← Chapters

ရှင်း

Vol. 8 Ch. 108

ရှင်း

Vol. 8 Ch. 108

ပိထူ ကြောက်လန့်နေခဲ့တယ်။ မာန်မျိုးနွယ်စု တွေထဲမှာ မာန်စွမ်းအင် အမှတ်အသား နှစ်ခု ပိုင်ဆိုင်သူ ရှိလိမ့်မယ်လို့ အိပ်မက်တောင် မမက်ဖူးဘူး။ မယုံကြည်နိုင်စရာ ဖြစ်နေတဲ့အပြင် ပါရမီရှင်ဟောင်း မော့စန်းကိုလည်း ထူးဆန်း လျှို့ဝှက်တဲ့ အလွှာထူထူ တစ်ခုက ဖုံးအုပ်ထားခဲ့သလိုပဲ။

မော့စန်းရဲ့ ဒုတိယမြောက် မာန်စွမ်းအင် အမှတ်အသား ပေါ်ထွက်လာချိန်မှာ သူ့ရဲ့ ကနဦး မာန်စွမ်းအင် အမှတ်အသား ဖြစ်တဲ့ စပါးအုံးနက်ကို သွားစွယ်နဲ့ ထိုးစိုက်သတ်ဖြတ် လိုက်ပြီးနောက် ရုပ်နယ်လွန် အဆင့်နဲ့ ဆင်တူတဲ့ စွမ်းအားရှင် ဦးချိုတစ်ချောင်းပါ သားရဲတစ်ကောင် ဖြစ်ပေါ်လာတဲ့ မြင်ကွင်းကြောင့် ပိထူ အသက်ပြင်းပြင်း ရှူမိတယ်။ အထိတ်တလန့်နဲ့ လက်နှစ်ဘက်ကို မြှောက်လို့ ကနဦးက စုမင်ကို ချိန်ရွယ်ထားတဲ့ အနက်ရောင် မိုးကြိုးသွားကို လက်ညှိုးညွှန်လိုက်တယ်။

မိုးကြိုးသွားဟာ ချက်ချင်း ဦးတည်ရာအရပ် ပြောင်းလို့ အနက်ရောင် မြူခိုးမှုန်တို့ ဝန်းရံနေတဲ့ သားရဲကောင်ရဲ့ ဦးခေါင်းကို ချိန်ရွယ် ပစ်လွှတ်လိုက်တယ်။

အကြီးအကဲဟာ မျက်လုံးတွေကို မှိတ်လို့ လေထဲမှာ မလှုပ်မယှက် ရပ်နေတယ်။ သူ့နောက်က သားရဲကောင်ရဲ့ ဧရာမဦးခေါင်းက မာန်ဖီလိုက်တယ်။ အနက်ရောင် မြူတွေဟာ အဘက်ဘက်ကို ပျံ့နှံ့သွားပြီး ကောင်းကင်နဲ့ မြေပြင်ကို ကြောက်မက်ဖွယ် ညိုမှိုင်းမှိုင်း အလင်းရောင် ဖြန့်ကြက် ပေးနေတယ်။ ဒါဟာ အကြီးအကဲရဲ့ နောက်ဆုံးတိုက်ကွက် ဖြစ်ပြီး အကြာကြီး နက်နက်ရှိုင်းရှိုင်း ထိန်းသိမ်း လာခဲ့ရတဲ့ လျှို့ဝှက်ချက်လည်း ဖြစ်တယ်။

သားရဲကောင်ဟာ ပိထူထံ အရှိန်နဲ့ ပြေးလွှားလာခဲ့ပြီး ပိထူကို ကာကွယ်ပေးနေတဲ့ မိုးကြိုးသွားထံ မာန်ဖီလို့ ပြေးဝင်သွားတယ်။ မိုးကြိုးသွားလည်း ကျယ်လောင်စွာ မြည်ဟည်းသံများ ထုတ်လွှတ်လို့ သားရဲကောင်ရဲ့ ဦးခေါင်းကို မိုးကြိုးပစ်ချဖို့ နီးကပ်လာနေပြီ။

