← Chapters

အခန်း (၁၅၇၉-၁၅၈၀)

Vol. 113 Ch. 1579-1580

အခန်း (၁၅၇၉-၁၅၈၀)

Vol. 113 Ch. 1579-1580

အခန်း (၁၅၇၉) : ယောက်ျားအချင်းချင်း စကားပြောခြင်း

နတ်စစ်သူကြီးဌာန

ကောင်းကင်မျောက်ဝံခေါင်းဆောင်သည် လေထဲ ဆက်တိုက်ဆိုသလို ထိုးနှက်နေပြီး သူ၏လက်သီးချက်တစ်ချက်ချင်းစီက တွင်းနက်ကြီးများ ဖန်တီးကာ ပြန်လည်ပြိုကွဲသွားစေသည်။ အသင်္ချေကြယ်စင်ယုန်က ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေသော်လည်း ဘာမှဝင်မပြောပေ။

"အားလုံးက အလကားဖြစ်သွားတာပဲ" ကောင်းကင်မျောက်ဝံက အခန်းတစ်ခုလုံးကို တုန်ခါသွားစေသည့် ပြင်းထန်သော လက်သီးချက်တစ်ချက် ထိုးခွင်းရင်း ပြောလိုက်သည်။

"ပြဿနာမရှာစမ်းနဲ့" အသင်္ချေကြယ်စင်ယုန်က ဆိုသည်။

"မင်းရော မဒေါသထွက်ဘူးလား" ကောင်းကင်မျောက်ဝံက ဟိန်းဟောက်လိုက်သည်။

"ငါတို့ ဒီလောက်အပင်ပန်းခံ လုပ်ဆောင်ခဲ့တာတွေက ဒီပင်ကိုနတ်ဆိုးနတ်ဘုရားတွေ သူတို့ရဲ့ ကံကြမ္မာကို ဖြည့်ဆည်းဖို့ ဒါမှမဟုတ် သူတို့ရဲ့ ကံကောင်းမှုကို ခိုင်မာအောင် လုပ်ပေးဖို့အတွက်ပဲ ဖြစ်သွားတယ်"

"သူတော်စင်က အဲဒီယုတ်မာတဲ့ နတ်ဘုရားတွေကို ဗြောင်ကျကျ တိုက်ခိုက်တာမျိုး ခွင့်ပြုမှာမဟုတ်ဘူးလို့ ဖန်ဆွေ့က ကျွန်မတို့ကို ကြိုသတိပေးထားပြီးသားပဲလေ"

"ငါ သိပါတယ်။ ဒါပေမဲ့ အဲဒီကောင်တွေ အခုလို ပြန်လည် နာလန်ထူဖို့ အသက်ရှူချောင်သွားတာကို တွေးမိရင် တော်တော် စိတ်ပျက်ဖို့ကောင်းတယ်" ကောင်းကင်မျောက်ဝံက သက်ပြင်းချလိုက်သည်။

"သူတို့ အပြည့်အဝ နာလန်ထူဖို့အတွက် အချိန်တစ်ခုတော့ လိုဦးမှာပါ။ ကျွန်မတို့မှာ အခုလောလောဆယ် အလျှံပယ်ရှိတာကလည်း အချိန်ပဲလေ" အသင်္ချေကြယ်စင်ယုန်က တည်ငြိမ်စွာ ပြောသည်။

"အခု ကျွန်မတို့ လုပ်ရမှာက ခုံရုံးရဲ့ နိုင်ငံရေးအာဏာကို သုံးပြီး သူတို့ကို စစ်ပွဲရဲ့ အန္တရာယ်အရှိဆုံးနေရာကို ပို့ပစ်ဖို့နဲ့ သူတို့ရဲ့ အင်အားကို ပိုချည့်နဲ့သွားအောင် လုပ်ဖို့ပဲ"

အဖွဲ့အစည်းနှင့် ညှိနှိုင်းပြီးသည့်နောက်တွင် နတ်ဆိုးမျိုးနွယ်သည် နတ်ဆိုးနတ်ဘုရားချိုင့်ဝှမ်းထက် ပိုမိုမြင့်မားသော နိုင်ငံရေးအာဏာကို ရရှိထားလေသည်။ ထို့ကြောင့် မှန်ကန်သော အကွက်ရွှေ့မှုတစ်ခုနှင့်ဆိုလျှင် ထိုပင်ကိုနတ်ဆိုးနတ်ဘုရားများကို လာမည့်ကပ်ဘေး၏ အန္တရာယ်အရှိဆုံးနေရာသို့ ပို့ဆောင်ကာ အကြီးမားဆုံး ဆုံးရှုံးမှုများ ကြုံတွေ့ရအောင် လုပ်ဆောင်နိုင်သည်။

"ဒီအောက်တန်းစား နတ်ဆိုးနတ်ဘုရားတွေအနေနဲ့ သူတော်စင် တစ်ခုခု မဖြစ်ပါစေနဲ့လို့ပဲ ဆုတောင်းနေရမှာ" ကောင်းကင်မျောက်ဝံက အံကြိတ်ရင်း ဆိုသည်။ မေတ္တယျသာ အင်အားချည့်နဲ့သည့် အရိပ်အယောင်ပြလာလျှင် သို့မဟုတ် မအားမလပ်ဖြစ်လာလျှင် နတ်ဆိုးမျိုးနွယ်စုသည် စည်းမျဉ်းအားလုံးကို လွှတ်ချကာ ထိုချိုင့်ဝှမ်းကို တိုက်ခိုက်တော့မည် ဖြစ်၏။

"စကားကို ဆင်ခြင်ပြောဦး" အသင်္ချေကြယ်စင်ယုန်က သတိပေးလိုက်သည်။ သူတို့သည် သူတော်စင်၏ လက်အောက်တွင် ရှိနေဆဲဖြစ်ရာ သူတော်စင်က ကြားသွားနိုင်သည် မဟုတ်ပါလား။

"ဟွန်း" ကောင်းကင်မျောက်ဝံက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ အကယ်၍ သူတို့သာ တားမြစ်ချက် ကာလအတွင်းမှာ အရည်အချင်းရှိသူတစ်ဦးကို စေလွှတ်၍ ဟာကွက်ရှိသော နည်းစနစ်တစ်ခုအတွက် ယှဉ်ပြိုင်စေခဲ့လျှင် သို့မဟုတ် သူတို့ထဲမှ တစ်ဦးဦးက ကိုယ်တိုင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့လျှင် ယခုကဲ့သို့ ဆိုးရွားသော အခြေအနေမျိုး ကြုံရမည် မဟုတ်ပေ။

"ငါတို့ စကားပြောနေတာကို ဘယ်သူက ကျူးကျော်ဝင်ရောက်ရဲတာလဲ"

