← Chapters

အလံတိုင်

Vol. 8 Ch. 109

အလံတိုင်

Vol. 8 Ch. 109

ရုပ်တု အကျိုးအပဲ့ရဲ့ နောက်ကျောထက်ကို မိုးကြိုးသွား ထိမှန်လို့ ကောင်းကင်ယံထက် ထစ်ချုန်းသံများ ညံတက် သွားခဲ့ပေမဲ့ ရုပ်တုက မရပ်တန့်ခဲ့ပါ။ သူ့တစ်ကိုယ်လုံး စီးဆင်းနေတဲ့ လျှပ်စီးကြောင်း အမြောက်အမြား ရှိနေပေမဲ့ မိုးကြိုးသွားကို နည်းနည်းလေးတောင် မမှုတဲ့ ပုံဟန်ရှိတယ်။

သို့ပေမဲ့ ရုပ်နယ်လွန်အဆင့်ကို စတေးပြီး စုစည်းလိုက်တဲ့ စွမ်းအားတို့ ပါရှိတဲ့ မိုးကြိုးဒဏ် ခံရပြီးနောက် ‌လရဲ့အတောင်ပံ သွေးတို့ဟာ လျင်မြန်စွာ ပျောက်ကွယ်နေကြတယ်။ ရုပ်တုတည်ရှိချိန် သက်တမ်းကိုပါ ပိုလို့ တိုတောင်း သွားစေခဲ့တယ်။ စုမင်ရဲ့ တွက်ချက်မှုအရ ရဲတင်းကျရောက် မသွားခင်မှာ ရုပ်တု ပျောက်သွားမှာပဲ။

တစ်ခုရှိတာက ရဲတင်းမှာ ဟိုးယခင်က ရှင်းရဲ့ စွမ်းအား အနည်းအကျဉ်းပဲ ပါတယ် ဆိုလျှင်တောင် ရုပ်နယ်လွန် အဆင့်လောက်က မာန်စွမ်းအားရှင် တစ်ယောက်လောက်ကို အသာလေး သတ်နိုင်တယ်။

တိုက်ပွဲဝင် ရဲတင်းကြီးကို ရှင်း ပင့်မြှောက်လိုက်ချိန် မြောက်မြား လှစွာသော ညည်းညူသံများ ပေါ်ထွက် လာခဲ့ပုံက ဒီရဲတင်းအောက်မှာ သေဆုံးခဲ့ရ သူတိုင်းရဲ့ ဝိညာဉ်တို့ အသက်ဝင်လာခဲ့သည့် အတိုင်းပင်။ သူတို့ဟာ လွှဲယမ်းခုတ်ပိုင်း ချလိုက်တဲ့ ရဲတင်းကြီးကို ဝန်းရံထားတယ်။

"မဖြစ်ဘူး”

မျှော်လင့်ချက် ပျက်သုဉ်းမှုတို့ ပိထူရဲ့ မျက်လုံးထဲမှာ အထင်အရှား။ ရဲတင်း ကျရောက်လာချိန် ထောင်သောင်းချီတဲ့ တောင်တန်းတွေရဲ့ ဖိအားများ သူ့အပေါ် ကျရောက် လာသလို ခံစားလိုက်ရတယ်။ သူပြန် မတိုက်နိုင်ဘူး။ တုန်လှုပ် ချောက်ချားစွာနဲ့ လက်ကိုမြှောက်လို့ သူခေါင်းပေါ် ကျ‌ရောက်လာတဲ့ သေခြင်းတရားကို ပိတ်ဆို့လို့ ရလိုရငြား ကာရံလိုက်တယ်။

အဲဒီခဏ ... သူ့ကိုယ်ခန္ဓာက အနက်ရောင် အလင်းတစ်စ တောက်ပလာခဲ့တယ်။ နောက်ဆုံး တစ်ခေါက်က မသေအောင် ကူညီခဲ့တဲ့ အနက်ရောင် အလင်းထု ထပ်မံပေါ်ပေါက် လာခဲ့ခြင်းပင်။ ၎င်းဟာ သူ့ကိုယ်ခန္ဓာ တစ်ခုလုံးကို လွှမ်းခြုံလို့ အလင်းဘောလုံး တစ်လုံးအဖြစ် ပြောင်းလဲ သွားစေတယ်။

