အရာအားလုံးလေနှင်ရာမျောလွင့်...လိုက်ပါ
Vol. 8 Ch. 110
ကြယ်အလင်းရောင်တို့ ရေးဆွဲ ခြယ်မှုန်းလိုက်တဲ့ မျက်နှာပိုင်ရှင်ရဲ့ မျက်လုံးတွေ မှိတ်ထားတာကို ဒီနေရာမှာ ရှိနေသမျှလူအားလုံးတွေ့လိုက်ရတယ်။ ဝတ်ရုံနက်ဟာ မာန်သွင်းသံ မပီမပြင်ပြုလို့ အလျင်အမြန် နောက်ဆုတ် သွားတယ်။ ပိထူထံ သွားရောက်လို့ ဆွဲခေါ်လိုက်ကာ ဒီနေရာက အမြန် ထွက်ခွာသွားဖို့ လုပ်တယ်။
စိမ်းသက်တဲ့ ကောင်းကင်ယံက ထွက်ပေါ်လာတဲ့ အင်အားတစ်ရပ်က သူ့ကို ကြောက်လန့်စေတယ်။ အဲဒီ အင်အားက သူ့ကိုယ်ပေါ်က ရှိသမျှ မွှေးညင်းတို့ကို ထောင်ထ သွားစေတယ်။ နှစ်ပေါင်းများစွာတိုင် မတွေ့ကြုံခဲ့ရတာ ကြာပြီဖြစ်တဲ့ ခံစားမျိုးပါပင်။
အဲဒီတစ်ခဏမှာ စုမင်ကို ဖမ်းချင်တဲ့ ဆန္ဒလည်း မရှိတော့ဘူး။ သူ့ခေါင်းထဲမှာ ရှိနေတဲ့ တစ်ခုတည်းသော အတွေးက ဒီကနေ အမြန်ထွက်သွားဖို့ သို့ပေမဲ့ ပိထူကိုဆွဲပြီး ထွက်သွားတော့မယ့် ဆဲဆဲမှာ အစားထိုး ကောင်းကင်ယံက ကြယ်အလင်းရောင်တွေကြောင့် ဖြစ်ပေါ်လာတဲ့ လူပုဂ္ဂိုလ်ရဲ့ မျက်လုံးတွေ ပွင့်လာခဲ့တယ်။
သူ့ရဲ့အကြည့်တွေမှာ ဖိနှိပ်လိုမှုနဲ့ အေးစက် တင်းမာမှုတို့ ပါဝင်လျက်ရှိတယ်။ အကြည့် တစ်ချက်လေးပဲ ဆိုပေမဲ့ ပိထူခေါင်းထဲမှာ ဒိန်းခနဲ ဖြစ်သွားတယ်။ ကောင်းကင်ပေါ်က လူရဲ့ အဲဒီ အကြည့်ကြောင့် သူခံစား မိလိုက်တာက သူဘဝ သက်တမ်းကို စတေးပြီး ဆင့်ခေါ်ခဲ့တဲ့ မြောက်အရပ်က မိုးကျရွှေကိုယ်မာန် နတ်ဘုရားထက်ကို များစွာ သာလွန်မှုရှိတယ်။
"သူဘယ်သူလဲ”
ဝတ်ရုံနက်ဟာ ကြက်သေ သေသွားတယ်။ အကြောက်တရားကြောင့် သူဘာကိုမှ ဂရုမစိုက် နိုင်တော့ဘူး။ သူ့ခြေဖဝါး အောက်က အနက်ရောင် အခိုးအငွေ့ အများအပြား ပေါ်ထွက်လာတယ်။ ပိထူကိုဆွဲလို့ မှုန်မိုင်းဝေရီတဲ့ လေထုထဲ ပျောက်ကွယ်သွားတယ်။
ပိထူနဲ့အတူ ပျောက်ကွယ်သွားဖို့ ကြိုးစားလိုက်တဲ့ အခိုက်အတန့်မှာပဲ စုမင်နဲ့ဆင်တူတဲ့ ကောင်းကင်ပေါ်က လူဟာ သူ့ရဲ့ညာလက်ကို မြှောက်လိုက်တယ်။ လက်သီး မဆုပ်လိုက်ပေမဲ့ လက်ချောင်းတွေကို အတူတကွ စေ့ပိတ်လိုက်ကာ ကမ္ဘာမြေပေါ်ကို ဖိချလိုက်တယ်။
