← Chapters

စစ်ပွဲအတွက် အားမာန် လိုသည်

Vol. 95 Ch. 1323

စစ်ပွဲအတွက် အားမာန် လိုသည်

Vol. 95 Ch. 1323

သတ္တမတောင်ကို လှည့်ပတ်နေသော ဂြိုဟ်လေးလုံးအနက် သုံးလုံးမှာ ကြယ်တာရာကောင်းကင်တွင် လွင့်မျောပြန့်ကြဲနေသော အမှုန်အမွှားများထက် မပိုတော့ပေ။

ကျန်ခဲ့သည့် တစ်လုံးတည်းသော ဂြိုဟ်မှာတော့ ... ကျားလှောင်အိမ်ဂြိုဟ် မည်၏။

လောလောဆယ်တွင် ကျားလှောင်အိမ်ဂြိုဟ်ပေါ်၌ ယွီဝမ်ကျန်းနှင့် သတ္တမတောင်ပင်လယ်၏ လက်ကျန်တကွဲတပြားအင်အားစုများမှ ကျင့်ကြံသူများသည် အပြင်သူများနှင့် အပြင်းအထန် တိုက်ခိုက်နေကြသည်။

တိုက်ပွဲမှာ ခန္ဓာဖောက်ခွဲသံများဖြင့် ဆူညံမြည်ဟည်းနေလျက် သွေးချောင်းစီးနေ၏။ ကောင်းကင်နှင့်မြေကြီးနှစ်ခုလုံးကား သွေးကဲ့သို့ နီစွေးနေပြီး ရက်စက်ကြမ်းကြုတ်သော အပြင်သူများက သူတို့၏အသက်စွမ်းအားဖြင့် နတ်ဘုရားစွမ်းရည်များကို အားဖြည့်ပေးထားရာ အနက်ရောင်မီးတောက်မီးလျှံများသည် သူတို့လမ်းရှိ အရာအားလုံးကို မည်းခြစ်သွားစေ၏။

ဧရာမအက်ရာကြီးများက ဂြိုဟ်၏မျက်နှာပြင်တစ်လျှောက် ပျံ့နှံ့နေပြီး မြို့အားလုံး၊ သက်ရှိအားလုံး တုန်ရီနေသည်။ သူတို့အတွက် ... ကမ္ဘာပျက်ကိန်း ကျရောက်လာခဲ့သည့်အလားပင်။

ကောင်းကင်ပင်လျှင် ပြိုကျတော့မည့်အလား ထင်ရပြီး ကျင့်ကြံသူများနှင့် အပြင်သူများ တိုက်ခိုက်နေကြစဉ် ... ဘုံတူညီသည့် တစ်ခုတည်းသောအရာမှာ သေခြင်းရှင်ခြင်းအတွက် ရုန်းကန်နေမှုပင်။

ယွီဝမ်ကျန်းသည် အသက်ရှင်ကျန်ခဲ့သူများအကြား၌ အစွမ်းထက်ဆုံးကျင့်ကြံသူ မဟုတ်သော်လည်း အက်ရှလွန်ကျင့်ကြံသူဆိုသည့် အဆင့်အတန်းကြောင့် သူ့စကားက အရာရောက်၍ လောလောဆယ်တွင် သူက ကျင့်ကြံသူတစ်ဖွဲ့ကို ဦးဆောင်နေလေသည်။

သူ့မှာ ခေါင်းမှစ၍ သွေးတို့ဖြင့် လောင်းချထားသကဲ့သို့ တစ်ကိုယ်လုံးသွေးနံ့နံနေသည်။ သူ့အသားတွင်လည်း ဒဏ်ရာဒဏ်ချက်များ ဗလပွနေပြီး သူ့မျက်လုံးများသည် နီရဲတောက်နေ၏။ သူကား လုံးလုံးလျားလျား ကြောက်လန့်ချောက်ချားဖွယ်ကောင်းလေသည်။

