အခန်း (၇၉၆-၇၉၈)
Vol. 54 Ch. 796-798
အပိုင်း ( ၇၉၆ )တကယ့် အစစ်အမှန်
ဆန်နီ က ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး..
“ဘာကို ဆိုလိုတာလဲ..”
ရိန်း က သူ့ကို တစ်ချက်ကြည့်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။
“အဖေက အစိုးရအတွက် အလုပ်လုပ်နေလို့ ဒီလိုကိစ္စတွေကို ညီမ သိနေတာပေါ့..။ ကောင်းပြီလေ... လူသန်းပေါင်းများစွာက လေဒီ နစ်ဖီ ဟာ လူသားမျိုးနွယ်ကို စတုတ္ထ အိပ်မက်ဆိုး ကို အောင်နိုင်ဖို့ ဦးဆောင်မယ့် သူရဲကောင်းတစ်ယောက်လို့ ယုံကြည်နေကြတယ် ဆိုပါစို့..။ သူမက အမှန်တကယ် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဒါက အရေးမကြီးဘူးလေ..။ လူတွေက ဒီလို ယုံကြည်နေသရွေ့ သူမက သူတို့အပေါ်မှာ ဩဇာညောင်းနေမှာပဲ..။ သူမရဲ့ ပုံရိပ်က ပုံရိပ်ယောင် ဖြစ်နိုင်ပေမဲ့ အဲဒီ ဩဇာသက်ရောက်မှုကတော့ အစစ်အမှန်ပဲ..။ ဒီတော့သူမရဲ့ အာဏာကလည်း အစစ်အမှန်ဖြစ်တယ်လို့ ဆိုလိုတာပဲ..။နားလည်ရဲ့လား..”
သူက သူမကို ငေးမောရင်း စိုက်ကြည့်နေခဲ့မိတယ်..။
“ဒါဆို... နင် ပြောချင်တာက တစ်စုံတစ်ယောက်က နစ်ဖီ ကို အစွမ်းထက်တဲ့ သူရဲကောင်းတစ်ယောက်လို ဖြစ်အောင် ဖန်တီးပြီး လူတွေယုံကြည်အောင် လှည့်စားလိုက်ရုံနဲ့ သူမက အမှန်တကယ်ပဲ အဲ့ဒီလို ဖြစ်လာတယ်လို့ ပြောချင်တာလား..”
ရိန်း က ခေါင်းညိတ်ပြလိုက်တယ်..။
“စဉ်းစားကြည့်လေ..။ တကယ်လို့ လေဒီ နစ်ဖီ သာ မနက်ဖြန် လူထုရှေ့ထွက်လာပြီး လူတွေကို လက်နက်စွဲကိုင်ပြီး အစိုးရတပ်မတော်ထဲ ဝင်ကြဖို့ တိုက်တွန်းမယ်ဆိုရင် သောင်းနဲ့ချီတဲ့ လူသစ်စုဆောင်းခံရသူတွေက ချက်ချင်း ဝင်ရောက်ကြမှာပဲ..။ သိန်းနဲ့ချီရင်တောင် ဖြစ်နိုင်တယ်..။လူပေါင်း သိန်းနဲ့ချီတဲ့ ဘဝတွေအပေါ်ကို သက်ရောက်မှုရှိနိုင်တဲ့ အရာတစ်ခုက ဘယ်လိုလုပ် အစစ်အမှန် မဟုတ်ဘဲ နေမှာလဲ..။ ဒါကြောင့် သူမက နိုက် လို နာမည်ကျော် တစ်ယောက် ဒါမှမဟုတ် ဆရာ့လို ..မာစတာ တစ်ယောက်နဲ့ မတူဘူးလေ..။ သူမက တကယ့်ကို အစစ်အမှန်ကြီးပဲ..”
ဆန်နီ သူ့ခေါင်းသူ ပြန်ကုတ်လိုက်မိတယ်..။
‘ဘာလို့ ငါ့တပည့်ဆီကနေ ပြန်ပြီး သင်ခန်းစာပေးခံနေရတာလဲ..။ အဲဒါကလည်း တခြားအရာတွေ မဟုတ်ဘဲ လိမ်လည်လှည့်ဖြားမှုတွေ အကြောင်းတဲ့လား..'
အဆိုးဆုံးကတော့ ရိန်း ပြောတာတွေက အတော်လေး ယုတ္တိရှိနေတာပါပဲ..။ အာဏာဆိုတာက ဖမ်းဆုပ်ရခက်တဲ့ အယူအဆတစ်ခုပါ...။ အစစ်အမှန်နဲ့ အတုအယောင် တွေရဲ့ ခြားနားချက်ကလည်း အတူတူပါပဲ..။ အရာဝတ္ထုတစ်ခုကို ညွှန်ပြပြီး အဲ့ဒါက အစစ်အမှန်လို့ ပြောဖို့က လွယ်ကူပါတယ်..။ လူတစ်ယောက်က ဒါကို မြင်နိုင်တယ်၊ ထိနိုင်တယ်၊ ဖျက်ဆီးနိုင်တယ် မဟုတ်ဘူးလား..။ ဒါပေမဲ့ လက်နဲ့ဆုပ်ကိုင်လို့မရတဲ့ အရာတွေဆိုရင်ရော..။. သူငယ်ချင်း ဆိုတာက အစစ်အမှန်လား..။ဒါမှမဟုတ် ချစ်ခြင်းမေတ္တာရော..ဒါမှမဟုတ် ယုံကြည်မူ ဆိုရင်ရော...
တကယ်လို့ တစ်စုံတစ်ခုအပေါ် ယုံကြည်မှုက လူသန်းပေါင်းများစွာကို သက်ရောက်မှုရှိစေတယ်၊ သူတို့ကို စစ်ပွဲထဲ ခုန်ဝင်စေတယ်၊ တစ်စုံတစ်ဦးကို နှိပ်စက်ညှဉ်းပန်းစေတယ် ဒါမှမဟုတ် မယုံနိုင်လောက်စရာ ဗိသုကာ လက်ရာတွေကို တည်ဆောက်စေတယ် ဆိုရင်တော့ သူတို့ ယုံကြည်တဲ့ အရာက အစစ်အမှန်မဟုတ်ဘူးလို့ ပြောဖို့က အတော်လေး မိုက်မဲရာကျပါတယ်..။ အဲ့ဒီအရာက အစစ်အမှန် ကမ္ဘာပေါ်မှာ ဩဇာလွှမ်းမိုးနိုင်တာကြောင့် သူတို့ရဲ့ ယုံကြည်မှုဟာ ပုံရိပ်ယောင်အဆင့်ကနေ ကျော်လွန်ပြီး တခြားအရာတစ်ခု ဖြစ်သွားခဲ့ပါပြီ..။
နတ်ဘုရား တစ်ပါးလိုမျိုးလား..
ဆန်နီ မျက်မှောင်ကြုတ်လိုက်တယ်..။
‘ငါ ဘာတွေ လျှောက်တွေးနေတာလဲ..။ ငါက ပျင်းရိနေတဲ့ တပည့်ကို ဆုံးမရမှာလေ..။ဘာလို့ နတ်ဘုရားတွေရဲ့ သဘာဝအကြောင်း လျှောက်တွေးနေမိတာလဲ...'
