← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇) - စွမ်းရည်ပေါင်းစည်းခြင်းနှင့် နတ်ဘုရားအဆင့် ထုတ်ယူခြင်း၏ ဆန်းကြယ်မှု

​တောအုပ်၏ ဘေးကင်းရာ ထောင့်တစ်ခုရှိ သစ်ပင်ကြီးတစ်ပင်ပေါ်တွင် လျူယန် နားခိုနေ၏။ ယခုတင် ရရှိခဲ့သော အရည်အချင်းမှတ်များကြောင့် သူ၏ ခန္ဓာကိုယ်မှာ အဘက်ဘက်မှ သန်မာလာသည်ကို သိသိသာသာ ခံစားနေရသည်။ အဝေးကြီး ပြေးလာခဲ့သော်လည်း သူသည် အမောတကောပင် မဖြစ်တော့ချေ။

​လျူယန်သည် သူ၏ ကျောပိုးအိတ်ထဲမှ 'ခရမ်းရောင် ဆေးဖက်ဝင်အပင်'ကို ထုတ်ယူလိုက်သည်။ လက်ပတ်ရှိ အချက်အလက်များအရ ဤဆေးပင်ကို စနစ်တကျ စီမံပြီး စားသုံးပါက အရည်အချင်းမှတ်များ တိုးတက်စေနိုင်သည်ဟု ဆို၏။

​လျူယန်အတွက်မူ သူ၏ 'နတ်ဘုရားအဆင့် ထုတ်ယူခြင်း' ထက် သာလွန်သော စီမံသည့်နည်းလမ်း မရှိနိုင်တော့ချေ။ သူသည် ဆေးပင်အနည်းငယ်ကို ဒဏ်ရာရပါက အရေးပေါ်သုံးရန် ချန်ထားပြီး ကျန်ရှိသော အစိတ်အပိုင်းအများစုကို ပါရမီအသုံးပြု၍ ထုတ်ယူလိုက်လေသည်။

​[ ဆေးဖက်ဝင်အပင်ထံမှ နတ်ဘုရားအဆင့် ထုတ်ယူခြင်း အောင်မြင်ပါသည်။ ရရှိမှု - လျင်မြန်မှု +၆၊ စိတ်ဝိညာဉ် +၅၊ ခံနိုင်ရည် +၉ ]

​ချက်ချင်းပင် လျူယန်၏ ခန္ဓာကိုယ်မှာ ပိုမိုပေါ့ပါးသွားပြီး အသိစိတ်များမှာလည်း ကြည်လင်လန်းဆန်းသွား၏။ ဆေးပင်တစ်ပင်တည်းမှ ရရှိသော အရည်အချင်းမှာ အဆင့် (၁) သတ္တဝါ (၃) ကောင်၏ အလောင်းထံမှ ရရှိသည်နှင့် ညီမျှနေချေပြီ။ အဖိုးတန်လှသော ရလဒ်ပင် ဖြစ်၏။

​သူသည် သူ၏ အရည်အချင်းပြကွက်ကို ဖွင့်ကြည့်လိုက်သည်။

​[ လျူယန် ]

​အဆင့်: ၂ (၅/၃၀၀)

​HP: ၅၅၀ / ၅၅၀

​MP: ၂၈၀ / ၃၅၀

​ခွန်အား: ၄၂ (+၈ မှတ် ထပ်မံဖြည့်စွက်ပြီးနောက် - ၄၆)

​ခံနိုင်ရည်: ၃၈ (+၈ မှတ် ထပ်မံဖြည့်စွက်ပြီးနောက် - ၄၂)

​လျင်မြန်မှု: ၅၁

​စိတ်ဝိညာဉ်: ၂၃

​ပါရမီ: နတ်ဘုရားအဆင့် ထုတ်ယူခြင်း (SSS အဆင့်)၊ အသုံးပြုနိုင်စွမ်း: ၂/၁၀

​စွမ်းရည်: ခွန်အား မြှင့်တင်ခြင်း (D)၊ ဝိညာဉ်ခြေလှမ်း (D)၊ စိတ်ဝိညာဉ် အမြင်အာရုံ (E)

​လျူယန် အလွန်ပင် စိတ်လှုပ်ရှားသွား၏။ မြွေစိမ်း (၅) ကောင်ကို သတ်ဖြတ်ခြင်းနှင့် ဆေးပင်မှ ထုတ်ယူခြင်းတို့ကြောင့် သူ၏ အရည်အချင်းများမှာ အဆမတန် မြင့်တက်လာခဲ့ချေပြီ။ အထူးသဖြင့် 'လျင်မြန်မှု' မှာ အံ့ဩဖွယ်ရာ ကောင်းလောက်အောင် မြင့်မားနေသည်။

