ဒီအဘိုးကြီးကို ၇ရက်အချိန်ပေး၊ဟုန်ကျယ်ရဲ့ စည်ပင်သာယာတဲ့ နေ့ရက်တွေရောက်လာစေရမယ်
Vol. 92 Ch. 911
ဟုန်လေးမျက်နှာအနက်၊ အရှေ့ပိုင်းဟုန်တစ်ခုတည်းသာ မည်သည့်ပဋိပက္ခကိုမျှ မကြုံတွေ့ခဲ့ဖူးချေ။
ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူအုပ်စုက သတ်ဖြတ်ခြင်းကိုမနှစ်သက်သည့်အပြင်၊ သူတို့၏ကြီးမားလှသောခွန်အားသည်လည်း အလွန်တရာခြိမ်းခြောက်နိုင်စွမ်းရှိသဖြင့် အခြားမည်သည့် အင်အားစုကမျှ သူတို့ကို စိန်ခေါ်ရန် စိတ်ကူးပင်မယဉ်ရဲကြပေ။
ကောလာဟလများအရ အရှေ့နဂါးဘုရင်က သူ၏ လူငယ်ဘဝက မသေမျိုးနယ်မြေများသို့ ခရီးသွားရန် ဟုန်ကျယ်မှထွက်ခွာခဲ့ဖူးပြီး၊ သူ၏ စိတ်နေသဘောထားမှာလည်း အခြားသော နဂါးဘုရင်များနှင့် မတူညီကြောင်းသိရ၏။
အရှေ့နဂါးဘုရင်ဟူသော ဘွဲ့အမည်ထက်၊ အခြားသူများက သူ့ကို ကျင့်ကြံသူ ကျစ်ရွှမ်ဟု ခေါ်ဆိုသည်ကို ပို၍သဘောကျလေ့ရှိသည်။
မဟာနတ်ဆိုးကြီး အဆင့်ရှိ တာအိုနယ်ပယ်မှ နဂါးတစ်ကောင်အနေဖြင့်၊သူသည် ဟုန်ကျယ်၏ အထွတ်အထိပ်တွင် အမှန်တကယ်ပင်ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေလေ၏။
လက်ရှိအချိန်တွင်၊ အရှေ့ပိုင်းဟုန် နဂါးနန်းတော်အတွင်းဝယ်..
ရိုးရှင်းသော စိမ်းနုရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးတွင် ဆံပင်များအားချည်နှောင်ထားသော ခရမ်းရောင် ဝါးဆံထိုးမှလွဲ၍အလွန်ရိုးရှင်းစွာပင် မည်သည့်ဆင်ယင်ထားမှုမှမရှိပေ။
ခန်းမကြီးမှာ အခြားသောနဂါးခန်းမများနှင့် မတူပေ။ ပလ္လင်ဆီသို့ဦးတည်နေသော လှေကားထစ်ရှည်ကြီးအစား စာသင်ခန်းတစ်ခန်းကဲ့သို့ သန့်ရှင်းသောစားပွဲခုံများကို စနစ်တကျတန်းစီထားပါသည်။
ထိုသက်လတ်ပိုင်း အမျိုးသားက စားပွဲခုံများထဲမှ တစ်ခု၏နောက်တွင် ထိုင်နေ၏။
ဟုန်ကျယ်ကို တုန်လှုပ်စေခဲ့သော နဂါးဘုရင်အဖြစ် လူသိများခြင်းထက်၊ သူသည် ဆရာတစ်ဦးနှင့် ပို၍ တူနေလေသည်။
ကျင့်ကြံသူ ကျစ်ရွှမ်က စားပွဲပေါ်ရှိ နဂါးတံဆိပ်နှစ်ခုကို တိတ်ဆိတ်စွာ ကြည့်နေမိသည်။
စားပွဲ၏တစ်ဖက်ခြမ်းတွင် အလျင်စလို ပြန်ရောက်လာသော မင်းသားကျစ်ယန်က သူ့ကိုယ်သူ လက်ဖက်ရည်ငှဲ့နေရင်း အနောက်ဘက်သို့ ခရီးသွားစဉ်က သူ၏လေ့လာတွေ့ရှိချက်များကို ရှင်းပြနေခဲ့၏။
