အခန်း (၇၇-၇၈)
Vol. 8 Ch. 77-78
အခန်း (၇၇)
နှစ်သစ်ကူးအကြိုည
အရောင်စုံ အဝတ်အထည်များ ချိတ်ဆွဲထားသော ပန်းထိုးအလုပ်ရုံ ထဲသို့ ဟွာကျွင်း ၏ ကင်မရာ ရောက်သွားသည့်အခါ အလုပ်ရှုပ်နေသော်လည်း စနစ်တကျရှိလှသော မြင်ကွင်းကို အရင်ဆုံး တွေ့မြင်လိုက်ရသည်။ ပြတင်းပေါက်ငယ်လေးမှ ဖြာကျလာသော နေရောင်ခြည်သည် ကြမ်းပြင်ပေါ်တွင် အရိပ်ပြောက်လေးများကို ကျဲပြန့်စွာ ဖြစ်ပေါ်စေ၏။
ရှေးခေတ်ဝတ်စုံများ ဝတ်ဆင်ထားသော ပန်းထိုးသူ တစ်ဆယ်ကျော်သည် မိမိတို့၏ စားပွဲအသီးသီးတွင် အာရုံစိုက်လျက် အဝတ်အစားသစ်များကို ကြိုးစားပမ်းစား ချုပ်လုပ်နေကြလေသည်။
အချို့မှာ ပန်းထိုးကွင်းများရှေ့တွင် ထိုင်ကာ နုနယ်လှပသော ပီအိုနီပန်း ပုံဖော်နေကြပြီး ပန်းပွင့်ချပ်လွှာများမှာ အရောင်အသွေး စုံလင်လှ၏။ အချို့မှာမူ ကတ်ကြေးများကို ကိုင်စွဲလျက် အဝတ်စများကို တိကျစွာ ဖြတ်တောက်နေကြလေသည်။
အလုပ်ရုံတစ်ခုလုံးတွင် အဝတ်စနံ့သင်းသင်းနှင့် အပ်ချည်မျှင်များ၏ တရှက်ရှက် မြည်သံတို့ဖြင့် ပြည့်နှက်နေရာ စိတ်အပန်းပြေစေသော ခံစားမှုကို ပေးစွမ်းနေတော့သည်။ ပန်းထိုးသူများသည် တစ်ခါတစ်ရံတွင် ပန်းထိုးနည်းစနစ်များ သို့မဟုတ် ပုံစံဒီဇိုင်းများအကြောင်း တိုးတိုးဖျဖျ ဆွေးနွေးတတ်ကြသော်လည်း အများအားဖြင့်တော့ စိတ်မပျံ့လွင့်ဘဲ အလုပ်ထဲတွင်သာ နစ်မြုပ်နေကြ၏။
နောက်ဆုံးတွင် ကင်မရာကို ပန်းထိုးသူများ၏ လက်ချောင်းများဆီသို့ ချိန်လိုက်သည်။ သူတို့လက်ထဲမှ အပ်နှင့် ချည်မျှင်များသည် ဖျတ်လတ်သော လိပ်ပြာလေးများကဲ့သို့ အထက်အောက် ရွေ့လျားနေကြပြီး ပိုးသားပေါ်တွင် အနုစိတ်လှပသော ပန်းထိုးလက်ရာများကို ချန်ရစ်ခဲ့ကြတော့သည်။
ဟွာကျွင်း၏ ကင်မရာရိုက်ချက်မှာ အဆင့်မြင့်လှသည်မဟုတ်သော်လည်း အလွန်ပင် သဘာဝကျလှ၏။
သူမ အိမ်ပြန်ရောက်သည့်အခါ ထိုဗီဒီယိုကို စကားပြော အဖွဲ့ ထဲသို့ တင်လိုက်ရာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။
“ဝါး... အရမ်းလှတာပဲ၊ အလင်းအမှောင်နဲ့ ပတ်ဝန်းကျင် အနေအထားကို ကြည့်ပါဦး၊ တကယ့်ကို အံ့ဩဖို့ကောင်းတယ်”
“ပန်းထိုးတဲ့ အစ်မတွေရဲ့ ဝတ်စုံက ရိုးရိုးလေးနဲ့ သိပ်လှတာပဲ၊ ဒီဗီဒီယိုကို ကြည့်နေရတာ တကယ့် ရှေးခေတ်ကို ပြန်ရောက်သွားသလိုပဲ”
“သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပါဦး၊ အရမ်းကို ယဉ်ကျေးသိမ်မွေ့တာပဲ။ ငါ့အင်္ကျီကို သူတို့က တစ်ချက်ချင်း သေချာထိုးပေးထားတယ်လို့ တွေးမိတော့ ရင်ထဲမှာ အရည်ပျော်သွားတာပဲ”
မိမိ၏ ပစ္စည်းများကို အလေးအနက် ထားစေချင်ကြသည်မှာ လူတိုင်း၏ ဆန္ဒပင် ဖြစ်သည်။ ထိုဗီဒီယိုသည် ဟန်ဖူ ဝါသနာရှင်များကြားတွင် လျင်မြန်စွာ ပျံ့နှံ့သွားပြီး ဟွာကျွင်းထံသို့ အော်ဒါများစွာ ထပ်မံရောက်ရှိလာတော့၏။