သို့သော် ထိုကြောက်လန့်ချောက်ချားဖွယ်ကောင်းမှု၏နောက်ကွယ်၌ ဝမ်းနည်းပူဆွေးမှုတို့ ပုန်းကွယ်နေလေသည်။

“တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်” ယွီဝမ်ကျန်းက ခေါင်းနောက်လှန်၍ တဟားဟား အော်ရယ်သည်။ သူ့နောက်ရှိ ကျင့်ကြံသူများလည်း တစ်ခနဲ ကြွေးကြော်လိုက်ကြသည်။ လူသတ်ငွေ့များ တထောင်းထောင်း ထလာသည်။ သူတို့သည် ရှုံးနေပြီးသားတိုက်ပွဲကို တိုက်ခိုက်ရကောင်း တိုက်ခိုက်နေရလိမ့်မည်။ သို့သော် အပြင်သူများကိုလည်း တတ်နိုင်သမျှ သတ်ပေဦးမည်။

လွတ်လမ်းဟူ၍ မရှိပေ။ သတ္တမတောင်ပင်လယ်တွင် .. သခင်အဖြူ၏ သစ္စာတော်ခံ ဧရိယာအားလုံးမှာ ရန်သူလက်ထဲ ကျရောက်သွားခဲ့လေပြီ။ ကျင့်ကြံသူများသည် သူတို့ဂြိုဟ်သုံးလုံး ဖျက်စီးခံခဲ့ရပြီး အသက်ပေါင်းများစွာ စတေးခဲ့ကြရသည်ကို ကြည့်နေခဲ့ကြရသည်။ သတ္တမတောင်ပင်လယ်မှာ အပြင်သူ၏လက်အောက်သို့ ရောက်ပြီးရင်း ရောက်နေခဲ့ရာ ဒေသခံကျင့်ကြံသူများအနေဖြင့် ဒေါသထွက်ရုံမှတစ်ပါး ဘာမှမတတ်နိုင်ကြပေ။

ယခုတွင် သူတို့အတွက် အသက်ရှင်နေရမည့် အကြောင်းရင်းမှာ တိုက်ခိုက်ဖို့ ဖြစ်လာသည်။ နောက်ဆုံးအသက်တစ်ရှိုက်လေးသာ ကျန်ခဲ့လျှင်တောင်မှ အပြင်သူနောက်တစ်ယောက် သတ်နိုင်ဖို့ ၎င်းကို အသုံးပြုမည်။

ဝုန်းခနဲ ပေါက်ကွဲသွားပြီး ယွီဝမ်ကျန်းမှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ထိုးဆင်းလာနေသော တာအိုနယ်ပယ်ကျင့်ကြံသူကို ရင်ဆိုင်လိုက်ရ၏။ အပြင်သူ၏ညာလက်က မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်ပြီး အနက်ရောင်မီးတောက်များသည် ယွီဝမ်ကျန်းကို ဝါးမြိုရန် တဟုန်ထိုးထွက်သွားသော ဧရာမပါးစပ်ပေါက်ကြီးအဖြစ် ဖြာထွက်သွားတော့သည်။

ယွီဝမ်ကျန်းက ခါးသီးစွာ ရယ်သည်။ တာအိုနယ်ပယ်အပြင်သူများကို သူ ရင်ဆိုင်ခဲ့ရတုန်းက သူတို့ကို ချုပ်ပေးထားခဲ့သည့် သတ္တမတောင်ပင်လယ်၏ တာအိုနယ်ပယ်ပညာရှင်များ အမြဲရှိခဲ့သည်။ သို့သော် ယခုတော့ ထိုတာအိုနယ်ပယ်ပညာရှင်အားလုံးမှာ သေလျှင် သေ၊ မသေလျှင် ဒဏ်ရာအပြင်းအထန် ရထားကြလေပြီ။ ယွီဝမ်ကျန်းက စိတ်ပိုင်းဖြတ်လိုက်သည့်အလား မီးတဝင်းဝင်းတောက်နေသော မျက်ဝန်းများဖြင့် တာအိုနယ်ပယ်အပြင်သူကို စူးစူးရဲရဲ ကြည့်ပြီးနောက် ခန္ဓာဖောက်ခွဲဖို့ ပြင်သည်။

