ဒီအဘိုးကြီးကို ၇ရက်အချိန်ပေး၊ဟုန်ကျယ်ရဲ့ စည်ပင်သာယာတဲ့ နေ့ရက်တွေရောက်လာစေရမယ် ၂
Vol. 92 Ch. 912
ဝတ်ဆင်ထားသော စိမ်းနုရောင်ဝတ်ရုံမှာ လေထဲတွင်လွင့်မျှောရင်းလူတစ်ယောက်က ပန်ရှန်းဂိုဏ်းအတွင်းသို့ ဖြည်းညှင်းစွာဝင်ရောက်လာသည်။
တောင်ပိုင်းဟုန်မှ ဂိုဏ်းချုပ် ခြောက်ဦးစလုံးက သူတို့လုပ်နေသည်များကိုရပ်တန့်ကာ တစ်ပြိုင်နက် မတ်တပ်ရပ်လိုက်ကြ၏။ အမာနအကြီးဆုံးဖြစ်သော ယဲ့ကျိုးပင်လျှင် မျက်နှာတွင် နက်ရှိုင်းသော ရိုသေလေးစားမှုအပြည့်ဖြင့် လက်ယှက်ကာ လေးနက်စွာ ဦးညွှတ်လိုက်သည်။
“ကျွန်တော်တို့ စီနီယာကျင့်ကြံသူကျစ်ရွှမ်ကို ဂါရဝပြုပါတယ်။”
နန်ယန်ကျဆုံးပြီးနောက် ဂိုဏ်းခုနစ်ဂိုဏ်းက နယ်မြေဒေသထဲတွင် ပိတ်မိနေခဲ့ရသည့်တိုင်၊ သူတို့သည် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သော ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူ အပေါ် မည်သည့်အခါမျှမကျေနပ်မှု မရှိခဲ့ကြပေ။
တစ်ဖက်လူက သူ၏စွမ်းဆောင်နိုင်သရွေ့ အစွမ်းကုန် ကြိုးစားခဲ့ပြီး၊ ဂိုဏ်းခုနစ်ဂိုဏ်း၏ ကောင်းကျိုးဆိုးကျိုးကို အမြဲတစေစိုးရိမ်ပူပန်ခဲ့ကြောင်းကို လူတိုင်းကောင်းစွာ သိရှိကြ၏။ သူသည် မသေမျိုးများကိုခြိမ်းခြောက်ရန်အတွက် ကျစ်လင် နတ်သမီး၏နာမည်ကိုပင် အသုံးပြုခဲ့ရပြီး၊ထိုလုပ်ရပ်ကပင် ကျင့်ကြံသူကျစ်ရွှမ်အတွက် ကြီးမားသော အရှက်ရမှုတစ်ခုဖြစ်ခဲ့ရသည်။
သက်လတ်ပိုင်းအရွယ် အမျိုးသားက ဤလူများကို ချစ်ခင်ကြင်နာစွာကြည့်ရှုလိုက်၏။ သူတို့အထဲတွင် ကောင်းကင်ဘုံနယ်ပယ်မှ အင်အားကြီးမားသော သတ္တဝါများ၊ရတနာမြေများကို သိမ်းပိုက်ထားနိုင်သော ဂိုဏ်းချုပ်များပါဝင်သော်လည်း၊ သူ၏မျက်လုံးထဲတွင်မူ ရင့်ကျက်မှုမရှိသေးသော ကလေးတစ်စုကဲ့သို့သာ မြင်နေရပါသည်။
သူသည် ခေါင်းကို အနည်းငယ်ညိတ်ပြလိုက်ပြီး ပက်လက်ကုလားထိုင်ဆီသို့ ချဉ်းကပ်သွားကာ၊ ထရန် ကြိုးစားနေသော ရှန်းယီကို အသာအယာ ဖိချလိုက်၏။