ဒါက အစစ်အမှန် နတ်ဘုရားတွေနဲ့တော့ မသက်ဆိုင်ပါဘူး..။နတ်ဘုရားတွေ အသက်ရှင်နေတုန်းက ဘယ်သူက သူတို့ကို ယုံကြည်တယ်၊ ဘာကြောင့် ယုံကြည်တယ်ဆိုတာကို ဂရုမစိုက်ခဲ့ကြပေ..။ လူသားတွေ မရှိခင်ကတည်းက သူတို့ရဲ့ ခွန်အားတွေက ရှိနေပြီးသား ဖြစ်တာကြောင့်.. ဂရုစိုက်နေဖို့ မလိုပါဘူး။
အဲ့ဒီအချိန်မှာပဲ နစ်ဖီ က ရုတ်တရက် လှည့်လာပြီး မျက်လုံးမဖွင့်ဘဲ ပြောလိုက်တယ်..။
“စကား အရမ်းများတာပဲ..။ အဲဒီဓားကိုသာ ဆက်လွှဲနေစမ်းပါ ရိန်း..”
ဆယ်ကျော်သက် မိန်းကလေးက တွန့်ခနဲ ဖြစ်သွားခဲ့ပြီး နာခံစွာနဲ့ သူမရဲ့ လက်နက်ကို မြှောက်လိုက်ပါတယ်..။
“ဟုတ်ကဲ့ပါ လေဒီ နစ်ဖီ ”
ဆန်နီ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့တယ်..။
‘နေဦး... ဒီမှာ ဘယ်သူက ဆရာ လဲ..'
တစ်ဖက်မှာတော့ နစ်ဖီ က ခနလောက် တိတ်နေပြီးကာမှ ထပ်ပြောလာခဲ့တယ်..။
“နင် ပြောတဲ့ အာဏာက အစစ်အမှန် ဖြစ်နိုင်ပေမဲ့ အဲဒါက ကျိုးပဲ့လွယ်ပြီး အနှစ်သာရ မရှိတဲ့အရာပဲ..။အာဏာကို ပိုင်ဆိုင်ထားတဲ့သူက ကာကွယ်ဖို့အတွက် ခွန်အား မရှိဘူးဆိုရင် အဲ့ဒီအာဏာက ဖန်တီးခဲ့တုန်းကလိုပဲ အလွယ်တကူ ပျက်စီးသွားနိုင်တယ်..။ နောက်ဆုံးမှာတော့ ကိုယ့်ဘာသာ ပျိုးထောင်တည်ဆောက်ယူရတဲ့ အရာလောက် ဘာမှ တန်ဖိုးမရှိဘူး..။ ဒါကြောင့်... လေ့ကျင့်တာကို လက်မလျှော့လိုက်နဲ့..”
သူမရဲ့ မျက်နှာက အနည်းငယ် နူးညံ့သွားပြီး နှုတ်ခမ်းထောင့်စွန်းက အထက်ကို ကွေးညွှတ်သွားခဲ့ပါတယ်..။
“နင်က အခုတောင် တော်တော်လေး ကောင်းအောင် လုပ်နိုင်နေပါပြီ..။ ဒီတိုင်းပဲ စိတ်ပိုင်းဖြတ်မှုအပြည့်နဲ့ ဆက်ပြီး လေ့ကျင့်သွားပါ..”
ရိန်း ရဲ့ မျက်နှာပေါ်မှာ တောက်ပတဲ့ အပြုံးတစ်ခု ရုတ်တရက် ပေါ်လာခဲ့တယ်..။
“တကယ်လား..။တကယ်ပဲ အဲလို ထင်တာလား..။ ဆန်နီ ကလည်း အဲ့ဒီလို ပြောတာပဲ။ညီမက သူ့တုန်းကထက် အများကြီး ပိုတော်တယ်လို့ သူ က အမြဲပြောတယ်.."
နစ်ဖီ က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်တယ်..။
“ဆန်နီ မှာက နင် ရရှိထားသလိုမျိုး စနစ်တကျ ပညာရေးနဲ့ ခိုင်မာတဲ့ အခြေခံတွေ မရှိခဲ့ဘူးလေ..။ သူ့မှာ ကောင်းမွန်တဲ့ ဆရာတစ်ယောက်တောင် မရှိခဲ့သလို ကိုယ်ပိုင်သင်ကြားပေးမယ့်သူလည်း မရှိခဲ့ဘူး..။ ဒါပေမဲ့ သူက အချိန်တိုအတွင်းမှာ အများကြီး အောင်မြင်ခဲ့တယ်..။ နင်က သူ့အဆင့်ကို ရောက်ဖို့ အများကြီး လိုသေးတယ်... အခုချိန်မှာပေါ့..။ နင်က သူ့ရဲ့ အောင်မြင်မှုတွေကို လိုက်မှီရင်တောင် အဲဒါက မလုံလောက်သေးဘူး..။ နင့်ရဲ့ နောက်ခံနဲ့ အားသာချက်တွေအရ နင် လုပ်ရမယ့် တစ်ခုတည်းသော အရာက သူ့ကို ကျော်တက်နိုင်ဖို့ပဲ..”
ဆန်နီ နှာခေါင်းရှုံ့လိုက်တယ်..။
“အင်း... အဲ့ဒါကတော့ ဖြစ်လာစရာ အကြောင်းမရှိပါဘူး...”
ရိန်း က သူ့ကို ဒေါသတကြီး ကြည့်လိုက်ပြီးမှ ကာကွယ်တဲ့ လေသံနဲ့ ပြောလိုက်ပါတယ်..။
“ဒါပေမဲ့...ညီမကက အိပ်စက်သူ တောင် မဟုတ်သေးဘူးလေ..။ညီမ မှာ ဝိဥာဉ် အမြုတေ လည်း မရှိဘူး၊ စွမ်းရည် လည်း မရှိဘူး..။ သူ လုပ်ခဲ့တာတွေကို ဘယ်လို လုပ်နိုင်မှာလဲ..”
နစ်ဖီ က မျက်လုံးဖွင့်လိုက်ပြီး ဆယ်ကျော်သက် မိန်းကလေးကို တည်ငြိမ်စွာ ကြည့်လိုက်တယ်..။
“နင်က နိုးထသူ လား၊ အိပ်စက်သူ လား ဒါမှမဟုတ် သာမန်လူသားလား ဆိုတာက အရေးမကြီးဘူး..။ နင်က အခိုက်အတန့် ရဲ့ ကူးစက်မှုကို မခံရတာတောင် ဖြစ်နိုင်တယ်လေ..။ အဲဒါက အားနည်းနေဖို့အတွက် ဆင်ခြေတစ်ခု ဖြစ်လာလို့ မရဘူး..။ တကယ်တော့ အဲ့ဒီအချက်ကြောင့်ပဲ နင်က ပိုသန်မာလာဖို့ လိုအပ်တာပဲ.."
သူမ သက်ပြင်းချလိုက်တယ်..။
“ဒီကမ္ဘာပေါ်က လူအများစုက သာမန်လူတွေပဲလေ၊ ဒါပေမဲ့ သူတို့လည်း တူညီတဲ့ အန္တရာယ်တွေကို ရင်ဆိုင်နေကြရတာပဲ..။ ထူးကဲတဲ့ ခွန်အားတွေ ဒါမှမဟုတ် အစွမ်းထက်တဲ့ စွမ်းရည် တွေ မရှိကြပေမယ့် ရဲရင့်တဲ့ လူတွေ အများကြီးကို ငါ သိခဲ့ဖူးတယ်..။စွမ်းအားတွေ မရှိဘဲ အခိုက်အတန့် ရဲ့ ဖိနှိပ်မှုကို တွန်းလှန်ဖို့ဆိုတာက... တကယ်ကို သတ္တိအများကြီး လိုအပ်တယ်..။ အဲ့ဒီလူတွေက လက်နက်တွေ မကိုင်စွဲခဲ့ကြဘူး၊ စစ်မြေပြင်မှာ မတိုက်ခိုက်ခဲ့ကြဘူး ဖြစ်နိုင်ပေမဲ့၊ ငါ မြင်ဖူးသမျှ နိုးထသူ အများစုထက် သူတို့က ပိုပြီး သတ္တိရှိကြတယ်..။ သူတို့ လုပ်ဆောင်ခဲ့တဲ့ သက်ရောက်မှုတွေကလည်း လုံးဝ အစစ်အမှန်တွေပဲ..”
