အခန်း (၇၉-၈၀)
Vol. 8 Ch. 79-80
အခန်း (၇၉)
အနီရောင်စာအိတ်များ
လုမင်လီ အနီရောင် ပိုးထည်စကို ဖယ်ရှားလိုက်ရာ နတ်််မိမယ်တို့ ဝတ်ဆင်ထားသည့်အလား အလင်းရောင်များ ဖြာထွက်နေသည့် ပန်းရောင် နန်းတွင်းဝတ်စုံတစ်စုံ ပေါ်လာသည်။ ဟွာကျွင်း အနားသို့ တိုးကြည့်လိုက်သည့်အခါ ထူးခြားပြီး သင်းပျံ့သော ရနံ့တစ်ခုကို ရလိုက်၏။
သူမ ထိုအရာကို အလွန်ပင် သဘောကျသွားတော့သည်။
“ဒီ ရှန်ယွန်းပိုးထည်က လှရုံတင်မကဘူး၊ အနံ့လေးကလည်း တကယ်ကို မွှေးတာပဲ”
ဟွာကျွင်း မကြာသေးမီက အွန်လိုင်းတွင် ပိတ်စများကို လိုက်ကြည့်ခဲ့ပြီး ရှန်ယွန်းပိုးထည်ကိုပင် ဝယ်ယူခဲ့ဖူးသော်လည်း ယခုမြင်ရသော အထည်နှင့်မူ လုံးဝ ကွာခြားလှ၏။ ခေတ်သစ် ရှန်ယွန်း ပိုးထည်မှာ အရောင်တင်ဆေးများကြောင့် အသားမာပြီး ယခုကဲ့သို့ တောက်ပမှု မရှိသလို ရနံ့လည်း မရှိပေ။
“မှန်တာပေါ့။ ဒါကြောင့်လည်း သူ့ကို ရှန်ယွန်းပိုးထည် (မွှေးပျံ့သော တိမ်တိုက်ပိုးထည်) လို့ အမည်တွင်တာပေါ့”
နှစ်သစ်ကူးတွင် အဝတ်အစားသစ် ဝတ်ရမည်မှာ ဓလေ့တစ်ခု ဖြစ်၏။ ဟွာကျွင်း ထိုပိုးထည်ကို ကိုင်ကာ အိပ်ခန်းထဲသို့ဝင်၍ လဲလှယ်လိုက်သည်။
နန်းတွင်းဝတ်စုံမှာ ဝတ်ဆင်ရသည်မှာ အလွန်ပင် ခက်ခဲလှရာ ဟွာရှန့် ကူညီပေးသည့်တိုင်အောင် အတော်ပင် ရုန်းကန်လိုက်ရ၏။
တစ်ခုခု လိုနေသေးသည်ဟု ခံစားရသဖြင့် လုမင်လီ ပေးထားသော လက်ဝတ်ရတနာများနှင့် ဆွဲကြိုးကိုပါ ဆင်မြန်းလိုက်သည်။
သူမ မှန်ထဲတွင် ပြန်ကြည့်လိုက်သည့်အခါ ယခုမှ အလုံးစုံ ပြည့်စုံသွားတော့၏။
ဟွာကျွင်း အပြင်သို့ ထွက်လာသည့်အခါ အားလုံးမှာ မှင်တက်သွားကြသည်။ ထိုဝတ်စုံမှာ သူမနှင့် အတိအကျ ဖြစ်နေပြီး သူမ၏ ကိုယ်လုံးကိုယ်ပေါက်နှင့် အံဝင်ခွင်ကျ ရှိလှ၏။ သူမထံမှ ရှေးဆန်သော အလှတရားများ လှိုင်လှိုင်ထွက်နေပြီး နန်းတော်မှ ထွက်လာသော မိဖုရားတစ်ပါးအလား အားလုံး၏ အကြည့်များကို ဖမ်းစားထားတော့သည်။
အားလုံးက စိုက်ကြည့်နေကြသဖြင့် သူမ အနည်းငယ် ရှက်သွားကာ ဟွာရှန့်ကို ဖုန်းကမ်းပေးလိုက်၏။
“မမကို ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးပါဦး၊ ဘယ်လိုပုံစံ ဖြစ်နေလဲ ကြည့်ချင်လို့”
ဖုန်းထဲတွင် မိမိကိုယ်ကို ပြန်ကြည့်ရင်း သူမ မအံ့ဩဘဲ မနေနိုင်တော့ပေ။ အမှန်တကယ်ပင် လူမှာ အဝတ်၊ ဗျိုင်းမှာ အတောင် ဖြစ်၏။ ဤကဲ့သို့ နန်းတွင်းဝတ်စုံကို ဝတ်ဆင်လိုက်သည့်အခါ သူမကိုယ်သူမပင် မှတ်မိရန် ခက်ခဲသွားတော့သည်။
ထိုအချိန်တွင် ဆိုင်တံခါးအပြင်ဘက်မှ လက်ခုပ်တီးသံ ထွက်ပေါ်လာပြီး ရှန်းဟွိုက်ရွှီ ရောက်လာသည်။ သူ ဟွာကျွင်းကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း ဆို၏။
