စိမ်းသက်သော မြင်ကွင်းများအကြား နိုးထလာခြင်း
Vol. 9 Ch. 111
ကောင်းကင်ထက်မှ မိုးရေစက်များ သစ်ရွက်တို့ အပေါ်သို့ကျဆင်း နေသည်က ကျယ်လောင်သည့် ထိခတ်သံများအား ဖြစ်ပေါ်စေလျက် ရှိသည်။ သစ်ရွက်များပေါ်သို့ မိုးရေ အများအပြား ကျရောက်၍ အရွက်ပေါရှိ အရိုးအကြောလေးများ တစ်လျှောက် စီးကျကာ ထိပ်ဖျား၌ ရေစက်လေးများ တွဲခိုနေတော့သည်။
နေရာသည် မိုးသစ်တော တစ်ခုအတွင်း ဖြစ်ခဲ့သည်။ မြေပြင်တွင် ရွှံ့နွံတို့ဖြင့် ပြည့်လျက်ရှိပြီး ညွန်အိုင်များလည်း ဖြစ်ပေါ်နေခဲ့သည်။ ကောင်းကင်မှာ မည်းမှောင်နေသည်။ ရံဖန်ရံခါ ဖြစ်ပေါ်တတ်သော မိုးကြိုးလျှပ်နွယ် များသည်သာ လောကအား ခေတ္တမျှ အလင်းပေးနေသည်။
မိုးထစ်ချုန်းသံများ ကျယ်လောင်စွာ မြည်ဟည်းထွက်ပေါ် လာခဲ့ပြီး ညခင်းအနှံ့ ပဲ့တင်ထပ် ပျံ့လွင်လာပြီးနောက် လျင်မြန်စွာ ပြန်လည်တိတ်ဆိတ် သွားခဲ့ပြန်သည်။
တောနက် တစ်နေရာတွင်မူ ညအလယ်၌ ပုန်းလျှိုးကာ တည်ရှိနေသော တောင်တန်းတစ်ခု တည်ရှိသည်။ တောင်တန်းမှာ ခပ်နိမ့်နိမ့်သာ ဖြစ်ရာ နက်မှောင်တောင်နှင့် မယှဉ်သာနိုင်ပါ။ မြင့်မားခြင်း မရှိသော်လည်း အများအပြား တည်ရှိနေပါသည်။
ထိုအခိုက်အတန့်တွင် လျှပ်နွယ်မှာ မိုးကောင်းကို ဖြတ်သန်းလျက် ကောင်းကင်ကို လင်းချင်းစေလိုက်သည်။ တောင်တန်းတို့၏ အလယ်ဗဟိုရှိ တောင်တစ်လုံးပေါ်ရှိ မြေပြင်ပေါ်၌ လူတစ်ယောက် လဲလျောင်းနေသည်။
ဤသို့ လူသူ ကင်းမဲ့သည့် နေရာတွင် ထိုလူရှိ နေခဲ့သည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ။ စုတ်ပြဲနေသော တိရစ္ဆာန်သားရေ ထည်ဝတ်စုံနှင့် သနားစရာ အတိဖြစ်နေသော ထိုလူသည် ဤနေရာသို့ မည်ကဲ့သို့ ရောက်ရှိနေသည် မသိပါ။
မြေပြင်ပေါ်တွင် မလှုပ်မယှက် လဲလျောင်းလျက် ရှိနေသူမှာ အသက်နှစ်ဆယ် ဝန်းကျင် လူငယ်တစ်ယောက် ဖြစ်သည်။ သူ့တွင် ရှင်းသန့်ချောမောသော မျက်နှာရှိသော်လည်း အမာရွတ်က ရုပ်ပျက်စေလျက် ရှိသည်။
သူ၏ မျက်လုံးများမှာ စေ့ပိတ်ထားလျက် ရှိပြီး ခန္ဓာကိုယ်တွင်လည်း ဒဏ်ရာ အများအပြား ရရှိထားသည်။ ဒဏ်ရာတို့မှာ အဖြူရောင်သို့ ပြောင်းနေပြီး သွေးထွက်နေခြင်း မရှိပါ။