နစ်ဖီ က မျက်လုံးပြန်မှိတ်လိုက်ပြီး သူမရဲ့ အဆီအနှစ်တွေကို ပြန်လည် လည်ပတ်စေလိုက်ပါတယ်..။
“ခွန်အားဆိုတာက ခွန်အားပဲ..။ နင် နိုးထသူ ဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ အဲဒါကို လိုအပ်မှာပဲ..။ ဒါကြောင့် အလေးအနက်ထားပြီး လေ့ကျင့်ရမယ်..။ ငါ ရှိနေတာကြောင့် စိတ်မပျံ့လွင့်စေနဲ့..”
ဆန်နီကတော့ တစ်ခုခုတော့ ပြောဖို့ လိုအပ်နေပြီလို့ ခံစားလိုက်ရတယ်..။ သူ ချောင်းတစ်ချက် ဟန့်လိုက်ပြီး ရိန်း ကို တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ပါတယ်..။
“အာ... ဟုတ်တယ်..။ ဒီကမ္ဘာကြီးက အားနည်းတဲ့သူတွေအပေါ် မကြင်နာဘူးလေ..။ကောင်းပြီ... နင်လည်း ဒါကို သိပြီးသားပဲ... ဒါကြောင့်ပဲ ငါ့ကို လေ့ကျင့်ပေးဖို့ အရင်ဆုံး တောင်းဆိုခဲ့တာ မဟုတ်ဘူးလား..။ ဒါကြောင့် နစ်ဖီ ကို ငေးနေတာရပ်ပြီး အလုပ်ပြန်လုပ်ရအောင်.."
ဆယ်ကျော်သက် မိန်းကလေးက ခနလောက် တွေဝေနေပြီးမှ ဦးညွှတ်လိုက်တယ်..။
“ကျေးဇူးတင်ပါတယ်...အဖိုးဆရာ”
ဆန်နီ အံကြိတ်ထားခဲ့တယ်..။
‘ဘာလဲ...။ငါ့ကိုကျတော့ ဘာလို့ ကျေးဇူးတင်စကား မပြောတာလဲ..။ဘယ်လို ငရဲမျိုးလဲ..'
သူ့လက်ထဲက သတ္တုစပ်တုတ်က သက်ရှိအရာတစ်ခုလို လှုပ်ရှားသွားပြီး ရိန်း ရဲ့ ပုခုံး ဆီကိုတိုးဝင်သွားခဲ့ပါတယ်..။ သို့ပေမဲ့ မိန်းကလေးက သတိမလွတ်ခဲ့ပါဘူး..။ သူမက မယုံနိုင်လောက်တဲ့ အရှိန်နဲ့ တုံ့ပြန်လိုက်ပြီး တိုက်ခိုက်မူကို ဘေးတစ်စောင်း ရှောင်တိမ်းကာ သူမရဲ့ လေ့ကျင့်ရေးဓားနဲ့ ပြန်လည် တိုက်စစ်ဆင်လိုက်ပါတယ်..။ ဒါက ဆန်နီ ရဲ့ နှာခေါင်းကိုတောင် ထိလုနီးပါး ဖြစ်သွားခဲ့တယ်..။
သူက အံ့ဩသင့်မှုကို ဖုံးကွယ်လိုက်ပြီး တပည့်ဖြစ်သူကို ဆက်ပြီး ဖိအားပေးလိုက်ပါတယ်..။
‘ကောင်းပြီလေ... အခုတော့ ဘာပဲဖြစ်ဖြစ်... အလုပ်ဖြစ်သွားတဲ့ပုံပဲ..'
အနည်းဆုံးတော့ ရိန်း က စိတ်တွေ ပျံ့လွင့်နေတဲ့ ပုံစံ မဟုတ်တော့ပါဘူး..။
အပိုင်း ( ၇၉၆ ) ပြီး၏။
အပိုင်း ( ၇၉၇ ) မတူညီသော ဘက်ခြမ်း
အေးစက်တဲ့ ဆောင်းဦးမနက်ခင်းတစ်ခုမှာ လူနှစ်ယောက်ဟာ ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ လမ်းမပေါ်က အမည်းရောင် ရွှံ့ဗွက်တွေကြားထဲ တိုးဝှေ့လျှောက်လှမ်းနေခဲ့ကြတယ်..။ ဒီရွှံ့တွေဟာ နွေးထွေးမှုအတွက် တစ်ခုနဲ့တစ်ခု ကပ်ရက်ဆောက်ထားသလို ထင်ရတဲ့ ဈေးပေါတဲ့ ပန်နယ်လ် အဆောက်အဦးတွေရဲ့ ညစ်ပတ်တဲ့ နံရံတွေနားမှာ ရှိနေခဲ့တာပါ..။မှောင်ရီပျိုးနေတဲ့ ဆည်းဆာအလင်းရောင်အောက်မှာ သူတို့ရဲ့ ခြေလှမ်းသံတွေက ကျယ်လောင်စွာ ပဲ့တင်ထပ်နေပြီး သားရဲတစ်ကောင်က ပုပ်သိုးနေတဲ့ အသားတွေကို ဝါးစားနေသလို အသံတွေထွက်နေခဲ့တယ်။
နစ်ဖီ က သူမရဲ့ ဈေးကြီးတဲ့ ဖိနပ်ပေါ်က ဖုန်မှုန့်တွေကို တစ်ချက်ကြည့်လိုက်ပြီး လေထဲက အနံ့ကို ရှူရှိုက်မိတဲ့အခါ မျက်နှာပျက်သွားခဲ့တယ်..။ သူမရဲ့ အဖြူရောင် ကုတ်အင်္ကျီ ကော်လာကို ပြင်လိုက်ရင်း ဆန်နီ ကို ကြည့်ကာ မေးလိုက်ပါတယ်..။
“ငါတို့ ဘာလို့ ဒီကို ရောက်နေတာလဲ.. အတိအကျ ပြောပြပါဦး..”
သူက လက်တွေကို အိတ်ကပ်ထဲ ထည့်လိုက်ပြီး ပုခုံးတွန့်ပြလိုက်တယ်..။
“သာမန်လူသားတွေ ဘယ်လိုနေထိုင်သလဲဆိုတာကို ကြည့်သင့်တယ်လို့ နင် ကိုယ်တိုင်ပြောခဲ့တာ မဟုတ်ဘူးလား..။ကောင်းပြီ. အခု ငါတို့ ရောက်နေပြီလေ..။ ဒါကလည်း ဘဝ တွေပဲ..”
သူတို့ ပတ်ပတ်လည်က ကြည့်ရဆိုးလှတဲ့ မြင်ကွင်းကို ညွှန်ပြလိုက်ရင်း သူ သက်ပြင်းချလိုက်တယ်..။
နှစ်အနည်းငယ် ကြာပြီးနောက်မှာတော့... ဆန်နီ တစ်ယောက် ဆင်ခြေဖုံးရပ်ကွက်ဆီကို ပြန်ရောက်လာခဲ့ပါပြီ..။
‘အမှတ်တရတွေ ပြန်ပေါ်လာတာပဲ..’