“ကျွတ်... ကျွတ်... ဆိုင်ရှင်လေးက နန်းတွင်းက မိဖုရားတွေထက်တောင် ပိုလှနေပါလား။ ကဲ... ဒီနေ့ ကျွန်တော်အားနေတာနဲ့ပဲ ခင်ဗျားအတွက် ပုံတူပန်းချီ တစ်ချပ် ဆွဲပေးမယ်”
“ကျွန်တော့်ကို ကျေးဇူးတင်မနေနဲ့ဦး။ ဆေးရောင်တွေ ပေးခဲ့တာကို ပြန်ကျေးဇူးဆပ်တာပဲ သဘောထားလိုက်”
ကျော်ကြားလှသော ပန်းချီဆရာကြီးက သူမအတွက် ပန်းချီဆွဲပေးမည် ဆိုသဖြင့် ဟွာကျွင်း ဝမ်းသာအားရ လက်ခံလိုက်၏။
“ကောင်းပါပြီရှင်၊ ရှင် ပြောတဲ့အတိုင်းပဲ ဖြစ်စေရမယ်”
ဟွာကျွင်း ဘယ်ညာကြည့်ကာ ဆိုင်အလယ်ရှိ စားပွဲဘေးတွင် ရပ်လိုက်ပြီး ကိုယ်ကို အနည်းငယ် စောင်းလျက် ထိုင်ခုံနောက်မှီကို လက်ဖြင့် ညင်သာစွာ ကိုင်ထားလိုက်သည်။
ကိုယ်ဟန်အနေအထား ပြင်ဆင်ပြီးနောက် ရှန်ဟွိုက်ရွှီသည် စုတ်တံကို ကိုင်ကာ သူမ၏ ပုံပန်းသဏ္ဌာန်ကို စတင် ရေးဆွဲတော့၏။ သူ အလွန်ပင် အာရုံစိုက်နေပြီး သူ့ရှေ့တွင် ဟွာကျွင်း တစ်ဦးတည်းသာ ရှိတော့သကဲ့သို့ စူးစိုက်ကြည့်ကာ ရေးဆွဲနေသည်။
အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ပန်းချီကားမှာ ပုံပေါ်လာတော့၏။ အစပိုင်းတွင် အနည်းငယ် တောင့်တင်းနေသော ဟွာကျွင်းသည်လည်း တဖြည်းဖြည်း စိတ်လျှော့လိုက်သည်။
နောက်ဆုံးတွင် ရှန်ဟွိုက်ရွှီ စုတ်တံကို ချလိုက်၏။ ဟွာကျွင်းသည် ညောင်းညာနေသော လက်မောင်းများကို လှုပ်ခါရင်း ရှေ့သို့ ပြေးကြည့်လိုက်သည်။ ပန်းချီကားထဲမှ အမျိုးသမီးမှာ ရှေးဆန်ပြီး ကျော့ရှင်းလှပကာ အချိန်ကာလ တစ်ခုကို ဖြတ်ကျော်လာသကဲ့သို့ ခံစားရ၏။
ဟွာကျွင်းက ရိုးရိုးသားသားချီးကျူးလိုက်သည်။
“ကျေးဇူးတင်ပါတယ်ရှင်။ ဒီပန်းချီကားက တကယ်ကို လှတာပဲ”
“ဒါက အစပဲ ရှိသေးတာပါ။ ကျွန်တော် ပြန်သွားပြီးမှ ဒါကို ပိုပြီး ပြည့်စုံအောင် ပြန်ပြင်ဦးမယ်၊ နောက်တစ်ခါကျမှ ခင်ဗျားဆီ ယူလာပေးမယ်”
“ဟုတ်ကဲ့၊ အချောသတ်လက်ရာကို ကျွန်မ မျှော်လင့်နေပါ့မယ်”
ဟွာကျွင်း ခေါင်းညိတ်ကာ ရင်ခုန်စွာ ပြန်ပြောလိုက်၏။
ထိုအချိန်တွင် မုန့်ဆိုင်တံခါးကို တစ်စုံတစ်ဦးက လာခေါက်ပြီး ထိုသူမှာ လီနျန် ပင် ဖြစ်သည်။ သူမသည် ဟွာကျွင်းကို ဦးညွှတ်ကာ ဂါရဝပြုလိုက်၏။
“သူဌေးမဟွာ... ကျွန်မတို့ နှစ်သစ်ကူး နှုတ်ခွန်းဆက်ဖို့ အထူးတလည် လာခဲ့တာပါ”
ဟွာကျွင်း တံခါးဝသို့ လျှောက်သွားသည့်အခါ ပန်းထိုးအလုပ်ရုံမှ ပန်းထိုးသူများနှင့် အလုပ်သမားများမှာ တန်းစီ၍ ရပ်နေကြသည်။ ဟွာကျွင်း အပြင်သို့ ထွက်လာသည်ကို မြင်သည့်အခါ သူတို့ အားလုံးက ပြိုင်တူ ဦးညွှတ်ကြ၏။
အားလုံးက ကြိုတင် လေ့ကျင့်ထားသည့်အတိုင်း ပြိုင်တူ အော်ဟစ် နှုတ်ဆက်ကြသည်။
“သူဌေးမဟွာ... လာမဲ့နှစ်မှာ အရာရာ အဆင်ပြေချောမွေ့ပြီး လိုအင်ဆန္ဒတွေ ပြည့်ဝပါစေရှင့်”