၎င်းတို့ တစ်ဖက်နဲ့တစ်ဖက် ထိခတ်မိကြတယ်။

ထစ်ခြုန်းသံတွေဟာ မိုးကောင်းကင်အနှံ့ ညံတက်သွားတယ်။ သားရဲကောင်ရဲ့ ဦးခေါင်း ပတ်လည်မှာ ဝန်းရံထားတဲ့ အနက်ရောင် မြူမှုန်တွေ အများကြီး အဝေး လွင့်သွားချိန် သားရဲကောင်ဟာ ကြောက်မက်ဖွယ် ကောင်းတဲ့ အော်မြည်သံကို ပြုတယ်။ မိုးကြိုးသွားကတော့ သားရဲကောင်ရဲ့ မျက်ခုံး အလယ်ဗဟို မ‌ရောက်ခင် ရပ်တန့်သွားပြီး ထွင်းဖောက် မသွားနိုင် ဖြစ်နေတယ်။

သားရဲကောင် ဦးခေါင်းက ဆက်လက် ကြုံးဝါးနေရင်း ရှေ့ဆက်သွားလို့ ပြင်းထန်တဲ့ ခုခံအားနဲ့ တွေ့ဆုံရတဲ့အတိုင်း မိုးကြိုးသွားကို နောက်ပြန် လှည့်သွားအောင် အတင်းအကျပ် ဖိအားပေးတယ်။

ပိထူမျက်နှာက ဖြူရော်ရော်။ မျက်လုံးတွေက နီရဲရဲ။ အခုချိန်မှာတော့ သူ့ဘဝရဲ့ အကြီးမားဆုံး အန္တရာယ်နဲ့ ရင်ဆိုင်နေရသလို ခံစားမိနေတယ်။ အနက်ရောင် မိုးကြိုးသွားဟာ အနောက်ကို ဆုတ်ပြီးရင်း ဆုတ်ခွာရင်း သားရဲကောင်ကို သူနဲ့ ပေ ၁၀၀၀ လောက်ပဲ ဝေးကွာစေတော့တယ်။

ပိထူဟာ လက်နှစ်ဘက်လုံးကို မြှောက်လို့ သူ့ရဲ့ မျက်ခုံး အလယ်ဗဟိုကို လက်ညှိုး တစ်ချောင်းနဲ့ ထောက်ညွှန်လို့ ၎င်းရဲ့ ညှိုးရော် ခြောက်သွေ့နေတဲ့ ခန္ဓာကိုယ်ထက်က ရင်ဘတ်အထိ နှိမ့်ဆင်းသွားရင်း သူ့ရဲ့ ဘဝသက်တမ်းနဲ့ သွေးစက်များကို စတေးလိုက်ပြန်တယ်။ သူ့ရဲ့ ဆံပင်တွေဟာ ခပ်နက်နက် ရှိနေရာမှာ ရုတ်တရက် အဖြူ ပြောင်းသွားတယ်။ မျက်နှာအနှံ့ ခြောက်သွေ့တဲ့ အက်ကွဲကြောင်းတွေ ပျံ့လာပြီး သူ့ရဲ့ ခန္ဓာကိုယ်ဟာ ဘယ်ညာယိမ်းသွားတယ်။

"ဒါက ရုပ်နယ်လွန် အဆင့်စွမ်းအားနဲ့ တူတာပဲ ရှိတာ။ ရုပ်နယ်လွန် စွမ်းအားအစစ်မှ မဟုတ်တာ”

ပိထူဟာ မာန်သွင်းသံ တိုးတိုးပြုတယ်။ သူ့ရဲ့ ခန္ဓာကိုယ် တစ်စတစ်စ ပြောင်းလဲလာတာနဲ့အမျှ မိုးကြိုးသွားလည်း စွမ်းအားအသစ် ပြန်လည်ပြည့်ဝ လာတယ်။ ကောင်းကင်ထိ ရောက်ရှိတဲ့ အနက်ရောင် အလင်းတန်းအချို့ ထုတ်လွှတ်ပြီးချိန်မှာ အရွယ်အစား လွန်စွာ ကြီးမားလာခဲ့ပြီးလျှင် သားရဲကောင်ရဲ့ မျက်ခုံးကြားကို ထိုးဖောက်သွားလေပြီ။