​အဆင့်တက်ခြင်းမှ ရရှိသော အလွတ်မှတ် (၈) မှတ်ကိုလည်း ခွန်အားနှင့် ခံနိုင်ရည်တို့တွင် မျှဝေဖြည့်စွက်လိုက်ရာ သူ၏ အခြေခံစွမ်းအားမှာ အဆင့် (၃) နိုးထသူတစ်ဦးထက်ပင် သာလွန်နေပြီ ဖြစ်သည်။

​ဤတစ်ကြိမ်၏ အကြီးမားဆုံး အောင်မြင်မှုမှာ 'ဝိညာဉ်ခြေလှမ်း'ပင် ဖြစ်၏။ လျင်မြန်မှုဆိုင်ရာ စွမ်းရည် (၃) ခုကို ပေါင်းစည်းလိုက်သဖြင့် ရရှိလာသော ဤ D အဆင့် စွမ်းရည်သည် လျူယန်၏ မြင့်မားလှသော အခြေခံလျင်မြန်မှုနှင့် ပေါင်းစပ်လိုက်ပါက အဆင့် (၅) နိုးထသူပင် လိုက်မီနိုင်မည် မဟုတ်ချေ။

​နတ်ဘုရားအဆင့် ထုတ်ယူခြင်းသည် စွမ်းရည်များကိုပါ ပေါင်းစည်းပေးနိုင်ကြောင်း သိလိုက်ရသဖြင့် လျူယန် အနာဂတ်အတွက် ပိုမို အားတက်သွားမိသည်။ နောင်တွင် အဆင့်နိမ့် စွမ်းရည်များကို အကြိမ်ကြိမ် ထုတ်ယူပြီး ပိုမိုအစွမ်းထက်သော စွမ်းရည်ကြီးများအဖြစ် ပြောင်းလဲနိုင်မည် မဟုတ်ပါလော။

​ထို့ပြင် အဆင့်တက်သွားတိုင်း ပါရမီအသုံးပြုနိုင်စွမ်းမှာ ပြန်လည်ပြည့်တင်းရုံသာမက အသုံးပြုနိုင်သည့် အကြိမ်ရေ အကန့်အသတ်ပါ တိုးလာကြောင်း သူ သတိပြုမိလိုက်၏။ ဤသည်မှာ SSS အဆင့် ပါရမီ၏ အဆုံးမဲ့ အလားအလာပင် ဖြစ်ပေလိမ့်မည်။

​လျူယန်သည် သူ၏ ရှေ့ဆက်ရမည့် လမ်းစဉ်ကို စဉ်းစားလိုက်သည်။ မျှော်စင်၏ ပထမအဆင့်တွင် ရက်သတ္တပတ်မျှ နေထိုင်ရန် လိုအပ်သော်လည်း သူ၏ အင်အားမှာ ဒုတိယအဆင့်သို့ တက်လှမ်းရန် လုံလောက်နေပြီ ဖြစ်သည်။ ပထမအဆင့်ရှိ သတ္တဝါငယ်များထံမှ ရရှိမည့် အကျိုးအမြတ်မှာ သူ့အတွက် နည်းပါးလွန်းနေပြီ။

​‘ငါ ဒုတိယအဆင့်ကို သွားရမယ်၊ အဲဒီမှာ ပိုပြီး အစွမ်းထက်တဲ့ သတ္တဝါတွေနဲ့ ရတနာတွေ ရှိမှာပဲ’

​သူသည် မျှော်စင်၏ ဒုတိယအဆင့်သို့ သွားရာဝင်ပေါက်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့၏။ သို့သော် လျူယန်တွင် အားနည်းချက်တစ်ခု ရှိနေသေးသည်။ သူပိုင်ဆိုင်ထားသော စွမ်းရည်များမှာ ခွန်အားမြှင့်ခြင်း၊ လျင်မြန်ခြင်းနှင့် အာရုံခံခြင်းတို့သာ ဖြစ်ပြီး၊ တကယ့် 'တိုက်စစ်စွမ်းရည်'မရှိသေးချေ။ သာမန်ဓားမြှောင်ဖြင့် ထိုးနှက်ခြင်းထက် ပိုမိုပြင်းထန်သော တိုက်ခိုက်မှုမျိုး လိုအပ်နေသည်။

​တောအုပ်အတွင်း ဝင်ပေါက်ဆီသို့ လျှောက်လှမ်းနေစဉ် မလှမ်းမကမ်းမှ တိုက်ပွဲဖြစ်ပွားသံများကို ကြားလိုက်ရပြန်၏။ လူအများအပြားနှင့် သတ္တဝါများစွာ ရောထွေးတိုက်ခိုက်နေသည့်ပုံပင်။