ဟွာကျွင်း ပြုံးလျက် ဆိုသည်။
“ရှင်တို့အားလုံး တကယ်ကို စိတ်ထားကောင်းကြတာပဲ။ ကျွန်မလည်း ရှင်တို့အားလုံး နှစ်သစ်မှာ ပျော်ရွှင်ပါစေ၊ နှစ်တိုင်း နှစ်တိုင်း ပိုပြီး ပြည့်စုံကြွယ်ဝပြီး အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။ အော်... ရှင်တို့အတွက် လက်ဆောင်တွေလည်း ပြင်ထားတယ်နော်”
ဟွာရှန့်သည် သေတ္တာကြီးတစ်လုံးကို တွန်းထုတ်လာ၏။ သေတ္တာကို ဖွင့်လိုက်သည့်အခါ အနီရောင်စာအိတ်များ ပြည့်နေပြီး စာအိတ်တစ်ခုချင်းစီတွင် ငွေ ရှစ်တေးစီ ထည့်ထားလိုက်သည်။
စာအိတ်အနီ ရရှိမည်ဟု မမျှော်လင့်ထားသဖြင့် လူတိုင်းမှာ ဝမ်းသာအားရ ဖြစ်သွားကြပြီး တန်းစီကာ လက်နှစ်ဖက်ဖြင့် စနစ်တကျ လက်ခံယူကြ၏။
“သူဌေးမဟွာက တကယ်ကို ရက်ရောတာပဲ”
မော့ချွမ်း နောက်ကနေ မနာလိုသော လေသံဖြင့် ဆို၏။
“သူဌေးမဟွာ... ကျုပ်အတွက်ကော အနီရောင်စာအိတ် မရှိဘူးလား”
“ရှင့်ကို ဘယ်လိုလုပ် မေ့ပါ့မလဲ”
သူမသည် ကောင်တာနောက်ဘက်မှ လက်ဆောင်ဘူးတစ်ခုကို ထုတ်ကာ မော့ချွမ်းအား ကမ်းပေးလိုက်သည်။
“ကဲ... မြန်မြန်ကြည့်ပါဦး၊ သဘောကျရဲ့လားလို့”
မော့ချွမ်းက ဝမ်းသာအားရ လှမ်းယူလိုက်ပြီး ဘူးကို မည်သို့ဖွင့်ရမည်ကို ခဏမျှ စဉ်းစားလိုက်ရ၏။
ဘူးထဲတွင် အလွန်တရာ ထက်မြက်လှသော စတီးလ်ဓား အစုံလိုက် ပါရှိသည်။
“ဒီဓားမြှောင်က အရမ်းထက်တာပဲ၊ ဒါပေမဲ့ ဘာလို့ ဓားအိမ်မပါတာလဲ”
“ဒါက ဓားမြှောင် မဟုတ်ဘူး၊ စားဖိုမှူးသုံးတဲ့ ဓားပါ။ ဟင်းသီးဟင်းရွက်တွေ လှီးဖို့လေ”
မော့ချွမ်းက မယုံနိုင်ဘဲ မေးလိုက်သည်။
“ဒီလိုဓားမျိုးကို ဟင်းချက်တဲ့နေရာမှာ သုံးတယ် ဟုတ်လား။ ဒါက ပါရမီကို ဖြုန်းတီးတာပဲ။ မင်းတို့ဆီက လူသတ်တဲ့နေရာမှာ သုံးတဲ့ဓားတွေက ဒီထက်တောင် ပိုထက်ဦးမှာလား”
“ဟ ရှင်ဘယ်လိုကြီးတွေးလိုက်တာလဲ... အဲဒါက အရမ်း အန္တရာယ်များတဲ့ အတွေးကြီးနော်”
သူမသည် ကောင်တာအောက်မှ အပြာနုရောင်ဘူးတစ်ခုကို ထပ်ထုတ်ကာ ဆိုလိုက်၏။
“ကျန်းရှီယွဲ့... ဒါက ရှင့်အတွက်ပါ”
ကျန်းရှီယွဲ့က ပြုံးလျက် ပြန်ပြောလိုက်သည်။
“ဟွာကျွင်းက တကယ်ကို စိတ်ထားကောင်းတာပဲ။ ကျွန်တော့်အတွက်ပါ လက်ဆောင်ပြင်ထားလိမ့်မယ်လို့ မထင်ထားဘူး”
ဘူးထဲတွင် လှပသော တုတ်တံလေးတစ်ခု ရှိနေသဖြင့် သူ စူးစမ်းစွာ မေးလိုက်၏။
“ဒါက ဘာလဲဟင်။ လျှို့ဝှက်လက်နက်လား”
“ဒါက ဖောင်တိန်လို့ ခေါ်တယ်။ ကျွန်မတို့ဆီက စာရေးကိရိယာ တစ်မျိုးပေါ့။ ကြည့်... ဒီလိုမျိုး ဖွင့်ရတယ်၊ ပြီးရင် နောက်ဘက်ကနေ မင်ကို တိုက်ရိုက်စုပ်ယူလို့ ရတယ်။ တကယ်ကို အဆင်ပြေတယ်”
ဟွာကျွင်း တစ်ခါပြသပြီး ကျန်းရှီယွဲ့ကို ကမ်းပေးလိုက်၏။
“ကိုင်ပုံကိုင်နည်းကိုတော့ ရှင် နည်းနည်း ကျင့်ရလိမ့်မယ်၊ စုတ်တံနဲ့တော့ မတူဘူးပေါ့”
