← Chapters

အခန်း (၁၅၇၅-၁၅၇၆)

Vol. 113 Ch. 1575-1576

အခန်း (၁၅၇၅-၁၅၇၆)

Vol. 113 Ch. 1575-1576

အခန်း (၁၅၇၅) : သံသယဖြစ်ဖွယ် တိုက်ခိုက်မှု

"မင်း ဘာလိုချင်တာလဲ" တုကုပိုင်ထျန်းက မေးလိုက်သည်။

"အစီအစဉ် ပြောင်းသွားပြီ" ယင်ကျန်းက ဆိုသည်။

"ဘာကို ဆိုလိုတာလဲ" ယင်ကျန်း၏ စကားကြောင့် တုကုပိုင်ထျန်း ကိုယ်ကို အရှိန်ဖြင့် မတ်လိုက်သည်။

"အစီအစဉ်ကို အရှိန်မြှင့်ဖို့ လိုအပ်လာတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်ခဲ့တယ်"

"ဒါက ငါတို့ သဘောတူညီချက်ထဲမှာ မပါဘူး" တုကုပိုင်ထျန်းက လေသံတိုးတိုးဖြင့် ပြောလိုက်သော်လည်း သူ့ အမူအရာမှာ ဆောင်းရာသီ၏ အအေးစက်ဆုံး နှင်းခဲများကဲ့သို့ ခက်ထန်နေသည်။

"ငါ အဲဒါကို ဂရုမစိုက်ဘူး" ယင်ကျန်းက ပြန်ဖြေသည်။

"ငါ မေတ္တယျရဲ့ အာရုံကို စတင်လွှဲထားမယ်။ အချိန်တန်ရင် မင်းဆီကို အချက်ပြစာ ပို့လိုက်မယ်။ မင်း လှုပ်ရှားမှာလား၊ မလှုပ်ရှားဘူးလားဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်" ယင်ကျန်းသည် အဖြေကို စောင့်မနေတော့ဘဲ စကားပြောခြင်းကို အဆုံးသတ်လိုက်သည်။

"ဒီကောင်က ငါ့ကို သူ့အစေခံလို့ ထင်နေတာလား" တုကုပိုင်ထျန်းက အံကြိတ်ရင်း ပြောလိုက်သည်။ သူသည် ပလ္လင်၏ လက်တင်တန်းကို အားပြင်းပြင်းဖြင့် ဆုပ်ကိုင်လိုက်ရာ ထိုအရာမှာ ကြေမွပျက်စီးသွားပြီး လေဟာနယ်လှိုင်းထန်မှု အနည်းငယ် ဖြစ်ပေါ်သွားလေသည်။

တုကုပိုင်ထျန်းက သက်ပြင်းတစ်ချက်ချကာ ပလ္လင်ပေါ်မှ ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ ပျံသန်းသွားသည်။ သူသည် အဝေးတစ်နေရာကို ကြည့်ရင်း အတွေးနက်နေမိသည်။ ယင်ကျန်းကို ရုတ်တရက် စိတ်ပြောင်းသွားစေသည့်အရာမှာ ဘာဖြစ်နိုင်မလဲဟု သူ တွေးတောနေမိသည်။ ထိုကောင် ယင်ကျန်းနှင့် ညှိနှိုင်းရာတွင် သူက အင်အားနည်းသည့်ဘက်တွင် ရှိနေသဖြင့် တုကုပိုင်ထျန်း အတော်လေး စိတ်ပျက်နေရသည်။

ကံကြမ္မာ... မင်းက ငါ့လမ်းမှာ ခလုတ်ကန်သင်း ဖြစ်ဖို့ ကြံနေတာလား။ ကောင်းပြီလေ... ငါ မင်းကို အနိုင်ယူပြမယ်

တုကုပိုင်ထျန်းက လှောင်ပြုံးပြုံးလိုက်သည်။ ဧကရာဇ်ခုံမှာ ကံကြမ္မာ၏ ထောက်ခံမှု ရှိကောင်းရှိနိုင်သော်လည်း လုံလောက်သော ခွန်အားရှိလျှင် ထိုကံကြမ္မာဆိုသော အဓိပ္ပာယ်မရှိသည့်အရာများကို ဖြိုဖျက်ပြီး ဤပြဿနာကို အမြစ်ပြတ်ရှင်းပစ်နိုင်သည်။

ကံကြမ္မာဆိုသည်မှာ အကြွင်းမဲ့ မဟုတ်ပေ။ အကယ်၍ ခုံကို အသက်ရှင်အောင် ထိန်းထားပေးရန်အတွက် တန်ဖိုးအလွန်အမင်း ပေးဆပ်ရမည်ဆိုလျှင် ကံကြမ္မာသည် တခြား ကိုယ်စားလှယ်တစ်ဦးကိုသာ ရွေးချယ်သွားလိမ့်မည်။ အချိန်တန်လာလျှင် တုကုပိုင်ထျန်းသည် ခုံအတွက် စိတ်ပျက်အားငယ်မှုများကို ယူဆောင်လာပေးရန် စီစဉ်ထားပြီး ကံကြမ္မာအနေဖြင့် လူမှားရွေးချယ်ခဲ့သည်ကို သက်သေပြမည် ဖြစ်၏။

……………………

မဟာချင် တော်ဝင်နန်းတော်

ယင်ကျန်းက မျက်လုံးဖွင့်လိုက်သည်။ အရာအားလုံး အဆင်သင့်ဖြစ်ပြီဖြစ်ရာ သူ့အနေနှင့် ဝူဟုန်ကို ဖယ်ရှားရန် အချိန်ကောင်း စောင့်ဆိုင်းရန် လိုတော့သည်။ ယင်ကျန်းက အရှေ့အရပ်ဆီ ခေါင်းလှည့်ကြည့်လိုက်သည်။

မင်းက အဲဒီလို ဆွဲဆောင်မှုကို အောင့်အီးသည်းခံပြီး ထွက်သွားနိုင်လိမ့်မယ်လို့ ငါ မယုံဘူး။ ကြည့်ရတာ ကံကြမ္မာက မင်းကို ကာကွယ်ပေးဖို့ ကြိုးစားနေပုံပဲ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါ အရာအားလုံးကို အနည်းငယ်လောက် အရှိန်မြှင့်လိုက်ရုံပဲ

ယင်ကျန်းက လှောင်ပြုံးပြုံးလိုက်သည်။ သူ စက္ကန့်အနည်းငယ်မျှ မျက်လုံးမှိတ်ထားလိုက်စဉ် တစ်စုံတစ်ခုကို ရုတ်တရက် အာရုံခံမိသွားသည်။

"ဘာကိစ္စလဲ"

သူ့ အရိပ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

"အရှင်မင်းကြီး... ကျွန်တော်တို့ ဒီအရာကို ကြားဖြတ်ဖမ်းဆီးရမိပါတယ်"

