အခန်း (၁၅၇၁-၁၅၇၂)
Vol. 113 Ch. 1571-1572
အခန်း (၁၅၇၁) : ဖုံးကွယ်ထားသော ခြိမ်းခြောက်မှု
"ချောင်စီချုန်းလား... သူကတော့ မင်းတို့ပြောလေ့ရှိတဲ့ ထင်ပေါ်ကျော်ကြားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူမျိုးပေါ့" ချီယွမ်က မှတ်ချက်ပေးလိုက်သည်။
"အရမ်းကို သဘောကျစရာကောင်းပြီး ဆွဲဆောင်မှုရှိတယ်... ဒါကြောင့်လည်း ချင်တိုင်းပြည်ရဲ့ အာဏာကို ဖိနှိပ်ဖို့နဲ့ မဟာမိတ်အဖွဲ့ကို ဦးဆောင်ဖို့ သူ့ကို ရွေးချယ်ခဲ့ကြတာပေါ့။ သူ့ရဲ့ အသွင်အပြင်နဲ့မတူဘဲ သူက တကယ်တော့ အလွန်ပါးနပ်တဲ့သူတစ်ယောက်ပဲ။ သူက ရုပ်သေးရုပ်သက်သက်ပဲ ဖြစ်သင့်တာကို အာဏာတွေကို စုစည်းပြီး ချင်တိုင်းပြည်နဲ့ ပူးပေါင်းနိုင်ခြေကို အသုံးချရင်း ငါတို့ရဲ့ ခြိမ်းခြောက်မှုကို ပြန်လည်ခုခံပြီးတော့ အင်အားစုများစွာရဲ့ လက်ခုပ်ထဲကနေ အောင်မြင်စွာ ရုန်းထွက်နိုင်ခဲ့တယ်"
"သူက ထိန်းချုပ်မရအောင် ဖြစ်လာတယ်ဆိုမှတော့ ခင်ဗျားတို့တွေ သူ့ကို ဖယ်ရှားဖို့ မကြိုးစားကြဘူးလား" ဝမ်ဝေ့က မေးလိုက်သည်။
"ကြိုးစားခဲ့တာပေါ့... ဒါပေမဲ့ အစီအစဉ် မစခင်မှာတင် သူက မဟာမိတ်အဖွဲ့ကို ချင်တိုင်းပြည် နယ်နိမိတ်နဲ့ ကပ်လျက် နယ်မြေဆီ ရွှေ့လိုက်တယ်" ချီယွမ်က ပြန်ဖြေသည်။
"သူ့ရဲ့ လုပ်ရပ်က သူ့အနေနဲ့ ချင်သူတော်စင်ခုံရုံးကို ရင်ဆိုင်ဖို့ အသင့်ရှိသလို အချိန်မရွေးလည်း သူတို့နဲ့ ပူးပေါင်းနိုင်တယ်ဆိုတာကို ပြလိုက်တာပဲ"
"သူက အရည်အချင်းရှိတဲ့သူပဲ" ဝမ်ဝေ့က တိုးတိုးလေး ရေရွတ်လိုက်သည်။
"မင်း ဘာတွေ ကြံစည်နေတာလဲ" ယန်းအိုက်က မေးသည်။
ဝမ်ဝေ့က ချက်ချင်း အဖြေမပေးဘဲ သူတို့ကို သူ၏ ဝိညာဉ်ကွန်ရက်ထဲ ဖိတ်ခေါ်လိုက်သည်။
"သူက ယင်ကျန်းရဲ့ ဝိဇ္ဇာဧကရာဇ်လမ်းစဉ်ကို စိတ်ဝင်စားမယ်လို့ ထင်လား" သူက မေးလိုက်သည်။
"မင်းရဲ့ လူသားဧကရာဇ် ရာထူးကို သူ့ကို ပေးချင်လို့လား" ချီယွမ်က မေးသည်။
"ပေးမှာ မဟုတ်ဘူး... တန်ဖိုးတစ်ခုနဲ့ ရောင်းမယ်။ မဟုတ်ဘူး... ငှားပေးမယ်လို့ ပြောရမလားပဲ" ဝမ်ဝေ့က ဖြေလိုက်သည်။ အုတ်မြစ်တိုင်လုံးများအကြောင်း မေတ္တယျ ပြောခဲ့သည်များကို သတိရသွားပြီးနောက် သူက ရောင်းရန် စိတ်ကူးကို ပြန်ပြင်လိုက်ခြင်း ဖြစ်၏။
"ဒါပေမဲ့ ကျွန်တော်ရဲ့ တကယ့်ရည်ရွယ်ချက်က သူ့ကို ထူးကဲသာလွန်သူ ဖြစ်လာအောင် အခွင့်အရေးပေးဖို့ မဟုတ်ဘူး။ ယင်ကျန်းကို မျှားခေါ်ထုတ်နိုင်မလားဆိုတာ ကြည့်ဖို့ပဲ"
"ချောင်စီချုန်း အဲဒီဘွဲ့ထူးကို ရထားတာ မြင်ရင် ဒါက မင်းလက်ချက်ဆိုတာ သူ ချက်ချင်း သိသွားမှာပေါ့"
ချီယွမ်က ပြောသည်။
"ဒါပေမဲ့ ကောင်းမွန်တဲ့ ထောင်ချောက်တစ်ခုဆိုတာ ထောင်ချောက်မှန်း သိသိကြီးနဲ့တောင် လူကို မျှားခေါ်နိုင်စွမ်း ရှိပါတယ်။ စမ်းကြည့်ရကျိုး နပ်ပါတယ်"
ဤအစည်းအဝေးသို့ တက်ရောက်လာသူတိုင်းသည် အစွမ်းထက်သူများဖြစ်သဖြင့် အလုပ်များစွာကို တစ်ပြိုင်နက် လုပ်ဆောင်ရန် ပြဿနာ မဟုတ်ပေ။ ထို့ကြောင့် ဝမ်ဝေ့က ယင်ကျန်းနှင့် ချောင်စီချုန်းတို့ကို ဆန့်ကျင်ရန် ကြံစည်နေစဉ်မှာပင် ညှိနှိုင်းမှုများက ဆက်လက် ဖြစ်ပေါ်နေသည်။
"ငါတို့ရဲ့ ရာထူးက ဘာအဓိပ္ပာယ်လဲ" နတ်ဘုရားရှန်ထျန်းက မေးလိုက်သည်။ ယင်ကျန်းက သူ၏ အဆိုပြုချက်တွင် အသေးစိတ် မပြောသော်လည်း ဤနေရာရှိ လူတိုင်းသည် ကောင်းကင်ခုံရုံး၏ လုပ်ဆောင်ချက်များ အပါအဝင် ဒိုင်မေးရှင်းအနိမ့်ပိုင်းရှိ အပြောင်းအလဲများကို သိရှိကြသည်။
ဥပမာအားဖြင့် လေဟာနယ်နတ်ဘုရား ရာထူးရှိသူများသည် ဒိုင်မေးရှင်းအနိမ့်ရှိ ဟင်းလင်းပြင် အက်ကြောင်းများကို ကုစားရန် တာဝန်ရှိမည်ဖြစ်သည်။ မြေကမ္ဘာနတ်ဘုရားသည် ငလျင် သို့မဟုတ် မီးတောင်ပေါက်ကွဲမှုများ၏ နောက်ဆက်တွဲများကို ဖြေရှင်းရမည် ဖြစ်သည်။ ယင်ကျန်း၏ စကားအရ ဤခုံရုံးသည်လည်း ထိုနည်းအတိုင်း လုပ်ဆောင်ရမည် ဖြစ်သည်။ သို့သော် သူက ကပ်ဘေးကယ်ဆယ်ရေးကို အံ့ဖွယ်ယုံကြည်မှုဘုံဆီ တာဝန်ပေးကာ ကမ်းလှမ်းထားသည်။
