← Chapters

လျှို့ဝှက်ဥမင်လမ်း

Vol. 68 Ch. 716

လျှို့ဝှက်ဥမင်လမ်း

Vol. 68 Ch. 716

ကောင်းကင်ကို လုယက်သူ လား

မဟာကောင်းကင်အရှင်အပေါ် ရှို့ကျွင်း၏ ခေါ်ဝေါ်ပုံမှာ ထန်ထျန်း၏ တွက်ဆချက်ထက် ကျော်လွန်နေခဲ့သည်။

အရင်က သူတွေ့ခဲ့ရသော လူများကို ကြည့်လျှင် မဟာကောင်းကင်အရှင် ဆိုသည့် နာမည်ကိုပင် တုန်တုန်ရင်ရင်ဖြင့် ပြောရဲဆိုရဲ မရှိကြပေ။ တားမြစ်ချက်တစ်ခုကို ထိမိသွားမည် စိုးရိမ်နေကြသကဲ့သို့ပင်။ ရှို့ကျွင်းကဲ့သို့ တည့်တိုးပြောရဲသူ မရှိသလောက်ပင်။

မဟုတ်သေး၊ တစ်ယောက်တော့ ရှိသည်။ ထိုသူမှာ လုံကျိုကျိုး ဖြစ်သည်။

"မျိုးတူရာ စုကြသည်" ဆိုသည့် စကားမှာ အမှန်ပင် ဖြစ်ပေလိမ့်မည်။

“အခု ဖြစ်နေတဲ့ အခြေအနေတွေက အဲဒီ အကြောင်းရင်းကြောင့်လို့ မင်း ထင်လား”

ထန်ထျန်းက မေးလိုက်သည်။

ရှို့ကျွင်းက ခေတ္တစဉ်းစားပြီး ပြော၏။ “ဖြစ်နိုင်ခြေ အများကြီး ရှိတယ်”

“နင်က လောကကြီးနဲ့ ကင်းကွာနေတာဆိုတော့ သိပ်မသိလောက်ဘူး၊ အခု ကျိကျွင်းလောကထဲမှာ လူတိုင်းက ထိတ်လန့်တုန်လှုပ်နေကြပြီ”

“အကယ်၍ အဲဒီ ကောလာဟလသာ အမှန်ဆိုရင် အခု ဒီကောင်းကင်အောက်မှာ ဘယ်သူကမှ မဟာကောင်းကင်အရှင်ရဲ့ စစ်တပ်ကို တားဆီးနိုင်မှာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက သူ့ခြေဖဝါးအောက်မှာ ဒူးထောက်ပြီး သေခြင်း ကို စောင့်နေကြရုံပဲ ရှိတော့မယ်”

“ဒါကြောင့် လူတော်တော်များများက အသက်ရှင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် အရာတွေကို ရူးသွပ်သလို ရှာနေကြတာပဲ။ ဥပမာ- သဘာဝ အကြွင်းအကျန် တွေ၊ ဒါမှမဟုတ် တခြား ကျိကျွင်းတွေရဲ့ ကမ္ဘာငယ်တွေပေါ့”

ထန်ထျန်း ခေါင်းငြိမ့်လိုက်သည်။ ဤစကားမှာ ထျန်းရွေ့ကျိကျွင်း ပြောခဲ့သည်နှင့် အခြေခံအားဖြင့် တူညီနေသည်။

“အချို့လူတွေဆို မဟာကောင်းကင်အရှင်ရဲ့ လက်အောက်ကို ဝင်သွားကြပြီလို့လည်း ငါ ကြားတယ်”

ထန်ထျန်းက ပြောပြသည်။

ရှို့ကျွင်းက အေးစက်စွာ ပြော၏။ “မိုက်မဲတဲ့ သူတွေပဲ”

“သူတို့က မဟာကောင်းကင်အရှင်ဆီမှာ ခိုလှုံရင် အသက်ရှင်နိုင်မယ်လို့ ထင်နေကြတာ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း သန်းချီတုန်းက ဘေးဒုက္ခရဲ့ အမှန်တရားကို သူတို့ မေ့နေကြပြီ”