"ခမည်းတော် သူ့ကိုတကယ်တွေ့သင့်တယ်။ ဒီကလေးက သာမန်မဟုတ်ဘူး၊ လူပြန်ဝင်စားတဲ့ နတ်ဘုရားတစ်ပါးလိုပဲ။"
"ဒါပေါ့၊ သူ့ကို တွေ့ရမှာပေါ့။"
ကျင့်ကြံသူ ကျစ်ရွှမ်၏မျက်လုံးများတွင် အမှတ်တရများ ပြည့်လျှံလာ၏။ သူက သူ၏သားဖြစ်သူ၏အကဲဖြတ်မှုကို ယုံကြည်သလို၊ နန်ယန်ဂိုဏ်းကိုလည်း ယုံကြည်သည်။
ထိုနေရာမှ လူများဖြစ်သော ကျောင်းယန်ဖြစ်စေ၊ ရွှမ်ချင်းဖြစ်စေ၊ အားလုံးတွင် မတူညီသော စရိုက်လက္ခဏာ အားနည်းချက်များ အသီးသီးရှိကောင်းရှိနိုင်သော်လည်း၊ သူတို့အားလုံး တူညီသည့် အချက်တစ်ချက် ရှိပါသည်။ ၎င်းမှာ သူတို့က လူကောင်းများ ဖြစ်ကြခြင်းပင်။
ရွှမ်ချင်းက သက်ရှိထင်ရှားရှိနေဆဲဖြစ်ပြီး၊ သူ့ထံမှ အသိအမှတ်ပြုမှုရရှိကာ နန်ယန်၏ဂိုဏ်းချုပ်ဖြစ်လာရန်အတွက် ရှန်းအမည်ရှိ ထိုလူငယ်ကလည်း သေချာပေါက်သူတို့ကဲ့သို့ပင် ဖြစ်ရမည်၊ အခြေခံအားဖြင့် ဆိုးရွားသူမဟုတ်နိုင်ပေ။
သို့သော် သူတို့၏မျိုးဆက်က ဟုန်ကျယ်ကို ငြိမ်းချမ်းပြီး သာယာဝပြောသောခေတ်တစ်ခုအဖြစ်သို့ ပြောင်းလဲရန်ပျက်ကွက်ခဲ့ရုံသာမကဘဲ၊ လူကောင်းများပင် အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သားသတ်သမားများအဖြစ်သို့ ရောက်ရှိသွားရသည့် ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော အခြေအနေမျိုးသို့ ပြောင်းလဲပစ်ခဲ့ကြခြင်းသာဖြစ်လေ၏။
ထိုသို့ တွေးတောရင်း ကျင့်ကြံသူ ကျစ်ရွှမ်က စာလုံးများဖြင့်ပြည့်နေသော စာရွက်တစ်ရွက်ကို သူ၏ဝတ်ရုံလက်အိုးထဲမှ ထုတ်ယူကာဂရုတစိုက် ဖြန့်လိုက်သည်။
စကားလုံးတိုင်း၊စာကြောင်းတိုင်းကို သေသေချာချာစဉ်းစားသုံးသပ်ထားခြင်း ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် ဤအရာမှာ ဟုန်ကျယ်၏ အုပ်ထိန်းသူဖြစ်သော၊ ကျောက်စိမ်းအမိန့်တော်ကို ကိုင်ဆောင်ထားသည့် ထိုမသေမျိုးအရာရှိကို စွပ်စွဲထားသည့် အသနားခံစာတစ်စောင် ဖြစ်နေသောကြောင့်ပင်။
အသနားခံစာပေါ်တွင် အနီရောင်တံဆိပ်တုံးတစ်ခုကို ရိုက်နှိပ်ထားပြီးဖြစ်ပါသည်။
ကျင့်ကြံသူ ကျစ်ရွှမ်က အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီးကျန်ရှိနေသော နဂါးတံဆိပ်နှစ်ခုတုံးကို ထိရန် လက်လှမ်းလိုက်ရာ၊တောင်များကို အလွယ်တကူမနိုင်စွမ်းရှိသည့် လက်ချောင်းများမှာ ယခုအခါတွင် အနည်းငယ်တုန်ယင်နေလေ၏။
