← Chapters

အခန်း (၁၀၅၄-၁၀၅၆)

Vol. 71 Ch. 1054-1056

အခန်း (၁၀၅၄-၁၀၅၆)

Vol. 71 Ch. 1054-1056

အခန်း (၁၀၅၄) ပြန်လည်ဆုံစည်းခြင်း

ယွမ်မုန်မုန် သဲရုပ်ထုကို အတော်သဘောကျသွားသည်။ ရုပ်ထုက လက်ရာမြောက်သည်။ တိုက်ပွဲမဖြစ်မီ ဘုံကျောင်းအသွင်သဏ္ဌာန်ကို ပြည့်စုံစွာဖန်တီးသည်။

"မိုးပျံဘုံကျောင်းက အပြည့်အစုံမဟုတ်တော့ဘူးဆိုတော့ ဘုံကျောင်းမှာ တစ်ခုခုဖြစ်ခဲ့လို့လား"

လုယန်က ပေါင်ကိုဖြန်းခနဲပုတ်၍ မကျေမနပ်လေသံဖြင့်ပြောသည်။

"အဲဒါ မဟာချန်နတ်သခင်စီချန်းကြောင့်ပဲ။ သူက သူ့ကိုယ်ကျိးအတွက် ဘုံကျောင်းကိုတိုက်ခိုက်ခဲ့လို့ အခုလိုအပျက်စီးပုံဘဝ ရောက်ရတာ"

"အဲလိုလုပ်တဲ့လူက အရမ်းအောက်တန်းကျတာပဲ"

ယွမ်မုန်မုန်လည်း ဘုံ‌ကျောင်း၏ကိုယ်စား မကျေမနပ်ဖြစ်လာသည်။ နတ်သခင်ရှီချန်းသည် တကယ့်လူယုတ်မာဖြစ်သည်။

"ဟုတ်တယ်။ ငါလည်းအဲလိုပဲမြင်တယ်"

လုယန် ထောက်ခံသည်။

ထိုစဉ် သူတို့ပြောသည့်စကားသံများကိူကြား၍ ကန်ထန်လျှောက်လာသည်။ မျက်နှာအမူအရာက ထူးဆန်းနေသည်။ သို့သော် သူစကားများများမပြော။

"အမယွမ်က ပြောတယ်။ ငါတို့လေးယောက် ပထမဆုံးအတူဆုံတာဖြစ်လို့ ဒီည ညစာအတူစားကြမယ်တဲ့။ မောင်လေးလုကိုလည်း အသားကင်ပေးဖို့ အချိန်ရမရ မေးလိုက်တယ်"

"ရပါတယ်။ ကျုပ်အားပါတယ်။ အမယွမ်က ဘာလို့ကျုပ်ကို မအားဘူးထင်ရတလဲ"

"မင်းက ဗုဒ္ဓနိုင်ငံမှာ မသေမျိုးဖြစ်ခဲ့တဲ့အကြောင်း လှည့်ကြွားနေရလို့ မအားလောက်ဘူးလို့ သူပြောတယ်"

လုယန် မျက်ခုံးတစ်ချက်လှုပ်သွားသည်။ အမယွမ်က သူ့အကြောင်း ကောင်းကောင်းသိနေသည်။

"ဒုခေါင်းတောင်၊ နင်က မသေမျိုးဖြစ်လာပြီပေါ့"

ယွမ်မုန်မုန် လုယန်ကို လေးစားမှုအပြည့်ဖြင့်ကြည့်သည်။ ဒုခေါင်းဆောင်ရာထူးနှင့် လိုက်ဖက်သည်။ တကယ်စွမ်အားကြီးသည်။

လုယန် ပြုံးသည်။

"အခြေအနေက တွန်းအားပေးလို့ပါ။...ကဲ..တောင်အောက်ကိုဆင်းပြီး အစားအသောက်နည်းနည်းဝယ်ရအောင်။ ငါသိထားတဲ့ အစားအသောက်တွေက..."

ဒုခေါင်းဆောင်နှင့် တ-ခေါင်းဆောင် ဈေးဝယ်ရာမှ ပြန်လာကြသည်။ လုယန်က အသားကင်ဆိုင်တစ်ခုမှ ဟင်းချက်ပစ္စည်းများ သယ်လာသည်။ ယွမ်မုန်မုန်က ရနံ့တစ်ရာဆိုင်မှ ဟင်းလျာများသယ်လာသည်။

ယဲ့ဇီကျင်းက စားပွဲရှည်တစ်ခုခင်းသည်။ ရနံ့တရာဆိုင်မှဟင်းများကို ထိပ်ဘက်တွင် ခင်းကျင်းသည်။ လုယန်က ရသာသုံးမျိုးမီးတောက်ထုတ်၍ အသားကင်သည်။ သိပ်မကြာမီ နှစ်ရှည်လများ ပျောက်ဆုံးနေသည့် အသားကင်နံ့ လေထဲတွင် သင်းပျံ့လာသည်။

ကန်ထန်က ရှေးဟောင်းဗျတ်စောင်းတစ်လက်ထဲသို့ ဝိညာဉ်စွမ်းအင်များ လွှတ်ပေးသည်။ ညင်သာသည့် တေးသွားတစ်ပုဒ် ထွက်လာသည်။

ကန်ထန်ကိုယ်တိုင်တီးခတ်သလောက် မပြည့်စုံသော်လည်း ခုနစ်ဆယ်ရာနှုန်းခန့် မီအောင်လိုက်နိုင်သည်။ ထိုဂီတသံက ကျင့်ကြံသူများကို အဆင့်တက်ဖို့ ကူညီနိုင်သည်။ အပြင်လောကတွင် အလွန်ရှားပါးသည့် ဂီတသံစဉ်မျိုးဖြစ်သည်။

"အမသုံး၊ ကျုပ်တို့လက်ဆုံစားပွဲမှာ ဆရာမရှိတာ သိပ်တော့မကောင်းဘူးထင်တယ်နော်"

ကန်ထန်က ဗျတ်စောင်းကိုင်ထားရင်း နောက်လှည့်မကြည့်ဘဲ ပြန်ဖြေသည်။

"သူအခု ဘယ်ရောက်နေလဲဆိုတာ ဘယ်သူသိမှာလဲ။ သူ့ကိုခေါ်ရင်လည်း နောက်ကျသွားတော့မှာလေ"

"ဟုတ်ပါတယ်"

ယဲ့ဇီကျင်းက စားပွဲထိပ်တွင် တာအိုရှင်ဝစီပိတ်၏ပုံတူပန်းချီတစ်ခုထားသည်။ အစားအသောက်နှင့်ဝိုင်များ ရှေ့တွင်ချထားသည်။ သိတတ်လိမ္မာမှု အပြည့်အဝပြသည်။

"ဒီလိုမှ ပိုကြည့်ကောင်းသွားတယ်"

"အသားကင်တွေရပါပြီဗျာ"

လုယန်က ဆိုင်ရှင်လေသံဖြင့် လှမ်းအော်၍ အကင်ပန်ကန်ကြီးနှစ်ခု ယူလာသည်။ အကင်တစ်ချို့ကိုလည်း ဝစီပိတ်ပုံတူရှေ့တွင် ချလိုက်သည်။

အမယွမ်က နောက်ကျမှရောက်လာသည်။ သူရောက်သည်နှင့် ညစာစားပွဲ တရားဝင်စသည်။

အမယွမ်၊ လုယန်နှင့် ယွမ်မုန်မုန်တို့ တစ်တန်းတည်းထိုင်ကြသည်။ ယဲ့ဇီကျင်းနှင့်ကန်ထန်က မျက်နှာချင်းဆိုင်တွင် ထိုင်သည်။ ငါးယောက်လုံး ခွက်မြှောက်၍ ပြန်လည်တွေ့ဆုံပွဲကို ဂုဏ်ပြုကြသည်။