အဝေးက အကြီးအကဲဟာ တဆတ်ဆတ် တုန်ယင်သွားပြီး ပါးစပ်ထဲက သွေးတွေ စီးကျလာတယ်။ သူ့နဖူးထက်မှာ တူညီတဲ့ဒဏ်ရာ ဖြစ်ပေါ်လာတယ်။ အဲဒီဒဏ်ရာက သားရဲကောင်ရဲ့ မျက်ခုံး အလယ်ဗဟိုက ဒဏ်ရာနဲ့ အတူတူနီးပါးပဲ။

သားရဲကောင် ဦးခေါင်း ကြုံးဝါးလိုက်ပြီးနောက် သူ့မျက်လုံးတွေထဲ ထူးဆန်းတဲ့ အလင်းတစ်စ ထွက်လာတယ်။ ၎င်းကို ထိုးဖောက် ဝင်ရောက်နေတဲ့ မိုးကြိုးသွားကို ဂရုမစိုက်ဘဲ ဦးခေါင်းက ပေါက်ကွဲသံတို့ ညံစီလျက် ရှိရင်းတောင် ရှေ့ဆက် တိုးလာခဲ့တယ်။ အနက်ရောင် မြူမှုန်တို့ ပျောက်ကွယ် သွားတာနဲ့အမျှ မိုးကြိုးသွားဟာ သူ့ဦးခေါင်းထဲ တည့်တည့်မတ်မတ် ထွင်းဖောက်ဝင်ရောက် သွားခဲ့ပြီ။ ဒါပေမဲ့ သားရဲဟာ နာကျင်မှုကို မသိတဲ့ ပုံစံနဲ့ ကနဦးက ပေ ၁၀၀၀ လောက် ဝေးကွာနေတဲ့ ပိထူအနား တိုးကပ် လာလိုက်တာ နှစ်ဘက်ကြားမှာ ပေ ၃၀၀ လောက်ပဲ ဝေးတော့တယ်။

အဲဒီအခိုက်မှာ မိုးကြိုးသွား တစ်ဝက်လောက်သာ သားရဲကောင်ရဲ့ မျက်ခုံးထဲ ဝင်ရောက်လို့ ၎င်းရဲ့‌ ဦးခေါင်း တစ်ခုလုံးကို အနက်ရောင် လျှပ်စီးတလက်လက် အက်ကွဲကြောင်းတွေ အများကြီး ဖြစ်ပေါ်စေလိုက်တာ အချိန်မရွေး ဖျက်ဆီး ပစ်နိုင်တော့မယ်။

သို့ပေမဲ့ အနက်ရောင် မိုးကြိုးသွားရဲ့ အလင်းရောင်လည်း မှိန်ဖျော့လာခဲ့တယ်။ သူ့ကို အသက် သွင်းထားတဲ့ စွမ်းအားဟာ မလုံလောက်ဘူး ဆိုတဲ့အသွင်။

ပိထူပါးစပ်က သွေးတွေ စီးကျလာတယ်။ ညာလက်ကို အသာအယာ မြှောက်လို့ သူ့ရဲ့ ညာဘက် မျက်လုံးကို ဖိချလိုက်တာနဲ့ ညာမျက်လုံးက အလင်းရောင်တို့ ချက်ချင်း ကွယ်ပျောက်သွားပြီး အသက် မဲ့သလို အဖြူရောင် ပြောင်းသွားတယ်။

ညာမျက်လုံး အဖြူရောင် ပြောင်းသွားချိန်မှာ အနက်ရောင် မိုးကြိုးသွားလည်း တောက်ပတဲ့ အနက်ရောင်အလင်း ထုတ်လွှတ်လို့ ကျယ်လောင်တဲ့ မြည်ဟည်းသံပြုရင်း သားရဲကောင်ရဲ့ မျက်ခုံး အလယ်ဗဟိုထဲ မိုးကြိုးသွားရဲ့ အစိတ်အပိုင်း တော်တော်များများထိ ထပ်မံဝင်ရောက် သွားပြန်တယ်။ အဲဒီ အခိုက်မှာ ပိထူနဲ့ သားရဲကောင်ကြား ပေ ၁၀၀ လောက်ပဲ ကွာတော့တယ်။

