← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း ၁၁၉ မင်းသမီး၏ စိတ်ဓာတ်ခွန်အားပေးမှု

"ငါ့အတွက် အန္တရာယ် မရှိဘူးလား။ ဒီလိုမျိုး သတိပေးချက်တောင် ရှိသေးတယ်ဆိုတော့ စိတ်ဝင်စားစရာပဲ။ ဒါဆိုရင် တခြားသူတွေအတွက်တော့ အရမ်း အန္တရာယ်များတယ်ဆိုတဲ့ သဘောပေါ့"

ရဲချီယန်က အလင်းမျက်နှာပြင်ကို ပေါ့ပေါ့ပါးပါး ပိတ်လိုက်ပြီး ရထားဒင်္ဂါး တစ်ပြားကို ထုတ်ယူကာ အဆင်သင့်ဖြစ်နေသော ဝေါလီ၏ ခေါင်းပေါ်သို့ ပစ်တင်လိုက်လေ၏။

အန္တရာယ် မည်မျှပင် ရှိစေကာမူ ဘူတာတစ်ခုစီသို့ ရောက်ရှိပြီးနောက် ပထမဆုံး လုပ်ရမည့်အရာမှာ ဝေါလီကို ရတနာရှာဖွေရန် စေလွှတ်ခြင်းပင် ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေ တာဝန် ပလက်ဖောင်းမှ ရရှိသော ဆုလာဘ်များက ဝေါလီ ယူဆောင်လာသော ရတနာသေတ္တာများနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။

"ဘေးကင်းအောင် နေနော်"

ဝေါလီက ၎င်း၏ စက်ယန္တရား လက်တံကို ဝှေ့ယမ်းပြကာ ယိမ်းထိုးလျက် ထွက်သွားလေ၏။

အဆက်မပြတ် ရွာသွန်းနေသော မဖွဲမဖွဲ မိုးရေပေါက်များကြားတွင် ၎င်းမှာ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။

"နောက်တစ်ခုက..."

သစ်သား ပလက်ဖောင်း၏ တစ်ဖက်တစ်ချက်စီတွင် လူအချို့က သူတို့၏ ရထားနှစ်စင်းကို အကဲခတ်နေကြပြီ ဖြစ်သည်။

သတ္တိပိုကောင်းသူ အချို့က အနီးသို့ ချဉ်းကပ်လာကာ ရထား၏ တံခါးများနှင့် ပြတင်းပေါက်များကို ညင်သာစွာ ခေါက်လိုက်ကြပေသည်။

"တစ်ဆိတ်လောက်ပါ ခင်ဗျားတို့က... ခင်ဗျားတို့က ကျွန်တော်တို့ကို ကူညီပေးဖို့ လာတဲ့ စွန့်စားသူတွေလား"

စွန့်စားသူတွေလား။ ဒါက ဒီဘူတာအတွက် စနစ်က သတ်မှတ်ပေးလိုက်တဲ့ အဆင့်အတန်းများလား။

ရဲချီယန်က ရထားပေါ်မှ ဆင်းရန် မလောခဲ့ချေ။ သူက လက်ဖျစ်တီးလိုက်ရာ နတ်ဆိုး ကတ်ပြား · မာနတရား ထွက်ပေါ်လာပြီး သူ၏ လက်ထဲတွင် လွင့်မျောနေလေ၏။

ဒုတိယမြောက် စွမ်းရည် အသက်ဝင်လာချေပြီ။

"နတ်ဆိုး - မင်းက မည်သူ့ကိုမဆို အထင်သေးခွင့်ရှိတဲ့ ဂုဏ်သိက္ခာကို ပိုင်ဆိုင်ထားတယ်"

ရဲချီယန် မြင်တွေ့နေရသော ကမ္ဘာကြီးမှာ ပြောင်းလဲသွားကာ သူ၏ မြင်ကွင်းက ဘုရားသခင် တစ်ပါးကဲ့သို့ နေရာလွတ်တစ်ခုလုံးကို အပေါ်စီးမှ လွှမ်းမုံကြည့်ရှုနေရသည့်အလား ဖြစ်သွားလေတော့သည်။

သူ၏ဘေးရှိ ရထားတွင် အပြင်ဘက်မှကြည့်လျှင် အလွန် ထူးခြားသော ရထားတွဲ သုံးတွဲ ပါဝင်နေပြီး ယင်းတို့မှာ အထူး စွမ်းရည်များ ပိုင်ဆိုင်ထားပုံရပေသည်။

စွမ်းရည် အသက်ဝင်နေသဖြင့် သူက ရထားကိုပင် ဖောက်ထွင်း၍ အတွင်းရှိ အမျိုးသားကို တိုက်ရိုက် မြင်တွေ့နိုင်စွမ်း ရှိနေလေ၏။

ယခုအခိုက်အတန့်၌ တစ်ဖက်လူကလည်း မှန်ပြောင်းတစ်ခုကို အသုံးပြုကာ သူ၏ ရထားကို လှမ်းကြည့်နေခဲ့သည်။

သူတို့နှစ်ဦးလုံးက တိုက်ဆိုင်စွာပင် တစ်ယောက်ကိုတစ်ယောက် အကဲခတ်ရန် ရွေးချယ်ခဲ့ကြခြင်း ဖြစ်ပေသည်။

ယင်းက ပုံမှန်ကိစ္စတစ်ခုပင်။

ဤကမ္ဘာကြီးတွင် အခြားသူများကို လွယ်လွယ်ကူကူ ယုံကြည်ခြင်းက သေလမ်းကို ရှာဖွေခြင်းနှင့် အတူတူပင် ဖြစ်လေ၏။