​တိုက်ပွဲရှိရာတွင် အလောင်းများ ရှိပေလိမ့်မည်။ အလောင်းရှိရာတွင် လျူယန်အတွက် ပိုမို အစွမ်းထက်လာမည့် အခွင့်အရေး ရှိနေသည် မဟုတ်ပါလော။

​လျူယန်သည် ပြုံးလိုက်မိပြီးနောက် ထိုအသံများရှိရာသို့ လျင်မြန်စွာ ချဉ်းကပ်သွားလေတော့သတည်း။

​လျူယန် ရောက်ရှိသွားချိန်တွင် နိုးထသူ (၇) ဦးမှ (၈) ဦးခန့်သည် ပြင်းထန်သော တိုက်ပွဲတစ်ခုတွင် ဆင်နွှဲနေကြသည်ကို တွေ့လိုက်ရ၏။ သူတို့ကို ကြည့်ရုံနှင့် လျူယန် ချက်ချင်း မှတ်မိသွားသည်။ ၎င်းတို့သည် အစောပိုင်းက အဖွဲ့ခွဲစဉ်က အင်အားအကောင်းဆုံးဟု သတ်မှတ်ခံထားရသည့် အဖွဲ့ပင် ဖြစ်လေသည်။

​အဖွဲ့ဝင် (၈) ဦးရှိသည့်အနက် အားအနည်းဆုံးသူမှာပင် D အဆင့် ပါရမီရှိပြီး အများစုမှာ C အဆင့်များ ဖြစ်ကြသည်။ အဖွဲ့ကို ဦးဆောင်သူမှာမူ B အဆင့် ပါရမီပိုင်ရှင် အထူးချွန်ဆုံး တစ်ဦးဖြစ်ရာ ၎င်းတို့၏ စုပေါင်းအင်အားမှာ မသေးလှချေ။

​လျူယန်သည် သူ၏လက်ပတ်ကို အသုံးပြုကာ တစ်ဖက်ရှိ သတ္တဝါဆိုးများကို စစ်ဆေးကြည့်လိုက်၏။

​[ မျိုးဗီဇပြောင်း အဆိပ်ကြွက် ]

​အဆင့်: ၁

​HP: ၁၅၀ / ၂၀၀

​လျင်မြန်မှု: ၂၉

​စွမ်းရည်: ကိုက်ခဲခြင်း၊ အဆိပ်လွှတ်ခြင်

​တိုက်ခိုက်နေသော သတ္တဝါများမှာ မျိုးဗီဇပြောင်း အဆိပ်ကြွက်များ ဖြစ်ကြပြီး ၎င်းတို့၏ အင်အားမှာ လျူယန် အစောပိုင်းက ရင်ဆိုင်ခဲ့သည့် မြွေစိမ်းများလောက် မသန်မာချေ။ ကြွက်အုပ်စုတွင် စုစုပေါင်း (၆) ကောင်ရှိလေသည်။

​နိုးထသူများမှာ တိုက်ပွဲအတွေ့အကြုံ မရှိသေးသော်လည်း ပါရမီအဆင့် မြင့်မားကြသူများ ဖြစ်သဖြင့် အဆိပ်ကြွက်များကို ကောင်းစွာ ရင်ဆိုင်နိုင်နေကြ၏။ အဖွဲ့ခေါင်းဆောင် 'ဝမ်ချင်း'မှာမူ သူတို့အဖွဲ့၏ အဓိက တိုက်စစ်မှူးပင် ဖြစ်သည်။ အဖွဲ့ဝင်များက အဆိပ်ကြွက်များကို ထိန်းထားစဉ် ဝမ်ချင်းက သူ၏ လေးနှင့် မြားကို အသုံးပြုကာ ပစ်ခတ်နေ၏။

​သူ၏ B အဆင့် ပါရမီကြောင့် မြားတံတိုင်းတွင် စိမ်းဖန့်ဖန့် အလင်းတန်းများ ပါရှိနေပြီး မြားချက်ထိမှန်ပြီးနောက် ခေတ္တအကြာတွင် အဆိပ်ကြွက်များမှာ တစ်ကောင်ပြီးတစ်ကောင် လဲကျသွားကြတော့သည်။ ၎င်းမှာ အချိန်ဆိုင်း အဆိပ်ခတ်ခြင်း အာနိသင်ပင် ဖြစ်ပေလိမ့်မည်။

​ဝမ်ချင်းအပြင် အားကစားဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးကိုလည်း လျူယန် သတိထားမိလိုက်၏။ သူမသည် တိုက်ခိုက်ရေးတွင် မသန်မာသော်လည်း ပံ့ပိုးမှုပါရမီ ရှိပုံရသည်။ အဖွဲ့ဝင်တစ်ဦး အန္တရာယ်ကြုံတိုင်း သူမ၏ ပါရမီဖြင့် အဆိပ်ကြွက်များကို ရုတ်တရက် တန့်သွားအောင် ပြုလုပ်နိုင်လေသည်။

