အခန်း (၇၁-၇၂)
Vol. 8 Ch. 71-72
အခန်း (၇၁)
ပစ္စည်းဟောင်းများ ရောင်းချခြင်း
သူမ မိမိနားကိုပင် မယုံနိုင်ဘဲ ပြန်မေးလိုက်၏။
“ကြက်စွပ်ပြုတ်လားရှင်”
“ဟုတ်ပါတယ်၊ ကျွန်မနဲ့အတူ အထဲကို လိုက်ခဲ့ပါ”
အမျိုးသမီးသည် ဟွာကျွင်း၏ နောက်မှ မုန့်ဆိုင် အတွင်းသို့ ဇဝေဇဝါဖြင့် လိုက်ပါလာသည်။ အခြားသူများမှာ ပေါက်စီများ ရရှိကြသော်လည်း သူမကို ဘာကြောင့် ကြက်စွပ်ပြုတ် ပေးရသနည်း။ သူမ နားမလည်နိုင် ဖြစ်နေမိ၏။
ဟွာကျွင်းသည် မီးဖိုချောင်ထဲမှ မြေအိုးတစ်လုံးကို ယူလာသည်။ ထိုအိုးထဲတွင် တောမှိုများနှင့် ကြက်သားကို ရော၍ ချက်ထားသည့် အငွေ့များ တထောင်းထောင်းထွက်နေသည့် စွပ်ပြုတ်ရည် ရှိသည်။
“မြန်မြန် သောက်ကြည့်ပါဦး”
ဟွာကျွင်း တက်ကြွစွာ တိုက်တွန်းလိုက်သည်။
သို့သော် ထိုအမျိုးသမီးမှာ မသောက်ဝံ့သေးဘဲ ဟွာကျွင်းကို အားနာတကြီး မေးမြန်းရှာသည်။
“ဒီကြက်စွပ်ပြုတ်ကို ပေါက်စီနဲ့ လဲလို့ရမလားဟင်”
ကြက်စွပ်ပြုတ်က အရသာရှိမှာ အမှန်ပင်ဖြစ်သော်လည်း ပေါက်စီလောက် ဗိုက်မပြည့်နိုင်ပေ။ အကယ်၍ ပေါက်စီ ဆယ်လုံးကျော်ခန့်နှင့် လဲနိုင်ခဲ့လျှင် သူမ မိသားစုအတွက် သုံးရက်စာ အစားအသောက် ပြဿနာ ပြေလည်သွားပေလိမ့်မည်။
ဟွာကျွင်းသည် သူမ တွေဝေမှုကို သိသဖြင့် နှစ်သိမ့်လိုက်၏။
“သောက်သာသောက်ပါ၊ ပေါက်စီကိုတော့ နောက်မှ ကျွန်မ ထပ်ပေးပါ့မယ်”
ထိုအခါမှ အမျိုးသမီးသည် မဝံ့မရဲ တစ်ငုံ မြည်းကြည့်သည်။ အရသာမှာ အံ့ဩစရာကောင်းလောက်အောင် ကောင်းမွန်လှ၏။ ပူပူနွေးနွေး ကြက်စွပ်ပြုတ်သည် သူမ၏ လည်ချောင်းထဲသို့ စီးဝင်သွားသည့်အခါ ယခင်က မခံစားဖူးသော သက်သောင့်သက်သာရှိမှုနှင့် ကျေနပ်မှုကို ခံစားလိုက်ရတော့သည်။
“ဘယ်လိုလဲ၊ အရသာရှိရဲ့လား”
“အင်း... အရမ်းကောင်းပါတယ်”
သူမ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏ ရင်ထဲတွင်မူ နွေးထွေးမှုများ စီးဆင်းသွားသည်။
သို့သော် သူမသည် နှစ်ငုံခန့်သာ သောက်ပြီး ရပ်တန့်လိုက်ကာ ဟွာကျွင်းကို စမ်းသပ်သည့်အနေဖြင့် မေးမြန်းလိုက်၏။
“ကျန်တာတွေကို ကျွန်မ ယူသွားလို့ ရမလား”
သူမသည် ကလေးများကို စိတ်မချနိုင်သေးပေ။ ဟွာကျွင်းသည် သူမကို ဆက်သောက်ရန် တိုက်တွန်း၍ မရနိုင်တော့သည်ကို မြင်သောအခါ မြေအိုးကို အဖုံးပြန်အုပ်ပေးလိုက်သည်။
“ရတာပေါ့ ဒီအတိုင်းပဲ ယူသွားလိုက်ပါ။ ပေါက်စီ အလုံးငါးဆယ်ကိုလည်း အဝတ်အိတ်ထဲ ထည့်ပေးထားတယ်”
ထို့နောက် အဝတ်အိတ်ကို ကမ်းပေးလိုက်သည်။
အမျိုးသမီးသည် ဟွာကျွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေမိ၏။ ဤမျှကြာအောင် ဒုက္ခခံပြီး အသက်ရှင်ခဲ့ရသည့်တိုင် ယခုလို စိတ်ထားကောင်းသူနှင့် တွေ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ရင်ဖုံး တစ်ထည်ကို ထုတ်ရောင်းခြင်းမှာ အင်မတန် ရိုင်းပျသော လုပ်ရပ်ဖြစ်ကြောင်း သူမ သိပါသော်လည်း ဒုက္ခသည်တစ်ဦးဖြစ်သည့် သူမတွင် အခြား ပန်းထိုးပစ္စည်း တစ်ခုမှ မရှိတော့ပေ။ အကယ်၍ ဆိုင်ရှင်ဖြစ်သူ ဟွာကျွင်းမှာ အမျိုးသမီးတစ်ဦး မဟုတ်ခဲ့လျှင် သူမအနေဖြင့် ဤရင်ဖုံးကို ထုတ်ပြဝံ့မည်ပင် မဟုတ်ပေ။
“ကျေးဇူးတင်ပါတယ်ရှင်...”