မိုးသည် ရက်ပေါင်း အနည်းငယ်တိုင် ရွာနေခဲ့ပြီးနောက် ရပ်တန့်သွားခဲ့သည်။ ကောင်းကင်မှာကြည်လင်နေပြီး တိမ်ညိုမည်းတို့ ပျောက်ပျက်ကုန်ကြပြီ။ ကမ္ဘာမြေသည် နေအလင်းရောင်ကို ကြိုဆိုနေခဲ့သည်။
နွေရာသီ အခါသမယ ဖြစ်သည်။ မိုးတိတ်သွားသည်နှင့် မြေပြင်အထက်သို့ မြူခိုးများ မြင့်တက်လာခဲ့သည်။ အသက်ရှိနေသမျှ အရာအားလုံးကို လောင်မီးကျ စေလိုသည် ထင်မှတ်ရသော အံ့မခန်း အပူရှိန်လည်း ရှိနေခဲ့သည်။
တောင်ပေါ်တွင် လဲလျောင်းနေသည့် လူငယ်မှာ တုတ်တုတ်မျှ မလှုပ်ပေ။ အသက်မရှိသူ ဟုပင် ထင်မှတ်ရသည်။
ရက်ပေါင်း အနည်းငယ်မျှ ကုန်မြောက် သွားခဲ့ပြန်သည်။ ကောင်းကင်ထက်တွင် စက်ဝန်းကဲ့သို့ ပျံသန်းနေသော လင်းတဆိုးများ ရှိခဲ့သည်။ ၎င်းလင်းတများ၏ မျက်လုံးများမှာ အေးစက်နေကြသည်။ ကောင်းကင်ထက် ပျံသန်းရင်း တောင်ပေါ်လူငယ် ထံတွင် အကြည့်များ စူးစိုက်ထားကြသည်။ တုံ့ဆိုင်း နေသကဲ့သို့ ပျံသန်းနေခဲ့ကြသည်။
နောက်ဆုံးတော့ လင်းတဆိုးများ ထဲမှ တစ်ကောင်မှာ စိတ်ရှည်နိုင်စွမ်း ကုန်ဆုံးသွားခဲ့ပြီ။ လူငယ်၏ ကိုယ်ခန္ဓာ ရှိရာသို့ တစ်ဟုန်ထိုး သုတ်ဆင်းလာခဲ့ပြီး တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ စက်ဝန်းပတ်ပုံ ပျံသန်းနေပြီးမှ လူငယ်၏ ရင်ဘတ်ပေါ်တွင် ရပ်နားလိုက်သည်။ မျက်စိကျ နေခဲ့သည်မှာ ကြာပြီဖြစ်သည့် သားကောင်အား ၎င်း၏ချွန်မြသော နှုတ်သီးဖြင့် ထိုးဆိတ်လေတော့သည်။
နှုတ်သီးဖြင့် ထိုးဆိတ်၍ အသားများကို စားသောက်ရင်း သားကောင်၏မျက်နှာ ကိုလည်း မပြတ်တမ်း စောင့်ကြည့်နေခဲ့သည်။ တဖြည်းဖြည်းနှင့် စိတ်သက်သာရာ ရသွားခဲ့သည်။ ၎င်း၏မျက်လုံး ထဲတွင် ဒီလူသည် မုချ သေလူဖြစ်သည်။
မကြာခင် ကောင်းကင်ပေါ်မှ အားလုံးသော လင်းတတို့ ထိုးဆင်းလာခဲ့ပြီး အေးစက်သော မျက်လုံးများဖြင့် လူငယ်၏ ခန္ဓာကိုယ်ပေါ်သို့ အသံတိတ် ခိုနားလိုက်ကြသည်။ သို့သော် ၎င်းတို့ ခိုနားလိုက်သည့် အခိုက်အတန့် မှာပင် လူငယ်၏ မျက်လုံးများပွင့် လာခဲ့ပြီး သူ့အပေါ်သို့ အဦးဆုံး ခိုနားလာသော လင်းတအား ညာလက်နှင့် ဆွဲဖမ်းလိုက်သည်။ လန့်ဖျပ်သွားသည့် အခြားသော လင်းတတို့မှာ ပျံပြေးလို သော်လည်း လူငယ်၏ ကိုယ်ပေါ်တွင် ကပ်ငြိလျက်ရှိကာ မပျံနိုင်ကြပေ။