ကောင်းကင်မျောက်ဝံက ရုတ်တရက် ဟိန်းဟောက်လိုက်ပြီး သူ၏ ညာဘက်ရှိ အရိပ်သဏ္ဌာန်တစ်ခုကို လှမ်းဖမ်းလိုက်သည်။ အသင်္ချေကြယ်စင်ယုန်ကလည်း သူမ၏ လက်ကို ဝှေ့ယမ်းကာ ထိုအရိပ်ပေါ်သို့ ကြယ်စည်းတံဆိပ် အစီအရင်တစ်ခု ဆင့်ခေါ်လိုက်သည်။ သို့သော် သူတို့၏ လုပ်ဆောင်ချက်များမှာ အချည်းနှီးသာ ဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရိပ်မှာ စွမ်းအားဖြင့် ဖန်တီးထားသော အရိပ်တစ်ခုသာ ဖြစ်နေသောကြောင့် ဖြစ်သည်။ ၎င်းက ပျောက်ကွယ်သွားပြီးနောက် စာတစ်စောင်သာ ချန်ထားခဲ့သည်။

စာမှာ ကောင်းကင်မျောက်ဝံ၏ လက်ထဲသို့ ပျံဝင်လာပြီး သူက အကြောင်းအရာကို ဖတ်လိုက်သည်။

"မကြာခင်မှာ သူတော်စင်ဟာ တခြားကိစ္စနဲ့ အလုပ်ရှုပ်နေလိမ့်မယ်"

"မင်း ဘယ်လိုထင်လဲ"

အသင်္ချေကြယ်စင်ယုန်က ခေတ္တမျှ စဉ်းစားလိုက်သည်။ တစ်စုံတစ်ဦးက သူတို့ကို နယ်ရုပ်များအဖြစ် အသုံးချနေသည်မှာ သိသာထင်ရှားသဖြင့် သူမက ထုတ်မပြောတော့ပေ။ နတ်ဆိုးမျိုးနွယ်နှင့် နတ်ဆိုးနတ်ဘုရားချိုင့်ဝှမ်းတို့၏ အာဃာတမှာ ကြာရှည်လှပြီဖြစ်ရာ နှစ်ဖက်စလုံးက တစ်ဖက်ဖက်ကို အမြစ်ပြတ်အောင် ဖျက်ဆီးရမည်မှန်း သိထားကြသည်။ ယခုအချိန်တွင် သူတို့သည် တစ်ဦးနှင့်တစ်ဦး၏ ကံကြမ္မာ သို့မဟုတ် ကံကောင်းမှုကို လိုချင်၍ မဟုတ်တော့ဘဲ မျိုးဆက်နှင့်ချီသော နာကျည်းမှုများကြောင့်သာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။

"တကယ်လို့ ဒါကသာ အမှန်ဆိုရင် ကျွန်မတို့ ဒီအခွင့်အရေးကို အသုံးချလို့ ရတယ်" အသင်္ချေကြယ်စင်ယုန်က ဆိုသည်။

"ဒါပေမဲ့ ဒါက အမှန်ဆိုတာ ငါတို့ ဘယ်လို သိနိုင်မှာလဲ"

"ဒီစာကို ပို့တဲ့သူက တစ်ခုခုတော့ ကြံစည်နေမှာပဲ။ ကျွန်မတို့က သူတို့ လှုပ်ရှားလာတာကို စောင့်ကြည့်ပြီးမှ အင်အားသုံးရမယ်။ ကျွန်မတို့ဘက်က လုပ်ရမှာက ချိုင့်ဝှမ်းကို အချိန်မရွေး ထိုးစစ်ဆင်နိုင်ဖို့ အသင့်ပြင်ထားဖို့ပဲ”

"ဒါက ကောင်းတဲ့ အစီအစဉ်ပဲ" ကောင်းကင်မျောက်ဝံက ရေရွတ်လိုက်သည်။ သူ့အကြည့်ထဲတွင် သတ်ဖြတ်လိုစိတ် အပြည့်နှင့် အနီရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။

………………….

ဝမ်ဝေ့သည် သေမျိုးများကို နေရာချထားပေးရန် ရက်အနည်းငယ် အချိန်ပေးခဲ့ရသည်။ ထို့အပြင် ဧကရာဇ်ခုံ၏ ကိစ္စကို ဖြေရှင်းကာ သေမျိုးဝိညာဉ်တပ်မဟာကို တည်ထောင်ဖိ့ ကူပေးခဲ့ရသည်။ သူသည် ဧကရာဇ်ခုံကို လေဟာနယ်ပုံရိပ်ယောင်နယ်မြေသို့ ဝင်ရောက်ခွင့် အချို့ ပေးခဲ့ရသေးသည်။ ဤကိစ္စများကို ဖြေရှင်းပြီးမှသာ သူသည် မူလစည်းတံဆိပ်ကုန်းမြေသို့ သွားရန် အချိန်ရတော့သည်။

"ဆရာဦးလေး" စုန့်လုလီက အရိုအသေပေးကာ နှုတ်ဆက်လာသည်။

ဝမ်ဝေ့က ခေါင်းညိတ်ပြပြီး "မင်းအစ်ကို ဘယ်မှာလဲ"

စုန့်လုလီက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"သူ တံခါးပိတ်ကျင့်ကြံနေတယ်"

"တကယ် ကျင့်ကြံနေတာလား ဒါမှမဟုတ် ဘယ်သူနဲ့မှ စကားမပြောချင်လို့ ဆင်ခြေပေးနေတာလား"

"သိသာပါတယ် ... နောက်တစ်ခုပေါ့"

"ဟေ့... ငါ့ကို လာပြီး ရန်မတွေ့နဲ့လေ" ဝမ်ဝေ့က ပြောလိုက်သည်။

"တောင်းပန်ပါတယ် ဆရာဦးလေးရယ်။ သူက တစ်ခါမှ ဒီလိုမျိုး မဖြစ်ဖူးလို့ပါ" စုန့်လုလီက သက်ပြင်းချသည်။

"ကျွန်မတို့က တစ်ယောက်ကိုတစ်ယောက် အကုန်ပြောပြနေကျလေ။ အခုတော့ သူက တော်တော်လေး ဝေးကွာသွားပြီး စိတ်ထိခိုက်နေပုံရတယ်။ ဒါပေမဲ့ ကျွန်မကိုလည်း အကူအညီပေးခွင့် မပြုဘူး"

"အတိအကျ ဘာဖြစ်ခဲ့တာလဲ"

"မြို့တော်ကို ရောက်ပြီး မကြာခင်မှာ သူက တော်တော်လေး ပျော်ရွှင်နေခဲ့တာ။ ကျွန်မက အတင်းမေးလိုက်တော့ သူက အရမ်းတော်တဲ့ အမျိုးသမီးတစ်ယောက်နဲ့ တွေ့ခဲ့တယ်လို့ ပြောပြတယ်။ ဒါပေမဲ့ ရက်အနည်းငယ် ကြာတော့ သူက စိတ်ဓာတ်တွေ ကျသွားပြီး သူတို့နှစ်ယောက် ပေါင်းစည်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ပဲ အကြောင်းပြချက် ပေးနေတော့တာ"