"အဝေးရောက်နေတဲ့ ငါတို့ဆရာအတွက် တစ်ခွက်ဂုဏ်ပြုရအောင်"

"ဆရာ၊ ဒါကိုမြင်လား။ ဆရာ့တပည့်လေးယောက်လုံး ပြန်ရောက်နေပြီ"

"ဆရာ၊ ဆရာ့တပည့်လေးယောက်လုံး အောင်မြင်လာကြပြီ"

ယဲ့ဇီကျင်း အကင်တစ်ခုကောက်ဝါးသည်။ ချက်ချင်းမျက်လုံးပြူးသွားသည်။

"ညီလေး၊ ဒီအကင်တွေက ကောင်းလှချည်လား။ မင်းဒီလောက်တော်မှန်းသာသိရင် အနောက်ကောင်းကင်မြို့တော်မှာတုန်းက စုတ်ပြတ်သတ်နေတဲ့ ဟော့ပေါ့ဆိုင်ကို ငါဘယ်ခေါ်သွားမလဲ။ မင်းအနေနဲ့ မင်းအကိုကို အသားကင်ပြီးကျွေးခဲ့လို့ရတာပဲ"

ဗုဒ္ဓနိုင်ငံတွင် နှစ်ပေါင်းရာချီ အရသာဆိုးများ နှိပ်စက်ခံရ၍ သေဆုံးနေခဲ့သည့်ယဲ့ဇီကျင်း၏ လျှာအကြောများက နာမည်ကျော်မဟာရှားအသားကင်ကို မြည်းစမ်းရင်း ပြန်ရှင်သန်လာသည်။

‌ဗုဒ္ဓနိုင်ငံတွင် သူဘာတွေစားနေခဲ့မိမှန်းမသိ။

ယွမ်မုန်မုန်က ဘာာဣန္ဒေမှမဆည်ဘဲ အငမ်းမရ စတင်စားသောက်နေသည်။ ပါးနှစ်ဘက်တွင် အသားဆော့ချဉ်များ ပေကျံနေသည်။ သို့သော် သူ့အမကိုတော့ မေ့မထား။

"ရှောင်ကျိ၊ တစ်ခွက်လောက်သောက်ရအောင်"

ယွမ်ကျိက လက်ဖက်ရည်ခွက်ဖြင့် ခွက်တိုက်သည်။

ယွမ်မုန်မုန်က မက်မွန်ရည်ကို တစ်ကျိုက်ထည်းအကုန်မော့‌သောက်ပြီး သက်ပြင်းချသည်။

"ထင်မထားဘူး။ ရှောင်ကျိ။ နင်ကအပြင်မှာ ဒီလောက်လူတွေအများကြီးနဲ့သိတယ်ပေါ့။ ငါတို့အိမ်မှာတုန်းကဆို နင်အမြဲတမ်း စာပဲဖတ်နေတာ။ ဘယ်သူနဲ့မှစကားမပြောဘူး။ မက်မွန်မြေကနေ နင်ထွက်သွားတုန်းက ငါနင့်အတွက် အတော်စိတ်ပူခဲ့တာ။

လူအများကြီးနဲ့သိတာလည်း ကောင်းတော့ကောင်းသားပဲ"

ယွမ်မုန်မုန် ယွမ်ကျိအတွက် တကယ်ဝမ်းသာနေသည်။

"အမယွမ်၊ ကျုပ်လည်း အမယွမ်ကို ဂုဏ်ပြုပါတယ်။ ဒီနေ့ကျုပ်ဒီအဆင့်ထိရောက်လာတာ အမယွမ်ကူညီခဲ့လို့ပါ"

လုယန်က ကျေးဇူးတင်စကားဆို၍ ယွမ်ကျိနှင့် ခွက်တိုက်သည်။

ကန်ထန်လည်း ဂုဏ်ပြုသည်။

"အမယွမ်၊ ဆရာမရှိတဲ့အချိန် ကျွန်မကို ကျင့်စဉ်လမ်းညွှန်ပေးခဲ့တယ်။ နတ်ဆိုးနယ်မြေမှာ အခက်အခဲကြုံတော့ ကူညီဖြေးရှင်းပေးခဲ့တယ်။ အဲဒါတွေအတွက် ကျေးဇူးတင်ပါတယ်"

"ငါတို့ကဂိုဏ်းညီအမတွေပဲ ကျေးဇူးတင်စရာမလိုပါဘူး"

သူတို့ ခွက်တိုက်ကြသည်။

ယဲ့ဇီကျင်းကလည်း ယွမ်ကျိကိုဂုဏ်ပြုသည်။

"အမယွမ်ကို ဒီတစ်ခွက်နဲ့ ဂုဏ်ပြုချင်ပါတယ်။ ကျုပ်ကိုဗုဒ္ဓနိုင်ငံပို့ပြီး အတွေ့အကြုံမရှာခိုင်းခဲ့ရင် ကျင့်စဉ်အဆင့် ဒီလောက်မြန်မြန်တိုးတက်လာမှာမဟုတ်ဘူး။ ဒီနေ့မှအမယွမ်စေတနာကို ကျုပ်နားလည်ပါတယ်"

"မင်းပြောတာ များလွန်းနေပါပြီ။ ဗုဒ္ဓနိုင်ငံက ပူလောင်ခြောက်သွေ့တယ်။ ဒီနှစ်တွေအတွင်း အချိန်မသေမျိုးအကြောင်း သဲလွန်စရှာရင်း ရုန်းကန်ခဲ့ရတာ ခက်ခဲတယ်။ အခုပြန်လာပြီဆိုတော့ ဂိုဏ်းမှာပဲ ငြိမ်းငြိမ်းချမ်းချမ်းနေပြီး ကျင့်ကြံပါ"

ယဲ့ဇီကျင်းသည် ဉာဏ်ရည်ထက်မြက်သူဖြစ်၍ အသက်အရွယ်ကိစ္စနှင့်ပတ်သက်လျှင် ယွမ်ကျိက အထိမခံကြောင်း နားလည်သည်။ ထို့ကြောင့်လည်း ဗုဒ္ဓနိုင်ငံသို့ သူသွားရခြင်းဖြစ်သည်။ ယခုတစ်ကြိမ်တွင် ယွမ်ကျိအလိုကျအတိုင်း မြှောက်ပင့်ပေးဖို့လိုသည်။

"ဘာတွေပြောနေတာလဲ အမယွမ်၊ အမက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဆရာ့ကိုယ်စား ဂိုဏ်းကိုအုပ်ချုပ်ဖို့ တာဝန်ယူထားတယ်။ အဲတာကမှ တကယ်အခက်အခဲဆုံးကိစ္စပါ"

သူချီးကျူးသည်။

လုယန်၏လက်ဖက်ရည်ခွက် စားပွဲပေါ်ပြုတ်ကျသွားသည်။ ယဲ့ဇီကျင်းကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေသည်။

ထို့နောက် ယွမ်မုန်မုန်ဘက်သို့ မသိမသာတိုးကပ်လိုက်သည်။

ယွမ်ကျိတစ်ခုခုလုပ်တော့မည်ဆိုလျှင် ယွမ်မုန်မုန်နောက်သို့ ဝင်ပုန်း၍ရသည်။

....

