အခန်း (၇၃-၇၄)
Vol. 8 Ch. 73-74
အခန်း (၇၃)
ဟွာကျွင်း ၏ အလုပ်ရုံများ
အမျိုးသမီးတိုင်းသည် အပ်ချုပ်ပညာ အနည်းနှင့်အများတော့ တတ်မြောက်ကြသည် ဖြစ်ရာ လက်ရာ မည်မျှအထိ အနုစိတ်နေသလဲဆိုသည့် အချက်သာ ကွာခြားကြသည်။ အရုပ်လေးများအတွက် အဝတ်အစား ချုပ်လုပ်ရန်မှာ မခက်ခဲနိုင်ဟု လီနျန် ယူဆထား၏။
“အမျိုးသမီးတိုင်း အပ်ချုပ်တာ နည်းနည်းပါးပါးတော့ တတ်ကြပါတယ်။ လက်ရာ ဘယ်လောက် ကောင်းမလဲဆိုတာပဲ ကွာမှာပါ။ ဒီကလေးလေးတွေအတွက် အဝတ်အစားကတော့ သိပ်မခက်လောက်ဘူး ထင်ပါတယ်။ ဆိုင်ရှင်ဟွာ ခဏစောင့်ပါဦး၊ ကျွန်မ သွားပြီး စုံစမ်းကြည့်လိုက်ပါ့မယ်”
လီနျန်သည် အလွန်ပင် ဖျတ်လတ်လှ၏။ အမွှေးတိုင် တစ်တိုင်စာ ကုန်ဆုံးချိန်မှာပင် သူမသည် လူတစ်ဆယ် အစိတ်ခန့်ကို စုစည်းခဲ့သည်။ အသက်အရွယ်စုံ အမျိုးသမီးများအားလုံး ဟွာကျွင်း မုန့်ဆိုင် ရှေ့တွင် စုရုံးရောက်ရှိလာကြတော့၏။
လူစုံသလောက် ရှိနေပြီ ဖြစ်သဖြင့် ဟွာကျွင်း ရှေ့သို့ ထွက်လာသည်။
“အားလုံးပဲ မင်္ဂလာပါ၊ ကျွန်မက ဟွာကျွင်း၊ မုန့်ဆိုင်ရဲ့ ဆိုင်ရှင် ဟွာကျွင်းပါ”
“အခုက ဆောင်းတွင်းဆိုတော့ လယ်ယာလုပ်ငန်းတွေ လုပ်လို့မရဘူး၊ ရုံးတော်က ကျွေးတဲ့ ဆန်ပြုတ်ကလည်း ဝမ်းမဝနိုင်ဘူးလေ။ အခု ကျွန်မမှာ ရှင်တို့အတွက် အပ်ချုပ်အလုပ်တွေ ရှိပါတယ်။ လုပ်ချင်တဲ့သူတွေ ရှိရင် ကျွန်မဆီမှာ နေပြီး အလုပ်လုပ်လို့ ရတယ်၊ မလုပ်ချင်တဲ့သူတွေကတော့ ထွက်သွားလို့ ရပါတယ်။ ပစ္စည်းနဲ့ အစားအစာ လဲလှယ်ပေးတဲ့ စည်းကမ်းကတော့ အရင်အတိုင်းပဲ ရှိနေပါဦးမယ်”
သူတို့အားလုံး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အမျိုးသမီးတစ်ဦးက မေးမြန်းသည်။
“ဆိုင်ရှင်ဟွာ... ကျွန်မတို့ရဲ့ ဘိုးဘွားတွေက လယ်သမားတွေပါ။ အပ်ချုပ်တာကို နည်းနည်းပါးပါးပဲ တတ်တာပါ၊ ကျွမ်းကျင်တာမျိုးတော့ မဟုတ်ဘူး။ ကျွန်မတို့ လုပ်ချင်ပေမဲ့ မလုပ်နိုင်မှာကို စိုးရိမ်မိတယ်”
“အဲဒါ ကိစ္စမရှိပါဘူး။ အဝတ်ဖြတ်တတ်တဲ့သူက အဝတ်ဖြတ်တဲ့အလုပ် လုပ်ရမယ်၊ ပန်းထိုးတတ်တဲ့သူက ပန်းထိုးရမယ်၊ ဘာမှ မတတ်ရင်လည်း အလုပ်သင်ချင်တဲ့ စိတ်ရှိရင် ရပါပြီ”
အဘွားအိုတစ်ဦး ရှေ့သို့ ထွက်လာပြီး ကျယ်လောင်စွာ ပြော၏။
“ကျွန်မ သင်ချင်ပါတယ်၊ ထပ်ပြီး မငတ်ချင်တော့ဘူး။ ဆိုင်ရှင်ဟွာ... ကျွန်မကို ဘာလုပ်ရမလဲသာ ပြောပါ၊ ကျွန်မ အကုန်နားထောင်ပါ့မယ်”
“ကျွန်မ မိသားစုရဲ့ အဝတ်အစားတွေ အကုန်လုံးကို ကျွန်မ ကိုယ်တိုင် ချုပ်တာပါ။ ကျွန်မ အဝတ်အစား ချုပ်တတ်ပါတယ်”
“ကျွန်မလည်း ချုပ်တတ်တယ်”
“အစာမငတ်ဘူးဆိုရင် ကျွန်မတို့အားလုံး ဆိုင်ရှင်ဟွာ ပြောတာကို နားထောင်ဖို့ အသင့်ပါပဲ”
ဟွာကျွင်းသ ခေါင်းညိတ်ပြကာ မုန့်ဆိုင် ဘေးတွင် တဲကြီးတစ်လုံးကို ဆောက်လိုက်ပြီး စားပွဲနှင့် ထိုင်ခုံများကို ထည့်ပေးလိုက်သည်။
