← Chapters

အခန်း (၁၅၈၁-၁၅၈၂)

Vol. 113 Ch. 1581-1582

အခန်း (၁၅၈၁-၁၅၈၂)

Vol. 113 Ch. 1581-1582

အခန်း (၁၅၈၁) : သားကောင်အဖြစ် ဟန်ဆောင်ခြင်း

ယင်ကျန်း၏ အစီအစဉ်မှာ ရိုးရှင်းလှသည်။ ညီလာခံကို နှောင့်ယှက်ရန် ကြိုးစားနေသည့် ကျူးကျော်သူများကို ရှာဖွေတွေ့ရှိပြီးနောက် သူက ထိုသူများကို ဖမ်းဆီးကာ သူ့နယ်ရုပ်များအဖြစ် ပြောင်းလဲပစ်ခဲ့သည်။ လိပ်ပြာကျောက်စိမ်းဆွဲသီးတွင် အဓိက စွမ်းအားနှစ်ခု ရှိပြီး ကံကြမ္မာစွမ်းအားနှင့် တာအိုကောင်းချီးပေးခြင်းတို့ ဖြစ်သည်။ ကံကြမ္မာစွမ်းအားက ယင်ကျန်း၏ ဂမ္ဘီရစွမ်းရည် ဟောပြောမှုများတွင် များစွာအထောက်အကူပြုခဲ့ပြီး တာအိုကောင်းချီးမှာမူ သူ့အနာဂတ်ကျင့်ကြံရေးအတွက် သော့ချက်ပင် ဖြစ်၏။

ယင်ကျန်းက ကံကြမ္မာစွမ်းအားကို ဖမ်းဆီးထားသော ဇီဝလက်နက်များအတွင်းသို့ ထည့်သွင်းကာ ပြန်လွှတ်ပေးခဲ့သည်။ မေတ္တယျသည် ထိုသတ္တဝါများကို ဖမ်းဆီးမည်ဖြစ်ပြီး ကပ်ဘေးနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ပိုမိုသိရှိနိုင်ရန် ကံကြမ္မာစွမ်းအားကို အသုံးပြုလိုစိတ် ပေါ်လာလိမ့်မည်ဖြစ်ကြောင်း သူ ကြိုတင်သိရှိထားသည်။

သို့သော် မေတ္တယျမှာ ငတုံးတစ်ယောက် မဟုတ်ပေ။ တစ်ကမ္ဘာလုံး၏ ကံကြမ္မာနှင့် ပတ်သက်သော ဟောကိန်းထုတ်ရန် ထိုစွမ်းအားကို အသုံးပြုနေစဉ်မှာပင် လက်ရှိအခြေအနေကို စောင့်ကြည့်ရန် သူမ၏ အသိစိတ်အစအနလေးတစ်ခုကို ချန်ထားခဲ့သည်။ ကံမကောင်းစွာဖြင့် ယင်ကျန်းက သူမထက် အကွက်အနည်းငယ် သာနေခဲ့သည်။ မေတ္တယျ လိုချင်သည့်အတိုင်း အတိုင်းအတာကြီးမားသော ဟောကိန်းထုတ်မှုမျိုးအတွက် သူမ၏ ခွန်အားနှင့် အာရုံစိုက်မှု အားလုံးကို အသုံးပြုရမည် ဖြစ်၏။ တစ်နည်းအားဖြင့် သူမအနေဖြင့် အာရုံလွှဲ၍မရသလို ကိုယ်ပွားတစ်ဦးကိုလည်း ချန်ထား၍ မရနိုင်ပေ။

ယင်ကျန်းက သူမ ဟောကိန်းထုတ်မှုအတွင်း အပြည့်အဝ နစ်မြုပ်သွားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပြီး ထိုအချိန်ကလည်း နောက်ဆုံးတွင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။ သူက လက်ကို ဝှေ့ယမ်းကာ အဆောင်အချို့ကို ပို့လွှတ်လိုက်ပြီး ပလ္လင်ပေါ်မှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။

ငါ့ရဲ့ ထူးကဲသာလွန်တဲ့ လမ်းစဉ်အတွက် အကြီးမားဆုံး အတားအဆီးကို ဖယ်ရှားရမဲ့ အချိန်ရောက်ပြီ

မိနစ်အနည်းငယ်အကြာတွင် ယင်ကျန်းက မူလစည်းတံဆိပ်ကုန်းမြေ၏ အပြင်ဘက်တွင် ပေါ်လာသည်။

"ဧကရီဝူ... မင်းအနေနဲ့ တစ်ခုခု ရှင်းပြသင့်တယ် မဟုတ်ဘူးလား"

သူ့အသံမှာ ဝေးလံကျယ်ပြန့်စွာ ပျံ့နှံ့သွားပြီး လူအများအပြားကို ထိတ်လန့်သွားစေသည်။ ဝူဟုန်နှင့် ဝမ်ဝေ့တို့လည်း သူတို့၏ လေ့ကျင့်မှုကို ရုတ်တရက် ရပ်တန့်လိုက်ကြသည်။

"ဒါဆို သူ့ရဲ့ ပစ်မှတ်က မင်းပေါ့လေ" ဝမ်ဝေ့က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"ဒါဆိုရင်တော့ သူဟာ သူ့ဘဝရဲ့ အကြီးမားဆုံး အမှားကို လုပ်လိုက်တာပဲ" ဝူဟုန်က လှောင်ပြောင်လိုက်သည်။

"သတိထားဦးနော်"

ဝူဟုန်က ခေါင်းညိတ်ပြပြီး ယင်ကျန်းရှိရာသို့ ကူးသန်းပြောင်းရွှေ့သွားသည်။

"ဒါက ဘာအဓိပ္ပာယ်လဲ"

"ငါ့မှာ ဂုဏ်သိက္ခာဆိုတာ ရှိရဲ့လား။ မဟုတ်ဘူး... ပိုမှန်တဲ့ မေးခွန်းက ငါ့မှာ ဂုဏ်သိက္ခာ ရှိသင့်သလားဆိုတာပဲ" ယင်ကျန်းက မေးလိုက်သည်။

"ရှင် ဘာတွေ ပြောနေတာလဲ" ဝူဟုန်က မျက်မှောင်ကြုတ်လိုက်သည်။

"ငါ့မှာ ရှိခွင့်ရှိတယ်လို့ ထင်ပါတယ် ဟုတ်တယ်မလား။ နောက်ဆုံးတော့ ငါက ဒီကမ္ဘာရဲ့ လူသားဧကရာဇ်အဖြစ် တစ်ခေတ်တစ်ခါလုံး နေထိုင်ခဲ့တာပဲ။ ဒါ့အပြင် ငါက ကောင်းကင်ဧကရာဇ် ဘွဲ့ကိုလည်း ဆုပ်ကိုင်ထားသေးတယ်။ အဲဒီဘွဲ့က ဘယ်လောက်ပဲ အဆောင်အယောင်သက်သက် ဖြစ်နေပါစေ … ဒါက ဂုဏ်သရေရှိတဲ့ ဘွဲ့တစ်ခုပဲလေ။ ဒါက ငါ့ကို ဂုဏ်သိက္ခာအချို့ ရှိခွင့်ပေးသင့်တယ်လို့ မင်း မထင်ဘူးလား"