သူ့နောက်လိုက် ကျင့်ကြံသူများလည်း သွေးချင်းနီသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး သူနှင့်အတူ ခန္ဓာဖောက်ခွဲဖို့ လုပ်ကြလေသည်။ ကျင့်ကြံသူတစ်ယောက်တည်း ခန္ဓာဖောက်ခွဲလျှင် တာအိုနယ်ပယ်ပညာရှင်တစ်ယောက်ကို ထိခိုက်စေမည်မဟုတ်။ သို့သော် ဆယ်ယောက် ၊ တစ်ရာ၊ တစ်ထောင် ဖောက်ခွဲလျှင်တော့ ... အခြေအနေတစ်မျိုး ဖြစ်လေပြီ။

ထိုမျှကြီးမားသော ပေါက်ကွဲလှိုင်းက တာအိုနယ်ပယ်ပညာရှင်တစ်ဦးကိုပင် တုန်လှုပ်သွားစေလိမ့်မည်။

အပြင်သူမှာ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး မျက်မှောင်ကြုတ်သွားတော့သည်။ သူ အကာအကွယ်များ ထုတ်တော့မည့်အချိန်မှာပင် ကြောက်ခမန်းလိလိ နတ်ဘုရားအာရုံက ရုတ်တရက် ပေါ်ထွက်လာ၏။

၎င်းက သတ်ဖြတ်လိုစိတ်၊ အမုန်း၊ အမျက်တို့ ဆူဝေနေသော နတ်ဘုရားအာရုံဖြစ်ပြီး စစ်မြေပြင်တစ်လျှောက် ဖြာထွက်သွားစဉ် တာအိုနယ်ပယ်အပြင်သူ၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားသည်။ သူက အထိတ်တလန့် အော်လေသည်။

“တာအို...” ခေါင်းပေါက်ကွဲ၍ ခန္ဓာမပြိုကွဲခင် သူ့မှာ စကားလေးတစ်လုံးသာ ရွတ်လိုက်နိုင်သည်။ တစ်ချိန်တည်းမှာပင် စစ်မြေပြင်ထက်ရှိ မရေမတွက်နိုင်သော အပြင်သူများမှာ ကြောက်လန့်နေသော အမူအရာများဖြင့် စူးစူးဝါးဝါး အော်ပြီးနောက် ပြိုင်တူပေါက်ကွဲသွားကြတော့သည်။

ကြယ်တာရာကောင်းကင် ဟိုးအထက်မှကြည့်လျှင် စစ်မြေပြင်မှာ ... သွေးပန်းများ ပွင့်လန်းနေသော ပန်းခင်းကြီးနှင့် တူနေသည်။

အသက်ရှင်ကျန်ခဲ့သော အပြင်သူများမှာ ထိတ်ပျာချောက်ချားကုန်၏။ သူတို့က ကြက်သေသေနေသော သတ္တမတောင်ပင်လယ်ကျင့်ကြံသူများကို ချန်ရစ်ခဲ့ရင်း ထွက်ပြေးဖို့ ကြိုးစားသည်။ သို့သော် သတ္တမတောင်ပင်လယ်ကျင့်ကြံသူများ၏ အမုန်းတရားက သူတို့ကို အလွတ်ပေးလိမ့်မည်လော.... သူတို့က ထွက်ပြေးနေသော အပြင်သူများကို ချက်ချင်း လိုက်လံတိုက်ခိုက်ကြတော့သည်။

ယွီဝမ်ကျန်းသည် တုန်ရီနေသော်လည်း စဉ်းစားရန် အချိန်မရသဖြင့် ချက်ချင်း တိုက်ခိုက်သတ်ဖြတ်နေ၏။