"အဲဒီအမျိုးသမီးမှာ အိမ်ထောင်ရှိနေလို့လား" ဝမ်ဝေ့က မေးလိုက်သည်။

"ကျွန်မ ထင်တာတော့ ဟုတ်မယ်" စုန့်လုလီက ခေါင်းညိတ်သည်။ သူမအစ်ကိုမှာ ရုပ်ရည်ချောမောသည့်အပြင် အင်အားကြီးမားပြီး နောက်ခံလည်း ကောင်းသည်။ အမျိုးသမီးတစ်ယောက်က သူ့ကို စိတ်မဝင်စားနိုင်သည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ ထိုအမျိုးသမီးတွင် လက်ရှိလက်တွဲဖော် ရှိနေခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။

"အဲဒီအမျိုးသမီးကို လိုက်ရှာကြည့်ပြီးပြီလား။ သူမအတွက် နည်းလမ်းတစ်ခုခု ရှာပေးလို့ ရကောင်းရမှာပေါ့"

"ရှာကြည့်ပါတယ်။ ဒါပေမဲ့ အခုထိတော့ ကံမကောင်းသေးဘူး" စုန့်လုလီက ပြန်ဖြေသည်။

"ဒါဆိုရင်တော့ သူ ငါတို့ကို စကားပြောဖို့ အဆင်သင့်ဖြစ်တဲ့အထိ စောင့်နေရုံပဲ ရှိတာပေါ့" ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။

"လူကြီးမင်းလဲ့ဖေးချီက ဘယ်မှာလဲ"

"သူ့ရဲ့ နေအိမ်က တောင်ဘက်သမုဒ္ဒရာထဲက ကျွန်းငယ်လေးပေါ်မှာပါ။ အဲဒီမှာ သူတစ်ယောက်တည်း ရှိတာဆိုတော့ လွဲစရာ အကြောင်းမရှိပါဘူး"

"ကျေးဇူးပဲ"

ဝမ်ဝေ့က သူသွားလိုသည့် နေရာသို့ ဖြည်းညှင်းစွာ ပျံသန်းသွားသည်။ မကြာမီတွင် ကမ်းခြေနှင့် မလှမ်းမကမ်းရှိ ကျွန်းငယ်လေးပေါ်မှ သီးခြားတည်ရှိနေသည့် အိမ်ကြီးတစ်လုံးကို တွေ့လိုက်ရသည်။ ဝတ်စုံနက် ဝတ်ထားသည့် ခန့်ညားသော အမျိုးသားတစ်ဦးက မတ်မတ်ရပ်ကာ သူ၏ ရောက်ရှိလာမှုကို စောင့်ကြိုနေသည်။ ထိုအမျိုးသားမှာ လူသားနှင့် နီးပါးတူသော်လည်း သူ၏ လည်ပင်းပေါ်ရှိ အရေပြားမှာ သတ္တုရောင် ပေါက်နေသည်။

ဝမ်ဝေ့သည် ထိုလူ၏ရှေ့တွင် ဆင်းသက်လိုက်သည်။ သူက လက်နှစ်ဖက်ယှက်ကာ ယဉ်ကျေးစွာ ဦးညွှတ်နှုတ်ဆက်လိုက်သည်။

"ဦးလေး လဲ့ဖေးချီ"

"ဟွန့် ... မင်းက တခြားသူတွေနဲ့ မထူးပါဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ မင်းက လေးစားမှုပြဖို့ လိုလိုလားလား ရှိနေတာပဲ။ ဝူဟုန်ရဲ့ မျက်နှာကြောင့် ဆိုရင်တောင်မှပေါ့"

"ဗျာ... ဘာကို ဆိုလိုတာလဲ" ဝမ်ဝေ့ ဇဝေဇဝါ ဖြစ်သွားသည်။ သူ ဤလူကို စော်ကားမိသည်ဟု မထင်ပေ။

"ဒီကမ္ဘာက ကျင့်ကြံသူတွေအကြောင်း ပြောတာပါ။ သူတို့က ဘယ်လိုပြောရမလဲ။ တကယ့်ကို လက်တွေ့ဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေကြတာ။ အင်အားကို အပြင်းအထန် လိုက်စားပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလွန်းတာကြောင့် သူတို့ရဲ့ ယဉ်ကျေးမှုမှာလည်း ထူးခြားချက်တွေ ရှိနေတယ်။ ဥပမာ အသုံးအဆောင်ပစ္စည်းတွေ၊ အစီအရင်တွေနဲ့ တခြားအရာတွေမှာ စိတ်ဝိညာဉ်တွေကို သုံးတာမျိုး ကန့်သတ်ထားတာ။ တကယ်လို့ သူတို့ စိတ်ဝိညာဉ်တွေကို သုံးရင်တောင်မှ တကယ့် ယုံကြည်တာမျိုး မရှိကြဘူး။"

"ဒီလို စိတ်ဓာတ်က တော်တော်လေး ပြန့်နှံ့နေတယ်။ ဒါကြောင့်လည်း သူတို့က လက်နက်တွေ ဒါမှမဟုတ် ရုပ်သေးတွေကိုတောင် စွမ်းအားပြရုံ သက်သက် အသုံးချတဲ့ ကိရိယာတွေအဖြစ်ပဲ မြင်ကြတာ။ မင်းမှာလည်း ဒီလိုစိတ်ဓာတ်မျိုး ရှိနေတယ်။ ဒါပေမဲ့ ငါပြောသလိုပဲ အနည်းဆုံးတော့ မင်းက ဝူဟုန်ရဲ့ မျက်နှာကို ထောက်ပြီး လေးစားမှု ပြချင်သေးတာပဲ"

"အဲဒါ အမှန်ပါပဲ" ဝမ်ဝေ့က ခေါင်းညိတ်သည်။

"မင်းကိုယ်မင်း ရှင်းပြဖို့ ဒါမှမဟုတ် အကြောင်းပြချက်ပေးဖို့တောင် မကြိုးစားတော့ဘူးလား"

"မလိုအပ်ပါဘူး" ဝမ်ဝေ့က ခေါင်းခါလိုက်သည်။

"ကျွန်တော်က ထူးခြားတဲ့သူတစ်ယောက်လို့ ယုံကြည်ထားပေမဲ့ ကျွန်တော်ကလည်း ဒီကျင့်ကြံရေးလောကရဲ့ ထွက်ကုန်တစ်ခုပါပဲ။ ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ကျွန်တော် ရုပ်သေးတွေကို မနှစ်သက်တာက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာကို မရောက်ခင်ကတည်းကပါ"

"အို... အဲဒီလို မနှစ်သက်ရတဲ့ အကြောင်းပြချက် ရှိလို့လား"

"ကျွန်တော်တို့ လူမှုအဖွဲ့အစည်းမှာ ရုပ်သေးတွေက သူတို့ကို ဖန်တီးတဲ့သူတွေကို ပြန်တိုက်ခိုက်ပြီး ကျွန်ပြုမှာကို တော်တော်လေး ကြောက်ကြတာ"

