← Chapters

အခန်း (၈၀၈-၈၁၀)

Vol. 54 Ch. 808-810

အခန်း (၈၀၈-၈၁၀)

Vol. 54 Ch. 808-810

အပိုင်း ( ၈၀၈ ) စောင့်မျှော်နေခဲ့သော စကားဝိုင်း

ဆန်နီ မျက်နှာရှုံ့မဲ့သွားခဲ့တယ်..။

နစ်ဖီ ပြောခဲ့တဲ့ စကားတွေက .. သူမနဲ့ ပတ်သက်သမျှ အရာအားလုံးလိုပဲ...အဓိပ္ပာယ်ရှိနေခဲ့တယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က အိပ်မက်ဆိုး အခိုက်အတန့် ကို ဖျက်ဆီးပစ်ချင်နေတာဖြစ်ပြီး အုပ်စိုးသူတွေ ကတော့ သူမရဲ့ လမ်းမှာ ပိတ်ဆို့နေခဲ့ကြတယ်..။ရဲတိုက်ရဲ့ ရက်စက်တဲ့ အရှင်သခင် ဂန်လောင် လိုပဲ...ဒီ အုပ်စိုးသူတွေကလည်း အခိုက်အတန့် ရဲ့ လက်အောက်ကနေ လွတ်မြောက်ဖို့ ကြိုးစားတာကို လက်လျှော့လိုက်ကြပုံရပြီး .. အခိုက်အတန့် က ပေးအပ်ထားတဲ့ ကြီးမားတဲ့ စွမ်းအားတွေနဲ့သာ ကျေနပ်နေကြတဲ့ပုံပါပဲ..။

ပိုပြီး ဆိုးဝါးတာက သူတို့ရဲ့ နေရာကို တစ်ခြားလူတွေ ခြိမ်းခြောက်နိုင်လောက်တဲ့အထိ မြင့်တက်မလာအောင် တားဆီးထားကြတာပါပဲ...။ အနည်းဆုံးတော့ အောက်ခြေကနေ ကြည့်တဲ့အချိန်မှာ အဲလို ပုံစံမျိုး ပေါက်နေခဲ့ပါတယ်..။ အုပ်စိုးသူတွေ မှာ သူတို့ရဲ့ လွှမ်းမိုးမူ နဲ့

မလှုပ်ရှားမှုတွေအတွက် တစ်ခြား အကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့ ဆန်နီ အတွက်တော့ သူတို့အကြောင်းကို သိဖို့မဖြစ်နိုင်ပါဘူး..။

ဒါက နစ်ဖီ အတွက်တော့ အရေးမကြီးပေ..။ သူမအတွက်တော့ သူတို့က ဖျက်ဆီးပစ်ရမယ့် အတားအဆီးတစ်ခု သက်သက်ပါပဲ..။ အင်မော်တယ် မီးတောက် ကလန် အတွက် ကလဲ့စားချေချင်တဲ့ သူမရဲ့ စိတ်ဆန္ဒနဲ့ သူမအဖေကို သစ္စာဖောက်ခဲ့သူတွေကို လက်စားချေချင်တဲ့ စိတ်တွေက ဒီလုပ်ရပ်တွေကို ပိုပြီး ချိုမြိန်နေစေခဲ့တယ်..။

သို့ပေမဲ့ သူမရဲ့ ရန်သူတွေက အရမ်း သန်မာလွန်းနေခဲ့ပါတယ်..။ သူမကိုယ်တိုင် အထွတ်အထိပ်အဆင့်ကို ရောက်လာမှသာ သူတို့ကို စိန်ခေါ်နိုင်မှာ ဖြစ်ပေမဲ့ အထွတ်အထိပ်အဆင့်ဆီ သွားတဲ့ လမ်းကြောင်းမှာလည်း သူမကို ဖျက်ဆီးပစ်ချင်တဲ့ လူတွေက စောင့်ကြပ်နေကြပါသေးတယ်..။ ဒီလို လမ်းပိတ်နေတဲ့ အခြေအနေမှာ သူမက အုပ်စိုးသူတွေရဲ့ ကိုယ်ပိုင်စွမ်းအားကို သုံးပြီး သူတို့ကို ပြန်နှိမ်နင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်..။

သူမက ရန်သူ့တွေထဲကို ဝင်ရောက်ပြီး အချိန်ကျလာတဲ့အခါမှာ ကြီးမြတ်တဲ့ ကလန် ကို အတွင်းပိုင်းကနေ တိုက်ခိုက်နိုင်မယ့် အနေအထားမျိုးမှာ ရှိနေချင်ခဲ့ပါတယ်..။

ဆန်နီ လေးလံစွာ သက်ပြင်းတစ်ချက် ချလိုက်မိတယ်..။

“ဒါဆို ငါ တည့်တည့်ပဲ ပြောတော့မယ်..။ နင်က ဗာလာ ကလန် ထဲကို ဝင်မယ်..။ အန်ဗီ ရဲ့ ယုံကြည်မှုကို ရဖို့အတွက်..ဆောင် ကလန် ပျက်စီးသွားတဲ့အထိ သူတို့ကို တိုက်ခိုက်ပေးမယ်..။ပြီးမှ နင့်ရဲ့ ဓားသွားကို သူ့ဘက် ပြန်လှည့်မယ်ပေါ့... ဟုတ်လား..”

နစ်ဖီ ခနလောက် ငြိမ်နေပြီးမှ ပုခုံးတွန့်လိုက်တယ်..။

“အကြမ်းဖျင်းအားဖြင့်တော့ အဲ့လိုပဲပေါ့..။ ဘာဖြစ်လို့လဲ..”

သူ မျက်နှာကို လက်နဲ့ ပွတ်လိုက်ပြီး..

“ဒါက တကယ့်ကို ဆိုးဝါးတဲ့ အစီအစဉ်ပဲ..။ဆွစ်ချိစ်က ဘာပဲဖြစ်ဖြစ်...ဒီအစီအစဉ်က ဆွစ်ချိစ် လိုပဲ... အပေါက်တွေ အများကြီး ရှိနေ​တာလေ..။ ဗာလာ က ဒီစစ်ပွဲမှာ နိုင်မယ်လို့ ဘယ်သူက အာမခံနိုင်လဲ..။ အန်ဗီ က နင့်ကို ခြိမ်းခြောက်မှုတစ်ခုလို့ မမြင်ဘဲ ယုံကြည်လာလိမ့်မယ်လို့ ဘယ်သူက ပြောလဲ..။နင်က သူ့ကို အရူးတစ်ယောက်လို့ ထင်နေတာလား..။ နင် သူ့ကို ဘယ်လောက်တောင် မုန်းနေမလဲဆိုတာ သူ သေချာပေါက် သိနေမှာပဲ.."

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို တည်ငြိမ်စွာ ကြည့်လိုက်တယ်..။

“ငါ သိတယ်..။ ဘယ်သူနိုင်မလဲဆိုတာ ငါကပဲ ဆုံးဖြတ်မှာ..။ သူ ငါ့ကို ယုံကြည်မလား၊ မယုံကြည်ဘူးလား ဆိုတာလည်း ငါကပဲ ဆုံးဖြတ်မှာ..။ အားလုံးက ငါ့အပေါ်မှာပဲ မူတည်နေတာ မဟုတ်ဘူးလား..။ ငါက ကြီးမြတ်တဲ့ ဆောင် ကလန် ကို ကျဆုံးစေချင်တယ်ဆိုရင် ကျိန်းသေ ကျရှုံးသွားအောင် လုပ်မှာပဲ..။ အန်ဗီ ရဲ့ ယုံကြည်မှုကို လိုချင်တယ်ဆိုရင် သူ ငါ့ကို ယုံကြည်လာအောင် လုပ်မှာပဲ..။ ငါက ဒီကိစ္စမှာ ဘေးကနေ ကြည့်နေမယ့်သူ မဟုတ်ဘူး ဆန်နီ..။ ငါက အနာဂတ်ကို ငါလိုချင်တဲ့ ပုံစံအတ်ိုင်း ပုံဖော်နိုင်စွမ်းရှိတယ် ..ဒါမှမဟုတ် အနည်းဆုံးတော့ ကြိုးစားကြည့်ရမှာပေါ့..။ သေချာတာပေါ့..အောင်မြင်ဖို့ အခွင့်အရေးကတော့ အရမ်းနည်းတယ်လေ..။ ဒါပေမဲ့ ကံတရားက ငါတို့ဘက်မှာ ရှိနေတယ် ဆိုရင်ရော.."

ဆန်နီ နှာခေါင်းရှုံ့လိုက်ပြီးမှ ခေါင်းခါလိုက်တယ်..။

“အဲဒါတော့ ပြောမှရမယ်..။ ငါတို့ရဲ့ ကံတရားက အမြဲတမ်း ဆိုးရွားနေတာပဲ..။ ဒါပေမဲ့ နင့် စိတ်ဆန္ဒမပါဘဲ အန္တရာယ်များတဲ့ နေရာကို ပစ်ချခံရတာ နဲ့ နင် ကိုယ်တိုင် အန္တရာယ်ထဲကို တိုးဝင်တာကတော့ မတူဘူးလေ..။ အရင်တုန်းကနဲ့ မတူတာက ငါတို့က အောက်ကျခံနေစရာ မလိုတော့ဘူးဆိုတာပဲ..။ နင်က ဒါကို ကိုယ်တိုင် ရွေးချယ်နေတာ.."

