← Chapters

သတ္တမတောင်ပင်လယ်သို့ ရောက်ရှိလာမှု

Vol. 95 Ch. 1322

သတ္တမတောင်ပင်လယ်သို့ ရောက်ရှိလာမှု

Vol. 95 Ch. 1322

“သူက သူ့ကိုယ်သူ ... ရွှေတုန်းလျှိုလို့ ခေါ်တယ်” ဘိုးဘိုးမန်က ဖြည်းညင်းစွာ ပြောသည်။

မန်ဟိုသည် ထိုနာမည်ကို ကြားလိုက်သည်နှင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူ၏မျက်ဝန်းများ၌ ထူးဆန်းသောအလင်းရောင်တစ်စ ဖြတ်ပြေးသွား၏။ ဆက်စပ်မှုပေါင်းများစွာကို စဉ်းစားနေသဖြင့် သူက တိတ်ဆိတ်စွာ ရပ်နေသည်။ ရုတ်တရက်ဆိုသလို အခြေအနေများစွာ ပို၍ရှင်းလင်းသွားသယောင်ပင်။

သူက ခေါင်းညိတ်လိုက်ရင်း သူ့အဘိုးကို ပြောာ၏။

“ဘိုးဘိုး။ ကျွန်တော် ဘွားဘွားနဲ့ မန်မျိုးနွယ်စုကို နဝမတောင်ပင်လယ်ဆီ ပို့လိုက်တယ်။ ကံဆိုးစွာနဲ့ အဲဒီနောက်ပိုင်းမှာ ကောင်းကင်ဘုံ (၁) က သက်ဆင်းလာခဲ့တာပဲ။ ဒါ့အပြင် နဝမတောင်ပင်လယ်သခင်နဲ့ ကျွန်တော့်ကြားမှာ စာရင်းရှင်းစရာလေးတွေ ရှိနေတယ်...”

“နဝမတောင်ပင်လယ်သခင် ... ကျီတျန်းလား။ ရာရာစစ” ဘိုးဘိုးမန်၏မျက်လုံးများသည် အေးစက်သွား၏။ “ဘိုးဘိုး အဋ္ဌမတောင်ပင်လယ်ကိစ္စတွေကို ရှင်းပြီးရင် နဝမတောင်ပင်လယ်ကို သွားလိုက်မယ်။ ကျီတျန်းတစ်ယောက် တောင်ပင်လယ်လောကကို သစ္စာရှိရင်ရှိ၊ မဟုတ်ရင်ကတော့ ...” အသတ်အဖြတ်စိတ်ဆန္ဒသည် သူ၏မျက်ဝန်းများ၌ တောက်လောင်လာ၏။

မန်ဟိုမှာ ချက်ချင်း စိတ်သက်သာရာရသွားသည်။ သူ့အဘိုးထံမှ ထုတ်လွှတ်နေသော ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များသည် သခင်အဖြူထက်ပင် အားကောင်း၏။ အနှစ်သာရ ၆ ခုအဆင့်သို့ တစ်ဝက်ကျော် ဝင်ရောက်နေလေပြီ။

ဘိုးဘိုးမန်အနေဖြင့် အပြင်သူတာအိုဥသျှောင်၏ ကိုယ်ပွားကို ချက်ချင်း မသုတ်သင်ပစ်နိုင်ခဲ့သည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ ... ယခုမှ နိုးထလာခဲ့၍ ခေါင်းမကြည်သေးသည့်အတွက်ကြောင့်ပင်။ သို့သော် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို အပြည့်အဝထုတ်လွှတ်နိုင်သော အတိုင်းအတာအထိ ရောက်နေခဲ့ပြီဖြစ်သည်။