ရှေးခေတ် လူသားမျိုးနွယ် တွေ ပြိုလဲသွားပြီးတဲ့နောက်မှာ စစ်ပွဲတွေရဲ့ ဖျက်ဆီးမှုနဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ကမ္ဘာဂြိုဟ်ရဲ့ နေရာအတော်များများဟာ နေထိုင်လို့မရတော့ပါဘူး..။ အတော်အသင့် လုံခြုံမှုရှိရှိ နေထိုင်နိုင်ဖို့အတွက် လူတွေဟာ သူ ကြီးပြင်းလာခဲ့တဲ့ မြောက်ပိုင်း စတုတ္ထ ဝန်းရံခြင်း မြို့တော် ( NQSC ) လို မြို့ကြီးတွေမှာ စုဝေးနေထိုင်ကြရပါတယ်..။ တခြားနေရာတွေအားလုံးက ရေအောက်ရောက်နေတာ ဒါမှမဟုတ် သဲကန္တာရလို ဖြစ်နေခဲ့တာပါ..။
ဒါပေါ့... သက်ရှိတွေကတော့ ဆက်ရှိနေပါသေးတယ်..။ သစ်ပင်တချို့နဲ့ တစ်ချို့ အပင်တွေက အသက်ရှင်ဖို့ ကြိုးစားနေဆဲပါပဲ..။ နို့တိုက်သတ္တဝါကြီးတွေ အကုန်နီးပါး မျိုးသုဉ်းသွားခဲ့ပေမဲ့ တိရစ္ဆာန်နဲ့ အင်းဆက်မျိုးစိတ် အနည်းငယ်ကတော့ လိုက်လျောညီထွေဖြစ်အောင် ရှင်သန်နိုင်ခဲ့ကြတယ်..။ သို့ပေမဲ့ ဂေဟစနစ် အတော်များများကတော့ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ပါပြီ..။ မြေဆီလွှာတွေက အပင်မပေါက်တော့တဲ့ အပြငါ၊ ရေတွေက အဆိပ်ဖြစ်ကာ၊ လေထုကလည်း အသက် ရှူဖို့တောင် မလုံခြုံတော့ပါဘူး..။
ကံကောင်းတာက လူသားတွေမှာ ရှင်သန်ဖို့အတွက် နည်းပညာတွေ ရှိနေခဲ့တာပါပဲ..။ မြို့ပြတွေမှာ ခေတ်မီတဲ့ ရေစစ်ထုတ်စနစ်တွေ၊ အစားအသောက် ဖြန့်ဖြူးရေး အခြေခံအဆောက်အအုံတွေနဲ့ လူထုကို အသက်ရှင်အောင် ထိန်းထားနိုင်မယ့် တခြားနည်းလမ်းတွေ ရှိနေခဲ့ပါတယ်..။ မြို့ကို မြင့်မားတဲ့ အကာအကွယ်တံတိုင်းတွေနဲ့ ဝန်းရံထားပြီး အဲ့ဒီတံတိုင်းတွေက ဖုန်မှုန့်တွေ၊ အဆိပ်အတောက်တွေ၊ ဇီဝလက်နက် ဘက်တီးရီးယား အကြွင်းအကျန်တွေ၊ အန္တရာယ်ရှိတဲ့ ရောင်ခြည်ဖြာထွက်မှုတွေနဲ့ တခြားဘေးအန္တရာယ်တွေကို လေထုထဲ မဝင်နိုင်အောင် တားဆီးပေးထားနိုင်ပါတယ်။
ဆန်နီ က ဒီ အကာအကွယ်တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာ အများကြီး မသိပေမဲ့ ဒီအရာက မြို့ကို အသက်ရှူလို့ရတဲ့ လေထုတစ်ခုထဲမှာ ရှိနေစေဖို့တော့ လုံလောက်မူရှိပါတယ်..။ ဒါပေါ့... ခရိုင်တစ်ခုချင်းစီမှာလည်း လေထုကို ပိုမိုသန့်စင်ပေးနိုင်မယ့် ကိုယ်ပိုင် ထပ်ဆင့် နည်းလမ်းတွေ ရှိကြပါသေးတယ်..။
ဒါပေမဲ့ ပြဿနာက... အကာအကွယ်တံတိုင်းတွေက တည်မြဲနေပေမဲ့ မြို့က တသတ်မတ်တည်း ရှိမနေတာပါပဲ..။ တစ်ကမ္ဘာလုံးက လူဦးရေ ကျဆင်းသွားပေမဲ့ ဒီ မြောက်ပိုင်းမြို့တော် မှာတော့ လူဦးရေ တဖြည်းဖြည်း တိုးပွားလာနေခဲ့တယ်..။ ရလဒ်အနေနဲ့ မြို့ကလည်း ကြီးထွားလာခဲ့ပါတယ်..။မြို့က ကောင်းကင်ပေါ်ရော မြေအောက်ကိုပါ ပိုပြီး ကျယ်ပြန့်လာသလို ဘေးတိုက်လည်း ပြန့်ကားလာခဲ့တယ်..။ နောက်ဆုံးမှာတော့ မြို့ကအကာအကွယ်တံတိုင်းတွေရဲ့ ဘောင်ကို တောင် ကျော်လွန်သွားခဲ့ပါတယ်..။
ဒီလိုနဲ့ပဲ ဆင်ခြေဖုံးရပ်ကွက်တွေ ဆိုတာပေါ်ပေါက်လာခဲ့တာပါ..။
အကာအကွယ်တံတိုင်း အသစ်တွေကို တည်ဆောက်နေကြတယ် ဆိုပေမဲ့ အဲဒါတွေ ပြီးစီးဖို့အတွက် များပြားလှတဲ့ ရန်ပုံငွေတွေ၊ လူသားအရင်းအမြစ်တွေနဲ့ အချိန်တွေ အများကြီး လိုအပ်ပါတယ်..။ ဆန်နီ မှတ်မိသလောက်ဆိုရင် ဆင်ခြေဖုံးရပ်ကွက်တွေပေါ်ကအကာအကွယ်တံတိုင်း အကြမ်းထည်ကြီးတွေက မပြီးစီးသေးဘဲ ရှိနေခဲ့တာ ကြာပါပြီ..။ အခု သူသိထားတဲ့ အသိဉာဏ်တွေအရဆိုရင် ဒါတွေက ဘယ်တော့မှ ပြီးစီးမှာမဟုတ်ဘူးလို့တောင် သူ သံသယဝင်မိပါတယ်..။
ဘာပဲဖြစ်ဖြစ်... သူတို့လို မျိုးဆက်တွေ အများကြီးက အကာအကွယ်တွေရဲ့ အပြင်ဘက်မှာပဲ မွေးဖွားပြီး သေဆုံးကြရပါတယ်။ ဆင်ခြေဖုံးရပ်ကွက်က လေထုတွေက အပြင်ဘက်က လူသူမရှိတဲ့ တောရိုင်းမြေတွေလောက် မဆိုးပေမဲ့ လုံးဝတော့ လုံခြုံမူ မရှိပါဘူး..။ ဒီနေရာက လေကို နေ့တိုင်း ရှူရှိုက်နေရတဲ့သူတွေက ကျန်းမာရေး သိပ်မကောင်းကြသလို အသက်လည်း မရှည်ကြပေ..။
အနံ့ကလည်း နံစော်နေပါသေးတယ်။
ဆန်နီဟာ ရင်းနှီးနေတဲ့ လေထုကို ရှူရှိုက်ရင်း နစ်ဖီ လိုမျိုး မျက်နှာမပျက်အောင် အစွမ်းကုန် ကြိုးစားနေခဲ့ရတယ်..။ သူကတော့ ဘဝတစ်လျှောက်လုံး ဒီအနံ့နဲ့ ကျင့်သားရနေခဲ့တာမို့ သိပ်ပြီး ဂရုမစိုက်ပေမဲ့ အိပ်မက်ကမ္ဘာ နဲ့ မြို့ရဲ့ ပိုကောင်းတဲ့ နေရာတွေမှာ နှစ်အနည်းငယ်လောက် သက်သောင့်သက်သာ နေခဲ့ပြီးတာကြောင့် ဒီအနံ့က တော်တော်လေး ပြင်းထန်နေသလို ခံစားရပါတယ်..။
‘ဘာများ အရေးကြီးလို့လဲ... ဆောင်းတွင်းဆိုတော့ သိပ်တောင် မနံတော့ပါဘူး..’