သတိထားနေခြင်းက ပို၍ ကောင်းမွန်လှပေသည်။

အပြင်ဘက်ရှိ ဒေသခံများက ရထားနှစ်စင်းလုံးမှ မည်သူမျှ ဆင်းမလာသည်ကို မြင်သောအခါ တစ်စုံတစ်ရာ မှားယွင်းသွားပြီဟု ထင်မှတ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြလေသည်။

ရဲချီယန်က ရထားတံခါးကို ဖွင့်ကာ ထီးတစ်လက် ကိုင်ဆောင်လျက် အပြင်သို့ ထွက်လာခဲ့၏။

မည်သူကမျှ ရထားပေါ်မှ မဆင်းပါက ဤဘူတာကို သံသယများဖြင့်သာ ဖြတ်သန်းရတော့မည်လား။

ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းဟု ခေါ်ဆိုထားသည့်အတွက် အနည်းဆုံး ဤဘူတာ မပြီးဆုံးမီ သူတို့နှစ်ဦး တွေ့ဆုံသင့်ပေသည်။

မျက်နှာချင်းဆိုင်ရှိ အမျိုးသားက ရဲချီယန် ထွက်လာသည်ကို မြင်သောအခါ သက်ပြင်းတစ်ချက် ချလိုက်ပြီး မှန်ပြောင်းကို သိမ်းဆည်းကာ မိုးကာအင်္ကျီ ဝတ်ဆင်လျက် ပြေးထွက်လာလေတော့သည်။

သူတို့ ထွက်ပေါ်လာမှုက ပလက်ဖောင်း၏ တစ်ဖက်တစ်ချက်စီရှိ ဒေသခံများစွာ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားလေ၏။ အလယ်ခေတ် သံချပ်ကာကို ဆင်မြန်းထားသော သူရဲကောင်းတစ်ဦးက သူတို့နှစ်ဦးကြားသို့ ပြေးလာကာ အနီးရှိ အကြီးဆုံး တဲကြီးဆီသို့ ညွှန်ပြလျက် စကားဆိုလိုက်ပေသည်။

"လေးစားရတဲ့ စွန့်စားသူ နှစ်ဦး၊ ကျေးဇူးပြုပြီး ဒီဘက်ကို ကြွခဲ့ကြပါ။ မင်းသမီး ဝမ်နီ က ခင်ဗျားတို့ကို စောင့်ဆိုင်းနေပါတယ်"

သူရဲကောင်း၏ နောက်သို့ လိုက်ကာ သူတို့နှစ်ဦးက တဲအတွင်းသို့ အတူတကွ ဝင်ရောက်သွားကြလေ၏။

အဓိက နေရာတွင် ထိုင်နေသူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပြီး သူမက ထိုသူရဲကောင်း ပြောဆိုခဲ့သော မင်းသမီး ဖြစ်ရပေမည်။

"မင်္ဂလာပါ စွန့်စားသူ နှစ်ဦး။ ကျွန်မက အယ်လ်ဖာ နှင်းဆီ အင်ပါယာရဲ့ တတိယမြောက် မင်းသမီး ဂရန့် ဝမ်နီ ပါ။ လွန်ခဲ့တဲ့ တစ်လလောက်က အင်ပါယာရဲ့ စမာဖာ ခံတပ် က အဲ့ဒီ ကျိန်စာသင့် ဂေါ်ဘလင် တွေရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရတယ်။ အဲ့ဒါက အင်ပါယာအတွက် အရေးပါတဲ့ နယ်စပ် ခံတပ်တစ်ခု ဖြစ်တဲ့အတွက် အဲ့ဒီ ရွံစရာကောင်းတဲ့ အစိမ်းရောင် အရေပြားနဲ့ မကောင်းဆိုးဝါးတွေဆီကနေ စမာဖာ ခံတပ်ကို ပြန်လည်သိမ်းပိုက်ဖို့ ကျွန်မက စစ်တပ်တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်"

"အခုတော့ ကျွန်မတို့ ပြဿနာတချို့နဲ့ ကြုံတွေ့နေရပြီ။ ခံတပ်ရဲ့ အလယ်ပိုင်းကို ကျွန်မတို့ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ပေမဲ့ အဲ့ဒီမှာ ဂေါ်ဘလင် တပ်မှူးကြီး နဲ့ ဂေါ်ဘလင် သူရဲကောင်း တစ်ကောင်က ကျွန်မတို့ရဲ့ လမ်းကြောင်းကို ပိတ်ဆို့ထားတယ်။ သူတို့က သာမန် စစ်သည်တွေ တောင့်ခံနိုင်ဖို့ အရမ်း အစွမ်းထက်လွန်းတယ်။ ကျွန်မရဲ့ ကိုယ်ရံတော်တွေတောင် အကြီးအကျယ် သေကြေဒဏ်ရာရခဲ့တယ်။ ဒါကြောင့် ကျွန်မ ဒါကို အသုံးပြုခဲ့ပါတယ်"

သူမက အနီးရှိ အစေခံမလေး ကိုင်ဆောင်ထားသော ဗန်းထဲမှ အဝတ်အိတ် တစ်အိတ်ကို ယူလိုက်လေ၏။

အိတ်ကို ဖွင့်လိုက်ရာ အတွင်း၌ ရထားဒင်္ဂါး အပြည့်အဝ လေးဆယ် ပါဝင်နေပေသည်။

"စွန့်စားသူတွေရဲ့ ဒင်္ဂါးပြားတွေပါ။ စွန့်စားသူတွေရဲ့ ဒင်္ဂါးပြား အလုံအလောက် စုဆောင်းမိသရွေ့ ပြဿနာအားလုံးကို ဖြေရှင်းဖို့ ရထား လိုခေါ်တဲ့ အရာကို စီးနင်းတဲ့ စွန့်စားသူတွေကို အချိန်မရွေး ဆင့်ခေါ်နိုင်ပါတယ်။ ဒါကြောင့် လူကြီးမင်းတို့ နှစ်ဦးအနေနဲ့ ကျွန်မတို့ကို ကူညီပေးဖို့ ဆန္ဒရှိပါသလား။ အင်ပါယာပိုင်တဲ့ ခံတပ်ကို ပြန်လည်သိမ်းပိုက်ဖို့အတွက်ပါ"