နစ်ဖီ ခေါင်းခါလိုက်တယ်..။

“အဲ့ဒါက နင် မှားနေတဲ့ အရာပဲ ဆန်နီ..။ ငါ့မှာ ရွေးချယ်စရာ ရှိနေသေးတယ်လို့ နင်က ထင်နေတာလား..။အခုချိန်ရောက်မှ ငါက နောက်ပြန်လှည့်လို့ ရဦးမယ်လို့ ထင်နေတာလား..။ အုပ်စိုးသူတွေ က ငါ့ကို အေးအေးဆေးဆေး နေခွင့်ပေးလိမ့်မယ်လို့ နင် ထင်နေတာလား..။မဟုတ်ဘူး... အရမ်းနောက်ကျသွားပြီ..။ နင် ပြောခဲ့သလိုပဲ..ဗာလာ ကလန် က သူတို့ ရသင့်ရထိုက်တဲ့ အသားစကို ရအောင် ယူဖို့ ဆုံးဖြတ်ထားပြီးပြီ..။ ငါ ရွေးချယ်နိုင်တာဆိုလို့ သူတို့ရဲ့ သွားတွေနဲ့ ဘယ်နေရာကို အကိုက်ခံမှာလဲ ဆိုတာပဲ.."

သူ သူမကို ခနလောက် စိုက်ကြည့်နေပြီးမှ ပြောလိုက်တယ်..။

“နင် တစ်ခုခုကို မေ့နေတာ မဟုတ်ဘူးလား..”

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က သူ့ကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်ပါတယ်..။

“ဘာကိုလဲ..”

ဆန်နီ ရှေ့ကို ခြေတစ်လှမ်း တိုးလိုက်ပြီး..

“ငါလေ..။နင် ငါ့ကို မေ့နေတာပဲ..။ငါလည်း

ဒီကိစ္စမှာ ပြောပိုင်ခွင့် ရှိတယ် မဟုတ်ဘူးလား... ချီးတဲ့မှပဲ”

သူမ ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။ နောက်ဆုံးမှာတော့ နစ်ဖီ က ပြောလာခဲ့ပါတယ်။

“ငါ နင့်ကို ဘာမှ အတင်းအကျပ် လုပ်ခိုင်းမှာမဟုတ်ဘူး.။ နင် ဆန္ဒမရှိဘူးဆိုရင် ငါနဲ့အတူ ဗာလာကလန်ထဲကို လိုက်ဝင်စရာ မလိုပါဘူး..”

သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာခဲ့တယ်..။

“အိုး... ကောင်းတာပေါ့..။ဒါပေမဲ့ အဲတာကတကယ်ပဲ မှန်လို့လား..။ဘာပဲဖြစ်ဖြစ် ငါတို့ကြားမှာ ချည်နှောင်မူက ရှိနေပြီးသားလေ..။ နင်တစ်ခုခု ကို မဆုံးဖြတ်ခင်အထိပဲ ငါက လွတ်လပ်ခွင့်ရနေမှာ မဟုတ်ဘူးလား..။တစ်နေ့မှာ နင်စိတ်မပြောင်းသွားပါဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ.."

နစ်ဖီ က သူ့ကို စက္ကန့်အတော်ကြာအောင် စိုက်ကြည့်နေခဲ့တယ်..။ ပြီးမှ သူမက သက်ပြင်းချလိုက်ပြီး လက်ပိုက်လိုက်ပါတယ်..။

“အော်... ဒီတော့ ပြသနာက ဒီကိစ္စပေါ့..”

ဆန်နီ အံကိုကြိတ်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်တယ်..။

“ဒီအကြောင်း ပြောနေပြီဆိုမှတော့ ဆက်ပြောကြရအောင်..။ ဒီစကားက ပြောသင့်နေတာ ကြာလှပြီ..။ဒီတော့... နစ်ဖီ..ပြောစမ်းပါဦး...ငါ့အပေါ်မှာ ရှိနေတဲ့ နင့်ရဲ့ အာဏာကို ဘာလုပ်ဖို့

စဥ်းစားထားလဲ.."

သူမရဲ့ မျက်နှာကတော့ ခံစားချက်မဲ့စွာ ရှိနေဆဲပါပဲ..။ နစ်ဖီ က သူ့ကို ခနလောက် အေးစက်စွာ ကြည့်လိုက်ပြီးမှ ပြောလိုက်တယ်..။

“...ဘာမှ မလုပ်ဘူး..။ငါ့အတွက် တစ်ခုခု လုပ်ပေးဖို့ နင့်ကို ဘယ်တော့မှ ထပ်ပြီး အမိန့်ပေးမှာ မဟုတ်ဘူး..”

နစ်ဖီ စကားမဆုံးခင်မှာပဲ ဆန်နီ က ပြန်ပြောဖို့ လုပ်လိုက်ပေမဲ့ ရုတ်တရက် ဆွံ့အသွားခဲ့တယ်..။ သူ ခနလောက် ငြိမ်နေပြီးမှ အသက်ကို ဝအောင် ရှူထုတ်လိုက်ပါတယ်..။

“ကောင်းပြီလေ... ကောင်းတယ်..။ ဘာလို့လဲဆိုတော့ နင်သာ ဒီလို လုပ်ဖို့ ကြိုးစားရင် ငါတို့နှစ်ယောက်ထဲက တစ်ယောက် သေရလိမ့်မယ်..။ ဒါက ခြိမ်းခြောက်တာ မဟုတ်ဘူး..အမှန်တရားကို ပြောပြတာပဲ..”

ရုတ်တရက်ဆိုသလို ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ မျက်လုံးထဲမှာ အဖြူရောင် မီးပွားတွေ တောက်လောင်လာခဲ့တယ်..။ သူမက ရှေ့ကို အနည်းငယ် တိုးလာခဲ့ပြီး ခံစားချက်တွေကို ကြိုးစား မျိုသိပ်ကာ ပြောလိုက်ပါတယ်..။

“အဲတာ ဘာလို့လဲဆိုတာ နင် သိလား..”

ရုတ်တရက် မသက်မသာ ခံစားလိုက်ရတာကြောင့် ဆန်နီ မျက်မှောင်ကြုတ်လိုက်တယ်..။

“ငါမသိဘူး..သိတယ်လို့လည်း ပြောလို့မရဘူးလေ။ ဘာလို့လဲ..”

သူမက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး သူ့အရှေ့မှာ ရပ်လိုက်တယ်..။ဒါက ကနေတုန်းကလိုပဲ တစ်ယောက်နဲ့တစ်ယောက် အတော်လေး နီးကပ်နေခဲ့ပါပြီ..။ သူမရဲ့ မျက်နှာက တည်ငြိမ်နေပေမဲ့ သူမရဲ့ မျက်လုံးတွေထဲမှာတော့ ပြင်းထန်တဲ့ မီးတောက်တွေ ပြည့်နှက်နေခဲ့တယ်..။

“...ဘာလို့လဲဆိုတော့ ငါ့နောက်ကို စိတ်မပါဘဲ လိုက်လာမယ့်သူ ဘယ်သူ့ကိုမှ ငါ မလိုအပ်လို့ပဲ..။ လူတွေ ငါ့နောက်ကို လိုက်ဖို့ အတွက် မှော်ဆန်တဲ့ လည်ပတ်တစ်ခု မလိုအပ်ဘူး..။ ငါ့အတွက် ကျွန်တွေလည်း မလိုဘူး..။ငါ့အတွက် ဒီလောက်နဲ့ မလုံလောက်ဘူး ဆန်နီ..။ ငါ့မှာ သစ္စာရှိမှုကို ရနိုင်တဲ့ အချိန်မှာ ဘာလို့ အတင်းအကျပ် စေခိုင်းနေရဦးမှာလဲ..။ ငါ့နောက်ကို လိုက်မယ့်သူတွေ...ငါ့ကို အလုပ်အကျွေးပြုမယ့်သူတွေ ၊ ငါ့စကား နားထောင်မယ့်သူတွေ အားလုံးက သူတို့ရဲ့ စိတ်ဆန္ဒအလျောက်ပဲ ရောက်လာကြလိမ့်မယ်..။ သူတို့တွေက အပြုံးတွေနဲ့ အလုပ်လုပ်ကြလိမ့်မယ်..။ တကယ်လို့ ငါက နင့်ကို ငါ့လူဖြစ်လာစေချင်တယ် ဆိုရင်လည်း နင်က ငါ့အတွက် ဖြစ်လာရမှာပဲ ဆန်နီ...။ ဒါက အတင်းအကျပ် ခိုင်းစေလို့ မဟုတ်ပဲ နင်ရဲ့ ကိုယ်ပိုင် စိတ်ဆန္ဒအလျောက် ဖြစ်လာလိမ့်မယ်..။ ဒါက... အမှန်တရားပဲ..”

သူမရဲ့ ရုတ်တရက် ပြင်းထန်လှတဲ့ စကားလုံးတွေကြောင့် ဆန်နီ ခနလောက် ကြောင်ပြီး စိုက်ကြည့်နေမိတယ်..။ ပြီးမှ သူ့မျက်နှာပေါ်မှာ ခေါင်းမာတဲ့ အမူအရာတစ်ခု ပေါ်လာခဲ့ပါတယ်..။

“နင်က ကိုယ့်ကိုယ်ကိုယ် အရမ်း အထင်ကြီးနေတာ မဟုတ်ဘူးလား..။ ငါ ဘာကို လိုချင်တယ်ဆိုတာ ဆုံးဖြတ်ပေးရအောင် နင်က ဘယ်သူမို့လို့လဲ..”

