အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း ၁၁၃ ဆယ့်လေးခုမြောက် ဘူတာ - ရှေ့တန်း ဘူတာ
【အလိုအလျောက် · စွမ်းဆောင်ရည်မြင့် · အရှိန်မြှင့် မွေးမြူရေးရထားတွဲ】
【မည်သည့်တိရစ္ဆာန်အမျိုးအစားကိုမဆို အလိုအလျောက် မွေးမြူပေးပြီး ကြီးထွားမှုစက်ဝန်းကို လျှော့ချပေးကာ နေ့စဉ် အစာနှင့်ရေ စားသုံးမှုကို တစ်ဝက်အထိ လျှော့ချပေးပြီး သန့်ရှင်းမှုရှိစေရန် ရထားတွဲကို အလိုအလျောက် သန့်စင်ပေးသည့်အပြင် အသံလုံစနစ် အပြည့်အဝ ပါဝင်သည်】
【စွမ်းအင် ထောက်ပံ့ရေး စက်ကိရိယာများ လိုအပ်သည်】
ဤရထားတွဲအတွင်း၌ ထောင့်စေ့အောင် လှမ်းနိုင်စွမ်းရှိသော စက်ယန္တရား လက်တံများစွာ ထွက်ပေါ်လာလေ၏။ သိမ်းငှက်ဥကို စက်ယန္တရား လက်တံနှစ်ခုက ရစ်ပတ်ထားကာ အကောင်းဆုံး ဥဝပ်နိုင်မည့် ပတ်ဝန်းကျင်ကို ပုံတူကူးချရန် နွေးထွေးသော အလင်းရောင်များ ထုတ်လွှတ်ပေးနေပေသည်။
"အဲ့ဒီတုန်းက စွမ်းအင် ဂျင်နရေတာပုံစံကြမ်းကို ဝယ်ခဲ့တာ တကယ်ကို အမှားတစ်ခု မဟုတ်ခဲ့ဘူးပဲ"
စွမ်းအင် ဂျင်နရေတာကို ဖန်တီးပြီး ဤရထားတွဲအတွင်း၌ နေရာချထားပြီးနောက် ရဲချီယန်က နောက်ဘက်သို့ ဆက်လက် လျှောက်လှမ်းသွားလေတော့သည်။
သတ္တမမြောက် ရထားတွဲသို့ ရောက်ရှိသွား၏။
ဤနေရာတွင်မူ ရထားတွဲ ဧရိယာ၏ သုံးပုံနှစ်ပုံခန့် နေရာယူထားသော သဲပုံစံငယ်တစ်ခုသာ ရှိနေပေသည်။
နောက်ထပ် ဘူတာသို့ ဝင်ရောက်ပြီး မြေပုံကို စူးစမ်းလေ့လာရခြင်း မရှိသေးသဖြင့် သဲပုံစံငယ်မှာ ပြောင်းလဲမှု မရှိသေးချေ။
"အဆင့်မြင့် အသွင်ကူးပြောင်းခြင်း"
【စိတ်စွမ်းအား : ၁၀၀ → ၅၀】
စိတ်စွမ်းအားများ လျင်မြန်စွာ ကုန်ခမ်းသွားပြီး ရုတ်တရက် အကြံဉာဏ်များ ပွင့်လင်းလာသည့် ခံစားချက်က တစ်ဖန် ပြန်လည်ပေါ်ပေါက်လာလေ၏။
【အတုအယောင် သဲပုံစံငယ် ရထားတွဲ → ပေါင်းစပ် မော်ဂျူး ရထားတွဲ · ကြိုတင် ထောက်လှမ်းရေး】
【ဘူတာတစ်ခုစီသို့ ရောက်ရှိချိန်တိုင်း ထိုဘူတာအတွင်းရှိ အန္တရာယ်ရှိသော ရန်သူများ၏ ကိုဩဒိနိတ် မြေပုံကို အလိုအလျောက် ဖန်တီးပေးမည်】
【ဤရထားတွဲကို အခြား မည်သည့်ရထားတွဲနှင့်မဆို ပေါင်းစပ်၍ အတူတကွ လုပ်ဆောင်စေနိုင်သလို သီးခြားရထားတွဲ တစ်ခုအနေဖြင့်လည်း ဆက်လက်ထားရှိနိုင်သည်】
ရထားတွဲက မော်ဂျူးတစ်ခုအဖြစ် ပြောင်းလဲသွားတာလား။
ရဲချီယန်က သူ အမြင်မှားသွားသည်ဟုပင် ထင်မှတ်လိုက်မိလေ၏။
ဤကဲ့သို့သော ပြောင်းလဲမှုမျိုးမှာ ပထမဆုံးအကြိမ် ဖြစ်ပေါ်လာခြင်း ဖြစ်ပေသည်။
"အတူတကွ လုပ်ဆောင်တာလား။ အဆင့်မြင့် ရထားမောင်းနှင်သူတွေဆီမှာ ရထားတွဲတွေ သိပ်အများကြီး မရှိနေတာ မဆန်းတော့ပါဘူး။ ဒါက ဒီအကြောင်းပြချက်ကြောင့်များလား"
ရထားတွဲ အရေအတွက်ကို လျှော့ချခြင်းကလည်း ဆိုးရွားသော ကိစ္စတစ်ခုတော့ မဟုတ်ချေ။
သူက ယင်းကို သီးခြားထားရှိရန် မရွေးချယ်ခဲ့ဘဲ ခဏမျှ တွေးတောပြီးနောက် သူ၏ ပထမဆုံးရထားတွဲဖြစ်သော အပူချိန်ထိန်း ရထားတွဲနှင့် ပေါင်းစပ်လိုက်လေတော့သည်။
【အပူချိန်ထိန်း · သက်တောင့်သက်သာ · ကြိုတင် ထောက်လှမ်းရေး · ဧရာမ ရထားတွဲ】
