှာပြင်တစ်ခု ထွက်ပေါ်လာသည်။
အမဲလိုက် စက်ယန္တရားနဂါးက ကောင်းကင်ယံသို့ မြင့်မားစွာ ပျံသန်းသွားကာ စက်ယန္တရားများ၏ သီးသန့် ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်လေ၏။
၎င်းက ဧရာမပါးစပ်ကြီးကို ဟလိုက်ရာ အကန့်အသတ်ကျော်လွန်မှုအား ကိုယ်စားပြုသော နဂါးပုံစံ ရေးထွင်းထားသည့် ထိပ်ဖူးတစ်ခုမှာ အတွင်း၌ ဖုံးကွယ်နေသည်ကို မြင်တွေ့လိုက်ရသည်။
ရဲချီယန်၏ လက်ချောင်းများက အလင်းမျက်နှာပြင်ပေါ်တွင် ပွတ်ဆွဲသွားကာ ထိပ်ဖူး၏ ပစ်မှတ်ကို ကောင်းကင်ထက်မှ အမျိုးသားထံသို့ သော့ခတ်ချိန်ရွယ်လိုက်လေ၏။
သော့ခတ်ခြင်း၊ ချိန်ရွယ်ခြင်း။
ထို့နောက်...
အမဲလိုက် အဆုံးစွန်ထိပ်ဖူး၊ ပစ်လွှတ်လိုက်။
ကောင်းကင်ထက်တွင် ကျောက်ရှီးနှင့် တိုက်ခိုက်နေသော အမျိုးသားက ရုတ်တရက် မျက်မှောင်ကြုတ်သွားလေ၏။
သူ၏ အကြည့်များက မှောင်မိုက်သော ရွှေရောင်အလင်းတန်းတစ်ခုထံသို့ ဆွဲဆောင်ခံလိုက်ရပြီး နဂါးပုံစံ ထိပ်ဖူးကြီးက သူ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာချေပြီ။
အန္တရာယ်။
အမျိုးသားက နောက်ဆုတ်လိုက်သော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ကျောက်ရှီးက သူ၏ အာရုံလွှဲသွားသည့် အခိုက်အတန့်လေးတွင် လျှပ်စီးသံကြိုးတစ်ချောင်းကို ပစ်လွှတ်လိုက်ကာ အမျိုးသားကို တစ်ခဏမျှသာ ဖမ်းချုပ်ထားနိုင်မည်ဆိုလျှင်တောင် လုံလောက်ပေသည်။
သို့သော် ယင်းကပင် လုံလောက်နေခဲ့လေပြီ။
ထိပ်ဖူးက ထိမှန်သွားလေ၏။
ဆော်လမွန် မြို့တော်တစ်ခုလုံးရှိ အသံအားလုံး တိတ်ဆိတ်သွားတော့သည်။
အချိန်ကာလကိုယ်တိုင်ပင် ရပ်တန့်သွားသည့်အလား ထင်မှတ်ရပေ၏။
အရာအားလုံးက အလွန် ရှင်းလင်းစွာ ကြားနိုင်လောက်အောင် တိတ်ဆိတ်နေသည်။
သို့သော် အချိန်များ ပြန်လည် စီးဆင်းလာသောအခါ...