ယင်ကျန်းက သူတို့ရှိရာ အခန်းကို ကြည့်လိုက်ရာ သူ့စိတ်ထဲတွင် စိတ်ပျက်မှု အနည်းငယ် ဖြတ်ပြေးသွားသည်။ ကပ်ဘေးကယ်ဆယ်ရေးဌာနသည် သူ၏ မူလအစီအစဉ်တွင် မပါဝင်ခဲ့ပေ။ အံ့ဖွယ်ယုံကြည်မှုဘုံကို ရှင်သန်ရေးရေကန်ဌာန၌ ထိန်းချုပ်ကွပ်ကဲဖို့ရာ ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ စစ်သည်များနှင့် စစ်သူကြီးများအားလုံးသည် သူတို့၏ တာအိုအမှတ်အသားကို ထိုဌာနသို့ လွှဲပြောင်းပေးရမည် ဖြစ်သည်။ သူတို့ တိုက်ပွဲတွင် သေဆုံးသွားပါက ရှင်သန်ရေးရေကန်ဌာနက အရင်းအမြစ် စီမံခန့်ခွဲမှုဌာနမှ ကမ္ဘာ့မူလအရင်းအမြစ်ကို အသုံးပြု၍ ကျဆုံးသွားသော စစ်သည်များကို ချက်ချင်း ပြန်လည် အသက်သွင်းပေးမည် ဖြစ်သည်။
ထိုဌာနကို မသေမျိုး မဟုတ်သော ကျင့်ကြံသူများနှင့် သာမန်လူသားများအထိပါ ပျံ့နှံ့စေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်၏။ ယင်ကျန်းက ၎င်းတို့ကို အသုံးပြု၍ မြေကမ္ဘာဧကရာဇ် ရာထူးကို လှမ်းကြည့်ရန် စီစဉ်ထားခဲ့သည်။ ကံမကောင်းစွာဖြင့် အစကတည်းက အရာရာ လွဲချော်ခဲ့ရသည်။
ပထမဆုံးအနေဖြင့် ဧကရာဇ်ခုံက သာမန်လူသားများကို ရွှေ့ပြောင်းရန် အကြံပြုခဲ့သဖြင့် လူအများအပြား သေဆုံးမည့်ကိစ္စနှင့် သူတို့၏ ဝိညာဉ်များကို ကယ်တင်ရန် လိုအပ်ချက်မှာ လျော့နည်းသွားခဲ့သည်။
ထို့နောက်တွင် သံသရာမျက်လုံး ပေါ်ပေါက်လာခဲ့သည်။ ယင်ကျန်းသည် ခုံ၏ လုပ်ရပ်ကို လျစ်လျူရှုနိုင်သော်လည်း သံသရာမျက်လုံးကဲ့သို့ ပြင်းထန်သော အပြောင်းအလဲတစ်ခုကိုမူ လျစ်လျူမရှုနိုင်ပေ။ ထို့ကြောင့် သူက အံ့ဖွယ်ယုံကြည်မှုဘုံအတွက် ကပ်ဘေးကယ်ဆယ်ရေးဌာနကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။
ယင်ကျန်းက ဤမေးခွန်းကို မည်သို့ တုံ့ပြန်ရမလဲဟု စဉ်းစားလိုက်သည်။ သူက လူတိုင်း၏ ထောက်ခံမှုကို မလိုဘဲ အများစု၏ ထောက်ခံမှုသာ လိုအပ်သဖြင့် သူတို့ကို ရိုင်းရိုင်းစိုင်းစိုင်း လျစ်လျူရှုထားနိုင်သော်လည်း မှန်ကန်သော စကားလုံးများဖြင့် ထောက်ခံမှု စုဆောင်းခြင်းက ပိုကောင်းပေမည်။
"မင်းတို့ တစ်ခုခု မပြောရင်တောင် ငါကိုယ်တိုင် ပြောမလို့ လုပ်နေတာပါ" ယင်ကျန်းက ဆိုသည်။
"မင်းတို့ဌာနက အရေးအကြီးဆုံးတွေထဲက တစ်ခု ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ အတွေးကတော့ နတ်ဘုရားရာထူးတွေဟာ ကောင်းကင်တာအိုရဲ့ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုး အချို့ကိုပဲ သက်သာစေတာပါ။ တစ်ချိန်တည်းမှာပဲ မင်းတို့ဌာနက အလုပ်အားလုံးကို လုပ်ရမှာ ဖြစ်တဲ့အတွက် ကုသိုလ်အများဆုံး ရရှိမှာလည်း မင်းတို့ပဲ ဖြစ်လိမ့်မယ်"
"နေဦး... ဒါက အရာအားလုံးကို ပြောင်းလဲသွားစေတာပဲ" တစ်စုံတစ်ယောက်က မှတ်ချက်ပေးသည်။
"မှန်တယ်" ယင်ကျန်းက ခေါင်းညိတ်ပြသည်။
"ကပ်ဘေးကယ်ဆယ်ရေးဌာနရဲ့ အကြီးအကဲက အံ့ဖွယ်ယုံကြည်မှုဘုံက ဖြစ်မှာဖြစ်ပေမဲ့ အဖွဲ့ဝင်တွေကိုတော့ အားလုံးထဲကနေ ရွေးချယ်မှာဖြစ်ပြီး လက်ရွေးစင်တွေပဲ ဝင်ခွင့်ရမှာပါ"
"မင်း ဘာတွေ ပြောနေတာလဲ"
"မင်းတို့ အခြေအနေကို အသားမကျသေးဘူးလား" ယင်ကျန်းက တည်ငြိမ်စွာ မေးလိုက်သည်။
"ဒီစစ်ပွဲက ငါတို့ရဲ့ အိမ်ကွင်းမှာ ဖြစ်မှာ။ စံပြအဆင့်တွေ၊ ရှေးဦးမူလတွေနဲ့ ဝိဇ္ဇာတွေတောင် တိုက်ခိုက်ကြမှာ။ ဘယ်လောက်အထိ ပျက်စီးသွားမလဲဆိုတာ မင်းတို့ မြင်ယောင်ကြည့်နိုင်လား။ အဲဒီနောက်မှာ ကမ္ဘာကြီးကို ပြန်လည်ကုသဖို့ ကပ်ဘေးကယ်ဆယ်ရေးဌာနမှာ အတော်ဆုံးအဖွဲ့တစ်ဖွဲ့ လိုအပ်လာလိမ့်မယ်"
ယင်ကျန်း၏ စကားများသည် မကြာမီ ကျရောက်တော့မည့် ကပ်ဘေး၏ ခြိမ်းခြောက်မှုအဆင့်နှင့် ကပ်ဘေးကယ်ဆယ်ရေးဌာန၏ အရေးပါမှုကို သတိပေးလိုက်ခြင်း ဖြစ်သည်။
"ဒါက ဘာအဓိပ္ပာယ်လဲ" ရှန်ထျန်းက လှောင်ပြောင်သည်။
"ဒီဌာနက ငါတို့အပိုင်လို့ ပြောပြီးတော့ အခုကျ နေရာတစ်ခုပဲ ရတာတဲ့လား။ မင်း ပြောတဲ့စကားတွေကို သေချာမတွေးထားဘူးလို့ ထင်တယ်"
“ငါ သေချာရှင်းအောင် မပြောလိုက်မိတာ ငါ့အမှားပါ။ အဲအတွက် တောင်းပန်ပါတယ်” ယင်ကျန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“စကားလုံးတွေမှာ အဓိပ္ပါယ်ဆိုတာရှိတယ် လူသားဧကရာဇ်” ရှန်ထျန်းက ထပ်ပြောလိုက်သည်။