“ကျွန်မ လီနျန်ကို ဘယ်လို ပန်းထိုးရမယ်ဆိုတာ ပြောပြထားပါ့မယ်။ ဒီနေ့ကစပြီး ရှင်တို့အားလုံး ဒီဘေးက တဲထဲမှာ အလုပ်လုပ်လို့ ရပါတယ်။ တစ်ယောက်ကို တစ်ရက် ကြေးပြား (၃၀) ပေးပါ့မယ်”
ဤဈေးနှုန်းမှာ ဟွာကျွင်း အသေအချာ တွက်ချက်ထားခြင်း ဖြစ်သည်။ ကြေးပြား (၃၀) မှာ မိသားစုတစ်စု၏ တစ်နေ့တာ စားစရိတ်အတွက် လုံလောက်၏။ မုန့်ဆိုင်မှ ရရှိသော ငွေများကို ငွေစက္ကူအဖြစ် မပြောင်းလဲထားခဲ့သဖြင့် လုပ်အားခ ပေးရန် လုံလောက်နေသည့်အတွက် သူမ ဝမ်းသာနေမိတော့၏။
“ကြေးပြား (၃၀) တောင်လား၊ ဒါက လယ်လုပ်တာထက် အများကြီး ပိုရတာပဲ”
“ဆိုင်ရှင်ဟွာက ဘာလို့ ဒီလောက် ရက်ရောနေရတာလဲ။ ဒါက တကယ့် အလုပ်အစစ် ဟုတ်ရဲ့လား”
“ရှင် ဘာတွေ တွေးနေတာလဲ။ အခု ကျွန်မတို့မှာ ဘာမှမရှိတော့ဘူးလေ၊ လိမ်စရာ ဘာရှိဦးမှာလဲ”
“ရှင် ခုထိ နားမလည်သေးဘူးလား။ ဆိုင်ရှင်ဟွာက ကျွန်မတို့ရဲ့ ကျေးဇူးရှင်ကြီးပဲ”
ဟွာကျွင်းသည် သူမကိုယ်သူမ ကျေးဇူးရှင်ဟု မယူဆပေ။ သူမသည်လည်း လူမှုအဖွဲ့အစည်း၏ အောက်ခြေတွင် နေထိုင်ရသော သာမန်လူတစ်ဦးသာ ဖြစ်ခဲ့ဖူးသည်။ မုန့်ဆိုင်ကြောင့်သာ ချစ်စရာကောင်းသော ရှေးခေတ်လူများနှင့် တွေ့ဆုံခဲ့ရပြီး ငွေကြေးများလည်း အများအပြား ရရှိလာခဲ့ကာ စားဝတ်နေရေးအတွက် ပူပန်စရာ မလိုတော့ခြင်း ဖြစ်၏။ သို့ဖြစ်ရာ သူမ တတ်နိုင်သမျှ သူတို့ကို ပြန်လည် ကူညီပေးချင်ခြင်းသာ ဖြစ်သည်။
ဤအမျိုးသမီးများအပြင် အနားမှ နားထောင်နေကြသော အမျိုးသားများလည်း ရှိနေကြရာ သူတို့မှာ အားကျနေကြသည်။
အမျိုးသားတစ်ဦးက ဟွာကျွင်းကို မေးမြန်းသည်။
“ဆိုင်ရှင်ဟွာ... ကျွန်တော်တို့ အမျိုးသားတွေ လုပ်ဖို့ကော အလုပ်ရှိမလား။ အမျိုးသမီးတွေပဲ ငွေရှာပြီး မိသားစုကို လုပ်ကျွေးနေတာက မသင့်တော်ဘူးလို့ ထင်လို့ပါ”
ဟွာကျွင်းက မေးလိုက်သည်။
“တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ ရှိတာပေါ့။ မိုက်တုန်း ရှိလား”
မိုက်တုန်းသည် အရွယ်အစား သေးငယ်သဖြင့် လူအုပ်ကြားထဲမှ ခေါင်းပြူထွက်လာရန် ကြိုးစားရင်း အော်ဟစ်လိုက်၏။
“ဒီမှာပါ၊ မိုက်တုန်း ဒီမှာ ရှိပါတယ်။”
အားလုံး သူ့အတွက် လမ်းဖယ်ပေးလိုက်ကြ၏။
“မိုက်တုန်း... မင်း ဆေးခန်းမှာ အလုပ်လုပ်ခဲ့ဖူးတယ် မဟုတ်လား။ ဆေးဖက်ဝင် အပင်တွေကို သိလား”
မိုက်တုန်း ဂုဏ်ယူစွာ ပြောသည်။
“သိတာပေါ့။ ကျွန်တော် ဆေးခန်းမှာ အလုပ်သင် စလုပ်တုန်းက ပထမဆုံး သင်ခဲ့ရတာက ဆေးဖက်ဝင် အပင်တွေကို ခွဲခြားတတ်ဖို့ပဲလေ”
“ဒါဆိုမင်း လူတွေကို ဦးဆောင်ပြီး တောင်ပေါ်မှာ ဆေးပင်တွေ သွားရှာနိုင်မလား။ ဘယ်လို ဆေးပင်မျိုးပဲ ဖြစ်ဖြစ် ရပါတယ်”
“လုပ်နိုင်ပါတယ်။ ဒါပေမဲ့ မေးပါရစေ ဆိုင်ရှင်ဟွာ... ကျွန်တော်တို့ကိုလည်း လုပ်အားခ ပေးမှာလားဟင်”