သူ့လက်ဖဝါး ဖိချလိုက်စဉ် တစ်ခဏ အောက်ဘက်မှာ လေပွေမုန်တိုင်း တစ်ခု ဖြစ်ပေါ် လာခဲ့တယ်။ လေပွေဟာ ပိထူနဲ့ ဝတ်ရုံနက်တို့ ပျောက်ကွယ်သွားတဲ့ နေရာကို ဖြတ်တိုက်သွားတယ်။ ချက်ချင်း ဆိုသလို ထွက်ပြေးသွားတဲ့ ပိထူနဲ့ ဝတ်ရုံနက်တို့ အလိုမတူစွာ ပြန်လည်ခေါ်ဆောင်ထားခြင်းခံလိုက်ရတော့တယ်။ ဆွဲခေါ်ခံလိုက်ရတဲ့တစ်ခဏ ပိထူဟာ ကျယ်လောင်စွာ အော်ဟစ် လိုက်တယ်၊ သူ့ရဲ့လက်မောင်းတွေ တစစီ စုတ်ပြဲ ပြတ်ထွက်သွား ခဲ့လေပြီ။
ပိထူရှေ့မှာ ရပ်နေတဲ့ ဝတ်ရုံနက် သွေးအန်တယ်။ ဝတ်ရုံနက်အောက်မှာ ဖုံးကွယ်ထားတဲ့ သူ့မျက်နှာထက်မှာ ကြောက်ရွံ့ ထိတ်လန့်မှုတို့ ပြည့်လျှမ်း လာတယ်။
"သူ့ရဲ့ စွမ်းအားက ဘာလဲ။ ရိုးရေစတေး အဆင့်ထက်တောင် သာလွန်သေးတယ်။ အခြားကမ္ဘာ တစ်ခုက ဒီလူဟာ ... သူက မာန်စွမ်းအားရှင် စိတ်ဝိညာဉ် အဆင့် ဖြစ်နေမလား”
ကောင်းကင်ပေါ်က ကျရောက်လာတဲ့ လက်ဖဝါးဟာ ခပ်ဖြည်းဖြည်း ရောက်ရှိလာတယ် ထင်ရပေမဲ့ အမှန်စင်စစ်မှာတော့ ပိထူနဲ့ ဝတ်ရုံနက်တို့ ရှိရာနေရာဆီ အလွန်လျင်မြန်စွာ ရောက်ရှိလာခဲ့တာ ဖြစ်တယ် ဆူညံတဲ့ အသံတို့ ကောင်းကင်ယံ တစ်ခွင် ပျံ့လွင့်သွားခဲ့တယ်။ လက်ဖဝါး ဖိချလာစဉ် တစ်ခဏ ဝတ်ရုံနက်ဟာ စူးစူးဝါးဝါး အော်ဟစ်လိုက်တယ်။ သူ့အနောက်မှာ ရပ်နေတဲ့ ပိထူကို ဆွဲလို့ သူ့ရဲ့ အစွမ်းတချို့ ပေါင်းထည့် ပေးလိုက်ပြီးလျှင် ကျရောက်လာတဲ့ လက်ဖဝါးဆီ ပစ်လွှတ် လိုက်တယ်။
ပိထူဟာ ပြန်တောင် မခုခံနိုင်ရှာဘူး။ သူ့ခန္ဓာကိုယ်နဲ့ လက်ဖဝါးတို့ ထိမိသွားတာနဲ့ ဝတ်ရုံနက် ထည့်သွင်းပေးလိုက်တဲ့ စွမ်းအားတွေက ပေါက်ကွဲသွားပြီး သူ့တစ်ကိုယ်လုံးကို ကျယ်လောင်တဲ့ မြည်ဟိန်းသံနဲ့ တစ်စစီကွဲ ထွက်သွားစေတော့တယ်။ သန်မာ ပြင်းထန်လှတဲ့ အင်အားတစ်ရပ် ထွက်ပေါ်လာပြီး နေရာ တစ်ခုလုံးကို တုန်လှုပ် သွားစေပေမဲ့ … လက်ဖဝါးဟာ တစ်ချက်လေးတောင် မရပ်သွားပါဘူး။ အဲဒီ ပြင်းထန်ပါတယ် ဆိုတဲ့ အင်အားက ၎င်းအတွက် ဘာမှ မဟုတ်သလိုပဲ။ ပိထူရဲ့ ပေါက်ကွဲမှုကြားက ဖြတ်သန်းလို့ ဝတ်ရုံနက်ထံ တစ်ဟုန်ထိုး ကျရောက်သွားတယ်။
ဝတ်ရုံနက်ရဲ့ မျက်လုံးတို့ ရဲရဲတောက်နေတယ်။ သူမလွတ်မြောက်နိုင်ဘူးပေါ့။ လက်မောင်းတွေကို အမြန် ပင့်မြှောက်လို့ ၁၃ခုမြောက် ကျောရိုးဆစ်ထံက ထွက်ပေါ်လာတဲ့ ကြီးမားတဲ့ စွမ်းအားကို လက်မောင်းတွေထံ ပို့လွှတ်လိုက်တယ်။ သူ့ဆီ ကျရောက်လာတဲ့ လက်ဖဝါးကို တွန်းထုတ် လိုက်တယ်။
