ဥမင်လမ်းထဲသို့ ဝင်ခြင်း
Vol. 68 Ch. 717
ထန်ထျန်းသည်လည်း ယိရှန်း၏ ဖိတ်ခေါ်မှုကို ငြင်းပယ်လိုက်သည်။
သို့သော် သူက ယိရှန်းကို သံသယဝင်နေ၍ မဟုတ်သလို တစ်ဖက်လူတွင် အကြံ ဆိုးများ ရှိနေမလား ဆိုသည်ကိုလည်း ဂရုမစိုက်ပေ။
အကြောင်းမှာ သူက ထိုသို့သော အားနည်းချက် ဆိုသည့် အရာများကို ရှာဖွေနေရန် မလိုသောကြောင့် ဖြစ်သည်။
နှစ်ကြိမ်တိုင်တိုင် ငြင်းပယ်ခံရပြီးနောက် ယိရှန်းသည်လည်း ဆက်လက်၍ မတိုက်တွန်းတော့ပေ။ သူက နှစ်ယောက်လုံးကို လက်သီးဆုပ် နှုတ်ဆက်ကာ ထွက်သွားတော့သည်။
“အဲ့ကောင် က စိတ်ရင်းမမှန်ဘူး၊ သူ ဘာပြောပြော မယုံတာ အကောင်းဆုံးပဲ”
“အထူးသဖြင့် အခုလို ထူးခြားတဲ့ အချိန်မျိုးမှာ ဘယ်သူ့စကားကိုမှ မယုံတာကမှ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရာ ရောက်လိမ့်မယ်၊ မဟုတ်ရင် ချောက်ထဲ ကျသွားနိုင်တယ်”
ရှို့ကျွင်းက ပြောလိုက်သည်။
ထန်ထျန်းက ပြုံးပြီး ခေါင်းငြိမ့်ပြ၏။
သူတို့ရှိရာမှ ထွက်ခွာသွားပြီးနောက် ယိရှန်းသည် အရင်က သူတို့နှင့် အတူတူ လာခဲ့သော အခြား ကျိကျွင်း နှစ်ယောက်ဆီသို့ သွားပြန်သည်။
ခဏမျှ စကားပြောပြီးနောက် ထိုနှစ်ယောက်မှာမူ ယိရှန်း၏ ပြောစကားကို ယုံကြည်ပုံရပြီး သူနှင့်အတူ လိုက်ပါသွားကြသည်။
“တချို့လူတွေကတော့ အဲဒီလို မတွေးပုံပဲ”
ထန်ထျန်းက ရယ်မောကာ ပြော၏ ။
ရှို့ကျွင်းက တည်ငြိမ်စွာပင် “သူတို့က နောက်ဆုံးမှ အမြတ်ထုတ်မယ့် တံငါသည် ဖြစ်ချင်နေကြတာ ဖြစ်မှာပါ”
“ဒီလို အချိန်မျိုးမှာ အန္တရာယ်ကို ထိပ်တိုက်ရင်ဆိုင်ပြီး စွန့်စားချင်တဲ့သူတွေ အများကြီး ရှိတာပဲ”
“ဒါပေမဲ့ ယိရှန်းရဲ့ ဖိတ်ခေါ်မှုက သာမန်တော့ မဟုတ်ဘူး။ အရင် အတွေ့အကြုံတွေအရ ဆိုရင် သူတို့ ဒီလောက် မြန်မြန်နဲ့ ဟင်းလင်းပြင် မိုးကြိုးရဲ့ အားနည်းချက်ကို ရှာတွေ့နိုင်မှာ မဟုတ်ဘူး”
“ဒါ့အပြင် ဒီတစ်ခေါက် ဟင်းလင်းပြင် မိုးကြိုးပင်လယ်ကြီးက... တစ်ခုခု မှားနေသလိုပဲ ခံစားနေရတယ်”
ထန်ထျန်းကတော့ ဘာမှ ပြန်မပြောပေ။ ယိရှန်းတို့ ဘာပဲလုပ်လုပ် သူကတော့ ထွက်ခွာဖို့ ပြင်ဆင်ပြီးသား ဖြစ်သည်။
“မင်း ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ”
ထန်ထျန်းက မေးလိုက်သည်။
ရှို့ကျွင်းက ခေတ္တစဉ်းစားပြီး “ထပ်စောင့်ကြည့်ဦးမယ်လေ၊ ငါက အစီအရင် ဘက်မှာ ကျွမ်းကျင်တာ မဟုတ်တော့ ဟင်းလင်းပြင် မိုးကြိုးပင်လယ်ကို ဖြေရှင်းတဲ့နေရာမှာ ဝင်ပါလို့ မရဘူး”