မင်းသမီး၏ အသံမှာ တဖြည်းဖြည်း ကျယ်လောင်လာလေ၏။

သူမ၏ ဘေးရှိ သူရဲကောင်းများမှာလည်း သူမ၏ စကားများကြောင့် စိတ်ဓာတ်များ တက်ကြွလာကာ အလွန်အမင်း ထက်သန်လာကြလေတော့သည်။

ရဲချီယန်က သူ၏ ကိုယ်ရေးအချက်အလက်များကို တစ်ချက် လှမ်းကြည့်လိုက်သည်။

"စိတ်စွမ်းအား - ၁၅၀ (အမှန်တရားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့နိုင်စွမ်း)"

"မင်းသမီး၏ စိတ်ဓာတ်ခွန်အားပေးမှု - မင်းသမီး ဝမ်နီ၏ စိတ်ဓာတ်ခွန်အားပေးမှုအောက်တွင် လူများက အင်ပါယာအတွက် အသေခံရန် ပိုမို ရွေးချယ်ချင်စိတ် ဖြစ်ပေါ်လာမည် ဖြစ်သည်"

"စိတ်စွမ်းအား ကွာဟချက် များပြားလွန်းသဖြင့် ဤအကျိုးသက်ရောက်မှုက သင့်အပေါ် အသုံးမဝင်ပါ"

စိတ်စွမ်းအားကို လွှမ်းမိုးနိုင်တဲ့ စွမ်းရည်၊ စိတ်ဓာတ်ခွန်အားပေးမှုလား။ ဉီးနှောက်ဆေးတာနဲ့ ပိုတူနေတယ် မဟုတ်လား။

ရဲချီယန်က ရင်ထဲတွင် လှောင်ပြောင်လိုက်လေ၏။ သူက ဂရုမစိုက်သော်ငြားလည်း သူ၏ဘေးတွင် ရပ်နေသော ရထားမောင်းနှင်သူ ၌မူ စနစ်နှင့် ချိတ်ဆက်ထားသော မော်ဂျူး မရှိသည်မှာ ထင်ရှားလှပြီး သူ၏ စိတ်စွမ်းအားမှာ မင်းသမီး၏ လွှမ်းမိုးမှုကို ခံနေရကြောင်း သိရှိပုံမရချေ။

သူ၏ ပြတ်သားပြီး ဒေါသထွက်နေသော အမူအရာကို ကြည့်ခြင်းအားဖြင့် သူက ဤစိတ်ဓာတ်ခွန်အားပေးမှု၏ လွှမ်းမိုးမှုကို ခံလိုက်ရခြင်း ဖြစ်တန်ရာပေသည်။

ဒါဆိုရင် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းရဲ့ အဓိပ္ပာယ်က ရထားမောင်းနှင်သူ နှစ်ယောက်က တူညီတဲ့ တာဝန်တစ်ခုကို ပြီးမြောက်ဖို့လား။

မဟုတ်ဘူး၊ ပိုမှန်တာက မတူညီတဲ့ တာဝန် နှစ်ခုကိုပေါ့။

ဂေါ်ဘလင် တပ်မှူးကြီး နဲ့ ဂေါ်ဘလင် သူရဲကောင်း။

ဒီမကောင်းဆိုးဝါး နှစ်ကောင်လုံးက အဆင့် ၇ ဝန်းကျင်လောက်မှာ ရှိနေရမယ်။ ဒီမင်းသမီးရဲ့ အဆိုအရ အဲ့ဒီ အဆင့်မြင့် ဂေါ်ဘလင် နှစ်ကောင်လုံးက အတူတူ ရှိနေတာပဲ။

သာမန် အဆင့် ၆ ဒါမှမဟုတ် ၇ ရထားမောင်းနှင်သူ တစ်ယောက်အနေနဲ့ သူတို့ကို တစ်ပြိုင်နက်တည်း အနိုင်ယူဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ဒါကြောင့်မလို့ လူနှစ်ယောက်ကို ရှာလိုက်တာလား။

"ကျွန်တော်..."

"မင်းသမီး ဝမ်နီ၊ ဒါက ကျွန်တော်တို့ စွန့်စားသူတွေ လုပ်ရမယ့် အလုပ်ပါ။ ဒင်္ဂါး ၄၀ ကို ကျွန်တော်တို့ လက်ခံပါတယ်။ ဂေါ်ဘလင် တပ်မှူးကြီး နဲ့ ဂေါ်ဘလင် သူရဲကောင်း ဆိုတဲ့ ဒီပြဿနာ နှစ်ခုကို ဖြေရှင်းဖို့ ကျွန်တော်တို့ ကူညီပေးပါ့မယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ကျွန်တော်တို့ကို အစောင့်အကြပ်ပေးမယ့် တပ်ဖွဲ့တစ်ခု လိုအပ်တယ်"

ထိုအမျိုးသားက စကားပြောတော့မည့်ဆဲဆဲတွင် ရဲချီယန်က သူ့ကို ကြိုတင်၍ ဖြတ်ပြောလိုက်လေ၏။