အဝေးမှာ စုမင် မျက်လုံးမှိတ်လျက် ရှိတယ်။ သူ့ တစ်ကိုယ်လုံး လရဲ့ အတောင်ပံတို့ သွေးတွေနဲ့ ဝန်းရံနေတယ်။ သွေးတွေဟာ တဖြည်းဖြည်းနဲ့ သူ့ဘေးနား ပတ်လည်ကို စုစည်းလာပြီး ထူးဆန်းတဲ့ သွေးရုပ်တု အသွင်သဏ္ဌာန် ပြောင်းလဲသွားတယ်။

‌သွေးရုပ်တု တဖြည်းဖြည်း ရုပ်လုံးပီပြင် လာတာနဲ့အမျှ လျှို့ဝှက်နက်နဲတဲ့ ဖိအားတို့ ပေါ်ထွက်လာတယ်။

အဲဒီအချိန်မှာ ပိထူရဲ့ မျက်နှာပေါ်မှာ စိုးရိမ်မှုတွေနဲ့။ ညာလက်ကို မြှောက်လို့ သူ့ရဲ့ ညာခြေထောက်ကို လက်ညှိုး ညွှန်လိုက်တာနဲ့ ညာခြေထောက်ဟာ ကျယ်လောင်စွာ ပေါက်ကွဲ သွားတယ်။ သူ့ရဲ့ ညာမျက်လုံးကို စတေးပြီးနောက် ထပ်ပြီး ညာခြေထောက်ကို စတေးလိုက်ပြန်ပြီ။ သူ့ခြေထောက် ကွဲကြေသွားချိန်မှာ သားရဲကောင် ဦးခေါင်းနဲ့ သူ့ကြားမှာ ပေ ၅၀ သာ ကွာဝေးတော့တယ်။ မိုးကြိုးသွားကလည်း သားရဲကောင်ရဲ့ မျက်ခုံး အလယ်ဗဟိုထဲ ဝင်ရောက် သွားရာက ဦးခေါင်း အနောက်ဘက်ကနေ ပြန်ထွက်လာခဲ့တယ်။

မိုးကြိုးသွားရဲ့ ဖျက်ဆီးနိုင်စွမ်းအားဟာ သားရဲကောင်ရဲ့ မျက်လုံးကို ရီဝေသွားစေပြီး အက်ကွဲ သွားမလို ဖြစ်နေပေမဲ့ ရှေ့ဆက် သွားနေခြင်းကို မရပ်တန့်ပါ။ ပိထူထံ ပြေးလွှားသွားရင်း ပေ၅၀ ... ပေ ၄၀ ... ပေ ၃၀။ ပိထူဟာ ကြောက်ခမန်းလိလိ အော်ဟစ်လို့ မျက်စိတဖျတ် အတွင်း ပျောက်ကွယ် သွားတယ်။

မြင်ရတာဆိုလို့ ပိထူကို မြင်ကွင်းက ကွယ်ကာလိုက်တဲ့ သားရဲကောင်ရဲ့ ဦးခေါင်း ဖြစ်တယ်။ ၎င်းဟာလည်း ဖျော့ဖျော့ မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားကာ လေထုထဲ ‌ပျံ့နှံ့ပျောက်ကွယ် သွားတယ်။

အကြီးအကဲရဲ့ မျက်နှာ ဖြူဖျော့သွားတယ်။ သူ့ရဲ့ မှုန်ဝါးဝါး မျက်လုံးကို ဖွင့်လို့ မျှော်လင့်တကြီး ကြည့်လိုက်ပေမဲ့ စိတ်လှုပ်ရှားမှုဟာ ကြေကွဲဝမ်းနည်းမှုသို့ ပြောင်းလဲသွားတယ်။ သားရဲကောင် ပျောက်ကွယ်သွားချိန်မှာ သူလည်း ကြီးကြီးမားမား ထိခိုက်သွားသလို သွေးအန် ထွက်လေတယ်။ ဒယီးဒယိုင်နဲ့ နောက်ဆုတ်ရင်း နက်မှောင်တောင်စဉ်တန်း ထက်က တောင်ထွတ် တစ်ခုထက် လဲကျသွားရင်း ပြန်မထနိုင် ဖြစ်နေတယ်။