အလုပ်ရှုပ်နေသော နေ့ရက်များသည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ လမ်းမများပေါ်တွင် မီးပုံးများနှင့် အလှဆင်ထားသည်ကို မြင်မှသာ ဟွာကျွင်းသည် နှစ်သစ်ကူးအကြိုညသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သတိပြုမိတော့သည်။
သူမ ဆိုင်ကို ခုနစ်ရက်ပိတ်မည်ဖြစ်ကြောင်း ဆိုင်းဘုတ်ကို ကြိုတင်ချိတ်ဆွဲထားလိုက်၏။ ထို့နောက် သာယာသော နေရောင်ခြည်အောက်တွင် ဟွာကျွင်းသည် တစ်နှစ်ပတ်လုံး ပင်ပန်းခဲ့သမျှအတွက် မိမိကိုယ်ကို ဆုချရန် ဟွာရှန့် ကို ခေါ်ကာ ကုန်တိုက် သို့ ထွက်လာခဲ့လေသည်။
ကုန်တိုက်သို့သွားသည့် လမ်းတစ်လျှောက်တွင် ညီအစ်မနှစ်ယောက် စကားတပြောပြောနှင့် ရယ်မောနေကြ၏။ ဟွာကျွင်း ဈေးဝယ်မည့် အစီအစဉ်ကို ဟွာရှန့်အား စိတ်လှုပ်ရှားစွာ ပြောပြနေလေသည်။
“ညီမလေး... တို့တွေ လှလှပပ အင်္ကျီအသစ်တွေ ဝယ်မယ်၊ ပြီးရင် အရသာရှိတဲ့ မုန့်တွေ စားမယ်၊ နောက်ဆုံးကျရင် ရုပ်ရှင်သွားကြည့်ကြမယ်”
ဟွာရှန့်သည် ထိုစကားကို ကြားသည့်အခါ ဝမ်းသာအားရ ခုန်ပေါက်နေတော့၏။
သူတို့ မြို့၏ အဆင့်မြင့်ဆုံး ကုန်တိုက်သို့ ရောက်လာကြသည်။ ကြီးမားသော မှန်နံရံကြီးများမှ အရောင်စုံအလင်းပြန်နေပြီး လူစည်ကားလှသော မြင်ကွင်းမှာ သက်ဝင်လှုပ်ရှားနေ၏။
ဟွာကျွင်းသည် ဟွာရှန့် လက်ကို ဆွဲကာ ပထမဦးစွာ အမျိုးသမီး အဝတ်အထည်များ ရောင်းချသည့်နေရာသို့ သွားလိုက်သည်။ စင်များပေါ်တွင် ချိတ်ဆွဲထားသော ဝတ်စုံများမှာ ဝေဝေဆာဆာ ရှိလှ၏။
ဟွာကျွင်း သေသေချာချာ ရွေးချယ်ပြီး တစ်ခါတစ်ရံတွင် အင်္ကျီတစ်ထည်ကို ယူကာ ဟွာရှန့်နှင့် တိုင်းကြည့်သည်။
ဟွာရှန့်သည်လည်း ငြိမ်မနေဘဲ စင်များကြားတွင် ပျားငယ်လေးတစ်ကောင်ကဲ့သို့ ဟိုဟိုဒီဒီ လျှောက်ကြည့်နေ၏။
ဟွာကျွင်း သူတို့နှစ်ဦးလုံးအတွက် ခေါင်းစ ခြေဆုံးအထိ အသစ်စက်စက် တစ်စုံကို ရွေးချယ်ဝယ်ယူလိုက်သည်။
နာရီဆိုင်တစ်ခုကို ဖြတ်သွားသည့်အခါ ဟွာကျွင်း နှစ်သစ်ကူးအတွက် သူငယ်ချင်းများကို လက်ဆောင်ပေးရန် စဉ်းစားမိသည်။ ဆိုင်ထဲတွင် ဝယ်ယူသူ သိပ်မရှိလှပေ။ ဟွာကျွင်းတို့ ညီအစ်မ ဝင်လာသည်ကို မြင်သည့်အခါ အရောင်းဝန်ထမ်းက နွေးထွေးစွာ ကြိုဆိုသည်။
“မင်္ဂလာပါရှင်၊ နာရီ ကြည့်ချင်လို့လားဟင်”
ဟွာကျွင်း ခေါင်းညိတ်ပြလိုက်၏။ မှန်ထဲရှိ ခင်ကျင်းပြသထားသော နာရီများမှာ အမျိုးမျိုးရှိရာ ဟွာကျွင်းအနေဖြင့် ရွေးရခက်နေသည်။
“ကျွန်မကို တစ်ခုလောက် အကြံပေးနိုင်မလားဟင်”
“ရပါတယ်ရှင်၊ အမျိုးသားအတွက်လား၊ အမျိုးသမီးအတွက်လား။ အသက်အရွယ်ကော ဘယ်လောက်လောက် ရှိမလဲဟင်”
“အမျိုးသားအတွက်ပါ၊ အသက် (၂၀) ဝန်းကျင်လောက်ပါ”
အရောင်းဝန်ထမ်းသည် ပုံစံအမျိုးမျိုးရှိသော နာရီအချို့ကို ကတီပါဘူးထဲတွင် ထည့်ကာ ဟွာကျွင်း ရွေးချယ်နိုင်ရန် ပြပေးလာ၏။
ဟွာကျွင်း ခေတ္တစဉ်းစားပြီးမှ မေးမြန်းလိုက်သည်။
“ဓာတ်ခဲမလိုတဲ့ အိတ်ဆောင်နာရီ မျိုး ရှိလားဟင်”