လူငယ်မှာ လင်းတအား ပါးစပ်နားသို့ ဆွဲယူကာ လည်ပင်းကို ကိုက်ဖြတ်၍ ၎င်း၏ သွေးတို့ကို သောက်သုံးလိုက်သည်။ ဆိုးရွားသော သွေးအရသာသည် လည်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်တွင်းသို့ စီးဝင်လျက် ဆာလောင်မှုကြောင့် မလှုပ်နိုင် မယှက်နိုင် ထုံနေသော ခန္ဓာကိုယ်အား စူးရှသည့် နာကျင်မှုဖြစ်ပေါ် စေသည်။
သို့သော် ထိုသို့ နာကျင်မှုကပင် သူ့တစ်ကိုယ်လုံး အားနွေးထွေး သက်ဝင်မှုကို ဖြစ်ပေါ်စေသည်။
သိပ်မကြာလိုက် ခင်မှာပင် သွေးခန်းသွားပြီ ဖြစ်သော လင်းတလည်း ဆက်လက်မလှုပ်ရှား နိုင်တော့ပါ။ လူငယ်သည် အသက်ပြင်းပြင်း ရှူရှိုက်၍ လင်းတအား ဘေးသို့ဖယ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ မပျံသန်းနိုင်သော အခြားလင်းတ တစ်ကောင်အား ထပ်မံဆွဲယူကာ အေးအေးလူလူ သွေးသောက် နေတော့သည်။ ထိုကဲ့သို့ ခန္ဓာကိုယ်တွင် ကပ်ငြိနေသော လင်းတခုနှစ်ကောင် သေသွားမှသာ သူ့မျက်နှာလည်း သွေးရောင်လွှမ်း လာတော့သည်။
ထိုနေရာ၌ပင် လဲလျောင်းလျက် ကောင်းကင်ကို မော့ကြည့်သည့်။ ကောင်းကင်မှာ ပြာလွင်လွန်းလှသည်။ မျက်လုံးများတွင် မရေရာမှုတို့ ပြည့်လျှမ်းလျက်ရှိသည်။ ထိုသူသည် စုမင်ဖြစ်သည်။
မိုးများရွာသွန်းလျက် ရှိသည့်ထိုနေ့များ ကပင် သူနိုးနေခဲ့ပြီ ဖြစ်သည်။ နိုးလာချိန်တွင် အဝေးတစ်နေရာမှ သူ့နာမည်အား ခေါ်ဆိုနေသည့် ထိရှလွယ်သည့် အသံကို ကြားနေရဆဲ ဖြစ်သည်။ အစ်ကိုဟု ခေါ်နေခဲ့သော အသံလေးသည် သူ နိုးလာသည်အထိ သူ့အားအဖော်ပြု ပေးနေခဲ့သည်။
အိပ်စက်မှုကြောင့် စိတ်ကြည်လင်သွားမှ တစ်ကိုယ်လုံး ပျံ့နှံ့နေသည့် နာကျင်မှု စူးစူးကို ခံစားမိတော့သည်။ သူ့မှာ လက်ကလေးမြှောက်ဖို့ ခွန်အားပင် ကျန်ရှိ မနေတော့ပါ။
မြေပေါ်တွင်သာ လဲလျောင်း၍ ခန္ဓာကိုယ်ပေါ် ကျဆင်းနေသည့် မိုးရေစက်များကို ခံစားရသည်။ တစ်ကိုယ်လုံးရှိ ဒဏ်ရာများပေါ်သို့ ကျရောက်နေသည့် မိုးရေစက် များကြောင့် နာကျင်မှုများ ကြားမှ တစ်ကိုယ်လုံး ထုံကျဉ်လာသည်။ ခန္ဓာကိုယ် တစ်ခုတည်း တင်သာမက သူ့နှလုံးသားပါ ထုံကျဉ်တက် လာခဲ့သည်။