ထိုလက်ဖဝါးအောက်တွင်၊ ရှန်းယီက လုံးဝလှုပ်မရတော့သလို ခံစားလိုက်ရပါသည်။ သို့သော် ရန်လိုသောဖိနှိပ်မှုမျိုး မဟုတ်ဘဲ၊ သူ၏ပင်ပန်းနွမ်းနယ်မှုများနှင့် ဒဏ်ရာများကို သက်သာစေသော နွေးထွေးမှုလှိုင်းဂယက်များဖြင့် နှစ်သိမ့်ပေးခြင်းသာ ဖြစ်သည်။
“ဟုန်ကျယ်ရဲ့ကြီးကျယ်တဲ့ ကုသိုလ်ရှင်ကြီးက ဒီအဘိုးကြီးအပါအဝင် ဘယ်သူ့ကိုမဆို လှဲနေရင်း စကားပြောခွင့် ရှိပါတယ်။”
ကျင့်ကြံသူ ကျစ်ရွှမ်က နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်ရာ၊ တောင်ပိုင်းဟုန် ဂိုဏ်းချုပ်များ၏ရင်ထဲရှိ အနည်းငယ်အနေရခက်နေမှုများ ချက်ချင်းပြေလျော့သွားပြီး သူတို့၏မျက်နှာများပေါ်တွင် အပြုံးများပေါ်လာစေခဲ့၏။
သူသည် ကျောက်တုံးထိုင်ခုံတစ်ခုကို အသာအယာ ဆွဲယူလိုက်ပြီး ရှန်းယီ၏ဘေးတွင် ထိုင်လိုက်သည်။
“မင်း ဒါကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ ငါ မမေးတော့ပါဘူး။”
“ဒါပေမဲ့ ဒီလမ်းမှာ မင်းအများကြီး ဒုက္ခရောက်ခဲ့ရမယ်ဆိုတာ ငါ သိပါတယ်။”
သူသည် လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ရှန်းယီ၏နဖူးဆီသို့ ညင်သာစွာ ထိလိုက်သည်။
“ဟင်”
ရှန်းယီက သူနှင့် တာအိုနယ်ပယ်ကြားရှိ ကွာဟချက်ကို မည်သို့ပေါင်းကူးရမည်၊ လောဘဝံပုလွေကြယ်တာရာဖွဲ့စည်းပုံကို အသုံးပြုခြင်းဖြင့် အရှေ့နဂါးဘုရင်၏ကန့်သတ်ချက်များမှ လွတ်မြောက်နိုင်မည်လားဟု လေးလေးနက်နက် တွေးတောနေဆဲပင်။ သို့သော် ရုတ်တရက် သူ၏စိတ်သည် ပေါ့ပါးသွားပြီး အရင်က တစ်ခါမျှ မကြုံဖူးသောတိတ်ဆိတ်ငြိမ်သက်မှုထဲသို့ နစ်မြုပ်သွားလေသည်။
သူ၏ မျက်မှောင်များ တင်းကျပ်စွာကြုတ်သွားပြီး၊ ဗီဇအရခုခံလိုစိတ်များ ဖြစ်ပေါ်လာ၏။
အလိုအလျောက်တုံ့ပြန်မှုအနေဖြင့် တောင်ပိုင်းဟုန်၏စွမ်းအားကိုပင် စတင်ဆင့်ခေါ်ရန် ကြိုးစားလိုက်သည်။