“ ဒီဌာနက ငါတို့အပိုင်လို့ ပြောထားမှတော့ ငါတို့အတွက်ပဲ ဖြစ်လာသင့်တယ်”
"မင်းမှာ ဒီလို တာဝန်မျိုးကို ထမ်းဆောင်နိုင်စွမ်း ရှိတယ်လို့ ထင်နေတာလား" အသင်္ချေဂိုဏ်းမဟာမိတ်က လှောင်ပြောင်လိုက်သည်။
"မင်းပြောတာလည်း အချက်ကျပါတယ်" ရှန်ထျန်းက ပြောလိုက်ရာ ရုတ်တရက် ဤအပြောင်းအလဲကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။ သို့သော် သူ၏ နောက်ထပ်စကားကို ကြားရသည်နှင့် ဤကောင်စုတ် ဘာကြံစည်နေသည်ကို သူတို့ နားလည်သွားကြသည်။
"ဒီလိုဌာနမျိုးကို ဝိဇ္ဇာတွေရဲ့ စွမ်းအားကို ကိုင်တွယ်နိုင်တဲ့ ဗုဒ္ဓဘာသာကပဲ ထိန်းချုပ်သင့်တာပါ။ ဒီလိုဆိုရင်ရော ... ငါတို့ဘာသာကို တတိယမြောက် တရားဝင် ဘာသာဖြစ်လာစေဖို့အတွက် ငါတို့ရဲ့ ဌာနကို လဲလှယ်ပေးဖို့ ဆန္ဒရှိတယ်"
အခန်းထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မဟာမိတ်အဖွဲ့မှ တစ်စုံတစ်ယောက်က အခြေအနေကို ပေါက်ကွဲစေခဲ့သည်။
"ကောင်စုတ် … တတိယမြောက် တရားဝင်ဘာသာ ရှိလာမယ်ဆိုရင် အဲဒါက ငါတို့ရဲ့ စာပေလမ်းစဉ်ပဲ ဖြစ်ရမယ်။ ဝိညာဉ် ကပ်ပါးကောင်တစ်သိုက်ရဲ့ အလှည့်က ဘယ်တုန်းက ဖြစ်သွားတာလဲ"
"မင်း ဘာပြောလိုက်တာလဲ" ရှန်ထျန်းက မေးသည်။
"ငါ စကားထစ်နေလို့လား" ဝိဇ္ဇာဖန်က ပြန်ပြောသည်။
"မင်း တိုက်ချင်တာလား... ငါကတော့ မင်းကိုရော မင်းရဲ့ မဟာမိတ်အဖွဲ့ကိုရော မကြောက်ဘူး" ရှန်ထျန်းက ဟိန်းဟောက်လိုက်သည်။
"မင်း အချိန်မရွေးသာ လာခဲ့လိုက်"
"အမိန့်" ယင်ကျန်းက အော်ဟစ်လိုက်ပြီး နန်းတော်အတွင်းရှိ အသံနှင့် အရှိန်အဝါများကို သီးခြားခွဲထုတ်သည့် အစီအရင်များကို အသက်သွင်းလိုက်သည်။
"ငါတို့ ဒါကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးလို့ ရပါတယ်။ ရန်ဖြစ်နေဖို့ မလိုဘူး"
……………
တာအိုအခွင့်အလမ်းဂိုဏ်း၏ အခန်းထဲတွင်
ဝမ်ဝေ့က အတွေးနက်နေသည်။ သူ့အနေနှင့် လူရိုင်းမျိုးနွယ်ထံ ချောင်စီချုန်းနှင့် တိုင်းပြည်မဟာမိတ်အဖွဲ့အား ဧကရာဇ် ရာထူးတစ်ခုအတွက် ထောက်ခံလာအောင် မည်သို့ ဆွဲဆောင်ရမည်ကို စဉ်းစားနေခြင်း ဖြစ်၏။ စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် သူက မုန့်ခယ်နှင့် တုကွန်းတို့ကို ဆက်သွယ်လိုက်ရာ သူတို့က ဝမ်ဝေ့ကို သူတို့၏ ရှေးဦးမူလနှင့် မိတ်ဆက်ပေးခဲ့သည်။
ညှိနှိုင်းမှုမှာ စက္ကန့်အနည်းငယ်သာ ကြာမြင့်ခဲ့ပြီး ဝမ်ဝေ့က ထိုသူကို ခန္ဓာကိုယ်သာလွန်ခြင်းအဆင့် အောင်မြင်ရန် အချက်အလက်များ ပေးမည်ဟု ကတိပေးကာ အောင်မြင်ခဲ့သည်။ ထိုအရာသည် ပြည့်စုံသော နည်းစနစ်တစ်ခု မဟုတ်သော်လည်း စတင်ရန်အတွက်မူ လုံလောက်ပေသည်။ လူအများစုမှာ စိတ်ကူးသာရှိပြီး လက်တွေ့အကောင်အထည်ဖော်ရန် လမ်းစ မရှိကြသဖြင့် ၎င်းမှာ ကြီးမားသော အားသာချက်တစ်ခု ဖြစ်နေသည်။
"ဟင်" လူတိုင်း၏ အကြည့်က ချီယွမ်ထံသို့ ရောက်သွားကြသည်။
"ဘာဖြစ်လို့လဲ" ယန်းအိုက်က မေးသည်။
"မေတ္တယျက လူတိုင်းနဲ့ စကားပြောချင်နေတယ်"
"နောက်ဆုံးတော့ သူ လှုပ်ရှားလာပြီပေါ့"
"ငါနဲ့အတူ အစည်းအဝေး တက်ချင်တဲ့သူ ရှိလား"
ယန်းအိုက်တစ်ဦးတည်းသာ လက်ခံခဲ့သည်။ သတိပေးချက်အရ မေတ္တယျသည် ဤခုံရုံးအပေါ် မည်သို့ သဘောထားသည်ကို ဝမ်ဝေ့ သိထားပြီးဖြစ်သဖြင့် ပါဝင်ရန် အဓိပ္ပာယ်မရှိပေ။ ထို့အစား သူက သူ့သတို့သမီးလောင်းကို ဆက်သွယ်လိုက်သည်။
"မင်း ငြိမ်နေတာကြာပြီ"
"ပြောစရာ မရှိလို့ပါ။ ကျွန်မတို့ ရရှိတဲ့ ရာထူးအတွက် အဆင်ပြေပါတယ်" ဝူဟုန်က ပြောသည်။
"မင်း ဒီထက်ပိုပြီး လောဘကြီးသင့်တယ်" ဝမ်ဝေ့က ဆိုသည်။
"ခုံရုံးရဲ့ အစီအရင်ရော၊ အဆောင်တွေကိုပါ တာဝန်ယူဖို့ မင်း တောင်းဆိုသင့်တာ။ မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် ယင်ကျန်းက အဖွဲ့အစည်းဆီကနေ အဲဒီတာဝန်ကို ရုတ်သိမ်းပြီး ပေးမှာပဲ"
"ကျွန်မ အဲဒါကို စဉ်းစားပြီး အဖွဲ့အစည်းကို ခြိမ်းခြောက်ပြီးပြီ။ ကျွန်မ ပါးစပ်ပိတ်ထားဖို့နဲ့ သူတို့ဆီက အာဏာတွေ ထပ်မယူဖို့ သူတို့က ကျွန်မကို ကောင်းကောင်း တောင်းဆိုထားကြတယ်" ဝူဟုန်က ပြန်ဖြေသည်။
"အဲဒါ ငါ့ရဲ့..."