ယင်ကျန်းက လက်မြှောက်လိုက်ရာ စာလွှာက သူ့လက်ထဲသို့ ပျံဝင်လာသည်။ သူသည် ထိုအရာကို တိုက်ရိုက်မကိုင်ဘဲ သူ့ စွမ်းအားများဖြင့် ကာကွယ်ထားရင်း အထဲမှ အကြောင်းအရာကို ဖတ်ရှုရန် ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

"ကံကြမ္မာက ငါ့ဘက်မှာ ရှိနေပုံပဲ" ယင်ကျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

"တခြား ဘာရှိသေးလဲ"

"ကျောက်စိမ်းလိပ်ပြာသခင်မအကြောင်း စုံစမ်းဖို့ ကြိုးစားနေတဲ့ လူအနည်းငယ်ကိုလည်း ဖမ်းမိထားပါတယ်"

"ဒီတစ်ခါ ဘယ်သူလဲ"

"ပထမမင်းသားပါ အရှင်"

"သူက တော်တော်လေး အောင့်အီးထားနိုင်သားပဲ" ယင်ကျန်းက လှောင်ပြုံးဖြင့် ဆိုသည်။

"ငါ အလုပ်များနေတဲ့ အချိန်က အကောင်းဆုံး အချိန်လို့ သူ ထင်နေပုံပဲ"

"ဒီကိစ္စကို ဘယ်လို ကိုင်တွယ်လိုက်ရမလဲ အရှင်"

"သူ့ကို မျက်ခြေမပြတ် စောင့်ကြည့်ထား။ အဲဒါ ဘယ်သူလဲဆိုတာနဲ့ သူတို့က ငါတို့ခုံရုံးရဲ့ အရေးကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ ကြိုးစားတာလား ဒါမှမဟုတ် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ အရေးကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ ကြိုးစားတာလားဆိုတာကို ငါ သိချင်တယ်"

"အမိန့်အတိုင်းပါ အရှင်"

…………….

တောင်ပိုင်းဧကရာဇ်နန်းဆောင်

ရှန်ထျန်းသည် အံ့ဖွယ်ယုံကြည်မှုဘုံ၏ ရာထူးနေရာများကို စီစဉ်ရန် အစည်းအဝေးပြုလုပ်နေသည်။ သို့သော် သူ့ကို ကောင်းကောင်းသိသူများဆိုလျှင် သူ အာရုံလွင့်နေသည်ကို သတိထားမိကြလိမ့်မည်။ ဒီဗာမျိုးနွယ်ဝင် တစ်ယောက်အနေဖြင့် သူသည် မိုးမြေ၏ ချစ်ခင်မှုကို ရရှိထားသူဖြစ်ရာ နိယာမများနှင့် ကျရောက်လာမည့် အန္တရာယ်များကို အလွန်အမင်း အာရုံခံနိုင်သည်။

အတန်ကြာကတည်းက သူသည် မကောင်းသော အငွေ့အသက်နှင့် ခြိမ်းခြောက်မှုတစ်ခုကို ခံစားနေရခြင်း ဖြစ်သည်။ အစပိုင်းတွင် ကျရောက်တော့မည့် ကပ်ဘေးကြောင့်ဟု သူ ထင်ခဲ့သော်လည်း သူ ပြန်လည်ရှင်သန်လာပြီးနောက် တစ်စုံတစ်ယောက်က သူ့ကို သတ်ရန်နှင့် သူ့ကောင်းကင်ဘုံကို အမြစ်ပြတ်ချေမှုန်းရန် ကြံစည်နေကြောင်း သိလိုက်ရသည်။

ရှန်ထျန်းသည် ဝမ်ဝေ့နှင့် တာအိုအခွင့်အလမ်းဂိုဏ်းအပေါ် သံသယရှိနေသော်လည်း ဝမ်ဝေ့၏ ရည်ရွယ်ချက်ကို သူ နားမလည်နိုင်ဖြစ်နေမိသည်။ သေမျိုးလူမှုအဖွဲ့အစည်းနှင့် ပတ်သက်သည့် အငြင်းပွားမှုလေးတစ်ခုကြောင့်နှင့် သူတို့အင်အားစုကို အမြစ်ပြတ်ဖျက်ဆီးချင်စရာ အကြောင်းမရှိပေ။

သူသည် ဝမ်ဝေ့၏ စရိုက်ကို အသေအချာ ခွဲခြမ်းစိတ်ဖြာခဲ့ဖူးသည်။ ဝမ်ဝေ့မှာ တစ်ခါတရံ ကပ်စေးနည်းတတ်သော်လည်း သူသည် အရာအားလုံးထက် ကျိုးကြောင်းဆီလျော်မှုနှင့် အကျိုးအမြတ်ကို ပို၍တန်ဖိုးထားသူ ဖြစ်၏။ တစ်နည်းအားဖြင့် အံ့ဖွယ်ယုံကြည်မှုဘုံက တောင်းပန်ပြီး လျော်ကြေးပေးပြီးနောက်တွင် သူက လက်လွှတ်ပေးသင့်သည်။ သို့သော် ထိုသို့ဖြစ်မလာဘဲ သူတို့၏ ပါဝင်ယှဉ်ပြိုင်သူအားလုံးသည် သေမျိုးဘဝစမ်းသပ်ချက်အတွင်း လျှို့ဝှက်စွာ သေဆုံးခဲ့ရပြီး စံပြအဆင့် မျိုးဆက်သစ်များ ပေါ်ထွက်လာခြင်းကို တားဆီးခြင်း ခံလိုက်ရသည်။

ငါ ပြဿနာရဲ့ အရင်းအမြစ်ကို ဖယ်ရှားပစ်သင့်သလား

ရှန်ထျန်းက တွေးလိုက်သည်။ ဤအတွေးမှာ ဆွဲဆောင်မှုရှိသော်လည်း ဖြစ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများက ထိုအစီအစဉ်ကို အသုံးမဝင်အောင် လုပ်နေသည်။ တာအိုအခွင့်အလမ်းဂိုဏ်း၏ အရေးပါသော အဖွဲ့ဝင်တစ်ဦးကို သတ်ဖြတ်လိုက်ခြင်းက ကလဲ့စားချေမှုအမည်တပ်ကာ အံ့ဖွယ်ယုံကြည်မှုဘုံကို ပျက်စီးခြင်းသို့သာ ရောက်ရှိစေလိမ့်မည်။

မဟုတ်ဘူး... ငါက ဒီအခြေအနေမှာ ကြောက်ချေးပါတဲ့အထိတော့ ဂရုစိုက်မနေနိုင်ဘူး

ရှန်ထျန်းက တွေးလိုက်သည်။

တကယ်လို့ သူက ငါ့ရဲ့ စိုးရိမ်ထိတ်လန့်မှု အရင်းအမြစ်ဆိုရင် သူ့ကို ငါ ဖယ်ရှားပစ်ရမယ်။ ဒါပေမဲ့ ငါတို့ဘက်ကို ညွှန်ပြနိုင်တဲ့ ဘယ်လို သဲလွန်စ ဒါမှမဟုတ် အမှတ်အသားမှ ချန်ထားလို့ မဖြစ်ဘူး