လေထုလိုပဲ ဆင်ခြေဖုံးရပ်ကွက်က တခြား လူနေမှုဘဝ အစိတ်အပိုင်းတွေကလည်း လူသားတွေ နေထိုင်ဖို့အတွက် ခဲယဉ်းလှပါတယ်..။ အဆောက်အဦးတွေက ပြိုကျမတတ် ဖြစ်နေပြီး၊ သန့်ရှင်းတဲ့ ရေကလည်း ရှားပါးနေခဲ့တယ်။ အစားအသောက် အများစုကတော့ အစိုးရက ပေးတဲ့ ဓာတ်စာတွေပဲ ဖြစ်ပါတယ်..။ အရာအားလုံးက ညစ်ပတ်ပြီး ဟောင်းနွမ်းနေကာ ပြိုလဲလုနီးပါး ဖြစ်နေခဲ့တာပါ..။ အခြေခံအဆောက်အအုံတွေကလည်း အလုပ်မလုပ်သလောက်ပါပဲ..။
သီအိုရီအရတော့ မြို့ရဲ့ တခြားနေရာတွေနဲ့ ဆက်သွယ်ထားတဲ့ သယ်ယူပို့ဆောင်ရေး စနစ်ရှိရမှာ ဖြစ်ပေမဲ့ လက်တွေ့မှာတော့ အဲဒါတွေက ခဏခဏ ပျက်နေတာကြောင့် ဘယ်ကိုမှ သွားလို့မရကြပေ..။ အဲဒါကြောင့်လည်း ဆန်နီ နဲ့ နစ်ဖီ တို့က အခုလို ခြေကျင် လျှောက်နေကြရတာပါ။
ဒါပေမဲ့ သူကတော့ ဒီလိုဖြစ်သွားတာကို နောင်တမရမိပေ..။ ဘာလို့လဲဆိုတော့ ဆင်ခြေဖုံးရပ်ကွက်မှာ နေထိုင်ကြတဲ့ လူတွေကို သေချာ မြင်တွေ့ခွင့် ရလို့ပါ..။ ရပ်ကွက်ကြီးလိုပဲ ဒီမှာ နေထိုင်သူတွေကလည်း နွမ်းပါး နေခဲ့ကြတယ်..။ သူတို့အားလုံးက အားနည်းပိန်လှီနေပြီး အသားအရေ ကလည်း ကျန်းမာရေး မကောင်းတဲ့ ပုံစံပေါက်နေကြပါတယ်..။ သိသိသာသာ ကွာခြားနေတဲ့ အချက်ကတော့ သူတို့ရဲ့ အရပ်အမောင်းပါပဲ..။ ဆင်ခြေဖုံးရပ်ကွက်မှာ နေတဲ့သူတွေက မြို့ထဲက လူတွေထက် အများကြီး အရပ်ပုကြပါတယ်..။ အဓိကကတော့ အာဟာရချို့တဲ့မှုနဲ့ ဖျားနာမှုတွေကြောင့်ပါ..။
အတိုချုပ်ပြောရရင် သူတို့အားလုံးက ပထမ အိပ်မက်ဆိုး မတိုင်ခင်က ဆန်နီ ရဲ့ ပုံစံနဲ့ ဆင်တူ နေ ခဲ့ကြတယ်..။
သူတို့ကို ကြည့်နေရင်းနဲ့ သူက အတိတ်ကို ပြန်မတွေးဘဲ မနေနိုင်ခဲ့ပါဘူး..။ လွန်ခဲ့တဲ့ သုံးနှစ်နဲ့ လအနည်းငယ်ကမှ သူက ဒီနေရာကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ တွေးပြီး ထွက်ခွာသွားခဲ့တာပါ..။ ဒါပေမဲ့ ဆန်နီ ကတော့ အခုဆိုရင် လုံးဝ မတူညီတဲ့ လူတစ်ယောက် ဖြစ်နေပါပြီ..။ သူက ရင်းနှီးနေတဲ့ မြင်ကွင်းတွေကိုလည်း မတူညီတဲ့ အမြင်နဲ့ မြင်နေခဲ့ရတယ်..။
‘ဒါက ထူးဆန်းလိုက်တာ..’
ဆန်နီ က သူ့ကိုယ်သူ ဆင်ခြေဖုံးရပ်ကွက်က လူတစ်ယောက်လို့ အမြဲ သတ်မှတ်ထားခဲ့ပေမဲ့ ..အိပ်မက်ကမ္ဘာ ရဲ့ နေရာအတော်များများကို သွားလာခဲ့ပြီး မြို့ထဲမှာ ကိုယ်ပိုင်ဘဝတစ်ခု တည်ဆောက်ပြီးတဲ့နောက်မှာ... ဆင်ခြေဖုံးရပ်ကွက်တွေက နေရာတစ်ခုတည်း မဟုတ်ဘူးဆိုတာကို ရုတ်တရက် နားလည်လိုက်ပါပြီ..။
အမှန်တော့ ဒါတွေက ကျယ်ပြန့်လွန်းပြီး မတူညီတဲ့ နေရာတွေ အများကြီး ပါဝင်နေခဲ့တာပါ..။ သူက အဲဒီထဲက အစိတ်အပိုင်း အနည်းငယ်ကိုပဲ သိရှိပြီး လေ့လာဖူးခဲ့တယ်..။ သူ့ဘဝရဲ့ အချိန်အတော်များများမှာ သူ သိခဲ့တဲ့ ကမ္ဘာကြီးက သူ ထင်ထားတာထက်တောင် ပိုပြီး သေးငယ်နေတာကို တွေ့ခဲ့ရပါတယ်။
ဘယ်လိုလုပ် ဒီလို မဖြစ်ရမှာလဲ..။ ဆန်နီ က ဒီလိုအရာတွေကို တစ်ခါမှ မတွေးဖူးခဲ့ပေမဲ့ မာစတာ ဂျက် နဲ့ စကားပြောပြီးတဲ့နောက်မှာတော့ အရာအားလုံးရဲ့ တကယ့် အတိုင်းအတာကို သူ သဘောပေါက်သွားခဲ့ပါတယ်..။ သူမ ပြောပြချက်အရ ဆင်ခြေဖုံးရပ်ကွက်တွေမှာ နေထိုင်တဲ့ လူဦးရေဟာ သန်းခြောက်ဆယ်နဲ့ ခုနစ်ဆယ် ကြားမှာ ရှိနေပါတယ်..။ မြို့ရဲ့ စုစုပေါင်း လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ ဒီလို မသာယာတဲ့ အခြေအနေတွေမှာ နေထိုင်ရင်း တဖြည်းဖြည်းနဲ့ သေဆုံးသွားကြဖို့ ကြိုးစားရှင်သန်နေကြရတာပါ..။
အကယ်လို့ အန္တာတိက ကနေ လူအမြောက်အမြားကို ကယ်ထုတ်တာ အောင်မြင်ခဲ့ရင် ဒီ ကိန်းဂဏန်းတွေက ပိုပြီးတောင် တိုးလာပါဦးမယ်..။
ဆင်ခြေဖုံးရပ်ကွက်တွေက... ဆန်နီ ထင်ထားတာထက် အများကြီး ပိုပြီး ကြီးမားနေခဲ့တယ်..။ အဲဒါတင်မကသေးပဲ.. ကမ္ဘာပေါ်မှာ ကျန်ရှိနေတဲ့ မြို့တိုင်းမှာလည်း ဒီလို နေရာတွေ ရှိနေကြပါသေးတယ်..။မြောက်ပိုင်းမြို့တော် ရဲ့ လူဦးရေက အများဆုံး ဖြစ်နေတာတောင်မှပေါ့..။