ထို့နောက် သူမ ကောင်တာအောက်သို့ ပြန်ငုံ့သွားကာ ဆို၏။
“စစ်သူကြီးလု... ရှင့်အတွက်လည်း လက်ဆောင် ရှိပါတယ်”
ထိုအခါမှသာ လုမင်လီ၏ မျက်နှာတွင် အပြုံးရိပ် သန်းလာတော့၏။ အခြားသူများ လက်ဆောင်ရနေသည်ကို ကြည့်ပြီး ဟွာကျွင်းက သူ့ကို မေ့သွားပြီလားဟု သူ စိုးရိမ်နေမိခြင်း ဖြစ်သည်။
လက်ဖဝါးခန့်သာရှိသော လက်ဆောင်ဗူးလေးကို တွေ့သည့်အခါ လုမင်လီ အနည်းငယ် စိတ်ပျက်သွား၏။ အခြားနှစ်ယောက်၏ ဘူးများက သူ့ထက် ပိုကြီးနေသော်လည်း လက်ဆောင်ရသည် ဆိုကတည်းက ဟွာကျွင်းက သူ့ကို သတိရနေသည်ဟု အဓိပ္ပာယ်ရသဖြင့် သူ ကျေနပ်လိုက်သည်။
“အိမ်တော် ပြန်ရောက်မှပဲ ဖွင့်ကြည့်တော့မယ်လေ”
“ဟင့်အင်း... အခုပဲ ဖွင့်ကြည့်လိုက်ပါ၊ သဘောကျရဲ့လား သိချင်လို့”
လုမင်လီသည် ကျန်းရှီယွဲ့နှင့် မော့ချွမ်းတို့၏ လက်ဆောင်များကို သဘောကျနေခဲ့ခြင်း ဖြစ်၏။ မော့ချွမ်းရသော ဓားကို ဓားအိမ်သာ တပ်လိုက်ပါက ကိုယ်လုံခြုံရေးအတွက် သုံးနိုင်သလို၊ ကျန်းရှီယွဲ့ရသော ကလောင်တံမှာလည်း စာရေးရာတွင် အလွန် အဆင်ပြေပုံပေါ်သည်။
အကယ်၍ ဟွာကျွင်းက သူ့ကို ထိုနှစ်ခုထဲမှ တစ်ခုခု ပေးခဲ့လျှင် ကောင်းမည်ဟု သူ တွေးနေခဲ့သော်လည်း ဤဘူးလေးမှာမူ အလွန်သေးလှသဖြင့် ဓားလည်း မဆံ့သလို ဖောင်တိန်လည်း မဆံ့နိုင်ပေ။
သို့သော်လည်း ဟွာကျွင်း သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်နေသဖြင့် ဘာပဲဖြစ်ဖြစ် သဘောကျဟန် ပြရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
သူသည် အိတ်ကိုဖွင့်၊ ဗူးကိုဖွင့်ကာ နောက်ဆုံးတွင် အလွန်လှပသော ဗူးငယ်လေးတစ်ခုကို တွေ့လိုက်ရ၏။
ထိုအထဲတွင် လုံးဝန်းသော သတ္တုပစ္စည်းလေးတစ်ခုနှင့် ရွှေရောင်ကြိုးလေး တစ်ချောင်း ပါရှိလေသည်။
“အဲဒီမှာ ခလုတ်လေး ပါတယ်၊ နှိပ်လိုက်ပါဦး”
သူ နှိပ်လိုက်သည့်အခါ အဖုံးမှာ ပွင့်သွားပြီး လှပသော နာရီမျက်နှာပြင် ပေါ်လာတော့၏။
“ဒါက ဘာလဲဟင်”
“ဒါကို အိတ်ဆောင်နာရီ လို့ ခေါ်တယ်။ အချိန်ကြည့်ဖို့လေ။ ကြည့်... ဒီမှာ (၁၂) နာရီကြာတဲ့ အချိန်ယူနစ် တွေနဲ့ မှတ်သားထားတယ်။ လက်တံတိုလေးက ဘယ်နေရာကို ညွှန်နေလဲဆိုတာ ကြည့်ရုံနဲ့ အချိန်ကို သိနိုင်တယ်”
သူ သဘောကျဟန် ဆောင်နေစရာ မလိုတော့ပေ။ လုမင်လီသည် ဤအိတ်ဆောင်နာရီကို တကယ်ပင် အလွန်အမင်း သဘောကျသွားတော့၏။ ၎င်းမှာ ဓားနှင့် ဖောင်တိန်ထက် အဆပေါင်းများစွာ သာလွန်လှသည်။
မော့ချွမ်းကလည်း အနားသို့ တိုးကြည့်ကာ အံ့ဩတကြီးဆိုလိုက်၏။
“ဝါး... ဒီအရာလေးက ဒီလောက်သေးတာကို အချိန်တောင် ကြည့်လို့ရတယ်လား”