ရှန်ထျန်း စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး သူ့အကြံပေးတစ်ဦးကို လှည့်ကြည့်လိုက်သည်။

"အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမနဲ့ ညှိနှိုင်းမှုတွေ ဘယ်လိုရှိလဲ"

"ပြဿနာတစ်ခု ရှိနိုင်ပါတယ်" နတ်ဘုရားဟောက်က ပြန်ဖြေသည်။

"ဘာကို ဆိုလိုတာလဲ"

"အဘိုးကြီး ရှန်းချီက အစတုန်းကတော့ မဟာမိတ်ဖွဲ့ဖို့ ကိစ္စကို စိတ်အားထက်သန်နေပေမဲ့ ညီလာခံပြီးတဲ့နောက်မှာတော့ သူက ခပ်အေးအေးပဲ ဖြစ်နေတယ်"

"ဒါကို ဘာလို့ ငါ့ကို ချက်ချင်း သတင်းမပို့တာလဲ" ရှန်ထျန်းက အနည်းငယ် မြှင့်ထားသော လေသံဖြင့် မေးလိုက်သည်။

"အထွတ်အထိပ်နတ်ဘုရား... ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော် ဘာမှ အတည်မပြုနိုင်သေးလို့ အခြေအနေကို သတင်းမပို့ခင် သူ့ကို နောက်ထပ် အကြိမ်အနည်းငယ်လောက် ထပ်တွေ့ဖို့ စီစဉ်ထားလို့ပါ"

"မဖြစ်ဘူး။ ငါကိုယ်တိုင် သူ့ကို စကားပြောရမယ်" ရှန်ထျန်းက မတ်တတ်ရပ်ရင်း ပြောလိုက်သည်။

"အရှင်... သွားလို့ မဖြစ်ပါဘူး"

"ဘာလို့လဲ" ရှန်ထျန်းက သူ့ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။

"အရှင်ကိုယ်တိုင် သွားရင် ကျွန်တော်တို့ဘက်က အလွန်အမင်း အသည်းအသန် ဖြစ်နေသလို ပေါ်သွားပြီး သူတို့ကို အသာစီးပေးလိုက်သလို ဖြစ်သွားပါလိမ့်မယ်" နတ်ဘုရားဟောက်က ဆိုသည်။

"မင်း ပြောတာ မှန်တယ်" ရှန်ထျန်းက ပြန်ထိုင်လိုက်ရင်း ပြောသည်။

"အခုကစပြီး ညှိနှိုင်းမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်မှန်သမျှကို ငါ့ဆီ သတင်းပို့ပါ။ အသေးအမွှားလေးတောင် ချန်မထားခဲ့နဲ့"

"အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ် အရှင်"

..................

ဝမ်ဝေ့သည် မူလရထားလုံးအတွင်းရှိ သီးသန့်အခန်းတစ်ခုတွင် တင်ပျဉ်ခွေထိုင်ရင်း အရာအားလုံးကို ပြန်လည်သုံးသပ်နေသည်။ ကမ္ဘာကြီးကို အခြေခံကျကျ ပြောင်းလဲစေမည့် အရေးကြီးသော ဖြစ်ရပ်များစွာ ပေါ်ပေါက်ခဲ့ပြီး အရေးကြီးသည့်အရာတစ်ခုမျှ လွတ်မသွားစေရန် သူ ဂရုတစိုက် ဆောင်ရွက်လိုခြင်း ဖြစ်၏။ သူ အတွေးနက်နေစဉ် သူ့အန္တရာယ်အာရုံခံစနစ် နိုးကြားလာပြီး ရထားလုံးမှာ ဝိုင်းရံပိတ်ဆို့ခံထားရကြောင်း သူ သိလိုက်ရသည်။

ဝမ်ဝေ့က မျက်မှောင်ကြုတ်လိုက်ပြီး ပင်မအခန်းဆီသို့ ကူးသန်းပြောင်းရွှေ့သွားလိုက်သည်။

"ငါတို့ ရထားလုံးကို တိုက်ခိုက်ရဲတဲ့ သတ္တိရှိတဲ့လူ ရှိသေးတာပဲလား" ယန်းအိုက်က လှောင်ပြုံးဖြင့် ဆိုသည်။

"အဲဒါက မိုက်မဲတာပဲဖြစ်ဖြစ်၊ သတ္တိရှိတာပဲဖြစ်ဖြစ် သူတို့ရဲ့ သေခြင်းတရားနဲ့ပဲ ငါ ဆုချလိုက်မယ်" သူမသည် ပြင်းထန်သော တိုက်ကွက်တစ်ခုအတွက် လက်နှစ်ချောင်းကို မြှောက်လိုက်သည်။

"နေဦး" ဝမ်ဝေ့က သူမကို တားလိုက်သည်။

"ဒီလူတွေက တစ်မျိုးပဲ"

တိုက်ခိုက်သူအားလုံးမှာ အနက်ရောင်ဝတ်စုံများ ဝတ်ဆင်ထားပြီး ရုပ်သေးရုပ်များကဲ့သို့ မည်သည့် ခံစားချက်မျှ မရှိသော မျက်နှာထားများ ရှိကြကာ ဆာလောင်နေသည့် သားရဲတစ်ကောင်ကဲ့သို့ နီရဲနေသော မျက်လုံးများ ရှိကြသည်။

"သူတို့က ကောင်းကင်အလိုဆန္ဒ စံပြအဆင့်တွေ ဖြစ်နေတဲ့အပြင် တခြားထူးခြားတာတွေ ရှိသေးလို့လား" ယန်းအိုက်က မေးသည်။

"ကျွန်တော် တစ်ချက်လောက် စစ်ကြည့်ပါရစေ" သို့သော် ဝမ်ဝေ့က စတင်စူးစမ်းသည်နှင့် ထိုလူများက တုံ့ပြန်လိုက်ပြီး ရထားလုံးကို စတင်တိုက်ခိုက်တော့သည်။ ယန်းအိုက်က မလှုပ်ရှားဘဲ အစီအရင်များကိုသာ အလုပ်လုပ်ခွင့် ပေးထားလိုက်သည်။

"တကယ့်ကို ကောက်ကျစ်တဲ့ ကျိန်စာပဲ" ဝမ်ဝေ့က အေးစက်စက် အသက်ရှူသံဖြင့် ပြောလိုက်သည်။

"ဘာကျိန်စာလဲ"

"ဘိုးဘေး သူတို့ထဲက တစ်ယောက်ယောက်ကို သတ်လိုက်တာနဲ့ ဘိုးဘေးရဲ့ မဟာတာအိုအရင်းအမြစ်ကို ချက်ချင်း ဖျက်ဆီးပစ်မဲ့ ကျိန်စာတစ်ခု ထွက်လာလိမ့်မယ်"

"ချက်ချင်းကြီးလား"