သို့သော် အရှေ့နဂါးဘုရင်က သူ၏ လက်ချောင်းကို ရုပ်သိမ်းသွားပြီး၊သူ့ကို ရှုပ်ထွေးသော အမူအရာဖြင့် ပြန်လည်ကြည့်ရှုနေသည်ကို သူ မြင်လိုက်ရသည်။
မသေမျိုးနယ်မြေများသို့ တစ်ချိန်က ခရီးသွားခဲ့ဖူးသော်လည်း၊ ကျင့်ကြံသူ ကျစ်ရွှမ်က အနားယူခြင်းကို ဤမျှလောက်အထိ ခုခံဆန့်ကျင်တတ်သူမျိုး တစ်ခါမျှ မမြင်ဖူးချေ။ ရင်ထဲရှိ တင်းမာမှုတစ်ခုသည် အမြဲတမ်းတင်းကျပ်နေရမည်ဖြစ်ပြီး၊ အနည်းငယ်လျော့ရဲသွားပါက ပြန်လမ်းမရှိသော အခြေအနေထဲသို့ ကျဆင်းသွားမည်ကို စိုးရိမ်နေသည့်အလားပင်။
“တောင်းပန်ပါတယ်၊ကျွန်တော် သိပ်အကျင့်မရသေးလို့ပါ။”
ရှန်းယီသည် အတင်းအကြပ် ပြုံးပြလိုက်ပြီး၊ ပက်လက်ကုလားထိုင်ပေါ်မှ မတ်လိုက်သည်။
“ရပါတယ်၊ နောက်ထပ် ရက်အနည်းငယ်လောက် ထပ်လှဲနေလိုက်ပါ၊ မင်း နေကောင်းသွားပါလိမ့်မယ်။”
ကျင့်ကြံသူ ကျစ်ရွှမ်က အပြစ်ရှိသလို ခေါင်းခါလိုက်ပြီး၊မေးခွန်းကို မစောင့်တော့ဘဲ အကြောင်းအရာကို ပြောင်းလိုက်၏။
“ဟုန်ကျယ်ရဲ့ အပြင်ဘက်၊ကျန်တဲ့ မသေမျိုးနယ်မြေတွေက ဘယ်လိုပုံစံရှိလဲဆိုတာ မင်း သိလား။”
“…”
ရှန်းယီက သူ၏အနာဂတ် လှုပ်ရှားမှုများကို ပိုမိုလွယ်ကူစေရန်အတွက် မသေမျိုးများအကြောင်း ပိုမိုနားလည်နိုင်ရန် စောင့်ဆိုင်းနေခြင်း ဖြစ်သည်။
သို့သော် ဤကဲ့သို့သော အရှေ့နဂါးဘုရင်မျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ခဲ့ပေ။
တစ်ဖက်လူက ဟုန်ကျယ်မသေမျိုး နှင့် ပတ်သက်သော ကိစ္စရပ်များကို တမင်သက်သက် ရှောင်လွှဲပြောဆိုနေပြီး၊ ငြိမ်းချမ်းသော အငွေ့အသက်တစ်ခုကို ဖန်တီးရန်ကြိုးပမ်းနေပုံရသည်။
ကောင်းပြီလေ၊ သူ မပြောချင်ဘူးဆိုရင်တော့ ရှန်းယီလည်း ဆက်ပြီး ဖိအားပေးနေမည် မဟုတ်ပေ။
ပြောသွားခဲ့သည့် စကားများအရ အရှေ့နဂါးနန်းတော်က သူတို့၏အသနားခံစာကို ပေးပို့ပြီးဖြစ်ရမည်။