“ဟုတ်တယ်၊ မိုက်တုန်းနောက်ကို လိုက်ပြီး ဆေးပင်ရှာမဲ့သူ ရှိရင် ရှေ့ထွက်ခဲ့ပါ။ တစ်ယောက်ကို တစ်ရက် ကြေးပြား (၅၀) ပေးမယ်”
“ကျွန်တော် သွားမယ်၊ ကျွန်တော် လုပ်နိုင်တယ်။”
“ကျွန်တော်လည်း ပါမယ်၊ကျွန်တော် ဆေးပင်အချို့ကို သိတယ်”
“ဆိုင်ရှင်ဟွာ... ဆေးပင်တွေကို ပြုပြင်ပေးမဲ့သူကော လိုလား။ ကျွန်တော် လုပ်တတ်ပါတယ်၊အရင်က ဆေးဆိုင်တွေမှာ ဆေးပင်ပြုပြင်တာကို ကူညီပေးခဲ့ဖူးတယ်”
ဟွာကျွင်းမှာ အလွန်ပင် ဝမ်းသာသွားတော့၏။
“ကောင်းတာပေါ့၊ ရှင့်နာမည် ဘယ်သူလဲ”
“ကျွန်တော့်နာမည် ရှုတာ့လီ ပါ”
“ကောင်းပြီ၊ ရှင့်ကို လူအချို့ ပေးမယ်။ ဆေးပင်တွေကို သေသေချာချာ ပြုပြင်ပေးရမယ်နော်၊ တစ်ယောက်ကို ကြေးပြား (၃၀) ပေးမယ်”
“စိတ်ချပါ၊ ကျွန်တော့်ကိုသာ လွှဲထားလိုက်”
မကြာမီမှာပင် ဘေးတွင် နောက်ထပ် တဲတစ်လုံး ဆောက်လိုက်ပြန်၏။ ထိုနေရာမှာ နောင်တွင် ဆေးပင် ပြုပြင်ရေး အလုပ်ရုံလေး ဖြစ်လာပေလိမ့်မည်။ လီနျန် ပန်းထိုးလုပ်ငန်းကို တာဝန်ယူပြီး မိုက်တုန်းက ဆေးပင်ရှာဖွေရေး၊ ရှုတာ့လီက ဆေးပင်ပြုပြင်ရေးကို တာဝန်ယူလိုက်ကြရာ ဒုက္ခသည် အများအပြား အလုပ်ရသွားကြတော့သည်။
ဤသတင်းသည် မြို့ထဲသို့ လျင်မြန်စွာ ရောက်ရှိသွားသဖြင့် မြို့တော်ဝန်ကျောက် သူ့လူများနှင့်အတူ ချက်ချင်း ရောက်လာသည်။ အခြား မြို့တံခါးများ၏ အပြင်ဘက်တွင်လည်း ဒုက္ခသည်များစွာ ရှိနေသော်လည်း ထိုနေရာများမှာ ရှုပ်ပွနေပြီး ရံဖန်ရံခါ ပြဿနာများ ဖြစ်ပွားတတ်သည်။ သို့သော် ဤနေရာမှာမူ စနစ်တကျ ရှိနေ၏။ တဲ ရှစ်လုံး၊ ကိုးလုံးခန့်မှာ သေသေသပ်သပ် ရှိနေပြီး ဒုက္ခသည်များမှာလည်း တဲထဲတွင် အအေးဒဏ်ကို ရှောင်ရင်း အလုပ်လုပ်နေကြရာ ငြိမ်းချမ်းသော မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
ကျောက်ကျိကျိုး ဟွာကျွင်းနှင့်အတူ မုန့်ဆိုင်ထဲတွင် ထိုင်ရင်း ကျေးဇူးတင်စကား ဆိုသည်။
“ဆိုင်ရှင်ဟွာကို ကျေးဇူးတင်ရပါမယ်။ မင်းက ငါ့ရဲ့ အခက်အခဲကြီးတစ်ခုကို ကူညီဖြေရှင်းပေးလိုက်တာပဲ။ တကယ်လို့ ငါသာ ဒီဒုက္ခသည်တွေကို သေချာ မစီစဉ်ပေးနိုင်ရင် မြို့တော်ဝန်အဖြစ် ဆက်ရှိနေဖို့ ရှက်စရာပဲ”
ဒုက္ခသည်များမှာ အလုအယက် ရောက်လာကြခြင်း ဖြစ်ရာ အစိုးရတွင် ကူညီရန် တာဝန်ရှိသော်လည်း ဆန်ဂိုဒေါင်များ ဖွင့်လှစ်ရန်နှင့် နေရာချထားရန်မှာ လုပ်ထုံးလုပ်နည်းများ၊ အချိန်များစွာ လိုအပ်သည်။ ဒုက္ခသည်များမှာ အချိန်အကြာကြီး မစောင့်နိုင်ကြသဖြင့် ဆူပူအုံကြွမှုများ ဖြစ်လာပါက ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။ ဟွာကျွင်းသည် ထိုပြဿနာကြီးကို ဖြေရှင်းပေးလိုက်ခြင်း ဖြစ်၏။
ဟွာကျွင်း နှိမ့်ချစွာ ဆိုသည်။
“ကျွန်မက ပန်းထိုးပေးမဲ့သူနဲ့ ဆေးပင်တွေ လိုအပ်နေတဲ့သူတွေကို သိနေလို့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာပါ”