"ယင်ကျန်း... ကျွန်မက ရှင့်ရဲ့ မှူးမတ် မဟုတ်ဘူး။ ပြောစရာရှိရင် စကားတွေ အများကြီး လျှောက်ပြောမနေဘဲ လိုရင်းကိုပဲ ပြောစမ်းပါ" ဟု ဝူဟုန်က ဆိုသည်။

"ငါက ငါ့ရဲ့ တုံ့ပြန်မှုကို မင်း နားလည်အောင် စကားဦးသန်းနေတာပါ" ယင်ကျန်းက ပြန်ပြောလိုက်ပြီး အဆောင်တစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။

"ငါ့ကို ပြောစမ်းပါဦး... မင်းရဲ့ တပည့်က ငါ့ရဲ့ ကိုယ်လုပ်တော် … နောင်တစ်ချိန်မှာ ချင်ရဲ့ ဧကရီဖြစ်လာမဲ့သူဆီကို အချစ်စာလွှာတွေ ပို့နေတာကို သိလိုက်ရရင် ငါက ဘယ်လို တုံ့ပြန်ရမှာလဲ"

ဝူဟုန်က ထိုအဆောင်ကို ယူကြည့်လိုက်ရာ ဝိညာဉ်အမှတ်အသားမှာ သူမ၏ တပည့်ဖြစ်သူ စုန့်ကျန်းထံမှ ဖြစ်နေသည်မှာ အမှန် ဖြစ်၏။

"သာမန် ယောက်ျားတစ်ယောက်တောင် ဒါမျိုးကို လက်ခံမှာ မဟုတ်ဘူး။ ငါဆိုရင်တော့ ပိုတောင် ဆိုးတာပေါ့။ မင်း သဘောတူတယ် မဟုတ်လား" ယင်ကျန်းက မေးသည်။

"အော်... သိပြီ" ဝူဟုန်က ရေရွတ်လိုက်သည်။ သူမက ငတုံးတစ်ယောက် မဟုတ်ပေ။ သူမ၏ ဉာဏ်ပညာမှာ ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့် ဖြစ်၏။ သူမသည် တာအိုနယ်ရှင်အဆင့် ဉာဏ်ရည်ရှိသူများကဲ့သို့ပင် သိမြင်မှုဆိုင်ရာ အကန့်အသတ်များကို အပြည့်အဝ မကျော်လွှားနိုင်သေးခြင်းသာ ရှိသည်။

ထို့ကြောင့် ဝူဟုန်အနေနှင့် ဤသည်မှာ သူမကို ပစ်မှတ်ထားသော အကွက်တစ်ခုဖြစ်မှန်း နားလည်လိုက်သည်။ စုန့်ကျန်း ဘာကြောင့် ထူးထူးဆန်းဆန်း ဖြစ်နေသည်ကိုလည်း သူမ နောက်ဆုံး၌ သဘောပေါက်သွားတော့သည်။ သူသည် လိပ်ပြာမင်းသမီးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ပြီး ချစ်ကြိုက်သွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ကံမကောင်းစွာဖြင့် အရာအားလုံးက ဝူဟုန်ကို ပစ်မှတ်ထားရန် စီစဉ်ထားသည့် အကွက်များသာ ဖြစ်နေသည်။

"ရှင် ဘာလိုချင်တာလဲ" ဝူဟုန်က မေးသည်။

"ခုံရုံးအဖွဲ့ဝင် အားလုံးရဲ့ ရှေ့မှာ လူသိရှင်ကြား တောင်းပန်ဖို့ပဲ"

"ဒါတော့ မဖြစ်နိုင်ဘူး" ဝူဟုန်က ချက်ချင်း ငြင်းဆိုလိုက်သည်။ ထိုသို့ လုပ်ဆောင်ခြင်းက စုန့်ကျန်း၏ ဂုဏ်သိက္ခာနှင့် ကံကောင်းမှုကို ပျက်စီးစေမည်ဖြစ်ပြီး သူ့အနာဂတ် ထူးကဲသာလွန်လမ်းစဉ်အတွက် မျှော်လင့်ချက်အားလုံးကို ဖြတ်တောက်လိုက်သလို ဖြစ်ပေလိမ့်မည်။

"ငါက သူ့ကို သတ်ဖို့ ဒါမှမဟုတ် သူ့ရဲ့ အပြစ်အတွက် ချင်တိုင်းပြည်မှာ အချိန်တစ်ခုအထိ အကျဉ်းချထားဖို့ တောင်းဆိုနေတာ မဟုတ်ဘူး"

"ကျွန်မရဲ့ တပည့်ကို စီရင်ဖို့က ရှင့်အလှည့် မဟုတ်ဘူး"

"ဒါဆို မင်းက အကောင်းပြောလို့ မရဘူးပေါ့လေ" ယင်ကျန်းက မျက်မှောင်ကြုတ်ကာ မေးသည်။

"ငါ့ရဲ့ ဂုဏ်သိက္ခာကို အစော်ကားခံရတာတောင်မှ ငါကတော့ လုံလောက်တဲ့ လေးစားမှုနဲ့ ထိန်းချုပ်မှုကို ပြသခဲ့ပြီးပြီလို့ ထင်တာပဲ"

"ရှင် ဒီလိုမျိုး ဟန်ဆောင်နေစရာ မလိုပါဘူး" ဝူဟုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ရှင့်မှာ ရန်စဖို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက် ရှိသွားပြီပဲ။ အခုတော့ ယောက်ျားတစ်ယောက်ပီပီ ရှင် လုပ်ရမဲ့အလုပ်ကိုပဲ လုပ်လိုက်ပါတော့"

ယင်ကျန်းက သက်ပြင်းချလိုက်သည်။

"ငါက မင်းကို အကျိုးအကြောင်းနဲ့ နားချဖို့ ကြိုးစားခဲ့တယ်ဆိုတာကို ကမ္ဘာကြီးကို သိစေချင်လို့ပါ"