“အကယ်၍ သင့်တော်တဲ့ အခွင့်အရေးသာ မရဘူးဆိုရင် ငါ လင်းယွင်တောင်တန်း ကနေ ထွက်သွားတော့မယ်”
“ငါက သိပ်ပြီး အန္တရာယ် အကြီးကြီး မစွန့်စားချင်ဘူး”
ရှို့ကျွင်းက ကျိကျွင်းများထဲတွင် အတော်လေး အစွမ်းထက်သော သူဖြစ်ပြီး နှစ်ပေါင်း သိန်းချီ စုဆောင်းထားသော အခြေခံမှာလည်း အလွန် ခိုင်မာလှသည်။ ထို့ကြောင့် သူမအတွက် သဘာဝ အကြွင်းအကျန်အပေါ် လိုအပ်ချက်မှာ အခြားသူများကဲ့သို့ မပြင်းထန် ပေ။
အကယ်၍ ရရှိမည့် အကျိုးအမြတ်နှင့် ရင်ဆိုင်ရမည့် အန္တရာယ်က မမျှတပါက စွန့်လွှတ်လိုက်ခြင်းသည်လည်း ရွေးချယ်မှု ကောင်းတစ်ခုပင်။
သို့သော် ထန်ထျန်းက ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။ “ငါ ဖြစ်နိုင်ခြေရှိတဲ့ လမ်းကြောင်း တစ်ခု သိထားတယ်၊ အဲဒါက ဟင်းလင်းပြင် မိုးကြိုးပင်လယ်ကို ပတ်ပြီး ဝိညာဉ်ရေကန်ထဲကို ရောက်နိုင်မလား မသိဘူး”
“မင်း ငါနဲ့အတူ လိုက်ကြည့်မလား”
ရှို့ကျွင်းက လှည့်ကြည့်ကာ “ကောင်းပြီလေ”
ထန်ထျန်း: ...
“ခုနကပဲ ဘယ်သူ့ကိုမှ အလွယ်တကူ မယုံနဲ့လို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား”
ရှို့ကျွင်းက အရင်က ပြောခဲ့ဖူးသော စကားတစ်ခွန်းကိုပင် ထပ်ပြောလိုက်သည်။ “ငါ လုံကျိုကျိုး ကို ယုံတယ်၊ ဒါကြောင့် နင့်ကိုလည်း ယုံတယ်”
ထန်ထျန်း ဘာမှ ပြန်မပြောနိုင်တော့ပေ။ လုံကျိုကျိုးမှာ တကယ်ပဲ အဲ့ဒီလောက် ဆွဲဆောင်မှု ရှိတာလား။
“ကောင်းပြီလေ၊ ဒါဆို ငါ့နောက် လိုက်ခဲ့”
“ဒါပေမဲ့ အဲဒီလမ်းက အခုထိ ရှိနေသေးလား ဆိုတာတော့ ငါ အာမ မခံနိုင်ဘူးနော်”
ထို့နောက် သူတို့နှစ်ဦးက ထိုနေရာမှ အတူတူ ထွက်လာခဲ့ကြသည်။
သူတို့ ထွက်သွားခြင်းမှာ လူအများ၏ အာရုံစိုက်မှု သိပ်မရှိပေ။ အကြောင်းမှာ အချို့သော ကျိကျွင်းများသည်လည်း ဟင်းလင်းပြင် မိုးကြိုးပင်လယ်ကို ဖြတ်ကျော်ဖို့ မျှော်လင့်ချက် မရှိဟု ယူဆကာ ထွက်သွားကြသောကြောင့် ဖြစ်သည်။
သို့သော် ထန်ထျန်းတို့ ထွက်သွားပြီး မကြာမီမှာပင် ယိရှန်းနှင့် အခြားသူများမှာ အစွမ်းထက်သော ကျိကျွင်း အုပ်စုကြီး တစ်ခုကို စုစည်းနိုင်ခဲ့သည်။
သူတို့က ဟင်းလင်းပြင် မိုးကြိုးပင်လယ်ထဲသို့ အတင်းအကျပ် တိုးဝင်ရန် ပြင်ဆင်နေကြခြင်းပင် ဖြစ်သည်။
......