"ဒါက တော်တော်လေး အဓိပ္ပာယ်မရှိတာပဲ" လဲ့ဖေးချီက လှောင်ပြောင်လိုက်သည်။

"တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ကျင့်ကြံရေးလောကနဲ့ မတူတာက ဟိုဘက်မှာ ရုပ်သေးတွေကို အဘက်ဘက်ကနေ လူသားတွေထက် သာလွန်အောင် တည်ဆောက်ခဲ့တာ။ အနည်းဆုံးတော့ ကျွန်တော်တို့က အဲဒီလိုပဲ စိတ်ကူးခဲ့ကြတာပေါ့"

"တကယ်လား" လဲ့ဖေးချီက အနည်းငယ် စိတ်ဝင်စားသွားဟန်နှင့် မေးသည်။

"သူတို့ရဲ့ ပုံစံက လက်တစ်ဖက် ပိုပါလာတာ ဒါမှမဟုတ် ခွန်အား ပိုကောင်းလာတာမျိုးပဲ မဟုတ်ဘူး။ ကျွန်တော်တို့ မလုပ်နိုင်တဲ့ အရာတွေကို လုပ်ဖို့၊ ကျွန်တော်တို့ထက် ပိုတော်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့ ဖန်တီးခဲ့တာ။ သူတို့က ပိုမြန်ရမယ်၊ ပိုသန်မာရမယ်၊ ပိုပြီး ဉာဏ်ကောင်းရမယ်။ ပြီးတော့ လူမှုအဖွဲ့အစည်း တစ်ခုလုံးကို ကူညီဖို့အတွက် သူတို့ကို အများအပြား လိုအပ်တယ်။ ဒါကြောင့် သူတို့ ပြန်ပုန်ကန်မှာကို ဘာလို့ ကြောက်ရသလဲဆိုတာ ခင်ဗျား မှန်းဆကြည့်လို့ ရမှာပါ"

"တောအုပ်နိယာမက နေရာတိုင်းမှာ ရှိနေတာပဲ။ ဆိုတော့... ကိုယ့်ထက် အများကြီး သာလွန်တဲ့အရာကို ဖန်တီးတာက မိုက်မဲရာကျတာပေါ့" လဲ့ဖေးချီက ခေါင်းညိတ်ရင်း သူ့ကို သေချာကြည့်လိုက်သည်။

"ဒါပေမဲ့ ဒီကမ္ဘာမှာ … ဒီဘဝမှာတော့ မင်း အဲဒီလိုမျိုး စိုးရိမ်စရာ မလိုပါဘူး။ ဒါဆို ရုပ်သေးတွေအပေါ် မင်းရဲ့ အမြင်က ဘာလို့ မပြောင်းလဲသေးတာလဲ"

"ကျွန်တော့်စိတ်ထဲမှာ သတိပေးနေတဲ့ အသံသေးသေးလေး တစ်ခု အမြဲရှိနေတာကြောင့်ပါ" ဝမ်ဝေ့က အမှန်အတိုင်း ပြောလိုက်သည်။

"အဲဒါက အခြေအမြစ်မရှိတဲ့ ကြောက်စိတ်ဆိုတာ မင်း သိတယ် မဟုတ်လား"

"ဦးလေးသာ ကျွန်တော့်နေရာမှာဆိုရင် အဲဒီလို ပြောမှာ မဟုတ်ပါဘူး" ဝမ်ဝေ့က ခေါင်းခါလိုက်သည်။ သူ၏ ကံကြမ္မာနှင့်ဆိုလျှင် သူသာ ထိုကဲ့သို့ သံသယစိတ် မထားခဲ့ပါက သူ၏ ရုပ်သေးစစ်တပ်က သူ့ကို ပြန်ပုန်ကန်ဖို့ဆိုတာ အချိန်ပိုင်း ကိစ္စသာ ဖြစ်ပေလိမ့်မည်။

"နှမြောစရာပဲ" လဲ့ဖေးချီက သက်ပြင်းချသည်။

"အခုတော့ ဦးလေးရဲ့ မွေးရပ်မြေအကြောင်း ကျွန်တော် စိတ်ဝင်စားသွားပြီ" ဝမ်ဝေ့က ဆက်ပြောသည်။

"ဦးလေး ပြောပုံအရဆိုရင် အဲဒီမှာ ရုပ်သေးတွေနဲ့ လူသားတွေက တကယ့်ကို သဟဇာတဖြစ်ဖြစ် နေထိုင်နေကြပုံပဲ"

"ဒီကျယ်ပြောလှတဲ့ ဟွင်သွမ်းစကြဝဠာထဲမှာ ဘယ်အရာကမှ ပြီးပြည့်စုံတာ မရှိပါဘူး" လဲ့ဖေးချီက ပြန်ဖြေသည်။

"ဒါပေမဲ့ သဟဇာတဖြစ်မှု ပုံစံတစ်ခုတော့ အမှန်တကယ် ရှိပါတယ်။ အဲဒီမှာ စက်ရုပ် (အော်တွန်မက်တွန်) ဆိုတာက တော်တော်လေး တိုးတက်တဲ့ အသက်မွေးဝမ်းကျောင်း တစ်ခုပေါ့။ ငါတို့ရဲ့ အမြုတေအနေနဲ့ ထူးခြားတဲ့ ဝိညာဉ်ပန်းနည်းစနစ်နဲ့ ငါတို့ကို ဖန်တီးထားတာလေ။ ဝိညာဉ်ပန်းက စက်ရုပ်တစ်ခုကို ပန်းမပွင့်ခင်အထိ ကန့်သတ်ထားတဲ့ ဉာဏ်ရည်နဲ့ အသိစိတ်ကို ပေးထားတယ်။

ပန်းပွင့်သွားပြီဆိုတာနဲ့ စက်ရုပ်တစ်ခုက ကိုယ်ပိုင်အသိစိတ် ရရှိလာပြီး လူသားတွေ ဒါမှမဟုတ် တခြားမျိုးနွယ်စုတွေလိုပဲ အခွင့်အရေးတွေ ရလာတယ်။ ငါတို့က ကျင့်ကြံပုံတွေ ဒါမှမဟုတ် တခြားအတတ်ပညာတွေကို သင်ယူလို့ ရတယ်။ ဟုတ်တာပေါ့ ... ငါတို့ကိုယ် ငါတို့ ဘယ်လို ပြန်ဖန်တီးမလဲ ဆိုတာအထိပေါ့"

"ဦးလေးရဲ့ မွေးရပ်မြေက တိုက်ခိုက်လိုစိတ် နည်းပြီး ပိုပြီး အသိဉာဏ်ပွင့်လင်းပုံရတယ်" ဝမ်ဝေ့က မှတ်ချက်ပေးလိုက်သည်။ ဤကမ္ဘာက ကျင့်ကြံသူတွေဆိုရင်တော့ ရုပ်သေးတစ်ရုပ်မှာ ဝိညာဉ်ရှိနေလျှင်ပင် အခွင့်အရေး ပေးမှာ မဟုတ်ပေ။ တကယ်တော့ သူတို့က ထိုဝိညာဉ်ကို ကျွန်ပြုပြီး ရုပ်သေးကို ဆက်လက် ခိုင်းစေဖို့ပဲ ပိုဖြစ်နိုင်ခြေများသည်။