သူ့ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ရုန်းကန်မှုတွေ၊ ဆင်းရဲဒုက္ခတွေနဲ့ မျှော်လင့်ချက်မဲ့မှုတွေကို တွေးတောရင်း ဆန်နီ သက်ပြင်းချလိုက်မိတယ်..။ လူ ဆိုတာက လူပါပဲ..။ ဒီလို ငရဲတွင်းထဲမှာတောင် သူတို့က လိုက်လျောညီထွေဖြစ်အောင် နေထိုင်နိုင်မယ့် နည်းလမ်းတွေနဲ့ ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ရှာဖွေနိုင်ကြပါသေးတယ်....။ သူတို့တွေက အသက် ရှင်သန်ဖို့နဲ့ ရည်မှန်းချက် ရှာဖွေဖို့အတွက် ဘယ်တော့မှ စိတ်ဓာတ်မကျကြပါဘူး..။ သူတို့အတွက်တော့ ပျော်ရွှင်စရာ အခိုက်အတန့်တွေက ရှားပါးလှပြီး သူတို့ရဲ့ အသက်တွေကတော့ တိုတောင်း ကြပါတယ်..။
သူ့မိသားစုကလည်း မပျက်စီးခင်အထိတော့ မပျော်မရွှင် ဖြစ်နေတာမျိုး မရှိခဲ့ကြပါဘူး..။ သူ့ထက် ကံကောင်းတဲ့ လူတွေကတော့ ဆင်ခြေဖုံးရပ်ကွက်မှာတောင် အတော်အသင့် ကောင်းမွန်တဲ့ ဘဝမျိုး ရနိုင်ကြပါတယ်..။ ဒါပေမဲ့ ဒီလို အခွင့်အရေးက အရမ်းကို နည်းပါးလှပါတယ်..။
နစ်ဖီ ကတော့ တိတ်ဆိတ်နေပြီး ဆင်ခြေဖုံးရပ်ကွက်က လူတွေကို သူမရဲ့ အမြဲတမ်းလိုလို ခံစားချက်မရှိတဲ့ အမူအရာနဲ့ လေ့လာနေခဲ့တယ်..။ ဒါပေမဲ့ သူမရဲ့ မျက်လုံးတွေထဲမှာတော့ ခံစားချက်အရိပ်အယောင်တချို့ ဖုံးကွယ်နေတာကို မြင်နိုင်ပါတယ်..။
အချိန်အတော်ကြာပြီးကာမှ သူမက ဆန်နီ ဘက်ကို လှည့်ပြီး မေးလာခဲ့တယ်..။
“ငါတို့က ဒီကို ဒီတိုင်း လမ်းလျှောက်ဖို့ အတွက်ပဲ လာခဲ့တာလား..”
သူက ရှေ့ကို ကြည့်ပြီး ခေါင်းခါယမ်းလိုက်တယ်..။
“မဟုတ်ဘူး..။ ငါတို့ ဒီကို လာရတဲ့ အကြောင်းရင်း ရှိတယ်...”
အပိုင်း ( ၇၉၇ ) ပြီး၏။
အပိုင်း ( ၇၉၈ ) အထီးကျန်နေတဲ့ သစ်ပင်
မကြာခင်မှာပဲ သူတို့လျှောက်လာတဲ့ လမ်းကျဉ်းလေးဟာ ကွက်လပ်ငယ်တစ်ခုဆီကို ရောက်ရှိသွားခဲ့တယ်..။ ဆင်ခြေဖုံးရပ်ကွက်မှာ ဒီလိုနေရာမျိုးတွေက မရှားပါဘူး..ဘာလို့လဲဆိုတော့ ဒီမှာ မြို့ပြစီမံကိန်းတွေ ချမှတ်ဖို့အတွက် ဘယ်သူမှ ဂရုမစိုက်ကြလို့ပါပဲ..။ လမ်းမတွေနဲ့ လမ်းကြားတွေဟာ ဖရိုဖရဲ ဖြစ်နေခဲ့ပြီး၊ အများစုဟာ မြင့်မားတဲ့ အဆောက်အဦးတွေ၊ စက်ရုံတွေနဲ့ လူနေအိမ်ရာ အစုအဝေးကြီးတွေ တစ်ခုနဲ့တစ်ခု နီးကပ်စွာ ဆောက်လုပ်လိုက်ရာကနေ ထွက်ပေါ်လာတဲ့ အရာတွေပဲ ဖြစ်ပါတယ်..။
ရလဒ်အနေနဲ့ ပတ်ဝန်းကျင်မှာ ဒီလိုမျိုး ကျပန်းကွက်လပ်တွေက အများကြီး ရှိနေခဲ့တယ်..။ သို့ပေမဲ့ ဒီမြေကွက်လပ်တွေကို ထူးခြားစေတဲ့ အချက်ကတော့ ဒါတွေ တစ်နည်းနည်းနဲ့ ပန်းခြံငယ်လေးတစ်ခုလို ဖြစ်နေတာပါပဲ..။ ဆင်ခြေဖုံးရပ်ကွက်မှာ စိမ်းလန်းစိုပြည်မှုဆိုတာ အလွန်ရှားပါးတာကြောင့် ဒီလိုပန်းခြံမျိုးက ပိုပြီးတော့ တန်ဖိုးရှိပါတယ်..။
သူတို့ရှေ့က နေရာလွတ်လေး ဟာ လက်ရှိမှာတော့ ညစ်ပတ်တဲ့ နှင်းတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ ဒါပေမဲ့ နွေဦးရောက်လာရင်တော့ အဲဒီအောက်ကနေ မြက်ခင်းစစ်စစ်တွေ ထွက်ပေါ်လာမှာပါ..။ ဒီနေရာမှာတော့ ချုံပုတ်အချို့၊ ခဲနေတဲ့ ရေကန်တစ်ခုနဲ့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ရှင်သန်ဖို့ ကြိုးစားနေတဲ့ အထီးကျန်သစ်ပင်တစ်ပင် ရှိနေခဲ့တယ်..။ လက်ရှိမှာတော့ ဒီအပင်ဟာ အရွက်တွေရဲ့ တောက်ပတဲ့ သရဖူ မရှိတော့ဘဲ ချောက်ကပ်ကာ နက်မှောင်နေခဲ့ပါတယ်..။
ပန်းခြံကို မြင့်မားတဲ့ အဆောက်အဦးတွေက ဝန်းရံထားတာကြောင့် နက်ရှိုင်းတဲ့ ရေတွင်းတစ်တွင်းရဲ့ အောက်ခြေမှာ ရောက်နေသလိုမျိုး ခံစားရစေပါတယ်..။ရှားပါးလှတဲ့ နေရောင်ခြည်က အပေါ်စီးကနေ သစ်ပင်ပေါ်ကို ကျရောက်နေပြီး၊ အပင်ရဲ့ ကိုင်းခြောက်လေးတွေနဲ့ လေထဲမှာ ဝဲပျံနေတဲ့ မီးခိုးရောင် နှင်းပွင့်လေးတွေကို အလင်းပေးနေခဲ့တယ်..။ နှင်းတွေကြားထဲမှာ သန့်ရှင်းတဲ့ လမ်းကြောင်းအချို့ ရှိနေသလို၊ ဟိုနားဒီနားမှာလည်း ပျက်စီးနေတဲ့ ထိုင်ခုံအချို့ ရှိနေခဲ့ပါတယ်..။
လူအချို့ဟာ ထိုင်ခုံတွေပေါ်မှာ ထိုင်ရင်း တိတ်ဆိတ်တဲ့ အနားယူချိန်ကို ခံစားနေခဲ့ကြတယ်..။ သူတို့က အဖြူရောင် ဝတ်ထားတဲ့ အမျိုးသမီးငယ်နဲ့ အနက်ရောင် ဝတ်ထားတဲ့ လူငယ်ကို စိုးရိမ်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ကြပါတယ်..။
နစ်ဖီ က ပန်းခြံကို ခနလောက် အကဲခတ်လိုက်ပြီးမှ ဆန်နီ ကို ကြည့်လိုက်တယ်..။
“တစ်ခုခု ဖြစ်လာမှာကို နင် မစိုးရိမ်ဘူးလား..”