"ဟင်... ရှင် အဲဒါကို သတိထားမိလား"
"ဘာကိုလဲ"
"နေဦး" ဝူဟုန်က ပြောပြီး မိနစ်အနည်းငယ်ကြာမှ ပြန်ပြောသည်။
"အပြင်ဘက်ကို ကြည့်လိုက်"
ဝမ်ဝေ့က သူ၏ အမြင်အာရုံဖြင့် နံရံကို ဖောက်ကြည့်လိုက်ရာ အပြင်ဘက်တွင် ဘာတွေ ဖြစ်ပျက်နေသည်ကို မြင်လိုက်ရသည်။ ရှေးဟောင်းနဂါးမြို့တော်ကို ဝန်းရံထားသော မြင့်မားသည့် ကျောက်တံတိုင်းကြီးကို သူ မြင်လိုက်ရသည်။
"ဒါက မဟာတံတိုင်းလား... ဘာလို့ ငါ့ရဲ့ အန္တရာယ်အာရုံက ဘုရားကျောင်း ခေါင်းလောင်းတွေထက်တောင် ပိုကျယ်လောင်နေရတာလဲ။ ပြီးတော့ အဲဒီ အရှိန်အဝါက... အဲဒါ ထူးကဲသာလွန်ခြင်း စွမ်းအားပဲ"
ပုံကြမ်းလေ့လာစောင့်ကြည့်ရေး နည်းစနစ်သည် သက်ရှိများပေါ်တွင်သာ အလုပ်လုပ်သော်လည်း ဝမ်ဝေ့က ၎င်းကို အခြေခံ၍ ထူးကဲသာလွန် အဆင့်ရှိသော အရှိန်အဝါ သို့မဟုတ် စွမ်းအားများကို ထောက်လှမ်းနိုင်သည့် ကိုယ်ပိုင်နည်းစနစ်တစ်ခုကို ဖန်တီးခဲ့သည်။
"မဟာတံတိုင်းနဲ့ ချင်တိုင်းပြည်ရဲ့ ကံတရားကို ထူးကဲသာလွန်စွမ်းအားတွေ စီးဆင်းစေဖို့ အစီအရင်တစ်ခုအနေနဲ့ အသုံးပြုထားတာပဲ" ဝူဟုန်က မှတ်ချက်ပေးသည်။
"ဒီကောင်စုတ်က လူတိုင်းကို သတ်ချင်နေတာလား... မဟုတ်ဘူး။ လူတိုင်းကို သတ်ဖို့ဆိုတာ အဓိပ္ပာယ်မရှိဘူး"
"သူက ကောင်းကင်ခုံရုံးကို တည်ထောင်ပြီး ကောင်းကင်ဧကရာဇ် ရာထူးကို သူ ရတဲ့အထိ လူတိုင်းကို ဓားစာခံအဖြစ် ဖမ်းထားချင်တာ ဖြစ်နိုင်တယ်"
"သူက တကယ့်ကို သတ္တိခဲပဲ။ ကိုယ် ဒါကို အသိအမှတ်ပြုပါတယ်" ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်သည်။
"အခြေအနေက အရေးကြီးလာရင် မင်း တစ်ခုခု လုပ်ပေးနိုင်မလား"
"မလုပ်နိုင်ဘူး"
"မင်းရဲ့ စည်းတံဆိပ်တွေကို သုံးရင်တောင်မှလား"
"အဲဒါ ဖြစ်နိုင်ရင်တောင် အသုံးမဝင်ဘူး" ဝူဟုန်က ခေါင်းခါပြသည်။ ယခု သူတို့က ချင်တိုင်းပြည်၏ ဗဟိုချက်သို့ ရောက်နေသဖြင့် ယင်ကျန်းက အစွမ်းထက်ဆုံး အခြေအနေတွင် ရှိနေပေလိမ့်မည်။
"မေတ္တယျရော ... သူ တစ်ခုခု လုပ်နိုင်မယ် ထင်လား"
"ကျွန်မလည်း မသိဘူး" ဝူဟုန်က ရိုးရိုးသားသား ပြန်ဖြေသည်။
ဝမ်ဝေ့က သက်ပြင်းအရှည်ကြီး ချလိုက်သည်။ ဤကဲ့သို့ ဘာမှမတတ်နိုင်သည့် ကူကယ်ရာမဲ့ ခံစားချက်မျိုးကို သူ အလွန် မုန်းတီးလှသည်။
အခန်း (၁၅၇၂) : ချောင်စီချုန်း
"ရော့... ဒါ မင်းအတွက်" ဝမ်ဝေ့က ပြောရင်း အိတ်ငယ်လေးတစ်အိတ်ကို သူမထံ ပေးလိုက်သည်။
"ဒါက ဘာလဲ"
"ကိုယ့်ရဲ့ ကုသိုလ်တွေလေ" ဝမ်ဝေ့က ပြန်ဖြေသည်။
"ကိုယ့်ကုသိုလ်ရဲ့ ၂၀% ကိုပဲ သုံးစွဲခွင့်ရမှာဆိုတော့ အဲဒါတွေကို မင်းကိုပေးလိုက်တာ ပိုကောင်းမယ်လို့ တွေးမိလို့ပါ။ ဒါမှ မင်း အမြန်ဆုံး သူတော်စင်အဆင့် တက်လှမ်းနိုင်ပြီး ကိုယ့်ကို ကာကွယ်ပေးနိုင်မှာပေါ့"
"အင်း... ရှင်က တော်တော်လေး စိတ်ကောင်းရှိတာပဲ" ဝူဟုန်က ပြုံးလိုက်သည်။
"ဒါပေမဲ့ မလိုပါဘူး"
အိတ်ကလေးမှာ ဝမ်ဝေ့၏ လက်ထဲသို့ ပြန်လည်ရောက်ရှိသွားသည်။
"ဘာလို့လဲ"
"ကျွန်မနောက်မှာ ဂိုဏ်းတစ်ခုလုံးရဲ့ ထောက်ပံ့မှု ရှိနေတာပဲ။ ဒါကြောင့် ကျွန်မအတွက် ထပ်ပြီး ကုသိုလ်တွေ မလိုတော့ဘူး" ဝူဟုန်က ဆိုသည်။
"ပြီးတော့ ရှင့်မှာ ၂၀% ပဲ ရှိရင်တောင် ရှင့်ကို ကူညီပေးနိုင်မဲ့ အရာတွေ အများကြီး ဝယ်နိုင်မှာပါ"
"ကောင်းပြီလေ" ဝမ်ဝေ့ ခေါင်းညိတ်လိုက်သည်။
"ကြည့်ရတာ ကိုယ် သွားရတော့မယ် ထင်တယ်"
"ဘာဖြစ်လို့လဲ"
"လူရိုင်းမျိုးနွယ်စုက ကိုယ့်ကို ချောင်စီချုန်းနဲ့ မိတ်ဆက်ပေးတော့မလို့"
"ရှင် တစ်ခုခု ထပ်ပြီး ကြံစည်နေပြန်ပြီမလား"
"နောက်မှ ပြောပြမယ်"
ဝမ်ဝေ့က ပြောပြီးနောက် အစည်းအဝေးအတွက် ဝိညာဉ်နယ်ပယ်အတွင်းသို့ ဝင်ရောက်သွားသည်။ အဝါရောင်နှင့် အနက်ရောင် ရောယှက်နေသော နဂါးဝတ်ရုံကို ဆင်မြန်းထားပြီး ဗိုက်ရွှဲရွှဲ၊ နှုတ်ခမ်းထက်တွင် စူးရှသော နှုတ်ခမ်းမွှေး ပါးပါးနှင့် လက်တစ်ဆုပ်စာခန့်ရှိသော မုတ်ဆိတ်မွှေးရှိသည့် အမျိုးသားတစ်ဦးကို သူ မြင်လိုက်ရသည်။