လုမင်လီသည် သူ့မျက်နှာမှ အပြုံးကို မထိန်းနိုင်တော့ပေ။ သူ၏ လက်ဆောင်မှာ အကောင်းဆုံး ဖြစ်နေသည် မဟုတ်ပါလား။ သူက ဟွာကျွင်းကို ကြည့်ကာ ဆိုလိုက်၏။
“ကျေးဇူးတင်ပါတယ်၊ ကိုယ် တကယ်ကို သဘောကျတယ်”
အခန်း (၈၀)
ဈေးပွဲတော်သို့ လည်ပတ်ခြင်း
လုမင်လီ နှင့် ကျန်းရှီယွဲ့ တို့သည်လည်း ဟွာကျွင်းတို့ ညီအစ်မအတွက် လက်ဆောင်များ ပြင်ဆင်လာခဲ့ကြသည်။
ဟွာကျွင်းသည် လုမင်လီထံမှ ကျောက်စိမ်းဆွဲပြားတစ်ခု ရရှိပြီး ဟွာရှန့်က သစ်သားပန်းပုရုပ်ကလေးတစ်ခု ရရှိလိုက်သည်။
ကျန်းရှီယွဲ့ကမူ ဟွာကျွင်းနှင့် ဟွာရှန့် နှစ်ဦးစလုံးကို အမွှေးတိုင်ထွန်းသည့် အိုးလေးများ လက်ဆောင်ပေး၏။
မော့ချွမ်း အားနာသလိုဖြင့် ပြောလိုက်၏။
“ဒီနေ့တော့ ကျုပ်က အလကားလာစားတာဆိုတော့ လက်ဆောင် ဘာမှမပါလာဘူး။ ခဏနေ ဈေးထဲရောက်မှပဲ ခင်ဗျားတို့အတွက် တစ်ခုခု ရွေးပေးတော့မယ်”
ကျန်းရှီယွဲ့ တိုက်တွန်းလိုက်သည်။
“နောက်ကျနေပြီ၊ သွားကြစို့”
လုမင်လီတွင် မြင်းလှည်းပါလာပြီး ကျန်နှစ်ဦးမှာ မြင်းစီးလာကြသဖြင့် ဟွာကျွင်းတို့ ညီအစ်မမှာ သဘာဝအတိုင်း မြင်းလှည်းထဲတွင် လိုက်ပါလာကြ၏။
အပြင်ဘက်တွင် လမ်းမီးတိုင်များ မရှိဘဲ မြင်းလှည်းရှေ့ရှိ မီးပုံးနှစ်လုံးကသာ ရှေ့ခရီးလမ်းအနည်းငယ်ကို လင်းထိန်စေနိုင်သည်။
မြင်းလှည်းအတွင်းပိုင်းမှာ ဟွာကျွင်း ထင်ထားသည်ထက် ပိုမိုကျယ်ဝန်းပြီး အလယ်တွင် စားပွဲပုလေးတစ်လုံးနှင့် ဘေးနှစ်ဖက်တွင် သားမွေးခေါင်းအုံးများ ခင်းကျင်းထားသည်။
ပထမဆုံးအကြိမ် မြင်းလှည်း စီးဖူးခြင်းဖြစ်သဖြင့် သူမမှာ စူးစမ်းချင်စိတ် အလွန်ဖြစ်ပေါ်နေပြီး ဟိုကိုင်ဒီကိုင်နှင့် လှန်လှောကြည့်ရှုနေ၏။
ခေါင်းအုံးများမှာ နူးညံ့ပြီး သက်သောင့်သက်သာရှိလှသလို အနားတွင်လည်း မီးလင်းဖိုလေး တစ်ခု ရှိနေသေးသည်။ စားပွဲပေါ်တွင်မူ လက်ဖက်ရည်အိုး၊ မုန့်ပန်းကန်လေးတစ်ချပ်နှင့် စာအုပ်တစ်အုပ်လည်း ရှိနေသေး၏။
လုမင်လီသည် မြင်းလှည်းဘေးမှ မြင်းစီးလျက် လိုက်ပါလာပြီး သူ၏ နက်ရှိုင်းသောအသံမှာ ပြတင်းပေါက်မှတစ်ဆင့် ထွက်ပေါ်လာသည်။
“မြင်းလှည်းထဲမှာ လက်ဖက်ရည်နဲ့ မုန့်တွေ ရှိပါတယ်။ မြို့ထဲရောက်ဖို့ နာရီဝက်လောက် ကြာဦးမှာဆိုတော့ တစ်ခုခု အရင်စားထားလိုက်ပါဦး”
ထိုအခါမှသာ ဟွာကျွင်း ပြတင်းပေါက်ရှိနေသည်ကို သတိထားမိတော့၏။ ထူထဲသော ကန့်လန့်ကာကို သူမ မတင်လိုက်သည့်အခါ ဘေးနားတွင် ရှိနေသော လုမင်လီကို ချက်ချင်း မြင်လိုက်ရသည်။
“အပြင်မှာ အရမ်းအေးတယ်၊ ကန့်လန့်ကာကို အမြန် ပြန်ချလိုက်ပါ”
အပြင်ဘက်တွင် အမှန်တကယ်ပင် အတော်လေး အေးနေသည်။ ဟွာကျွင်း ကန့်လန့်ကာကို ပြန်ချလိုက်သော်လည်း အပြင်ကို မြင်ရအောင် အပေါက်လေး အနည်းငယ် ချန်ထားလိုက်၏။