ဘိုးဘိုးမန်က မန်ဟို့ကို ကြည့်နေရင်း မန်ဟို နဝမတောင်ပင်လယ်သို့ ဘာကြောင့်မပြန်ချင်မှန်း မသိသော်လည်း သူ့မြေးသည် တောင်ပင်လယ်လောကအတွင်းရှိ တောင်ပင်လယ်သခင်များထက် သာကြောင်း သူ ပြောနိုင်သည်။ "ငါ့မြေး အရွယ်ရောက်လာခဲ့ပြီ။ အင်အားကြီးမားတဲ့ ကျင့်ကြံခြင်းအခြေခံကိုလည်း ပိုင်ဆိုင်ထားပြီ” သူက ပြောသည်။ “တောင်ပင်လယ်လောကဟာ အခု မငြိမ်မသက်ဖြစ်နေသလို၊ ကျင့်ကြံသူတွေမှာလည်း တာဝန်ကိုယ်စီ ရှိကြတယ်။ မြေး နှလုံးသားရဲ့ စေရာအတိုင်း လုပ်ပါ။ လုပ်ဖို့ လိုအပ်တာ ဘာပဲဖြစ်ဖြစ် လုပ်ပါ

“နဝမတောင်ပင်လယ်မှာရှိတဲ့ ဖန်မျိုးနွယ်စုနဲ့ပတ်သက်ပြီး ဘာမှစိတ်မပူနဲ့” သူက ပြောသည်။ “အဋ္ဌမတောင်ပင်လယ်ဟာ ... ပျက်စီးနေခဲ့ပြီးပြီမဟုတ်လား။ အသက်ရှင်ကျန်သူတွေကို စုစည်းပြီး နဝမတောင်ပင်လယ်ဆီ ဘိုးဘိုး ခေါ်သွားမယ်။ အဲဒီနေရာက အပြင်သူတွေကို ပြန်တိုက်ခိုက်မယ့် ဘိုးဘိုးတို့ရဲ့ ခံတပ် ဖြစ်လာလိမ့်မယ်”

မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေပြီးနောက် သူ့အဘိုးကို လက်ယှက်အရိုအသေပေးလိုက်သည်။ သူသည် နဝမတောင်ပင်လယ်ရှိရာသို့ လှမ်းကြည့်ပြီး သူ့သွေးမှတစ်ဆင့် လောလောဆယ်တွင် ဖန်မျိုးနွယ်စု အန္တရာယ်ကြီးကြီးမားမားမရှိကြောင်း ခံစားလိုက်ရ၏။ စိတ်ချလက်ချဖြစ်သည့်အခါမှ သူက လှည့်၍ အဝေးသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားလေသည်။

သူ၏ဦးတည်ရာမှာ စတုတ္တတောင်ပင်လယ်ဖြစ်သည်။ နဝမတောင်ပင်လယ်မှ ထွက်လာခဲ့သည့် သူ၏ရည်ရွယ်ချက်က ရှုချင်ကို အိမ်ပြန်ခေါ်ဖို့ပင်။ တောင်ပင်လယ်စစ်ပွဲ စခဲ့ကတည်းက ... သူ့မှာ ရင်ထဲ လေးလံနေခဲ့ရသည်။

ကောင်းကင်ဘုံ (၁) သက်ဆင်းလာခဲ့သည့်အခါတွင်တော့ သူ၏လေးလံမှုသည် ပိုမိုကြီးထွားလာခဲ့၏။

အဋ္ဌမတောင်ပေါ်တွင် ဘိုးဘိုးမန်သည် မန်ဟို အဝေးထွက်သွားသည်ကို ရပ်ကြည့်နေ၏။ သူ့မျက်နှာတွင် ချစ်ခြင်းမေတ္တာတို့အပြင် ... သူ့မြေးနှင့် မခွဲမခွာချင်သော အရိပ်အယောင်များကိုလည်း မြင်ရနိုင်သည်။

“စီနီယာအပြင်သူ တစ်ခါပြောဖူးတယ်။ ‘တောင်ပင်လယ်ပြစ်ဒဏ် ကျရောက်လာတဲ့အချိန်မှာ အရာအားလုံး ဖုန်ဖြစ်သွားလိမ့်မယ်’....” သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒါပေမဲ့ နဝမတောင်နဲ့ပတ်သက်ပြီး တစ်စုံတစ်ခုက ထူးခြားနေတယ်။ နောက်ဆုံးကျရင် နဝမတောင်တစ်လုံးပဲ ကျန်ခဲ့မယ်တဲ့ ....