ဤအခိုက်အတန့်တွင် စစ်မြေပြင်ထက်၌ လူရိပ်အသစ်တစ်ခု ပေါ်လာသည်။ ထိုလူကား ... ယခုလေးတင် နေရာရွှေ့ပြောင်းလာခဲ့သော မန်ဟိုပင်။ ချက်ချင်းဆိုသလို သူက ညာလက်ကို ဆန့်၍ ဖမ်းဆုပ်လိုက်ဟန် လုပ်သည်။

တောင်ပင်လယ်များ၏ စွမ်းအား ပေါက်ကွဲထွက်လာသည်။ စွမ်းအားက တာအိုဥသျှောင်ပညာရှင်များကို တိုက်ခိုက်ရန် မလုံလောက်သော်လည်း ထိုအဆင့်အောက်ရှိ အပြင်သူတိုင်း သစ်ကိုင်းခြောက်များလို ချေမှုန်းခံရလိမ့်မည်။

ကြယ်တာရာကောင်းကင်ထဲတွင် ဧရာမပုံရိပ်ယောင်လက်ကြီးတစ်ဖက် ပေါ်လာသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။ အကန့်အသတ်မဲ့လှိုင်းများ ၎င်းထံမှ ဖြာထွက်နေစဉ် လက်ကြီးသည် အပြင်သူများအား ရက်ရက်စက်စက် ပိုင်းချလိုက်၏။

ကြယ်တာရာကောင်းကင်မှာ တသိမ့်သိမ့် တုန်သွားပြီး ဟက်တက်ကွဲကြောင်းများစွာ ပွင့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်း အပြင်သူများ သိမ်းပိုက်ထားသော ကြယ်တာရာကောင်းကင်ထဲရှိ ဧရိယာမှာ လုံးလုံးလျားလျား ပျက်စီးသွားတော့သည်။

ဝုန်းးးးး

မချိတင်ကဲအော်သံများဖြစ်စေ၊ ဒေါသတကြီးဟိန်းဟောက်သံများဖြစ်စေ တိခနဲ တိတ်ဆိတ်သွားသည်။ တခဏကြာသော် ဧရာမလက်ကြီး ပျောက်ကွယ်သွားပြီး ကျန်ခဲ့သည်အရာမှာတော့ ... လွင့်မျောနေသော ပြာများသာ။

စစ်မြေပြင်သည် ငြိမ်သက်သွားပြီး သတ္တမတောင်ပင်လယ်ကျင့်ကြံသူများမှာ မှင်သက်ကုန်ကြသည်။ ယွီဝမ်ကျန်းသည် ခေါင်းလှည့်ကြည့်လိုက်ရာ လူအုပ်ကြားထဲရှိ မန်ဟို့ကို မြင်လိုက်၏။

“မန်ဟို....” သူက ပြုံးရင်း ပြောသည်။ ကံဆိုးစွာနှင့် အပြုံးသည် ခါးသီးနေ၏။ အသက်မဲ့နေ၏။

ယခုလေးတင် အပြင်သူတစ်သောင်းကျော် အသတ်ခံခဲ့ရသော်ငြား ဝမ်းသာအားရကြွေးကြော်သံများ ထွက်မလာ။ စိတ်လှုပ်ရှားမှုများကိုလည်း မမြင်ရ။ သတ္တမတောင်ပင်လယ်ကျင့်ကြံသူများမှာ တိတ်ဆိတ်စွာသာ ရပ်နေကြသည်။

သူတို့ မန်ဟို့ကို လှည့်ကြည့်လိုက်သောအခါ သူတို့၏ဝိညာဉ်များ သေဆုံးသွားခဲ့ကြသည့်အလား သူတို့မျက်ဝန်းများမှာ အသက်မဲ့နေကြသည်။

သတ္တမတောင်ပင်လယ်၌ စခန်းချထားသော အပြင်သူအရေအတွက်မှာ ရေတွက်၍ပင်မရကြောင်း သူတို့ ကောင်းကောင်းသိသည်။ ဤတိုက်ပွဲတွင် အနိုင်ရခဲ့သည့်တိုင် နောက်တိုက်ပွဲတွင် ... သတ္တမတောင်ပင်လယ်တစ်ခုလုံး အမြစ်ဖြုတ်ခံရလိမ့်မည်။