ဤသည်မှာ သူမ မုန့်ဆိုင်မှ ဤမျှကြာကြာ ထွက်လာဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း ရာနှင့်ချီသည့် ကမ္ဘာစစ်စစ်ကြီးကို အလွန်စူးစမ်းချင်နေမိသော်လည်း အပြင်ဘက်မှာ မှောင်လွန်းနေသည်။
လုမင်လီ အားမလိုအားမရဖြင့် ဆိုလိုက်၏။
“အရင်ဆုံး ကန့်လန့်ကာကို ချလိုက်ပါ။ မြို့ထဲရောက်ရင် ခေါ်လိုက်မယ်၊ အဲဒီကျမှ ကြည့်တော့နော်”
ဟွာကျွင်း လိမ္မာစွာပင် ကန့်လန့်ကာကို ပြန်ပိတ်ပြီး ငြိမ်ငြိမ်လေး ထိုင်နေလိုက်၏။ သူမသည် ရှေ့ရှိ မုန့်ကလေးများကို ကြည့်ကာ တစ်ခုယူစားလိုက်သည်။
“ဟင်းးး မဆိုးဘူးပဲ၊ ဟွာရှန့်... ညီမလေးလည်း မြည်းကြည့်ပါဦး”
ဟွာရှန့် တိုးတိုးလေး ပြော၏။
“အစ်မ... အရင်က လမ်းပေါ်မှာ မြင်ရတဲ့ မြင်းလှည်းတွေကို ရှောင်နေခဲ့ရတာ။ အတွင်းထဲမှာ ဒီလောက်ကြီးလိမ့်မယ်လို့ မထင်ထားဘူး”
သူမအသံက မကျယ်သော်လည်း အံ့ဩဝမ်းသာနေသည့် လေသံမှာ သိသာလှပေ၏။
ဟွာကျွင်းက သူမပုခုံးကို ပွတ်သပ်လိုက်ကာ သူမ လေသံအတိုင်းပင် လိုက်လုပ်ရင်း ပြောလိုက်သည်။
“မမလည်း မမြင်ဖူးပါဘူး”
ဟွာရှန့်က နှုတ်ခမ်းဆူကာ ဆို၏။
“အစ်မကလည်း... သမီးကို နောက်နေပြန်ပြီ”
“နောက်တာ မဟုတ်ပါဘူး၊ မမ တကယ် မမြင်ဖူးတာပါ။ မြင်းလှည်း စီးရတာလည်း ဒါ ပထမဆုံးပဲ”
ညီအစ်မနှစ်ယောက် မြင်းလှည်းထဲတွင် ဆော့ကစား စကားပြောနေသံကို ကြားပြီး မြင်းပေါ်ရှိ လုမင်လီမှာ ပြုံး၍ မဆုံးနိုင်တော့ပေ။
ဟွာကျွင်း စိတ်လှုပ်ရှားနေသကဲ့သို့ သူကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေမိ၏။ နောက်ဆုံးတွင် သူ့ကမ္ဘာထဲသို့ ဟွာကျွင်းကို ခေါ်ဆောင်လာနိုင်ပြီဖြစ်ရာ အရာအားလုံးကို သူမအား ပြသချင်နေမိတော့သည်။
ခဏချင်းမှာပင် သူတို့ မြို့တံခါးသို့ ရောက်ရှိလာကြသည်။ မြို့စောင့်စစ်သည်များက လုမင်လီအား နှုတ်ဆက်ကြသံကို ဟွာကျွင်း ကြားလိုက်ရ၏။
“စစ်သူကြီးလု... ပြန်လာပြီလား”
နောက်ထပ် ခြေလှမ်းအနည်းငယ် ထပ်သွားလိုက်သည့်အခါ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ဆူညံသံများမှာ နားထဲသို့ တိုးဝင်လာပြီး မြို့တော်၏ စည်ကားမှုကို ပြသနေ၏။
“မြို့ထဲ ရောက်ပြီနော်”
ဟွာကျွင်းသည် ကန့်လန့်ကာကို မကာ မြင်းလှည်းအပြင်ဘက်သို့ စူးစမ်းကြည့်လိုက်သည်။
‘ဝါး... ဒါက ဒဏ္ဍာရီထဲက ရှေးခေတ်ဈေးတန်းပေါ့’
လမ်းဘေးဝဲယာတွင် ဈေးဆိုင်တန်း အမျိုးမျိုးဖြင့် ပြည့်နှက်နေပြီး ဈေးသည်များကလည်း သူတို့ ကုန်ပစ္စည်းများကို အားတက်သရော အော်ဟစ် ရောင်းချနေကြသည်။
မြင်းလှည်းမှာ ကြီးကျယ်ခမ်းနားသော စားသောက်ဆိုင်တစ်ခုရှေ့တွင် ရပ်တန့်သွား၏။ ဆိုင်အလုပ်သမားက မြင်းကို လာရောက်ထိန်းပေးပြီး ဟွာကျွင်းတို့ ညီအစ်မမှာ မြင်းလှည်းပေါ်မှ တစ်ဦးပြီးတစ်ဦး ဆင်းလာကြသည်။