သားရဲကောင်ရဲ့ ဦးခေါင်းထက်က အနက်ရောင် အခိုးအငွေ့တို့ လွင့်ပျယ်သွားတဲ့ နေရာက ပမာမခန့်၊ စိတ်တက်ကြွနေတဲ့ ရယ်သံတို့ ထွက်ပေါ်လာတယ်။ အဲဒါက ပိထူရဲ့ အသံပါ။ သူ မသေသေးဘူး။ သူလည်းပဲ သေရတော့မယ် ထင်လိုက်ပေမဲ့ သားရဲကောင်က သူနဲ့ ငါးပေလောက်တောင် မဝေးတော့တဲ့ အချိန်လေးမှာ သူ့ကိုယ်က ထူးဆန်းတဲ့ အနက်ရောင်အလင်း ဖြာထွက်လာခဲ့ပြီး သားရဲကောင်က အဲဒါကို ထိမိလိုက်တာနဲ့ ပျောက်ပျက် သွားတော့တယ်။

"ငါ့ကို ဘယ်သူမှ မသတ်နိုင်ဘူး မော့စန်း ... မင်းက ကြံ့ခိုင်ပါတယ် ... မာန်စွမ်းအား အမှတ်အသား နှစ်ခုလည်း ရှိချင်ရှိ။ ဒါပေမဲ့ မင်းငါ့ကို မသတ်နိုင်ပါဘူး”

ပိထူ မောကြီးပမ်းကြီး အသက်ရှူ နေရတယ်။ ဖြစ်ပျက်သွားသမျှ တိုင်းကလည်း သူ့ကို ကြောက်ရွံ့စေတယ်။ လျှို့ဝှက်တဲ့ အနက်ရောင် လူသားသာ သူ့အတွက် စွမ်းအားတချို့ မချန်ထားခဲ့လျှင် သားရဲကောင်ရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။

အဲဒီအခိုက်မှာ သူ့ပုံစံဟာ သနားဖွယ် အတိ။ မျက်လုံး၊ ခြေထောက်တို့ကို ဆုံးရှုံးထားရပြီး တစ်ကိုယ်လုံးလည်း သစ်ခြောက် တစ်ကိုင်းလို ညှိုး‌ရော် ခြောက်သွေ့နေတယ်။ ဖြူရော်နေတဲ့ မျက်နှာနဲ့ ကောင်းကင်ကို မျက်နှာမူလို့ ရယ်မောတယ်။

"ငါ သူ့ကို အရင်သတ်မယ် မင်းမျက်စိ ရှေ့တည့်တည့်မှာ သူသေတာကို မြင်ရစေပြီးမှ မင်းကို ငါသတ်မယ်”

ပိထူဟာ အမောတကော အသက်ရှူရှိုက်နေရင်း လေထဲမှာ တစ်စတစ်စ ကြီးထွားလာနေတဲ့ မိုးကြိုးသွားကို ညာလက်နဲ့ ညွှန်လိုက်တယ်။ မိုးကြိုးသွားဟာ တသိမ့်သိမ့် တုန်ယင်လို့ တဖြည်းဖြည်း လှည့်လာတယ်။ တစ်စုံတစ်ရာကို မတိုက်ခိုက်ခင် သူ့ရဲ့ ပစ်မှတ်ကို သေချာအောင် မှတ်ယူဖို့ လိုတာကို ကြည့်ရုံနဲ့ သိနိုင်တယ်။ ဒါကြောင့်မို့ အကြိမ်တိုင်းမှာ သူ့ရဲ့ အနေအထားကို ပြန်လည် ထိန်းညှိဖို့ လိုအပ်တာ ဖြစ်တယ်။