"ဒီကျိန်စာကို ဖန်တီးတဲ့လူက ဒီအရာတွေ ကျင့်ကြံထားတဲ့ ကောင်းကင်အလိုဆန္ဒကို ကျိန်စာရဲ့ အရင်းအမြစ်အနေနဲ့ အသုံးပြုထားတာ။ သူတို့ရဲ့ ရည်ရွယ်ချက်က ရန်သူကို ဖျက်ဆီးပြီး လူပြန်ဝင်စားဖို့အတွက် အတင်းအကျပ် လုပ်ခိုင်းတာပဲ"

"ဒါက တကယ့်ကို ဆိုးရွားတာပဲ" ယန်းအိုက် မျက်မှောင်ကြုတ်လိုက်သည်။ မည်သည့် ကျင့်ကြံသူမှ ကောင်းကင်အလိုဆန္ဒကို မလွတ်ကင်းနိုင်သဖြင့် ဤကျိန်စာမှာ ဧကရာဇ်လမ်းစဉ် ကျင့်ကြံသူအားလုံးအတွက် ရှောင်လွှဲ၍ မရနိုင်သော အရာ ဖြစ်သည်။

"မဟုတ်ဘူး... ကျွန်တော် ထင်ထားတာထက်တောင် ပိုဆိုးသေးတယ်" ဝမ်ဝေ့က ဆက်ပြောသည်။

"ဒီကျိန်စာ ထွက်လာဖို့အတွက် ဒီအရာတွေကို သတ်ဖို့တောင် မလိုဘူး။ သူတို့က ကျွန်တော်တို့နဲ့ တိုက်ခိုက်နေရင်း ကျွန်တော်တို့ရဲ့ အငွေ့အသက်ကို ဖြည်းဖြည်းချင်း မှတ်သားသွားပြီး ကျွန်တော်တို့ရဲ့ မဟာတာအိုအရင်းအမြစ်ထဲကို ကျိန်စာ ထည့်ပေးလိုက်မှာ"

"တစ်နည်းအားဖြင့် ဒီသတ္တဝါတွေက စစ်ပွဲလက်နက်တွေပဲ။ ပြီးတော့ သူတို့ကို အရင်စစ်ပွဲတွေမှာလည်း စမ်းသပ်ပြီး အသုံးပြုခဲ့ဖူးပုံရတယ်" ယန်းအိုက်က ဆိုသည်။

"ဟုတ်တယ်။ ဒီအရာတွေကို ဖန်တီးတဲ့သူက ပါရမီရှင်ပဲ။ သူတို့က ဒါတွေကို စစ်ပွဲတွေမှာ အသုံးပြုခဲ့ပြီးသား ဖြစ်ရမယ်။ ပြီးတော့ သူတို့ရဲ့ ဖျက်ဆီးနိုင်စွမ်းကိုလည်း အချောသတ်ထားပြီးသားပဲ" ဝမ်ဝေ့က ခေါင်းညိတ်လိုက်သည်။

"ကြည့်ရတာ ကပ်ဘေးက လူတိုင်း ထင်ထားတာထက် ပိုနီးနေပြီ ထင်တယ်" ယန်းအိုက်က ပြောရင်း သူမ၏ လက်ဝါးပေါ်တွင် စေတီငယ်လေးတစ်ခုကို ဆင့်ခေါ်လိုက်ပြီး ဤစစ်ပွဲလက်နက်များကို ချိပ်ပိတ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူမ မလှုပ်ရှားရသေးမီမှာပင် မိုးမြေကြား၌ အထွတ်အထိပ် အသိစိတ်တစ်ခု ပေါ်ထွက်လာသည်။

ကောင်းကင်ယံတွင် ရွှေရောင်လက်ဝါးကြီးတစ်ခု ပေါ်လာပြီး ထိုစစ်ပွဲလက်နက်အားလုံးကို လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် သိမ်းကျုံးယူဆောင်သွားတော့သည်။

"သူမတောင် သတိပြုမိသွားတာလား။ အခြေအနေက တော်တော်လေး စိုးရိမ်ရပုံပဲ" ဝမ်ဝေ့က မှတ်ချက်ပေးသည်။

"လူတိုင်းက မင်းလို အမြင်မျိုး မရှိကြဘူးလေ။ ဒါကြောင့် သူမသာ ဝင်မပါရင် လူအများကြီး ဒုက္ခရောက်ကုန်လိမ့်မယ်" ယန်းအိုက်က ဆိုသည်။ သူမကဲ့သို့ လူမျိုးပင် ဤအစီအစဉ်တွင် ကျရှုံးလုနီးပါး ဖြစ်ခဲ့ရသည်။ ယခုအခါ သူမ၏ အတွင်းစိတ်က နောက်ဆုံးမိနစ်တွင် သတိပေးလိမ့်မည်ဟု ယုံကြည်သော်လည်း ထိုအချိန်တွင် နောက်ကျသွားနိုင်သည်။

"မှန်တယ်" ဝမ်ဝေ့က ခေါင်းညိတ်သည်။

"ဂိုဏ်းကိုပဲ ပြန်ကြရအောင်"

………………

အနာဂတ်ဗုဒ္ဓသူတော်စင်နန်းဆောင်

မေတ္တယျသည် သူမ၏ လက်ဝါးထဲရှိ စစ်ပွဲလက်နက်များကို လေ့လာနေသည်။

ပြင်းထန်တဲ့ ကံကြမ္မာစွမ်းအားက သူတို့ကို ငါ့မျက်စိအောက်ကနေ ဖုံးကွယ်ထားခဲ့တာပဲ

သူမက မျက်မှောင်ကြုတ်လိုက်ပြီး အနီးကပ် လေ့လာလိုက်သည်။

ဒီလောက်အထိ သန့်စင်တဲ့ ကံကြမ္မာစွမ်းအားမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး။ ဒါက အဲဒီလူတွေရဲ့ လှုပ်ရှားမှုတွေကို ငါ ပထမဆုံးအကြိမ် ဖမ်းမိတာပဲ။ ဒါကို ငါ့အတွက် အခွင့်အရေးအဖြစ် အသုံးချလို့ ရမလား

စစ်ပွဲတစ်ခုတွင် သတင်းအချက်အလက်မှာ အလွန်အရေးကြီးပြီး ကံမကောင်းစွာဖြင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှာ လာမည့်စစ်ပွဲအတွက် လုံလောက်သော ပြင်ဆင်မှု မရှိသေးပေ။

ဒီကံကြမ္မာစွမ်းအားကို အသုံးချပြီး လာမဲ့ ကျူးကျော်မှုအကြောင်း သတင်းအချက်အလက်တွေ ပိုရအောင် ငါ ကြိုးစားကြည့်ရမယ် …

အခန်း (၁၅၇၆) : ဆရာနှင့် တပည့်ကြားမှ စကားသံများ

ဝမ်ဝေ့က စဉ်းစားနေသည့် အမူအရာဖြင့် မေးလိုက်သည်။

"ဒီတိုက်ခိုက်သူတွေနဲ့ ပတ်သက်ပြီး တစ်ခုခု မှားနေတယ်လို့ မခံစားမိဘူးလား"