ဒါက ပိထူရဲ့ နောက်ဆုံးတိုက်ကွက် ဖြစ်တယ်။ မည်သို့ပင် ဆိုစေကာမူ ဒေါသထွက်နေတဲ့ တိုက်ပွဲ ဝိညာဉ်တို့ အော်မြည်သံတွေ ဝန်းရံနေတဲ့  ရဲတင်းဟာ ဆက်လက် ကျရောက်လာခဲ့တယ်။ အနက်ရောင် အလင်း‌ဘောလုံးနဲ့ ထိမိလိုက်ချိန်မှာ အလင်းဟာ တစ်စစီ ကွဲထွက်သွားတယ်။ အဲဒီ အလင်းရောင်က ရဲတင်းကို တစ်စက္ကန့်လေးတောင် အဟန့်အတား မဖြစ်လိုက်တာမှ ဘယ်တုန်းကမှ မရှိခဲ့တဲ့ အတိုင်းပဲ။ ခုတ်ပိုင်းချက်ဟာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ပိထူထံ ဆက်လက် ကျရောက်သွားတယ်။

ပိထူ သေရတော့မယ်။ ဒီလူအပေါ် ထားရှိတဲ့ အမုန်းတရားဟာ စုမင် တစ်ကိုယ်လုံး ပြည့်နှက်နေတယ်။ သို့ပေမဲ့ ပိထူအပေါ်ကို ရဲတင်း ကျရောက်သွားလုဆဲဆဲ ပိထူရှေ့က ဟင်းလင်းပြင် တွန့်ရှုံ့သွားပြီး ဝတ်ရုံနက် ဝတ်ဆင်ထားသူ လူတစ်ယောက် ထွက်လာခဲ့တယ်။

သူ့ရဲ့ ညာလက်ကို မြှောက်လိုက်ချိန်မှာ တောက်ပတဲ့ အလင်းရောင်တို့ ဖြာထွက်လာတယ်။ ခရမ်းရောင် ဒိုင်းကာတစ်‌ခု ပေါ်ပေါက်လာပြီး နီးကပ်လာတဲ့ တိုက်ပွဲဝင် ရဲဒင်းတို့ ထိခတ်မိကြတယ်။

မြည်ဟည်းသံတို့က ကောင်းကင်နဲ့ လောကတစ်ခွင်ကို တုန်လှုပ်သွားစေတယ်။ အသစ်ရောက်ရှိ လာသူ လက်က ဒိုင်းကာပျက်စီးသွားတယ်။ လတ်တလောမှာ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ ပိထူကိုဆွဲလို့ နောက်ဆုတ်ပြေးသွားတာ ပေ ၁၀၀၀ အကွာလောက်မှပဲ ရပ်တန့် လိုက်တော့တယ်။ မျက်နှာကို ဝတ်ရုံနက်နဲ့ ကာရံထားတာကြောင့် ထိုလူ ဒဏ်ရာ ရသွားသလားတော့ သိနိုင်စရာ မရှိပါ။

စုမင် ခပ်ယဲ့ယဲ့ ပြုံးတယ်။ တိုက်ပွဲဝင် ရဲတင်းကြီး လမ်းပိတ် ခံလိုက်ရစဉ် ကတည်းက လရဲ့အတောင်ပံ သွေးတို့နဲ့ ဖွဲ့စည်းထားတဲ့ ရုပ်တု အကျိုးအပဲ့က အစွမ်း ကုန်သွားခဲ့ပြီ။ ဖုန်မှုန့်တွေလို လေထဲကို ပျံ့နှံ့ပျောက်ကွယ် သွားတော့တယ်။

သူ့ထံကို ဦးတည်လာနေတဲ့ အင်အားတစ်ရပ်ကို ခံစားလိုက်ရပြီး အနောက်ကို ယိုင်သွားတယ်၊ ခန္ဓာကိုယ်ကို လျှပ်စီးကြောင်း အသွင်ပြောင်းလို့ နဂါးနက် တောင်ထွတ်ပေါ် သက်ဆင်းလိုက်ပြီး သွေးအန်ထွက်လို့ တဆတ်ဆတ် တုန်ယင်နေတယ်။ ဒဏ်ရာတွေကို ဖုံးကွယ် ထားနိုင်စွမ်းလည်း မရှိတော့တာကြောင့် ကျင့်ကြံခြင်း အဆင့်ကို အတင်းအကျပ် တိုးမြှင့်တုန်းကရတဲ့ ဒဏ်ရာတွေကအစ လှိုင်းလုံးတွေလို တလိမ့်လိမ့် ပြန်လည်ထွက်ပေါ် လာတယ်။