“တောင်ပင်လယ်တစ်ခုခု ကပ်ဘေးကြီးမှာ ရှင်ကျန်ခဲ့ပါ့မလားတောင် သူ မသိဘူးလို့လည်း ပြောခဲ့တယ်။ သူ လုပ်နိုင်သမျှဆိုလို့ ... မျှော်လင့်ချက်ကို ရှာဖွေတာပဲ ရှိတယ်တဲ့

“ကြည့်ရတာ သူ ပြောနေတဲ့ မျှော်လင့်ချက်က ... ဟိုအာနဲ့ ပတ်သက်လောက်တယ်” မန်ဟို့ထံမှ အကြည့်လွှဲရင်း သူသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ အပြင်သူတချို့ကို ဖျတ်ခနဲ မြင်လိုက်ရ၏။ ချက်ချင်းဆိုသလို သူကား မျက်လုံးများ မီးဝင်းဝင်းတောက်နေလျက် လှုပ်ရှားတော့သည်။

မန်ဟိုသည် အဋ္ဌမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်တွင် တရိပ်ရိပ် သွားနေ၏။ မကြာမီ သခင်အဖြူနှင့် တိုက်ခိုက်ခဲ့သော အကွဲကြောင်းဧရိယာသို့ ရောက်ရှိလာသည်။ ယခုတွင် ထိုအကွဲကြောင်းမှာ ပြိုကျသွားခဲ့၍ အစအနများသာ ကျန်ခဲ့လေသည်။

မန်ဟိုက ထိုနေရာတွင် ပျံဝဲနေပြီးနောက် ရှေ့တစ်လှမ်းလှမ်းသည်။ သူကား ပုံမှန်အတိုင်း လမ်းလျှောက်နေသယောင် ထင်ရသော်လည်း တကယ်တမ်း အဝိုင်းပတ်လျှောက်နေခြင်း ဖြစ်၏။ သူသည် အချိန်၏အနှစ်သာရ စတင်ပေါ်ထွက်လာသည့်တိုင်အောင် မြန်သထက်မြန်မြန် လျှောက်နေသည်။ ဟင်းလင်းပြင်သည် ပုံပျက်လာပြီး ကြယ်တာရာကောင်းကင်လည်း တွန့်လိမ်လာသည်။ မကြာမီ လည်ပြီးရင်း လည်ရင်း ကြီးမားလာသော ဝါးတားတား ဝဲကြီးတစ်ဝဲ ပေါ်လာသည်။

ဝဲသည် မီတာသုံးဆယ်မှ မီတာသုံးရာအထိ ကြီးမားလာ၏။ နောက်ဆုံးတော့ မန်ဟိုမှာ ဝါးဝါးတားတားတစ္ဆေအရိပ်များကိုသာ မြင်ရတော့သည်။ ဝဲကြီး မီတာသုံးထောင်အထိ ရောက်လာသည့်အခါ မန်ဟို့ပုံရိပ်များစွာကို မြင်လာရလေပြီ။

အချိန်ခရီးသွားစွမ်းအား ပေါ်ထွက်လာလျှင် အဋ္ဌမတောင်ပင်လယ်မှ ကျင့်ကြံသူများစွာသည် ဖြစ်ပျက်နေသောအရာကို ခံစားလိုက်ရ၏။ ဤအချိန်တစ်ဝိုက်တွင် ထိုဝဲအတွင်း၌ အကွဲကြောင်းတစ်ကြောင်း ဖျတ်ခနဲ ပေါ်လာသည်။

ဤအကွဲကြောင်းသည် သတ္တမနှင့် အဋ္ဌမတောင်ပင်လယ်ကို ဆက်သွယ်ပေးထားသော အကွဲကြောင်းမှတစ်ပါး အခြားမဟုတ်ပေ။

အကွဲကြောင်း ပေါ်လာခဲ့သော အခိုက်အတန့်မှာပင် ဝဲကို လှည့်ပတ်နေသော မန်ဟို၏ရောင်ပြန်ဟပ်ပုံရိပ်များသည် ထပ်သွားပြီး တစ်ခုတည်း ပြန်ဖြစ်သွား၏။ ထို့နောက် သူက အကွဲကြောင်းထဲ ဝင်ကာ ပျောက်ကွယ်သွားတော့သည်။