အလွန် သာမန်ဆန်လှသော စမ်းချောင်းလေး တစ်ခု၏ အထက်တွင်...
ဤနေရာကို အပေါ်ယံ ကြည့်လျှင် အခြားနေရာများနှင့် မခြားနားပေ။ ကြည်လင်သော စမ်းရေများမှာ တိတ်ဆိတ်စွာ စီးဆင်းနေပြီး ကမ်းပါးဘေးရှိ တောပန်းလေးများမှာလည်း လေတိုက်ရာသို့ ယိမ်းနွဲ့နေကြသည်။ ပန်းပွင့်လေးများမှာ သေးငယ်လွန်းလှသဖြင့် ရနံ့ပင် ထွက်မလာပေ။
ထန်ထျန်းနှင့် ရှို့ကျွင်းတို့က ဤနေရာတွင် ရပ်တန့်လိုက်ကြသည်။
“ဒီမှာလား”
ရှို့ကျွင်းက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အာရုံခံကြည့်သော်လည်း ဘာမှ ထူးခြားမှု မတွေ့ရပေ။
“အဲဒီ လမ်းကို ဖွင့်ဖို့အတွက် အရမ်း ထူးခြားတယ့် လက်ကွက် တစ်ခု လိုတယ်”
ထန်ထျန်းက ပြောလိုက်သည်။
ထို့နောက် သူက မီးခိုးရောင် ကျောက်တုံး တစ်တုံးကို ထုတ်လိုက်၏။
၎င်းမှာ အရင်က ရေခဲနန်းတော်တွင် ရရှိခဲ့သော သဘာဝ အကြွင်းအကျန် ပင် ဖြစ်သည်။
ရှို့ကျွင်း၏ မျက်လုံးထဲတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာပြီး “နင် ဘာလို့ ဒီလောက် နောက်ကျမှ ထွက်လာတာလဲ ဆိုတာ ငါ အခုမှ သိတော့တယ်၊ သဘာဝ အကြွင်းအကျန် တစ်ခု ရှာတွေ့ခဲ့တာကိုး”
“ငါကတော့ နင် ထျန်းရွေ့တို့နဲ့ တွေ့ပြီး ပြဿနာ တက်နေတယ် ထင်နေတာ”
ထန်ထျန်းက ပြုံးပြီး “တကယ်တော့ တွေ့ခဲ့ပါတယ်၊ ဒါပေမဲ့...”