အမြင်အာရုံလည်း ဝေဝါးနေတယ်။ သေရတော့မယ့် ခံစားချက်ပဲ။ လက်ကျန် အင်အားလေးနဲ့ လျှာကိုကိုက်လို့ သတိ မလွတ်အောင် အတင်းအကျပ် လုပ်ယူထားတယ်။ ခက်ခက်ခဲခဲ ထထိုင်လို့ ဟိုးအဝေးက ပိထူရှေ့မှာ ရပ်လျက်ရှိနေတဲ့ ဝတ်ရုံနက်နဲ့လူကို ကြည့်တယ်။

ပိထူရဲ့ မျက်နှာထက်မှာ အကြောက်တရားတို့ တွဲခိုနေဆဲ။ အကယ်၍ ဒီဝတ်ရုံနက်နဲ့ လူသာ ရောက်မလာခဲ့လျှင် သူ ‌ကျိန်းသေပေါက် သေနေပြီဆိုတာ သူသိတယ်။

"ကြည့်ရတာ ငါတော့ အနောက်ဘက် မဟာမိတ်နယ်မြေ နယ်စပ်မှာ တည်ရှိတဲ့ မျိုးနွယ်စုတွေကို အထင်သေးမိတာ ဖြစ်မယ်။ ပထမဆုံး မြောင်မာန်မျိုးနွယ်စုရဲ့ အင်အားနည်း မျိုးနွယ်ခွဲလေးက ရုပ်နယ်လွန်အဆင့် စွမ်းအားရှင် နှစ်ယောက်က သူတို့ရဲ့ ချီတွေကို ပေါင်းစပ်ပြီး ရုပ်နယ်လွန် နောက်ဆုံးအဆင့် စွမ်းအားနဲ့ တိုက်ကွက်သုံးကွက်ကို ဖော်ဆောင်နိုင်ခဲ့တယ်။ အခု မင်းလို လူငယ်လေး တစ်ယောက်ကတောင် သန့်စင်တဲ့ မီးလျှံ မာန်ပညာရပ်ကို ကျင့်ကြံနိုင်တယ်။ ရှင်းရဲ့ ရုပ်တု အကျိုးအပဲ့ ကိုတောင် ဆင့်ခေါ်နိုင်လိုက် သေးတယ်။ အခုနက တိုက်ကွက်ကလည်း တကယ်လို့ မင်းသာ အားနည်း မနေဘဲ လုံ‌လုံလောက်လောက် အစွမ်းထုတ် မနိုင်ခဲ့ရင် ငါတောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး”

ဝတ်ရုံနက်နဲ့လူက အက်ကွဲ ရှတသံနဲ့ ပြောတယ်။ သူ့ခန္ဓာကိုယ်လည်း အနည်းငယ်မျှ တုန်ယင်နေခဲ့ပြီး သူ့မျက်နှာပေါ်မှာ ယီးလေးခိုနေတဲ့ အကြောက်တရားတို့ ရှိနေတယ်။ ပိထူက သူ့အတွက် အသုံးဝင်နေသေးပြီး မာန်နတ်ဘုရား ရုပ်တု အကျိုးအပဲ့ရဲ့ ရဲတင်းစွမ်းအားက အားသိပ် မပြင်းလို့သာ မဟုတ်လျှင် သူထွက်လာပြီး ပိထူကို ကယ်မှာမဟုတ်ဘူး။ ဝတ်ရုံနက် လွှမ်းခြုံ ထားတာကြောင့်သာ သူ့နှုတ်ခမ်းထောင့်က သွေးစီးကြောင်းကို ဘယ်သူမှ သတိ မပြုမိတာ ဖြစ်တယ်။

"ရိုးရေစတေးအဆင့် ... မင်း ကျင်းနန်ကို သတ်ခဲ့တာလား”