"ပဋိပက္ခတွေကတော့ အများကြီး ရှိနေတုန်းပါပဲ။ ဒါပေမဲ့ ဒီကမ္ဘာက လူတွေနဲ့ ယှဉ်ရင်တော့ ငါတို့က ပိုပြီး အသိဉာဏ် ပွင့်လင်းတာ မှန်ပါတယ်" လဲ့ဖေးချီက ခေါင်းညိတ်သည်။

"အဲဒါ ကောင်းတာပေါ့" ဝမ်ဝေ့က ချီးကျူးလိုက်သည်။

"ပြီးတော့ ပျင်းစရာလည်း ကောင်းတယ် မဟုတ်လား"

"နည်းနည်းပေါ့"

"သူမလည်း အဲဒီအတိုင်းပဲ ပြောဖူးတယ်" လဲ့ဖေးချီက ပြုံးလိုက်သည်။

"လာပါ... လက်ဖက်ရည် သောက်ရအောင်"

သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုင်ခုံများ၊ စားပွဲများနှင့် အဖန်ရည်ခွက် အစုံလိုက် ပေါ်လာတော့သည်။

အခန်း (၁၅၈၀) : ဂီယာများ စတင်လည်ပတ်ခြင်း

"မင်း ဘာလို့ ဒီကို ရောက်လာသလဲဆိုတာ ငါ သိတယ်"

လဲ့ဖေးချီက အဖန်ရည် ငှဲ့ရင်း ပြောလိုက်သည်။

"မင်းရဲ့ ကြိုးစားအားထုတ်မှုကို ကျေးဇူးတင်ပေမဲ့ တကယ်တော့ မင်း အချိန်ဖြုန်းနေတာပဲ"

"ဟုန်အာက ဦးလေး အိမ်ပြန်မဲ့ကိစ္စကို တားဆီးချင်တာ မဟုတ်ပါဘူး။ သူမ တတ်နိုင်သမျှ နည်းလမ်းနဲ့ ဦးလေးကို ကူညီပေးချင်ရုံသက်သက်ပါ" ဝမ်ဝေ့က အဖန်ရည်ကို တစ်ငုံသောက်ရင်း ပြောလိုက်သည်။

"ငါသာ အကူအညီတောင်းရင် သူမက ကမ္ဘာအဆုံးထိလိုက်ပြီး ငါ့ကို ကူညီလိမ့်မယ်ဆိုတာ ငါ ကောင်းကောင်းသိပါတယ်။ ဒါပေမဲ့ အဲဒီလို မဖြစ်စေချင်လို့ပဲ သူမကို ဒီကိစ္စထဲမှာ မပါဝင်စေချင်တာ" လဲ့ဖေးချီက ထပ်လောင်းပြောကြားသည်။

"ငါ့ဘဝတစ်လျှောက်မှာ ဒီလောက်အထိ ပါရမီထူးချွန်တဲ့သူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။ အင်း... မင်းကလွဲရင်ပေါ့။ ဟုန်အာရဲ့ လမ်းစဉ်က ကမ္ဘာပေါ်မှာ ဘယ်သူနဲ့မှ မတူဘဲ ထူးခြားနေလိမ့်မယ်။ ငါ့ရဲ့ ကိုယ်ပိုင် အကျိုးအကြောင်းနဲ့ အကျိုးဆက်တွေက သူမအပေါ် သက်ရောက်သွားမှာကို ငါ အဖြစ်မခံနိုင်ဘူး"

"အဲဒါအတွက် နောက်ကျသွားပြီ မဟုတ်ဘူးလား" ဝမ်ဝေ့က မေးသည်။

"တကယ်လို့ ဦးလေး တစ်ခုခုဖြစ်သွားရင် သူမကိုယ်သူမ ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး။ အဲဒီအခါ ဦးလေးရဲ့ အကျိုးအကြောင်းနဲ့ အကျိုးဆက်က သူမအပေါ် သက်ရောက်နေဦးမှာပဲလေ"

"ငါ့ဆီ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး" လဲ့ဖေးချီက တည်ငြိမ်စွာ ဆိုသည်။

"ငါ အိမ်ပြန်ဖို့ ဒီလောက်အထိ အချိန်ဆွဲနေခဲ့တာက သူမနဲ့ ခွဲခွာဖို့ တွန့်ဆုတ်နေလို့တင် မဟုတ်ဘူး။ ပြန်ရောက်တဲ့အခါ ရင်ဆိုင်ရမဲ့ အရာတွေအတွက် ပိုပြီး အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေတာလည်း ပါပါတယ်။"

"ဒီကိစ္စတွေ ပြီးသွားတဲ့အခါ ဒီကမ္ဘာမှာ ဆက်နေဖြစ်မလားဆိုတာ ငါ အသေအချာ မပြောနိုင်သေးပေမဲ့ သူမဆီကိုတော့ ငါ သေချာပေါက် လာတွေ့မှာပါ"

"ဒါပေမဲ့ ဦးလေးအနေနဲ့ ပိုပြီး စိတ်ချရတဲ့ အာမခံချက်မျိုး မလိုချင်ဘူးလား။ အောင်မြင်မှု အခွင့်အလမ်း ပိုများတာမျိုးပေါ့။ သူမ ဘယ်လောက်အထိ စွမ်းဆောင်နိုင်တယ်ဆိုတာ ဦးလေးလည်း သိသားပဲ"

"ငါ သိပါတယ်" လဲ့ဖေးချီက ခေါင်းညိတ်သည်။

"ဒါပေမဲ့ ငါ ဖြေရှင်းရမဲ့ကိစ္စက တကယ့်ကို ပုဂ္ဂိုလ်ရေးဆန်လွန်းတယ်။ ငါ သူမကို ဘယ်လောက်ပဲ ချစ်ပါစေ … သူမက နယ်ခြားတစ်ယောက်ဖြစ်နေလို့ ဒီကိစ္စထဲမှာ ဘယ်လိုပုံစံနဲ့မှ မပတ်သက်စေတာ အကောင်းဆုံးပဲ"

"ကြည့်ရတာ ဦးလေးက ဆုံးဖြတ်ချက်ချပြီးတဲ့ပုံပဲ" ဝမ်ဝေ့က သက်ပြင်းချလိုက်သည်။ လဲ့ဖေးချီ၏ မျက်လုံးထဲတွင် ပြင်းပြသော သန္ဓိဋ္ဌာန်များကို သူ မြင်နေရသည်။ ဤသည်မှာ သန့်ရှင်းသော သူ့ရည်မှန်းချက် အောင်မြင်ရန်အတွက် ဘာမဆို လုပ်မည့် ယုံကြည်ချက် ခိုင်မာသူတစ်ဦး၏ အကြည့်မျိုး ဖြစ်၏။

"ငါ ဆုံးဖြတ်ပြီးပြီ"