ကျောက်ကျိကျိုးမှာမူ သူမသည် နှိမ့်ချပြောဆိုနေမှန်း သိသည်။ လယ်သမားများ၏ ပန်းထိုးလက်ရာကို မည်သူက ဝယ်ယူမည်နည်း။ ဆေးပင်များမှာလည်း ထိုနည်းအတိုင်းပင်။ ဆိုင်ရှင်ဟွာ မြို့ထဲသို့ ဝင်သည်ကို သူ တစ်ခါမှ မမြင်ဖူးရာ ဆေးပင်များကို သူမ မည်သို့ ရောင်းချမည်နည်း။ သူမသည် စိတ်ထားကောင်းသူဖြစ်သလို ဂုဏ်ပုဒ်ကိုလည်း မမက်မောသူ ဖြစ်သည်ဟု တွေးမိကာ သူ့လေးစားမှုမှာ ပိုမို တိုးလာတော့သည်။
ထို့နောက် ကျောက်ကျိကျိုး ပြောလိုက်၏။
“မနက်ဖြန်ကစပြီး ဒီဒုက္ခသည်တွေကို စာရင်းသွင်းဖို့၊ အိမ်ထောင်စုလက်မှတ် ထုတ်ပေးဖို့နဲ့ မြေနေရာ ချပေးဖို့ လူတွေ လွှတ်လိုက်ပါ့မယ်။ သူတို့တွေ နွေဦး စိုက်ပျိုးချိန်အထိသာ သည်းခံနိုင်ရင် အားလုံး အဆင်ပြေသွားမှာပါ”
“ဒါ့အပြင် နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ ဟိုနေ့က ဒုက္ခသည်ယောင် ဆောင်ခဲ့တဲ့သူနှစ်ယောက်က ဝမ်ဖူရုံ ခိုင်းတာလို့ ဝန်ခံသွားကြပြီ။ သက်သေ အခိုင်အလုံရှိသလို သူကိုယ်တိုင်လည်း ဝန်ခံသွားပါပြီ။ ဒါကြောင့် သူ့ကို ကြိမ်ဒဏ် အချက်သုံးဆယ် ပေးပြီး ငွေ (၅၀) ဒဏ်ရိုက်လိုက်တယ်။ ဒီငွေကို လက်ခံပေးပါ”
ဟွာကျွင်းမှာ ဆိုင်မှငွေများ မကြာမီ ကုန်တော့မည်ကို စိုးရိမ်နေစဉ်မှာပင် ဤငွေများ ရောက်လာခြင်း ဖြစ်၏။ ငွေ (၅၀) မှာ တစ်လစာအတွက် လုံလောက်သည်။ သူ ဝမ်းသာအားရ လက်ခံလိုက်သည်။ ဟွာကျွင်း၏ အပြုံးကို ကြည့်ရင်း ကျောက်ကျိကျိုးမှာမူ သူမ ဒုက္ခသည်များအတွက် ကိုယ်ပိုင်ငွေများကို စိုက်ထုတ်နေသည်ဟု ပို၍ပင် ယုံကြည်သွားတော့၏။ ဝမ်ဖူရုံထံမှ ငွေပိုပြီး မညှစ်ထုတ်ခဲ့မိသည်ကိုပင် သူ နောင်တရမိနေတော့သည်။
နောက်တစ်နေ့မနက်တွင် ဟွာကျွင်း ပန်းထိုးအလုပ်ရုံနှင့် ဟွာကျွင်း ဆေးပင်ပြုပြင်ရေး အလုပ်ရုံတို့သည် မုန့်ဆိုင်ဘေးတွင် စတင် လည်ပတ်ကြသည်။ အအေးဒဏ်ကို အလူးအလဲ ခံစရာ မလိုတော့ဘဲ နွေးထွေးသော တဲများထဲတွင် အလုပ်လုပ်ခွင့် ရသည့်အတွက် သူတို့အားလုံးမှာ ဤအခွင့်အရေးကို တန်ဖိုးထားကြပြီး အလုပ်ကို ကြိုးစားလုပ်ကြသည်။ နေ့ဘက်တွင် သူတို့ ကြိုးစားအလုပ်လုပ်ကြပြီး ညနေပိုင်း ဆိုင်ဖွင့်ချိန်တွင် အချောသတ် ပစ္စည်းများကို ဟွာကျွင်းထံ လာပေးကြ၏။ ဟွာကျွင်းက ဆိုင်ပိတ်ပြီးနောက် ထိုပစ္စည်းများကို ဓာတ်ပုံရိုက်ကာ အွန်လိုင်းပေါ်တွင် တင်၍ ရောင်းချသည်။
ရာသီဥတုမှာ တဖြည်းဖြည်း ပိုအေးလာပြီး ပန်းထိုးသူ အမျိုးသမီး အများစုတွင် ကလေးငယ်များ ပါလာကြသည်။ ဟွာကျွင်းသည် အနားတွင် တဲသေးသေးလေး တစ်လုံး ထပ်ဆောက်လိုက်ပြီး အထဲတွင် မီးလင်းဖို ထည့်ပေးကာ ကလေးများ နေထိုင်ရန် စီစဉ်ပေးလိုက်၏။ သို့မှသာ မိခင်များနှင့် နီးနီးနားနား ရှိနေနိုင်မည် ဖြစ်သည်။ ဟွာကျွင်းသည် တဲထဲတွင် ကုတင်လေးများ၊ ကစားစရာများနှင့် မုန့်များကို ထည့်ပေးထားရာ ပန်းထိုးသူများ အလှည့်ကျ ကလေးထိန်းပေးကြပြီး မူကြိုကျောင်းလေးတစ်ခု ကဲ့သို့ ဖြစ်နေတော့သည်။