နစ်ဖီ က သူ့ကို ကြည့်လိုက်ပြီးမှ တစ်ဖက်ကို လှည့်ကာ သက်ပြင်းချလိုက်တယ်..။

“ငါက... ငါက ဒီကမ္ဘာပေါ်မှာ နင့်အကြောင်း

အသိဆုံး လူပဲ..ဆန်နီ..။ ကမ္ဘာနှစ်ခုလုံးမှာ ဆိုရင်တောင်မှပေါ့..."

သူမ ခနလောက် ငြိမ်နေပြီးမှ တီးတိုး ထပ်ပြောလိုက်တယ်..။

“ငါ ပြောခဲ့သလိုပဲ..ငါ နင့်ကို ဘာမှ အတင်းအကျပ် လုပ်ခိုင်းမှာ မဟုတ်ဘူး..။ ဒါပေမဲ့ နင် ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငါတို့ရဲ့ ကံကြမ္မာတွေက ချည်နှောင်ထားပြီးပြီ..။ဒါက နင့်ရဲ့ ဂဏ္ဍ စွမ်းရည် နဲ့လည်း ဘာမှမဆိုင်ဘူး..။ အမှန်အတိုင်း ပြောရရင် အကယ်ဒမီရဲ့ တံခါးပေါက်ရှေ့မှာ စတွေ့ခဲ့တဲ့ အချိန်ကတည်းက ဒီလိုဖြစ်သွားတာပဲ..။ဒါက ငါတို့က မသိကြတာပဲရှိတယ်..။ နင် ဒီကံတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး..”

‘ကံကြမ္မာကနေ... မလွတ်မြောက်နိုင်ဘူး တဲ့လား..’

ဆန်နီ ဟာ နစ်ဖီ ကို အကြာကြီး စိုက်ကြည့်နေပြီးမှ နက်မှောင်စွာ ပြုံးလိုက်တယ်..။

“ငါ့ကို စောင့်ကြည့်နေလိုက်..”

ဒီလိုပြောပြီးတာနဲ့ သူက အရိုးပုလွေကို ဖယ်ရှားလိုက်ပြီး မီးဖိုချောင်ထဲကနေ ထွက်သွားခဲ့ပါတယ်..။

ကော်ရစ်ဒါကို ရောက်တဲ့အခါမှာတော့ ဆန်နီ ဟာ လျှောက်ထွက်လာခဲ့တယ်..။ သူ့ရဲ့ နှာခေါင်းက မငြိမ်မသက် ဖြစ်နေပြီး မျက်နှာပေါ်မှာလည်း ဒေါသထွက်တဲ့ အမူအရာတစ်ခု ရှိနေခဲ့ပါတယ်..။

သူက လမ်းလျောက်နေတုန်းမှာပဲ ဆက်သွယ်ရေး ကိရိယာကို ထုတ်လိုက်ပြီး ရင်းနှီးတဲ့ နံပါတ်တစ်ခုကို နှိပ်လိုက်တယ်..။

ခနအကြာမှာတော့ အမျိုးသမီးတစ်ယောက်ရဲ့ အသံက ထွက်ပေါ်လာခဲ့ပါတယ်..။

“ဆန်နီလား..။ အံ့သြစရာ ကောင်းလိုက်တာ..။ နင့်ဆီက ဖုန်းဝင်လာတာ တကယ် ဝမ်းသာမိတယ်..”

သူ ခနလောက် တွေဝေနေပြီးမှ အသက်ကို ဝအောင် ရှူသွင်းလိုက်တယ်..။

ယင်းနောက် ဆန်နီ က ပြုံးလိုက်ပြီး ရင်းနှီးဖော်ရွေတဲ့ လေသံနဲ့ ပြန်ဖြေလိုက်ပါတယ်..။

“မာစတာ ဂျက်လား..။အင်း... ကျွန်တော် မေးစရာလေး တစ်ခု ရှိလို့..”

သူ တစ်စက္ကန့်လောက် ရပ်လိုက်ပြီးမှ မေးလိုက်တယ်..။

“...အန္တာတိက မှာ အတော်အေးလား..”

အပိုင်း ( ၈၀၈ ) ပြီး၏။

အပိုင်း ( ၈၀၉ ) စစ်မှန်သော ခွန်အား

ဆန်နီ ဟာ စိတ်တိုပြီး ဒေါသထွက်နေခဲ့တယ်..။နောက်တစ်ကြိမ် ဆိုသလိုပဲ နစ်ဖီ နဲ့ စကားပြောရတာက သူ့ရဲ့ စိတ်တည်ငြိမ်မှုကို ပျက်ပြားစေခဲ့ပြန်ပါပြီ..။

…သို့ပေမဲ့ သူ ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကတော့ စိတ်လိုက်မာန်ပါ လုပ်လိုက်တာ မဟုတ်ပါဘူး..။

သူ့မှာ ပြင်းထန်တဲ့ ခံစားချက်တွေ ရှိနေရင်တောင်မှ ခေါင်းအေးအေးထားနိုင်တဲ့ တည်ငြိမ်မှုမျိုး ရှိနေပါသေးတယ်..။ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲတွေနဲ့ ဆိုးရွားတဲ့ ပဋိပက္ခတွေက သူ့ကို ဘယ်လိုအချိန်မှာမဆို ခေါင်းအေးအေးထားတတ်ဖို့ သင်ကြားပေးခဲ့တာပါ..။

ဒါကြောင့် သူ့ရဲ့ ရွေးချယ်မှုက အေးစက်ကာ တွက်ချက်ထားပြီးသား ဖြစ်နေခဲ့တယ်..။

သူတို့ စကားပြောပြီးတဲ့ အချိန်မှာတော့ အချက်နှစ်ချက်က ရှင်းရှင်းလင်းလင်း ဖြစ်သွားခဲ့ပါပြီ..။

ပထမအချက်ကတော့ အရမ်း ရိုးရှင်းပါတယ် ။ နစ်ဖီ က ကြီးမြတ်တဲ့ ဗာလာ ကလန် ထဲကို ဝင်ဖို့ ရည်ရွယ်ထားပြီး ဆန်နီ ကတော့ အဲ့ဒီကိစ္စနဲ့ လုံးဝ မပတ်သက်ချင်တာပါပဲ..။

ဒါက ကျယ်ပြန့်တဲ့ အသိပညာတွေ၊ လက်နက်တိုက်တွေနဲ့ အရင်းအမြစ်တွေကို အသုံးချနိုင်ဖို့အတွက် အားကောင်းပြီး ကြွယ်ဝတဲ့ ကလန်တစ်ခုရဲ့ လက်အောက်ခံ အဖြစ် ဝင်ရောက်လိုက်တာ မျိုးပါပဲ..။ဆန်နီက လွတ်လွတ်လပ်လပ် နေဖို့ကို လိုလားတဲ့ လူတစ်ယောက်ဖြစ်ပေမယ့်..သူ ကိုယ်တိုင်လည်း ဒီလို အကြံအစည်မျိုးကို စဉ်းစားခဲ့ဖူးပါတယ်..။

သို့ပေမယ့် ကြောက်စရာကောင်းတဲ့ ရန်သူနဲ့ သွေးသံတရဲရဲ စစ်ပွဲတစ်ခုကို ဆင်နွှဲတော့မယ့်..ကလန်ထဲကို ဝင်ဖို့ဆိုတာကတော့ လုံးဝကို မတူညီတဲ့ အရာဖြစ်သွားပါပြီ..။ ပိုပြီး ဆိုးတာက ဗာလာ ကလန် ရဲ့ အခြေအနေက သိပ်ပြီး

မဟန်ပါဘူး..။ သူတို့ရဲ့ ရန်သူဖြစ်တဲ့ ကြီးမြတ်တဲ့ ဆောင် ကလန် က အရာအားလုံးကို အသာစီး ရယူထားခဲ့ကြတယ်..။

ဒီထက် ပိုဆိုးတာကတော့ နောက်ပိုင်းမှာ သစ္စာဖောက်ဖို့ အစီအစဉ်ရှိရဲ့သားနဲ့ ဒီ စစ်ဖြစ်နေတဲ့ အုပ်စုထဲကို ဝင်ဖို့ စဉ်းစားတာပါပဲ..။ နစ်ဖီ ကတော့ အချိန်တန်ရင် ကြီးမြတ်တဲ့ ကလန် တစ်ခုတင်မကပဲ.. နှစ်ခုစလုံးကို တိုက်ခိုက်ဖို့အထိတောင် ရည်မှန်းထားခဲ့တယ်..။

သူမကတော့ ရည်မှန်းချက်တွေ ၊ယုံကြည်ချက်တွေ အပြည့်ရှိနေပေမဲ့ ဆန်နီ ကတော့ အေးအေးဆေးဆေးပဲ နေချင်တာပါ..။သူမ နောက်ကနေ လိုက်ပြီး.. နဂါးတစ်ကောင် ရဲ့ ပါးစပ်ထဲ ဝင်ဖို့အတွက်က သူ့ဆီမှာ ဘာအကြောင်းပြချက်မှ ရှိ​မနေခဲ့ပါဘူး..။ထပ်ပြောရရင် သူမက ဗာလာ ကလန် ထဲ ဝင်လိုက်တာကြောင့်..သူ့ကို ဒီသောက်ကျိုးနည်း ညှိနှိုင်းမှုတွေထဲ ရောက်အောင် အတင်းအကျပ် တွန်းပို့ခဲ့တဲ့ အခြေအနေက ပြေလည်သွားခဲ့ပါပြီ..။