အကယ်၍ မအောင်မြင်ခဲ့လျှင်ပင်၊ မသေမျိုးများအတွက် အနည်းငယ်ပြဿနာဖြစ်စေခြင်းက သူ့အတွက် မြောက်ပိုင်းဟုန်သို့ ခြေချရန်နှင့် ကျန်ရှိနေသော နတ်ဆိုးသက်တမ်းများကို စုဆောင်းရန် အခွင့်အရေးတစ်ခု ဖန်တီးပေးလိမ့်မည်။
သို့သော် သူ မသေမျိုးစွမ်းအားများကို ခိုးယူစဉ်တွင် တစ်ဖက်လူကိုမျက်ကွယ်ပြုထားစေရန်မှာမူ သတိထား၍ ညှိနှိုင်းရမည့် ကိစ္စဖြစ်နေဆဲပင်။
မည်သို့ပင်ဖြစ်စေ... ခဏတာအဆက်သွယ်လေးဖြစ်စေ၊ရှန်းယီက သူ၏ပိုင်ဆိုင်မှုအားလုံးကို အသုံးပြု၍စွမ်းအားကို အတင်းအဓမ္မသိမ်းယူရန် ကြိုးစားခြင်းမှာ အောင်မြင်နိုင်ခြေအလွန်နည်းပါးကြောင်းရှင်းလင်းစွာ သိရှိနေသည်။
“ဘယ်လိုမျိုးလဲ။” သူက ဘေးသို့ တစ်ချက်စောင်းကြည့်လိုက်၏။
အကြောင်းရင်းကိုတော့ မသိပဲ၊ ဤအရာက သူတို့၏ပထမဆုံး တွေ့ဆုံမှုဖြစ်သော်လည်း၊ရှန်းယီမှာ ယခင်ကကြုံတွေ့ခဲ့ဖူးသည့် အခြားအင်အားကြီးပုဂ္ဂိုလ်များနှင့် ကြုံတွေ့ရစဉ်ကဲ့သို့ ပြင်းထန်သည့် စိတ်ဖိစီးမှုတုံ့ပြန်မှုမျိုး မရှိခဲ့ပေ။
“အောက်နယ်မြေမှာ အင်ပါယာခုံရုံးကို ကြီးမှူးတဲ့ လူသားဧကရာဇ်တစ်ပါးရှိတယ်၊ သူက ဘုံဗိမာန်တွေ၊ စံအိမ်တွေနဲ့ ဂိုဏ်းတွေရဲ့ဝါဒဖြန့်ဝေမှုတွေကို ထိန်းချုပ်ထားတယ်။မင်း တာအိုနယ်ပယ်ကို ရောက်သွားရင်အဲဒီကိုလည်း သွားပြီးစမ်းကြည့်လို့ရတယ် - မိုးခေါ်တာတွေ၊ ကပ်ဘေးအန္တရာယ်ကနေကယ်တင်တာတွေလုပ်ပြီးခုံရုံးက ပူဇော်သက္ကာရတွေကိုခံယူလို့ရတယ်။ဒါပေမဲ့ ဟုန်ကျယ်က သိပ်ကို မထင်ရှားဘူး၊ထင်ရှားတဲ့ အမွေအနှစ်တွေ၊ သွန်သင်မှုတွေလည်း မရှိဘူးဆိုတော့၊ မင်းရဲ့ ကိုယ်ပိုင်စွမ်းရည်အပေါ်မှာပဲ မူတည်လိမ့်မယ်။”
မသေမျိုးနယ်မြေများအကြောင်း ပြောရာတွင် အရှေ့ပိုင်းနဂါးဘုရင်က သိသိသာသာ ပို၍စိတ်အားထက်သန်လာပြီး အထက်သို့ပင်လက်ညှိုးထိုးပြလိုက်၏။