မိမိ၏ စိတ်စွမ်းအား လွှမ်းမိုးခံထားရမှန်းတောင် မသိသော ဤလူက မည်ကဲ့သို့သော မိုက်မဲသည့် စကားလုံးမျိုးကို ပြောဆိုမည်ကို မည်သူကမျှ မသိနိုင်ချေ။

သူ၏ ဝင်ငွေများ ဤလူကြောင့် ထိခိုက်နစ်နာသွားမည်ကို ရဲချီယန်က အလိုမရှိခဲ့ပေ။

ဝမ်နီက ခေါင်းညိတ်လိုက်ပြီး ရဲချီယန်မှာ သူမ၏ လွှမ်းမိုးမှုကို မခံရသည်ကို အနည်းငယ် အံ့အားသင့်သွားလေ၏။

သူမကို ကူညီရန် စွန့်စားသူများကို ဆင့်ခေါ်ခဲ့ခြင်းက ပထမဆုံးအကြိမ် မဟုတ်သော်ငြားလည်း ဤကဲ့သို့ ဒင်္ဂါး ၄၀ အပြည့် သုံးစွဲကာ အင်ပါယာ၏ ဘဏ္ဍာတိုက်ကို ရှင်းလင်းလိုက်ရခြင်းကမူ ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။

သို့သော် ဤစွန့်စားသူ နှစ်ဦးကြားတွင် သိသာထင်ရှားသော ကွာခြားချက်တစ်ခု ရှိနေပုံရပေသည်။

"ကောင်းပါပြီ။ ခံတပ်ရဲ့ ရှေ့တန်းကို လိုက်ပို့ပေးဖို့ သူရဲကောင်း အစောင့်အကြပ် တပ်ဖွဲ့ကို ကျွန်မ စေလွှတ်ပေးပါ့မယ်။ အခုပဲ ထွက်ခွာကြရင်ကော ဘယ်လိုလဲ။ အင်ပါယာရဲ့ စစ်သည်တွေက ခုခံဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး ရှင်တို့ရဲ့ အကူအညီကို စောင့်ဆိုင်းနေကြတယ်"

"သေချာတာပေါ့"

ရဲချီယန်က ရှေ့သို့ လှမ်းထွက်လိုက်ပြီး သူရဲကောင်းများ၏ သတိထားနေသော အကြည့်များအောက်တွင် ရထားဒင်္ဂါးများ အပြည့်ပါဝင်သော ငွေအိတ်ကို ယူလိုက်လေ၏။ ထို့နောက် သူက လှည့်ကာ တဲထဲမှ ထွက်သွားလေတော့သည်။

အခြား ရထားမောင်းနှင်သူ မှာ ခဏမျှ အံ့သြမှင်သက်သွားပြီးနောက် သူ၏နောက်သို့ ကပျာကယာ လိုက်သွားလေ၏။

"နေပါဦး၊ ခဏလေး"

အဆက်မပြတ် ရွာသွန်းနေသော မဖွဲမဖွဲ မိုးရေပေါက်များကြားတွင် ရဲချီယန်က ရပ်တန့်လိုက်ပြီး တစ်ဖက်လူကို ကြည့်လိုက်ပေသည်။

"ကျွန်တော်တို့... ကျွန်တော်တို့ အချင်းချင်း နားလည်ထားဖို့ လိုတယ်။ မင်းသမီး ဝမ်နီ ပြောသွားတဲ့ ဂေါ်ဘလင် နှစ်ကောင်က သူတို့ရဲ့ အဆင့်က ၇ ထက်တော့ သေချာပေါက် နိမ့်မှာ မဟုတ်ဘူး။ ခင်ဗျားရဲ့ ရထားအဆင့်က ဘယ်လောက်လဲ။ ခင်ဗျားဆီမှာ ဘယ်လို လက်နက်တွေ၊ ပစ္စည်းတွေ ရှိလဲ။ ကျွန်တော်တို့ အတူတူ လှုပ်ရှားမှရမယ်၊ မဟုတ်ရင် သေချာပေါက် သူတို့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားလည်း မြင်တယ် မဟုတ်လား။ ဒီဘူတာအတွက် ပလက်ဖောင်း သတိပေးချက်မှာ အန္တရာယ်က အလွန် အန္တရာယ်များတယ် လို့ ပြောထားတာကို"

"အို... စကားမစပ် ကျွန်တော့်နာမည်က ချင်ချန် ပါ၊ ပြီးတော့ ကျွန်တော့်ရဲ့ ရထားအဆင့်က ၇ ပါ"

အလွန် အန္တရာယ်များတယ်ပေါ့လေ။

ရဲချီယန်က သူ၏ ကိုယ်ပိုင် သတိပေးချက်ကို တိတ်ဆိတ်စွာ လှမ်းကြည့်လိုက်လေ၏။

အဆင့် ၇ ရထားမောင်းနှင်သူ တစ်ယောက်က ဤပလက်ဖောင်းတွင် အလွန် အန္တရာယ်များနေသော်ငြားလည်း သူကမူ လုံးဝကို ကွဲပြားခြားနားနေခဲ့သည်။

သူက ခရီးဆောင်ကျောပိုးအိတ်ထဲမှ တံဆိပ်တစ်ခုကို ထုတ်ယူကာ ချင်ချန် ၏ ရှေ့တွင် မြှောက်ပြလိုက်လေတော့သည်။

"ကျွန်တော့်နာမည်က ရဲချီယန် ပါ၊ ဆော်လမွန် မြို့တော် စစ်ကြောရေးခုံရုံး က စစ်ကြောရေးမှူး တစ်ယောက်ပါ"