စည်ကားလှသော ဤလမ်းမပေါ်တွင် ပိုးထည်များ၊ သစ်သားပန်းပုများ၊ ကျောက်စိမ်းတန်ဆာပလာများနှင့် ဟွာကျွင်း တစ်ခါမှ မမြင်ဖူးသော အဆန်းတကျယ် ပစ္စည်းလေးများစွာ ရှိနေ၏။
ရှေးခေတ်ဝတ်စုံများ ဝတ်ဆင်ထားသော အမျိုးသား၊ အမျိုးသမီးများမှာ ဈေးသည်များနှင့် ဈေးဆစ်နေကြသူ၊ ပစ္စည်းရွေးနေကြသူများဖြင့် ရှုပ်ယှက်ခတ်နေ၏။
ကလေးငယ်များမှာ လူအုပ်ကြားတွင် ပြေးလွှားဆော့ကစားနေကြပြီး တစ်ခါတစ်ရံတွင် အသစ်အဆန်း တစ်ခုခုကို မြင်လျှင် ရပ်ကြည့်နေတတ်ကြသည်။
ဤသည်မှာ သမိုင်းနောက်ခံ ဇာတ်ကားကြီးတစ်ခုထဲသို့ ရောက်နေသကဲ့သို့ ခံစားရသော်လည်း အရာအားလုံးမှာ တကယ်ပင် စစ်မှန်လှပေ၏။
လေထဲတွင်လည်း အစားအသောက်မျိုးစုံ၏ မွှေးရနံ့များဖြင့် ပြည့်နှက်နေသည်။ ဟွာကျွင်း ဟွာရှန့်ကို ဆွဲကာ ဆိုင်တစ်ဆိုင်ပြီး တစ်ဆိုင် လျှောက်ကြည့်နေပြီး လုမင်လီကလည်း သူမနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာ၏။
မကြာမီပင် ကျန်းရှီယွဲ့နှင့် မော့ချွမ်းတို့ရောက်လာပြီး သူတို့နှင့် လာရောက်ပူးပေါင်းကြသည်။ သူတို့ ငါးဦးသည် လမ်းတလျှောက် ဖြည်းဖြည်းချင်း လမ်းလျှောက်လာကြ၏။
မော့ချွမ်းသည် ပစ္စည်းတစ်ခုခုကို ကောက်ကိုင်ကာ ဟွာကျွင်းကို သဘောကျသလားဟု တစ်ချိန်လုံး လိုက်မေးနေသဖြင့် ဈေးသည်ကလည်း ပြုံးလျက်ဆိုသည်။
“သခင်လေးက သူဌေးကတော်အပေါ် တကယ်ကို ကြင်နာတာပဲ”
လုမင်လီသည် ထိုစကားကို ကြားကာ စိတ်တိုသွားပြီး မော့ချွမ်းကို တားဆီးလိုက်၏။
“လိုက်မမေးနဲ့တော့”
ဟွာရှန့်သည် ရှေ့တွင် မျက်နှာဖုံး ရောင်းသည့်ဆိုင်ကို မြင်သဖြင့် ပြေးသွားသည်။
မော့ချွမ်း ရယ်မောရင်း ပြောလိုက်၏။
“ကလေးကတော့ ကလေးပါပဲလား။ အစ်ကိုကြီး တစ်ခု ရွေးပေးမယ်”
ဤသို့ဆိုကာ ဟွာရှန့်နောက်သို့ လိုက်သွားသည်။
ကျန်းရှီယွဲ့သည် သူ့ဘေးနားရှိ လူနှစ်ယောက်ကို ကြည့်ကာ တစ်ခဏစဉ်းစားပြီးနောက် သူလည်း သူတို့နောက်သို့ လိုက်သွားလိုက်သည်။ ထိုအခါ ဟွာကျွင်းနှင့် လုမင်လီ နှစ်ဦးတည်းသာ ကျန်တော့၏။
လုမင်လီသည် ထိုသို့ အလိုက်သိမှုကို အလွန်ပင် ကျေနပ်သွားသည်။ သူသည် လက်ဖြင့် ပါးစပ်ကိုအုပ်ကာ ချောင်းတစ်ချက်ဟန့်ပြီး ဟွာကျွင်းကို ပြောလိုက်၏။
“ဟွာကျွင်း... မင်း သဘောကျတာ ရှိရင် ပြောနော်”
ဟွာကျွင်းသည် သကြားရုပ်လုပ်သည့် ဆိုင်ကို တွေ့လိုက်ရသည်။ ဤနေရာရှိ သကြားရုပ်လုပ်သူများမှာ ခေတ်သစ် ကစားကွင်းများရှိ သကြားရုပ်လုပ်သူများကဲ့သို့ ရိုးရှင်းသော ပုံစံများသာ မဟုတ်ဘဲ တကယ့်ကို လက်ရာမြောက်လှပေ၏။
ဟွာကျွင်း အမျိုးသမီးပုံစံ တစ်ခုကို ရွေးလိုက်သည်။
“ဦးလေး... ဒါလေး တစ်ခု လုပ်ပေးပါဦး”