“သေချာတာကတော့ ပိုကောင်းတဲ့နေရာက မသေမျိုးခုံရုံးပဲပေါ့။ အထက်ကို တက်လှမ်းဖို့နည်းလမ်းတွေအများကြီးရှိပါတယ်၊ ဥပမာ အင်ပါယာခုံရုံးက ထောက်ခံချက်ပေးတာ၊ ဒါမှမဟုတ် မင်းရဲ့ ဂိုဏ်းက စီနီယာတစ်ယောက်အထက်မှာ တာဝန်ထမ်းဆောင်နေတာ၊ ဒါမှမဟုတ် မသေမျိုးအရာရှိတွေ ကိစ္စရပ်တွေဆောင်ရွက်ဖို့ ဆင်းလာတဲ့အခါ မင်းကို သဘောကျပြီးကောင်းကင်ဘုံကို သူတို့နဲ့အတူ ခေါ်သွားတာမျိုးပေါ့။”
“မင်း ကောင်းကင်ဘုံကို တက်လှမ်းနိုင်ခဲ့ရင်တော့ အဲ့ဒါကသေးငယ်တဲ့ကိစ္စမဟုတ်တော့ဘူး။”
အရှေ့ပိုင်းနဂါးဘုရင်က အပြုံးများဖြင့်ပြည့်နှက်နေကာ၊ ရှန်းယီ ကောင်းကင်တံခါးသို့ တက်လှမ်းသွားသည်ကို သူမြင်တွေ့နေရသည့်အလား၊ သို့မဟုတ် ရှန်းယီထံတွင် သူ၏ယခင်သားမက်၏ အရိပ်အယောင်ကို မြင်တွေ့နေရသည့်အလားပင်။
“မင်း သိလား၊ဒီက ငါတို့ရဲ့ မသေမျိုးက ကောင်းကင်ဘုံမှာ သတ္တမအဆင့်အရာရှိ ရာထူးကို ရထားတယ်၊ ကျောက်စိမ်းဖြူကြံ့တရားဝန်တံဆိပ်တုံးကို ကိုင်ဆောင်ထားလို့ ဟုန်ကျယ်ကို တာဝန်ယူနိုင်ခဲ့ပြီး၊ ဒီနယ်မြေရဲ့ အုပ်ထိန်းသူလို ဖြစ်လာခဲ့တာ။”
“အကယ်၍ မင်းက ပဉ္စမအဆင့် မသေမျိုးအရာရှိရာထူးကိုရရှိပြီး ထိုက်ယီတာအိုအသီးကို ရရှိခဲ့မယ်ဆိုရင်၊သေမျိုးလောကကို ဆင်းလာတဲ့အခါ လူသားဧကရာဇ်ကိုတောင် အရိုအသေပေးစရာ မလိုတော့ဘူး။”
“…”
ရှန်းယီသည် မူလက သာမန်ကာရံသာတုံ့ပြန်လိုခဲ့သည်။ သူ၏အသက်မှာ အန္တရာယ်ရှိနေဆဲဖြစ်ရာ၊ အခြားကိစ္စများကိုစဉ်းစားရန် သူ၏စိတ်ထဲတွင် မည်သည့်အချိန်ရှိမည်နည်း။
အပြင်ဘက်မှ သာယာဝပြောမှုများကလည်း သူ့ နှင့် ဘာမှမသက်ဆိုင်ပေ။
သို့သော် သူ နားထောင်နေရင်း အနည်းငယ် စိတ်ဝင်စားလာပါငည်။ ကောင်းကင်ဘုံမှ ပုဂ္ဂိုလ်များသည် သေမျိုးလောကမှ ဧကရာဇ်များနှင့် တွေ့ဆုံရာတွင် တကယ်ပင်အရိုအသေပေးရန် လိုအပ်သည်လော။
သူသည် သိချင်စိတ်အနည်းငယ်ဖြင့် မတ်မတ်ထိုင်လိုက်ပြီး “ကျစ်လင် နတ်သမီး ကောင်းကင်ဘုံကို တက်လှမ်းသွားတုန်းက၊ သူဘယ်အဆင့် မသေမျိုးအရာရှိအတွက် အလုပ်လုပ်ပေးခဲ့တာလဲ။” ဟု မေးလိုက်၏။