အကိုနှစ်ယဲ့ဇီကျင်းသည် ဖင်ငြိမ်ငြိမ်ထိုင်နေနိုင်သူမဟုတ်။ ဂိုဏ်းထဲတွင်နေရသည်ကိုမကြိုက်။ ကိုယ့်ဘာသာအပြင်ထွက်၍ ကျင့်ကြံမည်ဟု ပြောသည်။ လုယန်ကျင့်စဉ်ဝင်ရာမှထွက်လာချိန်တွင် အကိုနှစ်မရှိတော့။ စာတစ်စောင်သာ ချန်ထားခဲ့သည်။ နှုတ်ဆက်ခွင့်ပင်မရလိုက်။

"ဒါနဲ့ ဒုခေါင်းဆောင်၊ မနေ့က ငါနင့်ကိုပေးဖို့မေ့နေတာ။ ဒီမှော်လက်စွပ်တွေလေ"

ယွမ်မုန်မုန် မှော်လက်စွပ်တစ်ချို့ ဆွဲထုတ်သည်။

‌မှော်လက်စွပ်များကိုကြည့်၍ လုယန် အံ့ဩနေသည်။ အားလုံးက ဝိညာဉ်ကျောက်များဖြည့်ထားသည်။

"ဝိညာဉ်ကျောက်တွေ အများကြီးပါလား။ ဒါတွေဘယ်ကရတာလဲ"

"ချုန်းချီမျိုးနွယ်က ပို့လိုက်တာ။ မှော်ဖန်လုံးလုပ်ငန်းက အောင်မြင်နေတယ်တဲ့။ နင့်ကို အမြတ်ငွေဆယ်ရာနှုန်းပေးတာလို့ပြောတယ်"

သူရှင်းပြသည်။

"နင်ကအမြဲတမ်းအပြင်ရောက်နေတာလေ။ ဒါကြောင့် နင်ပြန်လာတဲ့အထိ ငါ့ကို နင့်ကိုယ်စားစုထားပေးဖို့ ရှောင်ကျိကပြောတယ်"

"ဪ...အဲလိုလား။ အမကျင်းချိုင်ဝေရဲ့ လုပ်ငန်းက အတော်အဆင်ပြေနေပုံပဲ"

ကျင်းချိုင်ဝေကို သုံးဘက်မြင်ပုံရိပ်မှော်ဖန်လုံးများ ထုတ်လုပ်ဖို အကြံပေးခဲ့သည့်ကိစ္စကို သူမေ့လုနီးပါးပင်ဖြစ်နေသည်။

"သုံးဘက်မြင်မှော်ဖန်လုံးအကြောင်းသာ ကြိုသိခဲ့ရင် ငါနဲ့စီချန်းနတ်သခင်ရဲ့တိုက်ပွဲကို အဲဒါနဲ့မှတ်တမ်းယူခဲ့မှာ"

လုယန် အတော်အားမလိုအားမရဖြစ်မိသည်။ တို့ဟူးအရှင်၏ သရုပ်မှန်ကို လျှို့ဝှက်ထားရသည်။ ထိုသို့သာမဟုတ်လျှင် မှော်ဖန်လုံးမှတ်တမ်းကို ကော်ပီရာထောင်ချီပွား၍ လမ်းပေါ်တွင် အခမဲ့ သူဝေငှလိုက်မည်သာဖြစ်သည်။

"အခု ချုန်းချီမျိုးနွယ်က အဆင်ပြေလာကြပြီ။ ရှောင်ယန်၊ နင်က သူတို့ကိုစီးပွားရေးအကြံဉာဏ်ပေးခဲ့တာဆိုတော့ သူတို့အောင်မြင်မှုကို နင်လည်းနည်းနည်းခံစားသင့်တာပေါ့"

နတ်မယ်လည်းအတော်ပျော်ရွှင်နေသဖြင့် သိစိတ်နယ်မြေမှ ထွက်လာသည်။ ကျားပေါက်လေး ထိုသို့ငွေရှာနိုင်မည်ဟု မထင်ခဲ့။

"ချုန်းချီတွေရဲ့ ဆိုးဝါးတဲ့ကံကို နှိပ်ကွပ်နိုင်လောက်အောင် ရှောင်ယန်ရဲ့ကံကြမ္မာက အားကောင်းလို့ဖြစ်မယ်"

သူမှတ်ချက်ပေးသည်။

ယွမ်မုန်မုန်က စိတ်ဝင်တစားမေးသည်။

"ဒုခေါင်း‌ဆောင်ရဲ့ကံကြမ္မာက အဲလောက်အားကောင်းနေရင် သူသွားလေရာမှာ ဒုက္ခပေးမယ့်လူတွေ ဘာလို့အမြဲပေါ်လာတာလဲ"

နတ်မယ် လက်တစ်ဘက်ဝှေ့ယမ်းလျက်

"အဲဒါ သူတို့ကံကြမ္မာတွေက သိပ်အားမကောင်းလို့ပေါ့"

************************************

အခန်း (၁၀၅၅) လိုသလိုပြောင်း

သို့သော် ယွမ်မုန်မုန်က ပြီးခဲ့သည့်နှစ်ပိုင်းအတွင်းမှ လုယန်၏အတွေ့အကြုံများကို ပြန်စဉ်းစားသည်။ လုယန်သွားလေရာသို့ ပြဿနာကလိုက်သလိုဖြစ်နေသည်ဟု ကောက်ချက်ချသည်။

တာအိုလမ်းစဉ်ဂိုဏ်းသို့ ဒုခေါင်းဆောင်ပြန်လာချိန်တွင် ဂိုဏ်းကတည်ငြိမ်အေးချမ်းနေသည်။

"မဟုတ်သေးဘူး၊ ငါတို့ဂိုဏ်းလည်း ပြဿနာတွေကြုံခဲ့တယ်လို့ကြားတယ်"

ယွမ်ကျိပြောသည့်ဖြစ်ရပ်နှစ်ခုကို ယွမ်မုန်မုန် ပြန်သတိရလာသည်။

"မဟာယုဒုတိယနိုင်ငံ့ဆရာနဲ့ နိယာမသခင်က ငါတို့ဂိုဏ်းကို ခိုးဝင်ခဲ့တယ်တဲ့။ ဒါဆို ငါတို့တာအိုလမ်းစဉ်ဂိုဏ်းရဲ့ ကံကြမ္မာကလည်း အဲလောက်အားမကောင်းတဲ့သဘောလား"

"သူတို့က ကိုယ့်ကိုယ်ကို အထင်ကြီးနေတဲ့ မသေမျိုးတစ်ဝက်နှစ်ယောက်ပါ။ စကားထဲထည့်ပြောဖို့တောင် မတန်ပါဘူး"

နတ်မယ်က နှာခေါင်းရှုံ့၍ အပြစ်တင်သည်။ ထိုနှစ်ယောက်တွင် တစ်ယောက်က စတုတ္ထုခေါင်းဆောင်ကို မနိုင်။ နောက်တစ်ယောက်က ပင်လယ်တာအိုသခင်ကို ရှုံးခဲ့သည်။ ဘာမှပြောပလောက်သူများမဟုတ်။

"အဲလိုစဉ်းစားကြည့်တော့လည်း ဟုတ်သားပဲ"

ခေါင်းဆောင်ပြောသမျှအရာအားလုံးကို ယွမ်မုန်မုန် ယုံကြည်သည်။

"ဒုခေါင်းဆောင်၊ နင်ဘာတွေစဉ်းစားနေတာလဲ"

လုယန် ဘာစကားမှဝင်မပြောဘဲ အတွေးနစ်နေသည်ကို ယွမ်မုန်မုန်သတိထားမိသွားသည်။

လုယန် အသိပြန်ဝင်လာသည်။

"ငါစဉ်းစားနေတာ။ မဟာချန်အကြံအစည်ကို ဖျက်ဆီးပြီး အနောက်မိုးပျံဘုံကျောင်းကို ကယ်တင်ခဲ့တဲ့ ကောင်းကင်တို့ဟူးအရှင်ရဲ့ ဒီလောက်ထူးခြားတဲ့စွမ်းဆောင်မှုတွေကို ကောလဟာလတွေ ပုံပြင်ဇာတ်လမ်းတွေကိုပဲ အားကိုးပြီး သတင်းဖြန့်ရင် ထိရောက်မှု နှေးလွန်းနေမလားလို့။