ဈေးသည်မှာ စကားပြော ကောင်းသူ ဖြစ်လေ၏။ သူက သကြားရည်ကို မွှေရင်း ပြောလိုက်သည်။
“မိန်းကလေးက အမြင်ရှိတာပဲ။ ဒီပုံလေးက မိန်းကလေးနဲ့ တကယ်ကို တစ်ပုံစံတည်းပဲ”
ထို့နောက် သူ လုမင်လီကို ကြည့်လိုက်၏။
“သခင်လေးကော တစ်ခု ယူမလား။ ကျွန်တော့်ဆီမှာ စစ်သူကြီးပုံစံလည်း ရှိတယ်၊ ဒီအမျိုးသမီးပုံနဲ့ဆို ကွက်တိပဲ”
လုမင်လီ စကားမပြောမီမှာပင် ဟွာကျွင်း စိတ်ဝင်တစားဖြင့် ဆိုလိုက်သည်။
“စစ်သူကြီးပုံစံလည်း လုပ်လို့ရတာလား။ ဒါဆို ကျွန်မအတွက် နောက်တစ်ခု ထပ်လုပ်ပေးပါ”
ဈေးသည်က ပြုံးကာ သဘောတူလိုက်၏။
“ရပါတယ်၊ ရပါတယ်။ နှစ်ယောက်လုံး ခဏလေး စောင့်ပေးကြပါဦး”
ဟွာကျွင်းနှင့် လုမင်လီတို့ ဆိုင်နားတွင် စောင့်နေကြသည်။ ကလေးအချို့မှာ လမ်းပေါ်တွင် ပြေးလွှားဆော့ကစားရင်း သူတို့အနားသို့ တိုးကပ်လာကြ၏။ လုမင်လီသည် ဟွာကျွင်းလက်မောင်းကို ကိုင်ကာ ကလေးများနှင့် မတိုက်မိစေရန် သူ့အနားသို့ ဆွဲကပ်လိုက်သည်။
ဟွာကျွင်း သူမလက်မောင်းပေါ်ရှိ လက်ကို ကြည့်ကာ နောက်ပြန်လှည့်ကြည့်လိုက်မှ ကလေးများကို မြင်ပြီး ရည်ရွယ်ချက်ကို နားလည်သွားတော့၏။
ထိုပျော်ရွှင်နေသော ကလေးများကို ကြည့်ရင်း ဟွာကျွင်းက သက်ပြင်းချကာ ဆိုလိုက်သည်။
“ကျောင်းတက်စရာ မလိုတာ တကယ်ကို ကောင်းတာပဲနော်”
“ကျောင်းမတက်ရတာ ဘာက ကောင်းလို့လဲ။ ပညာမသင်ရရင်၊ ယဉ်ကျေးမှုနဲ့ ကိုယ်ကျင့်တရားတွေကို မသိရင် ဘဝတစ်လျှောက်လုံး ဒီဈေးတန်းထဲမှာပဲ အချိန်ကုန်သွားမှာပေါ့”
လုမင်လီက ပြန်မေးလိုက်၏။
ဟွာကျွင်းသည် ဤကမ္ဘာတွင် ကလေးအများစုမှာ ကျောင်းမတက်နိုင်ကြသည်ကို သတိထားမိသွား၏။
“စိတ်မကောင်းပါဘူး၊ ကျွန်မက နောက်ပြောင်လိုက်တာပါ၊ ဒါပေမဲ့ နောက်တာ မဆီလျော်သလို ဖြစ်သွားတယ်”
“ကျွန်မတို့ဆီမှာတော့ လူတိုင်း ကျောင်းတက်ရတယ်။ အသက်အရွယ်ရောက်ပြီး ကျောင်းမတက်ရင် အရေးယူခံရတယ်”
“အရေးယူခံရတယ်။ ဘယ်သူ့ကို အရေးယူတာလဲ”
“ကလေးရဲ့ မိဘတွေ၊ ကျောင်းတွေ၊ ပြီးတော့ အစိုးရ... အဲ... အာဏာပိုင်တွေကိုပေါ့”
လုမင်လီမှာ ဇဝေဇဝါ ဖြစ်သွားလေသည်။
“ကျောင်းတက်ဖို့ဆိုတာ ပိုက်ဆံအများကြီး ကုန်တာလေ။ မင်းတို့ခေတ်မှာ မိသားစုတိုင်းက တတ်နိုင်ကြလို့လား”
ဟွာကျွင်းက ခေါင်းခါလိုက်သည်။
“ဒီပိုက်ဆံတွေကို နိုင်ငံတော်ကပဲ ကျခံပေးတာပါ”
“ဒါက အကုန်အကျ အရမ်းများမှာပေါ့”
“ဒါပေမဲ့ ဒါက တန်ဖိုးရှိပါတယ်။ နိုင်ငံတစ်ခုမှာ မျှော်လင့်ချက် ရှိဖို့ဆိုရင် မျိုးဆက်တိုင်းက ပညာသင်ကြားခွင့် တန်းတူရဖို့ လိုတယ်လေ”
လူမင်လီ စကားမပြောဘဲ ခေတ္တစဉ်းစားနေလေသည်။ ထို့နောက် သူမေးလိုက်၏။
“မင်းကော မင်း ဘယ်နှနှစ်လောက် ပညာသင်ခဲ့ရလဲ”
ဟွာကျွင်း ဂုဏ်ယူစွာ ပြန်ဖြေသည်။ “ကျွန်မ (၁၆) နှစ်တောင် ပညာသင်ခဲ့တာ”