လွန်ခဲ့သည့် ရက်ပေါင်းများစွာတွင် မြေပေါ်တွင် လဲလျောင်းရင်း သူ့စိတ်အစဉ်က လွန်စွာရှုပ်ထွေးမှုနှင့် စိတ်လှုပ်ရှားမှု အတိဖြစ်နေ လေသည်။ ကြယ်စင်စုံလင်သည့် ကောင်းကင်ယံမှ ပေါ်ထွက်လာသည့် လက်ဖဝါးကြောင့် နက်မှောင်တောင်တွင် စုပ်ဝဲကြီးတစ်ခု ဖြစ်ပေါ်ခဲ့သည်ကို မှတ်မိသည်။ ထိုစုပ်ဝဲအတွင်း သူ စုပ်ယူခံရစဉ်က မျက်လုံးများ မှိတ်လျက်သားနှင့် အကြီးအကဲလည်း စုပ်ယူ ခံခဲ့ရသည်ကို မြင်ခဲ့သည်။ အကြီးအကဲ တစ်ယောက် သေသလား၊ ရှင်သလားလည်း သူမသိရ။
စုမင်အနေနှင့် ထိုစုပ်ဝဲကို လည်းကောင်း၊ စုပ်ဝဲဖြစ်ပေါ် လာရသည့် အကြောင်းရင်းကို လည်းကောင်း၊ ထို့အပြင် အခု သူဘယ်ရောက်နေသည် ကိုလည်း မသိပါ။ သို့သော် ကောင်းကင်ထက်က တောက်ပနေသော နေမင်း၊ ဘေးပတ်လည်က မရင်းနှီးသော တောင်တန်းမြင်ကွင်း များကိုကြည့် ရသည်နှင့် နက်မှောင်တောင်မှာ မဟုတ်တော့ဘူး ဆိုသည်ကိုတော့ သူ ခံစားချက်ဖျဖျ ရမိသည်။
အကြီးအကဲ ကွယ်လွန်သွားပြီ ဆိုခြင်းကို သူလက်မခံနိုင်ပါ၊ သို့သော် သူ့ထက်ပင် အကြီးအကဲ ဒဏ်ရာတို့ အခြေအနေ ဆိုးသည်ကိုတော့ သူသိနေခဲ့သည်။ နောက်ဆုံးမြင် ခဲ့ရသည့် မျက်ခွံတို့ မလှုပ်မရှား ပိတ်ကျနေခဲ့သည့် အကြီးအကဲ၏ ပုံစံသည် သူ မတွေးကြည့်ချင်သော မြင်ကွင်းဖြစ်သည်။ သူနှင့်အရင်းနှီးဆုံး ပုဂ္ဂိုလ်အား ဆုံးရှုံးရခြင်းက သူ၏စိတ်နှလုံးသားအား နာကျင်ခြင်းတို့ဖြစ်ပေါ်စေသည်။
"အကြီးအကဲ မသေပါဘူး ..."
စုမင် မျက်လုံးမှိတ်လိုက်သည်။ သူ့မျက်နှာပေါ်က ကြေကွဲဖွယ် အရိပ်အယောင်တို့အား ဖုံးကွယ်လိုက်တော့သည်။
သူ ငယ်စဉ်ကတည်းက အကြီးအကဲ၏ ကာကွယ်ပေးမှု အောက်တွင် နေထိုင်ခဲ့ရသည်။ မျိုးနွယ်စုကို ထားခဲ့ပြီး တစ်ယောက်တည်း အချိန်အကြာကြီး မထွက်ခွာခဲ့ဖူးပါ။ ယခု အချိန်တွင်တော့ မရင်းနှီးသည့် မြင်ကွင်းများ ဝန်းရံလျက် စုမင် အထီးကျန် လှသော်လည်း အခုထက်ပို၍ ကြံ့ခိုင်သန်မာမှ ဖြစ်မည်ဟု သိနေသည်။
မျက်လုံးများကို တစ်ဖန်ပြန်လည် ဖွင့်လိုက်ချိန်မှာ သူ့မျက်လုံးများ ထဲတွင် ဝမ်းနည်းမှုများ ရှိမနေတော့ပါ။ နှလုံးသား ခပ်နက်နက် တစ်နေရာတွင် ကွယ်ဝှက်ထားလိုက်ပြီ ဖြစ်သည်။ သူ၏ ဝမ်းနည်းမှုများကို မည်သူမျှ ရှာမတွေ့နိုင်တော့ပါ။ သူ့မျက်လုံးများက အတိတည်ငြိမ်ကာ အေးစက်လျက်ရှိသည်။