သူက သူမကို တစ်ချက်ကြည့်လိုက်ပြီး သူ့ကိုယ်သူလည်း ပြန်ကြည့်လိုက်တယ်..။ သူတို့ရဲ့ ရုပ်ရည်နဲ့ ဈေးကြီးတဲ့ အဝတ်အစားတွေအရ သူတို့နှစ်ယောက်က ဒီနေရာနဲ့ လုံးဝ မအပ်စပ်တာကတော့ ထင်ရှားပါတယ်..။ သူတို့ရဲ့ အရာအားလုံးက ချမ်းသာကြွယ်ဝမှု၊ အဆင့်အတန်းနဲ့ နိုင်ငံသားဖြစ်မှုတွေကို အော်ဟစ်ပြနေသလိုပါပဲ..။
ဆင်ခြေဖုံးရပ်ကွက်က လူတွေအနေနဲ့ သူတို့ကို တက်ရောက်သူ တွေအဖြစ် မှတ်မိမှာကို ဆန်နီ သံသယရှိပေမဲ့..ဒီသူစိမ်းတွေက ချမ်းသာတဲ့သူတွေဆိုတာကိုတော့ သူတို့က ဧကန်မုချ ကောက်ချက်ချနိုင်ကြမှာပါ..။
သူက ပုခုံးတွန့်ပြလိုက်တယ်..။
“ဘာဖြစ်နိုင်မှာလဲ..။ တကယ်လို့ အရူးအချို့က ငါတို့ကို လုယက်ဖို့ ကြိုးစားရင်တောင် သူတို့ အဆိုးဆုံးလုပ်နိုင်တာက ဈေးပေါတဲ့ သေနတ်တွေနဲ့ ပစ်တာပဲ ရှိမှာပေါ့..။ သူတို့ရဲ့ ကျည်ဆန်တွေက ငါတို့ရဲ့ အရေပြားကို ဖောက်ထွက်ဖို့ နေနေသာသာ အညိုအမည်းစွဲအောင်တောင် လုပ်နိုင်မယ် မထင်ဘူး..”
မာစတာ တစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခြစ်ရာလေးတစ်ခု ထင်ကျန်ဖို့အတွက် ခေတ်မီ သံလိုက်အမြောက် တပ်ဆင်ထားတဲ့ အကြီးစား တိုက်ခိုက်ရေးယာဉ် ဒါမှမဟုတ် စပဲလ် စွမ်းအင်သုံး လက်နက်တွေကို အသုံးပြုကြရမှာပါ..။ ဒီလိုဆိုရင်တောင် ကျည်ဆန် ထိမှန်ဖို့က မလွယ်ကူပါဘူး..။
နစ်ဖီ က ခေါင်းခါလိုက်တယ်..။
“ငါက ငါတို့အတွက် စိတ်ပူနေတာ မဟုတ်ဘူး..။ ငါက အဲဒီ... အရူး တွေအတွက် စိတ်ပူနေတာ..”
ဆန်နီ ပြုံးလိုက်တယ်..။
“ကောင်းပြီလေ... စိတ်မပူပါနဲ့..။ ငါတို့လို ဆင်ခြေဖုံး ကြွက်တွေ တော်တဲ့ အရာတစ်ခု ရှိတယ်ဆိုရင် အဲ့ဒါက ကိုယ့်ကိုယ်ကိုယ် ဘယ်လို ကာကွယ်ရမလဲ ဆိုတာ သိတာပဲ..။ ငါတို့ နှစ်ယောက်လုံးက လူသတ်သမားတွေဆိုတာ ဘယ်သူမဆို မြင်နိုင်ပါတယ်..။ သူတို့တွေ ဝေးဝေးမှာပဲ နေကြလိမ့်မယ်..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို တွေဝေစွာ ခေါင်းညိတ်ပြတယ်..။
ခနအကြာမှာတော့ သူမက မေးလာခဲ့ပါတယ်..။
“...ဒီတော့ အကြောင်းရင်းက ဘာလဲ..”
သူ ခနလောက် တွေဝေသွားပြီးမှ ပုခုံးတွန့်လိုက်တယ်..။
“ငါက နင့်အမေနဲ့ တွေ့ပြီးသွားပြီလေ..။ အဲဒါကြောင့် နင့်ကိုလည်း ငါ့အမေနဲ့ တွေ့ပေးဖို့ ခေါ်လာခဲ့တာ..”
နစ်ဖီ မျက်ခုံးပင့်လိုက်တယ်..။
“နင့်အမေက ဆုံးသွားပြီလို့ ငါက ထင်နေတာ..”
ဆန်နီ ခေါင်းညိတ်လိုက်တယ်..။
“ဟုတ်တယ်..။ လာပါ...”
နစ်ဖီ နောက်က လိုက်လာမယ်ဆိုတာ သိနေတာကြောင့် သူက သစ်ပင်ဆီကို ဦးတည်လျှောက်သွားလိုက်ပါတယ်..။ သူတို့က သစ်ပင် အနားကိုရောက်တဲ့အချိန်မှာတော့ ဆန်နီ သက်ပြင်းချလိုက်ပြီး အေးဆေးတဲ့ လေသံနဲ့ ပြောလိုက်တယ်..။
“ဆင်ခြေဖုံးရပ်ကွက်က လူအများစုက မြှုပ်နှံခွင့် မရကြဘူး၊ ဒါကြောင့် သင်္ချိုင်းတွေလည်း မရှိဘူးလေ..။ နေရာလွတ် ဆိုတာက အရမ်းတန်ဖိုးရှိတဲ့ အရာပဲ... စွမ်းအင်နဲ့ လောင်စာတွေကလည်း အတူတူပါပဲ..။အများအားဖြင့်တော့ လူသေရုပ်အလောင်းတွေကို အရည်ဖျော်ပြီး စွန့်ပစ်လိုက်ကြတာပဲ..။ ဒါတောင်မှ သူတို့ကို သတိရဖို့အတွက် အထူးနေရာလေးတစ်ခု ရှိတာက ကောင်းမွန်တယ်လေ..။ ဒီသစ်ပင်က ငါ့အတွက်တော့ အဲဒီလို နေရာမျိုးပေါ့..။ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက ငါ ဒီအပင်ပေါ်မှာ မျဉ်းနှစ်ကြောင်း ထွင်းခဲ့တယ်..။တစ်ကြောင်းက ငါ့အမေအတွက်၊ နောက်တစ်ကြောင်းက ငါ့အဖေအတွက်ပေါ့..”
