အခန်း (၁၅၆၉-၁၅၇၀)
Vol. 113 Ch. 1569-1570
အခန်း (၁၅၆၉) : ယင်ကျန်း၏ အကွက်ကျကျ အကျပ်ကိုင်မှု
သမိုင်းသော့ခလောက်အတွက် မဲခွဲမှုမှာ တညီတညွတ်တည်း အတည်ဖြစ်သွားသည်။ အချို့က ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် စိုးရိမ်ကြသော်လည်း ပါဝင်ပတ်သက်နေသည့် ကျင့်ကြံသူနှစ်ဦး၏ အဆင့်အတန်းကို ထောက်ထားလျှင် သူတို့၌ အစကတည်းက လျှို့ဝှက်ချက်ဟူ၍ ရှိလိမ့်မည် မဟုတ်ပေ။ မဲခွဲမှုပြီးသည်နှင့် ကောင်းကင်ယံရှိ သော့ခလောက်မှာ ပုံပေါ်ဖြစ်တည်လာပြီး မိုးမြေကြားတွင် နောက်ထပ် နိမိတ်တစ်ခု ပေါ်လာပြန်သည်။
ကောင်းကင်ယံတွင် တိမ်တိုက်ပမာ ကြီးမားသော ရွှေရောင်ကုသိုလ်အစုအဝေးကြီး ပေါ်လာပြီး နှစ်ပိုင်းကွဲသွားသည်။ ဆယ်ပုံတစ်ပုံမှာ ဝမ်ဝေ့ထံ ရောက်ရှိလာပြီး ကျန်ရှိသောအရာများမှာ မေတ္တယျထံသို့ ရောက်ရှိသွားသည်။ ဗုဒ္ဓဘာသာကို မစော်ကားရဲသဖြင့် မနာလိုသော အကြည့်များစွာမှာ ဝမ်ဝေ့ထံ စုပြုံရောက်ရှိလာသည်။ သို့သော် ဝမ်ဝေ့မှာမူ ယန်းအိုက်က သူ့ကို စိုက်ကြည့်နေသည့် အကြည့်ကြောင့် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။
"ထုတ်ပေးလိုက်တော့... လောဘကြီးတဲ့ ကောင်လေး"
ဝမ်ဝေ့၏ နှုတ်ခမ်းများ တွန့်ချိုးသွားလေသည်။ ဂိုဏ်း၏ စည်းကမ်းတွေက တရားဝင် မသတ်မှတ်ရသေးကြောင်း သူ ငြင်းခုံချင်သော်လည်း ဤဘိုးဘေးနှင့် ငြင်းခုံနေခြင်းမှာ အပိုသာ ဖြစ်ကြောင်း သူ သိထားသည်။ ထို့ကြောင့် သူ သက်ပြင်းချလိုက်ပြီး ကုသိုလ်၏ ၈၀ ရာခိုင်နှုန်းကို ဖြတ်တောက်ကာ သူမအား ပေးလိုက်သည်။
"မင်း တော်တော်နှမြောနေမှာပဲ ငါ သိပါတယ်" သူမက ပြုံးစိစိဖြင့် ပြောသော်လည်း ဝမ်ဝေ့ကမူ သူမကို လျစ်လျူရှုလိုက်သည်။
ဝမ်ဝေ့၏ တုံ့ပြန်မှုကို ကြည့်ပြီး ယန်းရှစ်ရုန်က မျက်မှောင်ကြုတ်လိုက်သည်။
"ဂိုဏ်းအပေါ် သစ္စာရှိမှုက ဂိုဏ်းသားတွေကို ဆွဲဆောင်ဖို့ လုံလောက်ပေမဲ့ သူတို့ရဲ့ မကျေနပ်မှုကို လျှော့ချဖို့အတွက် ဆုလာဘ်တစ်ခုခု ပေးသင့်တယ်လို့ ထင်တယ်"
"မင်း ဘာစဉ်းစားထားလဲ" ချီယွမ်က မေးသည်။
"ဂုဏ်ပြုစာရင်းတစ်ခု လုပ်ရင်ရော ဘယ်လိုလဲ။ ကျွန်တော်တို့ အပါအဝင် လူတိုင်း ပါဝင်ရမယ်။ ထိပ်ဆုံးထဲ အယောက် ၁၀၀ က လူကြီးမင်းဝမ်ပေါ် အဆင့်တက်ပြီးတဲ့နောက် တိုက်ရိုက် သင်ယူခွင့် ရရှိနိုင်မယ်။ အဆင့် ၁၀၀ အပြင်ဘက်က လူတွေအတွက်လည်း တခြားဆုတွေ ထပ်ထည့်လို့ရတာပဲ"
"မဆိုးတဲ့ အကြံပဲ" ချီယွမ်က ခေါင်းညိတ်သည်။
"ဆရာကြီးရော ဘယ်လိုလဲ"
"လူတိုင်းက ငါ့အတွက် အလုပ်လုပ်ပေးကြမှာဆိုတော့ တစ်ခုခု ပြန်ပေးတာက မှန်ကန်တဲ့ အလုပ်ပါပဲ" ဝမ်ပေါ်က ခေါင်းညိတ် ထောက်ခံသည်။
"အခုတော့ ပျော်သွားပြီလား" ယန်းအိုက်က မေးသည်။
"အဓိက အစီအစဉ်က စတော့မယ်" ဝမ်ဝေ့က သူမကို လျစ်လျူရှုထားဆဲ ဖြစ်၏။ အားလုံး၏ အကြည့်မှာ စင်မြင့်ထက်သို့ ရောက်ရှိနေသည်။ ဘုန်းကြီးဝူကျစ်က ပါဝင်သူအားလုံးကို ကျေးဇူးတင်စကား ပြောကြားပြီးနောက် ယင်ကျန်း၏ အသံမှာ နန်းဆောင်တစ်ခုလုံး ပျံ့နှံ့သွားသည်။
ဝမ်ဝေ့ အပါအဝင် လူတိုင်းက အခြားသူ တက်လာလိမ့်မည်မဟုတ်ဟု ထင်ထားကြသည်။ အကြောင်းမှာ ယွမ်ထီများ၏ ကိစ္စက ဤညီလာခံ၏ အဓိကအကြောင်းရင်း ဖြစ်သောကြောင့် ဖြစ်၏။ သို့သော် ပင်လယ်မျိုးနွယ်မှ တစ်ဦးက ရုတ်တရက် ခုန်တက်လာပြီး အာဏာရှင်အရေအတွက်ကို တိုးမြှင့်ရန် ရဲရဲဝံ့ဝံ့ အဆိုပြုလိုက်သည်။ သူတို့ထဲတွင် ပင်လယ်မျိုးနွယ်၊ လူရိုင်းမျိုးနွယ်၊ အစစ်အမှန်အနှစ်သာရမျိုးနွယ် နှင့် တိုင်းပြည်မဟာမိတ် တို့ ပါဝင်သည်။