အရောင်းဝန်ထမ်းသည် စက်သုံးအိတ်ဆောင်နာရီ အချို့ကို ယူလာပေးသည်။ ဟွာကျွင်း ထိုအထဲမှ အထူးခြားဆုံး တစ်ခုကို ရွေးလိုက်၏။
၎င်းမှာ ကြေးဝါရောင် အိတ်ဆောင်နာရီ ဖြစ်သည်။ အခြားနာရီများနှင့် မတူဘဲ အပြင်ဘက်စက်ဝိုင်းတွင် ရောမကိန်းဂဏန်းများဖြင့် (၁၂) နာရီ ကို ပြထားပြီး အတွင်းစက်ဝိုင်းတွင်မူ တရုတ်ရိုးရာ ရာသီခွင် ဆယ့်နှစ်ခု ကို အမှတ်အသား ပြုထားရာ အရှေ့တိုင်းနှင့် အနောက်တိုင်း အနုပညာ ပေါင်းစပ်ထားသော ပုံစံဖြစ်၏။
“မမ... အမြင်ကောင်းတာဘဲ။ ဒါက ရှေးဟောင်းပုံစံတူ နာရီပါ။ နာရီကိုယ်ထည်ကို ကြေးဝါရွှေရည်စိမ်နဲ့ လုပ်ထားပြီး အပြင်ဘက်မှာ ဆယ့်နှစ်ရာသီခွင်ကို ကိုယ်စားပြုတဲ့ အဖုလေး ၁၂ ခု ပါပါတယ်။ ဒီဇိုင်းက အရမ်းကို ထူးခြားသလို စက်သွားတွေကလည်း တိကျပါတယ်။ အတွင်းပိုင်းက အစိတ်အပိုင်းတွေကို လက်နဲ့ ထွင်းထုထားတာမို့ တကယ့်ကို တန်ဖိုးရှိတဲ့ ပစ္စည်းပါပဲ”
ဟွာကျွင်းသည် အလွန်ပင် သဘောကျသွားတော့သည်။
“ဒါမျိုး သုံးလုံး ယူမယ်”
အရောင်းဝန်ထမ်းမှာ မှင်တက်သွား၏။ ဈေးနှုန်းတောင် မမေးဘဲ ဈေးထဲမှာ ဟင်းသီးဟင်းရွက် ဝယ်သလို သုံးလုံး ချက်ချင်းယူမည်ဟု ပြောလိုက်ခြင်းကြောင့် ဖြစ်သည်။ သို့သော် ဟွာကျွင်း မျက်နှာကို ကြည့်ကာ သူမ၏ စိတ်အားကို မဖျက်ချင်သဖြင့် ယဉ်ကျေးစွာပင် ပြန်ပြောလိုက်၏။
“စိတ်မကောင်းပါဘူး မမရယ်၊ ဒီနာရီက အကန့်အသတ်နဲ့ ထုတ်ထားတာမို့ တစ်နိုင်ငံလုံးမှာ တစ်လုံးပဲ ရှိတာပါ။ ဈေးကလည်း မနည်းဘူးရှင့်...”
ဟွာကျွင်းသည် အနည်းငယ် စိတ်ပျက်သွားသော်လည်း တစ်လုံးတည်းသာ ရှိပါက လုမင်လီကို ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုနာရီသည် သူနှင့် အလိုက်ဖက်ဆုံး ဖြစ်မည်ဟု သူမ ခံစားမိပါ၏။
“နှမြောစရာပဲ။ ဒါဆိုလည်း ဒီတစ်လုံးပဲ ယူမယ်”
အရောင်းဝန်ထမ်းသည် စိတ်ထဲမှသာ အော်ဟစ်နေမိလေသည်။
‘ဈေးမေးပါဦး၊ ဈေးလေး မေးပါဦဟ’
သူမသည် နည်းနည်း အရိပ်အမြွက် ပြောကြည့်ရန် ဆုံးဖြတ်လိုက်၏။
“ဒီနာရီက အရမ်းကို အနုစိတ်တာမို့ ဈေးက တော်တော်လေး ကြီးပါတယ်ရှင်...”
သူမသည် ရှေ့မှ မိန်းကလေးကို အထင်သေး၍ မဟုတ်ဘဲ အလွန်ငယ်ရွယ်ပုံ ပေါက်နေသဖြင့် အရိပ်အမြွက်ကို နားမလည်မှာ စိုးရိမ်မိပါ၏။
ဟွာကျွင်းကမူ အရောင်းဝန်ထမ်းသည် ဈေးနှုန်းကို ပြောသင့်ပြီဟု ထင်နေမိ၏။ ထို့ကြောင့် သူမက မေးလိုက်လေသည်။
“ဒါနဲ့…”
အရောင်းဝန်ထမ်းက ပွင့်ပွင့်လင်းလင်း ပြောလိုက် တော့၏။
“ဒါက ယွမ် တစ်သန်း နှစ်သိန်း ကျသင့်မှာပါရှင်”
ဟွာကျွင်း နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။
“အင်း... နည်းနည်းတော့ ဈေးကြီးတာပဲ”
သို့သော် လုမင်လီက ထိုတန်ဖိုးနှင့် ထိုက်တန်သည်ဟု သူမ တွေးလိုက်၏။
အရောင်းဝန်ထမ်းသည် မျှော်လင့်ချက် ပျက်သလို ဖြစ်သွားသော်လည်း ဟွာကျွင်းက ဆက်ပြောလိုက်ပြန်သည်။
