လင်းရင်ကို ချိပ်ပိတ် ခြင်း
Vol. 68 Ch. 711
လင်းရင် ပြောပြခဲ့သော အကြောင်းအရာများမှာ မများလှသလို သူမဘက်မှလည်း ရွေးချယ်ပြီးမှ ပြောပြခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အရေးကြီးသော သတင်းအချက်အလက် အတော်များများကိုတော့ ရရှိခဲ့သည်။
ပထမဆုံးအနေဖြင့် သူမက သူ့ဘေးနားရှိ ပုံမှန်မဟုတ်သော အရာများကို ရည်ညွှန်းခဲ့သည်။ ထန်ထျန်း ခံစားမိသည်မှာ သူမ ဆိုလိုသည်မှာ ကြောင်လေး သို့မဟုတ် ကုရှောင်းရွှယ် မဟုတ်လောက်ပေ။
အဘယ်ကြောင့်ဆိုသော် လုံကျိုကျိုးနှင့် နေနတ်ဘုရားတို့မှာလည်း ထိုကိစ္စကို သိရှိကြသော်လည်း သူတို့က ထန်ထျန်းအပေါ် ဤမျှအထိ ချဲ့ကားသော မှတ်ချက်မျိုး မပေးခဲ့ကြသောကြောင့်ပင်။
အရာအားလုံးကို ပြောင်းလဲနိုင်ပြီး ကမ္ဘာကြီးကို အတိတ်က အချိန်တစ်ခုဆီသို့ ပြန်ရောက်သွားစေနိုင်ခြင်း။
၎င်းမှာ အမှန်တကယ်ပင် ချဲ့ကားလွန်းလှသည်။
ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်ဆောင်နိုင်ရန် မည်မျှအထိ ကြီးမားသော စွမ်းအားမျိုး လိုအပ်မည်ကို ထန်ထျန်း စိတ်ပင် မကူးကြည့်နိုင်တော့ပေ။
ဘာပဲဖြစ်ဖြစ် ဝူရှန့်ကျိကျွင်း အဆင့်ဖြင့်တော့ လုံးဝ မဖြစ်နိုင်သည်မှာ သေချာသည်။
ဒုတိယအချက်မှာ မဟာ ကောင်းကင်အရှင်နှင့် သူ၏ကြားမှ သတ်မှတ်ထားသော ဆန့်ကျင်ဘက် ရန်သူဖြစ်မှုပင်။
သူက ဤကမ္ဘာကြီးအပေါ်တွင် သံယောဇဉ် အကြီးအကျယ် မရှိသလို ကမ္ဘာကြီး ပျက်စီးမည့်အရေးကိုပင် ကြိုတင် ပြင်ဆင်ထားသူ ဖြစ်သည်။
ထို့ကြောင့် မဟာ ကောင်းကင်အရှင် ကမ္ဘာကြီးကို ဖျက်ဆီးမည့် ကိစ္စအပေါ်တွင် နှစ်ဦးနှစ်ဖက်ကြား၌ လုံးဝ ညှိနှိုင်း၍ မရလောက်အောင် ဖြစ်နေစရာ အကြောင်းမရှိပေ။
ဆိုလိုသည်မှာ အခြားသော အကြောင်းပြချက်တစ်ခု ရှိနေခြင်းပင်။
မည်သည့် အကြောင်းပြချက် ဖြစ်နိုင်မည်နည်း။
စဉ်းစားကြည့်လျှင် မဟာ ကောင်းကင်အရှင်၏ နောက်ဆုံး ပန်းတိုင်နှင့်သာ သက်ဆိုင်ပေလိမ့်မည်။
မဟာ ကောင်းကင်အရှင် ကမ္ဘာကြီးကို ဖျက်ဆီးလိုသော ရည်ရွယ်ချက်မှာ ပျော်ရုံသက်သက် မဟုတ်ဘဲ ကမ္ဘာ့အရှင်ပင် မရရှိခဲ့ဖူးသော အောင်မြင်မှုတစ်ခုကို ရယူလိုခြင်းပင် ဖြစ်သည်။
ထာဝရ(ယုံဟန်)
၎င်းမှာ ဒဏ္ဍာရီလာ နယ်ပယ်တစ်ခု ဖြစ်သည်။ အကယ်၍ ကျိကျွင်းက ကမ္ဘာကြီးမှ လွတ်မြောက်သူ၊ ဝူရှန့်ကျိကျွင်းက ကမ္ဘာကြီးကို အုပ်စိုးသူ ဆိုပါက ယုံဟန်ကျိကျွင်း ဆိုသည်မှာ ဟင်းလင်းပြင် စကြာဝဠာ တစ်ခုလုံးကို အုပ်စိုးပြီး သိရှိထားသမျှသော တည်ရှိမှု အားလုံး၏ အထက်တွင် ရှိနေသူ ဖြစ်သည်။
၎င်းမှာ မဟာ ကောင်းကင်အရှင်၏ နောက်ဆုံး ပန်းတိုင်ပင်။
အကယ်၍ ထန်ထျန်းနှင့် မဟာ ကောင်းကင်အရှင်မှာ ရန်သူဖြစ်ရန် သတ်မှတ်ထားပြီးသား ဆိုပါက ထိုပြဿနာမှာ ဤပန်းတိုင်အပေါ်တွင်သာ ရှိနေပေလိမ့်မည်။