မြည်ဟိန်းသံတို့ ကောင်းကင်ယံထက် ညံတက် သွားပြန်လေတယ်။ ဝတ်ရုံနက်ဟာ စူးရှ နာကျင်စွာ အော်ဟစ် လိုက်တယ်။ အနက်ရောင် လက်ရှည် ဝတ်ရုံစ အောက်မှာ ဖုံးကွယ်ထားတဲ့ သူ့လက်မောင်း နှစ်ဖက်လုံးက အသားတွေ အပိုင်းပိုင်း အစစ စုတ်ပြဲသွားတယ် ။ သူ့ရဲ့ ဝတ်ရုံနက်လည်း စုတ်ပြဲလို့ အမြဲတမ်း ဖုံးကွယ်ထားတဲ့ မျက်နှာပါ ပေါ်လာတယ်။
မျက်နှာပေါ်မှာ မည်းနက်တဲ့ ရုပ်ပုံတစ်ခုရှိတဲ့ အဘိုးအို တစ်ယောက် ဖြစ်တယ်။ ရုပ်ပုံက မျက်လုံးတစ်လုံးနဲ့ တူပြီး ၁၃ခုမြောက် ကျောရိုးဆစ်က ထွက်ပေါ်လာတဲ့ အိုမင်းရင့်ရော်တဲ့ ရှိန်ဝါတစ်ရပ်ဟာ သူ့ရဲ့ နောက်ကျောဘက်က ထွက်ပေါ်နေတယ်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဒီပစ္စည်းပေါ်မှာ ကျန်နေခဲ့တဲ့ စိတ်ဆန္ဒ တစ်ခုဆိုတာ ငါအတပ် ပြောနိုင်တယ်။ အတွေးလေး တစ်စကတောင် ဒီလောက် အားကောင်းနေတာ ... ဒီလူက တခြား ကမ္ဘာမှာဆို အံ့မခန်း စွမ်းအားကြီးမားတဲ့မာန်စွမ်းအားရှင်တစ်ယောက်ဖြစ်ရမယ်”
အဘိုးအို သွေးအန်တယ်။ တုန်ယင်နေတဲ့ လက်မောင်းတွေဟာ သွေးအလိမ်းလိမ်းနဲ့ အစိတ်စိတ် အမြွှာမြွှာ စုတ်ပြတ်ကုန်ကြပြီ။ သူ့ခေါင်းပေါ်မှာ သေခြင်းတရား ဝဲနေပြီဆိုတာ သူသိတယ်။ ခန္ဓာကိုယ်ကို ဒယီးဒယိုင် နောက်ဆုတ်ရင်း ညာလက်မောင်းကို မြှောက်လို့ လေကို ဖမ်းဆုပ်လိုက်တယ်။ သူ့လက်ထဲကို သားရဲ အရေခွံတစ်ခု ရောက်ရှိ လာခဲ့တယ်။
သားရဲ အရေခွံပေါ်မှာ ငွေမှင်ရောင် သားမွှေးတို့ ပါရှိပြီး အလွန်တရာ အဖိုးတန်မဲ့ပုံပဲ။ အဲဒီခဏမှာ အဘိုးအိုဟာ သားရဲအရေခွံကို ဝတ်ဆင်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့လက်နဲ့ သင်္ကေတအချို့ ရေးဆွဲလို့ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ လက်၁၀ချောင်းနဲ့ သူ့ကိုယ်ပေါ်မှာ သွေးနီရောင် ရုပ်ပုံတစ်ခု ခြယ်မှုန်းလိုက်တယ်။ အဲဒီရုပ်ပုံက သူ့ရဲ့ မာန်စွမ်းအင် အမှတ်အသားနဲ့ တစ်ပုံစံတည်းပဲ။ အဲဒါက မျက်လုံး တစ်လုံးဖြစ်တယ်။
"သားရဲသဏ္ဌာန် အသွင်ပြောင်းလဲ”
အဘိုးအို ကြုံးဝါး လိုက်တာနဲ့အမျှ သူ့ကိုယ်ပေါ်မှာ ငွေမှင်ရောင် အလင်းတို့ တောက်တောက်ပပ လက်ဖြာလာတယ်။ တစ်ခဏအတွင်း သူ့ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ ပြောင်းလဲမှုတို့ ဖြစ်ပေါ်လာတယ်။