“ဒါလေးကို လှလှပပလေး ထုပ်ပေးပါဦးနော်”
အရောင်းဝန်ထမ်းမှာ တစ်ခဏ ကြောင်အသွားပြီးမှ ဝမ်းသာအားရ ပြန်ပြောလိုက်သည်။
“ရပါတယ်ရှင်၊ အခုချက်ချင်း သေသေချာချာ ထုပ်ပေးပါ့မယ်”
အမှန်တကယ်ပင် လူကို အပေါ်ယံကြည့်၍ မရချေ။ အရောင်းဝန်ထမ်းသည် ဟွာကျွင်း စိတ်မပြောင်းခင် ချက်ချင်းပင် ငွေရှင်းခိုင်းလိုက်သည်။
ငွေပေးချေပြီးနောက် ဟွာကျွင်း ဘေးဆိုင်သို့သွားကာ ကျန်းရှီယွဲ့ အတွက် ဖောင်တိန်တစ်လက်နှင့် မင်အိုးတစ်ပုလင်း၊ မော့ချွမ်း အတွက် မီးဖိုချောင်သုံး ဓားတစ်စုံကို ဝယ်ယူလိုက်၏။
ထို့နောက် ညီအစ်မနှစ်ယောက် အစားအသောက် ရောင်းချသည့် နေရာသို့ ပြေးကြတော့သည်။ ချောကလက်များ၊ အာလူးကြော်များ၊ ဂျယ်လီများ စသည့် စုံလင်လှသော မုန့်များကို ဟွာရှန့် စိတ်ကြိုက် ရွေးချယ်ရာ ဈေးဝယ်ခြင်းတောင်းကြီးမှာ မကြာမီပင် ပြည့်သွားတော့၏။
ဟွာကျွင်းကမူ နှစ်သစ်ကူး ညစာအတွက် ဘုရင့်အဆင့်ကဏန်း နှင့် အခြား ဟင်းသီးဟင်းရွက်များကို ဝယ်ယူလိုက်သည်။
နှစ်ဦးသားသည် ဈေးဝယ်အိတ်များစွာကို သယ်ဆောင်ကာ အိမ်သို့ ကျေနပ်စွာ ပြန်လာခဲ့ကြတော့သည်။
မုန့်ဆိုင်သို့ ပြန်ရောက်သည့်အခါ မွန်းလွဲပိုင်းသို့ ရောက်နေပြီ ဖြစ်၏။ ဟွာကျွင်း အွန်လိုင်းမှ မှာထားသော အသားနှင့် ဆန်များ အရောက်ပို့ယာဉ်ဖြင့် ရောက်ရှိလာသည်။ ဝန်ထမ်းက ဟွာကျွင်းကို နှုတ်ဆက်လိုက်သည်။
“နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ”
ဤပစ္စည်းများကိုပို့ဆောင်ပြီးလျှင် သူသည်လည်း နှစ်သစ်ကူးညအတွက် အိမ်သို့ပြန်တော့မည်။
ဟွာကျွင်းလည်း ပြန်လည်နှုတ်ဆက်လိုက်လေသည်။
“နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ”
ပစ္စည်းများကို မီးဖိုချောင်တွင် စီပေးသွားသောကြောင့် သူ့ကိုကျေးဇူးတင်ကြောင်း ပြောလိုက်၏။
“ရှင့် ရဲ့အလုပ်ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်”
ဝန်ထမ်းလေးမှာ ဟွာကျွင်းနှင့် အကြည့်ချင်းမဆုံရဲပေ။ သူက ဟွာကျွင်းနှင့် ပထမဆုံးတွေ့ဆုံခဲ့သည့်အချိန်ကို သတိရနေဆဲဖြစ်ပြီး သူမမှာ ပို၍ လှလာသည်ဟု ခံစားနေရသောကြောင့် ဖြစ်၏။
နှစ်သစ်ကူးအကြိုည ဖြစ်သဖြင့် ပတ်ဝန်းကျင်ရှိ ဆိုင်များအားလုံး ပိတ်ထားကြသည်။ ဟွာကျွင်းသည် ဟွာရှန့်နှင့်အတူ ခေါက်ဆွဲ နှစ်ပန်းကန်ဖြင့် ရိုးရိုးရှင်းရှင်းပင် နေ့လယ်စာ စားလိုက်ပြီးနောက် နှစ်သစ်ကူး ညစာအတွက် စတင် ပြင်ဆင်တော့၏။
အခန်း (၇၈)
နှစ်သစ်ကူး အကြိုညစာ
ဟွာကျွင်း နှစ်သစ်ကူး ညစာ မီနူးကို ကြိုတင်ဆုံးဖြတ်ထားလိုက်၏။ သူမ စာရွက်ပေါ်တွင် စာရင်းချရေးလိုက်ပြီး ဟင်းပွဲများကို တစ်ခုပြီးတစ်ခု စတင်ချက်ပြုတ်လိုက်သည်။
ဆယ်လ်မွန်ငါးအသားလွှာ၊ ဆလတ်ရွက်ပြုတ်၊ ကြက်သွန်ဖြူဖြင့် ပေါင်းထားသော ကဏန်း ၊ အသားစုံနှပ်၊ ကြက်သားပြုတ်၊ ဝက်နံရိုးချိုချဉ်၊ ဝက်သားငရုတ်သီးကြော်၊ ထောပတ်ပုစွန်ဖုတ်နှင့် မှိုကြက်စွပ်ပြုတ်တို့ ဖြစ်ကြသည်။