"ညီလာခံက တိုက်ခိုက်ဖို့အတွက် အကောင်းဆုံး ပတ်ဝန်းကျင်ပဲလေ" ယန်းအိုက်က ခေါင်းညိတ်လိုက်သည်။

"ဒီလောက် ကြောက်စရာကောင်းတဲ့ ကျိန်စာမျိုးနဲ့ဆိုရင် အဲဒီမှာရှိတဲ့ ထိပ်တန်း အင်အားကြီး ပုဂ္ဂိုလ်တွေရဲ့ အနည်းဆုံး ၂၀ ရာခိုင်နှုန်းလောက်ကို လူပြန်ဝင်စားဖို့ အတင်းအကျပ် လုပ်နိုင်မှာပဲ"

"ဘိုးဘေးက လျော့တွက်ထားပြန်ပြီ။ မေတ္တယျ မလှုပ်ရှားနိုင်ခင် သူတို့သာ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ခဲ့ရင် တက်ရောက်လာတဲ့ လူတွေရဲ့ အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် ကျိန်စာသင့်သွားနိုင်တယ်" ဝမ်ဝေ့က ဆိုသည်။

"မင်းက အဲဒီအခန်းထဲက လူတွေရဲ့ အတွေ့အကြုံကို လျှော့တွက်နေတာပဲ"

"ကျွန်တော် ပြောချင်တာက သူတို့က ဘာလို့ အခုမှ တိုက်ခိုက်တာလဲ။ အခမ်းအနားကနေ ထွက်သွားတဲ့လူက အနည်းငယ်ပဲ ရှိသေးတာ။ ပြီးတော့ ပိုအရေးကြီးတာက မေတ္တယျက အခု ခုံရုံးရဲ့ တရားဝင် သူတော်စင် ဖြစ်သွားပြီလေ။ သူမက အရင်ကထက် ပိုအစွမ်းထက်နေဦးမှာလေ" ဝမ်ဝေ့က ဆက်ပြောသည်။

"သူတို့ အထဲကို မဝင်နိုင်လို့ ဖြစ်မှာပေါ့" ယန်းအိုက်က ပြန်ဖြေသည်။

"ယင်ကျန်းက စိုးရိမ်စိတ်လွန်ကဲပြီး မဟာတံတိုင်းကို တည်ဆောက်ခဲ့တာ ဖြစ်နိုင်ပေမဲ့ ဒီတစ်ခါတော့ အဲဒါက အသုံးဝင်သွားတယ်"

"မဟုတ်ဘူး ... သူက ဘိုးဘေးတို့ကို ဓားစာခံလုပ်ပြီး သူ့ရဲ့ အဆိုပြုချက်ကို လက်မှတ်ထိုးခိုင်းဖို့အတွက် မဟာတံတိုင်းကို အသက်သွင်းခဲ့တာ"

"ဘာ ... မင်း ဘာတွေ ပြောနေတာလဲ"

ထို့နောက် ဝမ်ဝေ့က မေတ္တယျ ဦးဆောင်သော ညှိနှိုင်းမှုအတွင်း သူနှင့် ဝူဟုန်တို့ သတိပြုမိခဲ့သည်များကို ရှင်းပြလိုက်သည်။ ယင်ကျန်း၏ အစီအစဉ်နှင့် ပတ်သက်၍ သူ၏ ကောက်ချက်များကိုလည်း သူမအား ပြောပြခဲ့သည်။

"တောက် ... အန္တရာယ်က ဒီလောက် နီးကပ်နေတာကို ငါ ဘာမှ အာရုံမခံမိတာ ယုံတောင် မယုံနိုင်ဘူး" ယန်းအိုက်က ကျိန်ဆဲလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် ဓားဆန္ဒများ ထွက်ပေါ်လာပြီး မူလရထားလုံးကိုပင် ခြစ်ရာထင်စေသည်။

"ဘိုးဘေး စိတ်အေးအေးထားပါဦး" ဝမ်ဝေ့က ပြောလိုက်သဖြင့် သူမ သက်ပြင်းတစ်ချက်ချကာ စိတ်ကို ထိန်းလိုက်သည်။

"မင်း တကယ်တမ်း ဘာကို ဆိုလိုချင်တာလဲ" ယန်းအိုက်က မေးသည်။

"ဘိုးဘေး ပြောသလိုပဲ... ညီလာခံက တိုက်ခိုက်ဖို့ အကောင်းဆုံးနေရာပဲ။ အခု ဒီအရာတွေက ရှေးဟောင်းနဂါးမြို့တော်ထဲကို အောင်မြင်စွာ ခိုးဝင်နိုင်ခဲ့ပြီး အသေခံတိုက်ခိုက်ဖို့ အချိန်ကောင်းကို စောင့်နေတယ်လို့ မြင်ယောင်ကြည့်လိုက်။ အဲဒီအချိန်မှာ သူ့ရဲ့ ထူးကဲသာလွန်လက်နက်ကို အသစ်တဖန် ထိန်းချုပ်နိုင်စွမ်း ရထားတဲ့ ယင်ကျန်းက သူ့မြို့ထဲမှာ ဖြစ်ပျက်နေတာ အားလုံးကို အပြည့်အဝ သိနေမှာပဲ။ သူက ဒီကျူးကျော်သူတွေကို သတိပြုမိခဲ့ပြီး ဖမ်းတောင် ဖမ်းမိထားနိုင်တယ်"

"ဒါပေမဲ့ ဘာလို့လဲ။ တိုက်ခိုက်မှုကို ဖြစ်ခွင့်ပေးလိုက်တာက ပိုမကောင်းဘူးလား။ ငါ ဆိုလိုတာက... သူက အာဏာရှင်အားလုံးကို တစ်ညတည်းနဲ့ အားနည်းသွားအောင် လုပ်နိုင်မှာလေ" ယန်းအိုက်က မှတ်ချက်ပေးသည်။

"ညီလာခံမှာ တိုက်ခိုက်ခံရတာက ချင်တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို ပျက်ပြားစေမှာဖြစ်သလို သူတို့ရဲ့ ကံကြမ္မာကိုလည်း ထိခိုက်စေလိမ့်မယ်"

"ပြီးတော့ အဲဒီ လက်နက်ပစ္စည်းကို ထိန်းချုပ်ဖို့ သူ့မှာ ကံကြမ္မာအရှိန်အဝါ လိုအပ်နေတာကိုး"

"အတိအကျပဲ။ ပိုအရေးကြီးတာက လူတိုင်း ဒုက္ခရောက်နေချိန်မှာ ချင်တိုင်းပြည်က ဘာမှမဖြစ်ဘဲ အကောင်းတိုင်း ရှိနေရင် ဒါမှမဟုတ် အနည်းငယ်ပဲ ပျက်စီးရင် လူတွေက သံသယဝင်ကုန်မှာပေါ့"