တောက်ပစွာ လင်းလက်နေသော တွင်းနက်ကြီးတစ်ခုက ၎င်း၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အလယ်ဗဟိုသို့ စုပ်ယူသွားလေတော့သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင်။
ထိပ်ဖူး အပစ်ခံရသော အမျိုးသားကို ဗဟိုပြု၍ ခရုပတ်ပုံစံ ဟာလာဟင်းလင်းပြင်ကြီးက ဤနေရာလွတ်ကြီးကို ပုံပျက်ပန်းပျက် လိမ်ယှက်သွားစေလေ၏။
အိမ်များ၊ မြေကြီးများ၊ ကျောက်တုံးများ အရာအားလုံးမှာ လိမ်ယှက်ပြီး တစ်စစီကြေမွသွားပေသည်။
စွမ်းအားများ ပြန်လည် ဆုတ်ခွာသွားချိန်တွင် ထိုအမျိုးသားက ထိုနေရာ၌ ရပ်နေဆဲပင်။
သို့သော် သူက ကျောက်ရှီးကို ဆက်လက်မတိုက်ခိုက်တော့ဘဲ အရပ်မျက်နှာတစ်ခုဆီသို့ စိတ်ရှုပ်ထွေးစွာ လှမ်းကြည့်နေလေ၏။
ထိုနေရာတွင်မူ ယခုအခိုက်အတန့်၌ သူ၏ ရင်ဘတ်ကြီးကဲ့သို့ပင် ဟာလာဟင်းလင်း ဖြစ်နေပေသည်။
"..."
ကျောက်ရှီးက အသက်ပြင်းပြင်း ရှူလိုက်ကာ သူနှင့် မျက်နှာချင်းဆိုင်တွင် ရပ်နေရင်း သူမ၏ လက်များမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။
သူမက အမဲလိုက် စက်ယန္တရားနဂါး၏ အကန့်အသတ်ကျော်လွန် မုဒ်မှ ထိပ်ဖူး၏ စွမ်းအားကို အလွန် ကောင်းစွာ သိထားလေသည်။
"မင်း ဆက်လုပ်ချင်သေးလား၊ ငါ့ဆီမှာ အဲ့ဒီလိုမျိုး တိုက်ခိုက်မှုတွေ အများကြီး ရှိသေးတယ်"
အခန်း ၁၁၂ ဆော်လမွန်မှ ထွက်ခွာခြင်းနှင့် ဆုလာဘ်များ ရိတ်သိမ်းချိန်
ထိုအမျိုးသားက စကားတစ်ခွန်းမျှ မဆိုဘဲ ရင်ဘတ်ကို လက်တစ်ဖက်ဖြင့် ဖိထားလေ၏။ ခဏအကြာတွင် ထိုကဲ့သို့သော တိုက်ခိုက်မှုကို ထပ်မံမခံစားလိုတော့သည့်ဟန်ဖြင့် စကားတစ်ခွန်းကို အေးစက်စွာ ဆိုလိုက်ပြီးနောက် ပျောက်ကွယ်သွားလေတော့သည်။
"ဒီမြို့က စည်းကမ်းသေဝပ်မှုနဲ့ မထိုက်တန်ဘူး"
ကျောက်ရှီး က ရွံရှာမထီမဲ့မြင်ဟန်ဖြင့် လှောင်ပြောင်လိုက်လေ၏။
"ဘယ်သူက ဂရုစိုက်နေလို့လဲ"
သူမ၏ ဆံပင်အရောင်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားချိန်တွင် ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုများကြောင့် ကျောက်ရှီး မှာ အိပ်ချင်မူးတူး ဖြစ်လာချေပြီ။ သူမက အလွန်အမင်း ဖရိုဖရဲမဖြစ်စေရန် မိမိကိုယ်ကို ထိန်းမတ်လိုက်ပြီး အောက်ဘက်ရှိ ရှုပ်ပွနေသော အပျက်အစီးများကို အကဲခတ်ကာ ခေါင်းခါလိုက်ပြီးနောက် ကံကောင်းသည်ဟု တိတ်တဆိတ် တွေးတောရင်း ထိုနေရာမှ ထွက်ခွာသွားလေတော့သည်။
"အဲ့ဒီကောင်က တော်တော်လေး စွမ်းတာပဲ။ ငါသာ အကူအညီမရခဲ့ရင် အမဲလိုက် စက်ယန္တရားနဂါးကို ဆင့်ခေါ်ဖို့တောင် အခွင့်အရေး ရလိုက်မှာ မဟုတ်ဘူး။ အဲ့ဒီလူက တကယ်ကို ဘယ်သူများလဲ။ အဟွတ်..."