ဗာလာ ကလန် က ဒီအဖွဲ့ထဲက တစ်ယောက်ကိုပဲ ခေါ်ယူဖို့ သဘောတူထားခဲ့ပြီး ပြောင်းလဲနေတဲ့ ကြယ်ပွင့် ကလည်း အဲ့ဒီလူ ဖြစ်လာဖို့ ဆန္ဒရှိနေမှတော့ သူက ဘာလို့ ငရဲထဲကို လိုက်ဆင်းသွားရဦးမှာလဲ..။

အတိုချုပ်ပြောရရင် ဆန်နီ့ ရဲ့ နှလုံးသားထဲမှာ ဆန့်ကျင်ဘက် ခံစားချက်တွေ ဘယ်လောက်ပဲ ပြင်းထန်နေပါစေ အခြေအနေကတော့ ရှင်းပါတယ်..။ ကြီးမြတ်တဲ့ ကလန် အတွက် အမူထမ်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိတော့တာကြောင့် ဒီအချိန်က သူ နောက်ဆုတ်ပြီး ထွက်သွားဖို့အတွက် အကောင်းဆုံး အခွင့်အရေးပါပဲ..။သူသာ ဒီအရာကို အသုံးမချဘူးဆိုရင် အရူးတစ်ယောက် ဖြစ်တော့မှာပါ..။

…သေချာတာပေါ့၊ လက်တွေ့မှာတော့ အရာအားလုံးက အနည်းငယ် ပိုရှုပ်ထွေးပါတယ်..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် ပြောခဲ့တာတွေက သူ့ကို ဒေါသထွက်စေခဲ့ပေမဲ့ သူမ ပြောတာလည်း မမှားပါဘူး..။ သူတို့ရဲ့ ကံကြမ္မာတွေက အမှန်တကယ်ပဲ..ရစ်ပတ်နေခဲ့ပြီးပါပြီ..။

တစ်နှစ်တည်းမှာပဲ နတ်ဘုရားအဆင့် နဲ့ တစ်ယောက်ကိုတစ်ယောက် ဖြည့်ဆည်းပေးနိုင်တဲ့

ဂဏ္ဍစွမ်းရည် တွေကို ရရှိခဲ့တာတွေ၊ အကယ်ဒမီ တံခါးဝမှာ ဆုံတွေ့ခဲ့တာကနေ မေ့လျောက်ကုန်းမြေ ရဲ့ သေးငယ်တဲ့ နေရာလေးတစ်ခုဆီကို အတူတူ ပို့ဆောင်ခံခဲ့ရတာတွေအထိ... ဒါတွေက တိုက်ဆိုင်မှု ဟုတ်ဟုတ် မဟုတ်ဟုတ်.. သူတို့ရဲ့ ဆက်နွယ်မှုက အရိပ်နှောင်ကြိုး ထက်တောင် ပိုပြီး နက်ရှိုင်းနေပါသေးတယ်..။

နစ်ဖီ သူ့လမ်းကြောင်းပေါ် ရောက်လာခဲ့တာက သူ့ရဲ့ မွေးရာပါ စွမ်းရည် ဖြစ်တဲ့ [ကံစီမံရာ] ကြောင့်လို့ ဆန်နီ သံသယဖြစ်မိပါတယ်..။ ဆန်နီ က ကံကြမ္မာကို ဆန့်ကျင်ချင်ပေမဲ့လည်း

ကံတရားရဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်ဖို့ အတွက် အဆင်သင့် ဖြစ်နေပြီလို့ ထင်ရလောက်အောင်အထိတော့ မမောက်မာသေးပါဘူး..။

သူ ဘာကိုပဲ ရွေးချယ်ပါစေ ပြောင်းလဲနေတဲ့ ကြယ်ပွင့် နဲ့ ပြန်လည် ဆုံတွေ့ရဦးမှာကိုတော့ မြင်ယောင်နေမိတယ်..။ ကြီးမြတ်တဲ့ ကလန်တွေရဲ့ အကြည့်အောက်ကနေ လွတ်အောင် ပြေးဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလို့ သူမ ပြောခဲ့တာ မှန်ပါတယ်။ဒါက သူမအတွက် ပိုမှန်တယ်ဆိုပေမဲ့ ဆန်နီ အတွက်လည်း မှန်တာပါပဲ..။

သူ့ရဲ့ လျင်မြန်တဲ့ တိုးတက်မှုတွေ၊ အထူး မဟာဗျူဟာမြောက် အရင်းအမြစ် အဖြစ် သတ်မှတ်ခံရတာတွေ အပြင် နစ်ဖီ.. မော်ဒရက် တို့နဲ့ပါ ပတ်သက်မူရှိနေတာကြောင့် အုပ်စ်ိုးသူတွေနဲ့ သူတို့ရဲ့ နယ်ပယ်ကို ထိတွေဖို့ဆိုတာက အချိန်တစ်ခုပဲ လိုအပ်ပါတယ်။ဒါတောင် သူက အရိပ်နတ်ဘုရား နဲ့ ဝီဗာ အကြောင်းကို ထည့်မပြောရသေးပါဘူး ။ နစ်ဖီ က ဗာလာ ထဲ ဝင်သွားပြီး ဆန်နီ က မဝင်ရင်တောင် သူတို့နှစ်ယောက်က မကြာခင်မှာ ပြန်ဆုံကြရဦးမှာပါ..။

ဒီတော့ မေးခွန်းက သူတို့ကြားမှာ ပတ်သက်မှု ရှိသေးလား ဆိုတာထက် သူတို့ရဲ့ အနာဂတ် ဆက်ဆံရေးက ဘယ်လို ပုံစံမျိုး ဖြစ်မလဲ ဆိုတာပါပဲ..။

... ဆန်နီ အနေနဲ့ ဒီအရာကို သူ လိုချင်တဲ့ ပုံစံမျိုး ဖြစ်လာအောင် ဘာတွေ လုပ်နိုင်လောက်မလဲ..။

သူတို့ စကားပြောရင်းကနေ ထွက်ပေါ်လာတဲ့ အရေးကြီးဆုံး အချက်ကတော့ ဆန်နီ အပေါ်မှာ ရှိနေတဲ့ အာဏာနဲ့ ပတ်သက်တဲ့ နစ်ဖီ ရဲ့ ရည်ရွယ်ချက်ပါပဲ..။

ဆန်နီ က ဒီအရေးကြီးတဲ့ ဆွေးနွေးမှုကို ရှောင်လွှဲပြီး သဲထဲမှာ ခေါင်းနှစ်ထားခဲ့တာ ရက်သတ္တပတ်ပေါင်းများစွာ ကြာခဲ့ပါပြီ..။ဒီအတွက် ရလဒ်အနေနဲ့ အဲဒီ ရက်သတ္တပတ်တွေက... သူ့ဘဝမှာ အပျော်ရွှင်ဆုံး အချိန်တွေ

ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..။ ဒါပေမဲ့ သူ့ရဲ့ လုပ်ရပ်တွေကြောင့်ပဲ နောက်ဆုံးမှာတော့ အရာအားလုံးက သူ့မျက်နှာကို ပြန်ရိုက်သလို ဖြစ်လာခဲ့တယ်..။

နစ်ဖီ က သူမအနေနဲ့ သူ့ကို နောက်ထပ် ဘယ်တော့မှ အမိန့်ပေးမှာ မဟုတ်ဘူးလို့ တိတိကျကျ ပြောခဲ့တာပါ..။ ဒါက သူမရဲ့ကိုယ်ကျင့်တရား ကြောင့် မဟုတ်ဘဲ... သူမရဲ့ အဆင့်အတန်းနဲ့ ဒီလိုလုပ်ရပ် လုပ်ရတာ မတန်ဘူးလို့ ယူဆလို့ပါပဲ..။

ပြောင်းလဲနေတဲ့ ကြယ်ပွင့် က စိတ်ဆန္ဒ မပါတဲ့ကျွန်တစ်ယောက်ကို အလိုမရှိပါဘူး..။ သူမက တစ်စုံတစ်ယောက်ကို နာခံလာဖို့အတွက် အတင်းအကြပ်စေခိုင်းရတာကို စက်ဆုပ်နေခဲ့တာပါ..။ အဲဒီအစား လူတွေက သူတို့ရဲ့ ကိုယ်ပိုင်စိတ်ဆန္ဒ အလျောက်..သူမနောက်ကို လိုက်လာဖို့ကိုပဲ သူမက စီစဉ်ထားခဲ့ပါတယ်..။ တစ်စုံတစ်ယောက်ကို ကျွန်ပြုမယ့်အစား လူတွေက သူတို့ရဲ့ သဘောဆန္ဒအလျောက် သူမဆီကို အညံ့လာအောင်လုပ်ပြီး ချည်နှောင်ထားရတာကိုပဲ သူမက ပိုနှစ်သက်တာပါ။

နစ်ဖီ က သူ့ကို ဘာမှ အတင်းအကျပ် မလုပ်ခိုင်းဘူးလို့ ပြောခဲ့ပေမဲ့ နောက်ဆုံးမှာတော့ သူက သူမနောက်ကို ကိုယ့်သဘောနဲ့ကို လိုက်လာလိမ့်မယ်လို့ သေချာနေတဲ့ပုံပါပဲ..။

ဆန်နီ့ အတွက်တော့ ဒီအချက်ကပဲ သူတို့ရဲ့ဆက်ဆံရေးမှာ အဓိက ပြဿနာ ဖြစ်နေခဲ့တာပါ..။

နစ်ဖီ က သူ့ကို တန်ဖိုးထားတယ်လို့ သူ ယုံကြည်ထားပါတယ်..။ သူမက သူ့ကို လေးစားတာတောင် ဖြစ်နိုင်ပါသေးတယ်..။ ဒါပေမဲ့ ဒီအရာတွေ ရှိနေတယ်ဆိုရင်တောင် သူမက သူ့ကို နောက်လိုက် တစ်ယောက်အဖြစ် မြင်နေဆဲပါပဲ..။

…နောက်လိုက် တစ်ယောက်ကတော့ ဘယ်တော့မှ တူညီတဲ့အဆင့်မှာ မရှိနိုင်ပါဘူး..။

‘ချီးတဲ့မှပဲ..’