အခြားဟင်းပွဲများမှာ ချက်ရလွယ်ကူပြီး အွန်လိုင်းမှ သင်ခန်းစာများကို ကြည့်ရှုကာ တစ်ဆင့်ချင်း လုပ်ဆောင်သွားရာ အခက်အခဲ သိပ်မရှိလှပေ။
သို့သော်လည်း လှုပ်စိလှုပ်စိ ဖြစ်နေဆဲဖြစ်သော ကဏန်းကြီးကို ကြည့်ပြီး သူမနှင့် ဟွာရှန့် တို့ နှစ်ဦးသား အခက်တွေ့နေကြ၏။
ဟွာကျွင်းသည် ပုံမှန်အားဖြင့် ကဏန်းအသေးလေးများကို သတ္တိရှိရှိ ကိုင်တွယ်နိုင်သော်လည်း စားပွဲပေါ်ရှိ ဤဘုရင့်အဆင့် ကဏန်းကြီးမှာတော့ မိုက်ခရိုဝေ့ဖ်မီးဖိုထက်ပင် ကြီးမားနေသဖြင့် သူမ အမှန်တကယ် မကိုင်ရဲပေ။
နာရီဝက်ခန့် အပြန်အလှန် ကြည့်နေပြီး နောက်ဆုံးတွင် ဟွာကျွင်းသည် အားတင်းကာ ဓားမကြီးကို မြှောက်လိုက်၏။ မျက်လုံးများ မှိတ်ကာ အော်ဟစ်လျက် ခုတ်ချရန် ပြင်လိုက်သည်။
“ဟွာကျွင်း ဘာဖြစ်လို့လဲ”
စစ်သူကြီးလုမင်လီ ဟွာကျွင်း အော်သံကို ကြားလိုက်ရသဖြင့် တံခါးအပြင်ဘက်မှ အလန့်တကြား ထုလိုက်သည်။
“ဟင်... တစ်ယောက်ယောက် ငါ့ကို ခေါ်နေသလိုပဲ”
ဟွာကျွင်းသည် မျက်လုံးများကို ဖွင့်ကာ အပြင်ဘက်သို့ ကြည့်လိုက်မှ မှောင်နေပြီဖြစ်ကြောင်း သတိထားမိတော့၏။
သူမက တံခါးဆီသို့ အပြေးသွားကာ မုန့်ဆိုင်တံခါးကို ဖွင့်လိုက်ရာ လုမင်လီမှာ အပြင်ဘက်တွက် စိုးရိမ်တကြီး ရပ်နေသည်ကို တွေ့လိုက်ရသည်။
သူ ဟွာကျွင်းကို ခြေစခေါင်းဆုံး သေချာကြည့်ရှုစစ်ဆေးပြီးနောက် သူမ ညာလက်ထဲမှ ဓားမကြီးကို မြင်သည့်အခါ မျက်မှောင် ကြုတ်သွား၏။ သူမ လက်ကို ဆွဲကာ သူ့နောက်သို့ ပို့လိုက်သည်။
လုမင်လီ ဆိုင်ထဲသို့ သေသေချာချာ ကြည့်ရှုရာ ဟွာရှန့်သည် ဆိုင်အလယ်တွင် တစ်ယောက်တည်း ရပ်နေသည်ကို တွေ့ရသော်လည်း ထူးခြားမှုကို မတွေ့ရပေ။ သူ ခေါင်းကို လှည့်ကာ ဟွာကျွင်းအား ဇဝေဇဝါဖြင့် ကြည့်လိုက်၏။
ဟွာကျွင်းသည် တံခါးအပြင်ဘက်သို့ ရုတ်တရက် ဆွဲထုတ်ခံလိုက်ရသည်။ ထိုစဉ် လုမင်လီ၏ အရပ်အမောင်း မည်မျှ မြင့်မားသည်ကို ခံစားလိုက်ရ၏။ ကျယ်ပြန့်သော ကျောပြင်ကြီးက သူမကို ကာကွယ်ပေးထားသဖြင့် လုံခြုံမှုအပြည့် ရှိနေသည်ဟု ခံစားလိုက်ရသည်။
လုမင်လီ မေးမြန်းလိုက်၏။
“ဟွာကျွင်း... ဘာလို့ ခုနက အော်လိုက်တာလဲ။ ပြီးတော့ ဓားကြီး ဘာလို့ ကိုင်ထားရတာလဲ”
ဟွာကျွင်း လုမင်လီကို မော့ကြည့်ကာ ပြောလိုက်သည်။
“ဪ။ ဟုတ်သားပဲ၊ စစ်သူကြီးလု... ကျွန်မကို ကဏန်းသတ်ပေးလို့ ရမလားဟင်”
လုမင်လီ ကဏန်းတစ်ကောင် ပြင်ဆင်ရန်အတွက် အဘယ်ကြောင့် ဤမျှ အုတ်အော်သောင်းနင်း ဖြစ်နေရသည်ကို နားမလည်နိုင်ပေ။
“ရတာပေါ့၊ ဒါက ဘာခက်လို့လဲ”
သူသည် ကဏန်းကို ကိုယ်တိုင် မသတ်ဖူးသော်လည်း စားဖူးသဖြင့် ကဏန်းသတ်သည့် ကိရိယာများကို ကျွမ်းကျင်စွာ အသုံးပြုတတ်၏။
ဟွာကျွင်း ဓားမကြီးကို လုမင်လီထံ ကမ်းပေးလိုက်ကာ ဝမ်းသာအားရ ပြောလိုက်သည်။