အကြီးအကဲဟာ တောင်ထွတ် တစ်ခုပေါ်မှာ ရပ်နေတယ်။ သူ့မှာ တိုက်ခိုက်ဖို့အင်အား တစိုးတစိတောင် မရှိတော့ဘူး။ ဝတ်ရုံနက်နဲ့ လူကို ကြည့်ပြီး အလျင်မလိုစွာ ပြောတယ်။

"သူတို့တွေက မဟာမြောင် မာန်မျိုးနွယ်စု တွေပဲလေ။ မြောင်မာန်တွေက သူတို့လူကို ဘယ်လောက် ကာကွယ်လိုက်သလဲ။ သူတို့ကို သတ်ရင် ပြဿနာ ဖြစ်တာပဲ အဖတ်တင်မယ်"

ဝတ်ရုံနက်ဟာ အကြီးအကဲကို ကြည့်ပြီး ရုတ်တရက် ထရယ်တယ်။ သူ့ရယ်သံက အက်ကွဲရှတလို့ ကြောက်မက်ဖွယ်ရာ။ အကြီးအကဲကို ကြည့်ပြီး ရင်ဘတ်ထဲက အနက်ရောင် ပလိတ်ပြား တစ်ခုကို ညာဘက်လက်နဲ့ ထုတ်ယူလိုက်တယ်။ ပလိတ်ပြားပေါ်မှာ ပြီးပြည့်စုံတဲ့ ကျောရိုး ပုံသဏ္ဌာန် ထွင်းထုထားပြီး အေးစက်နေတယ်။ ပလိတ်ပြားကို ပစ်လွှတ်လိုက်ပြီး အကြီးအကဲ ရှေ့တည့်တည့် လေထဲမှာ ဝဲနေစေတယ်။

ပလိတ်ပြားကို အကြီးအကဲ မြင်တဲ့အချိန်မှာ မျက်နှာ ပျက်သွားပြီး သူ့ပုံစံက ခါးခါးသီးသီး။

"မီးလျှံမာန် မျိုးနွယ်စု အပျက်စီး အကြွင်းကျန်တွေ ရှာတာအပြင် မင်းကိုပါ ရှာဖို့ ဒီရောက် လာခဲ့တာပဲ မော့ ... မင်းက ငါတို့ကို စိတ်မပျက် စေခဲ့ဘူး။ မင်းသာ ပိထူလက်ထဲမှာ သေသွားရင် ငါတို့လူ မဖြစ်လာ နိုင်တော့ဘူး။ ဒါပေမဲ့ အတိတ်မှာ မင်းကျူးလွန်ခဲ့တဲ့ အပြစ်ကြွေးကို မင်းပြန် ပေးဆပ်ရမယ်”

ဝတ်ရုံနက် စကားပြောရင်း ပလိတ်ပြားကို ပြန်ဆွဲယူပြီးတာနဲ့ မော့စန်းကို လုံးဝ ဂရုမစိုက် တော့ဘူး။ အဲဒီအစား စုမင်ထံ လျှောက်လှမ်းသွားခဲ့တယ်။

"ဒီနေရာမှာ မီးလျှံမာန် မျိုးနွယ်ရဲ့ ဆက်ခံသူကို ရှာတွေ့မယ်လို့တော့ လုံးဝ ထင်မထားခဲ့ဘူး”

စုမင် သက်ပြင်း ခပ်ဖျော့ဖျော့ချတယ်။ သူ့အမူအရာက လုံးဝ အေးဆေးတယ်။ ဝတ်ရုံနက်လူ ပေါ်မလာလျှင်တောင် သူ့မှာ ပြန်သက်သာလာနိုင်တဲ့ အခွင့်အရေး မရှိဘူး။ သူ့ကို သေခြင်းတရားက စောင့်နေတယ်။

ဝတ်ရုံနက်နဲ့ လူကိုတောင် မကြည့်ဘဲ အခြားသော တောင်ထွတ်တစ်ခုမှာ ရပ်နေတဲ့ အကြီးအကဲကို ကြည့်လိုက်တယ်။ သူ့ရဲ့ အကြည့်ဟာ နူးညံ့လှတယ်။ တတ်စွမ်းသမျှလည်း အကုန် လုပ်ဆောင်ပြီးပြီ။