သူအားတင်း၍ ကုန်းထလိုက်သည်။ တောက်ပနေသည့် နေရောင်အောက်တွင် တင်ပျဉ်ချိတ်ထိုင်၍ မျက်လုံးများကို စေ့ပိတ်ကာ ခန္ဓာကိုယ်အတွင်း ချီစွမ်းအင် တို့ကို လှည့်ပတ်နေလိုက်သည်။ သို့သော် ချီစွမ်းအင်တို့ စတင်လည်ပတ် လိုက်သည့်အချိန် မှာပင် စူးခနဲ တက်လာသော နာကျင်မှုက သူ့ကို အရှေ့သို့ ယိမ်းယိုင်သွားစေသည်၊ သို့ပေမဲ့ စုမင် အံတင်းတင်းကြိတ်၍ အသံတစ်စက်မျှ မထွက်ပါချေ။
အတင်းအကျပ် အဆင့်တက်၍ စွမ်းအားတိုးမြှင့်ခြင်း၊ ကြာရှည်သော တိုက်ပွဲကို ဆင်နွှဲရခြင်းနှင့် နောက်ဆုံးသော တိုက်ပွဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ခြင်း တို့ကြောင့် သူ့ခန္ဓာကိုယ် အတွင်းဘက်ထိ နက်နက်ရှိုင်းရှိုင်း ထိခိုက်ခဲ့သည်ကို စုမင်သိသည်။ ထိုအတွင်းဒဏ်ရာ အားလုံး အခုပြန်ပေါ် လာတော့သည်။
"သွေးကြောကျောက်သား အဆင့်ရဲ့သွေးကြော ၂၄၃ခုလုံး ရှိနေသေးတယ်။ ဒါပေမဲ့ ငါပြန်မသက်သာ သရွေ့ အကုန်လုံးသုံးဖို့ မဖြစ်နိုင်သေးဘူး ...'
စုမင် မောဟိုက်စွာ အသက်ရှူသည်။ ညာလက်သီးကို ဆုပ်ကာ အပေါ်သို့ မြှောက်လိုက်သည်။ စူးရှသည့် နာကျင်မှုက လှိုက်ခနဲတက် လာခဲ့သော်လည်း သူကတော့ မျက်နှာတစ်ချက်မျှ မပျက်ပါ။ နာကျင်မှုကို သည်းခံနိုင်ဖို့ သင်ယူတတ်မြောက် ခဲ့ပြီးဖြစ်သည်မို့။
"ငါအခု သွေးကြောကျောက်သား ကျင့်စဉ်အဆင့်၅ရဲ့ အထွတ်အထိပ် ဖြစ်တဲ့ သွေးကြော ၁၀၀ လောက်ကိုပဲ သုံးလို့ရဦးမယ်။ ဒါပေမဲ့ ဒီဒဏ်ရာ တွေကတော့ အချိန်နဲ့အမျှ ပိုဆိုးလာလိမ့်မယ်။ တဖြည်းဖြည်း အားနည်းလာပြီး သေရလိမ့်မယ်"
စုမင်သည် နာကျင်မှုများ ကြားကပင် တိတ်ဆိတ်လျက် ချီကိုသာ ခန္ဓာကိုယ်အနှံ့ လည်ပတ်နေ စေခဲ့သည်။ တဖြည်းဖြည်းနှင့် ကောင်းကင်တစ်ခွင် မည်းမှောင်လာခဲ့သည်။ လမင်းပေါ်ထွက် လာချိန်တွင်မူ စုမင် ခေါင်းမော့၍ ကြည့်လိုက်သည်။ လရောင်မျှင်တန်းတို့ ကျရောက်လာကာ စုမင်အား ဝန်းရံလျက် ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားကာ အားဖြည့် ပေးလေတော့သည်။
ညသည် လျင်မြန်စွာ ကုန်လွန်ခဲ့သည်။ မနက်ခင်း နေရောင်ခြည်က ကမ္ဘာမြေအား အလင်းပေး လိုက်ချိန်တွင် ညခင်းက ကျန်ရစ်ခဲ့သော အအေးဓာတ် ဖျော့ဖျော့အား ပြိုကွဲသွားစေကာ အပူရှိန်ပြင်းပြင်းက အစားထိုး ဝင်ရောက်လာခဲ့သည်။ စုမင် မျက်လုံးများ ကိုဖွင့်ကာ တုန်ယင်စွာဖြင့် သက်ပြင်းမောချသည်။