ပြီးတော့ ကျင့်ကြံမှုလောကမှာ ထူးခြားတဲ့ဖြစ်ရပ်တွေ မကြာခဏဖြစ်တယ်။ သာမန်လူတွေက တရားဝင်သတင်းလမ်းကြောင်းမရှိတော့ ဒီအကြောင်းတွေကို မသိဘူး။ သူတို့အသိအမြင်ကျယ်အောင် လုပ်မပေးနိုင်ဘူး"

ယွမ်မုန်မုန် မျက်တောင်တဖျတ်ဖျတ်ခတ်၍ ဒုခေါင်းဆောင်ဆက်ပြောမည့် ဖြေရှင်းချက်ကို စိတ်ဝင်တစားစောင့်ဆိုင်းနေသည်။ သူပေါ်မလာခင်ကလည်း လောကကြီးက သိပ်မပြောင်းလဲပါဟု ပြောလိုက်ချင်သည်။

သို့သော် ထိုစကားမျိုး ယခုချိန်ထုတ်ပြောလျှင် သိပ်မသင့်တော်။

"သတင်းစာဆိုတာ ကြားဖူးလား။ အင်း၊...အဲဒါက စာရွက်တစ်မျိုးပါပဲ။ လတ်တလောကျင့်စဉ်လောကမှာ ဖြစ်နေတဲ့သတင်းတွေကို အဲဒီစာရွက်ပေါ်မှာ ချရေးထားတာမျိုးပေါ့"

လုယန်က သတင်းစာအယူအဆကို အရိုးရှင်းစုံးစကားလုံးများဖြင့် ကြိုးစားရှင်းပြသည်။

"ဒါပေမယ့် လူအများစုက စာမဖတ်နိုင်ဘူးမဟုတ်လား"

"စာမဖတ်နိုင်တာက ပြဿနာမရှိပါဘူး။ စာဖတ်တဲ့မှော်စက်ဝန်းတစ်ခု သတင်းစာပေါ်မှာ ထည့်လိုက်လို့ရတာပဲ"

"ဒါပေမယ့် ကျင့်ကြံမှုလောကကြီးက အရမ်းကျယ်တယ်။ သတင်းစာတွေ နေရာစုံကိုရောက်ဖို့ဆို အချိန်အရမ်းကြာမယ်ထင်တယ်"

"ပင်လယ်တာအိုသခင်ကို အကူအညီ‌တောင်းလို့ရပါတယ်။ လေဟာနယ်လမ်းကြောင်းတစ်ချို့ ဖွင့်ပေးဖို့ ပြောရမှာပေါ့"

ပြောလေလေ ထိုစိတ်ကူး အကောင်အထည်ဖောက်ဖို့ ဖြစ်နိုင်ခြေရှိသည်ဟု လုယန်ထင်လာလေဖြစ်သည်။ ယွမ်မုန်မုန်ကို ချက်ချင်းဆွဲခေါ်၍ ပင်လယ်တာအိုသခင်ကို သွားရှာသည်။

သို့သော် ပင်လယ်တာအိုသခင်က ဂိုဏ်းတွင်မရှိ။ အချစ်ဟောင်းအောင်းယာနှင့် တွေ့ဆုံးဖို့ အရှေ့ပင်ယ်သို့သွားခြင်းဖြစ်မည်ဟု တာအိုရှင်ရှန်ထန်က ခန့်မှန်းသည်။

တာအိုရှင်ရှန်ထန်မပြောလည်း လုယန်ခန့်မှန်းနိုင်ပါသည်။ ယွမ်မုန်မုန်နှင့်အတူ အရှေ့ပင်လယ်ဆီသို့ ခရီးထွက်သည်။ သူတို့ကို ဖြတ်သန်းခွင့်ပိတ်ပင်သည့် မပျံသန်းရဟုတားမြစ်သည့် ရေမျိုးနွယ်များ လုံးဝမတွေ့ရ။

အရှ့ပင်လယ်နဂါးနန်းတော်တို့ ယွမ်မုန်မုန် ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ ပုစွန်စစ်သည်များ ကဏန်းတပ်မှူးများကိုကြည့်၍ သွားရေကျနေသည်။ ထိုရေမျိုးနွယ်များက သူ့အတွေးကို မသိကြသော်လည်း အလိုလိုကြောက်စီတ်ဝင်လာကြသည်။

အောင်းလင်းက အရှေ့ပင်လယ်တွင်မရှိ။ သို့သော် လုယန်သည် အောင်းလင်း၏ အထူးဧည့်သည်ဖြစ်ကြောင်းသိ၍ နဂါးအိုအင်ပါယာက လှိုက်လှဲစွာကြိုဆိုသည်။

နဂါးအိုဧည့်ခံမှုဖြင့် နှစ်ရက်ကြာအောင်စောင့်သည်။ နောက်ဆုံးတွင် ပင်လယ်တာအိုသခင်က အောင်းလင်း၏ အိပ်ခန်းထဲမှ ဒယိမ်းဒယိုင် ပုံပျက်ပန်းပျက် နံရံကိုအားပြုထွက်လာသည်ကို မြင်ရသည်။

လုယန်ကို မြင်သည်နှင့် ဖန်ဝူယာ ကြိုးစား၍ခါးမတ်ပြီး မျက်နှာကိုတည်လိုက်သည်။

ဘိုးဘေးသခင်၏လုပ်ရပ်များကို မသိကျိုးကျွံပြု၍ လုယန်က သူရောက်လာသည့်ရည်ရွယ်ချက်ကို ရှင်းပြသည်။ အများပြည်သအကျိုးရှိမည့်ကိစ္စဖြစ်ကြောင်း နားလည်သဖြင့် ဖန်ဝူယာကလည်း ချက်ချင်းသဘောတူသည်။

"လေဟာနယ်လမ်းကြောင်းတည်ဆောက်တာက လွယ်ပါတယ်။ စက္ကူကိစ္စကလည်း ပြဿနာမရှိဘူး"

မဟာရှားတွင် စက္ကူမရှား။ တော်ဝင်ရုံးတော်တွင် စက္ကူထုတ်လုပ်သည့်လုပ်ငန်းရှိသည်။ ကျင့်ကြံသူများမလိုအပ်။ သေမျိုးများဖြင့် အလုပ်ပြီးသည်။

"သတင်းစာကို အများသုံးဖြန့်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတာက ပြဿနာပဲ။ ပုံနှိပ်တဲ့နည်းကိုသုံးမှာလား။ ပြီးတော့ အသံနဲ့စာဖတ်ပြတဲ့စနစ်ကို မင်းဘယ်လိုပွားမှာလဲ"

"အဲဒါကို ကျွန်မလုပ်နိုင်ပါတယ်"

ယွမ်မုန်မုန်က စိတ်အားတက်ကြွစွာဝင်ပြောသည်။ သူ့မှော်လက်စွပ်ထဲမှ စုတ်တံများထုတ်ပြီး အတန်းလိုက်ညီညီညာညာစီသည်။

"ကျွန်မအဘွားက စာအုပ်တွေကးရေးဖို့ အပြစ်ပေးတဲ့အခါ ဒီနည်းလမ်းကိုသုံးတယ်။ ပုံမှန်ထက် ဆယ်ဆမြန်ပါတယ်"

သူကလေးဘဝကတည်းက တန်ဖိုးထားရသည့် ရတနာများဖြစ်သည်။

လုယန်လည်း နည်းလမ်းတစ်ခု စဉ်းစားထားပြီးဖြစ်သည်။

"မဟာယုနိုင်ငံ့ဆရာကွမ်းရှန်ဟိုင်မှာ ပုံသွန်းအရိယဖလရှိတယ်။ သူ့အစွမ်းအစနဲ့ဆိုရင် သတင်းစာပွားတာလောက်က ပြဿနာမရှိနိုင်ပါဘူး။ သူ့ကို အရိယဖလပြန်သုံးခွင့်ပေးလိုက်ရင် နည်းနည်းအန္တရာယ်များတယ်။