ပေါင်းစပ်ပြီးနောက် အပူချိန်ထိန်း ရထားတွဲ၏ နေရာလွတ်မှာ တိုက်ရိုက် နှစ်ဆတိုးလာကာ နံရံပေါ်တွင် အတုအယောင် မြေပုံတစ်ခု ထပ်တိုးလာခြင်းမှလွဲ၍ အခြားမည်သည့် ပြောင်းလဲမှုမျှ မရှိခဲ့ချေ။
"နေရာလွတ်ကပါ တစ်ခါတည်း တိုက်ရိုက် တိုးလာတာပဲ။ ဒီလိုမျိုး ပေါင်းစပ်တာက လုံးဝကို မဆိုးဘူးပဲ"
ရဲချီယန်က ဤ အဆင့်မြင့် အသွင်ကူးပြောင်းခြင်းကို အလွန်အမင်း ကျေနပ်သွားလေ၏။
နတ်ဆိုး ကတ်ပြား · မာနတရား၏ ဘုရားသခင် အမြင်အာရုံမှတစ်ဆင့် အပြင်ဘက်မှ ကြည့်ရှုလိုက်ရာ ပထမရထားတွဲမှာ အရွယ်အစား ပြောင်းလဲသွားခြင်း မရှိသည်ကို တွေ့ရသဖြင့် ယင်းက အတွင်းဘက်ရှိ ဖိသိပ်ထားသော နေရာလွတ်၏ အပိုဆုလာဘ်တစ်ခု ဖြစ်ကြောင်း ညွှန်ပြနေပေသည်။
အပူချိန်ထိန်း ရထားတွဲ ကြီးမားလာသည်နှင့်အမျှ သူ အနားယူရန် ဧရိယာမှာလည်း သိသိသာသာ ကျယ်ဝန်းလာချေပြီ။
ရဲချီယန်က ဤပတ်ဝန်းကျင်ကို တော်တော်လေး သဘောကျနေခဲ့သည်။
သူက အချိန်ကို တစ်ချက် လှမ်းကြည့်လိုက်၏။
နောက်ထပ် ဘူတာသို့ ဝင်ရောက်ရန် တစ်နာရီခန့်သာ လိုတော့ပေသည်။
သူက ချက်ဘောက်စ်ကို ဖွင့်လိုက်သည်။
အချိန်ကြာမြင့်စွာ အိပ်ပျော်နေခဲ့သဖြင့် နောက်ခံရှိ သီးသန့်စကားပြော မျက်နှာပြင်တွင် စာတိုများစွာ စုပုံနေခဲ့လေပြီ။
ကျောက်လင် - "အစ်ကို ချီယန်၊ ထွက်လာပြီလား။ အထဲမှာ ပိတ်မိနေတာမျိုးတော့ မဟုတ်ဘူးမလား။ ကျွန်မ ပစ္စည်းတချို့ကို ရောင်းလိုက်ပြီး ရထားဒင်္ဂါးတွေကို အစ်ကို့ရဲ့ ဝင်စာပုံးထဲ ပို့လိုက်ပြီနော်"
တကယ်တမ်းတွင် သူက ကျောက်လင်၏ ကိစ္စကို မေ့လျော့နေခဲ့ခြင်း ဖြစ်ပေသည်။
ဘေးကင်းကြောင်း အတည်ပြုရန် စာတစ်စောင် ပြန်ပို့လိုက်ပြီးနောက် ရဲချီယန်က ဝင်စာပုံးကို ဖွင့်ကြည့်လိုက်ရာ ရထားဒင်္ဂါး ငါးပြားမှာ အထဲတွင် အမှန်တကယ်ပင် ငြိမ်သက်စွာ ရှိနေလေ၏။
"နောက်ထပ် အကြွေစေ့ ငါးပြားလား၊ မဆိုးဘူး မဆိုးဘူး။ တော်တော်လေး တက်ကြွတာပဲ"
ကျောက်လင်က သူ၏ အတန်ဖိုးထားရဆုံးသော ကုန်သွယ်ရေး မိတ်ဖက်ဟူသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ်ကို ထိုက်တန်လှပေသည်။ နှုတ်နှင့် စိတ်ထဲတွင် မလိုလားသော်ငြားလည်း ပိုက်ဆံသုံးရမည့် အချိန်ရောက်လာပါက သူမက မည်သည့်အခါမျှ တွန့်တိုနေမည် မဟုတ်ချေ။
ဒုတိယမြောက် သီးသန့်စာတို။
ကျူရှင်းထူ - "ကံကြမ္မာက ဒီတစ်ကြိမ်အတွက် အခကြေးငွေအနေနဲ့ မင်းကို နတ်ဆိုး ကတ်ပြားတစ်ကတ် ပေးသင့်တယ်လို့ ပြောနေတယ်။ ကံမကောင်းစွာနဲ့ပဲ ဆော်လမွန် မြို့တော်မှာ ကတ်ပြား အစီအစဉ်တချို့ကို ငါ ဆုံးရှုံးလိုက်ရတယ်။ ဒါကြောင့် လျော်ကြေးအနေနဲ့ တခြားပစ္စည်းတစ်ခုကိုပဲ ပေးလိုက်ပါ့မယ်။ ဒီစာကို မြင်ရင် စာပြန်လိုက်၊ ငါ အဲ့ဒီအရာကို မင်းဆီ ပို့ပေးလိုက်မယ်"
သူမက လူလိမ်မမုဒ်ကို ပြန်ပြောင်းသွားတာလား။ စကားလုံးတွေကို ဒီလောက်အထိ အထာကျကျ ပြောနေရတာ တော်တော်လေး ပင်ပန်းမယ့်ပုံပဲ။
"၁" ဟု ပြန်ပို့လိုက်သည်နှင့် ဝင်စာပုံးထဲတွင် အီးမေးလ်တစ်စောင် ချက်ချင်းပေါ်လာလေ၏။