သူမ၏ အသံမှာ ရှိုက်သံပါနေသည်။
“ရပါတယ်”
ဟွာကျွင်း သူမ ပခုံးကို အသာပုတ်ကာ ပြောလိုက်၏။
“နောက်ခါ လဲချင်တာရှိရင်လည်း ကျွန်မဆီကို လာခဲ့ပါဦး”
လီနျန် သည် လက်တစ်ဖက်တွင် မြေအိုးကြီးကို ကိုင်ကာ အခြားလက်တစ်ဖက်တွင် အိတ်ကြီးကို ဆွဲ၍ သူမ၏ မိသားစုရှိရာ တဲဆီသို့ လျှောက်သွားသည်။
အေးစိမ့်သော လေကြမ်းများ တိုက်ခတ်နေသော်လည်း ရင်ခွင်ထဲရှိ နွေးထွေးသော မြေအိုးက သူမ ခန္ဓာကိုယ်ကို နွေးထွေးစေသည်။ သူမ၏ မိသားစုထံသို့ အမြန်ဆုံး ရောက်ရှိနိုင်ရန် အလောတကြီး လျှောက်လှမ်းနေတော့၏။
တဲအချို့ကို ဖြတ်ကျော်ပြီးနောက် ထောင့်တစ်နေရာတွင် ကလေးငယ်ကို ပွေ့ချီထားသော ယောက္ခမကို တွေ့လိုက်ရသည်။ လီနျန် ပြန်ရောက်လာသည်ကို မြင်သောအခါ အဘွားအို၏ မျက်လုံးများ ဝင်းလက်သွားပြီး မေးလိုက်သည်။
“ပေါက်စီနဲ့ လဲနိုင်ခဲ့ရဲ့လား”
လီနျန်က ဝမ်းသာအားရ ခေါင်းညိတ်ပြကာ အိုးအဖုံးကို ဖွင့်လိုက်ရာ မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာတော့၏။
“အမေ... ဒါက ကြက်စွပ်ပြုတ်ပါ၊ မြန်မြန်သောက်ပါဦး။ ပြီးတော့ ပေါက်စီတွေလည်း ပါလာတယ်”
အဘွားအိုမှာ မျက်လုံးအဝိုင်းသားဖြင့် တိုးတိုးလေးမေးလိုက်၏။
“နင့် ရင်ဖုံးက ဒီလောက်အများကြီးနဲ့ လဲလို့ရတာလား”
လီနျန်၏ ပန်းထိုးလက်ရာ ကောင်းမွန်သည်ကို သူမ သိပါသော်လည်း အပ်ချုပ်တတ်သော အမျိုးသမီးများမှာ အလွန်ပင် ပေါများလှ၏။ ပုံမှန်ဆိုလျှင် လက်ကိုင်ပုဝါ သို့မဟုတ် အမွှေးနံ့သာအိတ်လေးများ ထိုးမှသာ ပိုက်ဆံ အနည်းငယ် ရတတ်ခြင်း ဖြစ်သဖြင့် ဤရင်ဖုံးကို ဝယ်မည့်သူ ရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
လီနျန်က ရှက်ကိုးရှက်ကန်း ခေါင်းညိတ်ပြ၏။
“ဆိုင်ရှင်က လူကောင်းပါ၊ ကျွန်မ အဲဒီပစ္စည်းကို ရောင်းတာကို သူက မနှိမ်ပါဘူး”
“သူက တကယ့်ကို သူတော်စင်မလေးပဲ”
ထိုအချိန်တွင် သူတို့အနားရှိ အမျိုးသားတစ်ဦးက ချော့မော့မေးလာ၏။
“လီနျန်... ဒီစွပ်ပြုတ်အိုးကြီးထဲက ကျွန်တော့်ကို တစ်ပန်းကန်လောက် ကျွေးပါလား”
အဘွားအိုက ထိုသူကို ဒေါသတကြီး တွန်းထုတ်လိုက်သည်။
“ထွက်သွားစမ်း၊ သောက်ချင်ရင် တစ်ခုခုသွားလဲလေ။ ဘယ်လိုဖြစ်လို့ ဒီမှာ လာတောင်းနေရတာလဲ”
အမျိုးသားမှာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“ကျွန်တော့်မှာ ရှိတာတွေ အကုန်ရောင်းစားပြီးပြီ၊ လဲစရာ ဘာမှမကျန်တော့ဘူး”
“မြို့ပြင် တံခါးမှာ ဆန်ပြုတ် နေ့တိုင်းဝေနေတာပဲ။ လဲစရာမရှိရင် အဲဒီမှာ သွားတန်းစီလေ၊ ငတ်တော့ မသေပါဘူး”
အဘွားအိုသည် သူ့ကို ဂရုမစိုက်တော့ဘဲ လီနျန်ကို ဆိုလိုက်၏။
“နင်က နို့တိုက်နေရတာ၊ မြန်မြန်သောက်လိုက်ဦး”
“အမေ... ကျွန်မ ဆိုင်မှာ သောက်လာခဲ့ပြီးပြီ။ အမေပဲ သောက်ပါ”
“ဒါဆို အတူတူ သောက်ကြတာပေါ့”