“ထားပါတော့၊ အရင်ဆုံး လမ်းရဲ့ ဝင်ပေါက်ကို ရှာရအောင်”
ပြောပြီးသည်နှင့် ထန်ထျန်းက လက်ဖျောက်တီးကာ သူတို့ ပတ်ဝန်းကျင်၌ အစီအရင်တစ်ခု ချလိုက်သည်။ လမ်းပွင့်လာသည့် အချိန်တွင် ထွက်ပေါ်လာမည့် စွမ်းအားလှိုင်းများကို အပြင်လူများ သတိမထားမိစေရန် ဖြစ်သည်။
ထို့နောက် သူက သဘာဝ အကြွင်းအကျန်ကို လေထဲသို့ မြှောက်လိုက်ပြီး လက်နှစ်ဖက်ဖြင့် အလွန် ထူးဆန်းသော လက်ကွက် တစ်ခုကို ဖော်လိုက်သည်။
“နင့်ရဲ့ လက်ကွက်က လူသားတွေ ဖန်တီးထားတာနဲ့ မတူသလိုပဲနော်”
ရှို့ကျွင်းက မသိမသာ ကွဲပြားမှုကို ချက်ချင်း သတိပြုမိသွားသည်။
“ရှေးဟောင်း နယ်မြေ တစ်ခုကနေ ရခဲ့တာပါ၊ ဘယ်က လာတာလဲ ဆိုတာ ငါလည်း အတိအကျ မသိဘူး”
ထန်ထျန်းက အကြောင်းပြချက် တစ်ခုကို လျှောက်ပြောကာ လက်ကွက်နှင့် သဘာဝ အကြွင်းအကျန်ကို သုံးပြီး ဥမင်လမ်း၏ ဝင်ပေါက်ကို စတင် ရှာဖွေတော့သည်။
ဤလက်ကွက်မှာ ကြောင်လေးက သူ့အတွက် ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သဖြင့် လူသားများနှင့် မတူခြင်းမှာ သဘာဝပင်။
သို့သော် ကံကောင်းထောက်မစွာဖြင့် လက်ကွက်မှာ အဆင့် မြင့်မားလှသဖြင့် ကြီးမားသော ဟာကွက် မရှိပေ။
သိပ်မကြာမီမှာပင် သူတို့ခြေဖဝါးအောက်ရှိ စမ်းချောင်းထဲ၌ အနည်းငယ်သော စွမ်းအားလှိုင်းများ ပေါ်ထွက်လာသည်။
ထိုလှိုင်းများကို ထန်ထျန်းနှင့် ရှို့ကျွင်းတို့ ချက်ချင်း သတိပြုမိသွားကြ၏။
“တကယ် ရှိတာပဲ”
ရှို့ကျွင်းက အံ့သြတကြီး ပြော၏ ။
ထန်ထျန်းက နှာခေါင်းရှုံ့လိုက်ပြီး မေးလိုက်မိသည်။ “မင်း ခုနက ငါ့ကို ယုံတယ်ဆိုတာတွေက လိမ်နေတာလား”
သူ၏ လုပ်ရပ်များနှင့်အတူ မမြင်နိုင်သော ဟင်းလင်းပြင် တံခါးတစ်ခုမှာ အောက်ဘက်တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။
လမ်း၏ ဝင်ပေါက်မှာ အလွန် သေးငယ်လှပြီး ကြည့်ရသည်မှာ ယုန်တွင်း တစ်တွင်းနှင့် တူနေသည်။
“ကြည့်ရတာ ဆော့တတ်တဲ့ တိရစ္ဆာန်လေး တစ်ကောင်က တူးထားတဲ့ မြေအောက်လမ်းနဲ့ တူတယ်”
ရှို့ကျွင်းက ဆက်ပြော၏။ “ဒါပေမဲ့ အရမ်းကို လျှို့ဝှက်လွန်းတယ်၊ ပေါ်မလာခင်အထိ ငါ ဘာအငွေ့အသက်မှ မခံစားရဘူး”
“ဒီ တိရစ္ဆာန်လေးက သာမန်တော့ မဟုတ်ဘူးပဲ”
ထန်ထျန်းက ပြုံးပြီး “လင်းယွင်တောင်တန်း ထဲက တိရစ္ဆာန်တွေထဲမှာ ဘယ်ဟာကများ သာမန် ဖြစ်မှာလဲ”
“ဆင်းကြည့်ရအောင်၊ ဟင်းလင်းပြင် မိုးကြိုးပင်လယ်ကို ပတ်လို့ ရမရ ဆိုတာကတော့ မသေချာဘူးနော်”
ရှို့ကျွင်းက ခေါင်းငြိမ့်ပြ၏။