အဆိုးဆုံးကတော့ သူမရဲ့ ရပ်တည်ချက်က အခြေအမြစ် မရှိတာမျိုး မဟုတ်ပေ..။

ဆန်နီ အကူညီမဲ့စွာပဲ အယ်ဖီ နဲ့ စကားပြောခဲ့တာကို ပြန်စဥ်းစားလိုက်မိတယ်..။မုဆိုးမိန်းကလေး ပြောခဲ့တာကတော့ သူ့မှာ မရှိတဲ့အရာက နစ်ဖီ ဆီမှာ ရှိနေတာကြောင့် သူ့အနေနဲ့ ဘယ်တော့မှ နစ်ဖီထက် ပိုသန်မာလာနိုင်မှာ မဟုတ်ဘူး ဆိုတာပါပဲ..။

အဲဒါကတော့ ယုံကြည်ချက် ပါပဲ.။

ဆန်နီ ဟာ သူမရဲ့ စေတနာပါတဲ့ မှတ်ချက်ကို လျစ်လျူရှုချင်မိခဲ့ပါတယ်..။ ဒါပေမဲ့ သူ့မှာ ပြင်းပြတဲ့ ကြိုးစားမှုတွေ ရှိနေတာတောင် ၊ နစ်ဖီ ကို အမှီလိုက်ဖို့ အတွက် အကြိမ်ပေါင်းများစွာ အသက် အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရတာတောင်.. သူတို့နှစ်ယောက်ကြားက စွမ်းအားနဲ့ အောင်မြင်မှုတွေက သိသိသာသာ ကွာဟနေတယ် ဆိုတာကို ငြင်းလို့မရခဲ့ပါဘူး။

သူ့ရဲ့ ဆုံးဖြတ်ချက် တွေက ခိုင်မာမူ မရှိဘူးလို့တော့ သူ မထင်မိပေ..။ သူ့လောက် ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး ဒုက္ခခံနိုင်တဲ့သူက အနည်းငယ်လောက်ပဲ ရှိတယ်ဆိုတာ နတ်ဘုရားတွေ သိကြမှာပါ..။

သို့ပေမဲ့ ပြောင်းလဲနေတဲ့ ကြယ်ပွင့် နဲ့ နောက်ဆုံး စကားပြောဖြစ်ခဲ့တာကနေတဆင့် သူ့ဆီ မှာ ဘာတွေ လိုအပ်နေလဲဆိုတာကို ဆန်နီ သိမြင်သွားခဲ့ပါတယ်..။

ဆန်နီ ရဲ့ အမြင်အရတော့ သူ့ရဲ့ ယုံကြည်ချက်က နစ်ဖီ ထက် မလျော့ကျပါဘူး..။ ဒါပေမဲ့ သူ့ရဲ့ ရည်မှန်းချက်တွေ အားလုံးက သူ့အတွင်းပိုင်းအတွက်ပဲ ဖြစ်နေခဲ့တာပါ..။ သူ လုပ်သမျှ အရာအားလုံးက..ဖြစ်ပျက်လာတဲ့ အရာတွေအပေါ်မှာ တုံ့ပြန်တာပဲ ရှိနေပါသေးတယ်..။ သူက တစ်ခုခုကို ရအောင် ကြိုးစားနေတာ မဟုတ်ပဲ အဲဒီအရာကနေ ရှောင်ထွက်ဖို့ နဲ့ လွတ်အောင် ပြေးဖို့ပဲ ကြိုးစားနေမိတာပါ..။ အန္တရာယ်ကနေ လွတ်မြောက်ဖို့၊ ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်ဖို့၊ ကံကြမ္မာကနေ လွတ်မြောက်ဖို့... သူက အမြဲတမ်း တုံ့ပြန်သူ အဆင့်မှာပဲ ရှိနေခဲ့ပါတယ်..။

တစ်ဖက်မှာတော့ နစ်ဖီ က အမြဲတမ်း လုပ်ဆောင်သူ တစ်ယောက် ဖြစ်နေခဲ့တယ်..။ သူမက သူမကိုယ်တိုင်ထက် ပိုကြီးမားတဲ့ ရည်မှန်းချက်တစ်ခုကို အမြဲတမ်း လိုက်လံ အကောင်အထည်ဖော်နေခဲ့တာပါ..။ ရလဒ်အနေနဲ့ သူမရဲ့ ယုံကြည်ချက်က သူမကို ပြင်ပအင်အားတစ်ခုလို ရှေ့ကို တွန်းပို့ပေးနေခဲ့တာဖြစ်ပြီး ဆန်နီ ကတော့ ရှေ့ကို တွန်းပို့ပေးမယ့် အရာမရှိဘဲ သူ့ဘာသာသူ အတင်းရုန်းကန် တက်နေရသလို ဖြစ်နေခဲ့ပါတယ်..။

ဒါကြောင့်ပဲ သူက အမြဲတမ်း နောက်ကျနေဖို့ ကံပါနေခဲ့တာပါ..။ ရုပ်ဝတ္ထု ပစ္စည်းတွေကို ပိုင်ဆိုင်ချင်တယ်၊ လွတ်လွတ်လပ်လပ် နေချင်တယ်..

စတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အလိုဆန္ဒတွေက ပြောင်းလဲနေတဲ့ ကြယ်ပွင့် ရဲ့ ရူးသွပ်ပြီး မဖြစ်နိုင်တဲ့ အိပ်မက်က သူမကို တွန်းပို့ပေးနေသလိုမျိုး ..သူ့ကို တွန်းအားပေးနိုင်မှာ မဟုတ်ပါဘူး..။

…အနည်းဆုံးတော့ အခုလောလောဆယ် သူ တွေးနေတာက အဲ့ဒီလိုပါပဲ..။

ဒါတွေက အဓိပ္ပာယ်မရှိတဲ့ အရာတွေလည်း ဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဆန်နီ ကတော့ တူညီတဲ့ စွမ်းအားရှိတဲ့ တွန်းအားတစ်ခုကို ရှာဖွေဖို့ ဆုံးဖြတ်ထားပြီးပါပြီ..။ အဲ့ဒါက သူ့ကို ကူညီနိုင်မလား၊ မကူညီနိုင်ဘူးလား ဆိုတာထက်... ဘာပဲဖြစ်ဖြစ် သူကတော့ အဆင့်တူ တစ်ယောက်အစား တန်ဖိုးရှိတဲ့ နောက်လိုက် တစ်ယောက်အဖြစ် အမြင်ခံနေရတာကို မကျေနပ်နိုင်ပါဘူး..။ သူက ပိုပြီးတော့၊ အများကြီး ပိုပြီးတော့ သန်မာလာဖို့ ဆုံးဖြတ်ထားပြီးသားပါ..။တကယ်လို့ ယုံကြည်ချက် ကသာ သူ့ရဲ့ တိုးတက်မှုကို မြန်ဆန်စေမယ်ဆိုရင် သူ အဲ့ဒါကို စမ်းသပ်ကြည့်ဖို့ ဆန္ဒရှိပါတယ်..။

ဒါပေမဲ့ ယုံကြည်ချက် ဆိုတာကို ဘယ်မှာ သွားရှာရမှာလဲ..။

အင်း... အန္တာတိက မှာ ရှိတဲ့ သန်းပေါင်း ရာနဲ့ချီတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားတာက စတင်ဖို့ ကောင်းတဲ့ နေရာတစ်ခု ဖြစ်လိမ့်မယ်လို့ ဆန်နီ သေချာပေါက် ယုံကြည်နေခဲ့တယ်..။

စစ်မှန်တဲ့ စွမ်းအားကို ရှာဖွေဖို့အတွက် သူ သွားမယ့် နေရာကတော့ အဲ့ဒီနေရာပါပဲ..။

အပိုင်း ( ၈၀၉ ) ပြီး၏။

အပိုင်း ( ၈၁၀ ) လျှို့ဝှက်လက်ဆောင်

ရက်အနည်းငယ် ကြာပြီးနောက်မှာတော့ ဆန်နီ ဟာ သူ့ရဲ့ ဧည့်ခန်းကို ထူးဆန်းတဲ့ အမူအရာနဲ့ စိုက်ကြည့်နေခဲ့တယ်..။

အရာအားလုံးကတော့ အခြေကျသွားခဲ့ပါပြီ..။ သူဟာ နောက်ထပ် ရှည်လျားတဲ့ ခရီးတစ်ခုကို ထွက်ခွာတော့မှာပါ...။ ဒီတစ်ခါတော့ အိပ်မက်နယ်မြေ မဟုတ်ဘဲ နိုးထခြင်းကမ္ဘာ ထဲမှာပေါ့..။ တစ်နည်းအားဖြင့် ဒါက အိပ်မက်ဆိုးတစ်ခုထက်တောင် ပိုပြီး ဆိုးရွားလာနိုင်တယ်လို့ ခံစားနေရပါတယ်..။

‘ဘာပဲဖြစ်ဖြစ်လေ..’