သူ ပျောက်ကွယ်သွားပြီးနောက် ဝဲသည် မှေးမှိန်လာပြီး ... မကြာခင် အကွဲကြောင်းလည်း လျင်မြန်စွာ ကွယ်ပျောက်သွားကာ ကြယ်တာရာကောင်းကင်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

တောင်ပင်လယ်နှစ်ခုကို ဆက်သွယ်ထားသော အကွဲကြောင်းအတွင်း၌ .... မန်ဟိုသည် သခင်အဖြူထက်ပင် ပို၍လျင်မြန်စွာ ရွေ့လျားနေ၏။ မျက်စိတစ်မှိတ်အတွင်း သူကား တစ်ဖက်ခြမ်းသို့ ရောက်သွားခဲ့လေပြီ။

မကြာမီ သတ္တမတောင်ပင်လယ်၏ အထင်ကရဖြစ်သော ကျိန်စာစွမ်းအားအငွေ့အသက်ကို သူ ခံစားလိုက်ရသည်။ သူသည် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ထွက်ပေါက်မှ ထွက်လိုက်၏။

ချက်ချင်းဆိုသလို အေးစက်စက်နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်လာသည်။

“တစ်ယောက်တော့ ပေါ်လာပြီ။ ငါ့တွက်ချက်မှုတွေ မှန်နေတဲ့ပုံပဲ။ ဒီတောင်ပင်လယ်လောကသားတွေက ဒီကနေတစ်ဆင့် သတ္တမတောင်ပင်လယ်ကို ထွက်ပြေးလာဖို့ တကယ်ကြိုးစားနေကြတာပါလား

“ကိုင်း အခု ရောက်လာပြီဆိုမှတော့ ထွက်ပြေးဖို့ မကြိုးစားနဲ့” ချက်ချင်းဆိုသလို နတ်ဘုရားစွမ်ရည်တစ်ခုသည် မန်ဟို့ထံ ဝုန်းခနဲ ပြေးဝင်လာပြီး အနက်ရောင်မီးတောက်မီးလျှံများက သူ့ကို ချက်ချင်း ဝိုင်းလိုက်တော့သည်။

မီးတောက်များကို မြင်လျှင်ချင်း ဤသည်မှာ တာအိုသခင်အဆင့် ကျင့်ကြံခြင်းအခြေခံမှ အားဖြည့်ထားသော အပြင်သူမှော်သိုင်းကွက်တစ်ကွက်ဖြစ်ကြောင်း သူ ပြောနိုင်သည်။ ထိုနယ်ပယ်အဆင့် အစွမ်းထက်ပညာရှင်များသည် ခြေလေးတစ်ချက် ဆောင့်နင်းရုံမျှနှင့် သူတို့၏ပတ်ဝန်းကျင်ကို သိမ့်သိမ့်တုန်သွားစေနိုင်သော်လည်း မန်ဟို့အတွက်မူ ... သူတို့မှာ သူ့လက်ကလေးလှန်သလို အလွတ်တကူ အသတ်ခံရနိုင်သော ပိုးမွှားများဖြစ်သည်။

သူ၏မျက်လုံးများက အေးစက်စွာ တောက်ပသွားပြီး သူသည် ရုတ်တရက် သူ့နှာခေါင်းနှင့်ပါးစပ်မှတစ်ဆင့် အနက်ရောင်မီးတောက်များကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၏။ ထိုအချိန်မှာပင် သူ့လုပ်ရပ်ကြောင့် ပင့်သက်ရှိုက်လိုက်သံများကို ကြားလိုက်ရသဖြင့် သူက ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်လိုက်သည်။