ကိုယ်ပေါ်မှာ သားရဲအရေခွံ ဝတ်ဆင်လိုက်တယ် ဆိုလျှင်ပဲ အဲဒီငွေရောင် အလင်းအောက်မှာ တစ်ကိုယ်လုံးကို လျင်လျင်မြန်မြန် ပျံ့နှံ့သွားတယ်။ စုမင်ရဲ့ မျက်စိရှေ့မှာတင် သူက ငွေရောင်သားရဲ တစ်ကောင်အဖြစ် ပြောင်းလဲသွားတယ်။
ကြမ်းကြုတ်ခက်ထန်တဲ့ သားရဲကောင်ဟာ နွားသိုးတစ်ကောင်နဲ့ တူပေမဲ့ မျက်လုံးတစ်လုံးပဲ ပါရှိတယ်။ တစ်ကိုယ်လုံးကို ငွေရောင်သားမွေးတို့ လွှမ်းခြုံထားတယ်။ ဦးခေါင်းထက်မှာ တလက်လက် တောက်နေတဲ့ ဦးချိုနှစ်ခု ပါရှိတယ်။ အဲဒီ အခိုက်အတန့်မှာ ရိုးရေစတေး အဆင့်ရှိ စွမ်းအားတွေ အားလုံးကို သားရဲကောင်ရဲ့ ငွေရောင် သားမွေးတို့ အောက်က ၁၃ခုမြောက် ကျောရိုးဆစ်ဆီသို့ အကုန် ပို့လွှတ်ထားတယ်။
သားရဲကောင်ဟာ မာန်ဖီလို့ ကျရောက်လာတဲ့ လက်ဝါးကို ဝင်တိုက်လိုက်တယ်။
လက်ဖဝါးရဲ့ တိုက်ခိုက်မှုက သားရဲကောင်ထံ ကျရောက်လာချိန်မှာ သားရဲကောင်ဟာ တုန်ခါသွားတယ်။ ခေါင်းပေါ်က ဦးချိုနှစ်ချောင်း ချက်ချင်း ပဲ့ကြွေကျကာ ကိုယ်ပေါ်က သားမွေးတို့လည်း ရိတ်ချခံလိုက်ရသလို ကျွတ်ထွက် ကုန်ကြတယ်။ အမွှေးတွေ အားလုံး မရှိတော့တဲ့ အချိန်မှာ သားရဲကိုယ်ခန္ဓာပေါ်က အရေပြားတွေ စုတ်ပြဲကုန်တယ်။ အလင်းတစ်စ ဖြာထွက်လာပြီးလျှင် သားရဲကောင် ပျောက်ကွယ်သွားတယ်။ အဘိုးအိုရဲ့ကိုယ်ခန္ဓာက တစ်ဖန်ပြန်လည်ရုပ်လုံးပေါ်လာတယ်။ မျက်နှာကဖြူဖျော့လို့ မျက်လုံးတွေက မျှော်လင့်ချက်မဲ့တဲ့ အသွင်။ သူသွေးအန်နေတုန်း လက်ဖဝါးက သူ့ကိုယ်ပေါ် ကျရောက်လာခဲ့တယ်။
သူ့ရဲ့ လက်မောင်းတွေ ပြုတ်ထွက်သွားသလို သူ့ခြေထောက်တွေလည်း ... ပျောက်ကွယ် သွားတယ်။ ရင်ဘတ်ပိုင်း တစ်ခုသာ ကျန်ရစ်ခဲ့ပြီး သူ့နောက်ကျောဘက်က ၁၃ခုမြောက် ကျောရိုးဆစ်လည်း တဆတ်ဆတ် တုန်ခါနေရာမှ တစစီ ပဲ့ကြွေသွားတော့တယ်။ အရိုးကြေမွသွားချိန်မှာ အဘိုးအိုဟာ နာကျင်စွာ အော်ဟစ်လိုက်တယ်။ သူ့အသံထဲမှာ ပျက်သုဉ်းသွားတဲ့ မျှော်လင့်ချက်တို့ တစ်စစီ။ ဒီလက်ဖဝါးကြောင့် သူ့ရဲ့မာန်စွမ်းအားရှင် ကျောရိုးဆစ် ပျက်စီးသွားတာကို သိလိုက်တယ်။ အခုချိန်ကစပြီး သူအသက် မသေခဲ့လျှင်တောင် သူဟာ ရိုးရေစတေး အဆင့်ရှိတဲ့ အစွမ်းထက် မာန်စွမ်းအားရှင် တစ်ယောက် မဖြစ်နိုင်တော့ဘူး။
"အတွေးလေး တစ်စကတောင် ဒီလောက် အစွမ်း ထက်လိုက်တာ......”