ဟုန်ကျယ်မသေမျိုးကို ကြောက်ရွံ့ခြင်းက သူ၏ တုန်ယင်မှုအတွက် အကြောင်းရင်းမဟုတ်ပေ။ ယင်းအစား၊ဤတံဆိပ်နှစ်တုံးခုက ကုန်းမြေနှင့် ရေပြင်ထဲတွင် နေထိုင်ကြသောရေတွက်၍မရနိုင်သည့် သက်ရှိများ၏ဆန္ဒကို ကိုယ်စားပြုကြောင်း သူကောင်းစွာ သိရှိနေသောကြောင့်ဖြစ်သည်။
ဤတံဆိပ်တုံးကို ကောက်ယူခြင်းက မိုးမြေကြားရှိ သတ္တဝါအပေါင်း၏ကိုယ်စား အသနားခံရန် ဆုံးဖြတ်ချက်ချထားခြင်းပင်။
မသိနားမလည်သော သတ္တဝါများက ဆင်းရဲဒုက္ခများ မည်သည့်နေရာကလာသည်ကို မသိကြပေ။ အသက်ရှင်ရပ်တည်နိုင်ရန်အတွက် သူတို့က ဟုန်ကျယ်မသေမျိုးဟူသည် မည်သူဖြစ်ကြောင်းကိုပင် မသိသလို၊ မသေမျိုးနယ်မြေမှ လူများမည်သို့ ငြိမ်းချမ်းစွာ နေထိုင်ကြသည်ကို တစ်ခါမျှမမြင်ဖူးဘဲ၊ အမြဲတစေစိုးရိမ်ပူပန်နေရသည့် အခြေအနေက ပုံမှန်ဖြစ်သည်ဟုပင် ယူဆကာပင်ပန်းဆင်းရဲစွာ ရုန်းကန်နေကြရ၏။
အကယ်၍ ကံမကောင်းအကြောင်းမလှစွာဖြင့် အင်အားကြီးသူများ၏ဒေါသကို ဆွမိပြီး သူတို့၏ မိသားစုများ သုတ်သင်ခံရပါက၊ သူတို့နှင့် ထိုက်တန်သည်ဟုသာ ယုံကြည်နေကြခဲ့သည်။
သို့သော် ကျင့်ကြံသူ ကျစ်ရွှမ်က မသေမျိုးနယ်မြေကို မြင်တွေ့ခဲ့ဖူးပြီး မသေမျိုးများအုပ်ချုပ်သော နယ်မြေများတွင် ဤအရာများအနက် မည်သည့်အရာမျှပုံမှန်မဟုတ်ကြောင်း၊သို့မဟုတ် တရားမျှတမှုမရှိကြောင်းကို သိထားလေသည်။
သူတို့၏နစ်နာမှုများကို ကောင်းကင်ယံသို့ ဟစ်အော်တောင်းဆိုပေးမည့် အသံတစ်ခု လိုအပ်နေသည်။
ထို့ကြောင့် အခြားနေရာတွင် အသုံးဝင်မှုသိပ်မရှိသော သူက ဤတာဝန်ကို ယူသင့်ပေသည်။
ဘန်း..ဘန်း
တံဆိပ်တုံးနှစ်ခုက တစ်ခုပြီးတစ်ခု လျင်မြန်စွာ ကျဆင်းသွားသည်။ ကျင့်ကြံသူ ကျစ်ရွှမ်က တိတ်ဆိတ်သွားပြီးအသနားခံစာကို ဂရုတစိုက် ခေါက်ကာ ကျောက်စိမ်းချိပ်အတွင်းသို့ ထည့်လိုက်၏။
အနှစ်တစ်သိန်းတိတိအချိန်တစ်လျှောက်လုံး၊ သူက မသေမျိုးခုံရုံးသို့ တိုက်ရိုက်သွားနိုင်မည့် လမ်းကြောင်းတစ်ခုဖန်တီးခြင်းမှလွဲ၍ အခြား မည်သည့်အရာကိုမျှ မလုပ်ခဲ့ပေ။
ရေတွက်၍မရနိုင်သော မိတ်ဆွေများနှင့် သစ္စာရှိသော နောက်လိုက်များ..