အခန်း ၁၂၀ ချင်ချန်၏ မျက်လုံးထဲမှ ဇာတ်ကောင်အတုများ

"ဆော်လမွန် မြို့တော်ရဲ့ စစ်ကြောရေးခုံရုံးလား။ ဪ... ဒီလိုကိုး၊ အဲ့ဒီက လူကြီးမင်း တစ်ပါး ဖြစ်နေတာပဲ... တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ်"

ချင်ချန်၏ ထည်ဝါသော အရှိန်အဝါမှာ ချက်ချင်းပင် အနည်းငယ် အားပျော့သွားလေ၏။

သူက စစ်ကြောရေးခုံရုံး တည်ရှိနေခြင်းကို ရှင်းလင်းစွာ သိရှိထားပြီး အနည်းငယ်ပင် ကြောက်ရွံ့နေပုံရပေသည်။

သူက ရဲချီယန်ထံမှ အချက်အလက်များ မေးမြန်းနေခြင်းကို ရပ်တန့်လိုက်ကာ အနေခက်စွာဖြင့် ခပ်ဟဟ ရယ်မောလိုက်ပြီးနောက် အဖွဲ့၏ နောက်ဘက်သို့ ပြေးသွားလေတော့သည်။

မင်းသမီး ဝမ်နီ စေလွှတ်လိုက်သော သူရဲကောင်း အစောင့်အကြပ် တပ်ဖွဲ့က သူတို့နှစ်ဦးကို ခံတပ်အတွင်းသို့ ခေါ်ဆောင်သွားချိန်တွင်ပင် ချင်ချန်က ရဲချီယန်နှင့် အကွာအဝေး တစ်ခုအထိ အမြဲတမ်း ခွာထားခဲ့လေ၏။

ရဲချီယန်က အနှောင့်အယှက် မပေးခံရသဖြင့် ဝမ်းသာနေခဲ့သည်။ သူက မိမိ၏ ကိုယ်ပိုင် အဆင့်အတန်းကို အသုံးပြု၍ မည်သူ့ကိုမျှ ဖိအားပေးရန် မရည်ရွယ်ခဲ့သော်ငြားလည်း ချင်ချန် ဟုခေါ်သော ဤလူက မေးခွန်းများလွန်းပြီး အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းနေခဲ့ပေသည်။

သူရဲကောင်းများ၏ အစောင့်အကြပ်အောက်တွင် သူတို့နှစ်ဦးက တစ်ယောက်နောက် တစ်ယောက် လိုက်ပါလာရင်း ကတ်စမာဖာ ဟု အမည်ရသော ခံတပ်ကို မြင်တွေ့လိုက်ရလေ၏။

လူသားများနှင့် ဂေါ်ဘလင် အလောင်းများမှာ နေရာအနှံ့ ပြန့်ကျဲနေပေသည်။

ပြိုကျနေသော မြို့ရိုးပေါ်တွင် ဧရာမ လက်သီးရာကြီးတစ်ခုက ခိုင်မာစွာ စွဲထင်နေလေ၏။

"ဒါက ဘာလဲ"

ရဲချီယန်က ထိုနေရာတွင် ရပ်တန့်လိုက်ပြီး ဧရာမ လက်သီးရာကြီးကို ကြည့်ကာ သူ၏ဘေးရှိ သူရဲကောင်းကို မေးမြန်းလိုက်သည်။

"သခင်ကြီး၊ ဒါက အဲ့ဒီ ဂေါ်ဘလင် သူရဲကောင်း ကြောင့် ဖြစ်ရတာပါ။ သူကပဲ မြို့ရိုးကို ဖျက်ဆီးခဲ့တာပါ"

ဂေါ်ဘလင် သူရဲကောင်း၊ အဆင့် ၇ မကောင်းဆိုးဝါး နှစ်ကောင်ထဲမှ တစ်ကောင်ပင်။

ဤဖျက်ဆီးနိုင်စွမ်းမှာ လျှပ်စီးပစ်လွှတ်သော ကျောက်ဆူး၏ တိုက်ခိုက်မှုတစ်ခုနှင့်ပင် နီးပါး ယှဉ်နိုင်လောက်ပေသည်။

အဖွဲ့၏ နောက်ဆုံးတွင် ရှိနေသော ချင်ချန် ကလည်း သူရဲကောင်း၏ စကားများကို ကြားလိုက်ရရာ သူ၏ မျက်နှာမှာ အနည်းငယ် မှုန်ကုပ်သွားပြီးနောက် ခဏမျှ တွေးတောကာ ရဲချီယန်၏ ကျောပြင်ကို ကြည့်လျက် ကပျာကယာ ပြေးလိုက်လာလေ၏။

"သ... သခင်ကြီး၊ စစ်ကြောရေးမှူး သခင်ကြီး"

ရဲချီယန်က အသံကြားရာသို့ သံသယဖြင့် လှမ်းကြည့်လိုက်သည်။

"ခင်ဗျား ကျွန်တော့်ကို ခေါ်နေတာလား"

"ဟုတ်ပါတယ် စစ်ကြောရေးမှူး သခင်ကြီး။ ကျွန်တော် ခင်ဗျားနဲ့ သီးသန့် စကားလေး နည်းနည်းလောက် ပြောလို့ရမလား"

ရဲချီယန်က ငြင်းဆန်ခြင်း မရှိခဲ့ချေ။ အမှန်တကယ်တွင် ဤလူ ဘာပြောချင်သလဲဆိုသည်ကို သူက သိချင်နေခဲ့ခြင်း ဖြစ်ပေသည်။