“မဟာကောင်းကင်အရှင်က သူ ထာဝရရှင်သန်နိုင်ဖို့ပဲ ဂရုစိုက်တာ၊ တခြားသူတွေ သေတာ ရှင်တာကို သူ အရေးမစိုက်ဘူး။ လူတိုင်းက သူ့လက်ထဲက အရုပ်တွေပဲ”

“သူ့ဆီ ဝင်သွားတဲ့သူတွေက အနှေးနဲ့အမြန် နောက်ကျောကို ဓားနဲ့ အထိုးခံရပြီး မဟာကောင်းကင်အရှင်ရဲ့ ထာဝရလမ်းစဉ်အတွက် စတေးခံတွေ ဖြစ်သွားကြလိမ့်မယ်”

ထန်ထျန်း တိတ်ဆိတ်သွားသည်။ ဤအခြေအနေမှာလည်း အမှန်တကယ် ဖြစ်လာနိုင်သည့် ကိစ္စပင်။

“ဒါပေမဲ့ ကမ္ဘာ့အရှင်က ပေါ်မလာဘူး၊ သဘာဝ မိခင်ကလည်း ပြန်မလာနိုင်တော့ဘူးဆိုတော့ လူတွေက မဟာကောင်းကင်အရှင်ကို ပြန်တိုက်ဖို့ မျှော်လင့်ချက် မမြင်ကြတော့ဘူးလေ”

“ဒီလို လုပ်ရပ်မျိုး လုပ်ကြတာကလည်း လူ့သဘာဝပဲ မဟုတ်လား”

ထန်ထျန်းက ပြော၏ ။

ရှို့ကျွင်းက ခေါင်းယမ်းကာ “လူ့သဘာဝဆိုတာ ဟုတ်ပါတယ်၊ ဒါပေမဲ့ မဟာကောင်းကင်အရှင်ကို တိုက်ရမှာ ခက်ခဲမယ် ဆိုပေမဲ့ မျှော်လင့်ချက် လုံးဝ မရှိတာတော့ မဟုတ်ဘူး”

“ကမ္ဘာ့အရှင် တကယ် ပြန်မလာနိုင်ရင်တောင် ငါတို့မှာ ပြန်တိုက်ဖို့ အင်အား ရှိပါသေးတယ်။ မမေ့နဲ့ဦး၊ မဟာကောင်းကင်အရှင်ရဲ့ ဝိညာဉ်အပိုင်းအစ အများစုက အောက်ကမ္ဘာမှာ ချိပ်ပိတ်ခံထားရတုန်းပဲ။ သူ အစွမ်းအကုန် မရသေးဘူး”

“နေနတ်ဘုရားနဲ့ လမင်းနတ်သမီး တို့လို တည်ရှိမှုမျိုးတွေ ရှိနေသရွေ့ သူ အစွမ်းအကုန် ပြန်ရဖို့က မလွယ်ဘူး”

“ဒါ့အပြင်... အရင်က လုံကျိုကျိုး ငါ့ကို ပြောပြခဲ့တာ တစ်ခု ရှိသေးတယ်။ မဟာကောင်းကင်အရှင်က သူ့ရဲ့ အစွမ်းအကုန်ကို ပြန်ရခဲ့ရင်တောင် သူပဲ အနိုင်ရမယ်လို့ မသေချာဘူးတဲ့”

ထန်ထျန်း စိတ်ဝင်စားသွားပြီး မေးလိုက်သည်။ “ဘာအကြောင်းလဲ”

ရှို့ကျွင်းက ခဏမျှ ရပ်ကာ ပြောပြသင့်မပြသင့် စဉ်းစားနေပုံရသည်။

သို့သော် နောက်ဆုံးတွင် သူမက စကားလုံး လေးလုံးကို ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ကပ်ဘေးရိပ်သိမ်းသူ”

ထန်ထျန်း မျက်မှောင်ကြုတ်ကာ မေး၏။ “အဲဒါက ဘာကြီးလဲ”

