ရှန်းယီ ထွက်ပေါ်လာခြင်း
Vol. 92 Ch. 919
"ငါ့ကို လွှတ်ပေးစမ်း"
"ငါက အနန္တတာအိုအင်ပါယာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ ငါက ရွှယ်ယန်ကွ၊ကျက်သရေမရှိတဲ့ နဂါးဖြူတွေ၊ မင်းတို့မိသားစုတွေ အကုန်လုံးကို သုတ်သင်ပစ်မယ်"
ဗလာဟင်းလင်းဖြစ်နေသော ယွိတောင် တစ်ခွင်တွင် ပြင်းထန်သော ဒေါသတကြီးအော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။
ဖရိုဖရဲဖြစ်နေသော လူငယ်လေးက အကျဉ်းထောင်တံခါးကို အားကုန်သုံးကာ ထုရိုက်နေခဲ့သည်။ သူ၏ခန့်ညားသော မျက်နှာသွင်ပြင်များမှာ ပြင်းထန်စွာရှုံ့မဲ့နေပြီး၊ တောက်ပသော အဝါရောင်ဝတ်ရုံမှာလည်း အလွန်အမင်းရှုပ်ပွနေကာ၊သူ၏ ပုံမှန်ခန့်ညားပြီး ကြီးစိုးနိုင်သော ဟန်ပန်များ ကင်းမဲ့နေလေ၏။
စွမ်းအားကြီးမားလှသော မြောက်ပိုင်းဟုန်၏ အနန္တတာအိုအင်ပါယာဂိုဏ်းမှ ဂိုဏ်းခွဲသခင်တစ်ဦး၊ လူတိုင်းက အားကျလေးစားရသည့် လူငယ်ပါရမီရှင်တစ်ဦးက အနောက်ပိုင်းဟုန်တွင် ဖော်ပြ၍မရနိုင်လောက်အောင် အရှက်တကွဲအကျိုးနည်းဖြစ်ခဲ့ရသည်။
သူ ဒီကနေ ထွက်သွားနိုင်တာနဲ့ ဂိုဏ်းချုပ်ဆီကို ပြန်သတင်းပို့ရမယ်... မဟုတ်ဘူး၊ မသေမျိုးဆီကို သတင်းပို့ရမယ်။
အရှေ့ပိုင်းနဂါးနန်းတော်က မိစ္ဆာများနှင့် ပူးပေါင်းကြံစည်နေကြောင်း၊ သူတို့၏အပြစ်များက မှတ်တမ်းတင်ရန်ပင်များပြားလွန်းလှကြောင်း သူ မသေမျိုးကို ပြောပြမည်။ ဤခရမ်းရောင်မုတ်ဆိတ်နဂါးဖြူများကို နှိမ်နင်းယုံသာမက၊ ထိုအနက်ရောင်ဝတ်ရုံနှင့် လူငယ်သည်လည်း သူ၏ နှလုံးသားထဲမှ အမုန်းတရားများကို ပြေလျော့စေရန်မြေမြှုပ်စရာနေရာပင်မရှိဘဲ သေဆုံးရမည်။
ထိုအချိန်တွင်၊ရေပြင်အထက်မှ စာလိပ်များကဲ့သို့ အရွယ်အစားအမျိုးမျိုးရှိသော တောင်တန်းနှင့် မြစ်များပန်းချီကားလိပ်များလွင့်မျောလာခဲ့သည်။
ခမ်းနားထည်ဝါသော အငွေ့အသက်တစ်ခုက ယွိတောင်ရေပြင်နယ်မြေတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွား၏။
"ရွှယ်ယန်ရဲ့ အငွေ့အသက်က ဒီနေရာမှာပဲ"
တပည့်အများအပြားခြံရံလျက်ဖြင့် ဂိုဏ်းချုပ်လေးဦး ရောက်ရှိလာပါသည်။
သူတို့က ပျောက်ဆုံးနေသော ဂိုဏ်းချုပ်များကို ရှာဖွေရန် လုရှောင်း၏ တော်ဝင်အမိန့်တော်ကို လိုက်နာခဲ့ကြသော်လည်း၊အနောက်ပိုင်းနဂါးနန်းတော်မှာ ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။
ကံကောင်းထောက်မစွာပင်၊ မှော်ရတနာများ၏ လမ်းညွှန်မှုဖြင့် ယွိတောင်ဆီသို့ သူတို့ လမ်းကြောင်းရှာဖွေနိုင်ခဲ့ကြ၏။
"တစ်ခုခု မှားယွင်းနေတယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပေမဲ့၊ ဒီလောက်ဆိုးရွားလိမ့်မယ်လို့တော့ မထင်ထားဘူး"