"ကမ္ဘာကြီးရဲ့ တောက်ပလာမဲ့ ကြယ်ပွင့်လေးပါ့လား"
ချောင်စီချုန်းက ဝမ်ဝေ့ထံသို့ ချဉ်းကပ်ရင်း ပြုံးကာ နှုတ်ဆက်လာသည်။ သူက ဝမ်ဝေ့၏ ပခုံးကို ဖက်ကာ ဝိညာဉ်နယ်ပယ်အတွင်းရှိ စားပွဲတစ်ခုဆီ ခေါ်ဆောင်သွားသည်။
"မင်းနဲ့ တွေ့ချင်နေတာ ကြာပြီ။ ငါ့ရဲ့ အကြံပေးတွေက မင်းလုပ်ခဲ့တဲ့ အလုပ်တွေအကြောင်း လာသတင်းပို့တိုင်း ငါ အမြဲတမ်း စိတ်ဝင်စားနေခဲ့တာ။ ဒီလိုမျိုး တွေးတောနိုင်ဖို့ဆိုရင် ဘယ်လို ဦးနှောက်မျိုး ရှိရမလဲလို့တောင် အံ့သြမိတယ်"
ချောင်စီချုန်းသည် ဝိညာဉ်နယ်ပယ်အတွင်း၌ စားသောက်ပွဲကြီးတစ်ခုကို ဖန်တီးလိုက်သည်။
"ထိုင်ပါ ... စားရင်းသောက်ရင်း အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ဒါတွေက ဝိညာဉ်စွမ်းအားနဲ့ လုပ်ထားတာဆိုပေမဲ့ အရသာကတော့ ထူးကဲနေမှာ အသေအချာပဲ"
"ခင်ဗျားက ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းတတ်တဲ့သူလို့ ကြားထားတယ်။ ခင်ဗျားမှာ ကောင်းမွန်တဲ့ အရသာခံအာရုံ ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဝမ်ဝေ့က ဆိုသည်။
"ငါ့ရဲ့ အကြီးမားဆုံး ပါရမီတစ်ခုက ငါ့ရဲ့ အကန့်အသတ်ကို ငါ အမြဲသိနေတာပဲ" ချောင်စီချုန်းက ပြုံးလိုက်သည်။
"ဒါပေမဲ့ အစားအသောက်နဲ့ ပတ်သက်ရင်တော့ ငါ ဘယ်သူ့ကိုမှ မရှုံးဘူး။ မင်းရဲ့ ဘဝမှာ အကောင်းဆုံး အစားအစာကို အခု စားရတော့မယ်လို့ ငါ ရဲရဲကြီး အာမခံနိုင်တယ်"
"ကဲ... ကြည့်ကြသေးတာပေါ့" ဝမ်ဝေ့က ပြောရင်း နဂါးအသည်းတစ်လုပ်ကို မြည်းစမ်းလိုက်သည်။ ဤဟင်းလျာမှာ ကျင့်ကြံခြင်းလောကရှိ အဆင့်မြင့် ဟင်းလျာများ၏ စံနမူနာတစ်ခု ဖြစ်ပေသည်။
"ဘယ်လိုလဲ"
"ဒီအသည်းက မီးနဂါးရဲ့ အသည်းပဲ။ ဒါပေမဲ့ စားဖိုမှူးက ဆော့စ်လုပ်တဲ့နေရာမှာ ရေခဲနဂါးရဲ့ သွေးကို သုံးထားတာပဲ။ ယင်နဲ့ယန် သဘောတရားကို သုံးပြီး အရသာကို နောက်တစ်ဆင့် မြှင့်တင်ထားတာပဲ"
"မင်း နားလည်လိမ့်မယ်လို့ ငါ သိသားပဲ" ချောင်စီချုန်းက အားပါးတရ ပြုံးလိုက်သည်။
"ဒါပေမဲ့... ကျုပ် ဒီထက် ကောင်းတာ စားဖူးတယ်"
"မဖြစ်နိုင်တာ" ချောင်စီချုန်းက ငြင်းလိုက်သည်။ ဝမ်ဝေ့က နောက်ထပ် ဟင်းလျာတစ်ခုကို ထပ်မံ မြည်းစမ်းကြည့်ပြန်သည်။ ထိုအရာမှာ 'သွေးဦးချိုဆိတ်' ဟုခေါ်သော မိစ္ဆာ၏ အသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူ တစ်လုတ်စားလိုက်သောအခါ ဤဟင်းလျာမှာ နံစော်တိုဖူးနှင့် သဘောတရားချင်း ဆင်တူသည်ကို သိလိုက်သည်။ အနံ့က အာရုံခံစားမှုကို ချက်ချင်း တိုက်ခိုက်လာသဖြင့် ပထမဆုံးတစ်လုတ်မှာ အနည်းငယ် အဆင်မပြေဖြစ်စေသော်လည်း နောက်တွင်မူ ပြင်းထန်သော အရသာများ လိုက်ပါလာသည်။
အစားအသောက်များမှာ အမှန်တကယ် အရသာရှိလှသော်လည်း ဝမ်ဝေ့ကမူ သူ စားဖူးသမျှ အကောင်းဆုံးမဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းပင် ပြောဆိုနေခဲ့သည်။ နောက်ထပ် မိနစ် ၃၀ ခန့်တွင် သူသည် စားပွဲပေါ်ရှိ ဟင်းလျာတိုင်းကို မြည်းစမ်းပြီးနောက် ထိုဟင်းလျာများ၏ ထူးခြားချက်များကို မှတ်ချက်ပေးသည်။ သို့သော် အဆုံးသတ်တွင်မူ " ဒီထက် ကောင်းတာ စားဖူးတယ်" ဟူသော စကားဖြင့်သာ အဆုံးသတ်လေ့ရှိသည်။
တတိယမြောက် မှတ်ချက်ပေးပြီးနောက်တွင်မူ ချောင်စီချုန်း၏ မျက်နှာပေါ်မှ အမြဲတမ်းရှိနေသော အပြုံးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ဆယ်ကြိမ်မြောက် အရောက်တွင်မူ ထိုရှေးဦးမူလပုဂ္ဂိုလ်ကြီးသည် ဒေါသကို မပေါက်ကွဲအောင် အတော်လေး ထိန်းချုပ်နေရသည်။
"ဒါက ဘာအဓိပ္ပာယ်လဲ။ မင်း ငါ့ကို စော်ကားဖို့ လာတာလား"
"လူကြီးမင်းချောင်က ဒါကို သဘောမတူဘူး ထင်တယ်" ဝမ်ဝေ့က ပြုံးလိုက်သည်။