"ဒါဆို သူ့ပန်းတိုင်က ဘာလဲ။ ဒီစစ်ပွဲလက်နက်တွေကို လေ့လာပြီး သူတို့စွမ်းအားကို အသုံးချချင်တာလား။ အဲဒါဆိုရင်တော့ ညီလာခံပြီးပြီချင်း သူတို့ကို လွှတ်ပေးလိုက်တာမျိုး မဖြစ်သင့်ဘူး" ယန်းအိုက်က ပြောရင်း မျက်မှောင်ကြုတ်လိုက်သည်။

"အရာအားလုံးက မေတ္တယျဆီပဲ ဦးတည်နေတယ်။ သူက သူမရဲ့ ကြင်နာတတ်တဲ့ စရိုက်ကို သိတယ်။ ညှိနှိုင်းမှုမှာတောင် အဲဒါကို အသုံးချခဲ့သေးတာပဲ။ ဒါကြောင့် သူမက ဒီသတ္တဝါတွေကို ဒီအတိုင်း လွှတ်ထားမှာမဟုတ်ဘူးဆိုတာ သူ ခန့်မှန်းနိုင်တယ်။ သူမရဲ့ ခွန်အားကို စမ်းသပ်ချင်တာလား"

"အဲဒါက ဖြစ်နိုင်ခြေ အရှိဆုံးပဲ။ ဒါပေမဲ့ ဒီအရာတွေကို အခုလိုမျိုး အသုံးချလိုက်တာက နည်းနည်းတော့ နှမြောစရာကောင်းသလိုပဲ။ ယင်ကျန်းဆီကနေ ဒီထက်မကတဲ့ အရာမျိုး မျှော်လင့်ထားတာ" ဝမ်ဝေ့က ပြောလိုက်သည်။ သူ၏ မျက်လုံးများမှာ ရုတ်တရက် ငွေဖြူရောင် တောက်ပလာပြီး သူ၏ နောက်ကွယ်တွင် ကံကြမ္မာမြစ်၏ ပုံရိပ်ယောင် ပေါ်ထွက်လာသည်။

သို့သော် စတင်ပြီး စက္ကန့်အနည်းငယ်အကြာတွင် သူ့နှာခေါင်းမှ သွေးများ စီးကျလာသည်။ ဝမ်ဝေ့က သွေးကို အေးဆေးစွာ သုတ်လိုက်ရင်း ပြောလိုက်သည်။

"ဂမ္ဘီရစွမ်းရည် အသုံးချရာမှာ တန်ပြန်သက်ရောက်မှု ဖြစ်စေတာမျိုး ဘယ်လောက်တောင် ကြာပြီလဲ"

"အခုတော့ ထူးကဲသာလွန် စွမ်းအားတွေ ပါဝင်နေတယ်ဆိုတာ ငါတို့ အသေအချာ သိသွားပြီပေါ့"

"ဟုတ်တယ်" ဝမ်ဝေ့က ခေါင်းညိတ်သည်။

"မေးခွန်းက အဲဒါက ယင်ကျန်းရဲ့ ပစ္စည်းကြောင့်လား။ မေတ္တယျရဲ့ တည်ရှိမှုကြောင့်လား ဒါမှမဟုတ် ဒီစစ်ပွဲလက်နက်တွေရဲ့ နောက်ကွယ်က လူတွေကြောင့်လား ဆိုတာပဲ"

"ကျွန်တော် အဲဒါကိုတော့ ဆုံးဖြတ်နိုင်ပါတယ်" ဝမ်ဝေ့က ပြောရင်း သူ၏ တာအိုသက်သေခံပစ္စည်းကို ဆင့်ခေါ်ကာ ကံကြမ္မာကူပိုးကောင်သုံးကောင်အဖြစ် ပြောင်းလဲလိုက်သည်။ သူက မန္တန်အချို့ကို ရွတ်ဆိုလိုက်ရာ ပိုးကောင်များ၏ အောက်တွင် မှော်အစီအရင်တစ်ခု ပေါ်လာသည်။ ညာဘက်မှ ပိုးကောင်က ရွှေရောင်အလင်း အနည်းငယ် ထွက်ပေါ်လာပြီး အလယ်က ပိုးကောင်မှာ ရွှေနဂါးလေးတစ်ကောင် ဝန်းရံနေကာ နောက်ဆုံးတစ်ကောင်မှာ ထူးခြားသော အငွေ့အသက်များ ထွက်ပေါ်နေသည်။

ဝမ်ဝေ့က မန္တန်ကို အဆုံးသတ်လိုက်သောအခါ အလယ်နှင့် ဘယ်ဘက်မှ ပိုးကောင်များမှာ ရုတ်တရက် အော်ဟစ်ကာ တောက်ပသော မီးတောက်များအတွင်း ပြာကျသွားပြီး ဗုဒ္ဓအလင်းတန်းများ ရှိနေသော ပိုးကောင်သာ ကျန်ရစ်တော့သည်။

"ဒါဆို သူ ပါဝင်နေတာပေါ့" ယန်းအိုက်က မျက်မှောင်ကြုတ်လိုက်သည်။

"ဒီအကြောင်းကို အစ်ကိုချီယွမ်ကို ငါ သတိပေးလိုက်မယ်။ ငါတို့ရဲ့ အရိပ်တွေကိုလည်း ချင်တိုင်းပြည်အပေါ် ခဏလောက် အာရုံစိုက်ဖို့ အမိန့်ပေးလိုက်မယ်"

"မဟုတ်ဘူး ... သူတို့ကို အမြန်ဆုံး ဆုတ်ခွာခိုင်းဖို့ပဲ အမိန့်ပေးသင့်တယ်" ဝမ်ဝေ့က ဆိုသည်။

"မှန်တာပဲ။ ယင်ကျန်းရဲ့ စွမ်းအားသစ်နဲ့ဆိုရင် သူတို့အားလုံးကို မကြာခင် ရှာတွေ့သွားလိမ့်မယ်။ အဲဒီအခါမှာ သူတို့ရဲ့ ကံကြမ္မာက အသတ်ခံရတာ ဒါမှမဟုတ် ငါတို့ဆီ သတင်းမှားတွေ ပို့ပေးဖို့ ရုပ်သေးရုပ်အဖြစ် အသုံးချခံရတာပဲ ဖြစ်လိမ့်မယ်" ယန်းအိုက်က သဘောပေါက်သွားသည်။

ဝမ်ဝေ့ကတော့ ယင်ကျန်း၏ ရည်မှန်းချက်က ဘာဖြစ်နိုင်မလဲဟု အတွေးနက်နေမိသည်။ ယင်ကျန်းက မေတ္တယျ၏ လက်ရှိခွန်အားကို စမ်းသပ်ရုံသက်သက်ဆိုသည့် ကောက်ချက်ကို သူ မကျေနပ်နိုင်ပေ။ ကံမကောင်းစွာဖြင့် အိမ်ပြန်ရောက်သည့်တိုင်အောင် သူ ဘာမှ အဖြေရှာမရသေးပေ။

ယန်းအိုက်က သူ့ကို သေမျိုးများ ပြန်လည်နေရာချထားရေးကိစ္စကို ကြီးကြပ်ရန် တာဝန်ပေးထားသဖြင့် သူသည် မူလစည်းတံဆိပ်ကုန်းမြေသို့ ချက်ချင်း မသွားနိုင်သေးပေ။ ထို့ကြောင့် ဝမ်ဝေ့အနေဖြင့် ဂိုဏ်းနယ်မြေပြင်ပသို့ သွားရောက်ကာ သေမျိုးများကို သတ်မှတ်ထားသော ဒိုင်မေးရှင်းများသို့ ပြောင်းရွှေ့ရာတွင် ကူညီပေးနေရသည်။

……………………..