ဒါပေမယ့် သူက ပုံသွန်းအရိယဖလအကြောင်း နားလည်ထားတယ်ဆိုတော့ အဲဒီ့အပိုင်းနဲ့ပတ်သက်တဲ့ မှော်ပညာတွေကို ကျွမ်းကျင်မှာပဲ။ သူ့ကို ဝိညာဉ်စွမ်းအင်နည်းနည်းပဲ‌ပေးပြီး မှော်စွမ်းအားနဲ့ မိတ္တူ ပွားခိုင်းလို့ရတယ်။

ကွမ်းရှန်ဟိုင်က ‌ထောင်ထဲမှာ တစ်နေကုန် ဘာမှလုပ်စရာမရှိဘူး။ ကျုပ်တို့ဂိုဏ်းက သူတစ်ယောက်တည်း အထီးကျန်နေမှာစိုးလို့ သူ့ကိုအဖော်ပြုပေးဖို့ အကျဉ်းသားတွေ ကြိုးစားပြီးဖမ်းပေးခဲ့ရတာလေ။

ကျုပ်တို့ဂိုဏ်းအတွက် သူပြန်ပြီးအကျိုးပြုပေးရမှာပေါ့"

ပင်လယ်တာအိုသခင်က လုယန်ကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။

...မင်း‌ပြောပုံက ကွမ်ရှန်အိုင်အပေါ် ငါတို့ဂိုဏ်းက အရမ်းစေတနာထားနေသလိုပါပဲလား..

သူနဲ့ပတ်သက်ပြီး ဖြေရှင်းစရာကိစ္စတွေ မပြီးပြတ်သေးလို့ ယွမ်ကျိက ပုံမှန်သွားတွေ့နေတုန်းပဲလို့ ငါကြားမိသလားလို့ပါ...

"ဒါဆို ဘိုးဘေးလုပ်စရာရှိတာ ဆက်လုပ်ပါ။ ဪ..ပြီးတော့ ဘိုးဘေး၊ ယန်ချီလိုအပ်ရင် လောင်မုန်နဲ့အတူ အလုပ်တွဲလုပ်တာကောင်းမယ်။ သူ့သွေးက ယန်ချီအရမ်းအားကောင်းတယ်။

သူ့ကျင့်စဉ်အဆင့် နိမ့်နေတာလေးပဲရှိတယ်။ သူကျင့်စဉ်အဆင့် တိုးတက်လာရင် ဘိုးဘေးရဲ့ ပြဿနာလည်း ဖြေရှင်းပြီးသားဖြစ်သွားမယ်"

မိတ်ဆွေရင်းတစ်ယောက်အနေဖြင့် ဘိုးဘေးရှေ့တွင် မုန်ကျင်းကျိုးအကြောင်း စကားကောင်းပြောပေးဖို့လည်း လုယန်မမေ့။

"ဟုတ်သားပဲ"

ပငင်လယ်တာအိုသခင် မျက်လုံးများအရောင်လက်လာသည်။ လက်ရှိတွင် သူသည် ဆေးအိုး‌တောင်ကို အားဖြည့်ဆေးများထုတ်ဖို့ အဆက်မပြတ်တိုက်တွန်းနေရသည်။ မုန်မိသားစုမှ ထိုကောင်လေးအကြောင်း သူမေ့နေသည်။

လေဟာနယ်လမ်းကြောင်းတစ်ခု သူချက်ချင်းဖွင့်လိုက်သည်။ လုယန်နှင့်ယွမ်မုန်မုန်ကိုခေါ်၍ ဂိုဏ်းသို့ပြန်သည်။

ဂိုဏ်းပြန်ရောက်သည်နှင့် မုန်ကျင်းကျိုး၏ ကျင့်စဉ်တိုးတက်မှုအခြေအနေကိုသိရန် ချက်ချင်းသွားတွေ့သည်။

လုယန်နှင့်ယွမ်မုန်မုန်က အကျဉ်းထောင်တောင်ထိပ်သို့သွားသည်။ အကျဉ်းထာင်သို့ရောက်ချိန်တွင် အကျဉ်းသားအုပ်စု အကျိတ်အနယ်ဆွေးနွေးနေသံကို ကြားရသည်။

"ဟေ့ ဟေ့ ကျင့်စဉ်ကျမ်းကိ မင်းဒီလိုရေးနေတာလား။ ဒါမျိုးက အလွန်ဆုံး ကူးဖြတ်ခြင်းအခြေခံဆင့်လော်ပဲ ကျင့်ကြံနိုင်မျာပေါ့။ ဒီကျင့်စည်ကျမ်းကို ငါပြောသလိုရေးပါ။ ကူးဖြတ်ခြင်းအလတ်တန်းဆင့်ထိ ရောက်စေရမယ်လို့ အာမခံတယ်"

"မင်းပြောတိုင်းလုပ်ရအောင် မင်းကျင့်စဉ်နည်းက မိုရှောင်‌ချွေ့ရဲ့ ခန္ဓာဖွဲ့စည်းပုံနဲ့တောင် ကိုက်ညီလို့လား"

"ဒါလွယ်ပါတယ်။ သူအပြင်ရောက်ရင် ငါပြောတဲ့နည်းလမ်းအတိုင်း ဆေးသောက်ရုံပဲ။ သူ့ရုပ်ခန္ဓာအခြေခံ ချက်ချင်းတိုးတက်သွားမယ်ဆိုတာ ငါအာမခံတယ်"

ကူးဖြတ်ခြင်းအဆင့်အကျဉ်းသားအုပ်စုက သူ့ကျင့်စဉ်လမ်း ပိုကောင်းဖို့ကိစ္စအတွင် ထိုမျှအကျိတ်အနယ်ဆွေးနွေးပေးမည်ဟု မိုရှောင်ချွေ့ တစ်ခါမှစိတ်ကူးမယဉ်ဖူးခဲ့။ ကူးဖြတ်ခြင်းအင့်များသာမဟုတ်။ မသေမျိုးတစ်ဝက်များပင် ပါသေးသည်။

အကျဉ်းထောင်၏ထိပ်ဆုံးတွင် ဒဏ္ဍာရီမသေမျိုးများရှိသည်။ စကားပြောခဲသည်။ သို့‌သော် ပြောပြီဆိုလျှင်လည်း သူတို့စကားက အပြီးသတ်ဆုံးဖြတ်ချက်ဖြစ်သည်။

ရုတ်တရက် အကျဉ်းသားများ ငြိမ်ကျသွားသည်။ လုယန်က ထောင်ထဲသို့ဝင်မလာသေးသော်လည်း သူလာနေပြီဖြစ်ကြောင်း အားလုံး၏မသိစိတ်တွင် အလိုလိုခံစားမိသည်။

မှန်သည်။ လုယန် တကယ်ထပ်ရောက်လာသည်။

"ဘာလာလုပ်ပြန်တာလဲ ကောင်လေး"

ကလေးဘိုးဘေးဆရာ အံ့အားသင့်သွားသည်။ ပြီးခဲ့သည့်နှစ်ရက်ကပင် လုယန်လာသွားသည်။ အကျဉ်းသားများကို နေ့စဉ်ဖမ်းဆီးနိုင်သည့်အဆင့်သို့ ရောက်လာခြင်းလော...