သူတို့က မန်ဟို့ကို တိတ်ဆိတ်စွာ လက်ယှက်အရိုအသေပေးပြီးနောက် ကျဆုံးသွားသော သွေးသောက်ရဲဘော်များကို သယ်ဆောင်မြှုပ်နှံရန် နှင့် အပြင်သူတို့၏သွေးများ ညစ်ထေးနေသော ဧရိယာများကို သန့်ရှင်းရန် အလျှိုလျှိုထွက်သွားကြသည်။

အရာအားလုံး သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည်...

မန်ဟိုမှာ အသက်မဲ့နေသော ကျင့်ကြံသူများကို လှည့်ပတ်ကြည့်နေစဉ် နှလုံးသားကို ဓားနှင့်ထိုးစိုက်နေသကဲ့သို့ ခံစားနေရသည်။

ယွီဝမ်ကျန်းသည် ဒဏ်ရာများမှ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့နေရင်း မန်ဟို့အနား ချဉ်းကပ်လာ၏။ ထို့နောက် သူ၏သွေးသောက်ရောင်ရင်းများကို မျက်လုံးဝေးကြည့်ပြီးနောက် ခါးသီးစွာ မှတ်ချက်ပြုသည်။ “မျှော်လင့်ချက်မရှိလို့ ဒီလိုဖြစ်နေတာပေါ့ကွာ။ မန်ဟို ငါတို့... ငါတို့ ဒီစစ်ပွဲကို တကယ်နိုင်နိုင်မယ် ထင်သလား"

သူသည် မတင်မကျန်ဖြစ်နေဟန်ရှိပြီး မေးခွန်းမေးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် ... သူ့စိတ်သူ ဆွဲတင်နိုင်ဖို့ နည်းလမ်းကို ရှာဖွေနေကြောင်း သိသာ၏။ သူ ရှာတွေ့သည့်အရာက မျှော်လင့်ချက်အမှားဖြစ်နေလျှင်တောင်မှ .... သူ ရှာဖွေချင်သေးသည်။

မန်ဟိုမှာ စစ်ပွဲကို မြင်တွေ့ခဲ့ဖူးသော်လည်း ယခုလိုမျိုးတော့ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။ ရင်နာနေသော်လည်း စိတ်နှလုံးတုန်လှုပ်မိသေး၏။ သူသည် သတ္တမတောင်ပင်လယ်ကျင့်ကြံသူများကို လှည့်ပတ်ကြည့်လိုက်ရာ သူတို့မည်မျှပင်ပန်းနေကြောင်း မြင်လိုက်ရသည်။ စိတ်ပျက်ဝမ်းနည်းမှုက သူတို့နှလုံးသားထဲတွင် အမြစ်တွယ်နေသည်ကို သူ တွေ့လိုက်ရသည်။ အပြင်သူများကို သူတို့မည်မျှမုန်းတီးနေကြောင်း သူ ခံစားလိုက်ရသည်။

သူ့မှာ ရုတ်တရက် စကားပြောချင်လာ၏။ ဘာပြောရမှန်းမသိသော်လည်း သူ့ရင်ထဲတွင် သူ့ပတ်ဝန်းကျင်ရှိ လူများကို အားပေးလိုသည့်၊ လှုံ့ဆော်ပေးလိုသည့် အသံတစ်သံ ရှိနေသည့်အလားပင်။

“တောင်ပင်လယ်လောကသား တာအိုရောင်ရင်းအပေါင်းတို့။ ငါက နဝမတောင်ပင်လယ်က အက်ရှလွန်ကျင့်ကြံသူ မန်ဟိုပါ