ကောင်းကင်အလှတရားနန်းဆောင်

ရှောင်ထျန်းတိသည် ပိတ်ထားသော အခန်းရှေ့တွင် ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း စောင့်ဆိုင်းနေသည်။ နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်နေပြီး သူ၏ ခြေသံများသာ နံရံများကြားတွင် ပဲ့တင်ထပ်နေသည်။ အခန်းတံခါး ပွင့်သွားသည်ကို အာရုံခံမိသည်နှင့် ရှောင်ထျန်းတိ ချက်ချင်း ပြေးဝင်သွားတော့သည်။

"ဆရာ... အဆင်ပြေရဲ့လား"

"ငါ အဆင်ပြေပါတယ်" ရှုကျင်းယောင်က အနည်းငယ် ဖြူဖျော့သော မျက်နှာဖြင့် ပြောလိုက်သည်။

"သူတို့က ငါ့ရဲ့ စွမ်းအင် အနည်းငယ်ကိုပဲ စုပ်ယူသွားတာပါ"

"ဒီ ချင်တိုင်းပြည်က ကောင်စုတ်တွေ" ရှောင်ထျန်းတိက အံကြိတ်ကာ လက်သီးကို တင်းတင်းဆုပ်ရင်း ပြောလိုက်သည်။ သူ၏ ထိတ်လန့်တုန်လှုပ်နေသော အရှိန်အဝါကြောင့် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော သဟဇာတဖြစ်သည့် တာအိုနိယာမများမှာ ကမောက်ကမဖြစ်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တာအိုအသံများ ထွက်ပေါ်လာသည်။

"စိတ်အေးအေးထားပါ" ရှုကျင်းယောင်က သူ၏ လက်မောင်းကို လှမ်းကိုင်ကာ သူမရှေ့တွင် ထိုင်ခိုင်းလိုက်သည်။

"ဘာပဲဖြစ်ဖြစ်... သူတို့က ငါ့ကို မပြီးဆုံးသေးတဲ့ ပန်းချီကားကို ကြည့်ခွင့်ပေးခဲ့တယ်။ အဲဒါက ငါ့ကို ယွမ်ခေတ်ကာလ နှစ်သိန်းလောက်အတွင်းမှာ ထိပ်သီးစံပြအဆင့်ကို ရောက်အောင် ကူညီပေးလိမ့်မယ်"

ယွမ်ခေတ်ကာလ နှစ်သိန်းဆိုသည်မှာ ဆယ်ဆအရှိန်မြှင့်ထားသော အချိန်အရှိန်မြှင့်အစီအရင်အတွင်းတွင်မူ ယွမ်ခေတ်ကာလ နှစ်သောင်းသာ ရှိသည်။

"ဒါပေမဲ့ ဒီလို လဲလှယ်ဖို့အတွက် သူတို့က ဆရာ့ရဲ့ ခွင့်ပြုချက်ကို တောင်းခဲ့ကြလို့လား" ရှောင်ထျန်းတိ၏ မေးခွန်းကြောင့် ရှုကျင်းယောင် တိတ်ဆိတ်သွားသည်။ အာဏာရှင်များသည် သူမ၏ အလှအပနှင့် တည်ရှိမှုကြောင့် သူမကို အချိန်အတော်များများတွင် ကြင်နာစွာ ဆက်ဆံနိုင်သော်လည်း သူတို့၏ အကြံအစည် သို့မဟုတ် အကျိုးအမြတ်နှင့် ပတ်သက်လာလျှင်မူ သူမကို သာမန် လေလွင့်ကျင့်ကြံသူတစ်ယောက်ကဲ့သို့သာ သဘောထားကြလိမ့်မည်။

"လောကကြီးက ဒီလိုပဲ လည်ပတ်နေတာကို မင်း သိထားတာ ကြာပြီပဲလေ။ အားကြီးတဲ့လူက အားနည်းတဲ့လူရဲ့ ကံကြမ္မာကို ဆုံးဖြတ်ဖို့အတွက် ခွင့်ပြုချက် တောင်းလေ့မရှိဘူးလေ" ရှုကျင်းယောင်က သက်ပြင်းချရင်း ဆိုသည်။

"ကျွန်တော်တို့က အားနည်းတဲ့လူတွေထဲမှာ ပါနေဖို့ မလိုပါဘူး" ရှောင်ထျန်းတိက ပြန်ပြောသည်။

"တကယ်လို့ ဆရာသာ မူလစည်းတံဆိပ်ကုန်းမြေရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေမယ်ဆိုရင် သူတို့က ဆရာ့ကို အခုလိုမျိုး လုပ်ရဲပါ့မလား"

"ဒါက ဘာကို ဆိုလိုတာလဲ" ရှုကျင်းယောင်က မေးသည်။

"ဝမ်ဝေ့၊ ဆရာနဲ့ ဧကရီတို့ကြားက ထူးဆန်းတဲ့ ဆက်ဆံရေးကြောင့် ဆရာ စိတ်ထဲ တစ်မျိုးဖြစ်နေတာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ဝမ်ဝေ့က ဆရာတို့ကြားက ကံကြမ္မာမျဉ်းကို ခွဲခြားချင်တယ်ဆိုတာကို အသေအချာ ရှင်းပြထားပြီးသားပဲ။ ပိုအရေးကြီးတာက ဆရာက ဝမ်ဝေ့ မပေါ်လာခင် ကတည်းက ဧကရီဝူနဲ့ ဆက်ဆံရေး ရှိခဲ့တာလေ" ရှောင်ထျန်းတိက ဆက်ပြောသည်။

"အဲဒါကပဲ ပြဿနာပဲလေ" ရှုကျင်းယောင်က ဆိုသည်။

"ငါတို့မှာ အချစ်ကံကြမ္မာမျဉ်း တူညီနေတာကို သူမ သိမှာပဲ။ သူမက ငါ့ကို မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်ခဲ့တာ မဟုတ်ဘူးလို့ ငါ ဘယ်လို သိနိုင်မလဲ။ ငါက သူမရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်လို့ ငါ့ကို သူမ အနားမှာပဲ ထားချင်နေတာကော မဖြစ်နိုင်ဘူးလား"

ဝူဟုန်၏ ဆက်ဆံရေးကို သိလိုက်ရခြင်းက ရှုကျင်းယောင်၏ အတိတ်က ဖြစ်ရပ်များအပေါ် ရှုမြင်ပုံကို ပြောင်းလဲစေခဲ့သည်။