ထိုစကားများအဆုံးတွင် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေသည်။
သာမန်ကိစ္စရပ်များကို စိတ်မစားသော ယဲ့ကျိုးပင်လျှင်မျက်ခွံများ တွန့်သွားလေ၏။
ဂိုဏ်းချုပ်ရှန်းက လူ့ကျင့်ဝတ်နားမလည်သူဟု သင် ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် သူသည် စီးတော်ယာဉ်ဟူသော စကားလုံးအစား အလုပ်လုပ်ပေးသည်ဟု အစားထိုးရန် သိရှိခဲ့သေး၏။
သို့သော် သူက လူ့ကျင့်ဝတ်များကိုနားလည်သည်ဟု သင်ပြောမည်ဆိုပါကလည်း၊ သူက မပြောသင့်သောအရာများကို အမြဲတစေထုတ်ဖော်ပြောဆိုတတ်ပါသည်။
ကျင့်ကြံသူ ကျစ်ရွှမ်၏ပြုံးနေသော မျက်နှာက ဖြည်းညှင်းစွာ မှေးမှိန်သွားပြီး၊ သူ၏ စိတ်အခြေအနေလည်း ကျဆင်းသွားပုံပင်။
အချိန်အတော်ကြာမှ သူက “သူမက ဟုန်ကျယ်မသေမျိုးရဲ့အထက်အရာရှိ၊ အားကောင်းတဲ့ မဟာစစ်သူကြီး ချင်းလွမ်အတွက် အလုပ်လုပ်ပေးခဲ့တာ။အဲဒီ မဟာစစ်သူကြီးကပဲ ဟုန်ကျယ်မသေမျိုးကို ဒီနေရာကို ရာထူးချလိုက်တာလေ။ သူက မျက်စိထဲမှာစပါးမွေးလေးတောင် အဝင်မခံနိုင်တဲ့ ဖြောင့်မတ်တဲ့ မသေမျိုးစစ်သူကြီး တစ်ပါးလို့ ပြောကြတယ်။” ဟု ပြောလိုက်၏။
“တော်ပြီ၊အဲဒီအကြောင်း မပြောကြတော့နဲ့။”
“မကောင်းမှုလုပ်တဲ့သူတွေဟာ တစ်နေ့ကျရင် သူတို့ကံကြမ္မာနဲ့သူတို့ပြန်တွေ့ရမှာပါ၊ တခြားသူတွေကို နင်းပြီးတက်သွားတဲ့သူတွေဟာလည်း တစ်နေ့ကျရင် မလွဲမသွေကျဆင်းရမှာပဲလို့ ငါ ယုံကြည်တယ်။”
ပတ်ဝန်းကျင်မှလူများမှာ တိတ်ဆိတ်နေဆဲပင်။
ကျင့်ကြံသူ ကျစ်ရွှမ်၏ သစ်ပင်ထိပ်ဖျားသို့ရောက်သောအခါ ဖီးနစ်ငှက်အဖြစ်သို့ပြောင်းလဲသွားသော အရှေ့နဂါးဘုရင်၏သမီးတော်ကို ရည်ညွှန်းနေသည့် ထိုစကားများ၏အဓိပ္ပာယ်ကို လူတိုင်းနီးပါးကြားသိနိုင်သည်။
“မင်း ဟုန်ကျယ်ကနေထွက်သွားဖို့ လမ်းစတစ်ခုကို သေချာပေါက်ရှာတွေ့လိမ့်မယ်။ငါ့မှာ အနည်းငယ် ရိုင်းစိုင်းတဲ့တောင်းဆိုချက်နှစ်ခုရှိတယ်။”
“အဲဒီအချိန်ရောက်လာရင်...”