ကံကြမ္မာနဲ့ ယုံကြည်ချက် ဆိုတဲ့ ကြီးကျယ်တဲ့ ကိစ္စရပ်တွေကို ခနဘေးဖယ်ထားရင်တောင်

အန္တာတိက ဟာ သူ သန်မာလာဖို့အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်နေဆဲပါပဲ..။ အခုဆိုရင် ဆန်နီ က မာစတာ တစ်ယောက် ဖြစ်နေပြီမို့ အရိပ်အပိုင်းအစ တွေကို စုဆောင်းဖို့က အရင်လို မလွယ်ကူတော့ပါဘူး..။ ကျဆုံးခြင်းအဆင့် အိပ်မက်ဆိုး သတ္တဝါတွေ ဒါမှမဟုတ် အဲထက် ပိုသန်မာတဲ့ အရာတွေကပဲ သူ့အတွက် အသုံးဝင်မှာပါ..။

ဒီလို သတ္တဝါအုပ်စုတွေကို ရှာဖွေဖို့ အခက်အခဲ ဖြစ်နေတဲ့ချိန်မှာပဲ... အဆုံးမရှိတဲ့ မိစ္ဆာအုပ်ကြီးတွေရဲ့ ဝါးမြိုခြင်းကို ခံရတော့မယ့် တောင်ပိုင်း စတုတ္ထ ဝန်းရံခြင်း နယ်မြေကတော့ အကောင်းဆုံး အခွင့်အရေးတစ်ခုပါပဲ..။အဲဒီမှာ သူက တိုင်းရန့် တစ်ယောက် ဖြစ်လာဖို့အတွက် ကြိုးစားနိုင်ရုံတင်မကဘဲ..သူ့ရဲ့ အရည်အချင်းတွေကို စမ်းသပ်ပြီး စွမ်းရည်တွေကိုလည်း ထက်မြက်အောင် လုပ်နိုင်ပါလိမ့်မယ်..။ထပ်ပြောရရင် ဝီဗာရဲ့ ပညာရပ်ကို ဆက်ပြီး လေ့ကျင့်ဖို့ လိုအပ်နေတဲ့ ဝိဥာဉ် အပိုင်းအစတွေကိုလည်း အများကြီး စုဆောင်းနိုင်ဦးမှာပါ..။

ဒါကြောင့် ဆန်နီ က သူ့ပစ္စည်းတွေကို သိမ်းဆည်းပြီး ထွက်ခွာဖို့ ပြင်ဆင်နေခဲ့တယ်။

အခြေအနေကတော့... အလောတကြီး ထွက်ပြေးရမယ့် အခြေအနေမျိုး ကြုံလာရင် အဆင်သင့်ဖြစ်အောင် ကပွဲမတိုင်ခင်ကတည်းက သူ ဒါတွေ အားလုံးကို ပြင်ဆင်ပြီးသား ဖြစ်နေတာပါပဲ..။ ဆန်နီ က ဘယ်လောက်တောင် သေချာ ပြင်ဆင်ထားသလဲဆိုရင် အခုချက်ချင်း တံခါးကနေ ထွက်သွားပြီး ပျောက်ကွယ်သွားလို့တောင် ရနေခဲ့ပါပြီ..။

‘ဟင်း.. ထူးဆန်းလိုက်တာ..’

သူ သက်ပြင်းချလိုက်ပြီး ရေခဲသေတ္တာထဲမှာ ပုပ်သိုးသွားနိုင်တဲ့ အရာတစ်ခုခု ကျန်နေခဲ့သလား ဆိုတာကို နောက်တစ်ကြိမ် ပြန်စစ်ဆေးလိုက်တယ်..။

‘မရှိတော့ဘူး..အကုန် ရှင်းပြီးသားပဲ..’

သူ့ရဲ့ ဆက်သွယ်ရေး ကိရိယာ က တုန်ခါသွားပြီး သတင်းတစ်ခု ပေါ်လာခဲ့ပါတယ်..။ ကွန်ရက်ပေါ်က ဆောင်းပါး ခေါင်းစဉ်တစ်ခုက သူ့မျက်စိရှေ့မှာ ပေါ်လာခဲ့တယ်..။

“ထူးခြားသတင်း..လူငယ် သူရဲကောင်းမလေး တစ်ယောက်ကို သူမ အဖေရဲ့ ရဲဘော်ရဲဘက်ဖြစ်သူက မွေးစားလိုက်ပြီ..။ ပြောင်းလဲနေတဲ့ ကြယ်ပွင့် က ကြီးမြတ်တဲ့ ဗာလာ ကလန် နဲ့ လက်တွဲလိုက်ပြီ..”

သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းက တွန့်ခနဲ ဖြစ်သွားခဲ့တယ်..။

အဲ့အချိန်မှာပဲ တံခါးပွင့်သွားပြီး အယ်ဖီ နဲ့ ကိုင် တို့ ဝင်လာခဲ့ကြပါတယ်..။ သူတို့ နှစ်ယောက်က

ပတ်ဝန်းကျင်ကို ဝေ့ကြည့်ပြီး အိမ်ထဲက အခြေအနေတွေကို သတိထားမိ လိုက်ကြတယ်..။ ခနအကြာမှာတော့ မုဆိုးမလေးက ခေါင်းခါလိုက်ပြီး..

“ချီးပဲ... နင် တကယ်ပဲ ထွက်သွားတော့မလို့လား..”

ဆန်နီ ရေခဲသေတ္တာကို ပိတ်လိုက်ပြီး သူမအနားကို လျှောက်သွားကာ ပုခုံးကို ပုတ်လိုက်တယ်..။

“သွားတော့မှာ..”

အယ်ဖီ က သူ့ကို ခနလောက် စိုက်ကြည့်နေပြီးမှ သက်ပြင်းချလိုက်တယ်..။

“ပြီးတော့ ဘယ်ကို သွားမှာလဲဆိုတာ အခုထိ ငါတို့ကို မပြောသေးဘူးလား..”

သူ ပြုံးလိုက်ပြီး..

“အာ... ဒါက ပြောပိုင်ခွင့် မရှိလို့ပါ..။ စိတ်မပူပါနဲ့..နောက် တစ်လလောက်ဆိုရင်တော့ နင်တို့လည်း သိလာရမှာပါ..”

သူမက မျက်တောင်ခတ်လိုက်ပြီး..

“အဲဒါက ဘာကို ဆိုလိုတာလဲ..”

ဆန်နီ လက်ဝေ့ယမ်းလိုက်တယ်..။

“နင်တို့ မကြာခင် သိလိမ့်မယ်လို့ ပြောချင်တာ..”

အယ်ဖီ ခဏလောက် တိတ်ဆိတ်သွားပြီးမှ စိတ်ရှုပ်စွာနဲ့ ပုခုံးတွန့်လိုက်တယ်..။

“ကောင်းပြီလေ၊ ထားပါတော့.. ဒီအတိုင်းပဲ ပေါ့..”

ဆန်နီ ခနလောက် တွေဝေသွားပြီးမှ နောက်ဆုံးမှာတော့ မေးလိုက်တယ်..။

“နင်တို့ကရော ဘယ်လိုလဲ..။ ပြီးတော့... တစ်ခြားလူတွေရော..”

ဒီတစ်ခါတော့ ကိုင် က ပြန်ဖြေလာခဲ့ပါတယ်..။

“နင် သတင်းတွေ မြင်ပြီးလောက်ပြီ ထင်တယ်..။ တရားဝင်တော့ မကြေညာရသေးဘူး၊ ဒါပေမဲ့ ဒီလို ကိစ္စမျိုးက ဖုံးကွယ်ထားဖို့ ခက်တယ်လေ..။ နစ်ဖီ ကို ဗာလာ ကလန် က မွေးစားလိုက်ပြီ..။ ကတ်စီ နဲ့ မီးစောင့်ရှောက်သူတွေ ကလည်း သူမနောက်ကို လက်အောက်ခံတွေ အဖြစ် လိုက်သွားကြလိမ့်မယ်..။ အယ်ဖီ နဲ့ ငါကတော့... အမှန်အတိုင်း ပြောရရင် အခုထိ မဆုံးဖြတ်ရသေးဘူး..”

ဆန်နီ က သူ့သူငယ်ချင်းတွေကို လေးနက်တဲ့ အမူအရာနဲ့ ကြည့်လိုက်ပြီး..

“မင်းတို့ ဘာတွေ တွေးနေကြတာလဲ..”