​မိနစ် (၁၀) ခန့် ကြာပြီးနောက် တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ချေပြီ။ အဆိပ်ကြွက် (၆) ကောင်စလုံး သေဆုံးသွားသော်လည်း နိုးထသူများမှာမူ အသက်ကို လုရှူနေရပြီးမှ အောင်ပွဲအတွက် ဝမ်းသာအားရ ဖြစ်နေကြ၏။

​ထိုမြင်ကွင်းကို ကြည့်ကာ လျူယန် ခေါင်းအသာခါလိုက်မိသည်။ နိုးထသူ (၈) ယောက် ပေါင်းတိုက်မှ အဆင့် (၁) သတ္တဝါ (၆) ကောင်ကို နိုင်ခြင်းဖြစ်ရာ ရရှိမည့် အတွေ့အကြုံမှတ် (EXP) မှာလည်း (၈) ပုံ ပုံရပေဦးမည်။ ထို့ပြင် ဤကြွက်များသည် မည်သည့် ရတနာကိုမျှ စောင့်ကြပ်နေခြင်းလည်း မရှိချေ။

​လျူယန် တစ်ဦးတည်း မြွေစိမ်း (၅) ကောင်ကို သတ်စဉ်ကမူ အတွေ့အကြုံမှတ် အားလုံးကို တစ်ဦးတည်း ရရှိခဲ့ရုံသာမက အဖိုးတန် ဆေးပင်ကိုပါ ရရှိခဲ့သည် မဟုတ်ပါလော။ ထို့ပြင် 'နတ်ဘုရားအဆင့် ထုတ်ယူခြင်း' ကြောင့် ရရှိလာသော အရည်အချင်းမှတ်များနှင့် စွမ်းရည်များမှာမူ ၎င်းတို့နှင့် ယှဉ်လျှင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားနေချေပြီ။

​‘အဖွဲ့မဖွဲ့ဘဲ တစ်ယောက်တည်း လာခဲ့တာ တကယ် မှန်တာပဲ’

လျူယန် တွေးမိသည်။ အဖွဲ့ဖွဲ့ခြင်းက အကာအကွယ် ရနိုင်သော်လည်း ရလဒ်မှာမူ အလွန်ပင် နည်းပါးလှပေသည်။

​ထိုစဉ် ဝမ်ချင်းက ဝမ်းသာအားရ ဟစ်အော်လိုက်၏။

“ငါ အဆင့် (၂) ကို ရောက်သွားပြီ၊ ပိုပြီး သန်မာလာပြီဟေ့.. ဟားဟား"

​ကျန်ရှိသော အဖွဲ့ဝင်များကလည်း ဝမ်ချင်းကို ဝိုင်းဝန်း ချီးမွမ်းကြတော့သည်။

“ဝမ်ချင်းအစ်ကိုကြီးက တကယ် တော်တာပဲ၊ တစ်ရက်တည်းနဲ့ အဆင့်တက်သွားတယ်”

“ဒါဟာ B အဆင့် ပါရမီရဲ့ အစွမ်းပေါ့၊ တကယ် အံ့ဩဖို့ ကောင်းတယ်!”

​လျူယန်ကမူ စိတ်ထဲမှ ရယ်မောမိ၏။ ဝမ်ချင်း အဆင့်တက်ရခြင်းမှာ သူသည် အဖွဲ့၏ တိုက်စစ်မှူး ဖြစ်နေပြီး သတ္တဝါများကို နောက်ဆုံးချက်ဖြင့် အဆုံးသတ်သူဖြစ်နေသောကြောင့်ပင်။ အခြားအဖွဲ့ဝင် (၇) ဦးမှာ အသက်ဘေးနှင့် ရင်ဆိုင်ကာ ကြိုးစားခဲ့ကြသော်လည်း အတွေ့အကြုံမှတ် အများစုမှာ ဝမ်ချင်းဆီသို့ ရောက်သွားခဲ့ခြင်း ဖြစ်သည်။ အမှန်စင်စစ် ၎င်းတို့သည် ဝမ်ချင်း အဆင့်တက်ရန် အလုပ်အကျွေး ပြုနေကြခြင်းသာ ဖြစ်ပေလိမ့်မည်။

​လျူယန်သည် ဝမ်ချင်း၏ အရည်အချင်းကို စစ်ဆေးကြည့်လိုက်သည်။

​[ ဝမ်ချင်း ]

​အဆင့်: ၂ (၃/၃၀၀)

​ခွန်အား: ၁၈

​ခံနိုင်ရည်: ၁၇

​လျင်မြန်မှု: ၂၁

​ပါရမီ: အဆိပ်မြား (B အဆင့်)