သူ အချက်ပေးလိုက်သည်နှင့် သူ့နောက်တွင် လူသုံးဦး ပေါ်လာသည်။ ပိုင်ဟန်၊ နန်းတွင်းဆရာကြီးနှင့် မြေစေးစစ်သည်တော်ကြီးတို့ ဖြစ်သည်။ မဟာချင်တွင် ယခင်က ရှေးဦးမူလ နှစ်ပါးခွဲ ရှိခဲ့ပြီး ထို 'ခွဲ' ဆိုသည့် တစ်ပါးမှာ တိုင်းပြည်၏ တရားဝင် အစောင့်အရှောက်ဖြစ်သော မြေစေးစစ်သည်တော်ကြီး ဖြစ်သည်။ သို့သော် ဆွဲသီးကို မကျွမ်းကျင်မီက မြေစေးစစ်သည်တော်ကြီးမှာ ချင်ပိုင်နက်၏ အဓိက နယ်မြေများမှ ထွက်ခွာနိုင်ခြင်း မရှိခဲ့ပေ။

ဝူဟုန်က မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့ရဲ့ တိုက်ပွဲကို လေဟာနယ်တိုက်ပွဲကွင်းပြင်ဆီ ရွှေ့ပေးပြီးတော့ နောက်ဆုံးအနေနဲ့ မင်းကို ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးပါ့မယ်" ယင်ကျန်းက ဆိုသည်။

"သူ့စကားကို နားမယောင်နဲ့" ဝမ်ဝေ့က မိမိအနားတွင် ပေါ်လာသော ဝူဟုန်၏ ကိုယ်ထည်အစစ်ကို ကြည့်ရင်း ပြောလိုက်သည်။

"မင်းမှာ နယ်မြေအားသာချက် ရှိတယ်။ အဲဒါကို လက်မလွှတ်နဲ့"

"ဟင့်အင်း ... ကျွန်မ လက်ခံရမယ်"

"ဘာလို့လဲ"

"ရှေးဦးမူလ ခြောက်ပါးထက်ပိုတဲ့ တိုက်ပွဲက ဒီနေရာတစ်ခုလုံးကို ပျက်စီးသွားစေလိမ့်မယ်" ဝူဟုန်က ရှင်းပြသည်။ မူလစည်းတံဆိပ်မြို့တော်သည် ကုန်းမြေကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် အစီအရင်ဖြင့် ကာကွယ်ထားသည်။ သို့သော် ဤနယ်မြေအတွင်းရှိ အခြားနေရာများသည် ဝူဟုန်က အစီအရင်ကို ဖြန့်ကျက်မပေးထားပါက ကာကွယ်မှု မရှိပေ။ အကယ်၍ အစီအရင်ကို အတိုင်းအတာကြီးမားအောင် ဖြန့်ကျက်လိုက်ပါကလည်း ကာကွယ်နိုင်စွမ်းက လျော့နည်းသွားပေလိမ့်မည်။

သေမျိုးများကို နေရာရွှေ့ပြောင်းပေးထားပြီး ဖြစ်သော်လည်း ဤနေရာတွင် ရှေးဦးမူလ ရှစ်ပါး တိုက်ခိုက်ကြမည်ဆိုပါက မူလစည်းတံဆိပ်ကုန်းမြေနှင့် ပတ်သက်နေသည့် ကျင့်ကြံသူ အမြောက်အမြားမှာ ဘေးဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည်။

ဝူဟုန်က သူမ၏ တပည့်များကို ကြည့်လိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ် ဆရာ" စုန့်ကျန်းက ခေါင်းငုံ့ကာ ပြောလိုက်သည်။

"ငါ့ကို ကြည့်စမ်း" ဝူဟုန်က သူ့မေးစေ့ကို မကာ ပြောလိုက်သည်။

"မင်း ရှက်စရာ ဘာမှမလုပ်ခဲ့ဘူး။ ယင်ကျန်းရဲ့ ပစ်မှတ်က အမြဲတမ်း ငါပဲ"

"ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ … "

"ဒါပေမဲ့တွေ လုပ်မနေနဲ့"

စုန့်ကျန်းက ခါးသီးစွာ ပြုံးလိုက်သည်။ ဆရာက သူ့ကို ကူညီရန် ကြိုးစားနေသည်ကို သူ ကျေးဇူးတင်သော်လည်း ၎င်းမှာ ထင်သလောက် မရိုးရှင်းပေ။ သူ လိပ်ပြာမင်းသမီးနှင့် စတင်တွေ့ဆုံစဉ်က သူမမှာ ခန့်ညားသော အမျိုးသားတစ်ဦးအဖြစ် ဟန်ဆောင်ကာ စိတ်ကူးစိတ်သန်းများ ရှာဖွေနေခြင်း ဖြစ်၏။ စုန့်ကျန်းက သူမကို အမျိုးသမီးဖြစ်မှန်း သိရှိခဲ့သော်လည်း အပြန်အလှန်အားဖြင့် စဉ်းစားကြည့်လျှင် သူမ၏ အထောက်အထားကို သူ တစ်ဦးတည်းကသာ သိရှိနိုင်ခဲ့ခြင်းမှာ ထူးဆန်းနေသည်ကို သူ သတိပြုမိသင့်ခဲ့သည်။

"မင်းကို အာရုံစိုက်စေချင်တယ်" ဝူဟုန်က ဆက်ပြောသည်။

"မင်းရဲ့ ရန်သူက အဲဒီလူအိုကြီး နန်းတွင်းဆရာကြီးပဲ။ မင်းက သူ့ထက်အရင် ရှေးဦးမူလ ဖြစ်ခဲ့တာဆိုတော့ မင်းမှာ အတွေ့အကြုံ ပိုရှိရမယ်။ ဒါပေမဲ့ မင်းက တိုက်ပွဲအတွက် မှန်ကန်တဲ့ စိတ်ဓာတ်မျိုး ရှိနေမှသာ အဲဒီအားသာချက်ကို အသုံးချနိုင်မှာ"

"ကျွန်တော် ဆရာ့ကို စိတ်မပျက်စေရပါဘူး" စုန့်ကျန်းက ဒေါသထွက်နေသော ကျားတစ်ကောင်ကဲ့သို့ ပြင်းထန်သော မျက်လုံးများဖြင့် ပြောလိုက်သည်။

"ကောင်းပြီ" ဝူဟုန်က ခေါင်းညိတ်ပြပြီး စုန့်လုလီကို ကြည့်လိုက်သည်။

"မင်းက ပိုင်ဟန်ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

"ဆရာ..."