အယ်ဖီ က နံရံကို မှီလိုက်ပြီး မျက်နှာရှုံ့မဲ့လိုက်တယ်..။

“အာ... ငါလည်း မသိဘူး..။ငါက မာစတာ တစ်ယောက် ဖြစ်ဖို့ပဲ အမြဲ တွေးခဲ့တာ၊ ဒါပေမဲ့ ထူးထူးဆန်းတာက၊ အဲဒီနောက်ပိုင်း ဘာလုပ်မလဲဆိုတာ တစ်ခါမှ သေချာ မစဉ်းစားခဲ့မိဘူး..။

ဗာလာ ကလန် က လူတွေရဲ့ ပုံစံကို ငါကတော့ သဘောမကျဘူး.. ဒါပေမဲ့ သူတို့ဆီမှာက ရစရာတွေ အများကြီးပဲလေ..။ ပြီးတော့ ငါသိတဲ့သူတွေ အားလုံးနီးပါးက အဲမှာပဲ ရှိနေကြတာ..”

ကိုင် က အားနည်းစွာ ပြုံးလိုက်ပြီး..

“ငါဆို ပိုတောင် ဆိုးသေးတယ်..။ငါက မာစတာ တစ်ယောက် ဖြစ်ဖို့တောင် စိတ်ကူးမယဉ်ခဲ့မိဘူး..။ အခု ဖြစ်လာပြီဆိုတော့လည်း... တစ်ခုခု ကောင်းတာ လုပ်ချင်တာပေါ့..။ ဒါပေမဲ့ ဘယ်နည်းလမ်းက အကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ဖို့ ခက်နေတာ..”

ဆန်နီ ခဏလောက် ငြိမ်သက်သွားခဲ့တယ်..။ သူ့နှုတ်ခမ်းကနေ လေးလံတဲ့ သက်ပြင်းတစ်ချက် ထွက်လာခဲ့ပြီး..

“အင်း... ဆုံးဖြတ်ချက်ချဖို့တော့ အလျင်မလိုကြပါနဲ့..။ အနည်းဆုံးတော့ ဧပြီလအထိ စောင့်ကြည့်လိုက်ပါဦး..”

အခုက ဖေဖော်ဝါရီလပဲ ရှိပါသေးတယ်..။ ဧပြီလလောက်ကျရင် အန္တာတိက ရဲ့ ပြိုလဲမှုတွေက ဖြည်းဖြည်းချင်း စတင်လာမှာဖြစ်ပြီး အစိုးရကလည်း စေတနာ့ဝန်ထမ်း စစ်မှုထမ်းဖို့ ကြေညာပါလိမ့်မယ်..။ ဆန်နီ က သူ့ သူငယ်ချင်းတွေကို ဒီဘေးအန္တရာယ်အကြောင်း ပြောပြချင်ပေမဲ့ မာစတာ ဂျက် ကတော့ အခုလောလောဆယ် လျှို့ဝှက်ထားဖို့ကိုသာ တိုက်တွန်းထားခဲ့တယ်..။

အယ်ဖီ နဲ့ ကိုင် တို့ကရော အဲဒီနေရာကို သွားချင်ပါ့မလား ဆိုတာကို သူ မသေချာပါဘူး..။

အဲအချိန်မှာပဲ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်..။ ပြီးမှ ကိုင် က သတိရပြီး မေးလိုက်ပါတယ်..။

“ဒါက မင်း ရုတ်တရက် ထွက်သွားတာနဲ့ တစ်ခုခု ပတ်သက်နေတာလား..”

ဆန်နီ ခေါင်းညိတ်ပြလိုက်ပြီး..

“ဆိုင်တာပေါ့..။ ဒါပေမဲ့ တစ်ခြားဘာမှတော့ ထပ်မမေးနဲ့ဦး..မဟုတ်ရင် ငါ့အတွက် အနေရခက်လိမ့်မယ်..”

သူတို့ နှစ်ယောက်လုံးက သူ့ရဲ့ တောင်းဆိုမှုကို လေးစားပြီး ထပ်မမေးတော့ပါဘူး..။

သူတို့ကြားထဲမှာ ထူးဆန်းတဲ့ တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးသွားခဲ့တယ်..။ နောက်ဆုံးမှာတော့ ဆန်နီ က ရယ်မောလိုက်ပြီး..

“မင်းတို့ ဘာတွေ ဖြစ်နေကြတာလဲ..။ ငါတို့က အပြီး နှုတ်ဆက်ကြတာမှ မဟုတ်တာ..။ ငါက ဆင်စွယ်ရောင် တာဝါ မှာ စခန်းချ ထားတုန်းပဲလေ အရူးတွေရဲ့..။ အိပ်မက်နယ်မြေ ထဲမှာ ငါ အချိန်မရွေး ပေါ်လာပြီး မင်းတို့နဲ့ တွေ့လို့ရတာပဲ..”

ကိုင် က ခေါင်းကို ကုတ်လိုက်ပြီး..

“အိုး... အေးပါ၊ အမှန်ပဲ..ငါ အဲဒါကို မစဉ်းစားမိဘူး..”

ဆန်နီ ခေါင်းခါလိုက်ပြီး..

“နစ်ဖီ နဲ့ ကတ်စီ လည်း အတူတူပဲပေါ့..။သူတို့က ဘတ်ရှင် ခံတပ် ကို ချက်ချင်း ပြောင်းဖို့ အစီအစဉ် မရှိသေးဘူးလေ..။ ငါတို့က တက်ကြွတဲ့ အဖွဲ့တစ်ခု မဟုတ်တော့ရင်တောင်မှ အတော်လေး ရှုပ်ထွေးတဲ့ မိသားစုကြီးတစ်ခု အဖြစ်ရှိနေဆဲပါ..။ နင်တို့ ငါ့ကို လွမ်းနေမှာ မဟုတ်ဘူးဆိုတာ ငါ အာမခံနိုင်တယ်..။ တကယ်တော့ ငါက နင်တို့ မျက်စိရှေ့ ခဏခဏ ပေါ်လာလွန်းလို့တောင် စိတ်ညစ်နေရဦးမယ်..”

သူ ပြုံးလိုက်ပြီး တံခါးဘက်ကို လက်ဟန်ပြလိုက်တယ်..။

“ဘာပဲဖြစ်ဖြစ်၊ လာနှုတ်ဆက်ကြတာ ကျေးဇူးပါ..။ဒါပေမဲ့ အခုတော့ ငါ တကယ် သွားရတော့မယ်..။ ငါ့မှာ အချိန်ဇယား နည်းနည်း ကျပ်နေလို့..”

ဆန်နီ သူတို့ကို အပြင်အထိ လိုက်ပို့ပေးလိုက်ပြီး PTV ပေါ်တက်သွားတဲ့အထိ စောင့်ကြည့်နေခဲ့တယ်..။ ခံစားချက်ပါတဲ့ နှုတ်ဆက်မှုတွေတော့ မရှိခဲ့ပါဘူး..။ ဘာလို့လဲဆိုတော့ သူ ပြောခဲ့တာက မှန်လို့ပါပဲ..။ သူတို့တွေဟာ နိုးထခြင်းလောက ရဲ့ ဘယ်နေရာမှာပဲ ရှိနေပါစေ၊ အိပ်မက်နယ်မြေ ထဲမှာတော့ မကြာခန ဆုံကြရဦးမှာပါ..။

ဒီတော့... သူ လုပ်ဖို့ နောက်ဆုံး ကိစ္စတစ်ခု ကျန်ပါသေးတယ်..။

ဆန်နီ က တံခါးမှာ လုံခြုံရေး ကုဒ် ရိုက်ထည့်ပြီး အိမ်ကို ပိတ်လိုက်တယ်..။ သူ့အိမ်ကို နောက်ဆုံးအကြိမ်အဖြစ် ကြည့်လိုက်ပြီးနောက် ဘေးနားက အဆောက်အဦးတစ်ခုဆီ လျှောက်သွားခဲ့ပါတယ်..။ သူ ဆက်သွယ်ရေး ကိရိယာကို ထုတ်ပြီး စာတိုတစ်စောင် ပို့လိုက်ကာ ခနလောက် စောင့်နေလိုက်တယ်..။

တစ်မိနစ်လောက် ကြာတဲ့အခါမှာတော့ အိမ်နေရင်း ဝတ်စုံ ဝတ်ထားပြီး အံ့သြနေတဲ့ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက်က အိမ်ရှေ့ကို ထွက်လာခဲ့တယ်..။

“ဆန်နီလား..။ အာ... နင်က ဘာလို့ ဒီမှာ ရောက်နေတာလဲ..။ ဒီနေ့ ငါတို့ သင်ခန်းစာ မရှိဘူး မဟုတ်လား..”

သူ ပြုံးလိုက်ပြီး ပုခုံးမှာ လွယ်ထားတဲ့ ကျောပိုးအိတ်ကို ညွှန်ပြလိုက်တယ်..။

“ဟေး ရိန်း..။ ငါ နောက်တစ်ခါ ခရီးထွက်တော့မှာမို့ လာနှုတ်ဆက်တာ..။ ဒီတစ်ခါတော့ ပြန်လာဖို့ နည်းနည်း ပိုကြာကောင်း ကြာနိုင်တယ်..”

သူမရဲ့ အမူအရာက သိသိသာသာ ပြောင်းလဲသွားခဲ့ပါတယ်။.

“အော်..”

သူမ ခနလောက် တိတ်ဆိတ်သွားပြီးမှ စိုးရိမ်တကြီးနဲ့ မေးလိုက်တယ်..

“အဲဒါ... အဲဒါက ထပ်ပြီး အန္တရာယ် များဦးမှာလား..”