သူ မချိပြုံးပြုံးလို့ မျက်လုံးတွေကို စေ့ပိတ်လိုက်တယ်။ အဲဒီလို မှိတ်လိုက်တဲ့ တစ်ခဏမှာ တိုက်ပွဲတွေ အလီလီ အလာလာ ဖြစ်ပွားခဲ့တဲ့ သူတို့ရဲ့ ကမ္ဘာမြေပြင်ဟာ မတည်ငြိမ်စ ပြုလာတယ်။ အခု .... လက်ဖဝါး ပိကျလာချိန်မှာ အဘိုးအိုဘေးက ဟင်းလင်းပြင်ဟာ စတင် အက်ကွဲစပြုလာတယ်။ အက်ကွဲကြောင်းတွေက လျင်မြန်စွာ ပျံ့နှံ့လာခဲ့ပြီး ချက်ချင်း ဆိုသလို မြေပြင်ပေါ် ကျရောက်လာတဲ့ မှန်တစ်ချပ်လို အစိတ်စိတ် အမြွှာမြွှာဖြစ်သွားတယ်။
ဒါက အက်ကွဲနေတဲ့ဟင်းလင်းပြင် ပဲ ။
ကောင်းကင်နဲ့ မြေပြင်ကြားမှာ ဟင်းလင်းပြင် တစ်ခုရှိပေမဲ့ အဲဒါကို ဘယ်သူမှ မမြင်နိုင်ဘူး။ အကယ်၍ အံ့မခန်း ပြင်းထန်တဲ့ တိုက်ခိုက်မှုနဲ့ ကြုံတွေ့ ရလျှင်တော့ အလိုအလျောက် ပြန်လည် ဆက်စပ်သွားတတ်တဲ့ အက်ကွဲနေတဲ့ ဟင်းလင်းပြင် တစ်ခဏ ပေါ်လာတတ်တယ်။
အဲဒီလို အက်ကွဲတဲ့အချိန်မှာ အရာအားလုံးကို စုပ်ယူတဲ့ လေဟာနယ်တစ်ခု ဖြစ်ပေါ် လာလိမ့်မယ်။ အဲဒီ လေဟာနယ်ဟာ အံ့မခန်း အင်အား ကြီးမားလွန်းလို့ အနားမှာ ရှိသမျှ အရာအားလုံးကို စုပ်ယူ သွားနိုင်တယ်။
နက်မှောင် တောင်စဉ်တန်းပေါ်မှာ အက်ကွဲနေတဲ့ ဟင်းလင်းပြင်နဲ့အတူ လေဟာနယ်တစ်ခု ပေါ်ပေါက် လာခဲ့တယ်။ လေဟာနယ်စုပ်ဝဲ ပေါ်ပေါက်လာတာနဲ့ တစ်ပြိုင်နက် ဝတ်ရုံနက်က ပထမဆုံး စုပ်ယူခံရသူ ဖြစ်လာပြီး သူ့ကို မျှော်လင့်ချက်တို့ ပျက်ပြားစေတဲ့ လက်ဖဝါးရဲ့ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုက်နိုင်စေပါတယ်။
တစ်ချိန်တည်းမှာပဲ အနီးနားက တောင်စဉ်တောင်တန်းတွေပေါ်က ကျောက်ခဲတွေ ပြုတ်ကျ လာတယ်။ သစ်ပင်ခြောက်တွေ၊ အနက်ရောင် နှင်းတွေနဲ့ အခြားသော အရာအားလုံး လွင့်မြောက်လို့ လေဟာနယ်ထဲ စုပ်ယူ ခံလိုက်ရတယ်။