​B အဆင့် ပါရမီမှာ အစောပိုင်းကာလတွင် အားကောင်းသော်လည်း လျူယန်၏ SSS အဆင့်နှင့် ယှဉ်ပါက ကြီးထွားနိုင်စွမ်းမှာ အလွန်ပင် နိမ့်ပါးလှ၏။ နောင်တွင် သတ္တဝါများ ပိုမို လျင်မြန်လာပါက မြားဖြင့် ထိမှန်ရန်ပင် ခက်ခဲလာပေလိမ့်မည်။

​‘ဒါက B အဆင့် ပါရမီလား... ကွာခြားချက်က ကြီးမားလွန်းလှချေလား’

​လျူယန်သည် စိတ်ထဲမှ လှောင်ရယ်ရင်း ၎င်းတို့ကို ထားရစ်ကာ သူ၏ ခရီးကို ဆက်လက် လျှောက်လှမ်းခဲ့လေတော့သည်။

အခန်း (၈) - ဖိတ်ခေါ်မှုကို ငြင်းပယ်ခြင်းနှင့် ကျရောက်လာတော့မည့် အန္တရာယ်

​တောအုပ်အတွင်း၌ လျူယန်သည် နိုးထသူအဖွဲ့ကို ဘေးမှနေ၍ အသာအယာ စောင့်ကြည့်နေ၏။ အဆိပ်ကြွက်များနှင့် တိုက်ပွဲပြီးဆုံးသွားသဖြင့် ၎င်းတို့သည် အနားယူရင်း ရရှိလာသော ဆုလာဘ်များကို ခွဲဝေရန် စကားလက်ဆုံ ကျနေကြသည်။

​“ဝမ်ချင်းအစ်ကိုကြီးသာ မပါရင် ငါတို့ ဒီကြွက်တွေကို နိုင်မှာမဟုတ်ဘူး”

“အဆင့် (၁) သတ္တဝါတွေတောင် ဒီလောက် အစွမ်းထက်နေတာ၊ အဆင့်မြင့်တဲ့ကောင်တွေဆိုရင်တော့ တွေးကြည့်ရုံနဲ့တင် ကြောက်စရာပဲ”

“စောစောက မြွေစိမ်းတွေနဲ့ တိုက်တုန်းက နှစ်ယောက် သေသွားတာ တကယ် နှမျောဖို့ကောင်းတယ်၊ ငါတို့ သူတို့အတွက် လက်စားချေပေးချင်ပေမဲ့ အင်အားချင်းက အရမ်းကွာနေတယ်လေ”

​၎င်းတို့၏ စကားကို ကြားရသောအခါ လျူယန် ချက်ချင်း နားလည်သွား၏။ သူ အပြတ်ရှင်းခဲ့သည့် မြွေစိမ်းအုပ်စုသည် သူနှင့်မတွေ့မီ ဤအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းပင်။ ထို့ကြောင့်လည်း မြွေစိမ်းများ၏ ဗိုက်ထဲတွင် D အဆင့် ပါရမီရှင် (၂) ဦး၏ အလောင်းများကို သူတွေ့ခဲ့ရခြင်း ဖြစ်သည်။

​ထိုစဉ် လျူယန် သတိထားမိခဲ့သော မိန်းကလေး 'ဆုန့်ယွီ'က ဝမ်ချင်းကို ဖားယားပြောဆိုနေပြန်သည်။ လျူယန်သည် သူမ၏ အရည်အချင်းကို စစ်ဆေးကြည့်လိုက်၏။

​[ ဆုန့်ယွီ ]

​အဆင့်: ၁ (၃၂/၁၀၀)

​ပါရမီ: ကြန့်ကြာစေခြင်း - (C အဆင့်)

​အာနိသင်: ပစ်မှတ်၏ လှုပ်ရှားမှုကို (၃) စက္ကန့်ခန့် တန့်သွားစေခြင်း။

​အပေါ်ယံကြည့်လျှင် C အဆင့် ပါရမီမှာ ဝမ်ချင်း၏ B အဆင့်ထက် နိမ့်ပါးသော်လည်း လက်တွေ့တိုက်ပွဲတွင် (၃) စက္ကန့်ကြာ တန့်သွားစေသည့် စွမ်းရည်မှာ အလွန်ပင် အဖိုးတန်လှသည်။ သို့သော် သူမသည် ဝမ်ချင်းနောက်သို့သာ လိုက်နေသဖြင့် အတွေ့အကြုံမှတ် (EXP) ရရှိမှုမှာ အလွန်နည်းပါးနေသည်ကို လျူယန် တွေ့လိုက်ရ၏။ မိမိကိုယ်ကိုယ် အားကိုးခြင်းထက် သူတစ်ပါးနောက် လိုက်နေခြင်းမှာ မိုက်မဲသော လုပ်ရပ်ပင်။