အနန္တတာအိုအင်ပါယာဂိုဏ်းမှ ဂိုဏ်းချုပ်တစ်ဦးသည် သူ၏မျက်မှောင်များကို ကြုတ်လိုက်၏။ အနောက်ပိုင်းဟုန်နှင့် တောင်ပိုင်းဟုန် နဂါးနန်းတော်တို့၏အခြေအနေကို သူတို့ နားလည်ထားသလောက်ဆိုလျှင်၊ ထိုသူများ အဆတစ်ရာလောက်ပိုသတ္တိရှိနေလျှင်ပင် နဂါးတံဆိပ်တုံးကို အသုံးပြုပြီးမသေမျိုးထံသို့ တိုင်ကြားရဲမည် မဟုတ်ပေ။
သို့သော် အနောက်ပိုင်းဟုန်တွင် နှစ်ပေါင်းများစွာ အခိုင်အမာအခြေချနေထိုင်ခဲ့သော အနောက်ပိုင်းနဂါးနန်းတော်က သတင်းတစ်စက်မျှမပေါက်ကြားဘဲ တိတ်ဆိတ်စွာရှင်းလင်းခံလိုက်ရမည်ဟု သူတို့ မထင်မှတ်ထားခဲ့ချေ။
အနောက်ပိုင်းဟုန်တွင် အတိအကျဘာများဖြစ်ခဲ့သည်ဆိုသည်မှာ သံသယဖြစ်ဖွယ်ကောင်းသော်လည်း၊ကံကောင်းစွာဖြင့် ရွှယ်ယန် အသက်ရှင်နေဆဲပင်။ သူက အရာများစွာကို သိထားရမည်။
"မိုင်တစ်သောင်း မဟာအစီအရင်ကို ဖွဲ့စည်းလိုက်"
ယွိတောင်ဆီသို့ သတိမဲ့စွာမချဉ်းကပ်ခဲ့ဘဲ၊ ဂိုဏ်းချုပ်များက တာအိုနန်းတော်ထဲမှ ထွက်လာကာအနီးနားရှိရေပြင်များကို ထိန်းချုပ်နိုင်ရန် တပည့် နှင့် အကြီးအကဲ တစ်ရာနီးပါးကို အစီအရင်ဖွဲ့စည်းရန် အမိန့်ပေးလိုက်၏။
သိပ်သည်းလှသော တောင်တန်းနှင့် မြစ်များပန်းချီကားလိပ်များသည် ဖြည်းညှင်းစွာချိတ်ဆက်သွားပြီး၊ စာလိပ်များထဲမှ မြင့်မားသော တောင်တန်းများနှင့် မြစ်များက ပျံသန်းထွက်ပေါ်လာကာ သူတို့၏ပတ်လည်တွင် ထိုးဖောက်၍မရနိုင်သော ကြီးမားလှသည့် အတားအဆီးကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။
"သူ့ကို ကယ်ထုတ်လိုက်"
ဂိုဏ်းချုပ်လေးဦးက အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြပြီး၊ ကောင်းကင်ဘုံနယ်ပယ်မှ အစွမ်းအထက်ဆုံးကျင့်ကြံသူက ဦးဆောင်ကာ တာအိုပညာရပ်များကို အသုံးပြုလိုက်ရာ ရွှေရောင်အလင်းတန်းတစ်ခုယွိတောင်ဆီသို့ လျှပ်တစ်ပြက် အတွင်းပြေးဝင်သွားခဲ့သည်။
"ငါ ဒီမှာ"
ရင်းနှီးသောအငွေ့အသက်ကို ခံစားလိုက်ရသော ရွှယ်ယန်က ချက်ချင်းဝမ်းသာအားရဖြစ်သွားသည်။
သူသည် ရူးသွပ်စွာထလာပြီး အကျဉ်းထောင်တံခါးကို နောက်တစ်ကြိမ်ကန်ကျောက်လိုက်ရာ လေးလံသောအသံကြီး ထွက်ပေါ်လာသည်။
ရွှေရောင်အလင်းတန်းက တံခါးကို တစ်ခဏချင်းအတွင်းရိုက်ချိုးလိုက်ပြီး၊ ယွိတောင်အတွင်းရှိ အသက်အငယ်ဆုံး ဂိုဏ်းခွဲသခင်ကို သယ်ဆောင်သွားကာ အခြားဂိုဏ်းချုပ်များ၏ဘေးတွင် ချထားပေးလိုက်သည်။
သူက ကောင်းကောင်းပင်မရပ်နိုင်သေးခင်မှာပင် ဒေါသတကြီးပေါက်ကွဲလိုက်သည်။
"အဲ့ဒီ မိန်းမယုတ် ကျစ်ရှန်းက နတ်ဆိုးကျင့်ကြံသူတစ်ယောက်နဲ့ ပူးပေါင်းကြံစည်ပြီး ငါတို့ဂိုဏ်းရဲ့ လောဘဝံပုလွေကြယ်တာရာဖွဲ့စည်းပုံကို ခိုးယူသွားတာ၊ ယွဲ့ကုန်းကွေ့အပါအဝင် လူတိုင်းကို သတ်ပစ်ခဲ့တာ၊ ကျစ်ယန်က အရှေ့ပိုင်းနဂါးနန်းတော်ရဲ့ အိမ်ရှေ့မင်းသားဖြစ်ပြီးတော့ သူ့ညီမ နတ်ဆိုးနဲ့ ပူးပေါင်းတာကို ကာကွယ်ပေးပြီး ငါ့ကို ဒီမှာပိတ်လှောင်ထားခဲ့တာ"
"မြန်မြန်၊ ဂိုဏ်းချုပ်လုဆီ သတင်းပို့ဖို့ မြောက်ပိုင်းဟုန်ကို ငါနဲ့လိုက်ခဲ့ကြ"
"..."