"ဒါက အမှန်တရားပဲ" ဝူဟုန်က ဆက်ပြောသည်။ သူမအနေဖြင့် လက်ရှိအခြေအနေကို လက်တွေ့ကျကျ သုံးသပ်ရမည် ဖြစ်သည်။

"ဒါပေမဲ့ ကုန်းမြေရဲ့ မဟာယန္တရားအားလုံးကို အသုံးချရင်တော့ သူ့ကို တတ်နိုင်သမျှ ကြာကြာ တားဆီးထားနိုင်လိမ့်မယ်"

"ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါပြီ" စုန့်လုလီက ခေါင်းညိတ်ပြသည်။

"ဒါဆို မြေစေးစစ်သည်တော်ကြီးပဲ ကျန်တော့တယ်" ဝူဟုန်က ဝမ်ဝေ့ကို ကြည့်ရင်း ပြောလိုက်သည်။

"လေဟာနယ်တိုက်ပွဲကွင်းပြင်ထဲကို လိုက်မလာနဲ့။ ဂိုဏ်းရဲ့ အစီအရင်ကို သုံးပြီး ရှင် လိုအပ်တဲ့ အားသာချက်ကို ရယူလိုက်"

"ပြဿနာ မရှိပါဘူး" ဝမ်ဝေ့က ခေါင်းညိတ်သည်။

"ကဲ... သွားကြရအောင်"

"နေဦး" ဝမ်ဝေ့က ဆိုသည်။

"ရှင် ကျွန်မအတွက် စိုးရိမ်နေတာလား။ သူက ကျွန်မရဲ့ ပြိုင်ဘက်မဟုတ်လို့ စိုးရိမ်စရာ မလိုပါဘူး" ဝူဟုန်က စိတ်ချစေရန် ပြောလိုက်သည်။ သူမသည် ထူးကဲသာလွန်အုတ်မြစ် ၁၃ ပါးကို အပြီးသတ်ခဲ့ကာ သူမ၏ စွမ်းအားကို ထိန်းချုပ်နေဆဲ ဖြစ်သည်။ သူမတွင် ပြီးပြည့်စုံသော အုတ်မြစ် မရှိစဉ်ကတည်းကပင် ယင်ကျန်းကို ကိုင်တွယ်ရန် ယုံကြည်မှု ရှိခဲ့သည်။

"ကိုယ်တို့မှာ ကြိုတင်ကာကွယ်မှု အချို့ လိုအပ်တယ်" ဝမ်ဝေ့က ဆိုကာ သူ့ဝိညာဉ်ကွင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူ့ခရမ်းရောင်ကြိုးကိုင်လှုံ့ဆော်နိုင်စွမ်းကို အသုံးပြုကာ အာနိသင်ကို ယာယီ ပြောင်းလဲလိုက်သည်။

"ကောင်းတဲ့ အကြံပဲ" ဝူဟုန်က ထိုကွင်းကို သူမ၏ အသိစိတ်ပင်လယ်အတွင်းသို့ ထည့်သွင်းလိုက်သည်။ နောက်ဆုံးတွင် ထိုအုပ်စုသည် သူတို့၏ ရန်သူများရှေ့သို့ ကူးသန်းပြောင်းရွှေ့သွားကြသည်။

ယင်ကျန်းက လူတိုင်းကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ဝမ်ဝေ့ထံတွင် အကြည့်က ခေတ္တမျှ ရပ်တန့်သွားသည်။

ယွမ်ခေတ်ကာလ ၁၅,၀၀၀ ပဲ ရှိသေးတာကို …. အချိန်အစီအရင်နဲ့ဆိုရင် ယွမ်ခေတ်ကာလ ၁၅၀,၀၀၀ လောက်ပဲ ရှိဦးမှာ။ ဒါတောင် သူက ဒီလောက်အထိ တိုးတက်လာတာလား

ယင်ကျန်းသည် ဝမ်ဝေ့ကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် အမြဲမြင်ခဲ့သော်လည်း သူ့အနာဂတ်အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်သော ဝူဟုန်အပေါ်ကိုသာ အာရုံစိုက်ထားဆဲ ဖြစ်၏။ သို့သော် ထိုသူ၏ တိုးတက်မှုကို မြင်တွေ့ပြီးနောက်တွင်မူ သူ့သတ်ဖြတ်ရမည့် စာရင်းထဲရှိ နောက်ထပ်လူမှာ ထိုကောင်စုတ်လေး ဖြစ်လာတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

"မင်း ပါဝင်ပတ်သက်တာက အခြေအနေကို ပိုပြီး ဆိုးရွားသွားစေမယ်ဆိုတာ သိတယ် မဟုတ်လား" ယင်ကျန်းက မေးသည်။

"ဒါပေမဲ့ ခင်ဗျားကတော့ အံ့ဩပုံလည်း မရသလို ဂရုစိုက်ပုံလည်း မရပါဘူး" ဝမ်ဝေ့က ပြန်ဖြေလိုက်သည်။

"ခုံရုံးက ခက်ခက်ခဲခဲ တည်ဆောက်ထားတဲ့ ယုံကြည်မှုအားလုံးကို မင်း တကယ်ပဲ ဖျက်ဆီးပစ်ချင်တာလား။ ငါတို့က စည်းလုံးညီညွတ်ဖို့ လိုတာလေ။ အချင်းချင်း တိုက်ခိုက်နေဖို့ မဟုတ်ဘူး"

"ဒါဆိုရင်တော့ အများအကျိုးအတွက် ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို စတေးလိုက်ပေါ့" ဝမ်ဝေ့က ပြန်ပက်လိုက်သည်။

"မူလစည်းတံဆိပ်ကုန်းမြေက ခင်ဗျားကို သင့်တော်တဲ့ လျော်ကြေးပေးပါလိမ့်မယ်။ ခင်ဗျားအနေနဲ့ အနည်းငယ် ထိခိုက်သွားတဲ့ ဂုဏ်သိက္ခာလေးနဲ့ပဲ အိမ်ပြန်လို့ ရတာပေါ့"

"ငါ စတေးခဲ့တာတွေ မလုံလောက်သေးဘူးလား" ယင်ကျန်းက မေးသည်။

"ငါ့ရဲ့ နိုင်ငံရေးအာဏာအားလုံးကို မျှဝေခဲ့တယ်။ ငါ့ရဲ့ ရာထူးဂုဏ်သိက္ခာကို မျှဝေခဲ့တယ်။ အကျိုးအမြတ် အများစုကိုတောင် မျှဝေခဲ့တာပဲ"

"ဒါဆို ခင်ဗျားက သားကောင်အဖြစ် ဟန်ဆောင်နေတာပေါ့ ဟုတ်လား" ဝမ်ဝေ့က လှောင်ပြောင်လိုက်သည်။ ယင်ကျန်း ဤအရာများကို မျှဝေခဲ့ရခြင်းမှာ ထိုသို့ မလုပ်ဆောင်ဘဲ ထိုရာထူးတွင် ထိုင်နိုင်လောက်သည့် အင်အား သူ့ထံတွင် မရှိသောကြောင့်သာ ဖြစ်သည်။

"ငါ တောင်းဆိုတာက လူသိရှင်ကြား တောင်းပန်ဖို့ပဲ" ယင်ကျန်းက သက်ပြင်းအရှည်ကြီး ချလိုက်သည်။

"ဒီပြဇာတ်ကို ငါ တော်တော် ငြီးငွေ့နေပြီ" ဝူဟုန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မြန်မြန်ပဲ အပြတ်ဖြတ်ကြရအောင်"

သူမက အာကာပြင်မုခ်ပေါက်တစ်ခုကို ဖွင့်လိုက်ပြီး ယင်ကျန်းကို နောက်မှ လိုက်လာရန် အချက်ပြလိုက်သည်။