ရှို့ကျွင်းက “အဲဒီ ကပ်ဘေးရိပ်သိမ်းသူ ဆိုတာ ဘာလဲဆိုတာ ငါလည်း အတိအကျ မသိဘူး၊ လုံကျိုကျိုးကလည်း အများကြီး ရှင်းမပြသွားဘူး”

“ဒါပေမဲ့ သူပြောတာကတော့ ဒီခေတ်မှာ တကယ်ပဲ ကြီးမားတဲ့ ဘေးဒုက္ခတစ်ခု ကျရောက်လာမယ်ဆိုရင် အဲဒါကို ရင်ဆိုင်ဖို့ ကပ်ဘေးရိပ်သိမ်းသူ တစ်ယောက် ပေါ်လာလိမ့်မယ်တဲ့”

“သူ့ရဲ့ ခွန်အားက ကမ္ဘာ့အရှင်ထက် မနိမ့်နိုင်ဘူး၊ မှောင်မိုက်တဲ့ ဘေးဒုက္ခတွေကြားမှာ ကမ္ဘာကြီးအတွက် အလင်းတန်းတစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ပြော တယ်”

ထန်ထျန်း ဖြည်းဖြည်းချင်း ခေါင်းငြိမ့်လိုက်သည်။

နားထောင်ရသလောက်တော့ ထို ကပ်ဘေးရိပ်သိမ်းသူ ဆိုသူမှာ အတော်လေး အစွမ်းထက်ပုံရသည်။ လုံကျိုကျိုး ပြောသကဲ့သို့ အမှောင်ထုကြားတွင် ပေါ်လာမလား ဆိုသည်ကို စောင့်ကြည့်ရပေလိမ့်မည်။

ထို့နောက် သူတို့နှစ်ဦး ဆက်လက် စကားပြောနေကြပြီး အခြား ကျိကျွင်းများမှာမူ တချို့က သူတို့ကဲ့သို့ ငြိမ်သက်စွာ စောင့်ဆိုင်းနေကြကာ တချို့ကမူ ရှေ့ရှိ ဟင်းလင်းပြင် မိုးကြိုးပင်လယ်ကြီးကို သေချာလေ့လာပြီး ဝင်ပေါက်အဖြစ် သုံးနိုင်မည့် အားနည်းချက်ကို ရှာဖွေနေကြသည်။

ထိုအချိန်တွင် ကြောင်လေး၏ အသံက ထန်ထျန်း၏ ဦးနှောက်ထဲတွင် ဟိန်းထွက်လာသည်။

“ထန်ထျန်း၊ ငါ ဥမင်လမ်းကလေး တစ်ခု သိတယ်၊ အဲဒီ ဥမ်ေလမ်းကနေ ဒီ မိုးကြိုးပင်လယ်ကို ပတ်ပြီး ဝိညာဉ်ရေကန်ထဲကို ဝင်လို့ ရလိမ့်မယ်”

ထန်ထျန်း အံ့အားသင့်သွားပြီး မေးလိုက်သည်။ “ဘယ်လမ်းလဲ”

ရှေ့ရှိ ဟင်းလင်းပြင် မိုးကြိုးပင်လယ်၏ အားနည်းချက်ကို ထန်ထျန်း ရှာဖွေနိုင်ပါသည်။

သူက ရှို့ကျွင်းနှင့် စကားပြောနေသော်လည်း တစ်ဖက်မှ မိုးကြိုးပင်လယ်၏ အခြေအနေကို အမြဲ စောင့်ကြည့်နေခြင်းပင်။

သို့သော် အခြားလမ်း ရှိသည်ဆိုပါက ပိုကောင်းပေလိမ့်မည်။ မိုးကြိုးပင်လယ်မှာ ထူးဆန်းလွန်းလှသဖြင့် သူကိုယ်တိုင်ပင်လျှင် ဘေးကင်းကင်း ဖြတ်ကျော်နိုင်မည်ဟု ရာနှုန်းပြည့် မသေချာပေ။

“အဲဒါက ငါ အရင်တုန်းက ဒီမှာ နေတုန်းက တူးထားခဲ့တဲ့ မြေအောက်ဥမင်လမ်းပဲ”