ဤအဆိုပြုချက်ကို ချက်ချင်းပင် ကန့်ကွက်ကြသော်လည်း ဤခြင်္သေ့လိပ်နတ်ဆိုးမှာ ပြဿနာရှာရန် အသင့်ပြင်လာပုံရသည်။ သူက အဆိုပြုချက်ကို ထပ်ပြင်ဆင်လိုက်ပြီး ၁၄ ယောက်မြောက် အာဏာရှင် ရှိသင့်ကြောင်းနှင့် ရှေးဦးမူလမျိုးနွယ်များက တစ်မျိုးမျိုးသော မဟာမိတ် ဖွဲ့သင့်ကြောင်း တောင်းဆိုလိုက်သည်။
သူ့ငြင်းခုံချက်မှာ ကျိုးကြောင်းဆီလျော်ပြီး တင်ပြပုံမှာလည်း ကောင်းမွန်လှသည်။ ကပ်ဘေးကို ရင်ဆိုင်ရန် ကမ္ဘာကြီးတွင် ပိုမိုအစွမ်းထက်သော အင်အားစုများ လိုအပ်ကြောင်း သူက ဆိုသည်။ သူက အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမကို အာဏာရှင်နေရာမှ ဖယ်ရှားရန်ပင် အပြင်းအထန် အကြံပြုခဲ့သေးသည်။
ကံဆိုးစွာပင် မဲမပေးဘဲ နေခဲ့သည့် ဗုဒ္ဓဘာသာမှလွဲ၍ ကျန်သူအားလုံးက သူ၏ အဆိုပြုချက်ကို ကန့်ကွက်ခဲ့ကြသည်။ ထိပ်သီးအာဏာရှင်များသည် အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမကဲ့သို့သော အားနည်းသူများကို အထင်သေးကြသော်လည်း လက်ရှိအခြေအနေကို ထိန်းသိမ်းထားရန်မှာ အရေးကြီးကြောင်း သူတို့ နားလည်ကြသည်။ အကယ်၍ ယနေ့ အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမကို စိန်ခေါ်ခွင့်ပေးလိုက်လျှင် မနက်ဖြန်တွင် အသင်္ချေဂိုဏ်းမဟာမိတ်ကိုလည်း စိန်ခေါ်လာကြလိမ့်မည် မဟုတ်ပါလော။
"ဒီအဓိပ္ပာယ်မရှိတဲ့ အကြံပြုချက်ရဲ့ ရည်ရွယ်ချက်က ဘာလဲ" ယန်းရှစ်ရုန်က မေးသည်။
"ဒါက အောင်မြင်မယ်လို့ သူတို့ တကယ် ထင်နေကြတာလား"
အခြား ရှေးဦးမူလများ၏ တုံ့ပြန်မှုနှင့် မဲမပေးဘဲ နေခဲ့ကြပုံအရ သူတို့သည် ပင်လယ်မျိုးနွယ်၏ အစီအစဉ်ကို ကြိုတင်မသိခဲ့ကြကြောင်း ထင်ရှားသည်။
"သူတို့က အခြေအနေကို စမ်းသပ်နေကြတာ" ချီယွမ်က ပြန်ဖြေသည်။
"သူတို့က အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမကို တိုက်ခိုက်ဖို့ ကြံနေတာလား"
"ဖြစ်နိုင်ခြေ အများကြီးရှိတယ်" ချီယွမ်က ခေါင်းညိတ်သည်။ ထိုခန်းမသည် အမြဲတမ်း အားနည်းဆုံး အစိတ်အပိုင်း ဖြစ်နေခဲ့သည်။ စစ်မှန်သော ရှေးဦးမူလ တစ်ဦးတည်းသာ ရှိခြင်းက လာမည့် ဝရုန်းသုန်းကားအချိန်ကာလတွင် သူတို့အတွက် အလွန်ခက်ခဲလိမ့်မည်။ ထူးကဲသာလွန် အင်အားစု ဖြစ်လာဖို့ မဆိုထားနှင့် … အာဏာရှင်အဆင့်အတန်းကို ဆက်လက် ထိန်းသိမ်းထားနိုင်လျှင်ပင် သူတို့ ကံကောင်းလှပြီ ဖြစ်၏။
ဝမ်ဝေ့က ဤအခြေအနေကို ကြည့်ပြီး ပြုံးလိုက်မိသည်။ ခန်းမ၏ အကျပ်အတည်းက သူ့အစီအစဉ် အောင်မြင်ဖို့ အခွင့်အရေးကို ပိုများစေသည်။ ယခုအခါ သူတို့သည် မည်မျှ အားနည်းနေပြီး လူတိုင်းက သူတို့ကို ဝိုင်းကြည့်နေကြောင်း သိသွားကြပြီ ဖြစ်ရာ အခြားအာဏာရှင်များနှင့် မဟာမိတ်ဖွဲ့ရန် ပိုမို လိုလားလာကြလိမ့်မည်။ ထို့အပြင် အားနည်းချက် ရှိသော်လည်း နောက်ထပ် ရှေးဦးမူလ တစ်ဦးကို မွေးထုတ်ပေးရန် ပိုမို ပြင်းပြလာကြလိမ့်မည်။
ပင်လယ်မျိုးနွယ်၏ ရှုပ်ထွေးမှု ပြီးဆုံးပြီးနောက် မည်သူမျှ ပြောစရာ မရှိတော့သဖြင့် ယင်ကျန်းက နောက်ဆုံးတွင် စင်မြင့်ထက်သို့ တက်လာသည်။ အမှန်စင်စစ် သူသည် ဗုဒ္ဓဘာသာနှင့် ပင်လယ်မျိုးနွယ်ကို ကျေးဇူးတင်သင့်သည်။ သူတို့၏ တည်ရှိမှုက သူ့အတွက် အချိန်အနည်းငယ် ရစေခဲ့သည်။ သံသရာမျက်လုံး ပေါ်လာခြင်းက သူ၏ အစီအစဉ် အစိတ်အပိုင်းအချို့ကို ပျက်စီးစေခဲ့သဖြင့် သူက အခြေအနေပေါ် မူတည်၍ ပြင်ဆင်ခဲ့ရသည်။
"ဒီညီလာခံမှာ ရှည်လျားတဲ့ သမိုင်းကြောင်း ရှိပါတယ်" ယင်ကျန်းက စတင်ပြောကြားသည်။
"ဒုတိယမူလစစ်ပွဲအတွင်းမှာ အပြီးသတ်ပုံစံ မဖြစ်လာခင်ကတည်းက ကျုပ်တို့က လက်ရှိ ပြဿနာတွေကို ဆွေးနွေးဖို့၊ ညှိနှိုင်းဖို့ ဒါမှမဟုတ် အတူတူ အလုပ်လုပ်ဖို့ စုဝေးခဲ့ကြတာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ဟာ ဘေးဒုက္ခများစွာကနေ လွတ်မြောက်ခဲ့တာ ဖြစ်သလို၊ ဒီဟွင်သွမ်းစကြဝဠာရဲ့ အကြီးမားဆုံးစစ်ပွဲကိုလည်း အောင်မြင်စွာ စီစဉ်နိုင်ခဲ့တာ ဖြစ်ပါတယ်"