အလျင်နေ့ကနှင့် ယှဉ်လျှင်မူ သူ့မျက်နှာက အရောင်တို့က ပို၍ကောင်းမွန်လာပြီ ဖြစ်သော်လည်း အားနည်း နေဆဲပင်ဖြစ်သည်။ သူ့ခန္ဓာကိုယ် ကို စစ်ဆေးကြည့်ရှု ပြီးသောအခါ မျက်မှောင်ကုတ်လျက် သက်ပြင်းချသည်။
"အကယ်၍ ငါသာ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းကို အကျေအလည် မတတ်မြောက် ထားဘဲ လရောင်ကိုလည်း ငါ့ကိုယ်ငါ ကုသဖို့ မသုံးနိုင်ခဲ့ရင် ဒီလို အဖြစ်အပျက် မျိုးစုံ ဖြစ်ပွားပြီး တဲ့နောက် သွေးကြော၁၀၀ ကိုသုံးနိုင်ဦးမှာ မဟုတ်ဘူး။ အခုတောင် ၉၈ခုကိုပဲ ငါသုံးနိုင်သေးတယ်"
"ဒီအတွင်း ဒဏ်ရာတွေ ပျောက်ကင်းနိုင်မဲ့ နည်းလမ်းကို ငါစဉ်းစားမှ ဖြစ်မယ်။ ငါ့ကိုယ်ငါ ကုဖို့ ဆေးလုံးအလုံအလောက် ရှိမှရမယ်"
စုမင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူ့ရင်ဘတ်ကို ကိုင်၍ သူ့ပစ္စည်းများကို ရှာဖွေကြည့်သည်။ စုပ်ဝဲအတွင်းသို့ စုပ်ယူခံ ခဲ့ရသည်ဖြစ်၍ သူ့ရင်ဘတ်ထဲတွင် သိမ်းဆည်းထားသော ပစ္စည်း အနည်းငယ် ရှိသေးရဲ့လား သူမသိတော့ပါ။
သူ့မှာ စုတ်ပြဲနေတဲ့အိတ်၊ ရှန့်ဟန်မသေခင် ဆုပ်ကိုင်ထားခဲ့သည့် အရိုး သေးသေးလေးနှင့် သူတို့ လမ်းမခွဲခင်က မျိုးနွယ်စု လုံခြုံမှုရှိမရှိ သိနိုင်ရန် မျိုးနွယ်စုခေါင်းဆောင် ပေးလိုက်သည့် တိရစ္ဆာန်အရိုး တစ်ခု၊ ထိုအရာတွေ ရှိနေသည်။
ထို့အပြင် အရိုးနှင့် ပြုလုပ်ထားသည့် ရွှင်းတူရိယာ၊ နက်မှောင်တောင် မာန်နတ်ဘုရား ရုပ်တုအကျိုး အပဲ့အစတစ်ခု၊ အနည်းငယ် အက်ကွဲနေသော်လည်း လုံးလုံးမပျက်စီး သွားသေးသည့် မာန်စွမ်းအားရှင် သွေးနှစ်စက် ပါဝင်သည့် ပုလင်းတစ်လုံးတို့ ဖြစ်သည်။
ထိုအရာ အားလုံးကိုကြည့်ရင်း နက်မှောင်တောင် မျိူးနွယ်စု မာန်နတ်ဘုရား ရုပ်တုအစကို ဆုပ်ကိုင်လိုက်သည်။ ထိုအပိုင်းအစသည် သူ့မျက်နှာကို လာရောက်ထိမှန်၍ ပြတ်ရှကာ အမာရွတ် ကျန်စေခဲ့သည့် အကျိုးပဲ့စ ဖြစ်သည်။
စုမင် ထိုအရာကိုကြည့်ကာ မျက်လုံးများကို မှိတ်လိုက်သည်။ အတန်ငယ်ကြာမှ အားလုံးကို စုတ်ပြဲနေသည့် အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။ ဒီအိတ်မှာလည်း ပြဿနာ တွေရှိမည် ဖြစ်သော်လည်း လောလောဆယ် သူ၏ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်နေသည်။