ကြောင်လေးက ဖြည်းဖြည်းချင်း ပြောပြ၏။ “အရင်က ငါ မင်းကို ပြောဖူးတယ် မဟုတ်လား၊ ငါ တစ်ခါက အမှားလုပ်မိပြီး ဟင်းလင်းပြင် ရွှံ့နွံတောထဲ ကျသွားလို့ သေလုနီးပါး ဖြစ်ခဲ့ဖူးတယ်ဆိုတာလေ”

“တကယ်တော့ အဲဒီလိုမျိုး ကိစ္စတွေက အဲဒီတုန်းက ရက်အနည်းငယ်ခြားတစ်ခါ ဖြစ်နေကျပဲ၊ ငါက သိပ် အဆော့သန်တာ”

“ဒါကြောင့် ငါ့သခင်က အပြင်သွားရမယ့် အချိန်တိုင်း ငါ့ကို အပြင်ထွက်ပြီး အန္တရာယ် မကြုံရအောင် ဝိညာဉ်ရေကန်ထဲမှာ ပိတ်ထားတတ်တယ်”

“ဒါပေမဲ့ ငါက ငြိမ်ငြိမ်မနေနိုင်တော့ ဝိညာဉ်ရေကန် ဘေးမှာ အပြင်ကို ထွက်လို့ရမယ့် ဥမင်လမ်းတစ်ခုကို ခိုးတူးခဲ့တယ်”

“အဲဒီ လမ်းကို မြေကမ္ဘာအမြစ်ရဲ့ ပြတ်တောက်နေတဲ့ အမြစ်ကြီးတွေနဲ့ တည်ဆောက်ထားတာ ဆိုတော့ ဟင်းလင်းပြင် မိုးကြိုးတွေရဲ့ တိုက်စားမှုကို ခံရမှာ မဟုတ်ဘူး”

ထန်ထျန်း နှာခေါင်းကို ပွတ်လိုက်မိသည်။ ကြောင်လေး ဆော့တတ်သည်ကို သိသော်လည်း အရင်က ဒီလောက်အထိ ဆော့ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“မင်း သခင်က မသိဘူးလား”

ကြောင်လေးက “သိတာပေါ့၊ ဝိညာဉ်ရေကန်က သူမနဲ့ စိတ်ချင်း ဆက်နေတာလေ၊ ငါ ဥမင်လမ်း စတူးကတည်းက သူမ သိနေတာ”

“ဒါကြောင့် အဲဒီ ဥမင်လမ်းကို ငါ တစ်ခါမှ မသုံးရသေးခင်မှာပဲ သူမက ပိတ်ပစ်လိုက်တယ်”

“ဒါပေမဲ့ ငါ့သခင်က အဲဒါကို ဖျက်ဆီးမပစ်ခဲ့ဘူး၊ ဒါကြောင့် ရှိနေဦးမှာပဲ”

ထန်ထျန်းက မေး၏။ “တခြားသူတွေ အဲဒီ လမ်းကို ရှာမတွေ့နိုင်ဘူးလား”

ကြောင်လေးက ပြော၏။ “မတွေ့နိုင်ဘူး၊ ဝူရှန့်ကျိကျွင်း တွေတောင် ရှာမတွေ့နိုင်ဘူး”

“မြေကမ္ဘာအမြစ်က သဘာဝတရားနဲ့ တစ်သားတည်း ဖြစ်နေတာလေ၊ သူတို့တွေ ဒီနေရာ တစ်ခုလုံးကို အကုန် မတူးမချင်း ဘယ်လိုမှ ရှာမတွေ့နိုင်ဘူး”

ထန်ထျန်း ခေါင်းငြိမ့်လိုက်သည်။

ဘာပဲဖြစ်ဖြစ် သွားကြည့်တာက ပိုကောင်းသည်။ မဟန်လျှင် ပြန်လာရုံပင်။

ဟင်းလင်းပြင် မိုးကြိုးပင်လယ်ကို ဖြတ်ကျော်ဖို့က မလွယ်ကူသဖြင့် တခြားသူတွေ အရင် ရောက်သွားမည်ကို စိုးရိမ်စရာ မလိုပေ။

သို့သော် သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ပုံရိပ်တစ်ခုက သူတို့ဆီသို့ လျှောက်လာခဲ့သည်။

ထိုသူမှာ ယိရှန်း ပင် ဖြစ်သည်။

သူက အမြဲတမ်း ပြုံးရွှင်နေပြီး အရင်က ဖြစ်ခဲ့သော ပဋိပက္ခများမှာ ဘာမှ မဖြစ်ခဲ့သကဲ့သို့ပင်။

“တာအိုမိတ်ဆွေ နှစ်ယောက်...”