မိုးကြိုးသွားက သူ့ရဲ့ အနေအထားကို ပြန်လည် ထိန်းညှိလို့ စုမင်ကို ပစ်မှတ် တည်လိုက်ချိန်မှာ စုမင် မျက်လုံးတွေ ပွင့်လာခဲ့တယ်။ စုမင်မျက်လုံးတွေ ပွင့်လာချိန်မှာ လရဲ့အတောင်ပံတို့ သွေးတွေလည်း တလိပ်လိပ် တက်လာပြီးလျှင် ကောင်းကင်နဲ့ မြေပြင်ကြား ကျိုးပဲ့နေတဲ့ သွေးရုပ်တုတစ်ခု ပေါ်ထွက်လာတယ်။

သွေးရုပ်တုက အကြီးကြီး မဟုတ်ဘူး။ ပေ ၄၀ - ၅၀ လောက်ပဲ အမြင့်ရှိတာပါ။ စုမင်ဟာ သွေးရုပ်တုရဲ့ ရင်ဘတ်မှာ အလှဆင်ထားတဲ့ ကျောက်တစ်စအသွင် တည်ရှိနေတယ်။ သူ့ရဲ့ ခန္ဓာကိုယ်ကို ဖြတ်ပြီး လရဲ့အတောင်ပံတို့ အားယူလို့ ရအောင် ဆက်သွယ်ရေးလမ်းကြောင်း တစ်ခုလို လုပ်ဆောင် ပေးခဲ့တာမို့ အရင် တိုက်ပွဲမှာလည်း ပိထူနဲ့ အဆင့်တူ ဖြစ်ခဲ့ခြင်းပင်။

သွေးရုပ်တုက ရှေးကျတဲ့ သွင်ပြင်ရှိတယ်။ တစ်ကိုယ်လုံးမှာ သွေးနီရောင်အလင်း ဖြာထွက် နေပေမဲ့ ဦးခေါင်းတော့ မရှိပါ။

ခေါင်းမရှိတာတောင် ကြောက်မက်ဖွယ် ရှိန်ဝါတို့ လွှမ်းခြုံရစ်သိုင်း နေလျက်ရှိတယ်။ ရုပ်တုက ရဲရဲနီနေတဲ့ ချပ်ဝတ်တန်ဆာတို့ ဆင်ယင်ထားတယ်။ လေထဲမှာ တွဲလဲကျနေတဲ့ စစ်သည်ဝိညာဉ် တစ်ကောင်ကဲ့သို့။

၎င်းရဲ့ ကိုယ်ခန္ဓာက ကြောက်ခမန်းလိလိ ခွန်အားတို့ ပေါ်ထွက် နေရုံမျှမက မသေချင်လို့ ဟစ်အော်နေတဲ့ စိတ်ပျက် ဝမ်းနည်းနေတဲ့ သွင်ပြင်ရှိတယ်။

သူ့လက်ထဲမှာ ဧရာမ ရဲတင်းတစ်လက် ရှိတယ်။ ရဲတင်းကလည်း ကျိုးပဲ့ ပျက်စီးနေပေမဲ့ သတ်ဖြတ်လိုတဲ့ အရောင်အဝါတို့က ကောင်းကင်ကိုတောင် တုန်ခါသွားစေ လောက်တယ်။ မတရား ခံခဲ့ရတဲ့ ဝိညာဉ်တို့ရဲ့ မပီမသ ငိုညည်းသံတို့လည်း ရဲတင်းထံမှ ပျံ့လွင့်လာတယ်။