ပါးစပ်ထောင့်မှ သွေးများကို သုတ်ဖယ်လိုက်ကာ ကျောက်ရှီး က စနစ် မျက်နှာပြင်ကို ဖွင့်လိုက်ပြီး သူငယ်ချင်းစာရင်းထဲမှ အမည်တစ်ခုကို ကြည့်ကာ နှိပ်လိုက်လေ၏။
【"ကျေးဇူးပဲ၊ မင်း အဆင်ပြေရဲ့လား။ ငါ မင်းကို ကျေးဇူးတင်ရမှာပဲ"】
တစ်ချိန်တည်းမှာပင် ဆော်လမွန် မြို့တော်မှ ထွက်ခွာလာခဲ့ပြီး သူ၏ကုတင်ပေါ်တွင် အလောင်းကောင်တစ်ကောင်လို လဲလျောင်းနေသော ရဲချီယန်က မျက်ခွံများကို ပွတ်သပ်လိုက်လေ၏။
အကန့်အသတ်ကျော်လွန်မုဒ် ထိပ်ဖူးကို အသုံးပြုခြင်းက ရထားဒင်္ဂါးများကို စားသုံးသည့်အပြင် ၎င်းကို ထိန်းသိမ်းထားရန်အတွက် ကိုယ်ခံစွမ်းအားနှင့် စိတ်စွမ်းအားများကိုပါ အဆက်မပြတ် ထောက်ပံ့ပေးရန် လိုအပ်ကြောင်း သူ့ကို မည်သူကမျှ မပြောပြခဲ့ချေ။
ထိပ်ဖူးတစ်ခုတည်းကို ပစ်လွှတ်ပြီးနောက်မှာပင် ရဲချီယန်က သူ၏စွမ်းအင်များ လုံးဝခန်းခြောက်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။ ထို့ပြင် အခြားသူများ သတိထားမိခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ပစ်လွှတ်ပြီးသည်နှင့် တစ်ပြိုင်နက် နေရာရွှေ့ပြောင်းအမှတ်အသားကို အသုံးပြုကာ ရထားပေါ်သို့ တည်နေရာ ရွှေ့ပြောင်းပြီးနောက် ထိုမြို့မှ တိုက်ရိုက် ထွက်ခွာလာခဲ့ခြင်း ဖြစ်ပေသည်။
"အရမ်း ပင်ပန်းတာပဲ။ ဒီပိုက်ဆံတွေက ရှာရတာ တကယ်ကို ခက်ခဲလွန်းတယ်၊ ဒါပေမဲ့... အကန့်အသတ်ကျော်လွန် မုဒ်က တကယ်ကို အဲ့ဒီလောက်တောင် စွမ်းအားကြီးတာပဲ"
တွင်းနက်ကြီးတစ်ခုကဲ့သို့သော ထိုစွမ်းအားက အရာအားလုံးကို ၎င်းအတွင်းသို့ စုပ်ယူသွားနိုင်စွမ်းရှိလေ၏။ သူသာ အကန့်အသတ်မဲ့ စိတ်စွမ်းအားနှင့် စွမ်းအားများကို ပိုင်ဆိုင်ထားပါက ထိုတွင်းနက်ကြီးက ဆော်လမွန် မြို့တော် တစ်ခုလုံးကို စုပ်ယူပြီး လုံးဝဝါးမျိုသွားရန်မှာ မဖြစ်နိုင်သည့် ကိစ္စရပ်တစ်ခု မဟုတ်ပေ။
သို့သော် ယင်းက အတွေးသက်သက်သာ ဖြစ်ချေသည်။