သို့ဆိုလျှင် သူက မဟာ ကောင်းကင်အရှင် ထာဝရအဆင့်သို့ တက်လှမ်းမည့် လမ်းကြောင်းပေါ်မှ အတားအဆီးတစ်ခု ဖြစ်နေသလား။
ထန်ထျန်းက ခေါင်းယမ်းလိုက်သည်။ သူက ဤကိစ္စနှင့် ပတ်သက်၍ သူနှင့် မည်သို့ ဆက်စပ်နေသည်ကို ရှာမတွေ့သေးပေ။
ဖြစ်နိုင်သည်မှာ သိရှိထားသော သတင်းအချက်အလက်များ မလုံလောက်သေးခြင်းကြောင့်လည်း ဖြစ်နိုင်သည်။
တကယ်တော့ လင်းရင် လိမ်ညာနေနိုင်သည့် ဖြစ်နိုင်ခြေကိုလည်း လုံးဝ ဖယ်ထုတ်ထား၍ မရပေ။ သူနှင့် မဟာ ကောင်းကင်အရှင်မှာ သူမ မုန်းတီးသော လူသားများ ဖြစ်ကြသဖြင့် ရန်သူအချင်းချင်း သတ်ဖြတ်ကြခြင်းမှာ သူမအတွက်တော့ အကောင်းဆုံး ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
နောက်ဆုံးအချက်မှာ လင်းရင် ပြောခဲ့သော စကားများ၏ အပြင်ဘက်မှ ဖုံးကွယ်ထားသော သတင်းအချက်အလက်များပင်။
သူမ၏ စကားများအရ သူမနှင့် မဟာ ကောင်းကင်အရှင်ကြားရှိ ဆက်ဆံရေးမှာ လုံးဝ သာမန် မဟုတ်ပေ။
မဟာ ကောင်းကင်အရှင် မည်သို့သော စရိုက်ရှိသည်ကို လုမင်ကို သူ မည်သို့ ကိုင်တွယ်ခဲ့သည်ကို ကြည့်ရုံဖြင့် သိနိုင်သည်။ သူက ခံစားချက် ကို အလေးထားသော လူစားမျိုး လုံးဝ မဟုတ်ပေ။
သို့သော် သူက လင်းရင်အပေါ် ထူးထူးခြားခြား ကောင်းမွန်စွာ ဆက်ဆံခဲ့သည်။
သူမကို ကျိကျွင်း ဖြစ်လာအောင် ကူညီပေးရုံသာမက ကာကွယ်ရန် ကုချင်းကို ပေးအပ်ခဲ့သလို လျှို့ဝှက်ချက်များစွာကိုလည်း ပြောပြခဲ့ကာ သူမ တစ်ယောက်တည်း လျှောက်သွားနေသည်ကိုလည်း ခွင့်ပြုထားခဲ့သည်။
၎င်းမှာ လုမင်အပေါ် ဆက်ဆံပုံနှင့် သိသိသာသာ ကွာခြားလွန်းလှသည်။
နှမြောစရာကောင်းသည်မှာ လင်းရင်ကတော့ မည်သည့် အကြောင်းကြောင့် ဖြစ်သည်ကို ထန်ထျန်းအား ပြောပြမည် မဟုတ်ပေ။
“ဒါဆို မင်း ငါ့အနားကို ချဉ်းကပ်တာက ငါ့ကို အသုံးချပြီး ကမ္ဘာကြီးကို အတိတ်က အချိန်တစ်ခုဆီ ပြန်ပို့နိုင်မလားလို့ ကြည့်ချင်တာပေါ့”
“ဥပမာ လုမင် အသက်ရှင်နေသေးတဲ့ အချိန်မျိုးလား”
ထန်ထျန်းက ပြောလိုက်သည်။
လင်းရင်က ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်၏။
“ဟုတ်တယ်”
“ဒါပေမဲ့ သူ အသက်ရှင်နေတဲ့ အချိန်မဟုတ်ဘူး... ဘိုးဘိုးကျူ အသက်ရှင်နေတဲ့ အချိန်ကိုပါ”
“အကယ်၍ ဘိုးဘိုးကျူသာ အဲဒီ အာဏာလုပွဲထဲမှာ မသေခဲ့ရင် ငါတို့တွေ မဟာ ကောင်းကင်အရှင်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်မိမှာ မဟုတ်ဘူး"
“နောက်ပိုင်း ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး"
“ငါတို့တွေ အောက်လောကကနေ ဘယ်တော့မှ ထွက်လာနိုင်မှာ မဟုတ်ပေမဲ့ ငါတို့တွေလည်း ဘယ်တော့မှ ခွဲခွာရမှာ မဟုတ်ဘူး...”