အခန်း (၁၅၈၂) : နယ်ရုပ်များ စတင်လှုပ်ရှားခြင်း

ယင်ကျန်း၊ ပိုင်ဟန်နှင့် နန်းတွင်းဆရာကြီးတို့သည် သူတို့၏ ကိုယ်ပိုင်အာကာပြင်မုခ်ပေါက်ဖြင့် လေဟာနယ်တိုက်ပွဲကွင်းပြင်သို့ ဝင်ရောက်သွားကြပြီးနောက် ဝူဟုန်နှင့် စုန့်အမွှာတို့က နောက်မှ လိုက်ပါသွားကြသည်။ ဝမ်ဝေ့ကမူ ကျန်ရစ်ခဲ့ပြီး သူ၏ ပြိုင်ဘက်ကို အကဲခတ်နေသည်။ မြေစေးစစ်သည်တော်ကြီးမှာ မြေစေးရုပ်တုတစ်ခုကဲ့သို့ ရှိနေသော်လည်း သူ၏မျက်နှာအမူအရာမှာမူ လူသားတစ်ဦးကဲ့သို့ပင် တက်ကြွလှုပ်ရှားနေသည်။

"မင်းကိုယ်မင်း အသိဉာဏ်ရှိပြီး လွတ်လပ်တဲ့ သက်ရှိတစ်ဦးလို့ ယူဆလား" ဝမ်ဝေ့က မေးလိုက်သည်။

"တော်တော်မိုက်မဲတဲ့ မေးခွန်းပဲ" မြေစေးစစ်သည်တော်ကြီးက ကျောက်တုံးများဖြင့် ပြုလုပ်ထားသော ပုဆိန်လှံရှည်တစ်စင်းကို ဆင့်ခေါ်ရင်း ပြန်ပြောလိုက်သည်။

"ဒီကမ္ဘာရဲ့ ရုပ်သေးတာအို အခြေအနေအပေါ် ဦးလေးလဲ့ရဲ့ အထင်အမြင်သေးမှုကို အခုမှပဲ ငါ နားလည်တော့တယ်" ဝမ်ဝေ့က တိုးတိတ်စွာ ရေရွတ်လိုက်သည်။ သူ၏ နဖူးပေါ်တွင် အမှတ်အသားတစ်ခု ပေါ်လာပြီး ဤသည်မှာ သူသည် မူလစည်းတံဆိပ်ကုန်းမြေ၏ အဓိကကာကွယ်ရေးအစီအရင်နှင့် ချိတ်ဆက်မိသွားပြီဖြစ်ကြောင်း ပြသနေသည်။

ဝှစ်

ဝမ်ဝေ့ လှုပ်ရှားမှုပင် မလုပ်ရသေးမီ တစ်စုံတစ်ဦးက သူ၏နောက်တွင် ပေါ်လာပြီး သူ့နှလုံးသားကို ဓားဖြင့် ထိုးလိုက်သည်။ တိုက်ခိုက်သူမှာ ဝမ်ဝေ့၏ အာရုံခံနိုင်စွမ်းနှင့် အန္တရာယ်အာရုံကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဝမ်ဝေ့တွင် ယခုကဲ့သို့သော အခြေအနေများအတွက် အခြားသော နည်းစနစ်များ ရှိနေသေးသည်။

ဓားဖျားက သူ၏ ပထမတန်းစား ကာကွယ်ရေးကို ဖျက်ဆီးပြီး အရေပြားကို ထိုးဖောက်ရန် ကြိုးစားစဉ်မှာပင် သူ့ခန္ဓာမှာ ဗီဇအရ ဗလာနတ္ထိစွမ်းအားကို အသက်သွင်းလိုက်သည်။

ဓားမှာ ချက်ချင်းပင် တိုက်စားခံလိုက်ရပြီး လုပ်ကြံသတ်ဖြတ်သူ၏ လက်များပါ ထိုလမ်းစဉ်အတိုင်း ဖြစ်တော့မည့်ဆဲဆဲတွင် တိုက်ခိုက်သူမှာ အတွေ့အကြုံရှိသူဖြစ်ရာ သူ့လက်နက်ကို စွန့်လွှတ်ပြီး ချက်ချင်း နောက်ဆုတ်သွားသည်။ သူတို့ အချိန်မီ ဆုံးဖြတ်ခဲ့ခြင်းမှာ ကံကောင်းသည်ဟု ဆိုရမည်။ အဘယ်ကြောင့်ဆိုသော် သူတို့ ဝတ်ဆင်ထားသော အနက်ရောင် လက်အိတ်များပင် ထိုခဏအတွင်း တိုက်စားခံလိုက်ရသောကြောင့် ဖြစ်သည်။

ဝမ်ဝေ့က တိုက်ခိုက်သူကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ ထိုသူမှာ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ဆင်ထားပြီး မျက်နှာသာမက ကျား၊ မ ကိုပင် ခွဲခြား၍မရပေ။ သို့သော် ဝမ်ဝေ့၏ မျက်လုံးများက ညာဘက်ပခုံးပေါ်ရှိ တံဆိပ်တစ်ခုကို တွေ့သွားသည်။ ဤသည်မှာ ဦးခေါင်းခွံတစ်ခုကို ဓားဖြင့် ထိုးထားသော လက်ကလေးတစ်ဖက်၏ ပုံရိပ်ဖြစ်သည်။

"အနက်ရောင် လုပ်ကြံသတ်ဖြတ်သူ အဖွဲ့အစည်းလား။ မင်းတို့က ဘာလို့ ဒီကိစ္စမှာ ပါဝင်နေတာလဲ။ ပြီးတော့ မင်းတို့ ဟုန်ကာကွယ်ရေးစနစ်ကို ဘယ်လို ဖြတ်ကျော်လာတာလဲ" ဝမ်ဝေ့က မေးလိုက်သည်။ အနက်ရောင် လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းမှာ ဟွင်သွမ်းစကြဝဠာ၏ အင်အားအကြီးဆုံး အရိပ်အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုထားကြသည်။

သူတို့သည် ရှေးဦးမူလပေါင်းများစွာကို အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့ခြင်းဖြင့် နာမည်ကျော်ကြားလာသူများ ဖြစ်၏။ ထို့အပြင် သူတို့သည် တာဝန်အောင်မြင်တိုင်း သူတို့၏ တံဆိပ်ကို ချန်ထားခဲ့လေ့ရှိသည့်အတွက် သူတို့၏ လုပ်ဆောင်ပုံမှာ အတော်လေး သိသာထင်ရှားလှသည်။