“ငါတို့ ဒီစစ်ကို နိုင်မလား မသိပေမယ့် ငါ သိတာကတော့ ငါတို့ စကားပြောနေတဲ့အချိန် ဟိုးအပေါ်မှာ ပါရာဂွန်ပင်လယ်အိပ်မက်ဟာ အပြင်သူပါရာဂွန်ကို တိုက်ခိုက်နေတယ်ဆိုတာပဲ” သူ စကားပြောနေစဉ် သူ့အသံသည် ကျယ်လောင်လာပြီး သူက ကြယ်တာရာကောင်းကင်ထက်သို့ လက်ညှိုးထိုးပြလိုက်၏။

“စတုတ္ထတောင်ပင်လယ်သခင် ခိတိဂဗ္ဗက အပြင်သူအင်ပါယာသခင်ကို တိုက်ခိုက်နေတယ်ဆိုတာလည်း ငါ သိတယ်

“ကျန်တဲ့တောင်ပင်လယ်သခင်အားလုံးဟာ အပြင်သူတာအိုဥသျှောင်တစ်ဦးရဲ့ ကိုယ်ပွားတွေနဲ့ တိုက်ခိုက်နေတယ်။ ဒါ့အပြင် စောစောလေးကတင် ငါကိုယ်တိုင် သူတို့ရဲ့ တာအိုဥသျှောင်တစ်ဦးကို ငရဲဘုံ ၃၃ ဘုံမှာ ပိတ်ထားခဲ့တယ်။ သူ အဲဒီမှာ မသေရင်တောင် အနည်းဆုံးတော့ ထွက်လာဖို့ ကြာလိမ့်မယ်

“ငါ သိတဲ့ နောက်တစ်ခုက အခုအချိန်မှာ ငါ မန်ဟိုက တာအိုဥသျှောင်အဆင့်ကို တိုက်ခိုက်နိုင်တဲ့ တစ်ယောက်တည်းသော ကျင့်ကြံသူဆိုတာပဲ

“ငါတို့ ဒီစစ်ပွဲမှာ အနိုင်ရမလား ငါ မသိဘူး။ ဒါပေမဲ့ ... တောင်ပင်လယ်လောကဟာ အလွယ်တကူ ပြောင်းပြန်လှန်ခံရမှာတော့ မဟုတ်ဘူး

“ငါတို့က ပါရာဂွန်အင်မော်တယ်လောကရဲ့ မျိုးဆက်တွေ။ ဒီနေ့ထက်ထိ ရှင်သန်လာခဲ့သူတွေ။ ငါတို့က တောင်ပင်လယ်လောကပဲ။ စစ်ပွဲက အခုမှ စရုံရှိသေးတယ်။ ငါတို့မှာ ဘာကြောင့် မျှော်လင့်ချက်မရှိရမှာလဲ"

မန်ဟို သတ္တမတောင်ပင်လယ်၏ ကျင့်ကြံသူများကို လှုံ့ဆော်ပေးနေသည့်အချိန်မှာပင် နဝမတောင်ပင်လယ်ရှိ တောင်ကောင်းကင်ဂြိုဟ်ထက်တွင် တိုက်ပွဲတစ်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေသည်။ လီမျိုးနွယ်စုမန္တန်ဝင်္ကပါက တစ်ဂြိုဟ်လုံးကို လွှမ်းခြုံထားရင်း အပြင်သူများအား တောင်ကောင်းကင်ဂြိုဟ်အပေါ် ခြေမချနိုင်ခင်မှာပင် သေဆုံးသွားစေသည်။

ကောင်းကင်မှ အပြင်သူသွေးများ တဖွဲဖွဲ ရွာကျနေသည်။ သွေးများသည် ကျင့်ကြံသူများကို ထိခိုက်စေပြီး မြေဆီလွှာကို ဆွေးမြည့်စေသည်အထိ ညစ်ထေးလေ၏။ ထို့ကြောင့် တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူများ၏ မျက်စိရှေ့တည့်တည့်မှာတင် သွေးမိုးပေါက်များသည် မြေခဖို့ ခွင့်ပြုခြင်းမခံရဘဲ အခိုးအငွေ့များအဖြစ် လွင့်ပျံ့သွားကြရသည်။