သူက သူရဲကောင်းများကို ထိုနေရာတွင်သာ စောင့်ဆိုင်းရန် ပြောလိုက်ပြီး သူတို့နှစ်ဦးက တိတ်ဆိတ်သော နေရာတစ်ခုဆီသို့ လျှောက်သွားလိုက်ကြလေ၏။

ချင်ချန်၏ မျက်နှာပေါ်ရှိ မူလက တည်ကြည်နေသော အမူအရာများ ပျောက်ကွယ်သွားကာ အလွန်အမင်း ဖော်လံဖားသော အမူအရာဖြင့် အစားထိုး ဝင်ရောက်လာပေသည်။

"သခင်ကြီး၊ ဒီမှတ်တိုင်က နည်းနည်းတော့ အရမ်း အန္တရာယ်များနေတယ်။ ခင်ဗျားက ဆော်လမွန် မြို့တော် စစ်ကြောရေးခုံရုံးက အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဒီလို အန္တရာယ်မျိုးကို ကြောက်မှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဟီးဟီး... စကားပုံတစ်ခု ရှိတယ်လေ၊ ပညာရှိဆိုတာ ပြိုကျတော့မယ့် နံရံအောက်မှာ မရပ်ဘူးတဲ့။ မြို့ရိုးပေါ်က တိုက်ခိုက်မှုကို ခင်ဗျားလည်း မြင်တွေ့ခဲ့တာပဲ။ အဲ့ဒီ ဂေါ်ဘလင် က တကယ်သာ အဲ့ဒီလောက် အစွမ်းထက်နေရင် ကျွန်တော် စိုးရိမ်တာက..."

"ခင်ဗျား တိတိကျကျ ဘာပြောချင်တာလဲ။ တိုက်ရိုက်သာ ပြောစမ်းပါ"

ရဲချီယန်က ချင်ချန်ကို ဖြတ်ပြောလိုက်လေ၏။

"ဒီမှတ်တိုင်ကို ကျွန်တော် လက်လွှတ်ချင်တယ်"

သူက လျင်မြန်စွာ ဆက်ပြောလိုက်သည်။

"ဒါပေါ့၊ အခုတော့ မဟုတ်ဘူးလေ။ ကျွန်တော့်ကို ယုံပါ။ ကျွန်တော် ဒီလို ဆင်တူတဲ့ ဘူတာမျိုး တော်တော်များများကို ရောက်ဖူးတယ်။ ဒီအသုံးမကျတဲ့ ဒေသခံတွေက ဘူတာထဲက မကောင်းဆိုးဝါးတွေကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး။ ကျွန်တော်တို့သာ မရှိရင် အစောကြီးမဟုတ်တောင် နောက်ပိုင်းကျရင် သူတို့က အဲ့ဒီ ဂေါ်ဘလင် နှစ်ကောင်ရဲ့ သတ်ဖြတ်တာကို ခံရမှာပဲ။ ဒီမှာ ရထားပေါ်ကို ပြန်သယ်သွားဖို့ တန်ဖိုးရှိတဲ့ ပစ္စည်းကောင်းတွေ အများကြီး ရှိတယ်လေ"

"ခံတပ်ထဲကို ဝင်သွားတာနဲ့ တစ်ပြိုင်နက် ဒီဇာတ်ကောင်အတုတွေ ဂေါ်ဘလင် တွေ လက်ချက်နဲ့ သေသွားအောင် ကျွန်တော် နည်းလမ်းရှာလိုက်မယ်။ ကျွန်တော်တို့က မြို့ထဲက တန်ဖိုးရှိတဲ့ သယံဇာတတွေကို စုဆောင်းရုံပဲ။ ဒီဇာတ်ကောင်အတု ဒေသခံတွေအတွက်နဲ့ ကျွန်တော်တို့ကိုယ်တိုင် အန္တရာယ်ခံစရာ မလိုပါဘူး။ ဆိုက်ကပ်ချိန် ပြီးဆုံးသွားရင် ရထားပေါ်ပြန်တက်ပြီး ထွက်သွားကြတာပေါ့။ သခင်ကြီး ဘယ်လိုထင်လဲ"

ချင်ချန်၏ အစီအစဉ်က တစ်နည်းအားဖြင့် ကြည့်မည်ဆိုပါက မဆိုးလှချေ။ ရထားဒင်္ဂါးများက လက်ထဲရောက်နေပြီဖြစ်ကာ မည်သူကမျှ ထိုဂေါ်ဘလင် နှစ်ကောင်ကို သတ်ဖြတ်ရန် တာဝန်ကို ပြီးမြောက်အောင် အတင်းအကျပ် ခိုင်းစေနိုင်မည် မဟုတ်ပေ။

အချိန်ကုန်ဆုံးရန် စောင့်ဆိုင်းပြီး ရထားပေါ်သို့ ပြန်လည် တက်ရောက်သွားပါက အရာအားလုံးမှာ မည်သည့်အရာမျှ မဖြစ်ခဲ့သည့်အလား ဖြစ်သွားပေမည်။

မြို့ထဲမှ ကောက်ရမည့် အကျိုးအမြတ်များကို ဖယ်ထားလိုက်လျှင်ပင် ယင်းက သေချာပေါက် အမြတ်ထွက်နေမည့် ကိစ္စရပ်ပင်။

ရဲချီယန်က မျက်ခုံးအနည်းငယ် ပင့်လိုက်မိပြီး ဤလူတွင် ဤကဲ့သို့သော အကြံဉာဏ်မျိုး ရှိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။