ဝမ်ဝေ့မှာမူ ဤကောင်စုတ်၏ ပြဇာတ်ဆန်ဆန် ပြောဆိုနေပုံကို ကြည့်ပြီး မျက်လုံးလှန်လိုက်မိသည်။ အကြီးမားဆုံး စစ်ပွဲ ဟုတ်လား စံပြခေတ်ကာလမှာတော့ ဖြစ်နိုင်ပေမဲ့ ဟွင်သွမ်းစကြဝဠာ တစ်ခုလုံးမှာတော့ အကြီးမားဆုံးနှင့် ဝေးနေသေးသည်။
"ကျုပ်တို့ အခု စိန်ခေါ်မှု အသစ်တစ်ခုနဲ့ ရင်ဆိုင်နေရပါပြီ။ အရင်က လုပ်ခဲ့သလိုပဲ ဒီကပ်ဘေးကနေ လွတ်မြောက်ဖို့အတွက် စည်းလုံးညီညွတ်မှုက အဓိက သော့ချက်ပဲလို့ ယုံကြည်ပါတယ်" ယင်ကျန်းက ဆက်ပြောသည်။
"သူက ကောင်စီတစ်ခု ဖွဲ့ဖို့ ခေါ်နေတာလား" လူအတော်များများက ထိုသို့ ထင်မှတ်ကြသည်။
ပထမအကြိမ် တရားဝင် အာဏာရှင် ညီလာခံအတွင်း ချီယွမ်က အရေးပေါ် အခြေအနေအတွက် ကောင်စီတစ်ခု ဖွဲ့စည်းရန် အဆိုပြုခဲ့ဖူးသည်။ ထိုစဉ်က အရေးပေါ် အခြေအနေတွင် အတူတူ အလုပ်လုပ်ရန် လူတိုင်း သဘောတူခဲ့ကြပြီး နောက်ပိုင်းတွင် ချီယွမ်က ထိုကောင်စီကို အသုံးချကာ ဒုတိယမူလစစ်ပွဲ စတင်ရန် အဆိုပြုခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤအစည်းအဝေးတွင် ထာဝရကောင်စီ တည်ထောင်မည်ကို မည်သူမျှ အလိုမရှိကြချေ။ အရာအားလုံးက ညီမျှနေသည့် ယခင်ကနှင့် မတူဘဲ လက်ရှိ နိုင်ငံရေး အခင်းအကျင်းတွင် ကောင်စီဖွဲ့လိုက်လျှင် အာဏာအားလုံးက ဗုဒ္ဓဘာသာ လက်ထဲသို့ ရောက်သွားမည်ဖြစ်ရာ မည်သူမျှ ထိုသို့ မဖြစ်စေချင်ကြပေ။
"ကျုပ်တို့ လာမဲ့အရာတွေကို တိုက်ဖျက်ဖို့ စည်းလုံးမှု လိုအပ်ပါတယ်။ ကျုပ် ဆိုလိုတာက အရင်လို လွတ်လပ်တဲ့ အဖွဲ့အစည်းမျိုး မဟုတ်ဘဲ မိုးမြေက ခွင့်ပြုထားတဲ့ တရားဝင် အဖွဲ့အစည်း တစ်ခုကို ပြောတာပါ"
"ဒီကောင်..." ဝမ်ဝေ့က ရုတ်တရက် ကျိန်ဆဲလိုက်သည်။ သူ၏ စိတ်လှုပ်ရှားမှုကြောင့် သူ့ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တွန့်လိမ်သွားသည်။ ဝမ်ဝေ့ ခန့်မှန်းထားသည့်အတိုင်းပင် ယင်ကျန်း၏ နောက်ထပ် စကားလုံးများ ထွက်ပေါ်လာသည်။
"ဒါကြောင့် ကျုပ်က ကောင်းကင်ခုံရုံး တည်ထောင်ဖို့ အဆိုပြုပါတယ်" ယင်ကျန်းက ကြေညာလိုက်သည်။
"အခု လူတိုင်း မတုံ့ပြန်ခင် ကျုပ် စကားပြောလို့ ပြီးတဲ့အထိ စောင့်ပေးကြပါ"
ယင်ကျန်း၏ စကားကြောင့် ခန်းမအတွင်းရှိ တင်းမာသော အရှိန်အဝါများ ခေတ္တ ငြိမ်ကျသွားသည်။
"လူတိုင်း စိုးရိမ်နေတာက အာဏာခွဲဝေမှုနဲ့ အကျိုးအမြတ်တွေ ဖြစ်မယ်ဆိုတာ သိပါတယ်။ အဲဒါတွေကို ကျုပ် ကိုယ်တိုင် ခွဲဝေပေးထားပါတယ်" ယင်ကျန်းက ဆက်ပြောသည်။ သူ၏ နောက်တွင် ပုံရိပ်ယောင်တစ်ခု ပေါ်လာပြီး သူ၏ မျက်နှာနှင့် အောက်ဘက်တွင် စာလုံးများ ရေးထိုးထားသည်။
"ကောင်းကင်ဧကရာဇ် ရာထူးကတော့ ချင်ပြည်နယ်က ရပါလိမ့်မယ်။ ဒါပေမဲ့ ..."
ယင်ကျန်းက လူများ ဆူပူလာမည်ကို တားရန် လက်ကို မြှောက်လိုက်သည်။
"ကျုပ်တို့မှာ အကန့်အသတ်မရှိတဲ့ အာဏာ ရှိမှာ မဟုတ်ပါဘူး။ အာဏာ အများစုကို ခွဲဝေယူကြမှာပါ။ ခုံရုံးကို တရားဝင် ရာထူးတွေ ရရှိထားတဲ့ နတ်ဘုရားကောင်စီက အုပ်ချုပ်ပါလိမ့်မယ်။ ခုံရုံးရဲ့ အာဏာကို ထိန်းချုပ်တဲ့အပြင် အပ်နှင်းခံနတ်ဘုရားတွေရဲ့ အဓိက ရည်ရွယ်ချက်က ကောင်းကင်တာအိုရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့အတွက်ပါ။ ဒါမှလည်း ကမ္ဘာ့အရင်းအမြစ်တွေကို ပိုမို ထိန်းသိမ်းနိုင်မှာ ဖြစ်ပြီး အဲဒီ အရင်းအမြစ်တွေကို လာမဲ့ကပ်ဘေးမှာ ပိုမို ကောင်းမွန်စွာ အသုံးချနိုင်မှာပါ"
"ဒီကောင်က ဖုံးကွယ်မထားတော့ဘူးပဲ။ အနည်းဆုံးတော့ နာမည်လေးဘာလေး ပြောင်းဦးမှပေါ့"