အားလုံးကို ထုပ်ပိုးပြီးသည်နှင့် စုမင်မတ်တတ် ထရပ်ကာ မျက်ခုံးနှစ်ခု အလယ်ဗဟို နေရာအား ညာလက်နှင့် ပွတ်လိုက်သည်။ အလေးအနက် စဉ်းစားနေပုံ ပေါ်သည်။ ယခုအချိန်မှ စတင်၍ ကိုယ့်ကိုကိုယ် အားကိုးမှ ဖြစ်တော့မည်။ ဆိုလိုသည်က အရာအားလုံးကို သေချာဂရုစိုက် ဖို့လိုအပ်ပြီး အမှားနည်းနည်း လေးတောင် လုပ်မိ၍ မဖြစ်။
"ဒီနေရာက ငါနဲ့ မရင်းနှီးဘူး။ ငါ့ရဲ့ အခုအခြေအနေ နဲ့ဆိုရင် ငါ့ရဲ့ စွမ်းအားတွေ အကုန်ပြန် မရခင်အထိ ငါ ဒီမိုးသစ်တောကို ခွာလို့မရဘူး။ ဒီသစ်တောက နက်တာမို့ ငါလိုအပ်တဲ့ ဆေးမြစ်ဆေးဖုတွေ ရှာတွေ့ကောင်းပါရဲ့"
အတွေးတစ်ခု ဝင်လာသဖြင့် စုမင်မျက်လုံးတို့ လင်းလက်သွားသည်။ အားနည်းချိနဲ့သော ခန္ဓာကိုယ်ဖြင့် တောင်ပေါ်သို့ တက်လာခဲ့သည်။ ရက်အတော်ကြာထိ တောတစ်ခုလုံးနှင့် တောင်တစ်ပြင်လုံးတွင် သတိအပြည့်ဖြင့် ရှာဖွေနေခဲ့သည်။
"အကြီးအကဲ ... ဒီမှာမရှိဘူး"
ရက်ပေါင်းများစွာ လွန်မြောက်ပြီးသော် တောင်တစ်ခု၏ အောက်ခြေရှိ မြစ်တစ်စင်း ဘေးတွင်ထိုင်၍ ရင်ဘတ်ကို ညာလက်နှင့် ဖိကပ်ထားခဲ့သည်။ နာကျင်ရတယ် ... ကြေကွဲမှုကို မျက်နှာပေါ်က ဖုံးကွယ်ထားနိုင်စွမ်း မရှိတော့ပါ။
အတန်ကြာသော် ဝမ်းနည်းမှုကို တည်ငြိမ်မှုဖြင့် အစားထိုးလိုက်သည်။ မြစ်ထဲတွင် ကိုယ်လက်သန့်စင်၍ ရေတွင် အရိပ်ထင်နေသည့် သူ့မျက်နှာကို ကြည့်လိုက်သည်။ မျက်နှာသည် ယခင်က ၁၆နှစ်သားလေးလို နူးညံ့မှုမျိုး မရှိတော့ဘဲ အသက်ရလာသည့် အရိပ်အယောင်မျိုး မြင်နေရပြီ။
"စုပ်ဝဲထဲမှာ ငါဘယ်နှနှစ်လောက် ကြာသွားတာလဲ"
နက်မှောင် တောင်မာန် နတ်ဘုရား ရုပ်တုကြောင့် ဖြစ်လာခဲ့သော အမာရွတ်ကို ထိကြည့်၍ တစ်ကိုယ်လုံး သန့်စင်အောင် ဆေးကြောတတ်၏။ အင်္ကျီ အဝတ်အစားများ ပြန်ဝတ်၍ ဆံပင်များကို မြက်ကြိုးဖြင့် ချည်နှောင်ကာ မြစ်ဘေးတွင် ထိုင်၍ အသံမထွက်ဘဲ ကောင်းကင်သို့ မော့ကြည့်မိသည်။
"ဝတ်ရုံနက်လူ ပလိတ်ပြားကို ထုတ်လိုက်တုန်းက အကြီးအကဲ မျက်နှာပျက်သွားတာ ဘာကြောင့်လဲ။ ဝတ်ရုံနက်လူ ပြောသွားတဲ့ထဲက "ငါတို့" ဆိုတာ ဘယ်သူတွေလဲ"
"ပိထူက သေသွားလောက်ပြီ။ ဒါပေမဲ့ ဝတ်ရုံနက်ရဲ့ ပြောစကားအရ ဒီတိုက်ပွဲဖြစ် ပေါ်လာခဲ့တာ တခြားသူကြောင့်တဲ့ ..."