ထိုအဆင့်အထိ ရောက်ရှိရန် စိတ်စွမ်းအားနှင့် ကိုယ်ခံစွမ်းအား မည်မျှလိုအပ်မည်ကို မည်သူကမျှ မသိနိုင်ချေ။
"အရမ်း အိပ်ချင်နေပြီ။ ဘယ်သူများလဲ"
လေးလံနေသော မျက်ခွံများကို ဖွင့်လိုက်ချိန်တွင် ရဲချီယန်က ကျောက်ရှီး ထံမှ စာတိုကို မြင်တွေ့လိုက်ရလေ၏။ ချမ်းသာကြွယ်ဝပြီး အရပ်ပုသော ဤစစ်ကြောရေးခုံရုံး၏ စစ်ကြောရေးမှူးချုပ် အတွက် ရဲချီယန်က လန်းဆန်းသွားဟန်ဖြင့် စာပြန်လိုက်ပေသည်။
【"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က ပိုက်ဆံယူထားပြီးပြီဆိုတော့ ဘာမှမလုပ်ဘဲ နေလို့မှ မရတာ"】
【"တော်တော်လေး ရိုးသားတာပဲ။ မင်းက စစ်ကြောရေးခုံရုံးရဲ့ အဆင့်သုံး စစ်ကြောရေးမှူးတစ်ယောက်အနေနဲ့ မင်းရဲ့ တာဝန်ကို ထမ်းဆောင်ရုံပါပဲလို့ ပြောမယ်ထင်နေတာ"】
【"အဲ့ဒီလိုပြောလို့လည်း ရပါတယ်၊ ဒါပေမဲ့... ကုန်ကျစရိတ်တော့ ပိုများလိမ့်မယ်"】
"ဖူး"
ကျောက်ရှီးက အမှတ်တမဲ့ ရယ်မောလိုက်မိလေ၏။ သူမ၏ ပတ်ဝန်းကျင်တွင် စုဝေးနေကြသော စစ်ကြောရေးခုံရုံး အဖွဲ့ဝင်များမှာ ထိတ်လန့်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် အံ့သြတကြီး ကြည့်လိုက်ကြပေသည်။
ပုံမှန်အားဖြင့် အလွန်မောက်မာပြီး ကြောက်မက်ဖွယ်ကောင်းလှသော ဤစစ်ကြောရေးမှူးချုပ်က တကယ်ကြီး ရယ်မောနိုင်တာလား။
သူမ၏ ပတ်ဝန်းကျင်ရှိ အကြည့်များကို ခံစားမိသွားသောအခါ သူမက အပြုံးကို ထိန်းချုပ်လိုက်ပြီး ပုံမှန် မောက်မာသည့် အမူအရာသို့ ပြန်လည်ရောက်ရှိသွားသော်လည်း လက်ထဲရှိ မျက်နှာပြင်ပေါ်တွင် စာရိုက်နေသည့် အရှိန်မှာမူ အနည်းငယ်မျှ လျော့ကျသွားခြင်း မရှိခဲ့ချေ။
【"မင်းပြောတာ မှန်ပါတယ်၊ ဟီးဟီး။ ကျန်နေတဲ့ ရထားဒင်္ဂါးတွေက ဒီတစ်ခါ ငါ့ကို ကူညီပေးတဲ့အတွက် မင်းအတွက် ဆုလာဘ်တွေပဲ။ အို... ဒါနဲ့ အဲ့ဒီထိပ်ဖူးကို သုံးတာက စိတ်စွမ်းအားတွေကို တော်တော်လေး ကုန်ခမ်းစေတယ်။ ဒီက ကိစ္စတွေကို ရှင်းလင်းပြီးသွားရင် မင်းရဲ့ စိတ်စွမ်းအားတွေ ပြန်လည်ပြည့်ဖြိုးစေမယ့် ပစ္စည်းတစ်ခု ငါ ပို့ပေးလိုက်မယ်"】