ဟွာကျွင်းသည် ဆိုင်ပိတ်လိုက်ပြီးနောက် ယနေ့ ရရှိလာသော ပစ္စည်းများကို စနစ်တကျ စီစဉ်လိုက်သည်။ သူမသည် ဤပစ္စည်းများကို ပြန်လည်ရောင်းချရန် ဆုံးဖြတ်လိုက်၏။
ဤအရာများသည် ရှေးဟောင်းပစ္စည်းများ မဟုတ်ဘဲ သာမန်လူတန်းစားများ၏ ပစ္စည်းများသာ ဖြစ်သဖြင့် တန်ဖိုးကြီးလိမ့်မည် မဟုတ်ပေ။
သို့ဖြစ်ရာ ဟွာကျွင်းသည် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုကို စတင်လိုက်ပြီး ကင်မရာကို စားပွဲပေါ်သို့ ချိန်လိုက်သည်။
“အသုံးအဆောင်ဟောင်းများ ရောင်းရန်ရှိသည်”
အားလုံးပြင်ဆင်ပြီးနောက် ထိုသို့ခေါင်းစဉ်တပ်လိုက်၏။
ထို့နောက် သူမ အနားရှိ ထိုင်ခုံတွင် လဲလျောင်းရင်း ဖုန်းသုံးကာ တိုက်ရိုက်ထုတ်လွှင့်မှုကို တစ်ချက် ကြည့်နေ၏။
လူအချို့ ဝင်လိုက်ထွက်လိုက် ဖြစ်နေပြီးနောက် မှတ်ချက်အချို့ တက်လာသည်။
“ပစ္စည်းဟောင်းတွေ ရောင်းတာလား။ ဘာတွေလဲ၊ ရှုပ်ပွနေတာပဲ”
“ဆိုင်ရှင်က ပစ္စည်းဟောင်း ရောင်းတာနဲ့ မတူဘူး၊ အမှိုက်ရောင်းနေတာနဲ့ တူတယ်”
…
အတော်ကြာ စောင့်ဆိုင်းပြီးနောက် ဟွာကျွင်းမှာ အိပ်ငိုက်လာကာ သမ်းဝေနေတော့၏။ သူမ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်ရန် ပြင်နေစဉ်မှာပင် လူတစ်ယောက်က စာတိုများ အဆက်မပြတ် ပို့နေသည်ကို တွေ့လိုက်ရသည်။
ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်:“ဆိုင်ရှင် ရှိလား။ အဲဒီ သစ်သားခေါင်းအုံးကို ကြည့်ချင်လို့”
ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်:“ဆိုင်ရှင် ရှိသေးလား။ အဲဒီခေါင်းအုံးက ဘာသားနဲ့ လုပ်ထားတာလဲ။ ဈေး ဘယ်လောက်လဲ”
ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်:“ပြန်ဖြေပေးပါဦး ဆိုင်ရှင်ရယ်”
ဟွာကျွင်းသည် ချက်ချင်း နိုးကြားသွားပြီး တစ်စုံတစ်ဦးက စိတ်ဝင်တစား မေးမြန်းနေသည့်အတွက် အံ့ဩသွားသည်။ သူမ သစ်သားခေါင်းအုံးကို မယူကာ ရှင်းပြလိုက်၏။
“ဒါက စန္ဒကူးသားနဲ့ လုပ်ထားတာပါ။ ခြင်တွေကို ပြေးစေနိုင်တဲ့ အနံ့ရှိတယ်”
ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်:“ဆိုင်ရှင် ပြန်ဖြေပြီ။ အဲဒီခေါင်းအုံးကို ကင်မရာနား နည်းနည်း တိုးပြပါဦး”
ဟွာကျွင်း ခေါင်းအုံးကို ကင်မရာနားသို့ တိုးပြကာ ဖြည်းဖြည်းချင်း လှည့်ပြလိုက်၏။
ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်:“ဆိုင်ရှင်... ဒါကို ယွမ် (၁၅၀၀) နဲ့ ရောင်းမလား”
တကယ်ပင် တန်ဖိုးရှိနေပါသည်လော။
“ယွမ်(၁၅၀၀) ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ အိပ်မက်မက်နေတာလား။ စန္ဒကူးသားခေါင်းအုံးကို ယွမ် (၁၅၀၀) နဲ့ ဝယ်ချင်တာလား”
ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်:“ကျွန်တော်က ဈေးပေါပေါနဲ့ ရမလားလို့ စမ်းမေးကြည့်တာပါ။ယွမ် (၃၂၀၀) နဲ့ဆိုရင်ကော ရောင်းမလား။ အဲဒီထက်တော့ ပိုမပေးနိုင်တော့ဘူး။ မရရင် ကျွန်တော် သွားတော့မယ်”