အဝေးရှိ တောင်တစ်လုံးပေါ်တွင် ဝမ်းနည်းနေသောမျက်ဝန်းများဖြင့် ကောင်းကင်ကို မော့ကြည့်နေသည့် ရွှေတုန်းလျှို ရပ်နေသည်။

တစ်ချိန်တွင် ရှေးဟောင်းသင်္ဘောကြီးတစ်စင်းသည် လေတွင် ပျံဝဲနေလျက် ဘေးတွင် ပေါ်လာခဲ့၏။ ၎င်းက ဘယ်တုန်းကမှ မတည်ရှိသည့်အလား ဘယ်သူမှမမြင်နိုင်သော သင်္ဘောတစ်စင်းဖြစ်သည်။

အဘိုးအိုတစ်ယောက်သည် မိုးနှင့်မြေကို စွန့်ပစ်ထားသကဲ့သို့ လောကကြီးကို ကျောပေးလျက် သင်္ဘောဦးတွင် တင်ပျဉ်ခွေထိုင်နေ၏။

မန်ဟိုသာ ဤနေရာတွင် ရှိနေလျင် ဤသင်္ဘောနှင့် ဤအဘိုးအိုကို ချက်ချင်း မှတ်မိလိမ့်မည်။ ဒသမဝမ်ခေါင်းဆောင်ကြီး သူ၏တာအိုအခြေကို လုခဲ့၍ သေလုမြောပါး ဖြစ်နေတုန်းက ဤသင်္ဘောကို သူ စီးခဲ့ရလေသည်။

သင်္ဘောသည် တောင်ပင်လယ်လောကတစ်ခွင် ရွက်လွင့်ရင်း အိပ်မက်လိုခရီးတစ်ခုအား သူ့ကို ကြုံတွေ့စေခဲ့သည်။ ထိုခရီးက ပို၍ကြီးမားသောလောကကြီးကို မြင်နိုင်အောင် မန်ဟို့မျက်လုံးများကို ဖွင့်ပေးခဲ့သည်။

ရည်ရွယ်ချက်ရှိ၍ပဲဖြစ်စေ၊ တမင်တကာပဲဖြစ်စေ သင်္ဘောပေါ်ရှိ အဘိုးအိုက မန်ဟို့ဒဏ်ရာများကို ကုသ၍ အချိန်တစ်ခုအထိ အသက်ရှင်နိုင်အောင် သူ့ကို အသက်စွမ်းအားတချို့ ပေးခဲ့သည်။

ယခုတွင် ထိုသင်္ဘောကြီးသည် ရွှေတုန်းလျှို၏အရှေ့ရှိ လေထဲတွင် ပျံဝဲနေ၏။

ရွှေတုန်းလျှိုသည် တောင်ထိပ်တွင် ရပ်နေပြီး သင်္ဘောပေါ်ရှိ အဘိုးအိုက လောကကြီးကို ကျောပေးလျက် ထိုင်နေသည်။ နှစ်ယောက်သား အကြည့်ချင်းဆုံမနေသော်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်နေသည့်အလား ထင်ရသည်။

ရုတ်တရက် သင်္ဘောပေါ်ရှိ အဘိုးအို စကားပြောလိုက်သဖြင့် ရှေးဆန်သောအသံတစ်သံကို ကြားလိုက်ရသည်။ “ဒါတွေအားလုံး လိုအပ်လို့လား။ မင်းမျှော်လင့်ချက်က ... အမြဲကျရှုံးရမယ့် ကံပါပြီးသားပဲ"

ဤသည်မှာ  ဤလူ ပထမဆုံးအကြိမ် စကားပြောခြင်းဖြစ်သယောင်ပင်။ သူ့အသံသည် အချိန်တွင်းနက်ထဲမှ ပဲ့တင်ထပ်လာသယောင် ထင်ရ၏။ သူ့စကားပြောလိုက်သည့်အခါ သူ ထိုင်နေသော သင်္ဘောမှာ ပို၍ပင်ဝါးလာသည်။