“ထွက်သွားစမ်း”

သို့သော် သူ စကားပင် မဆုံးသေးခင်မှာပင် ရှို့ကျွင်း၏ အေးစက်လှသော စကားတစ်လုံးကြောင့် သူ ရပ်သွားရသည်။

ယိရှန်းက ခါးသက်သက် ပြုံးလိုက်ပြီး “ငါ ဘာပြောမလဲ ဆိုတာကို အရင် နားထောင်ပေးပါဦး”

ရှို့ကျွင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “မလိုဘူး”

“ငါတို့ နောက်ကနေ တိတ်တဆိတ် လိုက်ခဲ့တဲ့ ကိစ္စကို ငါ အလွယ်တကူ မေ့မှာ မဟုတ်ဘူး”

သူမက အငြိုးအတေး အတော်ကြီးသူပင်။

ယိရှန်းက ခေါင်းယမ်းလိုက်ပြီး “ဒါကို သိပ်ပြီး စိတ်ထဲ မထားပါနဲ့၊ ငါ ဘာမှ မလုပ်ရသေးခင်မှာပဲ မင်းတို့ ငါ့ကို ရှာတွေ့သွားတာပဲ မဟုတ်လား”

“အခုက ဘယ်လို အချိန်လဲ ဆိုတာ ငါတို့ အားလုံး သိကြပါတယ်၊ လူတိုင်းက ဒီလိုပဲ လုပ်နေကြတာလေ”

ယိရှန်း၏ ရှင်းပြချက်ကို ရှို့ကျွင်းက ဂရုမစိုက်ဘဲ အေးစက်နေဆဲပင်။

ယိရှန်းမှာ မတတ်နိုင်တော့ဘဲ ပြောလိုက်ရတော့သည်။ “ငါ မင်းတို့ဆီ လာတာက အရင်က ငါတို့ အတူတူ လာခဲ့တဲ့ သံယောဇဉ်ကြောင့်ပါ”

“ခုနက လေ့လာကြည့်ရသလောက်တော့ ငါနဲ့ တခြား တာအိုမိတ်ဆွေ တချို့က ဒီ ဟင်းလင်းပြင် မိုးကြိုးပင်လယ်ရဲ့ အားနည်းချက်ကို ရှာတွေ့သွားပြီ”

“ငါတို့က ဒါကို လူသိရှင်ကြား မလုပ်ချင်ဘူး၊ ဒါပေမဲ့ ခွန်အားကြီးတဲ့ တာအိုမိတ်ဆွေ အချို့နဲ့ အတူတူ သွားရင် ပိုပြီး စိတ်ချရမယ်လို့ ထင်လို့ပါ”

“ဒါကြောင့်...”

“ထွက်သွားစမ်း”

ရှို့ကျွင်းက ထပ်မံ၍ ငြင်းပယ်လိုက်သည်။

ထို့ပြင် သတ်ဖြတ်ခြင်း အော်ရာများပါ ထွက်ပေါ်လာသဖြင့် ယိရှန်းသာ ဆက်ပြောနေလျှင် တိုက်ပွဲတစ်ခု ဖြစ်လာဖို့ သေချာနေသည်။

ယိရှန်းမှာ လက်လျှော့လိုက်ရတော့သည်။

သို့သော် ထို့နောက်တွင် သူက ဘေးရှိ ထန်ထျန်းကို ကြည့်လိုက်သည်။

“ ညီလေး ထျန်းရွှမ် ရော ဘယ်လိုလဲ”

All Chapters