“ကောင်းပါပြီ၊ (၃၂၀၀) ယွမ်နဲ့ ရောင်းပါ့မယ်”
ခဏအကြာတွင် အခြားလူတစ်ဦးကလည်း လာရောက် မေးမြန်းပြန်၏။
ချူဟဲ့ကျင်းမင်: “ဆိုင်ရှင်... အဲဒီ ပန်းထိုးအထည်လေးကို အနီးကပ် ပြပါဦး”
ဟွာကျွင်းက ပြန်ဖြေလိုက်သည်။
“ဒါက ရင်ဖုံးပါ၊ အပေါ်က ပန်းပုံစံက လက်နဲ့ သေသေချာချာ ထိုးထားတာပါ”
ချူဟဲ့ကျင်းမင်: “ဒါက တစ်ထည် ဘယ်လောက်လဲ”
ဟွာကျွင်းသည် ဈေးဝယ်ဝက်ဘ်ဆိုက်တစ်ခုတွင် ဈေးနှုန်းရှာဖွေကြည့်ပြီးနောက် သူမဘာသာ ခန့်မှန်းလိုက်၏။
“တစ်ထည်ကို ယွမ် (၄၈၀) ပါ”
ချူဟဲ့ကျင်းမင်က ချက်ချင်း ငွေပေးချေလိုက်ပြီးနောက် ထပ်မံ မေးမြန်းသည်။
“ရင်ဖုံးအပြင် တခြား လက်ရာမျိုးရော ရှိသေးလား။ ဒီလို လက်နဲ့ ပန်းထိုးထားတဲ့ဟာမျိုးပေါ့”
“လောလောဆယ်တော့ မရှိသေးဘူး၊ ဒါပေမဲ့ မှာရင်တော့ ရပါတယ်။ ရှင် ဘာလိုချင်လဲဆိုတာ ပြောပြထားလို့ ရတယ်”
ချူဟဲ့ကျင်းမင်: “ဆိုင်ရှင်... ကြာပန်းပုံစံ လက်ကိုင်ပုဝါလေး တစ်ထည် မှာချင်တယ်”
“ရတာပေါ့၊ ပြီးရင် ကျွန်မ ပြန်ဆက်သွယ်ပါ့မယ်”
ထို့နောက် မည်သူမျှ ထပ်မံ မမေးကြတော့သဖြင့် ဟွာကျွင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ သူမသည် ကျန်ရှိသော ပစ္စည်းများကို ဓာတ်ပုံရိုက်ကာ ပစ္စည်းဟောင်း အရောင်းဝက်ဘ်ဆိုက်တစ်ခုတွင် တင်လိုက်၏။
နောက်တစ်နေ့တွင် ဟွာကျွင်းသည် ပေါက်စီများနှင့် ထမင်းများကို ပိုမိုပြင်ဆင်ကာ ဒုက္ခသည်များနှင့် ဆက်လက် လဲလှယ်ပေးသည်။ အမှိုက်မဟုတ်လျှင် သူမသည် ပစ္စည်းအားလုံးကို လက်ခံသဖြင့် တောဟင်းသီးဟင်းရွက်များ၊ ဆေးဖက်ဝင်အပင်များနှင့် မှိုခြောက် တစ်ခုကိုပင် ရရှိခဲ့လေ၏။
မုန့်ဆိုင်အပြင်ဘက်ရှိ ဒုက္ခသည် အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားသလို ခံစားရ၏။ ရက်အနည်းငယ် နားပြီးနောက် အချို့ဒုက္ခသည်များမှာ ရှေ့သို့ ဆက်လက် ခရီးနှင်သွားကြပြီး အချို့မှာမူ ဤနေရာ၌ပင် ကျန်ရစ်ခဲ့ကြသည်ဟု သူမ ကြားသိရသည်။
စားသုံးသူများက ဟွာကျွင်းကို ပြောပြသည်မှာ ရုံးတော်က ယနေ့တွင် ဆန်ပြုတ် ထပ်မံဝေနေသော်လည်း အသက်ဆက်ရုံမျှသာ ရ၏။ အကယ်၍ ဒုက္ခသည်များက ဤနေရာ၌ နေထိုင်လိုလျှင် ရုံးတော်က မြို့ပြင် ရှိ မြေရိုင်းများကို ထွန်ယက်စိုက်ပျိုးရန် စီစဉ်ပေးမည် ဖြစ်ရာ နွေဦးရောက်သည့်အခါ သူတို့ဘာသာ ရပ်တည်နိုင်ကြပေလိမ့်မည်။ သို့သော် နွေဦးမတိုင်မီအထိတော့ သူတို့မှာ တဲများထဲတွင်သာ နေထိုင်ကြရဦးမည် ဖြစ်သည်။
အခန်း (၇၂)
လက်ကိုင်ပုဝါများ ရောင်းချခြင်း
ဒုက္ခသည် ခုနစ်ဆယ်၊ ရှစ်ဆယ်ခန့်သာ ကျန်ရှိတော့ရာ ဟွာကျွင်း သည် သူတို့ကို နွေဦးရောက်သည်အထိ အသက်ရှင်နိုင်ရန် လုံလောက်သော အစားအစာများ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်လိုက်သည်။
လူအုပ်ကြီး တဖြည်းဖြည်း လူစုကွဲသွားသည့်အခါ လီနျန် မုန့်ဆိုင် သို့ ရောက်လာပြီး ဟွာကျွင်းထံ မြေအိုးကို ပြန်ပေး၏။