“မင်း... ရွှမ်ချင်းကိုပါ သွားကြည့်ဖို့ ခေါ်သွားပေးနိုင်မလား”
သက်လတ်ပိုင်း အမျိုးသား၏မျက်နှာတွင် အနည်းငယ် ရှက်ရွံ့မှုအရိပ်အယောင်တစ်ခု ပေါ်လွင်နေပြီး၊နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်ခဲ့သော နဂါးဘုရင်တစ်ပါးအတွက် တွေးကြည့်ရန်ပင်ခက်ခဲလှ၏။
ရှန်းယီသည် အရှေ့နဂါးဘုရင်ကို အချိန်အကြာကြီး စောင့်ဆိုင်းမနေစေခဲ့ပေ။
သူသည် မတ်တပ်ရပ်လိုက်ပြီး ခေါင်းခါကာ “ထပ်ပြောနေဖို့ မလိုတော့ပါဘူးစီနီယာ။ စီနီယာ ရွှမ်ချင်းက ကျွန်တော့်ကို အများကြီးကူညီပေးခဲ့ပါတယ်၊ ရှန်းယီက မမေ့ရဲပါဘူး။” ဟု ပြောလိုက်သည်။
ဤအရာမှာ သူ သဘောတူနိုင်သော တောင်းဆိုချက်တစ်ခုဖြစ်ပြီး၊ အရှေ့နဂါးဘုရင်မှ ထုတ်ဖော်ပြောဆိုရန်ပင် မလိုအပ်ပေ။ သူ မတ်တပ်ရပ်လိုက်ရခြင်း၏အကြောင်းရင်းမှာ တစ်ဖက်လူ ဆက်ပြောမည့် စကားကို သူ ခန့်မှန်းမိသောကြောင့် ဖြစ်သည်။
“…”
ထိုချက်ချင်းထွက်ပေါ်လာသော စီနီယာ ရွှမ်ချင်းဟူသည့် အသုံးအနှုန်းကိုကြားလိုက်ရသောအခါ၊ ကျင့်ကြံသူ ကျစ်ရွှမ်က ရှန်းယီကို လေးနက်စွာ ကြည့်လိုက်၏။
မူလက တစ်ဖက်လူကို နောက်ထပ်ရက်အနည်းငယ် ထပ်မံအနားယူစေချင်ခဲ့သော်လည်း၊ သူ ဆက်လက် စကားမပြောတော့ပေ။
ကျေးဇူးသိတတ်ပြီးကျေးဇူးဆပ်လိုသူတိုင်းသည် နန်ယန်၏ ဆူံရှူံးနစ်နာမှုများကို မည်သို့မေ့ပျောက်နိုင်မည်နည်း၊အနှစ်တစ်သိန်းအကြာက ရွှမ်ချင်း၏ နှိပ်စက်ခံရမှုများကို မည်သို့မေ့ပျောက်နိုင်မည်နည်း။
“တစ်ခါတလေကျရင် လက်စားချေဖို့ဆိုတာ အလောတကြီးလုပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ အပြင်ထွက်လိုက်တာနဲ့၊ပိုကျယ်ဝန်းတဲ့ ကမ္ဘာကြီးကိုမြင်လိုက်ရတာနဲ့၊နည်းလမ်းတွေ အများကြီးရှိတယ်ဆိုတာကို မင်း သိလာလိမ့်မယ်။ အကယ်၍ မင်းက အင်ပါယာခုံရုံးမှာ ထင်ရှားတဲ့ရာထူးတစ်ခု ရထားမယ်ဆိုရင်၊ဒါမှမဟုတ် ကောင်းကင်ဘုံမှာ မင်းရဲ့ မသေမျိုးအဆင့်က ထိုက်ယီလိုမြင့်မားနေမယ်ဆိုရင်၊ဒီကိစ္စကို ဖြေရှင်းဖို့က တကယ်တော့ စကားလုံးအနည်းငယ်လေးနဲ့တင် လုံလောက်ပါတယ်။”