【လေထဲလွင့်မျောသော သံချပ်ကာ】
【ဝတ်ဆင်ထားချိန်တွင် အလိုအလျောက် ကာကွယ်ရေးနှင့် တိုက်ခိုက်ရေးအတွက် လေထဲလွင့်မျောသော အမြောက်ငယ်များကို ထုတ်လွှတ်နိုင်သည်။ ၎င်းတို့ကို စုစည်းလိုက်ပါက အချိန်တိုအတွင်း ပျံသန်းနိုင်သည်】
ကောင်းမွန်သော ပစ္စည်းတစ်ခုပင်။ သူဝတ်ဆင်ထားသော ကျည်ကာအင်္ကျီမှာ ခေတ်နောက်ကျတော့မည့် အခြေအနေသို့ ရောက်ရှိနေသည်မှာ ကြာမြင့်နေပြီ ဖြစ်ပေသည်။
ဝင်ရောက်ရသော ဘူတာများ၏ အဆင့်မှာ ပို၍ပို၍ မြင့်မားလာသည်နှင့်အမျှ။
ဤမျှ သိသာထင်ရှားစွာ ကွာဟနေသော ပစ္စည်းများက နောက်ဆုံးတွင် သူ၏ ကြီးထွားမှုအရှိန်ကို အမီလိုက်နိုင်မည် မဟုတ်တော့ချေ။
လေထဲလွင့်မျောသော သံချပ်ကာမှာ အလွန်ပေါ့ပါးပြီး ပိတ်ပါးစကဲ့သို့ အထိအတွေ့ရှိကာ ထိုသေးငယ်သော အရာများက လေထဲလွင့်မျောသော အမြောက်ငယ် ရှစ်ခုအဖြစ် ပေါင်းစပ်သွားနိုင်လိမ့်မည်ဟု တွေးတောကြည့်ရန်ပင် ခက်ခဲလှပေသည်။
၎င်း၏ စွမ်းအားက အီဘိုနီနှင့် မယှဉ်နိုင်သော်ငြားလည်း သာမန် အဆင့် ၂ သေနတ်များခန့် အားကောင်းလေ၏။
သို့သော် ရဲချီယန် အမှန်တကယ် ဂရုစိုက်သောအရာမှာ ၎င်း၏ စွမ်းအားမဟုတ်ဘဲ ကာကွယ်ရေး လုပ်ဆောင်ချက်များနှင့် အသုံးဝင်မှုတို့သာ ဖြစ်ပေသည်။
ဤအချက်ကို နောက်မှ သေချာစွာ စစ်ဆေးအတည်ပြုရန် လိုအပ်ပေမည်။
ထို့အပြင် ကျန်ရှိနေသော စာတိုများမှာ ကျောက်ရှီးက သူ့ကို စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးရေး ပြဿနာများနှင့်ပတ်သက်၍ မေးမြန်းထားခြင်းသာ ဖြစ်၏။ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုပြီးနောက် သူက အဆင့် ၆ စိတ်စွမ်းအား ပြန်လည်ပြည့်ဖြိုးရေး ဆေးရည် သုံးပုလင်းကို အလကား ထပ်ရလိုက်ပြန်သည်။
အလကားရသော ပစ္စည်းများက အသုံးမပြုလျှင်တောင် ကောင်းမွန်နေဆဲပင် ဖြစ်လေသည်။
အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ။
ရင်းနှီးနေသော အချိန် ၁၂ : ၃၀ : ၀၀ သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
ယခုအခိုက်အတန့်၌ ကံကြမ္မာ လမ်းဆုံလမ်းခွ ပွင့်လာခဲ့ချေပြီ။
【ကံကြမ္မာ လမ်းဆုံလမ်းခွ ပွင့်လာပါပြီ။ အောက်ပါ ဘူတာများထဲမှ ရွေးချယ်ပါ】
【ပထမမြောက် ဘူတာ - ရှေ့တန်း ဘူတာ (အဆင့် ၁ မှ ၆ အများသုံး ကုန်သွယ်ရေး ဘူတာ)】
【ဒုတိယမြောက် ဘူတာ - ကတ်စမာဖာ ခံတပ်သို့ ဂေါ်ဘလင် စစ်တပ်၏ တိုက်ခိုက်မှု (အဆင့် ၇ ကာကွယ်ရေး ဘူတာ)】
ရှေ့တန်း ဘူတာလား။
ထိုအပြုံးမျက်နှာနှင့် လူ၏ ပုံပျက်နေသော မျက်နှာကြီးက ရဲချီယန်၏ စိတ်ထဲတွင် ချက်ချင်း ထွက်ပေါ်လာလေတော့သည်။
"ဆယ့်လေးခုမြောက် ဘူတာကို ရောက်နေပြီလား။ ဒါဆို အများသုံး ကုန်သွယ်ရေး ဘူတာကို နောက်တစ်ကြိမ် ထပ်ဝင်ရတော့မှာပေါ့။ ဒါက တော်တော်လေး မြန်တာပဲ"
သူက တိုးညှင်းစွာ ရေရွတ်လိုက်လေ၏။
နောက်ပိုင်းမှ ဘူတာ အမျိုးအစားသစ်များကလည်း မဆိုးသော်ငြားလည်း။
အပြုံးမျက်နှာနှင့် လူနှင့် ထားရှိခဲ့သော သဘောတူညီချက်ကို သူ မမေ့သေးချေ။