"ကွမ်းရှန်ဟိုင်ကိုလာတွေ့တာပါ"

"ဪ...ဟိုဘက်အဆုံးထိသာ လျှောက်သွားလိုက်တော့"

ထန်ရှန်းယိ လုယန်ကို အပြည့်အဝယုံကြည်သည်။ ဘာကိစ္စလဲ သူမမေး။

လုယန်နှင့် ယွမ်မုန်မုန်တို့ အကျဉ်း‌ထောင်အဆုံးထိ လျှောက်လာသည်။ အကျင်းသားဘဝရောက်နေသည့် ကွမ်းရှန်ဟိုင်ကို မြင်ရသည်။

"‌ကောင်လေးလု၊ မင်းငါနဲ့တွေ့ချင်တာ ဘာကိစ္စလဲ"

လုယန် ဘာမှဖုံးကွယ်မထား။ သူ့အစီအစဉ်ကို ရှင်းပြသည်။

ကွမ်းရှန်ဟိုင်က အေးစက်စက်နှာခေါင်းရှုံ့သည်။ ထရပ်လာပြီး လုယန်မျက်လုံး စူးစူးရဲရဲစိုက်ကြည့်သည်။

"ငါ့ရဲ့ ပုံသွမ်းအရိယဖလအကြောင်း မင်းနားလည်လို့လား။ အမြင့်ဆုံးထိကျင့်ကြံနိုင်ရင် ‌ကမ္ဘာလောကတွေကို ဖန်တီးလို့ရတယ်ကွ။ အရိယဖလအစွမ်းနဲ့ ဖန်တီးထားတဲ့လူတွေက သူတို့တိုယ်သူတို့ ဘယ်လိုဖြစ်တည်လာမှန်းတောင် သိကြမှာမဟုတ်ဘူး။

အခုမင်းက ပုံသွန်းအရိယဖလကို ဘာမဟုတ်တဲ့အသေးအဖွဲ့အကိစ္စတွေအတွက် သုံးစေချင်တယ်ပေါ့။ မသေမျိုးတစ်ယောက်ရဲ့ဂုဏ်သိက္ခာ ဘယ်နားသွားထားမလဲ"

လုယန်က စိတ်အားထက်သန်စွာ ပြန်ပြောသည်။

"ဒါဆို ခင်ဗျားနဲ့လာဆွေးနွေးဖို့ အမယွမ်ကို ကျုပ်ပြောလိုက်ပါ့မယ်။ ဘယ်လိုသဘောရလဲ"

ကွမ်းရှန်ဟိုင် ဆက်ပြောသည်။

"ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့လည်း လူသားတွေအကျိုးရှိဖို့ တစ်ခြားလူတွေပျော်ရွှင်ဖို့ ကူညီရတဲ့အလုပ်ဟာ မသေမျိုးဂုဏ်သိက္ခာကို ထိခိုက်စရာအကြောင်းတော့ မရှိပါဘူး"

*****************************

အခန်း (၁၀၅၆) ‌ဘေးလူ

သတင်းစာထုတ်ဝေရေးကိစ္စသည် ပေါ့သေးသေးမဟုတ်။ သူတစ်ယောက်တည်း ဆုံးဖြတ်၍မရ။

ဘက်ပေါင်းစုံမှ ကြိုတင်ပြင်ဆင်ထားသော်လည်း အယွမ်၏ အတည်ပြုထောက်ခံချက် လိုသေးသည်။

"သတင်းစာလား။ စိတ်ကူးက ကောင်းသားပဲ။ ငါ‌‌ထောက်ခံပါတယ်"

ခဏစဉ်းစားပြီးနောက် သတင်းစာ၏ အရေးပါပုံကို ယွမ်ကျိ ချက်ချင်းနားလည်လာသည်။ လူထုကို ဉာဏ်အလင်းပေး၍ အသိပညာဖြန့်ဝေဖို့ အလွန်ကောင်းသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

"ကွမ်းရှန်ဟိုင်ကို ပုံသွန်းအရိယဖလစွမ်းရည် သုံးခိုင်းဖို့လိုသေးလား။ ငါ့သူ့ကို ဖိအားပေးလိုက်မယ်"

ယွမ်ကျိကမေးသည်။ ထိုလုပ်ငန်းတွင် ကွမ်းရှန်ဟိုင်၏ အရေးပါမှုကို သူနားလည်သည်။

သူမှတ်မိသလောက် ကွမ်းရှန်ဟိုင်သည် အတော်ခေါင်းမာသည့် အကျဉ်းသားဖြစ်သည်။ ဘယ်လောက်ရိုက်နှက်ခံရသည်ဖြစ်စေ ဘာမှထုတ်မပြော။

"ကွမ်းရှန်ဟိုင်က ကူညီဖို့သဘောတူပြီးပါပြီ"

လုယန်က ပြောသည်။

ယွမ်ကျိ တအံ့တဩမျက်နှာဖြင့် ခေါင်းငြိမ့်သည်။

"အတော်လိုက်လျောညီထွေရှိတာပဲ။ အချိန်ကုန်သက်သာတာပေါ့။ သတင်းစာကို ဘယ်လိုနာမည်မည်ပေးမယ်ဆိုတာ မင်းစဉ်းစားပြီးပြီလား"

"အခုမှ ပထမဆုံးတီထွင်ထုတ်ဝေမှာဆိုတော့ သတင်းစာအကြောင်းအရကို လူတွေဘယ်လိုတုံ့ပြန်လာမယ်မသိသေးဘူး။ အကြိမ်ရေစိပ်စိပ်ထုတ်ဖို့ အဆင်မ‌ပြေလောက်ဘူး။

လောလောဆယ် တစ်လတစ်ကြိမ်ပဲထုတ်မယ်။ ဒီတော့ "ကျင့်ကြံမှုလစဉ်သတင်းစာ'ဆိုရင် ဘယ်လိုနေမလဲ"

သတင်းစာအကြောင်းအရာများကို လူထုတုံ့ပြန်မျှုအပေါ် အခြေခံ၍ လိုအပ်ချက်နှင့်အညီ ညှိနှိုင်းပြုပြင်သွားဖို့ သူရည်ရွယ်ထားသည်။

ယွမ်ကျိမငြင်းပါ။ သူ့ဆရာတူမောင်လေး၏ နာမည်ပေးစွမ်းရည်က အမြဲတမ်းထိုသို့ပင်ဖြစ်သည်။ ဘာမှသိပ်ဝေဖန်စရာမရှိ။

"ဒါပေမယ့် ဒုခေါင်းဆောင်၊ သတင်းစားကို 'မဟာပဲဝါလစဉ်'လို့ နာမည်ပေးလို့မရဘူးလား"

ယွမ်မုန်မုန်က ဝင်ပြောသည်။ သူသည် ထာဝရမျိုးဆက် တ-ခေါင်းဆောင်လည်းဖြစ် မဟာပဲဝါနိုင်ငံ၏ ယဉ်ကျေးမှုဝန်ကြီးလည်းဖြစ်သည့်။ နိုင်ငံတော်၏နာမည်ဂုဏ်သတင်း ကျော်ကြားဖို့ကိစ္စက သူ့တာဝန်ဖြစ်သည်။

"အား..အဲဒီ့နာမည်ကောင်တးယ်"

နတ်မယ်က လက်ခုပ်တီး၍ ထောက်ခံသည်။ မဟာပဲဝါနိုင်ငံတော်၏ ဂုဏ်သတင်းကိုဖြန့်ကျင့်ဖို့ အခွင့်အရေးကောင်းတစ်ခုဖြစ်ကြောင်း သူနားလည်သည်။

လုယန် လက်နှစ်ဘက်ဆုပ်၍ ချက်ချင်းဦးညွှတ်အရိုအသေပေးလိုက်သည်။

"အရှင်မက နိုင်ငံတော်တိုးတက်ဖို့ကိစ္စကို တကယ်စိတ်နှစ်ထားတဲ့အတွက် ကျုပ်တို့တကယ်လေးစားရပါတယ်။ မဟာပဲဝါနိုင်ငံတော်ဟာ ရှေးဟောင်းခေတ်ကနေ ပုန်ကန်ထကြွဖို့ ရည်ရွယ်ချက်တွေနဲ့ အချိန်အကြာကြီး ခပ်လျှိုလျှိုနေထိုင်ခဲ့တဲ့ အသစ်တည်‌ထောင်ထားတဲ့ နိုင်ငံတော်ဖြစ်ပါတယ်။