​မကြာမီမှာပင် ထိုအဖွဲ့အတွင်း အငြင်းပွားမှုတစ်ခု ဖြစ်ပွားလာတော့သည်။

“ဝမ်ချင်းအစ်ကိုကြီး... ခင်ဗျားက အကောင်းဆုံးပစ္စည်းတွေကိုပဲ ယူနေတာ အရမ်းလွန်လွန်းတယ်၊ ငါတို့က အညံ့စားတွေပဲ ရနေတော့ ဘယ်လိုလုပ် အင်အားတောင့်တင်းလာမှာလဲ”

​အဖွဲ့ဝင်အချို့၏ မကျေနပ်မှုကို ဝမ်ချင်းက ခပ်ရိုင်းရိုင်းပင် တုန့်ပြန်လိုက်၏။

“အင်အားရှိတဲ့သူက အရာရာကို ဆုံးဖြတ်တာပဲ... ငါက အင်အားအရှိဆုံးမို့ ဦးစားပေးရမှာပေါ့... မင်းတို့ မကျေနပ်ရင် အဖွဲ့ထဲက ထွက်သွားကြ၊ မင်းတို့ဘာသာ ဘယ်လောက်ကြာကြာ အသက်ရှင်မလဲ ငါကြည့်ချင်သေးတယ်”

​ဝမ်ချင်း၏ မာနထောင်လွှားမှုကြောင့် အဖွဲ့ဝင် (၄) ဦးမှာ စိတ်ပျက်လက်ပျက်ဖြင့် အဖွဲ့မှ ထွက်ခွာသွားကြရာ အဖွဲ့ထဲတွင် ဝမ်ချင်းနှင့် ဆုန့်ယွီ အပါအဝင် (၄) ဦးသာ ကျန်ရှိတော့သည်။ အင်အားမှာ ထက်ဝက်ကျော် လျော့နည်းသွားသဖြင့် ဝမ်ချင်း၏ မျက်နှာမှာ ပျက်ယွင်းသွား၏။

​ထိုအချိန်တွင် ဝမ်ချင်းသည် မလှမ်းမကမ်း၌ ရှိနေသော လျူယန်ကို သတိပြုမိသွားသည်။

“မိတ်ဆွေ... ကြည့်နေတာ ကြာပြီပဲ... ကိုယ့်ကိုယ်ကိုယ် ထုတ်ပြသင့်ပြီ မဟုတ်လား"

​လျူယန်သည် ပုန်းကွယ်မနေတော့ဘဲ ထွက်လာခဲ့၏။ သူသည် တစ်ကိုယ်တော် လှုပ်ရှားနေသူဖြစ်ကြောင်း သိရသောအခါ ဝမ်ချင်းက အင်အားပြန်လည် ဖြည့်တင်းလိုသဖြင့် လျူယန်ကို အဖွဲ့ဝင်ရန် ဖိတ်ခေါ်လေသည်။

​“ညီလေး... မင်းလည်း အတော်အတန် သန်မာပုံရတယ်... ငါတို့အဖွဲ့က အခု ဒီအသုတ်ထဲမှာ အင်အားအကောင်းဆုံးပဲ၊ ငါတို့နဲ့ ပူးပေါင်းလိုက်ပါလား"

​လျူယန်က စဉ်းစားဟန်ပြုသော်လည်း စိတ်ဝင်စားမှု လုံးဝမရှိချေ။ ပထမအချက်မှာ သူတစ်ယောက်တည်းရရှိသော အကျိုးအမြတ်က အဖွဲ့နှင့်ခွဲဝေရသည်ထက် အဆပေါင်းများစွာ သာလွန်နေခြင်း၊ ဒုတိယအချက်မှာ ဝမ်ချင်း၏ တစ်ကိုယ်ကောင်းဆန်သော စရိုက်ကို သူ မကြိုက်ခြင်းကြောင့်ပင်။

​နောက်ဆုံးနှင့် အရေးကြီးဆုံးအချက်မှာ 'စိတ်ဝိညာဉ် အမြင်အာရုံ' အရ မြေအောက်မှ အန္တရာယ်တစ်ခု ချဉ်းကပ်လာနေသည်ကို လျူယန် အာရုံခံမိလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့သည် စောစောက အဆိပ်ကြွက်များကို သတ်ဖြတ်စဉ် မြေအောက်ရှိ အစွမ်းထက်သော သတ္တဝါကြီးတစ်ကောင်၏ အသိုက်ကို သွား၍ ထိပါးမိလိုက်ပုံရ၏။

​“တောင်းပန်ပါတယ်... ကျွန်တော်က တစ်ယောက်တည်း သွားရတာ ပိုပြီး အသားကျနေလို့ပါ... ခင်ဗျားတို့အဖွဲ့ကို အနှောင့်အယှက် မပေးတော့ဘူး”

လျူယန်က အေးဆေးစွာ ငြင်းပယ်လိုက်လေသည်။

...........