ယနေ့တွင် လုမင်လီ ထံမှလည်း စာတစ်စောင် ရောက်လာသည်။ အလုပ်ဖြင့် ကယ်ဆယ်ရေး အစီအစဉ်မှာ အောင်မြင်ပြီး မြစ်ကြောင်းဖော်ခြင်းနှင့် အိမ်များ ပြန်လည်တည်ဆောက်ခြင်းမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီ ဖြစ်၏။ နန်းတော်မှ ခန့်အပ်လိုက်သော မြို့နယ်အုပ်ချုပ်ရေးမှူးသစ် ရောက်လာသည်နှင့် သူတို့အဖွဲ့မှာလည်း အိမ်ပြန်နိုင်ကြတော့မည် ဖြစ်သည်။
အရာအားလုံးမှာ ကောင်းမွန်သော ဘက်သို့ ဦးတည်နေတော့၏။
အခန်း (၇၄)
ဟွာကျွင်း၏ အရံလုပ်ငန်းများ
လီမန်သည် ယနေ့တွင် SF Express မှ ပါဆယ်တစ်ခုကို လက်ခံရရှိသည်။ သူမ ကြည့်လိုက်သည့်အခါ ထိုပါဆယ်မှာ ဟွာကျွင်း မုန့်ဆိုင်ဟု အမည်ရသော နေရာတစ်ခုမှ ပေးပို့လာခြင်း ဖြစ်၏။
“ထူးဆန်းလိုက်တာ၊ ငါ ဘာမုန့်မှလည်း မမှာထားပါဘူး”
သူမ စူးစမ်းစိတ်ဖြင့် ပါဆယ်ကို ဖွင့်လိုက်ရာ အထဲတွင် အလွန်လှပသော လက်ဆောင်သေတ္တာလေး တစ်လုံး ရှိနေသည်။
“ဝါး... အခုခေတ် မုန့်ထုပ်ပိုးတာတွေက ဒီလောက်တောင် လက်ရာမြောက်နေတာလား။ ပြိုင်ဆိုင်မှုတွေ တော်တော်ပြင်းထန်နေတာပဲ”
သူမ လက်ဆောင်သေတ္တာကို ဖွင့်လိုက်သည့်အခါ ပို၍ပင် အံ့အားသင့်သွားရတော့၏။ အထဲတွင် တရုတ်ရိုးရာ အရုပ်ဝတ်စုံတစ်စုံ ရှိနေခြင်း ဖြစ်သည်။ ပိုးသားစစ်စစ်ကို အလွှာလိုက် ချုပ်လုပ်ထားပြီး အပြင်အင်္ကျီမှာ ကြာစွယ်ရောင် ဖြစ်ကာ အတွင်းအင်္ကျီမှာ အနီရင့်ရောင် အနားသတ်ပါသော အပြာရင့်ရောင် ဖြစ်သည်။ အောက်နားစကတ်မှာ တိမ်တိုက်များကဲ့သို့ နူးညံ့ပေါ့ပါးပြီး အပြင်အင်္ကျီနှင့် အရောင်တူသည်။ အနီရင့်ရောင် ခါးပတ်က ဝတ်စုံတစ်ခုလုံးကို ပို၍ ပြည့်စုံသွားစေ၏။
အပြင်အင်္ကျီနှင့် အတွင်းအင်္ကျီပေါ်မှ ပန်းထိုးလက်ရာများမှာ ပို၍ပင် အနုစိတ်လှသည်။
အပြင်အင်္ကျီ အနားများတွင် ရွှေချည်မျှင်များဖြင့် မင်္ဂလာရှိသော တိမ်တိုက်ပုံစံများ ထိုးထားပြီး အတွင်းအင်္ကျီတွင်မူ ခဲရောင် ဝါးရွက်ပုံစံလေးများကို ခပ်ဖျော့ဖျော့ ထိုးထားရာ ပစ္စည်း၏ အဆင့်အတန်းကို ပေါ်လွင်စေသည်။
လီမန်သည် ထိုဝတ်စုံလေးကို မချချင်လောက်အောင် သဘောကျနေတော့၏။ သူမသည် အရုပ်ကို ထုတ်ကာ ဝတ်စုံသစ် လဲပေးလိုက်ပြီး ဓာတ်ပုံများစွာ ရိုက်၍ အဖွဲ့လိုက် စကားပြောခန်း ထဲသို့ တင်လိုက်သည်။
အဖွဲ့ထဲတွင် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့၏။
“အရမ်းလှတာပဲ၊ ဘယ်တော့ ရောင်းမလဲ စောင့်နေမယ်နော်”
“လှလိုက်တာ၊ လှလိုက်တာ။ ငါလည်း တစ်စုံလောက် လိုချင်တယ်”
“ငါ ဒါကို လိုချင်တယ်၊ နင် ဘယ်က ဝယ်တာလဲ”
လီမန် တစ်ခဏ တွေဝေပြီးမှ ပြန်ဖြေလိုက်သည်။
“ဟွာကျွင်း မုန့်ဆိုင် ဆိုတဲ့ နေရာကနေ ရောင်းတာ ထင်တယ်...”