ရဲချီယန်က ဗိုက်စင်သီး တစ်လုံးကို တိတ်တဆိတ် ကိုက်စားလိုက်ကာ ခဏမျှ တွေးတောလိုက်ပြီးနောက် သနားစရာကောင်းသော အမူအရာကို တိုက်ရိုက် ဖန်တီးလိုက်လေ၏။
【"နည်းနည်းလောက် ပိုရနိုင်မလား။ ကျွန်တော့်ရဲ့ စိတ်စွမ်းအားတွေ ကန့်သတ်ချက်ကို ရောက်နေပြီမို့ ရူးတော့မလို ဖြစ်နေပြီ"】
စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးစေသော ပစ္စည်းများက အမြဲတမ်း ပိုများလေ ပိုကောင်းလေပင် မဟုတ်ပါလော။
【"တောင်းပန်ပါတယ်၊ မင်းရဲ့အဆင့်က သိပ်မမြင့်သေးဘူးဆိုတာကို ငါ မေ့သွားတယ်။ ဒီလိုလုပ်ပါ၊ ဒါလေးကို ယူပြီး အရင်သောက်လိုက်"】
အီးမေးလ်တစ်စောင် ဝင်လာပေသည်။
【တောက်ပခြင်း · စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးရေး ဆေးရည် (အဆင့် ၆)】
【သောက်သုံးပြီးနောက် စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးမှု အရှိန်ကို မြှင့်တင်ပေးကာ သာယာသော စိတ်ခံစားချက်ကို အချိန်အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းပေးသည်】
နောက်ထပ် ပစ္စည်းတစ်ခုကို အလကား ထပ်ရလိုက်ပြန်သဖြင့် ရဲချီယန်၏ စိတ်ခံစားချက်မှာ တော်တော်လေး ကောင်းမွန်နေချေပြီ။
သူကိုယ်တိုင် ထိုဆေးရည်ကို သောက်သုံးရန် မလိုအပ်ချေ။ အဆင့် ၆ ဆေးရည်တစ်ပုလင်းကို မှောင်ခိုဈေးကွက်တွင် ရောင်းချပါက သေချာပေါက် ဈေးကောင်းရနိုင်ပေသည်။
သူတို့နှစ်ဦးက နောက်ထပ် စကားနှစ်ခွန်းသုံးခွန်းမျှ ထပ်ပြောလိုက်ကြသည်။ ရဲချီယန်က ကျောက်ရှီးထံမှ အခြားမည်သည့်အရာကိုမျှ ထပ်မံလှည့်ဖြား၍ မရနိုင်တော့သဖြင့် စကားဝိုင်းကို အဆုံးသတ်ရန် အကြောင်းပြချက်တစ်ခု ရှာလိုက်လေတော့သည်။
သူက ကုတင်ပေါ်တွင် လဲလျောင်းရင်း အောက်ဘက်ရှိ နူးညံ့မှုကို ခံစားကာ အထက်ဘက်ရှိ ရထားတွဲမျက်နှာကြက်ကို ငေးကြည့်နေခဲ့သည်။ သူ၏မျက်ခွံများမှာ တဖြည်းဖြည်း လေးလံလာကာ အိပ်ပျော်သွားလေတော့သည်။
ဒီဘူတာက တကယ်ကို ပင်ပန်းလွန်းလှပေသည်...