လုပ်ကြံသတ်ဖြတ်သူ ရှိနေခြင်းမှာ ယင်ကျန်းက စာချုပ်ချုပ်ဆိုကာ ငှားရမ်းထားခြင်း ဖြစ်နိုင်သော်လည်း ပြဿနာမှာ သူက ဤလူများကို ကမ္ဘာအတွင်းသို့ မည်သို့ ခေါ်ဆောင်လာသနည်းဟူ၍ ဖြစ်၏။ ဟုန်ကာကွယ်ရေးစနစ်မှာ ဘိုးဘေးများ ပြန်လည်ရောက်ရှိလာကတည်းက အသက်ဝင်နေခဲ့ပြီး အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ နိုင်ငံသားဖြစ်ခွင့်ရှိသူများကိုသာ အဝင်အထွက် ခွင့်ပြုထားခြင်း ဖြစ်သည်။

ဒါက ဖြစ်နိုင်တဲ့ နည်းလမ်းအချို့ ရှိတယ်။ ဒီအဖွဲ့မှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာရဲ့ နိုင်ငံသားဖြစ်ခွင့်ရှိတဲ့ အဖွဲ့ဝင်တွေ အမြဲရှိနေတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရှေးဦးသူတော်စင် တစ်ပါးပါးက ယင်ကျန်းရဲ့ အကူအညီနဲ့ တစ်စုံတစ်ဦးကို ခိုးသွင်းပေးတာ ဖြစ်နိုင်တယ် ဒါမှမဟုတ် ကောင်းကင်တာအိုကိုယ်တိုင်က သူတို့ကို ဝင်ခွင့်ပေးလိုက်တာ ဖြစ်နိုင်တယ် …

ဖြစ်နိုင်ခြေ သုံးခုလုံး ရှိသည်။ ထိပ်တန်း မျိုးနွယ်များအားလုံးတွင် ဟွင်သွမ်းစကြဝဠာတစ်လျှောက်ရှိ ကမ္ဘာများစွာ၌ မျိုးနွယ်ခွဲများ ရှိတတ်ကြသည်။ ထိုမျိုးနွယ်ခွဲမှ အဖွဲ့ဝင်များသည် သူတို့ သတ်မှတ်ထားသော ကမ္ဘာတွင် နိုင်ငံသားဖြစ်ခွင့် ရှိကြသော်လည်း ပြင်ပအင်အားစုအပေါ်တွင်သာ သစ္စာစောင့်သိကြသည်။ ထို့ကြောင့် အနက်ရောင် လုပ်ကြံသတ်ဖြတ်သူအဖွဲ့တွင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာမှ အဖွဲ့ဝင်များ ရှိနေသည်မှာ အလွန်ဖြစ်နိုင်ခြေ ရှိပေသည်။

ကပ်ဘေးမှာ ဟွင်သွမ်းစကြဝဠာ တစ်ခုလုံးအပေါ် သက်ရောက်မည့် အဖြစ်အပျက် ဖြစ်ရာ မျက်လုံးပေါင်းများစွာက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာပေါ်သို့ ကျရောက်နေကြလေပြီ။ ထို့ကြောင့် ပြင်ပအင်အားစုများက သင့်တော်သည့်အချိန်တွင် ဤကမ္ဘာသို့ ဆင်းသက်ရန် နည်းလမ်းများ ဖန်တီးထားပြီး ဖြစ်မည်ဆိုပါက ဝမ်ဝေ့အနေဖြင့် အံ့ဩမည် မဟုတ်ပေ။ ယင်ကျန်း၏ ပူးပေါင်းဆောင်ရွက်မှုသာ ရှိပါက ထိုလုပ်ငန်းစဉ်မှာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

နောက်ဆုံးအနေဖြင့် လုပ်ကြံသတ်ဖြတ်သူ ရှိနေခြင်းမှာ ကောင်းကင်တာအို၏ အကွက်တစ်ခု ဖြစ်နိုင်သည်။ ဝမ်ဝေ့အနေဖြင့် လာမည့်ကပ်ဘေးအတွက် ရွေးချယ်ခံ ဖြစ်ရန် ငြင်းဆိုခဲ့သည့် အကြောင်းအရင်းတစ်ခုမှာ ကောင်းကင်တာအို၏ လုပ်ဆောင်ပုံများမှာ မရိုးသားသောကြောင့် ဖြစ်သည်။ ထူးကဲသာလွန်သူ သို့မဟုတ် သူတော်စင်မျိုးနွယ်များအတွက် နေရာခုနစ်နေရာ ရှိသော်လည်း ထိုနေရာခုနစ်နေရာမှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် မွေးဖွားသူများ သို့မဟုတ် အာဏာရှင်များ ဖြစ်နေစရာ မလိုပေ။ ပြင်ပအင်အားစုများက သူတို့၏ နိုင်ငံသားအဆင့်အတန်းကို ပြောင်းလဲရန် လိုလိုလားလား ရှိနေသရွေ့ ကောင်းကင်တာအိုက သူတို့ကို ဤကမ္ဘာ၏ ဌာနေတိုင်းရင်းသားများ အဖြစ် ဝမ်းမြောက်ဝမ်းသာ လက်ခံကာ ကံကြမ္မာကို သူတို့လက်ထဲ အပ်နှင်းပေလိမ့်မည်။

"ကျန်တာကို မင်းတို့ပဲ ကိုင်တွယ်လိုက်တော့" မြေစေးစစ်သည်တော်ကြီးက ဆိုကာ မူလစည်းတံဆိပ်မြို့တော်ရှိရာဆီ ပျံသန်းသွားသည်။ ဝမ်ဝေ့က သူ့ကို တားဆီးရန် ပြင်လိုက်သော်လည်း လုပ်ကြံသတ်ဖြတ်သူက သူ့ကို အာရုံစိုက်ထားပြီး ဖြစ်သည်။ စစ်သည်တော်ကြီးသည် မြို့တော်၏ အထက်သို့ ရောက်ရှိသွားပြီးနောက် ထူးဆန်းသော အဆောင်တစ်ခုကို ထုတ်ယူကာ ဂါထာမန္တန်များကို စတင်ရွတ်ဆိုတော့သည်။

ခဏမျှ ကြည့်လိုက်ရုံနှင့်ပင် ဝမ်ဝေ့သည် ထိုအဆောင်မှာ မြို့တော်နှင့် ကုန်းမြေ၏ အစီအရင်ကို ဖောက်ထွင်းနိုင်သော ပြင်းထန်သည့် တိုက်ခိုက်မှုအတွက် စွမ်းအားများကို စုစည်းနေခြင်းဖြစ်မှန်း သိလိုက်သည်။ အကယ်၍ ချင်နန်းတွင်းအဖွဲ့က ကုန်းမြေ၏ ကာကွယ်ရေးကို ဖောက်ထွင်းသွားနိုင်ပါက ဖြစ်လာမည့် ဆိုးကျိုးများကို သူ မှန်းဆကြည့်နိုင်သည်။ သူတို့က ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သလို ပျက်စီးအောင် လုပ်နိုင်သည် သို့မဟုတ် ပိုဆိုးသည်မှာ ဂိုဏ်း၏ ကံကောင်းမှုကို အတင်းအကျပ် သိမ်းပိုက်သွားနိုင်ခြင်း ဖြစ်၏။

သူတို့ကို ငါ တားရမယ်

ဝမ်ဝေ့က တွေးလိုက်သည်။ သူသည် စစ်ကူတောင်းရန် ဂိုဏ်းကို ဆက်သွယ်ဖို့ တွန့်ဆုတ်မနေတော့ပေ။

…………….