သူမသည် ယခင်အတိုင်းပင် အလွန်ရှက်တတ်ကာ စကားပြောသည့်အခါ အမြဲတမ်း ခေါင်းငုံ့ထားတတ်ပြီး အနည်းငယ်လည်း ပျာယာခတ်နေပုံရသည်။
“ကြက်စွပ်ပြုတ်အတွက် ကျေးဇူးတင်ပါတယ် ဆိုင်ရှင်။ ဆိုင်မှာ ကျွန်မ ကူညီပေးရမဲ့ အလုပ်ရှိမလားဟင်။ ကျွန်မ ကူညီပေးချင်လို့ပါ”
ဟွာကျွင်း ပြောလိုက်၏။
“တကယ်တော့ ကျွန်မ ရှင့်အကူအညီ လိုနေတာ တစ်ခုရှိတယ်။ ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က ရှင့်ရဲ့ ပန်းထိုးလက်ရာကို အရမ်းသဘောကျလို့ ရှင့်ဆီက ပန်းထိုးလက်ကိုင်ပုဝါတွေကို ဝယ်ချင်နေတာ။ ရှင် လုပ်ပေးနိုင်မလား”
လီနျန်သည် ဟွာကျွင်းကို အံ့ဩတကြီး ကြည့်ကာ အားတက်သရော ခေါင်းညိတ်ပြသည်။
“ရတာပေါ့၊ ကျွန်မ လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့... ကျွန်မလက်ထဲမှာ လက်ကိုင်ပုဝါ လုပ်ဖို့ အဝတ်စတွေ မရှိဘူး ဖြစ်နေတယ်...”
ဟွာကျွင်းသည် သူမ ကြိုတင်ဝယ်ယူထားသော ပိုးသားအဝတ်စအလွတ်များနှင့် အပ်၊ ချည်မျှင်များကို ထုတ်ပေးလိုက်၏။
“ပုံစံ တစ်မျိုးစီကို အများကြီး ထိုးပေးထားပါ၊ ရောင်းဖို့ကတော့ ကျွန်မ စီစဉ်ပါ့မယ်”
လီနျန်၏ လက်ချောင်းလေးများက လက်ကိုင်ပုဝါစကို ထိလိုက်သည်နှင့် ရင်ခုန်သံမှာ မြန်သွားတော့၏။ ဤအရာများက ပိုးသားစစ်စစ်များ ဖြစ်သည်။ ထို့ပြင် ဤလက်ကိုင်ပုဝါစများမှာ အရောင်အသွေး စိုပြည်လှပြီး သူမ တစ်ခါမှ မမြင်ဖူးသည့် အရောင်အသွေးများစွာလည်း ပါဝင်နေသည်။
ဆိုင်ရှင်လေးသည် သူမအပေါ် အလွန်ကြင်နာလှ၏။ အလုပ်ရှာပေးရုံသာမက ဤမျှ အဖိုးတန်သော အဝတ်စများကိုပါ ထောက်ပံ့ပေးသည့်အတွက် လီနျန်မှာ ကျေးဇူးတင်လွန်းသဖြင့် ဘာပြောရမှန်းပင် မသိတော့ပေ။
“ပုံမှန်ဆိုရင် လက်ကိုင်ပုဝါ တစ်ထည်ကို ပန်းထိုးခ ဘယ်လောက်ရလဲ”
“ပုံမှန်ဆိုရင်တော့ တစ်ထည်ကို ကြေးပြား (၂၀) နဲ့ ရောင်းရပါတယ်”
“ကြေးပြား (၂၀) လား...”
ဟွာကျွင်း ရေရွတ်ရင်း စဉ်းစားနေမိ၏။
လီနျန်သည် ဟွာကျွင်းက စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် ထပ်ပြောသည်။
“အခုတော့ ကျွန်မ အဲဒီလောက် ပိုက်ဆံ အများကြီး မလိုပါဘူး။ လက်ကိုင်ပုဝါတွေကလည်း ရှင့် ပစ္စည်းတွေဖြစ်သလို အလုပ်ရှာပေးတာလည်း ရှင်လေ။ ဒါကြောင့် လက်ကိုင်ပုဝါ တစ်ထည်အတွက် ကျွန်မကို ပေါက်စီ ငါးလုံးပဲ ပေးပါ”
ဟွာကျွင်းသည်လည်း တွေဝေနေမိ၏။ ဤလက်ကိုင်ပုဝါများ ပြန်ရောင်းရမည်၊ မရောင်းရမည်ကို သူမ မသေချာသဖြင့် သူမ လက်ထဲမှာတင် ပစ္စည်းပုံသွားနိုင်သည်။ ဈေးနှုန်း ကွာဟချက်မှ ငွေရှာခြင်းမှာ သဘာဝဖြစ်သော်လည်း နှစ်ဖက်စလုံးတွင် ငွေကြေး လည်ပတ်မှု မရှိသည့်အတွက် သူမ အနေဖြင့် ဘယ်လောက်အထိ အမြတ်ယူသင့်သည်ကို မဆုံးဖြတ်နိုင် ဖြစ်နေ၏။
ဟွာကျွင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ လီနျန် တိုးတိုးလေး ဆိုပြန်သည်။
“ပေါက်စီ သုံးလုံးပေးရင်လည်း ရပါတယ်...”