သူမသည် ဟွာကျွင်း၏ ပစ္စည်းဟောင်း အရောင်းဝက်ဘ်ဆိုက် အကောင့်ကို အဖွဲ့ထဲသို့ မျှဝေပေးလိုက်လေ၏။
ထိုအချိန်တွင် ဟွာကျွင်းသည် ဆေးပင်များကို အရောင်းပြတင်းပေါက်တွင် သေသေချာချာ စီနေစဉ် ဟွာရှန့်က ခုန်ပေါက်ရင်း ရောက်လာသည်။
“အစ်မ... အရုပ်ဝတ်စုံတွေ အများကြီး ရုတ်တရက် ရောင်းထွက်ကုန်ပြီ”
ဟွာကျွင်းသည် ဟွာရှန့်၏ ဖုန်းကို ယူကြည့်လိုက်ရာ အော်ဒါများ တဟုန်ထိုး တက်လာသည်ကို တွေ့လိုက်ရ၏။ စာတိုပေါင်း ငါးဆယ်ကျော် ရှိနေပြီး အားလုံးမှာ ဝတ်စုံပုံစံနှင့် ပန်းထိုးပုံစံများကို မေးမြန်းနေကြခြင်း ဖြစ်သည်။
“ဟွာရှန့်... သူတို့ တောင်းဆိုတာတွေကို တစ်ခုချင်းစီ သေချာချမှတ်ထားပါ။ ဒီည ပန်းထိုးအလုပ်ရုံ ကို သွားပို့ရမယ်”
ဟွာရှန့်သည် အလွန်ဝမ်းသာသွားပြီး အော်ဟစ်လိုက်၏။
“အလုပ်ရုံက အစ်မတွေ ချုပ်တဲ့ အရုပ်ဝတ်စုံတွေက တကယ်ကို နာမည်ကြီးတာပဲ”
အော်ဒါများ ဆက်တိုက် တက်လာသည်ကို ကြည့်ရင်း ဟွာကျွင်း ဝမ်းသာသလို စိုးရိမ်စိတ်လည်း ဖြစ်မိလေ၏။
လောလောဆယ် စားဝတ်နေရေး ပြေလည်သွားသည့်အတွက် ဝမ်းသာသော်လည်း အလုပ်ရုံတွင် လူတစ်ဆယ်ကျော်သာ ရှိသဖြင့် အော်ဒါများကို အချိန်မီ အပြီးသတ်နိုင်ပါ့မလားဟု သူမ စိုးရိမ်နေမိခြင်း ဖြစ်၏။
ညနေပိုင်းတွင် ဟွာကျွင်းသည် ပန်းထိုးအလုပ်ရုံသို့ ရောက်သွားသည့်အခါ မှောင်နေပြီ ဖြစ်သော်လည်း အားလုံးမှာ အရုပ်ဝတ်စုံများ ချုပ်လုပ်ရန် အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။
ဟွာကျွင်း ယူလာသော သတင်းကို ကြားသည့်အခါ အားလုံးက စိတ်လှုပ်ရှားသွားကြ၏။
“ကျွန်မ ချုပ်တဲ့ အင်္ကျီကို တစ်ကယ်ပဲ သဘောကျမဲ့သူ ရှိမယ်လို့ မယုံနိုင်ဘူး”
“ဟဲ့၊ အဲဒါ ညည်းတစ်ယောက်တည်း လက်ရာမို့လို့လား။ အားလုံးရဲ့ လက်ရာလေ။”
“ကျွန်မ အမြင်အရတော့ ဆိုင်ရှင်ဟွာက အတော်ဆုံးပဲ”
“ဟုတ်တယ်၊ ဆိုင်ရှင်ဟွာသာ မရှိရင် လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက ငါတို့ အအေးမိပြီး သေကုန်ကြမှာ”
“ဆိုင်ရှင်ဟွာက လူ့ပြည်ကို ဆင်းလာတဲ့ နတ်သမီးပဲ”
အားလုံး၏ စကားများမှာ ပို၍ ပို၍ ဆန်းကျယ်လာသည်ကို မြင်သဖြင့် ဟွာကျွင်းက ကြားဖြတ် ပြောလိုက်သည်။
“ဒါက ရှင်တို့အားလုံး ကြိုးစားကြလို့၊ လက်ရာတွေကလည်း အနုစိတ်လို့ လူကြိုက်များတာပါ။ ဒါပေမဲ့ အော်ဒါတွေက အများကြီးပဲ၊ အချိန်မီ ပြီးပါ့မလားလို့ ကျွန်မ စိုးရိမ်နေတာ”
“စိတ်မပူပါနဲ့ ဆိုင်ရှင်ဟွာရယ်၊ ကျွန်မတို့ တစ်ညလုံး မအိပ်ဘဲ လုပ်ရင်တောင် ပြီးအောင် လုပ်မှာပါ”
“ဟုတ်ပါတယ်၊ အလုပ်တွေသာ အများကြီး ယူထားလိုက်ပါ၊ အစ်မကို အရှုံးမခံစေရပါဘူး”
လီနျန် ဟွာကျွင်းကို နှစ်သိမ့်လေ၏။
“ဆိုင်ရှင်ဟွာ... ဒီအရုပ်ဝတ်စုံတွေက မခက်ပါဘူး။ လက်ယဉ်သွားရင် တစ်စုံချုပ်ဖို့ အချိန်အများကြီး မပေးရပါဘူး။ ပန်းထိုးတာကလည်း ရိုးရိုးလေးတွေဆိုတော့ ကျွန်မတို့အတွက် အေးဆေးပါ”
သူမက ဆက်လက် ပြောသည်။
“ကျွန်မမှာ အချိန်ပို ရှိပါသေးတယ်။ ယပ်တောင်ဝိုင်းတွေနဲ့ အမွှေးနံ့သာအိတ်လေးတွေပါ ထပ်ပြီး ပန်းထိုးချင်တယ်။ အဲဒါလေးတွေကိုပါ ဆိုင်ရှင်ဟွာ ရောင်းပေးနိုင်မလားဟင်”