​မျှော်စင်၏ ပထမအဆင့် တောအုပ်အတွင်း၌ နိုးထသူ (၄) ဦးမှာ ဒေါသတကြီး ဆဲဆိုရင်း လျှောက်လှမ်းလာကြ၏။

​“ဝမ်ချင်းက တကယ့်ကို လူယုတ်မာပဲ... အကောင်းစားတွေကို သူပဲယူပြီး ငါတို့ကိုတော့ အမှိုက်တွေပဲ ပေးခဲ့တာ... ငါတို့ကို တောင်းစားနေတယ်လို့ ထင်နေတာလား"

“ဟုတ်တယ်၊ သူ အင်အားရှိတိုင်း ဒီလိုလုပ်လို့ရမလား.. ငါတို့အားလုံးက D အဆင့်နဲ့ အထက် ပါရမီရှင်တွေချည်းပဲလေ”

​၎င်းတို့သည် ဝမ်ချင်း၏အဖွဲ့မှ ခွဲထွက်လာကြသူများ ဖြစ်သည်။ ၎င်းတို့သည် ဝမ်ချင်းကို မကျေနပ်သော်လည်း တစ်ကိုယ်တော် သွားလာရန် မဝံ့ရဲသဖြင့် လူစုမခွဲဘဲ အတူတူ သွားနေကြခြင်းပင်။ ထိုစဉ် ပုပ်စော်နံလှသော သွေးညှိနံ့တစ်ခုကို ရလိုက်သဖြင့် ချုံပုတ်များကို ဖယ်ကာ ကြည့်လိုက်ရာ မြွေစိမ်းအလောင်းများကို တွေ့လိုက်ရလေသည်။

​“ဒါ... ငါတို့ အရင်က တွေ့ခဲ့တဲ့ မြွေစိမ်းတွေ မဟုတ်လား?”

“ဟုတ်တယ်၊ ငါတို့အဖွဲ့တောင် မနိုင်ခဲ့တဲ့ ဒီမြွေတွေကို ဘယ်သူက သတ်သွားတာလဲ?”

“ဒဏ်ရာတွေကို ကြည့်ဦး၊ ဓားမြှောင်နဲ့ တစ်ချက်တည်း အသေထိုးထားတာ... ဒါက... လူတစ်ယောက်တည်းရဲ့ လက်ချက်ပဲ”

​နိုးထသူ (၄) ဦးမှာ မှင်သက်သွားကြ၏။ လူတစ်ယောက်တည်းက ဤမျှအစွမ်းထက်သော မြွေစိမ်း (၅) ကောင်ကို သတ်နိုင်သည်ဟူသော အချက်ကို သူတို့ မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြသည်။

​တစ်ဖက်တွင်မူ လျူယန်သည် ဝမ်ချင်းတို့၏ အခြေအနေကို စောင့်ကြည့်နေဆဲ ဖြစ်သည်။ လျူယန်က သူတို့အဖွဲ့ထဲဝင်ရန် ငြင်းပယ်လိုက်သဖြင့် ဝမ်ချင်းမှာ စိတ်ပျက်သွားသော်လည်း လျူယန်ကို ‘အမြှောက်စာ’ အဖြစ်သာ သဘောထားသဖြင့် အရေးတယူ မလုပ်တော့ချေ။

​ထိုစဉ် မြေပြင်မှာ တုန်ခါလာပြီး မြေအောက်မှ သတ္တဝါဆိုးများ ချဉ်းကပ်လာသည်ကို လျူယန် အာရုံခံမိလိုက်၏။ ဝမ်ချင်းတို့မှာ ဘာဖြစ်မှန်း မသိသေးခင်မှာပင် လူတစ်ကိုယ်စာခန့်ရှိသော ကြွက်ကြီးများစွာ မြေပေါ်သို့ တက်လာတော့သည်။

​ဝမ်ချင်းက အထင်သေးစွာ ရယ်မောလိုက်၏။

“ကြွက်တွေပဲကိုး... မကြောက်ကြနဲ့၊ ငါရှိနေသရွေ့ ဒါတွေက အလကားပဲ"

​သို့သော် သူ၏ စကားမဆုံးမီမှာပင် ပိုမိုများပြားသော ကြွက်အုပ်ကြီးနှင့်အတူ လူနှစ်ကိုယ်စာခန့်ကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင် သတ္တဝါကြီးတစ်ကောင် ထွက်ပေါ်လာလေသည်။ လျူယန်က ၎င်းကို စစ်ဆေးကြည့်လိုက်၏။