လက်ရှိမှာ မဟာပဲဝါနိုင်ငံတော်ရဲ့ ရုံးတော်အရာရှိနေရာအတော်များများ လစ်လပ်နေပါသေးတယ်။ လူအင်အားစစ်သည်အင်အား ပြတ်လတ်နေပါသေးတယ်။ ဒီလိုချိန်မှာ နိုင်ငံတော်နာမည်ကြီးအောင်ကြိုးစားရင် အလောတကြီးနိုင်ရာကျပါတယ်။ ဒီကိစ္စကို သေချာသတိထားပြီး နောက်ထပ်အစီအစဉ်ချဖို့လို့ပါတယ်။ မှန်ကန်တဲ့အခွင့်အခါကို စောင့်သင့်ပါတယ်။

အရှင်မ ဒီကိစ္စကို သေချာပြန်သုံးသပ်စေလိုပါတယ်'

နတ်မယ် နားရှုပ်သွားသည်။ လုယန်ပြောချင်သည့်အဓိပ္ပါယ်ကို နားမလည်။

"ဒါဆိုလည်း နင့်အကြံအတိုင်းပဲလုပ်ကြတာပေါ့ ရှောင်ယန်"

လုယန်ဝမ်းသာသွားပြီး နောက်တစ်ကြိမ်ဦးညွှတ်သည်။

"အရှင်မဟာ တကယ်ဉာဏ်ရည်ထက်မြက်ပါပေတယ်"

ယွမ်ကျိ ဘေးမှနားထောင်နေသည်။ မဟာပဲဝါနိုင်ငံတွင် ရှောင်လုဘာရာထူးရထားသည်ကို မေးချင်မိသည်။ သို့သော် မေးလိုက်လျှင် မသေမျိုးနတ်မယ်က သူ့ကိုပါ ရာထူးတစ်ခုပေးလာမည်ကို စိုးရိမ်သည်။

ထို့ကြောင့် ထိုကိစ္စ ခဏဘေးဖယ်ထားပြီး သတင်းစာအကြောင်း ဆက်မေးသည်။

"ရှောင်လု၊ သတင်းစာထဲမှာ ဘယ်လိုအကြောင်းအရာတွေ ထည့်ရေးဖို့စဉ်းစားထားလဲ"

လုယန် လာကတည်းက စဉ်းစားထားပြီးဖြစ်သည်။

"လူအတော်များများက ကျင့်ကြံမှုရဲ့အခြေခံတွေလောက်တောင် နားမလည်ကြဘူး။ ပထမစာစောင်မှာ ကျင့်စဉ်ပညာအကြောင်း အသေးစိတ်မိတ်ဆက်ပေးရင် ကောင်းမယ်။ ချီကျင့်ကြံတဲ့မန္တာန်တစ်ချို့ထည့်မယ်"

လူအများစုက ချီအဆင့်ကျင့်ကြံသူများဖြစ်သည်။ ထိုထက်မြင့်သည့် အခြေတည်အဆင့် ရွှေသန္ဓေအဆင့်များနှင့်ပတ်သက်၍ သဘောတရားလောက်သာသိကြသည်။ အဆင့်တစ်ခုစီ၏ စွမ်းအားနှင့် ကွာခြားချက်အကြောင်းကို မသိကြ။

ထို့ကြောင့် ကျင့်ကြံမှုနှင့်အကြောင်းအရာများ စပြောမည်ဆိုလျှင် အခြေခံကျင့်စဉ်သဘောတရားများကို အရင်ပြောပြမှဖြစ်မည်။

"နောက်ပြီး ကျင့်ကြံမှုလောကထဲက ထူးခြားတဲ့အဖြစ်အပျက်တွေရေးမယ်။ ဥပမာ မျိုးပျံဘုံကျောင်းက တိုက်ပွဲမျိုးပေါ့။

ဇာတ်လမ်းကောင်းတွေဆိုရင် သတင်းစာမှာ အပိုင်းတွေခွဲပြီးရေးမယ်..."

သတင်းစာ၏အပိုင်းတစ်ခုချင်းစီ၏ လုပ်ဆောင်မည့်စနစ်အကြောင်း လုယန်ရှင်းပြသည်။ ယွမ်ကျိက ရံဖန်ရံခါ ခေါင်းငြိမ့်သည်။ သူ့ဂိုဏ်းတူမောင်လေးက ထိုကိစ္စကို သေချာစဉ်းစားထားပုံရသည်။

ယွမ်မုန်မုန်ကလည်း လုယန်ကို လေးစားမှုအပြည့်ဖြင့်ကြည့်နေသည်။ ဒုခေါင်းဆောင်သည် အတွေးအခေါ်အတော်စေ့စပ်သည်။ သူသာဆိုလျှင် ထိုမျှအသေးစိတ်ကျအောင် စဉ်းစားနိုင်မည်မဟုတ်။

ထို့နောက် လုယန်က တတိယအကြီးအကဲ၏ အကြီးဆုံးတပည့် ကျိဟုန်ဝမ်ဆီသွားသည်။ အကိုကျိသည် ပန်းချီပညာကို အထူးပြုလေ့လာလိုက်စားသည်။ သတင်းစာဒီဇိုင်းအပြင်အဆင်အတွက် သူ့ကိုအကူအညီတောင်းသည်။

ကျိဟုန်ဝမ်ကလည်း ဝမ်းမြောက်ဝမ်းသာလက်ခံသည်။

"ဪ..ဒါနဲ့ သတင်းအလယ်မှာ နေရာလွတ်လေးတစ်ခုထားပေးပါ။ ညီမထောင်အတွက် ကြော်ငြာထည့်ဖို့ သုံးချင်လို့ပါ"

လုယန်က တစ်ခုတောင်းဆိုသည်။

မည်သို့ဆိုစေ ပထမဆုံးအကြိမ် ထုတ်ဝေမည့် သတင်းစာဖြစ်သည်။ တစ်ခြားကြော်ငြာရှင်များမရှိသေး။ ကိုယ်လူများအတွက်လည်း အကျိုးရှိ‌အောင် လုပ်ရမည်။

သတင်းစာထုတ်ဝေသည့်လုပ်ငန်းစဉ်ကို အကြမ်းဖျင်းပုံစံချလိုက်သည်။ ယခုလုယန်ရင်ဆိုင်နေရသည့် အခက်အခဲက မိုပျံဘုံကျောင်းတိုက်ပွဲကို ယုတ္တိကျကျရေးသားဖို့ဖြစ်သည်။ သူ့သရုပ်မှန်ကို ဖွင့်ချရေး၍မရ။

သူ့ခေါင်းထဲ အတွေးတစ်ခုပေါ်လာသည်။

"ဟုတ်ပြီ။ တိုက်ပွဲက တကယ့်အကြီးအကျယ်ဖြစ်ခဲ့တာဆိုတော့ အနောက်ကောင်းကင်မြို့တော်ကလူတွေလည်း မြင်မှာပဲ။ ဘေးကြည့်ပရိတ်သတ်တစ်ယောက်ရဲ့အမြင်နဲ့ ရေးလို့ရတယ်။ ငါ့ကိုယ်ငါ အမေးအဖြေလုပ်တဲ့ပုံစံမျိုး ရေးရင်အဆင်ပြေတယ်"

လုယန် စိတ်ကူးစိတ်သန်းများ ပြည့်လျှံနေသည်။ မိုးပျံဘုံကျောင်းတိုက်ပွဲအကြောင်း သတင်းတစ်ပုဒ်အမြန်ရေးသည်။ တစ်ခြားအပိုင်းများတွင်လည်း သက်ဆိုင်ရာအကြောင်းအရာများဖြည့်သည်။