"ဆရာ... ဧကရီဝူက ကံကြမ္မာမျဉ်းတစ်ခုကြောင့်နဲ့ သူမရဲ့ အချစ်ရေးကို ဆုံးဖြတ်ခွင့် ပေးလိမ့်မယ်လို့ ဆရာ ထင်လို့လား။ တကယ်တော့ ဝမ်ဝေ့က သူမကို အောင်မြင်စွာ စည်းရုံးနိုင်ခဲ့တာကကို အံ့သြစရာတစ်ခုပဲ"

"တကယ်လို့ သူမသာ အဲဒီကံကြမ္မာမျဉ်းကို ဆက်မထားခဲ့ဘူးဆိုရင် မင်းရဲ့ အငြင်းပွားမှုက ပိုပြီး ထိရောက်မှာပါ"

"ဆရာ ... ဝမ်ဝေ့က ဆရာ့ရဲ့ ကံကြမ္မာမျဉ်းကို ဖြတ်တောက်ပစ်ဖို့ ဘယ်လောက်တောင် ကြိုးစားခဲ့ရလဲဆိုတာ ဆရာ တွေ့ခဲ့တာပဲ။ သူမရဲ့ ကံကြမ္မာမျဉ်းက ဆရာ့ထက် ဘယ်လောက်တောင် ပိုပြီး ခက်ခဲမလဲဆိုတာ ဆရာ မြင်ယောင်ကြည့်နိုင်မလား"

ရှုကျင်းယောင် စကားမပြောနိုင်တော့ပေ။ သူမကိုယ်တိုင်လည်း ကံကြမ္မာမျဉ်းကို ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း သူမ၏ ပြီးပြည့်စုံသော အငွေ့အသက်ကို အသုံးပြုခဲ့လျှင်ပင် အရာမထင်ခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင် ကံကြမ္မာမျဉ်း အတော်များများမှာ ပြတ်တောက်နေပြီ ဖြစ်သော်လည်း နောက်ဆုံး ကြီးမားသော အတားအဆီးတစ်ခု ကျန်နေသေးသည်။ ကံမကောင်းစွာဖြင့် ရှုကျင်းယောင်၏ ကြိုးစားမှုများမှာ ထိုနောက်ဆုံး အတားအဆီးအတွက် မလုံလောက်ခဲ့ပေ။

"ကျွန်တော် ထင်တာတော့ ဆရာ သူမနဲ့ စကားပြောသင့်တယ်" ရှောင်ထျန်းတိက ဆိုသည်။

"ဆရာ စိုးရိမ်တာတွေကို သူမဆီ တိုက်ရိုက်ပြောလိုက်ပါ။ ဧကရီက ဆရာ့ကို အမြဲတမ်း ကူညီခဲ့တာပဲလေ။ ဆရာ့ကို ထိခိုက်အောင် လုပ်မဲ့ လက္ခဏာမျိုး တစ်ခါမှ မပြခဲ့ဖူးဘူး။ သူမက ကျွန်တော်တို့အပေါ် အမြဲတမ်း ကြင်နာခဲ့တာကို ကျွန်တော်တို့က မကောင်းတဲ့ဘက်က မြင်လို့ မဖြစ်ဘူးလေ"

ရှုကျင်းယောင်က မျက်မှောင်ကြုတ်လိုက်သည်။

"မင်းက ဘာလို့ မူလစည်းတံဆိပ်ကုန်းမြေကို ဝင်ဖို့ ဒီလောက်တောင် စိတ်အားထက်သန်နေရတာလဲ။ ငါ့ရဲ့ ကောင်းကင်အလှတရားနန်းဆောင်က မင်းအတွက် မလုံလောက်တော့လို့လား"

"လုံလောက်တဲ့ အချိန်သာ ရမယ်ဆိုရင် ဆရာက ကျွန်တော်တို့ နန်းဆောင်ကို အမြင့်ဆုံး အဆင့်အထိ ပို့ဆောင်ပေးနိုင်မယ်လို့ ကျွန်တော် စိတ်ရင်းနဲ့ ယုံကြည်ပါတယ်" ရှောင်ထျန်းတိက ခိုင်မာသော အမူအရာဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ အချိန်က မရှိတော့ဘူး ... ကျွန်တော်တို့ အတွက်တင်မကဘူး။ လူတိုင်းအတွက်ပဲ … ကပ်ဘေးက လာနေပြီ။ ကျွန်တော်တို့ ရှင်သန်နိုင်ဖို့အတွက် အင်အားကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ရဲ့ အောက်မှာ ခိုလှုံဖို့ လိုကောင်းလိုနိုင်တယ်ဆိုတာကို ဝန်ခံရမဲ့ အချိန်ရောက်နေပြီ"

"မင်း ပြောတာလည်း ဟုတ်နိုင်ပါတယ်။ ဒါပေမဲ့ အနာဂတ်မှာ ဖြစ်လာမဲ့ အနေရခက်တဲ့ အခြေအနေတွေကို မင်း စဉ်းစားပြီးပြီလား"

"ဘာကို ဆိုလိုတာလဲ"

"တစ်နေ့ကျရင် သူတို့ လက်ထပ်လိုက်တဲ့အခါမှာ မူလစည်းတံဆိပ်ကုန်းမြေနဲ့ တာအိုအခွင့်အလမ်းဂိုဏ်းက ပေါင်းစည်းသွားမှာ မဟုတ်ဘူးလား" ရှုကျင်းယောင်က ဆိုသည်။

"ငါတို့အားလုံး ဂိုဏ်းတစ်ခုတည်းမှာ ရှိနေရမှာ ဘယ်လောက်တောင် နေရခက်မလဲဆိုတာ စဉ်းစားကြည့်ဦး"

"သူတို့က ပေါင်းစည်းသွားမှာ မဟုတ်ပါဘူး" ရှောင်ထျန်းတိက ခေါင်းခါလိုက်သည်။

"ဧကရီဝူက အဲဒီလိုအရာမျိုးကို လုံးဝ လက်ခံမှာ မဟုတ်သလို စီမံခန့်ခွဲမှုပိုင်းမှာလည်း ရှုပ်ထွေးသွားလိမ့်မယ်။ တာအိုအခွင့်အလမ်းဂိုဏ်းက အရမ်းကို စည်းလုံးညီညွတ်တဲ့ အဖွဲ့အစည်းလေ … ဒါပေမဲ့ ဧကရီဝူအပေါ်မှာပဲ အကြွင်းမဲ့ သစ္စာစောင့်သိတဲ့ ကုန်းမြေက လူတွေကို သွားပေါင်းလိုက်ရင် အဲဒီစည်းလုံးမှုက ပျက်ပြားသွားလိမ့်မယ်"

ရှောင်ထျန်းတိ၏ စကားမှာ အပေါ်ယံ သုံးသပ်ချက်မျှသာ ဖြစ်သော်လည်း သူ ဆိုလိုသည့် အချက်ကိုမူ ရှုကျင်းယောင် သဘောပေါက်သွားလေသည်။

All Chapters