စုမင် မလှုပ်နိုင်တော့ဘူး။ ပြင်းထန်တဲ့ စုပ်ယူနိုင်စွမ်းအား ပေါ်ပေါက်လာချိန်မှာ သူ့ခန္ဓာကိုယ်လည်း လေဟာနယ်ထဲ တွန်းပို့ ခံလိုက်ရတယ်။ အပင်သေတွေ ကျောက်ခဲတွေနဲ့ အတူ လေဟာနယ်ဝဲ ဂယက်ထဲ စုပ်ယူခံလိုက်ရတယ်။ သူ စုပ်ယူခံလိုက် ရချိန်မှာ အခြားသော တောင်ထွတ် တစ်ခုပေါ်မှာ လဲကျနေတဲ့ အကြီးအကဲကိုလည်း မြင်လိုက်ရပြီး သေသလား ရှင်သလားကိုတော့ သိနိုင်စရာ မရှိတော့ဘူး။ အကြီးအကဲလည်းပဲ ဝဲထဲ စုပ်ယူ ခံလိုက်ရတော့တယ်။
အဲဒါက စုမင် မြင်လိုက်ရတဲ့ နောက်ဆုံး မြင်ကွင်းပါပဲ။ အဲဒီနောက်မှာတော့ အမြင်အာရုံ တစ်ခုလုံး မှောင်အတိ ကျသွားပြီး အသိစိတ် ပျောက်ဆုံး သွားပါတော့တယ်... ။
လေဟာနယ် ဝဲဂယက်လည်း ဝင်သက် အနည်းငယ်မျှသာ ကြာလိုက်ပြီး ပိတ်ဖုံး ပျောက်ကွယ် သွားတော့တယ်။ အရာအားလုံး ပုံမှန် အခြေအနေ ဖြစ်သွားတယ်။ အခြားကမ္ဘာက ကောင်းကင်လည်း တဖြည်းဖြည်း ပျောက်ကွယ် သွားတယ်။ ဧရာမလူသားလည်း ဖြည်းညင်းစွာ မှိန်ဖျော့ သွားတော့တယ်။ အက်ကွဲသံတို့ ကမ္ဘာတစ်ခွင် ခြိမ်းခြိမ်း ညံနေခဲ့ဝယ်၊ အနက်ရောင် အလံတိုင်လည်း အဝါရောင်အဖြစ်သို့ လျင်မြန်စွာ ပြန်လည် အသွင်ပြောင်းပြီးနောက် ပြာမှုန်တွေအဖြစ်နဲ့ လေနှင်ရာလိုက်ပါသွားတော့တယ်။
ကျယ်လောင်တဲ့ ထစ်ခြုန်းသံတို့ မြေပြန့်အနှံ့ ပဲ့တင်ထပ်လို့ မြေပြင်ပေါ်မှာ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာတယ်။ ကျန်ရှိနေတဲ့ အနက်ရောင် နှင်းတွေအားလုံး ပျော်ကျ ပျောက်ပျက်သွားတယ်။
မြေပြင်ပေါ်မှာ ဧရာမလက်ဖဝါးရဲ့ ကောက်ကြောင်း ပေါ်ထွက်လာတယ်။ ထစ်ခြုန်းသံတို့ လေထုထဲ ညံတက်လာချိန်မှာ နက်မှောင်တောင်စဉ် ငါးသွယ်တန်းရဲ့ တစ်ခုသော တောင်ထွတ် ပြိုကျလို့ လေထုထဲကို ဖုန်အလိမ်းလိမ်း ပျံ့လွင့်သွားတယ်။
အရာအားလုံး တဖြည်းဖြည်းနဲ့ တိတ်ဆိတ် ငြိမ်သက်သွားတယ်။
အထိအခိုက် မရှိလိုက်တဲ့ တောစပ် တစ်နေရာကနေ မျောက်ငယ်လေး တစ်ကောင်ဟာ စိုးရိမ်မှုတွေနဲ့ တစ်ဟုန်ထိုး ပြေးထွက်လာတယ်။ စုမင်ကို ခေါ်ဆောင်သွားတဲ့ လေဟာနယ် ဖြစ်တည်ရာ နက်မှောင်တောင်ကို တက်ရောက်လာခဲ့တယ်။ တောင်ထွက်ပေါ်မှာ ကောင်းကင်ကို ကြည့်လို့ စုမင်ကို ခေါ်နေသလို စူးစူးဝါးဝါး အော်မြည်သံတွေ ပြုနေပါတော့တယ်။