ထို့နောက် မူရင်းသတင်းစာကို ကွမ်းရှန်ဟိုင်ဆီ အပ်လိုက်သည်။ ပုံသွန်းအရိယဖလပိုင်ရှင်ကွမ်းရှန်ဟိုင်က မျက်တောင်တစ်ခတ်အတွင်း မိတ္တူပေါင်းထောင်ချီ ပွားသည်။ အသံလွှင့်စနစ်ကိုပင် ပွားပေးထားသည်။

သတင်းစာထုတ်လုပ်ရေးကုန်ကျစရိတ် အတော်သက်သာသွားသည်။

ကုန်ကျစရိတ်နည်းသဖြင့် သတင်းစာစျေးနှုန်းကိုလည်း သာမန်လူများတတ်နိုင်သည့်အတိုင်းအထာထိ လျှော့ရောင်းနိုင်သည်။

သတင်းစာထုတ်ဝေရသည့် လုယန်၏ ရည်ရွယ်ချက်က အကျိုးအမြတ်အတွက်မဟုတ်။ သတင်းဖြန့်ဖို့ အဓိကဖြစ်သည်။

တာအိုလမ်းစဉ်ဂိုဏ်းတပည့်များက လေဟာနယ်လမ်းကြောင်းများမှတစ်ဆင့် ပထမဆုံးထုတ်ဝေသည့် ကျင့်ကြံမှုလစဉ်သတင်းစာကို မဟာရှားတစ်ခွင် ရောင်းချကြသည်။

"စုံစမ်းစစ်ဆေးချက်များအရ၊ မိုးပျံဘုံ‌ကျောင်း တိုက်ပွဲအစတွင် တိုက်ခိုက်သူနှစ်ယောက်ရှိခဲ့သည်။ တစ်ယောက်က မဟာရှား၏နတ်သခင် စီချန်းဖြစ်သည်။

နောက်တစ်ယောက်ကို ဘယ်သူဘယ်ဝမသိရ။ ခန့်မှန်းသုံးသပ်ချက်များ တစ်ချို့လက္ခဏာများအရ ထိုစွမ်းအားရှင်သည် ရှေးဟောင်းခေတ်မှ လူထူးဆန်းမသေမျိုးတစ်ယောက် ဖြစ်ဟန်ရှိသည်။ တိုက်ခိုက်ဖို့ သိပ်စိတ်ပါပုံမရ။

ဘေးကြည့်ပရိတ်သတ်လုမျိုးရိုးတစ်ယောက် မြင်ခဲ့သည်မှာ ထိုလူထူးဆန်းမသေမျိုးက အစပိုင်းတွင် စီချန်းအသက်ကို ချမ်းသာပေးခဲ့ဖို့ ရည်ရွယ်ခဲ့သည်။ သို့သော် စီချန်းက လူထူးဆန်းမသေမျိုးကို မြင်ကတည်းကစ၍ စော်ကားခဲ့သည်။

မသေမျိုးတို့၏ စာပေအဆင့်အတန်းကိုပင် မေးခွန်းထုတ်ခဲ့သည်။ ထိုမသေမျိုးကို 'စာရောရေးတတ်ရဲ့လား'ဟု မေးခဲ့သည်။

လူထူးဆန်းမသေမျိုးက မတတ်သာတော့သဖြင့် တိုက်ပွဲဝင်ရသည်။ နက်နဲ့သည့် သူ့တာအိုအသိနှင့် ဓားပညာဖြင့် စီချန်းကို အနိုင်ယူသည်။ တစ်ခဏအတွင်အပြတ်သတ်အနိုင်ယူခဲ့သည်။ စီချန်းကို ဒူးထောက်တောင်းပန်ခိုင်းသည်။

ထို့နောက် ကောင်းကင်အင်ပါယာသခင်၏ကိုယ်ပွားက ထိုနေရာတွင် ပေါ်လာသည်။ မှားသည်မှန်သည်ကို ဘာမှမမမေး။ 'စီချန်းမှားတာပါ။ မသေမျိုးအရှင် စီချန်းအသက်ကို ချမ်းသာပေးပါ'ဟု ပြောသည်။

ထို့နောက်တွင် အင်ပါယာကိုယ်ပွားက လူထူးဆန်းမသေမျိုးသည် ကံကြမ္မာနှောင်ဖွဲ့မှုများရှိနေသဖြင့် စွမ်းအားပြည့်ထုတ်၍မရကြောင်း သိသွားသည်။ သို့သော် ထိုမသေမျိုးကို သူယှဉ်နိုင်မယှဉ်နိုင် သေချာမသိ။

ထို့ကြောင့် လူထူးဆန်းမသေမျိုးကိုတိုက်ခိုက်ရန် အင်ပါယာကိုယ်ပွားက စီချန်းကိုဝါးမျိုသည်။ တိုက်ပွဲပြီးသည်အထိ ထိုနတ်သခင်စီချန်းကို ထပ်မတွေ့ရတော့။

အင်ပါယာကိုယ်ပွားနှင့် လူထူးဆန်းမသေမျိုးတို့ တိုက်ပွဲတွင် အမျိုးအမည်မသိ ပေါက်ကွဲမှုတစ်ခုဖြစ်သည်။ အခြေအနေက ရှုပ်ထွေးနေသဖြင့် ဘယ်သူဖောက်ခွဲမှန်းမသိရ။

လုမျိုးရိုးပွဲကြည့်သူ၏ ပြောပြချက်အရ ‌ပေါက်ကွဲမှုဖြစ်သည့်နေရာတွင် အင်ပါယာကိုယ်ပွား၏ အော်ဟစ်ရယ်မောသံနှင့် 'ခန္ဓာကိုယ်ဖောက်ခွဲ'ဆိုသည့်စကားကို ကြားရသည်ဟုဆိုသည်။

ထိုပေါက်ကွဲမှုဖြစ်ပြီးနောက် မိုးပျံဘုံကျောင်း ပြိုကျပျက်စီးသွားသည်။ အင်ပါယာကိုယ်ပွားကိုလည်း မတွေ့ရတော့။ လူထူးဆန်းမသေမျိုးက ဣန္ဒြေသိက္ခာအပြည့်ဖြင့် ထွက်သွားသ်ည။

ကျွန်ုပ်တို့သတင်းစာအဖွဲ့၏ နောက်ထပ်စုံစမ်းစစ်ဆေးချက်အရ နတ်သခင်စီချန်သည် အနောက်မျိုးပျံဘုံကျောင်းတွင် နှစ်တစ်ရာကျော်ကြာအောင် ကိုယ်တော်ငယ်တစ်ယောက်ဘေးတွင် ပုန်းအောင်းနေခဲ့သည်ဟု သိရသည်။ 'ပုံမှန်မဟုတ်သည့်စိတ်'မျိုးရှိမရှိ သေချာမသိရ"

မသေမျိုးနန်းတော်၏ တော်ဝင်ပလ္လင်ပေါ်တွင် ကောင်းကင်အင်ပါယာ ထိုင်နေသည်။ အသစ်ထုတ်ဝေသည့် သတင်းစာကိုကိုင်၍ တစ်လုံးချင်းဖတ်သည်။ တစ်ခါမှမထွက်ဖူးသည့် ဒေါသမျိုးထွက်လာပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေသည်။

အံကိုတင်းတင်းကြိတ်၍ သတင်းစာကို အစိတ်စိတ်အမွှာမွာဆုတ်ဖြဲပစ်သည်။ တော်ဝင်ပလ္လင်ကို လက်ဝါးဖြင့် ဝုန်းခနဲရိုက်လိုက်သည်။ ဒေါသတကြီးအော်ဟစ်လိုက်သည့် သူ့အသံက နန်းတော်ထဲတွင် ပဲတင်ထပ်သွားသည်။

"ဒါဘယ်ကောင်ရေးတာလဲကွ"

***********************************

All Chapters