"နောက်ဆုံးအချိန်မှာ အကြီးအကဲ ခန္ဓာကိုယ်ထဲက ထွက်လာတဲ့ အလံကနေ ကြယ်တွေစုံတဲ့ ကောင်းကင်အဖြစ် ပြောင်းလဲသွားတယ်။ ဝတ်ရုံနက် ပြောတာတော့ အဲဒါ တခြားကမ္ဘာက ကောင်းကင်တဲ့။ "တခြားကမ္ဘာက ကောင်းကင်" ဆိုတာ ဘာအဓိပ္ပာယ်လဲ"
"အကြီးအကဲက ဒီကောင်းကင်ကို မှတ်ထားပါတဲ့။ ငါ့ရဲ့မွေးဖွားရာ ဇာတိများ ဖြစ်နေနိုင်မလား ..."
ပေါ်လာသည့် အတွေးကြောင့် စုမင်စိတ်ရှုပ် သွားရသည်။ သူ့အတွေးထဲမှာ ထင်ထင်ရှားရှား စွဲကျန်ရစ် နေခဲ့သည်က ပြောင်းလဲသွားသော ကောင်းကင်ထက်က ကြယ်ရောင်များမှ ဖြစ်ပေါ်လာခဲ့သည့် လူပုဂ္ငိုလ်ဖြစ်သည်။ စုမင်နဲ့ ရုပ်ချင်းတူနေသည့် အဲဒီသက်လတ်ပိုင်းလူက ဘယ်သူများလဲ
သူ့နှလုံးသားထဲမှာ အဖြေပေါ်လာခဲ့သည်။ ဒါပေမဲ့ မသေချာပါ။
"သူက ... ငါ့အဖေများလား"
မေးခွန်းများ တစ်ခုပြီးတစ်ခု ထပ်ပေါ်လာပြီး အဲ့ဒီ့နေ့က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် သူကိုယ်တိုင်၏ ဖြစ်တည်မှုများတွင် လျှို့ဝှက် နက်နဲမှုများ ရှိနေသည်ကို ခံစားမိသည်။ ထိုအရာက စုမင်အမြင် အာရုံကို ဖုံးလွှမ်းသွားစေရာ သူဘာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပါ။
"ပြီးတော့ ... ငါ အခု ဘယ်မှာလဲ နက်မှောင်တောင်နဲ့ဘယ်လောက်ဝေးလဲ"
"ပိုင်လင်း ... ကတိပေးထားတာကို ငါမှတ်မိပါ သေးတယ်။ ဒါပေမဲ့ ငါအခု ကတိမတည် နိုင်တော့ဘူး"
စုမင် မျက်လုံးမှိတ် လိုက်သည်။
"ရှောင်ဟုန် မင်းရော ဘယ်မှာလဲ"
ညီအစ်ကို မသိတသိ အချိန်ကျ ရောက်လာသည် နှင့်အမျှ ကောင်းကင်လည်း မည်းမှောင်လာခဲ့ပြီး စုမင်လည်း မြစ်ကို နောက်ချန် ထားရစ်ခဲ့ကာ သစ်တောထဲ ဝင်လာခဲ့သည်။ အရှေ့ကို လျှောက်လှမ်းနေသော သူ့ရဲ့ကျောပြင်သည် အားနည်းညှိုးငယ်လျက် အထီးကျန် နေခဲ့သည်။
***