"ဒါက အဆုံးသတ်ပဲ ... ကျုပ် တောင်းပန်ပါတယ်။ သူ့ကို သေသေချာချာ မစောင့်ရှောက် နိုင်ဘူး”

အကြီးအကဲက တိတ်ဆိတ်နေတယ်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အတိတ်မှာ ကြောက်မက်ဖွယ်ရာ အဖွဲ့တစ်ခုထဲ မတော်တဆ ဝင်ခဲ့မိတဲ့ သူ့အပြစ်တွေ ချည်းပဲ။ မျက်လုံးတွေကို နာကျင်ခံခက်စွာ စေ့ပိတ်လိုက်တော့တယ်။

အကြီးအကဲ မျက်လုံးမှိတ်လိုက်တဲ့ အခိုက်အတန့်မှာ သူ့ကိုယ်ခန္ဓာက တသိမ့်သိမ့် တုန်ယင်သွားတယ်။ သူ့ကိုယ်ထဲက အဝါရောင်အလင်း ထွက်ပေါ်လာခဲ့ပြီး ချက်ချင်းဆိုသလို မျက်စိ ပြာသွားလောက်တဲ့ အထိ တောက်ပ လင်းဖြာလာတယ်။ ဒီလောကနဲ့ မသက်ဆိုင်တဲ့ မြင့်မြတ်ခမ်းနားတဲ့ ရှိန်ဝါတစ်ရပ် ... အကြီးအကဲရဲ့ ကိုယ်ခန္ဓာကနေ ဟုန်းခနဲ ထွက်ပေါ်လာတယ်။

အဲဒီရှိန်ဝါ ပေါ်ထွက်လာတဲ့ တစ်ခဏ စုမင်ထံ လှမ်းလျှောက်သွားနေတဲ့ ဝတ်ရုံနက်နဲ့ လူဟာ ရပ်တန့်သွားပြီး ချက်ချင်း လှည့်ကြည့်တယ်။ ဝတ်ရုံနက်အောက်မှာ ဖုံးကွယ်ထားတဲ့ မျက်နှာထက် မယုံကြည်နိုင်မှုနဲ့ ထိတ်လန့် ချောက်ခြားမှုတို့ ထင်ဟပ်လာခဲ့လေတယ်။

မော့စန်းရဲ့ ကိုယ်ခန္ဓာက ထွက်ပေါ်နေတဲ့ အဝါရောင်အလင်း စူးရှရှကို မြင်လိုက်ရတယ်။

အလင်းရောင် တောက်ပလာတာနဲ့ အမျှ မော့စန်းရဲ့ ညှပ်ရိုးတစ်လျှောက် စုစည်းသွားတယ်။ ဆူဆူညံညံ ပေါက်ကွဲသံတစ်ချက် ကောင်းကင်ယံထက် ညံတက်သွားခဲ့ပြီး မော့စန်းရဲ့ ညှပ်ရိုးကနေ လက်ဝါးသာသာလောက် ရှိတဲ့ အဝါရောင် အလံငယ်လေးတစ်ခု ပေါ်ထွက် လာခဲ့ပြီးနောက် သူ့ ဦးခေါင်းထက် ခုနစ်လက်မ အမြင့်နေရာမှာ ရပ်တည် နေတော့တယ်။

မော့စန်း တုန်ယင်သွားတယ်။ မျက်လုံးကို ချက်ချင်းဖွင့်လို့ ခေါင်းမော့ကြည့်တယ်။ အဝါရောင် အလံငယ်လေးကို မြင်လိုက်ချိန်မှာ သူမှင်တက် အံ့အားသင့်သွားခဲ့တယ်။

"မင်း ... မင်းက ဒီကို ဘယ်လိုလုပ်ပြီး”

အလံငယ်လေး ပေါ်ထွက်လာမှုက မော့စန်းကို မယုံကြည်နိုင် ဖြစ်စေတယ်။ သူ့ကို ဒီအရာလေး ပေးခဲ့သူက သူ့ရဲ့ သွေးကြောထဲကို ထည့်ပေးခဲ့တာ ဖြစ်လို့ ဒီလိုကိစ္စမျိုး သူ့ဘဝမှာ ဖြစ်လာနိုင်စရာ မရှိဘူးလို့ ထင်ခဲ့တာ။ အရင်တုန်းက အမျိုးမျိုး ကြိုးစားကြည့်ဖူး ပေမဲ့လည်း ဘာမှ မထူးခြားခဲ့ဘူး။ ရှိနေတယ်ဆိုတဲ့ မှုန်ဝါးဝါး အသိလေးက လွဲလို့ပေါ့။