တာအိုအခွင့်အလမ်းဂိုဏ်း

ချီယွမ်သည် ပုံရိပ်များ ထုတ်လွှင့်နေသည့် အစီအရင်မှတစ်ဆင့် ဖြစ်ပျက်သမျှကို စောင့်ကြည့်နေသည်။ ဝမ်ဝေ့ထံမှ အရေးပေါ် အကူအညီတောင်းဆိုမှုကို ရရှိသည့်တိုင်အောင် သူက အရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။

"သွားကြစို့" သူက ယန်းရှစ်ရုန်ကို ပြောလိုက်သည်။ သူ တွန့်ဆုတ်ခြင်း သို့မဟုတ် တုံ့ဆိုင်းခြင်း မရှိပေ။ သူသည် ဝမ်ဝေ့ကို ကူညီရန် ရှေးဦးမူလနှစ်ပါးကို တိုက်ရိုက် စေလွှတ်လိုက်သည်။

သို့သော် သူ၏ ကြိုးပမ်းမှုမှာ မကြာမီမှာပင် အချည်းနှီး ဖြစ်သွားသည်။ သူ၏ ကူးသန်းပြောင်းရွှေ့မှုမှာ ကျရှုံးသွားပြီး ဂိုဏ်း၏ အဓိကနယ်မြေ ပြင်ပရှိ နေရာတစ်ခုသို့ အတင်းအကျပ် ဆွဲခေါ်ခြင်း ခံလိုက်ရသည်။

"ဖန်ကလောင်တံ၊ သားရဲဘုရင်" မိမိရှေ့ရှိ လူနှစ်ဦးကို ကြည့်ကာ ချီယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းနဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေမှာ ဝင်မပါသင့်ဘူး" ဖန်ကလောင်တံက အေးဆေးစွာ ဆိုသည်။

ချီယွမ်က သူ့ကို ကြည့်လိုက်ပြီး သူ၏ စိတ်ထဲတွင် အရာများစွာကို တွေးတောသုံးသပ်လိုက်သည်။ သူသည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီးနောက် အကူအညီ ထပ်မံတောင်းရန် မတွန့်ဆုတ်တော့ပေ။ ဆယ်စက္ကန့်အကြာတွင် တိုက်ပွဲရူးနှင့် ရှေးဟောင်းဖျက်ဆီးခြင်းတို့သည် သူတို့၏ သီးသန့်ကျင့်ကြံရေးမှ ထွက်လာကာ ဤနေရာသို့ အပြေးရောက်လာကြသည်။

ဓားလမ်းစဉ်အဖွဲ့အစည်း

ယန်းအိုက်က လင်းလက်နေသော ဓားကျိုးတစ်ချောင်းရှေ့တွင် မျက်လုံးမှိတ်ကာ တင်ပျဉ်ခွေ ထိုင်နေသည်။ သူမ၏ ကိုယ်ခန္ဓာမှ ထူးဆန်းသော အရှိန်အဝါများ ထွက်ပေါ်နေစဉ် တစ်စုံတစ်ခုကို ရုတ်တရက် ခံစားမိလိုက်သဖြင့် မျက်လုံးများကို ဖွင့်လိုက်သည်။ သူမက ခဏမျှ မျက်မှောင်ကြုတ်လိုက်ပြီးနောက် အခန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့သည်။

ခုနစ်ချက် ဓားနတ်ဘုရားက သူမရှေ့တွင် ပေါ်လာပြီး မေးလာသည်။

"ပြီးပြီလား"

"ခေတ္တ နားတာပါ။ ပြီးရင် ပြန်လာခဲ့မယ်"

"အဲဒီလို လုပ်လို့မရဘူး"

"ဘာလို့လဲ" ယန်းအိုက်က မျက်ခုံးပင့်ကာ မေးလိုက်သည်။

"အဲဒါက ငါတို့ သဘောတူညီချက်ရဲ့ အစိတ်အပိုင်း မဟုတ်ဘူး"

"ငါတို့ သဘောတူညီချက်ရဲ့ ဘယ်နေရာမှာ သတ်မှတ်ထားတဲ့ အချိန်ကို တစ်ထိုင်တည်း အပြီးလုပ်ရမယ်လို့ ရေးထားလို့လဲ" ယန်းအိုက်က လှောင်ပြောင်ရင်း မေးသည်။

"ဒီဓားကို လျှို့ဝှက်ထားရမှာ ဖြစ်တဲ့အတွက် အဲဒီလိုပဲ သတ်မှတ်ထားတာလို့ ငါ ယူဆတယ်" ခုနစ်ချက်ဓားနတ်ဘုရားက အငြင်းပွားသည်။

"မင်းအနေနဲ့ ဒီပဋိပက္ခမှာ မဟာမိတ်အဖွဲ့ဘက်က ရပ်တည်ချင်ရင် လုပ်လိုက်လေ။ ဒါပေမဲ့ မင်းရဲ့ လုပ်ရပ်တွေအတွက် နောက်ဆက်တွဲ ဆိုးကျိုးတွေကိုတော့ ရင်ဆိုင်ဖို့ ပြင်ထားလိုက်"

"မင်း ငါတို့ကို ခြိမ်းခြောက်နေတာလား"

"ငါ့စကားက မရှင်းလို့လား" ယန်းအိုက်က ထိုသူ၏ မျက်လုံးများကို တိုက်ရိုက်စိုက်ကြည့်ရင်း ပြန်ပြောလိုက်သည်။

ခုနစ်ချက်ဓားနတ်ဘုရားက မျက်မှောင်ကြုတ်သွားသည်။ သူသည် အခြားသူများနှင့် ဆက်သွယ်ရန် ခဏမျှ အချိန်ယူလိုက်ပြီးမှ "ကောင်းပြီ။ မင်းသဘောအတိုင်းပဲ ဖြစ်စေရမယ်"

ဓားမဟာမိတ်လမ်းစဉ်က ဤပဋိပက္ခတွင် ကြားနေရန် ဆုံးဖြတ်လိုက်သည်။

ယန်းအိုက်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် ကူးသန်းပြောင်းရွှေ့ ထွက်ခွာသွားသည်။ သူမသည် သူမ၏ မောင်နှမများနှင့် ပူးပေါင်းလိုက်သည်နှင့်တစ်ပြိုင်နက် မိုးမြေကြား သက်ပြင်းချသံကြီးတစ်ခု ဟိန်းထွက်လာသည်။