ထိုပမာဏထက် နည်းသွားပါက သူမအတွက် အဆင်မပြေနိုင်တော့ပေ။ လက်ကိုင်ပုဝါ တစ်ထည် ပန်းထိုးရန် တစ်နေကုန် အချိန်ပေးရသည် မဟုတ်ပါလား။
ဟွာကျွင်း တစ်ခဏ စဉ်းစားပြီးမှ ပြောလိုက်၏။
“ပေါက်စီချည်းပဲ စားလို့ ဘယ်ဖြစ်မလဲ။ ရှင်က ကလေးကို နို့တိုက်နေရတာလေ။ ဒီလိုလုပ်ရအောင်၊ ရှင် ကျွန်မကို ပန်းထိုးပေးတဲ့အတွက် ရှင့်ကို တစ်နေ့ သုံးနပ်စာ ကျွေးပါ့မယ်”
လီနျန် တွေဝေသွားသည်။ သူမကိုယ်တိုင်က အစားသိပ်မစားသဖြင့် ပေါက်စီ သုံးလုံး ရပါက နှစ်လုံးကို ယောက္ခမအတွက် ဖယ်ထားနိုင်မည် ဖြစ်၏။ သို့သော် ဆိုင်ရှင်က အစားအသောက် သုံးနပ်ကျွေးမည်ဆိုလျှင် အပိုအစားအစာများကို အိမ်သို့ ပြန်သယ်သွားရန်မှာ အဆင်မပြေနိုင်ပေ။
“ကျွန်မမှာ ကလေးထိန်းပေးနေတဲ့ ယောက္ခမလည်း ရှိသေးတယ်...”
သူမ၏ ယောက္ခမမှာ ခင်ပွန်းဖြစ်သူ၏ မိခင် ဖြစ်သည်။ အင်မတန် အားနည်းသော အမျိုးသမီး နှစ်ဦးနှင့် နို့စို့ကလေးငယ် တစ်ဦးတို့ ဤရက်များကို မည်သို့ ဖြတ်သန်းခဲ့ကြသည်ကို တွေးမိကာ ဟွာကျွင်း စိတ်မကောင်း ဖြစ်သွားရ၏။
“ရပါတယ်၊ အစားအသောက်တွေကို အိမ်ပြန်ယူသွားလို့ ရတယ်”
လီနျန်သည် ဟွာကျွင်းကို ကျေးဇူးတင်လွန်းစွာ ကြည့်နေမိပြီး ရင်ထဲတွင် ဆို့နင့်နေသဖြင့် စကားတစ်လုံးမှပင် မပြောနိုင်တော့ပေ။
နောက်တစ်နေ့တွင် ဟွာကျွင်းသည် ပစ္စည်းဟောင်း အရောင်းဝက်ဘ်ဆိုက်သို့ ဝင်လိုက်သည်နှင့် မက်ဆေ့ခ်ျတစ်ခု လက်ခံရရှိသည်။
ချိုပြစ်ပြစ်ဆန်လုံးလေး: [အစ်မ... ဒီရင်ဖုံးပေါ်က ပန်းထိုးလက်ရာက တကယ်လှတာပဲ! ဒါကို နည်းနည်း ပိုသေးအောင် လုပ်ပေးလို့ ရမလားဟင်]
ဟွာကျွင်းက မေးလိုက်သည်။
[ပိုသေးအောင်လား။ ဘယ်လောက်အထိလဲ။ ကလေးတွေ ဝတ်ဖို့လား]
ချိုပြစ်ပြစ်ဆန်လုံးလေး: [မဟုတ်ဘူး၊ BJD အရုပ်လေးတွေ ဝတ်တဲ့ အရွယ်အစားမျိုးလေ။ အဲဒါ ဖြစ်နိုင်မလား]
BJD အရုပ်ဝတ်စုံလား။
ဟွာကျွင်းသည် စိတ်ဝင်တစား ရှာဖွေကြည့်လိုက်ရာ ချစ်စရာကောင်းသော အရုပ်များအတွက် ပန်းထိုးလက်ရာများ ပါဝင်သည့် ဝတ်စုံလေးများ ဖြစ်နေသည်ကို တွေ့ရ၏။ အဝတ်အစား ချုပ်လုပ်ခြင်းမှာ ရှေးခေတ်လူများအတွက် မရှိမဖြစ် အရည်အချင်းတစ်ခု ဖြစ်ရမည်ဟု ဟွာကျွင်း တွေးမိသဖြင့် သူမ စမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ဝတ်စုံပုံစံကို မေးမြန်းကာ နောက်နေ့တွင် ပို့ပေးမည်ဟု ကတိပေးလိုက်၏။
လူအချို့ကလည်း သူမထံ ဆက်သွယ်ကာ ယပ်တောင်အဝိုင်းနှစ်ခုနှင့် ဟန်ဖူ အင်္ကျီကော်လာတစ်ခုကို ပန်းထိုးရန် မှာယူကြသဖြင့် ဟွာကျွင်း အားလုံးကို လက်ခံလိုက်သည်။
မွန်းလွဲပိုင်းတွင် အလုပ်သိပ်မရှိသဖြင့် ဟွာကျွင်းသည် လွန်ခဲ့သော နှစ်ရက်က ရရှိထားသည့် ပစ္စည်းများကို စားပွဲပေါ်တွင် စီလိုက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု ကို စတင်လိုက်၏။ တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် အချိန်အတော်ကြာ စောင့်နေသော “ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်” ရောက်လာပြီး လက်ဆောင်တစ်ခုပင် ပေးလိုက်သေးသည်။
ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်: [ဆိုင်ရှင်... အရင်တစ်ခါက သစ်သားခေါင်းအုံးကို ကျွန်တော် လက်ခံရပြီးပြီ။ တကယ့် ပစ္စည်းကောင်းပဲ၊ အဲဒီလိုမျိုး နောက်ထပ် ရှိသေးလား]
“မရှိတော့ဘူးရှင်၊ ဒီနေ့တော့ စားပွဲပေါ်က ပစ္စည်းတွေပဲ ရှိတယ်၊ ကြည့်ကြည့်ပါဦး”
ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်: [အော်... ဒါဆိုရင် ဟိုးအစွန်ဆုံးက နွားချိုဘီးကို နည်းနည်း တိုးပြပေးပါဦး]
ဟွာကျွင်းသည် သူ တောင်းဆိုသည့်အတိုင်း ဘီးကို ကင်မရာအနားသို့ တိုးပြလိုက်၏။
ရှေးဟောင်းပစ္စည်းတွေ ထပ်ဝယ်မိရင် လက်ကိုသာ ဖြတ်ပစ်လိုက်တော့မယ်: [ဒါက တောင်ပိုင်းမှာပဲ ရှိတဲ့ ရေကျွဲဖြူချိုနဲ့ လုပ်ထားတာပဲ။ ဆိုင်ရှင်... လက်ကို မလှုပ်ပါနဲ့ဦး၊ အရေးအကြောင်းတွေကို ရေတွက်ကြည့်ပါရစေ... ဝါး၊ ဒါက အနှစ် (၂၀) ကျော် သက်တမ်းရှိတာပဲ]
ကြည်ရှုသူက မှတ်ချက်များ ပေးနေစဉ် ဟွာကျွင်းသည် ဖုန်းဖြင့် ဈေးနှုန်းကို လိုက်ရှာနေပြီး အတည်ပြုလိုက်၏။
“ဟုတ်ပါတယ်၊ ဒါက သက်တမ်း (၂၀) ရှိတဲ့ နွားအိုကြီးရဲ့ ချိုပါ။ သူ သေသွားတဲ့အခါ ပိုင်ရှင်က ကိုယ်တိုင် ဘီးလုပ်ပြီး သူ့ရဲ့ စေ့စပ်ထားသူကို ပေးခဲ့တာပါ”
စိတ်ဝင်တစားရှိသော ကြည့်ရှုသူအချို့က မေးကြသည်။
[ဒါဆို အခု ဘာလို့ ပြန်ရောင်းရတာလဲ]
ဟွာကျွင်းပြန်ဖြေလေ၏။
“ရေဘေးကြောင့် သူတို့နှစ်ယောက် ကွဲကွာသွားခဲ့ရတယ်။ ဘီးပိုင်ရှင်က အသက်ရှင်ဖို့အတွက် အစားအစာနဲ့ လဲဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့လို့ပါ”
[ဘီးလေးမှာ ဒီလို ဇာတ်လမ်းရှိမယ်လို့ မထင်ထားဘူး]
“ဒီဘီးက သိပ်ပြီး အနုစိတ်မလှပေမဲ့ အသုံးပြုထားတဲ့ ပစ္စည်းကတော့ အဆင့်မြင့်ပါတယ်။ ဈေးနှုန်းကတော့ ယွမ်(၁၀၀၀) ပါ။ လိုချင်တဲ့သူ ဝယ်နိုင်ပါတယ်”
ပစ္စည်းတင်လိုက်သည်နှင့် ချက်ချင်းပင် ရောင်းထွက်သွားတော့၏။ ဟွာကျွင်းသည် ရှေးဟောင်းပစ္စည်း ဝါသနာအိုးက ဝယ်လိုက်သည်ဟု ထင်ခဲ့သော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ မြည်တမ်းသံကို တွေ့လိုက်ရသည်။
[ဘယ်သူက နွားချိုဘီးကို ဝယ်သွားတာလဲ။ ကျွန်တော် အရင်တွေ့တာလေ၊ မင်းတို့ မြန်လွန်းတယ်]
[ဘယ်သူက မင်းကို နှေးခိုင်းလို့လဲ။ နောက်တစ်ခါကျရင် စောစောလာကွ]
သူတို့နှစ်ဦးသည် မှတ်ချက်ကဏ္ဍတွင် အပြန်အလှန် စကားများနေကြသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုတွင် လူဦးရေ ပိုမိုများပြားလာသည်။ ကြားထဲတွင် မှတ်ချက်တစ်ခု ညှပ်တက်လာ၏။
ကျန်းမာရေးကို ဂရုစိုက်မဲ့ချန်: [ဆိုင်ရှင်... အဲဒီ အနက်ရောင် တုတ်ချောင်းလေးက စီတန်ချီနဲ့ တူတယ်]