ထန်ထျန်းက သူမကို တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး ဖြည်းညှင်းစွာ ပြောလိုက်၏။ “ဖြစ်နိုင်ခြေ ရှိလို့လား”
လင်းရင်က ခေါင်းယမ်းလိုက်သည်။ “မရှိသလောက်ကို နည်းပါးပါတယ်”
“နင်က တကယ်ပဲ ထူးခြားတယ်၊ အဲဒီလို စွမ်းအားမျိုးလည်း ရှိနိုင်တယ်"
“ဒါပေမဲ့ မဟာ ကောင်းကင်အရှင်က... နင့်ကို အဲဒီအဆင့်အထိ ရောက်အောင် ခွင့်ပြုမှာ မဟုတ်ဘူး"
“သူက နင် ထင်ထားတာထက် ပိုပြီး အစွမ်းထက်တယ်၊ ဒီကမ္ဘာပေါ်မှာ ဘယ်သူကမှ သူ့ရဲ့ ခြေလှမ်းတွေကို မတားဆီးနိုင်ဘူး”
ထန်ထျန်းက ပခုံးတွန့်လိုက်ပြီး မေးလိုက်သည်။ “ကမ္ဘာ့အရှင်တောင် မရဘူးလား”
လင်းရင် မဖြေပေ။ ဤအကြောင်းအရာမှာလည်း သူမ ပြော၍မရသော ကိစ္စများထဲတွင် ပါဝင်နေပုံရသည်။
ထန်ထျန်းကလည်း အတင်းအကျပ် မတောင်းဆိုတော့ဘဲ ပြောလိုက်၏။ “ကောင်းပြီလေ”
“ဒါပေမဲ့ တကယ်တော့ အဲဒါတွေက အရေးမကြီးတော့ပါဘူး”
“ငါ မင်းကို အသေအချာ ပြောနိုင်တာကတော့ အကယ်၍ ငါ့မှာ အဲဒီလို စွမ်းအားမျိုး ရှိခဲ့ရင်တောင် မင်းအတွက် အဲဒီလို ကိစ္စမျိုး ငါ လုပ်ပေးမှာ မဟုတ်ဘူး"
“အမှန်အတိုင်း ပြောရရင် မင်းလို လူမျိုးကို ငါ သိပ်မကြိုက်ဘူး"
“မင်း အခု ဘယ်လောက်ပဲ ခံစားချက် ကြီးပြနေပါစေ လုမင်ကတော့ သေသွားပြီ"
“လုံးဝ သေသွားပြီ၊ သူရှိခဲ့တဲ့ သဲလွန်စ အားလုံးက ကမ္ဘာကြီးထဲကနေ ပျောက်ကွယ်သွားပြီး မတည်ရှိတော့တဲ့ လူတစ်ယောက် ဖြစ်သွားပြီ”
လင်းရင်၏ မျက်ဝန်းများ မှေးမှိန်သွားသည်။ “ငါလည်း ဒီကိစ္စ ဖြစ်လာဖို့ မမျှော်လင့်ထားပါဘူး”
“နင် ပြောတာ မှန်တယ်၊ အခုမှ လာပြနေတဲ့ ခံစားချက် တွေက ဘာအဓိပ္ပာယ်မှ မရှိတော့ဘူး၊ လူတွေ ရယ်ချင်စရာ ဖြစ်အောင် ဟန်ဆောင်နေသလိုပဲ"
“ဖြစ်နိုင်တာက ငါ နင့်အနားကို ချဉ်းကပ်ပြီး အဲဒီလို စိတ်ကူးယဉ်မှုလေးကို ဆုပ်ကိုင်ထားတာက ငါ့ရဲ့ စိတ်ရင်းကို ထွက်ပြေးချင်လို့ပဲ ဖြစ်မှာပါ...”