"ကျုပ် သက်သေပြရင်ရော ဘယ်လိုလဲ" သူက လက်ကို ဝှေ့ယမ်းလိုက်ရာ စားပွဲပေါ်ရှိ ဟင်းလျာများမှာ သူ၏ အနာဂတ်ဇနီးလောင်း ပြုလုပ်ပေးထားသော ဟင်းလျာများဖြင့် အစားထိုးသွားတော့သည်။
ချောင်စီချုန်းက စားပွဲပေါ်ရှိ ဟင်းလျာများကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။ သူက ဝမ်ဝေ့၏ နဂါးအသည်းကို ပထမဆုံး မြည်းစမ်းကြည့်လိုက်သည်။
"အို... ကောင်းကင်ဘုံပါလား" ချောင်စီချုန်း တစ်ယောက် မသိမသာ ညည်းညူလိုက်မိသည်။
"အရသာက အရမ်းကို သိပ်သည်းလွန်းတယ်"
သူ၏ လက်မှာ မရပ်မနားဘဲ တစ်လုတ်ပြီးတစ်လုတ် စားနေတော့သည်။
"စားဖိုမှူးက နဂါးငါးမျိုးရဲ့ အသည်းအရသာကို ပေါင်းစပ်ထားတာပဲ။ တစ်ခုချင်းစီက ဓာတ်ကြီးငါးပါးကို အခြေခံထားတာ။ မဟုတ်ဘူး... ဒီထက်ပိုတဲ့ အရသာတစ်ခု ရှိသေးတယ်"
"အသည်းက သစ်သားဓာတ်နဲ့ ဆက်စပ်နေတာ။ စားဖိုမှူးက အခြားနဂါးတွေရဲ့ အသည်းတွေကို အခြားဓာတ်လေးပါးအဖြစ် ပြောင်းလဲလိုက်ပြီးမှ သဘာဝသစ်သားဓာတ်ရှိတဲ့ အသည်းနဲ့ ပေါင်းစပ်လိုက်တာပဲ။ ဓာတ်ကြီးငါးပါးနဲ့ အရသာကြားမှာ ပြီးပြည့်စုံတဲ့ မျှခြေကို ရရှိသွားတာပဲ။ ဒါကို ဘယ်သူ လုပ်တာလဲ"
ချောင်စီချုန်းက ဝမ်ဝေ့ ပြန်ဖြေသည်ကိုပင် မစောင့်နိုင်ဘဲ စားပွဲပေါ်ရှိ ဟင်းလျာအားလုံးကို မြည်းစမ်းကြည့်တော့သည်။ သူသည် စိတ်အားထက်သန်စွာဖြင့် စားသောက်နေသည်။ နောက်ဆုံးတစ်လုတ်ကို စားပြီးနောက်တွင် ချောင်စီချုန်းက အသက်ပြင်းပြင်း ရှူလိုက်သည်။
"ငါကတော့ အချက်အပြုတ်တာအိုရဲ့ အထွတ်အထိပ်ကို ခံစားဖူးပြီလို့ ထင်နေတာ။ တကယ်တော့ ငါက ရေတွင်းထဲက ဖားတစ်ကောင် ဖြစ်နေတာပဲ"
သူက ဝမ်ဝေ့ကို တည့်တည့်ကြည့်လိုက်သည်။
"ငါ အမှန်အတိုင်း ပြောမယ်။ မင်းရဲ့ စားဖိုမှူးကို ရဖို့အတွက် ငါ ကုသိုလ်တိမ်တိုက်အထိ ပေးဖို့ အသင့်ပဲ"
"ခင်ဗျား ဆယ်ဆပေးရင်တောင် သူမက ခင်ဗျားကို အစားအစာတွေ ဝေမျှပေးမှာ မဟုတ်ဘူး" ဝမ်ဝေ့က ပခုံးတွန့်ပြလိုက်သည်။
"သူမ ဟုတ်လား" ချောင်စီချုန်းက မျက်လုံးမှေး၍ ပြောလိုက်သည်။ သူသည် ကောလာဟလအချို့ကို တွေးမိသွားပြီး အချို့အရာများကို နားလည်သွားပုံရသည်။ သူက စားပွဲအလွတ်ကို ကြည့်ပြီး စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
"ငါ ပြန်သွားရင် ငါ့ရဲ့ စားဖိုမှူးတွေကို အလုပ်ထုတ်ပစ်ရမယ် ထင်တယ်။ မဟုတ်ဘူး... သူတို့က ပါရမီရှိတဲ့လူတွေပဲ။ ဒီဝိညာဉ်ဟင်းလျာတွေကို သူတို့ကို မြည်းစမ်းခိုင်းပြီးတော့ အရှက်ရစိတ်နဲ့ ပိုကောင်းအောင် ကြိုးစားခိုင်းရမယ်"
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ စားသောက်ပွဲကြီး ပျောက်ကွယ်သွားပြီး ပန်းကန်လုံးနှစ်လုံးနှင့် ဝိုင်အိုးတစ်အိုးသာ ကျန်ရစ်တော့သည်။ ချောင်စီချုန်းက ဝိုင်များကို ငှဲ့လိုက်သည်။
"ဒါက ငါ သောက်ဖူးသမျှ အကောင်းဆုံး ဝိုင်တွေထဲက တစ်ခုပဲ။ မင်းရဲ့ ဝိုင်ကို ပြခိုင်းချင်ပေမဲ့ အစစ်အမှန်ကို မရနိုင်မှန်း သိနေတော့ ငါ့ကိုယ်ငါ ထိန်းချုပ်လိုက်တာ ပိုကောင်းမယ်"
"ကဲ... အခုတော့ စီးပွားရေးအကြောင်း ပြောဖို့ အချိန်တန်ပြီ" ဝမ်ဝေ့က ပြုံးလိုက်သည်။ သူက ဝိုင်ကို အရသာခံ သောက်လိုက်သည်။ ချောင်စီချုန်းတွင် ကောင်းမွန်သည့် အရသာခံအာရုံ ရှိသည်ကို သူ ဝန်ခံရပေလိမ့်မည်။
"မင်း တကယ်တမ်း ဘာလိုချင်တာလဲ။ မဟုတ်ဘူး... မင်းတို့ဂိုဏ်းက ငါ့ဆီက ဘာလိုချင်တာလဲလို့ မေးသင့်တာ" ချောင်စီချုန်းက တည်ငြိမ်စွာ မေးလိုက်သည်။
"ယင်ကျန်းရဲ့ ထူးကဲသာလွန်လမ်းစဉ်အကြောင်း ကြားဖူးလား"
"ကြားဖူးတာပေါ့"
"တကယ်လား"
"ငါတို့ရဲ့ တိုင်းပြည်မဟာမိတ်မှာ အကောင်းဆုံး ထောက်လှမ်းရေးဌာန မရှိပေမဲ့ သတင်းအချက်အလက် ဝယ်ဖို့အတွက်တော့ ပိုက်ဆံအများကြီး သုံးထားပါတယ်" ချောင်စီချုန်းက ရှင်းပြသည်။