ထို့နောက် နှစ်ယောက်လုံး စမ်းချောင်းထဲသို့ ခုန်ဆင်းသွားကြရာ ရေမျက်နှာပြင်ပေါ်တွင် ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင် ချထားသော အစီအရင်ကိုလည်း ထန်ထျန်းက ရုပ်သိမ်းလိုက်သဖြင့် ဝင်ပေါက်မှာ ပြန်လည် ပျောက်ကွယ်သွားပြီး ဘာမှ မဖြစ်ခဲ့သကဲ့သို့ ပြန်ဖြစ်သွားသည်။
မှောင်မိုက်သော ဥမင်လမ်းထဲ၌ ပုံရိပ်နှစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်။
ဤဥမင်မှာ ကြောင်လေးက သူ့၏ ကိုယ်ခန္ဓာနှင့် အတော်အသင့် ဖြစ်အောင် တူးထားခြင်း ဖြစ်သဖြင့် အလွန် မကျယ်ပေ။ လူကြီး တစ်ယောက်ပင် မတ်တတ် မရပ်နိုင်ပေ။
သို့သော် ၎င်းမှာ ကျိကျွင်း နှစ်ယောက်အတွက်တော့ အခက်အခဲ မဟုတ်ပေ။ သူတို့က ခန္ဓာကိုယ်ကို သေးငယ်အောင် လုပ်လိုက်ပြီးနောက် ဥမင်ထဲ၌ လျှောက်ရသည်မှာ တော်တော်လေး ကျယ်ကျယ်ဝန်းဝန်း ရှိလှသည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် ဤအရာမှာ အခေါင်းပေါက် ဖြစ်နေသော သစ်ပင်အမြစ်ကြီး တစ်ခု ဖြစ်ကြောင်း တွေ့ရသည်။ တစ်စုံတစ်ယောက်က လက်သည်းဖြင့် ကုတ်ခြစ်ပြီး တူးထားခြင်းပင်။
“ဒါက မြေကမ္ဘာအမြစ် ပဲလား”
ရှို့ကျွင်းက ဥမင်၏ သဘောသဘာဝကို ချက်ချင်း သတိပြုမိသွားသည်။ “ဒါကြောင့် ဘယ်လိုမှ ရှာမတွေ့တာကိုး၊ မြေကမ္ဘာအမြစ်က သဘာဝတရားနဲ့ တစ်သားတည်း ဖြစ်နေတော့ ဘယ်လိုမှ အာရုံခံလို့ မရဘူး”
“ဒီဥမင်လမ်းကို ဖန်တီးခဲ့တဲ့သူက တကယ့် ပါရမီရှင်ပဲ”
ထန်ထျန်းက မပြုံး ဘဲ မနေနိုင်တော့ပေ။ “သူသာ မင်း ပြောတာကို ကြားရင် အတိုင်းမသိ ပျော်နေမှာပဲ”
ရှို့ကျွင်းက “ငါ အမှန်အတိုင်း ပြောတာပါ”
“ဒါပေမဲ့ စိတ်ကူးကတော့ ကောင်းတယ်၊ တူးထားတဲ့ ပုံစံကတော့ တော် တော်လေး ကြမ်းတမ်းနေသေးတယ်၊ နည်းနည်း ပြင်လိုက်ရင် ပိုပြီး ပြည့်စုံသွားလိမ့်မယ်”
ထန်ထျန်းက ဘာမှ မှတ်ချက်ပြန်မပေး ဘဲ ပြောလိုက်၏။ “သွားကြမယ်”
“အခြေအနေကို ကြည့်ရတာ ဒီနေရာက ဟင်းလင်းပြင် မိုးကြိုးပင်လယ်ရဲ့ တိုက်စားမှုကို မခံရဘူးပဲ”
ရှို့ကျွင်းက ခေါင်းငြိမ့်ကာ “အကယ်၍ မိုးကြိုးပင်လယ်ကို ပတ်ပြီး ဝိညာဉ်ရေကန်ထဲကို တကယ် ရောက်သွားရင် ငါ နင့်ကို အများကြီး ကျေးဇူးတင်မိမှာပဲ”
ထန်ထျန်းက အင်း ဟု အသံပြုကာ “အဲဒီနေရာကို ဝိညာဉ်ရေကန် လို့ပဲ ခေါ်တယ်”
“ဒါက သူ့ရဲ့ မူလနာမည်ပဲ”
ပြောပြီးနောက် သူက ဥမင်လမ်းအတိုင်း ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။
သူ့နောက်မှ ရှို့ကျွင်းသည်လည်း လျင်မြန်စွာ လိုက်ပါလာတော့သည်။