ပြောရင်းဖြင့် သူမက ခေါင်းယမ်းလိုက်ကာ မျက်လုံးထဲမှ နောက်ဆုံး အလင်းတန်းလေးမှာလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
“ဒါပေမဲ့ အခုတော့ အားလုံးက အရေးမကြီးတော့ပါဘူး”
“နင့်လက်ထဲမှာ အဖမ်းခံရတာက ငါ့ရဲ့ အမှား ပဲ"
“နင့်လက်နဲ့ သေရတာကလည်း ငါ့ရဲ့ ဘာအဓိပ္ပာယ်မှ မရှိတဲ့ ဘဝအတွက်တော့ မဆိုးလှတဲ့ အဆုံးသတ်တစ်ခု ဖြစ်မှာပါ”
ပြောပြီးသည်နှင့် သူမက ကံကြမ္မာကို လက်ခံလိုက်သကဲ့သို့ အကာအကွယ် အားလုံးကို လွှတ်ချလိုက်သည်။
ကုချင်း ပတ်ပတ်လည်ရှိ မီးခိုးရောင် အလင်းတန်းများပင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
မကြာမီတွင် ပြင်ပမှ ဟင်းလင်းပြင် စွမ်းအားများက သူမကို လုံးဝ လွှမ်းမိုးသွားပေလိမ့်မည်။
သို့သော်လည်း ထိုအချိန်တွင် အားကောင်းသော စွမ်းအားတစ်ခုက ကုချင်း၏ အကာအကွယ်နေရာတွင် အစားထိုး ဝင်ရောက်လာပြီး လင်းရင်ကို ပြန်လည် ကာကွယ်လိုက်သည်။
“ငါက မင်းကို သတ်မယ်လို့ ဘယ်သူ ပြောလဲ”
ထန်ထျန်းက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
လင်းရင် မျက်မှောင်ကြုတ်သွား၏။ “နင် ငါ့ကို မသတ်ဘူးလား”
“အခု ငါက နင့်အတွက် ဘာတန်ဖိုးမှ ရှိမှာ မဟုတ်ဘူး မလား”
ထန်ထျန်းက ရယ်မောလိုက်ပြီး ပြော၏။ “မင်းကိုယ်မင်း သိပ်အထင်သေးတာပဲ”
“မင်း ဝန်မခံချင်ရင်တောင် မင်းနဲ့ မဟာ ကောင်းကင်အရှင်ကြားက ဆက်ဆံရေးက လုံးဝ မရိုးရှင်းဘူး"
“ပြောလို့မရဘူးလေ၊ မင်းက ကောင်းမွန်တဲ့ ဓားစာခံ တစ်ယောက် ဖြစ်လာနိုင်တာပဲ”
လင်းရင်က ခေါင်းယမ်းလိုက်သည်။ “နင် ငါ့ကို သိပ်အထင်ကြီးနေတာပဲ”
“ဒါမှမဟုတ် နင်က မဟာ ကောင်းကင်အရှင်အကြောင်းကို သိပ်မသိသေးလို့ပဲ"
“နင် ငါ့ကို သုံးပြီး သူ့ကို ခြိမ်းခြောက်လို့ မရနိုင်ဘူး၊ ငါလည်း မလုပ်နိုင်သလို ဒီကမ္ဘာပေါ်က ဘယ်သူမှလည်း မလုပ်နိုင်ဘူး”
ထန်ထျန်းက မျက်ခုံးပင့်လိုက်ပြီး မေးလိုက်သည်။ “သူက ခံစားချက် မရှိဘူးလား”
လင်းရင်က ပြောလိုက်သည်။ “နင် သူ့ကို တကယ် တွေ့တဲ့ အခါကျရင် သိပါလိမ့်မယ်”
ပြောပြီးနောက် သူမက မျက်လုံးများကို တန်း မှိတ်လိုက်ပြီး လုံးဝ လက်လျှော့လိုက်တော့သည်။