ရွှေတုန်းလျှိုက ပြန်မပြော။ ထိုအစား အဝေးကိုသာ ဆက်ငေးနေသည်။

အတန်ကြာသော် သင်္ဘောပေါ်ရှိ အဘိုးအိုက သက်ပြင်းချလိုက်သည်။ ထို့နောက် သူနှင့် သင်္ဘောသည် မှေးမှိန်ပျောက်ကွယ်သွား၏။

သင်္ဘောနှင့် အဘိုးအို ပျောက်ကွယ်သွားသည့်အချိန်တွင် ရွှေတုန်းလျှိုသည် ခေါင်းလှည့်ကြည့်လိုက်၏။ အနက်ဝတ်နှင့်လူငယ်တစ်ယောက်က အနောက်မှ တိတ်ဆိတ်စွာ ချဉ်းကပ်လာသည်။ သူ့အမူအရာသည် တည်ငြိမ်၍ သူ့မျက်နှာသွင်ပြင်အား ထူးခြားသော်လည်း သူ့ထံမှ လူသတ်ငွေ့များ တထောင်းထောင်း ထနေသည်။ သူသည် မန်ဟို့ကို အချိန်လမ်းလျှောက်ပညာရပ် သင်ပေးခဲ့သောလူ ... သတ်ဖြတ်သူမှတစ်ပါး အခြားမဟုတ်ပေ။

သူက ရွှေတုန်းလျှိုကို အေးစက်စွာ ကြည့်နေပြီး သတ်ဖြတ်လိုစိတ်က သူ့မျက်ဝန်းများတွင် တဝင်းဝင်းတောက်နေသည်။

“ကျုပ် ဒီကိစ္စကို စဉ်းစားနေခဲ့တာ ကြာပြီ... ကျုပ်ဟာ ပျောက်ကွယ်သွားသင့်တာကြာပြီ ဘာကြောင့် ပြန်ခေါ်ခံခဲ့ရတာလဲ ဆိုပြီးတော့ပေါ့။ ခင်ဗျားကို မြင်မှပဲ နားလည်တော့တယ်

“တစ်ခါပဲ ကျုပ် ... ခင်ဗျားကို တစ်ခါပဲ ကူညီမယ်” ထို့နောက် အပြင်သူသည် ရွှေတုန်းလျှိုကို လေးနက်စွာ ကြည့်ပြီးနောက် ဖျတ်ခနဲ ပျောက်ကွယ်သွား၏။

ရွှေတုန်းလျှိုက တိတ်ဆိတ်စွာ ရပ်ကျန်ခဲ့သည်။ တစ်ချိန်လုံး စကားတစ်ခွန်းမှ သူ မပြောခဲ့ပေ။ မကြာမီ နေဝင်၍ မိုးချုပ်သွားပြီး လက သူ့အနောက်တွင် အရိပ်ရှည်ရှည်တစ်ခုကျနေစေရင်း ထွက်လာသည်။

“လူတွေကို ကယ်တင်ပြီး လောကကို ဆုံးရှုံးခြင်း” သူက တိုးညင်းစွာ ရေရွတ်သည်။ “လူတွေကို ဆုံးရှုံးပြီး လောကကို ကယ်တင်ခြင်း... ရွေးချယ်ခဲ့ပြီးတာက ကြာခဲ့ပြီပဲ” ထူးဆန်းသော မျှော်လင့်ခြင်းရောင်စဉ်သည် သူ့မျက်ဝန်းများတွင် တစတစ တောက်ပလာ၏။

“တောင်ပင်လယ်လောကမှာ စစ်ဖြစ်နေပြီ။ အခု လူတွေရဲ့ စိတ်ဓာတ်အားမာန်တွေ နိုးကြွဖို့ အချိန်ကျပြီ”

All Chapters