ဝမ်ဝေ့က အံကြိတ်ကာ ပြောလိုက်သည်။ အမှန်အတိုင်း ပြောရလျှင် အပ်နှင်းခံနတ်ဘုရားဆိုသည့် အယူအဆမှာ ဝမ်ဝေ့၏ ကိုယ်ပိုင် မဟုတ်ဘဲ ကျောက်စိမ်းဧကရာဇ် ပုံပြင်များမှ ဆင်းသက်လာခြင်း ဖြစ်၏။ သို့သော် ဝမ်ဝေ့သည်သာ ထိုအယူအဆကို ဤကမ္ဘာ၏ ယဉ်ကျေးမှုနှင့် ကိုက်ညီအောင် ပြုပြင်ခဲ့သူ ဖြစ်သည်။
"နတ်ဘုရား ရာထူးတွေရဲ့ ၅၀ ရာခိုင်နှုန်းကို အသင်္ချေဂိုဏ်းမဟာမိတ် ကို ပေးအပ်ပါမယ်" ယင်ကျန်းက ဆက်ပြောသည်။
"ဘာ"
"အဲဒါကို နောက်တစ်ခါ ပြန်ပြော"
"စိတ်အေးအေးထားပြီး ကျုပ် ပြောတာကို အဆုံးထိ နားထောင်ပေးပါ" ယင်ကျန်းက တည်ငြိမ်စွာ ဆိုသည်။
"ဒီစနစ်ကို စတင်လိုက်တာနဲ့ ကောင်းကင်တာအိုမှာ ကမ္ဘာ့အရင်းအမြစ်တွေ အများကြီး ရှိလာမှာဖြစ်ပြီး ကောင်းကင်ခုံရုံး လည်ပတ်ဖို့အတွက် အဲဒီ အရင်းအမြစ်အချို့ကို ကျုပ်တို့ကို ခွင့်ပြုပေးပါလိမ့်မယ်။ ဒါကြောင့် ခုံရုံးမှာ အရန် အရင်းအမြစ်တွေကို ထိန်းချုပ်မဲ့ အရင်းအမြစ်စီမံခန့်ခွဲမှုဌာန တစ်ခု ထားရှိမှာ ဖြစ်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းက အဲဒီဌာနကို အုပ်ချုပ်ပါလိမ့်မယ်"
ယင်ကျန်း၏ နောက်ကွယ်ရှိ ပုံရိပ်ယောင်တွင် ချီယွမ်၏ ပုံ ပေါ်လာပြီး ၎င်းအောက်တွင် ရာထူးအမည်ကို ရေးထိုးထားသည်။
"တာအိုဝါဒနဲ့ ဗုဒ္ဓဘာသာတို့ဟာ ခုံရုံးရဲ့ တရားဝင် ဘာသာတရားတွေ ဖြစ်လာမှာ ဖြစ်သလို၊ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ ဘာသာတရားတွေလည်း ဖြစ်လာပါလိမ့်မယ်။ အရှင်မေတ္တယျကို ခုံရုံးရဲ့ သူတော်စင်အဖြစ် ဘိသိက်မြှောက်မှာ ဖြစ်ပြီး အဆုံးမဲ့ ကံကြမ္မာနဲ့ ကုသိုလ်တွေကို ရရှိပါလိမ့်မယ်။
"အသင်္ချေမျိုးနွယ်အဖွဲ့အစည်းကတော့ ခုံရုံးရဲ့ နတ်စစ်သည်တွေကို လေ့ကျင့်ပေးဖို့ တာဝန်ယူရပါမယ်။ အာကာသမျိုးနွယ်စုက မင်းတို့အဖွဲ့အစည်းကို ဒသမအဆင့်နဲ့ ဧကဒသမအဆင့် ပုဂ္ဂိုလ်တွေကို အမြောက်အမြား ဖန်တီးနိုင်တဲ့ စွမ်းရည် ပေးပါလိမ့်မယ်။ ဒါ့အပြင် မင်းတို့ဆီမှာ ထူးခြားတဲ့ သွေးမျိုးဆက်တွေ ရှိနေတဲ့အတွက် ထူးခြားတဲ့ တပ်မဟာတွေကို လေ့ကျင့်ပေးနိုင်မှာပါ။ ခုံရုံးက ရတဲ့ အရင်းအမြစ်တွေနဲ့ဆိုရင် ကပ်ဘေးအတွက် လုံလောက်တဲ့ စစ်တပ်ကြီးတစ်ခု ရှိလာမှာပါ။
"ဓားလမ်းစဉ်မဟာမိတ်ကတော့ ခုံရုံးရဲ့ စည်းကမ်းထိန်းသိမ်းရေး ခန်းမကို တာဝန်ယူရပါမယ်။ လူတိုင်း စည်းကမ်းလိုက်နာဖို့ မင်းတို့က တာဝန်ယူရမှာ ဖြစ်ပေမဲ့ ကောင်စီက လိုအပ်တယ်လို့ ဆုံးဖြတ်တဲ့အခါ ပြည်ပရန်သူတွေကို တိုက်ခိုက်ဖို့ စေလွှတ်ခံရမယ်ဆိုတာကိုလည်း သတိပြုပေးပါ။
လူရိုင်းအထွတ်အမြတ်တောင်နှင့် မိစ္ဆာနတ်ဘုရားချိုင့်ဝှမ်းတို့ကတော့ ခုံရုံးရဲ့ နတ်စစ်သူကြီးတွေကို တာဝန်ယူရပါမယ်။ အဖွဲ့အစည်းက စစ်သည်တွေကို လေ့ကျင့်ပေးနေစဉ်မှာ မင်းတို့က သူတို့ကို ဦးဆောင်ဖို့ တာဝန်ယူရပါလိမ့်မယ်။
"ခုံရုံးမှာ မျှော်နန်းနှစ်ခု ရှိပါမယ်။ မူလစည်းတံဆိပ်ကုန်းမြေက နတ်ကာကွယ်ရေးမျှော်နန်းကို ထိန်းချုပ်ပါမယ်။ သူတို့က ခုံရုံးရဲ့ အစီအရင်တွေနဲ့ တခြား ကာကွယ်ရေး ပုံစံတွေကို တာဝန်ယူရပါမယ်။
ပြီးတော့ အရည်အချင်းလမ်းစဉ်အဖွဲ့အစည်း ထိန်းချုပ်မဲ့ နတ်ဘုရားလက်မှုမျှော်နန်းလည်း ရှိပါမယ်။ ခုံရုံးက အရင်းအမြစ်တွေ ထောက်ပံ့ပေးမှာ ဖြစ်ပြီး အဖွဲ့အစည်းက သူတို့ရဲ့ ပါရမီရှင်တွေကို အသုံးချကာ စစ်ပြင်ဆင်မှုအတွက် ဆေးလုံးတွေ၊ မန္တန်တွေ၊ လက်နက်တွေနဲ့ ရုပ်သေးတွေ စတာတွေကို ထုတ်လုပ်ပေးရမှာပါ။
အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမကတော့ ခုံရုံးရဲ့ ကင်းထောက်နှင့် သူလျှို တပ်ဖွဲ့အဖြစ် တာဝန်ယူပါမယ်။ ရန်သူ့စခန်းတွေကို ထိုးဖောက်တာနဲ့ သတင်းအချက်အလက် စုဆောင်းတာတွေအတွက် တာဝန်ပေးချက်တွေကို မင်းတို့က လုပ်ဆောင်ရပါမယ်။