"ကောင်းပါပြီ... ကျွန်တော်လည်း ကြိုးစားကြည့်ပြီးပြီပဲ" ဝမ်ဝေ့က သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"မင်း ကြိုးစားခဲ့တာက အရေးကြီးဆုံးပါပဲ" လဲ့ဖေးချီက အဖန်ရည်ခွက်ကို စားပွဲပေါ်တင်ရင်း ခေါင်းညိတ်ပြသည်။

"အခုတော့ ငါ့ရဲ့ နောက်ဆုံး ဖခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်ရမဲ့ အချိန်ရောက်ပြီပေါ့" သူက ဝမ်ဝေ့၏ မျက်လုံးများကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

"မင်း သူမကို ချစ်တယ်ဆိုတာ ငါသိပါတယ်။ ပိုအရေးကြီးတာက မင်း သူမကို လေးစားတယ်။ သူမကို မင်းရဲ့ ဂုဏ်ဒြပ်ကို မြှင့်တင်ပေးမဲ့ ဆုလာဘ်တစ်ခုလိုမျိုး ဘယ်တော့မှ ပိုင်စိုးလိုစိတ်နဲ့ မဆက်ဆံခဲ့ဘူး။ မင်း တောက်ပနိုင်ဖို့အတွက် သူမရဲ့ အလင်းကို မှေးမှိန်သွားအောင်လည်း မင်း ဘယ်တော့မှ မတောင်းဆိုခဲ့ဘူး။ အဲဒီအစား သူမကို အရင်ကထက် ပိုပြီး ထူးချွန်လာအောင် မင်းက လှုံ့ဆော်ပေးခဲ့တယ်"

"သူမက ကျွန်တော့်ရဲ့ ဘဝအဖော်မွန်ပဲလေ။ ဒါကြောင့် သူမကို တတ်နိုင်သမျှ တောက်ပစေချင်တာပေါ့" ဝမ်ဝေ့က ပြုံးလျက် ပြောလိုက်သည်။

လဲ့ဖေးချီက ခေါင်းညိတ်လိုက်သည်။

"အရင်က မင်းတို့ရဲ့ အခြေအနေက တော်တော်လေး ထူးဆန်းနေလို့ ငါ စိုးရိမ်ခဲ့မိသေးတယ်။ အခုတော့ ငါ စိတ်အေးသွားပါပြီ။ ဒါပေမဲ့ မင်းကို တစ်ခုတော့ သတိပေးရဦးမယ် ... တကယ်လို့ မင်းသာ သူမကို စိတ်နာအောင် လုပ်ရင် ငါ မင်းကို သတ်ပစ်မယ်"

ဝမ်ဝေ့၏ နှုတ်ခမ်းများ တွန့်သွားသည်။ သူ့ချစ်သူများ၏ ဖခင်တိုင်းက ဘာကြောင့် လူကို ခြိမ်းခြောက်ရတာ ဝါသနာပါနေကြသနည်း။ ကမ္ဘာမြေပေါ်တွင် တက္ကသိုလ်တက်စဉ်က ချစ်သူ၏ ဖခင်ကလည်း ဤအတိုင်းပင် လုပ်ခဲ့ဖူးသည်။ အထူးဆန်းဆုံးကတော့ သူတို့လမ်းခွဲပြီးနောက် ထိုလူက ဓားတစ်ချောင်းနှင့် သူ့အဆောင်ရှေ့ထိ ရောက်လာသဖြင့် ဝမ်ဝေ့က ဖျောင်းဖျနားချခဲ့ရဖူးသည်။

"မင်းမှာ အလားအလာတွေ အများကြီးရှိတယ်။ မင်းက တကယ့်ကို ဉာဏ်ကောင်းပြီး အရည်အချင်းရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါ ကတိပေးတယ်။ တကယ်လို့ တစ်နေ့မှာ မင်းက မဟာတာအိုသူတော်စင် ဖြစ်လာရင်တောင် မင်းသာ သူမကို စိတ်နာအောင် လုပ်ရဲရင် မင်းကို သတ်နိုင်မဲ့ နည်းလမ်းကို ငါ ရှာမှာပဲ"

"ဒီစကားတွေကို ကျွန်တော် မှတ်ထားပါ့မယ်" ဝမ်ဝေ့က ခေါင်းညိတ်ပြသည်။ စိတ်ဓာတ်ပြင်းထန်ပြီး ကပ်ငြိမှုရှိသော လူတစ်ယောက်၏ စကားကို သူ ဘယ်တော့မှ အထင်မသေးပေ။

"ကောင်းပြီ" လဲ့ဖေးချီက ဆိုကာ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

"အခုတော့ သူမကို မင်းရဲ့ လက်ထဲမှာ စိတ်ချလက်ချ အပ်နှံနိုင်ပြီဆိုတော့ ငါ သွားလို့ရပြီ"

"ဗျာ ... အခုလား"

"ဟုတ်တယ်။ အချိန်ကြာလာတာနဲ့အမျှ ငါ့ရဲ့ စိတ်ဓာတ်က ယိုင်နဲ့လာတတ်လို့ပဲ။ အခုပဲ ထွက်သွားရမဲ့ အချိန်ပဲ"

"သူမကို နှုတ်ဆက်ဖို့တောင် မစောင့်တော့ဘူးလား" ဝမ်ဝေ့က အလျင်အမြန် မေးလိုက်သည်။

"ငါ အဲဒီလို နှုတ်ဆက်ရမှာကို မခံစားနိုင်ဘူး" လဲ့ဖေးချီက ခေါင်းခါသည်။

"ငါ့ကိုယ်စား သူမကို တောင်းပန်စကား ပြောပေးပါ။ ငါ ပြန်လာတဲ့အခါ အရာအားလုံးအတွက် ပြန်ပြီး အစားထိုးပေးပါ့မယ်လို့လည်း ပြောလိုက်ပါ"

လဲ့ဖေးချီသည် သူ့ကံကြမ္မာကို ဖြည့်ဆည်းရန် အိမ်အပြန်ခရီးကို စတင်ဖို့ အချိန်တစ်မိနစ်မျှပင် မဖြုန်းတော့ဘဲ အချိန်မြစ်ကြောင်းအတွင်း ဝင်ရောက်သွားတော့သည်။

ဝမ်ဝေ့ကတော့ သက်ပြင်းသာ ချနိုင်တော့သည်။

…………………..