​[ ကြွက်ဘုရင်]

​အဆင့်: ၂

​HP: ၄၀၀ / ၄၀၀

​ခွန်အား: ၃၂

​လျင်မြန်မှု: ၃၃

​စွမ်းရည်: ထိုးဖောက်တိုက်ခိုက်ခြင်း၊ ဝါးမြိုခြင်း

​ကြွက်များမှာ အရေအတွက် အလွန်များပြားပြီး ကြွက်ဘုရင်မှာမူ အဆင့် (၂) သတ္တဝါ ဖြစ်သည်။ လျူယန်၏ အရည်အချင်းနှင့် မယှဉ်နိုင်သော်လည်း သာမန်နိုးထသူများအတွက်မူ အိပ်မက်ဆိုးပင် ဖြစ်၏။

​ဝမ်ချင်း၏ မျက်နှာမှာ ပျက်ယွင်းသွားတော့၏။

“မဖြစ်တော့ဘူး.. အရေအတွက် အရမ်းများတယ်... အမြန်ဆုတ်ကြစို့”

သူက အော်ဟစ်ကာ ထွက်ပြေးရန် ပြင်တော့သည်။ သို့သော် လျင်မြန်လှသော ကြွက်ဘုရင်က ၎င်းတို့၏ နောက်ဘက်သို့ ရောက်ရှိလာပြီး လမ်းပိတ်ထားလိုက်ချေပြီ။

​ဝမ်ချင်းသည် သူ၏ B အဆင့် ပါရမီဖြင့် အနာဂတ်တွင် ချမ်းသာကြွယ်ဝမှုကို ခံစားလိုသူဖြစ်ရာ ဤနေရာတွင် အသေမခံနိုင်ချေ။ သူသည် ဘေးရှိ ဆုန့်ယွီကို ကြည့်ကာ သူမကို ကြွက်ဘုရင်ရှိရာသို့ တွန်းပို့လိုက်၏။

​“မြန်မြန် ဆုန့်ယွီ... မင်းရဲ့ ပါရမီကို သုံးလိုက်၊ ငါနောက်ကနေ ကူတိုက်ပေးမယ်”

​ဆုန့်ယွီမှာ ကြောက်လန့်နေသော်လည်း ဝမ်ချင်းကို ယုံကြည်ကာ သူမ၏ C အဆင့် ‘ကြန့်ကြာစေခြင်း’ပါရမီကို ကြွက်ဘုရင်အပေါ် အသုံးပြုလိုက်၏။ မမြင်ရသော စွမ်းအင်တစ်ခုကြောင့် ပြေးဝင်လာသော ကြွက်ဘုရင်မှာ ခေတ္တ တန့်သွားသော်လည်း အဆင့်ချင်း ကွာခြားသဖြင့် တစ်စက္ကန့်သာ ကြာမြင့်လေသည်။

​“ဝမ်ချင်းအစ်ကိုကြီး၊ မြန်မြန် တိုက်ခိုက်တော့... ကျွန်မ တောင့်မခံနိုင်တော့ဘူး"

ဆုန့်ယွီ အော်ဟစ်လိုက်သော်လည်း နောက်ဘက်မှ အဆိပ်မြား ထွက်ပေါ်မလာချေ။

​သူမ လှည့်ကြည့်လိုက်သောအခါ ဝမ်ချင်းနှင့် ကျန်နိုးထသူများမှာ သူမကို ပစ်ပယ်ကာ အဝေးသို့ ထွက်ပြေးနေကြချေပြီ။ ဝမ်ချင်းသည် သူမကို အသုံးချကာ အချိန်ဆွဲ၍ ထွက်ပြေးသွားခြင်းပင်။

​ဆုန့်ယွီ၏ မျက်လုံးများတွင် နောင်တနှင့် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားသော်လည်း နောက်ကျသွားခဲ့ချေပြီ။ ကြွက်ဘုရင်မှာ သူမကို တစ်ချက်တည်းဖြင့် အသက်ပျောက်အောင် ပြုလုပ်လိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို အငမ်းမရ ဝါးမြိုတော့သည်။

​မလှမ်းမကမ်းမှ ကြည့်နေသော လျူယန်မှာ ဝမ်ချင်း၏ ယုတ်မာမှုကို မမျှော်လင့်ထားသဖြင့် ဆုန့်ယွီကို ကယ်တင်ရန် အချိန်မမီလိုက်ချေ။ ဆုန့်ယွီ၏ အလောင်းကို ဝါးမြိုပြီးနောက် ကြွက်ဘုရင်၏ ခန္ဓာကိုယ်မှာ ပိုမိုကြီးမားလာပြီး အရှိန်အဝါများမှာလည်း ပိုမိုပြင်းထန်လာလေတော့သည်။

All Chapters