နောက်ဆုံးအနေနဲ့ အံ့ဖွယ်ယုံကြည်မှုဘုံကတော့ ကပ်ဘေး ကူညီကယ်ဆယ်ရေးကို တာဝန်ယူရပါမယ်။ တိုက်ပွဲတစ်ခု ပြီးသွားတဲ့အခါ ကမ္ဘာကြီးကို ပြန်လည် သန့်စင်ပေးဖို့နဲ့ ကုသပေးဖို့ မင်းတို့လူတွေက တာဝန်ယူရမှာ ဖြစ်ပြီး ကောင်းကင်တာအိုရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရမှာပါ"
အခန်း (၁၅၇၀) : မဟာဗျူဟာမြောက် ညှိနှိုင်းဆွေးနွေးမှုများ
ညီလာခံတစ်ခုလုံး ချောက်ချားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားလေသည်။ ချင်သူတော်စင်ခုံရုံး၏ အဆိုပြုချက်မှာ အတိုင်းအတာကြီးမားသော ပေါက်ကွဲမှုတစ်ခုဟု ဆိုလျှင်ပင် အားနည်းလွန်းဦးမည်။ ယခင်နေ့ကမှ လူအားလုံးသည် ကုသိုလ်၏ တန်ဖိုးကို သိရှိခဲ့ကြပြီး ယနေ့တွင်မူ ထိုကုသိုလ်များကို အိတ်သွန်ဖိတ်စင် ရရှိနိုင်မည့် နည်းလမ်းတစ်ခုကို တစ်စုံတစ်ယောက်က ကမ်းလှမ်းလာခြင်း ဖြစ်သည်။ ထို့ကြောင့် အာဏာရှင်အင်အားစု အများစုမှာ လောဘဇောများ ထကြွလာကြသည်။
"ကျုပ်တို့ ကန့်ကွက်ပါတယ်" အသင်္ချေဂိုဏ်းမဟာမိတ်မှ တစ်စုံတစ်ယောက်က ကြေညာလိုက်သည်။
"ဘာလို့ ကန့်ကွက်တာလဲ။ မင်းတို့က နတ်ဘုရားကောင်စီရဲ့ နေရာတစ်ဝက်ကို ရထားတာ မဟုတ်ဘူးလား"
"နေရာအရေအတွက်သာ ရှိတာပါ။ ကျုပ်တို့မှာ ဘာအာဏာနဲ့ တာဝန်မှ မရှိဘူး" မဟာမိတ်အဖွဲ့က ပြန်လည်ချေပသည်။ ကျန်ရှိသော ကောင်စီနေရာတစ်ဝက်ကို အခြားသူများက ခွဲဝေယူကြမည်ဖြစ်ပြီး ထိုသူများသည် အခြားသော အခန်းကဏ္ဍများနှင့် အာဏာများကိုပါ ဆုပ်ကိုင်ထားကြမည်ဖြစ်သည်။
"ငါတို့ နန်းဆောင်မှာလည်း အာဏာအများကြီးမရှိပါဘူး။ ဒါပေမဲ့ ငါတို့တော့ ငြီးငြူမပြနေပါဘူး" တာအိုဘာသာ အခန်းထဲမှ အကြွင်းမဲ့စတင်ခြင်း၏ အသံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
"ဒါက အတူတူပဲလို့ ခင်ဗျားထင်နေတာလား" မဟာမိတ်အဖွဲ့က ပြန်ပြောသည်။
"ကမ္ဘာကြီးရဲ့ တရားဝင်ဘာသာရေး ဖြစ်လာပြီးတဲ့နောက်မှာ တာအိုလမ်းစဉ်ရဲ့ ကံကောင်းမှုနဲ့ ကံကြမ္မာက တိုးတက်ထွန်းကားလာပြီး စာပေလမ်းစဉ်လိုမျိုး အခြားဘာသာရေးနဲ့ အတွေးအခေါ်ကျောင်းတော်တွေကို ဖိနှိပ်သွားတော့မှာလေ။ အဲဒီကံကြမ္မာနဲ့ဆိုရင် ခင်ဗျားတို့ နောက်ထပ် သူတော်စင်တစ်ပါးကိုတောင် မွေးထုတ်ပေးနိုင်လိမ့်မယ်"
"အဲဒီအချက်က မင်းတို့အတွက်လည်း အတူတူပါပဲ။ ကောင်စီရဲ့ နေရာတစ်ဝက်ကနေ ရလာမဲ့ ကုသိုလ်တွေနဲ့ မင်းတို့လည်း သူတော်စင်တစ်ပါး မွေးထုတ်ဖို့ အခွင့်အရေး ရှိတာပဲလေ" အကြွင်းမဲ့စတင်ခြင်းက တုံ့ပြန်သည်။
ယင်ကျန်းသည် ထိုသူများ အချေအတင်စကားများနေသည်ကို မြင်သောအခါ ဝင်ပြောလိုက်သည်။
"အသင်္ချေဂိုဏ်းမဟာမိတ်အနေနဲ့ ကောင်စီက နေရာတွေကို အခြားဌာနတွေက ရာထူးနေရာတွေနဲ့ လဲလှယ်ဖို့ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်”
ယင်ကျန်း၏ သဘောထားမှာ ရှင်းလင်းလှသည်။ မည်သည့်အပြောင်းအလဲမျှ ရှိလာမည်မဟုတ်ပေ။ အကယ်၍ သူတို့က ပိုမိုသော အာဏာကို လိုချင်ပါက အခြားသူများနှင့် ညှိနှိုင်းရမည်ဖြစ်ပြီး မညှိနှိုင်းနိုင်ပါက ထိုအရာမှာ သူတို့၏ ပြဿနာသာ ဖြစ်သည်။
"ငါတို့ နတ်ဆိုးမျိုးနွယ်ကတော့ ဒီအဆိုပြုချက်ကို ငြင်းပယ်တယ်။ ပြီးတော့ ဒီကောင်စုတ်တွေနဲ့ အဆင့်တူနေရာပေးပြီး ငါတို့ရဲ့ အာဏာကို ထိန်းညှိဖို့ ကြိုးစားတဲ့ မင်းရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်ကိုလည်း သဘောမကျဘူး" တိုက်ပွဲရူးသူတော်စင်မျောက်ဝံကြီးက လှောင်ပြောင်လိုက်သည်။
ယင်ကျန်းက ထိုစကားကို ကြားသောအခါ ပြုံးလိုက်ပြီး မေးလိုက်သည်။
"ချိုင့်ဝှမ်းကရော ဘာပြောချင်လဲ"
"ကျုပ်တို့ ဆုံးဖြတ်ဖို့ စဉ်းစားနေတုန်းပဲ" ရှေးဦးမူလ လျှို့ဝှက်မီးနဂါးက ပြောသည်။