“ကောင်းပြီ။ ဒီဓားက ရှင့်အတွက်ပဲ”
လုမင်လီသည် ဓားရိုးကို ဆုပ်ကိုင်ထားပြီး တွေးတောနေမိ၏။
‘ဒီလောက်ကြီးတဲ့ ဓားမကြီးကို ငါ ဘာလုပ်ရမှာလဲ’
သူ မီးဖိုချောင်ထဲသို့ ဝင်သွားပြီးနောက် ကောင်တာပေါ်ရှိ ကဏန်းကြီးနှင့် မျက်နှာချင်းဆိုင် တိုးသည့်အခါမှသာ လန့်ဖျပ်သွားပြီး နောက်သို့ တစ်လှမ်း ဆုတ်လိုက်မိသည်။
“ဒါ မင်းပြောတဲ့ ကဏန်းလား။ ဒီလောက်ကြီးတာလား”
ဟွာကျွင်းနှင့် ဟွာရှန့်တို့သည် သူ့နောက်တွင် ဘယ်ညာယှဉ် ရပ်နေကြသည်။
“ဟုတ်တယ်၊ သူ့ကို ဘုရင့်အဆင့် ကဏန်းလို့ ခေါ်တယ်။ တခြားကဏန်းတွေထက် နည်းနည်း ပိုကြီးတာပေါ့။ စစ်သူကြီးလု... လုပ်လိုက်ပါတော့”
ဤသည်မှာ နည်းနည်းကြီးရုံတင် မဟုတ်ပေ။ ဟွာကျွင်းကသာ ပြောမထားလျှင် ဤအရာမှာ ပြင်ပကမ္ဘာမှ သတ္တဝါတစ်ကောင်ဟု သူ ထင်မိပေလိမ့်မည်။
သူ အဝေးတွင် ပုန်းနေသော နှစ်ယောက်ကို ပြန်ကြည့်ကာ သတ္တိမွေးပြီး ရှေ့သို့ တိုးလိုက်၏။
လက်ထဲမှ ဓားမကြီးကို အလေးချိန် စမ်းကြည့်ရာ အဆင်မပြေသဖြင့် ဓားမကို ဘေးသို့ ချထားလိုက်ပြီး သူ့ ကိုယ်ပိုင်ဓားရှည်ကို ဆွဲထုတ်လိုက်၏။ ဘုရင့်အဆင့် ကဏန်းဆီသို့ ဓားကို ဝှေ့ယမ်းလိုက်ရာ ငွေရောင်အလင်းတန်း တစ်ချက်နှင့်အတူ ကဏန်းမှာ နှစ်ခြမ်း ကွဲသွားတော့၏။
ဟွာကျွင်းနှင့် ဟွာရှန့်တို့ ပရိသတ်လေးများအလား လက်ခုပ်တီးကာ အော်ဟစ်ကြတော့သည်။
“တကယ်ကို အံ့ဩဖို့ ကောင်းလိုက်တာ”
လုမင်လီ ရှေ့သို့ တိုးကာ စစ်ဆေးပြီးနောက် ဟွာကျွင်းကို ပြောလိုက်၏။
“သူ သေသွားပြီ ထင်တယ်”
ဟွာကျွင်းသည် အွန်လိုင်း ဗီဒီယိုအတိုင်း လုမင်လီကို ကဏန်းခြေထောက်များ ဖယ်ရှားခိုင်းကာ ခြေထောက်တစ်ခုချင်းစီကို အပေါက်လေးများ ဖောက်ပြီး ဆီသတ်ထားသော ကြက်သွန်ဖြူများ ထည့်ခိုင်းလိုက်သည်။
သူတို့သည် ကဏန်း၏ ပါးဟက်၊ နှလုံးနှင့် အစာအိမ် စသည့် မစားသင့်သော အစိတ်အပိုင်းများကို ဖယ်ရှားလိုက်ကြ၏။ ကဏန်းဥနှင့် အသားများကို ထုတ်ကာ ကဏန်းအခွံထဲသို့ ပြန်ထည့်ပြီး ကြက်ဥနှင့် ရောမွှေကာ ကဏန်းခြေထောက်များနှင့်အတူ ပေါင်းအိုးထဲသို့ ထည့်လိုက်ကြသည်။
နာရီဝက်ခန့် ကြာသည့်အခါ မွှေးပျံ့သော ကဏန်းပေါင်းမှာ စားရန် အသင့် ဖြစ်သွားတော့၏။
ကျန်းရှီယွဲ့ နှင့် မော့ချွမ်းတို့ ရောက်လာသည့်အချိန်တွင် ဟင်းပွဲများကို ထမင်းစားခန်းသို့ သယ်ယူနေသော လုမင်လီနှင့် ဆုံကြသည်။
“သူတို့ ဘာလို့ ဒီကို ရောက်လာကြတာလဲ”
လုမင်လီ အလွန်အံ့ဩသွားသဖြင့် စိတ်ထဲမှ စကားများမှာ အပြင်သို့ ထွက်လာတော့သည်။
ဟွာကျွင်း ပြုံးလျက် ပြောလိုက်၏။
“လူတိုင်းကို နှစ်သစ်ကူး အကြိုညစာ အတူစားဖို့ ဖိတ်ထားတာပါ”
ကျန်းရှီယွဲ့နှင့် မော့ချွမ်းတို့ လုမင်လီကို ဂါရဝပြုလိုက်ကြ၏။
“စစ်သူကြီးလု”
လုမင်လီ အင်းဟုသာ တုန့်ပြန်လိုက်သည်။
သူ့ကိုယ်သူ ထူးခြားသည်ဟု ထင်ထားသော်လည်း အမှန်တော့ ပိုတွေးမိခြင်းသာ ဖြစ်နေ၏။