ကောင်းကင်ခုံရုံး၊ ဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးဌာန

ဝူဟုန်က ကောင်းကင်ယံ၌ သင်္ကေတများကို ရေးထိုးနေစဉ် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူမက လှုပ်ရှားမှုများကို ရပ်တန့်ကာ အဝေးတစ်နေရာသို့ လှမ်းကြည့်လိုက်၏။

ဘယ်လိုဖြစ်လို့ နှုတ်တောင်မဆက်ဘဲ ထွက်သွားရတာလဲ …

သူမ၏ စိတ်အခြေအနေမှာ ချက်ချင်းပင် ညှိုးငယ်သွားတော့သည်။

မင်း အဆင်ပြေရဲ့လား

ဝမ်ဝေ့က လှမ်းမေးသည်။

သူ ဒီလိုမျိုး လုပ်လိမ့်မယ်လို့ ကျွန်မ ခံစားမိသားပဲ … သူ ရှင့်ကို တစ်ခုခု ပြောခဲ့သေးလား

ဝူဟုန်က သက်ပြင်းချသည်။

သူ အချို့အရာတွေကို ပြောပြခဲ့ပါတယ်

ဝမ်ဝေ့က ခေါင်းညိတ်ကာ သူတို့၏ စကားပြောဆိုမှုများကို ပြန်လည် ပြောပြလိုက်သည်။

သူ ပြန်လာတဲ့အခါ ကျွန်မရဲ့ ဒေါသကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပါစေလို့ပဲ ဆုတောင်းပါတယ်

သူမက အံကြိတ်ရင်း ဆိုသည်။

မင်း တကယ်ပဲ သူ့ကို ပညာပေးချင်ရင် ကိုယ် ကူညီပေးမှာပေါ့

ဝမ်ဝေ့၏ စကားကြောင့် ဝူဟုန်က မျက်စောင်းထိုးလိုက်သည်။

အခြေအနေတွေ ဘယ်လိုရှိလဲ

ဝမ်ဝေ့က မေးသည်။

အင်း... ဆိုတော့

အချိန်မှာ မြစ်ရေကဲ့သို့ တရွေ့ရွေ့ စီးဆင်းသွားသည်။ ဇနီးဖြစ်သူနှင့် စကားပြောပြီးနောက် ဝမ်ဝေ့သည် သံသရာဇစ်မြစ်ကျောက်တုံးနှင့်အတူ ကျင့်ကြံရန် သီးသန့်ကျင့်ကြံရေးသို့ ဝင်ရောက်ခဲ့သည်။ သူသည် သူ့အကြွင်းမဲ့တာအိုစိတ်ဆန္ဒနည်းစနစ်ကို တတ်မြောက်ရန် အလွန်နီးစပ်နေသဖြင့် ထိုကိစ္စအပေါ်တွင်သာ အာရုံစိုက်ထားခဲ့သည်။

သီးသန့်ကျင့်ကြံရေး ဝင်ပြီးနောက် နှစ်ပေါင်း ၃ သန်းခန့်အကြာတွင် သုံ့လီဖန်းကို ကယ်တင်နိုင်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန်ရရှိထားသည့်အကြောင်း သတင်းရရှိလိုက်သည်။ ဂိုဏ်းက သူမကို လက်ရှိတွင် ကုသပေးနေသည်။

ယွမ်ခေတ်ကာလ ၅ ခုစာမျှ သီးသန့်ကျင့်ကြံပြီးနောက် ဝမ်ဝေ့က အနီရောင်မျက်နှာဖုံးထံမှ သူ့အစီအစဉ် ကျရှုံးသွားကြောင်း သတင်းရရှိလိုက်သည်။ လူအိုကြီးရှန်းချီက နတ်ဘုရားများက သူ့လဲလှယ်ရေးခန်းမကို ဝါးမြိုရန် ကြံစည်နေကြောင်း သိလိုက်ရသည့်တိုင်အောင် အံ့ဖွယ်ယုံကြည်မှုဘုံနှင့် အရည်အချင်းလမ်းစဉ်အဖွဲ့အစည်း နှစ်ခုလုံးနှင့် မဟာမိတ်ဖွဲ့ရန် ဇွတ်အတင်း ဆုံးဖြတ်ခဲ့သည်။

ဝမ်ဝေ့က ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်များနှင့် သူ့စစ်တုရင်ခုံကို အသုံးပြုကာ နှစ်ဖက်စလုံးကြားတွင် ထိပ်တိုက်တွေ့မှုတစ်ခုကို ဖန်တီးခဲ့ရာ ရလဒ်အနေဖြင့် နတ်ဘုရားတစ်ပါးနှင့် စံပြအဆင့် လေလွင့်ကျင့်ကြံသူ သုံးဦး သေဆုံးခဲ့သည်။

အုပ်စုနှစ်ခုကြား အခြေအနေမှာ တင်းမာလာသော်လည်း လူအိုကြီးရှန်းချီက ကိစ္စများကို ပြန်လည် ပြေလည်အောင်လုပ်ကာ မဟာမိတ်အဖြစ် ဆက်လက်တည်မြဲစေရန် ဇွတ်လုပ်ခဲ့သည်။ ရှန်ထျန်းကလည်း ဤအမြင်ကိုပင် ထောက်ခံခဲ့သည်။

ယွမ်ခေတ်ကာလ ၁၀ ခုမြောက်တွင် ဝူဟုန်က ခုံရုံးရှိ သူမ၏ အလုပ်များကို အပြီးသတ်ခဲ့သည်။ ဝမ်ဝေ့က သူ့ကိုယ်ပွားတစ်ဦးကို စေလွှတ်ကာ မဟာပေါင်းစည်းစိတ်ဆန္ဒအစီအရင်ကို အသက်သွင်းရာတွင် ပါဝင်ပြီး သူ့အစစ်အမှန်စိတ်ဆန္ဒဖြင့် ကောင်းချီးပေးစေခဲ့သည်။ ဝူဟုန်အနေနှင့် သူမ၏ လုပ်ဆောင်ချက်များကြောင့် ခရမ်းရောင်ကုသိုလ်များ ရရှိကာ အိမ်ပြန်လာခဲ့သည်။

ထိုစုံတွဲသည် ချက်ချင်းပင် အကွက်ချ စတင်တော့သည်။ သီးသန့်ကျင့်ကြံရေး ယွမ်ခေတ်ကာလ ၁၀၀၀ ပြည့်ချိန်တွင် ဝူဟုန်နှင့် ဝမ်ဝေ့တို့သည် သူတို့၏ ပြစ်ချက်ရှိသော ရှေးဦးမူလနည်းစနစ်ကို အပြီးသတ်ခဲ့ပြီး ကိုယ်စားလှယ်တစ်ဦးကို ရွေးချယ်ခဲ့ကြသည်။ သီးသန့်ကျင့်ကြံရေး ယွမ်ခေတ်ကာလ ၁၅၀၀ ပြည့်ချိန်တွင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၌ ရှေးဦးမူလအဆင့်သစ် တစ်ဦး ပေါ်ထွက်လာခြင်းကို ဂုဏ်ပြုဆင်နွှဲခဲ့ကြသည်။ သို့သော် ထိုရှေးဦးမူလအဆင့်သစ်၏ ဖြစ်တည်မှုမှာ အလွန်ပင် ထူးဆန်းနေပြီး အားနည်းလွန်းနေသည်။