"ပထမမြောက် ဘူတာကို ရွေးတယ်"
【ဘူတာ ရွေးချယ်မှု ပြီးစီးပါပြီ】
【ကျေးဇူးပြု၍ သေချာစွာ ထိုင်ထားပါ။ ရထား၏ နောက်ထပ် ခရီးစဉ်ဖြစ်သော ဆယ့်လေးခုမြောက် ဘူတာမှာ...】
【ရှေ့တန်း ဘူတာ - အများသုံး ကုန်သွယ်ရေး ဘူတာ】
【၁၃ : ၀၀ : ၀၀ နာရီအကြာတွင် တူညီသော ဇုန်အတွင်းရှိ ရထားမောင်းနှင်သူအားလုံးသည် ဤအများသုံး ဘူတာသို့ စတင် ထွက်ခွာကြမည် ဖြစ်သည်။ အမြန်နှုန်း ကွာခြားမှုကြောင့် ရောက်ရှိမည့်အချိန်များ ကွဲပြားနိုင်သည်】
【မှတ်ချက်။ အထူးအကြောင်းပြချက်များကြောင့် သင်သည် ရှေ့တန်း ဘူတာသို့ နာရီဝက် စော၍ ထွက်ခွာရမည်】
ကံကြမ္မာ လမ်းဆုံလမ်းခွက သူ့ကို နာရီဝက် စောထွက်ခွင့် အချိန် အမှန်တကယ် ပေးအပ်ခဲ့လေ၏။
မဆိုးဘူးပဲ။ သူ၏ ရထားအမြန်နှုန်းမှာ တူညီသော အသုတ်မှ အခြားသော ရထားမောင်းနှင်သူများထက် များစွာ မြန်ဆန်နေပြီးဖြစ်ကာ အပိုဆောင်း နာရီဝက်ပါ ထပ်ပေါင်းလိုက်ပါက...
အရှိန်တင် ကျည်ဆန်များကို အသုံးမပြုလျှင်တောင် ထိုနေရာသို့ ရောက်ရှိရန် အချိန်ကြာမြင့်မည် မဟုတ်ချေ။
【၁၃ : ၀၀ : ၀၀】
ဤအချီ၏ စည်းမျဉ်းများကို လူတိုင်းအား ကြေညာသည့် အသံလွှင့်ချက် ထွက်ပေါ်လာလေ၏။
သူတို့အားလုံးက ညည်းတွားရင်း မည်သူက အရင်ရောက်မည်ကို ဆွေးနွေးနေကြချိန်တွင် ရဲချီယန်မှာ နာရီဝက်ခန့် ကြိုတင် ခရီးနှင်နေခဲ့ပြီ ဖြစ်ပေသည်။
ရေနွေးငွေ့ ဥဩသံ ထွက်ပေါ်လာသောအခါ...
ရင်းနှီးနေသော ဘူတာကြီးဖြစ်ပြီး မည်သည့်အရာကမျှ ပြောင်းလဲသွားခြင်း မရှိသေးချေ။
【ဆယ့်လေးခုမြောက် ဘူတာသို့ ရောက်ရှိပါပြီ။ ရှေ့တန်း ဘူတာ (ပုံမှန် ကုန်သွယ်ရေး ဇုန်)】
【ဤဘူတာ - အန္တရာယ် မရှိ။】
ထို့ပြင် အပြုံးမျက်နှာ မျက်နှာဖုံးကို တပ်ဆင်ထားကာ လက်ကိုင်ရှည် တံစဉ်းကြီးကို ကိုင်ဆောင်ထားသော လမ်းပြဖြစ်သည့် အပြုံးမျက်နှာနှင့် လူက ရထားတံခါးရှေ့တွင် ရပ်နေကာ အဖြူရောင် လက်အိတ်စွပ်ထားသော လက်ဖြင့် တံခါးကို ညင်သာစွာ ခေါက်နေလေ၏။
"မင်္ဂလာပါ ရထားမောင်းနှင်သူ။ ရှေ့တန်း ဘူတာကနေ ကြိုဆိုပါတယ်။ ကဲ ဘာများ ဝယ်ယူချင်ပါသလဲ"
တံခါး ပွင့်သွားသည်နှင့်အမျှ။
အပြင်ဘက်ရှိ အပြုံးမျက်နှာနှင့် လူမှာ ရဲချီယန်၏ မျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ နေရာတွင်ပင် အေးခဲသွားလေတော့သည်။
"မတွေ့ရတာ ကြာပြီနော်၊ အဲ့ဒီလောက်တော့လည်း မကြာသေးဘူး ထင်ပါတယ်"
အခန်း ၁၁၄ သူ့ကို လွတ်မြောက်စေနိုင်မည့် စွမ်းအား
"အချိန်ရောက်လာပြီပေါ့"
အပြုံးမျက်နှာနှင့် လူက အံ့အားသင့်မှုမှ ပြန်လည်သက်သာလာလေ၏။
သူက ရဲချီယန်ကို ကြည့်ကာ ဖိတ်ခေါ်သည့်ဟန်ပန် ပြုလုပ်လိုက်သည်။
"ဒီတစ်ခါလည်း မင်းက ကုန်သွယ်ရေး ပလက်ဖောင်းကို ပထမဆုံး ရောက်လာတာပဲ၊ တကယ့်ကို ထူးချွန်တဲ့ ရထားမောင်းနှင်သူ ပါလား"
"ပြီးခဲ့တဲ့တစ်ခေါက်ကတောင် ပထမဆုံး ရောက်ခဲ့တာ၊ ဒီတစ်ခေါက် တခြားလူတွေနောက်မှာ ကျန်ခဲ့ရင် ရှက်စရာကြီး ဖြစ်နေမှာပေါ့"
ရဲချီယန်က ရထားပေါ်မှ ဆင်းလာခဲ့သည်။
"ကျွန်တော် ကတိတည်ဖို့ လာခဲ့တာပါ"