လီနျန်၏ ရည်ရွယ်ချက်မှာ ရိုးရှင်းလှ၏။ ဟွာကျွင်း သူမကို ကူညီခဲ့သဖြင့် သူမအနေဖြင့် ပစ္စည်းများ ပိုလုပ်ပေးပြီး ဟွာကျွင်းကို ငွေပိုရစေချင်သည်။
“ကောင်းပါပြီ၊ ဒါပေမဲ့ ရှင် ပင်ပန်းမသွားစေနဲ့ဦးနော်။ ရှင့်ရဲ့ ပန်းထိုးလက်ရာက အရမ်းကောင်းတော့ ဈေးကောင်းရမှာ သေချာပါတယ်”
ထိုသို့ဆိုကာ ယနေ့အတွက် လုပ်အားခများကို ထုတ်ပေးလိုက်သည်။
ထို့နောက် သူမက အားလုံးကို ဆို၏။
“ကျွန်မတို့ ပန်းထိုးအလုပ်ရုံက အော်ဒါအကြီးကြီး ရတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီည ရှင်တို့ကို ညစာ အပိုကျွေးပါ့မယ်”
မျှော်လင့်ထားသလို ပျော်ရွှင်သံများ ထွက်မလာဘဲ အားလုံးက တစ်ဦးကိုတစ်ဦး ကြည့်နေကြသည်။
“ဆိုင်ရှင်ဟွာ... ကျွန်မတို့ ဘာမှ ထပ်စားဖို့ မလိုပါဘူး။ ရှင့်ကို ပိုက်ဆံ အကုန်မခံစေချင်ဘူး”
“ဟုတ်ပါတယ်၊ ဒီအလုပ်ရုံကလည်း အစ်မပိုင်တာ၊ အဝတ်စတွေကလည်း အစ်မဟာတွေ၊ အလုပ်ရတာလည်း အစ်မကြောင့်လေ။ အခုတောင် လုပ်အားခတွေ ရနေပြီပဲ၊ ဘယ်လိုလုပ်ပြီး အစားအသောက်တွေပါ ထပ်စားလို့ ဖြစ်မလဲ”
“ဟုတ်ပါတယ်၊ ဆိုင်ရှင်ဟွာရဲ့ မုန့်ဆိုင်က အစားအသောက်တွေက အရမ်းကောင်းတာ လူတိုင်းသိတယ်။ သူဌေးတွေတောင် နေ့တိုင်း တန်းစီစားနေရတာလေ။ ကျွန်မတို့က ဒုက္ခသည်တွေပဲ၊ အဲဒါတွေ စားဖို့ မထိုက်တန်ပါဘူး...”
“လူတိုင်းက တန်းတူပါပဲ။ ရှင်တို့က ကိုယ့်အားကိုယ်ကိုးပြီး ငွေရှာနေတာပဲ၊ ဘယ်သူက မြင့်မြတ်တယ်၊ ဘယ်သူက နိမ့်ကျတယ်ဆိုတာ မရှိပါဘူး။ ပြီးတော့ ရှင်တို့က အခြေကျနေပြီဆိုတော့ ဒုက္ခသည် မဟုတ်တော့ပါဘူး”
ထို့နောက် ဟွာရှန့်ကို ခေါ်၍ မုန့်ဆိုင်သို့ အစားအသောက် သွားယူသည်။
သူတို့ အသားမစားရတာ ကြာပြီ ဖြစ်မည်ကို တွေးမိသဖြင့် ဟွာကျွင်းသည် အသားပေါက်စီ အလုံး (၃၀) နှင့် ပဲနီလေးယို အိုးကြီးကို အလုပ်ရုံသို့ ယူလာသည်။
ပန်းထိုးသူများမှာ အားနာစွာ မတ်တပ်ရပ်နေကြဆဲ ဖြစ်သော်လည်း ဟွာကျွင်း ပြန်လာသည်ကို မြင်သည့်အခါ တိတ်တိတ်ဆိတ်ဆိတ် တန်းစီလိုက်ကြ၏။
“ထိုင်ကြပါဦး၊ ဘာလို့ မတ်တပ်ရပ်နေကြတာလဲ” ဟွာကျွင်းက ပေါက်စီများ ဝေရင်း ဆိုသည်။
မည်သူမျှ မလှုပ်ရှားကြပေ။ အချိန်အတော်ကြာအောင် ဆန်ပြုတ်တန်းစီခဲ့ရသည့် အကျင့်မှာ သူတို့တွင် စွဲမြဲနေဆဲ ဖြစ်သည်။
လီနျန် ပထမဆုံး သတိဝင်လာပြီး အားလုံးကို ပြောလိုက်၏။
“ဆိုင်ရှင်ဟွာက ထိုင်ခိုင်းနေတာပဲ၊ အားလုံး နေရာမှာ ထိုင်လိုက်ကြရအောင်”
ထိုသို့ပြောလိုက်မှ အားလုံး တိတ်တိတ်ဆိတ်ဆိတ် ထိုင်လိုက်ကြတော့သည်။
ဟွာရှန့် ပေါက်စီနှင့် ပဲနီလေးယိုများကို လူတိုင်းရှေ့တွင် ချပေးသော်လည်း မည်သူမျှ မစားဝံ့ကြသေးပေ။
“အားလုံးပဲ မြန်မြန်စားကြပါ”
ဟွာကျွင်းထပ်ပြောမှသာ ပေါက်စီများကို ယူစားကြသည်။
“မေမေ၊ ဒါ အသားပေါက်စီပဲ၊ အသားနံ့လေးက အရမ်းမွှေးတာပဲ။”
မိန်းကလေးငယ်တစ်ဦး၏ အသံက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
“တကယ်ပဲ အသားပေါက်စီပဲ၊ အရင်က စားဖူးတဲ့ ပေါက်စီတွေထက်တောင် ပိုမွှေးသေးတယ်”
“ဟီး... နောက်ဆုံးတော့ အသားစားရပြီ...”