"ဒါကြောင့် ချင်သူတော်စင်ခုံရုံးက ဟုန်အာလို့ခေါ်တဲ့ အမျိုးသမီးအပေါ် ဘယ်လိုဆက်ဆံတယ်ဆိုတာနဲ့ သူမရဲ့ တည်ရှိမှုက သူတို့အတွက် ဘာအဓိပ္ပာယ်လဲဆိုတာ ငါတို့ သိထားတယ်"
"ဒါဆိုရင်တော့ ပိုလွယ်သွားတာပေါ့" ဝမ်ဝေ့က ခေါင်းညိတ်ပြသည်။
"အဲဒီလမ်းစဉ်အတွက် သူ့ကို ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားလား"
ချောင်စီချုန်းက မျက်မှောင်အသာကြုတ်ကာ ကြည့်လိုက်သည်။ သူက တာအိုအခွင့်အလမ်းဂိုဏ်း၏ ရည်ရွယ်ချက်ကို နားလည်လိုက်ပြီ ဖြစ်၏။
"အခုချိန်မှာ ခင်ဗျားရဲ့ မူလဝိညာဉ်က ဒီအဆိုပြုချက် အောင်မြင်ဖို့အတွက် အခြားကိစ္စတွေကို ဖြေရှင်းဖို့ မေတ္တယျနဲ့ အစည်းအဝေး လုပ်နေမှာပဲ။ တစ်နည်းအားဖြင့် ပြောရရင် ယင်ကျန်း သူ့လမ်းစဉ်အတိုင်း ဖြစ်လာဖို့က အချိန်တစ်ခုပဲ လိုတော့တာ။ ကျုပ်တို့ဂိုဏ်း ဒါမှမဟုတ် အခြား အာဏာရှင်အင်အားစုတွေအနေနဲ့ သူ့ကို ဒီလိုမျိုး အသာစီးရသွားအောင် ခွင့်မပြုနိုင်ဘူး"
ချောင်စီချုန်းက ခပ်တိုးတိုး ရယ်လိုက်သည်။ အာဏာရှင်အင်အားစုများက လူသားဧကရာဇ်နှင့် ချင်သူတော်စင်ခုံရုံးကို နှိမ်ချရန် သူ့ကို အသုံးချခြင်းမှာ ဤတစ်ကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ပေ။
"မင်း ဘာတွေ စဉ်းစားထားလဲ"
"ကျုပ်တို့ ခင်ဗျားကို နည်းလမ်းနှစ်ခုနဲ့ ရင်းနှီးမြှုပ်နှံပေးမယ်" ဝမ်ဝေ့က ဆက်ပြောသည်။
"ပထမဆုံးအနေနဲ့ ယင်ကျန်းနဲ့ အဆင့်တူတဲ့ လူသားဧကရာဇ် ဘွဲ့အမည်ကို ခင်ဗျားဆီ ငှားပေးမယ်။ ဒါပေါ့ ... ဒီအတွက် ခင်ဗျားက ထိုက်တန်တဲ့ တန်ဖိုးတစ်ခု ပေးရလိမ့်မယ်"
"နေပါဦး... မင်း အတည်ပြောနေတာလား"
"ကျုပ်တို့က ဒီလိုမျိုး ကိစ္စတွေကို နောက်ပြောင်ပြောမဲ့သူတွေလို့ ထင်လို့လား"
"ဒါပေမဲ့ မင်းက ဘယ်ကနေ ရမှာ..." ချောင်စီချုန်းက သူ၏ ပေါင်ကို လက်ဖြင့် ရိုက်လိုက်သည်။
"ငါ့ရဲ့ အကြံပေးတွေက ပြောသားပဲ။ မင်း လုပ်သမျှ အရာအားလုံးအတွက် ဘာအကျိုးအမြတ်မှ မရတာ ထူးဆန်းနေတယ်လို့။ ဒါက တိတ်တဆိတ် လုပ်ခဲ့တာ ဖြစ်ရမယ်"
"အချို့အရာတွေက တိတ်တဆိတ် လုပ်တာ ပိုကောင်းတယ်လေ"
"မှန်တယ်" ချောင်စီချုန်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆို နောက်ထပ် ရင်းနှီးမြှုပ်နှံမှုကရော"
"လူသားရာထူးကို အသုံးပြုပြီး ဝိညာဉ်သာလွန်ခြင်းအဆင့်ကို ဘယ်လို တက်လှမ်းရမလဲဆိုတဲ့ ကျုပ်တို့ရဲ့ အချက်အလက်တွေကို ခင်ဗျားဆီ ပေးမယ်"
ချောင်စီချုန်းသည် ဝိုင်ခွက်ကို စားပွဲပေါ်တင်လိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။ သူက ဝမ်ဝေ့၏ မျက်လုံးများကို စိုက်ကြည့်ကာ တစ်ခုခု မှားယွင်းနေသလား ရှာဖွေကြည့်သော်လည်း ဝမ်ဝေ့ကတော့ တည်ငြိမ်နေဆဲပင် ဖြစ်၏။
"နောက်ဆုံးအနေနဲ့ လူရိုင်းမျိုးနွယ်စုက ခင်ဗျားကို ဧကရာဇ်ရာထူး တစ်ခုအတွက် ထောက်ခံလာအောင် စည်းရုံးပေးမယ်"
ချောင်စီချုန်း၏ နှလုံးခုန်သံ မြန်လာသည်။ သူ၏ ကိုယ်ပွားစစ်စစ်မှာ အခြားသော ရှေးဦးမူလသွေးမျိုးဆက်များနှင့် ငြင်းခုံနေရဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ ဤကဲ့သို့သော အခွင့်အရေးကို လက်လွှတ်မခံလိုကြသောကြောင့် ဖြစ်သည်။ သို့သော် အကယ်၍ လူရိုင်းမျိုးနွယ်စုက တိုင်းပြည်မဟာမိတ်အဖွဲ့ကို ထောက်ခံပေးလျှင် ထိုရာထူးမှာ သူ၏ လက်ဝယ်သို့ ရောက်ရှိလာလိမ့်မည်။
"ငါ့ဘက်က ဘာပေးရမှာလဲ" ချောင်စီချုန်းက မေးလာသည်။
"ခင်ဗျား မေးတာ ကောင်းတယ်" ဝမ်ဝေ့က ပြောရင်း သူ၏ ရှေ့တွင် တည်ရှိမှုစာချုပ်တစ်ခုကို ချပေးလိုက်သည်။ ချောင်စီချုန်းသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စာချုပ်ပါ အကြောင်းအရာများကို ဖတ်လိုက်သည်။ လူသားဧကရာဇ် ဘွဲ့အမည်ကို ငှားရမ်းခအတွက် တန်ဖိုးကို မြင်လိုက်ရသောအခါ သူ ချက်ချင်းပင် မျက်နှာပျက်သွားတော့သည်။