သူတို့ကြားမှ စကားပြောဆိုမှုမှာ ဤနေရာတွင် အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ထန်ထျန်း သိလိုက်သည်။
ကုချင်း၏ ကာကွယ်မှု မရှိတော့သဖြင့် ထန်ထျန်းက သူမကို အလွယ်တကူ ထိန်းချုပ်လိုက်ပြီးနောက် ဘက်ပေါင်းစုံမှ ချိပ်ပိတ် လိုက်ရာ ထွက်ပြေးရန် မည်သည့် ဖြစ်နိုင်ခြေမှ မရှိတော့ပေ။
တစ်ချိန်တည်းမှာပင် သူမ၏ အာရုံခံစားမှု အားလုံးကိုလည်း ပိတ်ဆို့လိုက်ရာ အခြေခံအားဖြင့် သူမအား ခဲထားသကဲ့သို့ အိပ်ပျော်သွားစေသည့် အခြေအနေမျိုး ဖြစ်သွားသည်။
ထို့နောက် ထန်ထျန်းက သူမကို ဟင်းလင်းပြင် ရွှံ့နွံ ထဲမှ ဆွဲထုတ်လိုက်သည်။
“မင်း တကယ်ပဲ သူ့ကို မသတ်ဘူးလား”
“ငါ သိထားတဲ့ မဟာ ကောင်းကင်အရှင်ရဲ့ အကြောင်းအရ လင်းရင်က သူ့ရဲ့ လက်တွဲဖော် ဖြစ်နေရင်တောင် သူ့အပေါ်မှာ ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ဘူး”
ကြောင်လေးက ပြောလိုက်သည်။
ထန်ထျန်းက ခေါင်းယမ်းလိုက်သည်။ “အရင် သိမ်းထားလိုက်ဦးမယ်”
“တခြား တစ်နေရာရာမှာ အသုံးဝင်လာနိုင်တာပဲလေ”
ခုနက လင်းရင်ကို ချိပ်ပိတ် နေစဉ်တွင် သူက တမင်တကာ အရှိန်လျှော့ထားခဲ့သည်။
သို့သော်လည်း ခေတ္တမျှ ပေါ်လာဖူးသော ထိုဝိညာဉ်မှာ ထပ်မံ ပေါ်မလာခဲ့ပေ။
သို့သော် ထန်ထျန်း ယုံကြည်သည်မှာ သင့်တော်သော အချိန်တစ်ခုတွင် ထိုသူ အသေအချာ ရှာလာပေလိမ့်မည်။
ထိုသူနှင့် ယခု မြင်တွေ့နေရသော လင်းရင်မှာ တစ်ဦးတည်း မဟုတ်ပေ။
“ကဲ ဘေးနားက ပြဿနာတွေ အကုန် ရှင်းသွားပြီ”
“ငါတို့ သွားမယ့် နေရာကို သွားကြစို့”
ထန်ထျန်းက ပြောလိုက်သည်။
ကြောင်လေးက ခေါင်းငြိမ့်လိုက်ပြီးနောက် ဟင်းလင်းပြင် ရွှံ့နွံ ထဲမှ ကုချင်းကို တစ်ချက်ကြည့်ကာ ပြော၏။ “အဲဒီ ပစ္စည်းကိုရော မယူတော့ဘူးလား”
“ဝူရှန့်ကျိကျွင်းရဲ့ အသက်သွေးကြော လက်နက် အဆင့်ရှိတဲ့ ပစ္စည်းမျိုးက တွေ့ရခဲတယ်နော်”
ထန်ထျန်းက လက်ကို ခါယမ်းလိုက်ပြီး “မဟာ ကောင်းကင်အရှင်ရဲ့ ပစ္စည်းတွေကို ငါ့ဘေးမှာ မထားချင်ဘူး၊ အထဲမှာ ဘာတွေ ပါနေမလဲ ဘယ်သူ သိမလဲ"
“ဒါ့အပြင် ငါက ပိုက်ဆံ မရှိတဲ့သူ မဟုတ်ဘူးလေ"
“သွားကြစို့”
ပြောပြီးသည်နှင့် သူက လှည့်ထွက်လာခဲ့သည်။
ကြောင်လေးမှာမူ ထန်ထျန်း၏ ပခုံးပေါ်တွင် ခေတ္တနေပြီးနောက် ကမ္ဘာအသစ် ထဲသို့ ပြန်ဝင်သွားတော့သည်။