အဋ္ဌမတောင်ပင်လယ်၏ ထွက်ပေါက်၊ သတ္တမတောင်ပင်လယ်၏ ဝင်ပေါက်ဖြစ်သော အကွဲကြောင်းသည် သတ္တမတောင်နှင့် လွန်စွာ နီးကပ်ပြီး ပတ်ဝန်းကျင်တစ်ခွင်တွင် အလောင်းများ ပြန့်ကြဲနေ၏။ အပြင်သူရှစ်ယောက် ရှိနေပြီး အံ့အားသင့်ဖွယ်ကောင်းစွာနှင့် သူတို့၏ ကျင့်ကြံခြင်းအခြေခံအငွေ့အသက်များက တာအိုနယ်ပယ်အဆင့် ဖြစ်ကြသည်။ ဤနေရာတွင် ပေါ်လာမည့် ဘယ်သူ့ကိုမဆို သတ်ဖို့ စောင့်နေမှန်း သိသာသည်။ သို့သော် ယခုတွင် တာအိုသခင် ထုတ်လွှတ်ခဲ့သော အနှစ်သာရမီးတောက်များကို မန်ဟို ပုံမှန်အတိုင်း စုပ်ယူခဲ့သည်ကို မြင်ပြီးနောက် သူတို့အားလုံး ပါးစပ်အဟောင်းသားနှင့် မျက်စိမျက်နှာပျက်နေကြသည်။

အထူးသဖြင့် အပြင်သူတာအိုသခင်မှာ မျက်လုံးပြူးနေလေသည်။ သူက စိတ်နှလုံးချာချာလည်နေလျက် ချက်ချင်း နောက်ဆုတ်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် မန်ဟိုက သူ့အရှေ့တည့်တည့်တွင် ပေါ်လာပြီး သူ့ကို လည်မြိုမှ ဖမ်းဆုပ်ကာ ဘေးသို့ ပစ်ပေါက်လိုက်သည်။

အပြင်သူတာအိုသခင်၏ အကြေးခွံများ ကြေမွသွားပြီး သူ၏အသွေးအသားများ စုတ်ပြတ်အက်ကွဲကုန်သည်။ သူ့မှာ ချက်ချင်းဆိုသလို အပိုင်းပိုင်းပြတ်ထွက်သွားသဖြင့် သွေးပျက်စွာ အော်သံကြီးသာ ပဲ့တင်ထပ်ကျန်ခဲ့သည်။

ချက်ချင်းဆိုသလို ကျန်အပြင်သူများလည်း အမြီးအထိ တုန်ရီလာကြပြီး ရှိရှိသမျှအားအကုန်ထုတ်ကာ တစ်ချိုးတည်း လှည့်ပြေးကြတော့သည်။

“တာအိုဥသျှောင်။ သူက တာအိုဥသျှောင်ပဲ"

“စတုတ္ထတောင်က ခိတိဂဗ္ဗတစ်ယောက်ပဲ တောင်ပင်လယ်လောကရဲ့ တစ်ဦးတည်းသော တာအိုဥသျှောင်အစစ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ သူက အင်ပါယာသခင်နဲ့ တိုက်ခိုက်နေတာလေ။ ဒီကို ရောက်မလာနိုင်ပါဘူး။ ဒီလူက ဘယ်သူလဲ"

“သေစမ်း ငါ့ကို တာအိုဥသျှောင်အစစ်ကို အခုလေး ဝိုင်းတိုက်ခိုက်ခဲ့မိတာပဲ” အပြင်သူရှစ်ယောက်လုံးမှာ ချောက်ချားနေကြသည်။ အကြောက်တရားကြောင့် သူတို့၏အကြေးခွံများ ခါနေသည်၊ သူတို့၏အမြီးများ တုန်နေတော့သည်။

သို့သော် မန်ဟိုက သူ၏နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်ရာ အနှစ်သာရ ၁ ခုနှင့် အနှစ်သာရ ၂ ခု အပြင်သူတာအိုနယ်ပယ်ပညာရှင်အားလုံး၏ အနုသုခုမနတ်ခန္ဓာများ ပျက်စီးကုန်သည်။ သူတို့၏အသိစိတ်များ ဖယ်ရှားခံလိုက်သည့်အတွက် ဝိညာဉ်မဲ့အလောင်းများသာ ကြယ်တာရာကောင်းကင်တွင် အရုပ်ကြိုးပျက်လဲပြိုသွားကြသည်။