“ရှင်တို့ အချိန်ကိုက် ရောက်လာတာပဲ၊ ညစာက အဆင်သင့် ဖြစ်နေပြီ”
မော့ချွမ်း လက်ဆေးပြီးနောက် ဟင်းပွဲများကို သယ်ယူရန် မီးဖိုချောင်သို့ အပြေးသွားတော့၏။
လုမင်လီက ပြောလိုက်သည်။
“မုန့်ဆိုင်အပြင်မှာ နှစ်သစ်ကူး ကဗျာစာတွဲ တွေ မတွေ့လို့ ကျွန်တော် အထူးတလည် ပြင်လာခဲ့တယ်”
ဤသို့ဆိုပြီးနောက် အပြင်သို့ ထွက်သွားပြီး ကျန်းရှီယွဲ့နှင့်အတူ တံခါးဘေးနှစ်ဖက်တွင် ကဗျာစာတွဲများကို ကပ်လိုက်ကြ၏။ ကဗျာစာတွဲမှာ စာရွက်နီပေါ်တွင် စာလုံးအမည်းများဖြင့် ရေးသားထားသည်။
“ထောင်ပေါင်းများစွာသော အိမ်ခြေတို့သည် ထာဝရပျော်ရွှင်ခြင်းဖြင့် ဝမ်းမြောက်ကြပါစေ၊ ခပ်သိမ်းသော အရာတို့သည် ဤနွေဦးတွင် အတူတကွ စည်ပင်ထွန်းကားကြပါစေ”
ထိုအခါမှသာ နှစ်သစ်ကူး အငွေ့အသက်မှာ အမှန်တကယ် စိမ့်ဝင်သွားတော့၏။
ဟွာကျွင်းသည် ငယ်ဘဝကို ပြန်လည်အမှတ်ရမိသွားသည်။ သူမ၏ မိဘများ နှစ်သစ်ကူးတွင် ကဗျာစာတွဲများ ကပ်သည်ကို ကြည့်ခဲ့ရဖူးပြီး သူမ မိခင်က သူမအား အမြဲမေးလေ့ရှိခဲ့ဖူးသည်။
“စာကပ်ထားတာ တည့်ရဲ့လား”
မိဘများ ကွယ်လွန်သွားပြီးနောက်ပိုင်း ဤကဲ့သို့ ကဗျာစာတွဲများ တစ်ခါမှ မကပ်ဖြစ်တော့ပေ။
“စာကပ်ထားတာ တည့်ရဲ့လား”
လုမင်လီ ထိုသို့မေးလိုက်မှ ဟွာကျွင်းသည် အတွေးကမ္ဘာထဲမှ ထွက်လာနိုင်တော့သည်။
မျက်ရည်များကို တိတ်တဆိတ် သုတ်လိုက်ကာ ပြန်ဖြေ၏။
“တည့်ပါတယ်။ ဒီတိုင်းက တကယ်ကောင်းတယ်။”
“အားလုံး ပြီးပြီလား။ အခု စားလို့ ရပြီနော်”
မော့ချွမ်း ဆိုင်ထဲမှနေ၍ အော်ဟစ်လိုက်သည်။
လုမင်လီသည် ဟွာကျွင်းကို နက်နက်ရှိုင်းရှိုင်း ကြည့်ကာ ပြောလိုက်၏။
“သွားကြစို့၊ ဝင်စားရအောင်”
ထိုသို့ ပြောသော်လည်း သူက မလှုပ်ရှားဘဲ ကျန်းရှီယွဲ့ကို အရင်ဝင်ခိုင်းလိုက်သည်။
သူ ဟွာကျွင်းထံသို့ လက်ကိုင်ပဝါတစ်ထည် ကမ်းပေးလိုက်ရာ ဟွာကျွင်းက လှမ်းယူပြီး မျက်ဝန်းထောင့်မှ မျက်ရည်စများကို ညင်သာစွာ သုတ်လိုက်သည်။
သူတို့နှစ်ဦးစလုံးမှာ စကားမပြောဘဲ တစ်ဦးနောက်တစ်ဦး ဆိုင်ထဲသို့ ဝင်လာခဲ့ကြ၏။
မုန့်ဆိုင်ထဲတွင် မော့ချွမ်းသည် ဟွာရှန့်ကို ရယ်စရာတစ်ခု ပြောပြနေသဖြင့် ဟွာရှန့်မှာ ဟားတိုက် ရယ်မောနေသည်။ ဟွာကျွင်း၏ စိတ်မှာလည်း ကြည်လင်သွားတော့၏။
သူတို့ ငါးဦး စားပွဲဝိုင်းတွင် ထိုင်လိုက်ကြသည်။ ဟွာကျွင်းသည် အမျိုးသား သုံးဦးအတွက် အရက်ဖြူ ထည့်ပေးလိုက်ပြီး သူမနှင့် ဟွာရှန့်အတွက်မူ အုန်းနို့ရည်ကို ထည့်လိုက်၏။
ဟွာရှန့်သည် မကြာသေးမီကမှ အုန်းနို့ရည်ကို ကြိုက်နှစ်သက်လာခြင်း ဖြစ်ပြီး ၎င်းမှာ နို့လက်ဖက်ရည်ထက် သူမ၏ အကြိုက်ဆုံး ဖြစ်လာခဲ့သည်။
စားနေစဉ်အတွင်း လုမင်လီနှင့် ကျန်းရှီယွဲ့တို့ စကား သိပ်မပြောကြသော်လည်း မော့ချွမ်းကတော့ ဂရုမစိုက်ဘဲ ဟင်းတစ်ပွဲပြီး တစ်ပွဲကို ချီးမွမ်းကာ စကားတွေ တရစပ် ပြောနေ၏။