နောက်တစ်နေ့။
အမြဲတမ်း တိကျမှန်ကန်သော အိတ်ဆောင်နာရီပေါ်တွင် အချိန်က မွန်းတည့်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။
【၁၁ : ၃၄ : ၁၅】
ရဲချီယန်က ကုတင်ပေါ်မှ နိုးထလာကာ အကြောဆန့်လိုက်ပြီး အိတ်ဆောင်နာရီပေါ်ရှိ အချိန်ကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားလေသည်။
"ငါ အဲ့ဒီလောက်တောင် အကြာကြီး အိပ်ပျော်သွားတာလား"
သူ မျက်နှာသစ် သန့်ရှင်းရေး ပြုလုပ်ပြီးနောက် ဝေါလီက နွေးအောင် ပြန်နွှေးထားသော နံနက်စာ ပန်းကန်တစ်ခုကို ယူဆောင်လာခဲ့ပေသည်။ ၎င်းက အလေ့အကျင့်အတိုင်း ဗိုက်စင်သီး ဖျော်ရည်တစ်ခွက်ကိုလည်း ပြင်ဆင်ပေးထားလေ၏။
နှစ်လုတ်သုံးလုတ်ခန့် စားသောက်ပြီးနောက် အေးမြသော ခံစားမှုက ရဲချီယန်ကို အပြည့်အဝ နိုးကြားလာစေတော့သည်။
ဝေါလီ၏ ခေါင်းကို ပွတ်သပ်ပေးရင်း ရဲချီယန်က ၎င်းကို တာဝန်အသစ်တစ်ခု ပေးအပ်လိုက်၏။
"သွား၊ ဒီဥကို သွားဝပ်ပေးချေ"
ဝေါလီက ၎င်း၏ လက်မောင်းပေါ်သို့ ကျလာသော သိမ်းငှက်ဥကို ကြည့်လိုက်ကာ ၎င်း၏ စက်ယန္တရား လက်တံဖြင့် မိမိကိုယ်ကို ညွှန်ပြလိုက်ပြီးနောက် ဥကို ပြန်လည်ညွှန်ပြလိုက်လေသည်။
"အဲ့ဒါက အသစ်ရထားတဲ့ မွေးမြူရေးရထားတွဲ ထဲကို သွားထည့်ထားလို့ ပြောတာကွ။ မင်းက ကြက်မကြီးမှ မဟုတ်တာ၊ တကယ်ကြီး ဥဝပ်ချင်နေတာလား။ အိပ်မက်မက်နေလိုက်"
ရဲချီယန်က ၎င်း၏ ခေါင်းကို ပုတ်လိုက်ရာ အထိအတွေ့က အရင်ကလိုပင် ကောင်းမွန်နေဆဲပင်။
"ဒီမြို့ကရတဲ့ ဆုလာဘ်တွေက ဘူတာရုံကရတာထက်တောင် ပိုများနေပါလား"
အခြားလုပ်စရာမရှိသဖြင့် သူက ဆော်လမွန် မြို့တော်မှ ရရှိခဲ့သော ဆုလာဘ်များကို တွက်ချက်ကြည့်လိုက်လေ၏။
ပထမဆုံးအနေဖြင့် ရထားဒင်္ဂါးများ ဖြစ်ပြီး ကျောက်ရှီး ပေးခဲ့သော ရထားဒင်္ဂါး တစ်ရာ့ငါးဆယ်ထဲမှ ရှစ်ဆယ်ကို ထိပ်ဖူးအတွက် သုံးလိုက်ရသဖြင့် ခုနစ်ဆယ် ကျန်ရှိနေပေသည်။
သူ၏ ယခင်ကရှိခဲ့သော အကြွေစေ့ လေးဆယ်နှင့် ပေါင်းလိုက်ပါက ယခုအခါ သူ့ထံတွင် စုစုပေါင်း ရထားဒင်္ဂါး တစ်ရာ့တစ်ဆယ် ရှိနေပြီ ဖြစ်၏။ နဂါးကတ်ပြားမှ နေ့စဉ်ရရှိမည့် ငါးပြားကိုပါ ထည့်ပေါင်းလိုက်ပါက တစ်ရာ့တစ်ဆယ့်ငါးပြား ဖြစ်သွားပေမည်။
နောက်တစ်ကြိမ် ရထား အဆင့်မြှင့်တင်မှုအတွက် အဆင့်မြှင့် ရွေးချယ်စရာများ အားလုံးကို သူ ရရှိနိုင်မည်ဟု ယုံကြည်မှု အပြည့်ရှိနေလေ၏။