မျက်နှာဖုံး တပ်ဆင်ထားသော်ငြားလည်း အနည်းငယ် တုန်ယင်နေသော ခန္ဓာကိုယ်ကြောင့် အပြုံးမျက်နှာနှင့် လူ၏ စိတ်ခံစားချက်ကို ခန့်မှန်းရမခက်ခဲလှပေ။
သူက ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် သက်ပြင်းချကာ ရယ်မောလိုက်လေ၏။
"တစ်ယောက်ယောက်က ကတိတည်ဖို့ တကယ်လာလိမ့်မယ်လို့ ထင်မထားမိဘူး။ ဒါပေမဲ့ မင်းက ငါမြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံး ရထားမောင်းနှင်သူ ဖြစ်ပေမဲ့ အရင်ကတိကို ဖျက်သိမ်းလိုက်ကြရအောင်။ ဘာမှမပြောခဲ့ဖူးဘူးလို့ပဲ သဘောထားလိုက်ပါ။ ဒီကမ္ဘာကြီးက ငါ့ကို လွတ်မြောက်ခွင့် လုံးဝပေးမှာ မဟုတ်ဘူး"
အပြုံးမျက်နှာနှင့် လူ၏ လေသံတွင် ရူးသွပ်မှု အနည်းငယ် ပါဝင်နေပေသည်။
သူ၏ မျက်နှာဖုံးအောက်မှ အနက်ရောင် မျက်ရည်တစ်စက် ကျဆင်းလာ၏။
သူက အရိုးဖြူများသာ ကျန်ရှိတော့သည့် ရှည်လျားသွယ်လျသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး မျက်နှာဖုံးကို ချွတ်လိုက်လေသည်။ မျက်နှာဖုံးအောက်တွင် ယခင်ကတည်းက အလွန်အမင်း ပုံပျက်နေခဲ့သော မျက်နှာမှာ ယခုအခါ မည်သည့် မျက်နှာသွင်ပြင်မှ မရှိတော့ဘဲ အလယ်ဗဟို၌ ဒေါင်လိုက် မျက်လုံးတစ်လုံးသာ ကျန်ရှိတော့ပေသည်။
"ငါ ကြိုးစားခဲ့ဖူးတယ်၊ ရုန်းကန်ခဲ့ဖူးတယ်။ ဒါပေမဲ့ ရလဒ်ကတော့ ကျိန်စာတွေ ပိုမိုနက်ရှိုင်းလာတာပဲ။ အခု ငါက လုံးဝ သေလို့မရတော့ဘူး။ ဒီကမ္ဘာကြီးမှာ အဆင့်မြင့် ပလက်ဖောင်းတွေကနေ အဆင့်မြင့် ရထားမောင်းနှင်သူတွေ ရရှိတဲ့ အဆင့်မြင့် ပစ္စည်းတွေကသာ ငါ့ကို လွတ်မြောက်စေနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းက တော်တော်လေး စွမ်းဆောင်နိုင်ပြီး ပါရမီရှိတယ်ဆိုပေမဲ့ အခုအချိန်မှာ အဲ့ဒီလောက် အစွမ်းထက်တဲ့ ပစ္စည်းတွေကို မရနိုင်သေးဘူး"
မျက်နှာဖုံးကို ပြန်တပ်လိုက်ပြီးနောက် အပြုံးမျက်နှာနှင့် လူက တောင်းပန်သည့်ဟန်ဖြင့် ဦးညွှတ်လိုက်လေ၏။
"ဒါပေမဲ့ မင်းက အဆင့်မြင့်မြင့် ရောက်သွားပြီး အဆင့်မြင့် ပစ္စည်းတွေကို ရရှိတဲ့အချိန်ကျရင် ဒီအဆင့်နိမ့် ပလက်ဖောင်းကို ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး။ ဒါက ဖြေရှင်းလို့မရတဲ့ သံသရာတစ်ခု ဖြစ်နေပြီ"
"တောင်းပန်ပါတယ်။ ငါ့ရဲ့မျက်နှာက လေထုထဲကို ထွက်လာတဲ့အခါတိုင်း လူတွေရဲ့ စိတ်စွမ်းအားကို ကျဆင်းစေတယ်။ အဲ့ဒီကတိအကြောင်းကို မစဉ်းစားကြရအောင်။ လာပါ လေးစားရတဲ့ ရထားမောင်းနှင်သူ၊ ကုန်သွယ်ရေးဇုန်ကို ငါ ခေါ်သွားပေးပါ့မယ်။ ဒီနေ့ ရောင်းချမယ့် ပစ္စည်းတွေကို ပြင်ဆင်ထားပြီးပါပြီ။ ဝယ်ယူပြီးရင် သေချာ အနားယူပြီး ခရီးဆက်ပါ"
သူက လှည့်ထွက်သွားပြီး အရောင်းအဝယ် ခန်းမကို ဖွင့်ရန် ရည်ရွယ်လိုက်သည်။
သို့သော် ရဲချီယန်က နောက်မှ လိုက်မသွားခဲ့ချေ။ သူက အပြုံးမျက်နှာနှင့် လူ၏ အနည်းငယ် ကုန်းနေသော ကျောပြင်ကို ကြည့်ကာ ရပ်နေရင်း စကားဆိုလိုက်၏။
"ခင်းဗျားကို လွတ်မြောက်စေမယ့် နည်းလမ်း ကျွန်တော့်ဆီမှာ ရှိတယ်လို့ ပြောရင်ရော"
"..."