သူ ရပ်လိုက်ပြီး သစ်ပင်ကို စိုက်ကြည့်နေမိတယ်..။သူ့မျက်နှာပေါ်မှာတော့ အဝေးတစ်နေရာကို ငေးမောနေတဲ့ အမူအရာမျိုး ပေါ်လာခဲ့ပါတယ်..။
အမှန်အတိုင်းပြောရရင် ဆန်နီ ဟာ မကြာသေးမီကပဲ သူ့အမေအကြောင်းကို အများကြီး တွေးနေမိတာပါ။ဒါကြောင့်လည်း ဒီပန်းခြံလေးဆီကို လာဖို့ ဆုံးဖြတ်ခဲ့တယ်..။ နစ်ဖီ ကို ခေါ်လာတာကတော့ နောက်မှ ရလာတဲ့ အတွေးတစ်ခုသာ ဖြစ်ပါတယ်..။ သူမကို မြို့ရဲ့ ဖုံးကွယ်ထားတဲ့ ဘက်ခြမ်းကို ပြလိုက်တာက သူမအတွက် တစ်ခုခု ကောင်းကျိုးရှိလိမ့်မယ်လို့ သူ စဥ်းစားခဲ့တာပါ..။ အနည်းဆုံးတော့ သူမကို အမြင်သစ်တစ်ခု ပေးနိုင်တာပေါ့..။
သစ်ပင်အောက်မှာ တိတ်ဆိတ်စွာ ရပ်နေကြစဥ်မှာပဲ နစ်ဖီ က အပင်ကို ခနလောက် လေ့လာကြည့်ပြီး ရုတ်တရက် ပြောလာခဲ့တယ်..။
“မျဉ်းက သုံးကြောင်း ရှိနေတာပဲ..”
ဆန်နီ က သူမကို ဇဝေဇဝါနဲ့ ကြည့်လိုက်ပြီး..
“ဘာလဲ..”
နစ်ဖီ က ပင်စည်ရဲ့ အောက်ခြေကို ညွှန်ပြလိုက်ပါတယ်..။
“တတိယမြောက် မျဉ်းတစ်ကြောင်း ရှိနေတယ်..”
သူ သူမကို ခဏလောက် စိုက်ကြည့်နေပြီးမှ အကြည့်လွှဲလိုက်တယ်..။
“အိုး..။ တတိယ မျဉ်းက ငါ့အတွက်လေ..။ ပထမ အိပ်မက်ဆိုး ကို ရင်ဆိုင်ဖို့ မထွက်ခွာခင်မှာ ငါ အဲ့ဒါကို ထည့်ထားခဲ့တာ..”
ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ခါတိုင်းလို တည်ငြိမ်တဲ့ လေသံနဲ့ မေးလိုက်တယ်..။
“နင် အဲဒါကို အောင်မြင်မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခဲ့ဘူးလား..”
ဆန်နီ ရယ်လိုက်တယ်..။
“ဘုရားသခင်တို့.. မရှိဘူးလေ..။ငါ သေမှာပဲလို့ အပိုင်တွက်ထားခဲ့တာ..။ တကယ်တော့ အဲ့အချိန်က သေဖို့အတွက်တောင် အဆင်သင့် ဖြစ်နေခဲ့ပြီ..။ အဲဒီတုန်းက... ငါက ဘဝအပေါ်မှာ ဘမရေရာတဲ့ စိတ်မျိုး ရှိနေခဲ့တယ် ထင်တယ်..။ ဆင်ခြေဖုံးရပ်ကွက်က လူတွေထဲမှာ သူတို့ရဲ့ အိပ်မက်ဆိုး တွေကနေ ရှင်သန်လာနိုင်တဲ့သူက အရမ်းနည်းပါတယ်..။ ငါတို့က ရုပ်ပိုင်းဆိုင်ရာအရ အားနည်းသလို..ပညာအရည်အချင်းကလည်း နိုင်ငံသားအစစ်တွေထက် နိမ့်ကျတယ်လေ..။ ဒီက ဒေသခံကျောင်းတွေကလည်း ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသမားတွေ ဖြစ်လာအောင် လေ့ကျင့်ပေးတာမျိုး မဟုတ်ကြဘူး..”
သူ ခနလောက် တိတ်သွားပြီးမှ ဆက်ပြောလိုက်တယ်..။
“တကယ်တော့ ဒါက ထူးဆန်းတယ်..။ ငါ ပထမ အိပ်မက်ဆိုး ကနေ လွတ်မြောက်ခဲ့တဲ့ အဓိက အကြောင်းရင်းက ငါ အသက်ရှင်ဖို့ကို တကယ်ကြီး ဂရုမစိုက်ခဲ့လို့ပဲ..။ ငါ သေတော့မယ်လို့ လက်ခံထားပြီးသား ဖြစ်နေတာကြောင့် ဘာကိုမှ သိပ်ပြီး စိုးရိမ်မနေတော့ဘူးလေ..။ ဘာပဲဖြစ်ဖြစ် ငါက ထိတ်လန့်တုန်လှုပ်နေမယ့်အစား တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်ခဲ့တယ်..။ ငါက ဘာခံစားချက်မှ မရှိတဲ့ အအေးစက်ဆုံး တွက်ချက်မှုတွေနဲ့ပဲ လှုပ်ရှားခဲ့တာပေါ့..”
ဆန်နီ သက်ပြင်းချလိုက်တယ်..။
“ဒါပေါ့... အဲ့ဒီလို သဘောထားမျိုးက အတိုင်းအတာ တစ်ခုအထိပဲ အသုံးဝင်တာပါ..။ အစပိုင်းမှာတော့ အဲဒါက ငါ့ကို ကူညီပေးခဲ့ပေမဲ့ လူသေတစ်ယောက်လို ပြုမူနေရုံနဲ့တော့ အဝေးကြီး မရောက်နိုင်ဘူးလေ..။ အိပ်မက်ဆိုး ရဲ့ လမ်းတစ်ဝက်လောက် ရောက်တော့မှ ငါ ရှင်သန်ချင်တယ်လို့ ရုတ်တရက် ဆုံးဖြတ်လိုက်မိတာ..။ အဲ့ဒီလို ဆုံးဖြတ်လိုက်ပြီးတဲ့နောက်မှာ... ငါ တကယ် တကယ်ကို ရှင်သန်ချင်သွားခဲ့တယ်..။ အဲ့ဒါကပဲ ငါ့ကို အခက်အခဲတွေကြားကနေ ဆက်သွားဖို့ တွန်းအားပေးခဲ့ပြီး နောက်ဆုံးမှာ လွတ်မြောက်လာစေခဲ့တာပဲ..”
သူက အထီးကျန်နေတဲ့ သစ်ပင်ကို ကြည့်လိုက်ပြီး ခနတွေဝေကာ ပြောလိုက်တယ်..။
“အဲဒီနောက်ပိုင်း ငါ ဒီကို တစ်ခါမှ ပြန်မရောက်ဖြစ်ခဲ့ဘူး..။ ငါ့အတွက် တတိယမြောက် မျဉ်းကို ထွင်းခဲ့တုန်းက တစ်နေ့မှာ ငါက မာစတာ တစ်ယောက်အနေနဲ့ ပြန်လာနိုင်မယ်လို့ စိတ်တောင်မကူးမိခဲ့ဘူး..။ အထူး မဟာဗျူဟာမြောက် ပိုင်ဆိုင်မှု ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အစိုးရရော ကလန်ကြီးတွေကပါ ငါ့ကို ပိုင်ဆိုင်ချင်လို့ လုနေကြရတဲ့အထိ တန်ဖိုးရှိတဲ့သူ ဖြစ်လာမယ်လို့ လုံးဝ မထင်ထားခဲ့ဘူးလေ..”
ဆန်နီ ခေါင်းခါယမ်ပြီး ပြုံးလိုက်တယ်..။
“...တကယ့်ကို ထူးဆန်းတဲ့ အလှည့်အပြောင်းပဲ၊ ဟုတ်တယ်မလား..”
အပိုင်း ( ၇၉၈ ) ပြီး၏။