ဟွာကျွင်းသည် ပစ္စည်းပုံထဲမှ ဆလင်ဒါပုံစံ အရာတစ်ခုကို ကောက်ယူလိုက်၏။
“ဒါကို ပြောတာလား။ ဒါက သဘာဝအတိုင်း ပေါက်တဲ့ အစစ်နော်”
ဟွာကျွင်း မှတ်မိသည်မှာ ဤအရာကို ပေါက်စီနှင့် လဲသွားသော လူငယ်တွင် လဲစရာ ဘာမှမရှိသဖြင့် တောင်ပေါ်တွင် ရှာဖွေလာခြင်း ဖြစ်သည်။ ကံမကောင်းစွာဖြင့် မည်သူမျှ ဤအရာကို မသိကြသဖြင့် ဟွာကျွင်းက ပေါက်စီ အလုံး (၂၀) နှင့် လဲပေးလိုက်ခြင်း ဖြစ်၏။
ကျန်းမာရေးကို ဂရုစိုက်မဲ့ချန်: [ဟုတ်တယ်၊ ဒါ စီတန်ချီပဲ။ အားလုံးပေါင်း ဘယ်လောက်ရှိလဲ]
ဟွာကျွင်းသည် ပစ္စည်းများကို ရှာဖွေကြည့်ရာ အမြစ် (၁၅) ခုခန့် တွေ့ရသည်။ သူမ ချိန်တွယ်ကြည့်လိုက်သည့်အခါ တစ်ခုချင်းစီမှာ ဂရမ် (၃၀၀) ခန့် ရှိ၏။
“အားလုံးပေါင်း (၁၅) ခု ရှိပါတယ်၊ တစ်ခုကို ဂရမ် (၃၀၀) ဝန်းကျင်ပါ”
ကျန်းမာရေးကို ဂရုစိုက်မဲ့ချန်: [ကျွန်တော် အကုန်ယူမယ်။ တစ်ခုကို ယွမ် (၁၅၀) နဲ့ ရောင်းမလား။ ရောင်းမယ်ဆိုရင် အခုပဲ ဝယ်မယ်]
“ရောင်းမယ်၊ ရောင်းမယ်၊ ရောင်းမယ်၊ ထပ်လိုချင်သေးလား။ မနက်ဖြန် ကျန်တာ ရှိဦးမလားဆိုတာ ကျွန်မ ထပ်ရှာကြည့်ပေးမယ်”
ကျန်းမာရေးကို ဂရုစိုက်မဲ့ချန်: [ဟုတ်ကဲ့၊ ရှိသလောက် အကုန်ယူပါ့မယ်။ ဒါပေမဲ့ အရည်အသွေးကိုတော့ ကြည့်ရမယ်။ သဘာဝအတိုင်း ပေါက်တဲ့ အစစ်ပဲ ဖြစ်ရမယ်နော်]
ထိုခေတ်အခါက စိုက်ပျိုးထားသော အပင်များကို ရှာရန် မဖြစ်နိုင်သဖြင့် သဘာဝအတိုင်း ဖြစ်မည်မှာ (၁၀၀) ရာခိုင်နှုန်း သေချာလှ၏။
နောက်ထပ် နာရီဝက်ခန့် စောင့်ပြီးနောက် ဘာမှ ထပ်မရောင်းရတော့သဖြင့် ဟွာကျွင်းသည် တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။ သူမ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနေပြီ ဖြစ်၏။
ညနေပိုင်း မုန့်ဆိုင် ပိတ်ချိန်တွင် လီနျန် ရောက်လာသည်။ သူမသည် လက်ကိုင်ပုဝါကို ပန်းထိုးပြီးပြီ ဖြစ်ရာ ဖြူစင်သော ပိုးသားပေါ်တွင် လှပသော ကြာပန်းပုံစံလေးမှာ ခေတ်သစ် စက်ပန်းထိုးများ မယှဉ်နိုင်သော အနုစိတ်မှုများဖြင့် ပြည့်နှက်နေ၏။
ဟွာကျွင်း သူမကို အရုပ်ဝတ်စုံ ပုံစံများကို ပြသလိုက်သည်။
“ကျွန်မ အတိုင်းအတာတွေ ပေးမယ်၊ ဒီလို ဝတ်စုံလေးတွေ ရှင် ချုပ်ပေးနိုင်မလား။ ဝတ်စုံပေါ်မှာလည်း ပန်းထိုးထားဖို့ လိုမယ်”
လီနျန်သည် သေသေချာချာ ကြည့်ရှုပြီးနောက် ခေါင်းညိတ်ပြ၏။
“ဒီလိုမျိုးအတိုင်း ကျွန်မ ချုပ်ပေးနိုင်ပါတယ်”
“ကျွန်မမှာ အကြံတစ်ခုရှိတယ်။ ဒီလို အရုပ်ဝတ်စုံတွေကို အများကြီး ချုပ်ပြီး ရောင်းချင်တာ။ ရှင် ပြန်သွားတဲ့အခါ အဝတ်အစား ချုပ်တတ်တဲ့သူ၊ ပန်းထိုးတတ်တဲ့သူတွေ ရှိမလားဆိုတာ စုံစမ်းပေးပါဦး။ အလုပ်လုပ်ချင်တဲ့သူရှိရင် ကျွန်မဆီ လာပြောခိုင်းလိုက်ပါ။ နေ့စဉ် အစားအသောက် ထောက်ပံ့ပေးမဲ့အပြင် ပစ္စည်းတွေ ရောင်းရရင်လည်း အပိုလုပ်အားခ ပေးပါ့မယ်”