အော်မြည်သံတွေ အကြာကြီး ထွက်ပေါ်နေခဲ့ပြီး နောက်မှာတော့ မျောက်ကလေးဟာ အဝေးက နယ်မြေဒေသကို ခါးသီးစွာ ကြည့်တယ်။ ၎င်းဟာ တောင်ရဲ့ အခြားတစ်ဖက်ကို မြင်တွေ့နေတယ်။ ၎င်းရဲ့ မှတ်ဉာဏ်ထဲမှာ တောင်ရဲ့ အခြားတစ်ဖက်က ဘာနဲ့တူမလဲ ဆိုတာ သိချင်လိုက်တာလို့ စုမင် ပြောဖူးတာကို သတိရလာတယ်။
မျောက်ကလေးဟာ တောင်ပေါ်ကနေ တဖြည်းဖြည်း ပြန်ဆင်းလာတယ်။ အဲဒီကစလို့ တောအုပ် တစ်ဝိုက်မှာ ပြေးလွှားနေတဲ့ အနီရောင် အလင်းလေး တစ်စကို ထပ်မတွေ့ရတော့ဘူး။
နှစ်အနည်းငယ် အကြာ ပေါ်ပေါက်လာလေ့ ရှိတဲ့ သွေးလွှမ်းလဟာလည်း ဘယ်တော့မှ ပြန်ပေါ် မလာတော့ပါဘူး။ လရဲ့ အတောင်ပံ ဆိုတာတွေ ရောပဲပေါ့။
အဲဒီတိုက်ပွဲ အဆုံးမှာ တောင်ထွက် ငါးခုရှိခဲ့တဲ့ နက်မှောင် တောင်စဉ်တန်းမှာ တစ်စုံ တစ်ယောက်က လက်ချောင်းကို တိတိပပ ဖြတ်ချလိုက်သလို တောင်ထွတ် လေးခုသာ ကျန်ရှိ နေတော့တယ်။ မဟူရာမီးတောင်မှာ တောင်ထွတ် ပျောက်ဆုံး သွားခဲ့ပါပြီ။
အားလုံး ပြီးဆုံးသွားခဲ့ပြီ။
လေပြေစီးကြောင်း မျိုးနွယ်စုဟာ ကစဉ့်ကလျား အခြေအနေ။ ကျင်းနန်နဲ့ ဝမ်ရန်တို့ ပြန်ရောက် လာချိန်မှာလည်း ရုပ်နယ်လွန် အဆင့်ရှိတဲ့ အဲဒီ မာန်စွမ်းအားရှင် နှစ်ယောက်ဟာ ဂူပိတ်ကျင့်ကြံဖို့ ရွေးချယ် လိုက်ကြတယ်။ တောင်ပေါ်မှာ ဖြစ်ခဲ့သမျှ အကြောင်းအရာ အားလုံးနဲ့ ပတ်သက်လို့ နှုတ်ခမ်းတွေ တင်းတင်း စေ့ပိတ် ထားကြတော့တယ်။
မျိုးနွယ်စု အတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးဖြစ်စေ၊ ခပ်သေးသေး ဖြစ်စေ ရှီဟိုင်နဲ့ အခြားသူများကို လွှဲအပ်လိုက်တယ်။ ရဲဝမ်နဲ့ အခြားလူငယ်များ လေ့ကျင့်ပေးမှုကိုတောင် ဘေးဖယ် ထားလိုက်ကြတယ်။ သူတို့ရဲ့ ဒဏ်ရာဟာ သိပ်ကို ပြင်းထန်လွန်တယ်။ သူတို့ရန်သူက အကြောက်တရား သို့မဟုတ် အကြောင်းတစ်စုံ တစ်ရာကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် လိုက်တာကြောင့်သာမ ဟုတ်လျှင် သူတို့နှစ်ယောက် ပြန်လာနိုင်တော့မယ် မထင်ဘူး။