တစ်စုံတစ်ဦးက ငိုကြွေးလိုက်သည့်အခါ အခြားသူများလည်း မျက်ရည်များကို သုတ်လိုက်ကြသည်။
လမ်းခရီးမှာ အလွန်ပင် ခက်ခဲခဲ့၏။ သူတို့သည် တောဟင်းသီးဟင်းရွက်များ၊ သစ်ခေါက်များနှင့် မြေကြီးကိုပင် စားခဲ့ကြရသည်။ ဗိုက်ဆာလွန်းသဖြင့် လမ်းဘေးတွင် လဲကျသေဆုံးသွားသူများကိုလည်း မျက်မြင်တွေ့ခဲ့ရ၏။
ယခု အသားပေါက်စီကို စားလိုက်ရသည့်အခါမှသာ သူတို့ ဒုက္ခ ပြီးဆုံးသွားပြီဟု တကယ် ခံစားလိုက်ရခြင်း ဖြစ်သည်။
ရုတ်တရက် တဲအပြင်ဘက်မှ အသံများ ထွက်ပေါ်လာသည်။
“ဘာတွေ ဒီလောက်မွှေးနေတာလဲ။ ငါတို့ကျတော့ ဘာလို့ မရတာလဲ”
အဘွားအိုတစ်ဦးက တဲလိုက်ကာကို လှန်ကာ အော်လိုက်၏။
“ဒါက ငါတို့ ကြိုးစားလို့ ရတဲ့ဆုပဲ၊ နင်တို့က ဘာလုပ်ထားလို့လဲ။ ဘယ်လိုဖြစ်လို့ ဒီမှာ လာတောင်းနေရတာလဲ”
အပြင်မှ အမျိုးသားက ရယ်မောရင်း ပြန်ပြော၏။
“ဟေ့။ ငါတို့လည်း ဒီနေ့ ပစ္စည်းကောင်းတွေ ရှာထားတာပဲ မဟုတ်လား”
အမျိုးသားတစ်စုကလည်း ဝိုင်းပြောကြ၏။
“ဟုတ်တယ်၊ ငါတို့ ဂျင်ဆင်း တွေနဲ့ မှို တွေ ရှာထားတာ”
“ဆိုင်ရှင်ဟွာ... ကျွန်တော်တို့လည်း အများကြီး ရှာထားတာနော်။ မျက်နှာလိုက်လို့ မရဘူး”
ဟွာကျွင်း ရယ်မောလိုက်ကာ ပြောလိုက်၏။
“ရတာပေါ့၊ ဒီနေ့ လူတိုင်း အသားပေါက်စီ တစ်လုံးစီ ရမယ်”
လုမင်လီ သူ့အဖွဲ့နှင့်အတူ မုန့်ဆိုင်သို့ ပြန်ရောက်လာသည့်အခါ မှင်တက်သွားတော့၏။
အရင်က လူခေါင်သောနေရာထဲတွင် တစ်ကိုယ်တည်းရှိနေသော ဆိုင်လေးမှာ ယခုအခါ ဘေးနှစ်ဖက်စလုံးတွင် တဲများ ဝန်းရံလျက် ရှိနေသည်။
ဆိုင်၏ ဆိုင်းဘုတ်ကိုသာ မမြင်ခဲ့လျှင် သူ လမ်းမှားလာသည်ဟု ထင်မိပေလိမ့်မည်။
ပို၍ မယုံနိုင်စရာ ကောင်းသည်မှာ ဘေးမှ တဲများတွင် ဆိုင်းဘုတ်များပင် ချိတ်ထားခြင်း ဖြစ်သည်။ “ဟွာကျွင်း ပန်းထိုးအလုပ်ရုံ”၊ “ဟွာကျွင်း ဆေးပင်ပြုပြင်ရေး အလုပ်ရုံ” နှင့် “ဟွာကျွင်း မူကြိုကျောင်း”ဟူ၍ ဖြစ်၏။
အမျိုးသား၊ အမျိုးသမီးများမှာ အလုပ်ရှုပ်နေကြသလို ကလေးငယ်များမှာလည်း တဲအပြင်ဘက်တွင် ကစားနေကြသည်။
လုမင်လီ မှင်တက်နေမိ၏။ သူ ထွက်သွားသည်မှာ လအနည်းငယ်သာ ရှိသေးသော်လည်း မည်သည့်အရာများ ဖြစ်ပျက်ကုန်သနည်း။ ဟွာကျွင်းတွင် အရံလုပ်ငန်းများပင် ရှိနေပြီ ဖြစ်သည်။
လုမင်လီ မုန့်ဆိုင်ထဲသို့ ဝင်သွားလိုက်၏။ ကံကောင်းသည်မှာ ဆိုင်ထဲတွင်တော့ အပြောင်းအလဲ သိပ်မရှိပေ။
သို့သော် ဟင်းပွဲများ ချပေးခြင်းနှင့် စားပွဲသိမ်းခြင်းများတွင် ကူညီပေးနေသော လူသစ်မျက်နှာများစွာ ရှိနေတော့သည်။