ဒါဟာ လရဲ့အတောင်ပံတို့ မှတ်ဉာဏ်ထဲက ဆောင်ယူသွားခြင်း ခံရတဲ့ မီးလျှံ မာန်မျိုးနွယ်စုက မာန်နတ်ဘုရား ရုပ်တု ကိုးရုပ်ထဲက တစ်ရုပ်ဖြစ်တယ်။ ဟိုးယခင်က မီးလျှံ မာန်မျိုးနွယ်ဝင် အမြောက်အမြားတို့ရဲ့ ကိုးကွယ် ပူဇော်ခြင်း ခံခဲ့ရတယ်။ မီးလျှံမာန် မျိုးနွယ်စု အကြီးအကဲရဲ့ သူကောင်းပြု ခံရပြီးနောက်မှာလည်း အခြားသော မာန်နတ်ဘုရား ရုပ်တု ရှစ်ရုပ်နဲ့အတူ မဟာမာန် နတ်ဘုရားကို တော်လှန်တိုက်ခိုက် ခဲ့ကြဖူးတယ်။ မဟာမာန် နတ်ဘုရားရဲ့ ဖျက်ဆီးခြင်းကြောင့် သူ သေလွန်ခဲ့ရတာ ကြာညောင်းခဲ့ပြီ။ ယခု ပေါ်ပေါက်နေတာကတော့ လရဲ့တောင်ပံတို့ သူတို့ မှတ်ဉာဏ်တွေကို အခြေတည်ပြီး သူတို့ရဲ့ သွေးတွေနဲ့ ဖန်တီးထားတဲ့ ပုံရိပ်ယောင် တစ်ခုမျှသာ ဖြစ်တယ်။

သူ့နာမည်က ရှင်းတဲ့။

ပိထူ ပါးစပ်အဟောင်းသား ဖြစ်သွားတယ်။ ဒီကနေ့မှာ သူ့ကို သတိလက်လွတ် ဖြစ်စေတဲ့ အရာတွေ အရမ်း များနေပြီ။ ဒါပေမဲ့ ဒီတစ်ခါလည်း မအံ့ဩဘဲ မနေနိုင်သေးပါဘူး။ ထပ်ထပ်‌ ပေါ်ထွက်လာတဲ့ အရာတွေက ပိုလို့ ထိတ်လန့်ဖို့ ကောင်းနေတာကြောင့်ပါ။

အကျိုးအပဲ့ ခေါင်းပြတ် မာန်နတ်ဘုရား ရုပ်တု ပခုံးပေါ်မှာ ရပ်လိုက်ရင်း စုမင် မျက်လုံးတွေ လက်ဖြာသွားတယ်။ ရုပ်တု အကျိုးအပဲ့ဟာ ရှေ့တစ်လှမ်း တိုးလိုက်တယ်။ သူ ခြေချလိုက်ချိန်၊ ကောင်းကင်နဲ့မြေပြင်တို့ တုန်ခါ သွားသလိုပင်။

သို့ပေမဲ့ ဒီလို တုန်ခါမှုဟာ အတုအယောင် ဖြစ်တယ်ဆိုတာ စုမင်သိထားတယ်။ ဟောဒီ ရုပ်တုအကျိုးအပဲ့ ရုပ်လုံး ပေါ်လာခြင်းကလည်း လရဲ့အတောင်ပံတို့ မှတ်ဉာဏ်တွေ အထွတ်အထိပ်ရောက် သန်မာသွားလို့သာ ဖြစ်တယ်။ ရုပ်တုမှာ အံ့မခန်း စွမ်းအားတွေ ရှိခဲ့တာ ဖြစ်နိုင်ပေမဲ့ အခု သေသွားပြီလေ။ ဒါကြောင့်မို့ အစွမ်းလည်း သိပ်မရှိဘူး။

ဒီထက်ပိုပြီး အရေးကြီးတာကတော့ ရုပ်တု အကျိုးအပဲ့ ပေါ်လာချိန်ကစလို့ အဲဒီရုပ်တုက ခပ်မြန်မြန် ပျောက်ကွယ် သွားနေတယ်လို့ စုမင် ခံစားနေရတာပဲ။ ဝင်သက် အနည်းငယ်လောက်ပဲ တည်ရှိ နေနိုင်လိမ့်မယ်။