အပြုံးမျက်နှာနှင့် လူ၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ အနက်ရောင် စွမ်းအင်များ ထွက်ပေါ်လာလေ၏။
"မင်း... နောက်နေတာ မဟုတ်ဘူးမလား"
ရဲချီယန်က လက်ဖျစ်တီးလိုက်ရာ အမဲလိုက် စက်ယန္တရားနဂါးက လက်နက်တပ်ဆင်မှု နေရာလွတ်ထဲမှ ပျံသန်းထွက်ပေါ်လာပေသည်။
မည်သည့်မုဒ်ကိုမျှ အသုံးမပြုထားလျှင်တောင်မှ အမဲလိုက် စက်ယန္တရားနဂါးက ပုံမှန်အခြေအနေတွင် အဆင့် ၁၀ ရှိနေဆဲပင်။
"ဒီကောင်ကို ဘယ်လိုမြင်လဲ"
အမဲလိုက် စက်ယန္တရားနဂါးကို မော့ကြည့်လိုက်သောအခါ အပြုံးမျက်နှာနှင့် လူ၏ ခန္ဓာကိုယ်မှာ အဆက်မပြတ် တုန်ယင်လာလေ၏။ အနက်ရောင် ဝတ်ရုံအောက်မှ သူ၏ အရိုးလက်သည်းကို ဖြည်းညှင်းစွာ မြှောက်လိုက်ပြီး ၎င်းကို ထိတွေ့ရန် ကြိုးစားလိုက်သည်။
"မင်း... မင်းက ဒီလောက် အဆင့်မြင့်တဲ့ လက်နက်ကို တကယ်ပဲ ပိုင်ဆိုင်ထားတာလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မင်းရဲ့ ရထားအဆင့်က အဆင့် ၆ ထက်တော့ လုံးဝ မကျော်လောက်သေးပါဘူး"
"မဖြစ်နိုင်တာ ဘာမှမရှိပါဘူး။ အဆင့် ၁၀ လက်နက်တစ်ခုက ခင်ဗျားကို လွတ်မြောက်စေဖို့ လုံလောက်တယ် မဟုတ်လား"
အပြုံးမျက်နှာနှင့် လူက ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။
သူ၏ မျက်နှာဖုံးအောက်မှ မျက်ရည်များ မြေပြင်ပေါ်သို့ ပိုမိုကျဆင်းလာလေ၏။
"လုံလောက်တယ်၊ လုံလောက်တယ်... သူ့ရဲ့ ဂုဏ်သတ္တိက ငါ့အပေါ်က ကျိန်စာတွေကို ချေမှုန်းဖို့ လုံလောက်ပါတယ်... ဟားဟား... နောက်ဆုံးတော့ ငါ လွတ်မြောက်ရတော့မှာလား။ ဒီနေ့လေး တကယ် ရောက်လာပြီလား။ ငါ့ကို ဖမ်းချုပ်ထားတဲ့ ဒီအကျဉ်းထောင်ထဲကနေ နောက်ဆုံးတော့ ထွက်သွားလို့ရပြီလား"
ယင်းက မရေတွက်နိုင်သော နှစ်ပေါင်းများစွာကြာ အကျဉ်းထောင်တစ်ခု ဖြစ်ခဲ့ပေသည်။ သူ ဤရှေ့တန်း ဘူတာတွင် ရှိနေသမျှ ကာလပတ်လုံး ဤအဆုံးအစမရှိသော ကျိန်စာ၏ လွှမ်းမိုးမှုကို ခံရမည် ဖြစ်လေ၏။
သူက လူသားတစ်ယောက် ဖြစ်သည်၊ သို့မဟုတ် အနည်းဆုံး လူသားတစ်ယောက် ဖြစ်ခဲ့ဖူးပေသည်။
လူသားတစ်ယောက်အနေဖြင့် သူက လွတ်လပ်မှုကို တောင့်တခဲ့သည်။
သူက ရင်ထဲမှ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်လိုက်ပြီး အရောင်းအဝယ် ခန်းမဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
"ငါ့နောက်ကို လိုက်ခဲ့ပါ။ ပြီးခဲ့တဲ့တစ်ခေါက်က ငါ အပြစ်ပေးခံရလို့ မင်းကို ပစ္စည်းတွေ အများကြီး မပေးနိုင်ပေမဲ့ ဒီတစ်ခေါက်တော့ ဒီပလက်ဖောင်းရဲ့ အဖိုးတန်ဆုံး ပစ္စည်းကို ကုန်သွယ်ရေး ပစ္စည်းအဖြစ် ပြောင်းလဲပေးဖို့ ငါ နည်းလမ်းရှာပါ့မယ်။ မင်းဆီမှာ ရထားဒင်္ဂါး လုံလုံလောက်လောက် ရှိရင် အဲ့ဒီပစ္စည်းကို သေချာပေါက် ဝယ်ယူပေးပါ"
အပြုံးမျက်နှာနှင့် လူက သူ၏ အရိုးလက်သည်းကို ဆန့်ထုတ်ကာ ရဲချီယန်၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး အရောင်းအဝယ် ခန်းမဆီသို့ ပြေးသွားလေတော့သည်။
သူက သေချင်စိတ်ကို ထိန်းမရတော့ကြောင်း သိသာထင်ရှားလှပေသည်။