နက်မှောင်တောင် မျိုးနွယ်စုဟာ လေပြေစီးကြောင်း လက်အောက်ခံ ဖြစ်လာခဲ့ပြီး ရွှံ့မြေ ကျောက်သား မြို့တော် အပြင်ဘက်မှာ နေထိုင်တဲ့ ခုနစ်ခုမြောက် မျိုးနွယ်စု ဖြစ်လာတယ်။ အင်အား အနည်းဆုံး မျိုးနွယ်စုလည်း ဖြစ်တယ်။ မျိုးနွယ်စုထဲမှာ မာန်စွမ်းအားရှင် ဆိုလို့ မျိုးနွယ်စုခေါင်းဆောင်၊ ပေလင်းနဲ့ ဒုက္ခိတ အစောင့်အရှောက် ခေါင်းဆောင်တို့သာ ကျန်ရှိတော့တယ်။
အကြီးအကဲ ပြန်ရောက်မလာဘူး။ လေ့ချန် ပြန်ရောက်မလာဘူး။ စုမင်လည်း ပြန်ရောက် မလာခဲ့တော့ပါဘူး။
ဝမ်းနည်းကြေကွဲမှုတွေကြားကပဲ ရက်အနည်းငယ် အကြာမှာ နက်မှောင်တောင် မျိုးနွယ်စုက နက်မှောင်တောင်ကို လူအနည်းငယ် စေလွှတ်ခဲ့တယ်။ သူတို့လူတွေ ဖြစ်တဲ့ နန့်စုန့်၊ ရှန့်ဟန်တို့ အလောင်းတွေကို ပြန်လည် သယ်ဆောင် လာကြပြီး အိမ်မှာ စောင့်ကျန်နေခဲ့ သူတွေကို နက်မှောင် တောင်စဉ်တန်းက တောင်ထွတ် လေးခုမှာ မြင်ခဲ့သမျှအားလုံး ပြန်လည် ပြောပြကြတယ်။ ကြေကွဲမှုများနဲ့ လွှမ်းခြုံလို့ သေလွန်ခဲ့ကြတဲ့ မျိုးနွယ်စုဝင်တွေ အားလုံးအတွက် ဈာပန အခမ်းအနား ပြုလုပ်မဲ့ နေ့ဟာ တိုက်ဆိုင်စွာနဲ့ စုမင်နဲ့ ပိုင်လင်းတို့ ကတိကဝတ် ပြုလုပ်ခဲ့ကြတဲ့နေ့ ဖြစ်နေခဲ့တယ်။
ရှန့်ဟန် သစ္စာ ဖောက်တာလည်း မသိတဲ့အတွက် သူ့ကိုလည်း အခြား မျိုးနွယ်ဝင်တို့နဲ့ အတူ မြှုပ်နှံ ပေးလိုက်ကြတယ်။ ဈာပန အခမ်းအနား ကျင်းပပွဲနေ့မှာ နှင်းစက်တို့နဲ့ အတူ မိုးရွာခဲ့တယ်။ သိပ်ကို အေးစက်နေခဲ့တယ်။
နက်မှောင်တောင် မျိုးနွယ်စုရဲ့ အပြင်ဘက် ၊ အရိုးခိုက်အောင် အေးတဲ့ နှင်းလွှာထုနဲ့ မိုးရေစက်များကြား အဖြူရောင် ဝတ်ဆင်ထားတဲ့ မိန်းကလေး တစ်ယောက် ရှိခဲ့တယ်။ သူမဟာ အဲဒီမှာ တိတ်ဆိတ်စွာ ရပ်လို့ သူမ နားရွက်ဖျားလေး ထက်က တွဲလွဲကျနေတဲ့ အရိုးနားစွဲလေးကို ထိတွေ့ နေခဲ့တယ်။ သူမ မျက်နှာလေးထက် မိုးစက်နှင်းစက်များ ရောပြွမ်း ကျရောက်နေခဲ့တာကြောင့် ကျဆင်းနေတဲ့ မျက်ရည်စများ ရှိသလားတော့ မသိနိုင်တော့ပါ။
အခန်းကြီး (၁) ပြီး၏။
***