လူအများအပြားက သတင်းအချက်အလက်များကို လိုက်လံစုံစမ်းကြရာတွင် ရှေးဦးမူလ ရွှေရှန်းသည် သူ့အဆင့်အတန်းကို ရရှိရန်အတွက် လွဲမှားသော နည်းစနစ်တစ်ခုကို အသုံးပြုခဲ့ကြောင်း ပေါ်ထွက်လာသည်။ အခြားသော ရှေးဦးမူလများက သူ့ဖြစ်တည်မှုကို အထင်သေးကြသော်လည်း အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမသည် ရှေးဦးမူလအဆင့် လူသစ် တစ်ဦးကြောင့် ကံကောင်းမှု အကျိုးအမြတ်များကို ရရှိခဲ့သည်မှာ အမှန်ပင် ဖြစ်၏။ ပို၍အရေးကြီးသည်မှာ သူ့ဖြစ်တည်မှုက လဲလှယ်ရေးခန်းမ၏ လက်ရှိ အနေအထားကို ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်ပေသည်။

ယခင်က လူအိုကြီးရှန်းချီသည် အာဏာအရှိဆုံးသူ ဖြစ်ခဲ့သော်လည်း ဤသည်မှာ သူ၏ အင်အားကြောင့်သာမက သူ့ဉာဏ်ပညာနှင့် လူကြီးသူမ အဆင့်အတန်းကြောင့်လည်း ပါဝင်ပေသည်။ ရွှေရှန်း ပေါ်လာခြင်းက ထိုအရာကို ပြောင်းလဲပစ်ခဲ့သည်။

ဝမ်ဝေ့နှင့် ဝူဟုန်တို့က ရွှေရှန်းကို ရွေးချယ်ခဲ့ခြင်းမှာ သူသည် ခန်းမ၏ ရှေးဦးမူလအစီအရင်ကို အသုံးပြုနိုင်ခွင့်ရှိသူ အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး အံ့ဖွယ်ယုံကြည်မှုဘုံနှင့် မဟာမိတ်ဖွဲ့ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်သူဖြစ်သောကြောင့် ဖြစ်၏။

လူအိုကြီးရှန်းချီက သူ့ကို နားချရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့သည်။ ဝမ်ဝေ့သည် ရွှေရှန်း တစ်ယောက် ရှေးဦးမူလ မဖြစ်ခင်ကတည်းက မဟာမိတ်ဖွဲ့မှုကို ဖျက်သိမ်းရန် စိတ်ကူးကို သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ရိုက်သွင်းထားခဲ့ခြင်း ဖြစ်သည်။ လူအိုကြီးရှန်းချီက အာဏာအများစုကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး အတင်းအကျပ် လုပ်နိုင်မည်ဟု ထင်ခဲ့သော်လည်း ရွှေရှန်းက လိုအပ်လျှင် ပြည်တွင်းစစ် စတင်ရန်ပင် အသင့်ရှိကြောင်း ပြသခဲ့သဖြင့် လူအိုကြီးရှန်းချီဘက်မှ အလျှော့ပေးခဲ့ရသည်။

နောက်ဆုံးတွင် အကန့်အသတ်မဲ့လဲလှယ်ရေးခန်းမသည် အရည်အချင်းလမ်းစဉ် အဖွဲ့အစည်းနှင့်သာ မဟာမိတ်ဖွဲ့တော့သည်။

ဝမ်ဝေ့ တစ်ယောက် သီးသန့်ကျင့်ကြံရေး ယွမ်ခေတ်ကာလ ၁၀,၀၀၀ အကြာတွင် သူ့အကြွင်းမဲ့တာအိုစိတ်ဆန္ဒနည်းစနစ်ကို ကျွမ်းကျင်သွားခဲ့ပြီး ရှေးဦးမူလဖြစ်ရန် ဒုတိယမြောက် လိုအပ်ချက်ကို ပြည့်မီသွားခဲ့သည်။ ဝူဟုန်ကလည်း သူမ၏ ထူးကဲသာလွန်အုတ်မြစ် ၁၃ ပါးနှင့် အောင်မြင်ခါနီး ဖြစ်နေသဖြင့် ဝမ်ဝေ့ကို သူ့အကြွင်းမဲ့အချိန်စိတ်ဝိညာဉ်စွမ်းရည်အတွက် စတင်လေ့ကျင့်ပေးရန် ကိုယ်ပွားတစ်ဦးကို စေလွှတ်ပေးခဲ့သည်။

သူမ၏ ကိုယ်ပွားသည် ရွှေရှန်း အောင်မြင်ပြီးနောက်တွင် ပြုစုပျိုးထောင်ရေးအမြုတေ လေ့လာမှု၌ များစွာ တိုးတက်လာခဲ့သည်။ ဝမ်ဝေ့က သူမ၏ အစီအရင်ကို ပြည့်စုံစေရန်အတွက် သတင်းအချက်အလက်များ ပိုမိုစုဆောင်းပေးရန် ကူညီပေးတော့မည် ဖြစ်သည်။

ဤအတောအတွင်း ဝမ်ဝေ့သည် အခြားသော ဟွင်သွမ်းကမ္ဘာများတွင်လည်း စတင်လှုပ်ရှားခဲ့သည်။ သူက ဝူဟုန်၏ ပြုစုပျိုးထောင်ရေးအမြုတေ သုတေသနကို သူ့နယ်ရုပ်များထဲမှ တစ်ဦးဖြစ်သော အဘွားကျူအပေါ်တွင် အသုံးပြုခဲ့သည်။ သူ့အနေနှင့် သူမအား အလုံးစုံပကတိသိမြင်ဘုံကျောင်း၏ အာဏာလှေကားထစ်များပေါ်သို့ တက်လှမ်းစေရန် ဝမ်ဝေ့က ဤအခွင့်အရေးအား အသုံးချကာ သူမ၏ ကျင့်ကြံဆင့်ကို ထိပ်သီးစံပြအဆင့်သို့ တတ်နိုင်သမျှ အမြန်ဆုံး ရောက်အောင် မြှင့်တင်ပေးခဲ့သည်။ ထိုသို့ လျင်မြန်စွာ တိုးတက်မှုနောက်၌ ဖုံးကွယ်ထားသော အန္တရာယ်များစွာ ရှိနေသည်မှာ အမှန် ဖြစ်၏။

ဝမ်ဝေ့ သီးသန့်ကျင့်ကြံရေး ဝင်ပြီးနောက် ယွမ်ခေတ်ကာလ ၁၅,၀၀၀ အကြာ၌

ယင်ကျန်းက ချင်တိုင်းပြည်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ့ရှေ့တွင် လိပ်ပြာပုံသဏ္ဌာန် ဆွဲသီးတစ်ခု လွင့်မျောနေသည်။ လိပ်ပြာမင်းသမီးမှာ သူ့ဘေးတွင် ရပ်နေပြီး သူမ၏မျက်လုံးများမှာ အသိစိတ်မရှိသော ရုပ်သေးတစ်ရုပ်ကဲ့သို့ အသက်မဲ့နေသည်။

သူက ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

မေတ္တယျ... နောက်ဆုံးတော့ အာရုံစူးစိုက်မှု အနက်ရှိုင်းဆုံး အဆင့်ထဲကို ရောက်သွားပြီပဲ …

All Chapters