"မလောပါနဲ့၊ ခင်ဗျားနဲ့ အတည်ပြုစရာ တစ်ခုရှိသေးတယ်"
"အရာအားလုံးကို ငါ ပြောပြပါ့မယ်"
"ခင်ဗျားကို ဒီပလက်ဖောင်းကနေ အသက်ရှင်လျက် ထွက်သွားခွင့်ပေးမယ်ဆိုရင် ခင်ဗျားအပေါ်က ကျိန်စာတွေက ဘာဖြစ်သွားမလဲ"
"ဒီပလက်ဖောင်းက ကျိန်စာကို ကိုယ်စားပြုတယ်။ ငါသာ ထွက်သွားနိုင်ရင် ကျိန်စာကလည်း ငါ့အပေါ် လွှမ်းမိုးနိုင်တော့မှာ မဟုတ်ဘူး။ ငါ့ရဲ့ မူလရုပ်သွင်ကို ပြန်မရနိုင်တော့ဘူးဆိုပေမဲ့ မင်းက ဘာဖြစ်လို့ ဒါကို မေးရတာလဲ။ ထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဘယ်သူမှ လုပ်နိုင်မှာ မဟုတ်ဘူး"
"ကျွန်တော် လုပ်နိုင်ရင်ရော"
"ကျေးဇူးပြုပြီး မနောက်ပါနဲ့။ ဒါ... ဒါက လုံးဝကို မဖြစ်နိုင်ဘူး"
ရဲချီယန်က သူ၏ လက်ကို အရိုးလက်သည်းမှ ရုန်းထွက်လိုက်၏။
"ဒါဆိုရင်တကယ်လို့ဆိုတဲ့ စကားတစ်ခွန်းပဲပေါ့။ အောင်မြင်ခဲ့ရင် ခင်ဗျားကို လွင်တီးခေါင်ပြင်ထဲက တစ်နေရာရာကို ဝင်သွားခွင့်ပေးမယ်။ ဘယ်နေရာ ဖြစ်မလဲဆိုတာ မသေချာပေမဲ့ ဒီကနေ ထွက်သွားရတာနဲ့တော့ အတူတူပဲ မဟုတ်လား"
ဘုရားစူး ကတ်ပြား၊ နေရာရွှေ့ပြောင်းအမှတ်အသား၏ တတိယမြောက် စွမ်းရည်၊ ပြည်နှင်ဒဏ်ပေးခြင်း။
နေရာရွှေ့ပြောင်းအမှတ်အသား အားလုံးကို ဖယ်ရှားပြီး လူတစ်ယောက်ကို အဆုံးအစမရှိသော လွင်တီးခေါင်ပြင်ရှိ တစ်နေရာရာသို့ ပြည်နှင်ဒဏ်ပေးခြင်း ဖြစ်သည်။
ယင်းက ရဲချီယန် ပလက်ဖောင်းသို့ မဝင်ရောက်မီ စဉ်းစားထားခဲ့သော အကောင်းဆုံး နည်းလမ်းပင်။
အပြုံးမျက်နှာနှင့် လူ၏ အသွင်အပြင်မှာ ကျိန်စာကြောင့် ထိုမျှလောက်အထိ ဖျက်ဆီးခံထားရလျှင်တောင် အသက်ရှင်နေသေးသရွေ့ မျှော်လင့်ချက် ရှိနေသေးပေသည်။
"မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး။ ကျေးဇူးပြုပြီး အဲ့ဒီလိုမျိုး မပြောပါနဲ့။ ဒါက ဘုရားသခင်ကို စော်ကားတာပဲ။ သူ့ရဲ့ ကျိန်စာကို ဘယ်လိုလုပ် ဖယ်ရှားနိုင်မှာလဲ"
ဘုရားသခင်ကို စော်ကားတာလား။
ဟုတ်သည်၊ ယင်းက အမှန်တကယ်ပင် ဘုရားသခင်ကို စော်ကားခြင်း ဖြစ်လေ၏။
ရဲချီယန်က ဗိုက်စင်သီး တစ်လုံးကို ထုတ်ယူကာ အပြုံးမျက်နှာနှင့် လူထံသို့ ပစ်ပေးလိုက်သည်။
"ဒါက ခင်ဗျားရဲ့ ရွေးချယ်မှုပဲ။ စမ်းကြည့်လိုက်၊ ခင်ဗျား အသက်ရှင်နိုင်ကောင်း ရှင်နိုင်လိမ့်မယ်။ အဆင်မပြေရင်တော့ ကျွန်တော့်ရဲ့ စက်ယန္တရားနဂါးက ခင်ဗျားကို လွတ်မြောက်အောင် လုပ်ပေးပါလိမ့်မယ်။ ခင်ဗျားဘာသာ ရွေးချယ်ပါ။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ကျွန်တော် ပစ္စည်းတွေ ဝယ်လို့ရအောင် အရောင်းအဝယ် ခန်းမကို အရင်သွားကြရအောင်။ သေချာ စဉ်းစားပါ"
သူက အရောင်းအဝယ် ခန်းမ၏ လားရာကို ရှင်းလင်းစွာ မှတ်မိနေခဲ့သည်။
ဝင်ပေါက်သို့ လျှောက်သွားရင်း ထိုနေရာတွင် ရပ်နေဆဲဖြစ်သော အပြုံးမျက်နှာနှင့် လူကို လှည့်ကြည့်ကာ လက်ပြလိုက်လေ၏။
"တံခါးဖွင့်ပေး။ ဒီပလက်ဖောင်းပေါ်က အဖိုးတန်ဆုံး ပစ္စည်းက ဘာလဲဆိုတာ ငါ့ကို ပြပါဦး"
"..."