ဒီလိုလူမျိုးကတောင် အဆင့် ၇ အထိ တက်လာနိုင်တာလား။

မဟုတ်သေးဘူး၊ ဒီလိုလူမျိုးတွေကသာ အဆင့် ၇ အထိ တက်လာဖို့ ပိုပြီး ဖြစ်နိုင်ချေ များတာ ဖြစ်လိမ့်မယ်။

"ခင်ဗျား ဒီကမ္ဘာကြီးထဲ ရောက်နေတာ ဘယ်နှစ်နှစ် ရှိပြီလဲ"

ရုတ်တရက် ထွက်ပေါ်လာသော မေးခွန်းကြောင့် ချင်ချန် မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကာ တုံ့ဆိုင်းစွာ ပြန်ဖြေလိုက်လေ၏။

"ခြောက်နှစ်ပါ၊ ကျွန်တော် ဒီကမ္ဘာကြီးကို ရောက်လာတာ ခြောက်နှစ် ရှိပါပြီ။ ဘာဖြစ်လို့ မေးရတာလဲ"

ခြောက်နှစ်၊ အဆင့် ၇ သို့ တက်လှမ်းခြင်း။

ယင်းက ဤကမ္ဘာကြီးရှိ သာမန် ရထားမောင်းနှင်သူ တစ်ယောက်အတွက် ပုံမှန် ကြီးထွားမှု နှုန်းထား ဖြစ်တန်ရာပေသည်။

"ဘာမှမဖြစ်ပါဘူး"

ရဲချီယန်က နောက်ထပ် မည်သည့်စကားမျှ မဆိုတော့ဘဲ လှည့်ကာ သူရဲကောင်း အစောင့်အကြပ် တပ်ဖွဲ့ဆီသို့ လျှောက်သွားလိုက်လေ၏။ လမ်းတစ်ဝက်တွင် သူက ရုတ်တရက် စကားဆိုလိုက်သည်။

"ငါက ဂေါ်ဘလင် တွေကို သွားသတ်မှာ။ ခင်ဗျားက ဒီကိစ္စမှာ မပါဝင်ချင်ဘူးဆိုတော့ ရထားဒင်္ဂါး ၄၀ ကို ခင်ဗျားအတွက် ခွဲပေးစရာ မလိုတော့ဘူးပေါ့ ဟုတ်လား"

"အာ... သေချာတာပေါ့"

ချင်ချန်က နာကျင်နေသော အမူအရာဖြင့် သဘောတူလိုက်လေ၏။

"ဟင်း... ဒီလိုဆိုမှတော့ ခင်ဗျားက ဒီမြို့ထဲမှာ တန်ဖိုးရှိတဲ့ သယံဇာတတွေကိုပဲ စုဆောင်းလိုက်ပါ။ အဲ့ဒီ ဂေါ်ဘလင် နှစ်ကောင်ကိုတော့ ငါတစ်ယောက်တည်း ရှင်းလင်းလိုက်မယ်"

ထိုသို့ပြောဆိုရင်း သူ၏ နှုတ်ခမ်းထောင့်များတွင် ဖျော့တော့သော အပြုံးတစ်ခု ထွက်ပေါ်လာပေသည်။

"ခင်ဗျားက ဒီခံတပ်ထဲမှာပဲနေပြီး သယံဇာတတွေကို စုဆောင်းပါ။ ဒါပေမဲ့ ဒီကာလအတွင်း ခင်ဗျား စုဆောင်းထားတဲ့ သယံဇာတ သုံးပုံနှစ်ပုံကို ငါ လိုချင်တယ်။ ခင်ဗျားသာ သဘောမတူဘူးဆိုရင်..."

အီဘိုနီ သေနတ်က သူ၏ လက်ထဲတွင် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိနိုင်အောင် ထွက်ပေါ်လာခဲ့ချေပြီ။

မှောင်မိုက်သော သေနတ်ပြောင်းဝက ချင်ချန်၏ ခေါင်းကို ချိန်ရွယ်ထားလေ၏။

"ခင်ဗျား သေချာပေါက် စမ်းကြည့်လို့ ရပါတယ်"

ချင်ချန်မှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် ခြေထောက်များပင် အားပျော့သွားလေတော့သည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ၊ သုံးပုံနှစ်ပုံပါ။ လုံးဝ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုစရာ သေးသေးလေး တစ်ခု ရှိလို့ ခွင့်ပြုပေးပါ"

"ဘာလဲ"

"ဝမ်နီ လို့ခေါ်တဲ့ အဲ့ဒီ အမျိုးသမီး ဇာတ်ကောင်အတုကို ကျွန်တော့်ရဲ့ ကျွန်အဖြစ် လိုချင်တယ်။ ဘယ်လိုထင်လဲ၊ ရနိုင်မလား"

ကျွန်လား။

တကယ့်ကို ထူးဆန်းတဲ့ စကားလုံးပဲ။

ရဲချီယန်က မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိလေ၏။

"အဲ့ဒါက ဘာကို ဆိုလိုတာလဲ"

"အာ... တိုက်ရိုက် အဓိပ္ပာယ်ပါပဲ။ အဲ့ဒီ မင်းသမီး ဇာတ်ကောင်အတုက ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့သာ မရှိရင် ဒီမှာ သေရမှာပဲလေ။ ဒါကြောင့် ကျွန်တော်နဲ့အတူ ဘာလို့ မလိုက်လာရမှာလဲ။ ဟီး... တကယ်လို့ သခင်ကြီးကလည်း သူ့ကို လိုချင်တယ်ဆိုရင်..."

ရဲချီယန်က သူ့ကို ဆက်မပြောရန် တားဆီးလိုက်လေ၏။

ဇာတ်ကောင်အတု၊ ကျွန်...