အကြီးအကဲ မှင်တက်မိနေတယ်။ အသက်ပြင်းပြင်း ရှူရှိုက်လို့ ရုတ်တရက် စုမင်ကို ကြည့်တယ်။ စိတ်လွတ်လက်လွတ် ဖြစ်နေပုံ ပေါ်ပေမဲ့ မော့စန်း တစ်ခုခုတော့ နားလည်သွားခဲ့တယ်။

ခက်ခက်ခဲခဲနဲ့ အလံငယ်ကို ဆွဲယူတယ်။ အကြီးအကဲ လက်ထဲ အလံငယ်ကို မိမိရရ ဆုပ်ကိုင်မိချိန်မှာ အဲဒီအရာက ပေ ၃၀ အထိ ရှည်လျားသွားတယ်။ အလံငယ်လေး တစ်ခုသာ မဟုတ်တော့ဘဲ ဧရာမ အလံတိုင်တစ်ခု ဖြစ်သွားခဲ့ပြီ။

အဝါရောင်မှ အနက်ရောင်သို့လည်း ပြောင်းလဲ သွားခဲ့ပေမဲ့ အလံရွက်ကတော့ အနက်ရောင် မဟုတ်ဘူး။ ၎င်းပေါ်မှာ တောက်ပနေတဲ့ ကြယ်တွေရှိတယ် ... ကြယ်တွေနဲ့ တောက်ပနေတဲ့ ကောင်းကင်တစ်ခုပေါ့

အဲဒီ ကောင်းကင်ယံက ထူးခြားတယ်။ မာန်မျိုးနွယ်ဝင်တို့ ခေါင်းမော့ကြည့်တိုင်း မြင်ရလေ့ရှိတဲ့ ညကောင်းကင်ယံမျိုး မဟုတ်ဘူး။ ဒါက ဟိုးအဝေးကြီးမှာ ရှိနေတဲ့ နေရာတစ်ခုက ကောင်းကင်တစ်ခု ဖြစ်တယ်။ အဲဒီ နေရာဒေသက လူတွေ ခေါင်းမော့ကြည့်လျှင်တော့ ဒီလို ကောင်းကင်မျိုး မြင်ရလောက်တယ်။

ဝတ်ရုံနက် လူရဲ့ ရင်ဟာ ပြင်းပြင်းထန်ထန် ခုန်လှုပ်သွားတယ်။ ကောင်းတာ တစ်ခုခု ဖြစ်တော့မယ်ဆိုတဲ့ ခံစားချက်ကနေ အန္တရာယ်ရှိတဲ့ အာရုံခံစားမှု ပြင်းပြင်းပြပြ အဖြစ် ပြောင်းလဲ သွားခဲ့တယ်။ သူမျက်နှာ ပျက်သွားပြီး မော့စန်းရဲ့ အပြုအမူကို ရပ်တန့်လိုဟန်နဲ့ ရှေ့တိုးသွားတယ်။

သို့ပေမဲ့ မော့စန်းတစ်ယောက် အလံတိုင်ကို ကိုင်မြှောက်လို့ တောင်ထွတ်ပေါ်မှာ ရပ်နေခြင်းကို မတားဆီး လိုက်နိုင်ပါဘူး။ တောင်ထွတ်ရဲ့ အမြင့်ဆုံး နေရာမှာ ရပ်လို့ ညာလက်ကို ဆန့်ထုတ်ကာ အလံတိုင်ကို ရေပြင်ညီ မျဉ်းအတိုင်း လှဲချလိုက်တယ်။ အလံရွက်ကို သူ့ရဲ့ ဘယ်ဘက်အရပ်ကို လွှဲယမ်းလိုက်ချိန် လေပွေများ ဖြစ်ပေါ်လာကာ အလံရွက် တစ်ခုလုံးကို လှိုင်းလုံးတွေလို တလိမ့်လိမ့် ပွင့်အံလာစေတယ်။ ဝတ်ရုံနက် နီးကပ်လာချိန်မှာ မော့စန်းဟာ သူ့ခန္ဓာကိုယ် တစ်ပတ်၊ ညာလက်နဲ့ အလံရွက်ကို စက်ဝန်း တစ်ခုပုံစံ လွှဲယမ်းပြီးပြီ။