မန်ဟိုသည် နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်လျှင်ချင်း သတ္တမတောင်ပင်လယ်ရှိ အရာအားလုံးကို မြင်လိုက်ရ၏။ ဤနေရာတွင် အပြင်သူများ မရေမတွက်နိုင်အောင် တည်ရှိနေသယောင်ပင်။

သတ္တမတောင်ပင်လယ်၏ ကြယ်တာရာကောင်းကင်ထဲတွင် ပျံဝဲနေသော အနက်ရောင်ကုဗတုံးကြီးများကို သူ မြင်လိုက်ရသည်။ အကြီးဆုံးက မီတာသုံးသောင်းကျယ်ဝန်းပြီး အသေးဆုံးက မီတာရာဂဏန်းမျှ ရှိလေသည်။ အပြင်သူများက ထိုကုဗတုံးများထဲမှ ဝင်ချည်ထွက်ချည်လုပ်နေကြသည်။ ကြည့်ရသရွေ့ ၎င်းတို့က သူတို့၏ စခန်းများ ဖြစ်ဟန်တူသည်။

အနက်ရောင်မီးတောက်များက ကုဗတုံးများကို ဝန်းရံထားပြီး မိုးကြိုးလျှပ်စီးများသည် ၎င်းတို့၏မျက်နှာပြင်ထက်တွင် လူးလွန့်ထစ်ချုန်းနေကြ၏။ ကုဗတုံးများက မန္တန်ဝင်္ကပါတစ်မျိုးမျိုးကို စီရင်ထားသည့်အလား ၎င်းတို့ပတ်ပတ်လည်ရှိ ကြယ်တာရာကောင်းကင်မှာလည်း ပုံပျက်ရှုံ့တွနေသည်။

သတ္တမတောင်ပင်လယ်တွင် တောင်ပင်လယ်လောကသားများ ရှိနေသင့်သည်။ သို့သော် လက်ရှိ မြင်ရသည်ကား အပြင်သူများပင်။ တောင်ပင်လယ်သားကျင့်ကြံသူအနည်းစုကိုသာ မြင်ရပြီး အများစုက သေဆုံးကုန်ကြလေပြီ။ အမှန်အားဖြင့် သတ္တမတောင်ပင်လယ်မှ ကျင့်ကြံသူအများစုသည် အဋ္ဌမတောင်ပင်လယ်တွင် ဖြစ်ကြ၏။ ကျန်ခဲ့သူများမှာ အများအားဖြင့် အဆင့်နိမ့်ကျင့်ကြံသူများ ဖြစ်ခဲ့ရာ အပြင်သူများအတွက် ထိုနေရာကို သိမ်းပိုက်ဖို့ အတိုင်းထက်အလွန် လွယ်ကူလေသည်။

သေမျိုးများကိုပင် မညှာတာခဲ့ကြောင်း တွေ့လိုက်ရသည့်အခါ မန်ဟို့မျက်နှာသည် တင်းမာခက်ထန်သွားပြီး အပြင်သူများအပေါ် ပို၍အမျက်ထွက်လာ၏။ အပြင်သူများအတွက် ကျင့်ကြံသူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ... တောင်ပင်လယ်လောကသားမှန်သမျှ သေသင့်သည်သာ။

သတ္တမတောင်ပင်လယ်ရှိ ဂြိုဟ်လေးလုံးအနက် သုံးလုံးမှာ ကြေမွပျက်စီးနေခဲ့လေပြီ။ ထို့ကြောင့် သတ္တမတောင်ပင်လယ်၏ ကျိန်စာစွမ်းအားသည် ယခုတွင် ပရမ်းပတာ ဖြစ်နေတော့၏။