ချင်ချန်၏ စကားများမှတစ်ဆင့် ဘူတာရုံ ကမ္ဘာအတွင်းရှိ ဒေသခံများနှင့် ပတ်သက်၍ သူ မည်သို့ တွေးတောနေကြောင်း သိမြင်ရန် မခက်ခဲလှချေ။

ထို့ပြင် မင်းသမီး ဝမ်နီ အပေါ် သူ၏ စိတ်ဝင်စားမှုမှာ သူမ၏ ထူးခြားသော စိတ်စွမ်းအားကို လွှမ်းမိုးသည့် စိတ်ဓာတ်ခွန်အားပေးမှု ကြောင့် ဖြစ်ရန် အလွန်များပြားပေသည်။

သူက ဘာမျှ မပြောတော့ဘဲ သူရဲကောင်းများကြားသို့ ပြန်သွားကာ သူတို့၏ ရည်မှန်းချက်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားလေတော့သည်။

ချင်ချန်က နောက်မှ လိုက်ပါလာပြီး သူ ပြောခဲ့သည့်အတိုင်း ချက်ချင်း ထွက်မသွားခဲ့ချေ။

ထိုအစား သူက တစ်နေရာရာမှ အစိမ်းရောင် မြွေရေခွံအိတ်တစ်လုံးကို ထုတ်ယူကာ ခံတပ်တစ်လျှောက် နေရာအနှံ့မှ ပစ္စည်းများကို စတင် စုဆောင်းနေလေ၏။

တန်ဖိုးရှိ သတ္တုများ၊ အတော်အသင့် ကောင်းမွန်နေသေးသော လက်နက်များ၊ အစားအစာများ...

မြွေရေခွံအိတ်ထဲသို့ ပစ္စည်းအမျိုးမျိုးကို အဆက်မပြတ် ထိုးထည့်နေသဖြင့် လုံးဝန်းကာ ဖောင်းကားလာသော်လည်း အိတ်မှာ ပြဲထွက်သွားခြင်း မရှိခဲ့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် ၎င်းထက် ကြီးမားသော ပစ္စည်းများကို ထည့်သွင်းလိုက်သည့်အခါတွင်ပင် အိတ်မှာ အရွယ်အစား အနည်းငယ်မျှသာ ကြီးထွားလာလေ၏။

ဤအိတ်က သိုလှောင်ရေး ပစ္စည်းတစ်ခုဖြစ်ကြောင်း ထင်ရှားလှပေသည်။

"သခင်ကြီး၊ ခင်ဗျားရဲ့ သူငယ်ချင်းက..."

သူရဲကောင်းများထဲမှ တစ်ဦးက သည်းမခံနိုင်တော့ချေ။

ချင်ချန်၏ လုပ်ရပ်များက အလွန်အမင်း ရိုင်းစိုင်းလွန်းလှပေသည်။

ဤလူက ကလေးငယ်များ၏ လက်ထဲမှ အစားအစာများကိုပင် လုယူနေခဲ့လေ၏။ သူ လိုချင်သောအရာ မည်သည့်အရာမဆို မည်သူ့ထံတွင် ရှိနေစေကာမူ၊ မည်သည့်နေရာတွင် ရှိနေစေကာမူ အတင်းအဓမ္မ ချွတ်ယူကာ ယူဆောင်သွားလေတော့သည်။

သူက ဘူတာရုံ ကမ္ဘာထဲမှ လူများကို တကယ့် ဇာတ်ကောင်အတုများ အဖြစ် အမှန်တကယ်ပင် သဘောထားနေခဲ့ခြင်း ဖြစ်ပေသည်။

"ငါတို့ ရောက်တော့မယ် မဟုတ်လား"

သူရဲကောင်းက ခေါင်းညိတ်လိုက်သည်။

သူက ဓားကို မြှောက်ကာ ရှေ့သို့ ညွှန်ပြလိုက်လေ၏။

သွေးသားများ လွင့်စင်နေသော စစ်မြေပြင်တစ်ခုက ထိုနေရာတွင် ရှိနေပေသည်။

ထို့အပြင် သွေးသားများ လွင့်စင်နေသည်ဟု ဆိုရာတွင် အသားကြိတ်စက်ကဲ့သို့ လူသားများနှင့် ဂေါ်ဘလင်များ အကြား အကြိတ်အနယ် ဖြစ်နေသည့် အခြေအနေမျိုး မဟုတ်ဘဲ အထူး သားရေသံချပ်ကာကို ဆင်မြန်းထားသော အရပ်ရှည်ရှည် အနက်ရောင် ဂေါ်ဘလင် တစ်ကောင်၏ တိုက်ခိုက်မှုအောက်တွင် တစ်ဖက်သတ် သတ်ဖြတ်ခံနေရခြင်းပင် ဖြစ်လေသည်။

သူတို့ ရောက်ရှိလာမှုကို အနက်ရောင် ဂေါ်ဘလင် က သတိထားမိသွားလေ၏။ ၎င်းက သွေးစွန်းနေသော အကြွင်းအကျန်များ ကပ်ငြိနေသည့် သွားများကို ဖြဲပြကာ ပေါ့ပေါ့ပါးပါး လက်သီးတစ်ချက်ဖြင့် သံချပ်ကာ အပြည့်အစုံ ဝတ်ဆင်ထားသော သူရဲကောင်းတစ်ဦး၏ ခေါင်းကို ချေမွပစ်လိုက်လေတော့သည်။

"သူ... သူက ဂေါ်ဘလင် သူရဲကောင်းပဲ။ ဘယ်လိုလုပ်... ဒီနေရာက ကျဆုံးသွားပြီလား"

All Chapters