အပြုံးမျက်နှာနှင့် လူက တိတ်ဆိတ်စွာ လျှောက်လာပြီး ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာ မှန်ပါတယ်။ ဒါက ငါ့ရဲ့ နောက်ဆုံး တာဝန်ပဲ။ ကျေးဇူးပြုပြီး ခဏစောင့်ပါ၊ ကုန်သွယ်ရေး ပစ္စည်းကို ငါ သွားပြောင်းလိုက်ဦးမယ်။ မင်းဆီမှာ ရထားဒင်္ဂါး လုံလုံလောက်လောက် ရှိရဲ့လား"
"ဒါပေါ့၊ ငါ အခု တော်တော်လေး ချမ်းသာနေတာ။ မင်းဆီမှာ အဈေးအကြီးဆုံး ပစ္စည်းကိုသာ ထုတ်ခဲ့"
ကျောက်လင် ပေးခဲ့သော ရထားဒင်္ဂါး ၅ ပြား အပါအဝင် ယခုအခါ သူ၏ လက်ထဲတွင် စုစုပေါင်း ရထားဒင်္ဂါး ၁၁၅ ပြား ရှိနေပြီ ဖြစ်၏။ မည်မျှပင် ဈေးကြီးစေကာမူ သူ ဝယ်ယူနိုင်စွမ်း ရှိပေသည်။
"အရင်ဘူတာတွေကနေ မင်း တော်တော်လေး အကျိုးအမြတ် ရခဲ့ပုံပဲ။ ဟီးဟီး... မင်းက ငါမြင်ဖူးသမျှထဲမှာ တကယ့်ကို အထူးခြားဆုံးနဲ့ ပါရမီအရှိဆုံး ရထားမောင်းနှင်သူပဲ"
အပြုံးမျက်နှာနှင့် လူက မှောင်မိုက်နေသော ဘေးပေါက်တစ်ခုထဲသို့ ဝင်သွားလေ၏။ မိနစ်အနည်းငယ်ကြာပြီးနောက် သူက ဘေးပေါက်မှ ပြန်ထွက်လာရာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အနက်ရောင် စွမ်းအင်များ ထွက်ပေါ်နေပေသည်။
သူ၏ ခန္ဓာကိုယ်မှာ ပို၍ပင် ပုံပျက်သွားကာ လုံးဝကို ပြင်းထန်သော နာကျင်မှုများကို ခံစားနေရကြောင်း သတိထားမိရန် မခက်ခဲလှချေ။
"ပြောင်း... ပြောင်းလဲတာ အောင်မြင်သွားပြီ... တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး အရောင်းအဝယ် ခန်းမရဲ့ အနက်ရှိုင်းဆုံးနေရာကို မင်းဘာသာ သွားလိုက်ပါ။ အဲ့ဒီပစ္စည်းက အထဲမှာ ရှိတယ်။ ငါ မင်းနဲ့အတူ လိုက်မလာပေးနိုင်တော့ဘူး..."
ကျိန်စာများ ပိုမိုနက်ရှိုင်းသွားချေပြီ။
ရဲချီယန်က သူ့ကို လွတ်မြောက်အောင် ကူညီပေးနိုင်မှန်း မသိခဲ့ပါက သူ ဤကဲ့သို့သော အလုပ်မျိုးကို မည်သည့်အခါမျှ လုပ်ဆောင်ခဲ့မည် မဟုတ်ချေ။
ရဲချီယန်၏ ကျောပြင်ကို ကြည့်ရင်း အပြုံးမျက်နှာနှင့် လူက သူ၏ လက်ကိုင်ရှည် တံစဉ်းကြီးကို မှီကာ ခန္ဓာကိုယ်ကို မတ်မတ်ထားနိုင်ရန် ခဲယဉ်းစွာ ကြိုးစားရင်း သူ့ဘာသာ ရေရွတ်လိုက်လေ၏။
"ငါ့ကို လွတ်မြောက်ခွင့်ပေးတဲ့အတွက် လျော်ကြေးအနေနဲ့ အဲ့ဒီပစ္စည်းကို မင်း ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"