အလံရွက်ဟာ လေထဲမှာ လွန့်လူးကခုန်တယ်။ မော့စန်းရဲ့ မျက်နှာနဲ့ ခပ်ဖွဖွ ထိမိသွားတာနဲ့ လေထဲကို လွှဲယမ်းနေပြီး တစ်ဖန်ပြောင်းလဲ သွားပြန်တယ်။ မျက်စိတဖျတ် အတွင်း ပိုမို ကြီးမားလာကာ အလံရွက်ပေါ်က ကြယ်တွေအားလုံး ရုတ်တရက် အံ့မခန်း တောက်ပလင်းဖြာ လာတော့တယ်။ အလံရွက်ဟာ အကြီးအကဲ လက်ထဲက ခုန်ထွက် သွားပြီးတော့တောင် သူ့ဘာသူ လေထဲမှာ စတင်လှည့်ပတ် တော့တယ်။

အလံရွက်ဟာ ပိုလို့ကြီးမားလာ၊ ကျယ်ပြန့်လာပြီး ဝင်သက် အနည်းငယ်အတွင်းမှာ ကြယ်စု ကြယ်ဝေးတို့ ပြည့်နှက်နေတဲ့ အကွက်တစ်ကွက် ဖြစ်ပေါ်လာတော့တယ်။ လေထဲမှာ လွန့်လူး နေတာနဲ့အမျှ မိုးကောင်းကင်နဲ့ ကမ္ဘာမြေ အရောင်တို့ပါ ပြောင်းလဲလာခဲ့ပြီး လေထုထဲ ပဲ့တင်ထပ် ပျံ့နှံ့လာတဲ့ အော်ညည်းသံ တစ်ခုနဲ့အတူ အလံရွက်ဟာ ကောင်းကင်ယံထက် လွင့်ပျံ သွားချိန်မှာ အားလုံးရဲ့ မိုးကောင်းကင်ကြီးကို အလံရွက်က အစားထိုး နေရာယူ သွားတယ်။

ညကောင်းကင်ဟာ အလံရွက်ပေါ်က ကြယ်တွေစုံတဲ့ ကောင်းကင်နဲ့ အစားထိုး ခံလိုက်ရပြီး နှလုံးခုန်သံ တစ်ချက်အတွင်း ညကောင်းကင်ဟာ ပြောင်းလဲသွားခဲ့တယ်။

ဒါဟာ ကောင်းကင်ကိုတောင် ပြောင်းလဲစေတဲ့ ပညာရပ်တစ်ခု။ ညကောင်းကင်ကို အလံရွက်ပေါ်က ကြယ်တွေစုံတဲ့ ကောင်းကင်နဲ့ အစားထိုး ပစ်လိုက်နိုင်တဲ့ ပညာရပ်။ အဲဒီအချိန်မှာ စုမင် မှင်တက်မိနေတယ်။ ခေါင်းမော့လို့ ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ အထက်က ကြယ်တွေစုံတဲ့ ကောင်းကင်က သူ့အတွက် အစိမ်းသက်သက်။

ပိထူလည်း တဆတ်ဆတ် တုန်ယင်နေရင်းက ကြောင်အ နေတော့တာပဲ။ သူမြင်နေရတဲ့ ညကောင်းကင်ယံဟာ စိမ်းသက်နေတယ်။ ဒါဟာ သူတစ်ခုမှ မမြင်ဖူးတဲ့ ကောင်းကင်တစ်ကွက်ပဲ။

ကောင်းကင်ပေါ်က ကြယ်တစ်လုံးတစ်လေ ကို‌တောင် သူမသိဘူး။

ညဘက်တွေမှာ ဖြစ်ပေါ်တတ်တဲ့ ကောင်းကင်ယံဟာ ငယ်စဉ်တည်းက မြင်တွေ့လာခဲ့တဲ့ မြင်ကွင်းတစ်ခု ဖြစ်တာမို့ မြင်ဖူးသမျှ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိတယ်။ ကြယ်တွေ တစ်လုံးချင်းစီ ကြားက အကွာအဝေးနဲ့ သူတို့ ပုံဖော်ထားတဲ့ ရုပ်ပုံကားချပ်တွေက လူတိုင်းရဲ့ မှတ်ဉာဏ်ထဲမှာ ရိုက်နှိပ် ထားသလို စွဲစွဲထင်ထင် ရှိတယ်။