"ဘာလို့ ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ရတာလဲ"

တုကုပိုင်ထျန်းနှင့် အခြား ရှေးဦးမူလ သုံးပါး ပေါ်လာကြသည်။

"ငါ ပြောရမယ်ဆိုရင်တော့ အံ့ဩမိတယ်" ယန်းအိုက်က ဆိုသည်။

"မင်းက ယင်ကျန်းရဲ့ ခွေးအဖြစ် အသုံးတော်ခံဖို့ လက်ခံလိမ့်မယ်လို့ ငါ မထင်ထားဘူး"

"အချိန်တွေ အများကြီး ကုန်လွန်သွားပေမဲ့ မင်းရဲ့ ဆဲဆိုမှုတွေကတော့ ရိုးရှင်းပြီး ကလေးကလား ဆန်နေတုန်းပဲ" တုကုပိုင်ထျန်းက ခေါင်းခါရင်း ပြောလိုက်သည်။

"အဲဒါက ငါ အမှန်တရားကို ပြောနေလို့ပဲ။ ပြီးတော့ အမှန်တရားက အလုပ်ဖြစ်ဖို့အတွက် လုံလောက်ပါတယ်"

ယန်းအိုက်က ပြန်ပြောလိုက်ပြီး တုကုပိုင်ထျန်း၏ နောက်ကွယ်ရှိ လူတစ်ဦးကို ကြည့်လိုက်သည်။ ထိုလူမှာ ကျောပေါ်တွင် ကြီးမားသော ဓားကြီးတစ်လက် မပါရှိပါက တုကုပိုင်ထျန်း၏ အရိပ်ဟုပင် ထင်မှတ်ရပေလိမ့်မည်။ ထိုလူမှာ ယန်းအိုက်၏ စကားကြောင့် ချက်ချင်းပင် ဒေါသထွက်သွားသည်။

"သူ့ကို ဂရုစိုက်နေစရာ မလိုဘူး" တုကုပိုင်ထျန်းက တည်ငြိမ်စွာ ပြောလိုက်ရာ ထိုလူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး တည်ငြိမ်အေးဆေးသွားသည်။

"ခွေးရဲ့ ခွေးပေါ့... မင်းအတွက် ထူးခြားတဲ့ နာမည်တစ်ခု ရှိသင့်လားလို့ ငါ တွေးမိတယ်"

ယန်းအိုက်က လှောင်ပြောင်လိုက်သည်။ မြေကမ္ဘာဓားနတ်ဘုရားမှာ အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတွင် အမုန်းခံရဆုံး ရှေးဦးမူလ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ ပထမအချက်အနေဖြင့် သူသည် စစ်မှန်သော ဓားသမားတစ်ဦး မဟုတ်ဘဲနှင့် မိမိကိုယ်ကိုယ် ဓားသူတော်စင်ဟု ခေါ်ဆိုဝံ့ခြင်းကြောင့် ဓားသမားများ၏ အမုန်းကို ခံရသည်။ သို့သော် ၎င်းမှာ ကမ္ဘာကြီးက သူ့ကို မုန်းတီးရသည့် အဓိက အကြောင်းရင်း မဟုတ်ပေ။

သူ့အပေါ် ထားရှိသည့် အမုန်းတရားများမှာ သူသည် တုကုပိုင်ထျန်း၏ နောက်လိုက်ခွေးတစ်ကောင်ကဲ့သို့ အမှန်တကယ် ပြုမူခြင်းကြောင့် ဖြစ်သည်။ မြေကမ္ဘာဓားနတ်ဘုရားသည် တုကုပိုင်ထျန်း ခိုင်းသမျှကို လုပ်ဆောင်သည်။ တုကုပိုင်ထျန်းအနေဖြင့် အသင်္ချေဂိုဏ်းမဟာမိတ်ကို ပြဿနာမရှိ ထိန်းချုပ်နိုင်ခြင်းမှာလည်း ဤလူကြောင့်ပင် ဖြစ်၏။

မည်သည့် ပြဿနာမျိုးတွင်မဆို မြေကမ္ဘာဓားနတ်ဘုရားသည် တုကုပိုင်ထျန်းဘက်မှသာ မဲပေးလေ့ရှိသည်။ ထို့နောက်တွင် တုကုပိုင်ထျန်းသည် ကျန်ရှိသော ရှေးဦးမူလ သုံးပါးထဲမှ တစ်ဦးကို စည်းရုံးရန် သို့မဟုတ် သူတို့အချင်းချင်းကြားတွင် သဘောထားကွဲလွဲအောင် လုပ်ဆောင်ရန်သာ လိုအပ်တော့ပြီး မဲအများစုကို ရယူနိုင်သည်။ ဤစနစ်က တုကုပိုင်ထျန်းကို ယွမ်ခေတ်ကာလ ဘီလီယံပေါင်းများစွာတိုင်အောင် အာဏာကို ဆုပ်ကိုင်ထားနိုင်စေခဲ့သည်။

"အချိန်ဖြုန်းမနေပါနဲ့တော့" တုကုပိုင်ထျန်းက ဆိုသည်။

"အခု ငါတို့ တိုက်မလား၊ မတိုက်ဘူးလားဆိုတာ ဆုံးဖြတ်ကြရအောင်"

"မင်းက ဒီကို ရောက်လာပြီးမှ တိုက်ပွဲမရှိဘဲ ပြန်သွားလို့ ရမယ်လို့ ထင်နေတာလား" ဝမ်ချုံးက လှောင်ပြောင်လိုက်သည်။

"ငါတို့ရဲ့ ရည်ရွယ်ချက်က မင်းတို့ကို ဝင်မပါနိုင်အောင် တားဖို့ပဲ။ မင်းတို့ရဲ့ လူတွေကို ကာကွယ်ဖို့အတွက် အချိန်မီအောင် မင်းတို့ အနိုင်မတိုက်နိုင်ဘူးဆိုတာကို သိထားသင့်တဲ့အတွက် တိုက်နေဖို့ မလိုပါဘူး"

"ရှစ်ရုန် မင်းရဲ့ ပြိုင်ဘက်က မြေဆီလွှာနူးညံ့ရှေးဦးမူလပဲ။ သူမက အားအနည်းဆုံးပဲ … ပြီးတော့ ဂိုဏ်းရဲ့ ကံကောင်းမှု ကောင်းချီးနဲ့ဆိုရင် မင်း သူမကို အနိုင်တိုက်နိုင်ကောင်း တိုက်နိုင်လိမ့်မယ်" ချီယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ငါကတော့ တုကုပိုင်ထျန်းကို ကိုင်တွယ်မယ်" ယန်းအိုက်က လှောင်ပြောင်ရင်း ပြောလိုက်သည်။

All Chapters