ကျင့်ကြံသူ ကျစ်ရွှမ်က မတ်တပ်ရပ်လိုက်ပြီး ရှန်းယီ၏ကျောကို ပုတ်ကာ ပြုံးလျက်ဖြင့် “ငါ့ရဲ့လမ်းကအထီးကျန်မနေပါဘူး... အခုတောင် မင်းအများကြီးကောင်းကောင်းလုပ်နိုင်ခဲ့ပါပြီ၊ ငါတို့ အဘိုးကြီးတွေထက်တောင် အများကြီးသာလွန်နေပါပြီ။ ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းနွမ်းနယ်လွန်းတဲ့အထိ အလုပ်မလုပ်မိဖို့သတိထားပါ။” ဟု ပြောလိုက်သည်။
“ငါ အရင် သွားတော့မယ်။”
ထိုစကားများဖြင့် စိမ်းနုရောင်ဝတ်ရုံဝတ်ဆင်ထားသောပုံရိပ်တစ်ခုက ပန်ရှန်းဂိုဏ်းအတွင်းမှ ဖြည်းညှင်းစွာ မှေးမှိန်ပျောက်ကွယ်သွား၏။
“ဟူး”
ရှန်းယီက တစ်ဖက်လူရပ်နေခဲ့သော နေရာကို တိတ်ဆိတ်စွာစိုက်ကြည့်နေပြီး၊ ရုတ်တရက် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ကာ၊ အရှေ့နဂါးဘုရင်က သူ မသေမျိုးတစ်ပါးကိုသတ်ဖြတ်သည်ကို ကြည့်နေမည်မဟုတ်ကြောင်း နောက်ဆုံးတွင် နားလည်သဘောပေါက်သွားလေသည်။
အတိအကျပြောရလျှင် တစ်ဖက်လူက သူ့ကို မည်သည့် အမည်းစက်မှမစွန်းထင်းစေချင်ဘဲ၊ ဟုန်ကျယ်မှ သန့်ရှင်းသောနာမည်တစ်ခုဖြင့် ထွက်ခွာသွားစေလိုခြင်း ဖြစ်ပါသည်။
ထိုသို့ဆိုလျှင် မသေမျိုးစွမ်းအင်များကို ခိုးယူခြင်းမှာ ဖော်ပြရန်ပင်မထိုက်တန်တော့ဘဲ၊ စကားစရန်ပင် မလိုတော့ပေ။
အဘိုးကြီးက တကယ်ကို ခေါင်းမာတာပဲ... ဒါပေမဲ့ တကယ်ကို သဘောကောင်းပါတယ်။
ဒါက ငါ့ကိုယ်ပိုင် စရိုက်လက္ခဏာရဲ့ပြဿနာများလား။
ရှန်းယီ၏မျက်လုံးများထဲတွင် ရှားပါးသော ကူကယ်ရာမဲ့မှု အရိပ်အယောင်တစ်ခုဖြတ်သန်းသွား၏။ ထိုကဲ့သို့သော သဘောကောင်းသည့် အဘိုးအိုတစ်ဦးနှင့်ပင်လျှင်၊ သူ၏မျှော်လင့်ချက်အားလုံးကို တစ်ဖက်လူအပေါ်ပုံအပ်ထားရန် သူ အခက်အခဲ တွေ့နေရဆဲဖြစ်သည်။
ထားလိုက်ပါတော့၊ လောလောဆယ် နတ်ဆိုးသက်တမ်းတွေကိုပဲ စုဆောင်းလိုက်တော့မယ်။
နန်ယန်၏အဖြူရောင် ဝတ်ရုံလေး ညင်သာစွာလွင့်ခါသွားပြီးနောက်၊ ရှန်းယီ၏မျက်လုံးက ပြန်လည်အေးချမ်းသွားကာ၊ သူ၏အမိန့်အောက်တွင် မဟာနတ်ဆိုးဖိနှိပ်ခြင်းကျောက်တုံး နှင့် ခန်းမသခင်အများအပြားက အနောက်နဂါးနန်းတော်မှ အကြွင်းအကျန်များ၏အသက်များကို ပိုမိုလျင်မြန်စွာ စတင်ရိတ်သိမ်းကြလေတော့သည်။
ဟုန်ကျယ်ကိစ္စကို ဖြေရှင်းပြီးနောက်မှ၊ ဤမိတ်ဆွေဟောင်းနှင့် ထပ်ဖြေရှင်းလျှင်ပင် နောက်ကျမည်မဟုတ်ပေ။