မကြာမီပင် စားပွဲပေါ်ရှိ ဟင်းပွဲများမှာ ကုန်သလောက် ရှိသွားသည်။ အထူးသဖြင့် ဘုရင့်အဆင့်ကဏန်းမှာ ပထမဆုံး ကုန်သွားသော်လည်း လုမင်လီကတော့ တစ်လုတ်မျှ မစားခဲ့ပေ။
မော့ချွမ်းက ချီးမွမ်းနေဆဲ ဖြစ်၏။
“ဒီအလယ်က အသားက ဘာအသားလဲ။ အရမ်း နူးညံ့တာပဲ၊ ငါးအရသာလိုပဲ ဒါပေမဲ့ အရိုးမပါဘူး၊ အရမ်းကောင်းတယ်”
လုမင်လီ စကားမပြောသော်လည်း ဟွာကျွင်းက ပြန်ဖြေလိုက်သည်။
“အဲဒါ ကဏန်းသားလေ”
သူတို့နှစ်ဦးစလုံး စားလက်စကို ရပ်လိုက်ကာ ပန်းကန်အား စိုက်ကြည့်လိုက်ကြ၏။
“အဲဒီလောက်ကြီးတဲ့ အကောင်ကနေ ရတာလား”
ဟွာကျွင်းတွင် အကြံသစ်တစ်ခု ရလာ၏။
“ဒီဘုရင့်အဆင့်ကဏန်းက ဒီမှာ ရောင်းကောင်းမယ် ထင်လားဟင်”
လုမင်လီက ပြန်ဖြေလိုက်သည်။
“အထက်တန်းလွှာတချို့က အသစ်အဆန်းတွေကို ကြိုက်တတ်ကြတယ်၊ ဒါကြောင့် ရောင်းကောင်းမှာပါ”
“ဈေး ဘယ်လောက်လောက် ရနိုင်မလဲ”
“မင်း ပိုက်ဆံ လိုနေလို့လား”
ဟွာကျွင်းက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
“ကျွန်မရဲ့ အလုပ်ရုံ နှစ်ခုက အလုပ်သမားတွေကို လုပ်အားခ ပေးရဦးမှာမို့လို့ပါ”
လုမင်လီ တစ်ခဏစဉ်းစားပြီးမှ အကြံပေးလိုက်၏။
“မင်း တခြား အစားအသောက် အသစ်အဆန်းတွေကို ပိုရှာနိုင်ပါတယ်။ နှစ်သစ်ကူးပြီးရင် မြို့တော်ဝန်ကျောက် ကို ဦးဆောင်ခိုင်းပြီး ဟွာကျွင်းမုန့်ဆိုင် အမည်နဲ့ မြို့ထဲမှာ လေလံပွဲတစ်ခု လုပ်ခိုင်းလိုက်မယ်။ အဲဒီချိန်ကျရင် ဈေးပြိုင်ပေးမဲ့သူတွေ အများကြီး ရှိလာမှာပါ”
မော့ချွမ်း ကြားဝင် ပြောလိုက်သည်။
“ဟုတ်တယ် ဟွာကျွင်း... တကယ်လို့ ခင်ဗျား လူကိုယ်တိုင် ထွက်လာဖို့ အဆင်မပြေရင် ကျုပ်ကိုသာ လွှဲထားလိုက်ပါ။ အားလုံးကို အကောင်းဆုံးဖြစ်အောင် ကျုပ် စီစဉ်ပေးပါ့မယ်”
“ကောင်းပါပြီ၊ ရှင်တို့ လိုချင်သလောက် အစားအသောက်အသစ်အဆန်းတွေ ကျွန်မဆီမှာ ရှိတယ်၊ ဒီကိစ္စက လွယ်ပါတယ်”
သူတို့အားလုံး သဘောတူညီမှု ရသွားကြသည်။
ဤနှစ်သစ်ကူး အကြိုညစာကို အားလုံးက အလွန်ပင် ကျေနပ်သွားကြ၏။ စားသောက်ပြီးနောက် လုမင်လီ ဟွာကျွင်းအား ပြောလိုက်၏။
“ဧကရာဇ်မင်းမြတ်က မင်းအတွက် ပစ္စည်းတချို့ ချီးမြှင့်လိုက်တယ်”
ထို့နောက် သူ့နောက်လိုက်များကို ခေါ်ကာ မြင်းလှည်းပေါ်မှ ပစ္စည်းများကို မုန့်ဆိုင်ထဲသို့ သယ်ခိုင်းလိုက်၏။
လူ တစ်ဦးပြီးတစ်ဦး ဝင်လာကြသည်။ ဟွာကျွင်းသည် ပစ္စည်းများကို တစ်ခုချင်းစီ ကြည့်ရှုရာ ပန်းကန်များ၊ ခွက်များ၊ ပန်းအိုးများ၊ စာရေးစုတ်တံများနှင့် အလွန်လှပသော ဝတ်စုံတစ်စုံ ပါဝင်လေသည်။
ဟွာကျွင်းသည် မျက်လုံးပြူးသွားကာ လုမင်လီကို မေးလိုက်၏။
“ဒါတွေအားလုံးက ဧကရာဇ်မင်းမြတ်က ကျွန်မကို ချီးမြှင့်တာလားဟင်”
“ဟုတ်ပါတယ်၊ ဒါတွေအားလုံးက မင်းအတွက်ပါ။ ပြီးတော့ ဒီနန်းတွင်းဝတ်စုံက နန်းတော်ထဲက အကောင်းဆုံး အပ်ချုပ်ဆရာက ကိုယ်တိုင်ချုပ်ပေးထားတာပါ။ မင်း စမ်းဝတ်ကြည့်လို့ ရပါတယ်”