"တောက်..." တိုက်ပွဲရူးသူတော်စင်မျောက်ဝံက ကျိန်ဆဲလိုက်သည်။ အကယ်၍ သူတို့က ထိုအဆိုပြုချက်ကို ငြင်းပယ်ပြီး ပင်ကိုနတ်ဆိုးနတ်ဘုရားများက လက်ခံလိုက်ပါက သူတို့သာလျှင် နစ်နာမည့်သူများ ဖြစ်သွားပေလိမ့်မည်။
"သူတို့ လက်ခံလိမ့်မယ်ဆိုတာ ခင်ဗျား သိတယ် မဟုတ်လား" ယင်ကျန်း၏ အသံမှာ နတ်ဆိုးခန်းမအတွင်း ရုတ်တရက် ထွက်ပေါ်လာသည်။
"သူတို့ရဲ့ အရင်က ဆုံးရှုံးမှုတွေကို ပြန်ကုစားဖို့ မြန်ဆန်တဲ့ နည်းလမ်းတစ်ခု လိုအပ်နေတာ။ ဒီထက်ကောင်းတဲ့ အခွင့်အရေး ဘာရှိဦးမှာလဲ"
"မင်း ဒါကို ကြိုတင်စီစဉ်ထားတာ ကြာပြီပေါ့လေ ဟုတ်လား" မျောက်ဝံကြီးက အံကြိတ်၍ ပြောလိုက်သည်။ ယွမ်ထီများကို မောင်းထုတ်ရန် သူတို့၏ အစီအစဉ်ကို ယင်ကျန်းက သူ့အကျိုးအတွက် အသုံးချခဲ့သည်မှာ ထင်ရှားလှသည်။
"ရှင်ရဲ့ ရည်ရွယ်ချက်ကို ပြောပါ" ကြယ်ယုန်ခေါင်းဆောင်က တည်ငြိမ်စွာ မေးလိုက်သည်။
"ခင်ဗျားတို့ အာရုံစိုက်သင့်တာက အဖွဲ့အစည်းပဲ" ယင်ကျန်းက ဆိုသည်။ ပင်ကိုနတ်ဆိုးနတ်ဘုရားများ၏ ဒုတိယမြောက် အကြီးမားဆုံးရန်သူမှာ အသင်္ချေမျိုးနွယ်အဖွဲ့အစည်း ဖြစ်သည်။ ၎င်းတို့၏ အဖွဲ့ဝင်များထဲတွင် ပင်ကိုနတ်ဆိုးနတ်ဘုရားမျိုးနွယ်စု အနည်းငယ်နှင့် ၎င်းတို့၏ သွေးမျိုးဆက်ကို ခိုးယူထားသည့် အခြားသော လူမျိုးစုများစွာ ပါဝင်သည်။
"သူတို့က စစ်သည်တွေကိုပဲ ထိန်းချုပ်ပြီး စစ်သေနာပတိတွေကို မထိန်းချုပ်နိုင်တာကို ကျေနပ်နေမှာ မဟုတ်ဘူး။ ခင်ဗျားတို့ သူတို့နဲ့ ရာထူးနေရာချင်း လဲလှယ်ဖို့ ညှိနှိုင်းလို့ရတယ်။ နတ်ဘုရားစစ်သည်ဌာနမှာ အာဏာရှိတာက ခင်ဗျားတို့ကို ချိုင့်ဝှမ်းထက် အသာစီးရစေလိမ့်မယ်"
ခေါင်းဆောင်နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး အံ့ဖွယ်အသိစိတ်ဖြင့် ဆက်သွယ်လိုက်ကြသည်။ နောက်ဆုံးတွင် သူတို့ သက်ပြင်းချလိုက်ပြီး အသင်္ချေမျိုးနွယ်အဖွဲ့အစည်းနှင့် ဆက်သွယ်လိုက်ကြတော့သည်။ ကြိုးကိုင်လှည့်စားခံရသည်ဟူသော ခံစားချက်မှာ စက်ဆုပ်ဖွယ်ကောင်းသော်လည်း သူတို့သည် မိမိတို့၏ စိတ်ခံစားချက်ကို မည်သို့ထိန်းချုပ်ရမည်ကို သိကြပြီး မျိုးနွယ်စု၏ အနာဂတ်ကို အတ္တမာနထက် ပို၍ ဦးစားပေးခဲ့ကြသည်။
"ဓားလမ်းစဉ်အဖွဲ့အစည်းအနေနဲ့ ရာထူးနေရာအတွက် ပြဿနာမရှိပါဘူး။ ဒါပေမဲ့ တပ်ဖြန့်မှုဆိုင်ရာ ထုတ်ပြန်ချက်က ဘာကို ဆိုလိုတာလဲ" ခုနစ်ချက်ဓားနတ်ဘုရားက မေးလိုက်သည်။
ဓားလမ်းစဉ်အဖွဲ့အစည်းမှ ရှေးဦးမူလသုံးဦးစလုံးသည် ယခင်က [ဓားဝိဇ္ဇာ] ဟူသော အမည်ကို အသုံးပြုခဲ့ကြသော်လည်း သူတော်စင်ဟူသော အမည်နာမကို သာလွန်ခြင်းအဆင့်အတွက် အသုံးပြုပြီးနောက်တွင် သူတို့သည် ဓားနတ်ဘုရားဟူသော ဘွဲ့အမည်သို့ ပြောင်းလဲခဲ့ကြသည်။ ထိုအရာမှာ ယခင်က စံပြအဆင့်ရှိ ထိုက်တန်သော ဓားသမားများကိုသာ ပေးအပ်သည့် ဘွဲ့ဖြစ်၏။
"ခုံရုံးရဲ့ ရည်ရွယ်ချက်က ကပ်ဘေးကို တိုက်ဖျက်ဖို့ပါ။ ကျုပ်ရဲ့ မှတ်ချက်ကတော့ ဘယ်သူမဆို ရှေ့တန်းမှာ တိုက်ခိုက်ဖို့ ငြင်းဆန်တဲ့နေရာမှာ 'အတွင်းပိုင်းလုံခြုံရေး' ဆိုတဲ့ အကြောင်းပြချက်ကို အသုံးမပြုနိုင်အောင် တားဆီးဖို့ပါပဲ" ယင်ကျန်းက ဆိုသည်။
"မင်း ငါတို့ကို သူရဲဘောကြောင်တယ်လို့ ပြောနေတာလား" နူးညံ့သော ဓားနတ်ဘုရားမက မေးလိုက်သည်။ သူမ၏ အသံမှာ ဓားသမားအများစု၏ ထက်မြက်မှုမျိုးမဟုတ်ဘဲ နူးညံ့ချိုသာနေသည်။
"ဓားသမားတွေဟာ စိတ်ဓာတ်ခွန်အား အကြီးမားဆုံး ကျင့်ကြံသူတွေပဲ။ ငါတို့က ဘယ်တော့မှ တိုက်ပွဲကနေ ထွက်မပြေးဘူး"
"ကျုပ် ခင်ဗျားတို့ကို မဟာပုန်ကန်မှုကြီးအကြောင်း သတိပေးဖို့ လိုဦးမလား" ယင်ကျန်းက တည်ငြိမ်စွာ မေးလိုက်သည်။
"မင်း..."