ဆန်နီ က ဘာမှမဖြစ်သလို အမူအရာနဲ့ ပုခုံးတွန့်လိုက်တယ်..။

“အန္တာရာယ်လား..။ အင်း၊ ရှိမှာပေါ့..။ ဒါပေမဲ့ ငါကတော့ အဲဒါကို ကိုင်တွယ်နိုင်မယ်လို့ သေချာပေါက် ယုံကြည်တယ်..။ ငါက တကယ် သန်မာတဲ့ လူပဲလေ..။ ဒါကြောင့် စိတ်မပူပါနဲ့..”

သူ သက်ပြင်းချလိုက်ပြီးမှ ထပ်ပြောလိုက်တယ်..။

“ပြီးတော့ ငါက ဒီတစ်ခေါက် အစစ်အမှန် ကမ္ဘာမှာပဲ ရှိနေမှာလေ..။ နင် ငါ့ကို အချိန်မရွေး စာပို့လို့ ရတယ်..။ ငါ သွားမယ့် နေရာက လိုင်း နည်းနည်း ပျက်ချင်ပျက်နေမှာကြောင့် ချက်ချင်း စာမပြန်နိုင်ရင်တော့ စိတ်မဆိုးနဲ့နော်..။ ဒါပေမဲ့ သေချာပေါက် ပြန်ဖြေပေးမှာပါ..။ ဒါက ကတိပေးတာပဲ..”

နောက်ဆုံးတော့ သူမ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့တယ်..။

“တကယ်လား..။ အဲဒါဆိုရင်တော့ ကောင်းတာပေါ့.."

သူ ခေါင်းညိတ်ပြလိုက်တယ်..။ဆန်နီ ခနလောက် တွေဝေနေပြီးမှ အနားကို တိုးသွားပြီး ပြောလိုက်ပါတယ်..။

“...နောက် လအနည်းငယ်ဆိုရင်..အသက်ဆယ့်ခြောက်နှစ် ပြည့်တော့မယ်နော် ရိန်း..။ ဒီတော့ နင် အဆင်သင့် ဖြစ်နေဖို့ လိုတယ်..။ နင်က အခိုက်အတန့် ရဲ့ ရွေးချယ်ခြင်းကို ခံရနိုင်သလို မခံရတာမျိုးလည်း ဖြစ်နိုင်တယ်..။ ဘာပဲဖြစ်ဖြစ် နင်ကတော့ လုံလောက်အောင် ပြင်ဆင်ထားပြီးသားလို့ ငါ ထင်တယ်..”

သူ ခန ငြိမ်သွားပြီးမှ ထပ်ပြောလိုက်တယ်..။

“ငါ သင်ပေးနိုင်သမျှတော့ အကုန် သင်ပေးထားပြီးပြီ..။ ကျန်တာကတော့ နင့်အပေါ်မှာပဲ မူတည်တော့တယ်..။ ဓားနဲ့ ဆက်ပြီး လေ့ကျင့်ပါ..။ နင့်ရဲ့ စိတ်ကိုလည်း ထက်မြက်အောင် ဆက်လေ့ကျင့်ထားဦး..။ အရေးကြီးဆုံးကတော့ နင့်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဆက်ပြီး ပြင်ဆင်ထားရလိမ့်မယ်..”

ရိန်း က သူ့ကို ကြည့်ပြီး လေးနက်စွာ ခေါင်းညိတ်ပြတယ်..။

“ငါ လုပ်မှာပါ..”

…သူတို့ရဲ့ အရိပ်တွေ ဆုံနေတဲ့ အချိန်မှာ ထူးဆန်းတဲ့ အရာတစ်ခု ဖြစ်သွားတာကို သူမ မသိလိုက်ပါဘူး..။ မြွေတစ်ကောင်နဲ့ ဆင်တူတဲ့ ဧရာမ အနက်ရောင် အရိပ်တစ်ခုဟာ ဆန်နီ ရဲ့ အရိပ်ထဲကနေ သူမရဲ့ အရိပ်ထဲကို စီးဆင်းပြီး ပုန်းကွယ်သွားခဲ့တယ်..။

ဆန်နီ က ဝိဥာဥ်မြွေ ရဲ့ စွမ်းရည်တစ်ခုကို အသုံးပြုလိုက်တာပါ..။

[အရိပ်များရဲ့ ကျေးဇူးတော်] စွမ်းရည် ဖော်ပြချက် - “ဝိဥာဥ်မြွေ ရဲ့ အရှင်သခင်ဟာ သူရဲ့ ယုံကြည်မှုနဲ့ အတူ တစ်ခြားသူတစ်ဦးဆီကို ကြင်နာသနားမူ ပြသနိုင်သည်..။ လူတစ်ယောက်ကို မိမိရဲ့ကြင်နာသနားမူ အပ်နှင်းတဲ့အခါ သေချာစွာ ရွေးချယ်ရမည်။ အရိပ်များ၏ သစ္စာရှိမှုကို တစ်ခြားသူဆီ အပ်နှင်းခြင်းက မိမိရဲ့ ဝိဥာဉ်ကို ဝေမျှတာနဲ့ အတူတူပဲ ဖြစ်တာကြောင့် အလွယ်တကူ မလုပ်ဆောင်သင့်ပေ "

သူက ရိန်း ကို မှတ်သားမူ တွေ ပေးလို့ မရပါဘူး..။ ထပ်တူညီမူ တွေလည်း ပေးလို့ မရပေ..။ ရိန်း မှာ အဲဒါတွေကို ထိန်းချုပ်နိုင်ဖို့ ဂဏ္ဍစွမ်းရည် ဒါမှမဟုတ် ဝိဥာဉ် အမြုတေ မရှိသေးတာကြောင့်ပါ..။ သူမမှာ သူ့ရဲ့ အရိပ်တွေကို လက်ခံနိုင်ဖို့ အရိပ်အမြုတေလည်း မရှိပါဘူး..။

ဒါပေမဲ့ မြွေ ကတော့ ကွဲပြားပါတယ်..။ [အရိပ်များရဲ့ ကျေးဇူးတော်] စွမ်းရည်က အရိပ်ရှိတဲ့ ဘယ်သူ့ဆီမှာမဆို.. သာမန် လူသားတစ်ယောက်ဆီမှာတောင်မှ လိုက်ပါသွားခွင့် ပြုနိုင်ပါတယ်..။ ဒါကြောင့် ဆန်နီ က မြွေ ကို ရိန်း ဆီ လွှဲပြောင်းပေးလိုက်ပြီး ဒီမိန်းကလေး အသက်အန္တရာယ်နဲ့ ကြုံတွေ့မှသာ ထွက်ပေါ်လာဖို့ အမိန့်ပေးထားခဲ့တယ်..။

တက်ရောက်မူ အဆင့် နတ်ဆိုးတစ်ကောင်ရဲ့ အကူအညီနဲ့ဆိုရင် သူမက ဘယ်လို အန္တရာယ်မျိုးကနေမဆို လွတ်မြောက်နိုင်မှာပါ..။

ရိန်း ကို ဒီလို အခွင့်အရေးမျိုး ပေးလိုက်တာကသူမရဲ့ ကိုယ်ပိုင် တိုးတက်မှုကို နှောင့်နှေးစေနိုင်တယ်ဆိုတာကို ဆန်နီ သိပါတယ်..။ ဒါပေမဲ့ သူ ဂရုမစိုက်ပါဘူး..။ သူ့ညီမလေးက သန်မာလာစရာ မလိုသလို သေသွားဖို့လည်း မလိုအပ်ပေ..။ သူကပဲ..နှစ်ယောက်လုံးအတွက် သန်မာပေးဖို့ လုံလောက်ပါတယ်..။

သူမကို ကြည့်ရင်း သူ ပြုံးလိုက်တယ်..။

“ကောင်းပြီလေ.. ဘာပဲဖြစ်ဖြစ်..မသိသလိုမျိုး

မနေနဲ့ဦး..။ အကြံဉာဏ် လိုရင် စာပို့လိုက်..။ဘာပဲဖြစ်ဖြစ်.. နင်က ငါ့ရဲ့ တစ်ဦးတည်းသော တပည့်ပဲမဟုတ်ဘူးလား..။တကယ်လို့ နင်သာ ရုတ်တရက် သေသွားရင် ငါ့နာမည် ပျက်သွားမှာပေါ့..။ ဒါဆို ဘယ်သူကမှ ငါ့ကို ဆရာအဖြစ် ငှားကြတော့မှာ မဟုတ်ဘူး!”

ရိန်း က သူ့ကို ခန စိုက်ကြည့်နေပြီးမှ လှောင်ရယ်လိုက်တယ်..။

“ငါက ဘာလို့ သေရမှာလဲ..။ ငါ ဘယ်လောက် ဥာဏ်ကောင်းလဲ ဆိုတာ သိရဲ့လား..။ နင်သာ... မသေအောင် ဂရုစိုက်ဦး..။ တကယ်လို့ နင် သေသွားရင် ငါ့ဆရာက မာစတာ တစ်ယောက်လို့ ကြွားလို့ မရပဲ..ဖြစ်နေဦးမယ်..”

ဆန်နီ ပြုံးလိုက်ပြီး သူမကို လက်ဝေ့ယမ်းပြကာ လှည့်ထွက်လာခဲ့တယ်..။

သူ ကြီးပြင်းခဲ့တဲ့ မြို့ကနေ ပထမဆုံးအကြိမ်နဲ့နောက်ထပ် တစ်ကြိမ် အဖြစ် ထွက်ခွာရမယ့် အချိန် ရောက်လာခဲ့ပါပြီ..။

အပိုင်း ( ၈၁၀ ) ပြီး၏။

All Chapters