အကယ်၍ တစ်နေ့မှာ ရုတ်တရက် ပြောင်းလဲသွားတယ် ဆိုလျှင် ဘယ်သူမဆို သတိပြုမိမှာ အသေအချာပဲ။ ဒီလို စိမ်းသက်မှုက အားလုံးရဲ့ ရင်ကို စိုးရိမ် ပူပန်မှုတွေ မြင့်တက် လာစေလိမ့်မယ်။

မရင်းနှီးတဲ့ ကောင်းကင်ကို ကြည့်လို့ ဝတ်ရုံနက်ဟာ ဒေါသတကြီး တုန်ခါနေတယ်။ သူဟာ ရိုးရေစတေး အဆင့်က မာန်စွမ်းအားရှင်တစ်ဦး ဖြစ်ပေမဲ့ အကြောက်တရားက လျော့ပါး မသွားခဲ့ဘူး။ သူသိထားတာ တစ်ခုရှိလို့လေ ...

"အခြားကမ္ဘာ တစ်ခုက ကောင်းကင်။ အခြားကမ္ဘာ တစ်ခုက ကောင်းကင်ပဲ”

ကြယ်တွေစုံတဲ့ ကောင်ကင်ယံ ပေါ်ထွက်လာချိန်မှာ အကြီးအကဲက သွေးအန်လို့ အနောက် ဆုတ်သွားတယ်။ မည်သို့‌ပင် ဆိုစေကာမူ သတိလွတ်နေတဲ့ အမူအရာနဲ့ ကောင်းကင်ကို မော့ကြည့်လို့ မိန်းမောနေတဲ့ စုမင်ကို အမြန်အော်လိုက်တယ်။

"စုမင် ဒီကောင်းကင်ကို မှတ်ထား”

စကားအဆုံးမှာ အားအင်လုံးဝ ကုန်ခမ်းသွားတဲ့ အကြီးအကဲဟာ လဲကျသွားပါတော့တယ်။

ကောင်းကင်ဟာ ရုတ်တရက် ကြယ်ရောင်တို့နဲ့ လက်ဖြာလာတယ်။ ၎င်းတို့ဟာ တောက်တောက်ပပ လင်းလက်ကြရင်း စတင် ရွှေ့လျားကြတယ်။ အားလုံးရဲ့ မျက်စိရှေ့မှာပဲ ကြယ်တွေရဲ့ အလင်းတွေအားလုံး ဆက်စပ်မိသွားကာ လူပုံသဏ္ဌာန် ပုံရိပ်ကောက်ကြောင်းတစ်ခု ပေါ်ထွက်လာတယ်။

အဲဒီလူပုံက ကြီးမားလွန်းတဲ့အတွက် ကောင်းကင် တစ်ခုလုံးတောင် ပြည့်သွားတော့မယ်။ ကြယ်ရောင်တွေ ပိုမိုလင်းလက် လာတာနဲ့အမျှ လူရဲ့ မျက်နှာဟာလည်း ထင်ရှားသထက် ထင်ရှားလာတယ်။

အဲဒါက သက်လတ်ပိုင်းအရွယ် အမျိုးသား တစ်ယောက် ဖြစ်တယ်။

ကြယ်ရောင်တွေနဲ့ လူမျက်နှာ ဖြစ်ပေါ်လာချိန် တစ်ခဏမှာ စုမင် တုန်ယင်သွားပြီး သူ့မျက်နှာပေါ်မှာ မယုံကြည်မှုတွေ ပြည့်လျှမ်းနေတော့တယ်။ အဲဒီမှာ ရပ်နေရင်း လုံးဝ မှင်တက် နေခဲ့တယ်။

ကြယ်‌ရောင် အလင်းတွေကနေ ဖြစ်ပေါ်လာတဲ့ ဧရာမ လူသားရဲ့ မျက်နှာဟာ စုမင်နဲ့ အလွန် ဆင်တူနေခဲ့တယ်။

***

All Chapters