ဂိုဏ်းချုပ်များက အချင်းချင်း ကြည့်လိုက်ကြပြီး သူ့ကို ထိန်းပေးရန်လက်လှမ်းလိုက်ကြ၏။
"ဟုန်ကျယ်မှာ အရှေ့ပိုင်းနဂါးနန်းတော်ဆိုတာ မရှိတော့ဘူး။စိတ်မလောပါနဲ့ ဖြည်းဖြည်းပြောပါ ဘယ်လို နတ်ဆိုးကျင့်ကြံသူလဲ"
"မရှိတော့ဘူးလား."
ရွှယ်ယန်သည် ခဏရပ်သွားပြီးနောက်၊ အက်ရှရှအသံဖြင့် ရယ်မောလိုက်၏။
"ကောင်းတယ်၊ကောင်းတယ် ပြီးတော့ အဲ့ဒီ နတ်ဆိုးကျင့်ကြံသူကိုလည်း လွတ်သွားခွင့် မပေးနဲ့။ တခြားဂိုဏ်းချုပ်တွေကို မြန်မြန်အကြောင်းကြားလိုက်၊သူ့ကို ကိုယ်တိုင် မြေမှုန့်ဖြစ်အောင်ချေမွပစ်ပြီး ငါတို့ဂိုဏ်းရဲ့မသေမျိုးအစီအရင်ကို ပြန်ယူချင်တယ်"
အလွန်ဝေးကွာသော နေရာမှတစ်ဖက်လူ၏ အကြည့်တစ်ချက်ကပင် ရွှယ်ယန်၏စိတ်ထဲတွင် အဆုံးမဲ့ပဲ့တင်ထပ်နေဆဲဖြစ်သည်။
ထိုသို့ အထင်အမြင်သေးသော အမူအရာကို အသက်ဖြင့် ပြန်လည်ပေးဆပ်ရမည်။
ကြွက်တစ်ကောင်လောက်သာရှိသည့်သူက အမှောင်ထဲတွင်သာ ပြဿနာရှာရဲလေ၏။ အနန္တတာအိုအင်ပါယာဂိုဏ်းရှေ့တွင် သူစကားပြောရဲမည်လော။
၎င်းကိုကြားသောအခါ၊ ဂိုဏ်းချုပ်များ၏ မျက်နှာအမူအရာများမှာ အေးစက်သွား၏။ ရွှယ်ယန်၏ အမူအရာကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားခြင်းမျိုး မဟုတ်ဘဲ သူသည်အရှက်ခွဲခံခဲ့ရပြီး လူငယ်သဘာဝ စိတ်မြန်ကိုယ်မြန်ဖြစ်နေသည်မှာ ထင်ရှားသောကြောင့်၊ သူ၏ စိတ်ခံစားမှုများကို အနည်းငယ် ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေခြင်းမှာ ပုံမှန်သာဖြစ်သည်။
သို့သော် ဟုန်ကျယ်တွင် တစ်စုံတစ်ယောက်က အနန္တတာအိုအင်ပါယာဂိုဏ်းထံမှ ပစ္စည်းတစ်ခုကို တပ်မက်ဝံ့နေသည်လော။
ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ လောဘဝံပုလွေကြယ်တာရာဖွဲ့စည်းပုံသည် လမ်းဘေးတွင် ကျပျောက်နေလျှင်ပင်၊ မည်သူမဆိုကောက်ယူရန် မဝံ့ရဲမီ၊ သူတို့၏မိသားစုတစ်စုလုံးတွင် သတ်ဖြတ်ခြင်းမှလွတ်မြောက်ရန် လုံလောက်သောအသက်များရှိမရှိကို အရင်စဉ်းစားရမည်။
ခိုးယူရန်ဆိုသည်မှာ ဝေလာဝေးပင်။
"စိတ်အေးအေးထားပါ၊ငါတို့နဲ့အရင်ပြန်လိုက်ခဲ့ပြီး သေချာရှင်းပြပါ။အဲ့ဒီလူက ဟုန်ကျယ်မှာ ရှိနေသရွေ့၊သူ့အသက်က ငါတို့ အနန္တတာအိုအင်ပါယာဂိုဏ်းရဲ့ ပိုင်ဆိုင်မှုပဲ"
အသက်အကြီးဆုံး ဂိုဏ်းချုပ်က သူ့ကို နူးညံ့စွာ နှစ်သိမ့်ပေးလိုက်ပြီးနောက်၊ တပည့် နှင့် အကြီးအကဲများကို အစီအရင်ပြန်ရုပ်သိမ်းရန် အမိန့်ပေးရန် ပြင်ဆင်လိုက်၏။
ထိုစဉ်မှာပင်၊တစ်စုံတစ်ခုကို ခံစားမိလိုက်သကဲ့သို့ သူသည် ယွိတောင်ဆီသို့ နားမလည်နိုင်စွာဖြင့် လှမ်းကြည့်လိုက်သည်။
တစ်ခဏချင်းမှာပင်၊တံခါးတစ်ချပ် ဖွင့်လိုက်သောအသံသဲ့သဲ့ကို လူတိုင်း ကြားလိုက်ရသည်။
ကျွိ..