ဖြစ်နိုင်လောက်ပါရဲ့လား။
ထို့အပြင် နတ်ဆိုး ကတ်ပြား · မာနတရား လည်း ရှိသေးသည်။
၎င်း၏ စွမ်းရည် ဖော်ပြချက်မှာ မရှင်းလင်းလှသော်လည်း စမ်းသပ်ပြီးနောက်တွင် ရဲချီယန်က သူ မာနတရားကို ပိုင်ဆိုင်ထားပါက အခြားသူများက သူ၏ အချက်အလက်များနှင့် တည်နေရာကို ရှာဖွေထောက်လှမ်း၍ မရနိုင်တော့ကြောင်း ရှာဖွေတွေ့ရှိခဲ့ပေသည်။ ထို့ပြင် မာနတရား၏ ဒုတိယမြောက် စွမ်းရည်က ပို၍ပင် ထူးခြားလှလေ၏။
စွမ်းရည်ကို အသက်သွင်းလိုက်သောအခါ သူက အတိုင်းအတာတစ်ခုအတွင်းရှိ အရာအားလုံးကို အပေါ်စီးမှ ခြုံငုံကြည့်ရှုနိုင်မည် ဖြစ်သည်။ ယခုကဲ့သို့ပင် ရဲချီယန်က ရထားအတွင်း၌ ရပ်နေသော်လည်း မာနတရား၏ စွမ်းအားကို အသုံးပြုကာ ရထားတစ်စီးလုံးနှင့် ပတ်ဝန်းကျင်ရှိ လွင်တီးခေါင်ပြင်ကိုပါ အပေါ်စီးမှ ကြည့်ရှုနိုင်စွမ်း ရှိပေသည်။
ယင်းက သူ့ကို ဘုရားသခင်၏ အမြင်အာရုံကဲ့သို့သော အခြားရွေးချယ်စရာ စွမ်းရည်တစ်ခုကို ပေးအပ်လိုက်သည်ဟု ဆိုနိုင်လေ၏။ သေချာပေါက်ပင် ဤကတ်ပြားကလည်း လုံလောက်သော စွမ်းအားကြီးမားမှု ရှိပေသည်။
ထို့အပြင် သူက ရထား အရောင်းအဝယ်ဌာနမှ အထူးရထားတွဲ နှစ်တွဲကိုလည်း ဝယ်ယူခဲ့သေးသည်။
၎င်းတို့၏ စွမ်းရည်များ မည်မျှပင် အားကောင်းစေကာမူ နှစ်တွဲလုံးက အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို ပြုလုပ်နိုင်စွမ်းရှိပြီး ရဲချီယန်က အဆင့်မြင့် အသွင်ကူးပြောင်းခြင်း ပြုလုပ်ပြီးနောက် ထိုရထားတွဲနှစ်တွဲ၏ စွမ်းရည်များကို အလွန်အမင်း မျှော်လင့်နေမိလေတော့သည်။
သူက ချက်ချင်းပင် လှုပ်ရှားလိုက်သည်။ သူက ဆဋ္ဌမမြောက် ရထားတွဲဆီသို့ တိုက်ရိုက် သွားလိုက်လေ၏။
မွေးမြူရေးရထားတွဲ အတွင်း၌ ဝေါလီက သိမ်းငှက်ဥကို ကောက်ရိုးများနှင့်အတူ အလယ်တွင် ထားရှိပေးလိုက်ပြီးနောက် ၎င်း၏ စက်ယန္တရား လက်တံကို ပုတ်လိုက်ရာ တကယ့်ကို ကြက်မအိုကြီးတစ်ကောင်နှင့် အနည်းငယ် တူနေပေသည်။
ရဲချီယန်က လက်လှမ်းကာ နံရံကို ထိလိုက်ရာ ရင်းနှီးနေသော ခံစားမှုနှင့်အတူ စူးရှတောက်ပသော အပြာရောင် အလင်းစီးကြောင်းတစ်ခုက ရထားတွဲတစ်ခုလုံးကို ရစ်ပတ်သွားလေတော့သည်။
【စိတ်စွမ်းအား: ၁၃၀ → ၁၀၀】
【မွေးမြူရေးရထားတွဲ → အလိုအလျောက် · စွမ်းဆောင်ရည်မြင့် · အရှိန်မြှင့် မွေးမြူရေးရထားတွဲ】