နောက်ထပ် အကြံဉာဏ်အတွက် ပေးရမည့် တန်ဖိုးကို မြင်သောအခါ ဒုတိယအကြိမ် မျက်နှာပျက်သွားပြန်သည်။
"ဒါက အကြံဉာဏ်တစ်ခုပဲလေ... ဘာလို့ ဒီလောက်တောင် ဈေးကြီးရတာလဲ"
"ခင်ဗျား မလိုချင်ရင် ပယ်ဖျက်လိုက်လို့ ရပါတယ်"
"ငါက အဲဒီသဘော ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဈေးတော့ နည်းနည်း လျှော့သင့်တာပေါ့"
ချောင်စီချုန်းက ညည်းညူလိုက်သည်။ သို့သော် ဝမ်ဝေ့၏ အပြုံးကို မြင်သောအခါ ဘာမျှ ပြောင်းလဲမည်မဟုတ်ကြောင်း သူ သိလိုက်သည်။ ဤကဲ့သို့သော အပြုံးမျိုးကို မဟာမိတ်အဖွဲ့၏ ဘဏ္ဍာရေးကို ကိုင်တွယ်သော လောဘကြီးသည့် အကြံပေးများ၏ မျက်နှာပေါ်တွင် သူ အကြိမ်ကြိမ် မြင်ဖူးထားသည်။
"ကောင်းပြီလေ" ချောင်စီချုန်းက သက်ပြင်းချလိုက်ပြီး ဆက်လက်ဖတ်ရှုသည်။
"ဟင် … မင်းက ငါ့ဆီက ကောင်းကင်ဧကရာဇ် ဘွဲ့အမည်ကို ပြန်ပြီး ငှားချင်တာလား"
"ကျုပ်တို့ ယင်ကျန်းကို ရာထူးကနေ ဖယ်ရှားပြီး အခြားတစ်ယောက်ကို တင်မြှောက်ဖို့ ကြိုးစားမယ်။ အဲဒီလို ဖြစ်လာခဲ့ရင် ခင်ဗျားက ကျုပ်တို့ကို အဲဒီဘွဲ့ကို ခဏလောက် ငှားပေးရမယ်" ဝမ်ဝေ့က ဆိုသည်။
သူသည် ဤအချက်ကို စာချုပ်ထဲတွင် ထည့်ထားရခြင်းမှာ သူ၏ အုတ်မြစ်တိုင်လုံးအတွက် အောင်မြင်မှုတစ်ခုအနေဖြင့် ထိုဘွဲ့ကို ရယူလိုသောကြောင့် ဖြစ်သည်။ သို့သော် အမှန်တကယ်တွင် ဝမ်ဝေ့အနေဖြင့် မျှော်လင့်ချက် သိပ်မရှိလှပေ။
ယင်ကျန်းကို ရာထူးကနေ ဖယ်ရှားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူ့ကို သတ်ပစ်ရန်သာ ဖြစ်သည်။ သို့သော် သူ၏ အစွမ်းနှင့် ဆွဲသီး၏ ကာကွယ်မှုကြောင့် အလွယ်တကူ လုပ်ဆောင်နိုင်မည့် အရာမဟုတ်ပေ။
ဒီတောင်းဆိုချက်ရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိနေတာ အသေအချာပဲ
ချောင်စီချုန်းက တွေးမိသော်လည်း သူ မမေးခဲ့ပေ။ စာချုပ်၏ ကျန်ရှိသော အစိတ်အပိုင်းများမှာ ပုံမှန်သာ ဖြစ်သော်လည်း နောက်ဆုံးအချက်မှာ ထူးခြားနေသည်။
"အထူးလက်ဖွဲ့အဆောင်တစ်ခုကို အမြဲတမ်း ဆောင်ထားရမယ်ဆိုတာ ဘာကို ဆိုလိုတာလဲ"
"ကျုပ်တို့ဂိုဏ်းရဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ ယင်ကျန်းက ခင်ဗျားကို တိုက်ခိုက်လာအောင် မျှားခေါ်ဖို့ပဲ" ဝမ်ဝေ့က တိုက်ရိုက်ပင် ပြောလိုက်သည်။
"ကံမကောင်းစွာနဲ့ပဲ သူဟာ အကြွင်းမဲ့တားမြစ်ချက်ဆီကနေ အန္တရာယ်ရှိတဲ့ အရာတစ်ခုခု ရထားတယ်လို့ သံသယရှိနေတယ်။ တကယ်လို့ သူက ခင်ဗျားကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာခဲ့ရင် ကြိုတင်ကာကွယ်ထားဖို့ လိုတယ်လေ"
"တားမြစ်ချက်ဆီက တစ်ခုခု ဟုတ်လား။ မင်း ပြောချင်တာက..."
"အခုလောလောဆယ်တော့ သံသယအဆင့်ပဲ ရှိပါသေးတယ်"
"အဲဒါကြောင့် သူက တော်တော်လေး မာန်တက်နေတာပေါ့လေ" ချောင်စီချုန်းက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။ သူက စာချုပ်ကို ငုံ့ကြည့်လိုက်သည်။ ထိုအရာမှာ အလွန် ဆွဲဆောင်မှု ရှိလှသည်။ သို့သော် စောင့်ကြည့်ခံရခြင်း အပါအဝင် သူ ပေးရမည့် တန်ဖိုးမှာ လက်ခံရန် ခက်ခဲလှသည်။
"အချိန်က ကုန်နေပြီနော်" ဝမ်ဝေ့က ဆိုသည်။
"ခင်ဗျား ကိုယ့်ကိုယ်ကိုယ် သေသေချာချာ ပြန်သုံးသပ်ကြည့်ဖို့ အကြံပေးချင်တယ်။ ပြီးရင် သူတော်စင်အဆင့် တက်လှမ်းဖို့အတွက် ခင်ဗျားကိုယ်တိုင် ဝယ်ယူရမဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးနဲ့ ဒီစာချုပ်အတွက် ခင်ဗျား ပေးရမဲ့ တန်ဖိုးကို နှိုင်းယှဉ်ကြည့်လိုက်ပါ"
ဈေးနှုန်းများမှာ ဝမ်ဝေ့၏ လောဘကြောင့် မြင့်မားနေခြင်း မဟုတ်ပေ။ လူအများစုသည် လဲလှယ်ရေးစာရင်းမှ ဝယ်ယူကြလိမ့်မည်ဟု သူ မျှော်လင့်ထားသည့် အရာများပေါ်တွင် အခြေခံ၍ ဈေးနှုန်းများကို သတ်မှတ်ထားခြင်းသာ ဖြစ်၏။