“သခင်အဖြူ။ ခင်ဗျားအပြစ်တွေကို ခင်ဗျားရဲ့အသက်နဲ့တောင် ဆေးကြောလို့မရဘူး” မန်ဟိုက မျက်ထောင့်နီကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ နတ်ဘုရားအာရုံမှတစ်ဆင့် အခြေအနေကို စစ်ဆေးကြည့်ရှုနေစဉ် သတ္တမတောင်ပင်လယ်၏ အကြီးဆုံးဂြိုဟ်၊ နောက်ဆုံးဂြိုဟ်ကို တိုက်ခိုက်နေသော အပြင်သူအင်အားတစ်သောင်းတပ်ဖွဲ့တစ်ဖွဲ့ကို သူ သတိထားမိလိုက်၏။

ထိုဂြိုဟ်ပေါ်တွင် ကျင့်ကြံသူများသောင်းဂဏန်းမျှ အသက်ရှင်နေသေးသည်။ ဤစစ်သည်တော်များသည် သတ္တမတောင်ပင်လယ်၏ နောက်ဆုံးကျင့်ကြံသူများ ဖြစ်ကြ၏....

သူ့နတ်ဘုရားအာရုံ ဂြိုဟ်ကို လွှမ်းခြုံလိုက်သော အခိုက်အတန့်လေးမှာပင် အသတ်ခံမည့်အစား မိမိကိုယ်ကို ဖောက်ခွဲခြင်းဖြင့် အဆုံးစီရင်သွားကြသော ကျင့်ကြံသူများစွာကို မန်ဟို မြင်လိုက်ရသည်။ သူတို့မသေခင် ကြုံးဝါးသွားသောအသံမျာက မန်ဟို့နားအတွင်း၌ ပဲ့တင်ထပ်နေသည်။

“တောင်ပင်လယ်တွေအတွက် ရှင်မယ်။ တောင်ပင်လယ်တွေအတွက် သေမယ်”

ပေါက်ကွဲသံများ၏အလယ်၌ ထိုကျင့်ကြံသူသောင်းဂဏန်းမျှသည် ဂြိုဟ်နှင့် ထိုအပေါ်ရှိ အသက်များကို ကာကွယ်ဖို့ စွမ်းစွမ်းတမံ တိုက်ခိုက်နေကြ၏။

ထိုကျင့်ကြံသူများအကြားတွင် ... သတ္တမတောင်ပင်လယ်၏ အက်ရှလွန်ကျင့်ကြံသူ ယွီဝမ်ကျန်းကို မန်ဟို လှမ်းမြင်လိုက်သည်။

ယွီဝမ်ကျန်းသည် တစ်ကိုယ်လုံး သွေးတို့ ရွှဲစိုနေပြီး ဒဏ်ရာအပြင်းအထန် ရထား၏။ သို့ထိတိုင် သူက ဒေါသတကြီး မာန်သွင်းဟိန်းဟောက်ရင်း ရန်သူများကို တိုက်ခိုက်နေသည်။ သူသည် ကိုယ်ကာယကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ ကိုင်စွဲထားသော လက်နက်မှာ လေဟုန်ခွန်းလောကမှာတုန်းက မန်ဟို့ထံမှ ယူခဲ့သည့် အဖိုးထိုက်ရတနာပင်။

လောလောဆယ်တွင် သူ့မှာ သူ့ကို အမဲဖြတ်တိုက်ခိုက်နေကြသော ရန်သူပေါင်းများစွာဖြင့် ဝိုင်းခံထားရသည်။

တာအိုနယ်ပယ်အပြင်သူတစ်ယောက်က အေးစက်စွာ ရယ်ရင်း ယွီဝမ်ကျန်းထံ ပြေးဝင်သွားနေသည်။ သူ အနားရောက်သွားသည့်အချိန်မှာပင် မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ ချက်ချင်းပင် ယွီဝမ်ကျန်းကို တိုက်ခိုက်နေသော တာအိုနယ်ပယ်အပြင်သူမှာ မချိတင်ကဲ အော်ဟစ်ပြီးနောက် ဖောင်းခနဲ ပေါက်ကွဲသွားတော့၏။

တစ်ချိန်တည်းမှာပင် မန်ဟိုက တိုက်ပွဲရှိရာသို့ ဦးတည်ရင်း ရှေ့တစ်လှမ်းလှမ်းကာ ပျောက်ကွယ်သွားတော့သည်။

All Chapters