မဟာပုန်ကန်မှုကြီးမှာ အကျိုးသက်ရောက်မှု ကျယ်ပြန့်ခဲ့သော်လည်း ထိုအရာမှာ ဓားလမ်းစဉ်အဖွဲ့အစည်းအတွက် အကြီးမားဆုံး အရှက်ရစရာများထဲမှ တစ်ခု ဖြစ်ခဲ့သည်။ ဒုတိယမူလစစ်ပွဲအတွင်း အတက်အကျများစွာ ရှိခဲ့ပြီး အနိမ့်ဆုံးအချက်တစ်ခုမှာ ထိုမဟာပုန်ကန်မှုကြီး ဖြစ်သည်။ ပြင်ပကမ္ဘာတစ်ခုသည် ချီယွမ်၏ ရည်မှန်းချက်ကို သစ္စာဖောက်ရန် ကျင့်ကြံသူများစွာကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့ပြီး ထိုအထဲတွင် ဓားသမားအများအပြား ပါဝင်ခဲ့သည်။
အင်အားစုအများစုက ဤဖြစ်ရပ်ကို စစ်ပွဲ၏ ကျရှုံးမှုတစ်ခုအဖြစ်သာ မှတ်ယူကြသော်လည်း အဖွဲ့အစည်းအတွက်မူ ထိုပုန်ကန်မှု၏ အရင်းအမြစ်မှာ သူတို့ထဲမှ တစ်ဦးဖြစ်နေသောကြောင့် အကြီးမားဆုံး အရှက်ရစရာ ဖြစ်ခဲ့ရသည်။ ဓားသမားတစ်ဦးသည် ကာမဂုဏ်ထောင်ချောက်အတွင်း ကျရောက်ကာ ရမ္မက်ဇော၌ နစ်မွန်းသွားခဲ့ပြီး ၎င်းမှတစ်ဆင့် ပုန်ကန်မှုကြီးတစ်ခုလုံး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်၏။
အဆိုးဆုံးမှာ စိတ်ဓာတ်များ အောက်ဆုံးသို့ ကျဆင်းသွားခဲ့ပြီး ရလဒ်အနေဖြင့် အဖွဲ့အစည်းအပါအဝင် အင်အားစုများစွာသည် ရှေ့တန်းသို့ တပ်ဖြန့်ရန် အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် ငြင်းဆန်ခဲ့ကြသည်။
"ကျုပ်က ခင်ဗျားတို့ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး" ယင်ကျန်းက အေးဆေးစွာ ပြောသည်။
"ကြိုတင်ကာကွယ်မှု လုပ်နေတာပါ"
ခုနစ်ချက်ဓားနတ်ဘုရားက ထိုစကားကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်သော်လည်း သူက ထောက်ခံမဲ ပေးခဲ့သည်။ ခုံရုံးကို စောင့်ကြည့်စစ်ဆေးနိုင်သည့် စွမ်းအားမှာ အလွန်ကြီးမားလှသဖြင့် သူက လက်လွှတ်မည် မဟုတ်ပေ။ ထို့ကြောင့် ဓားလမ်းစဉ်အဖွဲ့အစည်းသည် ပထမဆုံး ထောက်ခံမဲပေးသည့် အင်အားစု ဖြစ်လာခဲ့သည်။
“ကျုပ်တို့မှာလည်း စိုးရိမ်စရာ အချို့ရှိပါတယ်” အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမမှ ရှေးဦးမူလဖြစ်သူ လူအိုကြီးစစ်တုရင်နက်က ပြောသည်။ ကင်းထောက်ရာထူးမှာ အန္တရာယ်များပြီး ယင်ကျန်းက သူတို့၏ အင်အားကြီးမားသော လေလွင့်ကျင့်ကြံသူများကို အမြောက်စာအဖြစ် အသုံးပြုလိုသည်မှာ ထင်ရှားနေသည်။
"ကျုပ်တို့ နတ်ဘုရားစစ်သည်ဌာနမှာ ရာထူးတစ်ခုလောက် ရနိုင်မလား။ ဒါမှမဟုတ် သီးခြားဌာနတစ်ခုခုပေါ့" လေလွင့်ကျင့်ကြံသူများသည် စစ်တပ်အတွင်း ကောင်းမွန်စွာ မစွမ်းဆောင်နိုင်ကြပေ။
အမှန်စင်စစ် ပါရမီပါသော လေလွင့်ကျင့်ကြံသူများစွာ ရှိသော်လည်း ပြဿနာမှာ သူတို့သည် ဂိုဏ်းများနှင့် အခြားအင်အားစုများ၏ တင်းကျပ်သော စည်းမျဉ်းများနှင့် သစ္စာစောင့်သိမှုစနစ်အောက်တွင် ကောင်းမွန်စွာ အလုပ်မလုပ်နိုင်ခြင်း ဖြစ်၏။ သူတို့၏ လွတ်လပ်ပြီး အမှီအခိုကင်းသော သဘာဝကြောင့် သူတို့ကို ဥပဒေမဲ့သူများအဖြစ် သတ်မှတ်ကြသည်။
"ခင်ဗျား ဒါကို သဘောမကျရင် ခင်ဗျားရဲ့ နေရာကို ရှေးဦးမူလ မျိုးဆက်တွေကို ပေးလိုက်လို့ရတယ်" ယင်ကျန်းက အေးစက်စွာ ပြန်ပြောသည်။ သူသည် ထောက်ခံမဲ ခုနစ်မဲသာ လိုအပ်သဖြင့် အင်အားစုအနည်းငယ် မကျေနပ်သည်ကို ဂရုမစိုက်ပေ။
"မင်း..."
"ဒါနဲ့ ပြောရဦးမယ်။ ဘာလို့ ငါတို့ကို ထည့်မတွက်ထားတာလဲ" ပင်လယ်မျိုးနွယ်စု ရှေးဦးမူလက မေးသည်။
"ကျုပ် ခင်ဗျားတို့ရဲ့မျိုးနွယ်တွေအတွက် ကောင်စီမှာ နေရာအချို့ ချန်ထားပေးပါတယ်။ ခင်ဗျားတို့လည်း နတ်ဘုရားစစ်သည်နဲ့ နတ်ဘုရားစစ်သူကြီးဌာနတွေမှာ ပါဝင်ပြီး ရာထူးအချို့ ရယူနိုင်ပါတယ်"
"နတ်ဘုရားကောင်စီရဲ့ သဘောတရားက နည်းနည်းတော့ ဝေဝါးလွန်းတယ်လို့ မထင်ဘူးလား" ယန်းရှစ်ရုန်က ရုတ်တရက် ပြောလိုက်သည်။
"ဟမ်"
"ကောင်းကင်ဧကရာဇ်ဆိုတာ အခြေခံအားဖြင့် ကောင်းကင်တာအိုရဲ့ သံတမန် .. မိုးမြေရဲ့ ကိုယ်စားလှယ်ပဲ" ယန်းရှစ်ရုန်က ဆိုသည်။
"ဒါပေမဲ့ မိုးမြေဆိုတာက ကျယ်ပြောလွန်းတယ်။ အဲဒါကြောင့် အဲဒါကို အပိုင်းလိုက် ခွဲခြားလိုက်ရင် ပိုမကောင်းဘူးလား"
ယင်ကျန်းက မျက်မှောင်အသာကြုတ်လိုက်သည်။