ကာလကြာရှည် ပြင်ဆင်ပြီးနောက်၊ ယခုအခါ ဤလမ်းကြောင်းသည်ပြီးပြည့်စုံသွားပြီဖြစ်ကာ၊ ခုနစ်ရက်အတွင်း ၎င်း၏ခရီးပန်းတိုင်သို့ ရောက်ရှိရန် အဆင်သင့် ဖြစ်နေလေပြီ။
ခုနစ်ရက် အချိန်အတွင်း၊ သူက ဟုန်ကျယ်၏မသေမျိုးကို အသစ်တစ်ပါးနှင့် လဲလှယ်ရန် စီစဉ်ထားလေသည်။
ကျောက်စိမ်းချိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ထွက်ခွာသွားခဲ့၏။ အချိန်ကြာမြင့်စွာငြိမ်သက်နေခဲ့သော ထိုကောင်းကင်လမ်းကြောင်း တစ်လျှောက်တွင် ရေတွက်၍မရနိုင်သော ပုံရိပ်များထွက်ပေါ်လာပြီး သူတို့၏မျက်နှာအမူအရာများမှာ လေးနက်နေကြသည်။
ဟုန်ကျယ်မှ မသေမျိုးနယ်မြေအထိ၊ တိုင်းပြည်မှ ဘုံဗိမာန်အထိ၊ ထို့နောက် နောက်ဆုံးတွင် မသေမျိုးခုံရုံးအထိ၊ သူတို့က ထိုအသနားခံစာကို အမြင့်ဆုံးအမြန်နှုန်းဖြင့် မသေမျိုးအရာရှိ၏ လက်ထဲသို့ လက်ဆင့်ကမ်းပေးပို့ခဲ့ကြ၏။
"သွားကြစို့၊ ဒီလူငယ်လေး ရှန်း ကို ငါ ကျေးဇူးတင်ရမယ်။"
ကျင့်ကြံသူ ကျစ်ရွှမ်က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး ခန်းမဆောင်ကြီး၏ထွက်ပေါက်ဆီသို့ လျှောက်သွားလိုက်ပါသည်။
"ကျွန်တော် လက်ဖက်ရည် သောက်လို့ မပြီးသေးဘူးလေ။"
မင်းသားကျစ်ယန်က သူ၏လက်ဖက်ရည်ကို ကမန်းကတန်းမော့သောက်လိုက်ပြီးနောက် အမြန်လိုက်သွားကာသူ၏အသံကို နှိမ့်လိုက်ပြီး.."ကျွန်တော်ပြောတာ ခမည်းတော် မကြားဘူးလား..."
ရှန်းယီက မသေမျိုးတစ်ပါးကို သတ်ဖြတ်ရန် စဉ်းစားနေသည်။ ထိုကဲ့သို့သော လှုပ်လှုပ်ရှားရှား ဖြစ်စေမည့် သတင်းမျိုးအပေါ်တွင် သူ၏ဖခင်က မည်သည့် တုံ့ပြန်မှုမျှမဖြစ်စေဘူးလော။
“…”
ကျင့်ကြံသူ ကျစ်ရွှမ်က သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး၊ နောက်သို့လှည့်ကာ ခဏတာ စဉ်းစားလိုက်၏။ ထို့နောက် မင်းသားကျစ်ယန်၏ ပခုံးကို အပြုံးတစ်ခုဖြင့် အသာအယာပုတ်လိုက်ပြီး "ဒီကိစ္စတွေက မင်းတို့ လူငယ်တွေ စိုးရိမ်ပူပန်ရမယ့် ကိစ္စတွေမဟုတ်ပါဘူး။ စိတ်ကို ဖြေလျှော့ထားပါ၊မင်း ရသင့်ရထိုက်တာတွေကို ခံစားပါ၊ ဒီကျဉ်းမြောင်းတဲ့ နေရာလေးကနေ ထွက်ခွာပြီးတော့၊ မိုးမြေရဲ့ စစ်မှန်တဲ့ကျယ်ပြန့်မှုကို သွားကြည့်လှည့်ပါ။"