ယွိတောင်၏ထိပ်ဆုံးတွင်၊ လူသူကင်းမဲ့နေသော ခန်းမကြီး၏ကြက်သွေးရောင် တံခါးများက တိတ်ဆိတ်စွာပွင့်လာခဲ့၏။
အရပ်မြင့်မြင့်လူငယ်တစ်ဦးက သူ၏လက်များကို အောက်သို့ချထားကာရပ်နေပြီး၊ သူ၏ဝတ်ရုံမှာ လေထဲတွင်လွင့်မျောနေကာမျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှ မရှိပေ။
သူသည် ရှေ့သို့ခြေတစ်လှမ်းတိုးကာ တံခါးဝကို ကျော်ဖြတ်လိုက်သည်။
ထိုသို့ ရိုးရှင်းသော လုပ်ရပ်လေးကပင် ယွိတောင်ပတ်လည်ရှိ မြင့်မားသော တောင်တန်းများနှင့် မြစ်များဖြင့် တည်ဆောက်ထားသော ခိုင်ခံ့သည့် အတားအဆီးကြီးကို ပြင်းထန်စွာ တုန်ခါသွားစေသည်။ ကြီးမားသောကျောက်တုံးကြီးများ အက်ကွဲသွားပြီး၊ မြစ်ရေများ စီးဆင်းမှုရပ်တန့်သွားကာ၊ ကျောက်တုံးကြီးများက ရုတ်တရက် ရွာချလိုက်သောမိုးပေါက်များကဲ့သို့ ကျဆင်းလာပြီး ရေပြင်ထဲသို့ထိုးကျသွားကာ ကြောက်မက်ဖွယ်ကောင်းသောလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေခဲ့၏။
သူ၏ခြေလှမ်း ရပ်တန့်သွားချိန်တွင်၊ အတားအဆီးကြီးသည် အလုံးစုံပြိုကျပျက်စီးသွားပြီး ပြာအဖြစ်သို့ပြောင်းလဲသွားကာ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။
အနန္တတာအိုအင်ပါယာဂိုဏ်းမှ ကျင့်ကြံသူ တစ်ရာနီးပါး၊ထိုအထဲတွင် တာအိုလက်နက် မှတ်တမ်း၌ နာမည်ကျော်ကြားသော သူများပင်လျှင် ထိုအချိန်တွင် မျက်နှာများနီမြန်းလာပြီး သွေးများအန်ချလိုက်ရကာ၊ သူတို့၏တာအိုဝိညာဉ် ကိုယ်တွင်းအင်္ဂါငါးခုပင်ကြေမွသွားသကဲ့သို့ ခံစားလိုက်ရ၏။
"သူပဲ သူပဲ"
ရွှယ်ယန်က နောက်သို့ ယိမ်းယိုင်သွားသည်။ ယခုလေးတင် သူ့ကိုမြေမှုန့်ဖြစ်အောင် ချေမွပစ်မည်ဟု အော်ဟစ်နေခဲ့သော်လည်း၊ ရင်းနှီးနေသော ထိုပုံရိပ်ကို အမှန်တကယ်ပြန်လည်မြင်တွေ့လိုက်ရသောအခါ၊အကြောင်းအရင်းမရှိဘဲ သူ၏နှလုံးသားသည် ပြင်းထန်စွာခုန်ပေါက်လာပြီး စကားပြောနေရင်းပင် သူ၏အသံများတုန်ယင်လာတော့သည်။