"ငါတို့ အဲဒါကို အလယ်ပိုင်း၊ မြောက်ပိုင်း၊ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး ကဏ္ဍငါးခု ခွဲခြားမယ်။ ကောင်းကင်ဧကရာဇ်က အလယ်ပိုင်းကို အုပ်ချုပ်မယ်။ ပြီးရင် မြောက်ပိုင်းကို ထိန်းချုပ်မဲ့ အနက်ရောင်ဧကရာဇ်၊ တောင်ပိုင်းကို ထိန်းချုပ်မဲ့ အနီရောင်ဧကရာဇ်၊ အရှေ့ပိုင်းကို ထိန်းချုပ်မဲ့ အပြာရောင်ဧကရာဇ်နဲ့ အနောက်ပိုင်းကို ထိန်းချုပ်မဲ့ အဖြူရောင်ဧကရာဇ်တို့ကို တည်ထောင်မယ်"
"တရားမျှတမှုအတွက် ဧကရာဇ်နေရာတစ်ခုကို ရှေးဦးမူလ မျိုးနွယ်တွေထဲက တစ်ခုကို ပေးသင့်ပြီး ကဏ္ဍတစ်ခုရဲ့ နေရာအများအပြားကိုလည်း ပေးသင့်တယ်"
"တကယ်လို့ ဒီလို ကဏ္ဍအလိုက် ခွဲခြားမှုကို အသုံးပြုမယ်ဆိုရင် ကျုပ်တို့ မဟာမိတ်က နေရာတစ်ဝက်ကို ရဦးမှာလား"
"ရမှာပေါ့။ ပြီးတော့ ခင်ဗျားတို့က ကဏ္ဍတစ်ခုတည်းမှာ အာရုံစိုက်မလား ဒါမှမဟုတ် အားလုံးမှာ ဖြန့်ထားမလားဆိုတာ ရွေးချယ်နိုင်တယ်" ယန်းရှစ်ရုန်က ခေါင်းညိတ်ပြသည်။
"ဒါဆိုရင်တော့ ကျုပ်တို့အတွက် အဆင်ပြေပါတယ်"
ထို့နောက် လူတိုင်း၏ အကြည့်များသည် ယင်ကျန်းထံသို့ ရောက်သွားကြသည်။ ထိပ်သီးအာဏာရှင်များသည် ယင်ကျန်း၏ ထူးကဲသာလွန်လမ်းစဉ်မှာ ကောင်းကင်၊ မြေကြီးနှင့် လူသား ဟူသော နေရာသုံးခုနှင့် သက်ဆိုင်နေကြောင်း တွက်ချက်မိထားကြသည်။ ထို့ကြောင့် သူ့ကို ဆန့်ကျင်ရန် ရည်ရွယ်ထားသော ထိုနည်းလမ်းကို သူ လက်ခံနိုင်ပါ့မလား။
"ကျုပ်တို့ ခုံရုံးအနေနဲ့ နေရာတစ်ခုတည်းကို တောင်းဆိုထားပြီးတော့ အကြီးမားဆုံး လိုက်လျောမှုကို လုပ်ဆောင်ခဲ့ပြီးပါပြီ" ယင်ကျန်းက မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။
"ဒါပေမဲ့ ကောင်းကင်ဧကရာဇ် တစ်ယောက်အနေနဲ့ ခင်ဗျားက အရင်းအမြစ် ဟွင်သွမ်းကမ္ဘာတစ်ခုလုံးရဲ့ ဗဟိုချက် ဖြစ်လာလိမ့်မယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး" ယန်းရှစ်ရုန်က ဆက်ပြောသည်။
"ဒီလိုမျိုး ကောင်းချီးမင်္ဂလာကို ဘယ်သူမှ တစ်ယောက်တည်း မထိန်းချုပ်သင့်ဘူး"
ယင်ကျန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောလိုက်သည်။
"ကောင်းပါပြီ။ ကျုပ် လိုက်လျောပါ့မယ်"
သို့သော် သူ စိတ်မကြည်မလင် ဖြစ်နေသည်မှာ သိသာလှသည်။
"ခင်ဗျားက တကယ့် သရုပ်ဆောင်ကောင်းပဲ" ဝမ်ဝေ့က ဤအခန်းအတွင်း၌သာ ကြားနိုင်မည့် အသံဖြင့် ပြောလိုက်သည်။
"ဒါက သူ့ကို ထိခိုက်မှု မရှိဘူးလို့ ခင်ဗျား ပြောချင်တာလား"
"ပုံပြင်တွေနဲ့ ဒဏ္ဍာရီအများစုမှာ ဟုန်ကျွင်းရဲ့ ဆွဲသီးက မိုးမြေရဲ့ အခြေခံနိယာမတွေကို မှတ်တမ်းတင်ပေးနိုင်တဲ့ အာနိသင်ရှိတယ်" ဝမ်ဝေ့က လှောင်ပြောင်ပြောဆိုလိုက်သည်။
"ယင်ကျန်းက ကောင်းကင်ဧကရာဇ် ဖြစ်လာသရွေ့ အဲဒီဆွဲသီးက သူ့ရဲ့ ထူးကဲသာလွန်တဲ့ အစိတ်အပိုင်းအတွက် လိုအပ်တဲ့ အသိပညာနဲ့ လျှို့ဝှက်ချက်အားလုံးကို မှတ်တမ်းတင်ပေးသွားမှာပဲ"
"အခု ဘာဆက်လုပ်ကြမလဲ" ယန်းရှစ်ရုန်က မေးသည်။
"ဒါက ပြီးသွားပြီ" ချီယွမ်က တည်ငြိမ်စွာ ပြောသည်။ သူတို့အနေဖြင့် အခြားသူများကို ယင်ကျန်း၏ ခြိမ်းခြောက်မှုအကြောင်း နားချရန် ကြိုးစားနိုင်သော်လည်း ၎င်းမှာ ဆွဲသီးနှင့် ဇစ်မြစ်အကြောင်း သတင်းအချက်အလက်များကို ထုတ်ဖော်ပြသရမည် ဖြစ်သည်။
သို့သော် သူတို့ ထုတ်ပြောလျှင်ပင် လူအများစုက ယုံကြည်ကြမည် မဟုတ်သလို၊ ယုံကြည်လျှင်ပင် ယင်ကျန်း နောင်တစ်ချိန်တွင် ထူးကဲသာလွန်သူ ဖြစ်လာနိုင်ချေရှိသည်ဟူသော အနာဂတ်အတွက် လက်ရှိရရှိနေသည့် အကျိုးကျေးဇူးများကို မည်သူက စွန့်လွှတ်ချင်ပါမည်နည်း။
မျက်မှောက်ရှိ ခေါင်းဆောင်အားလုံးမှာ သူတို့၏ ပါရမီနှင့် စွမ်းရည်အပေါ် ယုံကြည်မှု ရှိလွန်း၍သာ ဤအဆင့်သို့ ရောက်ရှိလာကြသူများ ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ယင်ကျန်းက အသာစီး အနည်းငယ် ရနေသည်မှာ ဘာမျှမဟုတ်ဟု ထင်နေကြသည်။
ဝမ်ဝေ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ လက်ခနဲ ဖြစ်သွားသည်။ သူသည် ဤအကွက်တွင် ရှုံးနိမ့်သွားခဲ့သော်လည်း ကစားပွဲက စတင်ကာ ရှိသေးသည်။ သူက စက္ကန့်အနည်းငယ်မျှ စဉ်းစားကာ အကြံထုတ်လိုက်သည်။
"ခင်ဗျားတို့ တိုင်းပြည်မဟာမိတ် ခေါင်းဆောင် ချောင်စီချုန်းအကြောင်း ဘာတွေသိထားကြလဲ"