"သူက ကောင်းကင်က မျက်နှာသာပေးထားတဲ့ ကလေးတစ်ယောက်ပါ၊ သေမျိုးခုံရုံးက အမဲလိုက်ခံရမယ့်မိစ္ဆာတစ်ကောင် ဖြစ်လာဖို့ မဟုတ်ဘူး။"
"မင်း နားလည်လား"
"စိတ်အနှောက်အယှက်ဖြစ်စရာတွေကို ငါတို့ဆီမှာပဲ ထားခဲ့လိုက်ပါ။၊ဒီလူအိုကြီးတွေက နောက်ထပ်အကြာကြီးမနေနိုင်တော့ပါဘူး"
ထိုစကားကို ကြားသောအခါ မင်းသားကျစ်ယန်က တိတ်ဆိတ်သွားပြီး သူ၏မျက်နှာအမူအရာမှာ ခါးသီးသွားလေသည်။
ဤအသနားခံစာက ဟုန်ကျယ်မသေမျိုးကို အများဆုံးပြောင်းရွှေ့သွားစေရုံသာ တတ်နိုင်သော်လည်း၊ သူသည် မည်သို့ပင်ဖြစ်စေ မသေမျိုးတစ်ပါး ဖြစ်နေသေး၏။ ကောင်းကင်ဘုံသို့ ပြန်ရောက်ပြီး သူ၏ပြစ်ဒဏ်ကို စီရင်ခံ၍ပြီးစီးသွားပါက၊ သူ၏ နောက်ကွယ်တွင် မည်သူကကြံစည်နေသနည်းဆိုသည်ကို သူသဘာဝကျကျပင် ရှာဖွေတွေ့ရှိသွားပေလိမ့်မည်။
ထို့ပြင် သူကဲ့သို့အဆင့်အတန်းရှိသော မသေမျိုးတစ်ပါးအတွက်၊နောက်ခံမရှိသော သေမျိုးလောကမှ တောရိုင်းနဂါးတစ်ကောင်ကို ကိုင်တွယ်ရန်ဆိုသည်မှာ လက်တစ်ချောင်းမြှောက်လိုက်သကဲ့သို့ပင် လွယ်ကူပေလိမ့်မည်။
...
အနောက်ပိုင်းဟုန်ရှိ၊ ပန်ရှန်းဂိုဏ်းတွင်
ကျိကျင့်ရှီးက စောင်းတီးကာ၊ ယဲ့ကျိုးက ဝိုင်သောက်နေပြီး၊ တန်းရှန့်ကျွင်းက မြေပြင်ပေါ်ရှိ ကျောက်စရစ်ခဲလေးများဖြင့် ကစားနေပြီး၊ အခြားသူများသည်လည်း သူတို့၏ဘေးတွင် ရှိနေကြပါသည်။
တောင်ပိုင်းဟုန်ဂိုဏ်းခုနစ်ဂိုဏ်းမှ ထွက်ခွာလာခဲ့ပြီးဖြစ်ရာ၊သူတို့ဘေးတွင် ထိုဧရာမသစ်ပင်အိုကြီး မရှိတော့ပေ။
ရှန်းယီက ပက်လက်ကုလားထိုင်တစ်ခုပေါ်တွင် လှဲလျောင်းနေကာ၊ခက်ခက်ခဲခဲ ရယူထားရသော အားလပ်ချိန်ကို ခံစားနေလေ၏။
အမှန်ပင်၊သူ ဤနေရာတွင် လှဲနေသော်လည်း သူ၏နတ်ဆိုးကျောက်တုံးများစွာသည် ရေထဲရှိ အနောက်နဂါးနန်းတော်မှ အကြွင်းအကျန်များကို နေ့ရောညပါအနားမယူဘဲ လိုက်လံရှာဖွေနေကြ၏။
သို့သော် သူတို့၏ရိတ်သိမ်းမှုမှာ နည်းပါးလှပါသည်... အနည်းဆုံး နတ်ဆိုးသက်တမ်းသန်းပေါင်းများစွာသောယခင်အမဲလိုက်မှုနှင့် နှိုင်းယှဉ်ပါက၊ ဤသိန်းဂဏန်းမျှသာရှိသော သက်တမ်းများက ယခုအခါ ရှန်းယီအတွက် သိပ်စိတ်ဝင်စားစရာ မကောင်းတော့ပေ။