ဝင်သက် အနည်းငယ်အဆုံးမှာ ရုပ်တုပြန်လည် ပျောက်ကွယ်သွားမယ် ဆိုလျှင် တန်ရာတန်ကြေး အနေနဲ့ လရဲ့အတောင်ပံ တို့လည်း သေဆုံးကြရမယ်။ အဲဒီအချိန် ရောက်လျှင် စုမင်မှာ လရဲ့အတောင်ပံ စွမ်းအားတွေ မရှိတော့တဲ့အတွက် သူ့ရဲ့ ဒဏ်ရာတွေကိုလည်း မဖုံးထား နိုင်တော့ဘူး၊ အားပြတ်သွားမယ်။ ပိထူကို မတိုက်နိုင်ရုံမျှမက အလွန်အမင်းအားအင် ပြတ်လပ်မှုကြောင့် အန္တရာယ် အကြီးကြီး တွေ့နိုင်တယ်။

စုမင်မျက်လုံးတွေ လက်ဖြာသွားချိန်လေးမှာ ရုပ်တု အကျိုးအပဲ့ကြောင့် ဖြစ်ပေါ်လာတဲ့ လှိုင်းလုံးတွေလည်း ထွက်ပေါ်လာတယ်။ ခြေတစ်လှမ်းနဲ့တင် မိန်းမောနေတဲ့ ပိထူအရှေ့ ရောက်သွားတယ်။ လက်ထဲက ရဲတင်းကြီးကို လွှဲယမ်းလို့ အောက်ဘက်ကို ခုတ်ပိုင်းချလိုက်တယ်။

အဲဒီအခိုက်မှာ အနက်ရောင် မိုးကြိုးသွားလည်း ရုပ်တုထံ အရှိန်အဟုန်နဲ့ ကျရောက်လာတယ်။

ပိထူ တုန်ယင်နေတယ်။ အခု သူရင်ဆိုင်နေရတဲ့ အန္တရာယ်က ဒုတိယမြောက် မာန်စွမ်းအင် အမှတ်အသားက ပေါ်ထွက်လာတဲ့ သားရဲကောင်ထက်တောင် ကြီးမားလိုက်တာလို့ ခံစားလိုက်ရတယ်။ အဲဒီ အခြင်းအရာက သူ့ရဲ့စိတ်ဝိညာဉ် အတွင်းအောက်ခြေက လှိုက်တက်လာတဲ့အထိ ကြောက်ရွံ့ ထိတ်လန့်စိတ် ဖြစ်ပေါ်စေတယ်။ သူ မတွေဝေဘူး။ ခဏလေးလောက်ပဲ ဖြစ်ဖြစ် တွေဝေသွားလျှင် သူ့ရဲ့ ကိုယ်ခန္ဓာနဲ့ ဝိညာဉ်တို့ ပျက်စီးပြီး ခါးခါးသီးသီး လဲကျသေဆုံး ရလိမ့်မယ်။

ဒါကြောင့် အံတင်းတင်း ကြိတ်လို့ သူ့ရဲ့ ခြေထောက်ကို လက်ညှိုး ညွှန်လိုက်တယ်။ လရဲ့အတောင်ပံ အသွင်သဏ္ဌာန် ဖြစ်ပေါ်လာစေဖို့ သွေးကြော အမြောက်အမြား ပေါ်ထွက်လာခဲ့ပေမဲ့ အသံကျယ်ကြီးနဲ့အတူ ရုပ်ပုံက မပီမပြင် ပျံ့နှံ့သွားပြီး သွေးကြောတွေကိုလည်း မစုစည်းနိုင် ဖြစ်သွားစေတယ်။ အသက်ဘေးနဲ့ ရင်ဆိုင်ရချိန်မှာ ပိထူဟာ ရုပ်နယ်လွန် အဆင့်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကိစ္စကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် ကျဆင်း နိုင်လျှင်တောင် အဲဒါက သေတာထက်တော့ ကောင်းပါသေးတယ်။

ရုပ်နယ်လွန် အဆင့်ကို သက်မှတ်ပေးတဲ့ မာန်စွမ်းအင် အမှတ်အသား ပျောက်ဆုံးသွားတဲ့ အခိုက် အနက်ရောင် မိုးကြိုးသွားဟာလည်း အတောက်ပဆုံး အလင်းရောင် ထုတ်လွှတ်လို့ ရုပ်တုအနား ရောက်လာခဲ့ပြီ။

***

All Chapters